Tuesday, June 15, 2010

15 June 2010 ဒိုင်ယာရီ

15 June 2010 yeyintnge Diary.doc file download here
15 June 2010 yeyintnge Diary.pdf file download here
15 June 2010 Yeyintnge Diary

ကြံ့ဖွံ့ကို မထောက်ခံလျှင် ဖမ်းဆီးမည်ဟု ဒေသအာဏာပိုင်များပြော

ရိုးမ ၃။ ၁၅၊ ၆၊ ၂၀၁၀
စစ်အစိုးရ ပြုလုပ်မည့်ရွေးကောက်ပွဲတွင် ကြံ့ဖွံွှ့ပါတီကို မထောက်ခံပါက ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ကျေးရွာအာဏာပိုင်များက ခြိမ်းခြောက်ပြောဆိုနေလျှက်ရှိကြောင်း ရွာသားတဦးက ပြောသည်။
ယခုလ (၈) ရက်နေ့က ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကျီကြီးအုပ်စု ဥက္ကဌ ဦးအောင်သန်းဌေးနှင့် ရယက စာရေး ဦးကျော်မြင့်တို့က ပြောဆိုခြင်းဖြစ်ကြောင်း စုမှတ်တိုင်ကျေးရွာ ဆယ်အိမ်မှူး ကိုမင်းထိုက်က အစည်းဝေးတွင် ပြောသည်။
“ (၇) ရက်နေ့က ကျီကြီးအုပ်စု သုံးကွင်းဆိုင်ကျေးရွာက ရယက စာရေးအိပ်မှာ ဆယ်အိမ်မှူးတွေကို အစည်းဝေးဖိတ်ပြီး ရွေးကောက်ပွဲကို ၈ လပိုင်းလောက် ကျင်းပမယ်၊ ဧည့်စာရင်း လူဝင်လူထွက်တွေကို မှတ်တမ်းတင်ရမယ်၊ နောက် ည ၈ နာရီကျော်ရင် အပြင်မထွက်ရ အမိန့်ထုတ်မယ်တို့ ပြောတယ်၊ အဲဒါကို ဆယ်အိမ်မှူးက ပြန်ပြောတာ” ဟု ရွာသားတဦးက ပြောသည်။
ဒေသတွင်း နိုင်ငံရေးလှုပ်ရှားသူများကို စောင့်ကြည့်မှုများ ပြုလုပ်သွားပြီး ကြိုတင်မဲများကောက်ခံမည့်အပြင် ကြံ့ဖွံ့ပါတီကို မထောက်ခံသူအား ဘာကြောင့် မထောက်ခံရခြင်းဖြစ်ကြောင်းကို အစီရင်ခံစာရေးပို့ရန် အမိန့်ထုတ်ထားကြောင်း ဆယ်အိမ်မှူးက ပြောခဲ့သည်ဟု ၎င်းရွာသားက ဆက်ပြောသည်။
“ကြံ့ဖွံ့ပါတီကို မထောက်ခံသူကို နောက်ပိုင်းမှာ စစ်ဆေးမယ်၊ဖမ်းမယ်လို့ ဥက္ကဌနှင့် စာရေးက ပြောထားတယ်ဆိုပြီး မှတ်တိုင်ရွာနေ ဆယ်အိမ်မှူး ကိုမင်းထိုက်က ပြောတယ်” ဟု ဒေသခံရွာသားက ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် သစ်တောဝန်ကြီး ဦးသိန်းအောင်က အင်္ဂပူမြို့နယ်မှ ဝင်ရောက်အရွေးခံရန် စီစဉ်ထား၍ ၎င်း၏ ကြံ့ဖွံ့ပါတီကို ထောက်ခံမဲပေးရန် နည်းမျိုးစုံဖြင့် စည်းရုံးမှုများ ပြုလုပ်နေလျှက်ရှိပြီး အနည်းဆုံး ကျပ်ငွေသိန်းပေါင်း သောင်းနှင့်ချီ၍ အကုန်ကျခံလုပ်ဆောင်နေလျှက်ရှိကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် ပြီးခဲ့သည့်လပိုင်းများတွင်လည်း စက်မှု(၁) ဝန်ကြီးဦးအောင်သောင်းက ကျောက်ပန်းတောင်းမြို့တွင် ပြုလုပ်သည့် အစည်းဝေးတွင် ၎င်းဦးဆောင်သည့် ကြံ့ဖွံ့ပါတီကို ထောက်ခံမဲပေးရန် ပြောဆိုစည်းရုံးမှုများလည်း ရှိခဲ့သည်။
http://www.yoma3.org/

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ဘာကြောင့်လိုအပ်သလဲ(အပိုင်းတစ်_နှစ်)




ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ဘာကြောင့်လိုအပ်သလဲ (အပိုင်းတစ်)

ရွှေဟင်္သာ

ဇွန်လ ၁၀၊၂၀၁၀။

ကျွန်တော်တို့နိုင်ငံတော်ကို ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ လိုအပ်ကြောင်းကို ၁၉၄၈ခုနှစ် မတိုင်မီ ကနေ ဒီနေ့အထိ လူတော်တော်များများက ရေးခဲ့ကြပြောခဲ့ကြသည်။ ကျွန်တော်လည်းရေးခဲ့ဘူး ပြောဆိုဆွေးနွေးခဲ့ ဘူးတယ်။

ဒါပေမယ့် ဒီနေ့အထိဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ဆန့်ကျင်နေသူ၊ လက်မခံနိုင်သူတွေ တော်တော်များများ ရှိနေသေးတယ်။ ဒီလိုလူတွေအထဲမှာ အခြေအနေမှန်ကိုမသိတဲ့၊ ရိုးသားတဲ့မျိုးချစ်ပုဂ္ဂိုလ်တွေ လူငယ်တွေတော်တော်များများပါဝင်နေတယ်။ တိုင်းရင်းသားနိုင်ငံရေးပါတီ အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် မဆက်ဆံဘူးတဲ့ ဗမာလူငယ်တွေထဲမှာ ဒီလိုအမြင်သဘောထားတွေရှိနေကြတယ်။

ဒီနေ့လိုနိုင်ငံရေးအခြေအနေ ဆိုးတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကာလမှာတောင် ဒီလိုအမြင်မျိုးတွေရှိနေသေးတာဟာ အခြေအနေဆိုးကို သက်တမ်းရှည်အောင် အားပေးထောက်ကူနေသလိုဖြစ်နေလို့ ဒီအကြောင်းအရာကို ကျွန်တော်ထပ်ပြီးရေးရတာ ဖြစ်တယ်။ နားလည်ကျေညက်ပြီးသူအနေနဲ့ ခွင့်လွှတ်သီးခံ စေချင်တယ်။

ဖက်ဒရယ်ပြည်ထောင်စုဆိုတာ စစ်မှန်တဲ့ပြည်ထောင်စု (ဒါမှမဟုတ်) ပြည်နယ်ပေါင်းစုံ ပြည်ထောင်စုကို ခေါ်တာဖြစ်ပါတယ်။ ဖက်ဒရယ်(ဖက်ဒရေးရှင်း)ဆိုတာ ခွဲထွက်ရေး၊ ပြိုကွဲရေးမဟုတ်ဘူး။ ပူးပေါင်းခြင်း၊ စုပေါင်း ဖွဲ့စည်းခြင်းသာဖြစ်တယ်။ ဖက်ဒရယ်ကိုခွဲထွက်ရေး၊ ပြိုကွဲရေးလို့ လူတွေထင်မြင်သွားအောင်လုပ်ခဲ့တာက (၁၉၆၂)ခု မှာ အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်နေဝင်းနဲ့စစ်ခေါင်းဆောင်တွေဖြစ်တယ်။ ဗိုလ်ချုပ်နေဝင်းနဲ့ အာဏာသိမ်းစစ်ဗိုလ်ချုပ် တွေဟာ ၄င်းတို့အာဏာသိမ်းတာကို အပြစ်မမြင်အကောင်းထင်လာအောင်နဲ့ စစ်မှန်တဲ့ပြည်ထောင်စု တည်ဆောက် ရေးကို တောင်းဆိုခဲ့ကြတဲ့ တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်တွေအဖွဲ့ဝင်တွေအပေါ် အဆိုးမြင်အပြစ်တင်လာအောင် ထွင်လိုက်တဲ့သဘောတရားတစ်ခုပါ။ ဒါကိုနားလည် ကြဖို့လိုပါတယ်။

တိုင်းရင်းသားခေါင်းဆောင်တွေဘက်က ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ဘာကြောင့်တောင်းဆို ရတာလဲ။ ဒါကိုရိုးသားတဲ့မျိုးချစ်ဗမာလူငယ်တွေ သုံးသပ်နိုင်ဖို့ ကျွန်တော်အကျဉ်းချုပ်တင်ပြလိုပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ လူမျိုးပေါင်းစုံစုစည်းနေထိုင်တဲ့နိုင်ငံ၊ လူမျိုးပေါင်းစုံပိုင်ဆိုင်တဲ့နိုင်ငံဖြစ်တယ်။ လူမျိုး ပေါင်းစုံဆိုပေမယ့် စစ်ခေါင်းဆောင်တွေပြေကြသလို လူမျိုး(၁၃၅)မျိုးဆိုတာတော့မဟုတ်ဘူး။ ပြည်နယ် (၁ဝဝ)ကျော် တည်ဆောက်ဖို့ ဘယ်သူတွေ ဘယ်တုန်းက ပြောဆိုတာမရှိခဲ့ဘူး။ (၈)ပြည်နယ်ကိုတည် ဆောက်ဖို့တောင်းဆိုခဲ့တာ ရှိတယ်။ ဘာ့ကြောင့်ဒီလိုတောင်းဆိုကြရတာလဲ။ (၁၉၄၇ခု) နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပြည်နယ်(၃)ခု ၊ဝိဒေသတိုင်း(၁)ခုနဲ့ ပြည်မဆိုပြီးဖွဲ့စည်းခဲ့တယ်။ ဗမာတွေက ပြည်မကိုရယူထားပြီး ပြည်နယ်တွေ၊ ဝိဒေသတိုင်းတွေ ကိုပြည်မအာဏာနဲ့ လွှမ်းမိုးထားလိုက်တယ်။ ၁၉၇၄ခု ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ ပြည်နယ်(၇)ခု၊ တိုင်း(၇)ခုနဲ့ ခွဲခြားထားတယ်။ ဒါပေမယ့်ပြည်နယ်တွေ၊ တိုင်းတွေကို စီမံခန့်ခွဲ့ရေးအာဏာပေးထားခြင်းမရှိဘူး။ နာမည်ခံလောက်ပဲ ရှိပြီး အာဏာအားလုံးကို ဗဟိုအစိုးရကချုပ်ကိုင်ထားပြန်တယ်။ ဒီလိုအတုအယောင်ပြည်ထောင်စုတွေနဲ့ တွေ့ကြုံခဲ့ ရတာများလို့ ပြည်ထောင်စုအစစ်အမှန်ကို ဖော်ဆောင်ပေးလာအောင် ဖက်ဒရယ်ပြည်ထောင်စုကို တောင်းဆိုရတာ ဖြစ်တယ်။

