Friday, June 4, 2010

ဒီနေ့မြန်မာ့နျူကလီးယားနဲ့ပတ်သက်သမျှကတော့..

today myanmar_s nuclear.....doc 0.632 MB
Today Myanmar's Nuclear...

4 June 2010 ဒိုင်ယာရီ

4 June 2010 yeyintnge Diary.doc 5.660 MB

4 June 2010 Yeyintnge Diary

“ ညီညွတ်ခြင်းမှအောင်ပွဲဆီသို့ ”

“ ညီညွတ်ခြင်းမှအောင်ပွဲဆီသို့ ”

လောကသဘာဝအရ -----

သက်ရှိသက်မဲ့အရာဝတ္တုတွေဟာ

လှုပ်ရှားမှုတွေရှိနေကြလို့

တနည်းနည်းနဲ့ပြောင်းလဲနေကြတယ်

အေးချမ်းတဲ့မိဘရိပ်ကိုစွန့်ခွာ

ခေတ်နဲ့အညီပြောင်းလဲမှုတွေလုပ်ဖို့

ဘ၀တက္ကသိုလ်ကိုတက်ခဲ့ရစဉ်

အရာဝတ္တုတိုင်းမှာ

အားကောင်းချက်နဲ့အားနည်းချက်ဆိုတဲ့

ဘက်နှစ်ဖက်စီရှိကြတယ်ဆိုတာကို

လေ့လာဆည်းပူးခွင့်ရခဲ့တယ့့်  ။

နောက်ပြီး --- --- ---

ယောင်္ကျားမိန်းမတို့သာလျှင်

မြေပြင်ရဲ့အတိဒုက္ခတွေကို

အောင်မြင်တဲ့သီးနှံ့တွေအဖြစ်

ပြုပြင်ပြောင်းလဲပြစ်နိုင်စွမ်းရှိကြတယ်ဆိုတာကို သိခဲ့တယ့့်  ။

ဆိုးညစ်တဲ့အာဏာရှင်စနစ်ကပေးခဲ့တဲ့ -----

အကြောက်တရားဆိုတာတွေကိုရိုက်ချိုး

အနာတရဖြစ်ခဲ့တဲ့ဒဏ်ရာတချို့ကိုပြန်ကုသ

သစ်လွင်တဲ့အမြင်အတွေးတွေနဲ့ပဲ

တတ်စွမ်းသမျှလောကအကျိုးဆောင်နိုင်ဖို့အရေ့း့  ။

တချို့လူတွေက အမှန်ကိုသိသလိုလိုနဲ့ -----

လွဲလွဲလေးချော်နေခဲ့

တချို့လူတွေက အမှန်ကိုသိပါရက်နဲ့

ကိုယ်ပိုင်အတ္တတွေကို မစွန့်နိုင်ခဲ့

တချို့လူတွေက ကိုယ်ပိုင်အတ္တတွေအတွက်

ကောက်ကျစ်တဲ့နည်းပေါင်းစုံကိုသုံး

ယုတ်မာမူအပေါင်းသရဖူ ဆောင်းပြနေကြရဲ့  ။

အမှန်တရားနဲ့တူတဲ့အရိပ်ဟာ -----

အရာရာတိုင်းအတွက်အေးမြစေပေမယ့်

ကိုယ့်အတ္တကိုယ်မထိန်းနိုင်ကြတဲ့

ဘ၀တ၀က်စံတလမ်းသွားတွေကတော့

အရိပ်နင်းနင်းအခက်ချိုးချိုးနည်းတွေနဲ့

လောကအလှကိုဖျက်နေကြလေရဲ့  ။

ဒါ့  အညတရတယောက်ရဲ့ -----

အသိအမြင်တစုဖြစ်ပေမယ့်

ဘ၀နဲ့ရင်းပြီးရလာခဲ့တဲ့အသိတွေပေမို့

အမှောင်ကိုခွင်းကာအလင်းဆီချီမယ်

စကားလုံးတချို့တော့ပါတယ့့်  ။

မျှတတဲ့အခွင့်အရေးတွေ -----

တန်းတူရည်တူရရှိမယ့်

ဒီမိုကရေစီလူ့ဘောင်စနစ်ဆီရောက်ချင်ရင်တော့

ပွဲပြီးမီးသေမဟုတ်တဲ့ ယုံကြည်မူတွေနဲ့

သွေးချင်းညီကြသူတွေလက်တွဲ

မယုတ်ညံ့တဲ့ နည်းလမ်းပေါင်းစုံသုံးကာ

ကိုယ်ပိုင်အခွင့်အရေးအတွက်တိုက်ပွဲဝင်ရမှာပဲ့  ။

စွဲမြဲစွာယုံကြည်ထားတာတခုက -----

အောင်ပွဲဆိုတာက တိုက်ရဲ့သူတွေအတွက်ပဲ့  ။

ဇာနည်မောင်

စစ်အစိုးရ၏ နျူကလီးယား စီမံကိန်း ပေါက်ကြား

E-mail Print
4
ပြည်ပသို့ တိမ်းရှောင် လာသော စစ်ဘက် အရာရှိတဦးက ရာနှင့်ချီသော ထိပ်တန်း လျှို့ဝှက်ချက် စာရွက် စာတမ်းနှင့် ဓာတ်ပုံ အထောက် အထားများကို ထုတ်ဖော် လိုက်သည့် အတွက် စစ်အစိုးရ၏ နျူကလီးယား လျှို့ဝှက် စီမံကိန်း နိုင်ငံတကာသို့ ပေါက်ကြားသွားသည်။

စက်ယန္တရား ထိန်းချုပ်ခုံတခုရှေ့တွင် တွေ့ရသော ဗိုလ်မှူး စိုင်းသိန်းဝင်း (ဓာတ်ပုံ - DVB)

စစ်အစိုးရ၏ နျူကလီးယား စီမံကိန်း အကြောင်း ပြောဆိုမှုများ ရှိနေ သော်လည်း ဗိုလ်မှူး စိုင်းသိန်းဝင်း ယူဆောင် လာသည့် အထောက် အထား များကြောင့် စစ်အစိုးရ၏ လျှို့ဝှက် အစီအစဉ်များ ပိုမိုခိုင်မာ လာပြီး နိုင်ငံတကာနှင့် ဒေသတွင်းတွင် လုံခြုံရေး ခြိမ်းခြောက်မှုများ ဖြစ်လာ နိုင်ကြောင်း လေ့လာ သူများက သုံးသပ်ကြသည်။

“သူတို့ တကယ် လိုချင်တာက အဏုမြူဗုံးပဲ။ အဲဒါ သူတို့ရဲ့ အဓိက ရည်မှန်းချက်ပဲ။ ဒုံးကျည်တွေ နျူကလီးယား ထိပ်ဖူးတွေ ပိုင်ဆိုင် ချင်တယ်” ဟု ဗိုလ်မှူး စိုင်းသိန်းဝင်းက နော်ဝေ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) နှင့် အယ်လ်ဂျာ ဇီးယားတို့ ပူးပေါင်း ထုတ်လွှင့်သည့် သတင်း မှတ်တမ်းတွင် ပြောသည်။

စစ်သက် ၁၅ နှစ်ရှိ ဗိုလ်မှူး စိုင်းသိန်းဝင်းသည် ဒုံးပျံ အင်ဂျင် အထူးပြု ဘာသာရပ်နှင့် ရုရှားမှ ဘွဲ့ရခဲ့သူ ဖြစ်ပြီး မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ် အတွင်းရှိ လျှို့ဝှက် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံမှ ဒုတိယ အကြီးအကဲဖြစ်ခဲ့သည်။ ထိပ်တန်း လျှို့ဝှက် စာရွက်စာတမ်းများကို ယူဆောင်၍ ၂၀၁၀ ဖေဖော်ဝါရီလတွင် ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်လာခဲ့သည်။

ရရှိလာသော စာရွက်စာတမ်းနှင့် အထောက်အထားများကို သုံးသပ်ရေးသားထားသည့် စာမျက်နှာ ၂၀ ကျော်ရှိသော “မြန်မာနိုင်ငံ နျူကလီးယား ဆိုင်ရာ လူပ်ရှားမှုများ” စာတမ်းတွင် အထောက်အထား အချက်အလက်နှင့် ဓာတ်ပုံ၊ မြေပုံများဖြင့် ဖော်ပြထားသည်။

ဗိုလ်မှူး စိုင်းသိန်းဝင်း ယူဆောင်လာသော အချက်အလက်များကို နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ ညွှန်ကြားရေးမှူးဟောင်း ရောဘတ် ကယ်လီက လနှင့်ချီ၍ လေ့လာဆန်းစစ်ပြီးနောက် စာရွက်စာတမ်းနှင့် ဓာတ်ပုံအထောက်အထားများတွင်ပါရှိသော စက်ယန္တရား ပစ္စည်းများသည် နျူကလီးယား ဆိုင်ရာ လက်နက်များ ထုတ်လုပ်ရန် အသုံးဝင်သည်ဟု မှတ်ချက်ချကြောင်း သိရသည်။

မြန်မာ့အရေးလေ့လာသူ ဆွီဒင်လူမျိုး သတင်းစာဆရာ ဘာတေးလ် လစ်တနာက “မြန်မာပြည်က ဒီလိုမျိုး အထောက်အထား စာရွက်စာတမ်းတွေ ထွက်လာတာ တခါမှ မတွေ့ဖူးဘူး” ဟု အယ်လ်ဂျာဇီးယားသတင်းဌာနနှင့် အင်တာဗျူးတွင် ပြောထားသည်။

ဝါရှင်တန် အခြေစိုက် လက်နက် ထိန်းချုပ်ရေးနှင့် မပြန့်ပွားရေး ဌာနမှ အမှုဆောင် ညွှန်ကြားရေးမှူး ဂျွန် အိုင်ဆက်စ် ကမူ စစ်အစိုးရ၏ နျူကလီးယား စီမံကိန်းကို သံသယ ရှိသော်လည်း အတိအကျ ကောက်ချက်ချရန် အသင့် မဖြစ်သေးကြောင်း အယ်လ်ဂျာဇီးယားနှင့် အင်တာဗျူးတွင် မှတ်ချက်ပေးသည်။

ဥမင် လိုဏ်ခေါင်းများမှာ သာမန် ရည်ရွယ်ချက် အတွက်သုံးရန် ဆိုသော်လည်း တချို့မှာ ဘောလုံးကွင်း ၂ ခုစာမျှ ကျယ်နေကြောင်း ဗိုလ်မှူး စိုင်းသိန်းဝင်းက အယ်လ်ဂျာဇီးယား သို့ ပြောသည်။

စစ်အစိုးရသည် ကားသွားလာနိုင်လောက်အောင် ကျယ်ဝန်းသည့် လိုဏ်ခေါင်းများ၊ ပြင်ပမှ ပစ်ခတ် တိုက်ခိုက်ခြင်း မရှိအောင် တည်ဆောက်ထားသည့် ဥမင်များ၊ ချိတ်ဆက်ထားသည့် ဥမင်လမ်းရှည်များ ရှိနေကြောင်း စစ်တပ်မှ ထွက်ပြေးတိမ်းရှောင်လာသည့် တခြား စစ်ဘက်အရာရှိများကို ကိုးကား၍ အယ်လ်ဂျာဇီးယားက ထုတ်လွှင့်သွားသည်။

