3 june 2010 yeyintnge_s Diary.doc 3.965 MB
3 June 2010 Yeyintnge's Diary
Thursday, June 3, 2010
နအဖစစ်အုပ်စုကို တရားစွဲခြင်း
ဂါမဏိ / ၀၃ ဇွန် ၂၀၁၀ နအဖစစ်အုပ်စုကို တရားစွဲခြင်း
နအဖစစ်အုပ်စုကို တရားစွဲ အရေးယူဖို့နဲ့ပတ်သက်ပြီး သဘောတရားအရ ကြည့်ရင်တော့ အဓိကနည်းလမ်း (၆) မျိုး ရှိနေပါတယ်။ အဲဒါတွေကတော့ …
(၁) နိုင်ငံတကာတရားရုံး ICJ ကနေ မလိုက်နာလို့မရတဲ့ စီရင်ချက်ချစေခြင်း၊
(၂) နိုင်ငံတကာတရားရုံး ICJ ကနေ သဘောထားအကြံပြုချက် ချစေခြင်း၊
(၃) နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကနေ စီရင်ချက်ချစေခြင်း၊
(၄) အရေးပေါ် သီးသန့်ခုံရုံးတည်ထောင်ပြီး မလိုက်နာလို့မရတဲ့ စီရင်ချက်ချစေခြင်း၊
(၅) ပြည်ပနိုင်ငံတခုရဲ့တရားရုံးတခုကနေ စီရင်ချက်ချစေခြင်း၊
(၆) မြန်မာနိုင်ငံတွင်း တရားရုံးတခုကနေ စီရင်ချက်ချစေခြင်းတို့ဖြစ်ပါတယ်။
ပထမနည်းလမ်း (၅) ခုက နိုင်ငံတကာတရားရေးလမ်းကြောင်းတွေဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းတခု သို့မဟုတ် တခြားနိုင်ငံတနိုင်ငံကနေ အစချီရမယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။ နောက်ဆုံးနည်းလမ်းကတော့ ကိုယ့်ပြည်တွင်း တရားရုံးတွေမှာပဲ ကိုယ့်အစိုးရကို နိုင်ငံတကာသဘောတူညီချက်ဖောက်ဖျက်မှု သို့မဟုတ် နိုင်ငံ့ဥပဒေချိုးဖောက်မှုနဲ့ တရားပြန်စွဲဖို့ဖြစ်ပြီး အလားအလာမရှိဆုံး နည်းလမ်းလည်းဖြစ်ပါတယ်။
၁။ နိုင်ငံတကာတရားရုံး ICJ ဟာ ကုလသမဂ္ဂရဲ့ အဓိကတရားရေးအဖွဲ့ဖြစ်ပြီး နိုင်ငံတွေအကြား တရားရေးဆိုင်ရာ အငြင်းအခုံတွေကို နိုင်ငံတကာဥပဒေနဲ့အညီ ဖြေရှင်းဆုံးဖြတ်ပေးရပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂအဖွဲ့အစည်းတွေ ဌာနတွေက မေးမြန်းတင်ပြလာတဲ့ ဥပဒေရေးရာပြဿနာတွေအပေါ်မှာလည်း သဘောထားအကြံပြုချက် ပေးရပါတယ်။
နိုင်ငံတကာ့တရားရုံးမှာ တရားဆိုင်ရင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ ICJ ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေကို လက်မှတ်ထိုးထားတဲ့ ကုလအဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေပဲ တရားပြိုင်ခွင့်ရှိပါတယ်။ ဒါ့အပြင် တရားပြိုင်နှစ်နိုင်ငံစလုံးက တရားရုံးဆုံးဖြတ်ချက်ကို လက်ခံမယ်လို့ သဘောတူဖို့လိုပါတယ်။ ဒါမှမဟုတ် ဖောက်ဖျက်တယ်လို့ စွပ်စွဲထားတဲ့ နိုင်ငံတကာစာချုပ်ထဲမှာ ICJ အဆုံးအဖြတ်ကို ခံယူရမယ်လို့ ပြဋ္ဌာန်းထားတဲ့ အခြေအနေရှိဖို့လိုပါတယ်။
တရားပြိုင်နှစ်ဘက်က ICJ မှာ စာနဲ့ရော နှုတ်နဲ့ရော လျှောက်လဲချက်ပေး စစ်ဆေးခံပြီးရင် တရားရုံးက စီရင်ချက်ချပါတယ်။ စီရင်ချက်ဟာ အပြီးအပြတ်ဖြစ်ပါတယ် (အထက်ဆင့်ကို အယူခံစရာမရှိပါ)။ နှစ်ဘက်စလုံး မဖြစ်မနေ လိုက်နာကျင့်သုံးရပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်ကတည်းက ICJ ဆုံးဖြတ်ချက်ကို လိုက်နာပါ့မယ်လို့ ကတိပြု လက်မှတ်ထိုးထားတာဖြစ်တဲ့အတွက် တရားရုံးအဆုံးအဖြတ်ကို မလိုက်နာဘဲနေတာ အင်မတန်ရှားပါတယ်။ တရားပြိုင်နှစ်ဘက်မှာ တဘက်က တရားရုံးကို လာဖို့ပျက်ကွက်ရင်လည်း အမှုကို ဆက်စစ်နိုင်ပါတယ်။ တရားရုံးပြင်ပမှာ နှစ်ဘက်ညှိနှိုင်းပြီး ကြေအေးလို့လည်းရပါတယ်။ တရားရုံးဆုံးဖြတ်ချက်ကို မလိုက်နာရင်တော့ လုံခြုံရေးကောင်စီက တရားရုံးစီရင်ချက်အတိုင်းဖြစ်အောင် ကိုင်တွယ်အရေးယူခွင့်ရှိပါတယ်။
အဓမ္မလုပ်အားပေးကိစ္စ၊ ကလေးစစ်သားကိစ္စ၊ လယ်ယာမြေသိမ်းယူမှုကိစ္စတွေကြောင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ သဘောတူစာချုပ်တွေ ဖောက်ဖျက်မှုနဲ့ ILO အဖွဲ့ဝင်လည်းဖြစ် ကုလသမဂ္ဂ အဖွဲ့ဝင်လည်းဖြစ်တဲ့ တခြားနိုင်ငံတခုက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲနိုင်ပါတယ်။ တရားရုံးကတော့ မြန်မာပြည်မှာ အဓမ္မလုပ်အားပေးရပ်စဲဖို့၊ ကလေးစစ်သားရပ်စဲဖို့တွေ အမိန့်ပေးဆုံးဖြတ်ပါလိမ့်မယ်။
ဒါမှမဟုတ် တိုင်းရင်းသားနယ်မြေတွေမှာ ဥပဒေမဲ့ သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ ရွာမီးရှို့မှု၊ အဓမ္မအိုးအိမ်မဲ့စေမှုတွေနဲ့ ဒီပဲယင်းလုပ်ကြံမှု၊ ရွှေဝါရောင်ယုတ်မာမှုတွေကြောင့် နိုင်ငံတကာလူသားချင်းစာနာရေးဥပဒေ၊ စစ်ပွဲဆိုင်ရာ ဂျီနီဗာစာချုပ်တွေ ဖောက်ဖျက်မှုနဲ့ ဒီစာချုပ်တွေ လက်မှတ်ထိုးထားတဲ့ ကုလသမဂ္ဂအဖွဲ့ဝင် တခြားနိုင်ငံတခုက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲနိုင်ပါတယ်။ ICJ ဟာ လူပုဂ္ဂိုလ်တွေကို အရေးယူတာတော့မရှိဘဲ ဖောက်ဖျက်မှုတွေ ရပ်တန့်ဖို့ အမိန့်ချနိုင်ပါတယ်။ ဒါကိုလိုက်နာဖို့ လုံခြုံရေးကောင်စီက ကြပ်မတ်ရမှာဖြစ်ပါတယ် (ဒါပေမယ့် လုံခြုံရေးကောင်စီထဲမှာ တရုတ်က ဗီတိုသုံး ကန့်ကွက်ရင် ICJ စီရင်ချက် အလကားဖြစ်သွားနိုင်ပါတယ်၊ တဘက်ကကြည့်ရင်တော့ ICJ စီရင်ချက်ကို ဗီတိုသုံးတဲ့နိုင်ငံဟာ ကမ္ဘာမှာ အင်မတန်သိက္ခာကျသွားမှာလည်း ဖြစ်ပါတယ်)။
