Monday, July 5, 2010

5 July 2010 ဒိုင်ယာရီ

5 July 2010 yeyintnge Diary.doc download here

5 July 2010 yeyintnge Diary.pdf download here
5 July 2010 Yeyintnge Diary

ဓာတ်ငွေ့ရောင်းရငွေ နျူကလီးယား စီမံကိန်းမှာ အသုံးပြု

By ဦးကျော်ထင် တနင်္လာ, 05 ဇူလိုင် 2010

မြန်မာအစိုးရဟာ သဘာဝဓာတ်ငွေ့ကရတဲ့ အခွန်ဘဏ္ဍာငွေတွေကို လျှို့ဝှက် နျူကလီးယား စီမံကိန်းအတွက် အသုံးပြုနေတယ်လို့ လူ့အခွင့်အရေးနဲ့ ပတ်ဝန်းကျင်ရေးရာ အဖွဲ့တခုက ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဒီဘဏ္ဍာငွေတွေကို သုံးစွဲတဲ့နေရာမှာ ပွင့်လင်းမြင်သာမှု မရှိတာကြောင့် တိုင်းပြည်နစ်နာရတယ်လို့ ပြည်ပအခြေစိုက် Earth Rights International (ERI) အဖွဲ့က ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရဟာ ၁၉၉၈ ကနေ ၂၀၀၉ ခုနှစ်အထိ တိုတယ် (Total)၊ ချက်ဗရွန် (Chevron) နဲ့ PTTEP ကုမ္ပဏီတွေဆီကနေ ဒေါ်လာသန်း ၅,၀၀၀ နီးပါး ရခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ ERI ရဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။

ရဲတံခွန် သဘာဝဓာတ်ငွေ့တွေ ရောင်းလို့ရတဲ့ ဒီငွေအားလုံးနီးပါးကို နျူကလီးယား စီမံကိန်းနဲ့ စစ်အင်အား တိုးချဲ့ရာမှာ အသုံးပြုခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ERI ရဲ့ မြန်မာနိုင်ငံ စီမံကိန်းဒါရိုက်တာ ကိုနိုင်ထူးက မြန်မာအစိုးရဟာ သဘာဝဓာတ်ငွေ့ ရောင်းရငွေတွေကို နျူကလီးယား စီမံကိန်းအတွက် သုံးနေတယ်လို့ ဆိုပါတယ်။

“ဒီ နျူကလီးယား အစီအစဉ်တွေ လုပ်နိုင်ဖို့က အပြင်ကငွေရမှ လုပ်နိုင်မယ်ထင်တယ်။ အပြင်ကငွေကို ပြန်ကြည့်လိုက်ရင် ကျနော်တို့ရဲ့ တွက်ချက်ထားတဲ့ စာရင်းဇယားအရ နိုင်ငံရဲ့ဝင်ငွေ ထက်ဝက်နီးပါးက ဒီ ဂက်စ်ရောင်းရတဲ့ငွေလေ၊ ပြီးတော့ DVB တို့ ထုတ်ဖော်ထားတဲ့ သတင်းအချက်အလက် အရပေါ့နော်၊ ကျနော်တို့ လက်တွေ့ရနေတဲ့ အချက်အရ ဒီငွေတွေက ပြည်သူတွေအတွက် သွားတာမဟုတ်ဘဲ ဒီစီမံကိန်းအတွက် သွားနေတာ။ ဘာဖြစ်လို့လဲဆိုတော့ နာဂစ်လို အခြေအနေမျိုး၊ ချင်းပြည်နယ်မှာဖြစ်ခဲ့တဲ့ အစာငတ်မွတ် ခေါင်းပါးမှု အချိန်တွေမှာ အစိုးရက ပိုက်ဆံထောက်ပံ့တာ မရှိခဲ့ဘူး။ မရှိတဲ့အချိန်မှာ နျူကလီးယားလုပ်ဖို့၊ ဂူတွေဆောက်ဖို့ ပိုက်ဆံတွေ အများကြီး ထွက်လာတယ်။ ဒီပိုက်ဆံတွေ ဘယ်ကထွက်လာတယ်ဆိုတာ ပြန်လိုက်ကြည့်တဲ့အခါမှာ သူတို့ရဲ့ဝင်ငွေက ဒါပဲရှိတယ်လို့ ပြောလို့ရပါတယ်။”

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေ လိုက်နာသင့်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို တိုတယ်၊ ချက်ဗရွန်နဲ့ PTTEP တို့က အလေးအနက်ထား စဉ်းစားဖို့လည်း ERI က တိုက်တွန်းထားပါတယ်။

တိုတယ်နဲ့ ချက်ဗရွန်တို့ဟာ နိုင်ငံအများအပြားမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတွေ ရှိပါတယ်။ အဲဒီ ရင်းနှီးမြှုပ်နှံမှုတွေမှာ အခွန်ဘဏ္ဍာ ခွဲဝေသုံးစွဲမှုအတွက် ပွင့်လင်းမြင်သာမှုကို ဦးစားပေး ဆောင်ရွက်လေ့ ရှိပေမဲ့ မြန်မာနိုင်ငံမှာတော့ ဒီလိုလုပ်ဆောင်မှု မရှိပါဘူး။ ပွင့်လင်းမြင်သာမှုရှိဖို့ တိုက်တွန်းပြောဆိုရင်လည်း ဒီကုမ္ပဏီတွေက ငြင်းပယ်တယ်လို့ ကိုနိုင်ထူးက ပြောပါတယ်။

“ကျနော်တို့ အရင်တခေါက် ပြီးခဲ့တဲ့ စက်တင်ဘာလကထုတ်တဲ့ ရီပို့အပေါ်မှာ တိုတယ်လ်က ပြောခဲ့တယ်၊ သူတို့က ထုတ်ဖော်လို့မရဘူး၊ ထုတ်ဖော်ခဲ့မယ်ဆိုရင် နအဖက လက်ခံမှာ မဟုတ်ဘူး၊ တဆက်တည်းမှာလည်း ချက်ဗရွန်ပြောတာက လုံးဝ ထုတ်ဖော်လို့ မရဘူးတဲ့။ ဒါပေမဲ့ ကျနော်တို့ ပြီးခဲ့တဲ့ ယူနိုကယ်ကို တရားစွဲတုန်းက ရထားတဲ့ အထောက်အထား (ကန်ထရိုက်စာချုပ်) မှာကျတော့ ထုတ်ဖော်ပြောပြလို့ မရဘူးဆိုတာ မရှိဘူး၊ ထုတ်ဖော်လို့ ရတယ်။ ကျနော်တို့ရဲ့ အဓိက ရည်ရွယ်ချက်က ဒီကုမ္ပဏီဟာ သူတို့သွားလုပ်တဲ့နေရာမှာ Transparency ရှိဖို့ပေါ့နော်၊ မရှိဘူးဆိုရင် သူတို့ ဘာတွေလုပ်လဲဆိုတာ လူတွေက မသိဘူး၊ ဒုတိယတချက်ကလည်း ဒီ Transparency က ဗမာပြည်အတွက် ရေးကြီးနေတဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်။”

မြန်မာစစ်အစိုးရဟာ သဘာဝဓာတ်ငွေ့ကရတဲ့ ဒေါ်လာသန်း ၅,၀၀၀ နီးပါးကို စင်ကာပူက OCBC နဲ့ DBS ဘဏ်တွေမှာ အပ်နှံထားတယ်လို့ ပြီးခဲ့တဲ့နှစ်မှာ ERI က စွပ်စွဲခဲ့ပြီး OCBC နဲ့ DBS ဘဏ်တွေကတော့ ငြင်းဆိုခဲ့ပါတယ်။

အခွန်ဘဏ္ဍာ ခွဲဝေသုံးစွဲမှုနဲ့ ပတ်သက်လို့ စောင့်ကြည့်လေ့လာနေတဲ့ ရွှေ သဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့က ကိုဝင်းအောင်က မြန်မာစစ်အစိုးရဟာ ပြင်သစ်ဘဏ်တခုမှာလည်း အလားတူ ငွေအပ်နှံထားတယ်လို့ ဒီကနေ့ ပြင်သစ်နိုင်ငံမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

“နောက်ပိုင်း ကျနော်တို့ ထပ်သိရတာကတော့ ပြင်သစ်ဘဏ်တခုဖြစ်တဲ့ BMP ဆိုတဲ့ ဘဏ်မှာလည်း နအဖစစ်အုပ်စုနဲ့ ပြင်သစ် တိုတယ်လ်ကုမ္ပဏီတို့ရဲ့ ငွေတွေကလည်း ထဲထဲဝင်ဝင် ဆက်စပ်လုပ်နေတာ တွေ့ရတယ်။ အဲဒီဘဏ်မှာ ၂၀၀၃ ပတ်ဝန်းကျင်လောက်ကနေ တနှစ်ချင်း ပေးတဲ့ငွေက ၄၅ သန်း၊ ၄၆ သန်းလောက် အနည်းဆုံး ကျနော်တို့ တွေ့ရတာပေါ့နော်။ ဒီနောက်ပိုင်း ၂၀၀၉- ၁၀ ဆိုရင် အဲဒီထက် အဆပိုပြီးတော့ အပ်နှံထားတယ်လို့ ခန့်မှန်းလို့ရတယ်။”

တိုတယ်လ်၊ ချက်ဗရွန်နဲ့ PTTEP ကုမ္ပဏီတွေဟာ ဒေါ်လာသန်း ၉,၀၀၀ ကျော်ဖိုး ရင်းနှီးမြှုပ်နှံခဲ့ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုရဲ့ ၁၀% ကျော်ကိုပဲ ပြည်တွင်း သဘာဝဓာတ်ငွေ့ သုံးစွဲဖို့အတွက် အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