“မြန်မာနိုင်ငံ နျူကလီးယား ဆိုင်ရာ လူပ်ရှားမှုများ” သုံးသပ်ချက် စာတမ်းအရ ဥမင်လိုဏ်ခေါင်းများကို မြောက်ကိုရီးယားအကူအညီနှင့် တည်ဆောက်ရာတွင် ခန့်မှန်းခြေ ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၃ ဘီလီယံ ရှိမည်ဟု ဖော်ပြထားသည်။

အယ်လ်ဂျာဇီးယားနှင့် အင်တာဗျူးတွင် ဗိုလ်မှူး စိုင်းသိန်းဝင်းက စစ်အစိုးရသည် နျူကလီးယား စီမံကိန်းအတွက် ငွေများကို ရတနာ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းမှ ရရှိသော အကျိုးအမြတ်များဖြင့် လုပ်ဆောင်နေသည်ဟု ပြောသွားသည်။ ရတနာ ကမ်းလွန် ဘသာဝ ဓာတ်ငွေ့ လုပ်ငန်းမှ အမေရိကန် ဒေါ်လာ ၇.၅ သန်း ရရှိသည်။ စစ်ရေး ငွေများ ပိုမို သုံးစွဲရန် ရွှေ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းမှ ရငွေများကို တိုးချဲ့ သုံးစွဲသွားဖွယ် ရှိသည်ဟုလည်း ပြောသွားသည်။ ရွှေဂက်စ် လှုပ်ရှားမှု အဖွဲ့၏ အဆိုအရ စစ်အစိုးရသည် ယင်းလုပ်ငန်းမှ နှစ်စဉ် အမေရိကန် ဒေါ်လာ ၁.၂ သန်း ရရှိသည်ဟု သိရသည်။

စစ်အစိုးရ၏ လျှို့ဝှက် နျူကလီးယား စီမံကိန်းအကြောင်း DVB နှင့် အယ်လ်ဂျာဇီးယားတို့ ပူးပေါင်း ထုတ်လွှင့်မှုမတိုင်ခင် ဇွန်လ ၃ ရက်နေ့တွင် အမေရိကန် အထက် လွှတ်တော် အမတ် ဂျင်မ် ဝက်ဘ်က မြန်မာပြည်သို့ လာရောက်မည့် ခရီးစဉ်ကို ရုတ်တရက် ဖျက်သိမ်းလိုက်သည်။ မြောက်ကိုရီးယားနှင့် မြန်မာ၏ နျူကလီးယားဆိုင်ရာ သံသယ ဖြစ်ဖွယ် ဆက်ဆံရေးကြောင့် ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အိုဘားမား အစိုးရအနေနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် ကိုယ်စားလှယ် အမြန်ဆုံး စေလွှတ်သင့်ကြောင်း တိုက်တွန်းထားသည်။

ဇွန်လ ၃ ရက်နေ့က ဘန်ကောက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဂျင်မ် ဝက်ဘ်က “ထိုအရေးကိစ္စများကို မရှင်းလင်းဘဲ ဤအချိန်တွင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်လျှင် အမြော်အမြင်ကင်းမဲ့ပြီး အကျိုးယုတ်ရာ ကျမည်ဟု ယုံကြည်သည်” ဟု ပြောသည်။

လန်ဒန် အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး ဌာန၏ ရှန်ဂရီလာ ဒိုင်ယာလော့ဂ် (Shangri-La Dialogue) ဆွေးနွေးပွဲ ခေါ် ၉ ကြိမ်မြောက် အာရှ လုံခြုံရေး ထိပ်သီးဆွေးနွေးပွဲကို ယနေ့မှ စ၍ ၆ ရက်နေ့ အထိ စင်ကာပူတွင် ကျင်းပနေသည်။ အာရှနှင့် ပစိဖိတ် ဒေသတွင်း ကာကွယ်ရေးနှင့် လုံခြုံရေး မူဝါဒများ ဆွေးနွေးရေးအတွက် အရေးပါသော ပွဲဖြစ်ပြီး ယနေ့ ထွက်ပေါ်လာသော မြန်မာ နျူကလီးယား လှုပ်ရှားမှု အထောက် အထားများနှင့် ပတ်သက်၍ ဆွေးနွေးဖွယ် ရှိသည်။

ယခုနှစ် ရှန်ဂရီလာ ဒိုင်ယာလော့ဂ် သို့ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများ၊ စစ်တပ် အကြီးအကဲများ၊ လုံခြုံရေးဆိုင်မရာ မူဝါဒ ချမှတ်သူများ တက်ရောက်သော်လည်း စစ်အစိုးရဘက်မှ မည်သူ တက်ရောက်ကြောင်း မသိရှိရသေးပေ။ ယမန်နှစ်က ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အေးမြင့် တက်ရောက်ခဲ့သည်။

ယနေ့တွင် ရှန်ဂရီလာ ဒိုင်ယာလော့ဂ်၌ မိန့်ခွန်းပြောရာတွင် တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်က “ကိုရီးယား ကျွန်းဆွယ်နှင့် မြောက်အာရှတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ပျက်ပြားစေသည့် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို နိုင်ငံတကာက လေးလေးနက်နက် တုံ့ပြန်သင့်သည်” ဟု ပြောသွားသည်။

ဗိုလ်မှူး စိုင်းသိန်းဝင်း (ရှေ့တန်း ဝဲဘက်မှ ဒုတိယမြောက်) နှင့် အခြား အရာရှိများ (ဓာတ်ပုံ - DVB)

ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့တွင် ကုလသမဂ္ဂ ကျွမ်းကျင် သူများထံမှ ပေါက်ကြား လာသည့် ၄၇ မျက်နှာရှိ အစီရင်ခံစာ တစောင်ကို အေပီသတင်း ဌာနက ကိုးကား ဖော်ပြရာ၌ မြောက်ကိုရီးယား နိုင်ငံသည် လက်နက်များကို မြန်မာနိုင်ငံ အပါအ၀င် အီရန်နှင့် ဆီးရီးယား နိုင်ငံများသို့ တင်ပို့လျက် ရှိပြီး ကုလ သမဂ္ဂ၏ အရေး ယူမှုများကို ရှောင်ရှားရန် အတွက် ကြားခံ ကုမ္ပဏီများ၊ တခြားသော အဆက် အသွယ်များကို အသုံးပြုလျက် ရှိသည်ဟု ဆိုထားသည်။

စစ်အစိုးရသည် အရှေ့တောင်အာရှ ဒေသတွင်း အဏုမြူလက်နက် ကင်းစင်သောဇုန်နယ်အဖြစ် သတ်မှတ်ရေး သဘောတူညီချက် (ဘန်ကောက်သဘောတူညီချက်) ကို ၁၉၉၅ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့သည်။ နောက်တနှစ် အကြာတွင် ဘက်စုံ အဏုမြူစမ်းသပ်မှုများ တားမြစ်ရေး သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုး ခဲ့သေးသည်။

အဏုမြူစွမ်းအင် ဦးစီးဌာနကို ၁၉၉၇ အောက်တိုဘာလတွင် အသစ် ဖွဲ့စည်းခဲ့ပြီး သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏ အောက်တွင် ထားရှိသည်ဟု အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။

၂၀၀၂ ခုနှစ်၊ ဇန်န၀ါရီလတွင် မြန်မာစစ်အစိုးရက "ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးချရေး အတွက်" အဏုမြူ သုတေသနဓာတ်ပေါင်းဖို တခုတည် ဆောက်ရန် အစီအစဉ်ကို အတည်ပြုပြောဆိုလာခဲ့သည်။ ထိုအချိန် က နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဦးခင်မောင်ဝင်းက "မြန်မာနိုင်ငံ၏ အဏုမြူစွမ်းအင်အပေါ် ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် စိတ်ဝင်စားမှုမှာ ကာလကြာရှည်ကတည်းက ရှိနေခဲ့သည်" ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

၂၀၀၃ ဇူလိုင်လတွင် မြောက်ကိုရီးယား ပညာရှင် ၁၅ ဦးမှ ၂၀ အထိ ရန်ကုန်ရှိ ရေတပ်စခန်းတခုနှင့် ကာကွယ်ရေး ဝန်ကြီးဌာန၏ ဧည့်ရိပ်သာ တခုတွင် တွေ့ရကြောင်း ဟောင်ကောင် အခြေစိုက် အရှေ့ဖျားဒေသ စီးပွားရေးရာ စာစောင် က ရေးသားဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် မြန်မာပြည်ကို ဒုံးကျည်များ ရောင်းချနေသည်ဟု အမေရိကန် အစိုးရ အရာရှိတို့က ၂ဝဝ၄ ခုနှစ်ကလည်း ထုတ်ဖော် ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မြောက်ကိုရီးယားသို့ လျှို့ဝှက် သွားရောက်ခဲ့သော်လည်း နောက်ပိုင်းတွင် သတင်း ပေါက်ကြားခဲ့သည်။ ထိုခရီးစဉ်တွင် မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် နှင့် စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။

၂၀၀၉ ခုနှစ် ဇွန်လတွင်လည်း လက်နက်များ တင်ဆောင်လာသည်ဟု ယူဆရသည့် မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာပြည်သို့ ဦးတည် ခုတ်မောင်းသွားသည့် သတင်းက ကမ္ဘာ့မီဒီယာ၌ ထိပ်တန်းသို့ ရောက်ရှိခဲ့သည်။ တချိန်တည်းမှာပင် မြန်မာ စစ်အစိုးရ၏ နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်နိုင်ဖွယ်ရှိသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများကိုလည်း သတင်းဌာနများတွင် ထုတ်လွှင့်ပြသခဲ့သည်။

၂၀၀၉ ခုနှစ်တွင် မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်နှင့် ပတ်သက် ဆက်နွယ်မှုရှိသည်ဟု ယူဆရသော သံလိုက်ဓာတ်အား တိုင်းတာသည့် ကိရိယာ တမျိုးကို မလေးရှားမှ တဆင့် မြန်မာနိုင်ငံသို့ တင်သွင်းရန် ကြိုးပမ်းခဲ့သူ ၃ ဦးကို ဂျပန်နိုင်ငံ၌ ဖမ်းဆီးခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က မြောက်ကိုရီးယားသည် မြန်မာနိုင်ငံသို့ နျူကလီးယား နည်းပညာ လွှဲပြောင်းပေးအပ်ပါက အာဆီယံ ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်ကြောင်း ၂၀၀၉ ခုနှစ် ဇူလိုင်လတွင်းက ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်တွင် ကျင်းပသော အာဆီယံအစည်းအဝေး လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတွင် သတိပေး ပြောကြားဖူးသည်။

စစ်အစိုးရသည် သန့်စင်ပြီးသား ယူရေနီယံများကို မြောက်ကိုရီးယားနိုင်ငံ၏ နည်းပညာ အကူအညီဖြင့် လာမည့် ၅ နှစ် အတွင်း အဏုမြူဗုံး ထုတ်လုပ်ရန် စီစဉ်နေသည်ဟု ၂၀၀၉ ခုနှစ် သြဂုတ်လထုတ် Sydney Morning Herald သတင်းစာ၏ ဆောင်း ပါးတပုဒ်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံ နျူကလီးယား နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုများ အတွက် စိုးရိမ် ပူပန်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ P. J Crowleyက ယခုနှစ် မတ်လ ပထမပတ်တွင် ပြောကြားခဲ့သေးသည်။

မြန်မာနှင့် မြောက်ကိုရီးယားတို့သည် ၂ နိုင်ငံ သံတမန် ပုံမှန် ဆက်ဆံရေး ရပ်ဆိုင်းခဲ့ရာမှ မကြာသေး သော နှစ်များ အတွင်း တိတ်တဆိတ် ဆက်ဆံရေးများ ပြုလုပ်လာခဲ့ကာ ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် ဧပြီလတွင် တရားဝင် ဆက်ဆံရေး ပြန်လည် စတင်ခဲ့ခြင်း ဖြစ်သည်။

စစ်အစိုးရ၏ လျှို့ဝှက်သတင်းများ ပေါက်ကြားမှုကြောင့် ထိန်းသိမ်းထားသည့် စစ်တပ်အရာရှိဟောင်း ဗိုလ်မှူး ၀င်းနိုင်ကျော်ကို အင်းစိန်ထောင်တွင် ယခုနှစ် ဇန်နဝါရီလ ၇ ရက်က သေဒဏ်နှင့် ထောင်ဒဏ် အနှစ်၂၀ ချမှတ်ခဲ့သည်။

ဗိုလ်မှူး ဝင်းနိုင်ကျော်သည် စစ်အစိုးရ၏ လျှို့ဝှက် စီမံကိန်းများဖြစ်သည့် နျူကလီးယား ဓာတ်ပေါင်းဖိုစီမံကိန်း၊ မြေအောက် လိုဏ်ခေါင်းများ ဖောက်လုပ်ရေး စီမံကိန်း၊ လျှို့ဝှက်သွားရောက်ပြီး လက်နက်ဝယ်ယူခဲ့သည့် မြောက်ကိုရီးယားခရီးစဉ်၊ ရုရှား၊ အိန္ဒိယခေါင်းဆောင်များနှင့် လျှို့ဝှက် ဆွေးနွေးခဲ့သည့်မှတ်တမ်းများနှင့်ပတ်သက်ပြီး မီဒီယာများထံပေါက်ကြားခဲ့သည့်အတွက် ဖမ်းဆီး အပြစ်ပေး ခံခဲ့ရခြင်းဖြစ်သည်။
http://www.irrawaddy.org/bur/index.php/news/1-news/3304-2010-06-04-12-30-53

Nuclear Activities in Burma


Nuclear Activities in Burma

http://www.demowaiyan.co.cc/

သူခိုးဓားပြထက် ဆိုးတဲ့ရန်သူဟာ....

၁၆.၅.၂၀၁၀ နေ့ ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်း မြို့နယ် ဒလူးရယ်ကျေးရွာတွင် လူသတ်ဓားပြတိုက်ခဲ့သည့် တရားခံများအား ဖော်ထုတ်ဖမ်းဆီးရရှိမှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဋ္ဌာနချုပ်မှ ရှင်းလင်းထုတ်ပြန်ချက်...
မူရင်း... နှင့် ယနေ့သတင်းစာရှင်းလင်းပွဲ ဓာတ်ပုံများ...
ဓားပြမှုကျူးလွန်စဉ်က စစ်အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်၍ ????? အမှတ်စဉ်(၁၃)မှာ ပါတာပါ.....
ဓားပြတိုက် လူသတ်တာ အေးလွင်လည်း ပါပါတယ်တဲ့...???? အမှတ်စဉ်(၈)မှာပါတာပါ..
၎င်းလူသတ် ဓားပြမှုကြီးကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှုးက အနီးကပ်ကြီးကြပ်၍...????? အမှတ်စဉ် (၃)မှာပါတာပါ။
နောက်ဆုံး အရင်းချုပ်လိုက်တော့ ထုံးစံအတိုင်း ပါပဲ....
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့မကြာခင်မှာ သတင်း ၀က်ဆိုဒ်တစ်ခုကိုလည်း အင်တာနက်ပေါ်သို့တင်တော့မှာ ဖြစ်တဲ့အကြောင်း ၊တစ်ခါစား စစ်အစိုးရဖော်လံဖား မြတ်ခိုင်က ရဲချုပ်ခင်ရကို ကူညီမယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ၊သတင်း ပေးပို့လာသူကတော့... ကျွန်တော်တို့ရဲ့ ပြည်သူအတွက် ရဲရဲတောက် ဘားမား ပါပါရာဇီ ဖြစ်ပါတယ်။
Robbery
Robbery1Robbery2Robbery3

‘ ၇၄ ဇွန် (၆) အလုပ်သမားသပိတ်ကြီး’

Friday, June 4, 2010
ဇွန် (၆) မြင်ကွင်း ရင်တွင်းမှတ်တမ်း ’

ဗမာပြည်အလုပ်သမားလူတန်းစားဟာ၊ ခေတ်မီအလုပ်သမားလူတန်းစားအဖြစ်စတင်ဖြစ်တည်လာစဉ်ကတည်းက၊ အလုပ်သမားလူတန်းစားရဲ့သူရသတ္တိကို ပြသခဲ့တယ်။ နိုင်ငံရေးနိုးကြားမှုကို ပြသခဲ့ပါတယ်။

နယ်ချဲ့အင်္ဂလိပ်တို့ရဲ့ လက်အောက်မှာ ‘၁၃ဝဝပြည့်အရေးတော်ပုံကြီး’ နဲ့ ပြသခဲ့တယ်။ စက္ကူဖြူ စီမံကိန်းနဲ့ ကက်စဘီ အုပ်ချုပ်ရေးခေတ် တလျောက်မှာလဲ၊ ဘီအိုစီ အလုပ်သမားသပိတ်၊ ဒလသင်္ဘောကျင်းသပိတ်၊ အလုံသစ်စက်သပိတ် စတဲ့ သပိတ်တိုက်ပွဲတွေနဲ့ အင်္ဂလိပ်ကိုလိုနီ အစိုးရကို ဆန့်ကျင်ရင်း၊ ‘၁၉၄၆ ခုနှစ် အထွေထွေသပိတ်ကြီး’ဆီအထိ ဦးတည်ခေါင်းဆောင် လှုပ်ရှားနိုင်ခဲ့ပါတယ်။

မဆလ ခေတ်ကို ရောက်တော့လဲ၊ ဖေါက်ပြန်ဆိုးဝါးလှတဲ့ မဆလတပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန် တိုက် ပွဲဆင်ခဲ့ပါတယ်။ ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှု သမိုင်းမှာ၊ ဘယ်တော့မှဖျောက်ကွယ်ချန်လှပ်ထားလို့မရနိုင်တဲ့ အလုပ် သမား တိုက်ပွဲတခုကတော့၊ ၁၉၇၄ ခုနှစ် ဇွန် (၆)ရက် အလုပ်သမားသပိတ်ကြီးပဲ ဖြစ်ပါတယ်။

‘ ၇၄ ဇွန် (၆) အလုပ်သမားသပိတ်ကြီး’ လို့ မော်ကွန်းထိုးထားရမယ့် အလုပ်သမားသပိတ် တိုက်ပွဲကြီးပဲဖြစ်ပါတယ်။

ဒီ သပိတ်ကြီးကို မဆလစစ်အာဏာရှင်တွေဟာ ထုံးစံအတိုင်း အကြမ်းဖက်ဖြို ခွဲပြီး၊ နှိပ်ကွပ်ပစ်ခဲ့ပါတယ်။ဒါကြောင့် သွေးမြေကျရမှု တွေ ဖြစ်ခဲ့ရပါတယ်။ ဇွန် (၆) ရက်နေ့မှာပဲ ပထမဆုံးသွေးမြေကျခဲ့ရတဲ့နေရာကတော့၊ ရန်ကုန် သ မိုင်း ချည်စက်ရှေ့မှာပဲ ဖြစ်ပါတယ်။ အဲဒီနေ့ကအဖြစ်အပျက်ကို ကိုယ်တွေ့ တွေ့ကြုံခဲ့ဖူးသူတယောက်အနေနဲ့ မြင်ရာ ဒေါင့်ကနေ လေးလေးနက်နက်မှတ်တမ်းတင် ဖေါ်ပြပါရစေ …

၁၉၇၄ ခုနှစ် ဇွန်လ (၆)ရက် …
မနက်မိုးလင်းလို့ စက်ရုံအလုပ်သမားကြီးတွေ အလုပ်ဆိုင်းအလိုက် အလုပ်ဝင်ကြချိန်သာသာလောက်မှာပဲ၊ရန်ကုန် အင်းစိန်လမ်းမကြီးတလျောက် ကြွေးကြော်သံတွေ ပျံ့နှံ့ဝေစည်လာပါတယ်။
ဒို့အရေး - ဒို့အရေး …
ဆိုတဲ့ကြွေးကြော်သံတွေဟာ ပထမတော့ ခပ်ပါးပါး ခပ်သဲ့သဲ့လေးပါ ။ နောက်တော့ တစထက်တစ …
‘ ဆန်လုံလောက်စွာ ရ ရှိရေး - ဒို့အရေး ဒို့အရေး ...’
‘ လုပ်ခွင်သက်သာချောင်ချိရေး - ဒို့အရေး ဒို့အရေး ...’
‘ ကုန်ဈေးနှုန်း ကျဆင်းရေး - ဒို့အရေး ဒို့အရေး...’
‘ အလုပ်သမားကောင်စီ - ဖျက်သိမ်းပေး ဖျက်သိမ်းပေး ’
ကြွေးကြော်သံတွေဟာ မုတ်သုန်အကြို မိုးသက်လေနဲ့အတူ လမ်းမကြီးတွေပေါ် ရပ်ကွက်တွေပေါ်ဝဲပျံလွင့်စင်နေပါ တယ်။