အဓိကအားနည်းချက်နောက်တခုကတော့ ICJ မှာ အမှုဆိုင်တာ အနည်းဆုံး (၂) နှစ်ကြာနိုင်တဲ့အတွက် တရားစွဲပေးတဲ့ နိုင်ငံက အဲသလောက် ဇွဲရှိရှိ စိတ်ဓာတ်ရှိရှိနဲ့ အချိန်ကုန် ငွေကုန်ခံလုပ်ပါ့မလား စဉ်းစားစရာပါပဲ။
၂။ ဒုတိယနည်းလမ်းဖြစ်တဲ့ ICJ ကနေ သဘောထားအကြံပြုချက် ချစေတာကိုတော့ ကုလသမဂ္ဂ ပင်မအဆောက်အအုံငါးခုနဲ့ (ILO အပါအဝင်) လက်အောက်ခံ အေဂျင်စီ (၁၆) ခုကပဲ တောင်းဆိုခွင့်ရှိပါတယ်။ အထွေထွေညီလာခံနဲ့ လုံခြုံရေး ကောင်စီတို့က “မည်သည့်ဥပဒေရေးရာပြဿနာကိုမဆို” အကြံဉာဏ်တောင်းခံနိုင်ပြီး အထူးပြု အေဂျင်စီတွေကတော့ မိမိလုပ်ငန်းအဝန်းအဝိုင်းနဲ့ဆိုင်တဲ့ ဥပဒေရေးရာပြဿနာကိုပဲ အကြံဉာဏ်တောင်းခံခွင့် ရှိပါတယ်။ အကြံဉာဏ်လို့ဆိုတဲ့အတိုင်း မလိုက်နာမဖြစ် binding မဟုတ်ပါဘူး။ လိုက်လုပ်ချင်လုပ် မလုပ်ချင်လည်း နေလို့ရပါတယ်။ ICJ ရဲ့ သဘောထား အကြံပြုချက်ဟာ ဥပဒေကြောင်းအရ အင်မတန်သြဇာကြီးတဲ့အတွက် မလိုက်နာတဲ့နိုင်ငံဟာ နိုင်ငံတကာ တာဝန်ဝတ္တရားတွေကို ချိုးဖောက်နေကြောင်း ကမ္ဘာမှာ ပွင့်ကျသွားမှာဖြစ်ပြီး တခြားနိုင်ငံတွေက အဲဒီနိုင်ငံအပေါ် ပိုပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လာနိုင်ပါတယ်။ ဒါပေမယ့် မြန်မာပြည်ကိစ္စမှာတော့ တရုတ်နဲ့ ထိုင်းက ဒဏ်ခတ်ပိတ်ဆို့မှု မလုပ်ရင် သိပ်အကျိုးမထူးနိုင်ပါ။ မြန်မာပြည်က အဓမ္မလုပ်အားပေးကိစ္စနဲ့ပတ်သက်ပြီး ILO က ICJ ဆီက သဘောထားအကြံပြုချက် တောင်းနိုင်သလို လူသားချင်းစာနာရေးကိစ္စ၊ လူမျိုးသန့်စင်ရေးကိစ္စတွေနဲ့ပတ်သက်ပြီး အထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီ၊ ယူနက်စကို၊ WHO ၊ ILO ၊ FAO တို့က သဘောထားအကြံပြုချက် တောင်းနိုင်ပါတယ် (ယူနီဆက်ဖ်၊ လူ့အခွင့်အရေးကောင်စီ၊ ဒုက္ခသည်မဟာမင်းကြီးရုံး UNHCR ၊ UNDP ၊ UNODC မူးယစ်ဆေးရုံး၊ ICRC တို့မပါ)။ ဒီလိုမတောင်းခံခင် ကိုယ့်အဖွဲ့အစည်းထဲမှာ အများသဘောတူဆုံးဖြတ်ချက် အရင်ချဖို့လိုပါတယ်။ ILO ကတော့ ဒီနည်းလမ်းကို တော်တော်လေး လေ့လာဆန်းစစ်ထားပါတယ်။
၃။ တတိယနည်းလမ်းဖြစ်တဲ့ နိုင်ငံတကာရာဇဝတ်တရားရုံး ICC ဟာ ကုလသမဂ္ဂနဲ့မဆိုင်တဲ့ လွတ်လပ်တဲ့ ခုံရုံးဖြစ်ပါတယ်။ ဒီတရားရုံးက နိုင်ငံတွေကို အမှုစစ်တာမဟုတ်ဘဲ ၂၀၀၂ ခု ဇူလိုင် (၁) ရက်နေ့ နောက်ပိုင်းမှာဖြစ်တဲ့ ကျူးကျော်စစ်ပြုမှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသုတ်သင်မှုနဲ့ လူသားမျိုးနွယ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုကျူးလွန်သူ လူပုဂ္ဂိုလ်တွေကို အမှုစစ်တာ ဖြစ်ပါတယ်။ ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် အပြောအတိုင်းဆိုရင် ဘယ်အာဏာရှင်၊ ဘယ်စစ်အုပ်စု၊ ဘယ်စစ်တပ်မှ လူ့အခွင့်အရေးတွေကို အဟန့်အတားမရှိ ချိုးဖောက်နေတာမျိုး မဖြစ်နိုင်အောင် ICC ကို ထူထောင်ထားတာ ဖြစ်ပါတယ်။ ICC ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းဖြစ်တဲ့ ရောမစာချုပ်မှာ ICC ကိုင်တွယ်နိုင်တဲ့ ပြစ်မှုတွေကို တိတိကျကျ ဖွင့်ဆိုထားပါတယ်။
ICC ရဲ့ အကြီးဆုံးပြဿနာက အမေရိကန်ပြည်ထောင်စုက လက်မှတ်မထိုးထားတာဘဲ ဖြစ်ပါတယ်။ နောက်ပြဿနာကြီးတခုကတော့ မြန်မာနိုင်ငံကလည်း လက်မှတ်မထိုးတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတရားရုံးဟာ မြန်မာပြည်အပေါ် တရားစီရင်နိုင်ခွင့်မရှိ ဖြစ်နေပါတယ်။ ဒါပေမယ့် ICC အဖွဲ့ဝင်နိုင်ငံတခုခုကဖြစ်စေ၊ ICC ရှေ့နေကြီးကဖြစ်စေ၊ ကုလလုံခြုံရေးကောင်စီကဖြစ်စေ၊ မြန်မာပြည်အရေးဟာ ငြိမ်းချမ်းရေးကို ချိုးဖောက်နေတယ် သို့မဟုတ် ခြိမ်းခြောက်နေတယ်လို့ ဆုံးဖြတ်ပြီး ICC က ကိုင်တွယ်ဆုံးဖြတ်ဖို့ ‘ညွှန်း’ ပေးနိုင်ပါတယ်။ အဲသလိုဆိုရင်တော့ ICC ဟာ ရောမစာချုပ် လက်မှတ်မထိုးထားတဲ့ နိုင်ငံကိုလည်း တရားစစ်ဆေးစီရင်နိုင်ပါတယ်။ ဒါပေမယ့် ICC ဟာ ကုလသမဂ္ဂ လက်အောက်ခံ မဟုတ်တဲ့အတွက် လုံခြုံရေးကောင်စီကညွှန်းတိုင်း တရားစွဲအမှုစစ်ဖို့ တာဝန်ရှိတာတော့ မဟုတ်ပါဘူး။