(၈)ပြည်နယ်နဲ့ ဖွဲ့စည်းဖို့ဆိုတာက လူမျိုးကြီး(၈)မျိုးကို အခြေခံတာဖြစ်တယ်။ ကျန်တဲ့လူမျိုးစုတွေကို လျစ်လျူရှုထားတာမဟုတ်ဘူး။ သူတို့အတွက်သင့်တော်သလို အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ လူမျိုးစုဒေသ ဆိုပြီးသတ်မှတ်ကာ သင့်တော်တဲ့အာဏာတွေ အခွင့်အရေးတွေပေးထားရမှာဖြစ်ပါတယ်။ အထူးသဖြင့်လူမျိုးစု တစ်စုက ဝါးမျိုတာမျိုးမဖြစ်ရအောင် အာဏာတွေ အခွင့်အရေးတွေ ခွဲဝေပေးထားရမှာ ဖြစ်ပါတယ်။

ဒီလိုပုံစံမျိုးနဲ့ဖွဲ့စည်းဖို့ ဘာကြောင့်လိုအပ်သလဲဆိုရင်
၁။ မတူညီတဲ့ လက္ခဏာရပ်တွေနဲ့ သမိုင်းနောက်ခံ
၂။ သီးခြားစီရပ်တည်နေထိုင်နိုင်တဲ့အခြေအနေ
၃။ တန်းတူညီမျှရေးမှ စုပေါင်းညီညွတ်မှုရှိစေရန်
ဒီအခြေခံ(၃)ခုကြောင့် ဖက်ဒရယ်ပြည်ထောင်စုမျိုး ဖွဲ့စည်းဖို့လိုအပ်တာ ဖြစ်တယ်။ ဒီအခြေခံ(၃)ရပ်ကို ထပ်မံပြီး ရှင်းလင်းအောင်ပြောရမယ်ဆိုရင် ၊
၁။ မတူညီတဲ့လက္ခဏာရပ်များနှင့် သမိုင်းနောက်ခံ
လူမျိုးစုကြီး(၈)မျိုးဆိုတဲ့ကြချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ဗမာ၊ ရခိုင်၊ ရှမ်းလူမျိုးစုတွေဟာ တစ်မျိုးနဲ့ တစ်မျိုးမတူညီတဲ့ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုတွေနဲ့ သမိုင်းကြောင်းနောက်ခံတွေရှိနေကြတယ်။ ဘာသာ စကား၊ စာပေ၊ ယဉ်ကျေးမတြွေ မတူညီတာကိုရှင်းဖို့လိုမယ်မထင်လို့ မရှင်းတော့ပါဘူး။ ဒီလူမျိုးစုတွေဟာ ဒီနိုင်ငံရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ဒီနေ့သူတို့အခြေပြုနေထိုင်နေကြတဲ့ နေရာဒေသတွေကို လွန်ခဲ့သော နှစ်ပေါင်း ထောင်ကျော်က ရောက်ရှိနေထိုင်ခဲ့ကြတာဖြစ်တယ်။ (၁၁)ရာစုမတိုင်မီ ကဆိုရင် အနောက်ဘက်မှာ ရခိုင်ပြည်၊ တောင်ဘက်မှာ မွန်ပြည်နယ်၊ အလယ်ပိုင်းအညာဒေသမှာ ဗမာပြည် ဆိုပြီးထင်ထင်ရှားရှားရှိနေခဲ့ကြတယ်။

အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား ဗမာဘုရင်တွေ စစ်အင်အားကောင်းချိန်မှာ အခြားလူမျိုးတွေရဲ့ နိုင်ငံတွေကို တိုက်ခိုက်သိမ်ပိုက်ခဲ့တယ်။ ဒါပေမယ့် အမြဲတမ်း သိမ်းပိုက်ထား နိုင်တာမဟုတ်ဘူး။ နှစ်ဆယ်ရာအချို့မှာ သူ့ပြည်သူ့နိုင်ငံနဲ့သူ ဖြစ်ခဲ့ကြတာ သမိုင်းကို လေ့လာသူတိုင်းသိကြပါတယ်။ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ရှမ်း တွေဟာ သီးခြားသူ့နိုင်ငံသူဘုရင်တွေနဲ့ မဟုတ်ပေမယ့်၊ ဒူးဝါး၊ စော်ကဲ၊ စောဖြာ၊ စော်ဘွား၊ တောင်ပိုင်၊ တောင်အုပ် တွေနဲ့ ၄င်းတို့လူမျိုးကို ၄င်းတို့ရဲ့အကြီးအကဲတွေက အုပ်ချုပ်ခဲ့ကြတယ်။ ပဒေသရာဇ်ဘုရင်ခေတ်တွေမှာ လက်အောက်ခံဘဝ ရောက်ခဲ့ရင်တောင် ဘဏ္ဍာဆက်နိုင်၊ လိုအပ်လာရင်စစ်သား ပို့ပေးနိုင်ရင်ပြီးတာပဲ၊ လက်တွေ့အရသူ့လူမျိုး နဲ့သူအုပ်ချုပ်ခဲ့ကြတာ ခေတ်အဆက်ဆက်ကပါ။

ရှမ်းတွေက တစ်ခါတစ်ရံမှာ ဘုရင်တွေနဲ့သီးခြားနိုင်ငံဖြစ်ခဲ့ဘူတယ်။ ကရင်နီတွေ ကတော့ (၁၈၇၅)ခုနှစ်မှာ မင်းတုန်းမင်းရဲ့ကိုယ်စားလှယ် ကင်းဝန်မင်းကြီးနဲ့ အင်္ဂလိပ်အ စိုးရရဲ့ကိုယ်စားလှယ် ဆာဒေါက်ကလပ်ဖေါဆစ်တို့ သဘောတူလက်မှတ်ရေးထိုးပြီး သီးခြားနိုင်ငံတစ်ခုအဖြစ်နဲ့ ရှိလာခဲ့တာ (၁၉၄၇)ခုနှစ်အထိဖြစ်တယ်။ ဒီလိုသမိုင်း နောက်ခံ အခိုင်အမာရှိလာခဲ့တာကို ပစ်ပယ်မေ့ပျောက်ထားလို့မရပါဘူး။ အင်္ဂလိပ်တွေအုပ်စိုးခဲ့တဲ့ကာလမှာ တောင်တန်းဒေသနဲ့မြန်မာပြည်မဆိုပြီး သီးခြားစီဖြစ်နေကြတယ်။

ဒီလိုတစ်သီးတစ်ခြားစီ နှစ်ပေါင်းကြာရှည်စွာရှိခဲ့တာကို ပေါင်းစပ်စုစည်းဖို့ ရှေးလူကြီးတွေရဲ့ သဘောထား တွေနဲ့ ကတိစကားတွေကိုလည်း ပြန်လည်လေ့လာဖို့လိုပါတယ်။ ၁၉၄၆ခု၊ဇန်နဝါရီလ ရွှေတိဂုံစေတီတော် အလယ်ပစ္စယံမှာကျင်းပတဲ့ (ဖဆပလ)ရဲ့ ပထမအကြိမ်ပြည်လုံးကျွတ်ညီလာခံမှာ “လွတ်လပ်တဲ့ ဗမာပြည်သစ်ကို တည်ထောင်ရာမှာ မည်သည့်တိုင်းရင်းသားလူမျိုးစုကိုမဆို ကိုယ့်ကံကြမ္မာကိုယ်ဖန်တီး ခွင့်ပေးမယ်၊ ခွဲထွက်လိုတဲ့ အခါခွဲထွက်ခွင့်ပေးမယ်”လို့ချမှတ်ထားတာရှိပါတယ်။ ၁၉၄၆ခု မတ်လပထမ ပင်လုံအစည်းအဝေးမှာ (ဖဆပလ)ကိုယ်စားလှယ်အနေနဲ့ တက်ရောက်ခဲ့တဲ့ ဦးနုနဲ့ဦးဘဂျမ်းတို့က ဒီစကားကို ထပ်မံထုတ်ဖေါ်ပြောဆိုပြီး တိုင်းရင်းသားအားလုံးညီညွတ်ရေးကို တည်ဆောက်ခဲ့ကြတယ်။ ၁၉၄၇ခု၊ ဖေဖေါ်ဝါရီလ(၁ဝ)ရက်နေ့ ပင်လုံညီလာခံ မှာ ဗိုလ်ချုပ်အောင်ဆန်းက “ဗမာတွေဗြိတိသျှကျွန်မဖြစ်ချင်သလို တောင်တန်းသားတွေကိုလည်း ဗြိတိသျှကျွန်မဖြစ် စေလိုကြောင်း၊ ထို့အတူတောင်တန်းသားတွေကို ဗမာကျွန်မဖြစ်စေရဘူး၊”ဆိုပြီးပဋိညာဉ်အဖြစ်နဲ့ ကတိ ကဝတ်ပြုပြောဆိုခဲ့တာရှိပါတယ်။ ဒီလိုကတိကဝတ်တွေ နားလည် မှုတွေနဲ့ ပင်လုံစာချုပ်ဆိုတဲ့ သဘောတူ ညီမှုရှိခဲ့တာကို ဒီနေ့ဗမာတွေ မေ့ပျောက်မထားကြဖို့လိုပါတယ်။

ပင်လုံစာချုပ်အခြေခံသဘောထားကတော့၊
၁။ ပြည်ထောင်စုအရပူးပေါင်းခြင်း။
၂။ အခွင့်အရေးနဲ့အဆင့်အတန်းတူညီရေး။
၃။ ပြည်နယ်တွေမှာကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေး။
၎။ ခွဲထွက်လိုပါကခွဲထွက်ခွင့်ရှိရေးဆိုတဲ့ အခြေခံသဘောထား(၄)ရပ်ရှိပါတယ်။ ဒီအခြေခံမူတွေနဲ့စုစည်းပြီး လွတ်လပ်ရေးကိုအတူတကွရယူဖို့ တောင်းဆိုခဲ့ကြတာဖြစ်တယ်။ ဟိုတုန်းကဒီလိုသာသဘောထားမရှိခဲ့ရင် မြန်မာပြည်လို့ခေါ်တဲ့ ကျွန်တော်တို့ပြည်ထောင်စုရဲ့နယ်နိမိတ်ဟာ ဒီနေ့လိုအနေအထားမျိုး ဖြစ်လာလိမ့်မှာ မဟုတ်ဘူး။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံရပြီးတဲ့နောက်မှာ လက်တွေ့ အကောင်အထည်ဖော်တဲ့ (၁၉၄၇)ခု နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အထက်ပါသဘောထားတွေ ပျောက်ကွယ်နေတာတွေ့ရတယ်။

ပုံသဏ္ဍာန်အရ ပြည်ထောင်စုအသွင်ပေါက်ပေမယ့် ပြည်မဖြစ်တဲ့ဗမာတွေက ပြည်နယ်တွေဖြစ်တဲ့ တိုင်းရင်းသား လူမျိုးတွေအပေါ်မှာ လွမ်းမိုးချုပ်ကိုင်ထားလို့ အနှစ်သာရအရ တပြည်ထောင် စနစ်ဖြစ်နေတယ်။ ဒီဖွဲ့စည်းပုံကို ဒိုင်ခံရေးသားခဲ့သူ ဦးချန်ထွန်းကိုယ်တိုင် ဝန်ခံခဲ့ပြီးဖြစ်သည်။ ဒီဖွဲ့စည်းပုံကို အခြေခံဥပဒေမှာ အားနည်းချက်တွေ ရှိခဲ့ပေမယ့် ပြည်ထောင်စုက နေခွဲထွက်ဖို့ ဘယ်ပြည်နယ်ကမျ တောင်းဆိုခဲ့ခြင်းမရှိပါဘူး။ ဘာကြောင့်လည်းဆိုတော့ နိုင်ငံငယ်လေးနဲ့ရပ်တည်ဖို့ဆိုတာ အန္တရယ်ကြီးမား ကြောင်း အားလုံးကနားလည်ကြ ပါတယ်။

(၁၉၄၇)ခုဖွဲ့စည်းပုံအခြေခံဥပဒေအရ ကရင်၊ မွန်နှင့်ရခိုင်တွေ ဘာအခွင့်အရေးမှ မရခဲ့ကြပါဘူး။ ဒါကို မကျေနပ်ပြီးတောင်းဆိုကြရာက အကြမ်းနည်းနဲ့ဖြေရှင်းလို့ တိုင်းရင်းသားတွေရဲ့ တော်လှန်ပုန်ကန်မှု စတင်ဖြစ် လာခဲ့ရတယ်။ ဒီလိုပွဲကြမ်းပြီးမှ (၁၉၅၁)ခုနှစ်မှာ ကရင်ပြည်နယ်ကိုဖော်ထုတ်ပေးခဲ့တယ်။ ဒါပေမယ့်မြေပြန့်နဲ့ ကမ်းရိုးတန်းမှာရှိတဲ့ မွန်နဲ့ရခိုင်တွေကိုတော့ အခွင့်အရေးမပေးပဲ ဗမာစာရင်းသွပ်သွင်းပြီး ဖုံးကွယ်ဝါးမျိုခဲ့ကြတယ်။
ရွှေဟင်္သာ

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ဘာကြောင့်လိုအပ်သလဲ(အပိုင်းနှစ်)

ရွှေဟင်္သာ

ဇွန်လ ၁၅၊၂၀၁၀။

၂။ ။သီးခြားစီရပ်တည်နေထိုင်နိုင်တဲ့အခြေအနေ
လူမျိုးစုကြီး(၈)မျိုးထဲမှာ ဗမာကလွဲရင် ကျန်တဲ့လူမျိုးတွေဟာ နိုင်ငံတော်ရဲ့နယ်စပ်မျဉ်းတစ်လျှောက်မှာ သူ့နေရာနဲ့သူ စီတန်းပြီးရှိနေကြတယ်။ သူတို့မှာသီးခြားဘာသာစကား၊ စာပေ၊ယဉ်ကျေးမှုတွေရှိနေကြတယ်။
လက်ရှိမိမိတို့ရဲ့ အခြေပြုတဲ့ဒေသတွေမှာ နှစ်ပေါင်းရာထောင်ချီပြီး အခြေချနေထိုင်လာခဲ့ကြတယ်။ ၄င်းတို့မှာ လူဦးရေအရလည်း တော်တော်များများနဲ့ စုစုစည်းစည်းရှိနေကြတယ်။ ဒေသတွင်းစီးပွားရေးအခြေခံနဲ့ ရပ်တည်နိုင် တဲ့အနေအထားရှိတယ်။ မိမိတို့အမျိုးသားကံကြမ္မာကိုဖန်တီးခွင့်ရဖို့ ပြင်းထန်တဲ့ဆန္ဒနဲ့ နှစ်ပေါင်းများစွာ ရုန်းကန် လှုပ်ရှားခဲ့ကြတယ်။ ဒါတွေဟာ အမျိုးသားအလိုက်သီးခြားရပ်တည်နေထိုင်နိုင်တဲ့ အခြေခံလက္ခဏာတွေဖြစ်တယ်။ ဒီလောက်ထင်ထင်ရှားရှားခိုင်ခိုင်မာမာရှိနေတာကို မျက်ကွယ်ပြုပြီး နည်းပေါင်းစုံနဲ့ဖိနှိပ်ကာ ဗမာဖြစ်သွားအောင် ဝါးမျိုဖျောက်ဖျက်တာကို လူမျိုးစုများလက်သင့်ခံကြမှာဟုတ်ဘူး။

၃။ ။တန်းတူညီမျှရေးမှစုစည်းညီညွတ်မှုရှိစေရန်
လူသားတွေဟာသဘာဝအရ စုစည်းညီညွတ်မှုကိုလိုလားကြတယ်။ စုစည်းညီညွတ်မှလည်း အင်အားရှိ မယ်။ အင်အားရှိမှလည်း သဘာဝအန္တရယ် ပြင်ပကရန်ပြုလာတဲ့အန္တရာယ်ကို ကာကွယ်ခုခံနိုင်မှာဖြစ်တယ်။ စုစည်း ညီညွတ်မှုရှိမှလည်း အေးချမ်းပြီးတိုးတက်တဲ့ဘဝကိုရရှိနိုင်မှာဖြစ်တယ်။ ဒါကြောင့် စုစည်းညီညွတ်မှုကို လူတိုင်း လိုလားတာဖြစ်တယ်။ ဒီစုစည်းညီညွတ်မှုကိုတည်ဆောက်နိုင်ဖို့အတွက် အခြေခံလိုအပ်ချက်ကတော့ တန်းတူညီ မျှမှုရှိရေးဖြစ်တယ်။ မရှိအတူ၊ရှိအတူ အေးအတူပူအမျှ အခွင့်အရေးနဲ့ အခွင့်အာဏာတွေညီမျှဖို့လိုတယ်။ လူတစ်ဦးချင်းအရရော လူတစ်စုချင်း၊ လူတစ်မျိုးချင်း၊ တစ်ဘာသာချင်းကအစ အခွင့်အရေးညီမျှဖို့လိုတယ်။ သမိုင်း မှာ လူမျိုး၊ ကိုကွယ်ရာဘာသာ၊ အသားရောင်ဇာတ်နိမ့်၊ ဇာတ်မြင့်အပေါ် အခြေခံပြီး အခွင့်အရေးနဲ့ အခွင့်အာဏာတွေ ခွဲခြားခဲ့ခြင်းရှိလို့ စစ်ပွဲတွေ၊ လူသတ်ပွဲတွေဖြစ်ခဲ့ကြတာများပြီး။ ဒါတွေကိုသင်ခန်းစာယူပြီး ငြိမ်းချမ်းတဲ့ကမ္ဘာကြီးဖြစ်အောင် တည်ဆောက်နေတဲ့ကာလမှာ မိမိလူမျိုးအတွက် အခွင့်အရေးအာဏာပိုယူ ထားတာဟာ မှားယွင်းတဲ့သဘောထား မှားယွင်းတဲ့လုပ်ရပ်ဖြစ်တယ်။ မိမိပုဂ္ဂိုလ်အကျိုး၊ အုပ်စုအကျိုး၊လူမျိုးအကျိုး၊ ဘာသာအကျိုးကိုသာ ဦးစားပေးတတ်တဲ့လူတွေဟာ လူအများကို စုစည်းလို့မရနိုင်ပါ။

၁၉၄၇ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းရင်းသားလူမျိုးစုအချို့ကို အခွင့်အရေးဘာမျှမပေး၊ လူမျိုးစု အချို့ကို ပြည်နယ်တွေပေးထားပေမယ့် ဗမာတွေလွှမ်းမိုးတဲ့ပြည်မအောက်မှာထားရှိခဲ့တာကြောင့် အာဏာနဲ့ အခွင့် အရေး တန်းတူညီမျှစေရေးအတွက် ဖက်ဒရယ်ပြည်ထောင်စုကို ဖွဲ့စည်းဖို့တောင်းဆိုလှုပ်ရှားခဲ့တာဖြစ်တယ်။ ဒီလိုတောင်းဆိုတာကို ခွဲထွက်ရေးလို့တံဆိပ်ကပ်ပြီး စစ်တပ်ကအာဏာသိမ်းခဲ့တယ်။ ပြီးတော့ တစ်ပါတီ အာဏာရှင်စနစ်နဲ့အုပ်ချုပ်ခဲ့တယ်။ စစ်တပ်ကိုပိုမိုတိုးချဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်။ တိုင်းရင်းသားပြည်နယ်တွေရဲ့အခွင့်အာဏာတွေကို ထပ်မံပြီးလျှော့ချကာ ကွပ်ကဲရေး အဖွဲ့မှာ စစ်ဗိုလ်တွေကိုထည့်သွင်းချုပ်ကိုင်စေခဲ့တယ်။ ဒီလိုလုပ်တော့ ပြည်တွင်းစစ်မီးဟာချုပ်ငြိမ်းမသွားဘဲ ပိုမိုကြီး ထွားကျယ်ပြန့်လာခဲ့တယ်။ တိုင်းရင်းသားလူမျိုးစုံတို့က လက်နက်ကိုင်တော်လှန်လာကြတယ်။ အာဏာသိမ်း စစ်အစိုးရကလည်း စစ်ဆင်ရေးမှာ ပိုမိုထိရောက်အောင်မြင်စေဖို့ သူပုန်တွေကို အထောက်အကူဖြစ်စေနိုင်တယ်လို့ ယူဆရတဲ့လူထုကို ဖမ်းဆီးသတ်ဖြတ်မောင်းထုတ် မုဒိမ်းကျင့်တာတွေများလာတယ်။ တစ်ဖက်မှာ စစ်ဆင်ရေးကို အထောက်အကူဖြစ်စေဖို့ လူထုကိုလိုက်လံဖမ်းဆီးပြီး အထမ်းသမားအဖြစ်၊ ဗုံးရှင်းကိရိယာအဖြစ် အသုံးပြုခဲ့ကြ တယ်။

အဲဒီအချိန်ကစပြီး လူ့အခွင့်အရေးချိုးဖောက် မှုတွေဟာ နေရာဒေသအနှံ့အပြားမှာဖြစ်ပေါ်လာတော့တယ်။ ပြည်သူတွေဟာစစ်အုပ်ချုပ်ရေးရဲ့ ခါးသီးတဲ့အရသာကိုစတင်ခံစားနားလည်လာကြတယ်။ စစ်တပ်ဟာလူထုပိုင် ပစ္စည်းတွေကို ပြည်သူပိုင်လို့ကြွေးကြော်ပြီးသိမ်းယူခဲ့တယ်။ နိုင်ငံတော်ရဲ့ဘဏာငွေတွေကိုလည်း စစ်ရေးမှာပိုပြီး သုံးစွဲလာခဲ့တယ်။ ဒီလိုနဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကဏတွေဟာနိမ့်ကျလာပြီး နောက်ဆုံးတော့ လူစဉ်မမီတဲ့ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဆင့်ကိုရောက်ခဲ့ရတယ်။ ဒီအကျိုးဆက်တွေကြောင့် ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ သံဃာတော်တွေမခံမရပ်နိုင်ဖြစ်ကြပြီး အုံကြွပေါက်ကွဲမှုတွေ ဖြစ်လာခဲ့ရတယ်။ အခုတော့ ဗမာအမျိုသားပြည်သူတွေ လွတ်လပ်ရေးရခဲ့တယ်ဆိုပေမယ့် လွတ်လပ်ရေးရဲ့အရသာကိုမခံစားကြရဘူး။ တိုင်းရင်း သားလူမျိုးစုတွေလိုပဲ ကျေးကျွန်တွေဖြစ်နေရပြီး။ တကယ်တော့ ဗမာလူထုတွေရဲ့နစ်နာဆုံးရှုံးမှုတွေဟာ စစ်ဖြစ်နေ တဲ့နယ်စပ်နဲ့ တောနယ်ဒေသက တိုင်းရင်းသားပြည်သူတွေရဲ့ဘဝထက် အများကြီးသာပါသေးတယ်။ တိုင်းရင်းသား ဒေသကပြည်သူတွေဟာ သူများနိုင်ငံကိုမှီခိုနေရတဲ့ စစ်ပြေးဒုက္ခသည်ဘဝ၊ တောတောင်တွေကြားမှာ ပြေးလွှား ပုန်းအောင်းနေရတဲ့ (IDP) ဒုက္ခသည်ဘဝကို သိန်းပေါင်းများစွာ ရောက်ရှိနေကြရတယ်။

ဒီလိုဘဝဆိုးတွေက အမြန်လွှတ်မြောက်ပြီး အေးအေးချမ်းချမ်း စုစုစည်းစည်းနဲ့ ညီညီညွတ်ညွတ် နေထိုင်နိုင်ဖို့လိုပါလိမ့်မယ်။ ရှေ့ဆောင်သူတွေအနေနဲ့ တိုင်းရင်းသားတွေရဲ့မျိုးချစ်စိတ်ဓါတ်ကို သိသာဖို့လိုပါတယ်။
နိုင်ငံခြားကအထောက်အပံ့တွေမရပေမယ့်လည်း အနှစ်(၆ဝ)တိုင်တိုင်လက်နက်ကိုင်ပြီး တော်လှန် ရပ်တည်နေနိုင် တာဟာသက်သေပါပဲ။ ဗမာမျိုးချစ်တွေအနေနဲ့ အင်္ဂလိပ်၊ ဂျပန်တွေရဲ့ကျွန်ဘဝကိုရောက်ခဲ့ရစဉ်က ခံစားခဲ့ရ နာကျည်းခဲ့ရတာမျိုးလိုပဲ ဒီနေ့တိုင်းရင်းသားတွေဘက်ကနာကျည်းနေရပါတယ်။ အာဏာရယူသူတွေဟာ ဗမာ စကား၊ ဗမာစာပေ၊ ဗမာယဉ်ကျေးမှုတွေကိုချည်း အစွမ်းကုန်မြင့်တင်ပေးနေပြီး ကျန်တိုင်းရင်း သားတွေကိုတော့ အသိအမှတ်ပြုခြင်း၊ နေရာပေးခြင်း၊လွတ်လပ်ခွင့်ပေးခြင်းတွေမရှိခဲ့ဘူး။ ဒါတွေဟာ လူမျိုးရေးအရ ဝါးမျိုနေတာ ဖြစ်တယ်။ ပြည်တွင်းစစ်ရပ်စဲပြီး အမျိုးသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်ချင်ရင် ဒီလုပ်ရပ်တွေကိုပြုပြင် ပေးဖို့ ဗမာတွေရဲ့တာဝန်သာဖြစ်တယ်။ ပြုပြင်ပေးနိုင်မှလွတ်လပ်ရေးရဲ့အရသာကို ဗမာလူမျိုးပြည်သူအများစုက ခံစားခွင့်ရှိနိုင်ပါလိမ့်မယ်။

ဒီနေ့ဗမာလူမျိုးပြည်သူတွေ အခက်အခဲအကြပ်အတည်းပေါင်းစုံနဲ့ ရင်ဆိုင်နေရသလို တိုင်းရင်းသား လူမျိုးပေါင်းစုံတွေကလည်း အညီအမျှခံစားနေရတယ်။ ဒါတွေအပြင် တိုင်းရင်းသားတွေဟာ လူမျိုးရေးအရ ဝါးမျိုမြို အခြေပြုနယ်မြေထဲက နည်းပေါင်းစုံနဲ့မောင်းထုတ်ခံနေရမှုတွေရှိနေတယ်။ ဒီအခြေအနေဆိုးတွေကို ပြောင်းလဲ ပြုပြင်ဖို့ ဒီမိုကရေစီအခွင့်အရေးတစ်ခုတည်းနဲ့မလုံလောက်ဘူး။ တိုင်းရင်းသားတွေရဲ့လွတ်လပ်ခွင့်နဲ့ တန်းတူခွင့် တွေကို အသိအမှတ်ပြုဖို့လိုပါတယ်။ ဆွစ်ဇာလန်နိုင်ငံနဲ့ စင်္ကာပူနိုင်ငံတွေကိုလေ့လာကြည့်ပါ။ နိုင်ငံငယ်၊ လူဦးရေ နည်းနည်းလေးနဲ့ သူတို့နိုင်ငံထဲမှာစကား၊စာပေ(၄)မျိုးကို ရုံးသုံးဘာသာအဖြစ် အသိအမှတ်ပြုပြဌာန်းထားတယ်။ ဒါကြောင့်သူတို့မှာ လူမျိုးရေးအရပြသနာမရှိဘူး။ ညီညွတ်တယ်၊ အေးချမ်းတယ်၊ တိုးတက်တယ်။

ဒီနေ့ကျွန်တော်တို့နိုင်ငံမှာ ရင်ဆိုင်နေရတဲ့အခြေအနေဆိုးတွေက အမြန်လွတ်မြောက်ပြီးငြိမ်းချမ်း သာယာ တိုးတက်တဲ့ နိုင်ငံတော်သစ်ကိုတည်ဆောက်ဖို့ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားအင်အားစုတွေ ပူးတွဲ ပေါင်းစည်းကြဖို့လိုနေပါတယ်။ ဒီလိုပူးတွဲပေါင်းစည်းကြရာမှာ ခိုင်မြဲတဲ့စုစည်းညီညွတ်မှု တစ်ရပ်ဖြစ်လာ နိုင်ဖို့အတွက် တစ်ချိန်ကဗိုလ်ချုပ်အောင်ဆန်းလို ရိုးသားဖြောင့်မတ်ပြီးပွင့်လင်းတဲ့ ဒီမိုကရေစီ ခေါင်းဆောင်တွေ လိုအပ်နေပါတယ်။ တကယ်တော့ ဒီမိုကရေစီအခွင့်အရေးကို တိုင်းရင်းသားတွေဘက်က ဗမာတွေနဲ့ထပ်တူ လိုလားနေတာပါ။

ဒါပေမယ့်ဒီမိုကရေစီတစ်ခုတည်းနဲ့ပဲရပ်ပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ကျော ခိုင်းနေမယ်ဆိုရင် တိုင်းရင်းသားတွေအတွက် ကျွန်ဘဝမှာဆက်ပြီး နစ်မွန်းနေရမှာမို့ ဒီမိုကရေစီအင်အားစုတွေနဲ့ အပြည့်အဝလက်တွဲချင်မှာမဟုတ်ဘူး။ ဒီတော့ပူးတွဲပေါင်းစည်းရေးဟာ ခိုင်မာအားကောင်းနိုင်မှာမဟုတ်ဘူး။ ဒီလို သာဖြစ်နေရင် တိုင်းပြည်ကရင်ဆိုင်နေရတဲ့ ဆင်းရဲကြပ်တည်းမှုအနေအထားဟာ ဆက်ပြီးကြာရှည်နေပါလိမ့် မယ်။

ဒါကြောင့်ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့လိုပါတယ်။ ဒီလိုရယူနိုင်ဖို့ ဒီမိုကရေ စီအင်အားစုနဲ့ တိုင်းရင်းသားအင်အားစုတို့ပူးတွဲပေါင်းစည်းပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရေး လမ်းစဉ်ကိုချမှတ်ဖို့ လိုအပ်နေပါကြောင်း စေတနာကောင်းနှင့် တင်ပြလိုက်ပါတယ်။
ရွှေဟင်္သာ
http://www.kaowao.org

နျူကလီးယားလက်နက်ပိုင်ရှင်များနဲ့ ယှဉ်ပြိုင်အရွေးခံဝံ့ကြသလား

နျူကလီးယားလက်နက်ပိုင်ရှင်များနဲ့ ယှဉ်ပြိုင်အရွေးခံဝံ့ကြသလား

ရဲဘော်ဖိုးသံချောင်း / ၁၅ ဇွန် ၂၀၁၀


နအဖစစ်အစိုးရဟာ ရွေးကောက်ပွဲကို အီးလေးဆွဲနေပါတယ်။ ကြိုက်တဲ့အချိန်မှာ သူတို့ထင်သလို လုပ်နိုင်တယ်ဆိုတဲ့ အချိုးမျိုးနဲ့ ထီမထင်ဂိုက်ဖမ်းနေတာဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့ ဒီလိုကြိတ်ကြံ၊ လိပ်ဉာဏ်တွေ ထုတ်နေကြတုန်းမှာပဲ နျူကလီးယားဗုံးက သူတို့အနားမှာ ထပေါက်ပါတယ်။ နိုင်ငံတကာအဝန်းအဝိုင်းမှာ နအဖဗိုလ်ချုပ်တွေ ခံစစ်အနေအထားကနေ မပြောင်းနိုင်တဲ့အပြင် ပိုလို့တောင် နစ်လာနေတဲ့သဘောပါ။ မြွေပူရာကင်းမှောင့်တာလေလား။ ကောက်ကောက်ကျစ်ကျစ် လုပ်တယ်ဆိုတာမှာ အမြဲ အဆင်မချောတာဟာ ဆန်းတော့ မဆန်းဘူးလို့သာ ဆိုရတော့မှာပါ။

နိုင်ငံတကာအလယ်မှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်မဖြစ်နိုင်လို့ ငပွကြီးလုပ်မယ်စဉ်းစားတဲ့ ဗိုလ်ချုပ်တွေဟာ မာဖီးယား သာသာအတွေးအခေါ်နဲ့ နျူကလီးယားဗုံးကိုပိုင်ဖို့ လုပ်တယ်ဆိုရင်တော့ နွေလယ်မှာ အရူးအိပ်မက် မက်သလိုဖြစ်ရုံမက တန်ပြန်ဆိုးကျိုးတွေ ထွေးရောဥပဒ်ပါ ဖြစ်ပေါ်လာပါလိမ့်မယ်။ ယိုးဒယားကို ရန်လို၊ တရုတ်နဲ့ကုလားကို ပုဆိုးခြုံထဲက လက်သီးပြ၊ အမေရိကန်နဲ့ ဥရောပကို မေးငေါ့လုပ်နေတဲ့ နိုင်ငံခြားရေးဝါဒအောက်က ပေါ်ထွက်လာတဲ့ လုပ်ရပ်တွေကြောင့် မြန်မာပြည် ပြည်သူတွေပါ နျူကလီးယားလက်နက်ရဲ့ ခြိမ်းခြောက်မှု ရောက်မှန်းမသိ ရောက်လာရပါတော့မယ်။

ဒီလိုအခါမှာ နအဖအတွက် ရှေ့နေလိုက်၊ ကြားကနေ ဗိုက်ထိုးပေးပြီး ဓားထိုးခံနေတဲ့ ဗောင်းတော်ညိတ် ဂျာနယ်တခုမှာ ကိုယ့်ကိုယ်ကိုယ် လက်နက်ချပါလို့ ဂုဏ်ယူစွာကိုယ်တိုင်ကြေညာထားတဲ့ လက်နက်ချတယောက်က ရွေးကောက်ပွဲပြီးရင် အာဏာလွှဲပြောင်းပေးရေးဟာ ချောချောမွေ့မွေ့မှ ဖြစ်ပါ့မလားလို့ ဆင်ဝန်ကတော်လို ကြောင့်ကြပြနေတာ တွေ့လိုက်ရပါတယ်။ သူဟာ ဒီရွေးကောက်ပွဲမှာ နအဖပဲ နိုင်မယ်ဆိုတာကိုသိလို့ ပူပန်တာလား၊ မသိချင်ဟန်ဆောင်ပြီး ပူရုပ်ဆင်ပြတာလား ဆိုတာကိုတော့ ကာယကံရှင် ကိုယ်တိုင်မှသိမှာပါ။ နိုင်ငံ့အာဏာကို အကြိမ်ကြိမ်သိမ်းဖူးတဲ့ စစ်အုပ်စုနဲ့စစ်တပ်ဟာ အာဏာလွှဲပြောင်းရေးမှာ အဖုအထစ်ဖြစ်နေရင် လုယူမှာသာဖြစ်တယ်၊ သူတို့အတွက် ဘာမှမချောမွေ့စရာမရှိဘူး။ ၂ဝဝ၈ ဖွဲ့စည်းပုံကလည်း သူတို့ကို ရှောရှောရှူရှူ အာဏာသိမ်းခွင့်ပေးထားတယ်ဆိုတာကို အဲဒီကပ်ပါး ကလောင်ရှင် မေ့နေဟန် တူပါတယ်။ အခုမြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေက ဒီရွေးကောက်ပွဲမှာ ဘယ်သူနိုင်မလဲဆိုတဲ့ မေးခွန်းမျိုးကိုမေးလာရင် အညံ့စားဟာသတခုကို ထုတ်လာတယ်လို့ ပြောရမယ့်အခြေအနေဖြစ်ပါတယ်။ ဗေဒင်မေးနေရင် ဆန်တပြည် ငွေတမတ် အလဟဿ ဆုံးသွားတာသာ ရှိမှာပါ။

သူ့လိုပဲ နအဖရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပူပင်နေကြတာတွေအထဲမှာ ရွေးကောက်ပွဲဟာ လုပ်မှလုပ်ဖြစ်ပါ့မလားလို့ ပူပင်တာမျိုးလည်း ပါဝင်ပါတယ်။ အဲဒီအထဲက အထင်ရှားဆုံးကတော့ နအဖကို ကမ္ဘာ့အလယ်မှာ လူရာသွင်းပေးပြီး ချူစားချင်တဲ့ အမေရိကန်က ဆီနိတ္တာ ဂျင်မ်ဝက်ဘ်လိုလူတွေပါ။ ဂျင်မ်ဝက်ဘ်ဟာ နအဖရဲ့ ရွေးကောက်ပွဲကို ဘယ်လိုကြံဖန် ချီးကျူးရပါ့မလဲလို့ စဉ်းစားပြီး ပြင်ဆင်လာခဲ့ပါမှ နအဖက ဆေးဖော်ကြောဖက်မလုပ်တာနဲ့ ကြုံတွေ့ရပါတယ်။ ဒီအခါမှာ ဒါကိုအရှက်ပြေဖုံးကွယ်ဖို့အတွက် နအဖဗိုလ်ချုပ်တွေ နျူကလီးယားနဲ့ ကစားနေတာကို အခုမှသိလေဟန်နဲ့ တောပြောတောင်ပြော ပြောပြီး မြန်မာပြည်တံခါးဝ ရောက်ကာမှ ပြန်လှည့်ထွက်သွားတာဖြစ်ပါတယ်။ သူတို့လိုလူတွေအတွက်တော့ နအဖက တရားမဝင်တဲ့နည်းနဲ့ (၁ဝ) လ (၁ဝ) ရက်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ လေလည်ပေးလိုက်ပါတယ်။

အာဏာလက်ကိုင်ထားသူနဲ့ အာဏာမဲ့သူတို့ ပြိုင်ကြတယ်ဆိုရင် အာဏာရထားသူတွေက အချိန်ဆွဲတာ၊ အချိန်ကစားတာတွေ ပိုပြီးလုပ်နိုင်ပါတယ်။ နအဖသက်တမ်းမှာ ဒီလိုလုပ်ခဲ့တာတွေ တွေ့ခဲ့ဖူးလှပါပြီ။ ဒီတခါ ရွေးကောက်ပွဲမှာကျတော့ နအဖအဖို့ ဒီနည်းပရိယာယ်ဟာ ပိုလို့တောင်အသုံးတည့်နေတာ တွေ့ရပါတယ်။ အခုဆိုရင် တစညအဖွဲ့တောင် အတော်လေသံ ပျော့သွားတာကို သတိထားမိကြလိမ့်မယ် ထင်ပါတယ်။ ဒီရွေးကောက်ပွဲမှာ နအဖဟာ သူတို့ထင်ထားတာထက် ပိုကောက်လိမ့်မယ်ဆိုတာ ထင်ရှားသထက် ထင်ရှားလာတာနဲ့အမျှ ပါတီဝင်သန်းနဲ့ချီ ရှိပါတယ်လို့ ကြွားနေတဲ့ တစညဟာ အပျောက်ပေးရမယ့်ငွေအတွက် အတော်လေး စဉ်းစားနေတဲ့ သဘောကို တွေ့နေရပါတယ်။ ဖဆပလအဆက် နု-ဆွေ-ငြိမ်း သမီးတွေဆိုရင်လည်း အသံသိပ်မထွက်နိုင်တော့ပါဘူး။ သူတို့အနေနဲ့ စည်းစိမ်အပြုတ်ခံပြီး ကြံ့ဖွံ့ကိုရင်ဆိုင်ဖို့ဆိုတာကို နှစ်ခါမကပြန်စဉ်းစားနေရပါပြီ။ ဒီနေ့အခါမှာ သူတို့နည်းတူပဲ “ပြည်ပက အထောက်အပံ့မှတပါး အခြားအားကိုးစရာမရှိပြီ” ဖြစ်နေတဲ့ ရွေးကောက်ပွဲ ရူးနေသူတွေမနည်းဘူးလို့ ထင်ပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ ထမ်းပိုးနဲ့လှည်းတုတ်အကြားမှာ ဒုက္ခတွေ့နေကြတယ်လို့ဆိုရင် မမှားပါဘူး။

ဒီလိုအချိန်မှာ နအဖဟာ လက်နက်ကိုင်တပ်နောက်ခံမရှိတဲ့ တိုင်းရင်းသားပါတီတွေကိုတော့ မှတ်ပုံတင်ခွင့်တွေ ဖောခြင်း သောခြင်း ထုတ်ပေးနေတာ တွေ့ရပါတယ်။ သူတို့ဘာလို့ ဒီလိုပေးတယ်ဆိုတာကတော့ ရှင်းပါတယ်။ နံပါတ်တစ်က နအဖစစ် အစိုးရဟာ တိုင်းရင်းသားတွေကို အခွင့်အရေးပေးကြောင်း၊ နေရာပေးလိုကြောင်း အသားယူချင်လို့ဖြစ်ပါတယ်။ တိုင်းရင်းသား ပြဿနာနဲ့ပတ်သက်လို့ နာမည်ပျက်လှတဲ့အနေအထားကို တစုံတရာဖာထေးလို့ ရလိုရငြား စဉ်းစားပြီးလုပ်တာ ဖြစ်ပါတယ်။ နံပါတ်နှစ်က တချို့တိုင်းရင်းသားပါတီတွေကို မှတ်ပုံတင်ခွင့်မပြုဘဲထားတာကို ဖုံးကွယ်နေအောင်လုပ်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ နောက်ဆုံးတချက်ကတော့ အခုခွင့်ပြုလိုက်တဲ့ အဖွဲ့စည်းတွေဟာ ဘယ်လိုနည်းနဲ့မှ ဗဟိုအာဏာကို မမှန်းနိုင်တာ၊ သူတို့စစ်အုပ်စုရဲ့ အာဏာချုပ်ကိုင်မှုကို အန္တရာယ်မပေးနိုင်တာ သေချာနေလို့ပဲ ဖြစ်ပါတယ်။ မှန်တာပြောရရင် ဒီအဖွဲ့အစည်းတွေဟာ ပြည်နယ် အာဏာကိုတောင်မှ မှန်းနိုင်လှတာမဟုတ်ပါဘူး။ သူတို့ဒေသတွေမှာ ကြံ့ဖွံ့တွေ ဝင်ပြိုင်မှာကလည်း သေချာနေသလောက်ပါ။ အဲဒီကြံ့ဖွံ့တွေရဲ့နောက်မှာက ပြည်နယ်တွေမှာ ရမ်းချင်တိုင်းရမ်းနေတဲ့ စစ်တပ်က ကျောထောက်နောက်ခံပြုပေးမှာပါ။ ဒီတော့ ဒီတိုင်းရင်းသားအဖွဲ့အစည်းတွေ ကံကောင်းမှဖားလောင်းက ဖားဖြစ်မယ့်ကိစ္စ၊ နအဖအတွက် ဝါဒဖြန့်လို့ ကောင်းမယ့်ကိစ္စကို နအဖစစ်ဗိုလ်တွေက လိုလိုလားလားခွင့်ပြုနေတာဟာ ဘာမှမဆန်းပါဘူး။

တကယ်က ဒီရွေးကောက်ပွဲက တင်မြှောက်မှာက တိုင်းပြည်ကိုအုပ်ချုပ်စီမံတဲ့ လွှတ်တော်တခုမဟုတ်ပါဘူး။ တိုင်းပြည်ကို တကယ်တမ်းအုပ်ချုပ်မှာက “စစ်ရေးအမြင်ရှိတဲ့” သမ္မတနဲ့ လွှတ်တော်အတွင်းရှိ စစ်တပ်ကိုယ်စားလှယ်အစုက ရွေးတင်လိုက်တဲ့ ဒုသမ္မတတို့သာဖြစ်ပြီး ဒီလွှတ်တော်ဆိုတာက အဲဒီသမ္မတ နှစ်ယောက် ပြောတာတွေကို အတည်ပြုပေးတဲ့ အလုပ်ပဲ လုပ်ရမှာ ဖြစ်ပါတယ်။ ပိုတိကျအောင်ပြောရရင် သမ္မတကပဲ အုပ်ချုပ်မှာဖြစ်ပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေရဲ့ အခန်း (၅) မှာ ဒီသမ္မတဆိုသူကို လွှတ်တော်မဖြတ်သန်းဘဲ လုပ်ပိုင်ခွင့်တွေ အများကြီးပေးထားပါသေးတယ်။ စဉ်းစားကြည့်ပါ။ ဗိုလ်သန်းရွှေလို သမ္မတက လွှတ်တော်ကို အတည်ပြုခိုင်းတယ်ဆိုရင် ဘယ်သူကဆန့်ကျင်ရဲ၊ ငြင်းရဲမှာတဲ့လဲ။ တကယ်ကျတော့ ဒီလိုလွှတ်တော်မျိုးမှာ ကိုယ်စားလှယ် လုပ်ရတယ်ဆိုတာဟာ တိုက်ကြက်အတွက် အနာခံလေ့ကျင့်ပေးရတဲ့ ခွပ်လက်ခံကြက် ဘဝလောက်တောင်မဟုတ်ဘဲ ကျွန်ဝယ်ရာ အဆစ်ပါသလိုသာဖြစ်ပါလိမ့်မယ်။ တနည်းအားဖြင့် ကျွန်တွေရလေ့ရှိတဲ့ လှုပ်ရှားခွင့် စပေ့စ်တွေမျိုးသာ ရပါလိမ့်မယ်။ တကယ်တော့ လူတချို့ဟာ အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခွင့်ရတဲ့ စပေ့စ်မျိုးနဲ့သာ ထိုက်တန်တာပါ။
http://www.khitpyaing.org/

MICT Park fire.. ဦးသိန်းဦး (အေ့စ်) အနီးကပ်စောင့်ကြည့်စဉ်..

https://mail.google.com/mail/?ui=2&ik=ead8f986c4&view=att&th=1293cd8f11ddd8d4&attid=0.2&disp=inline&realattid=f_gah26aa21&zw
https://mail.google.com/mail/?ui=2&ik=ead8f986c4&view=att&th=1293cd8f11ddd8d4&attid=0.1&disp=inline&realattid=f_gah266cq0&zw
https://mail.google.com/mail/?ui=2&ik=ead8f986c4&view=att&th=1293cd8f11ddd8d4&attid=0.3&disp=inline&realattid=f_gah26egs2&zw

မြန်မာ တယ်လီပို့ အဆောက်အအုံ မီးလောင်
ခိုင်သွယ် Tuesday, June 15, 2010
ရန်ကုန်တိုင်း လှိုင်မြို့နယ်ရှိ မြန်မာ တယ်လီပို့ (MICT) အဆောက် အအုံ အဆောင် အမှတ် ၁ ၌ ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ် ၀န်းကျင်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာတယ်လီပို့က ပြောသည်။

“၀ါယာရှော့ဖြစ်ပြီးလောင်တာ၊ လူတွေကတော့ မရောက်ကြသေးဘူး၊ ဘာမှတော့ သိပ်မဖြစ်ပါဘူး၊ မီးသတ်ကားတွေရောက်လာပြီး ငြိမ်းလိုက်ကြတယ်”ဟု မြန်မာ တယ်လီပို့ ၀န်ထမ်း အမျိုးသမီးတဦးက ပြောသည်။

အဆိုပါ အဆောင် ၁ အပေါ်ထပ်မှ ပစ္စည်းများထားသော စတိုခန်း၌ ၀ါရာရှော့ဖြစ်ကာ မီးစလောင်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆို သည်။

မြန်မာ ကွန်ပျူတာ ပညာရှင် အသင်းမှ အဖွဲ့ဝင်တဦးကလည်း“အဲဒီ အဆောင်မှာ မြန်မာကွန်ပျူတာ ပညာရှင် အသင်း အခန်းရှိ တယ်၊ အစည်းအဝေး အခန်းတွေ ရှိတယ်၊ သင်တန်း ခန်းမတွေ ရှိ တယ်၊ အပေါ်ထပ် အောက်ထပ် အားလုံးကို သင်တန်း ခန်းမ တွေ နဲ့ အစည်းဝေးခန်းတွေပဲ လုပ်ထားတယ်”ဟု ပြောသည်။

ကွန်ပျူတာနှင့် ပတ်သက်သော ပစ္စည်းများ၊ သင်ထောက်ကူ ပစ္စည်းများနှင့် အစည်းအဝေးပြုလုပ်ပါက အသုံးပြုလေ့ရှိသော ပစ္စည်း များထားသည့် စတိုခန်းကို လောင်ကျွမ်းသောကြောင့် ထိုအခန်းတွင်းမှ ပစ္စည်းများ အားလုံးနီးပါး လောင်ကျွမ်းခဲ့ကြောင်း သိရ သည်။

မီးလောင်မှုမှာ နာရီဝက်ခန့်သာ ကြာမြင့်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု ပမာဏကိုမူ အတည်ပြုလို့ မရသေးကြောင်း၊ မီးလောင်ချိန်မှ ယခု အထိ လုံခြုံရေးချထားပြီး သင်တန်းသားများကိုလည်း ၀င်ခွင့်မပြုသေးကြောင်း သိရသည်။

“သင်တန်းတက်ဖို့ လာတာ၊ မီးလောင်လို့ဆိုပြီး မီးသတ်ကားတွေနဲ့ လုံထိန်းတွေက အခန်းထဲကို ပေးမ၀င်သေးဘူး၊ အပြင်မှာ ဒီ အတိုင်း စောင့်နေရတယ်”ဟု သင်တန်း လာတက်သူ ကျောင်းသူ တဦးက ပြောသည်။

မြန်မာတယ်လီပို့ မီးလောင်သည့် သတင်းကြောင့် အင်တာနက်ဆိုင်များမှာ ကွန်နက်ရှင်ပျက်မည်ကို စိုးရိမ်မိကြောင်း အင်တာနက် ဆိုင်များက ပြောဆိုသည်။
http://www.irrawaddy.org

မြန်မာနိုင်ငံ ၀န်ကြီးများအား အထူးတာဝန်ပေးအပ်ခြင်း


ယနေ့မြန်မာနိုင်ငံသည် စစ်အစိုး၏လက်ထက်တွင် ထူးခြားသော ရလဒ်များအားပိုင်ဆိုင်ထားနိုင်သည် မှာအောက်ပါအရည်အချင်းများရှိသောဝန်ကြီးများမျာအားအထူးအာဏာကုန်လွှဲအပ်ထားခြင်းကြောင့်
ဖြစ်သည်ဟုနိုင်ငံတော်အကြီးအကဲများက ၀မ်းမြောက်ဂုဏ်ယူလျှက်ရှိကြသည်။

ထူးခြားသောရလဒ်များမှာ
ကမ္ဘာတွင် လဘ်စားမှုအများဆုံး
တိုင်းသူပြည်သားများအား အနှိပ်စက်ဆုံး
ပညာရေး တွင် အဆင့်အနိမ့်ဆုံးတက္ကသိုလ် ၊ကောလိပ်အားလုံးကို မြို့နှင့်အဝေးဆုံးနေရာတွင်ထားရှိခြင်း
မတရားဖိနှိပ်မူအခံရဆုံး
သမိုင်းတွင်မကြုံဖူးအောင် နိုင်ငံအ၀န်းလုံး ရာသီဥတုဒဏ်ကို ပြင်းထန်စွာခံနေရခြင်း
မိမိကိုးကွယ်သော ဘာသာအား နှိပ်ကွပ်မှုအများဆုံး
ဆက်သွယ်ရေးစနစ်တွင် အနှေးဆုံး နှင့် အခက်ခဲဆုံး
ဥပဒေသစ် အများဆုံး ရေးဆွဲ့သည့်နိုင်ငံ
စာပေလွတ်လပ်ခွင့် အနည်းဆုံး
ကမ္ဘပေါ်တွင် လမ်းပန်းဆက်သွယ်မှု အခက်ခဲဆုံးနှင့်
စက်သုံးဆီစရိတ် ဈေးအကြီးဆုံး

မြန်မာနိုင်ငံ ၀န်ကြီးများအား အထူးတာဝန်ပေးအပ်ခြင်း

ကာကွယ်ရေးဝန်ကြီးဌာန

မြန်မာပြည်အား မည်သူမျှ ကျူးကျော်မစော်ကားနိုင်ဘဲ မိမိတို့သာ စိတ်တိုင်းကျ ဒုက္ခပေး၇န် တပ်မတော်အား
အဆင့်မြင့်သထက်မြင့်စွာ တည်ဆောက်ရန်။
မြန်မာနို်င်ငံ၏ နိုင်ငံခြားဝင်ငွေများသည် အလွန်များပြားသော ကြောင့်တပ်မတော် မှ တာဝန်ယူကာ
မလိုအပ်သောနေရာများ တွင် စစ်လက်နက်များ တပ်ဆင်အသုံးပြု၇န်
တပ်မတော်သားများသည် ပြည်သူများ ဆင်းရဲဒုက္ခမရောက်စေရန် အဆင့်မြင့်နည်းပညာများကို သင်ကြားရာတွင်အရပ်သားများအား ခွင့်မပြုရန်။
ပြည်သူများ ဆင်းရဲပင်ပန်းကာ ဦးနှောက်မခြောက်စေရန် နေရာတိုင်းတွင် စစ်သားများသာ ရာထူးရယူခြင်းဖြင့်
တိုင်းပြည်အားအနစ်နာခံရန်။
ဗိုလ်ချုပ်အောင်ဆန်းသည် အတိတ်တွင် ကျန်ရှိသောကြောင့် ပစ္စုပ္ပန်ကိုသာ ဦးတည်ထား လိုသောကြောင့်
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ကို သတင်းအမှောင်ချခြင်းဖြင့် တိုင်းပြည်အား ကူညီပေး၇န် ။
ဝန်ကြီးများ သည်မဟုတ်သော အလုပ်များဖြင့် လွန်စွာ အလုပ်ရူပ်သောကြောင့် အမိန့်ကြော်ငြာချက်မှန်သမျှ
တပ်မတော်မှသာ ဦးစီးထုတ်ပြန်ခြင်းဖြင့် ၀န်ကြီးများအား ကူညီပေးကြ၇န်


ပညာရေးဝန်ကြီး

မြန်မာနိုင်ငံကျောင်းသားလူငယ်များ ပညာရေးတိုးတက်ဖွံ့ဖြိုးစေရန် နှင့်ဘွဲ့ရများ ပိုမိုမွေးထုတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့်သင်ရိုးညွန်းတမ်းများတွင် ခက်ခဲသော စဉ်းစားညဏ်သုံးရသော သင်ရိုးများ ကို ထုတ်နူတ်၍ လွယ်ကူသော စာများကို သာ ထည့်သွင်းရန် နှင့်စာမေးပွဲတွင်မေးမည့်အရာများကိုသာထုတ်နူတ်သင်ကြားရန်။
သမိုင်းဆိုသည် မှာ အတိတ်တွင်ဖြစ်ပွားခဲ့သော အကြောင်းများဖြစ်သောကြောင့် သမိုင်းများအား မသင်ကြားပေးရန်။
စာမေးပွဲဖြေဆိုသူတိုင်း အအောင်ပေးသည့်စနစ်ကို ကျင့်သုံး၍ ဘွဲ့ရများ ပိုမိုမွေးထုတ်ရန်။
သင်္ချာပညာရပ်များအား ဖြေ၇ှင်းနည်း နှင့် တွက်ချက်ခြင်းများကို မပြုလုပ်ဘဲ အလွတ်ကျတ်စေရန်။
ကျောင်းသားများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရန် တက္ကသိုလ်ကျောင်းများအား ယခုထက်ပိုဝေးသော
နေရာများတွင် ရွှေ့ပြောင်းဆောက်လုပ်ရန်။
ကျောင်းသားများ၏ ကျန်းမာရေးလေ့ကျင့်ခန်း ရစေ၇န်အတွက် လမ်းများများလျှေက်ရသော နေရာများတွင် သာဘစ်စကားမှတ်တိုင်များကို ထားရှိ၇န်။
ဆရာဆရာမများအား ကျောင်းသားများ ပညာရေးကို ပိုမိုသင်ပေးနိုင်ရန် ကျူရှင်ပိုမိုဖွင့်လှစ်ကြပါ၇န်။
မိမိတို့သက်ဆိုင်ရာ အရာရှိများ၏ သားသမီများကို မူ ပြည်သူများအတွက် အနစ်နာခံကာ နိုင်ငံခြားတိုင်းပြည်များတွင်သာပညာသင်ကြားပေးရန်။


လျှပ်စစ်စွမ်းအားဝန်ကြီး

မြန်မာနိုင်ငံသည် သဘာဝကို ချစ်မြတ်နိုးသောနိုင်ငံဖြစ်သောကြောင့် ညအခါတွင် ပြည်သူများ အလုပ်မလုပ်ကြဘဲကောင်းမွန်စွာအနားယူနိုင်ရန် လျှပ်စစ်ဓါတ်အားကို ဖြတ်တောက်ရန် နှင့် လိုအပ်ပါ က နေ့အခါတွင်ပါ လျှပ်စစ်ဓါတ်အားကို ဖြတ်တောက်ရန်။
ဖယောင်းတိုင်ထုတ်စက်ရုံများ နှင့် ယပ်တောင်စက်ရုံများအာ အမြန်တည်ဆောက်နိုင်ရန် စက်မှုဝန်ကြီးဌာနအား ကူညီပေး၇န်
ရေအားလျှပ်စစ်ထုတ်လုပ်ရေးစက်ရုံများ နှင့် နျူးကလီးစက်ရုံများကို ပိုမိုတည်ဆောက်ပြီး ပိုလျှံသော
တိုင်းပြည်ဘဏ္ဍာငွေများ အားအသုံးချ၇န်
ကျွမ်ကျင်သော လျှပ်စစ်အင်ဂျင်နီယာများ အား အသုံးချလျှင် လိုအပ်သောလျှပ်စစ်ဓါတ်အားအပြင် မလိုအပ်သော ပိုလျှံလျှပ်စစ်ဓါတ်အားများထွက်၇ှိလာမည်ဆိုးသောကြောင့် မကျွမ်းကျင်သည့် ပညာရှင်များကိုသာ တာဝန်ပေးအပ်၇န်


ပို့ဆောင်ရေးဝန်ကြီး

မြန်မာနိုင်ငံတွင် ရှိသောလမ်းများ အားခတ်မှီသော နည်းစနစ်များ နှင့်တည်ဆောက်မည်ဖြစ်သောကြောင့် လမ်းများကို မကြာခဏ ပြင်ဆင်ရသောနည်းစနစ်များသာ အသုံးချရန်။
မကြာခဏ လမ်းများပြင်ဆင်ရမည်ဖြစ်သောကြောင့် လမ်းဖြတ်သန်းခများကို ပိုမိုကောင်ခံရန်။
ယခုအသုံးပြုထားသော လမ်းတံတားနည်းပညာများ၏ အကျိုးဆက်ကို သိသောအားဖြင့် တာယာစက်ရုံများ တည်ဆောက်နေသောစက်မှုဝန်ကြီးဌာနအား ကူညီပေး၇န်။
လမ်းတံတားများအား ဖြတ်သန်းခွင့်ကောက်ခံရာ၌ အစိုးရနှင့်ရင်းနှီးကျွမ်းဝင်သော လူများအား ကန်ထရိုက်ဆောက်ရွက်ခွင့်ပေးရန်နှင့်တံတားကြေး၊မြို့ဝင်ကြေးသာမကရွာဝင်ကြေးပါကောက်ခံပေးခြင်းဖြင့်ပြည်သူများ ခရီးသွားခြင်းကို တိုးမြင့်ရန်
ပြည်သူများယဉ်အန္တရယ်ကင်းရှင်းစေရေးအတွက် ကားများ မြန်မြန်မောင်း၍ မရနိုင်သောလမ်များကို သာ တည်ဆောက်ရန်
ယဉ်ထိန်းရဲများ အလုပ်ကြိုးစားနေသည်ကို သိသာစေရန် အတွက် လာသမျှကားများအား ဦးထုပ်ချွတ်၍ ကားသမားများအားနူတ်ဆက်စေရန်နှင့်ကားသမားများမှ ပြန်၍နူတ်ဆက်ရန်။
ယဉ်ထိန်းရဲ များ အလုပ်မ၇ှိမည် ဆိုးသောကြောင့် မီးပွိုင့်များတွင် အဆင့်မြင့် နည်းစနစ်များ အသုံးမပြုကြရန်
ေ၇ှးဟောင်းယဉ်ကျေးမှုကို တန်ဖိုးထားသောအားဖြင့် ယဉ်သစ်တင်သွင်းခွင့်ကို ခွင့်မပြုဘဲ ယဉ်ဟောင်းများသာပြည်သူများအား အသုံးပြုခွင့်ပေးရန်။


ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီး

ပြည်သူများ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်နိုင်ရေးအတွက် တယ်လီဖုန်းလိုင်းများ ချပေးရန် ၊ သို့သော်ပြည်သူများ ငွေကုန်ကြေးကြများမှုကိုထိန်းသိမ်းနိုင်ရန်အတွက် ဖုန်းလိုင်းများ အား ခေါ်ရခက်အောင်လုပ်ထားကြရန် ။
ကမ္ဘာတွင် မြန်နိုင်ငံသည် ဖုန်းလိုင်း နှင့်ဖုန်းခ အဈေးကြီးဆုံး နိုင်ငံအဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်ရန်
မြန်မာနိုင်ငံ၏ အင်တာနက်စနစ်သည် မြန်နူန်းမြင့်လွန်းအားကြီးနေသောကြောင့် အခြာနိုင်ငံများက မနာလိုမည်ကို စိုး၇ိမ်သောကြောင့်အမြန်နူန်းများ လျှော့ချရန်


သာသနာရေးဝန်ကြီးဌာန

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သောကြောင့် ပြည်သူများအား အစိုးရဘာလုပ်လုပ် သည်းခံစိတ်မွေးနိုင်ကြမည့် တရားတော်မျာသာသင်ကြားပေးနိုင်ရန် သာသနာရေးဝန်ကြီးအား အထူးတာဝန်ပေးအပ်သည်။
မြန်မာနိုင်ငံ သံဃာနာယကများ အနေဖြင့် အစိုးရ၏လျှောက် ထားချက်မှန်သမျှများကို သဘောတူပေးရန် နှင့် တရားပွဲများအားအကန့်အသတ်ဖြင့်သာ ခွင့်ပြုရန်။
အချို့သော ဘုရားရှင်၏ စစ်မှန်သော တရားတော်များ ကို အစိုးရအခမ်းအနားများတွင် မဟောပြော၇န် နှင့် အစိုးရ၏လုပ်ဆောင်ချက်ကို ဝေဖန်မည့်သံဃာတော်များအား သံဃာ့နာယက အဖွဲ့တွင် မခန့်အပ်ရန်။
ပြည်သူများဒုက္ခကို ကိုယ်ချင်းစာနာစိတ်ရှိသည့် ရဟန်းသံဃာများအား ဘုရားရှင် တရားတော်တွင် မပါသော်လည်း သံဃာမဟုတ်ဟု လိုအပ်ပါက အတိအလင်း ကြော်ငြာပေးရန် သံဃာနာယကအဖွဲ့၏ တာဝန်ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဝန်ကြီးဌာန

မြန်မာနိုင်ငံ ၏ သမိုင်းတွင် မကြုံဖူးလောက်အောင် မည်သည့်နေရာ၌ တိုးတက်နေသည်ကို အမှန်တကယ်သိသော သူများ၏ဟုတ်မှန်သော သတင်းများကို မမှန်ကန်သော သတင်းများအဖြစ် ချက်ခြင်းကြော်ငြာချက် ထုတ်ပြန်ရန်။
သတင်းစာ ဂျာနယ်တိုင်းတွင် အတင်းအဖြင်းများကို သာ အရေးကြီးဖော်ပြရန် နှင့် တိုင်းပြည်၏လိုအပ်ချက်များကို မဖော်ပြကြ၇န်
သတင်းမှန်ဖော်ပြသောဂျာနယ်များအား ဥပဒေအသစ် ထုတ်၍ ဂျာနယ်ထုတ်ဝေခွင့်ပိတ်ရန် နှင့်စာရေးစရာအား အပြစ်အမျိုးမျိုးပြ၍ထောင်ချရန်။
ပြည်သူများ၏ စိတ်အေးချမ်းသာမှု ရရှိစေရန် အနိဌာရုံဖြစ်ရပ်မှန် မြင်ကွင်းများအား မဖော်ပြဘဲ ပျော်ရွှင်စ၇ာများကိုသာဖော်ပြရန်
တိုင်းသူပြည်သားများ ၏ ဆန္ဒကို ထုတ်ဖော်မရေးသားကြ၇န် ။
မြန်မာနိုင်ငံစာနယ်ဇင် (၀ါ ) သတင်းအမှာင်ချရေး ကော်မတီ ကိုလည်း သေချာစွာပြင်ဆင်ဖွဲ့စည်းရန် ။
စစ်မှန်စွာ သတင်းမှန်များကို ဖော်ပြသူများအား တရားဝင် ရှုံ့ချရန်။
ညစ်ညမ်းမှုသည် မကောင်းမှန်းသိသာစေရန် ညစ်ညမ်း ၀က်ဆိုက်များအား ကောင်းစွာကြည့်ရူနိုင်စီစဉ်ပေး၍
သတင်းမှန်ဖော်ပြသောဝက်ဆိုက်များအား ပြည်သူများအချိန်ကုန်မည်ဆိုး၍ ကောင်းစွာ မကြည့်နိုင်အောင် စီစဉ်ထားရှိရန်

ပြည်ထဲရေးဝန်ကြီးဌာန

တိုင်းပြည်တွင် ဖြစ်ပွားနေသာ ခိုးဆိုးလုယက်မှုများ ကို မဖြစ်ပွားစေရန် လူဆိုးသူခိုးများအား ထောင်ထဲထည့်၍ မိမိတို့ကိုယ်တိုင်ဦးစီးဆောင်ရွက်ရန်
ဘာသာရေးတရားပွဲများကို လုပ်ခွင့်ပါမစ်ကို မတတ်သာမှသာပေး၍ ပြည်သူများ ကောင်းစွာ အနားယူနိုင်ရန် အနှိပ်ခန်းများ နှင့်ကာရာအိုကေများ တိုးချဲ့ဖွဲ့လှစ်ရေးကို အကူအညီပေးကြရန်။
တရားစီရင်ရေး တွင်ဥပဒေအသစ်များထုတ်ဖော်ခြင်းဖြင့်ကမ္ဘာအလယ်တွင်ဥပဒေအများဆုံး၇ှိသောနိုင်ငံအဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်ရန်
အပြစ်မရှိပြည်သူများအား ကောင်းမွန်စွာ ထောင်ချနိုင်ရန် ဟုတ်တိုင်းမှန်ရာ တရားစီရင်မည့် ပုဂ္ဂိုလ်များ အား အလုပ်ဖြုတ်၍ မတရားသူကြီး အသင်းခန့်အပ်ရန်နှင့် ဘယ်တိုင်းပြည်တွင်မှမရှိသော ထောင်ဒဏ်မျိုးချမှတ်ရန်။
ကမ္ဘာပေါ်တွင် လဘ်စားမှုအများဆုံးနိုင်ငံအဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်အောင် ရပ်ကွက် ဥက္ကဌများမှ စ၍နေရာစုံးလဘ်စားနိုင်ရန် စီမံပေးရန်။
လောင်းကစားသည် တိုင်းသူပြည်သူများ၏ ထွက်ပေါက်ဖြစ်သောကြောင့် လောင်းကစားမှန်သမျှ အားပေးရန်နှင့် ဖြစ်နိုင်ပါကမိမိကို ဒိုင်လုပ်ခြင်းဖြင့် ပြည်သူများအား ကူညီပေးရန်။


ဝန်ကြီးများ၏ တာဝန်မှာ လွန်စွာများပြားခြင်းကြောင့် အပြည့်အစုံမဖော်ပြနိုင်သည်ကို ခွင်လွှတ်ကြပါ၇န် လေးစားစွာတောင်းပန်အပ်ပါသည်။
အထက်မှ တာဝန်ပေးအပ်သည့်အတိုင်း တိကျစွာ တာဝန်ထမ်းဆောင်လျှက်ရှိသောကြောင့် မြန်မာပြည် သည် ကမ္ဘာအလယ်တွင်နံမည် ကြီးနေပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။
ထိုသို့အစစအရာရာတွင် ထူးခြားသောရလဒ်များ ပိုင်ဆိုင်ထားခြင်းကြောင့် နိုင်ငံတကာ မှ မနာလိုဖြစ်ကာ ဟုတ်မှန်သော သတင်းများကိုဖော်ပြလျှက်ရှိပါသည်။


ခင်မင်လေးစားစွာဖြင့်

ညဏ်လင်းထက်

ဗမာ့သွေးပေးပို့သည်။

မျိုးဆက်လှိုင်း(ကဗျာစာစုများ)...Generation wave..

GW_PDF_new.pdf
GW_PDF_new