Friday, June 18, 2010

The Voice Weekly Journal Vol. 6-31, June 21-27, 2010.

The Voice Weekly Journal Vol. 6-31, download hereVoice 6 31

18 June 2010 ဒိုင်ယာရီ

18 June 2010 yeyintnge Diary.doc file download here
18 June 2010 Yeyintnge Diary

နအဖစစ်တပ်အတွင်း ပစ်ခတ်မှုဖြစ်ပွား

နအဖစစ်တပ်အတွင်း ပစ်ခတ်မှုဖြစ်ပွား

Submitted by Karen Information Center on Friday, 18 June 2010
ဇွန်လ ၁၈ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မောခီးဂွင်၊ ကလော်ဝေါ်ကျေးရွာအခြေစိုက် နအဖ စစ်ကြောင်းတစ်ခုတွင် ယမန်နေ့က အချင်းချင်း ပြဿနာဖြစ်ပွားပြီး ပစ်ခတ်မှုတစ်ရပ်ဖြစ်ပွားခဲ့သည်ဟု ထိုဒေသမှလာသည့် သတင်းအရ သိရသည်။

ထိုနေ့မနက် ၁၁း၃၀နာရီခန့်တွင် ကလော်ဝေါ်ရွာ ဘုန်းကြီးကျောင်း၌ စခန်းထိုင်သည့် စစ်ကွပ်ကဲရေးဌာချုပ်-စကခ(၈) လက် အောက်ခံ ခမရ(၄၀၇) စစ်ကြောင်း(၂)မှ ဒုရင်းမှူး ဒုဗိုလ်မှူးအောင်ဇော်မျိုးနှင့် စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးမှူး တာဝန် ယူထားသည့် ဒုခွဲမှူး ဗိုလ်ကြီးမိုးအောင်ကျော်တို့ အချင်းချင်း စကားများကြရာမှ ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်သည်ဟု ကလော်ဝေါ် ရွာသားတစ်ဦးက ပြောသည်။

၎င်းက “မနက် ၁၁း၃၀လောက်မှာ ဒုတပ်ရင်းမှူး အောင်ဇော်မျိုးနဲ့ ထောက်လှမ်းရေးမှူး မိုးအောင်ကျော် နှစ်ယောက်သား အ ပြန်အလှန် စကားများရာမှာ ထောက်လှမ်းရေးမှူးက ပစ္စတိုသေနတ်ကိုထုတ်ပြီး ပစ်ဖို့ချိန်တာ ဒုရင်းမှူးက သေနတ်ပြောင်းဝကို လက်နဲ့သွားပိတ်တော့ လက်ချောင်း(၄)ချောင်း ပြတ်သွားတာပေါ့။ တချက်တည်းပစ်တယ်။ အနားမှာရှိတဲ့ ရဲဘော်တွေက ၀ိုင်း ထုကြတော့ ထောက်လှမ်းရေးမှူး သတိလစ်မေ့မျောသွားတယ်”ဟု ပြောသည်။

၎င်းတပ်အတွင်း ပြဿနာဖြစ်လရသည့် အခြေခံအကြောင်းရင်းကို အတိအကျ မသိရသော်လည်း ပစ်ခတ်သူ ဗိုလ်ကြီးမိုး အောင်ကျော်ကို အပြစ်ပေးအရေးယူရန်အတွက် ဝေါ်လေအခြေစိုက် နည်းဗျူဟာ အမှတ်(၂)သို့ ထိုနေ့တွင်ပင် ပို့ဆောင်လိုက် ပြီဖြစ်ကြောင်း သိရသည်။

ထိုဒေသတွင် လှုပ်ရှားနေသည့် ဒီကေဘီအေ တပ်မှူးတစ်ဦးက “ထောက်လှမ်းရေးမှူးက အဲဒီမှာရှိတဲ့ အခြေအနေတွေကို စုံ စမ်းရတာ။ စစ်ကြောင်းမှူးနဲ့ ဆက်နွယ်နေတဲ့ အကြောင်းအရာတစ်ခုကို ပြောပြရာမှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် စကားထိုး နှက်ကြရာကနေ ပစ်ခတ်မှုဖြစ်ပွားတာ ဖြစ်နိုင်တယ်”ဟု သုံးသပ်ပြောဆိုသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့တောင်ပိုင်း ကီလိုမီတာ (၁၇၆)အကွာအဝေးရှိ အုန်းဖန်မြို့နယ် ၀ါးကလုခိုကျေးရွာတဘက်ကမ်း ကလော်ဝေါ်ကျေးရွာ ရွာဦးဘုန်းကြီးကျောင်းဝင်းတွင် ယခင်က ဒီကေဘီအေ(၉၀၇)တပ်ဖွဲ့ဝင်များ အခြေချလျှက်ရှိသော်လည်း ပြီးခဲ့သည့် ဧပြီလနှောင်းပိုင်း၌ အဆိုပါ နအဖစစ်တပ်က ၀င်ရောက်အခြေစိုက်ခဲ့သဖြင့် ဒီကေဘီအေတပ်များ ပြောင်းရွှေ့သွား ခဲ့ရသည်။

ထိုဒေသတွင် ယခုနှစ် မတ်လ ၁ရက်နေ့က တပ်အတွင်း အချင်းချင်း ပဋိပက္ခဖြစ်ပွားမှုကြောင့် ခမရ(၄၀၆)မှ စစ်ကြောင်း(၂)မှူး ၀င်းကျော်သူနှင့် တပ်သား(၂)ဦး လက်နက်ခဲယမ်းတချို့နှင့်အတူ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခဲ့ရာ ထိုင်းနယ်စပ်လုံခြုံရေး တပ်က ဖမ်းဆီးပြီး မိခင်တပ်ရင်းသို့ ပြန်ပို့ခဲ့သည်။