လုံခြုံရေးကောင်စီဟာ နိုင်ငံတခုက တာဝန်ရှိသူတွေကို ICC ကိုတင် တရားစွဲဖို့အတွက် စုံစမ်းရေးကော်မရှင်တခု တည်ထောင်ပြီး အဲဒီလူတွေဟာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေကြောင်း အခိုင်အမာ သက်သေထူပြရပါတယ်။ အဲသလို သက်သေထူပြပြီးမှ ICC ကို လွှဲလို့ရပါတယ်။ ဒါကြောင့် စုံစမ်းရေးကော်မရှင်ဖွဲ့မဖွဲ့ လုံခြုံရေးကောင်စီတွင်းမှာ ဗီတိုနဲ့ မကန့်ကွက်ဘဲ ဆုံးဖြတ်ချက်ချနိုင်ဖို့ လိုပါတယ်။ (လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ပြီး အတွင်းရေးမှူးချုပ်က ကော်မရှင်ကို ဖွဲ့စည်းပေးရတာဖြစ်ပါတယ်။) ဆူဒန်ကိစ္စမှာ ကော်မရှင်သက်တမ်းကို (၃) လ သတ်မှတ်ခဲ့ပါတယ်။
ရောမစာချုပ်ကို လက်မှတ်ထိုးမထားတဲ့ ဆူဒန်နိုင်ငံရဲ့သမ္မတ ဘာရှီယာကို တရားစွဲတဲ့ကိစ္စမှာ လုံခြုံရေးကောင်စီရဲ့ စုံစမ်းရေးကော်မရှင်က ညွှန်းပေးလိုက်တာကို ICC က လက်ခံစစ်ဆေးပြီး တရားစွဲခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ICC ရဲ့ ဆုံးဖြတ်ချက်ကို ဆူဒန်က ပြောင်ပြောင်တင်းတင်း အာခံနေတဲ့အတွက် ဆူဒန်သမ္မတ ဘာရှီယာကို ICC အနေနဲ့ တရားစွဲ ဖမ်းဝရမ်းထုတ်တဲ့ အဆင့်ပဲရှိနေသေးပြီး ဘာရှီယာက စွဲချက်ကို လက်မခံဘဲ အတိအလင်း အာခံနေတာကတကြောင်း၊ သူသွားလည်တဲ့ တခြားနိုင်ငံတွေက ဖမ်းမပေးတာကတကြောင်းကြောင့် တရားရုံးတင် အမှုစစ်တဲ့အဆင့် မရောက်နိုင်သေးပါဘူး။ လုံခြုံရေးကောင်စီကလည်း ဘာရှီယာ တရားရုံးရောက်အောင် မကိုင်ပေးပါဘူး။
ICC ကို မညွှန်းခင် စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ လုံခြုံရေးကောင်စီထဲ ဆုံးဖြတ်ရာမှာ တရုတ်ရဲ့ဗီတို ကြုံနိုင်သလို (ဆူဒန်ကိစ္စမှာ တရုတ်နဲ့ ရုရှက ကန့်ကွက်မဲ မပေးဘဲ ကြားနေမဲပေးလို့ စုံစမ်းရေးကော်မရှင် ဖွဲ့နိုင်ခဲ့ပါတယ်) ICC က တရားစွဲဖို့ ဆုံးဖြတ်ပြီးနောက်မှာလည်း တကယ်တရားရုံးရောက်အောင် အကြပ်ကိုင်ရာမှာ တရုတ်ဗီတိုနဲ့ တွေ့နိုင်ပါသေးတယ်။ ဒါ့အပြင် အမေရိကန်ကိုယ်တိုင်က ICC အဖွဲ့ဝင်မဟုတ်၊ ICC ကို မထောက်ခံတဲ့အပြင် ဆူဒန်ကိစ္စ တစ်လစ်ကြီးဖြစ်နေတာ တွေ့ထားတဲ့အတွက် ICC မှာတင်ဖို့ သိပ်စိတ်ပါမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ဆူဒန်လိုအမှုမျိုး နောက်ထပ်ညွှန်းဖို့ အလားအလာ နည်းနေပါတယ်။ ဒါ့အပြင် ICC မှာ အမှုတင်တာ နှစ်နဲ့ချီ ကြာနိုင်ပါတယ်။ ဥပမာ - ကွန်ဂိုအမှုဆိုရင် ၂၀၀၄ မှာ စလက်ခံခဲ့ပေမယ့် အခုထိမပြတ်သေးပါ။
၎။ စတုတ္ထနည်းလမ်းဖြစ်တဲ့ အရေးပေါ်သီးသန့်ခုံရုံး ad-hoc tribunal သို့မဟုတ် အထူးတရားရုံး special court ဖွင့် စစ်ဆေးစီရင်တာကို ICC မပေါ်ခင်က ရဝမ်ဒါ၊ ယူဂိုဆလားဗီးယား (ဆားဘီးယား)၊ ချတ်ဒ်၊ ဆီယာရာလီယွန်း၊ လိုင်ဘေးရီးယား၊ အရှေ့တီမောနိုင်ငံတို့က စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်ဆန့်ကျင်ရေးပြစ်မှုတွေအတွက် ကျင့်သုံးခဲ့ပါတယ်။ ICC တည်ထောင်ပြီးနောက်ပိုင်းတော့ အရေးပေါ်သီးသန့်ခုံရုံးဖွဲ့စစ်တာ မရှိတော့သလောက် ဖြစ်သွားပါပြီ။ မပြတ်သေးတဲ့အမှုတွေကို ဆက်စစ်နေတာပဲရှိပါတယ်။
သီးသန့်ခုံရုံးဖွင့် စစ်ဆေးဆုံးဖြတ်တာကို ILO ကနေ အလုပ်သမားအခွင့်အရေးဘက်က လုပ်နိုင်သလို ကုလလုံခြုံရေးကောင်စီကနေ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်ဆန့်ကျင်ရေး ပြစ်မှုဘက်တွေကလည်း လုပ်နိုင်ပါတယ်။ ပြဿနာတခုက ဒီလိုသီးသန့်ခုံရုံးဖွင့်ဖို့ အချိန်အကြာကြီးယူရတာဖြစ်ပါတယ်။ စရိတ်စကလည်းကြီးတဲ့အတွက် ကုလအဖွဲ့ဝင်နိုင်ငံတွေက ထည့်ဝင်ထောက်ပံ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ငွေအကုန်မခံနိုင်လို့၊ အကုန်မခံချင်လို့ အထူးခုံရုံးဖွင့်ဖို့ သဘောမတူတာလည်း ရှိလာနိုင်ပါတယ်။
ဒီခုံရုံးတွေဟာ လူပုဂ္ဂိုလ်တွေအပေါ် စီရင်ဆုံးဖြတ်နိုင်ပြီး စီရင်ချက်က မလိုက်နာမနေရ binding ဖြစ်ပါတယ်။ စကတည်းက လုံခြုံရေးကောင်စီသဘောတူညီချက်နဲ့ ထူထောင်တာဖြစ်လို့ စီရင်ချက်ကို အကောင်အထည်ဖော်ဖို့ လုံခြုံရေးကောင်စီက အရေးယူဒဏ်ခတ်ပိတ်ဆို့တာတွေ လုပ်နိုင်ပါတယ်။ ဒါကြောင့် လုံခြုံရေးကောင်စီမှာ ဗီတိုနဲ့တိုးရင် ဒီလိုသီးသန့်ခုံရုံး ပေါ်မလာနိုင်ပါဘူး။ (ILO ခုံရုံးကတော့ လုံခြုံရေးကောင်စီကို ဖြတ်စရာမလိုပါ။)
၅။ ပဉ္စမနည်းလမ်းဖြစ်တဲ့ နိုင်ငံခြားတိုင်းပြည်တခုခုက တရားရုံးမှာ တရားစွဲတာကို အဲဒီနိုင်ငံရဲ့ အမျိုးသားဥပဒေအရရော နိုင်ငံတကာဥပဒေအခြေခံမူတွေအရပါ လုပ်နိုင်ပါတယ်။ ဒါကို ပင်လယ်ဓားပြမှုတွေမှာ ကျင့်သုံးနေပြီဖြစ်သလို စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်ဆန့်ကျင်ရေးပြစ်မှုတွေနဲ့ ပတ်သက်လို့လည်း အသုံးများလာပြီဖြစ်ပါတယ်။ ချီလီအာဏာရှင်ဟောင်း ပီနိုရှေးကို ဒီနည်းနဲ့ ကိုင်ခဲ့ကြပါတယ်။ ဒီနည်းလမ်းရဲ့ အားနည်းချက်ကတော့ သက်ဆိုင်ရာ အာဏာရှင်ဟာ အဲဒီပြည်ပနိုင်ငံကို ရောက်နေဖို့လိုပြီး အဲသလိုရောက်မနေဘဲ တရားစွဲရင် ဘာမှအကျိုးမထူးပါဘူး။ ဒါ့ပြင် အချုပ်အခြာအာဏာပြဿနာတွေ၊ တရားစွဲခံရတဲ့နိုင်ငံက တရားစွဲတဲ့နိုင်ငံကို လက်စားချေတာတွေလည်း ဖြစ်လာနိုင်လို့ နိုင်ငံတွေက သိပ်မလုပ်စေချင်ကြပါဘူး။ နအဖခေါင်းဆောင်ကို တရားစွဲဖို့ကတော့ အိန္ဒိယနိုင်ငံ လာလည်တုန်း အိန္ဒိယတရားရုံးမှာ တရားစွဲတာ၊ ကုလသမဂ္ဂ အစည်းအဝေးလာတက်တုန်း အမေရိကန်တရားရုံးမှာ တရားစွဲတာ လုပ်နိုင်စရာအကြောင်းရှိပါတယ်။ ဒါပေမယ့် တဘက်မှာ သံတမန်ကင်းလွတ်ခွင့်တွေ ပေးထားတဲ့ ထုံးစံကလည်းရှိနေတော့ လက်တွေ့တရားစွဲနိုင်ဖို့ မလွယ်လှပါဘူး။ အဓိကအားဖြင့် မိမိပြည်တွင်းမှာ လွတ်ငြိမ်းချမ်းသာခွင့်ရအောင် လုပ်ထားတဲ့ အာဏာရှင်‘ဟောင်း’တွေကို အပြစ်ပေးဖို့တော့ ဒီနည်းလမ်းက အင်မတန် သင့်တော်လှပါတယ်။
၆။ နောက်ဆုံးနည်းလမ်းဖြစ်တဲ့ ပြည်တွင်းတရားရုံးမှာ တရားစွဲစစ်ဆေးဖို့ကတော့ ဒေသန္တရအာဏာပိုင်အဆင့်မှာ မစုစုနွေး အမှုနိုင်သွားတာ ရှိဖူးပေမယ့် လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နအဖထိပ်သီးတွေကို တရားစွဲဖို့ ကြိုးပမ်းချက်တွေ ကြည့်ရင်တော့ ဖြစ်နိုင်ခြေ အင်မတန်နည်းနေပါတယ်။
ဒီကနေ့ မြန်မာပြည်က အာဏာရှင်တွေကို ဥပဒေကြောင်းအရ အရေးယူဖို့ လုပ်ကြရာမှာ တချို့က (အလုပ်သမားအခွင့်အရေး၊ အဓမ္မလုပ်အားပေး၊ ILO တို့နဲ့ ဆက်စပ်ပြီး) ICJ က သဘောထားအကြံပြုချက်ချတာကို လိုလားနေကြသလို တချို့ကတော့ (စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်ဆန့်ကျင်ရေးပြစ်မှု၊ လူမျိုးတုံးသုတ်သင်မှုတို့အပေါ်) လုံခြုံရေးကောင်စီက ICC ကို ညွှန်းဖို့ စုံစမ်းရေးကော်မရှင်ဖွဲ့တာကို လိုလားနေကြပါတယ် (ဆူဒန်ဥပမာအရ တရားစွဲတဲ့အဆင့်ပဲရနိုင်ပြီး အမှုစစ် စီရင်ချက်ချတဲ့ အဆင့် မဖြစ်နိုင်ပါ)။ ဖြစ်နိုင်ချေ မဖြစ်နိုင်ချေ အားကောင်းချက် အားနည်းချက်တွေကတော့ အထက်မှာဖော်ပြထားတဲ့ အတိုင်းပါပဲ။ နှစ်မျိုးစလုံးကတော့ အဓိကအားဖြင့် ပြည်တွင်း၊ တပ်တွင်းနဲ့ နိုင်ငံတကာမှာ နအဖ ဂုဏ်သိက္ခာ အကြီးအကျယ် ကျဆင်းသွားစေနိုင်ပါတယ်။ ငပွကြီးတရုတ်ရှိနေသရွေ့ ဒီ့ထက်ပိုမမျှော်လင့်နိုင်ပါ။ စိတ်ကူးယဉ်အလွဲတွေ၊ မျှော်လင့်ချက်အမှားတွေ မရှိဖို့လိုပါတယ်။ ဒါပေမယ့် နအဖ ဂုဏ်သိက္ခာ အကြီးအကျယ်ကျသွားရင်တော့ ၁၉၈၇ ခုတုန်းက အဆင်းရဲဆုံးနိုင်ငံအဆင့် LDC ဖြစ်သွားခဲ့လို့ (ရှစ်လေးလုံးအထိ) ဂယက်ရိုက်ခဲ့သလိုမျိုး ထပ်ဖြစ်ရင်လည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့် မြန်မာပြည်က နအဖစစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူသားမျိုးနွယ်ဆန့်ကျင်ရေးပြစ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးသန့်စင်ရေး လူမျိုးဖြုတ်ရေးပြစ်မှုတွေ အဆုံးသတ်ပြီး စစ်အာဏာရှင်တွေကို တကယ်တမ်း အပြစ်ပေးနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ အတ္ထာဟိ အတ္ထနော နာထော မိမိကိုယ်သာအားကိုးပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့သာ ရှိပါတော့တယ်။ ။
ရည်ညွှန်း ။ ။ Sarah Vuylsteke ပြုစုတဲ့ “မြန်မာနိုင်ငံမှ အဓမ္မလုပ်အားပေးပြဿနာကို ကိုင်တွယ်ရန် တရားရေးနည်းလမ်းများ”
http://www.khitpyaing.org/
အန္တရာယ်ကြားက သတင်းသမားများ
အန္တရာယ်ကြားက သတင်းသမားများ
အင်တာနက် ဆိုင်၏ အနေအထားကို အရင်ကြည့်ပြီးမှ သူ ဆိုင်ထဲသို့ဝင်သည်။ ဆိုင်က လူသိပ်ရှင်းနေလား၊ သူ့ကို သတိထား မိမလား၊ သူ့ကို ဂရုစိုက် ကြည့်နေသူတွေ ရှိမလားဆိုတာ လေ့လာရသည်။ ဆိုင်မှာ သူထိုင်မယ့်နေရာက လူအသွားအလာလုပ်ဖို့ မလွယ်တဲ့နေရာ ဖြစ်ဖို့တော့လိုသည်။အားလုံး သတိ အနေ အထား ဖြစ်ပြီဆိုမှ အိမ်က အဆင်သင့် ရိုက်ယူ လာသော ဖိုင်ကို ဂျီမေးလ်က တဆင့် ပို့ဖို့ ပြင်ဆင် ရသည်။ ပို့နေသည့် အချိန် တွင်လည်း မျက်စိဖွင့်၊ နားစွင့် ထားရသည်။ သူ့သတင်း လျှောလျှော ရှူရှူ ပို့ပြီးပြီ ဆိုမှ သက်ပြင်း ချနိုင်သည်။ ပြီးတာနှင့် ချက်ချင်း ခြေရာ၊ လက်ရာ ဖျောက်ကာ ထိုဆိုင်မှ အမြန် ပြန်ထွက် သွားဖို့တော့ လိုအပ်သည်။
