Monday, June 28, 2010

Toronto G-20 Protest Videos




3 and Final soon..

Black Bloc ဆိုတာ..



Black bloc လို့နာမည်ခံထားတဲ့အဖွဲ့ဟာအယောက်၁၀၀အောက်မှာရှိမယ်ခန့်မှန်းရပြီးအနက်ရောင်ဝမ်းဆက်
ခေါင်းစွပ်အနက်များဝတ်ဆင်ထားပါတယ်။Queen Park ကနေစတင်ထွက်ခွာလာတော့ကြွေးကြော်သံတွေနဲ့ပါ.
သိပ်မကြာခင်မှာပဲ..လေးငါးခြောက်ဦးအပြင်ပြေးထွက်ပြီးမှန်တွေရဲကားတွေကိုအိပ်ထဲမှာပါတဲ့သံထည်တွေနဲ့
ထုရိုက်ပြီးပျောက်သွားပါတယ်..သာမန်အရပ်ဝတ်လဲပြီးပြန်ရောက်လာပြန်ပါတယ်..မလောင်သေးတဲ့ရဲကား
တွေမီးရှို့ဖို့ပါ..ပထမတော့ရဲကားအပျက်တွေကိုရဲတွေဝိုင်းထားပေမဲ့ညနေ၄နာရီခွဲလောက်မှာဆုတ်ပေးလိုက်
ပါတယ်။မရှို့ရှို့အောင်ဖန်တီးသလိုပါပဲ။ဒီနေ့တနလာင်္နေ့မှာဝန်ကြီးချုပ်စတီဗင်ဟားပါးက..အများကြီးအကုန်
အကျခံပြီးလုံခြုံရေးကိုသုံးခဲ့ရတာဘာကြောင့်လဲဆိုတာအခုသိရပြီမဟုတ်လားလို့ရဲကား၎စီး..ဆိုင်ခန်းအချို့ကို
သက်သေထားပြီးပြောသွားခဲ့ပါတယ်။ဂျီ-၂၀နဲ့ပတ်သက်လို့အစည်းအဝေးပြီးသွားပေမဲ့မေးခွန်းမြောက်များစွာနှင့်
တိုရန်တိုဟာကျန်ရစ်ခဲ့ရပါတယ်။

ဒါကစနေနေ့ကပါ...
တနင်္ဂနွေနေ့မနက်မှာ UNIVERSITY OF TORONTO ကိုဝင်စီးပြီး၇၀ခန့်ဖမ်းဆီးလိုက်ပါတယ်။စုရပ်ဖြစ်တဲ့
QUEEN PARK မှာလူထုအစည်းအဝေးလုပ်ချိန်Black Bloc....ခေါင်းဆောင်ကိုလဲဝင်ဖမ်းပါတယ်...
ဆန္ဒပြပွဲဟာညနေ၃နာ၇ီခွဲလောက်မှာစက်ဘီးတွေစုပြီးမြို့တွင်းမှာပတ်နင်းရင်းပြန်လည်ခေါင်းထောင်လာပါတယ်
။အဲဒီအထဲကအချို့ဟာQueen & Spadinaမှာကျန်ရစ်ပြီးရဲများနဲ့ရင်ဆိုင်ခဲ့ပါတယ်။ရဲတွေကကိုက်၆၀၀ပတ်ပတ်
လည်လောက်ကိုဖြန့်ဝိုင်းပြီးတရုတ်တန်းကဈေးဝယ်တွေပါမကျန်အကုန်စက်ဝိုင်းထဲဝင်သမျှကိုQueen & Spadinaလမ်းဆုံမှာညနေ၅နာရီကျော်လောက်ကစတင်ဖမ်းဆီးထားပါတယ်ကားအလာကိုအေးခဲနေတဲ့မိုးရေ
ထဲမှာစောင့်နေခဲ့ရပါတယ်ပျမ်းမျှ၂၀၀လောက်ရှိပါတယ်။၁၀၀လောက်ကလက်ထိပ်မခတ်ပဲရဲတွေကဒိုင်းတွေနဲ့
ကာထားပါတယ်။မီဒီယာသမားတွေလည်းပါပါတယ်။ဘာကြောင့်အဲလိုလုပ်လည်းဆိုတာအခုထိအဖြေမထွက်သေး
ပါဘူး။ဖမ်းတဲ့ရဲလည်းမသိပါဖူး။Wrong place and wrong time လို့ပဲဆိုကြပါတယ်။
အနီးကပ်ဓါတ်ပုံရိုက်လို့မ၇တော့ပေမဲ့မလှမ်းမကမ်းမှာရှိတဲ့CP24အပေါ်ကနေLIVEရိုက်ပြနေတဲ့အတွက်တမြို့လုံး
ကြည့်ခွင်ရနေပါတယ်။၂၀လောက်ပဲကာပေါ်တင်ပြီးကျန်သူတွေကို၉နာရီခွဲမှာလွှတ်ပေးတော့မူလတန်းကျောင်း
ဆင်းသလိုပါပဲ။CP24ကမြို့တော်ဝန်နဲ့တိုရန်တိုရဲချုပ်ဆီဖုန်းခေါ်ပေမဲ့မကိုင်ခဲ့ပါဖူး။
အစည်းအဝေးမှာငါဒါပေးမယ်နင်ဒါပြန်ပေးတွေနဲ့ပြီးဆုံးသွားပေမဲ့ကျန်ကျစရိတ်ကတော့၉၀၀မီလျံကျော်တယ်
ပြောပါတယ်။
လက်ရှိအစိုးရကွန်ဆာဗေးဆစ်ပါတီဟာအခြားနေရာမှာမဲနိုင်ပေမဲ့အကြီးဆုံး(ရန်ကုန်လိုမဲဆန္ဒနယ်များပါတယ်)
မြို့တော်တိုရန်တိုမှာ၎-၅နေရာထက်ပိုမရပါဖူး။ပြည်နယ်အစိုးရကတော့ရာသက်ပန်လစ်ဘရယ်အစိုးရလို့တောင်
ပြောရမလိုပါ။ဒီကိစ္စကပြီးမှာမဟုတ်သေးပါဘူး။အနှစ်၂၀မှတခါကျင်းပခွင့်ရသလိုအနှစ်၂၀မှာတခါအယောက်၉၀၀
လောက်အစုလိုက်အပြုံလိုက်အဖမ်းခံရတာမို့တိုရန်တိုမြို့သားတွေဂုဏ်ယူရမလို၊ထိုင်ငိုမလိုဖြစ်နေကြောင်းပါ။ ။

