Wednesday, May 19, 2010

CANADA & USA ကအင်တာနက်သုံးသူတွေသိဖို့က....

အဖြစ်ကတော့မနှစ်နဲ့မတူဆိုသလိုပါပဲ...အသက်တနှစ်ကြီးလာလေ..အတွန့်တွေအလိမ်တွေ
ပိုပိုတွေ့လာရလေပါပဲ..ဒီတခါအတွန့်ကဒီလိုဗျာ..
ကနေဒါမှာအင်တာနက်လိုင်းနဲ့ပတ်သက်ရင်BELLနဲ့ROGERကနာမည်ကြီးတယ်..BELLကတယ်
လီဖုန်းလိုင်းနဲ့(အခုဖိုင်ဘာလိုင်းစလုပ်နေပြီလည်းကြားရတယ်)..ROGERကတီဗွီကေဘယ်လိုင်း
နဲ့လေ....
ရဲရင့်ငယ်ကROGERအင်တာနက်သုံးတယ်..တလကို၅၀နဲ့၆၀ကနေဒါဒေါ်လာပေးရတယ်..
နဲနဲသုံးလဲဒီလောက်များများသုံးလည်းဒီလောက်ပဲ..လူတိုင်းပါပဲ..ပျမ်းမျှတွက်ယူထားပုံရပါတယ်။
ပြီးခဲ့တဲ့လကBELLကOFFERကောင်းလို့ပြောင်းယူလိုက်မိပါတယ်...တလ၃၁နဲ့၃လနောက်ပိုင်း
၃၅$..2GBပေးသုံးတယ်ပေါ့..အခြားOPTIONSတွေလည်းပါပေမဲ့မယူလိုက်ပါဖူး..BELLကသုံးတာရဲ့
၇၅ရာခိုင်နူန်းလောက်ရောက်ရင်အီးမေးလ်နဲ့အသိပေးပါတယ်..ပြဿနာကဒီမှာစတာ..
ပြီးခဲ့တဲ့လအတွက်BILLလာတော့ဒီလို...
Internet Charge - 30.90$
Usage - 30$

အောင်မငှီး..ငါ့အင်တာနက်တော့တယောက်ယောက်ခိုးသုံးနေပြီထင်ပြီး..BELLကိုအပြေးအလွှားဖုန်း
ဆက်ရတော့တာပေါ့..Wep key 24 လုံးမရိုက်ပဲဘယ်ဝါယာလက်မှသုံးလို့မ၇ပါဖူးတဲ့..သင်တ
ယောက်ထဲသုံးတာပါတဲ့..အင်..ဒါဆိုလုပ်ပါအုံး..Usage - 30$ကဘာတွေလဲ..ငါဘာMOVIEမှ
လည်းမဒေါင်းမိပါဘူးဆိုတော့...ဒေါင်းမှမဟုတ်ပါဖူး..အင်တာနက်သုံးတာလည်းUsage ထဲမှာ
ပါပါတယ်တဲ့..ဒီလိုမကြုံချင်ရင်အပိုPACKAGEထပ်ယူရပါမယ်တဲ့..FREE ပေးတာက2GB..ထပ်
ယူရမှာက5ဒေါ်လာကို၄၀GB....10$ကို80GB....ပြီးခဲ့တဲ့လကသင်သုံးတာက၂၇GBဆိုတော့5ဒေါ်လာ
ဆို၇င်လောလောဆယ်လောက်ပါတယ်ပေါ့...ဒါဆိုလဲယူ၇တော့မှာပေါ့..ဒီလကစမယ်ပေါ့..ဒီလ
အတွက်ကလည်း၂၄ဒေါ်လာကျပြီးနေပြီပေါ့..ကဲဘာတတ်နိုင်မလဲ..ပေး၇တော့မှာပေါ့..
သူကနာရီနဲ့တွက်ယူတာမဟုတ်ဖူး..DATA transffer (or)USAGE နဲ့တွက်တာ..MOVIE တွေ
ONLINE GAME တွေဆိုရင်ပိုပြီး Count လိမ့်မယ်... အိမ်မှာကွန်ပြူတာ၂လုံး၃လုံးနဲ့GAMERS
တွေမွေးထားတဲ့ဆရာသမားတွေသတိထားကြပါ..ပြီးခဲ့တဲ့လကဘယ်လောက်သုံးလဲဖုန်းဆက်
မေးပြီးဘယ်လောက်ထပ်ဝယ်သင့်လဲမေးလို့ရပါတယ်..
BELLတခုထဲလားဆိုတော့မဟုတ်ပါဖူး..ROGERလည်းသူငယ်ချင်းစာလာနေပါပြီ..ပြီးခဲ့တဲ့လက
ဘယ်လောက်သုံးတယ်ဆိုတာ..

ဟို...မင်္ဂလာဦးညထဲကမော့စ်ပြောသလိုပဲပြောလိုက်တော့မယ်...

ငါ....ငါလူလည်ပါကွာ..တခေါက်လောက်ထပ်ပြောပါအုံး...

19 May 2010 ဒိုင်ယာရီ

19 may 2010 yeyintnge Diary.doc 5.439 MB
ဖတ်ရန်BIT font လိုပါတယ်...ပုံတွေပြည့်ပြည့်စုံပါပါတယ်
BIT font ဒေါင်းလုပ်
bit-rfa.zip 0.060 MB
19 May 2010 Yeyintnge Diary

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ (နအဖ ဥပဒေ အမှတ် - ၁/ ၂၀၁၀) ကို ဝေဖန်သုံးသပ်ခြင်း


ဦးမျိုး (ဥပဒေ) / ၁၉ မေလ ၂၀၁၀


မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော ရွေးကောက်ပွဲဥပဒေမှာ (၁၉၄၈ ခုနှစ်၊ အက်ဥပဒေအမှတ် - ၆၅ ) “၁၉၄၈ ခုနှစ် ပါလီမန်ရွေးကောက်ပွဲအက်ဥပဒေ” ဖြစ်သည်။ တဆက်တည်း ပါလီမန်ရွေးကောက်ပွဲနည်းဥပဒေများကိုလည်း ပြဋ္ဌာန်းပြီး ကျင်းပခဲ့ပါသည်။ သို့သော် ယခုကဲ့သို့ တပြည်ထောင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင်ပါရှိသော အမျိုးသားလွှတ်တော်တွင် (၂၂၄) ဦးအနက် ကာကွယ်ရေးဦးစီးချုပ်က စေလွှတ်သော စစ်သားကိုယ်စားလှယ် (၅၆) ဦးနေရာနှင့် ပြည်သူ့လွှတ်တော်တွင် (၄၄၀) ဦးအနက် ကာကွယ်ရေးဦးစီးချုပ်က စေလွှတ်သော စစ်သားကိုယ်စားလှယ် (၁၁၀) ဦး နေရာတို့ကို ကြိုတင်သတ်မှတ်ထားခဲ့ခြင်းမျိုး မရှိပါ။ မဲပေးခြင်းဆိုင်ရာမူကို ချိုးဖောက်ပြီး နေရာရယူ သတ်မှတ်ထားခြင်းမျိုးကို အလျဉ်းမတွေ့ရပါ။ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁ တို့နှင့်အညီ ပြည်ထောင်စုလွှတ်တော်နှင့် ဥပဒေပြုကဏ္ဍ အဆင့်အသီးသီးတို့တွင် တပ်မတော်သား (၂၅) ရာခိုင်နှုန်း ပါဝင်စေရန် နေရာကြိုတင်သတ်မှတ်ထားခြင်းမျိုးလည်း လုံးဝမပါရှိပါ။ တပြည်ထောင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် စရွေးကိုက် အံဝင်ခွင်ကျဖြစ်စေရန် ပြဋ္ဌာန်းလာသည့် နအဖ ဥပဒေ အမှတ် ၁/၂၀၁၀ ရွေးကောက်ပွဲကော်မရှင် ဥပဒေ၏ ဘက်လိုက်မှု မတရားမှုအားလုံးကို ဖော်ထုတ်ရန် လိုအပ်ပါသည်။

၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ပုဒ်မ - ၂၀၁ ပါ (က) မှ (ဍ) အထိ သမ္မတ၊ ဒုသမ္မတ၊ ဒုသမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ စုစုပေါင်း (၁၁) ဦးစလုံးမှာ တိုင်းပြည်အုပ်ချုပ်မင်းလုပ်မည့် စစ်အုပ်စု ဗိုလ်ချုပ်ကြီးများသာဖြစ်ကြောင်း တွေ့ရပါသည်။ ထို (၁၁) ဦး၏ အမည်စာရင်းကို ရွေးကောက်တင်မြှောက်ခြင်း မပြုမီကပင် နေပြည်တော်တွင် စာရင်းထွက်ပြီးသားရှိပါသည်။ (၁၁) ဦး စစ်အုပ်စုက စိတ်ကြိုက် ခေါင်းစဉ်လိုက်ရွေးချယ်သွားမည့် ကော်မရှင်ဥပဒေကို ၉.၃.၂၀၁၀ နေ့စွဲဖြင့် ထုတ်ပြန်လာပါသည်။ သမိုင်းကို မအအောင် (ငတုံး ငအ) မဖြစ်အောင် သင်ကြားထားပြီးသော တိုက်ပွဲဝင်ပြည်သူများအနေဖြင့် မတရားသည့် အမိန့်အာဏာမှန်သမျှ ဆန့်ကျင်တိုက်ဖျက်ပစ်ရန် လိုပါသည်။

၂၀၀၈ အခြေခံဥပဒေ ပုဒ်မ - ၄၄၃ (ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့်နေ့မတိုင်မီ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေ အကောင်အထည်ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်သည့် လုပ်ငန်းရပ်များသည် ဤဥပဒေအရ ဆောင်ရွက်သည်ဟု မှတ်ယူရမည်။) နှင့်အညီ ပြဋ္ဌာန်းသည်ဟုလည်း ဖော်ပြထားသည်။ နအဖကောင်စီကို သော်လည်းကောင်း၊ နအဖကောင်စီ၏ လုပ်ငန်းရပ်များကိုသော်လည်းကောင်း ၂၀၀၈ အခြေခံဥပဒေထဲတွင် ကြိုတင်ပြင်ဆင် ထည့်သွင်းထားခြင်းကိုယ်နှိုက်က မတရားဘက်လိုက်မှုကို ကြီးကြီးမားမား လုပ်ဆောင်သွားမည်ဟု စိန်ခေါ်ထားကြောင်း တွေ့ရသည်။ သွားလေသူ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း ပြောခဲ့သည့် သူတို့အစိုးရဟာ တဆက်တည်း အုပ်ချုပ်သွားမည့် အစိုးရဖြစ်ကြောင်း ပြောခဲ့သည့် စကားအတိုင်း အမှန်တကယ် လုပ်ချလိုက်ခြင်းဖြစ်ကြောင်း ကွက်ကွက်ကွင်းကွင်း တွေ့ရသည်။ ၂၀၀၈ ဖွဲ့စည်းပုံဖြင့် ဗြောင်လိမ်စရာ မလိုအပ်တော့။ ယခု နအဖစစ်အစိုးရသည် ၂၀၁၀ နအဖစစ်အစိုးရသာဖြစ်ကြောင်းကို ပြည်သူတွေက မျောက်လောင်း မျောက်လောင်းပါပဲဗျာ ပြောကုန်ကြပြီ။

ရွေးကောက်ပွဲကော်မရှင် ဥပဒေကို ထုတ်ပြန်သည်က နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ။ ရွေးကောက်ပွဲကော်မရှင်ကို အဖွဲ့ဝင် (၁၇) ဦးဖြင့် ဖွဲ့စည်းပေးသည်က နအဖ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင်ဦး။ ကော်မရှင်အဖွဲ့ဝင်တဦးချင်းကို စစ်ဆေးကြည့်လိုက်ပါက ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင် အဖွဲ့ဝင် (၄၅) ဦးထဲမှာ ပါဝင်ခဲ့သည့် လခစားဝန်ထမ်းများသာ ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ၎င်းပုဂ္ဂိုလ်အားလုံးမှာ နအဖနှင့် ကြံ့ဖွံ့ မတော်မတရားလုပ်ခဲ့သည့် အမှုတိုင်းလိုလိုမှာ ပါဝင်ခဲ့သည့် နာမည်ပျက်နှင့် ကျော်ကြားသော လူမရိုသေ ရှင်မရိုသေ လူမသိသူမသိ လခစား မင်းတိုင်းကျေများသာဖြစ်ကြောင်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် သိကြပါသည်။ ယခုကော်မရှင်ဥပဒေ (၁/၂၀၁၀) ပုဒ်မ - ၄ (ခ) တွင် “ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ယူဆသူဖြစ်ရမည်” ဟု ပေါ်လွင်စွာ ဖော်ပြထားသည်။ နအဖ စစ်ကောင်စီက ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ် ယူဆသူများသာဖြစ်ရမည် ဆိုသောကြောင့် နအဖဘက် ဘက်လိုက်သူများသာ ဖြစ်နေပါသည်။ ဘက်လိုက်မှုကြီးစွာ တရားမျှတမှုကင်းမဲ့စွာဖြင့် ရွေးကောက်ပွဲ ကန်လန့်ကာရှေ့ ထွက်ပြလာပါသည်။

ရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ- ၄ (စ) အရ “ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လစာ၊ စရိတ်၊ ကြေးငွေရသော အခြားမည်သည့် ရာထူးကိုမျှ လက်ခံခြင်းမပြုသူ ဖြစ်ရမည်” ဟု ဖော်ပြထားပါသည်။ အခြားရာထူးဆိုသည်မှာ ကော်မရှင်ရာထူးမှလွဲ၍ မည်သည့်ရာထူးကိုမျှ လက်ခံခြင်းမပြုရသူသာ ဖြစ်ရပါမည်။ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး အပါအ၀င် ကော်မရှင်အဖွဲ့ဝင်အားလုံးမှာ အစိုးရ၀န်ထမ်းဘ၀မှ ထွက်နှင့်ပြီးသားဖြစ်ရပါမည်။ သို့မဟုတ်ပါက နိုင်ငံရေးနှင့် ကင်းရှင်းသူ၊ နိုင်ငံရေးပါတီဝင်မဟုတ်သူ ဖြစ်ရမည်ဆိုသော ဤဥပဒေ ပုဒ်မ - ၄ (င) ကို ချိုးဖောက်နေသူများဖြစ်၍ ကော်မရှင်တဖွဲ့လုံး ဥပဒေချိုးဖောက်သူများအဖြစ် ရာဇ၀တ်ကောင်များကဲ့သို့ နိုင်ငံတကာမြင်ကွင်းတွင် ကြည့်မကောင်း မြင်မကောင်း အမြင်မတော်ဖြစ်နေသည်။

ဤကော်မရှင် ဥပဒေပုဒ်မ - ၂ (စ) တွင် “ကော်မရှင်ဆိုသည်မှာ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း၊ နိုင်ငံရေးပါတီများကို ကြီးကြပ်နိုင်ရေးအတွက်လည်းကောင်း ဤဥပဒေနှင့်အညီ ဖွဲ့စည်းသော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဆိုသည်” ဟု ဖော်ပြထားပြီး ဤဥပဒေ ပုဒ်မ-၈ တွင် ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ပုဒ်မ ၈ (ဋ) တွင် “နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ဆောင်ရွက်စေရန် ကြီးကြပ်ခြင်း၊ ကြီးကြပ်စေခြင်းနှင့် လမ်းညွှန်ခြင်း” ဟု ထပ်ဆင့်ပြဋ္ဌာန်းထားပြန်သည်။

ရွေးကောက်ပွဲကော်မရှင်မှာ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းရပ်များတွင်သာ တခုတည်းသော တာဝန်ရှိပါသည်။ နိုင်ငံရေးပါတီများနှင့် လုံးဝကင်းရှင်းနေရမည်ဖြစ်ပြီး ပါတီနိုင်ငံရေးထဲတွင် ပါဝင်ကြီးကြပ်ခြင်း၊ လမ်းညွှန်ခြင်းများ လုပ်ရသည့် အဖွဲ့မျိုးမဟုတ်ပါ။ ဘက်လိုက်မှု လုံးဝကင်းရှင်းနိုင်ရန် ဥပဒေအရပင် တားမြစ်ပိတ်ပင်ထားလေ့ရှိပါသည်။ ရွေးကောက်ပွဲဆိုင်ရာ သမိုင်းအချက်အလက်များကို ပြန်လည်ငဲ့စောင်းကြည့်လိုက်လျှင် ပါလီမန်ခေတ်ကာလက ယခုစစ်အုပ်စု၏ ဘိုးအေ ဗိုလ်နေ၀င်းကိုယ်တိုင်က ရွေးကောက်ပွဲတွင် ခြေလွန်လက်လွန် တည်မြဲတို့ မဲရရှိရန် လူသိရှင်ကြား ဘက်လိုက်ကြသည်ဟု အကြောင်းပြကာ မိမိမလိုလားသူ စစ်ဗိုလ်ကြီးများအချို့ကို လျှို့ဝှက်အစည်းအဝေးသို့ ဗိုလ်နေ၀င်းကိုယ်တိုင် တင်သွင်း၍ ရာထူးမှထုတ်ခဲ့သည်။ ဗိုလ်မှူးချုပ် အောင်ရွှေ၊ ဗိုလ်မှူးကြီး အေးမောင်၊ ဗိုလ်မှူးကြီး တင်မောင်၊ ဗိုလ်မှူးကြီး လူမော်၊ ဗိုလ်မှူးကြီး ကြည်ဝင်း၊ ဗိုလ်မှူးကြီး သိန်းတုတ်နှင့် ဒုတိယဗိုလ်မှူးကြီး ချစ်ခိုင်တို့အား ပင်စင်လစာပေး၍ တပ်မှ အနားယူကြစေသည်။(ကြေးမုံ ဦးသောင်း - ရွှေကညစ်နှင့် ရေးကာ စာကိုစီ၊ စာ-၁၂၅) ဟု ဖတ်မှတ်ဖူးပါသည်။ ဘက်လိုက်မှု လုံးဝကင်းရှင်းစေရန် တွေ့ရသော ဖြစ်ရပ်သာဓကတခု ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ပါတီစုံရွေးကောက်ပွဲကို ငါးကြိမ်တိုင်တိုင် ကျင်းပခဲ့ဖူးပါသည်။
၁။ ပထမအကြိမ် ၁၉၄၇ ဧပြီ (၉) ရက်နေ့တွင် ကျင်းပခဲ့သည်။ အမတ်နေရာ (၂၂၅) နေရာတွင် ဖဆပလအဖွဲ့ချုပ်က (၉၇) ရာခိုင်နှုန်း အနိုင်ရပြီး သခင်သန်းထွန်း၏ ဗမာပြည်ကွန်မြူနစ်ပါတီက အမတ် (၈) နေရာ အနိုင်ရခဲ့သည်။
၂။ ဒုတိယအကြိမ် ရွေးကောက်ပွဲကို ၁၉၅၂ ခုနှစ်တွင် ကျင်းပသည်။
၃။ တတိယအကြိမ် ရွေးကောက်ပွဲကို ၁၉၅၆ ခုနှစ်တွင် ဖဆပလ အုပ်ချုပ်မှုအောက်၌ ပုံမှန်ကျင်းပခဲ့သည်။
၎။ စတုတ္ထအကြိမ် ရွေးကောက်ပွဲဖြစ်သည့် ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲကို အိမ်စောင့်အစိုးရနာမည်ခံပြီး မလွှဲမရှောင်သာ ကျင်းပပေးခဲ့သည်။
၅။ ပဉ္စမအကြိမ် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကိုလည်း မလွှဲမရှောင်သာ စစ်အုပ်စုက လုပ်ပေးခဲ့သည်။ မဲ (၈၂) ရာခိုင်နှုန်းဖြင့် အပြတ်အသတ် အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ခဲ့သည်။ န၀တ ရွေးကောက်ပွဲဥပဒေ အမှတ် - ၁/၈၈၊ ပုဒ်မ - ၃ တွင် “လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေအရ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်” ဟု ကိုယ်ကိုယ်တိုင်ပြဋ္ဌာန်းထားသည့် ဥပဒေအား ကိုယ်တိုင်ချိုးဖောက်ကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၂၀၀) ကျော်အပါအ၀င် အဖွဲ့ချုပ်ဝင်များ လူ (၁) ထောင်ကျော်ကို ဖမ်းဆီးအရေးယူခဲ့သည်။ ယခုနောက်ဆုံးအနေဖြင့် န၀တ ရွေးကောက်ပွဲကော်မရှင် ဥပဒေ အမှတ် ၁/၈၈ ကို ဤ နအဖ ကော်မရှင်ဥပဒေ ၁/ ၂၀၁၀ ပုဒ်မ ၁၄ ဖြင့် ရုပ်သိမ်းလိုက်ပြန်ပါသည်။ ဥပဒေကို နိုင်ငံရေးက မွေးဖွားပေးရသဖြင့် နိုင်ငံရေးကို ဥပဒေဖြင့် သတ်ပစ်၍ ရကောင်းသည့်အရာမဟုတ်ပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပိုမိုတောက်ပြောင်လာပါသည်။ သမိုင်းဖြစ်ရပ်မှန်များက ပူပူလောင်လောင် ရှိနေသည်။

၁၉၉၆ ခုနှစ် ဇွန်လ (၇) ရက်နေ့က နအဖ ထုတ်ပြန်သည့် ၅/၉၆ - အမျိုးသားညီလာခံလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့် ဥပဒေကို ထုတ်ပြန်၍ နိုင်ငံရေးပါတီများအား …
(က) ကာလသတ်မှတ်၍ ရပ်ဆိုင်းထားနိုင်သည်။
(ခ) ဖျက်သိမ်းနိုင်သည် (သို့မဟုတ်)
(ဂ) မတရားသင်းဥပဒေအရ မတရားသင်းအဖြစ် ကြေညာနိုင်ကြောင်း ပြဋ္ဌာန်းထားသေးသည်။ တိုင်းရင်းသား ငြိမ်းချမ်းရေးခေါင်းဆောင်များအား နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားသည်။ နိုင်ငံရေးအကျဉ်းသားများ အကျဉ်းထောင်တွင်း အသက်စွန့်လွှတ်ခဲ့ရသည်။ နိုင်ငံရေးအကျဉ်းသားအားလုံးကို ရွေးကောက်ပွဲအတွက် လွှတ်ပေးရပေမည်။ အရွေးကောက်ခံပိုင်ခွင့်လည်း ပေးရမည်။ လူတိုင်းလူတိုင်း လူ့အခွင့်အရေး ရှိသင့်ပေသည်။

ဤရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ - ၉ တွင် “အောက်ပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကော်မရှင်၏ အဆုံးအဖြတ်သည် အပြီးအပြတ် ဖြစ်စေရမည်။
(ခ) ရွေးကောက်ပွဲ ခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့် စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင်ဆင်မှုများ။
(ဂ) နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ဆောင်ရွက်ချက်များ” ဟု ဖော်ပြထားသည်။

ခုံအဖွဲ့၏ အဆုံးအဖြတ်သည် အပြီးအပြတ်(conclusive) ဖြစ်သည်ဟု အတိအကျ ပြဋ္ဌာန်းထားသဖြင့် နအဖ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ - ၂၉၄ တွင် ပါရှိသော ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံးဖြစ်သည် ဆိုသော တရားစီရင်ရေးအာဏာထက် ရွေးကောက်ပွဲခုံရုံးက ပိုမိုမြင့်မားနေသည်ကို တွေ့ရပါသည်။ တရားလက်လွတ် အသားကုန် အာဏာပေး၍ မည်သည့်တရားစီရင်ရေးကမှ ၀င်ရောက်ကုစားမပေးနိုင်သည့် မတရားခုံရုံးမျိုးကို မည့်သည့်နိုင်ငံတွင်မှ ပြဋ္ဌာန်းထားခြင်းမရှိပါ။ အရူးအမူး အာဏာလောဘဇောတက်ကာ မတော်မတရားလုပ်နိုင်ရန် ရမ်းကားစိမ်ခေါ်မှု ဖြစ်သွားပါသည်။ နိုင်ငံရေးပါတီများကို လမ်းညွှန်ဦးမည် ဆိုသည်က ပို၍ရယ်မောဖွယ်ရာဖြစ်နေသည်။ တရားစီရင်ရေးစနစ်တခုလုံးအပေါ် ရွေးကောက်ပွဲကော်မရှင်က လွှမ်းမိုးချယ်လှယ်သွားစေရန် ပြဋ္ဌာန်းလာမှုမှာ လူ့အဖွဲ့အစည်းအတွက် အနိဋ္ဌာရုံများကိုသာ ဖြစ်ပေါ်လာစေနိုင်ပါသည်။ တရားမျှတမှု လုံးဝဆိတ်သုဉ်းသွားစေသည်။ စစ်အုပ်စု ကြံ့ဖွဲ့မဟုတ်သော အခြားတဦးဦး တဖွဲ့ဖွဲ့က မတော်တဆ အရွေးခံခဲ့ရလျှင် စစ်အုပ်စုက ကန့်ကွက်ပြီး သူတို့စိတ်ကြိုက်ဖွဲ့ထားသည့် ခုံအဖွဲ့က ကြိုက်သလို ဆုံးဖြတ်တာကို မုချခံကြရပေမည်။ မတရားမှုမှန်သမျှ တိုက်ဖျက်ပစ်ရမည်က သမိုင်းပေးတာဝန်ဖြစ်သည်။

ဤဥပဒေ ၁/၂၀၁၀ ပုဒ်မ - ၂ (ဈ) တွင် “ရွေးကောက်ပွဲ ခုံအဖွဲ့ဆိုသည်မှာ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ အငြင်းပွားမှုကိုသော်လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင် ရွေးချယ်ခန့်ထားခြင်းနှင့်စပ်လျဉ်း၍ ကန့်ကွက်ချက်ကိုသော်လည်းကောင်း ကြားနာစစ်ဆေးရန် ကော်မရှင်က ဤဥပဒေနှင့်အညီ ဖွဲ့စည်းသောအဖွဲ့ကို ဆိုသည်” ဟု ဖော်ပြထားသည်။ ခုံအဖွဲ့သည် ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ -၂ရ၆ (ဇ) အရ ရွေးချယ်ခန့်ထားသည့် ပုဂ္ဂိုလ်နှင့်ပတ်သက်၍ ဖွဲ့စည်းပုံကိုကျော်ပြီး စစ်ဆေးဆုံးဖြတ်ပိုင်ခွင့်မရှိပါ။ အခြေခံဥပဒေစည်းဘောင်ကိုကျော်၍ ခုံအဖွဲ့အား ပါဝင်စွက်ဖက်ပိုင်ခွင့်ပေးထားခြင်းမှာ စစ်အုပ်စု နအဖ မလိုလားသူ တဦးဦး ပါဝင်လာပါက ကန့်ကွက်ဖယ်ရှားနိုင်ရန် ဖြစ်သည်ကို ပေါ်လွင်ထင်ရှားစွာ တွေ့မြင်ရပါသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများရှိ လူမျိုးစုပြည်သူများ၏ ရွေးချယ်ပိုင်ခွင့် ဆန္ဒကိုပါ ၀င်ရောက်စွက်ဖက်ပိုင်ခွင့် ပေးထားပါသည်။ ဤရွေ့ဤမျှ ခုံအဖွဲ့၏ အဆုံးစွန်သော အာဏာကို ကြိုက်သလိုထင်ရာ စိုင်းနိုင်ရန် ပြဋ္ဌာန်းလိုက်ခြင်းမှာ စစ်အုပ်စု နအဖ၏ စစ်ဗျူရိုကရက်လူမျိုးကြီးဝါဒကို အစွယ်ထုတ်ပြလိုက်ခြင်းလည်း ဖြစ်ပါသည်။ အာဏာလွန်ကဲစွာ အကျင့်ပျက်ခြစားမှုကို မီးလောင်ရာ လေပင့်လိုက်သည့် ပြဋ္ဌာန်းချက်ဖြစ်ကြောင်း တွေ့ရသည်။

ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ (နအဖ ဥပဒေ အမှတ် - ၁/၂၀၁၀) တွင် ပါရှိသော ဥပဒေအရ ဆောင်ရွက်ရာတွင် မတရားမှု၊ ဘက်လိုက်မှု၊ အကျင့်ပျက်ခြစားမှု၊ ပြစ်မှုဆိုင်ရာ ဥပဒေပါ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများကို ကော်မရှင်က ကျူးလွန်လျှင် အရေးယူအပြစ်ပေးရန် ပုဒ်ထီးပုဒ်မ တခုမျှ မပါသည်ကိုလည်း ထူးကဲစွာ တွေ့မြင်ရပါသည်။ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများအားလုံးအား စစ်ဆေးစီရင် ဆုံးဖြတ်ချက်ပေးရမည့် သီးခြားလွတ်လပ်သည့် ရွေးကောက်ပွဲဆိုင်ရာ တရားရုံးများဖြင့်သာ အဆုံးအဖြတ်ခံယူရပါမည်။ မတရားမှု၊ ဘက်လိုက်မှု၊ အနိုင်ကျင့်မှု၊ အကျင့်ပျက်ခြစားမှုများကို တလျှောက်လုံး တဆက်စပ်တည်း ကျူးလွန်လာသည့် နအဖစစ်အုပ်စု၏ ကြံ့ဖွံ့နှင့် စွမ်းအားရှင်လို အဖွဲ့အစည်းမျိုးအား ပါတီမှတ်ပုံတင်ခွင့် ပေးရသည့် ဤရွေးကောက်ပွဲကော်မရှင်မှာ နအဖစစ်အစိုးရ ရာဇ၀တ်မှုကျူးလွန်ရာတွင် အကြံတူဉာဏ်တူ ပူးပေါင်းပါဝင် ကျူးလွန်သည့် ပူးတွဲတရားခံများ ဖြစ်နေပါသည်။ သို့ဖြစ်ပါ၍ ဦးသိန်းစိုး ဥက္ကဋ္ဌ အပါအ၀င် (၁၇) ဦး အဖွဲ့အား ရွေးကောက်ပွဲ မကျင်းပမီကပင် ဤဥပဒေနှင့်တပါတည်း ဖျက်သိမ်းပစ်ရမည်ဖြစ်ကြောင်း ဥပဒေရေးရာ ဝေဖန်သုံးသပ်ချက်အဖြစ် ထုတ်ဖော်တင်ပြအပ်ပါသည်။
http://www.khitpyaing.org/index.php

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းရမည်ဖြစ်ကြောင်း ဥပဒေရေးရာသုံးသပ်ချက်

BLC ၏ ဥပဒေရေးရာ သုံးသပ်ချက်

ရာဇ၀င်မှာအဆဲမခံကြသော....

ရာဇ၀င်မှာအဆဲမခံကြသော ဆရာတော်ဦးဥတ္တမနှင့် ဗိုလ်ချုပ်အောင်ဆန်း ပြီးတော့ ဦးသော်တာနှင့် ဆရာဦးခင်မောင်
လူဆိုသည်မှာ နိုင်ငံရေးသတ္တ၀ါဖြစ်ပါသည်၊ ကမ္ဘာဦးအစကပင် လူဆိုသည်မှာ အထီးကျန်တဦးတည်း နေ၍မရ။ အပေါင်းနှင့်အသင်းနှင့် အဖွဲ့အစည်းနှင့် နေကြရသည်။ အိမ်မှာနေလျှင် မိသားစု အရေးဆောင်ရွက်ရသည်။ ရပ်မှာရွာမှာနေလျှင် ရပ်ရေးရွာရေး ဆောင်ရွက်ရသည်၊ မြို့ ပြမှာနေလျင် မြို့ ပြအရေးဆောင်ရွက်ရသည်။ နိုင်ငံမှာနေလျှင် နိုင်ငံအရေးကို ဆောင်ရွက်ရပါသည်။ ထို့ကြောင့် ရပ်သမား၊မြို့ သမား၊ နိုင်ငံသမားဖြစ်ကြသည်။ တိတိကျကျ ပြောကြစတမ်းဆိုလျှင် နိုင်ငံရေးသမားဖြစ်သော လူတို့မှာ ကိုယ့်အုပ်စု ကိုယ့်နယ်ပါယ်ကို ချစ်မြတ်နိုးသူ၊စောင့်ရှောက်ကာကွယ်သူများဖြစ်ပါသည်။ ယင်းအတွက်ကြောင့် မျိုးချစ်နိုင်ငံရေးသမားများဟု ခေါ်ဝေါ်ကြပါသည်။
နိုင်ငံရေးသမားတို့မှာ စင်စစ်အားဖြင့် ဖိနှိပ်ချယ်လှယ်ခြင်းများမှသော်၎င်း၊ အုပ်စိုးခြင်းများမှသော်၎င်း၊ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဖိနှိပ်မူရှိလျှင် အုံကြွတွန်းလှန်မည်မှာ ဓမ္မတာဖြစ်ပါသည်။ ယင်းအခါ နိုင်ငံရေးသမားတို့မှာ အကြမ်းမဖက်သောနိုင်ငံရေးနည်းလမ်းဖြင့် ခုခံတွန်းလှန်ပြုလုပ်တော့မည်ဖြစ်သည်။အကယ်၍ အကြမ်းမဖက်သောနိုင်ငံရေးပညာဖြင့် စနစ်ဆိုးကို မဖြိုဖျက်နိုင်လျင် လက်နက်ကိုင်တော်လှန်ရေးဖြင့် အကြမ်းဖက်နည်းကို ကျင့်သုံးကြစမြဲဖြစ်ပါသည်။ တခါတရံမှာ အတိတ်ကဖြတ်သန်းလာခဲ့ကြသော နိုင်ငံကြီးငယ်များစွာတို့သည် လက်နက်ကိုင်တော်လှန်ရေးဖြင့် နိုင်ငံလွပ်လွပ်ရေးကို ရယူခဲ့ကြပါသည်။ ယင်းတိုက်ပွဲမှာ လူသားပေါင်းများစွာ တန်ဖိုးဖြတ်မရသော အသက်ပေါင်းများစွာ ဆုံးရုံးခဲ့ကြရပါသည်။
မိမိနိုင်ငံလွပ်လွပ်ရေးအတွက် အသက်ပေးပြီး စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ခဲ့သော သူရဲကောင်းတို့သည် သူတို့နိုင်ငံလွပ်လွပ်ရေးအတွက် ဂုဏ်ပြုစံနမူနာ ယူရသူများအဖြစ် သမိုင်းမှာ မော်ကွန်းကမ္ဗည်းအထိုးခံရပါသည်။ အညတ္တရစစ်သည်များမှသည် ဗိုလ်ချုပ်ကြီးများအထိသော်၎င်း၊ သူရဲကောင်းများအဖြစ် သမိုင်းတွင် နာမည်ကောင်းစွာနှင့် အနာဂါတ်ကို မီေးမာင်းထိုးပြကြပါသည်။ တချိန်တည်းမှာပင် နိုင်ငံရေးသမားတို့တွင်လည်း အစွန့်လွှတ်အနစ်နာခဲ့ကြသော နိုင်ငံရေးသမားတို့မှာ အညတ္တရမှသည် ထင်ရှားသောနိုင်ငံရေးသမားများအဖြစ် ပေါက်ဖွားခဲ့ကြပါသည်။ ကမ္ဘာပေါ်တွင် လူသားတို့ဆိုသည်မှာ အရာခပ်သိမ်းတို့၌ အမှားမကင်းစင်ကြသော်လည်း အနည်းဆုံးအမှားကင်းသူများအနေနှင့်မူ နိုင်ငံရေးသမားတို့သည် ဆောင်ရွက်ပြုမူတတ်ကြသည်။ မည်သို့ပင်ဆိုစေ မိမိတို့သက်ဆိုင်ရာနယ်ပါယ်အသီးသီးတွင် နိုင်ငံရေးသမားတို့သည် သူတို့၏အမျိုးကိုချစ်သောစိတ်ကို ပြသခဲ့ကြပါသည်။
မြန်မာနိုင်ငံနှင့်ပါတ်သက်ပြီး လေ့လာကြည့်သောအခါ သူ့ကျွန်ဘ၀ကို ရောက်ခဲ့သောအချိန်ကာလကို ဆန်းစစ်ကြည့်မိသည်။ မြန်မာဘုရင်နောက်ဆုံးသီပေါသည် အိန္ဒိယနိုင်ငံသို့ ပါတော်မူခဲ့သည်။ အင်္ဂလိပ်တို့သည် ထိုစဉ်က လက်နက်အင်အားအကောင်းဆုံးနှင့် ကမ္ဘာကြီးတခုလုံးကို ကိုလိုနီနယ်ချဲ့ကာ သိမ်းပိုက်ခဲ့သည်။ စစ်အင်အားကောင်းသော အင်္ဂလိပ်တို့သည် နိုင်ငံရေးပညာမှာ တဖက်ကမ်းခတ်အောင် တတ်မြေက်ကြပါသည်။ ပြင်သစ်ဘုရင် နပိုလီယံကို ဖမ်းဆီးရပြီးသောအခါ စိန့်ဟယ်လင်နာကျွန်းပေါ်မှာ အကျဉ်းစံဘ၀နှင့် ကမ္ဘာကျော်စစ်ဘုရင်ကို တကျွန်းပို့ထားသလို မြန်မာဘုရင်သီပေါကိုလည်း တကျွန်းပို့ထားပါသည်။ ပြင်သစ်ဘုရင် နပိုလီယံကို၎င်း၊ မြန်မာဘုရင်သီပေါကို၎င်း သူတို့နိုင်ငံအတွင်းမှာ အကျဉ်းစံဘ၀ဖြင့်ထားလျှင် ဆူပူအုံကြွမူများ ဖြစ်လာနိုင်စရာ အကြောင်းရှိ၍ ယင်းသို့တနယ်ကျေးသို့ ပို့ဆောင်ထားခဲ့ခြင်းဖြစ်သည်။
ကျွန်တော်ပြောချင်သည်မှာ အကျဉ်းစံကျနေခဲ့သော မြန်မာနိုင်ငံဘုရင်သီပေါမှာ အင်္ဂလိပ်လက်မှ လွပ်မြောက်ရေး တနည်းအားဖြင့် သူ့ကျွန်ဘ၀မှ လွပ်မြောက်ရေးကို ဘာမျှမပြောမဆိုနိုင်ခဲ့ချိန် မြန်မာနိုင်ငံလွပ်လွပ်ရေးအတွက် တိုက်ပွဲဝင်လာသော နိုင်ငံရေးသမားတဦးအကြောင်း ပြောဆိုလိုရင်းဖြစ်ပါသည်။ အင်္ဂလိပ်လက်ထက် မြန်မာနိုင်ငံကျွန်ဘ၀ရောက်နေချိန် တက္ကသိုလ်ဘွဲ့ရများမှာ အင်္ဂလိပ်အလိုတော်ရိများ ဖြစ်သွားကြသလို ၀န်ထမ်းများဖြစ်သွားကြပါသည်။ တနည်းအားဖြင့် အင်္ဂလိပ်စကားပြောတတ်သူများဖြစ်သွားလျှင် ဘိုလိုမှုတ်သော လူ့ရေပေါ်ဆီ အသိုင်းအ၀န်းများ ဖြစ်သွားကြခြင်းဖြစ်သည်။ သာမန်ပြည်သူများမှာ ပညာရေးကို ကောင်းစွာသင်ကြားတတ်မြောက်ရသူများ မဟုတ်သောကြောင့် နိုင်ငံ၏ပြသနာကံကြမ္မာကို မခန့်မှန်းနိုင်ခဲ့ကြသည့်ပမာ ဖြစ်ပါသည်။
ကံအားလျှော်စွာ အိန္ဒိယနိုင်ငံမှာ ပညာသင်ကြားခဲ့သော ရခိုင်လူမျိုးရဟန်းတပါးမှာကား အင်္ဂလိပ်လူမျိုးတို့၏ ခွဲခြားဆက်ဆံမူ၊ ကိုလိုနီနယ်ချဲ့ထားမူတို့ကို မြန်မာနိုင်ငံတ၀ှမ်း နယ်လှည့်တရားဟောကာ လွပ်လွပ်ရေးအကြောင်းကို မိန့်မြွက်ပါသည်။ ယင်းဆရာတော်ကား နောင်တချိန်တွင် အာရှနေ၀န်းဟု သမိုင်းမှာ မော်ကွန်းကမ္ဗည်းထိုးခံရသော ဆရာတော် ဦးဥတ္တမဖြစ်သည်။ အင်္ဂလိပ်စာပေ၊စကား နှင့် အခြားဘာသာရပ်များစွာကို တတ်မြောက်သော ဆရာတော်ဦးဥတ္တမမှာ မြန်မာနိုင်ငံမှ အင်္ဂလိပ်နယ်ချဲ့တို့အား အခုထွက်သွား ဆိုသော နှင်ထုတ်သည့်ဆောင်းပါးဖြင့် အင်္ဂလိပ်အစိုးရကို စိန်ခေါ်ခဲ့သူဖြစ်သည်။ စင်စစ်ဆရာတော်ဦးဥတ္တမမှာ အစိုးရအမူထမ်း ၀န်ထမ်းရာထူးပေးသည့်တိုင် လက်မခံ ပယ်ချပြီး အင်္ဂလိပ်လက်အောက်မှ လွပ်မြောက်ရေးအတွက် လွပ်လွပ်ရေးမျိုးစေ့ကို ချပေးသူအဖြစ် တနိုင်ငံလုံးတွင် နိုင်ငံရေးတရားဟောကြားသည်။ ယင်းကြောင့် အဖမ်းဆီးခံရကာ ထောင်ခဏခဏကျခံရပါသည်။
ဆရာတော်ဦးဥတ္တမကြောင့် မြန်မာနိုင်ငံတ၀ှမ်းမှ လူမျိုးပေါင်းစုံတို့မှာ နိုင်ငံကိုလွပ်လွပ်ရေးအတွက် အသက်ပေးစွန့်လွှတ်ခဲ့ကြရပါသည်။ သာယာဝတီမှ ဆရာစံခေါင်းဆောင်သော ဂဋုန်တော်လှန်ရေးသမားမှာ ဆရာတော်ဦးဥတ္တမ၏ နိုင်ငံရေးတရားဟောမူမှ ပေါက်ဖွားလာခြင်းဖြစ်သည်။ ရဟန်းသင်္ဃာများပါဝင်ဖွဲ့စည်းသော ရဟန်းပျိုများသောတုဇန ဆိုသော သံင်္ဃသမဂ္ဂီမှာ ဆရာတော်ဦးဥတ္တမ၏ နယ်လှည့်တရားဟောရာမှ ပေါ်ပေါက်လာသော ဘာသာရေးအဖွဲ့အစည်းထုကြီးဖြစ်ပါသည်။ အမျိုးသမီးကုမ္မာရီအသင်း၊ ဗုဒ္ဒဘာသာကလျာဏယုဝအသင်း၊ စသောအသင်းများတို့နှင့် နောင်တွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂအထိ ဖွဲ့စည်းနိုင်အောင်အထိ တက္ကသိုလ်ပရ၀ုဏ်အတွင်းတွင် ဖွဲ့စည်းပေါ်ပေါက်လာခဲ့ပါသည်။ ယင်းမှာ ဆရာတော်ဦးဥတ္တမ၏ စည်းလုံးကြ၊ညီညွတ်ကြ ဆိုသော နိုင်ငံရေးတရားဟောခြင်းမှ ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။
နောက်ဆုံးပျံလွန်တော်မူသည့်အချိန်ထိ အင်္ဂလိပ်လက်အောက်မှ လွပ်မြောက်ရန် ရဲရဲတောက်နိုင်ငံရေးစကားကို ပြောဆိုယင်း ကိုယ်လုပ်သောနိုင်ငံရေးကို ဖန်တီးခဲ့သူဖြစ်သည်။ သို့အတူမပြီးပြတ်သေးသော တော်လှန်ရေးကို တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုအောင်ဆန်းတို့က ဆက်လက်ဆင်နွဲလာသည်။ နောင်အခါ ရဲဘော်သုံးကျိပ်ကို ခေါင်းဆောင်သည့် ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလိပ်အစိုးရထံမှ လွပ်လွပ်ရေးကို တနှစ်အတွင်းမုချ ရရမည် ဆိုသော ကြွေးကြော်သံဖြင့် နိုင်ငံရေးသမားကောင်းတဦးအဖြစ် ထင်ရှားခဲ့သူဖြစ်သည်။ လန်ဒန်သို့သွားရောက်ပြီး မြန်မာနိုင်ငံလွပ်ရေးအတွက် ရရင်ရ၊မရရင်ချ ဆိုသော ကြွေးကြော်သံဖြင့် အောင်ဆန်းအက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ည်။
ထို့ကြောင့်ဗိုလ်ချုပ်အောင်ဆန်းမှာ နောက်ဆုံးကျဆုံးသွားသည်အထိ လွပ်လွပ်ရေးစိတ်ဓါတ်ကို မွေးရင်းနိုင်ငံရေးသမားပီသစွာ ရပ်တည်သွားခဲ့သည်။
ဆရာတော်ဦးဥတ္တမနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့မှာ လွပ်လွပ်ရေးမရခင်စပ်ကြား ထင်ရှားသော သမိုင်းသူရဲကောင်းများအဖြစ် ယခုအချိန်ထိ နာမည်လှနေသူများဖြစ်ပါသည်။ လွပ်လွပ်ရေးရပြီးနောက် ဤလွပ်လွပ်ရေးမှာ စစ်မှန်သောလွပ်လွပ်ရေးမဟုတ်၊ အတုကြီးဆိုကာ လက်နက်ကိုင်တော်လှန်ရေးလုပ်ဆောင်သွားသည့် သခင်စိုးဦးဆောင်သောအလံနီပါတီမှ ဗဟိုကော်မီတီဝင် ရဲဘော်ဦးသော်တာ ကား နိုင်ငံေ၇းသမိုင်းတခုကို နောက်ဆုံးထွက်သက်ကုန်သည်အထိ အလေးပြုသွားခဲ့သည်။ မြန်မာနိုင်ငံရေးအကြောင်းကို လေ့လာကြသူတိုင်း သခင်စိုးနှင့် အရင်းကျမ်း၊ သခင်စိုးနှင့် နိုင်ငံရေးပညာသင်လိုသော ဗိုလ်ချုပ်အောင်ဆန်းအကြောင်း။ စသည့်အကြောင်းအရာများကို သိရှိကြပြီးဖြစ်သည်။ သခင်စိုးက မြေပေါ်ပြန်ရောက်သွားပြီးနောက် ရခိုင်ပြည်နှင့် ဘင်္ဂလားဒေရှ့်နယ်စပ်တွင် တဦးတည်းလက်နက်ကိုင်တော်လှန်ရေး ဆင်နွဲသော ရဲဘော်သော်တာမှာ ရခိုင်ပြည်တော်လှန်ရေးသမားတို့အတွက်သော်၎င်း၊ နိုင်ငံရေးသမားတို့ အတွက်သော်၎င်း၊ ရှာမှရှားသည့် စံပြနိုင်ငံရေးသမား၊စံပြတော်လှန်ရေးသမားဖြစ်ပါသည်။ ဘင်္ဂလားဒေရှ်နိုင်ငံ ကော့ဘဇါးမြို့ ခေါ်သောဖလောင်းချိတ်မြို့ မှာ ရဲဘော်သော်တာကျဆုံးသွားချိန်သည် ၁၀ နှစ်တောင်မကြာသေးဟုထင်သည်။ ရန်သူစစ်အစိုးရကို လက်နက်ချခြင်းမပြုလုပ်ခဲ့ဘဲ တဦးတည်း အလံမလှဲ စစ်အာဏာရှင်စနစ်ကို ဆန့််ကျင်ရင်း သူကျဆုံးခြင်းကို အထူးလေးစားကြပါသည်။ ဦးသော်တာမှ ဗမာလူမျိုးဖြစ်သော်လည်း ရခိုင်စကားကို နောင်အခါ ရခိုင်လူမျိုးလိုပြောသူဖြစ်ပြီး အင်္ဂလိပ်စာကို ရေရေလည်ကျွမ်းကျင်သူ တယာက်ဖြစ်ရာ တော်လှန်ရေးအဖွဲ့အစည်းတို့မှာ လက်ရုံးတဖက်ပြုတ်သလို ခံစားကြရပါသည်။ မည်သို့ပင်ဆိုစေ သူကား နိုင်ငံအတွက် တန်ဖိုးဖြတ်မရသော သူရဲကောင်းတဦးဖြစ်သည်။
ရခိုင်တက္ကသိုလ်ကျောင်းသားဘ၀ကနေ မဆလအစိုးရကို လက်နက်ကိုင်တော်လှန်ရေးလုပ်ခြင်းမှတပါး အခြားမရှိဆိုကာ တော်လှန်ရေးနယ်မြေကို ရောက်ရှိလာသူမှာ ဆရာဦးခင်မောင်ဖြစ်သည်။ ရခိုင်ပြည်ကွန်မြူနစ်ပါတီတွင် လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော်ကာလကပင် တော်လှန်ရေးကိုဆင်နွဲလာသူဖြစ်သည်။ ၈၈ နောက်ပိုင်း ကျောင်းသားများပြည်ပသို့ရောက်ရှိလာချိန်တွင် တက္ကသိုလ်ကျောင်းသားများကို မြင်တွေ့ရသော ဆရာဦးခင်မောင်မှာ အထူးပျော်ရွှင် ၀မ်းမြောက် အားရခဲ့သည်။ အင်္ဂလိပ်စာကို ကြေညက်သူတယောက်ဖြစ်၍ ကျောင်းသူကျောင်းသားများ၊ရဟန်းသင်္ဃာများအား အင်္ဂလိပ်စာကို သင်ကြားပို့ချပေးသောကြောင့် ဆရာဦးခင်မောင်ဟု လူသိများသူဖြစ်သည်။ နိုင်ငံရေးကြေညာချက်များကို အထူးရေးသားကောင်းသူဖြစ်သလို နိုင်ငံရေးပါတီမှ လူပုဂ္ဂိုလ်များအကြား အထူးသင့်တင့် ပေါင်းသင်းနေထိုင်သူဖြစ်သည်။ မည်သည့်အဖွဲ့အစည်းနှင့်မဆို တည့်အောင်ပေါင်းနိုင်သော အရည်အချင်းရှိသူဖြစ်၍
မည်သည့်အဖွဲ့အစည်းကမဆို ဆရာဦးခင်မောင်ကို အထူးလေးစားကြသည်။ အနောက်ဖက်နိုင်ငံရေးလောကတွင် နစ်နာမူခံသူအဖြစ် လေးစားခံရသူဖြစ်သောကြောင့် သူလိုလူရှားသည်။ သူလိုလူမျိုးနိုင်ငံရေးလောကမှ လူများသာ ကျင့်ကြံကြမည်ဆိုလျှင် မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးမှာ နီးစပ်သွားမည်ဟုတောင် ပြောစမှတ်ပြုကြသေးပါသည်။ အဘယ့်ကြောင့်ဆိုသော် သူကားလဘ်မစား၊မိန်းမမရှုပ်၊သောက်စားမူမရှိ၊ ငွေရေးကြေးရေးပြသနာမရှိ။ ယင်းအတူ သူ့မှာအရာရာတိုင်းကို စွန့်လွှတ်အနစ်နာခံသူဖြစ်ကြောင်း လူတိုင်းသိရှိကြပါသည်။ ပြသနာမှာ နိုင်ငံခြားရောက်နေကြသောသူများက NGOs များမှ ငွေကြေးများဖြင့်ကြီးပွါးနေချိန် သူ့မှာ ပြည်တွင်းမှ မိသားစုများက ဒေါ်လာငွေပို့ကာ နိုင်ငံရေးလှုပ်ရှားနေခြင်းဖြစ်သည်။ သူ၏မိသားစုမှာ ငွေကြေးချမ်သာသူများဖြစ်ပါသည်။ ကမ္ဘာတ၀ှမ်းလုံးသို့ ရောက်ရှိသွားသော ဆရာဦးခင်မောင်၏ တပည့်များ၊ ရဟန်းသင်္ဃာများမှာ သူ့အပေါ်မည်သို့မျှ မမေ့နိုင်ကြောင်း ပြောတတ်ကြပါသည်။ ယခုအချိန်တွင် သြစတေးလီယားနိုင်ငံ ဆစ်ဒနီနိုင်ငံမှာ နေထိုင်နေသော်လည်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့်လု့အခွင့်အရေးသာ ရရှိပြီဆိုပါက ပြည်တော်ပြန်မည်ဟု ပြောရှာပါသည်။ တခုတော့ရှိပါသည်။ သွေးတိုး၊နှလုံး၊ဆီးချို ရောဂါရှိပြီး လူမမာတယောက်ကဲ့သို့ ဆေးရုံကုတင်ပေးတွင် နေနေရသော်လည်း ရန်သူစစ်အစိုးရထံတွင် ထူးမထောက် လက်မမြှောက်ဟု ဆိုပါသည်။ သူကားပီဘိ တကယ်ရှားသော နိုင်ငံရေးသမားကောင်းတယောက်ဖြစ်ကြောင်း ကျွန်တော်တို့ လက်ခံကြပါသည်။
ကျွန်တော်လက်ခံပြီးပြောနေခြင်းမှာ နိုင်ငံရေးသမားကောင်းတို့၏ ကြံရည်လက္ခဏာကို ဖေါ်ပြချင်၍ ဖြစ်ပါသည်။ သူတို့မှာ ခံယူချက် ပြင်းထန်ကြသူများဖြစ်ပါသည်။ ယုံကြည်ချက်များကို သေသည်အထိ ဇွဲမလျော့ဘဲ လုပ်ဆောင်ကြသူများများဖြစ်ပါသည်။ သူတို့မှာ နိုင်ငံရေးလုပ်ရန် အခြားသူများကို မတိုက်တွန်းခြင်းပင်ဖြစ်ပါသည်။ ယင်းမှာနိုင်ငံရေးသမားတို့ အထူးသတိထားရမည့်အချက်ဖြစ်ပါသည်။ ဆရာတော် ဦးဥတ္တမမှာ အင်္ဂလိပ်အစိုးရကို ကိုယ်တိုင်နှင်ထုတ်သူဖြစ်ပါသည်။ ကိုယ်တိုင်နိုင်ငံရေးခံယူချက်ဖြင့် ရှုတ်ချကန့်ကွက်သူဖြစ်ပါသည်။ လူဆိုသည်မှာ နိုင်ငံရေးသတ္တ၀ါ ဖြစ်သည့် အားလျော်စွာ အဖွဲ့အစည်းနှင့် အစုအခဲနှင့် ညီညီညွတ်ညွတ် တိုက်ထုတ်ကြရန် လုပ်ဆောင်ကြရန် စည်းရုံးခဲ့ခြင်းဖြစ်ပါသည်။ ယင်းမှာနိုင်ငံရေးသိပ္ပံဖြစ်ပါသည်။ သို့အတူ ဗိုလ်ချုပ်အောင်ဆန်းမှာလည်း အင်္ဂလိပ်အစိုးရထံမှ ရရင်ရ မရရင်ချ ဆိုပြီး တိုက်ပွဲခေါ်သံကို ကိုယ်ကိုယ်တိုင် လုပ်ဆောင်ခဲ့သူသာဖြစ်ပါသည်။
အလံနီပါတီမှ ရဲဘောသော်တာမှာတက္ကသိုလ်ကျောင်းသား ဘ၀ကနေပြီး လက်နက်ကိုင်တော်လှန်ရေး သက်တမ်းတလျောက်လုံးတွင် အာဏာရှင်စနစ်ကို ဒုးမထောက် လက်မမြှောက် ကျဆုံးသည်အထိ တိုက်ပွဲဝင်သည့် သူများဖြစ်သလို
ဆရာဦးခင်မောင်မှာလည်း စစ်အာဏာရှင်စနစ်ကို သေအံ့မူးမူးဖြစ်နေသည့်တိုင် အညံ့မခံတိုက်ပွဲဝင်နေသည်မှာ စစ်မှန်သောနိုင်ငံရေးသမိုင်းများဖြစ်ကြောင်း မီးမောင်းထိုးပြနေခြင်းသာဖြစ်ပါသည်။
သို့ဖြစ်ရာ ယခုအချိန်တွင်လည်း ကျွန်တော်တို့မှာ နိုင်ငံရေးကို သမိုင်းကောင်းအောင် ပြုလုပ်ကြရန်အရေးကြီးနေသည်။ မည်သူ့ကိုမျှ မတိုက်တွန်းဘဲ ကိုယ်ကိုယ်တိုင်ဘာလုပ်ရမည်ကို နားလည်ရန်လိုနေပြီ။ အထူးသဖြင့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို လိုချင်သည်ဆိုလျင် ကျွန်တော်တို့က ကျုပ်တို့ ဒါလိုချင်သည်ဟု ပြောရဲသော လူစားမျိုးကို နေရာပေးကြဖို့သာရှိတော့သည်။ သဘောကတော့ ခေါင်းဆောင်တဦးလိုနေခြင်းဖြစ်သည်။။ထို့ကြောင့် ရာဇ၀င်မှာ အဆဲမခံကြသော ဆရာတော် ဦးဥတ္တမနှင့် ဗိုလ်ချုပ်အောင်ဆန်း ပြီးတော့ ဦးသော်တာနှင့်ဆရာဦးခင်မောင်တို့လို နိုင်ငံရေးသူရဲကောင်းများအဖြစ် သမိုင်းမှာ မော်ကွန်းကမ္ဗည်းထိုးနိုင်ရန်ကြိုးစားသင့်သည်ဟု ပြောကမှားမည်မထင်ချေ။။။။။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )