Thursday, July 1, 2010

ဂွက်လတ်ကြီး ဘီယာဆိုင်ကြောင့် ရန်ကုန် လူထု အခက်ကြုံ


6/30/2010

ထွန်းထွန်း
-------------
ရန်ကုန်တိုင်း တောင်ဒဂုံ မြို့နယ်တွင် ဖွင့်လှစ်ထားသည့် ဘီယာဆိုင် တခုမှ ညလုံးပေါက် ဆူညံနေမူကြောင့် အနီးအနားရှိ ပြည်သူများ အနေဖြင့် အနှောင့်အယှက် ဖြစ်နေရကြောင်း ရပ်ကွက်နေ ပြည်သူများက နိရဉ္စရာသို့ ပြောသည်။

အဆိုပါ ဆိုင်အမည်မှာ “ဂွက်လတ်ကြီး” ဟု အမည်ပေးထားသော ဆိုင်ဖြစ်ပြီး တောင်ဒဂုံမြို့နယ် တောင်ပိုင်း တံတားဖြူ မှတ်တိုင် ပင်လုံဆေးရုံအနီး ၂၈ ရပ်ကွက်မှာ တည်ရှိသည်ဟု သိရသည်။

ရပ်ကွက်နေပြည်သူ တဦးက “ ဒီဆိုင်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မြေး ဖိုးလပြည့် ပိုင်တယ်လို့ သိရပါတယ်။ ည ၆ နာရီကနေ နံနက် ၄နာရီ အထိ တညလုံးလိုလို ဘီယာဆိုင်ကို ဖွင့်လှစ် ထားပြီး အဆို အကတွေနဲ့ တီးမူတ် သီဆို ဖျော်ဖြေ ပျော်ပါး နေကြတာကြောင့် အနီးနား တ၀ိုက်မှာ နေထိုင်နေကြတဲ့ ဒေသခံများ အတွက် အထူး အနှောင့်အယှက် ဖြစ်နေကြရပါတယ်” ဟု ပြောသည်။

အဆိုပါ ဘီယာဆိုင်ကို တချို့ပြည်သူများ က စင်တင် တေးဂီတ ညပွဲဟု ခေါ်နေကြပြီး ၄င်းဘီယာ ဆိုင်သို့ အဆို တော်များဖြစ်ကြသည့် ခင်မောင်တိုး၊ ဆောင်းဦးလှိုင်၊ အေးသင်ချို၊ ကော်နီနှင့် တခြား အဆို တော်များလည်း လာရောက် ဖြေဖျော်ကြသည်ဟု သူက ဆက်ပြောသည်။

“အဆိုတော်တွေကို ငှားရမ်းပြီး စီးပွားရေးအရ တွက်ခြေ ကိုက်အောင် လုပ်ကိုင် နေကြတာ ဖြစ်ပါတယ်။ သုံးညမှ တညစီ အဆိုတော်တွေက လာရောက် ဖြေဖျော်တဲ့ အတွက် အဲဒီ ဘီယာဆိုင်ကို လာရောက် ပျော်ပါးကြတဲ့ သူတွေက အထူးများပြားပါတယ်။ နောက်ကွယ်မှာတော့ ဆိုင်ပိုင်ရှင်တွေက မကောင်းမူ တွေကို လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။”

အဆိုတော်များ မရောက်သော တခြားညမျာတွင် ဘီယာ ဆိုင်၌ အလုပ်ခန့်ထားသူ အမျိုးသမီးများက စင်တင် ဖြေဖျော်ရေး အစီအစဉ်များကို တာဝန်ယူဆောင်ရွက်ကြပြီး အမျိုးသမီးများမှာ အသက် ၁၈ နှစ်မှ ၂၀ အရွယ်ထိ ဖြစ်ကြောင်းနှင့် အရေအတွက်အားဖြင့် ၃၀ ခန့်ရှိသည်ဟု သိရသည်။

၎င်း ဘီယာဆိုင် အနီးတွင်လည်း မြနန်းသစ် တည်းခိုခန်း တခု ရှိပြီး အဆိုပါ ဘီယာဆိုင်နှင့် အလုပ် ဆက်စပ်ထားကာ မကောင်းမူ လုပ်ငန်းများကို လုပ်ကိုင်ကြသည်ဟု သူက ပြောသည်။

“အဲဒီ တည်းခိုးခန်းက ၅မိနစ်လောက်ဘဲ ကားနဲ့သွားရပါတယ်။ ဖေါက်သည်တွေကို ကားတွေက အကြိုအပို့ လုပ်ပေးပါတယ်။ ခုလို မြန်မာ့ ယဉ်ကျေးမူနဲ့ မကိုက်ညီဘဲ ဖြစ်နေတဲ့ ဘီယာဆိုင် အပေါ် ဗိုလ်ချုပ်မှူးကြီးရဲ့ မြေးပိုင်တဲ့ ဆိုင်ဆိုပြီးတော့ ဘယ်သူ တယောက်မှလဲ မပြော ရဲကြဘူး။ ဒါကြောင့် သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတာ ဖြစ်ပါတယ်” သူကပြောသည်။

