Thursday, June 10, 2010

10 May 2010 ဒိုင်ယာရီ

10 June 2010 yeyintnge's diary.doc file download here with picture
10 June 2010 Yeyintnge's Diary

ရန်ကုန်မြို့ လယ်နေရာအချို့ တွင် စစ်အစိုးရဆန့် ကျင်စာများ ဝေငှ ပြီး ဆန္ဒပြပွဲ ငယ်များပြုလုပ်

June 10, 2010 Freedom News Group
ယနေ့ မွန်းလွဲ တစ်နာရီ အချိန် ခန့် က ရန်ကုန် မြို့ ပန်းဘဲတန်း မြို့ နယ် ကုန်ဈေးတန်း လမ်း နှင့် သိမ်ကြီး ဈေးတစ်
ဝိုက် တွင် လူငယ် ၁၁ ဦးခန့် က အချင်းချင်း လက်ခြင်း ချိန်ကာ စစ်အစိုးရ အလို မရှိ ဟု ကြွေးကျော် အော်ဟစ်ပြီး
စစ်အစိုးရ ဆန့် ကျင်စာ များ လည်း ဝေငှ သွားသည် ဟု သိရှိရသည်။

လူငယ်များ ၏ စစ်အာဏာရှင် ဆန့် ကျင်ရေး လှုပ်ရှားမှု ကို တွေ့ လိုက်ရသူ တစ်ဦးက ‘စာတွေ ဝေသွားတယ်။
စစ်အစိုးရ အလို မရှိ ၊ အာဏာရှင် ကျဆုံးပါစေ လို့ အော်ကြတယ် ပြီးတော့ ချက်ခြင်းပဲ ဟိုင်းလပ် ကား တစ်စီး
လာတော့ တက်သွား တယ် ။ ဘယ် သူမှ တော့ အဖမ်းမခံ ရဘူး ၊ကျန် ခဲ့တဲ့ စာရွက် အချို့ ကိုတော့ အခု စည်ပင်
ရဲ နဲ့  ပန်းဘဲတန်း ရဲစခန်း က လိုက်သိမ်းနေတယ် ဟု Freedom News Group သို့ ပြောသည်။

ယနေ့ ပြုလုပ်သည့် စစ်အစိုးရ ဆန့် ကျင် စာများ ဝေငှ မှု အား မည် သည့် အဖွဲ့ က ပြုလုပ်သည် ကို မသိရှိ ရသေး
သော်လည်း ယခု သီတင်း ပတ် အတွင်း ရန်ကုန် နယ်နိမိတ် ရှိ တက္ကသိုလ် အချို့ တွင် အစိုးရ ဆန့် ကျင်စာ များ ဝေ
ငှ မှု ရှိသည် ဟု သိရသည်။အခြေခံပညာ ကျောင်းသား များ သမဂ မှ ကျောင်းဖွင့် ချိန် တွင် ဆရာ၊ဆရာ မ များ ၏
ကျောင်းသား များ ကို ကျူရှင် မယူမနေရ ပုံစံ ဖြင့် စာ သင်ကြားနေခြင်း ကို ဆန့် ကျင်သွား မည် ဟု သိရသည်။

၂၀၁၀-၁၁ ပညာ သင် နှစ် တွင် အခြေခံ ပညာ ကျောင်း ဆရာ – ဆရာ မ များ က ကျုရှင် မယူသည့် ကျောင်းသား
များ အား အတန်း ထဲ တွင် ခွဲခြား ဆက်ဆံမှု များ ပိုမို ပြုလုပ် လာသည် ဟု သိရသည်။

ယနေ့ စစ်အာဏာရှင် ဆန့် ကျင် ရေး လှုပ်ရှားမှု သည် အခြေခံ ကျောင်း များ ဖွင့် လှစ်ပြီး သီတင်း တစ်ပတ် ခန့် 
အကြာတွင် ဖြစ်သည်။
http://freedomnewsgroup.com/

နို့ညှစ်မှားသူများ

နို့ညှစ်မှားသူများ

ဝရဇိန် / ၁၀ ဇွန် ၂၀၁၀


ဒီကိစ္စတော့ မပြောတော့ဘူး။ အရေးတယူပြောလောက်တဲ့ ကိစ္စလည်းမဟုတ်ဘူးလို့ ယူဆပြီး မပြောဘဲနေလာခဲ့တယ်။ ဒါပေမယ့် တိတိကျကျ ခိုင်ခိုင်မာမာ ခြေခြေမြစ်မြစ် ထောက်ပြဝေဖန်တဲ့သူပဲ မရှိလို့လေလား၊ ဒါမှမဟုတ် ဘယ်သူပဲ ထောက်ပြဝေဖန်ပါစေ ငါတို့ကတော့ “ကျားကျား … မီးယပ်ပဲ” ဆိုသလို ကြွေးကြော်အော်ဟစ်နေကြတာလေလားတော့မသိ။ နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မယ်ဆိုတာချည်းပဲ ပြောနေကြတဲ့ ပုဂ္ဂိုလ်ကြီးများရဲ့ အဓိကအကြောင်းပြချက်တချို့ကို ထပ်တလဲလဲပြနေကြတဲ့ အသံတွေက နည်းနည်းပိုပြီး ဆူဆူညံညံ ကျယ်ကျယ်လောင်လောင် ဖြစ်လာနေတယ်ထင်လို့ “ဆိုရေးရှိက ဆိုအပ်လှ၏၊ ဆိုစများလျား၊ ထားပချေမိ၊ ငါ့ဝန်ရှိခဲ့” ဆိုတဲ့ထုံး နှလုံးမူပြီး အခုဆောင်းပါးကို ရေးလိုက်ရတာဖြစ်တယ်။

သူတို့ ထပ်တလဲလဲ ပြနေကြတဲ့ အကြောင်းပြချက်တွေထဲက ပထမဆုံးတခုက “ပြည်သူတွေမှာ ထည့်စရာ ဒီမိုကရေစီမဲပုံး မရှိမှာစိုးလို့ နအဖရဲ့ ၂၀၀၈ အခြေခံဥပဒေရော၊ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတွေဟာ မတရားမှန်း သိသိကြီးနဲ့ ရွေးကောက်ပွဲဝင်ဖို့ ကျုပ်တို့ ဆုံးဖြတ်လိုက်ရတာဖြစ်တယ်” ဆိုတဲ့ အကြောင်းပြချက်ဖြစ်တယ်။

သူတို့ဆိုလိုတာက မြန်မာပြည်သူတွေဟာ နအဖရဲ့ မတရားမှုမှန်သမျှကို သိကြတယ်။ ဒါကြောင့် ပြည်သူတွေဟာ နအဖကို ဖယ်ရှားချင်ကြတယ်။ ဖယ်ရှားနိုင်မယ့် တခုတည်းသော နည်းလမ်းကလည်း ရွေးကောက်ပွဲနည်းလမ်းဖြစ်တယ်။ အဲဒီနည်းလမ်း အသုံးပြုပြီး ဖယ်ရှားဖို့ဆိုရင် ရွေးကောက်ပွဲမှာ နအဖဘက်တော်သားတွေရဲ့ မဲပုံးတွေချည်း ရှိနေလို့မဖြစ်ဘူး။ နအဖကို ဆန့်ကျင်တဲ့ ဒီမိုကရေစီဘက်တော်သားတွေရဲ့ မဲပုံးတွေရှိဖို့ မဖြစ်မနေလိုအပ်တယ်။ ဒါကြောင့် အဲဒီလိုအပ်ချက်အရ သူတို့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ရတာဖြစ်တယ် ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်။

ဒုတိယအကြောင်းပြချက်က နအဖရဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ တခုတည်းသော နည်းလမ်းက လွှတ်တော်ထဲမှာ ပြင်ဆင်ဖို့ဖြစ်တယ်။ အဲဒီလိုလုပ်နိုင်ဖို့ လွှတ်တော်ထဲကို ရောက်ဖို့လိုတယ်။ ဒါကြောင့် လွှတ်တော်ထဲကို ရောက်နိုင်ဖို့ ရွေးကောက်ပွဲဝင်ရတာဖြစ်တယ်လို့ ဆိုတယ်။

တတိယအကြောင်းပြချက်က ရှိပြီးသားပါတီအနေနဲ့ တရားဝင် နိုင်ငံရေးစင်မြင့် ပျောက်မသွားစေဖို့ (တနည်း) တရားဝင် နိုင်ငံရေးပါတီတခုရဲ့ ပြောရေးဆိုခွင့် ပျောက်မသွားစေဖို့ ဒါမှမဟုတ် မရှိသေးတဲ့ ပါတီတရပ်အနေနဲ့ဆိုရင်လည်း နိုင်ငံရေးစင်မြင့်တခု political space တခုရရှိစေဖို့ ရွေးကောက်ပွဲဝင်ရတာ ဖြစ်တယ်လို့ ဆိုတယ်။

အခြားသောအကြောင်းပြချက်တွေလည်း ရှိသေးပေမယ့် အခုပြောခဲ့တဲ့အချက်တွေနဲ့ ကြောင်းတူသံကွဲတွေချည်းမို့ ပြောမနေတော့ဘူး။ အဲဒီအကြောင်းပြချက်တွေကို ဂျာနယ်တွေထဲမှာ၊ ရေဒီယိုအင်တာဗျူးတွေမှာ ထပ်တလဲလဲ ဖတ်ရကြားရဖန်များလာတော့ တခြားသူတွေတော့ ဘယ်လိုခံစားရမယ် မပြောတတ်ဘူး။ မိမိကတော့ “ခက်တော့ ခက်နေပြီ” လို့ပဲ ရေရွတ်မိတယ်။ တမျိုးလည်း စဉ်းစားမိတယ်၊ သူတို့ရဲ့အတွေးအခေါ်တွေက ကိုယ်လိုက်မမီနိုင်လောက်အောင်ပဲ မြင့်လွန်းနေတာများလားပေါ့။

နအဖက ဒီနှစ်ထဲမှာ မဖြစ်မနေ ကျင်းပပေးမယ်လို့ ကြုံးဝါးနေတဲ့ ရွေးကောက်ပွဲ (ဆယ်စုနှစ် နှစ်ခုကျော်ကာလအတွင်း ပထမဆုံးဖြစ်လာမယ့် အဲဒီရွေးကောက်ပွဲမှာ ကတ်သီးကတ်သတ်ရမယ့် လေးငါးလလောက်လေးအတွင်း ၀န်ကြီးချုပ် ဦးဆောင်တဲ့ အာဏာရပါတီကို ဖရိုဖရဲ အပြိုပြိုအလဲလဲ အတိုက်အခံပါတီတွေက ဘယ်လိုစည်းရုံး၊ ဘယ်လိုဖွဲ့စည်း၊ ဘယ်လိုမဲဆွယ်၊ ဘယ်လိုရန်ပုံငွေရှာပြီး ဘယ်လိုအနိုင်ရအောင် ပြိုင်ဆိုင်ကြမလဲဆိုတာတော့ စဉ်းစားရခက်တဲ့ ပဟေဠိတပုဒ်) မှာ ပါဝင်ယှဉ်ပြိုင်ကြမယ်လို့ ပြောထားတဲ့ ပါတီတွေကို အခြေခံအားဖြင့် (၃) မျိုးခွဲနိုင်တယ်။

ပထမတမျိုးက လူဝတ်လဲထားတဲ့ ဗိုလ်သိန်းစိန်တို့ရဲ့ ကြံ့/ဖွံ့ပါတီ။

ဒုတိယတမျိုးက ၂၀၀၈ အခြေခံဥပဒေ နိုင်ငံတကာမှာ လူရာဝင်စေရေးဆိုတဲ့ နအဖရဲ့ ရည်ရွယ်ချက်အတွက် နအဖက နည်းသဏ္ဌာန်ပေါင်းစုံနဲ့ ပေးကမ်းထောက်ပံ့ လူရာသွင်းပေးထားတဲ့ ပါတီတွေ …။

တတိယတမျိုးက ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးအတွက် ရွေးကောက်ပွဲသည်သာ တခုတည်းသော နည်းလမ်းဖြစ်တဲ့အတွက် ရွေးကောက်ပွဲနဲ့ ဆက်စပ်နေတဲ့ ၀န်းကျင်အနေအထားအားလုံး မည်သို့မျှလွတ်လပ်မှုမရှိ တရားမျှတမှုမရှိသည်ဖြစ်စေ ရွေးကောက်ပွဲ ၀င်ကိုဝင်ရမယ်လို့ ကြွေးကြော်ထားတဲ့ ပါတီတွေ …။

အဲဒီသုံးမျိုးမှာ ပထမနှစ်မျိုးအကြောင်းက ပြောစရာသိပ်မရှိဘူး။ ဗိုလ်သိန်းစိန်တို့ပါတီက စစ်အာဏာရှင်စနစ် ရာသက်ပန် တည်တံ့ခိုင်မြဲရေးအတွက် မိုးကျရွှေကိုယ် (၂၅) ရာခိုင်နှုန်းကို အားဖြည့်ဖို့ လွှတ်တော်ထဲကို မရောက်ရောက်အောင် (By hook or by crook) သွားမယ့် ပါတီ။ ရှင်းတယ်။

ဒုတိယအမျိုးအစားကလည်း ဘယ်လိုပဲ နာမည်လှလှတွေ တပ်ထားပြီး မီးရှုးမီးပန်းရောင်စုံတွေ ပစ်လွှတ်ပြနေပါစေ။ သူတို့ရည်ရွယ်ချက်က တခုတည်း။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်မှုအတွင်းမှာ သူတို့ရဲ့ ပုဂ္ဂလိကအကျိုးစီးပွားကို ရသလောက် တူးဆွရှာဖွေရယူရေးပဲ။ ဒီဆောင်းပါးအစမှာ ဖော်ပြခဲ့တဲ့ အကြောင်းပြချက်တွေကို ဒီပါတီတွေကလည်း အော်ကောင်းအော်ကြလိမ့်မယ်။ ဒါပေမယ့် စိတ်ထဲကမပါဘဲ လူကြားကောင်းအောင် အော်ကြတာဖြစ်တယ်ဆိုတာကို နည်းနည်းလေး အကင်းပါးသူတိုင်းက သိကြတယ်။ ဒါကြောင့် ဒီပါတီမျိုးတွေအကြောင်းလည်း အချိန်ကုန်ခံပြီး ဆွေးနွေးနေစရာမလိုဘူး။

တတိယအမျိုးအစားပါတီတွေကတော့ သူတို့ရဲ့ အဲဒီအကြောင်းပြချက်တွေကို တကယ်ပဲ ရိုးရိုးသားသား ခံယူကိုင်စွဲနေကြတာများ ဖြစ်မလားဆိုတဲ့ အတွေးကြောင့် ဒီဆောင်းပါးကို ရေးဖြစ်တာဖြစ်တယ်။

သူတို့ရဲ့ ပထမအကြောင်းပြချက်ကို ပြန်ကြည့်ကြရအောင်။ မလွဲမသွေ ကျင်းပတော့မှာဖြစ်တဲ့ ရွေးကောက်ပွဲမှာ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေ ထည့်စရာ မဲပုံးမရှိမှာစိုးလို့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ရတာဖြစ်တယ်တဲ့။ ကဲ … တကယ့်လက်တွေ့မှာ ပြည်သူတွေဟာ ရွေးကောက်ပွဲမှာ ထည့်စရာ ဒီမိုကရေစီမဲပုံးမရှိမှာ အမှန်တကယ်ပဲ စိုးရိမ်တကြီး ဖြစ်နေကြသလားဆိုတာကို ဓမ္မဓိဋ္ဌာန်ကျကျ ၀ိုင်းစဉ်းစားကြည့်ကြစို့။

မိမိ စုံစမ်းလေ့လာသိရှိရသလောက် နအဖက ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြန်မာပြည်သူလူထုအများစုကြီး (Most of the people) သိနေကြတဲ့ အသိတခု၊ ပြောနေကြတဲ့ စကားတခွန်းပဲရှိတယ်။ အဲဒါကတော့ “လိမ်ဦးမှာပဲ” ဆိုတာဖြစ်တယ်။ ၉၀ ရွေးကောက်ပွဲကစလို့ နှစ်ပေါင်း (၂၀) အတွင်း စစ်အုပ်စုရဲ့ အကြိမ်ကြိမ်အထပ်ထပ် လိမ်တာညာတာ အနိုင်ကျင့်တာ စော်ကားတာခံခဲ့ကြရပြီးဖြစ်တဲ့ မြန်မာပြည်သူတွေဟာ နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာကို လုံးဝစိတ်မ၀င်စားဘူး။ ဒီရွေးကောက်ပွဲက သူတို့ဘ၀အခြေအနေ တိုးတက်မြင့်မားရေးအတွက် ဘာမှလည်း ဖြစ်လာမှာမဟုတ်ဘူးဆိုတာကို ကောင်းကောင်းကြီး သိနေကြတယ်။ သူတို့အတွက် ဒီမိုကရေစီမဲပုံး ရှိတာ မရှိတာဟာ ဘာမှမထူးခြားဘူး။

ဘာကြောင့်လဲဆိုတော့ သူတို့ဘယ်မဲပုံးကိုပဲ ထည့်ထည့်၊ ဇာတ်လမ်းအဆုံးမှာ အနိုင်ရသွားမှာက ဗိုလ်သန်းရွှေနဲ့ သူ့ရဲ့စစ်အုပ်စုပဲဖြစ်တယ်ဆိုတာကို ပြည်သူတွေက မုန့်တီဟင်းလို အကွင်းအကွင်း မြင်ထားကြတာကြောင့်ပဲ ဖြစ်တယ်။ ဒါကြောင့် ဒီအကြောင်းပြချက်ကို ပြနေတဲ့လူတွေဟာ (လျှော့လျှော့ပေါ့ပေါ့ ပြောရရင်) အခြေခံအလွှာ (grass root level) က ပြည်သူတွေရဲ့ ခံစားချက်အစစ်အမှန်ကို နားမလည်သူတွေလို့ ပြောရမယ်။ မညှာမတာပြောရရင်တော့ ရှစ်ဆယ့်ရှစ်အရေးတော်ပုံကြီးအတွင်း ပြည်သူတွေက ပေးအပ်ထားတဲ့ သမိုင်းပေးတာဝန်ကို ဆက်လက်မထမ်းဆောင်နိုင်၊ မထမ်းဆောင်ရဲတော့ဘဲ ကိုယ့်ဘာသာကိုယ် အလံဖြူထောင်တဲ့လမ်း လိုက်တာကို ရိုးရိုးမလိုက်ဘဲ ပြည်သူတွေကို ခုတုံးလုပ်တဲ့သူတွေ ဖြစ်တယ်လို့ ပြောရလိမ့်မယ်။

ဒုတိယအကြောင်းပြချက်က နအဖရဲ့ ၂၀၀၈ အခြေခံဥပဒေကို လွှတ်တော်ထဲကနေ ပြင်ဆင်နိုင်ဖို့ ရွေးကောက်ပွဲဝင်မှာဖြစ်တယ်တဲ့။ ဒီအကြောင်းပြချက်ကတော့ ဘယ်လိုငြင်းခုံဆွေးနွေးရမှန်းကို မသိတော့ဘူးလို့ပဲ ပြောရတော့မယ်ထင်တယ်။ ဒီအကြောင်းပြချက်က ကျားလှောင်အိမ်ထဲဝင်ပြီး ကျားကို သက်သတ်လွတ်စားဖို့ ချော့မော့စည်းရုံးကြည့်မယ်ဆိုတဲ့ စကားနဲ့ နည်းနည်းများ ဆင်နေမလားမသိဘူး။

အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်ဘဲလ်နဲ့ တွေ့ဆုံခိုက်မှာ နအဖရဲ့ ပြောခွင့်ရအဖွဲ့ခေါင်းဆောင်ဆိုသူ ဗိုလ်ကျော်ဆန်းက “အခြေခံဥပဒေကို ပြင်ဆင်ခွင့်မရှိဘူးလို့ ကျနော်တို့ ပြောမထားပါဘူး။ ပုဒ်မ (၁၂) ကို ကြည့်ရင် ပြင်လို့ရတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်” လို့ အတည်ပေါက်နဲ့ ပြောခဲ့တဲ့ စကားကို ရယ်ရမှန်းမသိဘဲ အတည်ယုံသူများရှိတယ်ဆိုရင်တော့ ဒီမိုကရေစီဘက်တော်သားဆိုသူများ တည်ထောင်ထားတဲ့ ပါတီများရဲ့ အဲဒီအကြောင်းပြချက်ကို ယုံတဲ့သူတွေလည်း ရှိကြမှာပဲ။ ပြည်သူတွေကို စိန်ခေါ်ရာမှာ လက်ရှိစစ်အာဏာရှင်စနစ်နဲ့ ၂၀၀၈ အခြေခံဥပဒေလောက် ဗြောင်မကျတဲ့ ၁၉၇၄ အခြေခံဥပဒေအပါအ၀င် မဆလ တပါတီအာဏာရှင်စနစ်ကြီးကို ဘောင်အတွင်းက၀င်ပြီး ပြင်ဖို့ကြိုးစားတဲ့သူတွေ ဗိုလ်နေ၀င်းရဲ့ ကြိမ်စကြာနဲ့ သုတ်တဲ့ဒဏ်ကို ဘယ်လိုခံခဲ့ကြရပြီး ဘယ်လို ဒူးနဲ့မျက်ရည်သုတ်ခဲ့ကြရတယ်ဆိုတာ သမိုင်းက ပူပူနွေးနွေး ရှိနေသေးတာမို့ မမေ့လောက်ကြသေးဘူးထင်တယ်။

တတိယအကြောင်းပြချက်က တရားဝင် နိုင်ငံရေးစင်မြင့် ပျောက်မသွားစေဖို့ (တနည်း) တရားဝင် နိုင်ငံရေးပါတီတရပ်ရဲ့ ပြောရေးဆိုခွင့် ပျောက်မသွားစေဖို့ (တနည်း) တရားဝင် နိုင်ငံရေးစင်မြင့်အသစ်တခု ရရှိစေဖို့် ရွေးကောက်ပွဲဝင်မှာဖြစ်တယ်တဲ့။ ဒီနေရာမှာ တရားဝင်ဆိုတဲ့ အသုံးအနှုန်းရဲ့ ဖွင့်ဆိုချက်ဟာ အဓိက ဆွေးနွေးရမယ့်ကိစ္စဖြစ်တယ်။ ၉၀ ရွေးကောက်ပွဲပြီးနောက်မှာ ပေါ်ပေါက်လာတဲ့ လွှတ်တော်အမတ်တွေဟာ ပြည်သူလူထုရဲ့ တရားဝင် ကိုယ်စားလှယ်လား၊ ဒါမှမဟုတ် န၀တ၊ နအဖဟာ ပြည်သူလူထုရဲ့ တရားဝင် ကိုယ်စားလှယ်လား။ တရားဝင်မှုဆိုတာကို ဘယ်သူက သတ်မှတ်တာလဲ။ ပြည်သူကလား၊ သေနတ်ပြောင်းဝကလား။

နအဖက ပျောက်စေသတည်းလို့ ပြောလိုက်ရုံနဲ့ ၉၀ ရွေးကောက်ပွဲရလဒ်ရော NLD ရော ပျောက်ကွယ်သွားမှာလား။ ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ NLD ကတော့ အဲဒီမေးခွန်းတွေကို မတ်လ (၂၉) ရက်နေ့တုန်းက အဖြေပေးခဲ့ပြီးပြီ။ ရှင်းတယ်။ ပြည်သူတွေရဲ့ တရားဝင်ကိုယ်စားလှယ်ဖြစ်တဲ့ ပါတီတရပ်ရဲ့ ရပ်တည်ချက်သည်သာ တရားဝင် ရပ်တည်ချက်ဖြစ်တယ်။ အဲဒါကလွဲပြီး တခြားဘယ်ရပ်တည်ချက်မှ တရားဝင် ရပ်တည်ချက်မဟုတ်ဘူး။ ဒါကို မသိသားဆိုးရွာစွာနဲ့ ဘယ်လိုလူတွေက နအဖရဲ့ ရွေးကောက်ပွဲဆိုတာကနေ ပေါ်ထွက်လာမယ့် လွှတ်တော်ထဲသွားပြီး ဘယ်လိုတရားဝင်ပါတီရဲ့ ဘယ်လိုတရားဝင်ပြောရေးဆိုခွင့်မျိုးကို မျှော်လင့်နေကြတာလဲ။ “လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား ... ကျနော်တို့မြို့ဈေးထိပ်က အမှိုက်ပုံကြီးဟာ ယင်ကောင်တလောင်းလောင်းနဲ့ အများပြည်သူတွေရဲ့ကျန်းမာရေးကို လွန်စွာထိခိုက်စေလျက်ရှိပါတယ်။ ဒါကြောင့် ဒီအမှိုက်ပုံကြီးကို လွှတ်တော်ရဲ့ အာဏာစက်အသုံးပြုပြီး အမြန်ဆုံးဖယ်ရှားပေးဖို့ ကျနော့်ရဲ့ မဲဆန္ဒရှင်များကိုယ်စား ရဲဝံ့ပြတ်သားစွာ တောင်းဆိုလိုက်ပါတယ်” ဆိုတဲ့ ပြောရေးဆိုခွင့်မျိုးလား။ ဒါမျိုးကိုတော့ အဲဒီလွှတ်တော်က အသေအချာ တာဝန်ယူဖြေရှင်းပေးမှာ ဧကန်ပဲ။

တကယ်တော့ ပွဲက မတ်လ (၂၉) ရက်နေ့ကတည်းက ပြတ်သွားခဲ့ပြီးပြီ။ de facto အဖြစ်ကနေ de jure အဖြစ်ကို တက်လှမ်းဖို့ မဖြစ်မနေ လိုအပ်နေတဲ့ နအဖစစ်အုပ်စုဟာ ပြည်သူလူထုရဲ့ တရားဝင် ကိုယ်စားလှယ်အဖြစ် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရရှိထားတဲ့ NLD မပါတဲ့ ရွေးကောက်ပွဲကတဆင့် သူလိုချင်နေတဲ့ de jure အဆင့်ကို ဘယ်လိုတက်လှမ်းမလဲ။ စိတ်ဝင်စားစရာကောင်းလှတဲ့ ဇာတ်ကွက်ကို ကြည့်ကြရမယ်။ လက်တွေ့ကျကျ မထောက်မညှာတမ်းပြောရရင် NLD နဲ့ နအဖ နှစ်ယောက်တည်း စီးချင်းထိုးတဲ့ အခုပွဲမှာ ရောင်တော်ပြန်နဲ့ ရောလွှတ်နိုင်ဖို့ ကြိုးစားနေသူတွေဟာ သမိုင်းရဲ့အမှိုက်ပုံထဲ ရောက်သွားမှာပဲဖြစ်တယ်။ ခွေးလှေးခုန်လို့ ဖုန်ထမှာလည်း မဟုတ်ဘူး။

အဲသလိုပဲ နအဖရဲ့ ရွေးကောက်ပွဲနဲ့ လွှတ်တော်ဆိုတာကတဆင့် ၂၀၀၈ နာဂစ်အခြေခံဥပဒေကို အခြေခံကစ ပြန်ပြင်ပြီး ဒီမိုကရေစီနိုင်ငံ တည်ဆောက်မယ်လို့ ကြုံးဝါးနေသူတွေအတွက်လည်း သမိုင်းက နွားနို့ညှစ်ဖို့ နွားချိုတခုပေးထားလေရဲ့။ နွားချိုက နွားနို့ထွက်အောင် ညှစ်ကြပေတော့။ ။
http://www.khitpyaing.org/index.php?route=detail&id=2227

တိုင်းရင်းသားလူမျိုးများ သတိပြုရန်



နိုင်ငွေသိမ်း | ကြာသပတေးနေ့၊ ဇွန်လ ၁၀ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၄၇ မိနစ်

‘နိုင်ငံရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် သတိပြုရမည့် အချက်များအပေါ် အကြံပြုချက်’

တိုင်းရင်းသားများ (လူနည်းစုများ) ၏ နိုင်ငံရေး လှုပ်ရှားမှုများနှင့် ပတ်သက်၍ အတွေ့အကြုံကို တင်ပြလိုက်ပါသည်။ သင်ခန်းစာ ယူစရာရှိလျှင် ယူပါ၊ ပစ်ပယ်စရာရှိလျှင် ပစ်ပယ်ပါ၊ ဗဟုသုတအနေဖြင့် တင်ပြခြင်း ဖြစ်ပါသည်။

တိုင်းရင်းသားလူမျိုးများသည် အမျိုးသားနိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ်ရာတွင် မိမိကိုယ်ကို မိမိရပ်တည်ခြင်းထက် ပြည်မရှိ အဖွဲ့အစည်းအပေါ် ပိုမို အားထားသည်ကို တွေ့ရသည်။ သို့သော် ၁၉၄၇ ခုနှစ် ပင်လုံညီလာခံအစတွင် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားများက မိမိတို့ အမျိုးသားချင်းအပေါ် အထူး အမှီသဟဲ ပြုကြသည်ကို တွေ့ရှိရပါသည်။ ရှမ်းပြည်တွင် ဖွဲ့စည်းထားသော ရှမ်းပြည် ပြည်သူ့ လွတ်လပ်ရေးအဖွဲ့ (ရပလ) သည်သာ ပြည်မရှိ နိုင်ငံရေး အဖွဲ့အစည်းနှင့် အဆက်အသွယ် ပြုခဲ့သည်ကို တွေ့ရသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားများသည် ပြည်မနှင့် ပိုမိုရင်းနှီးလာပြီး ပြည်မနှင့် နိုင်ငံရေး အဆက်အသွယ်လုပ်ကာ မဟာမိတ်အဖွဲ့၊ လက်အောက်ခံအဖွဲ့အဖြစ် ဆက်သွယ် ခံယူလာကြသည်။ နဂို ပြည်မရှိ တိုင်းရင်းသားအဖွဲ့များလည်း ထိုနည်းတူစွာပင်၊ ဤဖြစ်ရပ်များက တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များသည် မိမိကိုယ်ကိုမိမိ အားကိုးလိုစိတ် အားနည်းလျက်ရှိနေပြီး ရေရှည်တွင် ခန်းခြောက်သွားနိုင်သည်ကို ပြနေသည်။ တိုင်းရင်းသားများထဲတွင် လွတ်လပ်ပြီးနောက် ပထမအကြိမ် ရွေးကောက်ပွဲတွင် ရခိုင်နိုင်ငံရေးခေါင်းဆောင်အချို့ တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်ခဲ့သည်ကို လွတ်လပ်ရေးရရှိပြီး ပထမအကြိမ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲစာရင်းတွင် တွေ့ရှိရသည်။

၁၉၅၆ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားများက ရခိုင်တိုင်းရင်းသားများ ညီညွတ်ရေးအဖွဲ့ (ရတည) အနေဖြင့် ပြည်မရှိ နိုင်ငံရေးအဖွဲ့အစည်းများနှင့် မပေါင်းဘဲ ဖွဲ့စည်းခဲ့သည်ကို တွေ့ရှိရသည်။ ဤလုပ်ရပ်က တိုင်းရင်းသားပါတီတရပ်သည် မိမိဘာသာမိမိ ခြေထောက်ပေါ် ရပ်တည်နိုင်ကြောင်း ပြသလိုက်ခြင်း ဖြစ်ပါသည်။ ၁၉၆ဝ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်သူ့တပ်ဦးကလည်း မိမိဘာသာ ရွေးကောက်ပွဲဝင်ခဲ့သည်။

တိုင်းရင်းသားပါတီ အဖွဲ့အစည်းများ၏ ရုပ်လုံးသည် ၁၉၅၈ ခုနှစ်၊ ဖဆပလ အကွဲတွင် ထင်ထင်ရှားရှား ပေါ်လာသည်။ ဆွေ-ငြိမ်း (တည်မြဲ) အုပ်စုဝင် ဒေါက်တာစောလှထွန်း (ကရင်ပြည်နယ်ဝန်ကြီး)၊ ဦးဇန်ထားဆင် (ကချင်ပြည်နယ်ဝန်ကြီး)၊ ဦးရှိန်ထန်း (ပြန်လည်ထူထောင်ရေးဝန်ကြီး)၊ စောအောင်ဒင် (ပါလီမန်အတွင်းဝန်-ပင်လယ်ရေကြောင်း)၊ ဦးထွန်းအောင် (ချင်းရေးရာ)၊ စောချစ်သန်း (ကရင်ပြည်နယ်)၊ ဒူးဝါးလဝမ် (ကချင်ပြည်နယ်) တို့ ဖဆပလအဖွဲ့မှ နုတ်ထွက်ခဲ့သည်။

၁၉၅၈ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် အသစ်ဖွဲ့စည်းလိုက်သော သန့်ရှင်းဖဆပလအဖွဲ့တွင် ဝန်ကြီးသစ် ၅ ဦးမှာ စောလူလူ (ဖာပွန်အရှေ့ပိုင်းလူမျိုးစု၊ ကရင်ပြည်နယ်ဝန်ကြီးဌာန)၊ ဒူးဝါးဇော်ရစ် (မြစ်ကြီးနား၊ ကချင်ပြည်နယ် ဝန်ကြီးဌာန)၊ ဦးကျော်မင်း (စစ်တွေ၊ ဘဏ္ဍာရေးဝန်ကြီးဌာန)၊ ဦးမောင်ကျော်ဇံ (စစ်တွေအလယ်ပိုင်းလူမျိုးစု၊ တရားရေးဝန်ကြီးဌာန)၊ ဦးရွှေကြိုင် (သံတွဲလူမျိုးစု၊ ပြန်လည်ထူထောင်ရေးဝန်ကြီးဌာန) နှင့် ဝန်ကြီးဟောင်းများ စဝ်ခွန်ချို (နိုင်ငံခြားရေးဌာနနှင့် ရှမ်းပြည်နယ်ဝန်ကြီး)၊ စဝ်ဝÀ (ကယားပြည်နယ်ဝန်ကြီးဌာန)၊ ဦးဇာရဲလျှံ (ချင်းရေးရာဝန်ကြီးဌာန)၊ ဦးအောင်ပ (ရေကြောင်းနှင့် မြို့ပြလေကြောင်းဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန)၊ စဝ်ထွန်းအေး (လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဝန်ကြီးဌာန) တို့ တိုင်းရင်းသားများ ပါဝင်ခဲ့ကြသည်။

၁၉၆ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် အိမ်စောင့်အစိုးရက ကျင်းပပေးသော အထွေထွေ ရွေးကောက်ပွဲကြီးတွင် တည်မြဲအုပ်စုဝင် တပ်မတော်အရာရှိကြီးများက တည်မြဲအနိုင်ရရှိစေရန် တိုင်းနှင့် ပြည်နယ်များ၊ အထူးသဖြင့် ကရင်-ကချင် ပြည်နယ်များတွင် မဲထည့်ခိုင်းခြင်း၊ မဲလိမ်ခြင်း၊ မဲခိုးခြင်းများကို စစ်အာဏာသုံး၍ ပြုလုပ်ခဲ့ကြသည်။ ဗိုလ်ချုပ်နေဝင်းက ၎င်းကိစ္စနှင့်ပတ်သက်၍ တပ်မတော်တွင်းမှ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီးများကို တပ်မတော်မှ အငြိမ်းစားပေးခြင်း၊ အရပ်ဘက်သို့ ပြောင်းရွှေ့ခြင်းများ ပြုလုပ်ခဲ့ရသည်။

ဤကဲ့သို့ ပြည်မရှိအဖွဲ့အစည်းများ၊ အထူးသဖြင့် သန့်ရှင်း (ပထစ)၊ တည်မြဲ (ဖဆပလ)တို့နှင့် ပူးပေါင်းခဲ့သည့်အတွက် တိုင်းရင်းသားလူမျိုးများသည် ၁၉၆၁ ခုနှစ် ဇွန်လ ၈ ရက်နေ့မှစ၍ ၁၆ ရက်နေ့အထိ တောင်ကြီးမြို့ စားမြိန်ရိပ်သာတွင် ကျင်းပသော တိုင်းရင်းသားလူမျိုးများ အစည်းအဝေးသို့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းဝိသေသတိုင်းတို့မှ ကိုယ်စားလှယ်များ၊ ပြည်နယ်ပေးမည်ဟု ဝန်ကြီးချုပ်ဦးနုထံမှ ကတိရထားသော မွန်နှင့် ရခိုင်တို့မှ ကိုယ်စားလှယ်များ၊ စုစုပေါင်း ၂၂၆ ဦးနှင့် လေ့လာသူပေါင်း ၁ဝ၄ ဦး ညီလာခံတက်ရောက်ခဲ့ကြသည်။

တိုင်းရင်းသားလူမျိုးများ၏ တန်းတူသော ပြည်ထောင်စုမူကို သန့်ရှင်း (ပထစ)၊ တည်မြဲ (ဖဆပလ) အဖွဲ့တို့က လက်မခံလိုကြသဖြင့် သန့်ရှင်း (ပထစ) ဝန်ကြီး ဒူးဝါးဆင်ဝါးနောင်နှင့် ချင်းဝန်ကြီး ဇာရဲလျန်တို့က သန့်ရှင်း (ပထစ) မူအရ တန်းတူသော ပြည်ထောင်စုမူကို ဆန့်ကျင်ကြသည်။ ကရင်ပြည်နယ်ကိုယ်စားလှယ် ဦးအေစိုးမြင့်ကလည်း ညီလာခံတက်ရောက်ပြီး တည်မြဲ (ဖဆပလ) မူအရ သွယ်ဝိုက်သောနည်း၊ တိုက်ရိုက်နည်းများဖြင့် ဆန့်ကျင်တိုက်ခိုက်ပါသည်။

သို့သော် အခြေအနေမလှ၍ နောက်ဆုံးတာဝန်ယူထားသော ပြည်နယ်များ ညီညွတ်ရေးအဖွဲ့၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအဖွဲ့မှ နုတ်ထွက်ခဲ့သည်။ ပြည်နယ်များ ညီလာခံတွင် တည်မြဲ (ဖဆပလ)နှင့် မဟာမိတ်ပြု ဆောင်ရွက်နေသော ကချင်အမျိုးသား ကွန်ဂရက်ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးဇန်ထားဆင်၊ ဒူးဝါးဇော်လွန်းတို့က တည်မြဲ (ဖဆပလ) ဆုံးဖြတ်ချက်ကို လှိုက်လှိုက်လှဲလှဲ ဆန့်ကျင်ဆောင်ရွက်ခဲ့သည်။

ဖော်ပြလိုသည့်အနှစ်ချုပ်မှာ တိုင်းရင်းသားလူမျိုး အဖွဲ့အစည်းများသည် ပြည်မရှိ နိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်လျှင် သတိထားရန် လိုသည်။

(၁) လက်အောက်ခံ အဖွဲ့အစည်းအနေဖြင့် ပူးပေါင်းခြင်း၊
(၂) မဟာမိတ်ပြုခြင်း၊
(၃) တပ်ပေါင်းစုတွင် ဝင်ရောက်ခြင်း။

ယင်းတို့အနက် (၁) နှင့် (၂) သည် မိမိတို့၏ တိုင်းရင်းသား အခွင့်အရေးများ ဆုံးရှုံးမည်။ အမှတ် (၃) ဖြစ်သည့် တပ်ပေါင်းစုဖြင့် ဖွဲ့စည်းခြင်းသည် တပ်ပေါင်းစုအတွင်း တူညီသော အခွင့်အရေး ရရှိခြင်းကြောင့် ပူးပေါင်းဆောင်ရွက်ရန် သင့်လျော်ပါသည်။ တပ်ပေါင်းစုနည်းဖြင့် ပူးပေါင်းဆောင်ရွက်မှသာ ပူးပေါင်းလုပ်ဆောင်ခြင်း မှန်ကန်ပေမည်။ တပ်ပေါင်းစုအတွင်း အဖွဲ့ဝင်အဖြစ် ပါဝင်သော အဖွဲ့တိုင်းသည် ကြီးသည်ငယ်သည် မခွဲခြားဘဲ တူညီသော အခွင့်အရေး ရရှိကြပါသည်။ သို့သော် သတိပြုရမည်မှာ တပ်ပေါင်းစုအတွင်း အင်အားကြီးသော အဖွဲ့က အဖွဲ့ကြီး ရောဂါတက်ပြီး တပ်ပေါင်းစုကို ချုပ်ကိုင်ချယ်လှယ်ရန် ပြုလုပ်တတ်သည်။ ဤသို့ဖြစ်လျှင် တပ်ပေါင်းစုလည်း ဇိဝိန်ချုပ် ပျက်စီးသွားရတော့သည်။

တိုင်းရင်းသားလူမျိုးများသည် ၁၉၈၈ ခုနှစ် အရေးတော်ပုံနောက်ပိုင်း ရွေးကောက်ပွဲဥပဒေအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဥပဒေ ထွက်လာသောအခါ မိမိတို့လူမျိုးအလိုက် ပါတီပေါင်း ၂ဝ ကျော် ပေါ်လာပြီး အားလုံးနီးပါး ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (UNLD) ကို ပူးပေါင်းဖွဲ့စည်းခဲ့သည်။ အချို့တိုင်းရင်းသား နိုင်ငံရေး ဆောင်ရွက်သူများသည် ပြည်မပါတီတွင် ဝင်ရောက်ခဲ့ကြသည်။ အနည်းစုသာ ဖြစ်ပါသည်။

နဝတ ကျင်းပပေးခဲ့သော ၁၉၉ဝ ပြည့် ရွေးကောက်ပွဲတွင် တိုင်းရင်းသားလူမျိုး နိုင်ငံရေးပါတီ ၁၈ ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၆၇ ယောက် ရရှိခဲ့သည်။ ဤဖြစ်ရပ်သည် တိုင်းရင်းသားလူမျိုးများ ပြည်မရှိ နိုင်ငံရေးပါတီများအပေါ် မမီခိုဘဲ မိမိအမျိုးသားများနှင့် အမျိုးသားတပ်ပေါင်းစုတွင် ပူးပေါင်းဆောင်ရွက်ခြင်း၏ အနှစ်သာရကို သိရှိခဲ့ကြရသည်။ မိမိတို့၏ လူမျိုးများအပေါ်နှင့် တိုင်းရင်းသား လူမျိုးများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒမျိုးစေ့ချ ဆောင်ရွက်ခြင်း အခွင့်အလမ်းနှင့် အကျိုးကျေးဇူး ရလဒ်ကောင်းကို သိရှိလာသဖြင့် ဆက်လက်၍ ဤလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်သွားကြမည်ဟု ယုံကြည်ပါသည်။

ပြည်မပါတီ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် တိုင်းရင်းသားလူမျိုးများ ပါတီနှင့် ပုဂ္ဂိုလ်များသည် မိမိတို့၏ တိုင်းရင်းသားလူမျိုး အကျိုးကို ဆောင်ရွက်လိုသော်လည်း မိမိတို့ပါဝင်နေသော အဖွဲ့အစည်း၏ လမ်းစဉ်အတိုင်းသာ လိုက်လုပ်ရသည်ဖြစ်၍ မိမိဆန္ဒရှိ လိုလားသော တိုင်းရင်းသားကိစ္စများကို အပြည့်အဝဆောင်ရွက်ရန် မဖြစ်နိုင်သော အခြေအနေကို တွေ့ရှိရသည်။ ဤကဲ့သို့သော ဖြစ်ရပ်များသည် ပြည်မနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော ပါတီများ၊ ပုဂ္ဂိုလ်များ၏ အတွေ့အကြုံအရ သိရှိခဲ့ရပါသည်။ အထူးသဖြင့် ၁၉၆၁ ခုနှစ် တောင်ကြီးတွင် ကျင်းပခဲ့သော ပြည်နယ်များ ညီလာခံတွင် ပထစတိုင်းရင်းသားဝန်ကြီးများ၊ ဖဆပလ (တည်မြဲ) ဝင် တိုင်းရင်းသားခေါင်းဆောင်များသည် မိမိတို့ ပါဝင်နေသော ပါတီအဖွဲ့အစည်းများ၏ လမ်းစဉ်အတိုင်း ပြောဆိုလုပ်ဆောင်ခဲ့သည်များက ထင်ထင်ရှားရှား သာဓကပြလျက် ရှိခဲ့သည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ တိုင်းရင်းသားလူမျိုးများသည် မိမိတို့ တိုင်းရင်းသား အကျိုးစီးပွားကို ဆောင်ရွက်ရာတွင် မိမိကိုယ်ကိုမိမိ အားကိုး၍ တိုင်းရင်းသားအချင်းချင်း ပူးပေါင်းခြင်းသာလျှင် အကောင်းဆုံး ဖြစ်ပေသည်။ ပြည်မရှိ ပါတီများနှင့် သာတူညီမျှသော အခွင့်အရေး၊ တိုင်းရင်းသားများ ရပိုင်ခွင့်များကို ဆောင်ရွက်နိုင်မှုအပေါ် လေ့လာသုံးသပ် တပ်ပေါင်းစု ဖွဲ့စည်းပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း။

တင်ပြသူ
နိုင်ငွေသိမ်း
(တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေးလှုပ်ရှားမှုတွင် ဆယ်စုနှစ် ၄ စု ပါဝင်ခဲ့သူ)


၂ဝဝ၈ ဖွဲ့စည်းပုံနှင့် တိုင်းရင်းသား ပြဿနာ (သို့မဟုတ်) `ကောင်းမှု´ ၊`မကောင်းမှု´ ၏ အလယ်

မင်းဆွေသစ် | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၀၉ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၄၁ မိနစ်

(၁)
နအဖရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်မှာ နိုင်ငံတော်ကို ပြည်ထောင်စုစနစ်နဲ့ ဖွဲ့စည်း တည်ထောင်တယ်လို့ ဆိုတယ်။ ဒီတော့ … ̏ ̏ပြည်ထောင်စုစနစ် ̋ ဆိုတာ ဘာလဲဆိုတာနဲ့ ပတ်သက်လို့ သိရအောင် နိုင်ငံတကာက နိုင်ငံတွေရဲ့ အခြေခံဥပဒေတွေကို လေ့လာကြည့်ရအောင်ပါ။

တိုင်းပြည်တည်ဆောက်ပုံနဲ့ ပတ်သက်ရင် ပုံစံ ၂ မျိုးပဲ ရှိတာကို တွေ့ရပါမယ်။ တခုက တပြည်ထောင်စနစ်ဖြစ်ပြီး နောက်တမျိုးက ဖယ်ဒရယ်ပြည်ထောင်စုစနစ်ပဲ ဖြစ်ပါတယ်။ တပြည်ထောင်စနစ်က အာဏာဟာ ဗဟိုတခုထဲမှာပဲ ရှိတယ်။ အဲဒီဗဟိုကပဲ အုပ်ချုပ်ရေးတခုလုံးကို ဆောင်ရွက်တယ်။ အုပ်ချုပ်ရေးအာဏာကို ဗဟိုက ချပေးတယ်။ လက်အောက်ခံ အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ လုပ်ကိုင်မှုတွေကို ဗဟိုက သဘောမကျရင် အာဏာတွေကို ဗဟိုက ချက်ချင်း ပြန်ရုပ်သိမ်းပစ်နိုင်တယ်။ အင်္ဂလန်၊ ပြင်သစ်၊ အီတလီ၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေဟာ တပြည်ထောင်စနစ် ကျင့်သုံးတဲ့ နိုင်ငံတွေ ဖြစ်ကြတယ်။

ဖယ်ဒရယ်ပြည်ထောင်စုစနစ် အုပ်ချုပ်ရေးဆိုတာကတော့ ဗဟိုနဲ့ ပြည်ထောင်စု ဖွဲ့စည်းရာမှာ ပါဝင်ကြတဲ့ ပြည်နယ်တွေအကြားမှာ နိုင်ငံတော်ရဲ့ အာဏာကို စေ့စေ့စပ်စပ် အသေးစိတ် ခွဲဝေထားကြတယ်။ ပါဝင်တဲ့ ပြည်နယ်တွေဟာ ကိုယ့်ဒေသအကျိုးအတွက် အာဏာကျင့်သုံးနိုင်ဖို့ အထူးသီးသန့် အခွင့်အာဏာတွေလည်း ရှိကြပြီး ဖယ်ဒရယ်အဆင့်မှာတော့ သီးသန့်အာဏာကို ဖယ်ဒရယ်ပြည်ထောင်စုအတွင်းမှာ ခွဲခြမ်းထားရှိပြန်တယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး စတဲ့ လုပ်ငန်းရပ်တွေ အားလုံးကို ကြီးကြပ်ထိန်းကွပ်ဖို့ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ကိုလည်း ထူထောင်ထားရှိပြန်တယ်။ ဒီတော့ …မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ အခြေအနေ အရပ်ရပ်အရ အကောင်းဆုံးဖြစ်မယ့် နိုင်ငံတော် တည်ဆောက်ရေး ပုံစံတခုခုဟာ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်မှာ ပါရှိပါရဲ့လား ….။

(၂)
မြန်မာနိုင်ငံဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြတဲ့ နိုင်ငံဖြစ်တာနဲ့အညီ ဒီနိုင်ငံနဲ့ သင့်တော်မယ့် အခြေခံဥပဒေကို ရွေးချယ်ကြရာမှာ နိုင်ငံရဲ့ အတိတ်သမိုင်းမှာ ကြုံတွေ့ခဲ့ကြရတဲ့ အကြောင်းအရင်းအမှန် ပြဿနာတွေကို ဖော်ထုတ်ပြီး ထည့်တွက်စဉ်းစားဖို့ လိုပါမယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်မှုကို ပြည်ထောင်စုစနစ်လို့ သတ်မှတ်ခေါ်ဆိုကြပေမယ့် အမှန်မှာတော့ ဖယ်ဒရယ်တပိုင်းသာဖြစ်တယ်လို့ ဆိုရမှာပါ။ အဲဒီအခြေခံဥပဒေသစ်ဟာ နိုင်ငံသားတဦးချင်းစီရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်မှု ပေးခဲ့တာ ရှိခဲ့ပေမယ့်လည်း တိုင်းရင်းသား လူမျိုးစုတွေအတွက်တော့ တန်းတူအခွင့်အရေးဆိုရာမှာ ထိထိရောက်ရောက် အာမခံတာမျိုး မရှိခဲ့ပါဘူး။

ဗိုလ်ချုပ်နေဝင်း ရေးဆွဲခဲ့တဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကြည့်ရင် ဖွဲ့စည်းမှု ပုံသဏ္ဍာန်မှာ ပြည်နယ်၊ တိုင်း ၇ ခုစီနဲ့ ဖွဲ့စည်းထားတာကို တွေ့ရမှာပါ။ ပြီးတော့ --- တပါတီစနစ်ရဲ့ တင်းကျပ်တဲ့ ဗဟိုချုပ်ကိုင်မှုနဲ့ ဖိနှိပ်ထားပြီး တိုင်းရင်းသား လူမျိုးစုတွေဟာ တန်းတူအခွင့်အရေးဆိုတာ လုံးဝ မရှိခဲ့ကြပါဘူး။ နောက်ထပ် ဆိုးတာက လူတဦးချင်းစီရဲ့ အခွင့်အရေးတွေပါ ဆုံးရှုံးနေရတာပါပဲ။

(၃)
မြန်မာနိုင်ငံမှာတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတာဟာ… အငြင်းပွားစရာအဖြစ်ဆုံး ကိစ္စဖြစ်နေတယ်။ ဒါကလည်း ခွဲထွက်ခွင့် ရှိတယ်၊ မရှိဘူးဆိုတဲ့အပေါ် အဓိပ္ပယ်ဖွင့်ဆိုရလို့ပဲ ဖြစ်ပါတယ်။ နှစ်ပေါင်း ၅ဝ ကျော် လက်နက်ကိုင်တိုက်ပွဲ ဝင်နေကြတဲ့ တိုင်းရင်းသား လူမျိုးစုအသီးသီးကတော့ ဖယ်ဒရယ် ပြည်ထောင်စုအတွင်းကပဲ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိဖို့ လိုအပ်တယ်လို့ ဆိုကြပါတယ်။ ဒီတော့ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းနိုင်ခွင့် ကျင့်သုံးနိုင်ရေးနဲ့ ပတ်သက်လို့ အခြေခံမူထဲမှာ ဗဟိုနဲု့ ပြည်နယ် ဥပဒေပြုအဖွဲ့တွေအကြားမှာ ဘယ်လို အာဏာခွဲဝေမလဲဆိုတာတွေကို ရှင်းရှင်းလင်းလင်း ဖော်ပြဖို့ လိုပါတယ်။

ဒါပေမဲ့ နအဖရဲ့ ဖွဲ့စည်းပုံသစ်မှာ ပြည်ထောင်စုနဲ့ ပြည်နယ်တွေအကြား ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာတွေ ခွဲဝေရေးနဲ့ ပတ်သက်လို့ ဘာပြဋ္ဌာန်းချက်မှ မတွေ့ရပါဘူး။ ပြည်ထောင်စုကပဲဖြစ်ဖြစ်၊ ပြည်နယ်တွေကပဲဖြစ်ဖြစ် ကျင့်သုံးနိုင်တဲ့ အာဏာစာရင်းဆိုပြီး မရှိပါဘူး။ နောက်ပြီး ပြည်ထောင်စုကလာပြီး မထိပါးနိုင်တဲ့ပြည်နယ်တွေအတွက် အာဏာများဆိုတာကိုလည်း သတ်မှတ်ပေးထားတာ မတွေ့ရပြန်ပါဘူး။ ဘဏ္ဍာငွေကြေးနဲ့ သက်ဆိုင်ရင်လည်း ပြည်နယ်တွေရဲ့ စီမံခန့်ခွဲနိုင်တဲ့ ပိုင်ခွင့်တွေကိုလည်း မဖော်ပြထားပါဘူး။ အဲဒါတွေအပြင်ကို ဖွဲ့စည်းပုံသစ်မှာ ပြည်ထောင်စုနဲ့ ပြည်နယ်တွေအကြားမှာ အုပ်ချုပ်ရေး ဆက်စပ်မှုတွေကိုလည်း ဖော်ပြထားဖို့ လိုပါတယ်။

နောက် လူများစုရဲ့ ဗဟိုချုပ်ကိုင် အနိုင်ကျင့်မှုတွေကို တားဆီးတဲ့ ပြဋ္ဌာန်းချက်ဆိုတာတွေလည်း ပါရှိသင့်ပါတယ်။ ဒါပေမဲ့ အခုစစ်အုပ်စုရဲ့ ဖွဲ့စည်းပုံသစ်က အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့ ဘာမှမဖော်ပြထားဘဲ ရှိနေပါတယ်။ ထားတော့။ ဒီတော့ မဖော်ပြထားတာကို မကြည့်တော့ဘဲ နအဖရဲ့ ဖွဲ့စည်းပုံသစ်ကိုပဲ ကြည့်မယ်ဆိုရင်တော့၊ ဘယ်လိုပြည်ထောင်စုမျိုးနဲ့ ဘယ်လိုအာဏာခွဲဝေထားသလဲ ဆိုတာကိုပါ တဖြည်းဖြည်း ရုပ်လုံးပေါ်လာမှာပါ။

နအဖရဲ့ ဖွဲ့စည်းပုံသစ်အရဆိုရင် နိုင်ငံတော်သမ္မတက ပြည်နယ်ရှိ လွှတ်တော်အမတ်တွေထဲကနေပြီး ပြည်နယ်ဝန်ကြီးချုပ်ကို ရွေးပေးရပါမယ်။ ပြည်နယ်လွှတ်တော်ရဲ့ အကြံပြုချက်ကို ယူရမယ်ဆိုတာ ပါပေမယ့် သမ္မတက ရွေးပေးမယ့် ပြည်နယ်ဝန်ကြီးချုပ်လောင်းဟာ အရည်အချင်း မပြည့်မီသူဖြစ်ကြောင်း ဖော်ပြနိုင်မှ ငြင်းပယ်လို့ ရပါတယ်။ အရည်အချင်းဆိုတာကလည်း အသက်အရွယ်တို့၊ ပညာအရည်အချင်းတို့ ဆိုတာလောက်ပါ။ ဒီတော့ ငြင်းပယ်ဖို့ဆိုတာ မလွယ်ဘူး။

သမ္မတက ခန့်တယ်ဆိုတဲ့သူကို ပြည်နယ်လွှတ်တော်က အတည်ပြုပေးရုံပါပဲ။ ပြီးရင် သမ္မတခန့်ထားတဲ့သူလို့ ပြောလို့ရတဲ့ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ဒေသရေးရာ ပြည်နယ်ဝန်ကြီးနှစ်နေရာကို စစ်တပ်က စစ်သားကို ခန့်ပေးထားရမယ်။ ပြီးတော့ ပြည်နယ်ဝန်ကြီးတွေ ခန့်တဲ့နေရာမှာလည်း ပြည်နယ်ဝန်ကြီးချုပ်က အမည်စာရင်းပေးတဲ့သူတွေကို ပြည်နယ်လွှတ်တော်က အတည်ပြုပေးရပါမယ်။ ငြင်းပယ်ခွင့် ရှိတယ်ဆိုပေမယ့်လည်း အရည်အချင်းမပြည့်မှီသူလို့ ခိုင်လုံကြောင်းတခုထဲနဲ့ပဲ ငြင်းလို့ရပါတယ်။

နောက်ဆုံးတော့ သမ္မတက ပြည်နယ်ဝန်ကြီးချုပ်ကို ခန့်ပြီးတော့ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဝန်ကြီးအဖွဲ့ကို ခန့်ဆိုတာပါပဲ။ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်ဝန်ကြီးတွေကလဲ သမ္မတကိုပဲ တာဝန်ခံကြရပါတယ်။ ပြည်နယ်ဥပဒေအရာရှိတွေကို ခန့်အပ်ရာမှာလည်း ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်လွှတ်တော်က အတည်ပြုပြီးရင်တောင် မရသေးပါဘူး။ နောက်ဆုံး သမ္မတက သဘောတူအတည်ပြုမှ ရပါတယ်။ ဒီတော့ ဗဟိုကဖြစ်တဲ့ သမ္မတမှာ အာဏာအပြည့် ဖြစ်နေတယ်ဆိုတာ ပေါ်လွင်လွန်းလှနေပါပြီ။

(၄)
တန်းတူရေုးဆိုတဲ့ ပြဿနာဟာ… မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့ပြီးတဲ့ အချိန်ကစပြီး စိန်ခေါ်နေခဲ့တဲ့ ကိစ္စပါပဲ။ ဒီကိစ္စကို အခုအခြေခံမူတွေက ဘယ်လိုအာမခံချက် ပြုထားပါသလဲ။ ဒါ အရေးအကြီးဆုံး မေးခွန်းပဲ။ တန်းတူညီမျှခွင့်ကို ဥပဒေပြုရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့၊ တရားစီရင်ရေး စတဲ့ နိုင်ငံတော် အဆောက်အအုံအားလုံးရဲ့ ဖွဲ့စည်းမှုမှာ ကျင့်သုံးရမှာ ဖြစ်တယ်။

နအဖရဲ့ ဖွဲ့စည်းပုံသစ်မှာ ရွေးချယ်တင်မြောက်တဲ့စနစ်ကို ဖော်ပြထားတာ မတွေ့ရပါဘူး။ ဒါကြောင့် လက်ရှိ မဲပေးစနစ်ဖြစ်တဲ့ မဲအများစုရသူနိုင်တဲ့ စနစ်ကိုပဲ ကျင့်သုံးမှာပဲလို့ ထင်ရပါတယ်။ ဒီတော့ လူဦးရေများတဲ့ ဗမာလူမျိုးတွေက တခြားတိုင်းရင်းသား လူမျိုးစုတွေအပေါ် အသားစီးရပြီး လွှတ်တော် ၂ ရပ်ရဲ့ ၇၅ ရာခိုင်နှုန်းနေရာမှာ အများစုရဖို့ သေချာနေပါတယ်။ ဒီအတိုင်းဆိုရင် တန်းတူညီမျှရေးဆိုတဲ့ အရေးဟာ ပြေလည်နိုင်ပါ့ဦးမလား။ ဒီတော့ တန်းတူညီမျှရေးပြဿနာကို ဖြေရှင်းပြေလည်ဖို့ဆိုရင် မဲပေးမှုပုံစံစနစ်မှာ “အချိုးကျကိုယ်စားပြုစနစ်” တခုကို ကျင့်သုံးဖို့ ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်းထားဖို့ လိုပါမယ်။

(၅)
နအဖရဲ့ ဖွဲ့စည်းပုံသစ်အရ နိုင်ငံတော်ကို တည်ဆောက်ဖွဲ့စည်းရာမှာ ပြည်ထောင်စုစနစ်နဲ့ ဖွဲ့စည်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဖွဲ့စည်းမှုပုံသဏ္ဍာန်ကိုတော့ ပြည်နယ် ၇ ခု၊ တိုင်း ၇ ခု ပုံသဏ္ဍာန်အတိုင်း ပြည်ထောင်စုကို ပုံပျက်ပန်းပျက်နဲ့ လုပ်လာနေပြန်ပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံမှာ မရှိခဲ့တဲ့ ပြည်ထောင်စုနယ်မြေဆိုပြီး ပြည်ထောင်စု ဖွဲ့စည်းရာမှာ ထည့်လာပါတယ်၊ နအဖရဲ့ ဖွဲ့စည်းပုံကိုကြည့်ရင် ပြည်နယ် ၇ ခု ၊ တိုင်း ၇ ခုတို့ဟာ တခုချင်းစီ အဆင့်အတန်း တူညီကြတယ်လို့ သတ်မှတ်ပါတယ်။ တိုင်းဒေသ ၇ ခုရဲ့ တည်ရှိရာ ဒေသတိုင်းမှာက ဗမာလူမျိုးအများစု နေထိုင်ကြတာ ဖြစ်ပါတယ်။

ဒီတော့ တိုင်းရင်းသား လူမျိုးတခုစီရဲ့ ပြည်နယ် တခုစီဟာ တိုင်းဒေသ ၇ ခုနဲ့မှ တန်းတူညီမျှသလို ဖြစ်နေရပါတော့တယ်။ တိုင်းရင်းသားလူမျိုးစု ၁ ခုနဲ့ ဗမာလူမျိုး ၇ ခုနဲ့ တန်းတူညီမျှမှုရယ်လို့ ဖြစ်နေပါတယ်။ နောက်ပြီး တိုင်းပြည်အတွင်းမှာရှိတဲ့ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေ၊ ပြည်ထောင်စုနယ်မြေတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေဟာ နိုင်ငံတော်ကနေပြီး ဘယ်တော့မှ ခွဲမထွက်စေရဘူးလို့ ဆိုထားပါတယ်။

ဒီအချက်ကိုကြည့်ရင် စစ်အုပ်စုရဲ့ ချဉ်းကပ်ပုံအမြင်ဟာ အပျက်သဘောဆောင်တဲ့ဘက်မှ ရှုမြင်နေတာ ဖြစ်တယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။ ဒီလိုပြဋ္ဌာန်းထားတာမျိုးဟာ နိုင်ငံတကာမှာရှိတဲ့ ဖွဲ့စည်းပုံတွေထဲမှာဆိုရင် အရင်ကရှိခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စု တနိုင်ငံထဲမှာပဲရှိခဲ့၊ ပြဋ္ဌာန်းခဲ့ဖူးပါတယ်။ တကယ်မှာတော့ ဖယ်ဒရယ်စနစ်နဲ့ ကိုက်ညီတဲ့ အခြေခံဥပဒေတခုကို အပြုသဘောဆောင်တဲ့ ထူထောင်မှုမျိုး ရှိခဲ့ရင် ပြည်ထောင်စုမှ ခွဲထွက်ရေးဆိုတာ ပေါ်ပေါက်လာစရာ မရှိပါဘူး။ နအဖ စစ်အုပ်စုအနေနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို နှိုင်းယှဉ်လေ့လာပြီး မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ တူညီတာ ကွဲပြားတာတွေကို ကြည့်ရှုသုံးသပ်ပြီး မိမိတို့နိုင်ငံရဲ့ ထူးခြားတဲ့ အခြေအနေတွေကို စူးစမ်းလေ့လာပြီး ဖယ်ဒရယ်ပြည်ထောင်စု နိုင်ငံတခုကို ထူထောင်လုပ်ဆောင်သွားဖို့ပဲ ရှိပါတယ်။ ဒါမှသာ တိုင်းပြည်ရဲ့ အနာဂတ်ဟာ ငြိမ်းချမ်းမှု၊ စုပေါင်းညီညွှတ်မှုတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဆီကို ဦးတည်စေနိုင်မယ်ဆိုတာ ကောက်ချက်ချလို့ ရပါလိမ့်မယ်။

(၆)
မြို့တော်ဖြစ်တဲ့ ကြပ်ပြေးနေပြည်တော်ကို ပြည်ထောင်စု နယ်မြေအဖြစ် ဖွဲ့စည်းပုံသစ်မှာ သတ်မှတ်ထားတယ်။ သမ္မတရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာ ရှိရမယ်။ သမ္မတက ကြပ်ပြေးနေပြည်တော်ကောင်စီကို တည်ထောင်ဖွဲ့စည်းရမှာ ဖြစ်တယ်။ ကောင်စီဥက္ကဋ္ဌ အပါအဝင် ကောင်စီဝင်ဦးရေကို သမ္မတက သတ်မှတ်ပေးရမယ်။ ကောင်စီထဲမှာ လုံခြုံရေးအတွက်ဆိုပြီး စစ်တပ်က စစ်ဗိုလ်ပါရမယ်။ ကောင်စီဥက္ကဋ္ဌနဲ့ ကောင်စီဝင်အားလုံးဟာ နိုင်ငံရေးပါတီဝင်တွေထဲကတော့ တယောက်မှ ပါဝင်ခွင့် မရှိပြန်ဘူး။ ကောင်စီဥက္ကဋ္ဌဟာ ပြည်ထောင်စု ဝန်ကြီးတဦးအဆင့်နဲ့ အတူတူပါပဲ။ အဆိုးဆုံးက --- လိုအပ်ရင် ကောင်စီဝင်အားလုံးကို စစ်တပ်က စစ်ဗိုလ်တွေနဲ့ပဲ ခန့်လို့ရတယ် ဆိုတာပါပဲ။ သမ္မတက ကောင်စီဝင်တွေထဲက ဖြုတ်မယ်ဆိုရင် ကာကွယ်ရေးဦးစီးချုပ်က သဘောတူအတည်ပြုမှ ရတယ်။ ဒီတော့ တိုင်းပြည်ရဲ့ အရေးအကြီးဆုံး ဗဟိုချက်မကို စစ်တပ်က ချုပ်ကိုင်ထားလိုက်တာပဲ ဖြစ်တယ်လို့ ပြောရမှာ ဖြစ်တယ်။

(၇)
နိဂုံးချုပ်ပါတော့မယ် ..... နိဂုံးချုပ်ကို ပြက်လုံးတခုနဲ့ ချုပ်ပါရစေ။ ပြက်လုံးတခုဖြစ်ပေမယ့် လေးနက်ပါတယ်။ တခါက .... ဦးလေးဖြစ်သူက သူ၏ တူဖြစ်သူကို ချီးမွမ်းခန်းဖွင့်ပါတယ် .....

``ကျုပ်တူက လူကောင်းဗျ၊ တခုပဲ ချို့ယွင်းတယ်၊ `ကောင်းမှု´ နဲ့ `မကောင်းမှု´ ကို ခွဲခြားမသိခြင်းဘဲ´´ လို့ ဆိုပါတယ်။

ဗုဒ္ဓရဲ့ အဆုံးအမထဲက… `သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ´ တရားတော်ဟာ `ကောင်းမှု´ နဲ့ `မကောင်းမှု´ တို့ကို ခွဲခြားသိဖို့ ညွှန်းဆိုဆုံးမတဲ့ တရားဖြစ်တယ်လို့ နားလည်မိပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအရ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ တိုင်းရင်းသားအရေးဆိုတာက ... ဗမာ ၇ ကျပ်၊ တိုင်းရင်းသားများ ၁ ကျပ်ဆိုတဲ့ တန်းတူရေးပါ။ အဲဒီတော့ … ရွေးကောက်ပွဲဝင်ကြမယ့် တိုင်းရင်းသား ခေါင်းဆောင် ဆိုသူတို့အနေနဲ့က … `သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ´ တရားရဲ့ အဆုံးအမမှာ တည်ပြီး `ကောင်းမှု´ `မကောင်းမှု´ ကို အနည်းဆုံးတော့ ခွဲပြီး သိဖို့ လိုပါမယ်။

`ကောင်းမှု´ နဲ့`မကောင်းမှု´ ရဲ့ အလယ်မှာ `ကြား´ ဆိုတာ မရှိပါဘူး။

ရည်ညွှန်း

- ညီလာခံကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌ - ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်မိန့်ခွန့် (၂ဝဝ၆၊ ဇူလိုင်၊ ၂၉)
- ညီလာခံကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ - ဦးအောင်တိုး၏ ညီလာခံကျင်းပရေး ကော်မရှင် အစည်းအဝေးတွင် ရှင်းလင်းတင်ပြချက် (၂ဝဝ၆၊ အောက်တိုဘာ၊ ၁ဝ)
- အခြေခံမူ ၁ဝ၄ ချက်
- ဒေါင်းအိုးဝေနှင့် ဦးဒယ်နီရယ်အောင် တွေ့ဆုံမေးမြန်းခန်း
http://www.mizzimaburmese.com/

ဟီလာရီ ကလင်တန်သို့ မစ္စတာ ဂျင်မ်ဝဘ်၏ အိတ်ဖွင့်ပေးစာ



ဟီလာရီ ကလင်တန်သို့ မစ္စတာ ဂျင်မ်ဝဘ်၏ အိတ်ဖွင့်ပေးစာ
သောမတ်စ်မောင်ရွှေ | ကြာသပတေးနေ့၊ ဇွန်လ ၁၀ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၀၂ မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။ ။ အမေရိကန်ပြည်ထောင်စု ဆီနိတ်တာ အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝဘ်သည် လွန်ခဲ့သည့် ရက်သတ္တပတ်က သူ၏ မြန်မာနိုင်ငံ ခရီးစဉ်ကို ရုတ်တရက် ဆိုင်းငံ့ထားခဲ့ပြီး မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ဆုံဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်ကာ မြောက်ကိုရီးယားနိုင်ငံမှ လက်နက်များအား သဘောင်္ဖြင့် ပေးပို့စေခဲ့သည်ဟူသော စွပ်စွဲချက်များအား အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် အတွင်းရေးမှူးက စစ်ဆေးဆောင်ရွက်ရန် တောင်းဆိုသည့် အိတ်ဖွင့်ပေးစာတစောင်ကို အမေရိကန် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သို့ ပေးပို့ခဲ့သည်။

ဝါရင့် ဥပဒေပြု အမတ်တဦးဖြစ်ပြီး ပြီးခဲ့သည့်နှစ်က မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံဆွေးနွေးခဲ့ကာ စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှု လိုလားသူ မစ္စတာ ဂျင်မ်ဝဘ်က ပြီးခဲ့သည့်လက ဒေါက်တာ ကာ့တ်ကမ်းဘဲလ်၏ မြန်မာစစ်အစိုးရအပေါ် စွပ်စွဲချက်များသည် စစ်အစိုးရနှင့် ဆက်လက် စေ့စပ်ဆွေးနွေးရန် နောက်တွန့်စေခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆီးနိတ် နိုင်ငံခြားရေး ဆပ်ကော်မတီ၏ ဥက္ကဋ္ဌ မစ္စတာ ဂျင်မ်ဝဘ်က သူနှင့် သူ၏ အဖွဲ့သည် ဒေါက်တာ ကာ့တ်ကမ်းဘဲလ်၏ စစ်အစိုးရအပေါ် စွပ်စွဲချက်နှင့် ပတ်သက်၍ အမေရိကန် အစိုးရအဖွဲ့မှ စုံစမ်းစစ်ဆေး၍ ရှင်းလင်းမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သော်လည်း အမေရိကန် အစိုးရအဖွဲ့က လုပ်ဆောင်ခြင်းမရှိခဲ့ဟု သူ၏ အိတ်ဖွင့်ပေးစာတွင် ရေးသားထားခဲ့သည်။

အာရှနှင့် ပစိဖိတ်ရေးရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့ မာစီယယ်က မြန်မာနိုင်ငံအား ကုလသမဂ္ဂ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်မှုနှင့် ပတ်သက်၍ စွပ်စွဲဝေဖန်မှုများတွင် အခြား မည်သည့်နိုင်ငံကမျှ အမေရိကန်နှင့် တရားဝင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ဟု မစ္စတာဂျင်မ်ဝဘ်နှင့် အဖွဲ့အား ဖွင့်ဟခဲ့သည်ဟု ဆိုသည်။

ဇွန်လ ၈ ရက် (အင်္ဂါနေ့) ရက်စွဲ တပ်ထားသော စာထဲတွင် မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံ၏ အကူအညီဖြင့် နျူကလီးယားရရှိရေး ဆောင်ရွက်နေသည်ဟု ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းဌာန (DVB) က သတင်းထုတ်ပြန်မှုများကြောင့် မစ္စတာဂျင်မ်ဝဘ်သည် သူ၏ မြန်မာနိုင်ငံ ခရီးစဉ်အား သွားရောက်ရန် နာရီအနည်းငယ် အလိုတွင် ဖျက်သိမ်းခဲ့သည်ဟု ရေးသားထားသည်။ ထိုကိစ္စနှင့် ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်ပေးရန်လည်း ဟီလာရီကလင်တန်အား တောင်းဆိုခဲ့သည်။

DVB မှ ရရှိခဲ့သော စွပ်စွဲချက်နှင့် ပတ်သက်သည့် အထောက်အထားများကို ကာတာ အခြေစိုက် အယ်လ်ဂျာဇီးယား သတင်းဌာနက နိုင်ငံတကာသုံး အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သွားခဲ့ပြီး အမေရိကန်ပြည်ထောင်စုတွင် ABC သတင်းကွန်ယက်မှ ထပ်ဆင့်ထုတ်လွှင့်ခဲ့သည်။ ထိုအစီအစဉ်တွင် ပြည်ပသို့ တိမ်းရှောင်လာသော စစ်ဘက်မှ ပညာရှင် အရာရှိ တဦးဖြစ်သူ ဗိုလ်မှူးစိုင်းသိန်းဝင်းနှင့် အင်တာဗျူး အစီအစဉ် ပါဝင်ခဲ့ပြီး သူယူဆောင်လာခဲ့သော အထောက်အထားများဖြစ်သည့် စစ်အစိုးရ၏ နျူကလီးယားနှင့် ဒုံးလက်နက် ပိုင်ဆိုင်ရေး ကြိုးပမ်းမှုနှင့်ပတ်သက်သည့် စာရွက်စာတမ်း အထောက်အထားများကို တင်ပြခဲ့သည်။

ဗိုလ်မှူးစိုင်းသိန်းဝင်းသည် မြန်မာနိုင်ငံ တပ်မတော် အင်ဂျင်နီယာ တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး နောက်ပိုင်းတွင် ရုရှားနိုင်ငံမှ နာမည်ကျော် ဗော်မန်မော်စကို နည်းပညာ တက္ကသိုလ် (Bauman Moscow State Technical University) မှ ဒုံးပျံအင်ဂျင် အထူးပြု ဘာသာရပ်နှင့် ဘွဲ့ရရှိခဲ့သူ ဖြစ်သည်။ ထို့နောက် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီး အထူး စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး စက်ရုံတွင် ဒုံးကျည်ပုံစံငယ်များ စမ်းသပ်ပြုလုပ်ခြင်းနှင့် နျူကလီးယား အစီအစဉ်များတွင် ပါဝင်လုပ်ကိုင်ခဲ့ရသည်။

မြန်မာနိုင်ငံအတွက် အထူးသံတမန် ခန့်ရန် ဂျင်မ်ဝဘ်က တောင်းဆို

ဂျင်မ်ဝဘ်၏ စာထဲတွင် ၂၀၀၈ ခုနှစ်က ချမှတ်ထားခဲ့သည့် တွန်လမ်းတော့စ် မြန်မာ့ကျောက်မျက် ပိတ်ဆို့အရေးယူရေး ဥပဒေနှင့်အညီ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် အဲရစ်ဂျွန်အား အမေရိကန် ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာ ပေါ်လစီရေးရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ကာ ဖြေရှင်းဆောင်ရွက်ရန်လည်း တောင်းဆိုထားသည်။ တွန်လမ်းတော့စ် အက်ဥပဒေအရ ထိုကဲ့သို့ ခန့်အပ်ရန် အမေရိကန် သမ္မတသည် ဆီးနိတ်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။

ဆီနိတ်တာ အမတ်က ထိုင်းနိုင်ငံ၏ ‘လူကုန်ကူးမှု တိုက်ဖျက်ရေး’ အပေါ် နိုင်ငံခြားရေးဌာနမှ အဆင့်လျှော့ချ သတ်မှတ်ထားမှုကိုလည်း ဝေဖန်

မစ္စတာ ဂျင်မ်ဝဘ်၏ ပေးစာထဲတွင် သူ၏ ကော်မတီ ဥက္ကဋ္ဌ တာဝန်နှင့် စပ်လျဉ်းသည့် အခြား အရေးကြီးသော ကိစ္စများနှင့် ပတ်သက်၍လည်း သူ၏ ရပ်တည်ချက်များကို ဖော်ပြထားသည်။ အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနက မကြာသေးမီက သတ်မှတ်ထုတ်ပြန်ခဲ့သည့် လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် ပတ်သက်သည့် စာရင်းတွင် ထိုင်းနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး အားထုတ်မှုအား အဆင့်နှစ် (စောင့်ကြည့်အဆင့်) သို့ လျှော့ချသတ်မှတ်ခဲ့မှုအပေါ်လည်း ဆန့်ကျင်ကြောင်း သူ၏ စာထဲတွင် ရေးသားထားသည်။ မစ္စတာ ဂျင်မ်ဝဘ်၏ စာထဲတွင် ထိုကဲ့သို့ အဆင့်လျှော့ချ သတ်မှတ်မှုသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံသတ်မှတ်ချက်များအရ ထိုင်းနိုင်ငံသည် အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့အရေးယူ ခံရမှုတချို့နှင့် ရင်ဆိုင်ရနိုင်ဖွယ် ရှိသဖြင့် ထိုင်းနိုင်ငံအပေါ် အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေလိမ့်မည်ဟု ရေးသားထားသည်။ ထိုင်းနိုင်ငံတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေရချိန်နှင့် နိုင်ငံရေး တည်ငြိမ်မှု ရရှိရန် ကြိုးစားနေရချိန် ဖြစ်သည့်အတွက် အကူအညီများ လိုအပ်နေချိန်တွင် ထိုကဲ့သို့ အဆင့်လျှော့ချ သတ်မှတ်ခံခဲ့ရခြင်းဖြစ်သည်ဟု မစ္စတာဂျင်မ်ဝဘ်၏ စာထဲတွင် ရေးသားထားသည်။

မစ္စတာ ဂျင်မ်ဝက်၏ စာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။


ဇွန် ၈၊ ၂၀၁၀

လေးစားရပါသော မစ္စစ် ဟီလာရီ ရော့ဒမ် ကလင်တန်

အမေရိကန်အစိုးရအဖွဲ့ အတွင်းရေးမှူး

အမေရိကန် အစိုးရအဖွဲ့ရုံး

၂၂၀၁ C လမ်း၊ NW

ဝါရှင်တန် ဒီစီ၊ ၂၀၅၂၀


လေးစားရပါသော အတွင်းရေးမှူး မစ္စစ် လလင်တန် ခင်ဗျား

ကျနော်ဟာ အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ ဆီးနိတ် နိုင်ငံခြားရေး ဆပ်ကော်မတီရဲ့ ဥက္ကဋ္ဌ တယောက်အနေနဲ့ ပြီးခဲ့တဲ့ အပတ်က ကိုရီးယားနိုင်ငံနဲ့ ထိုင်းနိုင်ငံတွေကို အဲဒီ့နိုင်ငံတွေမှာ လောလောဆယ် ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေနဲ့ ဒေသတွင်း ကိစ္စတွေကို ဆွေးနွေးဖို့အတွက် သွားရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံကိုလည်း သွားရောက်ဖို့ ရည်ရွယ်ထားခဲ့ပေမယ့် အောက်မှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေကြောင့် မြန်မာနိုင်ငံ ခရီးစဉ်ကို ဆိုင်းငံ့ထားခဲ့ရပါတယ်။

သက်ဆိုင်ရာ နိုင်ငံတွေရဲ့ အစိုးရကိုယ်စားလှယ်တွေ၊ စီးပွားရေးသမားတွေ၊ လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေ၊ အမေရိကန် သံကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကနေ ရရှိလာတဲ့ အချက်အလက်တွေနဲ့ အကြံပြုချက်တွေကို မစ္စစ် ကလင်တန်ထံ ဝေမျှလိုပါတယ်။ ဒီအကြံပြုချက်တွေထဲက တချို့ဟာ အချိန်ပေါ်မူတည်ပြီး အပြောင်းအလဲတွေ ရှိနိုင်တာကိုလည်း မစ္စစ် ကလင်တန်အနေနဲ့ သတိထားမိပါလိမ့်မယ်။

၁။ အမေရိကန်- တောင်ကိုရီးယား လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူ စာချုပ်

တောင်ကိုရီးယား-အမေရိကန် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ် (KORUS FTA) ကို အကောင်အထည် ဖော်နိုင်ခဲ့ရင် အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေသာမက အရှေ့အာရှနိုင်ငံတွေ အားလုံးပါ အကျိုးကျေးဇူး ခံစားရလိမ့်မယ်လို့ လေးလေးနက်နက် ယုံကြည်မိပါတယ်။ အဲဒီစာချုပ်ကို အတည်ပြုရေးအတွက် ကွန်ဂရက်မှာ ကြန့်ကြာနေမှာကိုတော့ အထူးစိုးရိမ်မိပါတယ်။

ဒီသဘောတူစာချုပ်ကို ၂၀၀၇ ခုနှစ် ဇွန်လ ၃၀ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြတာပါ။ အဲဒီစာချုပ်အရ ၃ နှစ်အတွင်း နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှုရဲ့ ၉၅ ရာခိုင်နှုန်းရှိတဲ့ လူသုံးကုန်ပစ္စည်းတွေနဲ့ စက်ရုံထုတ် ပစ္စည်းတွေအပေါ်မှာ အခွန်စည်းကြပ်မှုတွေကို ပယ်ဖျက်မှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ စိုက်ပျိုးရေး ပို့ကုန် သုံးပုံနှစ်ပုံ အပေါ်မှာလည်း အခွန်စည်းကြပ်မှုတွေ ရှိတော့မှာ မဟုတ်ပါဘူး။ အမေရိကန် ပြည်ထောင်စု ကားထုတ်လုပ်သူတွေဟာ ကိုရီးယားမှာ ဈေးကွက်တိုးချဲ့နိုင်ရေးအတွက် ဒီသဘောတူစာချုပ်ကို အကောင်အထည်ဖော်ရေး လုပ်ဆောင်စေချင်နေကြကာ စာချုပ်အတည်ပြုရေး နှောင့်နှေးမှာကို စိုးရိမ်နေကြပါတယ်။ ခြုံငုံပြီး သုံးသပ်ကြည့်ရင် ဒီစာချုပ်ကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေဟာ ဒီစာချုပ်ကြောင့် ဖြစ်လာမယ့် ဆုံးရှုံးမှုတွေထက် အများကြီး အလေးသာနေတာမို့ စာချုပ်ကို အကောင်အထည် မဖော်နိုင်ခဲ့ရင် ကောင်းကျိုးတွေကို လက်လွှတ်လိုက်ရမှာပါ။

ကိုရီးယားဟာ ဒီစာချုပ်ကို စံနမူနာထားပြီး တခြား လွတ်လပ်စွာ ကုန်သွယ်ရေး စာချုပ်တွေကိုလည်း ပြုလုပ်နေပါတယ်။ ဥရောပသမဂ္ဂ (EU) နဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးစာချုပ်ကို ဒီဇွန်လထဲမှာ လက်မှတ်ရေးထိုးဖွယ် ရှိနေပြီး ဒီဇင်ဘာမှာ အီးယူ-ကိုရီးယား လွတ်လပ်စွာ ကုန်သွယ်ရေးစာချုပ်ကို အကောင်အထည်ဖော်ဖို့ ရှိနေပါတယ်။ ဒါကြောင့် အမေရိကန်အနေနဲ့ ကိုရီးယားနဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးစာချုပ်ကို အတည်ပြုဖို့ နှောင့်နေးနေမယ်ဆိုရင် အမေရိကန် ပြည်ထောင်စုရဲ့ ကုန်စည်တွေဟာ ဈေးကွက်ထဲမှာ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကို ရင်ဆိုင်ရကာ ရုန်းကန်ရဖွယ် ရှိနေပါတယ်။ အရေးကြီးတာကတော့ စာချုပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် အရှေ့အာရှ နိုင်ငံတွေဟာ အမေရိကန်ရဲ့ အရှေ့အာရှဒေသအပေါ် သဘောထားကို သံသယ ရှိလာနိုင်ပါတယ်။

ဒါကြောင့်မို့ မစ္စစ် ကလင်တန်အနေနဲ့ သမ္မတကို တောင်ကိုရီးယား-အမေရိကန် လွတ်လပ်စွာ ကုန်သွယ်ရေးစာချုပ်ကို နိုဝင်ဘာ ရွေးကောက်ပွဲများ မတိုင်မီ ကွန်ဂရက်မှာ တင်သွင်းဖို့ တောင်းဆိုသင့်ပါတယ်။ ဆီးနိတ်မှာတော့ ကျနော်က တတ်စွမ်းသလောက် ဒီစာချုပ် အတည်ပြုရေးအတွက် အစွမ်းကုန် အားထုတ်သွားမှာပါ။

၂။ ထိုင်းနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံရေး တည်ငြိမ်မှု အတွက် ကူညီရေး

အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ (TIP report) ကို ဇွန်လလယ်က ထုတ်ပြန်ခဲ့ပါတယ်။ ဘန်ကောက်မြို့မှာရှိတဲ့ အမေရိကန်သံရုံးဟာ အမေရိကန် နိုင်ငံခြားရေးဌာနက ထိုင်းနိုင်ငံရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်မှုကို အဆင့် ၂ မှ အဆင့်၂ (စောင့်ကြည့်အဆင့်) သို့ လျှော့ချသတ်မှတ်ထားကြောင်း တင်ပြလာပါတယ်။ သံရုံးအနေနဲ့ အဲဒီ့သတ်မှတ်မှုကို လက်ခံဖို့ ခက်ခဲနေပြီး အဲဒီ့ အဆင့်လျှော့ချ သတ်မှတ်မှုကြောင့် မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာမှာကိုလည်း စိုးရိမ်နေပါတယ်။ အခုလို အဆင့်လျှော့ချ သတ်မှတ်လိုက်မှုဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံသတ်မှတ်ချက်တွေအရ ထိုင်းနိုင်ငံဟာ အမေရိကန် ပြည်ထောင်စုရဲ့ ပိတ်ဆို့အရေးယူ ခံရမှုတချို့နဲ့ ရင်ဆိုင်ရနိုင်စရာ ရှိနေလို့ ထိုင်းနိုင်ငံအပေါ်မှာ အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ထိုင်းနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ပြီး နိုင်ငံရေး တည်ငြိမ်မှု ရရှိဖို့ ကြိုးစားနေရလို့ အကူအညီတွေ လိုအပ်နေချိန်မှာ ဒီလို အဆင့်လျှော့ချ သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိ ဥပဒေအရဆိုရင် အမေရိကန်သမ္မတအနေနဲ့ သက်ညှာခွင့် ပေးနိုင်ပေမယ့် အဲဒါဟာ အရေးယူ ပိတ်ဆို့မှု ကြေညာပြီးမှသာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

မစ္စစ် ကလင်တန်အနေနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးရဲ့ ဆွေးနွေးချက်နဲ့ အကြုံပြုချက်ကို လက်ခံပြီးတော့ ထိုင်းနိုင်ငံအပေါ် လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာမှာ အဆင့်လျှော့ချ သတ်မှတ်မှုကို ပယ်ချလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒီကိစ္စဟာ အနှောင့်နှေးမခံတဲ့ အရေးတကြီး ကိစ္စဖြစ်လို့ မစ္စစ်ကလင်တန်နဲ့ မစ္စစ်ကလင်တန်ရဲ့ ဝန်ထမ်းတွေအနေနဲ့ ချက်ချင်း ဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။

၃။ ကုလသမ္မဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄

မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်ကာ မြောက်ကိုရီးယား နိုင်ငံကနေ စစ်လက်နက်ပစ္စည်းများ ပေးပို့မှုကို လက်ခံခဲ့တယ်လို့ ၂၀၁၀ ခုနှစ် မေလက အမေရိကန် အာရှနှင့် ပစိဖိတ်ဒေသရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်းဘဲလ်ရဲ့ စွပ်စွဲချက် ထွက်ပေါ်လာခဲ့ပါတယ်။ သူ့ရဲ့ အစီရင်ခံစာမှာ ရှင်းလင်းချက်တွေ မပါခဲ့ပေမယ့် ဒီကိစ္စကို အမေရိကန် နိုင်ငံခြားရေးဌာနအနေနဲ့ လူသိရှင်ကြား စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး ရှင်းလင်းသွားအောင် ဆောင်ရွက်ဖို့ လိုတယ်လို့ ထင်မြင်မိပါတယ်။ ဒီကိစ္စကြောင့်လည်း မြန်မာအစိုးရနဲ့ စေ့စပ်ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ အစီအစဉ်တွေ ဆိုင်းငံ့ထားလိုက်ရတာပါ။

မကြာသေးခင်က အာရှခရီးစဉ် မတိုင်ခင်မှာ ကျနော်နဲ့ ကျနော့်ရဲ့ လက်ထောက်တွေဟာ မြန်မာစစ်အစိုးရအပေါ် စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အမေရိကန် အစိုးရအဖွဲ့က လုပ်ဆောင်ခြင်း မရှိခဲ့ပါဘူး။ မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး တခြားနိုင်ငံတွေနဲ့လည်း ဆွေးနွေးခဲ့ပေမယ့် ကျနော် အာရှခရီးစဉ် ထွက်ခွာသွားသည်အထိ ဒီစွပ်စွဲချက်တွေ ရှင်းလင်းရေး အပေါ်မှာတော့ တခြားဘယ်နိုင်ငံကမှ အမေရိကန်နိုင်ငံနဲ့ တရားဝင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ပါဘူး။ အမေရိကန် နိုင်ငံခြားရေးဌာန အနေနဲ့လည်း ယခုအချိန်အထိ ရှင်းလင်းဆောင်ရွက်မှု မရှိသေးပါဘူး။ အာရှနှင့် ပစိဖိတ်ရေးရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့ မာစီယယ်ကလည်း မြန်မာနိုင်ငံကို ကုလသမဂ္ဂ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်မှုနဲ့ ပတ်သက်ပြီးတော့ ဝေဖန်မှုတွေမှာ တခြား ဘယ်နိုင်ငံမှ အမေရိကန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိသေးဘူးလို့ ကျနော့်ရဲ့ လက်ထောက်ဝန်ထမ်းတွေကို ပြောခဲ့ပါတယ်။

ကျနော့်ရဲ့ ခရီးစဉ် အချိန်ဇယားအရ မြန်မာနိုင်ငံကို သွားဖို့ နာရီပိုင်းအလိုမှာ မြန်မာစစ်အစိုးရဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အကူအညီနဲ့ နျူကလီးယားရရှိရေး ဆောင်ရွက်နေတယ်လို့ နိုင်ငံတကာ သတင်းဌာနတွေမှာ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒီစွပ်စွဲချက်တွေဟာ အမေရိကန်ရဲ့ ငွေကြေးအကူအညီနဲ့ လုပ်ငန်းဆောင်ရွက်နေတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာနကနေတဆင့် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီစွပ်စွဲချက်တွေကြောင့် မြန်မာနိုင်ငံ ခရီးစဉ်ကို စွပ်စွဲချက်တွေ ကျေလည်အောင် စုံစမ်းစစ်ဆေး ရှင်းလင်းပြီးသည်အထိ ဆိုင်းငံ့လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မစ္စစ်ကလင်တန်အနေနဲ့ ထိုကိစ္စတွေ ရှင်းလင်းသွားအောင် အချိန်မီ ဆောင်ရွက်ဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါမှ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံနဲ့ စေ့စပ်ဆွေးနွေးမှုတွေကို ဆက်လက်ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။


၎။ မြန်မာနိုင်ငံအတွက် အထူးသံတမန် ခန့်အပ်ရန်

၂၀၀၈ ခုနှစ် တွန်လမ်းတော့စ် မြန်မာ့ကျောက်မျက် ပိတ်ဆို့အရေးယူရေး ဥပဒေအရ အမေရိကန် သမ္မတအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ပေါ်လစီရေးရာ အထူးကိုယ်စားလှယ် ခန့်အပ်ဖို့ ဆီးနိတ်လွှတ်တော်ရဲ့ အကြံပြုချက်နဲ့ ခွင့်ပြုချက်ရရှိဖို့ လိုပါတယ်။

အဲဒီကိုယ်စားလှယ်ဟာ တခြားတာဝန်တွေအပြင် “နိုင်ငံပေါင်းစုံ ပူးပေါင်းပါဝင်သည့် ဘက်စုံပိတ်ဆို့အရေးယူရေး၊ အတိုက်အခံများနှင့်သာမက စစ်အစိုးရနှင့်ပါ တိုက်ရိုက်ဆွေးနွေးရေး၊ မြန်မာနိုင်ငံအတွင်းတွင် ရှိသော အန်ဂျီအိုများ အပါအဝင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများတွင် ရှိသည့် အန်ဂျီအို အဖွဲ့အစည်းများအား အကူအညီများပေးရေး၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ အုပ်ချုပ်မည့် အရပ်သားအစိုးရ ပေါ်ပေါက်လာရေးနှင့် မြန်မာနိုင်ငံမှ ဒုက္ခသည်များအား လူသားချင်း စာနာထောက်ထားမှု အကူအညီများ အလျင်အမြန်ပေးရေး” စတဲ့ တာဝန်တွေကို ဆောင်ရွက်သင့်ပါတယ်။ ၂၀၀၈ ခုနှစ် တွန်လမ်းတော့စ် အက်ဥပဒေကို ချမှတ်ပြီးကတည်းက အဲဒီလို တာဝန်ယူ ဆောင်ရွက်ရမယ့် သံတမန်မျိုးကို ခန့်ထားခြင်း မရှိခဲ့ပါ။

မစ္စစ်ကလင်တန်အနေနဲ့ အဲဒီတာဝန်တွေ ဆောင်ရွက်ပေးမယ့် အထူးသံတမန်တဦး အလျင်အမြန် ခန့်ထားဖို့ သမ္မတကို တိုက်တွန်းလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကျနော့်အနေနဲ့ကတော့ အဲဒီရာထူးနေရာအတွက် ထိုင်းနိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ သံအမတ် အဲရစ်ဂျွန်ကို ခန့်ထားဖို့ လေးလေးနက်နက် အကြံပြုလိုပါတယ်။ သံအမတ် အဲရစ်ဂျွန်ဟာ အရှေ့အာရှ ဒေသမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး မြောက်ကိုရီးယားအစိုးရနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ကာလကြာရှည်စွာ တာဝန်ယူ လုပ်ဆောင်ဖူးတာကြောင့် အခု မြန်မာနိုင်ငံနဲ့ ကိစ္စမှာလည်း အဆင်ပြေစွာ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

၅။ အရှေ့အာရှရေးရာ ဌာနအတွက် ရန်ပုံငွေ မြှင့်တင်ရေး

ကျနော့်အနေနဲ့ အရှေ့အာရှနှင့် ပစိဖိတ်ဒေသရေးရာဌာနရဲ့ ရန်ပုံငွေကို ဒေါ်လာ သန်း ၁၀၀ ထပ်ပြီး မြှင့်တင်နိုင်ဖို့ နိုင်ငံခြားဆက်ဆံရေး ခွင့်ပြုမှု အက်ဥပဒေကို ပြင်ဆင်ရေး မူကြမ်းကို ဧပြီလက တင်သွင်းခဲ့ပါတယ်။ အရှေ့အာရှ ဒေသဟာ လူဦးရေ များပြားပြီး နိုင်ငံရေး မတည်မငြိမ်မှုတွေ များပြားပေမယ့် အမေရိကန်ရဲ့ အရှေ့အာရှဌာနဟာ တခြားဒေသဆိုင်ရာ ဌာနတွေနဲ့ နှိုင်းယှဉ်ရင် ရန်ပုံငွေ နည်းနေပါတယ်။

အရှေ့အာရှဌာနဟာ ၂၀၁၁ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံရပ်ခြား အစီအစဉ်တွေမှာ သုံးစွဲဖို့အတွက် ရန်ပုံငွေ တောင်းခံမှု ဒေါ်လာ ၁၆၉ သန်းနဲ့ အနည်းဆုံး အနေအထားမှာ ရှိနေပါတယ်။ အရှေ့အာရှ ဒေသမှာ နိုင်ငံရေး မတည်မငြိမ် ဖြစ်မှုတွေ များပြားလာခဲ့ပေမယ့် နိုင်ငံအခြား အကူအညီ ရန်ပုံငွေခွဲတမ်းမှာတော့ အရှေ့အာရှအတွက် စီးပွားရေး အထောက်အကူပေးရေး ရန်ပုံငွေ (ESF) ဟာ ၂၀၁၀ ဘဏ္ဍာရေးနှစ်မှာ ဒေါ်လာ ၁၇၇.၉ သန်း ရှိခဲ့ရာကနေ ၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ ဒေါ်လာ ၆၁.၃ သန်းအထိ ၆၅ ရာခိုင်နှုန်း ကျဆင်းလာခဲ့ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံအတွက် ၂၀၀၉ ဘဏ္ဍာရေးနှစ်နဲ့ ၂၀၁၀ ဘဏ္ဍာရေးနှစ် စီးပွားရေး အထောက်အကူပေးရေး ရန်ပုံငွေ (ESF) ဒေါ်လာ ၄.၈ ဘီလီယံနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ ၂၀၁၀ ခုနှစ် မေလမှာ စုစုပေါင်း လျာထား ရန်ပုံငွေများ အနက်က ဒေါ်လာ ၂.၀၆ ဘီလီယံဟာ သုံးစွဲရခြင်း မရှိဘဲ ကျန်ရှိနေပါတယ်။ အဲဒီ ကျန်ရှိငွေတွေဟာ အရှေ့အာရှဒေသက ရရှိတဲ့ ရန်ပုံငွေ ခွဲတမ်းထက် အဆ ၃၀ ကျော် ပိုများနေပါတယ်။

အရှေ့အာရှရေးရာဌာနရဲ့ နိုင်ငံတကာ စစ်ဘက် ပညာရေးနှင့် လေ့ကျင့်ရေး (IMET) အတွက် ရန်ပုံငွေဟာလည်း ဒေါ်လာ ၉.၃ သန်းသာ ရှိပြီး အခြားဒေသတွေနဲ့ နှိုင်းယှဉ်ရင် အများကြီး နည်းနေပါတယ်။ အဲဒီပမာဏဟာ ဒေသဆိုင်ရာ စစ်ဘက်ခေါင်းဆောင်တွေကို အင်္ဂလိပ်စာ သင်ကြားပေးရေး၊ ယုံကြည်မှု မြှင့်တင်ရေးနဲ့ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေနဲ့ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် အတိမ်းအစောင်းမခံတဲ့ ငွေပမာဏပဲ ဖြစ်ပါတယ်။

အဲဒီလုပ်ငန်းတွေအတွက် မျှတတဲ့ ရန်ပုံငွေခွဲတမ်း မရရှိခြင်းဟာ အမေရိကန်နိုင်ငံနဲ့ အရှေ့အာရှ နိုင်ငံတွေရဲ့ ဆက်ဆံရေးမှာ အဟန့်အတားဖြစ်မှာကို ကျနော့်အနေနဲ့ အထူးစိုးရိမ်မိပါတယ်။ ဥပမာပြရရင် ထိုင်းနိုင်ငံဟာ မကြာသေးခင်ကမှ နိုင်ငံရေး အကျပ်အတည်းကနေ လွတ်မြောက်လာခဲ့ပြီး နိုင်ငံရေးအရ ပြန်လည်သင့်မြတ် ရင်ကြားစေ့ရေး လုပ်ဆောင်နေတဲ့ နေရာမှာ အမေရိကန်ရဲ့ အကူအညီ များစွာ လိုအပ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ မဟာမိတ် နိုင်ငံဖြစ်တဲ့ အမေရိကန်အနေနဲ့ ထိုင်းနိုင်ငံမှာ တည်ငြိမ်တဲ့ လူမှုအဖွဲ့အစည်း ပေါ်ပေါက်လာရေးနဲ့ နိုင်ငံရေး တည်ငြိမ်မှု ရရှိလာဖို့ အကူအညီပေးဖို့ တာဝန်ရှိနေပါတယ်။ ကျနော်တို့အနေနဲ့ သင့်တင့်တဲ့ ရန်ပုံငွေ ရရှိမှသာ အကူအညီပေးရေး ခြေလှမ်းများ စတင်နိုင်မှာဖြစ်ပြီး ကျနော်တို့ရဲ့ ကိုယ်စားလှယ်တွေ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကို ပြည့်စုံစွာ ထောက်ပံ့နိုင်မှာ ဖြစ်ပါတယ်။

အရှေ့အာရှရေးရာ လုပ်ငန်းစဉ်တွေအတွက် ၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ ရန်ပုံငွေ ပိုမိုရရှိဖို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။ မစ္စစ်ကလင်တန်အနေနဲ့ ပမာဏ ခြေလှမ်းအဖြစ် ရန်ပုံငွေ တိုးဖို့ တောင်းဆိုချက်ကို ထောက်ခံလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ ၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်ရေးဆွဲတဲ့ နေရာမှာ အရှေ့အာရှဒေသရေးရာ ဌာနအတွက် မဟာဗျူဟာအရ ဦးစားပေးပြီး လက်ရှိရန်ပုံငွေထက် အနည်းဆုံး ဒေါ်လာ သန်း ၁၀၀ တိုးပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျနော့်အနေနဲ့ကတော့ တတ်နိုင်သမျှ နည်းလမ်းတွေ သုံးပြီးတော့ အရှေ့အာရှရေးရာ ဌာနအနေနဲ့ လုပ်ငန်းတွေ ဆောင်ရွက်ဖို့ လိုအပ်တဲ့ ရန်ပုံငွေ ရရှိလာအောင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အနှစ်ချုပ်ရရင် အမေရိကန် အစိုးရအဖွဲ့အနေနဲ့ အာရှဒေသနဲ့ ဆက်ဆံရေးတိုးမြှင့်ရေးကို အလေးထား ပြောဆိုနေကြပေမယ့် ရန်ပုံငွေ မလုံလောက်လို့ အကူအညီတွေ ထိထိရောက်ရောက် မပေးနိုင်ခဲ့ရင် အမေရိကန် ပြည်ထောင်စုအနေနဲ့ ပေးထားတဲ့ ကတိကဝတ်တွေကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ပါဘူး။ အဲဒါဆိုရင် တရုတ်နိုင်ငံလို နိုင်ငံတွေကို ဒေသတွင်းမှာ သြဇာညောင်းအောင် ပြုလုပ်ဖို့ လမ်းဖွင့်ပေးလိုက်သလို ဖြစ်သွားပါလိမ့်မယ်။

ဒီအကြံပြုချက်တွေကို ဖတ်ရှုစဉ်းစားပေးတဲ့အတွက် ကျေးဇူး အထူးတင်ပါတယ်။ မစ္စစ်ကလင်တန်ရဲ့ တုံ့ပြန်မှုနဲ့အတူ အထက်ဖော်ပြပါ အကြံပြုချက်များအတိုင်း ခြေလှမ်းစလှမ်းနိုင်ရေးအတွက် မစ္စစ်ကလင်တန်၊ အမေရိကန် နိုင်ငံခြားရေးဌာနတို့နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ကို မျှော်လင့်စောင့်စားနေပါ့မယ်။


ရိုးသားစွာဖြင့်

ဂျင်မ်ဝဘ်

အမေရိကန် ဆီးနိတ်လွှတ်တော် အမတ်
http://www.mizzimaburmese.com/news/world-news/5496-2010-06-10-14-38-00.html

အလင်းအိမ်မဂ္ဂဇင်း(မေလ)

Luminary Magazine 4of 5

ဗိုလ်မှုးစိုင်းသိန်းဝင်းနှင့် အဖွဲ့အား သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးမှ လှိုက်လှဲစွာ ကြိုဆို

Photobucket