ကျနော်ဟာ အင်းစိန်မီးရထားစက်ခေါင်းရုံဖက်ဆီ ပြေးကြည့်မိပါတယ်။ အလုပ်သမားထုရဲ့ကြွေးကြော်သံတွေဟာ မိုး လုံးညံအောင် ထွက်ပေါ်လာနေပါတယ်။ အဲဒီကနေအင်းစိန်လမ်းမကြီးပေါ် ပြန်တက်လာ၊ အင်းစိန်လမ်းမကြီးတ လျောက်အတိုင်းကုန်ကြောင်းလျှောက်ပြီးပြန်လာတော့၊ ခဝဲခြံမှတ်တိုင်ရှေ့တည့်တည့်က ၅ သုံးလုံး ရာဘာဖိနပ်စက် ရုံကြီးအတွင်းမှာလဲ လှုပ်လှုပ်ရှားရှား ဖြစ်နေပါတယ်။ ဒီစက်ရုံထဲမှာ ကျနော့် မိတ်ဆွေရင်းချာအလုပ်သမားတချို့ ရှိနေ တဲ့အတွက် ခဏရပ်ကြည့်လိုက်မိပါတယ်။ မကြာခင်ကြွေးကြော်သံတွေ ထွက်လာပါတယ်။ ဆက်ပြီးထွက်လာတော သမိုင်းလမ်းဆုံက ဓါတု (၄) ၊ ဓါတု (၆)စက်ရုံတွေက ကြွေးကြော်သံတွေဟာလဲ ရှေ့ဆင့်နောက်ဆင့်ထွက်လာတာ ကြားရ ပြန်ပါတယ်။ ရှေ့ဆက်တက်လာတော့ ‘သမိုင်းချည်မျှင် နှင့် အထည်စက်ရုံ ’။
‘ ဆန်လုံလောက်စွာ ရ ရှိရေး - ဒို့အရေး ဒို့အရေး ’
‘ လုပ်ခွင်သက်သာချောင်ချိရေး - ဒို့အရေး ဒို့အရေး ’
‘ ကုန်ဈေးနှုန်းကျဆင်းရေး - ဒို့အရေး ဒို့အရေး ’
‘ အလုပ်သမားကောင်စီ - ဖျက်သိမ်းပေး ဖျက်သိမ်းပေး ’
ကြွေးကြော်သံတွေဟာ စက်ရုံတွေအတွင်းကနေ ညီညီညာညာထွက်ပေါ်လာနေပါတယ်။ ပထမတော့အတွင်းပိုင်း စက်ရုံတွေ အတွင်းကနေပဲ ထွက်ပေါ်လာနေတာပါ။
သမိုင်းချည်မျှင်နှင့်အထည်စက်ရုံ ကြီးရဲ့ တည်ဆောက်ထားပုံက၊ လမ်းမကြီးဖက်(ဆိုင်းဘုတ်ကြီးထူထားတဲ့ဖက်)မြေ ကွက်လပ်ကျယ်ကြီးပေါ်မှာ၊ ဂိတ်ပေါက် သံတံခါးကြီးနဲ့အနီးမှာ တထပ်တိုက်အဆောက်အဦ ရှည်ကြီးတခု ရှိပါတယ်။ အဲဒီအဆောက်အဦမှာ ရုံးခန်းနဲ့ငွေစာရင်းဌာနတို့ ဆိုတာတွေ ရှိပါတယ်။ တဆက်တည်းမှာ အလုပ်သမားကောင်စီ လို့ဆိုင်းဘုတ်တပ်ထားတဲ့ အလုပ်သမားကိုယ်စားလှယ်အစစ်အမှန်မဟုတ်တဲ့ အလုပ်သမားမင်းသားများရဲ့အခန်းရှိပါ တယ်။ အဲဒါတွေပြီးတဲ့နောက်၊ သံတံခါးနဲ့ ထပ်ပြီးခြားထားတဲ့ဝန်းပြင်ကျယ်ကြီးပေါ်မှာ ချည်မျှင်နဲ့အထည်စက်ရုံတွေ သူ့ရုံ နဲ့သူ အစီအရီတန်းစီတည်ရှိနေပါတယ်။ ပထမဆုံး ကြွေးကြော်သံတွေ တိုင်နေ ထွက်နေတဲ့နေရာက အဲဒီအ တွင်းစက်ရုံတွေအတွင်းကပါ။ နောက် မကြာမီမှာပဲ အထဲက သပိတ်ခေါင်းဆောင်တချို့ ထွက်လာပြီး၊လမ်းမကြီးဘေး က ဂိတ်ပေါက်ဝကြီးဆီ ရောက်လာတာတွေ့ရပါတယ်။

ဂိတ်ဝသံတံခါးဘေးမှာ စားပွဲခုံတလုံးကို ချလိုက်ပြီး၊ စားပွဲပေါ်တက်ပြီး မတ်တပ်ရပ်ကာ သပိတ်တရားကိုဟောကြပါ တယ်။
အလုပ်သမားထုတရပ်လုံး အလုပ်လုပ်နေကြရင်းက ထမင်းငတ်နေရတဲ့အကြောင်း၊ ဒါကြောင့်ဆန်လုံလောက်စွာရရှိဖို့ တောင်းဆိုနေရတာဖြစ်ကြောင်း၊ အလုပ်ခွင်ထဲမှာလဲအာမခံချက်မဲ့လှတဲ့အခြေအနေကြောင့် လုပ်ခွင်သက်သာ ချောင်ချိရေးကို ဖန်တီးပေးဖို့တောင်းဆိုနေရတာဖြစ်သလို၊ လမ်းစဉ်ပါတီရဲ့ ဦးဆောင်မှု ဆိုတာနဲ့အတူ စက်ရုံအလုပ်ရုံတွေထဲမှာလဲ အလုပ်သမားကောင်စီဆိုတာတွေ ပေါ်လာပြီး၊ ဒီအလုပ်သမားကောင်စီတွေဟာအလုပ်သမားတွေအ တွက် ဘာမှလုပ်မပေးတဲ့အပြင် ဖိနှိပ်ဒုက္ခပေးဗိုလ်ကျနေတဲ့အဖွဲ့အစည်းတရပ်အဖြစ်ပဲ လက်တွေ့ဆောင်ရွက်နေတာ ဖြစ်တဲ့အကြောင်း၊ဒါကြောင့် ဒီအလုပ်သမားကောင်စီဆိုတာတွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုနေကြရတာဖြစ် ကြောင်း ဟောကြ ပြောကြရှင်းပြကြပါတယ်။
လက်တွေ့ ဘဝထဲကလာတဲ့၊ လက်တွေ့ခံစားနေရတဲ့ အကျပ်အတည်းတွေကြောင့်၊လက်တွေ့လိုအပ်ချက်အစစ်အမှန် ကို ရရှိရေးအတွက်တောင်းဆိုတိုက်ပွဲဝင်နေကြတဲ့အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကြွေးကြော်သံတွေဟာအင်မတန်မှ တရားမျှတပြီး အင်မတန်မှ ကြောင်းကျိုးကျ တဲ့တောင်းဆိုချက်တွေလဲ ဖြစ်နေပါတယ်။

ကျနော်အပါအဝင်၊ ရပ်ကွက်တွေထဲက လာရောက်နားထောင်ကြသူ၊ ကြည့်ကြရှု့ကြ အားပေးကြသူတွေလဲတဖြည်း ဖြည်းများလာပါတယ်။ တချို့ကလဲ သပိတ်မှောက်နေတဲ့ ဒီစက်ရုံထဲမှာ ကိုယ့်မိကိုယ့်ဖ ညီအကိုမောင်နှမ ဆွေမျိုးသား ချင်းတွေပါ ပါနေလို့ အခြေအနေလာကြည့်ကြသူမျိုးတွေလဲပါနေပါတယ်။

ဂိတ်ဝအတွင်းဖက် သံတံခါးကြီးဘေးမှာ တောင်းကြီးတလုံးကို ကပ်ချထားပြီး၊ သပိတ်ကို သပိတ်မှောက်တိုက်ပွဲဝင်နေ ကြတဲ့ အလုပ်သမားကြီးတွေကို အစာရေစာအဖြစ် လှူဒါန်းကူညီနိုင်ဖို့ မေတ္တာရပ်ခံစီစဉ်ထားတဲ့အတွက်၊ ဆေးလိပ်၊ ထမင်းထုပ်၊ မုန့်ပဲသရေစာတွေ လာရောက်ကူညီလှူဒါန်းကြတာလဲ တွေ့ရပါတယ်။ ကျနော်လဲ အိပ်ကပ်ထဲ ပါလာခဲ့တဲ့ ပိုက်ဆံလေးနဲ့ ဆေးပေါ့လိပ်တစီး၊ ငှက်ပျော နှစ်ဖီးဝယ်ပြီး သံတိုင်ကြားကနေ လက်လျှို ထည့်ဝင်လှူဒါန်းလိုက်ရပါ တယ်။ အလှူခံတောင်းကြီးဟာ တခဏတွင်းမှာပဲ အပြည့်အမောက်ဖြစ်ဖြစ်သွားတာ တွေ့ရပါတယ်။

အဲဒီအချိန်မှာပဲ သမိုင်းချည်စက်နဲ့ သိပ်မဝေးလှတဲ့ အုတ်ကျင်းဂုံနီစက်ရုံကြီးအတွင်းမှာလဲ အလုပ်သမားထုဟာ အလုပ် သမားသပိတ်တိုက်ပွဲကြီးကို ဆင်နွဲနေကြပါပြီ။ ကြွေးကြော်သံတွေဟာ စက်ရုံတခုနဲ့ စက်ရုံတခု ဆက်နေပြီး၊ စည်စည် ညံအောင် လွှင့်ပျံ ဝေ့ဝဲနေပါတော့တယ်။ ဆင်မလိုက်သင်္ဘောကျင်းကလဲ သပိတ်မှောက်နေ သတဲ့၊ ဆပ်ပြာစက်ရုံက လဲ သပိတ်မှောက်နေ သတဲ့၊ သံမဏိစက်ရုံကလဲ သပိတ်မှောက်နေ သတဲ့… ဆိုတဲ့အသံတွေဟာလဲ နေရာပေါင်းစုံက နေ ပျံ့နှံ့ဝင်လာပါတယ်။

အဲဒီအချိန်မှာပဲ ရန်ကုန်မိုးလေး တဖြိုက်နှစ်ဖြိုက် ရွာကျလာပါတယ်။ ဇွန်လရဲ့ မိုးရေစက်တွေဟာ ခပ်ဖွဲဖွဲလေးပါပဲ။ သမိုင်းချည်စက်ရှေ့က လူအုပ်ကြီးဟာ လူစုကွဲ မသွားခဲ့ပါဘူး။ အင်းစိန်လမ်းမကြီးရဲ့ ဘေးတဖက်တချက်က ပလက်ဖေါင်းတွေပေါ်မှာ လူတွေတောင် တဖြည်းဖြည်း ပိုပိုများလာပါတယ်။