အဆိုပါဘီယာဆိုင်တွင် အစားအသောက်မပါပဲ ထိုင်ခ သီးသန့် တယောက်ကို ကျပ်ငါးထောင်စီ ပေးသွင်း ရသည်ဟုလည်း သိရသည်။
http://www.narinjara.com/detailsbur.asp?id=2590

မရီးဖြစ်သူနဲ့ ယောက်ဖဖြစ်သူ တို့မှ ကျောက်တံတားရဲစခန်းအား ဒုဗိုလ်ချူပ်ကြီး မြတ်ဟိန်းအမည်ဖြင့် ဖိအားပေးခဲ့သည့်အမှု


ဒုဗိုလ်ချူပ်ကြီး မြတ်ဟိန်းရဲ့ မရီးဖြစ်သူနဲ့ ယောက်ဖဖြစ်သူ တို့မှ ကျောက်တံတားရဲစခန်းအား ဒုဗိုလ်ချူပ်ကြီး မြတ်ဟိန်းအမည်ဖြင့် ဖိအားပေးခဲ့သည့်အမှု

U Nyunt Mg

Click နှိပ်ပြီး အကျယ်ချဲ့ကြည့်ပါရန်....
ဒုဗိုလ်ချူပ်ကြီး မြတ်ဟိန်း၏ ဇနိးဖြစ်သူ ဒေါ်ထွေးညွန့်ရဲ့ အမဒေါ်စုစုညွန့်နဲ့ မောင်ဖြစ်သူ ဟာမိုနီကုမ္ပဏီ မာန်နေဂျင်း ဒါရိုက်တာ ဦးပီတာညွန့်မောင်တို့မှ လိမ်လည်တိုင်ကြားပြီး ကျောက်တံတားရဲစခန်းအား ဒုဗိုလ်ချူပ်ကြီး မြတ်ဟိန်းအမည်ဖြင့် ဖိအားပေးခဲ့သည့်အမှု ဖြစ်ပါတယ်။ ကျောက်တံတားရဲစခန်းအား ဒုဗိုလ်ချူပ်ကြီး မြတ်ဟိန်းအမည်ဖြင့် ဖိအားပေး ခြိမ်းခြောက်ထား၍ ရဲစခန်းမှ နှစ်ဖက်သက်သေများအား ခေါ်ယူစစ်ဆေးခဲ့ခြင်း မရှိခြင်း.. ငွေကြေးပမာဏများအား လိမ်လည်တိုင်ကြားထားခြင်း .. ပို့ဆောင်သည့် လူဦးရေစာရင်း လိမ်လည်ထားခြင်း... Deposit ငွေများအား ပြန်လည်ပေးအပ်ခြင်း မရှိခြင်း.. စသည့်အချက်အလက်များအား .... ပေးပို့လာသူမှ သက်သေအထောက်အထား စာရွက်စာတမ်းများနဲ့ ပေးပို့လာပါတယ်။

ပေးပို့လာသည့် အမှုဖြစ်စဉ် သတင်းအပြည့်အစုံအား ဆက်လက်ဖော်ပြပေးပါမည်။
http://www.demowaiyan.co.cc/2010/07/blog-post.html

1 July 2010 ဒိုင်ယာရီ

1 July 2010 yeyintnge Diary.doc file here
1 July 2010 Yeyintnge Diary

နာဂိုယာတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ပန်းဘဲတန်းမြို့နယ် တရားသူကြီး ဗိုလ်ကြီးသန့်ဇော်သန်း

ဂျပန်နိုင်ငံနာဂိုယာတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ပန်းဘဲတန်းမြို့နယ် တရားသူကြီး ဗိုလ်ကြီးသန့်ဇော်သန်းအကြောင်း တစေ့တစောင်း.
ယခုရက်ပိုင်းများအတွင်း မီဒီယာများမှာ အများဆုံးဖော်ပြနေတဲ့ " သြစတြေးလျ နိုင်ငံ၌ စာရင်းကိုင် ပညာသင်ကြား နေသည့် ဗိုလ်မှူးချုပ် ဇင်ယော်၏ သမီးမဇင်မွန်အေး သည် စီးပွားရေးအရ အရေးယူ ဒဏ်ခတ် ထားသော စာရင်းဝင် တဦး ဖြစ်နေသည့် အတွက် မကြာမီ ရက်ပိုင်း အတွင်း မြန်မာနိုင်ငံသို့ ပြန်ရမည်ဖြစ်ကြောင်း သြစတြေးလျ ပြည်ထောင်စု တရားရုံးက အမိန့်ချမှတ်လိုက်သည်ဟု သိရှိရသည်။

