Thursday, May 20, 2010

20 May 2010 ဒိုင်ယာရီ

20 may 2010 yeyintnge Diary.doc 3.625 MB20 May 2010 Yeyintnge Diary

ကြက်ဆူပင်တွေချည်းပဲ လျှောက်စိုက်နေလို့မရဘူး

ကြက်ဆူပင်တွေချည်းပဲ လျှောက်စိုက်နေလို့မရဘူး

E-mail Print
ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူသည် ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် နာရေးကူညီမှု အသင်းကို စာရေးဆရာ၊ ဒါရိုက်တာကြီး ဦးသုခ၏ လမ်းညွှန်မှုဖြင့် ဦးစီး တည်ထောင်ခဲ့ပြီး ၂၀၀၇ ခုနှစ် မတ်လတွင် သုခကုသိုလ်ဖြစ် ဆေးခန်း တိုးချဲ့ဖွင့်လှစ်ခဲ့သည်။ ၂၀၀၈ ခုနှစ်မေလက တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်း နောက်ပိုင်းတွင် မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒုက္ခသည်များကို ပြည်တွင်း၊ ပြည်ပမှ လှူဒါန်း ထောက်ပံ့မှုများယူ၍ ကူညီခဲ့သည်။ ဦးကျော်သူ သည် ယခုနှစ် ဧပြီလ အတွင်းက မြန်မာ ပြည်အတွင်း လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသူတို့ကို ပြည်ပရောက် မြန်မာများက ချီးမြှင့်သည့် ပထမအကြိမ် “ပြည်သူ့ ဂုဏ်ရည်” ဆု ရရှိခဲ့သူ ဖြစ်သည်။ ယခုနှစ်တွင် မြန်မာပြည်၌ အပူချိန် မြင့်တက်လာသောကြောင့် ရေတွင်းရေကန်များ ခန်းခြောက်ခဲ့ရာ ရေဒုက္ခ ရင်ဆိုင်နေရသည့် ပြည်သူများကိုလည်း ဦးကျော်သူ ဦးဆောင်သည့် ၎င်း အသင်းက ပြည်တွင်းပြည်ပ အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ရေကုသိုလ် ပြုလျှက်ရှိသည်။ ထို့ကြောင့် ဦးကျော်သူ ဦးဆောင်သည့် နာရေး ကူညီမှု အသင်း လက်ရှိကြုံတွေ့နေရသော အခြေအနေနှင့် အခက်အခဲများကို ဧရာဝတီ သတင်းထောက် အေးချမ်းမြေ့က မေးမြန်း၍ ဖော်ပြလိုက်ပါသည်။

မေး။ ။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ရေလှူတဲ့ ရေကား တွေမှာ သူတို့ အလံတွေ ထူခိုင်း တယ်လို့ ကြားတယ်၊ ကိုကျော်သူ တို့ကော အဲဒီလို အဖြစ် မျိုးတွေ ကြုံရလား။

ဖြေ။ ။ ကျနော် တို့တော့ မသိသေးဘူး။ ဒလဘက် သွားကြတယ်။ အဲဒါ ဘာကြား မလဲတော့ မသိသေးဘူး။ ပဲခူးဘက် သွားတုန်း ကတော့ အဲဒီလို မလုပ်သေးဘူး။ ကျနော်တို့က နာရေး ကူညီမှု အသင်း (ရန်ကုန်) ဆိုတဲ့ ဗီနိုင်းချပ် ကြီးတွေ ချိတ်သွားတာ။ ကြံ့ဖွံ့အလံ ထောင်လို့လည်း မရဘူး။ ထောင်ခွင့်လည်း မပေးနိုင်ဘူး။

မေး။ ။ အခု ရန်ကုန်မှာ မိုးလည်း စရွာနေပြီဆိုတော့ ရေလှူတဲ့အလုပ် ဆက်လုပ်နေရတုန်းပဲလား။ ရေလှူတဲ့နေရာမှာ ဘယ်လို အခက်အခဲတွေ တွေ့ရလဲ။

ဖြေ။ ။ ရန်ကုန်တိုင်းထဲမှာ အကုန် သူ့ဟာနဲ့ သူတော့ ဆိုးနေကြတာပဲ။ ဟိုနေ့က ပဲခူးဘက်သွားတယ်။ နောက် ဝေါ ဘက် ၊ သက္ကလ ရွာတွေဘက် သွားတယ်။ မိုးရွာပေမယ့် ကြာကြာ ရွာတာမှ မဟုတ်တာ။ ရေလှူတဲ့ နေရာမှာလည်း အခက်အခဲတွေ ရှိတယ်။ ရေဒုက္ခသည်တွေက ကျနော်တို့ ရေသွားလှူရင်တောင်မှ သူတို့မှာ ထည့်စရာ ပုံးတို့၊ ခွက်တို့တောင် သိပ်မရှိကြဘူး။ ကျနော်ကတော့ ရေအုတ်ကန်လုပ်ဖို့ စဉ်းစားထားတယ်။ ရွာတရွာမှာ လမ်းဘယ်နှလမ်းရှိလဲ ကြည့်မယ်။ အုတ်ကန်လေး သွားပြီး လုပ်ပေးမယ်။ အဲဒီလမ်းက လူတွေ ရေကိုမျှပြီး သုံးကြပေါ့။ မိုးရွာတယ်ဆိုလည်း ဒီအုတ်ကန်က ရေခံထားပြီးသား ဖြစ်သွား တာပေါ့။ အဲဒီလို ကျနော်က စဉ်းစားနေတာ။ တချို့နယ်တွေက အ၀ီစိတွင်း တူးလို့မရတာတွေ ရှိတယ်။ တချို့ဆို ရေတွင်းတူးတာတောင်မှ ရေချိုမထွက်ဘူး။ ရေငန်ထွက်တဲ့ အပိုင်းတွေဖြစ်နေတယ်။ အဲဒီလိုဆိုတော့ နည်းနည်းတော့ အခက်အခဲ ဖြစ်တယ်။

မေး။ ။ ရေအခက်အခဲ ဖြစ်တဲ့ရွာတွေမှာ အဆိုးရွားဆုံး အနေအထား ဘယ်လောက်ထိ ရှိနေလဲ။

ဖြေ။ ။ အဲဒါကျနော် မလိုက်သွားတော့ မသိဘူး။ နာရေး အသင်းကလည်း တော်တော်သင်္ဂြိုဟ်ပေးရတာတွေ များနေတော့ ဒီဘက်ကလည်း လက်လွှတ်လို့မရဘူး။ ဟိုဘက်ကို ကျနော့် အမျိုးသမီး လိုက်သွားတယ်။ နောက်တခုက ကျနော်ပါရင် ပုံစံက တမျိုးဖြစ်လိမ့်မယ်လေ။ ရေဘေးဒုက္ခသည်တွေဆီ ရောက်သွားရင် ဌာနဆိုင်ရာက ကျော်သူပါလာတယ်ဆိုရင် တမျိုးဖြစ်သွား နိုင်တယ်။ ဒါနဲ့ ကျနော် မလိုက်တော့တာ။

