26 July 2010 yeyintnge Diary.doc file download here
26 July 2010 Yeyintnge Diary
Monday, July 26, 2010
ပြန်လည်တိုက်ခိုက်ရန် ဒီကေဘီအေ စစ်ရေးအဆင်သင့်ဖြစ်နေပြီ
နအဖစစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ကူးပြောင်းရေးကို လုံးဝငြင်းဆန်သည့် ဗိုလ်မှူးကြီးစောလားပွယ် (ဗိုလ်နှုတ်ခမ်း မွှေး) ဦးဆောင်သော ဒီကေဘီအေ တပ်မဟာ(၅)တပ်ဖွဲ့သည် ယခုရက်ပိုင်းအတွင်း စစ်ရေးပြင်ဆင်ထားမှုများ အဆင်သင့်ရှိပြီ ဖြစ်ကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။ ဒီကေဘီအေ တပ်မဟာ(၅)မှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက “နယ်ခြားစောင့်တပ်ကို ကျနော်တို့ လုံးဝ ငြင်းဆန်တဲ့အပေါ်မှာ နအဖဘက်ကတော့ တစုံတရာလုပ်မှာ သေချာပါတယ်။ အဲဒါကြောင့် ကျနော်တို့ဘက်ကလည်း လုပ်သင့်လုပ်ထိုက်တာ အား လုံး လုပ်ထားပါတယ်။ အထက်က အမိန့်ပေါ်မှာပဲ မူတည်ပါတယ်။”ဟု ကေအိုင်စီကို ပြောသည်။ လတ်တလောအချိန်တွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ဒီကေဘီအေ တပ်မဟာ (၅)တပ်ဖွဲ့ဝင်များသည် ရိက္ခာပစ္စည်းနှင့် လက်နက်ပစ္စည်းများကို ခြေကုပ်ရာနေရာများသို့ ပို့ဆောင်နေပြီဖြစ်သလို ကုန်းမြင့်နေ ရာများ၌ ပြောင်းရွှေ့ကာ နေရာယူထားလျှက်ရှိပြီဖြစ်ကြောင်း သိရသည်။ ဒီကေဘီအေ တပ်မဟာ(၅)မှ အောက်ခြေတပ်မှူးတစ်ဦးက “အထက်က ညွှန်ကြားချက်အရ အခု ကျနော်တို့ နေရာယူနေပြီ။ နအဖဘက်လည်း လက်နက်ကြီးတပ်ဆင်မှုတွေ လုပ်နေတယ်လို့ ကျနော်တို့ သိထားတယ်”ဟု ပြောသည်။ နအဖဘက်က တပ်ရင်း ၄ရင်း တိုးချဲ့လာသောကြောင့် ယနေ့ညနေ ၃နာရီခန့်တွင် ကရင်ပြည်နယ် မြ၀တီမြို့နယ်ရှိ ဘလာတို ကျေးရွာအနီးတွင် ဒီကေဘီအေတပ်ဖွဲ့ဝင်များနှင့် နအဖစစ်တပ်တို့ကြား တိုက်ပွဲခေတ္တဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောဆို ကြသော်လည်း ဒီကေဘီအေဘက်က ငြင်းဆိုထားသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၁ရက်နေ့တွင် ဗိုလ်မှူးကြီးစောလားပွယ်က ၎င်း၏ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဝေါ်လေဂွင်ရှိ ကျေးရွာ များမှ ဒေသခံ ကရင်လူထုများအား ချပြဆွေးနွေးခဲ့ရာ ဒေသခံများက အပြည့်အ၀ ထောက်ခံခဲ့ကြကြောင်း ရွာသူကြီးတစ်ဦးက ပြောသည်။ ဇူလိုင်လ ၂၂ရက်နေ့က မြိုင်ကြီးငူ၌ နယ်ခြားစောင့်တပ်အရေးကိစ္စ ဆွေးနွေးရန် နအဖဘက်က ကမ်းလှမ်းလာခဲ့ရာ တွင် ဗိုလ်မှူးကြီးစောလားပွယ်က ငြင်းဆန်ခဲ့သောကြောင့် ယခုလို စစ်ရေးအခြေအနေ တင်းမာလာခဲ့ခြင်း ဖြစ်သည်။ ကရင်ရွာသားတစ်ဦးက “ကျနော်တို့ ကရင်တွေ နယ်မြေဆုံးရှုံးရတာဟာ ရန်သူက တိုက်လို့ လက်လွှတ်ဆုံးရှုံးတာမဟုတ်ဘူး။ ကျနော်တို့ ကရင်အချင်းချင်း ပြန်တိုက်ခိုက်ကြလို့ ဆုံးရှုံးတာ ဖြစ်တယ်။ ဒါကြောင့် အခုချိန်မှာ ကရင်အချင်းချင်း ညီညွှတ်ဖို့ အချိန်တန်ပြီ”ဟု ပြောသည်။ နအဖက ဗိုလ်လားပွယ်ဦးဆောင်သည့် ဒီကေဘီအေတပ်ဖွဲ့သည် တပတ်အတွင်း နယ်ခြားစောင့်တပ် မဖွဲ့ပါက မတရားအ သင်းအဖြစ် ကြေညာသွားမည်ဖြစ်ပြီး နယ်ခြားစောင့်တပ်ကို လက်ခံသည့် ဥက္ကဌ စောသာထူးကျော် အပါအ၀င် ဒီကေဘီအေ တပ်ဖွဲ့ဝင်တချို့ကိုလည်း နယ်ခြားစောင့်တပ်တံဆိပ် တပ်ဆင်တော့မည်ဖြစ်ကြောင်း ဒီကေဘီအေ အသိုင်းအ၀ိုင်းက ပြော သည်။ “ကျနော်တို့ နယ်ခြားစောင့်တပ် ဖြစ်ပြီလေ။ DKBA-BGF လို့ခေါ်တယ်။ ဒီကေဘီအေကတော့ ပျောက်လို့မဖြစ်ဘူး။ ကျနော်တို့ ခေါင်းဆောင်တွေက ကောင်းဖို့အတွက်ပဲ စဉ်းစားကြတာပါ။ ကျနော်တို့ လက်အောက်ငယ်သားတွေက ခေါင်းဆောင်သွားတဲ့ လမ်းအတိုင်း လိုက်ရမှာပေါ့။”ဟု (၉၉၉) တပ်မဟာ ဗျူဟာရုံးမှ အောက်ခြေရဲဘော်တစ်ဦးက ပြောသည်။ တဆက်တည်းတွင် ကေအဲန်အယ်လ်အေဘက်ကလည်း ဗိုလ်လားပွယ်ဦးဆောင်သည့် ဒီကေဘီအေတပ်ဖွဲ့နှင့် နအဖတို့ကြား ပစ်ခတ်မှု တစုံတရာ ဖြစ်ပွားလာပါက ဗိုလ်လားပွယ်တို့အား ကူညီရန်အသင့်ရှိကြောင်း အမည်မဖော်လိုသည့် ကေအဲန်အယ်လ် အေ တပ်မှူးတစ်ဦးက ပြောသည်။ ထိုကဲ့သို့ နှစ်ဘက်စစ်ရေးတင်းမာမှုကြောင့် လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ တောင်ဘက် (၁၂၀)ကီလိုမီတာ အကွာရှိ ဖုတ်ဖရမြို့နယ် ဝေါ်လေဂွင်ရှိ ကျေးရွာနှစ်ရွာတွင် ဒေသခံကရင်ပြည်သူ ၅၀၀ဦးနီးပါး ယနေ့ တိမ်းရှောင်လာသည်။ နအဖ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေးကို လက်မခံသည့် ဗိုလ်မှူးကြီးစောလားပွယ် ဦးဆောင်သည့် ဒီကေဘီအေ တပ်မဟာ(၅) လက်အောက်တွင် ကလိုထူးဘောဗျူဟာ(၁)နှင့် တပ်ရင်း (၅)ရင်းတို့ရှိပြီး တပ်အင်အား ၁,၂၀၀ကျော်ဖြင့် ကရင် ပြည်နယ် မြ၀တီမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် အခြေစိုက်လျှက်ရှိသည်။ http://www.kicnews.org/?p=3322
ဇူလိုင်လ ၂၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ပူတာအိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်ခံရ
2010-07-24
ကချင်ပြည်နယ် ပူတာအိုအကျဉ်းထောင်မှာ ထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား တွေအပေါ် ထောင်အာဏာပိုင်တွေရဲ့ ဖိနှိပ်ညှဉ်းပန်းမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အကျဉ်းထောင် အာဏာပိုင်တွေရဲ့ ခွဲခြားဆက်ဆံမှုကို ကန့်ကွက် ပြောဆိုခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ကိုမျိုးကျော်ဇင်ဟာ အာဏာပိုင်တွေရဲ့ ထိုးကြိတ်ခံခဲ့ရတဲ့အပြင် တိုက်ပိတ်ခံခဲ့ရတယ်လို့ ဖခင်ဖြစ်သူ ဦးမောင်စိန်ကပြောပါတယ်။
'အထဲမှာ ခွဲခြားဆက်ဆံမှုတွေ ရှိတယ်တဲ့။ နောက်ပြီးတော့ ဝန်ထမ်းတွေက ရှိတဲ့လူတမျိုး မရှိတဲ့လူတမျိုး။ နောက်ပြီး အရင်တုန်းက လဝက ပြုတ်တွေ ထောက်လှမ်းရေးပြုတ်တွေ အဲဒီထဲမှာ ရှိတယ်။ အဲဒီလို ခွဲခြားဆက်ဆံမှု ရှိတဲ့ကိစ္စနဲ့ပတ်သက်ပြီး သူက ပြောတာ။ ပြောတော့ အကျဉ်းကျထဲက သက်ဦးဆိုတဲ့လူက မျိုးကျော်ဇင်ကို လက်သီးနဲ့ထိုးတယ်။ ထိုးတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အာဏာပိုင်တွေနဲ့ ရှင်းတဲ့အခါကျတော့ မျှမျှတတ မဆောင်ရွက်ပေးဘဲ အထိုးလည်းခံရသေးတယ်၊ တိုက်လည်း ပိတ်ခံရတယ်။ အဲဒီကိစ္စကို မကျေနပ်ဘူးဆိုတဲ့အကြောင်း သားက ပြောပြတယ်။ သက်ဆိုင်ရာကို တင်ပြပေးဖို့'
ကိုမျိုးကျော်ဇင်ကို ၂ဝဝ၉ ခုနှစ်က အင်းစိန်အကျဉ်းထောင် အထူးတရားရုံးကနေ ထောင်ဒဏ် ၁၇ နှစ်ကျော် စီရင်ချက် ချမှတ်ခဲ့ပါတယ်။ အလားတူပဲ ပူတာအိုအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဒေါ်ထက်ထက်ဦးဝေ ဟာလည်း အမျိုးသမီးဆောင်က ထောင်အာဏာပိုင်တွေရဲ့ ရိုက်နှက်တာကို ခံခဲ့ရတယ်လို့ ဦးမောင်စိန်က ပြောပြပါတယ်။
'အမျိုးသမီး အကျဉ်းသူနှစ်ယောက်ပေါ့။ ကျန်းမာရေးမကောင်းတော့ စိုက်ပျိုးရေးမှာ အလုပ် လုပ်ရတယ်။ အဲဒီနေ့က သူတို့က ကျန်းမာရေးမကောင်းလို့ နှစ်ယောက်စလုံးက မလုပ်နိုင်လို့ ထိုင်နေတော့ ဝါဒမတွေက နင်တို့ ဘာလို့ထိုင်နေတာလည်း ဘာညာ ဆိုပြီး ရိုက်တာပေါ့။ မြင်မကောင်းအောင် ရိုက်တဲ့အခါကျတော့ ဒေါ်ထက်ထက်ဦးဝေက နေပြီးတော့ သမီးရယ် မလုပ်ပါနဲ့၊ သူတို့လည်း တော်တော် နာနေပြီ။ အမေ တောင်းပန်ပါတယ်ပေါ့။ တကယ်လို့ သူတို့ ကျန်းမာရေးမကောင်းလို့ မလုပ်နိုင်မကိုင်နိုင်တာကို ခွင့်လွှတ်ပါပေါ့။ သူတို့အလုပ်တွေ အမေ လုပ်ပေးပါ့မယ်ဆိုပြီး သူက ပြောတယ်။ အဲဒီလို ပြောတဲ့အချိန်မှာ အမျိုးသား ဝါဒါ တယောက်ကနေပြီး ဒီတုတ်နဲ့ရိုက် ဒီတုတ်နဲ့ရိုက်ဆိုပြီးတော့ တုတ်လာပေးတော့ တုတ်နဲ့ ဆက်ရိုက်တယ်တဲ့။ ဆက်ရိုက်တော့ ဒေါ်ထက်ထက်ဦးဝေက ဟိုဘက်လှည့်နေတဲ့အချိန်မှာ သူ့ကျောကုန်းကို လေးငါးဆယ်ချက် ဆက်ရိုက်တယ်တဲ့။ အဲဒီကိစ္စကို သူ့အမေက ပြောပြနေတာကို ကျနော်တို့ ကြားခဲ့တယ်'
ဦးမောင်စိန်ဟာ တခြား နိုင်ငံရေးအကျဉ်းသား ခြောက်ဦးရဲ့ မိသားစုဝင်တွေနဲ့အတူ ပူတာအိုထောင်ကို ဇူလိုင်လ ၁၆ ရက်နေ့က ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့ပြီး မနေ့ကမှ ရန်ကုန်မြို့ကို ပြန်ရောက်လာတာပါ။
လက်ရှိပူတာအိုထောင်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးခွန်ထွန်ဦး၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုအောင်နိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၆ ဦး ရှိနေတယ်လို့ သိရပါတယ်။
http://www.rfa.org/burmese/news/political_prisoners_beaten_in_Puta-O_prison-07242010152248.html