နေ့လည်လောက်မှာ စစ်ကားတွေ တန်းစီပြီး မြို့ထဲဖက်ကနေ ဝင်လာပါတယ်။ ဆယ်စီးလောက် ရှိပါတယ်။ နောက်ဆုံး ကားတွေပေါ်မှာ သံပေပါကြီးတွေရော သံဆူးကြိုးလိပ်တွေပါ ပါလာခဲ့ပါတယ်။ ကားတိုင်းပေါ်မှာ မျက်နှာထားတင်း တင်းနဲ့ လက်နက်အပြည့်အစုံ၊ အီကွေးမင့်အပြည့်အစုံနဲ့စစ်သားတွေ အပြည့်။ သေနတ်တွေမှာလဲ ဘက်နက်တွေ အဆင်သင့်တပ်ထားလို့။ တချို့က ခါးမှာ မျက်ရည်ယိုဗုံးတွေ အပြည့်ပတ်ထားလို့။ ရှေ့တန်းစစ်မျက်နှာမှာ ကတုတ် ကျင်းတခုခုကို အတင်းဝင်ရောက်သိမ်းဖို့ အသင့်ပြင်ဆင်လာခဲ့တဲ့ ပုံစံမျိုး။ စစ်သားတချို့က နောက်ဆုံးကား တွေပေါ် က ပေပါခွံကြီးတွေကို ကားအောက်ချလိုက်ပြီး ပေတရာလမ်းမကြီးပေါ်မှာ စစ်ကားတန်းကြီးရဲ့နောက် တန်းစီပြီး ထောင်ထားလိုက်ကြတယ်။ ရှေ့ကားပေါ်က စစ်သားတချို့လဲ ဆင်းလာပြီး စက်ရုံဂိတ်ဝအပေါက်နဲ့ ဝါးတရိုက်လောက် အကွာမှာပဲ ပေတရာလမ်းမကြီးပေါ် ကန့်လန့်ဖြတ်ပြီး မျဉ်းဖြူသုံးကြောင်းကို စည်းသားရေးဆွဲလိုက်ကြတယ်။ အဲဒီ မျဉ်းဖြူသုံးကြောင်းရဲ့ တလံကွာလောက်မှာ ဘက်နက်တပ် သေနတ်ကိုင်စစ်သားလေးယောက်ဟာ ရင်ဘောင်တန်းပြီး အသင့်အနေအထားနဲ့ မတ်တပ်ရပ်နေကြတယ်။ အဲဒီနောက်မှာ၊ တလံကွာလောက်ဆီမှာ၊ နောက်တတန်း နောက်တ တန်း ထပ်ပြီး ထပ်ပြီး မတ်တပ်ရပ်နေကြတယ်။ ဗိုလ်လုပ်တဲ့သူက ကားရှေ့ဘေးမှာမတ်တပ်ရပ်နေပြီး လက်ထဲမှာ စကားပြောစက်ကိုကိုင်ထားရင်း အဆက်မပြတ်မေးးလိုက် ဖြေလိုက် သတင်းအပို့အယူတွေ လုပ်နေတယ်။ ကားပေါ် မှာလဲ လက်နက်ကိုင်စစ်သားတွေက အပြည့်။

စက်ရုံ အလုပ်သမားကြီးတွေက အတွင်းစက်ရုံတွေထဲကနေ ကြွေးကြော်သံတွေ တိုင်နေကြသလို၊ ဂိတ်ဝကြီးအနီး အ ပြင်ဝင်းထဲကနေလဲ ကြွေးကြော်သံတွေ အတိုင်အဖေါက်ညီညီ အော်နေကြတယ်။ ဒီမြင်ကွင်းကို မြင်နေရတဲ့ ပြည်သူလူထုဟာ ရင်ထဲမှာ လှုပ်ရှားမှုမျိုးစုံနဲ့နိုးကြွနေပြီး သပိတ်မှောက်အလုပ်သမားကြီးတွေရဲ့ တိုက်ပွဲကို စိတ်ရောလူပါ အားပေးရင်း ရပ်ကြည့်နေမိကြတယ်။ စစ်တပ်ကတော့၊ မျဉ်းသားထားတဲ့ လမ်းမအတွင်း ဆင်းမလာနဲ့၊ လာတဲ့သူ ပစ်သတ်မယ် ထိုးသတ်မယ် ဆိုတဲ့အသွင်မျိုးနဲ့ ခပ်ထန်ထန်မျက်နှာကြောကို နှစ်ဆတိုးပြီး တင်းထားတယ်။ အဲဒီအချိန်မှာ ကျနော်လဲပဲ သပိတ်ကြီးကို ထောက်ခံသူတယောက်အဖြစ်၊ အားပေးသူတယောက်အဖြစ်၊ ပြည်သူပရိ သတ်ကြီးကြားမှာ ပါဝင်တည်ရှိ ရပ်ကြည့်ငေးမောနေမိတယ်။

ဂိတ်ဝတံခါးကြီးရှေ့ က ခုံပေါ်မှာ မတ်တပ်ရပ်ပြီး တရားဟောနေတဲ့ အလုပ်သမားခေါင်းဆောင်တဦးက ‘ကျနော်တို့ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြ သပိတ်မှောက်နေတာ ဖြစ်တယ်၊ ကျနော်တို့အလုပ်သမားတွေရဲ့ လိုလားချက်တွေကို တရားမျှတ စွာ တောင်းဆိုနေတာဖြစ်တယ်...’ဆိုတဲ့အကြောင်းနဲ့ တောင်းဆိုချက်တွေကို တခုချင်း ထပ်ပြီး ရှင်းပြနေတယ်။

အဲဒီအချိန်မှာ ဘတ်စ်ကားလိုင်းတွေလဲ ရပ်သွားလို့ ကုန်းကြောင်းလျှောက်ပြီး ပလက်ဖေါင်းအတိုင်း ပြန်လာကြရတဲ့၊ အင်းစိန်ဖက်ကနေ မြို့ထဲဖက်ဆီ ပြန်ကြရမယ့် ဝန်ထမ်းတွေ လက်လုပ်လက်စားတွေရော၊တိမွေးကုတက္ကသိုလ် စက်မှု တက္ကသိုလ်တို့ကနေ သမိုင်းအဆောင်တွေဆီ ပြန်ကြရမယ့် ကျောင်းသားကျောင်းသူတွေရော၊ ကမာရွတ်ဖက်ကနေ အင်းစိန်ဖက် သမိုင်းဖက်ပြန်ကြရမယ့် ဝန်ထမ်းတွေ ဈေးသည်တွေပါ ဒီနေရာရှေ့ရောက်လာကြတော့ ဒီလို မြင်ကွင်း ကြီးမျိုးကို မြင်လိုက်ကြရတော့ …

မတိုင်ပင်ရပဲနဲ့ ရပ်ကြည့်ပါဝင်လာကြသူတွေလဲ တဖြေးဖြေးများလာတယ်။ လူအုပ်ကြီးက ပိုပို များလာတယ်။ တချို့လဲ ဖြတ်သွားဖြတ်လာသဘော၊ တခဏ။ တချို့လဲ ဘာများ ဆက်ဖြစ်ကြဦးမလဲ စောင့်ကြည့်ချင်ကြတဲ့သဘော သိချင်ကြ တဲ့သဘော ခပ်ကြာကြာ။ တချို့ကတော့ အလုပ်သမားထုရဲ့ တိုက်ပွဲကြီးကို အားဖြည့်ပေးချင် အားရှိစေချင်တဲ့ စိတ် ပိုင်းဖြတ်မှုမျိုးနဲ့။ တချို့ကတော့ စစ်တပ်ကနေ ဒီ သပိတ်မှောက်အလုပ်သမားတွေကို အတင့်ရဲရဲ ဝင်ပြီး အကြမ်းမဖက် ဝံ့အောင် အကြမ်းမဖက်နိုင်အောင် အကာအကွယ်ပေးတဲ့သဘော စောင့်ကြည့်နေတဲ့သဘော သဘောထားအမျိုးမျိုး ခံစားမှုအဖုံဖုံနဲ့ ရပ်ကြည့်နေကြပါတယ်။ လူထုပရိသတ်ကြီးဟာ တဖြေးဖြေး များများ လာနေတယ်။ သွားတဲ့သူသွား၊ လာတဲ့သူ လာနဲ့ လမ်းဟာ ပလက်ဖေါင်းဘေး နှစ်ဖက်နှစ်ချက်မှာတော့ ပွင့်နေသေးတယ်။ အလျဉ်မပျက် စီးမျော လှုပ်ရှားနေပါတယ်။ အဲဒါကို စစ်တပ်က ဘယ်လိုမြင်မိပြီး ဘယ်လိုသဘောပေါက်လိုက်တယ် မသိပါဘူး။ ဘာဒါဖက် က အပေါက်ကို သွားလို့ လာလို့ ဖြတ်သန်းလို့မရ အောင် ပိတ်ပစ်လိုက်ပါတယ်။ အဲဒီတော့ အတွင်းပိုင်းက လူအုပ် ကြီးဟာ ရှိပြီးသားအတိုင်း၊ ကျောက်ချထားသလို အသေဖြစ်သွားရပါတော့တယ်။

ဘာဒါ မှတ်တိုင်အနားက တန်းစီးရပ်ထားတဲ့ စစ်ကားတန်းကြီးရဲ့အဆုံး၊ ဝါးနှစ်ရိုက်သာသာလောက်မှာ လှိုင်ရဲစခန်း ရှိ ပါတယ်။လမ်းမကြီးရဲ့ တဖက်ခြမ်းမှာတော့ စက်မှုရိပ်သာ နှစ်ထပ်တိုက်အဆောက်အဦးတွေ တန်းစီပြီး တည်ရှိနေ ပါတယ်။ အချိန်က တဖြေးဖြေးနဲ့ ညနေ သုံးနာရီ ကျော်လောက် ရှိလာပြီ။ ကြွေးကြော်သံတွေက ညံနေဆဲ။

အဲဒီအချိန်မှာ စကားပြောစက်ကို လက်ကမချ တမ်းကိုင်ပြီး စကားပြောနေတဲ့ စစ်ဗိုလ်က ဘယ်ကနေ ဘာအမိန့်ရ လိုက်သလဲ မသိပါဘူး။ တစုံတရာ လှမ်းပြောလိုက်တယ်။ မျက်ရည်ယိုဗုံးကိုင် စစ်သားတွေက မျက်ရည်ယိုဗုံးဝါဝါတွေ ကို ခါးကဖြုတ်ပြီး လက်ထဲကိုင်လိုက်ကြတာ သတိပြုလိုက်မိတယ်။ လူထုထဲမှာလဲ လှုပ်ကနဲ ဖြစ်သွားတယ်။ အဲဒီအ ချိန်မှာ လှိုင်ရဲစခန်းထဲက အဓိကရုဏ်းနှိမ်နင်းရေးပုလိပ်တွေဟာ လက်တဖက်မှာ ဒိုင်းခြင်းကြား၊ လက်တဖက်မှာတုတ် တွေကို ကိုယ်စီကိုင်ပြီး ထွက်လာတာ ခပ်ပျပျ မြင်လိုက်ရပါတယ်။ ပြီးတော့ အဲဒီဖက်ခြမ်းက နီးရာလူတွေကို လူအုပ်ကြီးထဲကနေ ဖြတ်သန်းရင်း ဘယ်ညာရိုက်ပါတော့တယ်။ အဲဒီတော့ လူတွေဟာလဲ ရှောင်ကြတိမ်းကြ ပြန်ခုခံကာ ကွယ်ကြနဲ့ ဝုန်းကနဲ ရုန်းရင်းဆန်ခတ်ဖြစ်သွားပါတယ်။

ရှေ့ဆုံးစစ်သားတွေဖက်က မျက်ရည်ယိုဗုံး နှစ်လုံး၊ လူအုပ်ကြီးဘက် ပြေးဝင်လာပါတယ်။ တရှူးရှူး မီးခိုးတွေနဲ့ မျက် ရည်ယိုဗုံးငွေ့ကြားမှာ လူထုပရိသတ်ကြီးဟာ ပလက်ဖေါင်းပေါ်ကနေ ပေတရာလမ်းမပေါ် ပြိုကျလာပါတယ်။ အဲဒီ အချိန်မှာ သေနတ်သံ နှစ်ချက် ထွက်လာတယ်။

‘ ပစ် ပြီ ဟေ့ ’ ဆိုတဲ့အသံ -
‘ ကျည် မပါဘူး ’ ဆိုတဲ့ အသံ -

နောက်တော့ တဒိုင်းဒိုင်းအသံတွေကြားမှာ …
‘ ဟ…ကျည် ပါတယ် ဟ... ရှေ့မှာ ထိသွားပြီ ...သွေးတွေနဲ့ မတွေ့ဘူးလား...’ ဆိုတဲ့အသံ
တွေနဲ့အတူ၊ စစ်တပ်ရဲ့ လူထုကြီးဆီကို ပေတရာလမ်းမတလျောက် တည့်တည့်ပစ်ခတ်နေသံတွေကြားမှာ ကျနော်လဲ ပလက်ဖေါင်းဘေး ခုန်ချဝပ်မှောက်လိုက်ရပါတယ်။ ဝပ်ရင်း မော့်ကြည့်လိုက်မိတော့ သွေးတွေနဲ့ ထိမှန်ထားတဲ့ လူတ ယောက်ကို လူသုံးလေးယောက်က အတင်းဝင်ဆွဲနေတာ မြင်လိုက်ရတယ်။ မကြာခင်မှာပဲ မျက်ရည်ယိုဗုံးက မီးခိုးငွေ့ တွေ ဟပ်မိပြီး၊ မျက်ရည်တွေ တွေတွေ တွေတွေ ထွက်ကျလာလို့ ခပ်ဝါးဝါးဖြစ်လာရာကနေ၊ စက်မှုရိပ်သာတွေဖက်ဆီ ဆုတ်ပြေးသွားရတဲ့ လူအုပ်ကြီးကြားထဲ ကျနော်လဲ ပါသွားရတော့တယ်။

အုတ်ကျင်းဖက်ခြမ်း ပလက်ဖေါင်းပေါ်က လူ အုပ်ကြီးကလဲ၊ လမ်းဘေးရှိ ဆောက်လက်စတိုက်တခုက ပုံထားတဲ့ အုတ်နီခဲတွေနဲ့ စစ်သားတွေဆီ ပြန်ပစ်ရင်း တရုန်းရုန်းဖြစ်သွားတယ်။ ချက်ချင်းဆိုသလိုပဲ၊ စစ်တပ်ရဲ့ လမ်းမတည့် တည့်တလျောက်ပစ်နေတဲ့ ကျည်ဆံတွေဟာလဲ လေးဘက်လေးတန်ဆီကို အဆက်မပြတ် လှမ်းပစ်တော့တာပါပဲ။ ရက်ရက်စက်စက်ကို လူအုပ်ကြီးတွေဆီ လှမ်းပစ်တော့တာပါပဲ။ ဒါကြောင့် လမ်းဘေးက အိမ်ပေါ်က ကြည့်နေကြသူ တွေဆီကိုပါ ဝင်မှန်ပါတယ်။ စက်မှုရိပ်သာ တိုက်တန်းတွေဖက်ဆီ အပြေးဆုတ်လာရတဲ့ ကျနော်တို့လူအုပ်ကြီးရဲ့ ခေါင်းတွေပေါ်မှာလဲ ကျည်ဆံတွေ တဝီဝီ ဖြတ်လာပါ တယ်။

မျက်ရည်ယိုဗုံးဒဏ်ကြောင့် မျက်လုံးတွေ နီ၊ မျက်ရည်တွေ ကျ ၊ စပ်ပူ စပ်လောင်ခံစားကြရရင်း၊ စက်မှုရိပ်သာက တိုက်ခန်းတွေထဲ ပြေးဝင်လာရပါတယ်။ ‘ရေပေးပါ … ရေလေး ပေးကြပါ ခင်ဗျာ...’ လို့ တောင်းသံတွေနဲ့အတူ၊ စေတ နာကြီးလှတဲ့ အိမ်ခန်းရှင်တွေက ရေအိုးတွေ ချပေးလို့၊ ကိုယ့်ပုဆိုး ကိုယ်ဆုတ်ဖြဲပြီး၊ အဝတ်စကို ရေထဲနှစ်၊ မျက်နှာ အုပ်သူ အုပ်ကြရ ၊ အိမ်ရှင်တွေက ချပေးတဲ့ မျက်နှာသုတ်ပုဝါ လက်ကိုင်ပုဝါအစတွေ ရေဆွတ်ပြီး မျက်နှာသုတ်ကြ မျက်နှာသစ်ကြနဲ့ တရုန်းရုန်းဖြစ်သွားရပါတယ်။ ကျနော်လဲ ပုဆိုးစုတ်စ ရေနှစ်ပြီး မျက်နှာကို ခဏခဏသုတ်ပေးနေရ တယ်။

ဒီနားမှာဆက်နေရင် ဒီဘက်တွေအထိ ဆက်တက်လာပြီးရှင်းရင်၊ အဖမ်းခံကြရနိုင်တာကြောင့် ခပ်သုတ်သုတ်ဆက် ထွက်လာခဲ့ကြတော့၊ ဒဏ်ရာရသူ နှစ်ဦးကို မနိုင့်တနိုင် ပွေ့ယူလာကြတဲ့လူအုပ်တအုပ်နဲ့ ကင်ပွန်းခြံ ကင်ပွန်းခြုံတွေ ကြား သွားတိုးပါတယ်။ ကျနော်တို့ပါ ဝိုင်းကူပြီးသယ်ပေးခဲ့ရပါတယ်။ တယောက်က ဒူးကို ထိမှန်ထားပြီး ခြေထောက် ကြီးဟာ လည်ထွက်နေပါတယ်။ သွေးတွေကလဲ ဒလဟော ထွက်လို့။ တယောက်က ပေါင်ရင်းမှာ မှန်ထားတာပါ။

သမိုင်းကောလိပ်ဖက်ဆီ ဆက်ထွက်လာခဲ့ကြပြီး ဒဏ်ရာရထားသူ နှစ်ဦးကို လမ်းဘေးမှာ ခဏချထားရင်း၊ အဲဒီတုန်း က ဘယ်ကထွက်လာမှန်းမသိရတဲ့ ပလကအလုပ်သမားကားကြီးတစီးကို လူအုပ်နဲ့ လက်ပြတားလိုက်ကြပြီး နီးရာ ဆေးရုံ ဆေးခန်းတခုခုကို ပို့ပေးပါလို့ အကူအညီတောင်းကာ ဝိုင်းပြီးတင်ပေးလိုက်ကြပါတယ်။ တဦးကတော့ ဒဏ်ရာ ရသူရဲ့ ညီတော်လို့၊ သူလိုက်သွားမယ်ဆိုပြီး ဒဏ်ရာရထားသူနဲ့အတူလိုက်သွားမှ ကျနော်တို့လဲ ရပ်ကွက်ထဲ ဟိုကွေ့ သည်ရှောင် ဝင်ရင်း လူစုခွဲပြီး ပြန်လာခဲ့ရပါတယ်။

အဲဒီအချိန်မှာပဲ ...
‘ ပုံ - သိန်းအောင်၊ ရန်ကုန်တိုင်းပြည်သူ့ကောင်စီ ’ ဆိုတဲ့ နာမည်နဲ့ ထုတ်ပြန်လိုက်တဲ့ ပုဒ်မ ၁၄၄ အမိန့်ကျေညာချက် အသံဟာလဲ နေရာအနှံ့ကနေ ထွက်ပေါ်လာနေပါတယ်။ မြန်မာ့အသံကနေ တဆင့်၊ ကားတွေပေါ်ကနေ တဆင့် လှည့်လည်အော်ဟစ်ကျေညာနေသံဟာ သပိတ်မှောက်အလုပ်သမားထုရဲ့ ကြွေးကြော်သံတွေအကြားမှာ ပျာလောင် ခတ်မျှ ထွက်ပေါ်လာနေခဲ့ပါတယ်။
မရှေးမနှောင်းမှာပဲ ...
‘ပုံ - အေးကို ၊ တိုင်းမှူး ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ’ဆိုတဲ့ ကျေညာသံလဲ ထွက်ပေါ်လာပြန်ပါတယ်။ စစ်မာန် စစ်သံ တင်းတင်းနဲ့ ကျေညာလိုက်တဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့အသံဟာ စစ်ကားတွေပေါ်က တဆင့်၊ ပြည်သူလူထုကြီးကို အပေါ်စီးကနေ ချိမ်းခြောက်နေသလို ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ နိုင်ငံတော်ဝန်ကြီးချုပ် ဦးစိန်ဝင်းရဲ့ နိုင်ငံတော်မှာ ဆန်အလုံအလောက်ရှိတဲ့အကြောင်း၊ ဆန်ပြဿနာ တစုံတရာမရှိနိုင်တဲ့အကြောင်း ရှင်းလင်းပြေဆိုသံဟာ မြန်မာ့အသံကနေ ဆက်တိုက်လိုလို ထွက်ပေါ်လာနေခဲ့ပါ တယ်။

ညဖက်ရောက်တော့ သမိုင်းချည်စက်ရှေ့ဒီပစ်ခတ်မှု ကြီးကြောင့် သွေးမြေကျ ရတာမှာ သေကြေထိခိုက် ဒဏ်ရာရကြ ရသူတွေ မနည်းလှကြောင်း၊ ဟိုက သည်က ထပ်ပြီး ကြားရပါတယ်။ ကျနော့်ရှေ့မှာတင် မြင်လိုက်ရတာက လေး ယောက်တိတိ။ ကျနော်ကိုယ်တိုင် မမြင်လိုက်ရတဲ့ဘက်မှာက ဘယ်နှစ်ယောက် ရှိလေမလဲ မသိပါ။ ဒါ..ဇွန်လ(၆)ရက် သမိုင်းချည်စက်ရှေ့က ကျနော့်ကိုယ်တွေ့ မျက်မြင်အဖြစ်အပျက်တကွက်ပါ ။ ဒီ သမိုင်းချည်စက်ရှေ့က သွေးမြေကျ ခဲ့ ရမှု အဖြစ်အပျက်ကြီးဟာ ‘၇၄ - ဇွန်(၆)အလုပ်သမားအရေးတော်ပုံကြီး’ ရဲ့ ဘယ်တော့မှ ဖျောက် ဖျက်ပစ်လို့မရနိုင် မယ့် ကနဦးအဖွင့်နိဒါန်းသဖွယ်လဲ ဖြစ်ခဲ့ပါတယ်။

ဇွန်လ(၆)ရက်အကျော် (ရ)ရက်နေ့အကူးမှာလဲ သမိုင်းချည်စက်ရှေ့က ပထမဆုံးသွေးမြေကျခဲ့ရရာ နေရာအနီးမှာပဲ နောက်ထပ်ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နှိပ်ကွပ်တာ ခံခဲ့ကြရပြန်ပြီး၊ ဆင်မလိုက်သင်္ဘောကျင်းသပိတ်ကိုလဲ အတင်းဝင်ရောက်ပစ်ခတ်ဖြိုခွဲပစ်လို့ သေဆုံးရတဲ့ အလုပ်သမားတွေ ရှိခဲ့ရပါတယ်။ စစ်တပ်နဲ့ဝင်ပြီး အတင်းဖမ်းဆီးခံ ကြရတာတွေကတော့၊ ဆန္ဒပြတဲ့ စက်ရုံအလုပ်ရုံ တိုင်းလိုလိုပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အင်းစိန်မီးရထားစက်ခေါင်းရုံ၊ အုတ်ကျင်းဂုံနီစက်ရုံ၊ ဆင်မလိုက်သင်္ဘောကျင်း၊ ဘီပီအိုင်ဆေးဝါးထုတ်လုပ်ရေးစက်ရုံနဲ့ သမိုင်းချည်စက်တို့က အလုပ် သမားတွေ အများဆုံးဖြစ်ခဲ့ပါတယ်။ အုတ်ကျင်းဂုံနီစက်ရုံက အဖမ်းအဆီးခံကြရသူတွေထဲမှာ ကျနော့်မိတ်ဆွေ စာရေး
ဆရာဖိုးကျော့ တို့လဲ ပါခဲ့ပါတယ်။

ပြည်သူလူထုကြီးရဲ့ (၉ဝ ဒဿမ ၁၉)ရာခိုင်နှုန်းကျော်က တခဲနက်ထောက်ခံဆန္ဒပြုထားကြတဲ့ ‘၁၉၇၄- ဖွဲ့စည်းအုပ် ချုပ်ပုံအခြေခံဥပဒေ’ ဆိုတာကြီးကို လူထုကြီးတရပ်လုံးရဲ့ အကျိုးပွားအတွက် အောင်မြင်စွာအကောင်အထည်ဖေါ် အတည်ပြု ပြဌာန်းနိုင်ပြီးပြီ လို့ မိုးတလုံးလေတလုံးလိမ်ညာကြွေးကြော်ဟစ်အော်ပြသနေဆဲ ကာလမှာပဲ၊ အသံတောင် မစဲသေးမီမှာပဲ၊ မဆလစစ်အစိုးရဟာ ဆန်တောင်းတဲ့အလုပ်သမားတွေကို ကျည်ဆံတွေပဲပေးပြီး၊ သူတို့ရဲ့ စစ်အာ ဏာရှင် ဘီလူးသရုပ်ကို အစွယ်တပြူးပြူးနဲ့ ပြသခဲ့ပါတယ်။ နောက်ပိုင်းမှာမှ ကာလတခု ခြားပြီး၊ စက်ရုံ အလုပ်ရုံ ဝန် ထမ်းတိုင်းကို တလလျှင် လူတကိုယ် ဆန်(၅)ပြီ နှုန်း ထုတ်ပေးခဲ့ပါတယ်။ ဒါဟာ ဘာပဲဖြစ်ဖြစ် ဒီတိုက်ပွဲကြီးရဲ့ အကျိုး ဆက်တခုလို့ပဲ ပြောရမှာပါ။ နောက်ပိုင်းတော့ ‘အလုပ်သမားကောင်စီ’ ဆိုတဲ့ နာမည်အစား၊ ‘အလုပ်သမားအစည်း အရုံး’ လို့ နာမည်အသစ်ပြောင်းပြီး သဏ္ဍာန်အရ ပြောင်းလဲပြင်ဆင်ဖွဲ့စည်းပေးတာတွေ လုပ်ခဲ့ရပါတယ်။

ဂုဏ်ရောင်ပြောင်တဲ့၊ သမိုင်းစာမျက်နှာပေါ်မှာ မှတ်တမ်းတင်ထားရမယ့် ဒီ ‘ ဇွန် ၆၊ အလုပ်သမားအရေးတော်ပုံကြီး’ ဟာ ဗမာပြည်အလုပ်သမားလှုပ်ရှားမှု သမိုင်းမှာသာမက၊ ဗမာပြည်စစ်အာဏာရှင် ဆန့်ကျင်ရေးသမိုင်းမှာရော၊ ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းမှာပါ ထာဝရ မော်ကွန်းထူထားခဲ့ရပါ ပြီ။
အလုပ်သမားထုရဲ့ ၈ုဏ်ရောင်ပြောင်တဲ့ တိုက်ပွဲဝင်စိတ်ဓါတ် - ထာဝရ ဂုဏ်ရောင် ပြောင်ပါစေ ...
ဇွန်(၆)စိတ်ဓါတ် အဓွန့်ရှည်ပါစေ ...

( ဝင်းတင့်ထွန်း )
ဇွန်လ၊ ၁၉၉၉

မှတ်ချက်။ ။ ဇွန်(၆)အရေးတော်ပုံ ငွေရတုအထိမ်းအမှတ်၊ ၁၉၉၉ ခုနှစ်က ရေးသားခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။ အခု ပြန်လည်ရှာဖွေကူးယူရိုက်နှိပ်ပေးလိုက်ရတာ ဖြစ်ပါတယ်။

မေး(လ်) ဖြင့်ပေးပို့ သူအားအထူးကျေးဇူးတင်ရှိပါသည်။
http://www.laminkhinkhin.blogspot.com/

၅ နှစ်အတွင်း မြန်မာစစ်အုပ်စုအနေနဲ့ တာဝေးပစ်ဒုံးကျည်များ ထုတ်လုပ်လာနိုင်

100603_bty_bur_nulcear.pdf 0.122 MB
100603 Bty Bur Nulcear

နိုင်ငံဝန်ထမ်းများက နိုင်ငံရေးပါတီ တည်ထောင်ခွင့်ရှိသလော


နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေနှင့် နည်းဥပဒေများတွင်နိုင်ငံရေးပါတီ တည်ထောင်လိုကြောင်း လျှောက်ထားသူများသည် နိုင်ငံဝန်ထမ်းမဟုတ်သူများကသာ လျှောက်ထားခွင့် ရှိပါသည်။
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၂၁ တွင် မည်သူများသည်ပြည်သူ့ဝန်ထမ်းများဖြစ်ကြောင်း ပြဌာန်းထားပါသည်။ ပြည်သူ့ဝန်ထမ်း၏အဓိပ္ပါယ်ကိုလည်းကောင်း၊ နိုင်ငံဝန်ထမ်း၏ အဓိပ္ပါယ်ကိုလည်းကောင်း မည်သည့်ဥပဒေတွင်မျှ ဖွင့်ဆိုထားခြင်းမရှိပါ။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၂၁အပိုဒ်(၉) အရ အစိုးရအဖွဲ့ဝင် ၀န်ကြီးကို ပြည်သူ့ဝန်ထမ်းအဖြစ်ထည့်သွင်းသတ်မှတ်ခဲ့ပါသည်။ (ဦးကျော်သိန်း နှင့် ပြည်ထောင်စုပါ ၂၊ ၁၉၅၉မြန်မာပြည် စီရင်ထုံး ၁၄၅ လွှတ်တော်ချုပ်)
ထို့ပြင် ဦးသန်းမောင် နှင့် ပြည်ထောင်စု (၁၉၆၁ ၊ မြန်မာပြည်စီရင်ထုံး၁၉၇ လွှတ်တော်) တွင် “နိုင်ငံတော်ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင်တစ်ဦးဖြစ်၍ ၀န်ကြီးဆိုသော စကားတွင် အကျုံးဝင်ကြောင်းထုံးဖွဲ့ဆုံးဖြတ်ထားပါသည်။ ပြည်သူ့ဝန်ထမ်းဆိုသော စကားရပ်နှင့်နိုင်ငံဝန်ထမ်းဆိုသောစကားရပ်တို့ကို စီစစ်ကြည့်ရှုရန် လိုအပ်ပါသည်။အစိုးရထုတ်ဝေသော ပြစ်မှုဆိုင်ရာ ဥပဒေတွင် မြန်မာဘာသာဖြင့်ပြည်သူ့ဝန်ထမ်းဟု လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့် “Public servant”ဟုလည်းကောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
မြန်မာစာ ကော်မရှင်က ထုတ်ဝေသော မြန်မာ-အင်္ဂလိပ် အဘိဓာန်တွင် ပြည်သူ့ဝန်ထမ်း n/ Civil servant; government employee ဟု ဖော်ပြပါရှိသည်ကိုတွေ့မြင်နိုင်ပါသည်။
တစ်ဖန် နိုင်ငံဝန်ထမ်းကို n/ Civil servant ဟု မြန်မာ-အင်္ဂလိပ်အဘိဓာန်တွင် တွေ့ရှိနိုင်ပါသည်။နိုင်ငံဝန်ထမ်း နှင့် ပြည်သူ့ဝန်ထမ်းမှာအဓိပ္ပါယ် အတူတူဖြစ်ကြောင်း ထင်ရှားပါသည်။
သို့ဖြစ်ရာ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ၀န်ကြီးများသည်ပြည်သူ့ဝန်ထမ်း သို့တည်းမဟုတ် နိုင်ငံဝန်ထမ်း ဖြစ်ကြပါသည်။
နိုင်ငံရေးရာထူးတာဝန် (Political Position) သည် နိုင်ငံဝန်ထမ်းမဟုတ်ကြောင်း ပြောကြားခြင်းမှာ မှန်ကန်မှု မရှိပါ။ ဥပဒေဆိုင်ရာအဓိပ္ပါယ်ဖွင့်ဆိုချက်များလည်း မဟုတ်ပါ။
နိုင်ငံဝန်ထမ်းများက နိုင်ငံရေးပါတီ ဖွဲ့စည်းတည်ထောင်ခြင်း၊နိုင်ငံဝန်ထမ်းများက နိုင်ငံရေးပါတီတွင်အဖွဲ့ဝင် အဖြစ်ပါဝင်ခြင်းမှာ၂၀၁၀ ပြည့်နှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် လုံးဝဆန့်ကျင်နေပါသည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်ဆန့်ကျင်နေသဖြင့် နိုင်ငံတော် ၀န်ကြီးချုပ်က နိုင်ငံရေးပါတီတည်ထောင်ခြင်းမှာ အစကပင် ပျက်ပြယ်နေသော (Void Ab initio)ဖွဲ့စည်းခြင်းဖြစ်ပါသည်။

စေတနာဖြင့်
ရန်ငြိမ်းအောင်(လူငယ်)

အမြင်

Tuesday, June 1, 2010
`လေစိမ်းတွေ တိုက်နေပြီ အိမ်ထဲဝင်တော့` ဆိုတဲ့ အသံတခုရဲ့ အဆုံးမှာ အိမ်ထဲပြေးဝင်သွားတဲ့ သုံးနှစ်အရွယ်ကလေးငယ်ရဲ့`လေ`ဆိုတာကို မြင်တဲ့အမြင်။
`သမီးလေးအတွက် လေပူဖောင်း`ဆိုတဲ့ အသံတခုရဲ့ အဆုံးမှာ လက်ထဲ ရောက်လာတဲ့ လေပူဖောင်းလေး နိမ့်တုံမြင့်တုံ ဖြစ်နေတာကို ကြည့်ပြီးပျော်နေတဲ့ ငါးနှစ်အရွယ်ကလေးငယ်ရဲ့ `လေ`ဆိုတာကို မြင်တဲ့အမြင်။
ကျောက်သင်ပုန်းပေါ်က လေထုသိပ်သည်းဆနဲ့ လေဖိအားဆိုင်ရာ ဖော်မြူလာတွေကို လိုက်လံမှတ်သားနေတဲ့ အသက်ဆယ့်လေးနှစ်အရွယ် ကျောင်းသူတယောက်ရဲ့ `လေ`ဆိုတာကို မြင်တဲ့အမြင်။
လေထုစွမ်းအင် ထုတ်လုပ်ရေး စီမံကိန်းလုပ်ငန်းခွင်ထဲက wind turbine တွေအနီးမှာ ရပ်နေတဲ့ အင်ဂျင်နီယာတယောက်ရဲ့ `လေ`ဆိုတာကို မြင်တဲ့အမြင်။
လေထုစွမ်းအင်နဲ့ သက်ဆိုင်တဲ့ ဘောဂဗေဒ လေ့လာဆန်းစစ်ချက်တွေကို တက္ကသိုလ်ရုံးခန်းထဲမှာ ငုတ်တုပ်ထိုင်လုပ်နေတဲ့ ပညာရှင်တယောက်ရဲ့ `လေ`ဆိုတာကို မြင်တဲ့အမြင်။
အနုမြူစွမ်းအင်နဲ့ လေထုစွမ်းအင်ဆိုင်ရာ မူဝါဒပရိုပိုဆာတွေကိုင်ရင်း ပြင်းခုန်ဆွေးနွေးနေကြတဲ့ ပါလီမန်ထဲက အမတ်မင်းတွေရဲ့ `လေ`ဆိုတာကို မြင်တဲ့အမြင်။
`ပူလိုက်တာကွာ လေအေးအေးလေးတိုက်ရင် ကောင်းမှာပဲ`ဆိုတဲ့ အပူပိုင်းဒေသက လူတယောက်ရဲ့ `လေ`ဆိုတာကို မြင်တဲ့အမြင်။
`လေတွေကလဲ တိုက်လိုက်တာဟယ်။ သစ်ပင်တွေလဲရင်တော့ ဒုက္ခပါပဲ`ဆိုတဲ့ လေတိုက်နှုန်းမြင့်မားရာ ဒေသက လူတယောက်ရဲ့ `လေ`ဆိုတာကို မြင်တဲ့အမြင်။
လေပေါက်မပါတဲ့ အလုံပိတ်ကားထဲမှာ ပိတ်မိနေတဲ့ လူတယောက်ရဲ့ `လေ`ဆိုတာကို မျှော်လင့်တောင့်တမှု။
လေမုန်တိုင်းဒဏ်ကို အလူးအလဲ ခံနေရတဲ့ လူတယောက်ရဲ့ `လေ`တိုက်နှုန်းတွေ လျော့နည်းစေလိုမှု။
တကယ်တော့ လူတိုင်း၊ လူတိုင်းမှာ အသက်အရွယ်အရ၊ ပညာအရည်အချင်းအရ၊ အတွေးအခေါ် အဆင့်အတန်းအရ၊ ရှုမြင်တဲ့ ရှုထောင့်မျိုးစုံအရ မတူညီတဲ့ အမြင်တွေ ဆိုတာ ရှိကြစမြဲပါ။
လောကကြီးဆိုတာ မတူညီတဲ့အမြင်၊ မတူညီတဲ့ အတွေးအခေါ်၊ မတူညီတဲ့ လိုအင်ဆန္ဒ၊ မတူညီတဲ့ အသက်အရွယ်၊ မတူညီတဲ့ ပညာအဆင့်အတန်း၊ မတူညီတဲ့ အသက်မွေးဝမ်းကျောင်း အစရှိတဲ့ မတူညီကွဲပြားမှုတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပါ။
ဒီလို ကွဲပြားမှုတွေအကြားမှာ `ငါနဲ့မတူ၊ ငါ့ရန်သူ`ဆိုတဲ့ စကားပုံကို လက်စွဲပြီး ကိုယ်တွေးသလို မတွေးရင် တွေ့သမျှလူနဲ့ငြင်းခုန်၊ ကိုယ့်အမြင်နဲ့ ထပ်တူမကျသူတွေကို စွပ်စွဲရန်တွေ့၊ တဘက်လူတွေရဲ့ ကိုယ်ရေးကိုယ်တာတွေကို အပုပ်ချရင်း ဝေလေလေနဲ့ အချိန်မဖြုန်းသင့်ကြပါ။ ဆိုလိုရင်းနဲ့ စိတ်ထားအရင်းခံကို မမြင်ပဲ ငါထောက်ခံတဲ့ ကိစ္စကို သူမထောက်ခံတာနဲ့၊ ငါမထောက်ခံတဲ့ ကိစ္စကို သူထောက်ခံတာနဲ့ ပုဂ္ဂိုလ်ရေးအရ ဆဲဆို စွပ်စွဲပုတ်ခတ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေဟာ လူ့အဖွဲ့အစည်း ရှင်သန်ရပ်တည်မှုမှာ အဓိကကျတဲ့ `မတူညီမှုတွေအကြားမှာ အတူတကွ ယှဉ်တွဲနေထိုင်မှု` ကို ထိခိုက်စေပါတယ်။
လူ့အဖွဲ့အစည်းတခုရဲ့ မြင့်မားတိုးတက်မှုကို နှောင့်နှေးထိခိုက်စေတဲ့ နောက်ထပ် အတွေးအခေါ်တခုကတော့ လက်တွေ့လုပ်ငန်းတာဝန် ထမ်းဆောင်နေသူများရဲ့ သဘောတရားရေးရာ လေ့လာသူများကို အဆိုးမြင်အတွေးအခေါ်ပဲ ဖြစ်ပါတယ်။ သဘောတရားတွေ၊ သီအိုရီတွေဆိုတာကလဲ လေ့လာသူတွေက ထင်ရာမြင်ရာ တွေးပြီး ရေးချင်ရာ ရေးနေကြတာ မဟုတ်ပါ။ လေ့လာသုတေသနပြုပြီးမှ ရေးသားကြတာ ဖြစ်ပါတယ်။ အဲဒီမှာမှ အတွေးအခေါ်အရ၊ အမြင်အရ၊ ပြောင်းလဲမှုအခြေအနေတွေအရ မတူညီတဲ့ ရှုထောင့်တွေပေါ် မူတည်ပြီး ဖောက်ထွက်တွေးတောရင်း သဘောတရားအသစ်တွေပါ ထပ်မံ ပေါက်ဖွားလာတာတွေလဲ ရှိတတ်ပါတယ်။ ကမ္ဘာ့သမိုင်းသစ်ကို သွေးနဲ့ ရေးထားခဲ့တဲ့ အရင်းရှင်တော်လှန်ရေးကြီးရဲ့ အမြုတေဟာ လန်ဒန်မှာ စာတွေထိုင်ဖတ်၊ ထိုင်ရေးနေခဲ့တဲ့ Karl Marx ရဲ့ ကွန်မြူနစ်ကြေညာစာတမ်းနဲ့ အရင်းကျမ်းကြောင့်လို့ ဆိုရင် ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒီလိုပါပဲ။ လီနင်ဆိုတဲ့ တော်လှန်ရေးခေါင်းဆောင် ရှိရုံနဲ့လဲ တော်လှန်ရေး ကြီးဟာ ပြီးပြည့်စုံခဲ့တာ မဟုတ်ပါဘူး။ လူထုရဲ့ စိတ်နှလုံးကို နှိုးဆွပေးနိုင်မယ့် စာရေးဆရာ ဂေါ်ကီကလဲ သူ့နေရာနဲ့သူ တာဝန်ကျေခဲ့တာ ဖြစ်ပါတယ်။ Karl Marx တို့၊ ဂေါ်ကီတို့ကလဲ တော်လှန်ရေးခေါင်းဆောင်နေရာကို မတောင်းဆိုခဲ့သလို လီနင်ကလဲ မဆီမဆိုင် Karl Marx ကို လက်တွေ့မပါတဲ့ သဘောတရားရေးသမားကြီးလို့ ပြောနေခဲ့တာ မဟုတ်ပါဘူး။ သဘောတရားထဲက သူလိုအပ်မယ်ထင်တဲ့ လက်တွေ့လုပ်ငန်းစဉ်တွေကို သူ့ဘာသာသူ ရွေးချယ်ထုတ်နှုတ်ပြီး ချမှတ်သွားခဲ့ပါတယ်။ ကိုယ်လုပ်နိုင်တာ ကိုယ်လုပ်ခဲ့ကြတာပါပဲ။
ဘယ်လိုပဲ ဖြစ်ဖြစ် သဘောတရားမပါတဲ့ လက်တွေ့နဲ့ လက်တွေ့မပါတဲ့ သဘောတရားနှစ်မျိုးစလုံးဟာ အောင်ပွဲနဲ့ လွဲတတ်တယ် ဆိုတာကတော့ အသေအချာပါပဲ။

ဒါကြောင့် သဘောတရားနဲ့ လက်တွေ့ကို စနစ်တကျ ပေါင်းစပ်ဖို့ လိုအပ်လှပါတယ်။ ဒီနေရာမှာလဲ သဘောတရားတိုင်းဟာ လက်တွေ့နဲ့ နီးစပ်ချင်မှ နီးစပ်မှာပါ။ အချိန်ကာလ၊ နေရာဒေသနဲ့ မကိုက်ညီတာတွေလဲ ရှိတတ်စမြဲပါ။ လက်တွေ့နဲ့ ကိုက်ညီမယ့် လုပ်နည်းလုပ်ဟန်တွေကို ရွေးချယ် ထုတ်နှုတ် အသုံးပြုတတ်ဖို့က လက်တွေ့သမားဆိုသူများအတွက် အလွန် အရေးကြီးပါတယ်။
ဒီလိုမဟုတ်ပဲ စာတွေ့၊ လက်တွေ့ဆိုပြီး ခွဲခြားဆက်ဆံနေကြလို့ကတော့ အချင်းချင်း အငြင်းပွားရင်း တစ်နဲ့ တစ်ပေါင်းပြီး နှစ်ဖြစ်ရမယ့်အစား တစ်နဲ့ တစ် ဆန့်ကျင်ဘက်တွေ့ပြီး သုညဖြစ်သွားတာပဲ အဖတ်တင်ကျန်ရစ်မှာ ဖြစ်ပါတယ်။
မတူညီကွဲပြားတဲ့ အမြင်တွေ၊ ခံယူချက်တွေကို တခုတည်းဖြစ်အောင် အတင်းအကြပ် လိုက်လံစည်းရုံးတာ၊ အုပ်စုဖွဲ့ပြီး သင်းကွဲကို လိုက်လံတိုက်ခိုက်တာတွေဟာ အရည်မရ၊ အဖတ်မရ အလုပ်တွေပဲ ဖြစ်ပါတယ်။ မတူညီမှုထဲကနေ ဘုံအကျိုးစီးပွားကို ရှာဖွေ ဖော်ထုတ်ခြင်း၊ အပေးအယူပြု ညှိနှိုင်းခြင်း၊ ကိုယ့်တာဝန် ကိုယ်ကျေပြွန်ခြင်း တို့နဲ့သာ တိုးတက်တဲ့ လူ့ဘောင်သစ်၊ နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါကြောင်း။

ခင်မမမျိုး (၁၊ ၆၊ ၂၀၁၀)
http://khinmamamyo.blogspot.com/

ROHINGYA JOURNAL VOLUME 1 OF ISSUE 6 JUNE 2010

volume 1 issue 6 jun 2010.pdf 2.203 MB
Volume 1 Issue 6 Jun 2010

burma nuclear ambitions