ကျနော်တို့က ဝေါမြို့နယ်တို့၊ ပဲခူးဘက်တို့မှာ သွားလှူတဲ့အခါ ပဲခူးမြို့ပေါ်က ရေအလှူရှင်ရှိတယ်။ သူ့အိမ်မှာသွားပြီး ကျနော်တို့က ပိုက်ကိုတပ်၊ စက်နဲ့စုပ်ပြီး ရေပုံးတွေထဲ ထည့်တယ်။ ဂါလန် ၂၅၀၀ ထည့်ပြီး တခေါက်သွား၊ တနေ့ကို ၂ ခေါက်၊ ဂါလန် ၅၀၀၀ အနည်းဆုံး လုပ်ပေးနေတယ်။ ဒီ ရေ အလှူရှင်ကလည်း သူ့အိမ်ကရေတွင်း၊ ရေကန် လျော့တဲ့အထိတော့ ဘယ်လှူနိုင်မလဲ။ အတိုင်း အတာက ပြဿနာတက်တယ်။ ရန်ကုန်မှာတောင် ကျနော်တို့ အိမ်တွေဘက်ရေက မလာတော့ဘူး။ ဂျိုးဖြူရေကမလာတော့ဘူး။ ကျနော်တို့ အားလုံးဒုက္ခရောက်သလို၊ ပြည်သူအားလုံးလည်း ဒုက္ခ ရောက်နေကြတယ်။

အဝီစိတွင်းတူးဖို့တော့ စ စုံစမ်းခိုင်းထားတယ်။ ပဲခူးဘက်မှာတော့ တနေရာရပြီ။ အဲဒီနေရာမှာ ဘာမှမရှိဘူး ဆိုတော့ အဲဒီနေရာမှာပဲ အဝီစိတွင်း တူးပေးဖို့ရှိတယ်။ နောက် ကျနော်တို့ ဒလဘက်ကိုရေဝေဖို့ သွားရင်းနဲ့ စုံစမ်းဖို့ပြောထားတယ်။ ဒလဘက်မှာ ဘယ်သူ သြဇာအာဏာညောင်းလဲ။ ဆရာတော်ကြီးတွေဆီ ချဉ်းကပ်ပြီး၊ ဆရာတော်ကြီးတွေကနေ ဦးစီးပြီး ဘယ်အရပ် ဘယ်လမ်းမှာ ဘာလုပ်ပေးပါဆိုတဲ့ ဆရာတော်ကြီးတွေ သြ၀ါဒခံပြီးပဲ လုပ်တော့မယ်။ ဒီ့ပြင် ဘယ်အဖွဲ့အစည်း ကိုမှ သွားပြီး သြ၀ါဒလည်း မခံနိုင်ဘူး။ အလှူရှင်တွေက ကျနော်တို့ကို ယုံကြည်ပြီးလှူထားတဲ့ဟာ၊ ဒုက္ခသည်တွေ လက်ထဲကို ရောက်အောင်တော့ လုပ်ပေးရမှာပဲ။

မေး။ ။ အခုလို ရေအခက်အခဲက ခါတိုင်းနှစ်တွေလည်းဖြစ်တယ်လို့ သိရတယ်။ ဒီနှစ်နဲ့ ဘယ်လိုကွာပါသလဲ။

ဖြေ။ ။ ခါတိုင်းနှစ်က ဒီလောက်မဖြစ်ဘူး။ ၇ မိုင်ဆိုလည်း ၇ မိုင်မှာရေပြတ်သွားတာမျိုး၊ မလာတော့တာ ဒါတွေက ရှိတယ်။ ရေရှည်တော့ မဟုတ်ဘူး ခဏတဖြုတ်ဖြစ်တာ။ ဒီနှစ်က ပိုလည်းပူတော့ ပိုပြီးဆိုးကုန်တာပေါ့။ ရေကန်တွေလည်းခန်း၊ ရေတွင်းတွေလည်း ကုန် အဲဒီလိုဖြစ်ကုန်တာ။

မေး။ ။ ရေပြဿနာဖြစ်ရတဲ့ အဓိကနေရာတွေက ရေကန်နဲ့ ရေတွင်းတွေကို ပိုပြီး အားပြုသုံးနေရတဲ့နေရာတွေက ဖြစ်တာလား။

ဖြေ။ ။ တချို့နယ်တွေက အ၀ီစိတွင်းတွေမရှိဘူး။ သောက်ရေကန်ဆို သောက်ရေကန် အဲဒီက ခပ်ကြ။ ကန်ကရေ ကုန်တော့ သွားရော။ တချို့နေရာတွေဆို ကျနော် ကြားတာ ဘယ်အဖွဲ့အစည်းက ငါးမွေးမယ်ဆိုပြီး ကန်ကို သိမ်းလိုက်တယ်။ ဒီလို သိမ်းလိုက်တဲ့အတွက် ရာသီဥတု ပူတဲ့အခါကျတော့ ငါးမမွေးဖြစ်ဘူး။ အဲဒီတော့ သောက်ရေလည်း မရတော့ဘူး။ အဲဒီလိုတွေဖြစ်ကုန်တာ။

မေး။ ။ ရေ အခက်အခဲကြောင့် ရောဂါဖြစ်တာတို့၊ သေကြေပျက်စီးတာတို့ ဘယ်လောက်အထိ ဆိုးဆိုးရွားရွားဖြစ်လဲ။

ဖြေ။ ။ နယ်တွေတော့မသိဘူး။ ကျွန်တော်တို့ နာရေးကူညီမှုအသင်းဆို အပူဒဏ်ကြောင့်ဆုံးတာ တနေ့တနေ့ကို ၇၈ လောင်းလောက် အတွက်ကို လိုက်လုပ်ပေးနေရတယ်။ အရင်နှစ်တွေ တုန်းကဆို တနေ့ကို ၄၀ ကျော် ၄၅ လောင်း လောက်ပဲရှိတယ်။ အခုဆို ၇၀ ကျော် ၈၀ နီးပါး ကပ်နေပြီ။ ပိုလာတဲ့ အရေအတွက်က ရာသီဥတုကြောင့်လို့ ကျနော်တို့ တွက်လို့ရတယ်။ အရွယ်အားဖြင့် ကတော့ မျှတယ်။ အထူးသဖြင့်လူကြီးပိုင်း ပိုသေကြတယ်။ ကိုဗလ (မင်းသားသုမောင်) ဆိုလည်း အသည်းရောဂါရှိတာက ရှိတာပဲ၊ အပူဒဏ်ကြောင့် ဆိုးသွားပြီး မခံနိုင်ဘဲဆုံးတာ။ ပန်းချီ သန်းမြင့်အောင်ဆိုလည်း အပူကြောင့် ဆုံးတာပဲ။

မေး။ ။ အခြေခံ လူတန်းစားတွေကတော့ ပိုသေကြမယ်ထင်တယ်။

ဦးကျော်သူနှင့် ပဲခူးမြို့မှ ဥပဒေ အကျိုးဆောင် ဦးအေးမြင့်တို့ ပဲခူးတိုင်းအတွင် ရေလှူဒါန်းရန်ကိစ္စ ဆွေးနွေးနေစဉ်