ပြည်ပ သတင်း ဌာနများကို သတင်း ပေးပို့နေသည့် သတင်း ထောက်များ အတွက် အဓိက စိန်ခေါ်မှုက လုံခြုံရေး ဖြစ်သည်ဟု သော်ညိမ်းက ပြောပြသည်။ သူက ပြည်ပ အခြေစိုက် ဧရာဝတီ မဂ္ဂဇင်း အတွက် ပုံမှန် သတင်း ရေးသား ပေးပို့ နေသူ ဖြစ်သည်။
“တကယ်အရေးကြီးတဲ့ သတင်းတွေကို ကြုံတဲ့ဆိုင်က ချက်ချင်း အရေးပေါ်ပို့ရမယ်ဆိုရင်တော့ ဆိုင်ကို အကဲခပ်ရတာပေါ့။ ဂိမ်း ဆိုင်တွေဆိုရင်တော့ ပိုကောင်းတယ်။ လူ သိပ်ရှင်းနေရင်တော့ သတိပိုထားရတယ်” ဟု သူက ဆိုသည်။
နာဂစ်ဆိုင်ကလုန်း တိုက်ခတ်ခဲ့သည့် ၂၀၀၈ ခုနှစ် မေလက ဗီဒီယိုသတင်းထောက် (VJ) အဖြစ် ဧရာဝတီတိုင်းအတွင်း လှည့်လည် ရိုက်ကူးကာ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သို့ သတင်းများ ပေးပို့နိုင်ခဲ့သည့် သတင်းထောက် ဇက် (Z) က သတင်း ယူခဲ့ရသည့် အချိန်တွင် အလွန်ထိတ်လန့်ခဲ့ရသည်ဟု ပြောသည်။
“အဲဒီကာလက မီဒီယာတွေကို လုံးဝပိတ်ပင်ထားတဲ့အချိန်၊ ဗီဒီယို ကင်မရာ မပြောနဲ့ ရိုးရိုးကင်မရာ ထုတ်ဖို့တောင် တော်တော် ခက်တဲ့အချိန်ပါ” ဟု သူက ဆိုသည်။
ဗြိတိန်နိုင်ငံ အခြေစိုက် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) က မြန်မာမီဒီယာ သမားများကို “ခြိမ်းခြောက်မှုအောက်မှ စာနယ်ဇင်း” ဆိုသည့် ဂုဏ်ပြုဆု တဆု ယမန်နေ့က ချီးမြှင့်လိုက်သည်။ အဆိုပါ ဂုဏ်ပြုဆု ချီးမြှင့်ပွဲသို့ ဗြိတိန်နိုင်ငံရှိ အထင်ကရ သတင်းစာများ၊ အောင်မြင်ကျော်ကြားသူများ တက်ရောက်ကြောင်း သိရသည်။
ယခင်က အဆိုပါဆုကို တဦးချင်းစီအား ချီးမြှင့်ခြင်း ဖြစ်သော်လည်း ယခုနှစ်တွင် မြန်မာနိုင်ငံတွင်းရှိ လွတ်လပ်သော သတင်းသမား တိုင်းကို ချီးမြှင့်သည်ဟု AI အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
“မြန်မာသတင်းထောက်တွေက အလုပ်လုပ်ရတာ အရမ်းကိုခက်ခဲပါတယ်။ တခါတလေမှာ အန္တရာယ်ကြားက သတင်းယူရတာပါ။ စွန့်စားရတဲ့ သူတို့ဟာ တခါတလေ အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မှုတွေ၊ ဖမ်းဆီးအရေးယူမှုတွေ၊ ဖိနှိပ်ချုပ်ချယ်မှုတွေ ခံစား ကြရပါတယ်” ဟု ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ကာလက အခက်အခဲကြားမှ ဗီဒီယို ရိုက်ကူးကာ DVB သို့ သတင်းပေးပို့ခဲ့သည့် မြန်မာ သတင်းသမားများ အကြောင်း ရိုက်ကူးထားသော Burma VJ သတင်းရုပ်ရှင်မှာ ယခုနှစ် ဟောလိဝုဒ် အော်စကာ ဆုပေးပွဲတွင် ဆန်ခါတင် ၅ ကား စာရင်းဝင်ခဲ့သည်။
အတွေ့အကြုံများလာသည်နှင့်အမျှ အန္တရာယ်ကို မည်သို့ ရှောင်ရှားသင့်ကြောင်း ပိုမို နားလည်လာသည်ဟု ဧရာဝတီသို့ သတင်း ပေးပို့နေသည့် ခိုင်သွယ်က ရှင်းပြသည်။
“ဧရာဝတီမှာ သတင်းပါလာလို့ ကိုယ့်ရဲ့ သတင်းရင်းမြစ်က သိသွားရင် ပြန်မေးတာမျိုး ခံရတယ်။ အဲဒီလို အမေးခံရတာတွေ ရှိတော့ ကိုယ်က ဘယ်လို အကြောင်းပြမလဲ ဆိုတာ အမြဲစဉ်းစားထားရတယ်။ တခါတလေလည်း ကိုယ်မဟုတ်သလို ရူးချင်ယောင် ဆောင်တတ် ရတယ်” ဟု သူ့အတွေ့အကြုံကို ပြောပြသည်။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၊ ၂၀၀၈ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း စသည်ဖြင့် ကြီးမားသည့် အရေးအခင်းများ ဖြစ်ပွားခဲ့ပြီး နောက်တွင် ပြည်တွင်းအခြေစိုက် သတင်းထောက်များ ပိုမို ထားရှိလာနိုင်သော်လည်း ဗီဒီယို သတင်းသမားများမှာ ယခင်ထက် ပိုမို ခက်ခဲလာကြောင်း DVB ဒါရိုက်တာအဖွဲ့ဝင်တဦး ဖြစ်သူ ဦးအေးချမ်းနိုင်က ရှင်းပြသည်။
“ဘာမှ နိုင်ငံရေးနဲ့ မပတ်သက်တဲ့ ကိစ္စ၊ ဥပမာ - ဈေးထဲမှာဆိုပါစို့။ ဆန္ဒပြပွဲကြီးကို ရိုက်နေတာ မဟုတ်ဘူး။ သာမန် လှုပ်ရှား သွားလာနေတဲ့ ဟာတွေ ရိုက်တာတောင်မှ အန္တရာယ် တော်တော်ကြီးတယ်။ ကင်မရာ ထုတ်တာနဲ့ လာမေးတယ်၊ မင်း ဘာလုပ်တာလဲ၊ ဘယ်ကလဲ၊ ဘာအတွက် ရိုက်တာလဲ။ သတင်းစာရှင်းလင်းပွဲတွေ သွားရင်လည်း အဲဒီလို လာမေးတာတွေ ရှိတယ်။ သူတို့ဘက်က စောင့်ကြည့်တာလည်း ပိုများလာတယ်” ဟု သူက ဧရာဝတီမဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ပြောသည်။
ယခု လက်ရှိတွင် မင်္ဂလာဈေးမီးကြောင့် ဆိုင်ခန်းများ ပြောင်းရွှေ့နေရာချထားသည်ကို မည်သည့် ပုဂ္ဂလိက ဂျာနယ်များကိုမဆို သတင်းဓာတ်ပုံ ရိုက်ယူခွင့် မပြုတော့ကြောင်း ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ဆိုသည်။
“ဂျာနယ်တွေက မမှန်တဲ့သတင်းတွေ ရေးတယ်ဆိုပြီး ဘယ်သူ့ကိုမှ ရိုက်ခွင့်မပေးတော့ဘူး။ အစိုးရပိုင် MRTV တို့ MRTV4 တို့ MI တို့ကိုပဲ ရိုက်ခွင့်ပေးတော့တယ်” ဟု သူက ပြောသည်။
သော်ညိမ်း၏ ပြောပြချက်အရ ရန်ကုန်မြို့တော်စည်ပင်နှင့် ဆိုင်သည့် သတင်းတပုဒ် ဧရာဝတီ အင်တာနက် စာမျက်နှာတွင် တက်အပြီး စာနယ်ဇင်းသမားများကို မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ခေါ်၍ ဆူပူသည်ဟု သိရသည်။
“အဲဒီလိုကျတော့လည်း မသိချင်ယောင် ဆောင်နေကြရတာပေါ့။ မြို့တော်ဝန်က နောက်တခါဆိုရင် မလွယ်ဘူးလို့ ဆူတာ” ဟု သူကပြောပြသည်။
ယခုနှစ်သင်္ကြန်အကြတ်နေ့ ဗုံးပေါက်ကွဲသည့်နေရာတွင် ဗီဒီယို ကင်မရာရိုက်ကူးနေသည်ကို တွေ့ရသောကြောင့် လူငယ် တဦး အဖမ်းဆီးခံခဲ့ရသည်။ သူ့ဖခင်ဖြစ်သူကို ဖုန်းဆက် အကြောင်းကြားမိသောကြောင့် ဖခင်ဖြစ်သူကိုပါ ဖမ်းဆီးခဲ့ကြောင်း ကြားသိရသည်။
မြန်မာနိုင်ငံသည် သတင်းသမားများကို ဖမ်းဆီးထောင်ချသည့် နေရာ၌ ဖိနှိပ်ချုပ်ချယ်မှု အဆိုးဆုံး ၅ နိုင်ငံ စာရင်းထဲတွင် ပါဝင်နေကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် စာနယ်ဇင်းသမားများ အကာအကွယ်ပေးရေးအဖွဲ့(CPJ)က လွန်ခဲ့သည့် ဒီဇင်ဘာ လဆန်းပိုင်း၌ ထုတ်ပြန်ထားသည်။
သတင်းထောက်များကို ဖမ်းဆီး ထောင်ချသည့် အဆိုးဆုံးနိုင်ငံများသည်လည်း တရုတ်၊ အီရန်၊ ကျူးဘား၊ အီရီထရီးယားနှင့် မြန်မာနိုင်ငံ တို့ဖြစ်ကြောင်း သိရသည်။
၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၀၉ ဒီဇင်ဘာ ၁ ရက်နေ့ထိ တနှစ်တာ စာရင်းအရ ကမ္ဘာတ၀န်းရှိ သတင်းထောက်၊ သတင်း အယ်ဒီ တာ၊ ဓာတ်ပုံသတင်းထောက်နှင့် သတင်းမီဒီယာ လုပ်ငန်းလုပ်ကိုင်သူ စုစုပေါင်း ၁၃၆ ဦးတို့သည် ထောင်ဒဏ် အပြစ်ပေးခံထား ရကြောင်း CPJ အဖွဲ့က ဆိုသည်။
ထိုသို့ ဖမ်းဆီးထောင်ချ ခံထားရသူများထဲတွင် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအတွင်း ပြည်ပမီဒီယာများသို့ သတင်းပေးပို့သူများ၊ ၂၀၀၈ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းလွန်ကာလက သတင်းယူသူများပါဝင်သည်။
ဖမ်းဆီးခဲ့သည့် သတင်းသမားများကို စွဲချက်တင်ရာတွင် အီလက်ထရွန်နစ် ပုဒ်မ ဟူသည့် ပုဒ်မ တခု ပါဝင်ပြီး ယင်းပုဒ်မမှာ ထောင်ဒဏ် ၁၅ နှစ် ကျခံစေရမည်ဟု သတ်မှတ်ထားသည်။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအပြီး အဖမ်းအဆီး ခံရသည့် သတင်းသမားများထဲတွင် ဘလော့ဂါ နေဘုန်းလတ်လည်း ပါဝင်သည်။ ကိုနေဘုန်းလတ်ကို ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်အင်းစိန် ထောင်တွင်းရှိ အနောက်ပိုင်း ခရိုင် တရားရုံးက ဗီဒီယို အက်ဥပဒေ၊ အီလက်ထရွန်နစ် အက်ဥပဒေများဖြင့် စုစုပေါင်း ပြစ်ဒဏ် အနှစ်၂၀ နှင့် ၆ လ ချမှတ်ခဲ့သည်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီတွင် ရန်ကုန်တိုင်း တရားရုံးက ပုဒ်မ ၂ ခုအတွက် ထောင်ဒဏ် ၈ နှစ်နှင့် ၆ လ လျှော့ချပေးခဲ့သည်။
ထောင်ဒဏ် ၁၂ နှစ် ချခံထားရသော အသက် ၂၉ နှစ် အရွယ်ရှိ ကိုနေဘုန်းလတ် (ခေါ်) ကိုနေမျိုးကျော်ကို လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့် အတွက် ကြိုးပမ်းခဲ့ သောကြောင့်၂၀၁၀ ရွှေကလောင်ဆု (2010 PEN/Barbara Goldsmith Freedom to Write Award) ကို ပေးအပ်ခြင်း ခံရသည်။
မြန်မာပြည်တွင်းမှ စာနယ်ဇင်းသမားများသည် စာပေစိစစ်ရေး လက်အောက်တွင် အတတ်နိုင်ဆုံး ကြိုးစားကာ ပြည်သူလူထုကို သတင်း ပေးပို့နေကြရသည်။ မကြာသေးမီက မင်းသမီးထက်ထက်မိုးဦး သတင်းကို စာပေစိစစ်ရေးက ပိတ်ပင်သည့်ကြားမှ သတင်း ထုတ်ပြန်ခဲ့သောကြောင့် The Voice ဂျာနယ်နှင့် Fast Music ဂျာနယ် ၂ စောင်ကို တပတ်စီ ထုတ်ဝေခွင့်ပိတ်ပင်ခဲ့သည်။
စာနယ်ဇင်းလုပ်ငန်းသည် မြန်မာပြည်တွင် အလွန် အန္တရာယ်ရှိသော လုပ်ငန်းတခုဖြစ်ပြီး ကမ္ဘာပေါ်တွင် ဆင်ဆာ အဖြတ်ဆုံး နိုင်ငံ တခုဖြစ်ကြောင်း CPJ ၏ အစီ ရင်ခံစာက ဖော်ပြသော်လည်း VJ ဇက် က အမျိုးသားရေး စိတ်ဓာတ်တခုတည်း ကြောင့်သာ ယခုကဲ့သို့ အန္တရာယ်ကြားမှ စွန့်စား၍ သတင်းရယူသည့် အလုပ်ကို လုပ်နေခြင်း ဖြစ်ကြောင်း ပြောသည်။
“ပြည်သူလူထုကို၊ နိုင်ငံတကာကို သိစေချင်တယ် ဆိုတဲ့ စိတ်ဓာတ် တခုတည်းပဲ။ မြန်မာနိုင်ငံက သူများနိုင်ငံတွေထက် အစစ အရာရာ နောက်ကျကျန်ခဲ့တယ်။ အာဏာရှင် စနစ်ကို ပြုတ်ကျစေချင်တယ်။ အစိုးရကို ပုဂ္ဂိုလ်ရေးအရ မုန်းတီးတာမျိုး မရှိပေမယ့် လုပ်ရပ်ကို မကြိုက်တဲ့အတွက် မကြိုက်ကြောင်းကို ဖော်ပြချင်တယ်။ အဲဒါကြောင့်ပဲ ဒီအလုပ်ကို လုပ်ဖြစ်တာပါ” ဟု သူက ဆိုသည်။
http://www.irrawaddy.org/bur/
စစ်တွေ၌ ပြေးလမ်းချော်ခဲ့သည့် လေယာဉ်Cafe Flight ဖြစ်..