မြန်မာစစ်အစိုးရဟာ ရွှေသဘာဝဓာတ်ငွေ့သိုက်က ထွက်တဲ့ ဓာတ်ငွေ့ကို ၂၀၁၃ ခုနှစ်မှာ တရုတ်နိုင်ငံသို့ စတင်ရောင်းချမှာဖြစ်ပြီး တနှစ်ကို ဒေါ်လာသန်း ၁,၂၀၀ ကျော်နှုန်းနဲ့ အနှစ် ၂၀ ကျော် ရောင်းချမှာ ဖြစ်ပါတယ်။
http://www1.voanews.com/burmese/news/burma/gas_revenues_nuclear_project-97796719.html

မြန်မာတိုင်းရင်းသား အတိုက်အခံ အဖွဲ့များ၏ အားနည်းချက်

မြန်မာတိုင်းရင်းသား အတိုက်အခံ အဖွဲ့များ၏ အားနည်းချက်
By LT-GENERAL YAWD SERK | တနင်္လာနေ့၊ ဂျူလိုင်လ ၀၅ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၄၉ မိနစ်

နှစ်ပေါင်း ၅ဝ ကျော် ကြာမြင့်သည့်တိုင်အောင် မြန်မာစစ်အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်လျက် ရှိကြသော တိုင်းရင်းသား ခုခံဆန့်ကျင်ရေးအဖွဲ့များမှာ အောင်မြင်မှု မရသေးဘဲ ရှိကြသည်။ အကြောင်းရင်းကိုရှာသော် ကျွန်ုပ်တို့၏ အားနည်းချက်များကို ဝေဖန်ဆန်းစစ်ရန် လိုနေသေးကြောင်း တွေ့ရသည်။

ပထမအချက်မှာ တိုင်းပြည်ကို ချစ်ရာတွင် ကိုယ့်အခြေအနေ၊ ကိုယ့်အနေအထားကို အဓိကထားခြင်းကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရေးအတွက် ခိုင်မြဲသော ညီညွတ်ရေးကိုလည်း မတည်ဆောက်နိုင်ခဲ့ကြပေ။

ဒုတိယအချက်မှာ ကျွန်ုပ်တို့သည် နိုင်ငံရေးမျက်နှာစာတွင် မူဝါဒရည်မှန်းချက်များကို အမျိုးမျိုး ကွဲပြားစွာ ချမှတ်နေကြခြင်း ဖြစ်သည်။ အချို့က ဖက်ဒရယ် ပြည်ထောင်စုဟုပြော၍ အချို့က လုံးဝလွတ်လပ်ရေးဟု ပြောနေကြသည်။ ဤသို့ နိုင်ငံရေး အတွေးအခေါ်၊ အယူအဆအမျိုးမျိုး ရှိနေကြခြင်းကြောင့် ကျွန်ုပ်တို့ တဖွဲ့နှင့်တဖွဲ့ တိုက်ခိုက်နေကြရသည်။ လူထုအကြား နိုင်ငံရေးအသိနှင့် ပညာရေးရေချိန် နိမ့်ကျခြင်းတို့ကြောင့် ထိုသို့တိုက်ခိုက်မှုများ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ ဤသို့ဖြင့် ကျနော်တို့အားလုံး အလွယ်တကူ အသုံးချခံကြရတော့သည်။

အခြားတဖက်တွင်လည်း ပညာတတ်ပညာရှင်များမှာ တိုက်ပွဲ၏ ခက်ခဲကြမ်းတမ်းမှုကို ရင်မဆိုင်ဝံ့ဘဲ မိမိတို့အိမ်ထဲမှသာ စိတ်ဓာတ်အရ ထောက်ခံမှုပေးနေကြသည်။ အနည်းငယ်မျှသော ပညာတတ်များသာ စွန့်လွှတ်အနစ်နာခံကာ ပြည်သူများနှင့် လာရောက်ပူးပေါင်း လုပ်ကိုင်နေကြသည်။

ထို့ပြင် တိုက်ပွဲတွင်း ပါဝင်နေသူများသည် ရန်သူနှင့် မိတ်ဆွေ ဘယ်လိုခွဲခြားရမည်ဆိုသည်ကို ပင်မသိကြ။ သဘောမတူနိုင်သည်များ၊ မကျေလည်စရာများ ကြုံသည်နှင့် အဖွဲ့ငယ်လေးများအဖြစ် ကွဲသွားကြကာ ရန်သူ့ထံ ဒူးထောက်အညံ့ခံလိုက်ကြတော့သည်။ သူတို့သည် ခုခံဆန့်ကျင်ရေးအဖွဲ့များ၏ အားနည်းချက်များကို ရန်သူကို အသိပေးပြောကြားကြသည့် သတင်းပေးများ ဖြစ်သွားကြတော့သည်။ ရန်သူအစစ် မည်သူဆိုသည်ကို သူတို့ မေ့သွားကြသည်။

သဘောကွဲကြသည်၊ ငြင်းခုံဆွေးနွေးကြသည် ဆိုသည်မှာ အဖွဲ့အစည်းအတွင်း ပုံမှန်သဘော သဘာဝတခုသာ ဖြစ်သည်။ ဘာတွေပဲ သဘောကွဲစရာရှိရှိ၊ ဘယ်လောက်ပဲ အကြီးအကျယ် ငြင်းခုံရသည်ဖြစ်စေ၊ ကွဲသွားသည်အထိတော့ မဖြစ်အပ်ပေ။ မျက်နှာချင်းဆိုင်ထိုင်ကာ ပြေလည်ရေး၊ အပေးအယူ အလျှော့အတင်း လုပ်ရေးတို့ဖြင့် ရန်သူကို အနိုင်တိုက်နိုင်မည့် နည်းလမ်းကို ရှာဖွေကြရမည်။ ဆိုလိုသည်မှာ မဟာမိတ်တို့၏ အခန်းကဏ္ဍကို ပိုမိုအလေးထား အာရုံစိုက်ကြရန်ပင် ဖြစ်သည်။

ကျွန်ုပ်တို့သည် အတိတ်ကာလတွင် မဟာမိတ်အဖွဲ့များကို အသည်းနှလုံးဖြင့် မဟုတ်ဘဲ စကားလုံးများဖြင့် ဖွဲ့စည်းခဲ့ကြသည်။ ဘုံအကျိုးစီးပွားအတွက် မဟုတ်ဘဲ အဖွဲ့အစည်းတခုချင်း၊ ပုဂ္ဂိုလ်တဦးချင်း၏ အကျိုးစီးပွားကို ပိုမိုဦးစားပေးဆောင်ရွက်ခဲ့ကြသည်။ ရန်သူက အဖွဲ့အစည်းတခုကို တိုက်ခိုက်လာသောအခါ မဟာမိတ်များက မကူညီနိုင်ခဲ့ကြပေ။ အကြောင်းမူ သူတို့ကို တိုက်ရိုက်အတိုက်မခံရခြင်းကြောင့် ဖြစ်သည်။ သို့သော် သိထားရမည်မှာ ရန်သူက ပထမတဖွဲ့ကို အနိုင်တိုက်လိုက်နိုင်ပြီဆိုလျှင် နောက်ပစ်မှတ်မှာ ထိုအဖွဲ့၏ မဟာမိတ်ဖြစ်လိမ့်မည်။ မဟာမိတ်၏ အခန်းကဏ္ဍမှာ ရန်သူကို အနိုင်တိုက်နိုင်ရန်အတွက် တဦးနှင့်တဦး အကူအညီပေးနိုင်ရေးသာ ဖြစ်သည်ဆိုသည်ကို ဤအချက်က သက်သေပြနေသည်။

တတိယအချက်မှာ တဖွဲ့ချင်း၏ အတ္တကို အမျိုးသားအကျိုးစီးပွား၏ အထက်တွင် တင်ထားခြင်း ဖြစ်သည်။ ဤသို့ဖြင့် စုစည်းညီညွတ်သော အဖွဲ့အစည်းတရပ်ကို မဖွဲ့စည်းနိုင်တော့ပေ။ အစည်းအဝေးတိုင်း၌ ကွဲကြပြဲကြသည်ကိုသာ တွေ့နေရတော့သည်။ နယ်မြေကိစ္စနှင့် တဖွဲ့နှင့်တဖွဲ့ တိုက်ကြသည်။ သို့သော် ပြည်သူများကို ကာကွယ်ရန်သော်၎င်း၊ တိုင်းပြည် ပြန်လည်ထူထောင်ရန်သော်၎င်း သူတို့ မလုပ်နိုင်ခဲ့ကြပေ။

ကိုယ်ကျိုးစီးပွားကိုငဲ့နေရခြင်း၊ အငြင်းပွားမှုများကို ဖြေရှင်းနေရခြင်းတို့ကြောင့် ရန်သူကိုလည်း အနိုင်မတိုက်နိုင်တော့ပေ။ ကျွန်ုပ်တို့၏ ညီညွတ်ရေးသာ ချိနဲ့သွားခဲ့ရသည်။ ခုခံဆန့်ကျင်ရေး အဖွဲ့များ ပျက်စီးသွားရသည်မှာ အပြင်ရန်ကြောင့်မဟုတ်၊ အတွင်းရန်ကြောင့်သာ ဖြစ်သည်။ ရလိုက်သော သင်ခန်းစာမှာ ရှင်းလှသည်။ မူဝါဒများ မှန်မှန်ကန်ကန် ချမှတ်ခြင်းဖြင့် ကျွန်ုပ်တို့အချင်းချင်းအကြား ပြန်လည်သင့်မြတ်စေကာ ခိုင်မာသော ညီညွတ်ရေးကို တည်ဆောက်ကြရမည်။ ထိုသို့ မလုပ်နိုင်လျှင် ကျွန်ုပ်တို့၏ အောင်မြင်ရေးလမ်းကြောင်း၌ အခက်အခဲ၊ အတားအဆီး မြောက်မြားစွာကို တွေ့ကြုံကြရလိမ့်မည်။

စတုတ္ထအချက်မှာ ဗီယက်နမ်ခေါင်းဆောင်ကြီး ဟိုချီမင်း ခေါင်းဆောင်ခဲ့သော တော်လှန်ရေးနှင့် ကျွန်ုပ်တို့ တိုက်ပွဲကိုနှိုင်းယှဉ်လျှင် လုံးဝမနှိုင်းယှဉ်သာအောင် ဖြစ်နေခြင်းပင် ဖြစ်သည်။ ကျနော်တို့တွင် လုပ်စွမ်းရည်ရှိသော စစ်ရေး၊ နိုင်ငံရေး ခေါင်းဆောင်များ လိုအပ်သည်၊ ပညာတတ်များလည်း လိုအပ်သည်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်ုပ်တို့ပြည်သူများကို အရည်အချင်း မြှင့်တင်ပေးဖို့လိုသည်။

ရှမ်းနိုင်ငံရေးပါတီများမှာ အားကိုးနိုင်သူများမဟုတ်၊ နိုင်ငံရေးသမားအများစုမှာ ရန်သူ၏ ခြိမ်းခြောက်မှုကြောင့် အိမ်ထဲက အိမ်ပြင် မထွက်ရဲကြသူများ ဖြစ်သည်။ စစ်အစိုးရ၏ ဖိအားနှင့် ခြိမ်းခြောက်မှုများကြောင့် လက်နက်ကိုင်အဖွဲ့များနှင့် တူညီသော မူဝါဒများကို သူတို့ မချနိုင်ကြချေ။

ကျနော်တို့သာ တူညီသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နိုင်ငံရေးအတွေးအခေါ်ကို ချမှတ်နိုင်မည်ဆိုပါက၊ စစ်အစိုးရကို ရင်ဆိုင်ရာတွင် ညီညွတ်ကြမည်ဆိုပါက နိုင်ငံရေးမဟာဗျူဟာများ ချမှတ်ရာတွင် ခက်ခဲလိမ့်မည် မဟုတ်ပေ။ သို့သော် ဖက်ဒရယ် မြန်မာနိုင်ငံတော်တွင် အစိတ်အပိုင်းတရပ်အဖြစ် ပါဝင်လိုကြသော တိုင်းရင်းသား လူနည်းစုအဖွဲ့များက လုံးဝ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေကြသော အဖွဲ့များနှင့် သဘောတူညီမှု မရနိုင်ခဲ့ကြပေ။ အကယ်၍သာ ဝ၊ ပလောင်၊ ပအိုဝ့်၊ လားဟူ အဖွဲ့များက ရှေးပဝေသဏီကပင် ရှမ်းပြည်အတွင်း တိုင်းရင်းသား လူမျိုးစုများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြသည်ဆိုသည်ကို လက်ခံနိုင်ခဲ့ကြမည်ဆိုပါက ရှမ်းပြည် ပြည်ထောင်စုသစ်တရပ်ကို ဖွဲ့စည်းရန်မှာ ဘာမှဝေးတော့မည် မဟုတ်ပေ။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြခြင်းဖြင့် တိုင်းရင်းသား အုပ်စုတခုစီ၏ အခွင့်အရေးများကို အာမခံနိုင်ကာ အခက်အခဲဟူသမျှကို ကျော်လွှားနိုင်ကြမည်သာ ဖြစ်သည်။

ပဉ္စမအချက်မှာ တပ်မတော် (မြန်မာစစ်တပ်) နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပြုလုပ်ခဲ့ကြရာတွင် သူတို့၏ နိုင်ငံရေးရည်ရွယ်ချက်များ ပျောက်ဆုံးသွားခဲ့ကြခြင်းပင် ဖြစ်သည်။ ယခုတော့ သူတို့နှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရာတွင် စစ်အစိုးရက အထက်စီးရသွားပြီဖြစ်သည်။

စစ်အစိုးရနှင့် နိုင်ငံရေးကိစ္စရပ်များ ပြောဆိုဆွေးနွေးနိုင်ကြလိမ့်မည်ဟု အဆိုပါ ငြိမ်းချမ်းရေး အဖွဲ့များ မှားယွင်းစွာ ယုံကြည်မိခဲ့ကြသည်။ ဤအတောအတွင်း လူသစ်စုဆောင်းခြင်း၊ ရံပုံငွေ အကြီးအကျယ်ရှာဖွေခြင်း၊ လက်နက်စုဆောင်းခြင်းတို့ လုပ်နိုင်လိမ့်မည်ဟု သူတို့ ထင်ခဲ့ကြသည်။ သို့သော် သူတို့ထက် ပိုဥာဏ်များသော စစ်အစိုးရက ငြိမ်းချမ်းရေးအဖွဲ့များ သူတို့၏ နိုင်ငံရေးရည်မှန်းချက်ရော၊ စစ်ရေးရည်မှန်းချက်ပါ မအောင်မြင်အောင် တားဆီးထားနိုင်ခဲ့သည်။

စစ်အစိုးရက သူတို့ကို ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ခြင်းမှာ အကြောင်းရင်း ၂ ရပ် ရှိသည်။

၁။ ဒေါ်အောင်ဆန်းစုကြည် ပြည်တွင်းနိုင်ငံရေး လှုပ်ရှားမှုတွင် ပိုမိုတက်တက်ကြွကြွ ပါဝင်လာပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင် ပြည်တွင်းနိုင်ငံရေးပဋိပက္ခ ပိုမိုသဲသန်ပြင်းထန်လာခြင်းနှင့် ဤ ပြည်တွင်းပြဿနာများကို စစ်အစိုးရအနေဖြင့် အရင်ဆုံး ရှင်းရန် လိုအပ်လာခြင်း ဖြစ်သည်။

၂။ ၁၉၈၉ ခုနှစ်တွင် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အများအပြား သခင်ဗသိန်းတင် ဦးဆောင်သည့် ဗမာပြည် ကွန်မြူနစ်ပါတီမှ ပုန်ကန်ခွဲထွက်ခဲ့ကြသည်။ အဆိုပါ တိုင်းရင်းသားအဖွဲ့များ တခုတည်းသော အတိုက်အခံ အင်အားစုကြီးအဖြစ် ပေါင်းစည်းမိသွားမည်ကို ထိုအချိန်က စစ်အစိုးရ ကြောက်ရွံ့စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် အများအပြား လိုက်လျောကာ အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက်များ ပြုလုပ်ခဲ့သည်။ အဆိုပါ အဖွဲ့များ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပူးပေါင်းမိပြီး မဟာမိတ်ဖွဲ့သွားမည်ကို စစ်အစိုးရက အသဲအသန် တားဆီးခဲ့သည်။

(စစ်အစိုးရသုံးနေကျ နည်းဗျူဟာကို ဤသို့ ပြောနိုင်သည်။ `သူတို့ အင်အားချိနဲ့နေချိန်ဆိုလျှင် ဒူးထောက်ပြီး ချမ်းသာပေးပါဟု ပြောရန် ဝန်မလေး။ သူတို့ အင်အားကောင်းပြီဆိုလျှင် သင့်မေတ္တာရပ်ခံချက် မှန်သမျှကို လျစ်လျူရှုကာ တောင်းပန်တိုးလျှိုးနေသော သင့်လက်များကို ဖြတ်ပစ်လိုက်လိမ့်မည်)။

အပစ်အခတ်ရပ်စဲရေး မူဝါဒ ကျင့်သုံးသည်သာ နှစ်ပေါင်း ၂ဝ ရှိလာသည်။ နိုင်ငံရေးပဋိပက္ခများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေးဟူသည့် အတွေးအခေါ်မှာ ယခုအထိ အကောင်အထည် မပေါ်နိုင်သေး။ စစ်အစိုးရထံမှ စီးပွားရေး အခွင့်အလမ်းလေးများ ရသည့်အခါ အချို့သော အပစ်ရပ်အဖွဲ့များသည် သူတို့ယုံကြည်ချက်များကို စွန့်လွှတ်လိုက်ကြသည်။ အချို့ကတော့ သူတို့ နိုင်ငံရေးရပ်တည်ချက်နှင့်ပတ်သက်ပြီး ရှေ့တိုးရအခက် နောက်ဆုတ်ရအခက် ဖြစ်နေကြသည်။ သူတို့ နိုင်ငံရေးရည်မှန်းချက်များ ယခုကဲ့သို့ လမ်းလွဲသွားသည့်အခါ စစ်အစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှုများကို တနေ့တမျိုး ထိရောက်မှုမရှိသော နည်းလမ်းများဖြင့်သာ တုံ့ပြန်နိုင်ကြတော့သည်။ အကျိုးဆက်အားဖြင့် ထာဝရ တည့်တံ့မည့် ငြိမ်းချမ်းရေးဆိုသည်မှာ သူတို့လက်ထဲမှ ပို၍ပင် လွတ်ထွက်သွားတော့သည်။

ထို့ပြင် အဆိုပါ ငြိမ်းချမ်းရေးအဖွဲ့များ ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်၊ သို့တည်းမဟုတ် နယ်ခြားစောင့်တပ်အဖြစ်သော်၎င်း၊ ပြည်သူ့စစ်အဖြစ်သော်၎င်း၊ ရဲအဖွဲ့အဖြစ်သော်၎င်း ပြောင်းလဲဖွဲ့စည်းရန် သဘောတူလိုက်ကြပြီဆိုပါက သူတို့၏ မူလနိုင်ငံရေး ရည်မှန်းချက်များ ရှုံးနိမ့်သွားပြီဆိုသည်မှာ ပို၍ပင် ထင်ရှားလာတော့မည်ဖြစ်သည်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ငြိမ်းချမ်းရေးအဖွဲ့ အားလုံးက လက်မခံကြ။ သို့သော် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုက်ခြင်းဖြင့် သူတို့၏ နိုင်ငံရေးရည်မှန်းချက်များကို သူတို့ဘာသာသူတို့ အလိုအလျောက် စွန့်လွှတ်ရာရောက်မည်ဖြစ်သည်။

နောက်ဆုံးအားဖြင့် ပြောရလျှင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် တပ်မတော်ကို ရင်ဆိုင်ရာတွင် ယခုအထိ ပြောက်ကျားဗျူဟာကိုသာ ချမှတ်ကျင့်သုံးနေကြသည်။ မြန်မာစစ်တပ်နှင့် ယှဉ်နိုင်သည့် ကြီးမားသော ထိုးစစ်ကြီးများ ဆင်နွှဲနိုင်ရေးအတွက် စစ်ရေးမဟာဗျူဟာများ ချမှတ်အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပေ။

တခုတည်းသော ဗဟိုအမိန့်ပေးစနစ်ကိုလည်း မတည်ဆောက်နိုင်သေးပေ။ တပ်ရင်းတပ်ဖွဲ့များ၊ တပ်မဟာများသည် ဗဟိုဌာနချုပ်များ၏ အမိန့်ကို နာခံရကောင်းမှန်း မသိသေးပေ။ ထိုသို့ အင်အားချိနဲ့ပြီး မထိရောက်သည့် အမိန့်ပေးစနစ်နှင့် ဆန့်ကျင်စွာပင် မြန်မာစစ်တပ်ကတော့ ဘယ်အခြေအနေမျိုးမှာပဲဖြစ်ဖြစ် အထက်အမိန့်ကို နာခံကြသည်။ တပ်မတော်သည် သူ့တပ်ဖွဲ့များကို ထိန်းချုပ်ကွပ်ကဲရာတွင် ပိုမိုကောင်းမွန်သည်၊ ပိုမိုနိုင်နိုင်နင်းနင်းရှိသည် ဆိုသည့်အချက်ကို ကျနော်တို့ လက်ခံကြရမည်။ စစ်အစိုးရက လူ့အခွင့်အရေးနှင့် နိုင်ငံရေးတွင် ဘယ်လောက်ပင် နာမည်ပျက်ပျက်၊ ဆယ်စုနှစ်ပေါင်းများစွာ အာဏာချုပ်ကိုင်ထားနိုင်မှုကမူ ယခုထိ သန်မာအာကောင်းဆဲရှိသည်။

(ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ်သည် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏ ဥက္ကဋ္ဌ ဖြစ်သည်။)
http://www.mizzimaburmese.com/edop/songpa/5651-2010-07-05-12-23-10.html

ကလေးစစ်သားများ၏ ဘဝဇာတ်လမ်းစုံ


Perry Santanachote | တနင်္လာနေ့၊ ဂျူလိုင်လ ၀၅ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၂၂ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ အသက်အရွယ်အားဖြင့် ငယ်ရွယ်သေးသော သူဇင်ဦးသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က နေ့စဉ်သွားနေကျ ခရီးစဉ်အတိုင်း ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ရှိ သူ၏ ဆင်ခြေဖုံးရပ်ကွက်မှ ပန်းလှိုင်မြစ်ကို ဖြတ်ကာ ဆင်မလိုက် သင်္ဘောကျင်းသို့ သွားရောက်ခဲ့ပါသည်။ သူနှင့် သူ၏ မိသားစုသည် ဝက်ခေါက်ရောင်းခြင်းဖြင့် အသက်မွေးနေကြသူများဖြစ်ပြီး ဆင်မလိုက် သင်္ဘောကျင်းနားတွင် ဝက်ခေါက်ပို့ပေးရန် သွားခြင်း ဖြစ်သည်။
javascript:void(0)
သို့သော် သူဇင်ဦးသည် ဆင်မလိုက် သင်္ဘောကျင်းသို့လည်း မရောက်၊ အိမ်သို့လည်း ပြန်မရောက်ခဲ့ပေ။ သူသည် အသက် ၁၇ နှစ် အရွယ်နှင့် မြန်မာစစ်အစိုးရ၏ စစ်တပ်တွင် စစ်မှုထမ်းရန် ခေါ်ဆောင်သွားခံခဲ့ရခြင်း ဖြစ်သည်။

သူဇင်ဦး ကဲ့သို့သော အဖြစ်အပျက်များသည် မြန်မာနိုင်ငံတွင် ဖြစ်ရိုးဖြစ်စဉ် တခုကဲ့သို့ ရှိနေပြီး ကုလသမဂ္ဂကလည်း မြန်မာနိုင်ငံသည် ကလေးစစ်သား အများအပြားရှိနေသည့် နိုင်ငံဖြစ်ကြောင်း မကြာခဏ ဝေဖန်ပြောဆိုခဲ့သည်။ ၂ဝဝ၂ ခုနှစ်တွင် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်မှုအဖွဲ့ HRW က မြန်မာနိုင်ငံ၌ ကလေးစစ်သားပေါင်း ၇ သောင်း (၇ဝ,ဝဝဝ) ခန့်ရှိသည်ဟု ခန့်မှန်းခဲ့သည်။ စစ်အစိုးရသည် အသက်မပြည့်သေးသည့် ကလေးငယ်များအား စစ်တပ်တွင် ခန့်ထားမှုကို ဟန်ပြသက်သက်သာ ထိန်းချုပ်နေသဖြင့် ကလေးစစ်သား အရေအတွက်သည် လျော့ကျသွားခြင်း မရှိခဲ့ဟု လူ့အခွင့်အရေး လေ့လာစောင့်ကြည့်မှုအဖွဲ့က ဆိုသည်။ ထိုသို့ဖြင့် ကံဆိုးရှာသည့် သူဇင်ဦးသည် ဒီဇင်ဘာ နေ့တနေ့တွင် ကလေးစစ်သား တဦး ဖြစ်လာခဲ့ရသည်။

သူသည် ဆင်မလိုက်သို့အသွား ဘုရင့်နောင်လမ်းဆုံတွင် ဘတ်(စ်)ကား ပြောင်းစီးရန်အတွက် နောက်လာမည့် ကားကို စောင့်ဆိုင်းနေစဉ် လူစိမ်းတဦးက သူ့ကို လက်ယပ်ခေါ်သဖြင့် ထိုသူထံ သွားခဲ့သည်။ ထိုလူစိမ်းက သူဇင်ဦးအား တနေ့လျှင် ဝင်ငွေမည်မျှရကြောင်း မေးရာ သူဇင်ဦးက ဝက်ခေါက်ရောင်းခြင်းမှ တနေ့လျှင် ပျမ်းမျှ ၁၅ဝဝ ကျပ်ခန့် ရတတ်ကြောင်း ပြန်ဖြေခဲ့သည်။ ထိုအခါ ထိုလူစိမ်းက သူဇင်ဦးအား စက်ပြင်ဆရာအဖြစ် လုပ်ကိုင်လျှင် ဝင်ငွေပိုမိုရလာမည် ဖြစ်ကြောင်းနှင့် စက်ပြင်ဆရာ အလုပ်ရရေးအတွက် သူကူညီနိုင်သည်ဟု ပြောခဲ့သည်။

“ကျနော် သူပြောတာကို အရမ်း စိတ်ဝင်စားသွားပြီးတော့ သူ့နောက်ကို လိုက်သွားခဲ့တယ်။ ကျနော့်မိဘတွေကို ကောင်းကောင်း ကျေးဇူးဆပ်နိုင်တော့မယ်ဆိုတဲ့ အတွေးတွေနဲ့ပေါ့” ဟု သူဇင်ဦးက နောက်ကြောင်းပြန် ပြောပြခဲ့သည်။

သို့သော် မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် အုပ်ချုပ်နေကြသည်ဆိုသော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) စစ်အစိုးရကမူ ၎င်းတို့သည် အသက် ၁၈ နှစ်အောက် ကလေးများအား စစ်တပ်ထဲ အဝင်မခံရန် မူဝါဒ ချမှတ်ထားကြောင်း ထပ်တလဲလဲ ပြောဆိုခဲ့သော်လည်း ကလေးစစ်သား အသုံးပြုမှု တိုက်ဖျက်ရေး ညွန့်ပေါင်းအဖွဲ့ကမူ မြန်မာနိုင်ငံသည် အသက် ၁၂ နှစ်ခန့် ကလေးငယ်များကိုပင် အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေသည့် တခုတည်းသော အာရှနိုင်ငံဖြစ်သည်ဟု ပြောဆိုခဲ့သည်။

အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ ဇွန်လက ထုတ်ပြန်ခဲ့သည့် လူကုန်ကူးမှု အစီရင်ခံစာတွင် မြန်မာနိုင်ငံအား လူ့အခွင့်အရေး ချိုးဖောက်မှု အများဆုံးနိုင်ငံ စာရင်းတွင် ထည့်သွင်းထားသည်။ ထိုအစီရင်ခံစာထဲတွင် “မြန်မာစစ်အစိုးရ၏ အတင်းအဓမ္မ လုပ်အားပေးရန် ခိုင်းစေမှုနှင့် ကလေးစစ်သားများ ခန့်ထားမှုတို့သည် စိုးရိမ်စရာ အခြေအနေတွင် ရှိနေပြီး လူကုန်ကူးမှု ပြဿနာနှင့်လည်း ဆက်စပ်နေသည်” ဟု ဆိုသည်။ ထိုအစီရင်ခံစာသည် မြန်မာစစ်ခေါင်းဆောင်များမှ ပြဿနာပြေလည်အောင် အားထုတ်ဖြေရှင်းမှု မရှိခြင်းကိုလည်း အပြစ်တင် ဝေဖန်ထားသည်။

မြန်မာစစ်အစိုးရသည် နိုင်ငံတကာမှ ဖိအားပေးမှုများကို မလွန်ဆန်နိုင်သဖြင့် နိုင်ငံတကာ စံချိန်စံညွှန်းများအတိုင်း လိုက်နာကာ ကလေးစစ်သားများ ခန့်ထားနေမှုကို တိုက်ဖျက်ပါမည်ဟု သဘောတူညီခဲ့သည်။ အထူးသဖြင့် ၂ဝဝ၅ ခုနှစ် တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၆၁၂ မှ ကလေးစစ်သားများ အသုံးပြုမှုကို စောင့်ကြည့်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီး နောက်ပိုင်းတွင် ဟန်ပြသဘောတူခဲ့ခြင်း ဖြစ်သည်။ ကုလသမဂ္ဂ အလုပ်သမား အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) နှင့် ပူးပေါင်းလုပ်ဆောင်ကာ အစိုးရကိုယ်တိုင် ၂ဝဝ၇ ခုနှစ်တွင် ဖန်တီးပေးထားခဲ့သော တိုင်ကြားရေးစနစ်များဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လျော့နည်းပပျောက်အောင် ဆောင်ရွက်ခဲ့သည်ဟု ဆိုသော်လည်း အသက် ၁၄ နှစ်မှ ၁၆ နှစ်ကြား ယောက်ျားလေးများအား အတင်းအဓမ္မ စစ်မှုထမ်းခိုင်းသည့် သတင်းများ ထွက်ပေါ်နေခဲ့သည်။

“စစ်တပ် ထိပ်ပိုင်း အရာရှိတွေကတော့ အသက် ၁၈ နှစ်အောက် ကလေးတွေကို စစ်တပ်ထဲမှာ လက်မခံဖို့ အမိန့်တော့ ထုတ်ထားတာပဲ။ ဒါပေမဲ့ စစ်တပ်က အောက်ခြေဝန်ထမ်းတွေမှာ သတ်မှတ်ပေးထားတဲ့ အရေအတွက်ရအောင် စစ်သားစုဆောင်းပေးရတဲ့ ပြဿနာက ရှိနေတယ်” ဟု ရန်ကုန်မှ ILO ဆက်ဆံရေးအရာရှိ စတိ(ဗ်)မာရှယ်က ဆိုသည်။

မာရှယ်က ဆက်ပြောရာတွင် တပ်ထဲမှ ထွက်ခွာသူသာ များနေပြီး တပ်ထဲဝင်ချင်သူ နည်းနေသဖြင့် တင်ရင်းမှူးများသည် စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များမှ သတ်မှတ်ပေးထားသည့် အရေအတွက် ပြည့်မီရေးအတွက် အသည်းအသန် ကြိုးစားနေရသည်ဟု ဆိုသည်။

တပ်ရင်းမှူး တယောက်အနေဖြင့် စစ်တပ်ထဲသို့ ကလေးတယောက်ကို လက်ခံသွတ်သွင်းမိလျှင် ပြင်းပြင်းထန်ထန် သတိပေးခံရရုံနှင့် ငွေဒဏ်သာ ကျခံရမည်ဖြစ်သော်လည်း သတ်မှတ်ထားသည့် အရေအတွက် ပြည့်မီအောင် စစ်သားမစုဆောင်းနိုင်လျှင်မူ ရာထူးချခြင်း ခံရနိုင်သည်ဟု ၂ဝဝ၈ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ အစီရင်ခံစာတခုတွင် ဆိုသည်။

ထို့ကြောင့် အခကြေးငွေယူကာ စစ်သားရှာဖွေ စုဆောင်းပေးသည့် ပွဲစားများ ပေါ်ပေါက်လာပြီး ရဲတချို့လည်း ပါဝင်ပတ်သတ်မှု ရှိနေသည်။ ကလေးတယောက် ရှာဖွေစုဆောင်းပေးလျှင် ငွေကျပ် သုံးသောင်းခန့် ပွဲစားအား ပေးရသည်ဟု မာရှယ်က ခန့်မှန်းထားသည်။

ဆင်းရဲနွမ်းပါးသော ကလေးများအား ငွေကြေး၊ အစားအသောက် စသည်တို့ဖြင့် မက်လုံးပေးကာ သွေးဆောင်ဖြားယောင်းရန် လွယ်ကူသဖြင့် ပွဲစားများက ပစ်မှတ်ထားလာကြပြီး ထိုကလေးငယ်များ အဖော်မပါပဲ တယောက်တည်း သွားလာနေသည့် အခါမျိုးတွင် လှည့်ဖျားခံရလေ့ ရှိသည်ဟု လူ့အခွင့်အရေး လေ့လာစောင့်ကြည့်မှု အဖွဲ့ (HRW) က ဆိုသည်။ ကလေးစစ်သားများ၏ သုံးပုံတပုံသည် ထိုနည်းလမ်းများဖြင့် စစ်တပ်ထဲသို့ လှည့်ဖျားသွတ်သင်းခံထားရခြင်း ဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က ဆိုသည်။ အကယ်၍ ကလေးများက လှည့်ဖျားမှုကို ငြင်းဆန်လျှင်လည်း စစ်ထဲမဝင်လျှင် အမှုဆင်ကာ ဖမ်းဆီးမည်ဟု စစ်သားစုဆောင်းသူများက ခြိမ်းခြောက်လေ့ရှိသည်။

“စစ်သားစုဆောင်းတဲ့ ပွဲစားတွေက ကလေးတွေကို ဝင်ငွေကောင်းတဲ့ အလုပ်တွေ ရှိတယ်ဆိုပြီး ညာကြတယ်။ ကလေးတွေကလည်း သူတို့ လက်ဖက်ရည်ဆိုင် ဒါမှမဟုတ် တနေရာရာမှာ လက်ရှိအလုပ်ထက် ပိုကောင်းတဲ့ အလုပ်ရမယ်ထင်ပြီး သွေးဆောင်တဲ့နောက် ပါသွားကြတယ်။ နောက်မှ တပ်ထဲရောက်သွားမှ သူတို့ အညာခံရမှန်း သိကြတယ်” ဟု မာရှယ်က ပြောသည်။

သူဇင်ဦးသည် အလုပ်ကောင်းကောင်းရမည်ဟု အာမခံသော ပွဲစား၏ စကားကို ယုံမိသည့်အတွက် ပွဲစားနှင့်အတူ လိုက်သွားခဲ့ပြီး ဒညင်းကုန်း စစ်သားစုဆောင်းရေးဌာနသို့ ရောက်မှ သူအလိမ်ခံလိုက်ရပြီဆိုတာကို သိခဲ့သည်။ အချိန်တိုအတွင်း၌ပင် သူ့ဘဝသည် ထင်မှတ်မထားသည့် ဒုက္ခအခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပြီး သူသည် ကိုယ်ပိုင်အမှတ် ၄၂၇၄၃၈ ဖြင့် စစ်သားတဦး ဖြစ်လာခဲ့သည်။ ထိုနေ့ညတွင် သူသည် ဘဝတူ အခြားကလေးများနှင့်အတူ သော့ခတ်ထားသည့် ကားရထားဖြင့် ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။

“အဲဒီ့တွဲထဲမှာ ကျနော်နဲ့ ရွယ်တူ ကလေး ၁ဝဝ လောက် ပါတယ်။ ကျနော်တို့ထွက်ပြေးမှာ စိုးလို့ အပေါ့အပါး သွားခွင့်လည်း မပေးဘူး။ အဲဒါကြောင့် ကျနော်တို့ထဲက တယောက် ကြမ်းပြင်ပေါ်မှာ သေးထွက်ကျ သွားတယ်။ သူ့ကို ရိုက်နှက်ပြီး အပြစ်ပေးကြတယ်” ဟု သူဇင်ဦးက ပြောပြသည်။ ထိုညတွင် သူတို့ကို မြောက်ဘက်ရှိ ပဲခူးတိုင်း တောင်ငူခရိုင်ရှိ ရေတာရှည် လေ့ကျင့်ရေး တပ်စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

လေ့ကျင့်ရေးကာလ ၁၈ ပတ် အတွင်းတွင် အထက်အရာရှိများက သူဇင်ဦးအား အနိုင်ကျင့်ကာ ကြံများ ဖြတ်ခိုင်းခြင်း၊ သယ်ခိုင်းခြင်း စသည့် အလုပ်ကြမ်းများကို လုပ်ခိုင်းခဲ့သည်။ သူ့ သူငယ်ချင်းတဦးဆိုလျှင် နိုင်ငံတော်သီချင်း ဆိုရာတွင် အသံတိုးသဖြင့် ခေါင်းကို ဝါးလုံးနှင့်ရိုက်ကာ ဆုံးမခံခဲ့ရသည်ဟု ဆိုသည်။


ကလေးစစ်သားအသုံးပြုမှု တိုက်ဖျက်ရေး ညွန့်ပေါင်းအဖွဲ့၏ အစီရင်ခံစာတွင် ကလေးစစ်သားများသည် တိုက်ပွဲများတွင်လည်း ပါဝင်တိုက်ခိုက် ကြရပြီး၊ ပေါ်တာ၊ ကင်းထောက်၊ ကင်းစောင့်၊ ထောက်လှမ်းရေး လုပ်ငန်းများနှင့် ချက်ပြုတ်ခြင်းစသည့် အလုပ်များကိုပါ လုပ်ဆောင်ကြရလေ့ ရှိသည်ဟု ဆိုသည်။ စစ်တပ်မှ ထွက်ပြေးရန် ကြိုးစားသူများအားလည်း စစ်ပြေးအဖြစ် သတ်မှတ်ကာ ထောင်ဒဏ် ၅ နှစ်အထိ အပြစ်ပေးနိုင်သည်ဟု ဆိုသည်။

လေ့ကျင့်ရေးကာလ ပြီးဆုံးခါနီးတွင် သူဇင်ဦးသည် မိဘများနှင့် တွေ့ဆုံခွင့် ရခဲ့ပြီး သူစစ်တပ်တွင် မပျော်ရွှင်ဘဲ အိမ်ကိုသာ ပြန်လာချင်နေသည်ဟု မိဘများအား ပြောဆိုခဲ့သည်။ ထို့ကြောင့် သူ၏ မိဘများသည် ILO နှင့် ဆက်သွယ်၍ အကူအညီ တောင်းခံခဲ့ရာ ILO မှ သူဇင်ဦး၏ ကိစ္စကို စုံစမ်းဆောင်ရွက်ခဲ့ပြီး အသက်အရွယ်ကိုလည်း အတည်ပြုခဲ့သည်။ ILO ၏ ကူညီဆောင်ရွက်ပေးမှုကြောင့် သူဇင်ဦးသည် ဇွန်လ ၈ ရက်နေ့က စစ်တပ်မှ ထွက်ခွာခွင့် ရခဲ့သည်။

ပြီးခဲ့သည့်နှစ် ဧပြီလမှ ယခုနှစ် ဧပြီလအတွင်း ILO သို့ တိုင်ကြားခဲ့သည့် ကလေးစစ်သား ကိစ္စပေါင်း ၁၂၈ ခုရှိခဲ့သည်ဟု သိရပြီး ၂ဝဝ၇ ဧပြီလမှ ၂ဝဝ၈ ဧပြီလအတွင်း တိုင်ကြားခဲ့ကြသည့် အရေအတွက် ၅ဝခု နှင့် နှိုင်းယှဉ်ကြည့်လျှင် ၂ ဆခွဲခန့် မြင့်တက်လာခြင်း ဖြစ်သည်။

“ကလေးစစ်သားကိစ္စ တိုင်ကြားလာမှုတွေ သိသိသာသာ မြင့်တက်လာပါတယ်။ အကောင်းဘက်ကနေ ကြည့်မယ်ဆိုရင်တော့ လူတွေဟာ ဥပဒေတွေ၊ အခွင့်အရေးတွေကို နားလည်လာကြပြီး ဒီလိုကိစ္စတွေကို တိုင်ရမှန်း သိလာကြပြီလို့ ထင်ပါတယ်” ဟု မာရှယ်က ပြောခဲ့သည်။

စစ်အစိုးရနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) သည် မြန်မာနိုင်ငံသူ နိုင်ငံသားများ လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေးများအား သတိပြုမိလာစေရန် ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်ဟု မာရှယ်က ဆိုသည်။ စစ်အစိုးရသည် စစ်ဘက်ဆိုင်ရာ အရာရှိများအား လူ့အခွင့်အရေးနှင့် ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးခဲ့ပြီး ILO သည် အလုပ်သမား ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဒေသတွင်း အာဏာပိုင်များအတွက် အလုပ်သမား အခွင့်အရေး သင်တန်းများ စီစဉ်ပို့ချပေးခဲ့သည်။

ဥပဒေကြောင်းအရ လူတဦး၏ ရပိုင်ခွင့်များနှင့် အကယ်၍ လူ့အခွင့်အရေး ချိုးဖောက်ခြင်း ခံရပါက မည်ကဲ့သို့ တိုင်ကြားရမည်ကို ရှင်းလင်းဖော်ပြထားသော လက်ကမ်းစာရွက် များကိုလည်း ယခုလမှ စတင်၍ အစိုးရခွင့်ပြုချက်ဖြင့် ဖြန့်ဝေနေကြသည်။

“အစိုးရနဲ့ ညှိနှိုင်းပြီး ပူးပေါင်းလုပ်ဆောင်နိုင်လို့ အခြေအနေတွေ တိုးတက်လာပါတယ်။ စစ်မှုထမ်းနေရတဲ့ ကလေးစစ်သားတွေ တပ်ထဲကနေ ထွက်ခွင့် ပိုရလာကြပါပြီ” ဟု မာရှယ်က ဆိုသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) အနေဖြင့် တိုင်ကြားချက် ၃ ခုမှအပ ကျန်သော ကလေးစစ်သား အမှုအားလုံးတွင် ကလေးများ တပ်ထဲမှ ထွက်ခွင့်ရရှိရန် ကူညီဆောင်ရွက်ပေးနိုင်ခဲ့သည်။ ထိုအမှု ၃ ခုအနက် တခုတွင် ကလေးတဦးအား ရှာဖွေဆောင်ရွက်နေဆဲဖြစ်ပြီး ကျန်အမှု ၂ ခုတွင် ကာယကံရှင်များ ကိုယ်တိုင်က စစ်တပ်ထဲတွင် ဆက်လက်အမှုထမ်းလိုနေသည်ဟု မာရှယ်က ဆိုသည်။

“မိဘတွေကလည်း သေချာတိုင်ကြားမယ်။ ကျနော်တို့အနေနဲ့လည်း ကလေးတွေ အသက်ကို အတည်ပြုနိုင်မယ်ဆိုရင် ကလေးတွေ တပ်ထဲက ထွက်ခွင့်ရဖို့ ကိစ္စကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ပါတယ်။ ဆောင်ရွက်ချက်တွေ အောင်မြင်တဲ့နှုန်း အရမ်းကို မြင့်ပါတယ်။ ကျနော့်အမြင်ကို ပြောရရင် ကျနော်တို့ဘက်က အထောက်အထား ခိုင်ခိုင်လုံလုံ ပြနိုင်မယ်ဆိုရင် အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အားရကျေနပ်စရာ ကောင်းပါတယ်” ဟု မာရှယ်က ပြောသည်။

အခြားတဖက်တွင်မူ ကလေး၏ အသက်ကို အတည်ပြုရန်အတွက် အထောက်အထားများ ရှာဖွေရသည်မှာ အလွန်ခက်သည်ဟု ဆိုသည်။ ထိုကဲ့သို မွေးသက္ကရာဇ် အထောက်အထား ရှာဖွေရသည်မှာ ရက်သတ္တပတ် အနည်းငယ်မှ လပေါင်းများစွာတိုင်အောင် ကြာမြင့်သွားနိုင်သည်ဟုလည်း ဆိုသည်။ စစ်မှုထမ်းနေရသည့် ကလေး အသက် ၁၈ နှစ် မပြည့်သေးကြောင်း သက်သေပြရန်အတွက် ILO သည် တရားဝင် အထောက်အထား စာရွက်စာတမ်းများ လိုအပ်သည်ဟု ဆိုသည်။

“မြန်မာနိုင်ငံမှာ တရားဝင် မွေးစာရင်းလက်မှတ် မရှိကြတာ များတယ်။ ပြီးတော့ ဆင်းရဲတဲ့ မိသားစုတွေမှာ ကလေးတွေကို ကျောင်းမထားကြတာ များတော့ အသက်အမှန်တွေကို တရားဝင် သက်သေပြဖို့ ခက်တယ်” ဟု မာရှယ်က အခက်အခဲများကို ပြောပြသည်။

မာရှယ်က သူ၏ ထင်မြင်ချက်ကို ဆက်လက်ပြောပြရာတွင် မြန်မာနိုင်ငံသား တော်တော်များများသည် ကလေးစစ်သားကိစ္စကို ဖြစ်ရိုးဖြစ်စဉ်အဖြစ် ယူဆထားကြပြီး တစုံတရာ ဆောင်ရွက်လိုစိတ် မရှိကြဟု ဆိုခဲ့သည်။ ကလေးများ စစ်ထဲသို့ သွတ်သွင်းခံနေရသည့် ကိစ္စကို မှားမှန်းသိသူများကလည်း အာဏာပိုင်များအား ထိုကိစ္စကို ထောက်ပြရန် မဝံ့မရဲ ဖြစ်နေကြသည်ဟု မာရှယ်က ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးပညာပေးအဖွဲ့ (မြန်မာနိုင်ငံ) (HREIB) မှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောကြားရာတွင် ကလေးစစ်သားကိစ္စများ တိုင်ကြားမိလျှင် အရေးယူခံရမည်ကို စိုးရိမ်နေကြသည့်အတွက် ILO သို့ တိုင်ကြားသည့် အမှုအရေအတွက်မှာ အမှန်တကယ် ဖြစ်ပွားနေသည့် အရေအတွက်ထက် များစွာ လျော့နည်းနေသည်ဟု ဆိုသည်။ သူက ကလေးစစ်သားကိစ္စများအား တိုင်ကြားခဲ့ကြသူ တချို့ အာဏာပိုင်များ၏ အဖမ်းခံခဲ့ရ၊ ခြိမ်းခြောက်မှု၊ နှောင့်ယှက်မှုများ ခံခဲ့ရသည့် အတိတ်က ဥပမာများကို ရည်ညွှန်းပြောဆိုခဲ့သည်။

“ILO က ဆောင်ရွက်ပေးတဲ့ ကလေးစစ်သားအမှုတွေ အားလုံးလိုလို အောင်မြင်သွားတယ် ဆိုပေမယ့် ILO ကို ရောက်မလာတဲ့ အမှုတွေ ရာပေါင်းများစွာ ရှိနေပါတယ်” ဟု ဦးအောင်မျိုးမင်းက ဆိုသည်။

သူက သူ၏ အမြင်ကို ဆက်လက်ပြောပြရာတွင် စစ်အစိုးရ၏ ကလေးစစ်သားကိစ္စ ဖြေရှင်းမှုများသည် လူကြားကောင်းအောင် ဟန်ဆောင်မှု သက်သက်သာ ဖြစ်သည်ဟု ဆိုသည်။

“ကလေးစစ်သားတွေ ရှိနေတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ သူတို့ မျက်နှာ မပျက်ချင်တော့ဘူးလေ။ တကယ်လို့ သူတို့ တကယ်ပပျောက်အောင် လုပ်ချင်ရင် သူတို့ အမိန့်ပေးတဲ့အတိုင်း လိုက်လုပ်မယ့် စစ်တပ်ပဲ။ သူတို့စစ်တပ်ကို သူတို့ လူကြားကောင်းရုံသက်သက် အပြစ်တင်နေရုံလေးနဲ့တော့ မလုံလောက်ပါဘူး။ သူတို့မှာ ကလေးစစ်သား ခန့်ထားတာတွေကို တားမြစ်နိုင်တဲ့ အာဏာတွေ၊ အဲလို ကလေးစစ်သား ခန့်ထားတဲ့ သူတွေကို အရေးယူနိုင်တဲ့ အာဏာတွေ ရှိနေတာပဲ” ဟု ဦးအောင်မျိုးမင်းက ဝေဖန်ပြောဆိုခဲ့သည်။
http://www.mizzimaburmese.com/news/regional/5647-2010-07-05-08-00-27.html

ခလုတ်ကန်သင်းများတဲ့ ရွေးကောက်ပွဲ


ထက်အောင် Saturday, July 03, 2010

E-mail Print
Share/Save/Bookmark မတ်လ ၈ ရက်နေ့က စပြီး ရေတွက်မယ် ဆိုရင် ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်ခဲ့တာ ၃ လခွဲကျော် ရှိသွားပေမယ့် အခုချိန်အထိ စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကို မကြေညာ သေးပါဘူး။ မှတ်ပုံတင်ထားတဲ့ တချို့ နိုင်ငံရေး ပါတီတွေလည်း ရွေးကောက်ပွဲ ကော်မရှင်က သူတို့ကို အတည်ပြုမပြု စောင့်နေဆဲပါပဲ။

နိုင်ငံရေးပါတီအဖြစ်နဲ့ အတည်ပြုခံရပြီးရင် အဲ့ဒီပါတီက ပါတီဝင်စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်ဆီကို ရက်ပေါင်း ၉ဝ အတွင်း တင်သွင်းရမှာ ဖြစ်ပါတယ်။ အခုအတိုင်းဆိုရင် နိုင်ငံရေးပါတီ အကုန်လုံးရဲ့ ပါတီဝင်စာရင်းတွေကို သတ်မှတ်ထားတဲ့ အချိန် အတွင်း မှာ စစ်ဆေး အတည်ပြုပြီးရင်တောင်မှပဲ စက်တင်ဘာလထဲကို ရောက်သွားတော့မှာပါ။ အဲ့ဒီအချိန်အထိ ဘယ်ပါတီကိုမှ မဲဆွယ် စည်းရုံးရေး လုပ်ခွင့် ပေးမှာ မဟုတ်ပါဘူး။

အဖွဲ့ဝင် ၁၈ ဦး ပါတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို စစ်အစိုးရက မတ်လ ၁၂ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ ကော်မရှင် အဖွဲ့ဝင်တွေကို ဗိုလ်ချုပ်ကြီးတွေ စိတ်ကြိုက် ရွေးချယ်ခဲ့တာဖြစ်ပြီး ကော်မရှင် ဥက္ကဋ္ဌကတော့ ဒုတိယ တရားသူကြီးချုပ် အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ အငြိမ်းစား ဗိုလ်ချုပ် သိန်းစိုး ဖြစ်ပါတယ်။

စစ်အစိုးရနဲ့ ရွေးကောက်ပွဲ ကော်မရှင်တို့မှာ ရွေးကောက်ပွဲအတွက် လိုအပ်တာတွေ ပြင်ဆင်ဖို့ အချိန် အလုံအလောက် ရှိပါတယ်။ ဒါပေမယ့် လက်ရှိ အနေအထားကို ကြည့်မယ် ဆိုရင် ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို နိုဝင်ဘာလ မတိုင်ခင် သတ်မှတ်နိုင်မှာ မဟုတ်ဘူး ဆိုတာ တစထက်တစ ထင်ရှားနေပါပြီ။

နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ရေးကို နောက်ဆုံး သတ်မှတ်ရက် မထားသေးဘဲ ဆက်လက် ခွင့်ပြု ထားဆဲပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လို တည်ဆဲ နိုင်ငံရေး ပါတီတွေ မှတ်ပုံတင်ရမယ့် နောက်ဆုံးရက်ကို မေလ ၆ ရက်နေ့ လို့ သတ်မှတ် ခဲ့ပေမယ့် ပါတီအသစ်တွေကတော့ အခုထိ မှတ်ပုံတင်လို့ ရနေဆဲပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နေပြည်တော်မှာ ရုံးစိုက်တဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို မေးကြည့်တော့ “နိုင်ငံရေးပါတီတွေ မှတ်ပုံတင်လို့ ရတုန်းပဲ။ နောက်ဆုံးရက် ဘယ်တော့လဲ ဆိုတာကိုတော့ တပတ် ကြိုတင် တရားဝင် ကြေညာပါ့မယ်” လို့ ကော်မရှင်ရုံး တာဝန်ရှိသူ တဦးက ပြောပြပါတယ်။

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီးတဲ့ ပါတီတွေတောင်မှပဲ ရုံးခန်းဖွင့်တာ၊ ဌာနချုပ်ဖွင့်တာ၊ ပါတီအလံတင်တာ၊ ပါတီဆိုင်းဘုတ် တင်တာတွေ အလွယ်တကူ လုပ်လို့ မရသေးပါဘူး။ အသစ်ဖွဲ့စည်းတဲ့ နိုင်ငံရေးပါတီတွေ အနေနဲ့လည်း မရည်ရွယ်ဘဲ တစုံတရာ အမှား လုပ်မိရင် အာဏာပိုင်တွေက နှောင့်ယှက်တာ ဒါမှမဟုတ်လည်း ပါတီကို အရေးယူတာမျိုးတွေ ဖြစ်လာနိုင်တာမို့ အဲ့ဒီလို မဖြစ်ရအောင် သတိထားနေကြပါတယ်။

“ကျနော်တို့ စစ်တပ်အုပ်ချုပ်မှု အောက်မှာ ရှိနေဆဲ ဆိုတာကို မမေ့ပါနဲ့” လို့ အမျိုးသား နိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ် ခေါင်းဆောင် ဦးအုန်းလွင်က ပြောပါတယ်။ သူ့ရဲ့ပါတီဟာ ကော်မရှင်က အတည်ပြုပြီးတဲ့ ပါတီဖြစ်ပါတယ်။

“နိုင်ငံရေး လှုပ်ရှားမှုတွေကို ကျနော်တို့ သတိကြီးကြီးထားပြီး ဆောင်ရွက်နေရပါတယ်” လို့လည်း သူက ဆိုပါတယ်။

၁၉၉ဝ ရွေးကောက်ပွဲ ကာလကလို နိုင်ငံရေးပါတီတွေ ဒုနဲ့ဒေး မှတ်ပုံတင်တာမျိုး မဖြစ်ရအောင် စစ်အစိုးရက ဒီနှစ်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို တင်းတင်း ကျပ်ကျပ် ရေးဆွဲ ပြဋ္ဌာန်းခဲ့တာပါ။ ဒါကြောင့် ကော်မရှင်က အတည်ပြုပြီးတဲ့ နိုင်ငံရေးပါတီတိုင်းဟာ အတည်ပြုခံရတဲ့နေ့ကနေ ရက်ပေါင်း ၉ဝ အတွင်းမှာ သူတို့ရဲ့ အနည်းဆုံး ပါတီဝင်အင်အား စာရင်း အသေးစိတ်ကို ကော်မရှင်ဆီ တင်သွင်းရမှာ ဖြစ်ပါတယ်။ ဒီလို တင်သွင်းတဲ့ နေရာမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲဝင် ဖို့ စီစဉ်ထားတဲ့ ပါတီဟာ ပါတီဝင်ဦးရေ အနည်းဆုံး ၁ဝဝဝ ရှိရမှာ ဖြစ်ပြီး တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ် တခုအတွင်းမှာပဲ ဝင်ပြိုင်မယ့်ပါတီကတော့ ပါတီဝင် ၅ဝဝ ရှိရမှာ ဖြစ်ပါတယ်။

အဲ့ဒီလိုသတ်မှတ်ချက်နဲ့ နိုင်ငံရေးပါတီတွေက တင်သွင်းတဲ့ ပါတီဝင်အင်အား စာရင်း အသေးစိတ်ကို ကော်မရှင်က ပြန်ပြီး အသေအချာ စစ်ဆေးဦးမှာပါ။ တကယ်လို့ သတ်မှတ်ထားတဲ့ ပါတီဝင်ဦးရေ မပြည့်ဘူး ဒါမှမဟုတ်လည်း ပါတီဝင်တွေက ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ရွေးကောက်ပွဲဥပဒေတွေထဲက ပြဋ္ဌာန်းချက်တွေနဲ့ မကိုက်ညီဘူး ဆိုရင် ကော်မရှင်က ဘယ်ပါတီကို ဖြစ်ဖြစ် ဖျက်သိမ်းနိုင်တဲ့ အာဏာ ရှိပါတယ်။

နောက်တခုကတော့ မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီတွေကို ကော်မရှင်က အတည်ပြုပေးတဲ့နေ့ မတူတဲ့ အချက်ပါ။ အဲ့ဒီလို မတူတဲ့အတွက် ပါတီတခုနဲ့ တခုကြားမှာ ပါတီဝင် စာရင်း နောက်ဆုံးထား တင်သွင်းရမယ့် ရက်ကလည်း မတူတော့ပါဘူး။ ဥပမာအနေနဲ့ ပြရရင် စစ်အစိုးရက ကျောထောက် နောက်ခံ ပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ကို ကော်မရှင်က နိုင်ငံရေးပါတီအဖြစ် ဇွန်လ ၈ ရက်နေ့မှာ အတည်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် USDP က ပါတီဝင်စာရင်း နောက်ဆုံးထား တင်သွင်းရမယ့်ရက်က စင်တင်ဘာလ ၆ ရက်နေ့ ဖြစ်သွားပါတယ်။ အခုချိန်ထိ အတည်ပြု မခံရသေးတဲ့ ပါတီတွေဆိုရင် ပါတီဝင် စာရင်း ပို့ရမယ့် အချိန်က အဲ့ဒီထက်ကို အများကြီး ပိုနောက်ကျသွားဖို့ပဲ ရှိပါတယ်။

အတည်ပြုခံရတဲ့ နိုင်ငံရေးပါတီတွေ အားလုံးက ပါတီဝင် စာရင်း တင်သွင်းတာတွေ ပြီးမှပဲ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ပါတီအရေအတွက် နဲ့ ပါတီနာမည်တွေကို ကော်မရှင်က ကြေညာမှာ ဖြစ်ပါတယ်။

အဲ့ဒါပြီးရင်တော့ ကိုယ်စားလှယ်လောင်း အမည် တင်သွင်းတဲ့ အဆင့်ပါ။ ၁၉၉ဝ ရွေးကောက်ပွဲမှာတုန်းက ကိုယ်စားလှယ်လောင်း အမည် တင်သွင်းနိုင်တဲ့ ကာလကို သတ်မှတ်ပေးပြီး မကြာခင်မှာပဲ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ကော်မရှင်က ကြေညာခဲ့ပါတယ်။ အခုတကြိမ်မှာလည်း ၁၉၉ဝ အတိုင်းပဲ ဖြစ်မယ် ဆိုရင်တောင် ကိုယ်စားလှယ်လောင်း အမည် တင်သွင်းရမယ့် ကာလနဲ့ ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကို ကြေညာမယ့် အချိန်ဟာ စက်တင်ဘာလလယ် မတိုင်ခင် မဖြစ်နိုင်ဘူးလို့ ယူဆနိုင်ပါတယ်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်တွေမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ပါတီ တွေ က ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းပြီးရင် အဲ့ဒီစာရင်းကို ကော်မရှင်က အသေအချာ ထပ် စစ်ဆေးဦးမှာပါ။

နိုင်ငံရေး ရည်မှန်းချက်ကြီးသူတွေကို စောင့်ကြည့် အပြစ်ရှာတတ်တဲ့ စစ်အစိုးရရဲ့ စရိုက်နဲ့ ရုပ်ပျက်ဆင်းပျက် ဗျူရိုကရေစီ ယန္တရားကို ထည့်စဉ်းစားမယ်ဆိုရင် ပါတီ ကိုယ်စားလှယ်လောင်းတွေကို ကော်မရှင်က စစ်ဆေးလို့ မပြီးခင်မှာဘဲ အောက်တိုဘာလထဲကို ရောက်သွားဖို့ များပါတယ်။ နိုင်ငံရေးပါတီတွေ အနေနဲ့လည်း သူတို့ရဲ့ ကိုယ်စားလှယ်လောင်းတွေကို ကော်မရှင်က စစ်ဆေး အတည်ပြုပြီးမှသာ မဲဆွယ်တဲ့ လုပ်ငန်းတွေကို စတင်နိုင်မှာ ဖြစ်ပါတယ်။

ကော်မရှင်ဟာ ဒီလုပ်ငန်းစဉ်တွေထဲက ဘယ်အဆင့်ကို ဘယ်ကာလအတွင်း အကောင် အထည် ဖော်မယ် ဆိုတာကို အချိန် အတိ အကျ ထားရှိ ဆောင်ရွက်တာမျိုး မရှိပါဘူး။ နိုင်ငံ အများစုမှာ ဒီလုပ်ငန်းတွေကို အချိန်တို အတွင်းမှာပဲ ပြီးအောင် ဆောင်ရွက်ကြတာပါ။ ရက်သတ္တပတ် အနည်းငယ် အတွင်းမှာ ဆောင်ရွက်ခဲ့ကြတာမျိုးတောင် ရှိပါတယ်။

ပိုဆိုးတာကတော့ မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင်စာရင်း ပြုစုတာကို ကော်မရှင်က လုပ်ငန်းစဉ်တခု အဖြစ်နဲ့ ချမှတ်ဆောင်ရွက်မှာ မဟုတ်တဲ့ အချက်ပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲတုန်းက သုံးခဲ့တဲ့ မဲဆန္ဒရှင်စာရင်း ရှိပြီးသားမို့ စာရင်း ထပ်မပြုစုတော့တာလည်း ဖြစ်နိုင်ပါတယ်။ အခုချိန်အထိ နိုင်ငံပြင်ပမှာ ရောက်နေတဲ့ မဲဆန္ဒရှင်တွေ ဘယ်လို မဲပေးနိုင်တယ် ဒါမှမဟုတ် စာတိုက်ကတဆင့် မဲပေးမယ်ဆိုရင် ဘယ်လို လုပ်ရမယ် စတာတွေနဲ့ ပတ်သက်တဲ့ ကြေညာချက်တွေကို ကော်မရှင်က ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ ဒီမိုကရေစီနည်းကျတဲ့ ရွေးကောက်ပွဲတွေမှာ လုပ်ရိုး လုပ်စဉ် ဖြစ်တဲ့ ဒီအရာတွေကို ရွေးကောက်ပွဲတွေ မကျင်းပခင် ရက်သတ္တပတ် အတော်ကြာကတည်းက ဆောင်ရွက်ဖို့ လိုပါတယ်။

ကော်မရှင်က လုပ်ငန်းတွေကို ဆောင်ရွက်တဲ့ နေရာမှာလည်း ဘယ်အရာပဲ ဖြစ်ဖြစ် ရှင်းရှင်း လင်းလင်း မရှိပါဘူး။ ဒါကြောင့်မို့ ဘာတွေ ဖြစ်လာမယ် ဆိုတာကို လူထုက မသိသလို နိုင်ငံရေးပါတီတွေကလည်း ရွေးကောက်ပွဲ အတွက် အချိန်ကာလ အပိုင်းအခြားနဲ့ စီစဉ် ဆောင်ရွက်ရမယ့် ကိစ္စတွေကို မဆောင်ရွက်နိုင် ဖြစ်နေရပါတယ်။

ရွေးကောက်ပွဲကို အများက ခန့်မှန်းထားတဲ့ အတိုင်း စစ်အစိုးရက နိုဝင်ဘာလမှာ ကျင်းပမယ် ဆိုရင် မဲဆွယ် စည်းရုံးဖို့ အချိန် လုံလုံ လောက်လောက် ရှိတော့မှာ မဟုတ်ဘူးလို့ နိုင်ငံရေး ပါတီ တချို့က စိုးရိမ်နေကြပါတယ်။

“ရွေးကောက်ပွဲ နိုဝင်ဘာမှာ ကျင်းပမယ် ဆိုရင် ကျမတို့မှာ မဲဆွယ်ဖို့ အများဆုံး တလလောက်ပဲ အချိန်ရမယ် ထင်တယ်” လို့ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ သမီးဖြစ်သူ ဒီမိုကရက်တစ်ပါတီ (မြန်မာနိုင်ငံ) ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနုက ပြောပြပါတယ်။

ကော်မရှင် အဖွဲ့ခွဲတွေ ဖွဲ့တာ၊ ကော်မရှင်အဖွဲ့ဝင်တွေ ခန့်တာ၊ နိုင်ငံတဝန်း မဲရုံမှူးတွေ ခန့်အပ်တာ စတဲ့ တာဝန်တွေကို မဆိုထားနဲ့ နိုင်ငံရေး ပါတီတွေ မှတ်ပုံတင်တဲ့ လုပ်ငန်းစဉ်မှာတောင် ကော်မရှင်ရဲ့ လွတ်လပ်မှုနဲ့ သမာသမတ်ကျမှု အတိုင်းအတာကို သုံးသပ်ဖို့ မဖြစ်နိုင်ဘူးလို့ ပြည်တွင်း ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူတွေက ဆိုပါတယ်။ လွတ်လပ်မှုနဲ့ သမာသမတ်ကျမှု ဆိုတာဟာ နိုင်ငံတကာက လက်ခံထားတဲ့ ရွေးကောက်ပွဲ ကော်မရှင် ဆိုင်ရာ အဓိက စံချိန်စံညွှန်းတွေပဲ ဖြစ်ပါတယ်။

အခုတော့ ကော်မရှင်ဟာ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်တာ၊ ခရိုင်နဲ့ မြို့နယ် ကော်မရှင်ခွဲတွေ ဖွဲ့စည်းတာ၊ ဝန်ထမ်းတွေကို လေ့ကျင့်တာတွေနဲ့ အလုပ် များနေတယ်လို့ သိရပါတယ်။

၁၉၉ဝ ရွေးကောက်ပွဲတုန်းက နိုင်ငံရေးပါတီတွေ မဲဆွယ်ဖို့ အချိန် ၃ လ ရခဲ့ပါတယ်။ ဒါပေမယ့် ဒီတကြိမ်တော့ အဲ့ဒီလို ရမှာ မဟုတ်တော့ပါဘူး။ စစ်အစိုးရက သူတို့ရဲ့ မဟာဗျူဟာ အတိုင်း ဒီမိုကရေစီပါတီတွေရဲ့ လှုပ်ရှားမှုကို ကန့်သတ် လျှော့ချမှာ ဖြစ်ပြီး USDP ကိုတော့ လွတ်လွတ်လပ်လပ် မဲဆွယ်ခွင့်ပြုမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ဥပဒေတွေကို အလွဲသုံးစားလုပ်မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲနေ့မှာလည်း မဲဆန္ဒရှင်တွေကို ခြိမ်းခြောက်တာ၊ လိမ်လည် လှည့်ဖျားတာနဲ့ မဲလိမ်တာတွေ ထပ်ဖြစ်လာပါဦးမယ်။

စစ်အစိုးရကတော့ လာမယ့် ရွေးကောက်ပွဲ ကျင်းပတဲ့အခါ လွှတ်တော် ၃ ခု စလုံးမှာ USDP က တနိုင်ငံလုံး အတိုင်းအတာနဲ့ အောင်ပွဲ ခံလိမ့်မယ်လို့ သေချာပေါက် တွက်ထားလောက်ပါပြီ။

ထက်အောင် ရေးသားသည့် Stumbling Toward the Election ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။
http://www.irrawaddy.org/bur/index.php/editorial/2009-02-27-05-56-44/3535-2010-07-03-11-05-49

The Voice Weekly Journal Vol. 6-33, July5-11, 2010.

The Voice-6-33

(7) July statement issued by International Foundation for Burma National Congress (IFBN)

(7) July Statement of IFBNC Bur

B.S.D.O Conference in Toronto ( Canada )

BSDO Conference.pdf
BSDO Conference

Who is Aung San What is his Speech

Who is Aung San What is his Speech part 1


Who is Aung San What is his Speech part 2

Video, by Lu Cifer (face book)