ဖြေ။ ။ လောလောဆယ် ဒီမှာဖြစ်တာ ကြုံရ တာကတော့ ဦးနှောက် သွေးကြော ပြတ်ပြီး ဆုံးကြတာ ကြားတယ်။ အငှားယာဉ် မောင်းတဲ့ သူတွေ၊ ဆိုက်ကား သမားတွေ ဖြစ်ကြတယ်။ ခရီးသည်တင် ယာဉ်မောင်း တယောက် ဆိုရင် ကားဂိတ် ရောက်တဲ့ အချိန်မှာ သူ ရေခဲရေ သောက်တယ်။ နောက်ကား ရှိလို့ စပယ်ရာက သွားဖို့ ပြောတဲ့ အခါ ကျတော့ ကားက မသွားဘူး။ အဲဒါနဲ့ သွားကြည့်တော့ ကားပေါ် မှာတင် အသက် ပျောက်နေတယ်။ နောက် ဆိုက်ကား ဆရာတို့ ဘာတို့ဆို ပူတော့ မျက်နှာသုတ် ပုဝါကို ရေစွတ်ပြီး ပခုံးပေါ် တင်ထားတယ်။ အဲဒါနဲ့ ဦးနှောက်ကြော ပြတ်ပြီး ဆုံးတာ။

မေး။ ။ အခုလို ကူညီတဲ့ အလုပ်တွေ လုပ်နေတဲ့ အထဲမှာ အခက်ခဲဆုံးက ဘာဖြစ်မလဲ။

ဖြေ။ ။ အခက်အခဲကတော့ နာရေးနဲ့ ပတ်သက်ရင် သင်္ဂြိုဟ်ပေးဖို့ အအေးခန်း အခက်အခဲပဲ။ အအေးခန်းငှားမယ် ဆိုလည်း အအေးခန်းမှာ အလောင်းတွေက ပြည့်လျှံနေပြီ။ နေ့လယ် ၁၂ နာရီကျော်လောက်မှ အအေးခန်းမှာ ထားခွင့်ရှိတယ်။ အားရင်တောင်မှ အလောင်းတွေက တော်တော်လေးများလို့ အနံ့အသက်လည်း မကောင်းတော့ဘူး။ ဆေးရုံအအေးခန်းတွေ ဆိုလည်း အနံ့အသက်တွေက မကောင်းဘူး။ ကျန်းမာရေးအရ ပတ်ဝန်းကျင်အတွက်လည်း မကောင်းဘူး။

ရေလှူတဲ့ အပိုင်းကတော့ အခုလောလောဆယ် အခက်အခဲမရှိသေးဘူး။ ကျနော်တို့ ဂါလန် ၂၅၀၀ ဆန့်တဲ့ ရေပုံးတွေ ၀ယ်တယ်။ ဒလဘက်က ရွာတွေကို သွားမယ်ဆို ဒလ မြို့ပေါ်က ရေအလှူရှင်ရှိတယ်။ ဒီအတိုင်း ကားနဲ့ သွားပြီး ရေအလှူရှင်အိမ်မှာ ရေထည့်ပြီး ရွာတွေကို ဝေတာပေါ့။ ဒလဘက်က ရေအလှူရှင်မရှိဘူးဆို ရန်ကုန်ကနေ သယ်ရမယ်၊ အဲဒါဆိုရင်တော့ သွားရေးလာရေး နည်းနည်းကြန့်ကြာမယ်၊ နည်းနည်းလည်းပင်ပန်းမယ်။ အဲဒါတွေတော့ ရှိတယ်။

ပဲခူးဘက်ဆိုလည်း ပဲခူးဒေသခံက ကျနော်တို့ ကို အကူအညီပေးတယ်။ လူမှုရေး သမားတွေနဲ့ လူမှုရေး စိတ်ဓာတ် ရှိတဲ့သူတွေ ကျနော်တို့နဲ့ ပူးပေါင်းပြီးတော့ သူတို့ပဲ လုပ်ပေးကြပါတယ်။

မေး။ ။ နာဂစ်တုန်းက တဦးချင်းအလှူရှင်တွေ၊ လူမှုရေး လုပ်ချင်တဲ့ စေတနာ့ဝန်ထမ်းတွေ အများကြီးပဲ ရှိခဲ့တယ်လေ။ အခု ရေလှူတဲ့ အခုအချိန်မှာကော တဦးချင်း အလှူရှင်တွေ၊ စေတနာ့ဝန်ထမ်းတွေ အများကြီးရှိလာလား။

ဖြေ။ ။ များပါတယ်။ ဒါပေမယ့် ဒီတခါ တော်တော် တင်းတင်းကျပ်ကျပ် လုပ်ရတယ်။ နာဂစ်ကနေ ကျနော်တို့ အတွေ့အကြုံ တွေ အများကြီးရခဲ့တယ်။ စေတနာ့ဝန်ထမ်းပဲဖြစ်ဖြစ်၊ ရိုးရိုးသာမန်လူပဲ ဖြစ်ဖြစ် အရေးကြီးတာ သူတို့ စိတ်ဓာတ်ပဲလေ။ နာဂစ်တုန်းကဆို နယ်တွေသွားတယ်၊ ကျနော်တို့ မလိုက်နိုင်တဲ့ နယ်တွေဆို ဒီတိုင်း လွှဲပြီး လွှတ်လိုက်ရတယ်။ အဲဒီမှာ အလှူရှင်ရဲ့အလှူငွေတွေ၊ နောက် မမြင်ဘူးတဲ့ အစားအစာ၊ မမြင်ဘူးတဲ့ အ၀တ်အထည်၊ မသုံးဘူးတဲ့ ပိုက်ဆံတွေ သုံးရတော့ စာရိတ္တ ပျက်ပြားတာတွေ မြင်ခဲ့တယ်၊ တွေ့ခဲ့တယ်။ အဲဒါကြောင့် အဲဒီလို မဖြစ်အောင် တင်းတင်းကျပ်ကျပ် ကျနော်တို့ လုပ်ထားတယ်။

မေး။ ။ ရေရှည်အတွက် ကန်တွေဆောက်မယ် လို့လည်းပြောတယ်၊ အ၀ီစိတွင်းတွေ တူးမယ်လို့လည်း ပြောတယ်။ နောက်နှစ်တွေလည်း ဒီထက် ပူချင် ပူလာနိုင်မယ့် အလားအလာတွေ ရှိနေတယ်ဆိုတော့ ကိုကျော်သူတို့ ဘယ်လောက်ထိ စီမံကိန်းချထားတာ ရှိလဲ။

ဖြေ။ ။ စီမံကိန်းက ကျနော်တို့ ချလို့မရဘူး၊ အစိုးရက လုပ်ရမှာ။ ကျနော်တို့လည်း ရေရှည် ဒီဟာကြီးကို လိုက်လုပ် မပေးနိုင်ဘူး။ နာရေးကိစ္စတို့၊ ဆေးခန်းကိစ္စတို့ ကျနော်တို့ လုပ်နေရတယ်။ နိုင်ငံတော် အနေနဲ့ တတ်သိ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး အမြန်ဆုံး ကွင်းဆင်း အကောင်အထည်ဖော်ဖို့ လိုတယ်လို့ ကျနော်မြင်တယ်။ အပင်စိုက်သင့်ရင်စိုက်၊ တလမ်းကို ရေတွင်း ဘယ်နှတွင်းတူး ဆိုတာမျိုး လုပ်ရမယ်။ ကြက်ဆူပင်တွေချည်းပဲ လျှောက်စိုက်နေလို့ မရဘူး။

