Saturday, July 17, 2010

The Voice Weekly Journal 6-35, July 19-25, 2010.

The Voice Weekly

17 July 2010 ဒိုင်ယာရီ


17July 2010 yeyintnge's diary.pdf download here
17July 2010 Yeyintnge's Diary

အမေရိကန်ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှု မြန်မာပြည်သူတွေအတွက် အကျိုးရှိ



အမေရိကန်ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှု မြန်မာပြည်သူတွေအတွက် အကျိုးရှိ

နယူးယောက်မြို့ Wall Street

ထပ်ဆင့် ဖြန့်ဝေရန်

အမေရိကန်ပြည်ထောင်စုက ငွေကြေးကုမ္ပဏီတွေကို ကြပ်ကြပ်မတ်မတ် ကွပ်ကဲရေး ဆိုင်ရာ ဥပဒေမူကြမ်း တရပ်ကို မနေ့က အမေရိကန် အောက်နဲ့ အထက်လွှတ်တော် နှစ်ရပ်စလုံးက ထောက်ခံအတည်ပြုခဲ့ကြပါတယ်။ နောက်အပတ်ထဲမှာ သမ္မတ အိုဘားမား လက်မှတ် ရေးထိုးပြီး ရင်တော့ ဒီဥပဒေ အတည်ဖြစ်မှာ ဖြစ်ပါတယ်။ ဒီဥပဒေ အတည်ဖြစ်သွားရင် မြန်မာနိုင်ငံ သားတွေအတွက်လဲ အကျိုးဖြစ်နိုင်တယ်လို့ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ Earth Rights International ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ကို ကစောဝါးက ပြောပါတယ်။ ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်နိုင်တယ် ဆိုတာကိုတော့ ကိုကစောဝါးက အခုလို ရှင်းပြပါတယ်။

“မနေ့ကမှ အတည်ပြုလိုက်တဲ့ ဥပဒေမူကြမ်းပေါ့လေ၊ အထက်လွှတ်တော်၊ အောက်လွှတ်တော် ကနေပြီးတော့ Wall Street Reforming Consumer Production Act ဆိုတဲ့ ဥပဒေမူကြမ်းဟာ ကျနော်တို့ မြန်မာပြည်သားတွေအတွက် အင်မတန်ကိုပဲ အကျိုးကျေးဇူး ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီကြီးတွေက မြန်မာပြည်မှာ လာပြီးတော့ ရင်းနှီးမြှုပ်နှံနေတာကို ဗမာပြည်အစိုးရက ငွေကြေး ဘယ်လောက်ရနေလဲဆိုတာကို မြန်မာပြည်သူပြည်သားတွေ မသိနိုင်ပါဘူးခင်ဗျ။ ဒါပေမဲ့ ဒီဥပဒေကြီး အတည်ပြုလိုက်ပြီဆိုရင် ဗမာပြည်မှာ ရင်းနှီးမြှုပ်နှံနေတဲ့ကုမ္ပဏီတွေဟာ သူတို့ ဗမာစစ်အစိုးရကို ငွေကြေးဘယ်လောက်ပေးရလဲဆိုတာကို သူတို့က အမေရိကန် အစိုးရကို အသိပေးရမှာပါခင်ဗျ။ အဲဒီလို အသိပေးတဲ့အချိန်မှာ ကျနော်တို့ Earth Rights Organization က ဒီ အခြေအနေ အကြောင်းအချက်တွေကို Information တွေကို ယူပြီးတော့ ကျနော်တို့အနေနဲ့ ဗမာပြည်သူပြည်သားတွေကို အသိပေးနိုင်တဲ့ အတွက် ဗမာပြည်သူပြည်သားတွေဟာ ဘယ်လိုကုမ္ပဏီမျိုးတွေမှာ ဘယ်လို ဘယ်လောက်ငွေကြေးရတယ်ဆိုတာကို သိနိုင်မယ်ဆိုရင် မြန်မာပြည်သားတွေအတွက် အများကြီး အကျိုးရှိနိုင်ပါတယ်။”

၂၀၀၈ ခုနှစ်က ကြုံတွေ့ခဲ့ရတဲ့ ကမ္ဘာ့ငွေကြေး အကျပ်ရိုက်မှု ပြဿနာ နောက်တခါ မကြုံရလေအောင် ကာကွယ်ဖို့ ရည်ရွယ်တဲ့ ဒီဥပဒေ မူကြမ်းဟာ ငွေကြေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ်တွေကို ပိုပြီး ကြပ်ကြပ်မတ်မတ် ထိန်းကွပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေတဲ့ အမေရိကန် ကုမ္ပဏီတွေရဲ့ ငွေစာရင်းရှင်းတမ်းတွေကို သိနိုင်ယုံတင်မက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေတဲ့ တခြား နိုင်ငံတွေက နိုင်ငံခြား ကုမ္ပဏီကြီးတွေရဲ့ ငွေကြေးရှင်းတမ်းတွေကိုလဲ တဖက်တလှမ်းကနေ သိနိုင်မှာဖြစ်တယ်လို့ ကိုကစောဝါးက ထောက်ပြပါတယ်။

“ဒီမူက အမေရိကန် ကုမ္ပဏီတခုတည်းကိုသာ အကျိုးသက်ရောက်မှု မကပါဘူးခင်ဗျ၊ အခြား တရုတ်တို့၊ ပြင်သစ်ကုမ္ပဏီ တိုတယ်လ်တို့မှာလည်း အကျိုးသက်ရောက်မှု ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တရုတ်ကော်ပရေးရှင်းတွေက အမေရိကန်နိုင်ငံရဲ့ စတော့ပ်အိပ်စ်ချိန်းမှာ ရှိနေတဲ့အတွက် ဒီကုမ္ပဏီတွေကလည်း အမေရိကန်နိုင်ငံကို အသိပေးရမှာ ဖြစ်တဲ့အတွက် ဥပမာအားဖြင့် ရှယ်ဗလွန်တို့ကတော့ သေချာပြီ။ ဒါကတော့ အမေရိကန် ကုမ္ပဏီဖြစ်တဲ့အတွက်။ ဒါပေမယ့် Total တို့ CMPC တို့ China ကုမ္ပဏီတွေက သူတို့က ဒီအမေရိကန်နိုင်ငံမှာ သူတို့ရဲ့ရှယ်ယာတွေကို ရောင်းနိုင်ဖို့အတွက် ယူအက်စ် အိပ်စ်ချိန်းမှာ ၀င်ပါထားတယ်ခင်ဗျ။ ၀င်ပါထားတယ်ဆိုတော့ ဒီဥပဒေက ယူအက်စ် စတော့ အိပ်စ်ချိန်းမှာ ၀င်ပါထားတဲ့ ကုမ္ပဏီတိုင်းက အမေရိကန်အစိုးရကို ငွေစာရင်းတွေကို အသိပေးရမယ်လေ။ ဆိုတော့ သူတို့တွေကလည်း ဒီ အမေရိကန် အစိုးရကို သူတို့ ဗမာပြည်ကို ငွေဘယ်လောက်ပေးလဲ၊ ဗမာစစ်အစိုးရကို ငွေဘယ်လောက်ပေးလဲဆိုတဲ့ ငွေစာရင်းကို သူတို့ တင်ပြရပါလိမ့်မယ်။”

ခုချိန်မှာ မြန်မာနိုင်ငံသားတွေဟာ နိုင်ငံခြားကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှု ငွေကြေးတွေနဲ့ ပတ်သက်လို့ ဘာမှမသိကြသလို သဘာဝ သံယံဇာတ အရင်းအမြစ်တွေ ပေါကြွဝတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံသားတွေကတော့ ဒီကရတဲ့ အကျိုးအမြတ်ကို ခံစားရလေ့ မရှိပါဘူး။ ဒါကြောင့် ဒီဥပဒေ မူကြမ်း အတည်ဖြစ်သွားမယ် ဆိုရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်နေတဲ့ နိုင်ငံခြား ကုမဏီတွေကနေ မြန်မာစစ်အစိုးရ ဘယ်လောက် ၀င်ငွေ ရနေတယ်ဆိုတာတွေကို ဖော်ထုတ်နိုင်မှာဖြစ်သလို ပြည်သူတွေ ဒီအကြောင်းတွေကို သိလာခြင်းအားဖြင့် မြန်မာစစ်အစိုးရ အနေနဲ့ လူထုအတွက် အကျိုးပြုမှု တစုံတရာ လုပ်လာနိုင်တဲ့ တွန်းအားဖြစ်လာဖို့လဲ ကိုကစောဝါးက မျှော်လင့်ပါတယ်။

“ဗမာပြည် စစ်အစိုးရကြီးဟာ အများသိတဲ့အတိုင်း နျူကလီးယား ဓာတ်ပေါင်းဖိုတွေဘာတွေကို သူတို့ တည်ဆောက်နေတယ်။ ဒါပေမဲ့ တကယ်တန်းတွက်ကြည့်လိုက်ရင် ဒီငွေကြေးတွေဟာ တိုင်းသူပြည်သားတွေအတွက် အနည်းဆုံးတော့ နည်းနည်းပါးပါး ရောက်သင့်တယ်။ ဒီ ရှယ်ဗရွန်းက ပေးတဲ့ပိုက်ဆံတို့ တိုတယ်လ်က ပေးတဲ့ ပိုက်ဆံတို့ ဒီငွေကြေးအများကြီးတွေဟာ တိုင်းသူပြည်သားတွေဆီမရောက်ဘဲ ဒီဘာမဟုတ်တဲ့ မလုပ်သင့်တဲ့ဟာတွေ ဒီစစ်အစိုးရကို အာဏာခိုင်မြဲဖို့အတွက်ပဲ ဖြစ်နေတော့ ကြည့်ရတာ ကျနော်တို့ တော်တော်လေးကို စိတ်မကောင်းဖြစ်နေပါတယ်။ အခုကြည့်မယ်ဆိုရင် ဗမာပြည်သူပြည်သားတွေ ဘယ်လောက်ဒုက္ခရောက်နေလဲ ကျနော်တို့ မျက်မြင် တွေ့နေရပါတယ်။ ဒါတွေကို ကြည့်နေရတာ စိတ်မချမ်းသာတဲ့အတွက် အနေအထားတခုမှာ ကျနော်တို့ ဘာအကောင်းဆုံးလုပ်နိုင်မလဲ၊ ဒီလိုသာ ကုမ္ပဏီတွေက ငွေကြေးရှင်းတမ်းတွေကို တင်ပြရမယ်ဆိုရင် အနည်းဆုံးတော့ ဗမာပြည်သူပြည်သားတွေ ဒီအနေအထားကို သိမယ်ဆိုရင် စစ်အစိုးရက အနည်းဆုံးတော့ တခုခု လုပ်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ချင်ပါတယ်ခင်ဗျ။”

နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ Earth Rights International ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ကို ကစောဝါးကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

http://www1.voanews.com/burmese/news/US-Financial-reform-07-16-10-98645619.html

နေညိုညို

နေညိုညို


(က)

ကိုယ်ကိုနွဲ့၍ အားနှင့်လွှဲရိုက်လိုက်သည့် ဂေါက်တံနှင့် ဂေါက်သီးထိမိရာမှ ထွက်ပေါ်လာသည့် အသံသည် သူ၏ နှလုံးခုန်သံနှင့် တထပ်တည်းတူညီစွာ ကြားလိုက်ရသည်ဟု ဗိုလ်ချုပ်ကြီး၏ စိတ်၌ ထင်လိုက်မိ၏။

ပြေးလမ်းမှ အရှိန်နှင့် ထောင်တက်သွားသည့် တိုက်လေယာဉ်တစင်းအလား၊ လေထဲတွင် အရှိန်နှင့် လွင့်မျောနေသည့် ဂေါက်သီးဘောလုံး အဖြူလေးအား လေဟုန်တွင် မျှော်ကြည့်ရင်း ဗိုလ်ချုပ်ကြီး ကြည်နူးနေမိ၏။ ဂေါက်သီး ဘောလုံးအဖြူလေးက လေဟုန်တွင် အရှိန်နှင့် လွင့်နေဆဲ။ ဤအတိုင်းဆိုလျှင် နဝမမြောက်ကျင်းသည် သတ်မှတ်ရိုက်ချက်ထက် လျှော့၍ရိုက်ပြီး သူ ကျင်းသို့ ဝင်နိုင်မည်။
ဗိုလ်ချုပ်ကြီး ကျေနပ်သွား၏။ ဗိုလ်ကြီး တဦးက ဗိုလ်ချုပ်ကြီးအား ချွေးသုတ်ရန် မျက်နှာသုတ် ပုဝါလေးတခုအား ကမ်းပေး၏။ မျက်နှာသုတ် ပုဝါငယ်လေးက အေးမြမြနှင့် သင်းပျံ့မွှေးရီ၍နေသည်။ ဗိုလ်ချုပ်ကြီး၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူးသည် ဗိုလ်ချုပ်ကြီး၏ လက်အတွင်းမှ ဂေါက်တံအား လှမ်းယူပြီး …

“ဒီညနေတော့ S.1 မှာ သေချာပါတယ် ဗိုလ်ချုပ်။ ဗိုလ်ချုပ်လက်က အခုမှ လက်မှန်ပြန်ပေါ်လာပြီ”

ဗိုလ်ချုပ်ကြီး ပြုံးလိုက်၏၊ ပြီးလျှင် နဝမမြောက် ကျင်းဆီသို့ တလှမ်းချင်းလှမ်း၍ လျှောက်ခဲ့၏။ ကြပ်ပြေးနေပြည်တော် ဂေါက်ကွင်းက နေညိုညို ပုဇွန်ဆီရောင်အသွေးအောက်၌ မြက်ခင်းသည် စိမ်းမြ၍မနေ၊ ဝါရွှေရောင် အကွက်အပြောက်များနှင့်။ နေညိုနေပြီဖြစ်သော်လည်း ကြပ်ပြေး၏ရာသီက ပူလောင်ဆဲ။

ပျဉ်းမနားတောင်ညို အရပ်ဆီမှ တိမ်မဲညိုရိပ်များအား တွေ့ရ၏။ လေငြိမ်နေသဖြင့် တိမ်တို့သည်လည်း မရွေ့လျား။ အိနြေ္ဒကြီးစွာနှင့် ကောင်းကင်ယံ၌ တည်နေကြ၏။ နေညိုညိုသည် ပုဇွန်ဆီရောင်အသွေးမှ ကြက်ဥအရောင်သို့ ဖျော့၍ သွား၏။

(ခ)

ရွှေစာရံဘုရားအား ကျော်သည်နှင့် ဘယ်ဘက်သို့ချိုးလျှင် ဆေးရုံလမ်းသို့ ရောက်သည်။ ဆေးရုံလမ်းက မော့မော့လေး တက်ရသည်။ လမ်းကျောက ရှည်၏။ မော့မော့လေး တက်ရသော်လည်း လမ်းကျော ရှည်သည့်အတွက် အနှေးယာဉ်များသည် ဤလမ်းအား မသွားချင်ကြ။
ဆိုက်ကားဆရာသည် ဆေးရုံလမ်းသို့ ချိုးဝင်လိုက်သည်နှင့် မတ်တပ်ရပ်၍ထပြီး နင်း၏။ ဤလမ်းက အရှိန်နှင့်တက်မှ ရမည်။ အမျိုးသားတဦး၊ အမျိုးသမီးတဦး၏ အလေးချိန်အောက်၌ သူ၏ ဆိုက်ကားသည် ပိ၍နေသည်။ တချက်ချင်း မှန်မှန်ဖိ၍ နင်းမှုကြောင့် ဆိုက်ကားသည် ကုန်းမော့မော့ အား မှန်မှန်ပင် တက်၍ နေသည်။

ဆိုက်ကားဆရာသည် သူ၏ အသက်ရှူသံအား သူပြန်၍ကြားနေရ၏။ သူ၏ ခြေသလုံးကြွက်သားကြီးများမှာ မာ၍ တင်းနေသည်ကို သူသိ၏။ ဆိုက်ကားလက်ကိုင်အား ဖိကိုင်ထားသည့် သူ၏ လက်က ချွေးတို့နှင့် စိုရွဲ၍နေသည်။ နင်းလိုက်သည့် အခါတိုင်း ‘တောက်၊ တောက်’ နှင့် နရီမှန်မှန် မြည်နေသည့် ချိန်းကြိုး၏ အသံကြောင့် ဆိုက်ကားဆရာ ချိန်းကြိုးပြတ်သွားမည်ကို စိုးရိမ်မိ၏။

“ဆရာဝန်ကြီးက ပြောတယ်။ နောက်ထပ် ၁ဝ နာရီလောက် နောက်ကျရင် ကလေးအတွက် အသက်အန္တရာယ် ရှိနိုင်တယ်တဲ့။ တော်ပါသေးရဲ့ရှင်၊ ရှင်ပြန်ရောက်လာလို့။ ကျမတယောက်ထဲဆို ဒုက္ခပဲ”

အနောက်တွင် ထိုင်လာသည့် အမျိုးသမီးကြီးက အရှေ့တွင်ရှိသည့် အမျိုးသားအား ပြော၏။

“သမီးလေးဖျားနေတာတော့ ၂ ရက်၊ ၃ ရက်လောက် ရှိပြီ၊ ကိုယ်ငွေ့ငွေ့လေးပဲဆိုပြီး ကျမလည်း အပူငြိမ်းဆေးလေးပဲ တိုက်တယ်။ ကျမလည်း ကျောင်းက တဖက်၊ ကျူရှင်ပြရတာက တဖက်ဆိုတော့ ဂရုမစိုက်မိဘူး။ အအေးမိပြီး ဖျားနာတာပဲလို့ ထင်တာလည်း ပါတာပေါ့။ ညကတော့ သမီးလေးက အဆစ်တွေ ကိုက်တယ်၊ နာတယ်ဆိုပြီး ငိုတယ်။ အဲဒီတော့မှ သမီးလေးရဲ့ လက်ဆစ်တွေ၊ ခြေဆစ်လေးတွေ ရောင်နေတာ တွေ့ရတယ်။ ပြီးတော့ သမီးလေးရဲ့ လည်ပင်းတွေ၊ ကျောပြင်တွေမှာ၊ အနီကွက်လေးတွေလည်း တွေ့ရတယ်။ ဒီတော့မှ ကျမလည်း စိတ်ပူပြီး မနက်ကျတော့ ဆေးခန်းပို့၊ ဆေးခန်းက ချက်ချင်းပဲ ဆေးရုံတင်ပါ။ သွေးလွန်တုပ်ကွေး ဖြစ်နေတယ်ဆိုတာနဲ့ ချက်ချင်းပဲ သမီးလေးကို ဆေးရုံတင်လိုက်တာပဲ’

အမျိုးသမီးကြီးက သူ၏ စကားကို အဆုံးသတ်လိုက်၏။ ဆိုက်ကားက ဆေးရုံဝင်းအတွင်းသို့ ချိုးဝင်လိုက်သည်။ ဆေရုံကြီး၏ အလယ်ပေါက်အရှေ့၌ ဆိုက်ကားအား ရပ်လိုက်၏။ အမျိုးသားကြီးနှင့် အမျိုးသမီးကြီးတို့ ဆေးရုံအတွင်းသို့ သုတ်သုတ်၊ သုတ်သုတ်နှင့် ဝင်သွားကြသည်။

ဆိုက်ကားဆရာသည် မျက်နှာမှ ချွေးတို့အား ပုဆိုးနှင့်ပင် သုတ်၏။ လက်မောင်းရင်းမှ ချွေးတို့အား သုတ်၏။ ပုဆိုး၏ အထက်ပိုင်းက ချွေးတို့နှင့် စိုရွဲ၍သွား၏။ မို့ချည်၊ မောက်ချည်နှင့် ဆိုက်ကားဆရာ၏ ရင်ဘတ်ကြီးသည် ဂနာမငြိမ်သေး။
ခရိုင်မြို့လေး၏ မြို့တွင်းဆေးရုံလမ်းမကြီးက ကျောက်ပေါက်မာ သက်သက်နှင့်။ ချိုင့်များအား သတိထား၍ ရှောင်ရင်း နင်းရ၏။ အခန်မသင့်လျှင် စမုတ်ပျက်မည်။ သူတင်လာသည့် ခရီးသည် ၂ ဦး၏ အလေးချိန်နှင့်ဆိုလျှင် အကျမတော်ပါက ဂွေပင် ခွင်နိုင်၏။ ကျောဖက်ရှိ အင်္ကျီသည် ချွေးတို့ကြောင့် သူ၏ ကျောပြားကြီးနှင့် ကပ်၍နေသည်။

နေညိုညို ပုဇွန်ဆီရောင်အသွေးနှင့် ကောင်းကင်သည် ရုတ်ခြည်းပင် ညို့မှိုင်း၍သွား၏။ မြသပိတ်တောင်ပေါ်မှ မိုးတိမ်စိုင်များသည် လိပ်၍ မြို့လေးအတွင်းသို့ ပြိုပြီး ဆင်းလာကြ၏။ တိမ်၏ အမှောင်က နေညိုညိုအား ဝါးမျိုလိုက်၏။ တိမ်အမှောင်သည် မကြာမီတွင် ည၏ အမှောင်နှင့် ဆက်လေမည်။

ဆိုက်ကားဆရာသည် နေညိုညို မိုးကောင်းကင်အား မော့ကြည့်ရင်း သက်ပြင်းချမိ၏။ ညနေ ၆ နာရီ ထိုးလျှင် ဆိုက်ကားအား အုံနာထံသို့ ပြန်၍အပ်ရမည်။ မနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း တနေ့တာ သူနင်းထားသည့် ဆိုက်ကားခများအား စိတ်နှင့် ရေတွက်ကြည့်မိ၏။ အုံနာခ ဖယ်ပြီး သူ့မိသားစုအတွက် မည်မျှကျန်မည်နည်း။ အပြန်တွင် ညနေစာအတွက် စည်ပင်ဈေးကြီးမှ ဆန်ဝယ်သွားရမည်။ မနက်က သမီးလေးမှာလိုက်သည့် ပျော်ဘွယ်မုန့်ကြွပ် တထုပ်ဝယ်ရမည်။ သမီးလေး နေမကောင်းဖြစ်နေသည်မှာ ၂ ရက်၊ ၃ ရက်မျှ ရှိပြီ၊ ကိုယ်ပူရှိန် ငွေ့ငွေ့လေးနှင့် သမီးလေးသည် ခွေ၍သာနေ၏။ ခရီးသည်အမျိုးသမီးကြီး ပြောခဲ့သည့် စကားများဆီသို့ စိတ်က ရောက်သွားမိ၏။

“သမီးလေး သွေးလွန်တုပ်ကွေး မဖြစ်ပါစေနဲ့”

ဆိုက်ကားဆရာ စိတ်အတွင်းမှ တိုးတိုးလေး ဆုတောင်းရင်း၊ ဆေးရုံဝင်းအတွင်းမှ ဆိုက်ကားအား နင်းထွက်ခဲ့၏။

(ဂ)

မစည်ကားအပ်သည့် အရပ်ဖြစ်သော်လည်း ကုတင် ၅ဝ ဆံ့ နယ်စပ်ရှိ၊ မြို့နယ်ဆေးရုံလေးအတွင်း ပြင်ပလူနာဌာနသည် လူနာများ၊ လူနာရှင်များနှင့် တိုးတိုးဝှေ့ဝှေ့။ လက်ထောက်မြို့နယ် ဆရာဝန်လေးသည် လူနာများအား တယောက်ပြီးတယောက် စစ်ဆေး၏၊ စမ်းသပ်၏။ လူနာအများစုက ကလေးများဖြစ်သည်။ အားလုံးနီးပါးသည်လည်း ဆေးပညာအခေါ်အရ ‘Dengue Haemorrhage Fever’ (DHF) ဟု ခေါ်သည့် သွေးလွန်တုပ်ကွေး ရောဂါသည်များ ဖြစ်သည်။ အချို့လူနာများတွင် ‘Classical Dengue Fever’ ဟု ခေါ်သော သာမန်တုပ်ကွေးရောဂါ လက္ခဏာသာ ရှိသော်လည်း၊ စိတ်မချရသည့်အတွက် အတွင်းလူနာအဖြစ် ဆေးရုံတက်ရောက်ကုသရန် ဆရာဝန်လေး ဆုံးဖြတ်ရ၏။
မြို့နယ်ဆေးရုံလေးတွင်က လက်ထောက် မြို့နယ် ဆရာဝန်လေး တဦးသာ ရှိ၏။ ဤအတွက် ဆေးရုံလေးတွင်၊ သူသည်ပင် မြို့နယ်ဆရာဝန်ကြီး၊ သူသည်ပင် မြို့နယ် ကျန်းမာရေးမှူး၊ သူသည်ပင် ဆေးရုံအုပ်ကြီး ဖြစ်၍နေရသည်။

ကုတင် ၅ဝ ဆံ့သည့် ဆေးရုံလေးအတွင်း အတွင်းလူနာများက ၅ဝဝ ခန့် ရှိ၍နေသည်။ ယခင် ရက်သတ္တပတ်များအတွင်း၌ အတွင်းလူနာ ၂ဝ၊ ၃ဝ မျှသာ ရှိသည့် ဆေးရုံလေးသည် ယခုမူ လူနာများနှင့် ပြည့်ကျပ်၍နေသည်။

လူသွားလမ်းများတွင်လည်း လူနာများ၊ စင်္ကြတလျှောက်တွင်လည်း လူနာများ၊ လူနာနှင့် ဆေးရုံသည် မဆံ့။ သို့သော် ပြဿနာမရှိ၊ ဖြစ်သလို စီစဉ်၍ရသေးသည်။

လတ်တလော ဆရာဝန်လေး စီစဉ်၍ မရသည်က ဆေးဝါး။ ထုံစံအတိုင်းပင် ဆေးရုံလေးမှာက ဆေးဝါးသည် မပြည့်စုံ။ မြို့နယ်ဆရာဝန်ကြီးသည်လည်း ဆေးဝါးရရှိရေး၊ မြို့နယ်ဆေးရုံလေးတွင် ခေတ်မီအထောက်အကူပြု ဆေးပစ္စည်းများ ရရှိရေးအတွက် ဟူ၍ နေပြည်တော် ကြပ်ပြေးနှင့် ရန်ကုန်တို့တွင် နေပြီး ကြိုးစားနေသည်ဟု ဆို၏။ ဆေးရုံလေးဆီသို့ ၂ လ၊ ၃ လ နေ၍ တခေါက် ပြန်မရောက်။

ဆရာဝန်လေးအား အဓိက စိန်ခေါ်နေသည်က ‘37-50 mm’ လောက်သာ ရှိသည့် ‘ဖလဗီဗိုင်းရပ်’ (Flavi Virus) အုပ်စုဝင် RNA ဗိုင်းရပ်(စ်) များအား နှိမ်နင်းသတ်ဖြတ်ရန် လိုအပ်သည့် ‘ပဋိဇီဝ’ ဆေးဝါးများ လုံလုံလောက်လောက် ရရှိစေရေးပင် ဖြစ်၏။ ထို့အတွက်တော့ မလွယ်ကူ။
နေညိုညို ညနေခင်းသည် နီလာရောင် အသွေးနှင့် ဆေးရုံလေးအား ဖြန့်ကျက်၍ လွှမ်းခြုံထား၏။ လက်ထောက်မြို့နယ် ဆရာဝန်လေးသည် လူနာများအား စမ်းသပ်ရင်း၊ ကုသရင်းနှင့်ဆေးကျောင်းတွင် သင်ခဲ့ရသည့် ‘သွေးလွန်တုပ်ကွေး’ ရောဂါ၏ ဇစ်မြစ်အကြောင်းအား စိတ်အတွင်း ပြန်၍ နွှေးနေမိ၏။

အသက် ၁၂ နှစ်ခန့် ရှိသည့် ကလေးငယ်လေးတဦး နေ့လယ်ခင်းက ဆုံးသွား၏။ နေမညိုမီ ကလေးငယ် ၃ ဦး ထပ်၍ ဆုံးပြန်သည်။ အားလုံးက အသက် ၃ နှစ်နှင့် ၁၂ နှစ်အကြား ကလေးများ။

နောက်ထပ် လူနာ ၈ ဦး၏ အခြေအနေက စိုးရိမ်ရသည့် အခြေအနေ။ သွေးကြောများ ပေါက်ပြီး အရေပြား၊ အစာအိမ် အူလမ်းကြောင်းတလျှောက် သွေးယိုစီးမှုများ ရှိနေ၏။ ထိုလူနာ ၈ ဦးအတွက် ဆရာဝန်လေး စဉ်းစားရသည်။ အောက်သို့ ပြန်ပို့မည်လား။ အောက်သို့ ဟူသည်က ခရိုင်ဆေးရုံနှင့် ပြည်နယ်ဆေးရုံရှိရာသို့ ပို့ရန် ဖြစ်သည်။ ဤတွင်လည်း လမ်းခရီးက အဆင်းတရက်၊ အတက်တရက် ခရီးဖြစ်၍ အတက်နေ့နှင့် ကြုံနေသဖြင့် နောက်ထပ် ၄၈ နာရီအတွင်း ခရိုင်၊ ပြည်နယ် ဆေးရုံကြီးများသို့ လူနာများ မရောက်နိုင်။ ထိုဆေးရုံကြီးများတွင်လည်း သူ၏ ဆေးရုံလေးကဲ့သို့ပင် ဆေးဝါးအခက်အခဲက ရှိမည်ပင်။

“သွေးလွန်တုပ်ကွေးရောဂါဟာ ဖလဗီဗိုင်းရပ်စ်အုပ်စုဝင် (Flavi-virus) အင်ဂီးဗိုင်းရပ်စ်တွေကြောင့် ဖြစ်တယ်။ ဖလဗီဗိုင်းရပ်စ်တွေရဲ့ ထူးခြားချက်တွေက RNAS ဗိုင်းရပ်စ်ပါ၊ 37-50mm လောက်ပဲရှိတဲ့ သေးတဲ့ ဗိုင်းရပ်စ်လေးတွေ၊ ကူးစက်ပုံကို မူတည်ပြီး အုပ်စု ၃ စုကွဲပြားတယ်။

- ခြင်က ကူးတာ (Mosquito – borne)၊
- မွှားက ကူးတာ (Tick- borne) ၊
- ခြင်တွေ၊ မွှားတွေက ကူးတာမဟုတ်ဘဲ ဒင်ဂီး၊ ဒင်ဂီးဗိုင်းရပ်စ်တွေကတော့ ခြင်က ကူးတဲ့ ဖလဗီဗိုင်းရပ်စ် (Mosquito-borne Flavivirus) ဖြစ်တယ်။
နီလာရောင် အသွေးမှ ရွှေအိုရောင်၊ ပြီးလျှင် ဖျော့၍မှိန်လာ၏။ ခဏငယ်အတွင်း အမှောင်ထုသည် ဆိတ်ငြိမ်စွာနှင့် ဆေးရုံလေးအား ဝါးမျို၍ ထားလိုက်တော့၏။ စင်္ကြလမ်းမှ လူနာရှင်တဦး၏ ရှိုက်သံသဲ့သဲ့ အား အမှောင်အတွင်း၌ ကြားနေရ၏။

ဒင်ဂီးဗိုင်းရပ်စ် မျိုးကွဲ ဆီရိုက်တိုက် (Serotype) ၄ မျိုး ရှိတယ်။
- DEN-1
- DEN-2
- DEN-3
- DEN-4”

ဒေါနတောင်တန်းပေါ်၌ မေးတင်၍နေသည့် နေဝန်းနီသည် တဖြည်းဖြည်း အိ၍ နိမ့်ဆင်းသွား၏။ ဆေးရုံလေးအပေါ်သို့ ဖြန့်ကျက်ထားသည့် နီလာရောင် အသွေးသည်လည်း ရိပ်ကနဲ၊ ရိပ်ကနဲနှင့် အရောင်များ ပြောင်း၍နေသည်။

နီလာရောင် အသွေးမှ ရွှေအိုရောင်၊ ပြီးလျှင် ဖျော့၍မှိန်လာ၏။ ခဏငယ်အတွင်း အမှောင်ထုသည် ဆိတ်ငြိမ်စွာနှင့် ဆေးရုံလေးအား ဝါးမျို၍ ထားလိုက်တော့၏။ စင်္ကြလမ်းမှ လူနာရှင်တဦး၏ ရှိုက်သံသဲ့သဲ့အား အမှောင်အတွင်း၌ ကြားနေရ၏။
http://www.mizzimaburmese.com/edop/songpa/5719-2010-07-16-10-03-28.html

ဦးအောင်ဆန်း၏ နောက်ဆုံးနေ့

ဦးအောင်ဆန်း၏ နောက်ဆုံးနေ့


ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ ၁၀ နာရီခွဲ။
မိုးလင်းကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်း ညို့မှုန်လျက်ရှိသည်။ တိမ်တိုက်ဟူ၍ ဘာမှကြည်လင်စွာမမြင်ရ။ မိုးကိုကြည့်ရသည်မှာ မြူသန်းနေသောပင်လယ်ပြင်ကြီးလို ၀ိုးဝိုးဝါးဝါးနေသည်။ မိုးသည် ကင်းကင်းလွတ်လွတ်စဲသည် ဟူ၍မရှိ၊ တဖွဲဖွဲ ဖွဲနေလိုက်၊ တဖြိုင်ဖြိုင်ရွာချလိုက် နှင့်၊ နောက် စွေ၍ နေလေသည်။

ဒီကနေ့ အတွင်းဝန်များရုံးသို့ သွားစရာရှိသည်။ တိုင်းပြုပြည်ပြုလွှတ်တော် အထူးအရာရှိ ဦးသိန်းဟန်(ဇော်ဂျီ)က စနေနေ့ နေ့လယ်တွင် ဆောင်းပါးလာယူရန် ချိန်းထားသည်။ ဗိုလ်ချုပ်၏ အပါးတော်မြဲ ဗိုလ်ထွန်းလှထံမှလည်း ခရီးသွားခြင်း ဆောင်းပါးဝင်ယူရင်း ခဏတဖြုတ် စကားစမည်ပြောပြီးနောက် ဇော်ဂျီဆီသို့ သွားမည်ဟု စိတ်ကူးထား သည်။

၁၀ နာရီလောက်ကတည်းက အ၀တ်အစားလဲပြီး မိုးအတိတ်ကို စောင့်လျက်ရှိသည်။ မိုးကား မစဲနိုင်။ သို့နှင့် စားပွဲတွင် ထိုင်ကာ အပြီးမသတ်သေးသော ကဗျာတပုဒ်ကိုစပ်ရင်း ၁၁ နာရီ ထိုးသွားလေပြီ။ မိုးကား မတိတ်သေးပေ။

aung_san
နောက်ဆုံးတွင် မိုးစဲလိမ့်မည် မဟုတ်ဟု စိတ်ချလိုက်ပြီး အပေါ်အင်္ကျီ ၀တ်ကာ လမ်းမကြီးသို့ ထွက်ခဲ့သည်။ အဆင် သင့် တွေ့ သော ဒေါင်းတံဆိပ် တာမွေ ဘတ်စ်ကားကို တက်စီးလိုက်သည်။ ကားထဲတွင် ကြည့်မြင်တိုင်ဘက်မှ လိုက်ပါ လာမည် ထင်ရသော တောသား ၃ ယောက်နှင့် တရုတ်မ ၂ ဦးကိုတွေ့ရသည်။ ကား ပြတင်း တံခါးများမှာ ပိတ်ထားသည်။ ခရီးသည်တို့ကား တိတ်ဆိတ်စွာလိုက်ပါလာကြသည်။ အပြင်ဘက်တွင်ကား မိုးသည်ရွာလျက်ပင်။ ရွှံ့ဗွက်ချိုင့်ဝှမ်းတို့ဖြင့် ပြွမ်းသော ရန်ကုန် ကားလမ်းကား စိုစွတ်လှသည်။

ကားသည် သိမ်ကြီးဈေးတွင် ခေတ္တရပ်ပြီး ဆက်လက်၍ တဟုန်တည်း မောင်းလာသည်။ ခရီးသည် အဆင်း အတက် သိပ် မရှိလှ။ သို့နှင့် စပတ်လမ်း(ယခု ဗိုလ်အောင်ကျော်လမ်း) ရောက်လျှင် ကျနော် ဆင်းလိုက်သည်။

ထို့နောက် ဒါလဟိုဇီ လမ်း(ယခု မဟာဗန္ဓုလ လမ်း)ဘက်မှ စပတ်လမ်းကို ဖြတ်ကူးလိုက်သည်။ လမ်းဘေးတွင် မော်တော်ကားများသည် ဟိုတစု သည်တစု ရပ်လျက်ရှိသည်။ ကားတချို့ကား သွားလာလျက်။

ထီးဆောင်းလျက်၊ မိုးကာဝတ်လျက် လူများသည် သွားကြလာကြနှင့် ရှုပ်ရှက်ခတ်နေသည်။

သူရိယတိုက်ရှေ့အ၀င် တံခါးမပေါက်ကြီးတွင်ကား လူများသည် အတွင်းသိုမျှော်လိုက်။ စကားပြောလိုက်နှင့် နေကြ သည်ကိုတွေ့မြင်ရသည်။ ကျနော်ကား ရုံးဆင်းချိန်မို့ လူတွေရှုပ်နေတာ ထင်ပါရဲ့ ဟုသာ သာမန် အောက်မေ့ မိသည်။

ကျနော်သည် အင်မတန်အရိပ်ခြေကို မသိတတ်၊ မမြင်တတ်သူ ဖြစ်ချေသည်။ ခါတိုင်းကဲ့သို့ပင် ရဲရဲတင်းတင်း တံခါး ပေါက်မှ အတွင်းသို့ ၀င်သွားသည်။ လမ်းကူး တွင်ကားလက်နက်ကိုင် စစ်သားများ စောင့်ကျပ်လျက် ရှိသည်ကို တွေ့ရ သည်။ ခါတိုင်းလည်း စောင့်နေကျပဲဟု ထင်လိုက်မိသည်။ ကျနော်သည် အတွင်းဝန်ရုံးကို သွားခဲလှပေသည်။

ညှိုးလျော်သော မျက်နှာနှင့် လုံချည် အပြာ ၀တ်ထားသော စာရေးမ နှစ်ဦးသည် သုတ်သုတ် သုတ်သုတ်နှင့် ရုံးထဲမှ ထွက်လာသည်။ သို့နှင့် အလယ် ဆင်ဝင်အောက် ကားဆိုက်သည့်နေရာသို့ ရောက်လာသည်။ ခါတိုင်းလို ရုံးစေများ ချာပရာစီများ ရပ်ပြုနေသည်ကို အလျင်းမတွေ့ရ၊ တိတ်ဆိတ် ငြိမ်သက်၍ နေသည်။

ဗိုလ်ထွန်းလှ အခန်းသို့တက်ရန် လှေကားထစ် တထစ် နှစ်ထစ် တက်မိပြီးမှ တိတ်ဆိတ်ငြိမ်ချက်သား ကောင်းလှသည် ကို စိတ်ထင့်သွား၍ ဗိုလ်ထွန်းလှ ခေတ္တရုံးဆင်းချိန် လက်ဖက်ရည်သောက် သွားနေလိမ့်မည်ဟုတွေးကာ မတက် တော့ဘဲ ဆင်ဝင်အောက်မှဖြတ်သန်းကာ တဘက်ရှိ တိုင်းပြုပြည်ပြု လွှတ်တော်ရုံးခန်းသို့ လာခဲ့လေသည်။ ဇော်ဂျီထံသို့ အပြန်ကျမှပဲ ၀င်တော့မည်လေ၊

လွှတ်တော်ရုံး ၀င်ဝင်ခြင်း သခင်နု၏ ရုံးခန်းတံခါးမှာ ပိတ်ထားသည်ကို တွေ့ရသည်။ သက္ကလပ် ခန်းဆီး အစိမ်းပုတ် ကြီးမှာလည်း ဆွဲပိတ်၍ထားသည်။ သခင်နု၏ရုံးခန်းကိုကျော်၍ဇော်ဂျီ၏အခန်းသို့ရောက်လေပြီ။ သူ့အခန်းမှာ လည်း တံခါး ပိတ်ထားပြီး ခန်းဆီးအစိမ်းပုတ်ကြီးလည်း ဆွဲ၍ထားသည်။ ရုံးစေ နှစ်ယောက်မှာ နံရံကိုမှီကာရပ်နေကြသည်။ ခါတိုင်းလိုစကားပြောမနေကြ။ သူတို့သည်ငေးမှိုင်တွေဝေ၍ တမျိုးကြီးဖြစ်နေသည်ဟု အောက်မေ့လိုက်သည်။

ကျနော်က ငိုင်တိုင်တိုင်နေသော ရုံးစေတဦးအား ‘ဦးသိန်းဟန်ရှိသလား’ ဟုမေးသည်။ ‘ရှိပါတယ်ခင်ဗျ’ ဟု ခပ်တိုးတိုး သာသာအေးအေးဖြေသည်။ သည်တော့မှ မျက်နှာပျက်နေကြောင်းအသေအချာ သိလိုက်တော့သည်။ စိတ်ထဲတွင်ကား မရှင်း။

တံခါးစေ့ထားသဖြင့် အတွင်းသို့ ရုတ်တရက်မ၀င်ဝံ့သေးဘဲ တံခါးဝတွင် ရပ်ကာ ရုံးစေဘက်သို့တဖန်လှည့်၍ ‘‘အထဲမှာအစည်းအဝေးလုပ်နေသလား’’ ဟု မေးရသည်။

ရုံးစေသည် ဘာမှမပြောဘဲ အသာတယာ စေ့ထားသော တံခါးကိုဖွင့်ပေးသည်။ လှမ်းကြည့်လိုက်ရာ သူ၏စားပွဲတွင် ထိုင်နေသော ဇော်ဂျီကိုတွေ့မှ ထီးကိုထောင်ပြီးအတွင်းသို့ ၀င်လိုက်သည်။

ရုံးခန်းကား တိတ်ဆိတ်ငြိမ်သက်လျက်။ စေ့ထားသော ပြတင်းတံခါးမှ ပြာစိမ်းစိမ်း မှန်ရောင်ရိုက်ဟပ်သဖြင့် အခန်းသည် စိမ်းစိမ်း ပြာပြာ ဖြစ်နေသည်။ အခန်းထိပ်ရှိ စားပွဲကြီးတွင်ကား တိုင်းပြုပြည်ပြု လွှတ်တော် အကြံပေး အရာရှိ ၀တ်လုံ ဦးချန်ထွန်းသည် ခေါင်းငိုက်ကာ ငေးမှိုင်လျက်ရှိသည်။

ဇော်ဂျီသည် ကျနော်ဝင်လာသည်ကို မြင်သော အခါ ဆိတ်ဆိတ်ပင်၊ စကားမဟဘဲ ထိုင်ရန် ကုလားထိုင်ကိုသာ လက် ဖြင့် ညွှန်ပြသည်။ သူသည်ငေးငိုင်၍နေသည်။ အတန်ကြာတိတ်ဆိတ်လျက်ရှိသည်။ ကျနော်ကား ခါတိုင်းလှုပ်ရှား ဆူညံ၍ နေတတ်သော အတွင်းဝန်များရုံးသည် ဘာကြောင့် ယခုလိုအုံ့မှိုင်းရီဝေ၍နေသည်၊ ဆိတ်ငြိမ်၍ နေသည်ကို အံ့သြလျက်ရှိသည်။

အတန်ကြာ ဆိတ်ငြိမ်နေရာမှ ‘‘အားလုံးတော့ဒုက္ခဖြစ်ကုန်ပြီ’’ ဟု ဇော်ဂျီက တိုးတိုးညည်းလေသည်။ ကျနော်ကား ဘာမှန်း မသိသေးသဖြင့် ကြောင်နေရာ သူကအကဲခတ်မိ၍ နေရာမှထကာလက်ပြ၍ အပြင်သို့ခေါ်ခဲ့သည်။ ကျနော်သည်ထိက်ကနဲဖြစ်သွားသည်။

‘‘လက်ဖက်ရည်ဆိုင် သွားရအောင်’’

မိုးတဖွဲဖွဲတွင် ရုံးခန်းအပြင်ဘက် မြေနီလမ်းကလေးပေါ်ရောက်မှ ကျနော်က မနေနိုင်၍ ဘာဖြစ်လို့လဲဆရာ ဟု မေးမိသည်။

‘‘မင်း မကြားသေးဘူးလား’’ဟု ဇော်ဂျီက အံ့သြနေသည်။

‘‘ဟင့်အင်း … ကျနော်အခုပဲ ဘတ်စ်ကားပေါ်ကဆင်းပြီး ရုံးကိုတန်းလာတာ’’
သည်တော့မှ ဇော်ဂျီက ဖြစ်ပုံကို ပြောပြသည်။ ခြသေ့င်္တပ် စစ်ယူနီဖေါင်းကို ၀တ်ထားသော လက်နက်ကိုင် လူ ၄ ယောက်သည် ကျနော် ဖြတ်လာခဲ့သော အလယ်ဆင်ဝင်အောက်မှ တက်လာကာ ဦးအောင်ဆန်း ရုံးခန်း အတွင်းသို့ အတင်းတွန်းဝင်၍ အစည်းအဝေးပြုလုပ်လျက်ရှိသော အမှုဆောင် ၀န်ကြီးများအားစတင်းဂန်းဖြင့်ပစ်ခတ်ကြပြီး မည်သူမျှ ဖမ်းဆီးခြင်းမခံရဘဲ ဂျစ်ကားဖြင့် ထွက်ပြေး လွတ်မြောက်သွားသည်။ ကျနော် မရောက်မီ ၁ နာရီ ကျော်ကျော်ခန့်က ဖြစ်သည်။

ကျနော်သည် သည်သတင်းကိုကြားသောအခါ ထိတ်လန့် တုန်လှုပ်သွားသည်။ အသားများ တဆတ်ဆတ်တုန်လာ သည်။ အတွင်းဝန်ရုံး လက်ဖက်ရည်ဆိုင်ထဲတွင်ကား စာရေး စာချီ စသော ရုံးသားတို့သည် ညှိုးးငယ်သော မျက်နှာဖြင့် ဆိတ်ငြိမ်စွာစားသောက်၍ နေကြသည်ကိုတွေ့မြင်ရသည်။ တစားပွဲခြားရှိ နိုင်ငံရေးရာအတွင်းဝန် ကိုကျော်မြင့် ကလေး က လှမ်း၍ နှုတ်ဆက်လိုက်သည်။ သူသည် ခပ်အေးအေး ခပ်တွေတွေပင် လက်ဖက်ရည်ကို သောက်နေသည်။

‘‘အင်မတန်နှမြောဖို့ ကောင်းတယ်ဗျာ၊ သိပ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့နိုင်ငံရေး လုပ်ကြံမှုပဲ’’ စသည်ဖြင့် လူအချို့သည်ငြီးတွားလျက်ရှိကြသည်။

ဇော်ဂျီက ‘‘အမျိုးသားပျက်စီးခြင်းတရပ်ပဲ’’ ဟု တသသပြောသည်။

‘‘ကျနော် ရုံးဝင်းထဲဝင်လာတော့ လက်နက်ကိုင် ပုလိပ်တွေကိုတွေ့တယ်။ ဒါပေမယ့် ကျနော် ၀င်လာတာကိုမတားကြ ဘူး။ ဆင်ဝင်အောက် အ၀င်မှာတောင် အသိစာရေး ၁ ယောက်နဲ့တွေ့သားပဲ။ သူကလည်း ဘာမှမပြောဘူး’’။

‘‘လူတွေဟာမပြောရက်ကြဘူး’’ ဟု ဇော်ဂျီကဆိုလေသည်။

လက်ဖက်ရည်သောက်နေကြစဉ် ခုတင်ပဲ ဆေးရုံကပြန်လာသော ရုံးသားတဦး အပါးကပ်လာ၍ ‘‘ဘယ့်နဲ့လဲ’’ဟု ကျနော်တို့က ၀ိုင်း၍မေးမြန်းကြသည်။ သူက မိုင်းပွန်စောဘွားကြီးမှ တပါး အားလုံးဆုံးရှာပြီဟု ပြောသည်။ သူ့အသံမှာ တုန်နေ၍မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်နေသည်။

‘‘ဗိုလ်ချုပ်ကော’’ ဟု တယောက်က တိုးတိုးမေးသည်။

‘‘မျက်နှာကို အ၀တ်ဖြူနဲ့ ဖုံးထားတယ်’’

ကျနော်လည်း ကြာကြာမနေနိုင်ဘဲ ဂျူဒါအီစကယ်လမ်း(ယခု သိမ်ဖြူလမ်း) တံခါးပေါက်မှကျော်၍ အပြင်ဘက်လမ်းသို့ ထွက်ခဲ့သည်။ မိုးသည် တစိမ့်စိမ့်ရွာလျက်ပင်။ လူတအုပ်သည် မိုးထဲတွင် ထီးဆောင်း၍၊ တချို့ထီးမပါဘဲ၊ အချို့ ပလက်ဖောင်းပေါ်တွင်ရပ်ကာ အတွင်းဝန်ရုံးဘက်သို့ မျှော်ကြည့်နေကြသည်။ ကုလားနှင့် တရုတ်လည်းပါသည်။

လူတယောက်က ကျနော်၏ လက်မောင်းကိုဆွဲကိုင်၍ ‘‘ဒီမယ်… ခုနက၀န်ကြီးတွေ သေနတ်ပစ်ခံရတယ် ကြားတယ်၊ ဟုတ်သလားခင်ဗျာ’’ဟု မေးသည်။ သူကား အကြောင်းမျိုးစုံကို သိချင်နေပေလိမ့်မည်။

‘‘ဟုတ်ကဲ့…’’ ဟူ၍သာ ဖြေကြားပြီး တဘက်သို့ ဖြတ်ကူးရင်းအသင့်တွေ့ရသော ဒေါင်းတံဆိပ်ကားကို တက်စီးလိုက် သည်။ ကားသည် လမ်းမတော်ဘက်သို့ပြေးလျက်ရှိသည်။

ကားထဲတွင် လူမနည်းလှပေ။ ခရီးသည်အားလုံး မျက်စိမျက်နှာမကောင်းကြ။ ခပ်ရွယ်ရွယ် မိန်းမပျိုတဦးက ‘‘ဖြစ်မှဖြစ်ရလေနော် ဖြစ်မှဖြစ်ရလေ’’ ဟု မြည်တမ်းလျက်ရှိသည်။

ဈေးသည်ဟုထင်ရသော ခပ်အိုအိုမိန်းမကြီး နှစ်ယောက်သည် ‘‘ဗိုလ်ချုပ် အသက်ရှင်ပါစေတော်’’ ဟု ဆုတောင်း၍ နေသည်။

ယခုမှပင် သိရသော မိန်းမတယောက်က မေးမြန်းသည်ကို ‘‘မပြောကြနဲ့ မပြောကြနဲ့’’ ဟု အသာလက်ကုတ်၍ တီးတိုးတားမြစ်သည်။ သူတို့သည် မပြောရက်ကြ။ သန့်ပြန့်စွာ ၀တ်စားထားသော တရုတ်တဦး က‘‘အားကီး ရက်စက်တာပဲ’ဟု ကျနော့် ဘက်သို့ လှည့်၍ ရေရွတ်လျက်ရှိသည်။ မျက်နှာထားတင်းတင်းနှင့် ဘတ်စ် ကား ဒရိုင်ဘာသည် တောက်ခေါက်လိုက်သည်။

သိမ်ကြီးဈေးသို့ ရောက်သောအခါ လူသွားလူလာ ကင်းရှင်းနေပေပြီ။ ဈေးဆိုင်များပိတ်ထားလေပြီ။ သတင်းသည် တမုဟုတ်ချင်းပျံ့နှံ့၍သွားလေပြီ။ မော်တော်ကား၊ လန်ချားတို့ကား ခပ်မြန်မြန်သွားလာနေကြသည်။

ကားလမ်းပေါ်မှဆင်း၍ လမ်းထဲသို့ ၀င်လာသောအခါ အိမ်ဝတွင် လူတို့သည် မှိုင်တိုင်တိုင်နှင့်ရပ်ကာကြည့်နေသည်ကို တွေ့မြင်ရသည်။ လူတို့သည် အငြိမ်မနေနိုင်ကြ။ မိုးသည်မစဲဘဲ ရွာလျက်ပင်။

လူတို့သည် ဖြစ်မှဖြစ်ရလေ၊ ဖြစ်မှဖြစ်ရလေ ဟု တတွတ်တွတ် မြည်တမ်းရင်းပင် ညနေစောင်းလာတော့သည်။ ဗိုလ်ချုပ် ဆုံးကြောင်းကား ညနေထုတ် သတင်းစာများမှ ကြားရလေပြီ။

မည်သူ့မျက်နှာကြည့်ကြည့် မျက်နှာညှိုးငယ်နွမ်းလျစွာနှင့်။ လမ်းမပေါ်မှ စက်ပြင်ဆရာ တဦး၏ မိန်မပါးစပ်မှ ‘‘ကျုပ်တို့တော့ ထမင်းလည်း မချက်တော့ဘူး၊ စားချင်စိတ်လည်း မရှိတော့ပါဘူးရှင်’’ဟူသောအသံသည် သဲ့သဲ့မျှ ပေါ်ထွက်လာသည်။

နေ၀င်မီးငြိမ်း အမိန့်ထုတ်ထားသဖြင့် ညဥ့်ဦးသည် တိတ်ဆိတ်ကာ မှောင်လှသည်။ အိမ်သားများ ဆုံတိုင်း နေ့ခင်းက အကြောင်းကိုသာ ပြောကြသည်။ ရှိုက်သံ၊ တမ်းတသံ၊ ညဉ်းညူသံ၊ တသသံ။

တိတ်ဆိတ်မှောင်မည်းသဖြင့် စောစော အိပ်ရာဝင်ကြသော်လည်း အိပ်မပျော်နိုင်ကြ။ နေ့ခင်းကဟာ အိပ်မက်ပဲ ဖြစ်ပါစေတော့ဟု မိန်းမများက ဆုတောင်းကြသည်။

ညဥ့်နက်သော်လည်း ချောင်းဟန့်သံ၊ လူးလွန့်သံတို့သည် ဆက်၍နေသည်။ ရှဲခနဲ မီးခြစ်၍နောက်ဖေး ထကြ ပြန်သည်။

တရေးနိုးဆုံလျှင် ‘‘ဘယ်တော့များမှ မေ့ပျောက်ပါ့မလဲနော်’’ဟု အိပ်ချင်သံနှင့်ဆိုကြသည်။ တရေးနိုးတိုင်းသတိရလျက် ရှိသည်။ မကြာခဏအိပ်မက်ပြီး နိုးသည်။ သို့နှင့်ပင် တအောက်မေ့မေ့၊ တသသနှင့်ထိုညကို လွန်မြောက်ရသည်။

၁၉၄၇
သြဂုတ်လ

“အယ်ဒီတာ စာပွဲ၊ စာပေ၊ အနုပညာ ဝေဖန်ရေး နှင့် ပန်းနုရောင်အို” စာအုပ်တွင် ဖော်ပြပါရှိသော ဤ ဆောင်းပါးအား ဆရာ ဒဂုန်တာရာ ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြပါသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊့  ဝေဖန်သုံးသပ်ချက် အမှတ် (၉/၂၀၁၀)

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လေ့လာရေးနှင့်သုတေသနဌာန က ထုတ်ဝေတဲ့ ဝေဖန်သုံးသပ်ချက် အမှတ် (၉/၂၀၁၀) ကိုပေးပို့ပါတယ်။
http://www.mediafire.com/?dm0cmmwo86yy5oc
9 2010 Commentary

၈၈၈၈ ပြည့်သူ့ သတင်းစဉ် ။ဂျူလိုင်...

8888 people power news bulletin(2)

အောင်ဆန်းတို့သေပုံနှမြော


s 008.jpg

CEH

ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၁ အမှတ် ၂ မှကူးယူဖော်ပြပါသည်။

--

သံဃာ့ကိုယ်စားလှယ်အဖွဲ့ နှင့်သာသနာတော်ကာကွယ်ရေးတပ်ဦး၏ ပြည်တွင်း လှုပ်ရှားမှု ဓာတ်ပုံများ


သံဃာ့ကိုယ်စားလှယ်အဖွဲ့ နှင့်သာသနာတော်ကာကွယ်ရေးတပ်ဦး၏ ပြည်တွင်း လှုပ်ရှားမှု ဓာတ်ပုံများ

ကြံ့ဖွတ်ရုံးကို ဒီလိုထောက်ခံမဲ ပေးခဲ့ပါတယ်....
သတင်း.. ဓာတ်ပုံများ ဆက်လက် ဖော်ပြပေးပါမည်......

အာဇာနည်နေ့မှာ သက်သေထူကြပါစို့


အာဇာနည်နေ့မှာ သက်သေထူကြပါစို့
နိုင်ငံတနိုင်၏ အမြင့်မြတ်ဆုံး တာဝန်ဝတ္တရားကို ကိုယ်ကျိုးစွှန့်အနစ်နာခံကာ ထမ်းဆောင်နေကြသည့် အချိန်တွင် ကျဆုံးခဲ့ကြသောကြောင့်
တိုင်းသူပြည်သားတို့မှ တညီတညွှတ်ထဲ အာဇာနည်ဟု ကင်ပွန်းတပ်ကာ အလေးအမြတ်ထားကြခြင်းပင် ဖြစ်သည် ။
ထို့ကြောင့် အာဇာနည်နေ့တွင် တနိုင်ငံလုံးမှ လူများ အလုပ်ကိစ္စများကြောင့် အာဇာနည်နေ့ အခမ်းအနားကို မကျင်းပနိုင်မည် ဆိုးသောကြောင့်
ထိုနေ့ကို အလုပ်ပိတ်ရက်ဟု သတ်မှတ်ပေးထားခြင်းပင် ဖြစ်သည်။
ယခင်က အာဇာနည်နေ့ အခမ်းအနားများကို တပြည်လုံး အနှံ့ ကျင်းပခဲ့ကြသော်လည်း ယနေ့ အာဏာရှင်စနစ်အောက်တွင်ကား
တိုင်းပြည်၏ ကျေးဇူးရှင် အာဇာနည်များ ကို မေ့ထားကြလေပြီ ဖြစ်သည်။
နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ လူများ အပြစ်ပြောမည်ကို စိုးရိမ်သောကြောင့် အာဇာနည်နေ့အခမ်းအနားကို မလွှဲမရှောင်သာလို့
အတတ်နိုင်ဆုံး အကျဉ်းရုံးကာ ကျင်းပနေရသည်။
သာမန် မျက်စိဖြင့် ကြည့်လျှင် ကွယ်လွန်သွားရှာပြီ ဖြစ်သာ အာဇာနည်များ ကို အခက်အခဲ များကြားမှ သွားရောက်ဂါရ၀မပြုလဲ
ကိစ္စမရှိဟု ထင်မှတ်နိုင်သည်။ သို့သော် အာဇာနည် ခေါင်းဆောင်ကြီးများ ကြိုးစားခဲ့သည့် ရည်ရွယ်ချက်များကို အလေးဂရုပြုသည့်
အနေဖြင့်သော်လည်းကောင်း ၊ ကျွန်ူပ်တို့သည် အာဇာနည်ခေါင်းဆောင်ကြီး များ ဖြစ်စေချင်ခဲ့သော လွတ်လပ်၍ တရားမျှတသော
နိုင်ငံတော်အဖြစ် မရောက်ရှိသေးပါ ဟု အာဇာနည်ခေါင်းဆောင်များ အား တိုင်တည်လို၍ သော်လည်းကောင်း ၊
အာဏာရှင်များက အာဇာနည်ပုဂ္ဂိုလ်များ၏ အခန်းဂဏ္ဍကို မေ့ထားနိုင်ကြသော်လည်း ကျွန်ူပ်တို့ တိုင်းပြည် ပြည်သူလူထု အနေဖြင့်
ယနေ့ထက်ထိတိုင်အောင် အာဇာနည်ခေါင်းဆောင်းများ၏ ကျေးဇူးကို ရင်ထဲမှာ အမြဲစွာကာ သတိရနေပါသောကြောင့် လာရောက် ဂါဝရပြုခြင်း
ဖြစ်ပါသည်။
အာဇာနည်နေ့ အခမ်းအနားများကို ကျင်းပပေးခြင်းကြောင့် နောင်တွင်လည်း ယခုအာဇာနည် ပုဂ္ဂိုလ်များကဲ့သို့ တိုင်းပြည်အား အလုပ်အကျွေးပြုသူ များရှိလျှင် ကျွန်ူပ်တို့ ပြည်သူလူထုမှ အာဇာနည်အဖြစ်သတ်မှတ်၍ အမြဲအလေးအမြတ်ထားကာ ဂုဏ်ပြုမည်ဖြစ်သောကြောင့် အားကျ အတုယူနိုင်မည့် အာဇာနည့်မျိုးဆက်သစ်များကို မွေးထုတ်နိုင်ပေသည်။ ထို့အပြင် ကျွန်ူပ်တို့ ပြည်သူလူထု လိုလား တောင့်တသည့် တိုင်းပြည်၏ ခေါင်းဆောင်မှာ ဗိုလ်ချုပ်အောင်ဆန်းကဲ့ သို့ ကိုယ်ကျိုးမဖက် တိုင်းပြည် အကျိုးအတွက် ဆောင်ရွက်မည့် ပုဂ္ဂိုလ်မျိုးပင် ဖြစ်သည်ဟု လူထုသဘောတရားကို ဖော်ဆောင်ရာလည်းရောက်၏ ။ ပြည်သူလူထု သည် အာဏာရှင်စနစ်ဆိုး၏ နှိပ်ကွပ်မှု များအောက်တွင် နေရသော်လည်း
လူုထုရင်ထဲမှ အာဇာနည်ချစ်စိတ်များ ယနေ့ထက်ထိ ရှင်သန်နေသည်ကို အာဏာရှင်များ အသိပေးရန် အကောင်းဆုံး အချိန်အခါလည်း ဖြစ်သည်။
လူကောင်းလူတော်တို့မည်သည် လွယ်လွန်းသော အလုပ်ထက် ခက်ခဲသော အလုပ်များကို ပိုမိုစိတ်ဝင်စား တတ်ကြသည်။ မဖြစ်နိုင်ဟု ထင်သော ကိစ္စများကို အောင်မြင်အောင် ဆောင်ရွက်ပြီးစီး သည့် အခါ ရလာသည့် ခံစားချက်မျိုးသည် အင်မတန်မှ ကြည်နူးစရာကောင်း၏ ၊ ပျော်ရွှင်စရာလည်းကောင်း၏ ၊ အမှတ်တလည်း ဖြစ်စေ၏ ၊ ယုံကြည်မှုကို လည်း မြင့်မားစေ၏ ။
ကျွန်ူပ် အတွေ့အကြုံအရ ဆိုသော် အာဇာနည် ဗိမာန် ပေါ်သို့ ခြေမချ ခဲ့ဘူးသော်လည်း ၊ အာဇာနည်ဗိမာန်ကို မြင်နိုင်သည့် နေရာမှ သွားရောက်
အလေးပြုသော အခါ ခံစားရသည့် ၀မ်းနည်းကြွေကွဲဖွယ်ရာ ကောင်းသည့် ခံစားချက်နှင့် အတူတူ အာဏာရှင်များအား တားဆီးထားသော အရာများကို ကိုယ်တိုင်ချေဖျက်နိုင်ခဲ့လေပြီ ဟု ခံစားရသည့် အားမာန်က လည်း တမျိုး နှင့် ကြက်သီးဖြန်းဖြန်း ထလာခဲ့လေသည်။
ထိုသို့သော ခံစားချက်မျိုးကာ စာဖြင့်ရေးပြသည်ထက် ကိုယ်တွေ့ကြုံပြီး ခံစားကြည့်က ပိုမိုသိသာ ထင်ရှားလှပေသည်။
ထိုကဲ့သို့ သော အတွေ့အကြုံများကို မိမိပတ်ဝန်းကျင်တွင် ပြန်ပြောရသည့် အခါတွင်ကား လွန်စွာ အားရမှုရှိသည်။ လူတို့မည်သည် ကိုယ့်ကို အထင်ကြီးသော မျက်လုံးများဖြင့်သာ အကြည့်ခံချင်ကြသည် မှာ လောကဓမ္မတာတည်း ။ သင်သွားရောက် ဂါရ၀ပြုနိုင်ခဲ့သော် မသွားရောက်နိုင်ခဲ့သော ပုဂ္ဂိုလ်များသည် သင့်အား အထင်ကြီးသည့် မျက်လုံးများဖြင့်ကြည့်ကာ သိလိုသည်များကို သူရဲကောင်းပမာ ရှင်းပြ
ရသည်မှလည်း လွန်စွာ အရသာရှိလှပေသည်။
လူတစ်ဦးကို ထောင်ချ၍ ရသည် သူ၏ စိတ်ဓါတ်ကို ကား ထောင်ချ၍ မရ ။ လူတစ်ဦးကို လုပ်ကြံ၍ အသေသတ်နိုင်သည် ၊ သူ၏ စိတ်ဓါတ်နှင့်လုပ်ဆောင်ချက်များကို လုပ်ကြံသတ်ဖြတ်၍ မရ ။ နောင်လာမည့် သမိုင်းကြောင်းကောင်းလိုသော် ယနေ့လုပ်ရပ်များကို သေချာစွာ စဉ်းစားကာ ဆောင်ရွက်သင့်သည်။ အကြောင်းကောင်းမှ အကျိုးကောင်းမည် ဖြစ်သည် ။ အာဏာရှင်စနစ်ကို ကျင့်သုံးသည်ခေါင်းဆောင်များကို အလိုမရှိ ၊ ကိုယ်ကျိုးစွှန့် အနစ်နာခံလိုသော ခေါင်းဆောင်များကို သာ ပြည်သူလူထု က အလိုရှိသည်။
ထိုသို့သော ဆောင်ပုဒ်များ သည် ကမ္ဘာတည်သရွေ့ မှန်ကန်နေအုံး မည်ဖြစ်သည်။ ထိုသို့မှန်ကန်ကြောင်းကို သက်သေပြသည့် အာဇာနည်နေ့ ကဲ့သို့ အခမ်းအနားများကို ကိုယ်တိုင်သွားရောက် ကာ သက်သေထူကြပါစို့ ရဟန်းရှင်လူ ပြည်သူလူထု နှင့်ကျောင်းသားကျောင်းသူ
အပေါင်းတို့ ခင်ဗျာ။
ကျွန်ူပ်ရေးသားသည့်စာသည် အာဇာနည် ပုဂ္ဂိုလ်များနှင့် နှိုင်းယှဉ်လျှင် သူတို့ကျခဲ့သည့် ချွေးတပေါက် မျှပင် တိုင်းပြည် အတွက် အဖိုးမတန်သော်ငြား တတ်နိုင်သည့်ဘက်မှ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များ နှင့်တကွ ဒီမိုကရေစီ ရရှိရေးအတွက် အသက်ပေးခဲ့သည့် ရဟန်းရှင်လူပြည်သူလူထု နှင့်တကွကျောင်းသားကျောင်းသူများ ခေတ်သစ်အာဇာနည် သူရဲကောင်းများကို ဂါဝရပြုလိုက်ရပါသည်.............................။။။။။
မိုးမှောင်တိမ်ဖုံး ဆုတ်ယုတ်သုဉ်းသည့်
၁၉ ဂျူလိုင် မမေ့နိုင်ဘဲ
ပြည်သူရင်ထဲ အမြဲစွာကွာ
တမ်းတရသည့် တိုင်းကျိုးပြည်ပြု
အာဇာနည်တစ်စု အား
မှန်းဆတမ်းတ ဂုဏ်ပြုရပါသည်။
ခင်မင်လေးစားလျှက်
ဗမာ့သွေး

ကျွန်တော့် ရဲ့ အာဇာနည်နေ့ အမှတ်တရ



ကျွန်တော့် ရဲ့ အာဇာနည်နေ့ အမှတ်တရ

မြန်မာနိုင်ငံမှာ စစ်အစိုးရက အာဇာနည် ဆိုတဲ့ စကားလုံးကို ဘယ်လောက်များ ကြောက်သလဲ မုန်းသလဲ လို့တော့ မမေးပါနှင့် အာဇာနည်နေ့ ဆိုရင် စစ်အစိုးရက လုံခြုံရေး တိုးချတာတွေ စစ်သားတွေ လမ်းထိပ်တွေမှာ ပြုးကြောင်ကြောင်နှင့် လူတွေကို ဖြတ်သွား သမျှ မသင်္ကာ အကြည့်နှင့် ကြည့်နေတဲ့ မြင်ကွင်းက မဆန်းတော့ပါဘူး ပိုပြီး ကြောက်ကြောင်း ပြတာက အာဇာနည်နေ့ဆို စစ်အာဏာပိုင် တွေက သူတို့ လက်ထဲမှာ ဖမ်းဆီးပြီး အကျဉ်းချထားတဲ့ နိုင်ငံရေး အမှုတွေကို အကျဉ်းထောင် ထဲတောင် ကြောက်လန့် နေပါတယ် ဘာမှ လုပ်မရသူတွေကို အကစ (အကျဉ်း ဦးစီးဌာန) ၀န်ထမ်း တွေနှင့်ရော အကျဉ်းသား အုပ်ချုပ်သူ လူတန်းစား ဖြစ်သော စည်းကမ်း ထိန်းတွေ အခန်း လူကြီးတွေ ဘုတ်ကိုင် တွေနှင့်ပါ မျက်လုံး ဒေါက်ထောက် စောင့်ကြည့် ခိုင်းပြီး တထောင်လုံးလဲ ထောင်ဖွင့် ပြီးနောက် အဆောင်တွေမှာ အထဲ အကုန်ပြန်ဝင် ခိုင်းထားပါတယ် ထောင်အခေါ်ဝေါ်နှင့် ထောင်လှန့် ထားတယ် (ဒါမှမဟုတ်) တထောင်လုံး အရေးပေါ် တန်းစီ ပေးထားတယ်လို့ ခေါ်ပါတယ် အခုပြောနေတာ အင်းစိန်ထောင် (ဒါမဟုတ်) ဗဟို စံပြ အင်းစိန် အကျဉ်းထောင်က အာဇာနည်နေ့ကို ပြောမှာပါ ၁၉၉၁ ခုနှစ် ဇူလိုင်လမှာ ကျနော်က (၁)ဆောင်မှာ ၅(ည)နှင့် ဗဟန်းနှင့်တာမွေ တရားရုံး တလှည့်စီ ရမန်ပေးပြီး ချုပ်ထားတာ ရုံးမထုက်ဘူး၊ အဲဒီအချိန် (၁)ဆောင် ထောင်မှူးက ဦးမင်းသူရွှေအုန်း (နောက်တော့ ညွှန်ကြားရေးမှူးကို လိုင်းဝင်ထားတဲ့ ဘောက်ချာကို ပိုက်ဆံ တောင်းမိလို့ နယ်ပို့ ခံရပြီး ထုက်ခံ ရတယ်လို့ ကြားမိသည်) အဆောင်က မှတ်မှတ်ရရ အပေါ်ထပ် အောက်ထပ် (၈) ခန်းကို အလယ်က အခန်းကန့် လိုက်တော့ အပေါ်( ၈) ခန်း အောက် (၈) ခန်းဖြစ်ခါစ တိုးချဲ့ဆောင်က တခန်းကို (၂) ခန်း လုပ်လိုက်တော့ တိုးချဲ့(၁) (၂) လို့ ဖြစ်ခါစ အချိန်ပေါ့။

(၁) ဆောင်မှာ ကလည်း နိုင်ငံရေး အမှုဆိုလို့ ကိုဇေယျာဝင်း (အကသ) နှင့် သူ့ အမှုတွဲ ကိုတင်ထွန်းအောင် (ခ) ထွန်းထွန်း (အကသ)၊ ကိုစောသက်ထွန်း(ခ)သက်ထွန်း (အခု ထောင်နှစ် ၄၀ ချခံပြီး သာယာဝတီ ထောင်တွင် ထားရှိသူ) အငြိမ်းစား ဗိုလ်မှူး ဦးခင်မောင်စိုး (အန်ကယ်ကြီး ကတော့ စစ်တပ် ကလာတဲ့ လူဆိုတော့ ကျနော်တို့ နှင့် မေးထူး ခေါ်ပြောဘဲ လုပ်လေ့ ရှိပါတယ်) ကျနော်ရယ် ဆိုတော့ စုစုပေါင်း (၅) ယောက်မှာ ကျနော်တို့ (၄)ယောက်ကို မျက်စိအောက်က အပျောက်မခံ စောင့်ကြည့် နေသူတွေက အခန်းလူကြီး (၁၈) ယောက် နှင့် စည်းကမ်းထိန်း ၂၀ လောက် ရှိတယ် (နောက်မှ စည်းကမ်းထိန်း ဆိုတာဘာ၊ ဘုတ်ကိုင် ဆိုတာဘာ ရှင်းပြတော့မယ် နိုင်ငံရေး လောကမှာတော့ တဆင့် စကားတွေရော စာအုပ်တွေ ဖတ်တာရောဆို လူတော်တော် သိနေပါပြီ) ၀ိုင်းကြည့် နေတယ် ကျနော်တို့ မျက်နှာသစ် ဆင်းလာထဲကိုက ဘေး ဘယ်ညာက အရှေ့ နောက်ကနေ လိုက်လာကြတယ် မျက်နှာသစ် တန်းစီ တော့လဲ ကျနော်နှင့် စောသက်ထွန်း ဘေးခြင်း ယှဉ်ကျလို့ ခဏလေး ပြောလိုက်တယ် ကျနော်က စောသက်ထွန်းကို သက်ထွန်းဘဲ ခေါ်တယ် သက်ထွန်းက ဘယ်လိုလဲ ဘာလုပ်မလဲ မေးတယ် ကျနော်လဲ မျက်နှာကို ရေခွက်ထဲ ငုံ့ကြည့် ထားရင် ဘာလုပ်လို့ ရမလဲ ခွေးတအုပ်နှင့် ရှိနေတယ်လို့ ပြောနေ ချိန်မှာ အကစ တပ်ကြပ်ကြီး ဦးတင်ထွန်းက “ ဟိုမှာ ဂေါ်နှိုက် နှစ်ကောင် ဘာလို့ မျက်နှာ အတူသစ် နေတာလဲ ခွဲလိုက်စမ်း” လှမ်းအော် လိုက်တာနှင့် အနီးနားက အခန်း လူကြီးက ရေကန် ဘာယာကို လှမ်းပြီး ဆဲဆိုပြီး ကျနော်တို့ နှစ်ယောက်နားကို ရောက်လာတယ် ကောင်းမွန်မွန်ဘဲ ကျနော်တို့ နေရာ လာခွဲခိုင်းလို့ သက်ထွန်းက သူ့ငွေ သွားလေးတွေ ပေါ်အောင်ရီလို့ ကျနော်နှင့် အဝေးကို သွားလိုက် ကျနော်လဲ ရီပြုံး ပတ်ဝန်းကျင်ကို ဝေ့ကြည့် လိုက်တော့ အနီရောင် အ၀တ်စတွေ လက်မှာစည်းထားတဲ့ အကျဉ်းသားအချင်းချင်း ပြန်စောင့်ကြည့်ရတဲ့ စည်းကမ်းထိန်းတွေက သရေပတ်တွေ ကိုင်ပြီး ရေကန် ပတ်ပတ်လည်မှာ ကျနော်တို့ကို ကြည့်နေတယ် အခန်း(၈) အပေါ်ထပ်လူကြီး အရေးခင်း လူသတ် ထင်ကျော်က ပုဆိုးတိုတိုနှင့် ၀ါးရင်းတုတ်ကို ကိုင်ထားပြီး ကျနော်တို့ကို စောင်းမြောင်းဆဲဆို ရန်စတာ လုပ်လိုက်တော့ သက်ထွန်းက ကျနော်ကို အဓိပ္ပါယ်ပါပါ လှမ်းကြည့်တယ် ကျနော်က မသိမသာ ခေါင်းခါ ပြလိုက်တယ် အဲဒီမှာဘဲ မျက်နှာသစ်ပြီး သူတွေ ကိုယ့်အခန်းကို ပြန်တက်မယ် ဆိုပြီး လိုက်အော်သံတွေ ဆူညံ သွားတော့တာ။

လူတွေ အကုန်လုံး အခန်းတွေထဲ ပြန်ဝင်ရတော့ အကျဉ်းသားတွေ မျက်နှာ မကောင်းကြဘူး ကျနော် နေတဲ့ အပေါ် သုံးအခန်းက အခန်းလူကြီးက ကြိုးသမား သန်းဝင်း ပုတိုတိုနှင့် မိုက်ရိုင်းတဲ့ နေရာမှာ ကမ်းကုန်တဲ့လူ ၁၉၉၀ လွတ်ငြိမ်း ချမ်းသာခွင့်မှာ ကြိုးနှင့် ကျွန်း လဲလိုက်လို့ ကြိုးတိုက် ကနေ အဆောင် ရောက်လာပြီး ထောင်ပိုင် ဦးအုန်းဖေက ခန့်ထားတဲ့ လက်ရွေးစင် အခန်း လူကြီး စာရင်းဝင်ပေါ့ အခန်းတွေထဲ လူတွေ ရောက်ရော ကျနော်တို့ အခန်း တခန်းထဲ ပုံစံ ထိုင်ရတော့ တာဘဲ ပုံစံထိုင် နေတဲ့ လူအုပ်လူ(၈၀) ကျော်ကို ပတ်ပြီး လက်နောက်ပတ် ဘောင်းဘီတို ၀တ်ပြီး စွပ်ကျယ်နှင့် ဗလပြပြီး အာဏာပြကာ အခန်းလုံးကို မိန့်ခွန်း ချွေပါတော့တယ် လူကလည်း ထားဝယ် လူမျိုးဆိုတော့ သူစကားက ထားဝယ်သံ ၀ဲဝဲနှင့် ကြိမ်းမောင်း ပြောဆိုတာကို အသက်ကြီးတဲ့ အဘိုးကြီး တွေရော ဘာမကျန် ခါးမတ် လက်တန်း ထားပြီး နာခံရတာ စိတ်မသက်သာပါဘူး သူပြောတာကတော့ တခန်းလုံးမှာ တယောက်ထဲရှိသော ကျနော်ကို စောင်းမြောင်း စိန်ခေါ် ခြိမ်းခြောက် ပြောဆိုခြင်း ပါဘဲ မင်းတို့အပြင်မှာ ဘာတွေဘဲ လုပ်လာလုပ် ဘာကောင်ကြီးဘဲ ဖြစ်လာ ဖြစ်လာ ငါ ဂရုမစိုက်ဘူး အေး ဒီနေ့မှာ ထောင်တခုလုံးမှာ အရေးပေါ် တန်းစီ ထားတယ် ဒီတော့ ငါ့အခန်း ကနေ တခုခု ဖြစ်မယ် ဆိုရင်တော့ ငါတော့ အဖြစ်မခံဘူး လုပ်မယ့်ကောင်ကို ခါးချိုးပြီး ငါကြိုး တိုက်ထဲ ပြန်သွားမယ် ငါ့နာမည် သန်းဝင်း မင်းတို့ အားလုံး ကြားလား ဆိုပြီး မေးတဲ့ အခါ လူတွေ အားလုံးက ကြားပါတယ် ပြန်အော် ရတယ် အဲဒီအခါမှာ ကျနော်က မအော်လို့ သူက လှမ်းကြည့် နေရင် မင်းတို့ အားလုံး ကြားလား ဆိုတာ ထပ်ခါ တလဲလဲဘဲ ကျနော်ကို လှမ်းစိုက် ကြည့်ပြီး မေးနေတော့ ကျနော်လဲ စိတ်က ခုသွားတယ် လုံးဝမဖြေဘူး သူကလည်း ဆက်တိုက်ဘဲ ပြန်မေးနှင့် တခန်းလုံးက လူတွေက နည်းနည်း သူကြည့်ရာကို ငဲ့ကြည့် တာတွေ လုပ်လာပြီ သူကလည်း လက်သီး ဆုပ်ပြီး အံကြိတ်လို့ ကြားလားဘဲ ဆက်မေး လာတယ် ကျနော် နောက်ကရော ဘေးဘယ်ညာက လူတွေက ကျနော်ကို ဒူးခြင်း လှမ်းတို့ တာတွေ လုပ်လာပြီ ကျနော်လည်း ကျနော်ကြောင့် တခန်းလုံး လူတွေ အော်နေတာကို အားနာ လာတယ် ပါးစပ် လှုပ်ပေး လိုက်တယ် ဒီတော့မှ တခန်းလုံးလဲ အနား ရတော့တယ် သန်းဝင်းလဲ အခဲမကြေ သလို ကျနော်လဲ လုံးဝ မကျေနပ်ပါဘူး အေးဆေ ပေးလိုက်တော့ တခန်းလုံးက လူတွေက ကိုယ့်နေရာလေးမှာ ကိုယ်လှဲ နေကြတာတို့ အုပ်စုဖွဲ့ပြီး လူစု လူဝေးနှင့် စကားပြောနေတာတို့ လုပ်တဲ့ အချိန်မှာ ကျနော် အိပ်တဲ့ နေရာ ဘေးဘယ် ညာက လူတွေ ရောက်မလာ ပါဘူး ကျနော် ကိုလည်း လူတွေက ခန့်လန့်လန့် ပုံစံမျိုး ကြည့်တာဘဲ လုပ်ပါ တော့တယ် စစ်အုပ်စုရဲ့ စိတ်ပိုင်း ဆိုင်ရာနှင့် လူတွေကို အကြောက်တရား သွင်းပေးတဲ့ စနစ်ကို ထောင်ထဲမှာက ပေါ်ပေါ် တင်တင်ဘဲ သုံးပါတယ် ထောင်အာဏာပိုင်က ထောင်ထဲမှာ ရှိတဲ့ အကျဉ်းသားတွေ ကျနော် တို့လို့ နိုင်ငံရေး အမှုတွေနှင့် မရောအောင် စကား မပြောရဲအောင် လုပ်ထားတာပါ အဲဒါကလည်း ထိရောက် ပါတယ် တကယ်ဘဲ လူတွေက ထောင်ထဲလို အကြပ်အတည်း ရောက်နေတဲ့ ဘ၀မှာ လူတွေက နောက်ထပ် ဒုက္ခတွေ မရောက်ချင် ကြတာက အဓိက အချက်ကြောင့် ရှောင်ကြပါတယ် ထမင်းစားချိန် ကျတော့ ကျနော်ကို အခန်းပြင် မထွက်ရဘူး ထောင်မှူး အမိန့် နှင့် အခန်းထဲမှာ စားဖို့ ပုံစံ ထမင်းကို ထမင်းဝေတဲ့ နေရာ ကနေ စည်းကမ်းထိန်း အကျဉ်းသား တယောက်က ကျနော် ကော်ဇလုံ လာယူသွားပြီး ထမင်းနှင့် ပုံစံ ပဲဟင်းကို ယူလာပေးပြီး စားရသလို အပေါ့ သွားချင်လဲ ညဖက်လို အခန်းထဲမှာဘဲ သွားရပါတယ် အခြား လူတွေတော့ အောက်မှာ ရှိတဲ့ မိလ္လာ နေရာကို သွားရတယ်၊ ဒီလိုနှင့်ဘဲ ညနေ အိပ်ဆောင် ပိတ်တဲ့ အထိ ကျနော်တို့ လေးယောက်ကို အသီးသီး စောင့်ကြည့် ထားတဲ့ နေ့တနေ့ ကုန်ဆုံး ခဲ့ရသည်။

တကယ်ဆို အဲဒီ ဇူလိုင်လ(၁၉) ရက်နေ့သည် ကျနော် အင်းစိန်ထောင် အမှတ်(၁)ဆောင်ကို ရောက် သနက(၄) စစ်ကြောရေး စခန်းက ရောက်လာတာ တလတောင် မပြည့်သေးပါဘူး ထောင် စကားနှင့် ပြောရင် ထောင်ပါးတောင် မ၀သေးဘူး အဆောင်ကြီး တခုလုံးမှာ ရှိတဲ့ ကျောင်းသား (၄)ဦး ကျနော် ကိုဇေယျာဝင်း ကိုထွန်းထွန်း နှင့် ကိုစောသက်ထွန်း အတွက် ထောင်မှူး ဦးမင်းသူရွှေအုန်း တပ်ကြပ် ဦးတင်ထွန်း အပါဝင် အခန်းလူကြီး အကျဉ်းသား (၁၈) ယောက် စည်းကမ်း ထိန်းသိမ်းရေး အကျဉ်းသား (၂၀)ယောက် အဲဒီလို အာဏါပိုင်တွေနှင့် သူတို့မွေးထားတဲ့ အကျဉ်းသားတွေ ကြောက်လန့်တကြား လုပ်နေတဲ့ ကျနော်တို့ လေးယောက်က အသက်(၁၉) (၂၀) သာ ရှိသေးပြီး ဘာမှ မလုပ်နိုင်တဲ့ အကျဉ်းထောင်ထဲမှာပါ သူတို့လက်ထဲမှာတောင် ဒီလိုတွေ တင်းကြပ် နေရတဲ့ ဂုဏ်သိက္ခာ ကြီးမားလှတဲ့ အာဇာနည်နေ့ ကြောင့် ကျနော်တို့ လေးယောက်မှာ အာဏာပိုင်က အထူး တင်းကြပ် ထားတဲ့ နေ့တနေ့ ဖြတ်သန်း လိုက်ရသည် ပြန်တွေး ကြည့်တော့ ကျနော်တို့ကို ကြောက်လန့် နေသော နေ့တနေ့ ဖြစ်ကြောင်း သိလိုက် ရလို့ အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ဂုဏ်ယူ မိပါသည်။

နိုင်ငံတော်ကို လွတ်လပ်ရေး ရယူပေးခဲ့တဲ့ အမျိုးသား ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်များ ကျဆုံး ခဲ့ရသော အာဇာနည်နေ့ တိုင်းပြည်က လေးလေး စားစားနှင့် အောင်းမေ့ဘွယ် အခမ်းအနား လုပ်ပေးရမည့် နေ့တနေ့ပါ အခုတော့ အဲဒီနေ့က မြန်မာနိုင်ငံရဲ့ ရန်သူ နေ့တနေ့လို တိုင်းသူ ပြည်သားတွေရဲ့ ထိက်လန့် စိုးရိမ်ဘွယ် နေ့တနေ့ ဖြစ်နေအောင် အဲဒီ အချိန်က န၀တ စစ်အစိုးရ ကနေ အခု နအဖ စစ်အစိုးရ အထိ လုပ်ထားရသည့် စစ်အုပ်စုသည် တိုင်းပြည် ကောင်းကျိုး မပြုခဲ့သော အဖွဲ့အစည်း ဖြစ်သောကြောင့် လိပ်ပြာ မလုံဘဲ ကြောက်လန် နေ့ရ သူများ ဖြစ်ပေသည် အာဇာနည်နေ့ ကို ကြောက်သည် အာဇာနည် စိတ်ဓါတ်ကို ကြောက်သည် ပြည်သူတွေကို အာဇာနည် ခေါင်းဆောင်များကို မေ့ထား စေချင်သည် အဲဒီ လောက်ကို ကြောက်နေတဲ့ အာဇာနည် နေ့ပါ၊ ဒါကို အခု တပ်မတော် ထဲမှာ တာဝန် ထမ်းဆောင်နေသော မျိုးချစ် ရဲဘော်များ သတိပြုသင့်သည် တပ်မတော် ဖခင် လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ကျဆုံးသော နေ့ကို ဘာလို့ တပ်မတော်က အလေးပြု အခမ်းအနား မလုပ်ရဲ အလံတိုင် တ၀တ် မလွှင့်ထူရဲ ဖြစ်နေ ရတာလည်း အဖြေထုတ် စဉ်းစား ကြည့်ကြပါ။

ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ အာဇာနည်ဆိုသော ဂုဏ်သိက္ခာ အရှိန်ဝါကို စစ်အစိုးရ န၀တ မှ နအဖ အထိ တုန်လှုပ် ခြောက်ခြား နေတာကို ကြည့်ပြီး မြင့်မြတ် လှသော အာဇာနည် ခေါင်းဆောင်ကြီးများကို လေးစား ဂုဏ်ယူ ဦးညွတ် လိုက်ပါသည်။

ရဲမင်းထွန်း

http://www.humanright-myanmar.com/2010/07/blog-post_17.html