ခိုင်မင်း(နေပြည်တော်) May 26th, 2010 (၂၀၀၉) ခုနှစ်၊ ဇွန်လ (၆) ရက်နေ့က စစ်တွေမြို့ လေယဉ်ကွင်း၌ ပြေးလမ်းချော်ခဲ့သည့် မြန်မာ့ လေကြောင်းပိုင် လေယဉ် (XY-ADW) အား တွေ့မြင်ရစဉ် စစ်တွေ လေယာဉ်ကွင်းတွင် လမ်းချော် ခဲ့သဖြင့် ခရီးစဉ် ပျံသန်းခြင်းအား ရပ်ဆိုင်း လိုက်ရသည့် အဆိုပါ လေယာဉ်အား ယခုအခါ နေပြည်တော် ဟိုတယ်ဇုန်တွင် အသစ်ထပ်မံ တည်ဆောက် လျက်ရှိ သည့် (Sky Blue) ဟိုတယ်၌ မူလပုံ စံအတိုင်း ပုံစံမပျက် ထားရှိကြောင်း နှင့် အဆိုပါ လေယာဉ် အတွင်း၌ (Cafe Flight) အဖြစ် မြင်တွေ့ရ တော့မည် ဖြစ်ကြောင်း မန်းပြည်တံခွန် ကုမ္ပဏီမှ ပရိုဂျက် ဒါရိုက်တာ ဦး မိုးဇော်အောင်က မြန်မာပို့စ် ဂျာနယ်သို့ ရှင်းပြ သည်။ နေပြည်တော် ဟိုတယ်ဇုန်၌ မန်းပြည်တံခွန် ကုမ္ပဏီက အသစ် ထပ်မံ တည်ဆောက်လျက် ရှိသည့် Sky Blue ဟိုတယ်သည် လေးထပ် အဆောက်အအုံ ဖြစ်ပြီး မြေအကျယ် အ၀န်း ၁၅ဧက ပေါ်၌ တည် ဆောက်ထား၍ အိပ်ခန်း (၇၂) ခန်း၊ လူဦးရေ (၇၀) ဆံ့ အစည်းအဝေး ခန်းမတစ်ခု၊ စားသောက်ခန်းမ နှစ်ခု၊ နှစ်ခန်းတွဲ Villa (၁၀) လုံး၊ ရေကူးကန် နှင့် ကစားကွင်းများ ပါရှိမည် ဖြစ် သည်။ စစ်တွေ လေယာဉ်ကွင်း၌ ပြေးလမ်း ချော်ခဲ့သဖြင့် လေယာဉ် ပျံသန်းမှု ရပ်ဆိုင်း လိုက်ရသည့် အဆိုပါ လေယာဉ်အား နေပြည်တော် ဟိုတယ်ဇုန်သို့ ရောက်ရှိ လာပုံနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ “ဒီလေယာဉ် ကို လေလံတင်တုန်းက ဈေးနှုန်းက သိပ်ပြီး မရှိပါဘူး။ ဒါပေမဲ့ စစ်တွေ က ဒေသခံတွေနဲ့ တခြား သူတွေပါ ဒီလေယာဉ်ကို စိတ်ဝင်စား လာကြပြီး အပြိုင်အဆိုင် ဈေးပေးကြရင်းက နောက်ဆုံးတော့ ကျပ် သိန်း (၁၄၀) နဲ့ ကျွန်တော်တို့ လေလံ ရခဲ့တာပါ။ ဒီလေယာဉ်ကို ရတော့ နေပြည်တော်အထိ ဘယ်လို သယ်ရင် ကောင်းမလဲ ဆိုပြီး ၀ိုင်းပြီး စဉ်းစားတဲ့ အခါ ကျွန်တော်တို့ ကုမ္ပဏီမှာ ရှိနေတဲ့ အင်ဂျင်နီယာတွေက အပိုင်း လိုက်ဖြုတ်ပြီး ကားနဲ့ သယ်ဖို့ အကြံ ပြုကြတယ်။ အဲဒါနဲ့ လေယာဉ်ကို ကိုးပိုင်းပိုင်းပြီး ကားကိုးစီးနဲ့ ကုန်းလမ်းအတိုင်း သယ်ယူ ခဲ့ပါတယ်”ဟု ထပ်မံ ရှင်းပြသည်။ နေပြည်တော် ဟိုတယ်ဇုန်ရှိ (Sky Blue) ဟိုတယ်၌ (Cafe Flight) အဖြစ် မြင်တွေ့ ရတော့မည့် အဆိုပါ လေယာဉ် အတွင်း၌ လေးယောက် ၀ိုင်းဖွဲ့ စားသောက် နိုင်မည့် စားပွဲဝိုင်း (၁၀) လုံး နှင့် အတူ သီးသန့် ခန်းများ ပါရှိ မည် ဖြစ်ပြီး အဆိုပါ လေယာဉ်၏ ဘေးတစ်ဖက် တစ်ချက်၌ ပုံစံတူ အာရ်စီ ကွန်ကရစ် လေယာဉ် နှစ်စီးကိုပါ တည်ဆောက်လျက် ရှိပြီး ပြီးစီး သွားပါက အဆိုပါ လေယာဉ်များ အတွင်း၌ ဥရောပ၊ တရုတ်နှင့် ထိုင်း အစားအစာများ၊ မြန်မာ့ရိုးရာ အစားအစာများကို ရရှိနိုင်မည် ဖြစ်ကြောင်း၊ (Sky Blue) ဟိုတယ်အား (၂၀၁၁) ခုနှစ်၊ ဇွန်အတွင်း အပြီးသတ်တည် ဆောက်သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ လေယာဉ်ကို စစ်တွေ လေဆိပ် မှ နေပြည်တော်သို့ သယ်ယူ ရာ၌ အပိုင်းလိုက် ဖြုတ်ယူချိန် (၂၀) ရက် ခန့် ကြာခဲ့ပြီး နေပြည်တော် ၌ ပြန် လည် တပ်ဆင်ချိန် နှစ်လခန့် ကြာမြင့် ၍ သယ်ယူ စရိတ်မှာ လေလံရခဲ့သည့် စရိတ် ထက်ပင် ပို၍ များပြား ကြောင်း သိရသည်။ (၂၆-၀၅-၂၀၀၁၀) နေ့ထုတ် မြန်မာပို့စ် ဂျာနယ် မှ ကူးယူဖော်ပြသည်။ http://arakanreview.netစစ်တွေ၌ ပြေးလမ်းချော်ခဲ့သည့် လေယာဉ် နေပြည်တော် ဟိုတယ်ဇုန် Sky Blue ၌ Cafe Flight အဖြစ် မြင်တွေ့ ရမည်
The Prisoner of the State
Folks,
Do you hear gun fires at Tiananmen Square ?
It was mid-night of Jun 3,1989 !
Chinese Premier is now in Burma. What for ?
regional domination game ? no problems with Burmese dictator ?
but they called it is a PEACEFUL RISING.
Here, the prisoner of the State : the Secret Journal of Premier Zhao Ziyang.
Please see the attached file.
regards, Aung Moe Win
The
ဂျင်ဝက်မြောက်ကိုရီးယားနှင့် နျူကလီးယား ဆက်နွယ်မှုရှိသည်ဟူသော စွပ်စွဲချက်ဖြင့် မြန်မာခရီးစဉ်ဖျက်သိမ်း
ဇွန် ၃၊ ကြာသာပတေး ၊ ၂၀၁၀။
အမေရိကန် ဆီနိတ်တာနှင့် အာရှနှင့် ပဆိဖိတ်ရေးရာဆိုင်ရာ ဥက္ကဌ ဂျင်ဝက်က သူ၏တောင်ကိုရီးယား ခရီးစဉ် အပြီးတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ သွားရောက်ရန် ဖြစ်သော်လည်း မြန်မာခရီးစဉ်ကို ဖျက်သိမ်း၍ ထိုင်းနိုင်ငံသို့သာ သွားရောက်တော့မည်ဟု ယနေ့ နေ့စွဲဖြင့် ကြေငြာချက် တစောင် ထုတ်ပြန်ခဲ့ ပါသည်။
သူ၏ထုတ်ပြန်ကြေငြာချက်တွင် အသစ်တွေ့ရှိရသော အစီရင်ခံစာတရပ်အရ မြန်မာစစ် အစိုးရသည် မြောက်ကိုရီးယားနှင့် နျူကလီးယားလက်နက်များဆိုင်ရာ လုပ်ငန်းများတွင် ပူးတွဲဆောင်ရွက်မှုများကို တွေ့ရှိ ရသဖြင့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရသည်ဟု ထုတ်ပြန်ခဲ့ပါသည်။