ကျနော်တို့ကတော့ ကြုံရင်ကြုံသလို လုပ်ပေးနေတာပဲ။ လှိုင် မီးဘေးတုန်းက ၀ါးတရာ မီးဘေး စခန်းကိုသွားပြီး အ၀ီစိတွင်းတွေ တူးပေးရတယ်၊ အိုးခွက်တွေ၊ အ၀တ်အစားတွေ သွားလှူရတယ်။ နဂစ်ဆိုလည်း နာဂစ်အလျောက် လုပ်နေရတာပဲ။ သဘာဝ ဘေးဒဏ်ပေါ် မူတည်ပြီး ကျနော်တို့ လုပ်ပေးနိုင်သလောက်ပဲ လုပ်ပေးကြတာပါ။
http://www.irrawaddy.org/bur/

ဆည်မြောင်း နိုင်ငံတော်ကြီး

ဒေးဗစ် ပက် Thursday, May 20, 2010

မြန်မာ စစ်အစိုးရနှင့် တရုတ် အစိုးရတို့က ကချင်ပြည်နယ် ထဲတွင် ရေအားလျှပ်စစ် ထုတ်ယူရန် အတွက် ရေကာတာ ဆည်ကြီး ပေါင်း ၇ ခု တည်ဆောက်ရန် ပြင်ဆင် နေကြသည်။ သို့သော် ထိုဆည်ကြီးများ ဆောက်လုပ်ခြင်းသည် ဒေသခံပြည်သူများ အတွက် အလုပ်အကိုင်နှင့် လုံခြုံရေးကို အာမခံချက်ပေးနိုင်မည် မဟုတ်သည့်အပြင် ထွက်ရှိလာသော လျှပ်စစ်ဓာတ်အား ကိုလည်း ပြည်သူများ သုံးစွဲခွင့် ရလိမ့်မည်မဟုတ်ပေ။

သရုပ်ဖော်ပုံ - ကာတွန်း ဟန်လေး

ကြီးမားသော ဆည်ကြီးများ တည်ဆောက်၍ ရေအားလျှပ်စစ် ထုတ်ယူ ခြင်းသည် ဒေသခံ လူ့အဖွဲ့ အစည်းနှင့် သဘာဝ ပတ်ဝန်းကျင်ကို အကြီး အကျယ် ထိခိုက် ပျက်စီး စေသောကြောင့် နိုင်ငံတကာက ဝိုင်းဝန်း ရှုတ်ချ နေသည်မှာ ကာလ အတန်ကြာပြီ ဖြစ်သည်။ သို့သော် ထိုအဆိုကို လက်မခံ သူများလည်း ရှိနေပါ သေးသည်။ တခြားသူများ မဟုတ်။ ဆည်ကြီးများ တည်ဆောက်ခြင်းဖြင့် အကျိုးစီးပွား ဖြစ်ထွန်း နေသူများ ဖြစ်သည်။ လက်တွေ့ ကျကျ စဉ်းစား သူများက ဆည်ကြီးများမှ ထွက်ရှိလာသော လျှပ်စစ် ဓာတ်အားသည် သေချာပေါက် အားကိုးအားထား ပြုနိုင်ပြီး လျှပ်စစ်ဓာတ်အား မရှိသော နိုင်ငံတခုသည် ခေတ်သစ်ကမ္ဘာကြီး ထဲတွင် ရှင်သန်ရန် မဖြစ်နိုင်ဟု ဆိုကြသည်။

သို့သော် ထိုအဆိုပြုချက်သည် မြန်မာနိုင်ငံတွင် ပြောင်းပြန်ဖြစ်နေသည်။ ဆည်ကြီးများ တည်ဆောက်ခြင်းအကျိုးဆက်ကြောင့် လူအများအပြား သေဆုံးခြင်း၊ ကျေးရွာများ ဖျက်ဆီးခံရကာ သစ်တောများ အပါအဝင် သဘာဝပတ်ဝန်းကျင် ပျက်သုဉ်းခြင်း ကိုလည်း ရင်ဆိုင်နေရသည်။ ထို့အပြင် ဆည်တည်ဆောက်ခြင်းကြောင့် လူအခွင့်အရေး ချိုးဖောက်မှုများ ရှိနေပြီး ကစဥ့် ကလျား ဖြစ်သွားသော အကူအညီမဲ့ ဒေသခံများအကြား ငှက်ဖျား အပါအဝင် ရောဂါဘယများ ပိုမိုဖြစ်ပွားလာသည်။

မြန်မာပြည်သူလူထု အကျိုးအတွက် စစ်အစိုးရက ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အား ဆိုသည်မှာ နောက်ဆုံးတွင် ရှားပါး ပစ္စည်း တမျိုးသာ ဖြစ်နေမလားဟု မေးရန်သာ ရှိတော့သည်။

မြန်မာ နိုင်ငံသား ၅၅ သန်းသည် ကမ္ဘာပေါ်တွင် လျှပ်စစ်ဓာတ်အား လိုလားတောင့်တ နေသူများထဲတွင် ပါဝင်သည်။ ရန်ကုန် မြို့ရှိ အိမ်ထောင်စုများ၊ ရုံးများနှင့် လုပ်ငန်းဌာနများတွင် ရရှိသော လျှပ်စစ်ဓာတ်အားသည် တရက်လျှင် သုံးနာရီ၊ လေးနာရီထက် မပိုပါ။ မကြာခဏ မီးဖြတ်ခံရသည်။ မီးမမှန်၍ အလုပ်မတွင်ခြင်းကလည်း ကြီးမားသော ပြဿနာ ဖြစ်သည်။ အိမ်နီးချင်း များ စုပေါင်း၍ မီးစက်ဝယ်ကာ လျှပ်စစ်ပြဿနာကို ဖြေရှင်းရသည်။ အိမ်ထောင်စု အများအပြားမှာ ဖယောင်းတိုင်နှင့် မီးခွက် ကို အားကိုး၍သာ ညစာစားခြင်း၊ စာဖတ်ခြင်းတို့ကို ပြုလုပ်ကြရသည်။