မြန်မာစစ်တပ် အနေဖြင့် နယ်ခြားစောင့်တပ် အာခံနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပေါ် ထိုးစစ်ဆင်ခြင်း ထက် ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီ အောင်နိုင်ရေးကို ဦးတည်လုပ်ဆောင်လာကြောင်း အကဲခတ်များက သုံးသပ်သည်။
သျှမ်းသံတော်ဆင့်

ရွေးကောက်ပွဲကို အားလုံးဝင်နိုင်ရေး ကနေဒါ တောင်းဆို

By ကိုဇော်ဝင်းလှိုင် သောကြာ, 18 ဇွန် 2010
အခုနှစ်အတွင်း စစ်အစိုးရက ကျင်းပပေးဖို့ စီစဉ်နေတဲ့ရွေးကောက်ပွဲဟာ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးရေးအတွက် စစ်အစိုးရကို နေဒါနိုင်ငံက တိုက်တွန်းလိုက်ပါတယ်။ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိတွေကိုယ်တိုင် နေပြည်တော်မှာ သွားတွေ့ပြီး အခုလို ပြောခဲ့တာဖြစ်တယ်လို့ ဒီကနေ့ မနက်ပိုင်းက အဲဒီ အရာရှိတွေနဲ့ တွေ့ဆုံခဲ့တဲ့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
ကနေဒါနိုင်ငံခြားရေး ၀န်ကြီးဌာနက အရာရှိနဲ့ သံရုံးအရာရှိတွေ ဒီကနေ့ မနက်ပိုင်းက NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးအိမ်မှာ သွားရောက် တွေ့ဆုံခဲ့ကြတာပါ။ စစ်အစိုးရက အခုနှစ်အတွင်းကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်ရေးအတွက် နေပြည်တော်မှာ စစ်အစိုးရအရာရှိတွေနဲ့ တွေ့ဆုံစဉ် သူတို့ဖက်က တိုက်တွန်း ပြောကြားခဲ့တဲ့အကြောင်း ကနေဒါအရာရှိတွေ ပြောတယ်လို့ ဒီကနေ့ ကနေဒါကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ကနေဒါ သံအမတ် ၂ ယောက်နဲ့ ကျနော်ရယ်၊ ဦးတင်ဦးရယ်၊ ဦးဝင်းတင်ရယ် တွေ့ပါတယ်။ ဘန်ကောက်အခြေစိုက် သံရုံးက first secretary ပါတယ်။ နောက် ကနေဒါ အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာနက အမျိုးသမီးတယောက်ပါတယ်။ သူတို့က အားလုံး ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ဖို့၊ ဒီလိုကိစ္စတွေ အားလုံးအတွက်က အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်ဆောင်ရွက်ဖို့ သူတို့ အကြံပြုပြောကြားခဲ့တယ်။”
ဒါ့အပြင် လက်ရှိ NLD က လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကိုလည်း ပြောဆို ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ NLD ရဲ့ အခြေအနေတွေ၊ NLD လှုပ်ရှားမှုအခြေအနေတွေ ဒါတွေကို ဆွေးနွေးပြောကြတာပဲ။ ပြောတာတော့ အများကြီးပဲ။ အဓိကကတော့ ခုနက အချက်တွေပါ။”
စစ်အစိုးရဘက်က ဘယ်လောက် အဆင့်ရှိတဲ့အရာရှိတွေနဲ့တွေ့ခဲ့တယ်၊ ဘယ်သူနဲ့ တွေ့ခဲ့တယ်ဆိုတာကိုတော့ သူတို့ဖက်က အသိမပေးခဲ့ဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ရွေးကောက်ပွဲဝင်ရေး မှတ်ပုံမတင်ဖို့ NLD ပါတီက ဆုံးဖြတ်ချက်ချပြီးနောက်ပိုင်း နိုင်ငံတကာက သံတမန်တွေ မြန်မာနိုင်ငံကို အ၀င်အထွက်လုပ်တာ အတော်လေး စိပ်လာနေပါတယ်။ မနေ့ကပဲ အီးယူနိုင်ငံတွေက သံတမန်တွေ NLD ခေါင်းဆောင်တချို့ကို ဂျာမနီသံရုံးမှာ တွေ့ဆုံခဲ့ပါသေးတယ်။
ဒီကနေ့လဲ ကနေဒါအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိနဲ့ သံရုံးအရာရှိတွေ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးအိမ်မှာ လာရောက်တွေ့ဆုံတာမို့ ဒါဟာ ဘယ်လို ထူးခြားချက်များ ဖြစ်နိုင်မလဲလို့ ဦးဉာဏ်ဝင်းကို မေးကြည့်တဲ့အခါမှာတော့ -
“ကျနော်တို့ မြင်တာကတော့ဗျာ၊ မြန်မာ့နိုင်ငံရေး အခြေအနေက သာမန်မဟုတ်ဘူး။ ထဲထဲဝင်ဝင် ဆောင်ရွက်ဖို့လိုတယ်လို့ ဒီလက္ခဏာတွေ ပေါ်နေတယ်လို့ထင်ပါတယ်။ အဲဒီသဘောလို့ ထင်ပါတယ်။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောပြခဲ့တာပါ။