မစ္စတာ ဂျင်ဝက်က သူ၏ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရခြင်းနှင့် ပါတ်သက်ပြီး မြန်မာနိုင်ငံသည် အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ်ကင်းဘဲလ်ကို မြန်မာစစ်အုပ်မှ ဂတိကဝတ် ပြုခဲ့သော်လည်း ကုလသမ္မဂ္ဂ၏ သဘောတူစာချုပ် အမှတ် ၁၈၇၄ ကို ဖေါက်ဖျက်နေသည်ဟု ယုံကြည်ရသောကြောင့် ဖျက်သိမ်းခဲ့ရခြင်း ဖြစ်သည်ဟု ဆိုပါသည်။
Jemweb Sattement
http://saffrontoward.blogspot.com
ပီတာညွှန့်မောင်နှင့်ဖိုးလပြည့်
ဒုဗိုလ်ချူပ်ကြီး မြတ်ဟိန်းရဲ့ ယောက်ဖ ဟာမိုနီဆားဗစ်ဆက်ကုမ္ပဏီရဲ့Managing Director ဦးပီတာညွှန့်မောင်ရဲ့ ဂျပန်နိုင်ငံသို့ လူပို့ပွဲစား လုပ်နေခြင်းအကြောင်း
ဂျပန်နိုင်ငံမှာ အလုပ်သင် ဗီဇာဖြင့် လာရောက်လုပ်ကိုင် လိုသူများဟာ မြန်မာနိုင်ငံရှိ အလုပ်ရှာပေးတဲ့ ပွဲစားကုမ္ပဏီများအား တစ်ဦးလျှင် အနည်းဆုံး ပွဲခ ဒေါ်လာ ၇၀၀၀ ထောင်မှ ၁သောင်းကြား ပေးကြရပါတယ်။ ရရှိတဲ့ လစာကတော့ ဂျပန်မှာ ပုံမှန်အလုပ်လုပ်ခရဲ့ သုံးပုံတစ်ပုံခန့်သာ ရရှိပါတယ်။ ဂျပန်နိုင်ငံရဲ့ ဝေးလံတဲ့ နယ်မြို့တွေ မှာသာ အလုပ်ရရှိပြီး ဘာသာစကားအခက်အခဲ၊ နေထိုင်မှု အခက်အခဲ ၊အလုပ်ပင်ပန်းမှု .. စားရေးသောက်ရေး အခက်အခဲများ ရင်ဆိုင်ကြုံတွေ့ရပါတယ်။ တစ်ချို့အလုပ်ရှင်များဟာ နိုင်ငံကူးလက်မှတ်များ သိမ်းယူထားခြင်း.. ဖုန်းအဆက်အသွယ် ပေးမလုပ်ခြင်း၊ သတ်မှတ်ချိန်ထက် အလုပ်ပိုခိုင်းခြင်းများ ကြုံ့တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ ပွဲစားကုမ္ပဏီများရဲ့ အယုံသွင်း ပြောဆိုချက်များနဲ့ တစ်ခြားဆီဖြစ်ကြောင်း ဂျပန်နိုင်ငံသို့ အလုပ်သင် ဗီဇာဖြင့်ရောက်ရှိလာပြီး.. စိုက်ပျိုးရေးကုမ္ပဏီမှာ အလုပ်လုပ်ခဲ့ပြီး ယခုအခါတိုကျိုမြို့သို့ ရောက်ရှိနေတဲ့ ကိုမျိုးမှ ယခုလို ပြောဆိုပါတယ်။ ရန်ကုန်က ပွဲစားကုမ္ပဏီတွေ ပြောဆိုချက်နဲ့ တကယ့်လက်တွေ့မှာ တစ်ခြားစီပါပဲ... ရန်ကုန်မှာတုန်းက ပွဲစားကုမ္ပဏီက ဂျပန်ဥပဒေ ၈နာရီကနေ ၄နာရီ အထိလုပ်ရမယ်။ အိုဗာတိုင်ကြေး ပေးမယ်။ လစာတစ်ဝက်ကို ထုတ်ပေးမယ်.. ကျန်တာကိုထုတ်ပေးမယ်.. ဆိုတာတွေ တစ်ခုမှ မဟုတ်ဘူး.. ထွက်ပြေးမှာ စိုးလို့ ပတ်စ်ပို့သိမ်းထားတယ်။ ပါလဲတဲ့ ဒေါ်လာတွေလည်း ပေးမလဲဘူး.. ဆေးလိပ်သောက်ဖို့တောင် မရှိဘူး.. ပထမတစ်ခေါက် ၁နှစ်သုံးလစာလည်း အကုန်မရဘူး..။ ၂လစာပဲပေးတယ်.. မနက် ၂နာရီကနေ ညနေ(၇)နာရီ အထိ သစ်သီးတွေ ခူးရတယ်.. မီးစက်မောင်းပြီး အပြင်မှာလုပ်ခိုင်းပါတယ်။ ပင်ပန်းတာကတော့ မပြောပါနဲ့တော့..
ရန်ကုန်က ပွဲစားကုမ္ပဏီတွေ လိမ်တာကို ဒီရောက်မှ သိရတာ။ ဂျပန် မာန်နေဂျာက ကျွန်တော်တို့ကို ပြောတာက သူတို့ခေါ်တာ Trainees အလုပ်သင်..... Work Permit မဟုတ်ဘူး... မင်းတို့ကို ငါတို့နည်းပညာကို ခေါ်ပေးတာ ပိုက်ဆံ မပေးလည်းရတယ်။ ဆိုပြီး မိုက်မိုက်ရိုင်းရိုင်းပြောဆိုပါတယ်။ ကျွန်တော်လည်း အခု စာချုပ်ပြည့်လို့ ပြန်ရမယ့် အချိန်မှာ လက်ထဲမှာ ငွေတစ်ပြားမှ မရှိ... ကုန်ခဲ့တဲ့ အရင်းကလည်း မကြေသေးတဲ့ အတွက်ကြောင့် သူတို့လေဆိပ်ကို ပြန်ပို့တဲ့ အချိန်မှာ ပြန်ထွက်ပြေးလာရတာပါ။ ဗမာပြည်က ပွဲစားတွေရဲ့ စကားကို ချင့်ယုံစေချင်ပါတယ်။ ရန်ကုန်က ပွဲစားကုမ္ပဏီတွေက ကျွန်တော်တို့ဆီက ငွေလည်းရတယ် .. ဂျပန်နိုင်ငံက ကုမ္ပဏီက လူတစ်ယောက် တစ်လ ဘယ်လောက်ဆိုပြီး ထပ်ဆင့်ရပါတယ်။ ကုန်ကျတာနဲ့ ရတာနဲ့ အရင်းလုံးဝ မကြေနိုင်ဘူးဆိုတာ.. မြန်မာပြည်က အခုလာဖို့လုပ်နေတဲ့ သူတွေ သိစေချင်ပါတယ်.. ပွဲစားတွေ စကားချင့်ယုံကြပါ.. တခြား အလုပ်သင်ဗီဇာနဲ့ ရောက်ရှိနေသူတွေကိုလည်း မေးမြန်းနိုင်ပါတယ်..ဟု သူ့အတွေ့အကြုံ ကိုပြောပြသွားပါတယ်။
ဂျပန်နိုင်ငံမှာ.. Trainees Visa နဲ့ ရောက်ရှိလာသူတွေထဲမှာ တရုတ်၊ အင်ဒိုနီးရှား၊ထိုင်း စတဲ့ အာရှနိုင်ငံများမှ အများဆုံးဖြစ်ပြီး နည်းပါတဲ့ လုပ်ခလစာနဲ့ ခိုင်းစေခြင်းခံရပါတယ်။ လုပ်အားခ ပြဿနာများ ကြုံတွေ့ကြရပြီး မကြာခဏဆိုသလို ဂျပန်၊ သတင်းစာ မီဒီယာများမှ အဆိုပါ ကိစ္စနဲ့ ပတ်သတ်ပြီး ဖော်ပြရေးသားကြပါတယ်။
ယခုကဲသို့ နအဖ စစ်ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သူတစ်ဦးမှ ကုမ္ပဏီ ဗန်းပြပြီး မတရား ငွေညစ် ပွဲစားလုပ်နေခြင်း အကြာင်း ပေးပို့လာတဲ့ ကိုရဲနှင့် ဖြေကြားပေးတဲ့ ကိုမျိုးအား ကျေးဇူးတင်ပါသည်။
ငွေကို ရေလိုသုံးပြီး အပျော်အပါးနဲ့ အချိန်ကုန်နေတဲ့ သန်းရွှေရဲ့  မြေး နေရွှေသွေးအောင် (ခ) ဖိုးလပြည့် မွေးနေ့ ။
ဓာတ်ပုံများအတွက် ကိုဘတိုးနှင့် ကိုနစ်နေမန်းအား ကျေးဇူးတင်ပါသည်.....။
ပြည်သူတွေရဲ့ ဘဝ....
http://www.demowaiyan.co.cc/