မီးမလာသောကြောင့် လူထုအတွင်း ဖြစ်တောင့်ဖြစ်ခဲ ဆူဆူပူပူဖြစ်သည်ကိုပင် မကြာသေးခင်က တွေ့ရသည်။ ပြီးခဲ့သည့် မတ် လ အတွင်းက မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး မြို့တော်ဖြစ်သော မော်လမြိုင်တွင် စာမေးပွဲကာလအတွင်း မီးမှန်မှန် မလာ သောကြောင့် ကျောင်းသားများ လမ်းမပေါ်ထွက်၍ ဆန္ဒပြခဲ့ကြသည်။ ထိုကျောင်းသားများသည် ယခင်မျိုးဆက်ဟောင်း ကျောင်းသားများကဲ့သို့ ဒီမိုကရေစီနှင့် လွတ်လပ်မှုကို တောင်းဆိုခြင်းမဟုတ်ဘဲ ကျောင်းစာ လေ့လာနိုင်ရန်အတွက် လျှပ်စစ်မီး မှန်မှန် ရရေးကိုသာ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အိမ်နီးချင်းနိုင်ငံများကို စွမ်းအင်အရင်းအမြစ်များ ရောင်းချနေသည့် မြန်မာနိုင်ငံ၌ မန္တလေးကဲ့သို့သော ဒုတိယအကြီးဆုံး မြို့တော်တွင် မီးမှန်မှန်မလာခြင်းသည် အသေးအဖွဲ ကိစ္စဟု ပြော၍မရပါ။ ပြီးခဲ့သည့် ဇူလိုင်လက မန္တလေးတွင် ကျင်းပခဲ့သော အာဆီယံနိုင်ငံများ စွမ်းအင် ညီလာခံ ကျင်းပနေစဉ် မီးမှန်မှန် လာစေရန် စစ်အစိုးရက တရုတ်နိုင်ငံ နယ်စပ်မြို့ဖြစ်သော ရွှေလီမှ လျှပ်စစ်ဓာတ်အား မီဂါဝပ် ၃၀ဝ ဝယ်ယူခဲ့ပြီး တမြို့လုံး မီးလင်းအောင် ဆောင်ရွက်ခဲ့ရသည်။

နိုင်ငံတကာ စွမ်းအင်ဆိုင်ရာ အေဂျင်စီမှ မကြာသေးမီက ထုတ်ပြန်သော စာရင်းဇယားများအရ ၂၀ဝ၆ တွင် မြန်မာနိုင်ငံ၏ နှစ်စဉ် ပျမ်းမျှ လျှပ်စစ်ဓာတ်အား သုံးစွဲမှုသည် ၈၄ ကီလိုဝပ်သာရှိကြောင်း သိရသည်။ တရုတ်နှင့် ထိုင်းတွင် သုံးစွဲသော ပျမ်းမျှ လျှပ်စစ်ဓာတ်အားနှင့် နှိုင်းယှဉ်ပါက ၅ ရာခိုင်နှုန်းသာရှိ၍ အိန္ဒိယနိုင်ငံနှင့်ဆိုလျှင် ၁၆ ရာခိုင်နှုန်းသာ ရှိသည်။
ထိုသို့ လျှပ်စစ်သုံးစွဲမှု နိမ့်ကျနေရခြင်းမှာ မြန်မာနိုင်ငံအတွင်း ယိုယွင်းနေသော စီးပွားရေးကြောင့်ဖြစ်ပြီး စီးပွားရေး နာလန်မထူ နိုင်ခြင်းမှာလည်း စစ်အစိုးရ၏ ဆယ်စုနှစ် နှင့် ချီ၍ မှားယွင်းသော စီမံခန့်ခွဲမှုများကြောင့် ဖြစ်သည်။ ယင်းကြောင့် စွမ်းအင် လို အပ်နေသော နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ စွမ်းအင်ရင်းမြစ်များအပေါ် အမြတ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ စစ်အစိုးရကို နှစ်ပေါင်း နှစ်ဆယ်နီးပါး ကျောထောက်နောက်ခံ ပြုပေးခဲ့သော အဓိကနိုင်ငံမှာ တရုတ်ဖြစ်သည်။ ထို့အတူ မြန်မာနိုင်ငံမှ ထွက်ရှိသော ပေါများလှသည့် စွမ်းအင်အရင်းအမြစ်အများစုကို အခြားသောနိုင်ငံများထက် ရရှိခံစားနေသော နိုင်ငံမှာလည်း တရုတ် သာ ဖြစ်သည်။

၂၀ဝ၈ ခုနှစ် စက်တင်ဘာလတွင် Earth Rights Internationalအဖွဲ့မှ ထုတ်ပြန်သော အစီရင်ခံစာအရ တရုတ် ကုမ္ပဏီကြီး ၇၀ နီးပါးသည် ရေအားလျှပ်စစ် ထုတ်လုပ်ရေး၊ သတ္ထု တူးဖော်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းပေါင်း ၉၀ တွင် ပါဝင်ဆောင်ရွက် နေသည်ဟု ဆိုထားသည်။

“မြန်မာနိုင်ငံရဲ့ သဘာဝ အရင်းအမြစ်တွေကို ဆက်လက်ရရှိဖို့အတွက် တရုတ်ဟာ စစ်အစိုးရကို နိုင်ငံရေးအရ ထောက်ခံမှု ပေးခြင်း၊ လက်နက်ရောင်းချပေးခြင်း၊ အတိုးမဲ့ ချေးငွေထောက်ပံ့ခြင်း စတာတွေနဲ့ ပံ့ပိုးကူညီနေပါတယ်”ဟု ဝါရှင်တန် အခြေ စိုက် သဘာဝပတ်ဝန်းကျင် လေ့လာစောင့်ကြည့်ရေး အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

ကချင်ပြည်နယ်တွင် အကြီးစားဆည် ၇ ခု တည်ဆောက်ရန် မြန်မာ့ လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနနှင့် တရုတ်အစိုးရပိုင် တရုတ် စွမ်းအင် ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း(China Power Investment Corporation - CPI)တို့ အကြား ၂၀ဝ၆ ကတည်း က သဘောတူညီချက် ရခဲ့သည်။ သို့သော် ထိုအကြောင်းကို စစ်အစိုးရပိုင် မီဒီယာက ၂၀ဝ၉ ခုနှစ် ဇွန်လ ၁၆ ရက်ကျမှ မြန်မာ နှင့် တရုတ်အကြား အဆိုပါကိစ္စများ ဆောင်ရွက်ရန် နှစ်ဘက် သဘောတူညီချက် ရသည်ဟု ဖော်ပြခဲ့သည်။

ဧရာဝတီမှ ရရှိထားသော သတင်း အချက်အလက်များအရ CPI ကုမ္ပဏီသည် ၂၀ဝ၇ ခုနှစ် မတ်လ ၇ ရက်ကတည်းက ယူနန် စွမ်းအင်ကုမ္ပဏီမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီးဖြစ်သည်ဟု သိရှိရသည်။ တရုတ် ကုမ္ပဏီနှစ်ခု၏ ဆွေးနွေးချက်များတွင် မြန်မာနိုင်ငံရှိ ဆည်များမှ တင်ပို့သော လျှပ်စစ်ဓာတ်အားကို ယူနန်ပြည်နယ် လျှပ်စစ် ကွန်ရက်မှ တဆင့် ဖြတ်သန်း၍ တရုတ် ပြည် အတွင်းသို့ တင်ပို့မည်ဟူသော သဘောတူညီချက် ပါဝင်သည်။