ကနေဒါနိုင်ငံက လောလောဆယ် မြန်မာနိုင်ငံမှာ သံရုံးဖွင့်ထားတာ မရှိတဲ့အတွက် ထိုင်းနိုင်ငံမှာရှိတဲ့ ကနေဒါသံရုံးကပဲ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို ပူးတွဲ လုပ်ဆောင်နေတာပါ။ ဒါကြောင့် ဒီကနေ့ NLD ကို လာတွေ့ကြတဲ့ သံရုံး အရာရှိတွေဆိုတာကဲ ဘန်ကောက်မှာရှိတဲ့ ကနေဒါသံရုံးက အရာရှိတွေဖြစ်ပါတယ်။
http://www1.voanews.com/burmese/news/

ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး NLD ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံ
2010-06-18

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီကို နောက်ထပ် မှတ်ပုံမတင်သလို ရွေးကောက်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တာတွေကို ကနေဒါအစိုးရက လေးစားကြောင်း၊ ကနေဒါအစိုးရအနေနဲ့ မြန်မာနိုင်ငံအတွက် ဘာတွေ ဆောင်ရွက်ပေးစေလိုတယ်ဆိုတာ သိချင်ကြောင်း၊ ကနေဒါနိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူး မစ္စစ် နာဒီယာ ဘာဂါက အဖွဲ့ချုပ် ခေါင်းဆောင်တွေကို တွေ့ဆုံမေးမြန်းခဲ့တယ်လို့ သတင်းရရှိပါတယ်။

မစ္စစ် နာဒီယာ ဘာဂါ နဲ့ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ကနေဒါသံရုံးက ပထမအတွင်းဝန် မစ္စစ် အေမီတို့ နှစ်ဦးက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်၊ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းတို့နဲ့ ဦးတင်ဦးအိမ်မှာ ဇွန်လ ၁၈ ရက် ဒီနေ့မနက် တွေ့ဆုံပြီး ပြောဆိုခဲ့တာပါ။

ဒါနဲ့ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကို အခုလို ပြောပါတယ်။

'သူတို့ အစိုးရအနေနဲ့တော့ NLD ရဲ့ ဆုံးဖြတ်တာတွေကိုလည်း သူတို့ လေးစားတယ်၊ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း အားလုံး ပါဝင်နိုင်ဖို့ တိုက်တွန်းထားတယ် ဆိုတာတွေကို ပြောပြတယ်။ သူတို့ကလည်း မေးပါတယ်၊ ကနေဒါအစိုးရအနေနဲ့ ဘာလုပ်ပေးစေချင်သလဲ ဆိုတော့ က္ဆွန်တော်တို့က ပြောပါတယ်။ ရွေးကောက်ပွဲ တခုတည်းနဲ့ ဗမာပြည်ရဲ့ နိုင်ငံရေးအခြေအနေ ပြုပြင်ပြောင်းလဲမှု မဖြစ်နိုင်ဘူး။ ဒါကြောင့်၊ အဓိကအားဖြင့်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပဲ။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဒါ အမျိုးသား ရင်ကြားစေ့ရေးအတွက် dialogue လုပ်ဖို့ကို တိုက်တွန်းသင့်တယ်လို့ က္ဆွန်တော်တို့ အကြံပြုပါတယ်။ သူတို့ကလည်း သဘောတူပါတယ်။ ဒီလို သဘောထားမျိုး သူတို့မှာလည်း ရှိတယ်ဆိုတဲ့အကြောင်း ပြောပါတယ်။'

ကနေဒါ သံအရာရှိတွေဟာ စစ်အစိုးရ အရာရှိတွေနဲ့လည်း ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာတော့ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ လုပ်သင့်ကြောင်းနဲ့ ရွေးကောက်ပွဲမှာ အားလုံး ပါဝင်နိုင်အောင် ဆောင်ရွက်ပေးဖို့ စစ်အစိုးရကို တိုက်တွန်းထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ လိုလားကြောင်းလည်း အဖွဲ့ချုပ်ခေါင်းဆောင်တွေကို ပြောပြတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

'သူတို့က နေပြည်တော်မှာလည်း တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့လာတယ်ဆိုတာ ပြောပြတယ်။ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်ဆိုတာကို သူတို့ တိုက်တွန်းခဲ့တယ်လို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ရင်တော့ သူတို့က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့နဲ့ က္ဆွန်တော်တို့ ရွေးကောက်ပွဲမှာ အားလုံး ပါဝင်နိုင်တဲ့အခြေအနေကို လိုလားကြောင်း သူတို့ ပြောပါတယ်။'
ထိုင်းနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီး ရွန်ဟော့ဖ်မန်း Ron Hoffmann ကလည်း ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်ဖို့ နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ထားပေမဲ့ ခုချိန်ထိ ဖြစ်မလာသေးတဲ့အတွက် စိတ်ပျက်မိတယ်လို့ ပြောကြားခဲ့ပါတယ်။
http://www.rfa.org/burmese
http://burmese.dvb.no/b_news/11254-2canada.gif

မြန်မာ့ဂုဏ်ရည်ကိုဆောင်တဲ့ နိုင်ငံရဲ့ မီးရှူးတန်ဆောင်

မြန်မာ့ဂုဏ်ရည်ကိုဆောင်တဲ့ နိုင်ငံရဲ့ မီးရှူးတန်ဆောင်

NEJ / ၁၈ ဇွန် ၂၀၁၀


၂၀၁၀ ခုနှစ် ဇွန် (၁၉) ရက်နေ့တွင် ကျရောက်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ (၆၅) နှစ်မြောက်မွေးနေ့အထိမ်းအမှတ် အမှတ်တရ အမှာစကားများအား ခေတ်ပြိုင်မှ စုစည်းတင်ပြချက်။

ဦးတင်ဦး (ဒု- ဥက္ကဋ္ဌ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)

ဒေါ်အောင်ဆန်းစုကြည်ကတော့ ကျနော်တို့ရဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထု တိုင်းရင်းသားအားလုံးတို့ရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသား သွေးစည်းညီညွတ်ရေး အားလုံးအတွက် မီးရှူးတန်ဆောင်အနေနဲ့ ရှေ့ဆောင်လမ်းပြ ခေါင်းဆောင်လို့ ကျနော်က ဒီလိုပဲသတ်မှတ်ထားတယ်။ ဒီလိုပဲ ဂုဏ်ပြုချင်တယ်။ ဒါတင်မကသေးဘူး၊ နိုင်ငံတကာမှာလည်းပဲ ဒီမိုကရေစီအင်အားစုတွေ လူအဖွဲ့အစည်းအင်အားစုတွေအားလုံးရဲ့ မီးရှူးတန်ဆောင်လို ဖြစ်နေတယ်ဆိုတာကိုလည်းပဲ အသိအမှတ်ပြုခံနေရတဲ့အတွက် ဂုဏ်ယူတယ်ပေါ့။ နိုင်ငံတော်အတွက် ပေါ်ပေါက်လာတဲ့ မြန်မာ့ဂုဏ်ရည်ကိုဆောင်တဲ့ နိုင်ငံရဲ့ မီးရှူးတန်ဆောင်လို့ပဲ ဂုဏ်ပြုချင်ပါတယ်။

ဦးဝင်းတင် (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၅) နှစ်မြောက်မွေးနေ့ပေါ့ဗျာ။ ဒီမွေးနေ့နဲ့ပတ်သက်ပြီးတော့ တပြည်လုံး တကမ္ဘာလုံးက ၀မ်းမြောက်ဝမ်းသာ ဂုဏ်ပြုနေကြတဲ့ နေ့ဖြစ်ပါတယ်။ ဒေါ်စုကလည်း အဲလို ဂုဏ်ပြုခြင်းကို ခံယူထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်က အများကြီးဖြည့်စွက်ပြီးလည်း ပြောစရာမလိုပါဘူး။ ကျနော်ကိုယ်တိုင်လည်း ၀မ်းမြောက်ဝမ်းသာ ဂုဏ်ပြုချင်သူတွေထဲမှာ တဦးအပါအ၀င် ဖြစ်ပါတယ်လို့ ကျနော်ပြောချင်ပါတယ်။

အမှန်တိုင်းပြောရရင် ကျနော်က ဒေါ်စုနဲ့ သိပ်ပြီး ရင်းရင်းနှီးနှီးသိသူမဟုတ်ဘူးခင်ဗျ။ ၁၉၈၈ ခု အရေးတော်ပုံကာလအတွင်းမှာ ကျနော်က စာနယ်ဇင်းသမဂ္ဂခေါင်းဆောင်တဦးနဲ့ ဒေါ်စုကို စတွေ့ပါတယ်။ နောက်ကျ ကျနော်လည်း အကြောင်းကြောင်းကြောင့် အန်အယ်လ်ဒီပါတီ စတင်တည်ထောင်တဲ့အထဲမှာ ပါသွားပါတယ်။ နောက် အန်အယ်လ်ဒီခေါင်းဆောင်တယောက်အနေနဲ့ ဒေါ်စုနဲ့တွဲပြီး နိုင်ငံရေးလုပ်တာ (၈) လ (၉) လလောက်ကြာပါတယ်။ အဲဒါပြီးတော့ ၈၉ ခုနှစ် ဇူလိုင် (၄) ရက်နေ့မှာ ကျနော် ထောင်ထဲရောက်သွားတာ အခု ကျနော်အပြင်ရောက်တဲ့ထိ ဒီနေ့ထိပဲ ဒေါ်စုနဲ့ ကျနော်နဲ့ မတွေ့တော့ဘူးဗျ။ ဒေါ်စုနဲ့ကျနော်နဲ့ မတွေ့တာ ရှေ့လဆို နှစ်ပေါင်း (၂၁) လောက်ဖြစ်သွားပြီဗျ။ ဒါကြောင့် ကျနော်က ဒေါ်စုကို ပုဂ္ဂိုလ်အရ ဘာမှ ထူးထူးခြားခြားကြီး သိပြီး ပြောစရာရှိတဲ့သူ မဟုတ်ပါဘူး။

ကျနော်ပြောချင်တာလေးတခုကတော့ ဒေါ်စုရဲ့ ခေါင်းဆောင်မှုစွမ်းရည်၊ ဒေါ်စုရဲ့ ရဲစွမ်းသတ္တိ၊ ဒေါ်စုရဲ့ ပုဂ္ဂိုလ်ရေးစွမ်းရည် အဲဒီလိုဟာတွေနဲ့ ပတ်သက်လို့တော့ ကျနော် အများပြည်သူများ ခံစားရသလို ကျနော်လည်း ခံစားကြည့်မိပြီးတော့ နားလည်တဲ့လူတယောက်လို့ ကျနော်ပြောလို့ရပါတယ်။ အဲဒီထဲက ထူးထူးခြားခြားလေး ကျနော်ပြောချင်တဲ့အချက်ကို လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်ကျော်လောက်ကနေပြီးတော့ ကျနော်ကဗျာတပုဒ်ရေးဖူးပါတယ်။ အဲဒီကဗျာလေးကို ကျနော် နည်းနည်းရှင်းပြချင်ပါတယ်။ အဲဒီကဗျာက ဘာလည်းဆိုတော့…

“ရဲ … ဇွဲ … ဉာဏ် … စည်း …တာ၊ မကြောက်တရား တေးကဗျာ … မီးလျှံထဲက ကြာ”

ဆိုပြီးတော့ ကျနော်ရေးပါတယ်။ ထောင်ထဲမှာဆိုတော့ ဒီလို အတိုလေးရေးမှသာ နောက်ပိုင်းလည်း မှတ်မိတယ်၊ တယောက်နဲ့တယောက် ပြောဆိုတာလည်း လွယ်တယ်ဆိုပြီးတော့ တိုတိုလေးပဲ ရေးပါတယ်။ ဒီကဗျာထဲမှာပါတဲ့ အချို့အချက်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ရည်တွေကို ထည့်သွင်းပြီးတော့ ရေးတာဖြစ်ပါတယ်။

ဒီကဗျာကို နည်းနည်းလေး ရှင်းပြပါရစေ။

“ရဲ” ဆိုတာက ဒေါ်အောင်ဆန်းစုကြည်ဟာ ရဲရင့်တယ်၊ ရဲစွမ်းသတ္တိရှိတယ်၊ ဒါကို ကျနော်ဆိုလိုခြင်းဖြစ်ပါတယ်။ ရဲ ဆိုတဲ့နေရာမှာ ဗုဒ္ဓဘာသာကျမ်းဂန်များနဲ့အညီ ပြောရမယ်ဆိုရင် ၀ီရိယရှိခြင်းကိုလည်း ရဲ ဆိုတဲ့အထဲမှာ ထည့်ချင်ပါတယ်။ ၀ီရိယရှိခြင်းဆိုတာ ရဲစွမ်းသတ္တိရှိခြင်း၊ နိုးကြားထကြွခြင်းဆိုတာတွေ အကုန်လုံးက အကျုံးဝင်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာလုပ်လုပ် အင်မတန်ရဲရင့်တဲ့ ဆုံးဖြတ်ချက်တွေကို ဆုံးဖြတ်နိုင်တယ်။ အလားတူ အဲဒီရဲရင့်တဲ့ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် အလွန်ကို ကြီးမားတဲ့ လုံလ၀ီရယလည်း ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ ပြောချင်ပါတယ်။

နောက်တခု “ဇွဲ” ဆိုတာကတော့ လူတိုင်းသိနေကြတဲ့ ဇွဲကြီးခြင်း၊ မာန်ကြီးခြင်းပေါ့ဗျာ။ သို့သော် တဘက်ကနေပြောရင် ဇွဲ ဆိုတာ စွဲမြဲခြင်းကိုဆိုလိုတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) ကျော်ကတည်းကနေပြီးတော့ မြန်မာပြည်မှာ ဒီမိုကရေစီနိုင်ငံတည်ဆောက်မယ်၊ ဒီမိုကရေစီအခွင့်အရေးတွေကို ဖော်ထုတ်မယ်၊ လူ့အခွင့်အရေးတွေကို ကာကွယ်မယ်ဆိုတဲ့၊ ပြည်ထောင်စုသစ်ကြီးကို တည်ဆောက်မယ်၊ တိုင်းရင်းသားတွေနဲ့ သွေးစည်းညီညွတ်ရေး၊ ပြန်လည်ရင်ကြားစေ့ရေး ဆိုတာမျိုးကို ထူထောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်၊ နောက်အာဏာရှင်စနစ်ဆိုးကို ဖြိုဖျက်မယ်ဆိုတဲ့ ဦးတည်ချက်နဲ့ အလုပ်လုပ်လာခဲ့တဲ့ သူရဲ့နိုင်ငံရေးရည်မှန်းချက်တွေကို ဒီနေ့အထိလည်း စွဲစွဲမြဲမြဲ ကိုင်ဆောင်တုန်းပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) ကျော်ကာလအတွင်းမှာ အကျဉ်းကျခံရတာ (၁၄) နှစ်ကျော်သွားပြီ။ သို့သော် အာဏာရှင်တွေဆီမှာ ဒူးထောက်ခြင်း၊ အညံ့ခံခြင်း၊ အာဏာရှင်တွေရဲ့ မျက်နှာချိုသွေးခြင်း၊ လူရာသွင်းခြင်းကို မခံဘဲနဲ့ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် စွဲစွဲမြဲမြဲလုပ်တာကို ချုပ်ပြီးတော့ ကျနော်က “ဇွဲ” ဆိုတဲ့စကားလုံးကို သုံးတာပါ။

နောက် “ဉာဏ်” ဆိုတာကတော့ သိကြတဲ့အတိုင်းပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အလွန်ထူးချွန်တဲ့ အတွေးအခေါ်အယူအဆတွေ၊ ဉာဏ်ပညာတွေ အမြော်အမြင်တွေ ရှိတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရေးတခုတည်းတင် မဟုတ်ပါဘူး။ လူမှုရေးကိစ္စတွေ၊ အမျိုးသမီးတွေ၊ လူငယ်တွေနဲ့ပတ်သက်လို့၊ တိုင်းပြည်ရဲ့စီးပွားရေးနဲ့ ပတ်သက်လို့၊ တိုင်းပြည်ရဲ့ပညာရေးနဲ့ပတ်သက်လို့၊ တိုင်းပြည်ရဲ့စည်းလုံးညီညွတ်ရေးနဲ့ ပတ်သက်လို့ဆိုတဲ့ ကိစ္စတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဉာဏ်အမြော်အမြင်ဟာ အလွန်ကြီးမားတယ်လို့ ပြောချင်ပါတယ်။

နောက် “စည်း” ဆိုတာကို ပြောချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စည်းကမ်းကြီှးခြင်း၊ စည်းကမ်းသိခြင်း၊ စည်းကမ်းကို လိုက်နာခြင်း၊ စည်းကမ်းကို ညွှန်ပြခြင်းဆိုတဲ့ ပုဂ္ဂိုလ်ထဲမှာ ပါတယ်လို့ ကျနော်ပြောချင်ပါတယ်။ ၁၉၈၈ သြဂုတ်လ (၂၄) ရက်နေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံးအကြိမ် ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့ပါတယ်။ အဲဒါက ရန်ကုန်ဆေးရုံကြီးအတွင်းမှာ ထူထောင်ထားတဲ့ စာပေသမဂ္ဂစင်မြင့်ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် စကားပြောတာ ဖြစ်ပါတယ်။ အဲဒီမိန့်ခွန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီလိုချင်ရင် စည်းကမ်းရှိကြပါ ဆိုတဲ့စကားကို ပြောပါတယ်။ အဲဒါဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီဆိုတဲ့စကားကို အခုမှ ပြောခြင်းမဟုတ်ဘူး။ ဆိုလိုတာက ဒီမိုကရေစီဆိုတာဟာ လိုချင်ရင် စည်းကမ်းပြည့်ဝခြင်းနဲ့သာ တည်ဆောက်လို့ရမယ် ဆိုတာကို ပြောခြင်းဖြစ်ပါတယ်။ စစ်အာဏာရှင်တွေ ရည်ရွယ်သလို တိုင်းပြည်လူထုကို ဖိနှိပ်ချုပ်ချယ်ဖို့၊ စည်းကမ်းနဲ့အကျပ်ကိုင်ဖို့ဆိုတဲ့ အကြံဆိုးတွေနဲ့ ပြောတဲ့စကားမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းကမ်းဆိုတာဟာ လူ့ဘ၀၊ လူ့လောက၊ လူ့အဖွဲ့အစည်း တည်ငြိမ်ဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ ကိုင်စွဲရှေးရှုတဲ့ စည်းကမ်းဖြစ်ပါတယ်။

နောက်ဆုံးစကားလုံး “တာ” ဆိုတာကတော့ တာဝန်ပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ စည်းကမ်းရှိရုံတင်မကဘူး။ တာဝန်သိတယ်၊ တာဝန်လည်းယူတယ်၊ တာဝန်ကိုခံတယ်။ အခုစစ်အစိုးရဆိုရင် သူက စည်းကမ်းရှိဖို့ပဲပြောတယ်။ လူတွေကို ကြိမ်ဆော်ချင်တဲ့ သဘောထားသာ ရှိပါတယ်။ ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်ဖို့ စည်းကမ်းတွေချဖို့သာ ရည်ရွယ်ပြီး စည်းကမ်းရှိတဲ့ ဒီမိုကရေစီဆိုပြီး ကြွေးကြော်နေတာ။ တာဝန်ယူမှု၊ တာဝန်သိမှု၊ တာဝန်ခံမှုဆိုတာတွေကျတော့ ဘာမှမရှိလို့ တိုင်းသူပြည်သားတွေဟာ ဒီနေ့အော်နေရပါတယ်၊ တိုင်းသူပြည်သားတခုလုံးဟာ ငိုမြည်းနေရပါတယ်၊ တိုင်းသူပြည်သားအားလုံးဟာ တုံးအောက်က ဖားလို ပြားပြားဝပ်နေရပါတယ်ဆိုတာကို ကျနော်ပြောချင်ပါတယ်။
အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ “ရဲ … ဇွဲ … ဉာဏ် … စည်း …တာ” ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေး အရည်အချင်း၊ အယူအဆ၊ အတွေးအခေါ်၊ အကျင့်အကြံ အဲဒါတွေသာမကဘဲနဲ့ သူရဲ့ပုဂ္ဂိုလ်ရေး အတွေးအခေါ် အယူအဆ အကျင့်အကြံတွေလည်း အကျုံးဝင်ပါတယ်လို့ ကျနော်ပြောချင်ပါတယ်။

ကျန်တဲ့ ကဗျာထဲမှာပါတဲ့ “မကြောက်တရား တေးကဗျာ” ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်း သူက မကြောက်တရားကို ဟောပါတယ်။ လူတွေကို မကြောက်ကြနဲ့၊ လူအချင်းချင်းလည်း မကြောက်ကြနဲ့၊ စနစ်ဆိုးတွေကိုလည်း မကြောက်ကြနဲ့၊ ထောင်လို လူတွေကို ညှဉ်းပန်းချုပ်ချယ်တဲ့ ဖိနှိပ်တဲ့ အရာဝတ္ထုကိုလည်း မကြောက်ကြနဲ့လို့ မကြောက်တရားကို ဟောပါတယ်။
အဲဒီ မကြောက်တရားဟာဆိုရင် ယနေ့ မြန်မာပြည်မှာ ပျံ့လွင့်နေတဲ့ မြန်မာပြည်သူတွေအားလုံး သီကျူးကြမယ့် တေးကဗျာဖြစ်တယ်လို့ ကျနော်တင်စားပြီး ပြောချင်ပါတယ်။

နောက်ဆုံးအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ “မီးလျှံထဲက ကြာ” လို့ ကျနော်ပြောတဲ့အကြောင်းက ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀) ကျော်အတွင်းမှာ (၁၄) နှစ်လောက် ထောင်ထဲမှာ အကျဉ်းကျခံနေရတယ်။ အဲဒီလိုကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ထိလည်း ဒီမိုကရေစီအောင်လံကို လွှင့်ထူမြဲဖြစ်ပါတယ်။ ဒီမိုကရေစီပန်းတိုင်ဆီလည်း ရှေးရှုချီတက်မြဲဖြစ်ပါတယ်။ နောက် ပြည်သူလူထုနဲ့အတူလည်း တသားတည်း နေမြဲနေနေတဲ့ အချိန်ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေဆိုတဲ့ စစ်ကျွန်ဘ၀ကို သက်ဆိုးရှည်စေမယ့် စစ်အာဏာရှင်စနစ်ကို တရားဝင်ပြုလုပ်မယ့် ဥပဒေလိုဟာမျိုးကို လူတွေတော်တော်များများဟာ ဆန့်ကျင်ဖို့အတွက် ပျက်ကွက်နေကြတယ်။ နောက်တခါ အဲဒီအခြေခံဥပဒေကို ပေါ်ပေါက်စေမယ့် ရွေးကောက်ပွဲကို ကြိုးစားနေကြတယ်။ အဲဒီရွေးကောက်ပွဲ ၀င်နိုင်အောင် ကိုယ့်ပါတီအဖွဲ့အစည်းကို မှတ်ပုံတင်နေကြတယ်။ ပါတီအဖွဲ့အစည်းအသစ်တွေ ထူထောင်ပြီတော့ မှတ်ပုံတင်နေကြတယ်ဆိုတဲ့ အချိန်အခါမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီလိုမတရားတဲ့ ဥပဒေတွေကို ငြင်းပယ်တယ်ဆိုတာကို အတိအလင်း တိုင်းသိပြည်သိ ကြေညာပြီးဖြစ်ပါတယ်။ နောက်တခုက ရွေးကောက်ပွဲဥပဒေဟာ တရားမျှတခြင်းမရှိဘူး မတရားတဲ့ဥပဒေဖြစ်တယ်။ ဒါကြောင့် ပါတီကို ဘယ်တော့မှ မှတ်ပုံမတင်ဘူးဆိုတဲ့စကားမျိုးတွေ ထုတ်ဖော်ကြေညာပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေအထားဟာ တကယ့်မီးပုံထဲမှာ ကြာပွင့်သလို ပွင့်နေတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ တကယ်တော့ ဒီနေ့တိုင်းပြည်တပြည်လုံးဟာ မီးလျှံထဲမှာ ကျရောက်နေသလို ဖြစ်ပါတယ်။ သို့သော် အဲလို မီးလျှံထဲမှာတော့ တပွင့်သောကြာဟာ ပွင့်နေပါတယ်။ အဲဒါဟာဖြင့် ဒေါ်အောင်ဆန်းစုကြည်ပါပဲလို့ ကျနော်ပြောချင်ပါတယ်။

ဦးဉာဏ်ဝင်း (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)

(၆၅) နှစ်ဆိုတာ မငယ်ပါဘူး။ သို့သော် (၆၅) နှစ်ကာလ ရောက်တဲ့တိုင်အောင် ဇွဲ၊ သတ္တိ၊ ပညာနဲ့ ဦးဆောင်နေတဲ့ ကျနော်တို့ရဲ့ခေါင်းဆောင်ကြီး အသက်ရာကျော်ရှည်ဖို့ ဆုတောင်းလိုက်ပါတယ်။




ဦးအုံးကြိုင် (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံပြည်သူများရဲ့ လေးစားကြည်ညိုဆုံး အားကိုးဆုံး ခေါင်းဆောင်ဖြစ်ပါတယ်။ အားကိုးလောက်အောင်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုအပေါ်မှာ မေတ္တာစေတနာတွေ ထားပြီးတော့ ပြည်သူလူထုအကျိုးအတွက် အခုထိ အနစ်နာခံပြီးတော့ ဆောင်ရွက်နေတာ တွေ့ရတဲ့အတွက်ကြောင့် ကျနော်တို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တည်ရှိမှုဟာ မြန်မာပြည်သူလူထုအတွက် မီးရှူးတန်ဆောင်ကြီးဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။ ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအတွက် ရာသက်ပန် ကျန်းကျန်းမာမာနဲ့ ဆက်လက် ဆောင်ရွက်နိုင်ပါစေလို့ မွေးနေ့မှာ ကျနော်ဆုတောင်းချင်ပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုမှာ တိုင်းရင်းသားပြည်သူတရပ်လုံးဟာ သူ့ဖခင်အမျိုးသားခေါင်းဆောင်ကြီးတုန်းက လွတ်လပ်ရေးအောင်ပန်းကို ဆွတ်ခူးနိုင်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ တညီတညွတ်တည်း တစည်းတလုံးတည်း အတက်ကြွဆုံး ကြိုးပမ်းကြပြီးတော့ ဒီမိုကရေစီအောင်ပန်းကို ကျနော်တို့ ဆွတ်ခူးနိုင်မယ်လို့ အပြည့်အ၀ ယုံကြည်ကြောင်းလည်း ပြောချင်ပါတယ်။

ဒေါက်တာမေ၀င်းမြင့် (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရရေးအတွက် နှစ်ပေါင်း (၂၀) ကျော်လုံးလုံး ဘ၀တခုလုံး ပေးဆပ်ထားပြီးတော့ အသက်စွန့်ရန် ၀န်မလေးတဲ့ တကယ့်ခေါင်းဆောင်ဖြစ်တယ်။ ဒါကြောင့် ဒေါ်စုကို ကျမအနေနဲ့ လေးစား ဂုဏ်ပြုပါတယ်။ ၁၉-၆-၂၀၁၀ မှာကျမယ့် ဒေါ်စုမွေးနေ့မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ ကျမတို့အဖွဲ့ချုပ် အမျိုးသမီးအားလုံးကိုယ်စား ကျမအနေနဲ့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ ကျမတို့ အဖွဲ့ချုပ်အမျိုးသမီးများအနေနဲ့ ဒေါ်စုရဲ့ဦးဆောင်မှုအောက်မှာ တိုင်းပြည်နဲ့ လူမျိုးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ လုပ်ဆောင်သွားမယ်လို့ သန္နိဋ္ဌာန်ချမှတ်ထားပါတယ်။ ကျမတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၅) နှစ်မြောက်မွေးနေ့မှာ ဒေါ်စုနဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

မဖြူဖြူသင်း (ရန်ကုန်တိုင်း ဗဟိုဦးစီးအဖွဲ့ဝင်) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့တိုင်းဟာ မွေးနေ့ရှင်မပါဘဲ ကျင်းပခဲ့ရတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ ဒါပေမယ့်လည်း ကျမတို့လူထုတွေအားလုံးကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ယနေ့တိုင် သူ့ရဲ့စွမ်းဆောင်မှုတွေ၊ သူ့ရဲ့ ခေါင်းဆောင်ပီသမှုတွေ၊ သူ့ရဲ့အနစ်နာခံမှုတွေကို မြန်မာပြည်တွင်းရှိပြည်သူတွေ အားလုံးကရော၊ တကမ္ဘာလုံးကရော မေ့မသွားဘဲနဲ့ နှစ်စဉ်ကျင်းပခဲ့ကြပါတယ်။ အဓိကကတော့ ကျမတို့မြန်မာပြည်မှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းပြည်မှာ ပါဝင်ဆောင်ရွက်မှသာ ဖြစ်နိုင်မယ်လို့ အားလုံးကလည်း ယူဆကြတယ်။ ပြည်တွင်းမှာရှိတဲ့ ကျမတို့ ပြည်သူတွေအားလုံးကရော ဒေါ်အောင်ဆန်းစုကြည်ပါမှသာလျှင် တိုင်းပြည်ပြောင်းလဲမှုတွေအတွက်ကို ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် မကြာမီလွတ်မြောက်လာပြီး ကျမတို့ မြန်မာပြည်သူပြည်သား အားလုံးအတွက်၊ တိုင်းပြည်အတွက် ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတွေ အမြန်ဆုံး ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ဦးအေးသာအောင် (အတွင်းရေးမှူး) ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အေအယ်လ်ဒီ)

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံရေးမှာ တက်တက်ကြွကြွပါဝင်ဆောင်ရွက်လာတာဆိုရင် အနှစ် (၂၀) လည်း ကျော်ခဲ့ပြီ။ အသက်လည်း (၆၅) နှစ် ရှိပြီ။ ဒါပေမယ့် ဒီနေ့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားရေးအတွက် တကယ့်အရေးပါတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဖြေရှင်းဆောင်ရွက်ပေးနိုင်တဲ့ ခေါင်းဆောင်တယောက် ဖြစ်တယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရပါဘူး။ ဒါပေမယ့် လက်ရှိနအဖ စစ်ခေါင်းဆောင်တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုနေတဲ့ အမျိုးသားရေးပြဿနာကို ဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးရေးအရ အမျိုးသားရေးကိစ္စတွေမှာ ဆွေးနွေးဆောင်ရွက်ဖို့ ကိစ္စတွေကို လျစ်လျူရှုပယ်ချနေတာဟာ တကယ်တော့ တိုင်းပြည်အတွက်ရော ပြည်သူတွေအတွက်ရော အင်မတန်မှ နစ်နာတဲ့ စိတ်မကောင်းဖွယ်ရာ ကောင်းတဲ့အချက်တချက်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ နိုင်ငံရေးကိစ္စ နအဖက လျစ်လျူရှုပေမယ့် အခုမဟုတ်ပေမယ့် တနေ့တချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ကိုဖြစ်လာရမယ်လို့ ကျနော်အနေနဲ့ ယုံကြည်ပါတယ်။


သခင်ချန်ထွန်း (၀ါရင့်နိုင်ငံရေးသမားကြီး)

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူပြည်သား တရပ်လုံးက လိုလားတောင့်တနေတဲ့ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တဲ့ ပြည်သူလူထုက ရွေးကောက်တင်မြောက်တဲ့အစိုးရ ဖွဲ့စည်းရေးအတွက် ဒီမိုကရေစီရရှိရေးကို ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ မိမိခင်ပွန်း သားသမီးတွေကိုပါ မငှဲ့ကွက်ဘဲနဲ့ တိုင်းပြည်အတွက်၊ ပြည်သူလူထု အကျိုးစီးပွားအတွက်၊ ဒီမိုကရေစီရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးမျိုး အနစ်နာခံပြီးတော့ ဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် သက်တော်ရာကျော်ရှည်ပြီးတော့ သူလိုလားတောင့်တနေတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ပေါက်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
http://www.khitpyaing.org/index.php?route=detail&id=2502

Women’s Freedom Vigil (June 17 , 2010 ) photos

single Photos Download Here

Women’s Freedom Vigil _June 17 , 2010 _ photos.pdf file download here
Women’s Freedom Vigil _June 17 , 2010 _ photos

ငြိမ်းချမ်းရေးရဲ့ ပြယုဂ် (သို့ မဟုတ်) အမေ ဒေါ်အောင်ဆန်းစုကြည်