မဇင်မွန်အေးသည် ဖခင် ၊ မိခင် ဒေါ်ခင်သီရိ၊ မောင်ဖြစ်သူ မောင်ထက်အောင် တို့နှင့်အတူ သြစတြေး လျအစိုးရမှ ထုတ်ပြန်ခဲ့သော စီးပွားရေး ပိတ်ဆို့အရေးယူခံရသူများ စာရင်းတွင် အမှတ် 2007BUR0310, 2007BUR0311, 2008BUR0434, 2008BUR0435 စသည့် အမှတ်စဉ်များနှင့် ၎င်းတို့၏ မိသားစုတစုလုံး ပါဝင်နေခဲ့သည်။ ဗိုလ်မှူးချုပ် ဇင်ယော်သည် ပုသိမ် လေတပ်စခန်းတွင်လည်းကောင်း မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ ဘုတ်အဖွဲ့ဝင် အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သြစတြေးလျနိုင်ငံမှ ထုတ်ပြန်သော စီးပွားရေး ပိတ်ဆို့ အရေးယူခံရသူများ စာရင်းတွင် ဖော်ပြထားသည်။ (သတင်း ဧရာဝတီ)
Capt Thant Zaw Thant

ပန်းဘဲတန်းမြို့နယ် တရားသူကြီးဥက္ကဋ္ဌ ဗိုလ်ကြီးသန့်ဇော်သန်း
အထက်ပါသတင်းနဲ့ အတူဂျပန်နိုင်ငံရဲ့ တက္ကသိုလ် အသီးသီးမှာ ရိုးရိုးအရပ်သားပုံစံဖြင့် တက်ရောက်ပညာသင်ကြားနေတဲ့ စစ်တပ်အရာရှိ တစ်ဦး ဖြစ်တဲ့ နာဂိုယာတက္ကသိုလ်မှ ဗိုလ်ကြီးသန့်ဇော်သန်း အကြောင်းကိုလည်း (Generals and their relatives watchers GRW စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့မှ) ကိုမင်းဇိနမှ အချက်အလက်များနဲ့ ဖော်ထုတ်ပေးပို့လာပါတယ်။

ဗိုလ်ကြီးသန့်ဇော်သန်းဟာ ဥပဒေဘွဲ့ရရှိခဲ့ပြီး ယခင်စစ်ခုံရုံး တရားသူကြီးတစ်ဦး ဖြစ်ပါတယ်။ စစ်တပ် အသိုင်းအဝိုင်းထဲကပဲ ဖြစ်ပြီး ယခုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးသိန်းစိုးနဲ့ ပတ်သတ်ဆက်နွယ်နေသူ တစ်ဦးဖြစ်ပါတယ်။ သူဟာစစ်တပ်ကနေ ပထမ အကောက်အခွန်ဦးစီးဋ္ဌာနသို့ ပြောင်းရွှေ့တာဝန် ပေးခြင်းခံရပြီးနောက် ပန်းဘဲတန်းမြို့နယ် လက်ထောက်တရားသူကြီးအဖြစ် ၂၀၀၅ခုနှစ်မှာ ပြန်လည် တာဝန်ပေးခြင်းး ခံရပါတယ်။ ပန်းဘဲတန်းမြို့နယ်ထဲက စီးပွားရေးလုပ်ငန်းရှင်တွေ အသိုင်းအဝိုင်းထဲမှာလည်း နာမည်ကြီးသူ ဖြစ်ပါတယ်။ ၂၀၀၈ခုနှစ်မှာ ဂျပန်နိုင်ငံ Japanese Grant Aid for Human Resource Development Scholarship (JDS) program ရဲ့ စကောလားရှစ်ကို ရရှိခဲ့ပြီး တစ်လလျှင် ယန်း(၁၅)သောင်း ဒေါ်လာ(၁၆၀၀)ခန့်ရရှိပါတယ်။ ယခုအခါ Nagoya University Department Of Law မှာ Master (LL.M) တက်ရောက်နေပြီး ၂၀၁၁ခုနှစ်မှာ ပညာသင်ကြားမှု ပြီးဆုံးမှာ ဖြစ်ပါတယ်။