CPI ကုမ္ပဏီသည် အခြားသော တရုတ် ရင်းနှီးမြုပ်နှံသူများနှင့် ပူးပေါင်း၍ ဆည်တည်ဆောက်ရေး စီမံကိန်း လုပ်ငန်းများ အတွက် ဘဏ္ဍာရေးအရ အကူအညီပေးနေပြီး တချိန်တည်းတွင် ယူနန် စွမ်းအင်ကုမ္ပဏီကလည်း လျှပ်စစ်ဓာတ်အား ပြန်လည် ဖြန့်ဖြူးပေးမည့် လိုင်းကြိုးများကို တည်ဆောက်နေသည်။ ထိုလိုင်းကြိုးများသည် တရုတ်ပြည် အနောက်တောင်ဘက်ပိုင်းသို့ ဓာတ်အား ပို့လွှတ်မည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းသည် ကျောက်မီးသွေးကို စွမ်းအင်အဖြစ် ယခုအထိ အဓိကထား သုံးစွဲ နေရသော စက်မှုလုပ်ငန်းများရှိရာ တရုတ်ပြည် အရှေ့ဘက်ခြမ်းအတွက် ပစ်မှတ်ထားသည့် တရုတ်၏“အနောက်မှ အရှေ့သို့ စွမ်းအင် ဖြန့်ဖြူးရေး မူဝါဒ”အရ ဆောင်ရွက်ခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာပြည်ရှိ ဆည်များမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ် အားသည် မြန်မာနိုင်ငံအတွင်း လိုအပ်နေသော နေရာများ၌ သုံးစွဲခွင့် ရမရ ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလက ထုတ်ဝေသော တရုတ်အစိုးရပိုင် “တရုတ် ရင်းနှီးမြှုပ်နှံမှု” မဂ္ဂဇင်း၌ တရုတ်ပြည် နိုင်ငံတကာ အင်ဂျင်နီယာ အကြံပေးလုပ်ငန်း ကော်ပိုရေးရှင်းမှ ညွှန်ကြားရေးမှူး Zhou Jiachong က ဧရာဝတီမြစ်ရိုး တလျှောက်၌ ဆည်ကြီးများ တည်ဆောက်ရန် အစိုးရနှစ်ခု အကြား သဘောတူညီချက်များ၂၀ဝ၉ ကတည်းကရထားပြီ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ သည်။ ဆည်ကြီးများမှ ထွက်ရှိလာမည့် စုစုပေါင်း လျှပ်စစ်ဓာတ်အားသည် မီဂါဝပ် ၁၆၀ဝ၀ ရှိမည် ဖြစ်ပြီး ထိုင်းတနိုင်ငံလုံးတွင် သုံးစွဲနေသည့် လျှပ်စစ်ဓာတ်အား၏ သုံးပုံနှစ်ပုံ ရှိမည်ဖြစ်ကြောင်း၊ ထို့အပြင် မြန်မာပြည်တွင် လက်ရှိသုံးစွဲနေသော လျှပ်စစ် ဓာတ်အား ထက် ဆယ်ဆ များပြားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ အကြံပေး ကော်ပိုရေးရှင်းသည် တရုတ်၏ နိုင်ငံပိုင် လုပ်ငန်းတခု ဖြစ်ပြီး ကချင်ပြည်နယ်ရှိ ဆည်ဆောက်လုပ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။

ကျွမ်းကျင်သူ ပညာရှင်များ အဆိုအရ ဆည်ကြီးများ အပြည့်အစုံ တည်ဆောက် ပြီးစီးသွားပါက မြန်မာနိုင်ငံသည် တနှစ်လျှင် လျှပ်စစ်ဓာတ်အား ၄၅၀ဝ၀ မီဂါဝပ် ထုတ်လုပ်နိုင်မည်ဟု ဆိုသည်။ သို့သော် လျှပ်စစ်ဓာတ်အားကို စစ်အစိုးရက အိမ်နီးချင်း နိုင်ငံများသို့ ထုတ်ရောင်းနေသမျှ ကာလပတ်လုံး မြန်မာပြည်သူများအနေဖြင့် ဆည်ကြီးများကြောင့် ရရှိလာသည့် လျှပ်စစ် ဓာတ်အားကို သုံးစွဲရသည်ထက် လူမှုဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဒဏ်ကိုသာ ခံစားရလိမ့်မည်ဟု ဆိုသည်။ စစ် အစိုးရ အနေဖြင့် အာဏာ ဆက်လက်တည်မြဲရေးအတွက် လျှပ်စစ်ဓာတ်အားကို အိမ်နီးချင်းနိုင်ငံများသို့ ရောင်းချရန် သေချာသလောက် ရှိနေပေသည်။

တရုတ်ခေါင်းဆောင်ပိုင်း အနေဖြင့်လည်း မြန်မာပြည်တွင် ဖြစ်နေသော နိုင်ငံရေး ပြဿနာများကြောင့် ရင်းနှီးမြုပ်နှံထားသော ငွေကြေးများ မဆုံးရှုံးဘဲ တတ်နိုင်သရွေ့များများပြန်ရရန် ရေရာသေချာသည့် လုပ်ဟန်ကိုသာ ဆက်လက် ကျင့်သုံးပေလိမ့် မည်။

“မြန်မာနိုင်ငံဟာ တရုတ်ပြည်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် နိုင်ငံသေးသလို လူလည်း နည်းပါတယ်၊ ထွက်လာသမျှ လျှပ်စစ်ဓာတ် အားလုံးကို ပြည်တွင်းမှာ ကုန်အောင်မသုံးစွဲနိုင်ပါဘူး၊ ဒါကြောင့် တရုတ် ကုမ္ပဏီများအနေနဲ့ မြန်မာပြည်မှာ ဆည် တည်ဆောက် မှုတွေ ပြီးသွားရင် လျှပ်စစ်ဓာတ်အားကို တရုတ်နိုင်ငံထဲ တင်သွင်းဖို့ စဉ်းစားရပါတယ်”ဟု Zhou Jiachong က “တရုတ် ရင်းနှီးမြှုပ်နှံမှု” မဂ္ဂဇင်းသို့ ပြောသည်။

မြန်မာပြည် ရေအားလျှပ်စစ် စီမံကိန်းများမှ ရရှိလာမည့် အကျိုးအမြတ်များအတွက် တရုတ်ကုမ္ပဏီများက အစွမ်းကုန်ကြိုးစား နေကြသည်။ လိုအပ်သည့် အတိုင်းအတာ တွက်ချက်မှုများ ပြီးဆုံးပြီဖြစ်၍ ကချင်ပြည်နယ် မြစ်ဆုံဒေသ၌ ဆည်တည်ဆောက် ရေး လုပ်ငန်းများ စတင်ရန်အသင့် ဖြစ်နေကြောင်း ဖေဖော်ဝါရီလ ၈ ရက်နေ့ထုတ် တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာက ရေးသားဖော်ပြခဲ့သည်။

ကချင်ပြည်နယ်တွင် တည်ဆောက်မည့် ဆည်ကြီး ၇ ခုအနက် မြစ်ဆုံသည် ပထမဆုံး ဆည်ကြီးဖြစ်ပြီး တရုတ်အနေဖြင့် အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံ ကုန်ကျမည်ဖြစ်သည်။ ဆည် အပြီးတွင် ရေလွှမ်းမည့် ဧရိယာအကျယ်သည် စင်္ကာပူနိုင်ငံ၏ အကျယ်အဝန်းနှင့် ညီမျှမည်ဖြစ်သည်။