28 June 2010 ဒိုင်ယာရီ

28 June 2010 yeyintnge Diary.doc file download here
28 June 2010 Yeyintnge Diary

တရံရောအခါ


တရံရောအခါ

တရံရောအခါ ၊ ရွာသူငယ်ချင်း
ရောင်းရင်းသင်းတို့ ၊မိုးတွင်းရေကူး
မြစ်ချောင်းမြူးကြ ၊ရွှံ့လူးပေကျံ
လှမျိုးဟန်သစ် ၊ပန်းမပန်ရ
မိန်းမလှလေး ၊ အပြေးရေချိုး
ပျော်တဲ့မိုးနှင့် ၊ ရွာရိုးကိုးပေါက်
အော်ပြီးလျှောက်ပြေး၊ မှောက်၍လဲသော်
သွေးရဲသံရဲ ၊အာပြဲအောင်ငို
အမိကိုတ ၊မိုးကချုန်းသည်
ရွာလုံးဝုန်းဝုန်း မြည်ရော့ထင့် ။။။။။။။။။။။။။။။။။။။။။။။။
တရံရောအခါ ၊ ရွာမှာကျောင်းပျော်
စာသင်တော်သူ ၊ကျောင်းသူကျောင်းသား
အစ်ကိုများတို့ ၊ မြို့ သို့သွားပြီး
သင်ကြားပညာ ၊ပြည့်စုံသည်နှင့်
တက္ကသီလာ ၊ ကျောင်းမဟာမှ
ရွာပြန်ကြ၏ ၊မြို့ ကအကြောင်း
မေးခွန်းပေါင်းများ ၊ထောင်သောင်းမက
မေးကြမြန်းကြ ၊ရီမောကြနှင့်
လှလှပပ ၊ ပြုံးရွှင်ကြသည်
ညသန်ခေါင်တိုင် ကျော်ခဲ့ထင့် ။။။။။။။။။။။။။။။။
တရံရောအခါ ၊ ရွာမှာ ခိုးဝှက်
လုယက်ကြလျှင် ၊ ရွာဝင်ကျောင်းမှ
တုံးမောင်းခေါက်သံ ၊တောလုံးညံ၏
လူသန်အားကောင်း ၊မောင်းမယောက်ျား
ပြေးလွှးစုစည်း ၊လက်ချည်းမဟုတ်
ဝါးရင်းတုတ်ဓါး ၊ရုပ်ရုပ်သဲသဲ
အော်မစဲနှင့် ၊အမြဲထကြွ
စိတ်ရွရွမို့ ၊အနီးတို့ရွာ
ဟန်ကိုယ့်ဘို့သည်
ညီညီညာညာ ရှိလေထင့် ။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တရံရောအခါ ၊ ရွာမှာအကြင်
ချစ်ခင်သူနှင့် ၊အတူတကွ
ပေါင်းဖက်ရ၍ ၊ မင်္ဂလာပွဲ
ခြိမ့်ခြိမ့်သဲလျှက် ၊ရွှေလက်ဆက်ကာ
ပျော်ရက်သူတို့ ၊ ဘယ်သူပြိုင်နိုင်
လှချင်းဆိုင်ဝံ့ ၊အပြုံးမြိုင်သည်
လှိုင်လှိုင်ရွှင်ပြ ရှုမ၀ထင့် ။။။။။။။။။။။။။။။။။။။။။။
တရံရောအခါ ၊ ရွာမှာသည်သို့
သည်ပုံတို့နှင့် ၊ ၀ဲစို့မျက်ရည်
ဖြစ်တည်ထွန်းလျှက် ၊ အလွမ်းဆက်ပြီး
နာကျည်းခံပြင်း ၊ရင်တွင်းပူဆာ
မနေသာ၍ ၊ပြန်ကာသွားချင်
စိတ်များအိပ်မက် ၊ ခိုးဝှက်မက်ကြည့်
မသက်သာလေ ၊ ရွာနေမငြိမ်း
ပြည်ပတိမ်းပြေး ၊ ရင်မအေးသည်
လူသူကင်းမဲ့ လေရော့ထင့် ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တရံရောအခါ ၊ ခိုးသောရန်သူ
ဓါးပြမူလည်း ၊ အတူလက်တွဲ
တိုက်ခဲ့ကြ၏ ၊ ရွာမှလူပျို
ညီအစ်ကိုတွေ ၊ ရွာကိုကာကွယ်
ရန်စွယ်နှိမ်၍ ၊ အေးငြိမ်ဝန်းကျင်
ပျော်လုံရွှင်ကြ ၊ ရှိခဲ့ကြလည်း
ဘ၀ကြမ္မာ ၊ ဆိုးလာလေခိုက်
တွေ့ကြုံကြိုက်ရ ၊ ဓမ္မမြွက်ယူ
ရန်သူမျိုးငါးပါး ၊ တပါးမင်းကြောင့်
ပြည်တွင်းပြည်သူ ၊ သားတူသမီး
အပူမီးတောက် ။ တောက်လျှောက်ခံစား
မျက်မှောက်ဖြစ်နေ
ကယ်သူကင်းမဲ့ ဖြစ်ရောထင့် ။။။။။။။။။။။။။။။။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )

ဆွေစဉ်မျိုးဆက်စွန့်ရဲသူများ...

လေးစားစွာဂုဏ်ပြုပါသည်။

ကျန်းမာရေး အခြေအနေ ဆိုးရွားနေသည့် ဗကသ ခေါင်းဆောင် ဆေးကုသခံရန် ခန္တီးထောင်မှ မုံရွာဆေးရုံသို့ ရောက်ရှိ
June 27, 2010 Freedom News Group
ခ န္တီး အကျဉ်းထောင်တွင် ထောင်ဒါဏ် ၁၅နှစ် ၆လ အကျဉ်းကျခံ နေရသော ဒီငြိမ်းလင်း၏ ကျမ္မာရေး အခြေအနေဆိုးဝါးမှုကို ဆေးကုသပေးရန် အာဏာပိုင်တို့ကခန္တီးထောင်မှခေါ်ဆောင် လာပြီး မုံရွာဆေးရုံသို့ယနေ့ နေ့လည်ပိုင်းတွင်ရောက်ရှိလာကြောင်း မျက်မြင်တွေ့ရှိရသူတဦးမှ Freedom News Group သို့ပြောကြားသည်။

ဒီငြိမ်းလင်း ၏အဖိုးဖြစ်သူ ဦးစောဝင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲချုပ် ထီးလင်းလွှတ်တော် ကိုယ်စားလှယ် အမတ်တဦးဖြစ်ပြီး သြဂုတ်လ ၇ရက်၊ ၁၉၉၈ ခုနှစ်၊ သာယာဝတီအကျဉ်းထောင်တွင် အကျဉ်းကျခံနေရစဉ် ကွယ်လွန်ခဲ့သည်။ ဖခင်ဖြစ်သူ ဦးဇော်ဇော်မင်းမှာလည်း ၈၈ မျိုးဆက် ကျောင်းသားလှုပ်ရှားမှုတွင် ဦးဆောင်သူတဦးဖြစ်ပြီး တောင်ငူထောင်တွင် ထောင်ဒါဏ် ( ၆၅ ) နှစ်ကျခံနေရသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ဗကသ ခေါင်းဆောင်တဦးအဖြစ် လှုပ်ရှားခဲ့သူတဦးဖြစ်သည်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်အပြီး တွင် စစ်အာဏာပိုင်တို့၏ လိုက်လံဖမ်းဆီးမှုကိုတိမ်းရှောင်ရင်း ၂၃ရက် အောက်တိုဘာ၂၀၀၇တွင် ဖမ်းဆီးခံခဲ့ရသည်။ ထောင်ဒါဏ် ၁၅နှစ်နှင့် ၆လ ချမှတ်ခံရပြီး ရန်ကုန်မြိုကမှ မိုင်၁၀၀၀ကျော်ဝေး

သော ခန္တီး အကျဉ်းထောင်သို့ပြောင်းရွှေ့ခံခဲ့ရသည်။ ခန္တီးအကျဉ်းထောင်သည် ရာသီတုလွန်စွာဆိုးဝါးသောနေရာတခုဖြစ်ခြင်း၊ အကျဉ်းထောင်အတွင်း ပုံမှန်ဆေးကုသခွင့်မရှိခြင်း တို့ကြောင့် ဒီငြိမ်းလင်းငှက်ဖျားရောဂါ နှင့်အခြားရောဂါများခံစားနေရသည်။ မျက်စိကိုက်ခြင်းဝေဒနာမှ သက်သာလာခြင်း မရှိဘဲ ပိုဆိုးလာကြောင်း ကို မိသားစုနှင့်နီးစပ်တဦးကပြောပြသည်။ မိခင်ဖြစ်သူမှာ

လည်း သားကိုတလှည့် ခင်ပွန်းဖြစ်သူကိုတလှည့် ထောင်ဝင်စွာသွားတွေ့နေရသည်မှာ လွန်စွာဒုက္ခပင်ပန်းဆင်းရဲလှ ကြောင်းကိုဆက်ပြောပြသည်။ ယခင်ကလည်းဒီငြိမ်းလင်း အဖွားဖြစ်သူမှာ ယ္ခုကဲ့သို့ ဒုက္ခမျိုး ကြုံတွေ့ခဲ့ရသူတဦးဖြစ်သည်။
http://freedomnewsgroup.com/

ငရဲတံခါးဝသို့ (၅၂) ကီလို

ဂါမဏိ / ၂၈ ဇွန် ၂၀၁၀


“ကိုသောင်းရေး … ဥသျှစ်သီးလောက်ပဲဖြစ်ဖြစ်၊ နျူကလီးယားဗုံးတလုံးတော့ ရအောင်လုပ်ဗျာ”
(ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်းကို မှာကြားချက်)

ဗိုလ်ချုပ်ကြီး သန်မာ၏ စကားဆုံးသည်နှင့် ပြည်တော်ချစ်အစိုးရ၏ တိုက်စစ်ဘက်မှ ပစ်လွှတ်လိုက်သော အမြောက်ဆန်သည် အနုမြူသိုလှောင်ကန်ကြီးကို တိုက်ရိုက်လာရောက်ထိမှန်၏။ ထို့နောက် ရွှေဝါပြည်ကြီးသည် မိနစ်ပိုင်းအတွင်း တပြည်လုံး ဆက်ကာဆက်ကာ ပေါက်ကွဲပြီးနောက် အလွန်လှပစွာ ပျောက်ကွယ်သွား၏။ ကမ္ဘာပေါ်တွင် အကြီးမားဆုံးနှင့် အလှဆုံး ပေါ်ပေါက်လာသော မီးခိုးလုံးကြီး ပျောက်ကွယ်သွားသောအခါ ထိုနေရာ၌ ရေပြင်ကြီး ကျန်ရစ်ခဲ့သည်။ ထိုနေရာကား အချို့က ဘင်္ဂလားပင်လယ်အော်ကြီးနေရာ ဖြစ်မှာပေါ့ဟု ဆိုကြ၏။
လူကြီးတွေအတွက်ပြောသော ရွှေဝါပြည်ပုံပြင်ကား ပြီးဆုံးပါပြီ။
(စာရေးဆရာ ရန်ကုန်ဘဆွေ၏ ၁၉၆၅ ခုနှစ်ထုတ် ‘ရွှေဝါပြည်’ ဝတ္ထု ဇာတ်သိမ်းခန်း)