Capt Thant Zaw Thant2
ပေးပို့လာတဲ့ ဓာတ်ပုံတွေထဲက တစ်ချို့ကို ဖော်ပြလိုက်ပါတယ်...
ဗိုလ်ကြီးသန့်ဇော်သန်းဟာ ပန်းပဲတန်းမြို့နယ်မှာ အာဏာအရှိဆုံး တရားသူကြီးတစ်ဦးဖြစ်ပါတယ်... လက်ရှိအိမ်ထောင်နဲ့ ကလေးနှစ်ဦးရှိပါတယ်။ ယခု၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနဲ့ နီးစပ်မှုရှိတဲ့ အတွက်ကြောင့် ရောက်ရှိလာတယ်လို့ဆိုပါတယ်။ နောက်ထပ်ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ စစ်တပ်အရာရှိ အများအပြားရှိကြောင်း .. ဂျပန်အစိုးရမှ သိလျှက်နဲ့ခေါ်ယူတာလား.. စစ်အစိုးရမှ အရပ်သားပုံစံဖြင့် စေလွှတ်နေတာလား ဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး..လို့ GRW မှ ကိုမင်းဇိနမှဆိုပါတယ်...။ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ တာဝန်ခံတစ်ဦးမှ ပြောဆိုရာမှာတော့ " ဒီလိုစစ်တပ်ဝန်ထမ်းတွေကို ခေါ်ယူနေတဲ့ ကိစ္စတွေကို သေသေချာချာ ဖော်ထုတ်ဖို့လိုအပ်ကြောင်း သက်သေခံ အထောက်အထားတွေနဲ့ ဂျပန်အစိုးရကို သိအောင်လုပ်ဖို့ ဂျပန်ရောက် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေမှာ တာဝန်ရှိကြောင်း အနောက်နိုင်ငံ အစိုးရတွေ ပုံစံမျိုးစစ်အာဏာရှင် အသိုင်းအဝိုင်းမိသားစုတွေကို ပိတ်ပင်ဖို့ ဂျပန်အစိုးရကို တိုက်တွန်းဖို့ လိုအပ်ကြောင်း ပြောဆိုသွားသလို... GRW မှ ကိုမင်းဇိနမှလည်း.. ဒီကိစ္စတွေကို စုံးစမ်းဖော်ထုတ်ဖို့ အတွက် အားလုံးပူပေါင်း ပါဝင်စေလိုကြောင်း ပြည်သူတွင်းမှာ ပြည်သူတွေ အဖိနှိပ်ခံနေရသလို တန်ပြန်လုပ်နိုင်တဲ့ ပြည်ပမှာရောက်ရှိနေတဲ့ စစ်အာဏာရှင်မိသားစုတွေ၊ အသိုင်းအဝိုင်းတွေကို စုံစမ်းဖော်ထုတ်သွားဖို့ ပြည်ပရောက်နေတဲ့ သူတွေက တတ်နိုင်သလောက် လုပ်ဆောင်ပေးစေလိုကြောင်း ပြောဆိုသွားပါတယ်။ GRW ကိုဆက်သွယ်လိုလျှင် grwwatchers@gmail.com ကိုဆက်သွယ် နိုင်ပါတယ်။

ဂျပန်နိုင်ငံမှာ စစ်အစိုးရနဲ့ ပတ်သတ်သူတွေနဲ့ စစ်တပ်အရာရှိတွေ မကြာခဏဆိုသလို ရောက်ရှိ ပညာသင်ကြားနေပါတယ်။ ဒါဟာ ဂျပန်အစိုးရက သိလျှက်နဲ့ခေါ်တာ ဟုတ်မဟုတ်ဆိုတာ မေးမြန်း ဖော်ထုတ်ဖို့လိုသလို.. စစ်အစိုးရမှလည်း အရပ်သားပုံစံနဲ့ ပို့ဆောင်နေတယ် ဆိုရင်လည်း တောင်းဆို ကန့်ကွက်ဖို့လိုပါတယ်။ နို့မဟုတ်ရင် ပြည်သူတွေ၊ သာမာန် အရပ်သား ဝန်ထမ်းတွေအတွက် အင်မတန်နစ်နာသလို.. စစ်အစိုးရနဲ့ ပတ်သတ်နေသူတွေသာ ပြည်တွင်းမှာ ဂုတ်သွေးစုတ်နေယုံမကပဲ ပြည်ပမှာ အခွင့်ထူးခံတွေအဖြစ် အခွင့်အရေးတွေ၊ ပညာတွေ လပ်ဝါးကြီးအုပ် ရရှိနေမှာ ဖြစ်တဲ့အတွက် အားလုံး မိမိတို့ အသိစိတ်ဓာတ်နဲ့ ပူးပေါင်းပါဝင် စုံစမ်းဖော်ထုတ်ပေးကြဖို့ GRW မှပေးပို့လာတာကို တင်ပြလိုက်ရပါတယ်။
http://www.demowaiyan.co.cc/2010/07/blog-post_2761.html