ယခုအခါ ထိုစီမံကိန်းသည် ဆက်လက်အကောင်အထည် ဖော်ရန် အသင့်ဖြစ်နေသည်။ စစ်အစိုးရက ယင်းဆည်ကြီး တည် ဆောက်ခြင်းအားဖြင့် ပြည်သူလူထု၏ ထောက်ခံမှုကို ရလိမ့်မည်ဟု ရည်မှန်းထားဟန်လည်း ရှိသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ မျက်နှာဖုံး၌ မဝေးတော့သည့် အနာဂတ်တွင် နိုင်ငံတော်သည် လျှပ် စစ် ဓာတ်အားကို တနိုင်ငံလုံး ဖူလုံရုံမက ပိုလျှံသည်အထိ ထုတ်လုပ်နိုင်တော့မည်ဟု ခေါင်းကြီးတပ်ကာ ရေးသားဖော်ပြခဲ့ သည်။ အမှတ် (၁) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနက ရေအားလျှပ်စစ် စီမံကိန်း ၃၀ ကျော်မှ ထုတ်လုပ်နိုင်မည့် စွမ်းအင်ကို အသေးစိတ် ရေးသား ဖော်ပြထားပြီး အနာဂတ်၌ လျှပ်စစ်စွမ်းအင်ကို သုံးစွဲ နိုင်တော့မည်ဖြစ်ကြောင်း၊ စက်ရုံအလုပ်ရုံများ အနေဖြင့်လည်း လျှပ်စစ် ဓာတ်အားကို ပေါပေါများများ သုံးစွဲနိုင်တော့မည်ဖြစ်၍ သတင်းကောင်းပါးလိုက်ကြောင်း ရေးသား ဖော်ပြထားသည်။

ဆည်များမှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားသည် နိုင်ငံတွင်း အိမ်သုံးနှင့် စက်မှုလုပ်ငန်းများ၌ အလုံအလောက် သုံးစွဲနိုင် သည် ဟူသော တွက်ချက်မှုသည် ဖြစ်နိုင်စရာ ရှိပါသည်။ ရှမ်းပြည် မြောက်ပိုင်း၌ တည်ရှိသော ရွှေလီ (၁) ဆည်သည် တရုတ်-မြန်မာ စီမံကိန်းတခု ဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းရှိ သတ္ထုတွင်းလုပ်ငန်းနှင့် သတ္ထုအရည်ကြို လုပ်ငန်းများကို လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးထားသည်။ ထို့အပြင် ယူနန်ပြည်နယ် အတွင်းသို့လည်း လျှပ်စစ်ဓာတ်အားများ ပို့ပေးနေသေးသည်။ သို့သော် ဆည်အသစ်များမှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားကို တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ မျှဝေသုံးစွဲမည်ဆိုသည့် ကိစ္စမှာ ဖြစ်နိုင် သည်ဟု မထင်ပေ။

သြစတြေးလျနိုင်ငံ၊ မက်ကွာရေး တက္ကသိုလ်(Macquarie University) မှ မြန်မာ့စီးပွားရေး ကျွမ်းကျင်သူ ရှောင် တာနဲလ် (Sean Turnell)က “အရင်တုန်းက မြန်မာနိုင်ငံကနေ ရေအားလျှပ်စစ် တင်ပို့ခဲ့တာတွေနဲ့ ပတ်သက်လို့ လုပ်ဆောင်ခဲ့တာတွေ ကို နှိုင်းယှဉ် ပြောရရင် မြန်မာနိုင်ငံသားတွေအဖို့ ကချင်ပြည်နယ်မှာ တည်ဆောက်တဲ့ ဆည်တွေကနေ ထုတ်လုပ်မယ့် လျှပ်စစ် ဓာတ်အားကို လုံလုံလောက်လောက် သုံးစွဲရမယ်လို့ မထင်ပါဘူး”ဟုပြောကြားခဲ့သည်။

“ကချင်ပြည်နယ် လူထုအနေနဲ့ စစ်အစိုးရနဲ့ တရုတ် ဆောက်လုပ်ရေး အဖွဲ့တွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပစ္စည်းဥစ္စာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်”ဟု ရှောင် တာနဲလ်က ဖြည့်စွက်ပြောကြားခဲ့သည်။ ထို့အပြင် ဆည် ၇ ခုမှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အား ၈၀ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံသို့သာ တိုက်ရိုက်တင်ပို့မည်ဟု ထောက်ပြသွားခဲ့သည်။

“တခုလုံး ခြုံကြည့်မယ်ဆိုရင် စစ်အစိုးရဟာ ရေတိုအကျိုးကိုပဲ အလွန်အကြူးကြည့်ပြီး အလုပ်လုပ်နေတာ တွေ့ရပါတယ်။ မြန်မာပြည်ရဲ့ လက်ရှိ စွမ်းအင်နဲ့ နောင်အတွက် အရံထားရမယ့် စွမ်းအင်တွေ အားလုံးကို ငွေမြန်မြန်ပေါ်လိုတာနဲ့ ထုတ်ရောင်းနေတဲ့ သဘောမျိုးဖြစ်နေပါတယ်”ဟုလည်း ရှောင် တာနဲလ်က ပြောသည်။

ကချင်ပြည်နယ် အတွင်းရှိ လူမှုအခြေပြု အဖွဲ့အစည်းများက သူတို့အသံကို နိုင်ငံတကာ၊ အထူးသဖြင့် တရုတ်နိုင်ငံက ကြားရန် ကြိုးစားအားထုတ်နေသည်။

ကချင် ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် အဖွဲ့မှ ထုတ်ဝေခဲ့သော“ရေကြီးမှုကို ခုခံတွန်းလှန်ခြင်း”ဆိုသည့် အစီရင်ခံစာတွင် CPI ကုမ္ပဏီ အား မြစ်ဆုံနှင့် ကချင်ဒေသအတွင်း ဆည်များ တည်ဆောက်နေခြင်းကို အမြန်ဆုံး ရပ်ဆိုင်းပါရန် တောင်းဆိုထား သည်။ ထို့အတူ ဆည်တည်ဆောက်ခြင်းကြောင့် ပေါ်ပေါက်လာသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက် မဖြစ် ပွားရန်လည်း တောင်းဆိုထားသည်။

သာမန်အားဖြင့် တရုတ်အစိုးရသည် ထိုကဲ့သို့ ဖိအားပေးတောင်းဆိုမှုများကို အဖက်လုပ်လေ့ မရှိပါ။ သို့သော် ၂၀ဝ၄ ဧပြီလ အတွင်းက တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က တရုတ်ပြည်ထဲရှိ “နုမြစ်” ခေါ် သံလွင်မြစ် အတွင်း တည်ဆောက်မည့် ဆည် ၁၃ ခုကို သဘာဝပတ်ဝန်းကျင် ပြဿနာအား စိုးရိမ်သောကြောင့် စီမံကိန်းများ ခေတ္တရပ်ဆိုင်း လိုက်သည်ဟု ကြေညာသော အခါ ပတ်ဝန်းကျင် ထိန်းသိမ်းသူများ အနေဖြင့် ရှားရှားပါးပါး အောင်ပွဲ ရခဲ့ဖူးသည်။ ထို့နောက် ဆည် ၁၃ ခု အစား ၄ ခုသာ တည်ဆောက်မည်ဟု ကြေညာခဲ့သည်။ ပြီးခဲ့သည့် မေလကမူ ဆည် ၃ ခုသာ တည်ဆောက်တော့မည်ဟု ထပ်မံကြေညာခဲ့ သည်။ Liuku ဆိုသည့် ဆည်ကို တည်ဆောက်အပြီး ထွက်ရှိလာသော လေ့လာ ဆန်းစစ်ချက်များအရ တရုတ်အစိုးရက ထိုသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ထိုသို့ အပြုသဘောဆောင်သည့် အချက်များ ရှိနေသော်လည်း တရုတ်အစိုးရက ဆည်တည်ဆောက်မှုများကို မည်သို့ဆုံးဖြတ် ချက်ချမည် ဆိုသည်မှာ ခန့်မှန်းရ ခက်နေဆဲ ဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ်သာ အဓိက အာရုံထားသော တရုတ် အစိုးရသည် တခြားသော စိုးရိမ်ဖွယ်ကိစ္စများကို ထည့်သွင်းတွက်ချက်လေ့ မရှိပေ။

နိုင်ငံတကာ မြစ်ကြောင်းများ ကွန်ရက် အဖွဲ့မှ မူဝါဒရေးရာ ညွှန်ကြားရေးမှူး ပီတာ ဘော့စ်ဟတ်က“တရုတ်အစိုးရ တွက်ချက် တဲ့ ပြည်တွင်းဈေးကွက်ရဲ့ အကျိုးအမြတ်ဆိုတာ တကယ်တော့ ပါးပါးလေးပါ။ အနာဂတ်မှာ တိုးတက်လာမယ့် စီးပွားရေး ကြီးထွားမှု အလားအလာဟာ အကန့်အသတ် ရှိပါတယ်။ ရေအားလျှပ်စစ် လုပ်ငန်းကနေ လိုအပ်တဲ့ အကျိုးအမြတ် နောက်ထပ် မရတော့ဘူးဆိုရင် ကုမ္ပဏီတွေဟာ နိုင်ငံရပ်ခြားက ဈေးကွက်တွေမှာ၊ အကျိုးအမြတ်ပိုရတဲ့ လုပ်ငန်းတွေမှာ ဆက်ပြီး ပြိုင်ဆိုင် ကြ ဦးမှာပဲ”ဟု ဆိုသည်။

မြန်မာပြည်တွင် ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ ဘဝင်မကျသူများချည်းသာ ရှိသည်မဟုတ်။ ဘ၀င်ကျသူများလည်း ရှိနေသည်။ စစ်အစိုးရ ခေါင်းဆောင်ပိုင်းနှင့် ယင်းတို့၏ စီးပွားဖက်များ အနေဖြင့် အိတ်ထဲမှ ငွေစိုက်စရာ မလိုဘဲ ရရှိလာမည့် အကျိုးအမြတ်များကို ထုထည်ကြီးကြီး ခွဲဝေ ယူကြပါဦးမည်။ ကချင် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်အဖွဲ့၏ တွက်ချက်မှုအရ မြစ်ဆုံဆည် တခုတည်းမှ လျှပ်စစ်ဓာတ်အား ရောင်းချခြင်းဖြင့် ရရှိနိုင်သည့် ငွေကြေး ပမာဏမှာ တနှစ်လျှင် အနည်းဆုံး အမေရိကန် ဒေါ်လာ ၅၅၈ သန်း ခန့် ဖြစ်သည်။

စစ်အစိုးရအတွင်း ခြစားမှုများနှင့် စီးပွားရေး စီမံခန့်ခွဲမှုများ လွဲမှားနေခြင်းသည် ဆည်တည်ဆောက်ခြင်းကို ဆန့်ကျင် ကန့် ကွက် သူများအတွက် မျှော်လင့်ချက်ကောင်း ဖြစ်လာနိုင်သည်။ ရေရှည်အတွက် ထိုစီမံကိန်းများကို မြန်မာစစ်အစိုးရနှင့် ပူးတွဲ လုပ်ရန် တရုတ်တို့ဘက်မှ အယုံအကြည် ကင်းမဲ့လာနိုင်ဖွယ်ရှိသည်။ သို့သော်လည်း မြန်မာစစ်ဗိုလ်ချုပ်များနှင့် ယင်းတို့၏ စီးပွားဖက်များသည် ယခုအချိန်တွင် ပုဂ္ဂလိကပိုင် ပြုခြင်းဆိုသည့် ရုပ်ဖျက်ထားသော ခေါင်းစဉ်အောက်တွင် နိုင်ငံ၏ အရင်း အမြစ်များကို အကျိုးစီးပွားအတွက် လောဘတကြီး ခွဲဝေယူကာ အလုပ်ရှုပ်နေကြသည်။ ကချင်ပြည်နယ်အတွင်းရှိ လူထု၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုသူများထံမှ ရရှိလာမည့် ငွေဆိုသည်မှာ အိပ်မက်ပမာသာ ဖြစ်သည်။ အကျိုးဆက် အနေဖြင့် လူထုသည် ယခင်က မွဲနေသည်ထက် ပိုမို မွဲပြာကျလာမည်ကိုသာ မြင်ရပေတော့မည်။

Dam Nation By David Paquette ဆောင်းပါးကို ဆီလျော် အောင် ပြန်ဆိုဖော်ပြပါသည်။
http://www.irrawaddy.org/bur/

မလေးရှားမှအဆိုတော် ထက်အောင်ရှိုင်း ရဲ့ သီချင်းနှစ်ပုဒ်







http://www.freedomburma.org/

Who’s the hero of the entire world?

ပြည်တွင်းရွေးကောက်ပွဲများ လေ့လာစောင့်ကြည့်ရေးအတွက် လက်စွဲ

ပြည်တွင်းရွေးကောက်ပွဲများ လေ့လာစောင့်ကြည့်ရေးအတွက် လက်စွဲ

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာ မြန်မာ့ဒီမိုကရေစီအင်အားစုများညီလာခံ


နိုင်ငံရေးအင်အားစုအသီးသီးမှ ရဲဘော်များ ။

- မေလ (၂၂-၂၃)ရက်နေ့တွင် နယူးယောက်ပြည်နယ် အထက်ပိုင်း (Buffalo) မြို့ ၌ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာ မြန်မာ့ဒီမိုကရေစီအင်အားစုများညီလာခံ”အား ကျင်းပပြုလုပ်မည်ဖြစ်ပါသည် ။ ညီလာခံသို့တက်ရောက်ပါရန် လေးစားစွာထပ်မံဖိတ်ကြားပါသည် ။

ညီလာခံဖိတ်ကြားရေးဆပ်ကော်မတီ
Invitation Letter of Buffalo Conference on May 22 - 23 , Burmese