နျူကလီးယားဗုံး ပေါက်ကွဲတဲ့အခါ မြေကြီးပေါ်မှာ လူလုပ်ငရဲဘုံတခု ချက်ချင်းဖြစ်ပေါ်လာတယ်။ အပူချိန် စင်တီဂရိတ် ဒီဂရီ (၁၀) သန်းကျော်ကို တမုဟုတ်ချင်း ရောက်သွားပြီး ပစ်မှတ်နဲ့ အနီးကပ်ဆုံး အရာဝတ္ထုတွေ ချက်ချင်း အငွေ့ပျံ ပျောက်ကွယ်သွားပါတယ်။ လေထုဖိအားက ပုံမှန်အခြေအနေထက် အဆပေါင်း (၆၀၀) မြင့်တက်သွားပြီး တနာရီကို ကီလိုမီတာ (၁,၀၀၀) နှုန်း သိမ့်လှိုင်းအဖြစ် ပျံ့ထွက်ရိုက်ခတ်သွားပါတယ်။ ဒါတွေအပြင် သေမင်းတမန် ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည်တွေကလည်း သက်ရှိကလပ်စည်းတွေကို ဖျက်ဆီးပစ်ပြီး ပြင်းထန်တဲ့ ကင်ဆာရောဂါအမျိုးမျိုးဖြစ် အသက်ဆုံးစေပါတော့တယ်။

အခု နအဖက နျူကလီးယားဗုံးရဖို့ ကြိုးစားနေတာ မငြင်းနိုင်တဲ့ အထောက်အထားတွေ ပေါ်လာပါပြီ။ တပ်မတော် သူရဲကောင်း ဗိုလ်မှူးစိုင်းသိန်းဝင်း သက်စွန့်ဆံဖျားယူလာတဲ့ အထောက်အထား တပုံတပင်ကြီးထဲမှာ နအဖရဲ့ ရန်သူတော် အိမ်နီးချင်း ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေ၊ နအဖရဲ့ မဟာရန်သူတော် အမေရိကန်နိုင်ငံရဲ့ ဒေဂိုဂါးစီးယား စစ်စခန်းနဲ့ အိုကီနာဝါ စစ်စခန်းတွေအပေါ် (ကီလိုမီတာ ၃,၅၀၀ အထိ ပစ်နိုင်မယ့် တာလတ်ပစ်ဒုံးပျံ အောင်မြင်သွားတဲ့အခါ) ငရဲမီးကျမှာကနောက်၊ ကျနော်တို့ မြန်မာပြည်သူတွေနဲ့ မြန်မာ့တပ်မတော်သားတွေအတွက် ငရဲတံခါးပွင့်သွားမှာကအရင် ဖြစ်မှာကို တွေ့နေရပါတယ်။

နအဖကတော့ ထုံးစံအတိုင်း နျူကလီးယားဗုံး မဟုတ်ပါဘူး၊ မုံလာဥပါလို့ မျက်စိမှိတ်ပြီး ဇွတ်ငြင်းမှာပါပဲ။ ဒါပေမယ့် ကျနော်တို့အနေနဲ့ ဒီအထောက်အထားတပုံကြီးကို အသေအချာ ခွဲခြမ်းစိတ်ဖြာပြီး အန္တရာယ်ကို အခိုင်အမာ ထောက်ပြနိုင်ဖို့ အရေးကြီးပါတယ်။

နျူကလီးယားလောင်စာသံသရာမှာ မြေကြီးထဲ ယူရေနီယမ်သတ္တုရိုင်း တူးတဲ့အဆင့်ကနေ နျူကလီးယားဗုံးမှာ ထည့်ဖို့ သန့်စင်ပြီး ယူရေနီယမ်သတ္တုခဲဖြစ်အောင် ဓာတုဗေဒပိုင်းအရ လုပ်ဆောင်ရာမှာ အဆင့် (၉) ဆင့် ရှိပါတယ်။
အဆင့် ၁။ ယူရေနီယမ်သတ္တုရိုင်း တူးဖော်ခြင်း (ယူ-၂၃၈)
အဆင့် ၂။ ယူရေနီယမ်သတ္တုရိုင်း စစ်ယူခြင်း (ယူ-၂၃၈)
အဆင့် ၃။ အဝါရောင်ကိတ်မုန့် ထုတ်လုပ်ခြင်း (ယူ-၂၃၈)
အဆင့် ၄။ ယူရေနီယမ်အောက်ဆိုက်အမှုန့် ထုတ်လုပ်ခြင်း (ယူ-၂၃၈)
အဆင့် ၅။ ယူရေနီယမ်တက်ထရာဖလိုရိုက်အမှုန့်ထုတ်လုပ်ခြင်း (ယူ-၂၃၈)
အဆင့် ၆။ ယူရေနီယမ်ဟက်ဆာဖလိုရိုက် ဓာတ်ငွေ့ထုတ်လုပ်ခြင်း (ယူ-၂၃၈)
အဆင့် ၇။ ယူရေနီယမ်ဟက်ဆာဖလိုရိုက်ကို ယူ-၂၃၈ မှ ယူ-၂၃၅ ဖြစ်အောင် သန့်စင်ခြင်း
အဆင့် ၈။ ယူရေနီယမ်တက်ထရာဖလိုရိုက်အဖြစ်သို့ ပြန်လည်ဓာတ်လျှော့ခြင်း (ယူ-၂၃၅)
အဆင့် ၉။ မဂ္ဂနီဆီယမ်သတ္တုနှင့် ဗုံးဓာတ်လျှော့မှုလုပ်ပြီး ယူရေနီယမ်သတ္တုခဲ ပြန်လုပ်ခြင်း (ယူ-၂၃၅)
အဆင့် ၁၀။ ယူရေနီယမ်သတ္တုခဲကို နျူကလီးယားဗုံးတွင် တပ်ဆင်ခြင်း (ယူ-၂၃၅)

အခုရတဲ့ အထောက်အထားအရ နအဖဟာ အဆင့် (၉) မှာ သုံးတဲ့ ‘လေဟာနယ်သေတ္တာ’ နဲ့ ‘ဗုံးဓာတ်ပေါင်းဖို’ တို့ကို စမ်းသပ်ခဲ့တာ သေချာနေပါတယ်။ လေဟာနယ်သေတ္တာဆိုတာ ထိတဲ့အရာတွေကို လောင်လွယ်၊ စားလွယ်တဲ့ ယူရေနီယမ်တက်ထရာဖလိုရိုက် (ယူ-၂၃၅) နဲ့ မီးလောင်လွယ်၊ ဓာတ်ပြုလွယ်တဲ့ မဂ္ဂနီဆီယမ်သတ္တုတို့ကို လက်နဲ့ တိုက်ရိုက်မထိစေဘဲ လေစုပ်ထုတ်ပြီး ကြားနေဓာတ်ငွေ့ထည့်ထားတဲ့ သေတ္တာထဲမှာ သမအောင် ရောစပ်ပေးဖို့ ဖြစ်ပါတယ်။ စပ်ပြီးရင် ဗုံးဓာတ်ပေါင်းဖိုထဲထည့် အပူပေးပြီး ပြင်းထန်တဲ့ ဓာတ်ပြုမှုဖြစ်အောင် လုပ်ရပါတယ်။ အဲဒီမှာ ထွက်လာတဲ့ ယူရေနီယမ်ဟာ ယူ-၂၃၅ အဖြစ် သန့်စင်ပြီး သတ္တုခဲ ဖြစ်နေပါပြီ။ ဓာတုဗေဒနည်းပညာပိုင်း ပြီးသွားလို့ နျူကလီးယားဗုံးထဲ ထည့်ဖို့ စက်မှုနည်းပညာပိုင်းပဲကျန်ပါတော့တယ်။

ဓာတ်ပုံတွေထဲမှာ ‘ဗုံးဓာတ်ပေါင်းဖို’ bomb reactor တခုကို အသုံးပြုထားလို့ မီးကျွမ်းနေတာ တွေ့ရပါတယ်။ အဓိပ္ပာယ်ကတော့ ယူရေနီယမ်အရိုင်းကို အဆင့်ဆင့် ဓာတ်ပြောင်းတာတွေ သန့်စင်တာတွေ လုပ်ခဲ့ပြီးလို့ နောက်ဆုံးအဆင့် (၉) ကို ရောက်သွားပြီ၊ ယူ-၂၃၅ အဖြစ် သန့်စင်အောင်လုပ်ပြီးတဲ့ ယူရေနီယမ်တက်ထရာဖလိုရိုက်ကို ယူ-၂၃၅ အဖြစ် သန့်စင်တဲ့ ယူရေနီယမ်သတ္တုဖြစ်အောင် ဓာတ်ပြောင်းတဲ့ စမ်းသပ်မှု လုပ်ခဲ့ပြီဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒါ့အပြင် မေမြို့ စက်ရုံ (၁) က ထုတ်လုပ်ပေးခဲ့ရတဲ့ ဖိအားမြင့် ရေနွေးငွေ့ပေါင်းစက် autoclave ကလည်း အဆင့် (၇) က ထွက်လာတဲ့ သန့်စင်ပြီးသား ယူရေနီယမ်ဟက်ဆာဖလိုရိုက်ကို အဆင့် (၈) မှာ သုံးဖို့ တနေရာက တနေရာ ပို့ဆောင်ရာမှာ သုံးတဲ့အတွက် နအဖမှာ သန့်စင်ပြီးသား ယူ-၂၃၅ ရထားပြီဆိုတဲ့ အဓိပ္ပာယ်ထွက်နေပါတယ်။

(၉၀) ရာခိုင်နှုန်း သန့်စင်တဲ့ ယူ-၂၃၅ ယူရေနီယမ်ဒြပ်ပစ္စည်းဟာ သာမန်နည်းပညာနဲ့ နျူကလီးယားပေါက်ကွဲမှုဖြစ်ဖို့အတွက် (အလုံးပုံသဏ္ဌာန်မှာ) အခြေပြောင်းဒြပ်ထု (၅၂) ကီလို လိုအပ်ပါတယ်။ ဆိုလိုတာက ယူ-၂၃၅ (၅၀) ကီလိုအလုံးကို ယူ-၂၃၅ (၂) ကီလို အလုံးတလုံးက ပြေးဆောင့်လိုက်ရင် အနုမြူပေါက်ကွဲမှု ဖြစ်သွားပါလိမ့်မယ် (နည်းပညာမြင့်ရင်တော့ ၂၉ ကီလိုလောက်နဲ့ ဗုံးလုပ်နိုင်တယ်လို့လည်း ဆိုပါတယ်)။

ဗုံးဓာတ်ပေါင်းဖိုတခုကနေ ယူ-၂၃၅ ယူရေနီယမ်သတ္တု (၂၀) ကီလိုက (၂၅) ကီလိုအထိ ထွက်နိုင်ပါတယ်။ ဗိုလ်မှူးစိုင်းသိန်းဝင်းရဲ့ ဓာတ်ပုံတွေအရ သပိတ်ကျဉ်း နျူကလီးယားတပ်ရင်းမှာ ဗုံးဓာတ်ပေါင်းဖိုကို အသုံးချခဲ့လို့ နအဖဆီမှာ ယူ-၂၃၅ သတ္တု အနည်းဆုံး ကီလို (၂၀) ရှိနေပြီဆိုတဲ့ အဓိပ္ပာယ်ထွက်နေပါတယ်။ တကယ်လို့ အဲဒီဗုံးဓာတ်ပေါင်းဖိုတခုတည်းကို (၃-၄) ခါ သုံးခဲ့တယ် သို့မဟုတ် အဲသလို ဗုံးဓာတ်ပေါင်းဖိုမျိုး (၃-၄) ခု သုံးခဲ့တယ်၊ အောင်လည်း အောင်မြင်ခဲ့တယ်ဆိုရင် နအဖလက်ထဲမှာ နျူကလီးယားဗုံးအဖြစ် ပုံသွင်းလို့ရပြီဖြစ်တဲ့ ယူ-၂၃၅ ကီလို (၅၀) မက ရှိနေပြီဖြစ်ပါတယ်။ ဗုံးဓာတ်ပေါင်းဖိုနဲ့ စမ်းသပ်ထုတ်လုပ်တာ မအောင်မြင်ဘူးဆိုရင်တော့ ဗုံးလုပ်လို့ရတဲ့ ယူရေနီယမ်သတ္တု နအဖလက်ထဲ မရသေးတဲ့သဘော ဖြစ်နေပါလိမ့်မယ်။

ဒါပေမယ့် ယူရေနီယမ်သန့်စင်ရေး အဆင့် (၇) ကို ဘယ်လိုကျော်ဖြတ်ခဲ့သလဲဆိုတာ မြှုပ်ကွက်ဖြစ်နေပါတယ်။ နျူကလီးယားလောင်စာသံသရာရဲ့ ဓာတုဗေဒပိုင်းမှာ ယူ-၂၃၅ ဖြစ်အောင် လုပ်ရတဲ့ အဆင့် (၇) ဟာ အရေးအပါဆုံး ဖြစ်ပါတယ်။ နအဖဟာ ဖြစ်နိုင်ခြေမရှိတဲ့ လေဆာရောင်ခြည်သုံးပြီး အိုင်ဆိုတုပ်ခွဲထုတ်နည်း LIS ကို ကျင့်သုံးခဲ့တယ်လို့ ဗိုလ်မှူးစိုင်းသိန်းဝင်းနဲ့ နျူကလီးယားပါရဂူ IAEA ဒါရိုက်တာဟောင်း ရောဘတ်ကယ်လီတို့က ဆိုပါတယ်။ အီရန်၊ မြောက်ကိုရီးယား အပါအဝင် ကမ္ဘာမှာ အသုံးများတာက ဓာတ်ငွေ့ဗဟိုခွာအားနည်း Gas centrifuge ဖြစ်ပြီး အနည်းစုကတော့ ဓာတ်ငွေ့အမှေးပါးဖြတ်စိမ့်ဝင်ခွဲထုတ်နည်း Gas diffusion နဲ့ လျှပ်စစ်သံလိုက်ဓာတ် သုံးပြီး အိုင်ဆိုတုပ်ခွဲထုတ်နည်း EMIS ကျင့်သုံးကြပါတယ်။

၂၀၀၉ ခု ဒီဇင်ဘာလမှာ ရခဲ့တဲ့ အတွင်းသတင်းတပုဒ်မှာ သပိတ်ကျဉ်း နျူကလီးယားတပ်ရင်းဟာ ယူရေနီယမ်သန့်စင်မှု enrichment (၈၅) ရာခိုင်နှုန်း ပြီးမြောက်နေပြီလို့ ကြားခဲ့ရပါတယ်။ အခု ဗိုလ်မှူးသိန်းဝင်းဆီက သိရတာနဲ့ ပေါင်းစပ်ကြည့်လိုက်တဲ့အခါ နအဖအနေနဲ့ ရှေ့ပြေးနမူနာ prototype တခုအတွက်လောက်တော့ သန့်စင်မှုကို တနည်းနည်းနဲ့ ဖြစ်မြောက်ခဲ့ပုံရပါတယ်။ နအဖစစ်တပ်ဟာ compartment system ခေါ် အကန့်လိုက်ခွဲတဲ့စနစ်ကို အင်မတန် တင်းတင်းကျပ်ကျပ် ကျင့်သုံးတဲ့အတွက် တပြည်လုံးမှာ လှိုဏ်ခေါင်းတွေ အကြီးအကျယ် တူးနေတာကိုတောင် နအဖစစ်တပ်ထဲမှာ မသိသေးတဲ့ အရာရှိအရာခံ အကြပ်တပ်သားတွေ အများကြီး ရှိနေပါသေးတယ်။

မေမြို့အရှေ့ဘက် နောင်လိုင်မှာရှိတဲ့ နည်းပညာအလုပ်ရုံ (၁) ကို ဗုံးဓာတ်ပေါင်းဖို လုပ်ခိုင်းတဲ့ ညွှန်ကြားချက်အမိန့်စာမှာ ဒီဗုံးဓာတ်ပေါင်းဖိုကို ‘နည်းပညာအလုပ်ရုံ (၅)’ ရဲ့ ‘အထူးဒြပ်ပစ္စည်းထုတ်လုပ်ရေး သုတေသနဌာန’ မှာ သုံးဖို့ဖြစ်တယ်လို့ ရေးထားပါတယ်။ ဒါကြောင့် အခုဟိုးလေးတကျော်နဲ့ ဘွားဘွားကြီးပေါ်သွားတဲ့ မေမြို့-နောင်လိုင်စက်ရုံ (နည်းပညာအလုပ်ရုံ-၁)၊ ပခုက္ကူ-မြိုင်စက်ရုံ (နည်းပညာအလုပ်ရုံ-၂) အပြင် နောက်ထပ်စက်ရုံ (၃) ရုံရှိနေသေးတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒီစက်ရုံတွေမှာ အဆင့် (၇) ယူရေနီယမ်သန့်စင်မှုတွေ တနည်းနည်းနဲ့ လုပ်တာ၊ အဆင့် (၉) ယူရေနီယမ်ဓာတ်လျှော့မှုက ထွက်လာတဲ့ ယူ-၂၃၅ သတ္တုကို ဗုံးအဖြစ် တပ်ဆင်တာတွေ လုပ်နေနိုင်ပါတယ်။

အဆင့် (၇) နဲ့ အဆင့် (၉) မှာ ထွက်လာတဲ့ ယူရေနီယမ်က (၂၀) ရာခိုင်နှုန်းအောက်ပဲ သန့်စင်တဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုသုံး ယူ-၂၃၅ လည်း ဖြစ်နိုင်ပါတယ်။ နျူကလီးယားဓာတ်ပေါင်းဖိုအတွက်ဆိုရင် သန့်စင်မှုနိမ့် ယူ-၂၃၅ ကီလို (၄၀၀) လောက် လိုမှာဖြစ်ပါတယ်။ နျူကလီးယားဓာတ်ပေါင်းဖိုကနေ ပလူတိုနီယမ် ထွက်လာရင်တော့ နျူကလီးယားဗုံးလုပ်ဖို့ ပလူတိုနီယမ် (၁၀) ကီလိုဆိုရင် အခြေပြောင်းဒြပ်ထုရပါပြီ။ ဒါပေမယ့် ဓာတ်ပေါင်းဖိုက မြောက်ကိုရီးယားကနေ ရောက်မလာသေးပါဘူး။ နျူကလီးယားဗုံး အင်မတန် ရချင်နေတဲ့ နအဖဟာ ရှေ့ပြေးစမ်းသပ်မှုအတွက် (၉၀) ရာခိုင်နှုန်း သန့်စင်တဲ့ ယူ-၂၃၅ ကိုပဲ (ဥသျှစ်သီးလောက်ဖြစ်ဖြစ်) အရင်ဆုံး ရသလောက်လုပ်မှာ သေချာပါတယ်။

နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ (IAEA) က နျူကလီးယားပစ္စည်း နည်းနည်းပါးပါးကို နိုင်ငံတွေမှာ ထားခွင့်ပေးထားပါတယ်။ အဲဒီသတ်မှတ်ချက်ထက်ကျော်ရင် IAEA ကို သတင်းပို့ရမှာ ဖြစ်ပါတယ်။ သတင်းမပို့ဘဲ လက်ဝယ်ထားနိုင်တဲ့ ပမာဏတွေက သဘာဝယူရေနီယမ် (၁၀) တန်အောက်၊ (၉၀) ရာခိုင်နှုန်း သန့်စင်တဲ့ ယူရေနီယမ် (၁.၁၁) ကီလိုအောက်၊ (၂၀) ရာခိုင်နှုန်း သန့်စင်တဲ့ ယူရေနီယမ် (၅) ကီလိုအောက်၊ ပလူတိုနီယမ် (၁) ကီလိုအောက် ဖြစ်ပါတယ်။ သတင်းမပို့ဘဲ ဒီထက်ကျော်ပြီးထားရင် IAEA က ကိုင်မှာဖြစ်ပါတယ်။ နျူကလီးယားဗုံး လုပ်နိုင်တဲ့ (၉၀) ရာခိုင်နှုန်း သန့်စင် ယူ-၂၃၅ အမျိုးအစား ယူရေနီယမ် (၁) ကီလိုရဖို့ သဘာဝယူရေနီယမ် အရိုင်း (၁) တန် လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် IAEA က မြန်မာနိုင်ငံကို ကိုင်မယ့် အန္တရာယ်ထက် ပိုစိုးရိမ်ဖို့ကောင်းတဲ့ ဓာတ်ရောင်ခြည်သင့်မှုအန္တရာယ်၊ မတော်တဆ ပေါက်ကွဲမှုဖြစ်မယ့် အန္တရာယ်တွေကို တပ်မတော်သားတွေနဲ့ ပြည်သူတွေ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်နေရပါပြီ။ သဘာဝဓာတ်ရောင်ခြည်ပမာဏဟာ လူတွေအပေါ် တနှစ်ကို (၃၀၀) မီလီရင်မ် ကျရောက်နေပြီး လူလုပ်ပစ္စည်းတွေက ထွက်တဲ့ ဓာတ်ရောင်ခြည်က တနှစ်ကို (၆၀-၇၀) မီလီရင်မ် ကျနော်တို့အပေါ် ရိုက်ခတ်ပါတယ်။ အမေရိကန်ပြည်ထောင်စု နျူကလီးယား ထိန်းချုပ်ရေးကော်မရှင်က နျူကလီးယားအလုပ်သမားတယောက်ဟာ တနှစ်မှာ မီလီရင်မ် (၅,၀၀၀) ထက် ပိုမထိတွေ့ဖို့ ပြဋ္ဌာန်းထားပါတယ်။ ဟီရိုရှီးမား အနုမြူဗုံးကွဲတုန်းက ဓာတ်ရောင်ခြည် မီလီရင်မ် (၇) သိန်းကျော် ထွက်ခဲ့ပါတယ်။ ရုရှားနိုင်ငံ ချာနိုဘိုင်လ်ဓာတ်ပေါင်းဖို ပေါက်ကွဲတုန်းက ဓာတ်ရောင်ခြည်ပမာဏ မီလီရင်မ် (၈) သောင်းက (၁) သန်းခွဲထိ ထွက်ခဲ့လို့ လူ (၂၈) ယောက် သုံးလမပြည့်ခင် သေသွားခဲ့ပါတယ်။ ဓာတ်ရောင်ခြည် မီလီရင်မ် (၃) သိန်းခွဲက (၅) သိန်းအထိ မိနစ်ပိုင်းလောက် ထိတွေ့ခဲ့သူဟာ တလအတွင်း သေဖို့ (၅၀) ရာခိုင်နှုန်း သေချာပါတယ်။ မီလီရင်မ် (၁) သောင်းဝန်းကျင် ရေရှည်ထိတွေ့နေရသူတွေဟာ (၅) နှစ်က အနှစ် (၂၀) အကြာမှာ ကင်ဆာဖြစ်လာနိုင်ပါတယ်။ မီလီရင်မ် (၅) သောင်းကျော်ထိရင် ကင်ဆာဖြစ်ဖို့ သေချာပါပြီ။ အပြင်ကလာတဲ့ ဓာတ်ရောင်ခြည်ပမာဏနည်းလို့ မထိခိုက်နိုင်ပေမယ့်လည်း အစာထဲမှာ ပါသွားလို့ ခန္ဓာကိုယ်ထဲဝင်သွားရင် ထိခိုက်နိုင်တာမျိုးလည်း ရှိပါတယ်။

နအဖရဲ့ နျူကလီးယားစီမံကိန်းနေရာတွေက သပိတ်ကျဉ်း၊ မေမြို့၊ မြိုင်၊ တောင်ကြီး၊ ဆော၊ စေတုတ္တရာ၊ ပွင့်ဖြူတို့ ဖြစ်ပါတယ်။ စစ်အုပ်စုအဆက်ဆက် သမိုင်းတလျှောက်မှာ လုပ်ရည်ကိုင်ရည်ညံ့ဖျင်းလှပြီး ငစနူကျလှတဲ့ မဆလ-နဝတ-နအဖဟာ ဒီနေရာတွေမှာ ဓာတ်ရောင်ခြည်ကာကွယ်ရေး၊ မတော်တဆ ပေါက်ကွဲမှုကာကွယ်ရေးတွေ ဘယ်လောက်အာမခံချက် ပေးနိုင်ပါသလဲ။ အခုလို တနေရာနဲ့ တနေရာ ဝေးလံလှတဲ့ စက်ရုံတွေဆီ ယူရေနီယမ် ဓာတ်ပစ္စည်းတွေကို စုတ်ပြတ်ညံ့ဖျင်းလှတဲ့ ကားလမ်း၊ ရထားလမ်း၊ ရေလမ်း၊ လေလမ်းတွေပေါ် စုတ်ပြတ်ညံ့ဖျင်းလှတဲ့ ယာဉ်တွေနဲ့ အသိပညာနိမ့်ကျအားနည်းသူတွေက သယ်ယူပို့ဆောင်ရာမှာ ဘယ်လောက် အန္တရာယ်ကင်း စိတ်ချရမလဲ။
ဓာတ်ရောင်ခြည်တိုင်းတဲ့ ဂိုင်ဂါကောင်တာ Geiger Counter စက်တလုံးကို ဒေါ်လာ (၃၀၀) ပေးရပါတယ်။ ဒါတွေကို မြန်မာပြည်မှာ ဘယ်လောက်ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပေးထားသလဲ။ အပျော့စား ဓာတ်ရောင်ခြည်ကာ ဝတ်စုံတစုံကို ဒေါ်လာ (၁,၀၀၀) ဝန်းကျင် ဈေးရှိပြီး အပြင်းစား ဓာတ်ရောင်ခြည်ကာ ဝတ်စုံတစုံကို ဒေါ်လာ (၁၀,၀၀၀) အထက် ပေးရပါတယ်။ နအဖက ဘယ်နှစ်စုံ ဝယ်ထားသလဲ။ နျူကလီးယားလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အဆောက်အဦတွေ ဓာတ်ခွဲခန်းတွေကရော မတော်တဆ ပေါက်ကွဲမှု ဓာတ်ရောင်ခြည်ယိုစိမ့်မှုတွေကို ခံနိုင်ရည်ရှိအောင် ဒေါ်လာ သိန်းချီတန်တဲ့ အကာအရံတွေ၊ အင်ဆူလေတာတွေ၊ သတိပေးစနစ်တွေ ဘယ်လောက်အထိ တပ်ဆင်ထားသလဲ။

တိုင်းပြည်နဲ့လူမျိုးအတွက် ကင်ဆာအဖြစ်ခံကြဆိုပြီး ကျောက်ခေတ်စဉ်းစားနည်းနဲ့တော့ (၂၁) ရာစုမှာ အလုပ်မဖြစ်ပါဘူး။ အဲသလိုဆိုရင်တော့ တပ်ချုပ်ကြီးအိမ်တော်နဲ့ ကြပ်ပြေးမြို့တော်ကို သပိတ်ကျဉ်းနျူကလီးယားစက်ရုံဘေး အရင်ရွှေ့လာခဲ့ပါ။ ငရဲပြည်ရဲ့တံခါးဝကို ရောက်ဖို့ သန့်စင်ပြီး ယူရေနီယမ် (၅၂) ကီလိုပဲ လိုပါတယ်။ ။
http://www.khitpyaing.org/index.php?route=detail&id=2760

စစ်အစိုးရကို ICC တင်သင့်ဟု ပြည်သူ့ခုံရုံး ဆုံးဖြတ်



နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာစစ်အစိုးရသည် အမျိုးသမီးများအပေါ် လူသားချင်းစာနာမှု ကင်းမဲ့စွာ ရာဇဝတ်မှု ကျူးလွန်နေသည်မှာ ထင်ရှားသဖြင့် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC သို့ တင်သင့်ကြောင်း ဂျပန်နိုင်ငံရှိ ပြည်သူ့ခုံရုံးက ယမန်နေ့တွင် ဆုံးဖြတ်ခဲ့သည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ Aoyama တက္ကသိုလ်တွင် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးနှင့် သဏ္ဍာန်တူ ပြုလုပ်ထားသော ပြည်သူ့ခုံရုံးတွင် ကိုယ်တိုင်ကျူးလွန်ခြင်း ခံခဲ့ရသူ ကာယကံရှင် မြန်မာနိုင်ငံသူ ၄ ဦး၏ ထွက်ဆိုချက်များ၊ နှစ်ဘက်ရှေ့နေ လျှောက်လဲချက်များ ကြားနာပြီးနောက် အဖွဲ့ဝင် ၅ ဦးပါ တရားသူကြီးအဖွဲ့က ယခုလို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“တရားသူကြီးတွေက ဆုံးဖြတ်ချက် ၈ ချက် ချမှတ်ခဲ့တယ်။ အဲဒီထဲမှာ စစ်အစိုးရက အမျိုးသမီးတွေနဲ့ ပြည်သူတွေအပေါ် လူသားမဆန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်ဆိုတာကို ကြားနာချက်တွေ နားထောင်ခြင်းအားဖြင့် တွေ့ရှိရတယ်။ ပြီးတော့ ICC ကို တင်သင့်တယ်ဆိုတာ ပါတယ်” ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) သဘာပတိ အဖွဲ့ဝင် ဒေါ်သင်းသင်းအောင်က မဇ္ဈိမကို ပြောသည်။
japanrefel2
တရားသူကြီးများအဖြစ် ဂျပန်ဗဟို တရားသူကြီးချုပ်ဟောင်း Mr. Hamada ၊ ဂျပန်နိုင်ငံ Chiba တက္ကသိုလ်မှ ဥပဒေ ပါမောက္ခ Ms. Goto ၊ Aoyama တက္ကသိုလ်မှ ဥပဒေ ပါမောက္ခ Mr. Niikura ၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီရေးလိုလားသူ ရှေ့နေများအဖွဲ့ အတွင်းရေးမှူး Ms. Shikida နှင့် ရှေ့နေ Mr. Kubori တို့က ဆောင်ရွက်ခဲ့ကြသည်။

ယမန်နေ့က ချမှတ်ခဲ့သော တရားသူကြီးအဖွဲ့၏ ဆုံးဖြတ်ချက် ၈ ချက်တွင် မြန်မာစစ်အစိုးရသည် လူသားမဆန်သော ရာဇဝတ်မှုများ ကျူးလွန်နေသည်မှာ ထင်ရှားကြောင်း၊ ကုလသမဂ္ဂ UN အနေဖြင့် ဤအမှုများကို စုံစမ်းစစ်ဆေးရန် ကော်မရှင်တရပ် ဖွဲ့စည်းသင့်ကြောင်း ပါရှိသည်။

ထို့ပြင် UN အနေဖြင့် ခိုင်လုံသော အထောက်အထားများ ရရှိလာသည့်အခါ ICC သို့ လွှဲပြောင်း ပေးအပ်သင့်ကြောင်းနှင့် ဂျပန်အပါအဝင် နိုင်ငံတကာ အစိုးရများက မြန်မာပြည်တွင် ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရေးကို ဝိုင်းဝန်းဆောင်ရွက်သင့်ကြောင်း ပါရှိသည်။

ယမန်နေ့ နေ့လည် ၁ နာရီမှ ညနေ ၅ နာရီခွဲအထိ ပြုလုပ်ခဲ့သည့် ပြည်သူ့ခုံရုံး တရားခွင်တွင် မကြည်ကြည်ခင်၊ ဒေါ်ပုစိန်၊ နော် Sunset ကိုယ်စား WLB မှ ဒေါ်တင်တင်ညိုနှင့် WLB ကိုယ်စားလှယ် ဒေါ်မြရာဇာလင်းတို့က သက်သေထွက်ဆိုခဲ့ကြပြီး တရားလိုဘက်မှ ရှေ့နေ ၅ ဦးနှင့် တရားခံ စစ်အစိုးရဘက်မှ ရှေ့နေ ၃ ဦး လိုက်ပါဆောင်ရွက်ခဲ့သည်။

ထိုရှေ့နေများအားလုံးသည် ဂျပန်လူမျိုးများဖြစ်ပြီး တရားရုံးအသွင် ပီပြင်စေရန် ပွဲစီစဉ်သူများက လုပ်ဆောင်ထားခြင်း ဖြစ်သည်။
japanrefel1
“ကျမကို ဖမ်းပြီး စစ်ကြောရေးက အမှောင်တိုက်ထဲမှာ ထားတာတွေ၊ လုံးဝမအိပ်ရဘဲ စစ်ကြောရေးလုပ်တာတွေ၊ နောက် ထောင်ထဲကို ရောက်တဲ့အခါမှာလည်း မြင်ခဲ့ရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထွက်ဆိုချက်ပေးခဲ့ပါတယ်” ဟု နိုင်ငံရေး အကျဉ်းသူဟောင်း မကြည်ကြည်ခင်က ပြောသည်။

NLD ပါတီဝင်နှင့် ဗကသ အဖွဲ့ဝင်ဖြစ်သူ မကြည်ကြည်ခင်သည် ဇူလိုင် ၇ ရက် အထိမ်းအမှတ် လက်ကမ်းစာစောင် ထုတ်ဝေမှုဖြင့် ၁၉၉ဝ ခုနှစ်တွင် စစ်အစိုးရက ဖမ်းဆီးခဲ့ပြီးနောက် ပုသိမ်မြို့ရှိ စစ်ထောက်လှမ်းရေးစခန်းအတွင်း တည်ရှိသည့် MI 4 စစ်ကြောရေးစခန်းတွင် ၂၈ ရက်ကြာ အမှောင်တိုက်အတွင်း အကျဉ်းချထားပြီး လူမဆန်သော နည်းလမ်းများဖြင့် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသူ ဖြစ်သည်။

ထို့နောက် သူမကို ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ရာ ၁၉၉၂ ခုနှစ် မေလတွင် ထောင်မှ လွတ်မြောက်ခဲ့သည်။

တရားခွင်တွင် စစ်အစိုးရဘက်မှ ရှေ့နေများကလည်း ပြန်လည်ချေပ လျှောက်လဲခဲ့ကြကြောင်း ပွဲဖြစ်မြောက်ရေး တာဝန်ခံ BWU ဂျပန်ဌာနခွဲ ကိုယ်စားလှယ် ဒေါ်ချိုချိုအေးက ပြောသည်။

“တရားခံ နအဖဘက်က ရှေ့နေတွေက ဒီသက်သေခံ အထောက်အထားတွေက တကယ်ဟုတ်သလား။ အောက်ခြေစစ်သားတွေက လုပ်တာကို သန်းရွှေမှာ အပြစ်ရှိတယ် ပြောနိုင်သလား စသဖြင့် ချေပလျှောက်လဲကြတယ်” ဟု သူမက ပြောသည်။

ဂျပန်နိုင်ငံတွင် ပထမဆုံးပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ခုံရုံးကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB နှင့် ဂျပန်အခြေစိုက် လူ့အခွင့်အရေး ချက်ချင်းပေး (Human Rights Now) အဖွဲ့တို့က ပူးပေါင်းစီစဉ်ခြင်း ဖြစ်ပြီး ဂျပန်နှင့် မြန်မာပရိသတ် ၃ဝဝ ကျော် တက်ရောက်နားထောင်ခဲ့ကြသည်။

ယခုကဲ့သို့ အလားတူ ခုံရုံးမျိုးကို ပြီးခဲ့သည့် မတ်လဆန်းပိုင်းက အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် WLB နှင့် နိုဗယ်ဆုရှင် အမျိုးသမီးများအဖွဲ့တို့ ပူးပေါင်း၍ လုပ်ဆောင်ခဲ့ကြသေးသည်။ ယင်းခုံရုံးတွင် မြန်မာအမျိုးသမီး ၁၂ ဦးတို့က စစ်အစိုးရကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ ၎င်းတို့၏ အတွေ့အကြုံများကို ဖော်ထုတ်အစစ်ခံခဲ့ကြသည်။

“ကျမတို့က နအဖကို ICC တင်နိုင်တဲ့အထိ နိုင်ငံတကာ မိသားစုကို စည်းရုံးလှုံ့ဆော်တာတွေ ဆက်လုပ်သွားမှာပဲ။ အဲလိုလုပ်မှသာလျှင် နအဖ စစ်ခေါင်းဆောင်တွေအနေနဲ့ ငါတို့တော့ ရာဇဝတ်မှုတွေ ကျူးလွန်တာကို ဆက်လုပ်နေရင် အနာဂတ်မှာ တရားစွဲဆိုတာတွေ ခံရနိုင်တယ်ဆိုတဲ့ အသိနဲ့ နောက်ဆုတ်တာတွေ၊ ရပ်တန့်တာတွေ ဖြစ်လာမှာလေ” ဟု ဒေါ်သင်းသင်းအောင်က ပြောသည်။
japanrefel
၁၉၉၈ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC သည် ပြည်နယ်ပါတီများ၊ နိုင်ငံတကာ အစိုးရများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ် တဦးချင်းစီတို့၏ ထည့်ဝင်ငွေများဖြင့် ရပ်တည်နေသည့် လွတ်လပ်သော အပြည်ပြည်ဆိုင်ရာ ဥပဒေ အဖွဲ့အစည်းတဖွဲ့ဖြစ်ပြီး နယ်သာလန်နိုင်ငံတွင် ရုံးချုပ်တည်ရှိသည်။

လက်စွဲဥပဒေအဖြစ် ကမ္ဘာ့နိုင်ငံများမှ သဘောတူညီထားသော ရောမဥပဒေကို ကျင့်သုံးပြီး ကမ္ဘာတဝှန်းရှိ လူမျိုးတုံး သတ်ဖြတ်မှုများ၊ ပြင်းထန်သော နိုင်ငံတကာ ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်သူများနှင့် စစ်ရာဇဝတ်မှု ကျူးလွန်သူများအား တရားစွဲဆို အပြစ်ပေးလေ့ရှိသည်။

ခုံရုံး၏ ရလဒ်များကို ယနေ့တွင် ပွဲစီစဉ်သူများက ဂျပန်အစိုးရထံ အပ်နှံသွားမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း မရှိဘဲ ရွေးကောက်ပွဲ ကျင်းပပါက ထိုရလဒ်ကို အသိအမှတ်မပြုရန် တိုက်တွန်းသွားမည် ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကွင်တာနားက UN တွင် တင်ပြထားသည့် စစ်အစိုးရ၏ လူသားချင်းစာနာမှု ကင်းမဲ့စွာ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို ကုလ စုံစမ်းရေး ကော်မရှင်တရပ်က စုံစမ်းစစ်ဆေးရေး အဆိုကို ထောက်ခံပေးရန် တိုက်တွန်း ပြောဆိုသွားမည်ဟုလည်း သိရသည်။
http://www.mizzimaburmese.com/news/regional/5600--icc---.html

မြန်မာပြည်မှ နျူကလီးယား အန္တရာယ်


မြန်မာပြည်မှ နျူကလီးယား အန္တရာယ်

မြန်မာ အစိုးရ၏ နျူကလီးယား ရည်မှန်းချက်နှင့် မြေအောက် လိုဏ်ဂူများ တည်ဆောက်ရေး စီမံကိန်း သတင်း မှတ်တမ်းကား တခုကြောင့် မြောက်ကိုရီးယား - မြန်မာ စစ်ရေး ဆက်နွယ်မှု အကြောင်းကို ဒေသတွင်း ပြန်လည် သတိထားလာစေရေး လှုပ်နှိုးလိုက်သလို ဖြစ်သွားသည်။

ပြသချိန် တနာရီခန့် ကြာမြင့်သည့် ထိုမှတ်တမ်းကားကို နော်ဝေနိုင်ငံ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာနက ရိုက်ကူးထားပြီး အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြားလိုင်းတွင် မကြာသေးခင်က ထုတ်လွှင့်ခဲ့သည်။

သတင်းမှတ်တမ်းကားတွင် ပါရှိသည့် အချက်အလက်များကြောင့် အာဆီယံနိုင်ငံများအတွင်း စိုးရိမ် ပူပန်လာကြသည်။ အကြောင်းမှာ အာဆီယံနိုင်ငံများက အရှေ့တောင်အာရှ ဒေသကို နျူကလီးယား လက်နက် ကင်းမဲ့ဇုန်အဖြစ် ထားရှိရန် သဘောတူပြီးသောကြောင့် ဖြစ်သည်။

သို့ရာတွင် စစ်အစိုးရက နျူကလီးယား ပိုင်ဆိုင်ရေး ကြိုးပမ်းမှုသည် မြန်မာနိုင်ငံနှင့် အလွန် အလှမ်း ဝေးလွန်းသည့်အတွက် အောင်မြင်ရန် ခက်ခဲလွန်းလှသည်ဟု ကုလသမဂ္ဂ နျူကလီးယား စစ်ဆေးရေး အငြိမ်းစား အရာရှိ ရောဘတ် ကယ်လီက ဆိုထားသည်။ “အဓိပ္ပာယ်မဲ့သော ကြိုးပမ်းချက်” ဖြစ်သည်ဟုလည်း သူက ပြောသည်။

သို့သော်လည်း သူက “နျူကလီးယား ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်များကို အနှောက်အယှက် ပေးသလို ဖြစ်နေတာကတော့ အမှန်ပါပဲ” ဟု ကောက်ချက်ချခဲ့သည်။

DVB ၏ မှတ်တမ်းကားတွင် ပါဝင်သူ အဓိက မျက်မြင်သက်သေသည် မြန်မာ့တပ်မတော်မှ ဗိုလ်မှူးတဦး ဖြစ်၍ ဒုံးပျံတည်ဆောက်ရေး အင်ဂျင်နီယာလည်း ဖြစ်သည်။ သူသည် မြန်မာနိုင်ငံမှ ဖေဖော်ဝါရီလက ထွက်ခွာခဲ့စဉ် နျူကလီးယား အစီအစဉ်၌ လိုအပ်သော နည်းပညာနှင့် ပစ္စည်းများဆိုင်ရာ အချက်အလက်များကို တပါတည်း ယူဆောင်ခဲ့သည်။ ထိုအချက် အလက်များထဲတွင် မြောက်ကိုရီးယား၏ အကူအညီဖြင့် ယူရေနီယမ် သန့်စင်ခြင်း၊ တာဝေးပစ်ဒုံးကျည်များ တည်ဆောက်ခြင်း တို့လည်း ပါဝင်သည်။

မြန်မာစစ်အစိုးရသည် နိုင်ငံ အနှံ့အပြားတွင် လျှို့ဝှက် လိုဏ်ခေါင်းများ၊ ဘန်ကာများကို ကွန်ရက်သဖွယ် တည်ဆောက် နေသည်ဟုလည်း ဗိုလ်မှူး စိုင်းသိန်းဝင်း သယ်ဆောင် လာသည့် ထိုအချက် အလက်များကို ကိုးကားပြီး DVB က ဆိုထားသည်။

လေကြောင်းမှ တိုက်ခိုက်ခံလာရပါက ဘန်ကာများတွင် စစ်လက်နက် ပစ္စည်းများ သိုလှောင်ပြီး စစ်ဆင်ရေး ကွပ်ကဲမှု စခန်းများအဖြစ်လည်း အသုံးပြုမည်ဟု သူနှင့် အခြား ထွက်ပြေးလာသော အရာရှိများက ပြောဆိုကြသည်။ မြေအောက်ဥမင် တချို့တွင် ဖိုင်ဘာ ကေဘယ်ကြိုးများ သွယ်တန်းမည် ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်၏ နိုင်ငံတဝန်း လုံခြုံ စိတ်ချရသော သတင်းကွန်ရက် တည်ဆောက်ရေး အစီအစဉ် ဖြစ်ကြောင်း ထိုမှတ်တမ်းကားတွင် ဖော်ပြထားသည်။

နျူကလီးယားစီမံကိန်း လျှို့ဝှက် လိုဏ်ခေါင်းနှင့် ဒုံးကျည်တည်ဆောက်ရေး အစီအစဉ်များအတွက် ဒေါ်လာ ဘီလီယံနှင့်ချီ၍ ကုန်ကျလိမ့်မည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။ စစ်အစိုးရသည် စွမ်းအင် တင်ပို့ ရောင်းချခြင်းကို ပိုမို မြှင့်တင်ခြင်းဖြင့် ထိုကြီးမားလှသော စရိတ်ကို ထေမိနိုင်သည်ဟုလည်း သိရသည်။

လာမည့် ၅ နှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပတင်ပို့သည့် စွမ်းအင်ပမာဏမှ ရရှိလာမည့် ဝင်ငွေသည် ၂ ဆ တက်လာဖွယ် ရှိသည်ဟု ဝါရှင်တန်အခြေစိုက် လေ့လာရေး အဖွဲ့တခု ဖြစ်သော အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့က ခန့်မှန်းထားသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ကို တရုတ်ပြည်သို့ တင်ပို့မည့် ပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်း ပြီးစီးသွားပါက ထိုဝင်ငွေ ရလာမည် ဖြစ်သည်။ ၂ဝဝ၈ ခုနှစ်က မြန်မာနိုင်ငံ၏ စုစုပေါင်း ဝင်ငွေမှာ ဒေါ်လာ ၆ ဒဿမ ၆ ဘီလီယံ ဖြစ်ရာ ထိုအထဲတွင် သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချရာမှ ရရှိသည့် ဝင်ငွေမှာ အနည်းဆုံး ၄၅ ရာခိုင်နှုန်း ရှိခဲ့သည်။

နေပြည်တော် စစ်အစိုးရသည် နိုင်ငံ၏ အသုံးစရိတ် အများစုကို စစ်တပ် တည်ဆောက်ရေး အတွက်သာ အသုံးပြုသည်မှာ အများသိသော အချက်ဖြစ်သည်။ ပညာရေး၊ ကျန်းမာရေးနှင့် အခြားသော လူထု လုပ်ငန်းများတွင် သုံးစွဲသော ငွေပမာဏမှာ မဆိုသလောက်သာ ရှိသည်။

စစ်ဘက်ဆိုင်ရာအတွက် အသုံးပြုမှုမှာ နိုင်ငံဘတ်ဂျက်၏ ၄ဝ မှ ၆ဝ ရာခိုင်နှုန်း အထိ ရှိနေချိန်တွင် မြန်မာပြည်သူများက နေ့စဉ် ဘဝရပ်တည်မှုအတွက် အပြင်းအထန် ရုန်းကန်နေကြရသည်။

ဥပမာ ဆိုရလျှင် နိုင်ငံ၏ စီးပွားရေး အသက်သွေးကြောဖြစ်သော ရန်ကုန်မှ မန္တလေး ဒေသတကြောလုံးတွင် လျှပ်စစ်မီး ပြတ်တောက်သည့် ပြဿနာကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရသည်။ ရေအားလျှပ်စစ် စက်ရုံများတွင် လိုအပ်သည့် ရေပမာဏ မရသဖြင့် အာဏာပိုင်များက စက်မှု လုပ်ငန်းရှင်များကို လျှပ်စစ်ဓာတ်အား ဖြတ်လိုက်သောကြောင့် လုပ်ငန်းများ ရပ်ဆိုင်းရတော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ အပါအဝင် သယံဇာတ ထွက်ရှိမှု ပမာဏသည် ကြီးမားလှသော်လည်း မြန်မာနိုင်ငံသည် ယခုအထိ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများထဲတွင် ပါဝင်နေသေးသည်။ မြန်မာနိုင်ငံ၏ နှစ်စဉ် တိုးတက်မှု နှုန်းထားသည် ၂ ဒဿမ ၉ ရာခိုင်နှုန်းသာ ရှိ၍ မဲခေါင်ဒေသတွင် အနိမ့်ဆုံး ဖြစ်နေသည်။

ထိုကဲ့သို့ ဆိုးရွားရက်စက်သည့် စစ်အာဏာရှင် အုပ်ချုပ်မှုအောက်တွင် ဘဝရပ်တည်မှု ခက်ခဲ ပြင်းထန်လွန်းသောကြောင့် ဗိုလ်မှူး စိုင်းသိန်းဝင်းကဲ့သို့ တပ်မတော်သားများ ပြင်ပသို့ မကြာခဏ ဆိုသလို ထွက်ပြေးနေကြပုံရသည်။

ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေစဉ် မကြာသေးခင်က ပြုလုပ်ခဲ့သော နေပြည်တော် လေးလပတ် အစည်းအဝေး အပြီးတွင် တပ်မတော် အတွင်း ရာထူးကြီးနေရာများ အပြောင်းအလဲ ဖြစ်ခဲ့သည်ကိုလည်း မတွေ့ရပေ။

တပ်တွင်း ခေါင်းဆောင်မှုကို ပြောင်းလဲမှု မပြုသည့် အဓိပ္ပာယ်မှာ အသက် ၇၇ နှစ် အရွယ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ အသက် ၇၂ နှစ် ရှိပြီ ဖြစ်သော ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် အသက်အရွယ်ကြီးနေပြီဖြစ်သည့် အခြားသော တပ်မတော် ခေါင်းဆောင်များ အနားယူရန် အစီအစဉ် မရှိသေးသည့် သဘောဟု ဆိုနိုင်သည်။ လက်ရှိစစ်ရာထူးများမှ အနားမယူနိုင်သေးသည်မှာ အာဏာကို ငန်းဖမ်းနေရုံသာမက အကယ်၍ အာဏာ လက်လွှတ်လိုက်ပြီးနောက် အောက်ခြေအရာရှိများ သူတို့အပေါ် သစ္စာ ရှိမရှိ ဆိုသည်ကို သံသယ ဝင်နေသောကြောင့်လည်း ဖြစ်သည်။

တချိန်တည်းတွင်လည်း ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် ဝန်ကြီး အများအပြားသည် စစ်ဘက်ရာထူးများမှ အနားယူ၍ နိုင်ငံရေးပါတီတခု တည်ထောင်လိုက်သည်။ ၎င်းတို့ တည်ထောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် စစ်အစိုးရ ချုပ်ကိုင်မည့် ရွေးကောက်ပွဲတွင် စိန်ခေါ်မည့် ပြိုင်ဘက်မရှိ ယှဉ်ပြိုင်မည် ဖြစ်သည်။

ထိုသို့ ထိပ်တန်းစစ်ခေါင်းဆောင်များက အာဏာ လက်မလွတ်ရေး ကြိုးစားနေချိန်တွင် မြန်မာ့အရေး ကျွမ်းကျင်သူဟု ဆိုသူများက ရွေးကောက်ပွဲအပြီး မြန်မာပြည်၏ နိုင်ငံရေးမြင်ကွင်း ပြောင်းလဲလာလိမ့်မည်ဟုပင် မိုက်မိုက်မဲမဲ ယုံကြည်နေကြသည်။

နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ (ICG) က ရွေးကောက်ပွဲသည် နိုင်ငံ၏အနာဂတ် အပြောင်းအလဲအတွက် အကောင်းဆုံးသော အခွင့်အလမ်းဖြစ်သည်ဟု မကြာသေးခင်က သုံးသပ်ထားသည်။

ICG သည် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပုံပေးခဲ့ကြသော တပ်မတော် အကြပ်တပ်သားများ အပါအဝင် မဲဆန္ဒရှင်များကို လာမည့် ရွေးကောက်ပွဲတွင် လွတ်လပ်စွာ မဲပေးနိုင်ပါမည်လားဟု မေးကြည့်သင့်သည်။

ဗိုလ်မှူး စိုင်းသိန်းဝင်းကမူ ပြတ်ပြတ်သားသား အဖြေပေးခဲ့ပြီး ဖြစ်သည်။ အန္တရာယ် ကြီးမားပြီး ငွေကြေး အလွန်အမင်း ဖြုန်းတီးပစ်ရာ ရောက်သည်ဟု သူ ယူဆသော မြန်မာ့ နျူကလီးယား အစီအစဉ် ရပ်တန့်စေရေးအတွက် ယခုကဲ့သို့ လျှို့ဝှက်ချက်များကို ဖွင့်ချလိုက်ခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

ရဲနည် ရေးသားသည့် Alarm Bells Ring Over New Nuclear Evidence ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
http://www.irrawaddy.org/bur/index.php/editorial/2009-02-27-05-56-44/3485-2010-06-28-08-59-57