Monday, June 21, 2010

“သမ္မတ အိုဘားမား ကိုယ်တိုင် ဂုဏ်ပြုလက်မှတ် ပေးအပ်ခံရသူ မချောငြိမ်းကျော်”




ဒီကလေးမလေးရဲ့ အမည်က ချောငြိမ်းကျော်။
သူ့အဖေက ပြည်ချစ်ရဲဘော်ဟောင်း၊ အမေက ရန်-ငါ စည်းပြတ်တဲ့သူ။
ဒီကလေးမလေးဟာ သူ့မိဘ မိသားစုနှင့်အတူ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုကနေ အမေရိကကို ၂ဝဝ၄ ခုနှစ်မှာ ရောက်လာခဲ့သူ။ အဲဒီတုန်းက ဒီကလေးမလေးက တတိယတန်းကျောင်းသူ။ အခု အမေရိကမှာ နဝမတန်းကျောင်းသူအဖြစ် ကျောင်းတက်ရန်စောင့်နေသူ။ သူတက်နေတဲ့ ကျောင်းမှာလည်း ကျောင်းဘောလုံးအသင်းရဲ့ ရှေ့တန်း တိုက်စစ်မှူး။
သူနေနေတဲ့ နေရာကOHIO အိုဟိုင်းယိုးပြည်နယ်၊AKRON အာခရွန့်မြို့ ၊အစိုးရ အိမ်ရာဝင်း။

လွန်ခဲ့တဲ့ ၂နှစ်ကျော်က အမေရိကမှာ ရဲဘော်အေသင်တို့ရဲ့ မြန်မာပြည်လွတ်မြောက်ရေး မိုင် ၃ဝဝဝ ငြိမ်းချမ်းစွာဆန္ဒပြ လမ်းလျှောက် ခရီးစဉ်မှာ ချောငြိမ်းကျော်ဟာ ခွပ်ဒေါင်းမလေးအဖြစ် လိုက်ပါ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ အလားတူ ရဲဘော်မောင်မောင်တိတ်တို့ ရဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်လွတ်မြောက်ရေး မိုင် ၉ဝဝ ငြိမ်းချမ်းစွာဆန္ဒပြ လမ်းလျှောက် ခရီးစဉ်တွင် တက်ကြွစွာ ပါဝင်ခဲ့တယ်။
ယခု ၂၀၁၀ခုနှစ်မှာ သူနေတဲ့ကျောင်းမှာ အမေရိကန် သမ္မတရဲ့ ပညာရည်ချွန် ထောက်ပံ့ရေးဆုကို ဆွတ်ခူးနိုင်လို့ ယခုနှစ် မေလထဲမှာပဲ ဝါရှင်တန်ဒီစီ၊သမတ အိမ်ဖြူတော်မှာ အမေရိကန် သမတ အိုဘားမား ကိုယ်တိုင် လက်ဆွဲနှုတ်ဆက်ပြီး ဂုဏ်ပြုလက်မှတ် ပေးအပ်ခံခဲ့ရတယ်။မြန်မာခွပ်ဒေါင်းမလေး ချောငြိမ်းကျော် စိတ်ဝင်စားတဲ့ ဘာသာရပ်က သမိုင်းရုပ်ကြွင်းတူးဖော်လေ့လာရေုးဖြစ်ပြီး ၊ မွေးချင်း (၄)ယောက်တွင် သူမက ဒုတိယမြောက် အဖြစ် မြန်မာခွပ်ဒေါင်း မျိုးဆက်လေး၊
အနာဂတ်ရဲ့ မြန်မာအမျိုးသမီးတို့ရဲ့ ကြယ်တပွင့် ဖြစ်လာမည့်သူ ချောငြိမ်းကျော် တယောက် ယခုလို ထူးချွန်လာတာကို ၊မြန်မာပြည်ထဲမှာ ဒီမိုကရေစီ ရရှိရေး အတွက် ကိုယ်ကျိုးမဖက် ဆောင်ရွက်နေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သာ ကြားသိရရင် ဘယ်လောက် ၀မ်းမြောက် လိုက်မလဲ။ ဒေါ်အောင်ဆန်းစုကြည် သာသိရင် ဇွန် ၁၉ရက် မြန်မာနိုင်ငံ အမျိုးသမီးများနေ့မှာ ထူးချွန်တဲ့ အမျိုးသမီးလေး တွေကို ဂုဏ်ပြုဆုတွေ ချီးမြှင့်မှာ အသေအချာ ပါပဲ။မြန်မာ့ခွပ်ဒေါင်းသွေး မျိုးဆက်သစ် ဖြစ်တဲ့ မချောငြိမ်းကျော် တယောက်လည်း ဒေါ်အောင်ဆန်း စုကြည်နဲ့တကွ ခေတ်အဆက်မှာ ကိုယ်ကျိုးစွန့် အနစ်နာခံ ထူးချွန် သွားကြတဲ့ အမှန်တရားကို မြတ်နိုးတဲ့ မြန်မာ အမျိုးသမီး တွေလို သမီးကောင်း ရတနာတပါး ဖြစ်ပါစေ၊
ဒေါ်အောင်ဆန်း စုကြည်နှင့် မြန်မာပြည်ကို ချစ်ရင် ၊ရောက်တဲ့နေရာမှာ ထူးချွန်ထက်မြက် လိမ္မာယဉ်ကျေးတဲ့ မြန်မာ အမျိုးသမီးကောင်း တယောက်အဖြစ် ဆက်လက် ကြိုးစား စေချင်တယ်။မိတ်ဆွေကောင်းတွေနဲ့တွေ့ကြုံပြီး၊ မိတ်ဆွေကောင်းတို့ရဲ့ တန်ဖိုးကို အလေးထားနိုင်တဲ့ အမျိုးသမီးလေးတယောက်ဖြစ်ပါစေလို့ မြန်မာ အမျိုးသမီးများနေ့အမှတ်တရအဖြစ် ရေးသားလိုက်ပါတယ်။

(အကျဉ်းကျခံနေရသော ကမ္ဘာ့ ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့ နှင့် မြန်မာနိုင်ငံအမျိုးသမီးများနေ့ အမှတ်တရ ။)

(ရဲဘော်ဒေါင်းနီ)

၁၈-၆-၂၀၁၀
ဟစ်တိုင်မှကူးယူတင်ပြပါသည်။

“ Women’s Freedom Vigil (June 17 , 2010 ) Video ”

http://www.youtube.com/watch?v=WpQDo__C108

21 June 2010 ဒိုင်ယာရီ

Ms word file here
21 June 2010 Yeyintnge Diary

မြန်မာရုပ်သံနှင့် သတင်းစာများတွင် ရေဘေး အလှူ သတင်းဖေါ်ပြရန် အတွက် ဆန်ဆိုင်များမှ ဆန်အိတ်များ ဌားရမ်း

မြန်မာ့ရုပ်သံများနှင့် စစ်အစိုးရပိုင် သတင်းစာများမှ တဆင့် နိုင်ငံတော် အစိုးရမှ ဘူးသီးတောင်နှင့် မောင်တောတွင် ရေဘေး အကူအညီ ပေးနေကြောင်း ဖေါ်ပြရန်အတွက် ခရိုင်တာဝန်ရှိသူများက ဆန်ဆိုင်များမှ ဆန်အိတ်များကို ဌားရမ်းခဲ့သည်ဟု ဆန်ဆိုင်ပိုင်ရှင် တဦးက ပြောသည်။

သူက “ မနေ့က ၀န်ကြီး ၃ ဦးပါတဲ့ ဆွေသုံးဆွေ အဖွဲ့ မောင်တောကို ရောက်လာပါတယ်။ သူတို့ ရောက်လာတဲ့ အခါ မောင်တော ခရိုင်က နေပြီး ရေဘေး ဒုက္ခသည်တွေ အတွက် အကူအညီတွေ ဘယ်လို စီစဉ် ပြင်ဆင်ထားတယ်ဆိုတာကို ၀န်ကြီးတွေကို ပြသဖို့လိုတဲ့အတွက် ခုလို မောင်တော ဆန်ဆိုင်တွေဆီက ဆန်အိတ်တွေကို ဌားရမ်းခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

မနေ့က မောင်တောသို့ ရောက်ရှိလာသော ဆွေသုံးဆွေ အဖွဲ့မှာ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီး ဦးမောင်မောင်ဆွေ၊ ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီး ဦးသိန်းဆွေနဲ့ ပြည်ထဲရေး ဒုဝန်ကြီး ဦးဖုန်းဆွေတို့ ဖြစ်ကြသည်။

“ဆန်အိတ်ကတော့ သူတို့ အိတ် သုံးဆယ်ခန့် ရသွားပါတယ်။ ဆန်ဆိုင်အများစုကတော့ ခုလို ခယကကနေပြီး ဆန်အိတ်တွေ ဌားရမ်းနေတာကို သိတဲ့အတွက် ဆိုင်ကို ပိတ်ပြီး ရှောင်ထွက် သွားကြပါတယ်။ ခုလို အာဏာပိုင်တွေကို ဌားရမ်းလိုက်တဲ့ ဆန်အိတ်တွေကို ပြန်ရဖို့ မလွယ်တဲ့ အတွက် ဖြစ်ပါတယ်။” ဟု သူက ဆက်ပြောသည်။

၎င်းပြင် မောင်တော ခယကနှင့် မယက တာဝန်ရှိသူများကလည်း မောင်တောဈေးကြီးမှ တခြား အသုံးအဆောင် ပစ္စည်းများကိုလည်း ဌားရမ်းသွားခဲ့သည်ဟု တခြား ဈေးဆိုင်ပိုင်ရှင် တဦးက ပြောသည်။

“၀န်ကြီးတွေ ပြန်သွားတဲ့ အခါ ငွေ မဟုတ်ရင် ပစ္စည်းတွေ ပြန်ပေးမယ်ဆိုတဲ့ ကတိနဲ့ မောင်တော တာဝန်ရှိသူတွေက မောင်တော ဈေးကြီး အတွင်းမှာရှိတဲ့ ဈေးဆိုင်တွေက မိုးကာစတွေ၊ ခြင်ထောင် တွေ၊ လုံချည်တွေ၊ ထဘီတွေ၊ စောင်တွေ ပီးရင် အိုးခွက်ပုဂံတွေကို ဌားရမ်းသွားပါတယ်။ ခုလို ဌားရမ်းနေတာကို သိတဲ့အတွက် ဈေးဆိုင်ပိုင်ရှင်တွေက ဆိုင်ကို ပိတ်ပြီး ရှောင်တိမ်းသွားကြပါတယ်။ အရိပ်အခြေအနေ မသိတဲ့ ဈေးဆိုင်ပိုင်ရှင်တွေက သူတို့ဌားရမ်းတဲ့ ပစ္စည်းတွေကို ပေးလိုက် ကြရပါတယ်။”

အဆိုပါ ဌားရမ်းလိုက်သော ပစ္စည်းများတွင် နိုင်ငံတော် အလှူ၊ ပြည်နယ် ပယက အလှူ စဖြင့် စာတန်းများထိုးကာ ၀န်ကြီးများက ကျေးရွာ ရယက တာဝန်ရှိသူများကို ပစ္စည်းများ လွဲပြောင်းကာ ဓါတ်ပုံများ ရိုက်ယူခဲ့ကြသည်ဟု သိရသည်။

“ဈေဆိုင်တွေက ဌားရမ်းတဲ့ ပစ္စည်းတွေကို ၀န်ကြီးတွေနဲ့ ပြည်နယ် အဆင့် တာဝန်ရှိသူတွေက ရေဘေး ဒုက္ခသည်တွေ တချို့နဲ့ ကျေးရွာရယက အဖွဲ့ဝင်တွေကို လွဲပေးတယ်။ ခုလို လွဲပေးတဲ့ အခါ ဓါတ်ပုံတွေ ရိုက်ကြတယ်။ အဲဒီ ဓါတ်ပုံတွေကို ဗွီဒီယို ဖိုင်တွေကို နိုင်ငံတော် အစိုးရက ရေဘေး ဒုက္ခသည်တွေကို ကူညီ နေပါတယ် ဆိုပီး မြန်မာ့ ရုပ်မြင်သံကြားနဲ့ သတင်းစာတွေက ဖေါ်ပြကြမှာ ဖြစ်ပါတယ်။ ၀န်ကြီးတွေ ပြန်သွားတဲ့ အခါ ရေဘေး အကူအညီတွေထဲက တချို့ကို ခယကနဲ့ မယက တာဝန်ရှိသူတွေက ကျေးရွာရယက ဥက္ကဌဆီက ပြန်ယူပြီးတော့ ယူထားတဲ့ ဈေးဆိုင်တွေကို ပြန်ပေးကြမှာ ဖြစ်ပါတယ်။ ဒါက သူတို့ လုပ်နေကျ အလုပ် ဖြစ်ပါတယ်” ဟု ဈေးဆိုင်ပိုင်ရှင်က ပြောသည်။

ရခိုင်ပြည်နယ်တွင် အထက်မှ ၀န်ကြီး အဆင့် ရှိသူများ ဆေးရုံနှင့် ကျောင်းများကို လာစစ်တိုင်း ဒေသခံ အာဏာပိုင်များမှ ယခုကဲ့သို့ ပြုလုပ်လေ့ရှိကြောင်းကို ဘူးသီးတောင်မှ ဆေးဆိုင်ပိုင်ရှင် တဦးက ယခုကဲ့သို့ ပြောသည်။

“ ၀န်ကြီးတွေ ဆေးရုံကို လာစစ်ဆေးမယ်ဆိုရင် သက်ဆိုင်ရာ ဒေသ အာဏာပိုင်တွေက အပြင်ဆေးဆိုင်တွေက ဆေးတွေကို ယူပြီး ဆေးရုံမှာ စုပုံထားပါတယ်။ ၀န်ကြီး မြင်တဲ့အခါ ဆေးရုံမှာ ဆေးတွေ အလုံအလောက်ရှိတဲ့ သဘောပေါ့။ ၀န်ကြီး စစ်ဆေးပြီး ပြန်သွားတဲ့ အခါ ဆေးတွေကို ဆေးဆိုင်တွေကို ပြန်လည် ပို့ပေးပါတယ်။ ဆေးဆိုင်တွေက ဆေးတွေကို မဌားရမ်းလို့ မရပါ။ မဌားရင် သူတို့ ဆေးဆိုင်ကို ဖွင့်ခွင့် မပေးပါဘူး။ ဒါကြောင်း ဆေးဆိုင်တိုင်းလိုလိုက အထက်က လူကြီးတွေ ရောက်တိုင်း ဆေးတွေကို ဌားရမ်းရပါတယ်”ဟု ပြောသည်။

ထိုကဲ့သို့ ၀န်ကြီးများ ကျောင်းများကို စစ်ဆေးရန် လာသည့် အခါလည်း မြို့ပေါ် ဌာနဆိုင်ရာများမှ ကွန်ပျူတာများကို ဌားရမ်းပြီး ကျောင်းခမ်းမတွင် ထည့်ထားက ကျောင်းသားများကို ကွန်ပျူတာ ရှေ့တွင် ထိုင်ခိုင်းပြီး ဓါတ်ပုံများ ရိုက်ကာ သတင်းစာများနှင့် ရုပ်သံများတွင် ဖေါ်ပြကြကြောင်း သိရသည်။

ယခုကဲ့သို့ ပြုလုပ်သည့် အစီအစဉ်မှာ ဗိုလ်ချုပ် ခင်ညွန့် ထောက်လှမ်းရေး ညွန်ချုပ် ဖြစ်ကတည်းက သူ၏ တပည့်တပန်းများ စတင်လုပ်ခဲရာမှ ယခုထိ တည်ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။
http://www.narinjara.com/detailsbur.asp?id=2569

ရွေးကောက်ပွဲနှင့် သတင်းမီဒီယာသမားတို့၏ တာဝန်

ရွေးကောက်ပွဲနှင့် သတင်းမီဒီယာသမားတို့၏ တာဝန်

ဇင်လင်း / ၂၁ ဇွန် ၂၀၁၀


၂၀၁၀ အတွင်း ရွေးကောက်ပွဲ အသေအချာ ကျင်းပမည်ဟု နအဖအာဏာပိုင်တို့က ကြေညာထားသည်။ ယခုအထိ ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ (၄၂) ခုရှိသည်။ ယင်းတို့အနက် (၃၃) ပါတီကို မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားသည်။ ၂၀၁၀ နှစ်တ၀က်ကျိုးပြီ ဖြစ်သည်။ ရွေးကောက်ပွဲကျင်းပမည့်ရက်က ယခုတိုင် ဘယ်ဆီနေမှန်းမသိ။ အခင်းအကျင်းအရ ‘စစ်အာဏာရှင်စနစ်’ မှ ‘အရပ်ဝတ် စစ်အာဏာပိုင်စနစ်’ သို့ ပြောင်းမည့် ရွေးကောက်ပွဲဖြစ်သော်လည်း ‘နအဖ’ က နိုင်ငံတကာအမြင်ကောင်းသည့် ရွေးကောက်ပွဲဖြစ်ရေးကို နည်းမျိုးစုံသုံး၍ ကြိုးပမ်းနေသည်။ သို့သော် နိုင်ငံတကာအမြင်တွင် အရေးအပါဆုံးဖြစ်သည့် သတင်းစာလွတ်လပ်ခွင့်က ယခုအထိ ပိတ်ပင်ထားဆဲရှိသည်။

စင်စစ် နိုင်ငံရေးပါတီများ ဖွဲ့ခွင့်ပြုသည်နှင့် တပြိုင်နက် လွတ်လပ်စွာ ပြောဆိုစည်းရုံးပိုင်ခွင့်နှင့် စာအုပ်စာတမ်း ထုတ်ဝေဖြန့်ချိပိုင်ခွင့်တို့မှာ နိုင်ငံရေးပါတီတိုင်း၏ မွေးရာပါအခွင့်အရေးအဖြစ် ခွင့်ပြုပြီးဖြစ်ရမည်။ ရွေးကောက်ပွဲမတိုင်မီ သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာရေးသားပိုင်ခွင့် ရရှိရေးသည် အထူးအရေးကြီးသောကိစ္စဖြစ်သည်။ ရွေးကောက်ပွဲတခု ကျင်းပရာတွင် လွတ်လပ်၍ တရားမျှတမှုရှိ မရှိ၊ ပွင့်လင်းမြင်သာမှုရှိ မရှိ ဆိုသည့်အချက်ကို နိုင်ငံတကာလက်ခံနိုင်စေရန် သတင်းစာလွတ်လပ်ခွင့်သည် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ နိုင်ငံရေးပါတီများအားလည်း အကန့်အသတ်မရှိ၊ ခွဲခြားမှုမရှိ၊ သတင်းမီဒီယာကို လွတ်လပ်စွာ တန်းတူအသုံးပြုခွင့် ပေးရမည်လည်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း’ အပိုဒ် (၁၉) အရ လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့်ရှိသည်။ အဆိုပါအခွင့်အရေးများ၌ အနှောင့်အယှက်မရှိဘဲ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့် ပါဝင်သည့်အပြင် နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချိခွင့်တို့လည်း ပါဝင်သည်။ အများပြည်သူသို့ သတင်းအချက်အလက် ဖြန့်ဝေခွင့်နှင့် ကိုယ်တိုင်လည်း သတင်းအချက်အလက် လက်ခံရယူပိုင်ခွင့်တို့သည် လူတိုင်း၏ ရပိုင်ခွင့်ဖြစ်သည်။ အဆိုပါ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့် မရရှိပါက ကျန်လူ့အခွင့်အရေးဆိုသည်တို့ကို ခံစားခွင့်ရရှိရန်မှာ ဖြစ်နိုင်စရာမရှိပေ။

ဆိုလိုသည်မှာ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့်များ ဆုံးရှုံးသဖြင့် နိုင်ငံရေးပါတီများ အနေဖြင့် မိမိတို့နိုင်ငံရေးအယူအဆနှင့် မူဝါဒလမ်းစဉ်များကို ပြည်သူလူထု သိရှိနားလည်အောင် ရှင်းလင်းပြောပြနိုင်ခွင့်လည်း ဆုံးရှုံးရသည်။ ပါတီများအား လွတ်လပ်ပွင့်လင်းသော ၀န်းကျင်တွင် နိုင်ငံရေးစည်းရုံးမှုများ ဆောင်ရွက်ခွင့်မပေးသည့် သဘောပင်ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲများ၌ ၀င်ရောက်ယှဉ်ပြိုင်ရန် တရားဝင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများသည် ယခုအချိန်အထိ လွတ်လပ်စွာ ပြောဆိုစည်းရုံးပိုင်ခွင့်နှင့် စာအုပ်စာတမ်း ထုတ်ဝေဖြန့်ချိပိုင်ခွင့် မရရှိသေး။ ပါတီမူဝါဒ၊ သဘောထားရပ်တည်ချက်၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ အကြောင်းအရာ အချက်အလက်များ ပါရှိသော စာရွက်စာတမ်း၊ စာအုပ်နှင့် လက်ကမ်းစာစောင်များကို ထုတ်ဝေလိုပါက “၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ” နှင့်အညီ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် စာပေစိစစ်ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ထံသို့ ‘နိုင်ငံရေးပါတီ ထုတ်ဝေခွင့်မှတ်ပုံတင်’ လျှောက်ထားကြရမည်ဖြစ်သည်။

ထို့နောက် ထုတ်ဝေခွင့်မှတ်ပုံတင် ရရှိပြီးသော နိုင်ငံရေးပါတီများသည် ၎င်းတို့ထုတ်ဝေလိုသော ပါတီ၏ မူဝါဒ၊ ဘောထားရပ်တည်ချက်၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ စာရွက်စာတမ်း၊ စာအုပ်နှင့် လက်ကမ်းစာစောင်များအတွက် စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနသို့ ကြိုတင်တင်ပြ စိစစ်မှုခံယူခြင်းမှ ကင်းလွတ်ခွင့်ရရှိမည်ဟုဆိုသည်။ သို့ရာတွင် နိုင်ငံရေးပါတီထုတ်ဝေစာများ ပုံနှိပ်ထုတ်ဝေရာတွင် လိုက်နာရမည့် စည်းကမ်းချက် (၁၁) ချက်ကို လိုက်နာရမည်ဖြစ်သည်။

ယင်းစည်းကမ်းချက်များတွင် မှတ်ပုံတင်သက်သေခံလက်မှတ် ထုတ်ပေးရန်အတွက် နိုင်ငံတော်သို့ သတ်မှတ်ထားသော မှတ်ပုံတင်ကြေး တသိန်းနှင့် အာမခံကြေး ငါးသိန်း စုစုပေါင်း (၆) သိန်း ကြိုတင်ပေးသွင်းရမည်။ ပုံနှိပ်ပြီး စာရွက်စာတမ်းများအား ထုတ်ဝေဖြန့်ချိသည်နှင့် တပြိုင်နက် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ ပုံနှိပ်မူ (၁၀) စောင် တင်ပြရမည်။ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ ပေးပို့တင်ပြပြီးသော စာမူများကိုသာ ၀က်ဘ်ဆိုက်တင်ခွင့်ရှိသည်။ ထို့ပြင် တပ်မတော်အား ထိပါးပုတ်ခတ်သွေးခွဲခြင်း၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအဆင့်ဆင့်၊ နိုင်ငံတော်အစိုးရတို့အား ဆန့်ကျင်ခြင်း စသည်တို့ကို မပြုရဟု ဆိုထားသည်။ စည်းကမ်းဖောက်သည်ဟု ယူဆလျှင် အာမခံကြေး ငါးသိန်းကို ဒဏ်ကြေးအဖြစ် သိမ်းယူမည့် သဘောဖြစ်သည်။

ထို့ပြင် ၂၀၀၈ ဖွဲစည်းပုံ အပိုဒ် ၃၅၄ (က) တွင် “ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့် အခွင့်အရေးများကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသည်” ဆိုသည့် စာတကြောင်းမျှသာပါရှိသည်။ လိုသလို ဆွဲဆန့်နိုင်သည့် အာဏာရှင်စနစ်ကာကွယ်ရေး ဥပဒေဖြစ်ကြောင်း ထင်ရှားသည်။ နောက်ထပ် အဟန့်အတားတခု ရှိသေးသည်။ မှတ်ပုံတင်ခွင့်ရရှိပြီးသော ပါတီများအနေဖြင့် ခွင့်ပြုချက်ကျပြီး ရက်ပေါင်း (၉၀) အတွင်း ကော်မရှင်သို့ ပါတီဝင်အင်အားစာရင်း တင်ပြရန် မေလ (၂၉) ရက်နေ့က အမိန့်ထုတ်လိုက်ပြန်သည်။

ပြည်ထောင်စုတဝန်းလုံးတွင် စည်းရုံးမည့် ပါတီဖြစ်လျှင် ပါတီဝင်ဦးရေ အနည်းဆုံး (၁,ဝဝဝ) သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တခုခု၌ စည်းရုံးမည့် ပါတီဖြစ်လျှင် အနည်းဆုံး ပါတီဝင်ဦးရေ (၅ဝဝ) စည်းရုံးမည်ဟု ဝန်ခံချက်များနှင့်အတူ နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ကြရသည်။ သို့ဖြင့် ပါတီဖျက်သိမ်းမခံရစေရန် ရက် (၉ဝ) အတွင်း အဖွဲ့ဝင်အင်အား ပြည့်မီရေးအတွက် ဆွေမျိုးများ၊ မိတ်ဆွေများထံ ကွင်းဆင်းစည်းရုံးနေကြရသည်။

ဤအခင်းအကျင်းအရဆိုလျှင် ပါတီငယ်အများစုအဖို့ ပါတီဖျက်သိမ်းခြင်း မခံရအောင် အားထုတ်နေရသဖြင့် လွတ်လပ်စွာ မဲဆွယ်စည်းရုံးဝါဒဖြန့်ချိခွင့်တွင် တပန်းရှုံးနေရကြောင်း မြင်သာသည်။ ထိုမျှမက ငွေကြေးအင်အား ကွာဟမှုကလည်း (USDP) ကို မယှဉ်နိုင်ဖြစ်နေပြန်သည်။ ထို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်အာဏာရှင်တို့ကိုယ်တိုင် ဖွဲ့စည်းထားသည့် “ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)” က အဘက်ဘက်မှ အသာစီးယူထားကြောင်း ပိုမိုထင်ရှားစေသည်။ ပါတီမှတ်ပုံမတင်မီ တနှစ်လောက်ကတည်းက USDP က မဲဆွယ်စည်းရုံးဝါဒဖြန့်ချိနေခဲ့သည့် အထောက်အထားများ ရှိပေသည်။ သာမန်လူထုအကြား၌ USDP နှင့် တစညပါတီကို ကြားဖူးနေကြသော်လည်း အသစ်ဖွဲသည့် ပါတီများနှင့် ပါတီခေါင်းဆောင်များကို သိသူ အလွန့်အလွန်နည်းပေသည်။

ယင်းအခြေအနေကိုကြည့်လျှင် နအဖက ပါတီများကို မဲဆွယ်စည်းရုံးခွင့်မပြုသေးဘဲ အချိန်ဆွဲကန့်သတ်ထားပုံမှာ ရည်ရွယ်ချက်ရှိရှိလုပ်ထားကြောင်း မြင်သာပေသည်။ အဓိကရည်ရွယ်ချက်မှာ အတိုက်အခံဖြစ်လာဖွယ်ရာရှိသည့် ပါတီများကို လူထုနှင့် ကင်းကွာအောင် လူမသိအောင် လုပ်ထားခြင်းဖြစ်သည်။ သို့မှသာ လွှတ်တော်များအတွင်း စစ်တပ်ဦးဆောင်သည့် ကြံ့ဖွံ့အစိုးရထူထောင်ရေး အောင်မြင်မည်မဟုတ်ပါလား။ ဤအနေအထားကိုကြည့်လျှင် USDP နှင့် တစညပါတီမှလွဲ၍ ကျန်နိုင်ငံရေးပါတီအများစုသည် ရွေးကောက်ပွဲမတိုင်မီကတည်းက ခွဲခြားဆက်ဆံခံနေရပေပြီ။

နိုင်ငံတကာ စံချိန်စံညွှန်းများအရ ရွေးကောက်ပွဲကျင်းပပေးသည့် အာဏာပိုင်အဖွဲ့သည် နိုင်ငံရေးပါတီများ တည်ထောင်ခွင့်ကို လေးစားအသိအမှတ်ပြု၍ ပါတီအားလုံးကို ဥပဒေရှေ့မှောက်၌ တန်းတူအခွင့်အရေးများပေးကာ ယှဉ်ပြိုင်စေရမည်ဖြစ်သည်။ အာဏာပိုင်များက ပါတီအားလုံးကို မခွဲမခြား တန်းတူဆက်ဆံရမည်။ ပါတီများအား လွတ်လပ်ပွင့်လင်းသော ၀န်းကျင်တွင် နိုင်ငံရေးစည်းရုံးမှု ဆောင်ရွက်ခွင့်ပေးရမည်။ နိုင်ငံရေးပါတီများအပေါ်၌ဖြစ်စေ၊ ကိုယ်စားလှယ်များအပေါ်၌ဖြစ်စေ၊ မဲဆန္ဒရှင်ပြည်သူများအပေါ်၌ဖြစ်စေ၊ အာဏာပိုင်များက မလျော်မကန်ပြုမှု ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ လက်စားချေမှုများ ပြုလုပ်မည်ကို ကြောက်ရွံ့နေရသည့် အခြေအနေများ မရှိစေရ။ သတင်းမီဒီယာကို အကန့်အသတ်မရှိ၊ ခွဲခြားမှုမရှိ၊ လွတ်လပ်စွာ တန်းတူအသုံးပြုခွင့် ပေးရမည်ဖြစ်သည်။

သို့သော် လက်ရှိမြန်မာနိုင်ငံအခြေအနေမှာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ပြောင်းပြန်ဖြစ်နေသည်။ လူထုသိရှိလိုသည့် သတင်းအချက်အလက်တို့ကို နအဖ စစ်အာဏာပိုင်များက လက်ဝါးကြီးအုပ် ထိန်းချုပ်ထားလျက် သူတို့ပေးလိုသည့် သတင်းမျိုးကိုသာ ဖြန့်ဝေပေးသည်။ ဤသတင်းကိုသာ လူထုသိသင့်သည်၊ ဤသတင်းကား လူထုမသိအပ် စသဖြင့် အာဏာရှင်တို့က ဆုံးဖြတ်လုပ်ကိုင်နေခြင်းမျိုးဖြစ်သည်။

ဒီမိုကရေစီကျင့်သုံးမည့် အုပ်ချုပ်ရေးစနစ်တခုဆီသို့ သွားမည်ဟု ကြွေးကြော်ပါက သတင်းအချက်အလက်များ လွတ်လွတ်လပ်လပ် ရရှိပိုင်ခွင့် အားကောင်းစေရန်၊ သတင်းစီးဆင်းမှု လွတ်လပ်အဆင်ပြေချောမွေ့စွာ စီးဆင်းစေရန် အားပေးရမည်။ တနည်းအားဖြင့် လွတ်လပ်သော သတင်းမီဒီယာအဖွဲ့အစည်းများ တိုးတက်ဖြစ်ထွန်းမှုကို လမ်းဖွင့်ပေးရမည်ဖြစ်သည်။ သို့သော် ယနေ့ရွေးကောက်ပွဲလုပ်ရန် (၃) လ ၀န်းကျင်မျှသာ အချိန်ရှိတော့သော်လည်း မြန်မာစစ်အာဏာပိုင်တို့က သတင်းလွတ်လပ်ခွင့် မပေးသေးဘဲ ရှိနေသည်။

အထူးသဖြင့် ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့်များ ပိတ်ပင်ထားဆဲရှိသည်။ သတင်းဂျာနယ်များသည်လည်း စာပေစိစစ်ရေး၏ ထိန်းချုပ်မှုအောက်မှ မလွတ်မြောက်သေး။ နိုင်ငံရေးပါတီများသတင်းကို အာဏာပိုင်နှင့် နီးစပ်သည့် ဂျာနယ်များကိုသာ ထည့်ခွင့်ပေး၍ မနီးစပ်သူများမှာမူ ဆင်ဆာလုပ်ခြင်းခံနေရသည်။ ပိုဆိုးသည်မှာ ရေဒီယို၊ တီဗွီ အပါအ၀င် နိုင်ငံပိုင်မီဒီယာအားလုံးကို စစ်အုပ်စုကသာ ထိန်းချုပ်၍ ၀ါဒဖြန့်ယန္တရားအဖြစ် အသုံးပြုနေပြီး အခြားနိုင်ငံရေးပါတီများကို အသုံးပြုခွင့်မပေးခြင်းဖြစ်သည်။

ရွေးကောက်ပွဲတခုတွင် သတင်းမီဒီယာ လွတ်လပ်ခွင့်မရှိလျှင် အဓိကနစ်နာသူမှာ ပြည်သူလူထုဖြစ်သည်။ ယနေ့မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် ရွေးကောက်ပွဲအခင်းအကျင်းကိုကြည့်လျှင် လူထုအဖို့ သတင်းအမှန်ရရှိရန် အလွန်ခက်ခဲကြောင်း တွေ့နေရသည်။ သတင်းနှင့် စာနယ်ဇင်းလောကသားတို့တွင်လည်း လူထုသိသင့်သည့် ရွေးကောက်ပွဲ ပညာပေးဗဟုသုတနှင့် နိုင်ငံရေးပါတီများအကြောင်းကို ရေးခွင့်မရချေ။ ယခုရွေးကောက်ပွဲသည် ၂၀၀၈ အခြေခံဥပဒေကို အခြေပြုကျင်းပခြင်းဖြစ်ရာ ထိုဖွဲ့စည်းပုံဥပဒေ၏ အားနည်းချက် အားသာချက်များကို ဝေဖန်သုံးသပ်တင်ပြရမည်မှာ သတင်းစာသမားတို့အလုပ်ဖြစ်သည်။ ထို့အတူ ရွေးကောက်ပွဲကော်မရှင်၏ အခန်းကဏ္ဍနှင့် လုပ်ပိုင်ခွင့်များကိုလည်း သတင်းသမားတို့က ပြည်သူသိရှိအောင် ရေးကြရမည်။ လိုအပ်ချက်တွေ့လျှင် ထောက်ပြရမည့် တာဝန်ရှိသည်။

အလားတူ နိုင်ငံရေးပါတီများ၏ မူဝါဒများ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၏ သဘောထားအမြင်များ၊ နောက်ခံသမိုင်းများ စသည်တို့ကို ပြည်သူလူထုသိအောင် စုံစမ်းလေ့လာတင်ပြရန်မှာလည်း သတင်းမီဒီယာ၏ အလုပ်ပင်ဖြစ်သည်။ ထိုမျှမက ပြည်သူတဦးချင်း၏ ရွေးကောက်ပွဲအပေါ် အမြင်များကိုလည်း သတင်းမီဒီယာက မေးမြန်းတင်ပြနေသင့်သည်။ သို့သော်လည်း၊ လက်ရှိအာဏာပိုင်က စည်းမျဉ်းဥပဒေ ကန့်သတ်ချက်အမျိုးမျိုးဖြင့် တားမြစ်ပိတ်ပင်နေသဖြင့်၊ ပြည်သူကလည်း မပြောရဲ၊ သတင်းမီဒီယာကလည်း မဖော်ပြရဲ ဖြစ်နေသည်။ ထိုသို့ လူထုသိသင့်သည့် သတင်းများကို မီဒီယာအား ရေးခွင့်မပြုခြင်းကြောင့် ယခုရွေးကောက်ကို လွတ်လပ်၍ တရားမျှတမှုရှိသည်ဟု နိုင်ငံတကာက မှတ်ချက်ပေးလိမ့်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ရွေးကောက်ပွဲတခု လွတ်လပ်၍ တရားမျှတမှုရှိ မရှိကို စောင့်ကြည့်ရမည့် တာဝန်ရှိအဖွဲ့အစည်းများအနက် သတင်းမီဒီယာလည်း အဓိကအခန်းမှ ပါဝင်နေ၍ဖြစ်သည်။

နိုင်ငံများသည် ရွေးကောက်ပွဲစံချိန်များကို မည်၍မည်မျှ လိုက်နာကြသနည်းဆိုသည်ကို သိရှိနိုင်ရန် သတင်းစာသမားများ အပါအ၀င် လေ့လာစောင့်ကြည့်သူများ ထားရန်လိုအပ်သည်။ ၁၉၉၀ ခုနှစ်က ‘ကိုပင်ဟေဂင်’ ၌ ကျင်းပသော (The Organization for Security and Co-operation in Europe) OSCE ညီလာခံတွင် ‘ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ’ ၏ အခန်းကဏ္ဍကို ထည့်သွင်းဖော်ပြခဲ့သည်။ နိုင်ငံတကာ (သို့မဟုတ်) ပြည်တွင်းမှ ‘ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ’ ရှိနေခြင်းအားဖြင့် ရွေးကောက်ပွဲ၏ လွတ်လပ်မှု၊ တရားမျှတမှုဆိုင်ရာ ယုံကြည်ကိုးစားနိုင်မှု အခြေအနေနှုန်းစံများကို ပိုမိုမြင့်မားစေမည်ဖြစ်သည်။ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မှုလုပ်ငန်းစဉ်သည် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ခြင်းနှင့်လည်း တိုက်ရိုက်ဆက်စပ်နေသည်။ သတင်းမီဒီယာ အပါအ၀င် ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့များ ရှိခြင်းအားဖြင့် ဥပဒေချိုးဖောက်မှုများကို ထိန်းကျောင်းပေးနိုင်၍ ရွေးကောက်ပွဲရလဒ်အပေါ် လူထု၏ ယုံကြည်အလေးထားမှုကို ရရှိစေသည်။ ရွေးကောက်ပွဲတွင် လူထု၏ ပူးပေါင်းပါဝင်မှုကိုလည်း ပိုမိုအားပေးရာရောက်သည်။

စင်စစ် ရွေးကောက်ပွဲ ကျင်းပသူတို့အနေဖြင့် နိုင်ငံတကာ လေးစားအသိအမှတ်ပြုမှု ရယူလိုလျှင် ရွေးကောက်ပွဲ မကျင်းပမီ၊ ကျင်းပနေဆဲ၊ ကျင်းပပြီးနောက် အခြေအနေ (၃) ရပ်လုံးတွင် သတင်းစာလွတ်လပ်ခွင့် ပေးရပေမည်။ NLD ရွေးကောက်ပွဲ ဘာကြောင့်မ၀င်သနည်း ဆိုသည့် သတင်းကိုလည်း နိုင်ငံပိုင်မီဒီယာကတဆင့် လူထုအား အသိပေးရဲရမည်။ UNDP ပါတီ ဖွဲ့စည်းထူထောင်မှုသည် ဥပဒေနှင့် ဆန့်ကျင်မှုမရှိဟုဆိုလျှင် သတင်းမီဒီယာမှတဆင့် ပွင့်ပွင့်လင်းလင်း ရှင်းပြနိုင်ရမည်။ သတင်းစာဆရာတို့အား တွေ့ဆုံမေးမြန်းခွင့် ပေးရဲရမည်။ ရွေးကောက်ပွဲ အစပျိုးစဉ်ကတည်းက ယခုထိ သတင်းမီဒီယာလွတ်လပ်မှု မရှိခဲ့သဖြင့် ရွေးကောက်ပွဲအပေါ် တိုင်းရင်းသားအားလုံးအပါအ၀င် ပြည်တွင်းလူထုနှင့် နိုင်ငံတကာကပါ အယုံအကြည်မရှိ ဖြစ်နေခြင်းဖြစ်သည်။ သတင်းအမှန်ကို ပိတ်ပင်ထားခြင်းသည် ကောလာဟလ အတင်းအဖျင်းများ လူထုအကြား ပျံ့နှံ့စေခြင်း၏ အရင်းခံအကြောင်းဖြစ်သည်။

ယနေ့ခေတ်သည် သတင်းခေတ်ဖြစ်သည်။ ပြည်သူလူထုတွင် သတင်းအချက်အလက် မှန်မှန်ကန်ကန် သိခွင့်ရရှိခြင်းအားဖြင့် ပြည်သူတို့ ရသင့်သော အခြားအခွင့်အရေးနှင့် အခွင့်အလမ်းများကို အကာအကွယ်ပေးရာ၌လည်း အထောက်အကူဖြစ်စေသည်။ သို့သော် နအဖစစ်အာဏာပိုင်များ၏ ရည်ရွယ်ချက်မှာ စစ်အာဏာတည်မြဲရေးကို ကာကွယ်ရန်ဖြစ်သည်။ ပြည်သူ့အခွင့်အရေးကို အကာအကွယ်ပေးရန် မဟုတ်ပေ။ သို့ဖြစ်၍ နိုင်ငံတကာစံချိန်စံညွှန်းအရ သတင်းမီဒီယာကို အကန့်အသတ်မရှိ၊ ခွဲခြားမှုမရှိ၊ လွတ်လပ်စွာ တန်းတူအသုံးပြုခွင့်ပေးရေးကို ‘နအဖ’ က ဆန့်ကျင်သည်မှာ အံ့သြစရာမဟုတ်ချေ။ သို့ဆိုလျှင် Political Space ရှာဖွေရေးလုပ်ကြမည့် နိုင်ငံရေးပါတီများအနေဖြင့် သတင်းမီဒီယာမျက်နှာစာပေါ်၌ပင်လျှင် Space တခုရရှိရန် မလွယ်ဟု ဆိုရတော့မည်။

ဝန်ကြီးချုပ် ဦးသိန်းစိန်၏ USDP ပါတီကတော့ ခြွင်းချက်ဖြစ်လိမ့်မည်။ လက်ရှိနိုင်ငံပိုင်ရေဒီယို၊ FM ရေဒီယို၊ တီဗွီနှင့် သတင်းစာဂျာနယ်များကို စစ်အာဏာတည်မြဲရေး ၀ါဒဖြန့်ယန္တရားအဖြစ် အသုံးချလျက် ဒီမိုကရေစီခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့ကို အပုပ်ချတိုက်ခိုက်နေပေသည်။ အမှန်မှာ ထိုမီဒီယာများကို ‘နအဖ’ တဦးတည်းပိုင် လုပ်ထား၍မရ။ ကျန်နိုင်ငံရေးပါတီများအားလည်း မျှတစွာ အသုံးပြုခွင့်ပေးရမည်ဖြစ်သည်။ ထိုမျှမက လူမှုရေးအသင်းအဖွဲ့များ၊ NGO များကိုပင် အခါအားလျော်စွာ အသုံးပြုခွင့်ပေးရမည်ဖြစ်သည်။

လက်ရှိအခြေအနေမှာ နိုင်ငံရေးပါတီများကို မဆိုထားနှင့်၊ သတင်းစာဆရာနှင့် သတင်းထောက်များကိုယ်တိုင်ပင်လျှင် သတင်းစာမျက်နှာများပေါ်တွင် လုံလောက်သည့် Space မရသေးဘဲရှိနေသည်။ ခြုံငုံသုံးသပ်လိုက်လျှင် နိုင်ငံသားများ၏ အခြေခံပိုင်ခွင့်ဖြစ်သည့် လွတ်လပ်စွာပြောဆိုရေးသား သတင်းဖလှယ် သတင်းဖြန့်ချိခွင့်ကို ယခုထိ စစ်အာဏာပိုင်တို့က ခွင့်မပြု။ သတင်းစာသမားများအားလည်း ဆင်ဆာကင်းလွတ်ခွင့်မပေးသေး။ နေ့စဉ်သတင်းစာ ထုတ်ခွင့်မပြုသေး။ နိုင်ငံအုပ်ချုပ်သူများအား သတင်းစာခေါင်းကြီးမှ ဝေဖန်ခွင့်မပြုသေး။ နိုင်ငံရေးပါတီ နိုင်ငံရေးသမားများအားလည်း ဟောပြောစည်းရုံးခွင့်၊ ပါတီမူဝါဒများကို ရှင်းပြရန် သတင်းမီဒီယာအသုံးပြုခွင့် မပေးသေး။

ထိုထိုသော သတင်းလွတ်လပ်ခွင့် အပါအ၀င် နိုင်ငံသားအခွင့်အရေး လူ့အခွင့်အရေးများကို တင်းကျပ်စွာ ပိတ်ပင်ထားသော အခြေအနေအောက်၌ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဒီမိုကရေစီအငွေ့အသက်ဟူ၍ ဘာတခုမျှ ရှာတွေ့ဖွယ်ရာမရှိပါ။ နိုင်ငံရေးပါတီများ၏ မွေးရာပါအခွင့်အရေးဖြစ်သည့် လွတ်လပ်စွာ စည်းရုံးဟောပြော စာအုပ်စာတန်းဖြန့်ချိခွင့်ကိုပင် နှောင်ကြိုးအထပ်ထပ် တုတ်နှောင်ထားသည်ကို ကြည့်ခြင်းအားဖြင့်လည်း Political Space ဖြစ်စေ၊ ဒီမိုကရေစီ တရွေးသားမျှဖြစ်စေ ရှာဖွေတွေ့ရှိရန် လမ်းမမြင်ပါ။

ထို့ကြောင့် ပြည်တွင်းပြည်ပ သတင်းမီဒီယာလောကသားတို့၏ ယနေ့တာဝန်မှာ သတင်းစာလွတ်လပ်ခွင့် မရှိသော နအဖ၏ ရွေးကောက်ပွဲအား လွတ်လပ်တရားမျှတမှုမရှိသော ရွေးကောက်ပွဲအဖြစ် ၀ိုင်းဝန်းစောင့်ကြည့် ဖွင့်ချကြရေးဖြစ်သည်။ ထို့ပြင် ပြည်သူလူထုအား မတရားသော ရွေးကောက်ပွဲတွင် မဲဆန္ဒမပေးလိုက မပေးဘဲနေပိုင်ခွင့်ရှိကြောင်း အသိပေးရန်တာဝန်မှာလည်း သတင်းသမားတို့ တာဝန်ပင်ဖြစ်သည်ဟု သုံးသပ်မိပါသည်။
http://www.khitpyaing.org/index.php?route=detail&id=2518

မည်သည့်အတွက်ကြောင့် ကျုပ်တို့ညံ့ဖျင်းသွားရသနည်းဟု ကြည့်လိုက်တော့


ခက်ပြီ။ ခုမှ မိမိဘာကောင်လဲဆိုတာ ကြည့်မိသည်။ သူများက လာမဆဲနှင့်တော့။ တကယ့်အလကားအကောင်လို့သာ ပြောချင်သည်။ အဟုတ်ကြီးထင်မိနေသည်ကိုက နှစ်ပေါင်း နှစ်ဆယ်ကာလ တိုင်ခဲ့ပြီ။ ရှက်စရာလဲကောင်းပါသည်။ လဲသာသေလိုက်ချင်သည်။ တနေ့ကဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ လု့အခွင့်အရေးကိုယ်စားလှယ်အဖြစ် အထူးခန့်အပ်ထားသော ကုလသံမစ္စတာကွင်းတားနားက တောင်းဆိုသွားသည်။ ယင်းမှာ ရာဇ၀တ်မူဆိုင်ရာများနှင့် လူ့အခွင့်အရေးဆိုင်ရာချိုးဖေါက်မူများကို စုံစမ်းစစ်ဆေးရေးအဖွဲ့တခုဖွဲ့ရန် ကုလသမဂ္ဂ၌ တောင်းဆိုသွားသည်။ ပြိးတော့ အမေရိကန်အစိုးရမှလည်း မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တဦးကို ခန့်အပ်ရန် ဆီးနိတ်လွှတ်တော်အမတ်မင်းများက တောင်းဆိုသွားသည်။ ထို့ကြောင့် အထူးရှက်သွားရပါသည်။
သည်လိုဆိုလျှင် ကျွန်တော်တို့၏ မြန်မာနိုင်ငံသားများ ကိုယ်တိုင်ဖွင့်လှစ်ထားသော လူ့အခွင့်အရေးအဖွဲ့များသည် ဤအချက်ကို မသိကြခြင်းလား။ မေ့နေကြခြင်းလား ။မပြောတတ်။ ဘာဘဲပြောပြော နှစ်ပေါင်း နှစ်ဆယ်ကတော့ စွန်းခဲပြီ။ သို့အတူ အခြားသောအဖွဲ့အစည်းများကကော ဤအချက်ကို မည်သည့်အတွက်ကြောင့် မလုပ်ဖြစ်ကြပါသနည်းဟု စဉ်းစားမိသည်။ ကုလသမဂ္ဂအဆောက်အဦးသည် မြန်မာနိုင်ငံအရေးနှင့်ပါတ်သက်၍ ဆောင်ရွက်နေသော အဖွဲ့အစည်းများအတွက် ထဲထဲဝင်ဝင် ရှိနေသောနေရာဖြစ်ပါသည်။ တခါတခါ ကုလသမဂ္ဂမှ ကြေညာချက်များကို ဘာသာပြန်ကာ ရေဒီယိုများမှ အင်တာဗျူးပြုလုပ်နေသော ပုဂ္ဂိုလ်များ၏ လေသံကိုလည်း မကြားချင်အဆုံးကြားနေရပါသည်။ စင်စစ်အားဖြင့် ကုလသမဂ္ဂမှ ကြေညာချက်များ၊ အမေရိကန်အစိုးရ အိမ်ဖြူတော်မှ ကြေညာချက်များသည် ဘာသာပြန်ရန်အကြောင်းအရာတခုသာဖြစ်သည်။ သို့သော် အနှီပုဂ္ဂိုလ်တို့က သူတို့လှုပ်ရှားဆောင်ရွက်နေသလိုလို အကြောင်ရိုက်မူတွေက ပါနေသည်။ အံ့သြလောက်ပါပေသည်။
ကျွန်တော်တို့လည်း နှစ်ပေါင်းများစွာ လူ့အခွင့်အရေးရှိရေးအတွက် လူ့အခွင့်အရေးချိုးဖေါက်များကို စာအုပ်တွေထုတ် ။စာစောင်တွေမှာ ရေးသားကာ ရေးကြအော်ကြ ပြုကြပါသေးသည်။ တနည်းအားဖြင့် စာပေသမားမို့ စာပေများကို ရေးသားကြခြင်းသာဖြစ်သည်။ တကယ်တမ်းဆိုလျင် အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များလောက် အရာမရောက်နိုင်။ အဘယ့်ကြောင့်ဆိုသော် ယင်းအဖွဲ့အစည်းများမှာ NGOsများမှ အထောက်အပံ့များရရှိကာ နှစ်ပေါင်းတစ်ဆယ်ကျော် လုပ်စားနေခဲ့ပြီးပြီ။ မည်သို့ပင်ဖြစ်စေ တပြားမျှ မစားခဲ့ရသော ကျွန်တော်တိုပမှာ ပျော်ခဲ့ကြရပါသည်။ အကြောင်းမှာ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖေါက်နေခြင်းကို ကမ္ဘာက သိအောင် လုပ်နိုင်ခဲ့ပြီဟု ထင်ထား၍ ဖြစ်သည်။ ခုတော့ ငါးပါးကြီးမှောက်သွားပြီ။ ကျွန်တော်တို့အကြောင်းကို ကမ္ဘာကြီးသည် မသိသေး။ အသံများပြာသွားလောက်အောင် အော်နေခြင်းကို ရှက်လာမိသည်။ မြန်မာသံရုံးရှေ့မှာ အော်နေခဲ့မူကို စဉ်းစားတော့ ကိုယ့်ဘာသာကို သနားမိလာသည်။
ကမ္ဘာကြီးသည် တကယ်တမ်း မြန်မာနိုင်ငံအကြောင်းကို မသိသေးးခြင်းလား။ မနေ့က နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် နိုင်ငံတကာမှ ခေါင်းဆောင်များ မွေးနေ့ဆုတောင်းပေးကြသည်။ အမေရိကန်သမ္မတ အိုဘားမားအပါအ၀င် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား။ တောင်အာဖရိကဘုန်းတော်ကြီး ဒက်စမင်တူးတူး။ နယ်လဆင်မင်ဒဲလား၊ ကုလအတွင်းရေးမှူးဟောင်း ကိုဖီအာနန်။ လက်ရှိကုလအတွင်းရေးမှူး ဘန်ကီမွန်း နှင့် အမေရိကန် နိုင်ငံခြားရေး ဟယ်လာရီကလင်တန် စသော ခေါင်းဆောင်များက မွေးနေ့ဆုတောင်းပေးကြပြီး အဖမ်းဆီးခံနေရသော ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုသွားကြပါသည်။
မွေးနေ့ဆုတောင်းပွဲမလုပ်မှီ တပါတ်အလိုက မြန်မာနိုင်ငံဆိုင်ရာ လူ့မခွင့်အရေးအထူးကိုယ်စားလှယ် ကွင်းတားနားက ကုလအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို တောင်းဆိုသွားရာ ယခုသက်ဆိုင်သော ခေါင်းဆောင်များ၏ တာဝန်များမှာ အထူးအရေးပါလာသည်။
ကံအားလျော်စွာ အမေရိကန်ဆိုင်ရာ နိုင်ငံတကာမြန်မာနိုင်ငံအမျိုးသားကွန်ဂရက် ( IFBNC ) အဖွဲ့ကြီးတခုက ယခုနှစ်အတွင် တမူထူးကာလှုပ်ရှားလာသည်။ ဤအဖွဲ့မှာ NGOs များမှ ဒေါ်လာတောင်းစားပြီး အိပ်ကပ်များတွင် ကိုယ်ကျိုးအတွက် ထည့်ကာ အလွှဲသုံးစား ပြုလုပ်သည့် ပုဂ္ဂိုလ်များ မပါဝင်သည်ကို တွေ့ရှိရသည်။ ယင်းကြောင့်လည်း ဤအဖွဲ့ကို နိုင်ငံတကာရှိ မြန်မာနိုငငံဒိမိုကရေစီအရေး လှုပ်ရှားသူများက အထူးစိတ်ဝင်တစားရှိကြောင်း သတင်းကြားနေရသည်။ မနေ့ကလည်း နယူးယောက်မြို့ အထက်ပိုင်း ဘာဖန်လိုမြို့ တွင် ယင်းအဖွဲ့မှ ဒါရိုက်တာအဖွဲ့ဝင် ဥက္ကဖြစ်သူ ဦးထွန်းအောင်ကျော်နှင့် နိုင်ငံတကာဆက်ဆံရေးကော်မီတီ ဒါရိုက်တာများအဖွဲ့ဝင် ဦးမင်းနိုင်တို့က ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အခန်းအနားကို ကျင်းပရာ ဘာဖန်လိုမြို့ တော်ဝန် ကိုယ်တိုင်တက်ရောက်ချီးမြှောက်ခဲ့သည်။ ဤသည်မှာအဖွဲ့ကြီးကို စတင်တည်ထောင်သည့် အချိန်ကာလအတွင်း ဦးဆောင်ကျင်းပခြင်းဖြစ်ရာ အစကောင်းသော အဖွဲ့အစည်းအဖြစ် သုံးသပ်နိုင်သည်။
သို့အတူ ယခုအချိန်တွင် အမေရိကန်အစိုးရပိုင်းများနှင့်လည်း ဆက်သွယ်မူ ရရှိနေပြီဖြစ်သည်။ အထူးသဖြင့် နိုင်ငံတကာမှ အင်အားစုများကလည်း ဒါရိုက်တာအဖွဲ့ဝင်များအဖြစ် ပါဝင်ကြထားရာ ဤအဖွဲ့မှာ အထူးအားရစရာ ကောင်းနေသော လက္ခများကို တွေ့မြင်နေရသည်။ ဤသို့ရေးနေရခြင်းမှာ လွန်ခဲ့သော အတိတ်ကာလများက အဖွဲ့အစည်းများနှင့် မတူညီခြင်းကို သိရှိစေလို၍ဖြစ်ပါသည်။ တချိန်က ကျွန်တော်တို့ခံခဲ့ကြရပါပြီ။ ထို့ကြောင့် မျက်မှောက်ာလတွင် လူလိမ်မခံကြဖို့ ကိုယ့်စည်းကို ကိုယ်တို့တားကြရပါတော့မည်။ မတားလျှင်တော့ မြန်မာနိုင်ငံဒိမိုကရေစီရရှိသွားမည်ကို ကြောက်ရွံ့နေသော လူတန်းစားမျိုးကို အားပေးအားမြှောက်ပြုနေသူများ ဖြစ်သွားပေလိမ့်မည်။ ယင်းမှာ အင်အားစုများအကြားတွင် လက်သုံးပြောဆိုနေသော စကားဖြစ်ပါသည်။ အထူးသဖြင့် ကျွန်တော်တို့မှာ စစ်အစိုးရကို ဖြုတ်ချရေးအတွက် စည်းလုံးညီညွတ်မူ အားနည်းနေလွန်းပါသည်။ စစ်အစိုးရမှ တစုံတရာဖြင့် အားပျော့လာမူကို တွေ့ရသည့်တိုင်အောင် ယင်းအချက်ကို ဖိဖိစီးစီး မလုပ်နိုင်ကြ။
ပို၍ဆိုးသည်မှာ မည်သို့မျ မလှုပ်ရှားကြဘဲ တုံဏိဘာဝေ နေကြသည်ကိုက လွန်စွာအရုပ်ဆိုးပါသည်။ ယခုအချိန်တွင် စစ်အစိုးရမှာ တဖက်သတ်ဖြစ်နေပါသည်။ နိုင်ငံတကာမှ သံတမန်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံနေပါသည်။ မေလ ၂၉ ရက်နေ့က ရွေးကောက်ပွဲကို သပိတ်မှောက်သည့်အနေဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ခဲ့.။ ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ တရားဝင်ပါတီရုံးထားပြီး လှုပ်ရှားဆောင်ရွက်၍ မရ။ ယင်းအချိန်က လူမူရေးလုပ်ငန်းဖြင့်သာ စုစည်းစွာဖြင့် အဖွဲ့ဝင်အချင်းချင်း လှုပ်ရှားကြမည်ဟု ပြောဆိုထားပါသည်။ ၆၅ ခုနှစ်မြောက် မွေးနေ့မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သော အမေရိကန်လွှတ်တော်အမတ် မစ္စတာကပ်ကမ်ဘဲလ်က ယခုအချိန်သည် မြန်မာနိုင်ငံ၏ အလွန်အရေးကြီးသော နောက်ဆုံးနိုင်ငံရေးအချိန်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်းနှင့် တနေ့လျင် ဘီဘီစီ ရေဒီယိုကို ၆ နာရီခန့်မျှ နားထောင်နေသည်မှာ အလုပ်တခုအနေဖြင့် ဆောင်ရွက်နေသလို ခံစားလုပ်ကိုင်နေကြောင်း ပြောဆိုသွားသည်။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းတင်နှင့် ဦးတင်ဦးတို့က နိုင်ငံရေးပါတီဖြစ်၍ နိုင်ငံရေးကို ဆက်လုပ်မည်ဟု ပြောဆိုကြေညာသွားသည်။ ယင်းမှာ စစ်အစိုးရကို ရာဇသံပေးသလို ပြည်သူတရပ်လုံးကိုလည်း မျက်စိကို ဖွင့်ပေးလိုက်ခြင်းဖြစ်ပါသည်။ အခြားတဖက်မှာ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများကိုကော စစ်အစိုးရအားပေးအားမြှောက်ပြုနေသော ကြံ့ဖွံ့ပါတီကိုကော တပ်လှန့်သံပေးလိုက်ခြင်းဖြစ်သည်။ ၄င်းမှာရွေကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မပါ၍ မည်သည့်နိုင်ငံရေးပါတီကို မဲပေးရမည်နည်းဟု ပြောဆိုနေသူများအား အမှတ်ရစေခြင်းဖြစ်သည်။ မှတ်ပုံမတင်၍ ရွေးကောက်ပွဲတွင် မပါဝင်သောကြောင့် အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ်ကို မဲပေး၍ မရတော့။ ထို့ကြောင့် မည်သူမျှ အခြားပါတီများကို မဲပေးရန်မလိုပေ။ ရွေးကောက်ပွဲတွင် မဲပေးနိုင်သလို မဲမပေးဘဲ နေ၍လည်း ရကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မဲမပေး၍ ရပါသည်ဟုလည်း တရက်နေ့က ပြောဆိုသွားပါသေးသည်။
ယခုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီမို့ နိုင်ငံရေးလုပ်တော့မည်ဟု ကြေညာသွားပြီ။ သည်လိုဆိုလျှင် ကျွန်တော်တို့က မည်သို့ လှုပ်ရှားဆောင်ရွက်ကြမည်နည်း။ စဉ်းစားစရာဖြစ်လာပါပြီ။ နိုင်ငံတကာရောက်ရှိနေသော အင်အားစုများမှာ ကြည့်လို့်မကုန်အောင် များပြားနေပါပြီ။ နိုင်ငံတိုင်းတွင် ရှိနေကြပါပြီ။ သို့သော် ထုံးစံအတိုင်း ညှိ၍မရ။ ပေါင်း၍မရ။ စည်းရုံးရေးအား လုံးဝ လျှော့နေပါသည်။ ယင်းမှာ စစ်အစိုးရကို အထူးအားတက်ရှိစေပါသည်။ စစ်အစိုးရနှင့် အလွမ်းသင့်နေသော မြန်မာနိုင်ငံသားတို့သည် ဗီဇာရရှိကာ သွာေးနကြရာ ကျွန်တော်တို့အတွက် လွန်စွာထိခိုက်နေသော ဒီမိုကရေစီအနှောင့်အယှက်ကြီးဖြစ်နေပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ နောက်ဆုံးအချိန်ဖြစ်နေပြီဟု ပြောသောစကားသည် ကျွန်တော်တို့အတွက် အမိန့်ဖြစ်သည်။ ယင်းအမိန့်ကို တသွေမတိမ်းလုပ်ကြရန်လိုပြီ။ ခေါင်းဆောင်ဆိုသည်မှာ လူထုကရွေးချယ်ရပါသည်။ ရွေးချယ်ထားသောခေါင်းဆောင်မှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ရာ ခေါင်းဆောင်၏စကား အမိန့်ကို နာခံရုံသာဖြစ်သည်။
နောက်ဆုံးအချိန်ဆိုထား၍ ယင်းအချိန်ကို ထိုင်စောင့်နေရမည်လား ဆိုသော ပြသနာ ရှိလာပါသည်။ ထိုင်စောင့်ရန်မလို။ ကိုယ်ကိုတိုင် လှုပ်ရှားဆောင်ရွက်ရန်သာလိုသည်။ ယခုလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကွင်းတားနားက မြန်မာနိုငံ၏လူ့အခွင့်အရေးချိုးဖေါက်မူများကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပေးရန် တောင်းဆိုတင်ပြနေသည်။ သည်လိုဆိုလျင် ကျွန်တော်တို့ ထိုင်နေပြီး သူတောင်းဆိုတင်ပြနေခြင်းကို စောင့်ကြည့်နေရမည်လား။ သို့မဟုတ် ကုလသမဂ္ဂ၏ အင်တာနတ်ဝပ်ဆိုက်ပေါ်တွင် ရေးသားတင်ပြ ကြေညာလာမည့် မြန်မာနိုင်ငံဆိုင်ရာနှင့် ပါတ်သက်သောသတင်းကို ဘာသာပြန်ပြီး ဖတ်နေကြရမည်လား ဆိုသောအချက်အား လေ့လာကြည့်ရန်လိုသည်။ အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ခန့်အပ်ရေးကိစ္စကိုလည်း ကျွန်တော်တို့က ထိုင်ပြီးကြည့်နေရမည်ဆိုလျင်လည်း မသင့်တော်လှ။
၂၀၁၀ ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်လည်းမပါ။ ပါတီပေါင်းစုံမပါလျှင် နိုင်ငံတကာက အသိအမှတ်မပြုဟု ယေဘူယျ သုံးသပ်ကြည့် က သိသာနိုင်ပါသည်။ အသိအမှတ်မပြုလျင် မည်သို့လုပ်ရမည်နည်းဟု စဉ်းစားရတော့မည်။ယခုအခါ နိုင်ငံတကာသံတမန်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ နေ့စဉ်ရက်ဆက် တွေ့ဆုံနေကြပါပြီ။ ပြည်တွင်းတွင် မပြောဆိုနိုင်သောအခြေအနေများကို ပြည်ပမှ ပုဂ္ဂိုလ်များက ပြောဆိုစရာသာ ရှိတော့သည်။ လှုပ်ရှားစရာသာ ရှိတော့သည်။ လွန်ခဲ့သောအချိန်များက ကမ္ဘာကြီးက ဘာမျှမလုပ်ခဲ့၍ အနှစ်နှစ်ဆယ်ကြာခဲ့ပြီ။ ယခုလူ့အခွင့်အရေးကိုယ်စားလှယ်က တောင်းဆိုနေရာ ကျွန်တော်တို့ ညံ့လွန်းကြောင်း သိသာနိုင်ပါသည်။ အင်မတန်ညံ့လွန်းနေသည်ကို ကျွန်တော်တို့ ၀န်ခံရဲရပေမည်။ မည်သည့်အကြောင်းကြောင့် ညံ့ဖျင်းလွန်းနေရသနည်း ဟု တွေးကြည့်တော့ နိုင်ငံရေးကိုဗန်းပြသော သူတောင်းစားစိတ်ရှိနေ၍သာ ဖြစ်ကြောင်း လေ့လာသိရှိရပြီ။ သူတောင်းစားစိတ်ကို ဖျောက်ကြရန်လိုပြီ။ ခိုးစားချင်စိတ်ကို ဖျေက်မှဖြစ်တော့မည်။ ယင်းအကျင့်မရှိလျင် ကျွန်တော်တို့မညံ့။
ထို့ကြောင့် ကျွန်တော်တို့ မညံ့ကြောင်း ၊ နောက်ဆုံးအချိန်ဖြစ်နေပြီမို့ ထိုင်နေစရာမလိုတော့ဟု ပြောချင်ပါသည်။

ခိုင်အောင်ကျော် ( နယူးယောက် )


စာရေးသူ၏အာဘော်သာဖြစ်ပါသည်။

၁၀-ကြိမ်မြောက် ABMAဂျာနယ်

ABMA Journal Volume 1 No. 10