ဂေါဏေနဂေါဏောဟူသည်မှာ



NEJ / ၀၁ ဇူလိုင် ၂၀၁၀

အဏုမြူလက်နက် ထုတ်လုပ်ရန်ရည်ရွယ်သည့် သက်သေအထောက်အထားများကို တွေ့ရသော်လည်း အဏုမြူနှင့် ပတ်သက်သော လုပ်ငန်းများမရှိကြောင်း ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအား အေဂျင်စီသို့ နအဖစစ်အစိုးရက စာရေးအကြောင်းကြားလိုက်သည်။ အဏုမြူစွမ်းအင်နှင့်ပတ်သက်သော လုပ်ငန်းများ ယခင်က မရှိခဲ့ကြောင်း၊ ယခုလည်း မရှိကြောင်း၊ နောင်တွင်လည်း ရှိမည်မဟုတ်ကြောင်း ဗြောင်လိမ်လိုက်၏။ သို့သော်လည်း အချိန်မရွေး အစစ်ဆေးခံနိုင်သည်ဟု မပြောရဲပါ။ မြောက်ကိုရီးယားနှင့် လျှို့ဝှက်ဆက်သွယ်နေသည့်ကိစ္စကိုလည်း နအဖစစ်အစိုးရသည် အစစ်ဆေးခံဝံ့မည် မဟုတ်ပါ။ ၁၉၆၂ ၌ ဗမာစစ်အစိုးရ အာဏာရလာသည်မှစ၍ ကလိမ်ကလည်လုပ်ခြင်းသည် သာမန်ထမင်းစားရေသောက် အလုပ်ပင်ဖြစ်၏။ မြောက်ကိုရီးယားနှင့် နအဖစစ်အစိုးရသည် တရုတ်အားကိုးဖြင့် ဗြောင်လိမ်နေခြင်းဖြစ်၏။ လက်တွေ့စစ်ဆေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက တောင်းဆိုလာပါက ဗီတိုအာဏာပိုင် တရုတ်သည် ကလိမ်ချုံအစိုးရများဘက်မှ ရပ်တည်မည်ဖြစ်သည်။

ဂေါဏေနဂေါဏောဟူသည်မှာ မြောက်ကိုရီးယား-နအဖ ဆက်ဆံရေးဖြစ်သည်။ အဏုမြူအတတ်ပညာကို လျှို့ဝှက်စွာရယူရန် ကြံစည်နေသည့် ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး၏ ရုရှခရီးအစီရင်ခံစာနှင့် ဗိုလ်ချုပ်ကြီးသူရရွှေမန်း၏ မြောက်ကိုရီးယား ခရီးအစီရင်ခံစာများ နိုင်ငံခြားသို့ ဖြန့်ဝေသည်ဟူသော စွဲချက်ဖြင့် အငြိမ်းစားဗိုလ်မှူးဝင်းနိုင်ကျော်နှင့် အကြီးတန်းစာရေး သူရကျော် (ခေါ်) အောင်အောင်တို့ကို သေဒဏ်ပေးလိုက်သည်ကို ကြည့်ခြင်းအားဖြင့် နအဖအုပ်စု ကြောက်ရွံ့ထိတ်လန့်သွားပုံကို ခန့်မှန်းနိုင်သည်။ အဏုမြူစွမ်းအင်ဆိုင်ရာ စီမံကိန်းမရှိဟု ဗြောင်လိမ်လိုက်သော်လည်း ၂၀၀၆ ဧပြီလ (၂) ရက်နေ့မှ (၆) ရက်နေ့အထိ ရုရှပြည်ခရီးတွင် အဏုမြူအတတ်ပညာသင်ပေးဖို့ ဗိုလ်မောင်အေးက ရုရှအာဏာပိုင်ကို ပန်ကြား၏။

“အာကာသနည်းပညာရပ်ဆိုင်ရာ ပညာရပ်များ၊ နျူကလီးယားသိပ္ပံဘာသာရပ်များကို ဆက်လက်လေ့လာသင်ကြားခွင့်ရရှိရေး အကူအညီပေးရန် မေတ္တာရပ်ခံလိုပါကြောင်း၊ မြန်မာကျောင်းသားများ လုပ်ငန်းခွင် အတွေ့အကြုံရရှိရေးအတွက် သက်ဆိုင်ရာ တက္ကသိုလ်များရှိ လုပ်ငန်းခွင် လက်တွေ့လေ့လာသင်ကြားခွင့်ပြုနိုင်ရေးကိုလည်း ရုရှအစိုးရမှ လိုအပ်သည်များ စီစဉ်ဆောင်ရွက် ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း၊ အထူးတင်ပြချက်တရပ်ကို တင်ပြလိုပါကြောင်း၊ မိမိတို့၏ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍအတွက် Nuclear Reactor တည်ဆောက်လိုပါကြောင်း၊ အရွယ်အစားအားဖြင့် (၁၀) မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် ဓာတ်ပေါင်းဖိုဖြစ်ကြောင်း၊ ယင်းဓာတ်ပေါင်းဖို တည်ဆောက်ရန်အတွက် IAEA ၏ သဘောတူချက်ရပြီးဖြစ်ပါကြောင်း” စသည်ဖြင့် ဗိုလ်မောင်အေး၏ ရုရှမှတ်တမ်း၌ ဖော်ပြထားသည်။

(၁၀) မဂ္ဂါဝပ်ဓာတ်ပေါင်းဖိုသည် အဏုမြူလက်နက်ထုတ်လုပ်ရာ၌ လိုအပ်သော Plutonium ကို ထုတ်လုပ်နိုင်သဖြင့် ရေရှည်တွင် အဏုမြူလက်နက် ထုတ်လုပ်နိုင်လိမ့်မည်ဟု ခန့်မှန်းကြသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ရုရှသည် နအဖစစ်အစိုးရဘက်မှ ရည်တည်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိကြောင်းကိုလည်း ဗိုလ်မောင်အေးက ရုရှခရီးစဉ်၌ ပြောသည်။ ရုရှနှင့်တရုတ်က ချစ်ကြည်ရေးလုပ်နေသော ကင်ဂျုံအီးနှင့်နအဖကို လူမိုက်အစိုးရအဖြစ် အမေရိကန်က သတ်မှတ်ထားတယ်။ လက်နက်အားကိုးပြီး အနိုင်ကျင့်သော အစိုးရများဖြစ်သည့်အတွက် လက်နက်အင်အားကြီးမားရန်သာ အဓိကထားကြသည်။ လူတစု ကောင်းစားရေးကိုသာ အာရုံစိုက်ပြီး ပြည်သူပြည်သားကို ဓားစာခံလုပ်ထားသည့်အတွက် လူမိုက်အစိုးရဟု အမေရိကန်က သတ်မှတ်ခြင်းဖြစ်၏။ လုံခြုံရေးကောင်စီက အရေးယူနေသည့်ကြားမှာ ကင်ဂျုံအီး အဏုမြူလက်နက်ပိုင်ရှင်ဖြစ်လာသည်ကို နအဖက အားကျနေပုံရ၏။ ကင်ဂျုံအီးသည် နအဖအုပ်စု၏ ဆရာတဆူဖြစ်သည်။ ကမ္ဘာပေါ်တွင် ကင်ဂျုံအီးအဆိုးဆုံးဖြစ်၍ မူဂါဘေက ဒုတိယအဆိုးဆုံးဖြစ်ပြီး သန်းရွှေသည် တတိယအဆိုးဆုံးဖြစ်ကြောင်း ဇူလိုင်လထုတ် Foreign Policy မဂ္ဂဇင်း၌ ဖော်ပြထားသည်။ ဗိုလ်နေ၀င်းမရနိုင်သောဘွဲ့ထူးကို ဗိုလ်သန်းရွှေရလိုက်ခြင်းဖြစ်၏။

ကင်ဂျုံအီးဆိုသည့်အမည်ကြားပါက အလိုလိုက်ခံရသော ကလေးဆိုးသူဌေးသားကို မြင်ယောင်မိသည်။ တွေးကြောက်တတ်ပြီး ပြင်သစ်အရက် ကွန်းညက်ကြိုက်သော ပုဂ္ဂိုလ်ဖြစ်သည်ဟု သံတမန်များ ပြောကြသည်။ ကင်ဂျုံအီးသည် ရုပ်ရှင်ဝါသနာအိုးဖြစ်၍ ဟိုးလီးဝဒ်ရုပ်ရှင်ကားပေါင်း နှစ်သောင်းခန့် စုဆောင်းထားသည်ဟု သိရသည်။ ရုပ်ရှင်အကြောင်း စာအုပ်ရေးဖူးသည်။ အစားအသောက်၌လည်း ဇိမ်ခံသူဖြစ်သည်။ လေယာဉ်မစီးရဲ၍ မီးရထားဖြင့် ရုရှသို့သွားစဉ် စားရန် ပုစွန်ထုပ်အရှင်များကို လေယာဉ်ဖြင့် ပို့ပေးရ၏။ ငွေတူကို သုံးသည်ဟူ၏။ တောင်ကိုရီးယားသမ္မတ ကင်ဒေဂျွန်းနှင့် ၂၀၀၀ ခုနှစ်၌ တွေ့ဆုံစဉ် ကင်ဂျုံအီးသည် ၀ိုင်အရက် (၁၀) ခွက်အထိ သောက်သည်ကို တွေ့ရသည်ဟူ၏။ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် ပုလင်းတူဘူးဆို့ပင်ဖြစ်သည်။

၁၉၇၀ နှင့် ၁၉၈၀ ပြည့်လွန်နှစ်များတွင် မြောက်ကိုရီးယား အထူးတပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သည့်အတွက် အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်ဂိုဏ်းများနှင့် ကင်ဂျုံအီး အဆက်အသွယ်ရှိသည်ဟု သိရ၏။ ၁၉၈၃ ၌ မဆလ ဧည့်သည်တော်အဖြစ် ရန်ကုန်၌ ရောက်နေသော တောင်ကိုရီးယားသမ္မတအဖွဲ့ကို တိုက်ခိုက်သဖြင့် ဗိုလ်နေ၀င်းက သံတမန်အဆက်အသွယ် ဖြတ်တောက်လိုက်၏။ ၁၉၈၆ ၌ တောင်ကိုရီးယားလေကြောင်းကို ဗုံးဖောက်ခွဲတိုက်ခိုက်သဖြင့် ခရီးသည် (၁၀၀) ကျော် သေဆုံးသည်မှာ ကင်ဂျုံအီးလက်ချက်ဟု ယူဆကြ၏။ ကင်ဂျုံအီးကို ကြည့်လျှင် လူနုံလူအဟု ထင်နိုင်သော်လည်း လူလည်ဖြစ်ကြောင်း သိရ၏။ ကင်ဂျုံအီးသည် ကမ္ဘာ့အခြေအနေကို ကောင်းကောင်းသိသည်ဟု သူနှင့် တွေ့ဆုံဖူးသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း မယ်ဒလင်းအောလ်ဘရိုက်က ဆိုသည်။

မူးယစ်ဆေး၊ အမေရိကန်ဒေါ်လာအတု၊ စီးကရက်အတု၊ ဆေးဝါးအတု စသည်များကို ထုတ်လုပ်၍ ရာဇ၀တ်မှုကျူးလွန်ကာ မြောက်ကိုရီးယားအစိုးရ စီးပွားရှာသည်ကို ၂၀၀၈ သြဂုတ်လ (၂၅) ရက်နေ့ထုတ် အမေရိကန်ကွန်ဂရက်လွှတ်တော်၏ (၂၁) မျက်နှာ သုတေသနစာတမ်းတွင် အသေးစိတ်ဖော်ပြထားသည်။ နအဖစစ်အုပ်စုသည်လည်း ရာဇ၀တ်မှုမျိုးစုံကျူးလွန်သူများ ဖြစ်သည်။ နအဖအုပ်စု၏ လုပ်ဖော်ကိုင်ဖက်များသည် ဘိန်းမှောင်ခိုများဖြစ်၏။ ဘိန်းမှောင်ခို လော်စစ်ဟန်သားအဖ ဦးစီးသော အေးရှားဝေါလ်ကုမ္ပဏီသည် မြန်မာပြည်၌ အကြီးဆုံး ကုမ္ပဏီတခုဖြစ်သည်။ ဘိန်းမှောင်ခိုဘ၀မှ ဆိပ်ကမ်းများ၊ လမ်းများ၊ ရေအားလျှပ်စစ်များ စသည့် အခြေခံအဆောက်အုံများကိုပင် ပိုင်ဆိုင်သော ကုမ္ပဏီကြီးဖြစ်လာသည်။ စစ်ဗိုလ်တစုနှင့် ကုမ္ပဏီအချို့က မြန်မာပြည်ကို ခွစီးထားခြင်းဖြစ်သည်။

ပြည်ပအန္တရာယ်ကို လက်ညှိးထိုး၍ တပ်တွင်းစည်းလုံးရေး ရယူဖို့ ကြိုးစားရာ၌လည်း မြန်မာစစ်အုပ်စုနှင့် ကင်ဂျုံအီးအုပ်စုသည် အသွင်တူကြ၏။ မြန်မာစစ်အုပ်စုတွင် အချင်းချင်း ခွက်စောင်းခုတ်မှုများ ရှိသကဲ့သို့ အင်အား (၁) သန်းကျော်ရှိသော မြောက်ကိုရီးယား စစ်တပ်တွင်လည်း ပြဿနာရှိသည်။ မြန်မာစစ်ဗိုလ်စစ်သားသည် တပ်ထဲမှ ပစ္စည်းကို အပြင်မှာ ရောင်းစားသကဲ့သို့ မြောက်ကိုရီးယား စစ်သားများသည် စစ်ပစ္စည်းကို ခိုးရောင်းနေကြသည်။ တပြည်လုံးရင်ဆိုင်ရသော အငတ်ပြဿနာကို စစ်ဗိုလ်စစ်သားရှောင်ကွင်း၍ မရနိုင်ကြောင်း ပြသခြင်းဖြစ်၏။

ပြုပြင်ရေးလုပ်ပါက အာဏာလက်လွှတ်မည်ကို ကင်ဂျုံအီးနဲ့ဗိုလ်သန်းရွှေတို့ သိထားကြသဖြင့် ပြည်တွင်း၌ မည်သို့ပင်ဖြစ်စေကာမူ ပြုပြင်ရေးလုပ်မည်မဟုတ်ပါ။ ကင်ဂျုံအီးနေရာ ဆက်ခံမည့်သူကို ရွေးချယ်မည့် လုပ်ဇာတ်ကြီး မကြာမီ ခင်းကျင်းပြသမည်ဟု သတင်းထွက်နေသည်။ ဗိုလ်သန်းရွှေသည်လည်း အလားတူကြံစည်နေ၏။ မြန်မာနဲ့မြောက်ကိုရီးယားကို မင်းဆိုးမင်းညစ် ကြီးစိုးသည့်ဒေသဟု အမေရိကန်အစိုးရများက သတ်မှတ်သော်လည်း ဤနိုင်ငံများတွင် ဒုက္ခရောက်နေသော ပြည်သူလူထုကို ကယ်တင်နိုင်မည်မဟုတ်ပါ။ အင်အားအကြီးဆုံး နိုင်ငံဖြစ်သော်လည်း အမေရိကန်သည် နေရာတိုင်းတွင် စွမ်းဆောင်နိုင်မည်မဟုတ်ပါ။ ထိရောက်စွာ အရေးမယူနိုင်ဘဲ လေလုံးထွားရုံလောက်သာ လုပ်နိုင်မည်ဆိုပါက အချိန်ကြာလာသည့်အခါတွင် အာဏာရှင်လူမိုက်အစိုးရများ၏ လုပ်ရပ်ကို တရားဝင်အသိအမှတ်ပြုသကဲ့သို့ ဖြစ်သွားနိုင်ပေသည်။
http://www.khitpyaing.org/index.php?route=detail&id=2834

အခွင့်အရေး

အခွင့်အရေး

စစ်အစိုးရရဲ့ ရုရှားပညာတော်သင်စာရင်းနဲ့ အနုမြူနည်းပညာ ရည်မှန်းချက်

100701 Bty Bur Regime

အိမ်နှင့် ကြေကွဲလွမ်းရိပ်



ဘ၀က ရေလုံပြုတ်အိုးထဲအတွင်း
ရုပ်တောင်ဖြင့် မပီချင်
ဇက်ကြိုးမဲ့မြင်းနဲ့မှ
ဤခရီး မနီးသမျှ
ပြုံးပြချင်ပါရဲ့  ။။။။။။။။။။

သာယာဝတီ ထောင်နံဘေးနား
အမေ့အုဌ်ဂူ ထုံးဖြူသုတ်ဖို့
နောက်ထပ်မြင်းဖြူ စီးပြီးသွားမယ်။။။။။။။။။။

တက်ကျိုးရင်တော့ လက်နဲ့လှော်ပေါ့
တောင်ပေါ်ဆို ပြေးတက်
သမုဒ္ဒရာ လက်ပစ်ကူးဖို့
စကြာပါတဲ့ ခြေ၀ါးတွေနဲ့
ရီမောခြင်း ညပေါင်း
ရင်ကိုထောင်းထောင်း မကြေဖြစ်လေ။။။။။။။။။။။။

အမေ့ပေါင်ပေါ်
ခေါင်းခုအိပ်ရင်း
မျက်လုံးမှိတ်ပုံပြင်
ကြယ်စင်လမင်း တိမ်ရုပ်လွှာတွေနဲ့
ကဗျာဆန်တဲ့ မေ့မေ့စကားရယ်
ကြားချင်သေးတယ် နော်။။။။။။။။။။

အဲသည်တုံးက
ခဏလေးမဟုတ်
အရုပ်ပြအိမ်
ရိပ်ငြိမ်တိတ်ဆိတ်
ချမ်းမြေ့ပီတိ ခိုလှုံရာပေါ့
ဘယ်ပန်းမွေ့ယာနဲ့မှ မလဲလိုခဲ့
အမေ့အိမ် အမေ့အပြုံး
နှလုံးကောက်ကြောင်း အဖြစ်တွေလေ။။။။။။

ခုတော့ဖြင့်လေ
ကြေကွဲမှူ လွမ်းရိပ်များနဲ့
ဓါတ်ပုံပေါင်းများစွာ
မာနခ၀ါ မချဝံ့ ချဝံ့
ဘုရားရှေ့ငုတ်တုပ် မထိုင်ဖြစ်ပါလား ။။။။။။။။

အသစ်အသစ်ပေါင်း ထောင်သောင်းမက
ရင်တွင်းမှ အနာ
အမာရွတ်ဝိညာဉ် မော်ကွန်းတွေထိုးလို့
ပန်းပွင့်များ အိပ်ပျော်စေချင်လိုက်တာ
မျက်ရည်ကြွေကာ ငိုပါနဲ့ နော်
အငယ်ဆုံးခလေးရဲ့
သေးစော်နံအနှီးရယ်
ဘယ်သူလျှောက်ဖွတ် သွားကြလဲ ဟေ့ ။။။။။။။။။။။။

အဖေါ်တွေမဲ့လို့
အဲဒီအိမ်
ကြေးစည်သံ ကင်းပေရော့လား
ဆည်းလည်းသံ တိတ်ပေရော့
ဘုရားသံ ပျောက်ပေရော့
တရားသံ ပေးပေရော့
ဓမ္မသံ ငြိမ်ပေရော့
ငိုရှိက်သံ ဗလပွနဲ့
ဒဏ်ရာနဲ့ နာကျည်းသံတွေ
ရှိနေဆဲပေါ့ အဲဒီအိမ်မှာ
ကြေကွဲစရာ အလွမ်းရိပ်တွေနဲ့ ။။။။။။။။။။။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )