Thursday, August 5, 2010

5 August 2010 ဒိုင်ယာရီ

5 August 2010 yeyintnge's Diary.docx file here
5 August 2010 Yeyintnge's Diary

သပိတ်မှောက်ဖို့ ဦးဝင်းတင်ပြောပြီ။



မီးလျှံထဲက ကြာ


မီးလျှံထဲက ကြာ

ဇင်လင်း / ၀၅ သြဂုတ် ၂၀၁၀


သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်ပွားခဲ့သည်မှာ ယခုနှစ်တွင် (၂၂) နှစ် ပြည့်ပေပြီ။ ဤအရေးတော်ပုံကို မြန်မာ့မျက်မှောက်သမိုင်း၏ အချိုးအကွေ့ကြီးတခုအဖြစ် မှတ်တမ်းတင်ကြသည်။ အဘယ်ကြောင့်နည်း။ လူထုအရေးတော်ပုံကြီးအတောအတွင်း လူကို လူလိုမမြင်သော မဆလ စစ်အာဏာရှင်စနစ်အား ခုတ်ပိုင်းဖြိုလှဲနိုင်ခဲ့သည်။ လွတ်လပ်ရေး၊ တရားမျှတရေးနှင့် တန်းတူရေးဆိုသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အသိအမြင်များကို အရေးတော်ပုံက ရှင်သန်စေခဲ့သည်။ စစ်အာဏာရှင်စနစ်ကို စိန်ခေါ်အန်တုနိုင်စွမ်းရှိသော လူထုခေါင်းဆောင်တယောက်ကိုလည်း အရေးတော်ပုံက မွေးဖွားပေးခဲ့သည်။

တချိန်တည်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်တို့သည်လည်း အရေးတော်ပုံ၏ အောင်သီးအောင်ပွင့်များပင်ဖြစ်သည်။ ဤနေရာ၌ ပိုမိုအရေးပါသည့် ထူးခြားချက်တခုမှာ အရေးတော်ပုံ၏ သက်ရောက်မှုအရှိန်ကြောင့် မြန်မာ့နိုင်ငံရေးအတွေးအခေါ် အလှည့်အပြောင်း သိသာစွာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ထိုအလှည့်အပြောင်းက စစ်ဝါဒ၊ စစ်အာဏာရှင်ဝါဒ၊ ‘ပုရိသ ပဓာန၀ါဒ’ လွှမ်းမိုးနေမှုကို တပ်လှန့်စိန်ခေါ်လိုက်သည့် အသံလည်းဖြစ်သည်။ ပုရိသ၀ါဒ သို့မဟုတ် စစ်ဒဿန၀ါဒအား စိန်ခေါ်သူအဖြစ် ရှစ်လေးလုံးအရေးတော်ပုံက မွေးထုတ်ပေးလိုက်သူမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပင်ဖြစ်သည်။

၂၀၁၀ ဇွန်လတွင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပေါင်း (၆၅) ကြိမ်တိုင်ခဲ့ပြီ။ (၁၅) ကြိမ်သော မွေးနေ့များကို နေအိမ်အကျယ်ချုပ်ဘ၀ဖြင့် တိတ်ဆိတ်စွာ ဖြတ်သန်းခဲ့ရသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားကြသော မြန်မာ့ပြည်သူများနှင့် ကမ္ဘာ့ပြည်သူများက သူ့မွေးနေ့ရောက်တိုင်း ကမ္ဘာ့နေရာဒေသ အနှံ့အပြားတွင် တခမ်းတနား ကျင်းပကြစမြဲဖြစ်သည်။ ထိုနေ့ရောက်တိုင်း နိုင်ငံတကာအစိုးရခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်များ၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များ၊ ပြည်တွင်းပြည်ပမှ ဒီမိုကရေစီမြတ်နိုးသူများက စစ်အာဏာရှင်တို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများအား ကန့်ကွက်ရှုတ်ချမြဲဖြစ်သည်။

တဖန် ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပတ်လည်သည့် သြဂုတ်လရောက်တိုင်းလည်း နအဖစစ်အုပ်စု အထိတ်ထိတ်အပြာပြာ မျက်နှာမသာမယာ ဖြစ်လေ့ရှိပြန်သည်။ ယခုနှစ်တွင်မူ စစ်အုပ်စု၏ ဆိုးညစ်ကောက်ကျစ်သည့် လုပ်ရပ်များ လွန်ကဲလွန်းလာသဖြင့် နိုင်ငံတကာ၏ ပြစ်တင်ဝေဖန် ဖိအားပေးမှုများကလည်း အထွတ်အထိပ်သို့ ရောက်လာသည်။ အထူးသဖြင့် ဥပဒေကို မစောင့်စည်းဘဲ မတော်မတရား ကလိန်ဉာဏ်ဆင်ကာ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ထပ်တိုး ချုပ်နှောင်ခဲ့သည်။ တဖန် ဥပဒေမမြောက်သော မတော်မတရား တားမြစ်ကန့်သတ်ချက်များ ပြဋ္ဌာန်းလျက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား မြန်မာ့နိုင်ငံရေးတွင် ပါဝင်ခွင့်မရှိအောင် ညစ်ပတ်ခဲ့သည်။ ထိုသို့သော အခြေအနေများကြောင့် နိုင်ငံတကာဖိအား ပိုမိုများပြားလာကြောင်း တွေ့ရသည်။

ဤအချင်းအရာများကိုကြည့်လျှင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာတနိုင်ငံတည်းနှင့်သာ သက်ဆိုင်သည့် ပုဂ္ဂိုလ်တဦးမျှမဟုတ်သကဲ့သို့ “ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖစစ်အုပ်စုပဋိပက္ခ” သည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စသက်သက်မျှ မဟုတ်သည်မှာ ထင်ရှားပေသည်။ အထူးသဖြင့် နအဖတွင် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ရန် လုပ်ဆောင်ပိုင်ခွင့်မရှိပေ။ မြန်မာနိုင်ငံ ပြည်သူလူထုက သူတို့၏အခြေခံ နိုင်ငံသားရပိုင်ခွင့်ကို အသုံးပြုလျက် သူတို့ကြိုက်နှစ်သက်သည့် ခေါင်းဆောင်ကို သူတို့၏ ကိုယ်စားလှယ်အဖြစ် တိုင်းပြည်အုပ်ချုပ်ရန် အခွင့်အဏာ အပ်နှင်းခဲ့ကြရာမှ ထွက်ပေါ်လာသော ရလဒ်ဖြစ်သည်။ သို့ဖြစ်၍ ထို ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းရန် နအဖတွင် အခွင့်အာဏာမရှိပေ။ လူထုထံ၌သာ အခွင့်အာဏာရှိပေသည်။

၎င်းပြင် မြန်မာသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်သဖြင့် “အာဆီယံ လူ့အခွင့်အရေးကော်မရှင် (ASEAN Intergovernmental Commission on Human Rights – AICHR)” တွင်လည်း အဖွဲ့ဝင်ဖြစ်သည်။ ထို့ကြောင့် အာဆီယံဒေသတွင်း လူ့အခွင့်အရေးများကို ကာကွယ်ရန်နှင့် မြှင့်တင်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၌လည်း တာဝန်ရှိသည်။ သို့သော် လူ့အခွင့်အရေးဆိုင်ရာ အခြေခံရပိုင်ခွင့်များဖြစ်သည့် လွတ်လပ်စွာ ပြောဆိုရေးသား ထင်မြင်ယူဆချက် ဖြန့်ချိခွင့်၊ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ မိမိနှစ်သက်သည့် နိုင်ငံရေးပါတီအား ထောက်ခံခွင့်၊ မိမိနှစ်သက်သည့် နိုင်ငံရေးခေါင်းဆောင်အား ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခွင့်များ ပိတ်ပင်ဟန့်တားခံနေရသော မြန်မာနိုင်ငံအား AICHR အဖွဲ့တွင် လက်မခံသင့်ဟု ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့များ၏ ဝေဖန်မှုများရှိသည်။

တိုင်းပြည်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများကို ဖိနှိပ်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသော စစ်အစိုးရအုပ်စိုးနေသည့် မြန်မာနိုင်ငံကို ဤအသစ်ဖွဲ့စည်းလိုက်သော AICHR မှ ထုတ်ပယ်ပစ်သင့်ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲရလဒ်ကိုလည်း အသိအမှတ်မပြုသင့်ကြောင်း အာဆီယံအား ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့များက ပြင်းထန်စွာ တိုက်တွန်းလျက်ရှိသည်။

စစ်အုပ်စုအနေဖြင့် တိုင်းပြည်နှင့်လူထုကို အမှန်တကယ် စေတနာထားလျှင် ပြည်သူလူထုက ရွေးချယ်ထားသော ခေါင်းဆောင်နှင့် တိုင်းပြည်ငြိမ်းချမ်းသာယာရေးအတွက် တွေ့ဆုံဆွေးနွေးနိုင်ရမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အား တန်းတူရည်တူ လေးစားအသိအမှတ်ပြု၍ စားပွဲဝိုင်းထိုင် စကားပြောနိုင်ရပေမည်။ ဒေါ်အောင်ဆန်းစုကြည်၏ ရိုးသားဖြောင့်မတ်မှုအား စစ်ဗိုလ်ချုပ်များက ကောက်ကျစ်စဉ်းလဲစွာ တိုက်ခိုက်လေ၊ စစ်အုပ်စုအား လူထုက အော့နှလုံးနာလေ ဖြစ်မည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ကျိုးစွန့်အနစ်နာခံမှုကို စစ်ဗိုလ်ချုပ်များက သရော်မော်ကားလုပ်လေ၊ စစ်အုပ်စုအား လူထုက ဆန့်ကျင်လေဖြစ်မည်။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအခန်းကဏ္ဍကို စစ်အုပ်စုက ဖိနှိပ်လေ၊ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးခေါင်းဆောင်မှုပုံရိပ်က ပို၍ပို၍ ကြီးမားမြင့်ထည်လေဖြစ်မည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းရန် တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်အား စစ်အုပ်စုက ကျောခိုင်းပစ်ပယ်လေ၊ စစ်အာဏာရှင်တို့အဖို့ အနာဂတ်မဲ့လေ ဖြစ်ပေမည်။

စင်စစ် ယနေ့မြန်မာ့နိုင်ငံရေးပြဿနာမှာ ‘အမျိုးသားပြန်လည်သင့်မြတ်ရေး’ က ‘ပထမ’ ဖြစ်သည်။ ‘ရွေးကောက်ပွဲ’ က ‘ဒုတိယ’ ဖြစ်သည်။ အမျိုးသားပြန်လည်သင့်မြတ်ရေး မတည်ဆောက်နိုင်ဘဲ ရွေးကောက်ပွဲလုပ်ခြင်းမှာ အချည်းနှီးအားထုတ်မှုဖြစ်သည်။ ထို့ပြင် ယခင်ရွေးကောက်ပွဲရလဒ်ကို လူထုလက်ခံနိုင်မည့် နည်းလမ်းဖြင့် မဖြေရှင်းသေးဘဲ နောက်ရွေးကောက်ပွဲတခု လုပ်ခြင်းမှာ ပဋိပက္ခအသစ်တခု ဖိတ်ခေါ်ခြင်းဖြစ်သည်။ ယင်းပြဿနာနှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၈ ခုနှစ်၊ မေလ (၂၈) ရက်တွင် ယခုကဲ့သို့ ဝေဖန်ခဲ့ဖူးသည်။

“ကျမတို့နိုင်ငံရဲ့  အတွေအကြုံအရ ဖြည့်စွက်ပြောဆိုလိုတာကတော့ ရွေးကောက်ပွဲကျင်းပပြီးရင် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်တာဟာ ထမင်းစားဖိတ်ပြီး ထမင်းပွဲပြင်၊ စားပွဲမှာ ထိုင်ခိုင်ပြီးမှ မစားရဘူးဆိုပြီး ထမင်းဟင်းတွေ ပြန်ပြီးသိမ်းသွားသလိုပါပဲ။ ဧည့်သည်တွေကို စော်ကားတဲ့လုပ်ရပ်ပါ။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် မဖော်ပေးတာဟာ ပြည်သူတရပ်လုံးကို လိမ်လှည်လှည့်ဖြား စော်ကားရာရောက်တယ်။ အာဏာပိုင်တွေဟာ မိမိတို့သဘောမကျတဲ့ ရွေးကောက်ပွဲရလဒ်ဆိုရင် လျစ်လျူရှုလိုက်၊ လိုချင်တဲ့ ရလဒ်ဖြစ်လာနိုးနိုး ရွေးကောက်ပွဲအသစ်တွေ ကျင်းပလိုက်နဲ့ လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့ အနာဂတ်နဲ့ ကစားရာရောက်ပါလိမ့်မယ်။ တိုင်းပြည်ရဲ့ အနာဂတ်ဆိုတာဟာ ကစားရမယ့်အရာမဟုတ်ပါဘူး။ တလေးတစားနဲ့ စောင့်ရှောက်သွားရမယ့်အရာသာ ဖြစ်ပါတယ်။ ဒါကြောင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်ဘဲ နောက်ရွေးကောက်ပွဲအသစ် ကျင်းပရေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုံးဝလက်ခံမှာမဟုတ်ဘူးလို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည် ထောက်ပြသကဲ့သို့ ၁၉၉၀ ရလဒ်ကို အကောင်အထည်မဖော်ခြင်းသည် လူထုကို စော်ကားခြင်းဖြစ်သည်မှာ ထင်ရှားသည်။ ဤသို့ စစ်ဗိုလ်များ မိုက်မဲစွာ ပြုမူခဲ့ကြခြင်းမှာ ခေတ်အပြောင်းအလဲ အတွေးအခေါ်အပြောင်းအလဲကို လက်မခံနိုင်၍ဟု ဆိုရပေမည်။ မြန်မာနိုင်ငံတွင် ယောက်ျားသားစစ်ဗိုလ်များ ထင်ရာစိုင်းကြီးစိုးနေသည်မှာ အတော်ကြာပြီ။ လူ့အဖွဲ့အစည်း၏ ဦးဆောင်မှုအခန်းကဏ္ဍများတွင် မိန်းမသားများကို ကန့်သတ်ချုပ်ချယ် နေရာမပေးဘဲ ခွဲခြားဆက်ဆံခဲ့သည်မှာ ကြာလှပြီ။ ရှေ့နေချုပ်၊ တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်၊ ပါမောက္ခချုပ်ကဲ့သို့သော ရာထူးမျိုးမှာပင် အမျိုးသမီးများကို နေရာပေးခြင်းမရှိ။ ဒု-၀န်ကြီး၊ ၀န်ကြီးဆိုသည့် ရာထူးမျိုးကတော့ ပို၍ဝေးပါသေးသည်။။ ဤသည်မှာ စစ်အာဏာရှင်များ၏ ပဒေသရာဇ်ဆန်ဆန် အတွေးအခေါ်များကြောင့်ဖြစ်သည်။

ယင်းသို့သော အခြေအနေ အချိန်အခါမျိုးတွင် ပြည်သူက ‘ဒေါ်အောင်ဆန်းစုကြည်’ ကို လူထုခေါင်းဆောင်အဖြစ် အသိအမှတ်ပြုလိုက်ခြင်းမှာ အရေးကြီးသည့် အတွေးအခေါ်အလှည့်အပြောင်းဟု ဆိုထိုက်သည်။ ဤအလှည့်အပြောင်းကို လက်မခံနိုင်သော စစ်အာဏာရှင်ကြီးတစုက ယနေ့ထက်တိုင် ပဒေသရာဇ်အတွေးအခေါ်ဟောင်းဘက်မှ ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။ ၂၀၀၈ စစ်အာဏာဦးစားပေး ဖွဲ့စည်းပုံတွင် အမျိုးသမီးများကို ပဓာနကျသည့် ခေါင်းဆောင်မှုနေရာများ ရယူခွင့်မရှိအောင် ပြဋ္ဌာန်းဟန့်တားထားသည်။ ဤလုပ်ရပ်မှာ ‘ဒေါ်အောင်ဆန်းစုကြည်’ ကိုသာမက အမျိုးသမီးနိုင်ငံသားအားလုံးကိုပါ ခွဲခြားနှိမ့်ချလိုက်ခြင်းဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို နှစ်ပေါင်းများစွာ ငြင်းဆန်လက်မခံခဲ့ခြင်းသည်လည်း ယင်းအတွေးအခေါ်အလှည့်အပြောင်းတိုက်ပွဲ၏ အဆက်ဟုပင် ဆိုရမည်။

အမျိုးသမီးများအား မူဝါဒရေးရာချမှတ်ရာတွင် ပါဝင်ခွင့်မရအောင် ပိတ်ပင်ဟန့်တားနေသူများမှာ ပဒေသရာဇ်အတွေးအခေါ်ဟောင်း လက်ခံသူ လက်ရှိစစ်အာဏာရှင်များပင်ဖြစ်သည်။ လက်ရှိ ဗိုလ်သန်းရွှေစစ်အုပ်စုသည် အတွေးအခေါ်အလှည့်အပြောင်း သမိုင်းဖြစ်စဉ်ကို အချည်းအနှီး ခုခံအန်တုနေပေသည်။ “အမျိုးသမီးများအပေါ် ခွဲခြားဖိနှိပ်မှုများ ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်” The Convention on the Elimination of All Forms of Discrimination against Women (CEDAW) ကို နိုင်ငံပေါင်း (၁၃၀) ၏ ထောက်ခံမှုဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက် (၃၄/၁၈၀) အရ ၁၉၇၉ ဒီဇင်ဘာ (၁၈) မှာ အတည်ပြုထားပြီးဖြစ်သည်။

ယင်းသဘောတူညီချက်ကို မြန်မာနိုင်ငံကလည်း လက်မှတ်ရေးထိုးထားပြီးဖြစ်၍ လိုက်နာကျင့်သုံးရမည့် တာဝန်ရှိသည်။ လက်မှတ်ရေးထိုးထားသော အဖွဲ့ဝင်နိုင်ငံသည် အမျိုးသမီးများကို အမျိုးသားများနှင့်တန်းတူ အခြေခံနိုင်ငံသားရပိုင်ခွင့်၊ အခြေခံလူ့အခွင့်အရေး ရပိုင်ခွင့်များပေးရန် တာဝန်ရှိသည်။ နိုင်ငံ့အရေးအရာကိစ္စများကို စီမံခန့်ခွဲဆုံးဖြတ်ရာတွင်လည်း အမျိုးသမီးများကို တန်းတူပါဝင်ခွင့်ပေးရမည်ဖြစ်သည်။ လက်ရှိ ပါလီမန်လွှတ်တော်များသမဂ္ဂ (IPU) ၏ သုတေသနပြုချက်အရ နိုင်ငံတကာ ပါလီမန်လွှတ်တော်များတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် (၈,၄၃၇) ယောက်ရှိပြီး အမျKdးသားလွှတ်တော်ကိုယ်စားလှယ်က (၃၅,၆၃၈) ဦး ရှိသောကြောင့် ပါလီမန်လွှတ်တော်များတွင် အမျိုးသမီးကိုယ်စားပြုမှု (၁၉.၁၄) ရာခိုင်နှုန်းရှိသည်။ ဒီမိုကရေစီစနစ်ကျင့်သုံးသော နိုင်ငံ (၁၈၉) နိုင်ငံအနက် နိုင်ငံ (၃၀) တွင် အမျိုးသမီးနိုင်ငံ့ခေါင်းဆောင်များ ဦးဆောင်နေသည်ကို တွေ့ရသည်။ လွှတ်တော် (၄၁) ခုတွင် အမျိုးသမီး ပါလီမန်လွှတ်တော်ဥက္ကဋ္ဌများ ရွေးချယ်တင်မြှောက်ခံရသည်။ ဤသည်မှာ ယနေ့ကမ္ဘာတွင် ဖြစ်ပေါ်နေသော အမျိုးသမီးအခွင့်အရေးဆိုင်ရာ သမိုင်းဖြစ်ပေါ်တိုးတက်မှု ညွှန်းကိန်းဖြစ်သည်။ ဤသမိုင်းပင်မရေစီးကို ဗိုလ်သန်းရွှေစစ်အုပ်စုသည် မိုက်မဲစွာ ခုခံဆန့်ကျင်နေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သာမန်အမျိုးသမီးခေါင်းဆောင်တဦးမျှသာ မဟုတ်ဆိုသည်ကို ဗိုလ်သန်းရွှေ သိဖို့ကောင်းသည်။ ဒေါ်အောင်ဆန်းစုကြည်သည် “ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ” မှ တင်မြှောက်လိုက်သော ခေါင်းဆောင်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ လက်ခံအသိအမှတ်ပြုခြင်းခံရသော ခေါင်းဆောင်လည်းဖြစ်သည်။ ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ၏ တောင်းဆိုချက်သည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု (Political System Change) ဖြစ်သည်။ ‘လွတ်လပ်ရေး၊ တရားမျှတရေးနှင့် တန်းတူရေးဆိုသော ဒီမိုကရေစီပိုင်ခွင့်’ ကို တောင်းဆိုခြင်းဖြစ်သည်။ ‘တန်းတူရေး’ ဟု ပြောရာ၌ လူမျိုး၊ လူတန်းစား၊ နိုင်ငံရေးယုံကြည်ချက်နှင့် ကိုးကွယ်သည့် ဘာသာမျှသာမက ‘လိင်’ ခွဲခြားဆက်ဆံမှု မပြုလုပ်ရေးလည်း ပါဝင်သည်။ လွတ်လပ်ရေး၊ တရားမျှတရေးနှင့် တန်းတူရေးဆိုသော ဒီမိုကရေစီပိုင်ခွင့်များ ဖြစ်ထွန်းတိုးတက်ရေးအတွက် တိုင်းရင်းသားပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်အား သူတို့ကိုယ်စားလှယ်အဖြစ် ရွေးချယ်ထားခြင်းဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို သုံးသပ်လျှင်လည်း ပြည်သူက ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စားလှယ်များအား တခဲနက် ဆန္ဒမဲပေးခဲ့ကြခြင်းဖြစ်သည်။ တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့၏ကိုယ်စား တိုင်းပြည်အရေးအရာများကို စီမံအုပ်ချုပ်နိုင်ရန် အခွင့်အာဏာ (Authorization or Mandate) လွှဲအပ်လိုက်ကြခြင်းဖြစ်သည်။ တိုင်းပြည်အေးချမ်းသာယာမှုကို အမှန်လိုလားလျှင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို ဗိုလ်သန်းရွှေတို့ စစ်အုပ်စုအနေဖြင့် မသိကျိုးကျွန်မပြုသင့်ပေ။ ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာခေါင်းဆောင်များက တစိုက်မတ်မတ် တောင်းဆိုနေသည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံးအကျဉ်းမှလွှတ်၍ မြန်မာ့နိုင်ငံရေးတွင် ပါဝင်တာဝန်ထမ်းခွင့်ပေးရပေမည်။

အထူးသဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံမှ ဆယ်စုနှစ်တခုမျှမက အစဉ်တစိုက် ဆုံးဖြတ်တိုက်တွန်းလျက်ရှိသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများမှတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှာဖွေရပေမည်။ ယနေ့ ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသားပေါင်းစုံ လူထုအများစု၏ ထောက်ခံမှုကို ရရှိထားရုံမက နိုင်ငံတကာခေါင်းဆောင်များ၏ ယုံကြည်အားထားမှုကိုပါ ရရှိနေသည့် နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်သည်။ ထိုအချက်ကို ဗိုလ်သန်းရွှေစစ်အုပ်စုက မျက်ကွယ်ပြုလျှင် ပြည်တွင်းစစ်ကင်းရှင်း၍ နိုင်ငံရေးတည်ငြိမ်သော လူမှုဘ၀ပတ်ဝန်းကျင်ကို ရရှိနိုင်ဖွယ်မရှိပေ။

သို့ဖြစ်ရာ စစ်ဗိုလ်ချုပ်များအနေဖြင့် ဉာဏ်အမြော်အမြင်ကြီးမား၍ ရင့်ကျက်သော နိုင်ငံရေးခေါင်းဆောင် (Statesman) ဒေါ်အောင်ဆန်းစုကြည်အား အောက်လမ်းနည်းအသွယ်သွယ်သုံးကာ မြန်မာ့နိုင်ငံရေးမှ ၀ိုင်းပယ်ရန် အားထုတ်ခြင်းမှာ အံ့ဖွယ်သူရဲ အသိဉာဏ်နုံချာမှုဟု ဆိုရန်မှတပါး အခြားစကားပင် မရှိတော့။ လက်ငင်း စစ်အုပ်စု ကြံစည်နေသော ၂၀၁၀ ရွေးကောက်ပွဲသည်ပင်လျှင် အဓိကပစ်မှတ်က ဒေါ်အောင်ဆန်းစုကြည်ဖြစ်နေသည်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို ၂၀၁၀ ရွေးကောက်ပွဲအသစ်ဖြင့် ချေဖျက်ရန်ဖြစ်သည်။

ထိုသို့ မူလရည်ရွယ်ချက်ကိုယ်၌က မရိုးသားသည့်အလျောက် စစ်အစိုးရ၏ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေ စသည်တို့သည် ‘ဒီမိုကရေစီဆန့်ကျင်ရေး၊ ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေးစီမံချက်’ ဖြစ်နေကြောင်း အထင်အရှားတွေ့ရသည်။ ထို့ကြောင့်လည်း ပြည်တွင်းပြည်ပ နိုင်ငံရေးအကဲခတ်များက ၂၀၁၀ ရွေးကောက်ပွဲကို အတုအယောင်ဟု အကဲဖြတ်ထားကြခြင်းဖြစ်ပေသည်။ အဓိက အတိုက်အခံ အန်အယ်လ်ဒီကို ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် မပေးလိုသည့်သဘော၊ ဒေါ်အောင်ဆန်းစုကြည်အား လူထုက ထပ်မံ မရွေးချယ်စေလိုသည့် သဘောပင်ဖြစ်သည်။

သို့သော် လူထု၏ ရင်ထဲအသည်းထဲမှ ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားပစ်ရန် နအဖ၏ ဆိုးညစ်သောအကြံမှာ အောင်မြင်ဖွယ်ရာမရှိ။ အကြောင်းမှာ လူထုအပေါ် ဒေါ်အောင်ဆန်းစုကြည် ထားရှိသည့် စေတနာမျိုး စစ်ဗိုလ်ချုပ်များတွင် တရွေးသားမျှ မရှိသဖြင့်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က လူထုအပေါ်ထားရှိသော စေတနာကို ယခုကဲ့သို့ ဖော်ပြဖူးသည်။

“ပြည်သူလူထုအတွက် ကျမ အလိုချင်ဆုံးကတော့ စစ်မှန်တဲ့ လွတ်လပ်ခွင့်အောက်မှာ လုံလုံခြုံခြုံနေရဖို့နဲ့ စစ်မှန်တဲ့ လုံခြုံမှုအောက်မှာ လွတ်လွတ်လပ်လပ် နေထိုင်နိုင်ဖို့ပါပဲ။ အကြောက်တရားကြီးစိုးမှု အနှောင်အဖွဲ့တွေကို ဖယ်ရှားနိုင်တဲ့ လူထုအဖြစ် ကျမ မြင်တွေ့လိုပါတယ်။ လွတ်လပ်တဲ့ လူသားတွေအဖြစ် မြန်မာပြည်သူတွေ ခေါင်းမော့ရင်ကော့နေနိုင်တာကို ကျမ မြင်တွေ့လိုပါတယ်။ ကျမတို့အားလုံးအတွက် ပိုပြီးသာယာချမ်းမြေ့တဲ့၊ ပိုပြီးလုံခြုံမှုရှိတဲ့ လူ့ဘောင်တခုကို စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် ကြိုးပမ်းတည်ဆောက်နေကြတာကို ကျမ မြင်တွေ့လိုပါတယ်။” (“လွတ်လပ်မှုကိုပဲ ကျမတို့ လိုချင်တယ်” Parade မဂ္ဂဇင်း၊ မတ်လ ၉ ရက် ၂၀၀၃)

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းရန် ဒေါ်အောင်ဆန်းစုကြည်က တစိုက်မတ်မတ် မေတ္တာရပ်ခံခဲ့သော်လည်း စစ်အုပ်စုက အမြဲဥပေက္ခာပြုခဲ့သည်။ ၁၉၉၅ သြဂုတ်လ (၁) ရက်နေ့ ည (၉) နာရီတွင် ထုတ်လွှင့်ခဲ့သည့် ထိုင်းနိုင်ငံ နေးရှင်းသတင်းစာနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူးတွင် ဒေါ်စု၏ ရိုးသားဖြောင့်မှန်သော နိုင်ငံရေးယုံကြည်ချက် စေတနာကို ယခုကဲ့သို့ တွေ့နိုင်သည်။

နေးရှင်းအယ်ဒီတာ ။ ။ စစ်မှန်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံကို အမှန်တကယ် ထူထောင်မယ်ဆိုရင် ဘယ်လို လျော်ကန်သင့်မြတ်တဲ့ မူဘောင်ချရမှာပါလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ပထမဆုံး ‘ယုံကြည်မှုပတ်ဝန်းကျင်’ တခု တည်ဆောက်ကြရမှာပါ။ ဒီ ‘ယုံကြည်မှု’ ဟာ မြန်မာနိုင်ငံမှာ ကွယ်ပျောက်နေတဲ့အရာ ဖြစ်ပါတယ်။ ‘ယုံကြည်မှုပတ်ဝန်းကျင်’ တခု မတည်ဆောက်နိုင်သေးသမျှ ‘ထိရောက်မှုရှိတဲ့ ဆွေးနွေးပွဲ’ မျိုး ကျမတို့ စတင်နိုင်မှာ မဟုတ်ပါဘူး။ ဆွေးနွေးရေးစားပွဲမှာ ၀ိုင်းထိုင်လိုက်ဖို့ဆိုတာကတော့ လွယ်ပါတယ်။ ဒါပေမယ့် လူတိုင်းက တဦးအပေါ်တဦး သံသယတွေ ပွားနေကြရင် အများလက်ခံနိုင်တဲ့ သဘောတူညီမှုတခု ရရှိအောင် ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် တိုင်းရင်းသားတွေ ယုံကြည်စိတ်ချနိုင်တဲ့ အစိုးရတရပ်ရှိတယ်ဆိုတာ ကျမတို့အနေနဲ့ ပြသဖို့လိုပါတယ်။ အဲဒီအစိုးရဟာ တိုင်းရင်းသားတွေရဲ့ မျှော်မှန်းချက်တွေနဲ့ ပြဿနာတွေကို စာနာထောက်ထားကြောင်းလည်း ပြသရပါလိမ့်မယ်။ ပြဿနာကို အဲဒီကနေစပြီး ကိုင်တွယ်ရမယ် ထင်ပါတယ်။ တချို့တိုင်းရင်းသားအင်အားစုတွေအနေနဲ့ ‘ထိရောက်မှုရှိတဲ့ ဆွေးနွေးပွဲ’ တွေ မစတင်မီ သူတို့ဖြစ်စေချင်တဲ့ မူဘောင်ဆိုင်ရာ အကြံပြုစရာတွေ ရှိပြီးဖြစ်နိုင်ပါတယ်။ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ မူဘောင်တခုရရှိဖို့အတွက် ညှိနှိုင်းဆွေးနွေးကြမယ်ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။

နေးရှင်းအယ်ဒီတာ ။ ။ စစ်ခေါင်းဆောင်များနဲ့ ဆွေးနွေးတဲ့အခါ တိုင်းရင်းသားလူမျိုးများရဲ့ ပြဿနာကို ဦးစားပေးကိစ္စအဖြစ် သဘောထားနိုင်ပါမည်လား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ပထမဆုံးလုပ်ရမှာက အပြန်အလှန် စကားစတင်ပြောနိုင်ကြဖို့ဖြစ်ပါတယ်။ အဲဒီနောက်မှာ အမှန်အတိုင်းပြောရရင် ဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေ ပါဝင်လာဖို့ဖြစ်ပါတယ်။ တိုင်းရင်းသားတွေ မပါဝင်ခဲ့ရင် အရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ကျမတို့ မရနိုင်ပါဘူး။ ဒါကြောင့် ဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေ မုချပါဝင်ရမှာပါ။

နေးရှင်းအယ်ဒီတာ ။ ။ အဂတိလိုက်စား အကျင့်ဖောက်ပြားမှုဖြစ်စေတာ ‘အာဏာ’ ကြောင့်မဟုတ်။ ‘အာဏာကို လက်လွှတ်ဆုံးရှုံးရမှာ ကြောက်ရွံ့ခြင်း’ ကြောင့် ဖြစ်တယ်လို့ ခင်ဗျားရေးတဲ့ ‘ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ရေး’ စာအုပ်မှာ ရေးထားတာ တွေ့ရပါတယ်။ ခင်ဗျားကိုယ်တိုင်ရော မျက်မှောက်ကာလမှာ ဘာကို ကြောက်ရွံ့ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ကျမအပေါ်မှာ ယုံကြည်အားထားနေကြတဲ့ ပြည်သူလူထုကို ကျမက စိတ်ပျက်အောင်လုပ်မိမှာ အကြောက်ဆုံးပါပဲ။ လူထုကို စိတ်ပျက်အောင် လုပ်မိမှာထက် ကျမကိုယ်တိုင်က အရည်အချင်း ကျဆင်းသွားတာဖြစ်ဖို့က ပိုများပါတယ်။ သူတို့ဖြစ်ချင်တဲ့ အရာတိုင်းကို ကျမအနေနဲ့ လုပ်မပေးနိုင်ပေမယ့် သူတို့စိတ်ပျက်အောင်တော့ ကျမ လုပ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ကို တခုခု လုပ်ပေးမယ်လို့ ကျမ ကတိပေးထားတာတော့ မရှိသေးပါဘူး။ ကျမ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်ပါ့မယ်လို့ ရိုးရိုးသားသား ပြောထားတာပဲ ရှိပါတယ်။

နိဂုံးချုပ်ရလျှင် ဒေါ်အောင်ဆန်းစုကြည်သည် ဆရာဦးဝင်းတင် အကဲဖြတ် ဖော်ညွှန်းသည့် “မီးလျှံထဲက ကြာ” ဆိုသည့် ဂုဏ်ဒြပ်နှင့် ညီညွတ်လှသည်ဟု ဆိုချင်ပါသည်။ ၁၉၉၉ ခုနှစ်ကုန်ပိုင်းတွင် ဆရာဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည်ကို ရည်စူး၍ (၃) ကြောင်း ဟိုက္ကုကဗျာတပုဒ် ထောင်တွင်း၌ ရေးဖွဲ့ခဲ့ပါသည်။ ကဗျာအမည်က ‘မီးလျှံထဲက ကြာ’ ဖြစ်သည်။

‘မီးလျှံထဲက ကြာ’
ရဲ ဇွဲ ဉာဏ် စည်း တာ
မကြောက်တရား တေးကဗျာ
မီးလျှံထဲက ကြာ။

‘ရဲ’ ဆိုသည်မှာ ရဲရင့်ခြင်း၊ ‘ဇွဲ’ ဆိုသည်မှာ စွဲမြဲခြင်း၊ ‘ဉာဏ်’ ဆိုသည်မှာ ဉာဏ်အမြော်အမြင်ကြီးခြင်း၊ ‘စည်း’ ဆိုသည်မှာ စည်းကမ်းကြီးခြင်း စည်းကမ်းသိခြင်း စည်းကမ်းထိန်းခြင်း၊ ‘တာ’ ဆိုသည်မှာ တာဝန်သိခြင်း တာဝန်ယူခြင်း တာဝန်ခံခြင်းဟု ဆရာက အနက်ဖွင့်ပြပါသည်။ သန့်ရှင်းခြင်း၊ စင်ကြယ်ခြင်း၊ ဖြူစင်ခြင်းတို့ဖြင့် တင့်တယ်လှသော ‘ကြာပန်း’ သည် မီးလျှံတွင်း၌ ပွင့်ရသည်ဖြစ်သော်လည်း တုန်လှုပ်ခြင်းမရှိ၊ “ရဲ ဇွဲ ဉာဏ် စည်း တာ” တည်းဟူသော ဂုဏ်သတ္တိတို့ဖြင့် ဆက်လက် လန်းဆန်းသင်းပျံ့နေဦးမည်ဖြစ်သည်။

စစ်အာဏာရှင်စနစ် မီးလျှံဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ စွမ်းရည်သတ္တိတို့ကို ချေမှုန်းရန် အားထုတ်သော်လည်း ပြည်သူလူထုထောက်ခံမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်သည် ကြီးမြင့်သည်ထက် ကြီးမြင့်လာဖို့သာရှိသည်။ သံမဏိကို ဆေးသားတင်ပေးသကဲ့သို့သာဖြစ်မည်။ ဒေါ်အောင်ဆန်းစုကြည်သည် မိမိ၏ ကိုယ်ပိုင်ဘ၀၊ မိမိ၏ မိသားစု ဘ၀နှင့်တကွ မိမိ၏ စည်းစိမ်ဥစ္စာ ဂုဏ်ပညာတို့ကို တွန့်ဆုတ်ခြင်း အလျဉ်းမရှိဘဲ စွန့်လွှတ်၍ မိမိနိုင်ငံနှင့် လူထုအတွက် လွတ်လပ်ရေး၊ တရားမျှတရေးနှင့် တန်းတူရေးဆိုသည့် ဒီမိုကရေစီပိုင်ခွင့်များရရှိရေး တိုက်ပွဲလမ်းကို ရွေးချယ်ခဲ့သူ ဖြစ်သည်။ တရားမျှတမှုနှင့် သစ္စာတရားဘက်က ရပ်တည်သူဖြစ်၍လည်း တနေ့တွင် ‘မီးလျှံထဲက ကြာ’ ဟူသော ဂုဏ်ပုဒ်နှင့်အညီ ကမ္ဘာ့အလယ်၌ ထည်ဝါစွာ ဂုဏ်ပြုခံရဦးမည်မလွဲဖြစ်သည်။ ။
http://www.khitpyaing.org/index.php?route=detail&id=3367

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် တပ်မတော်


ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် တပ်မတော်

ကျနော် စစ်တပ်ထဲ စဝင်တုန်းက အသက် ၁၆ နှစ်ပြည့်ပြီးလို့ ၁၇ နှစ်ထဲမှာ၊ စစ်ကြီးဖြစ်တော့ အထက်တန်း ရောက်နေပြီ။ အမျိုးသား အထက်တန်း ကျောင်းက အထက်တန်း ကျောင်းသားပေါ့။

အမျိုးသားကျောင်းက ဆိုတော့လည်း အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်နေတာပဲ။ ဆရာကြီးတွေ ကိုယ်တိုင်ကလည်း အမျိုးသားရေးစိတ်ဓာတ်နဲ့ လခ မယူဘဲ သင်ကြားပေးကြတဲ့ ဆရာကြီးတွေ ဆိုတော့ ဒီကျောင်းသားတွေကို စေတနာ သက်သက်နဲ့ မျိုးချစ်စိတ် ထက်သန်အောင်သင်ပေးတယ်။ ပြီးတော့ တိုင်းပြည်ကလည်း ကျွန်ဘဝကနေ လွတ်မြောက် ရမယ် ဆိုတာတွေက ငယ်ငယ်တည်းက ကျနော်တို့ ခေါင်းထဲမှာ သိပ်ပြီးတော့မှ ဝင်နေကြတာပေါ့ဗျာ။

U-Tin-Oo-sm
သူရ ဦးတင်ဦးသည် မြန်မာ့တပ်မတော်ထဲတွင် အနှစ် ၃၀ ခန့် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၎င်းသည် ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့၌ ဗမာ့ရိုင်ဖယ် တပ်ရင်းတွင် ဒုဗိုလ်အဖြစ် စတင်အမှုထမ်းခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေါင်းဆောင် ဦးနေဝင်း လက်ထက် ၁၉၇၆ ခုနှစ်တွင် ဦးတင်ဦးကို ဗိုလ်ချုပ်ကြီးအဖြစ်မှ တာဝန်ရပ်စဲ အငြိမ်းစားပေးခဲ့သည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဒုတိယ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့သည်။ ယခုအခါ ၈၃ နှစ်အရွယ်ရှိပြီဖြစ်သော ဦးတင်ဦးသည် ၂၀၀၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အရေးအခင်းအပြီးမှ စတင်၍ နေအိမ်အကျယ်ချုပ် ၇ နှစ် နီးပါး ကျခံခဲ့ရသူဖြစ်သည်။ (ဓာတ်ပုံ - life.com)
စစ်တပ်ထဲ ရောက်တော့ ဗိုလ်ချုပ် အောင်ဆန်းတို့က လွတ်လပ်ရေး အတွက် ဦးဆောင်ပြီး လုပ်တယ်၊ ကျနော်တို့ တွေလည်း လွတ်လပ်ရေး အတွက် လုပ်နေတယ် ဆိုတော့ ပျော်တာပေါ့ဗျ။ အဲဒီချိန်မှာ ဘယ်လိုဟာမျိုး တွေ့တွေ့ ရင်ဆိုင်မယ် ဆိုတဲ့ စွန့်စားချင်တဲ့ စိတ်ဓာတ်မျိုးလည်း ရှိတယ်၊ ဒါပေမယ့် စစ်အတော အတွင်းဆိုတော့ အစစအရာရာ ရှားပါးတာပေါ့။

ကျနော်တို့ရှိတဲ့ စစ်တပ်ထဲမှာလည်း ရှားပါးတာပဲ၊ စားရသောက်ရတာ ငတ်တာပဲ၊ ငတ်တယ်ဆိုပေမယ့် ဆန်တော့ ရှိတာ ပေါ့ဗျာ။ ငါးပိ၊ ငါးခြောက်၊ ဆားတွေလည်း ရှိတော့ ရှိတာပေါ့။ ဒါပေမယ့် ကျန်တဲ့ ဆေးနဲ့ ပတ်သက်တာတွေ ကတော့ အင်မတန် ဆင်းရဲတာပေါ့။ ဖိနပ်တွေ၊ ဦးထုပ်တွေကအစ ဆင်းရဲတာ။

သို့သော်လည်းပဲ ကျနော်တို့ကတော့ ဒီ လွတ်လပ်ရေးကို အောင်မြင်အောင် လုပ်မယ်၊ ကျနော်တို့ လူငယ်တွေကို ပြည်သူ ပြည်သားတွေက အားကိုးတကြီး ဖြစ်နေတော့ ပျော်တာပေါ့။ အရင်ကတည်းက စစ်တပ်ထဲမှာ ဘာခံစားခွင့်ရမယ်၊ ဘာ ရမယ်၊ ညာရမယ် ဆိုတာကို လုံးဝစိတ်ကူးပြီး လာကြတာ မဟုတ်ဘဲနဲ့ စစ်သင်တန်းကိုတက်ခဲ့တာ။ ပင်ပန်းသော်ငြား လည်း ဒီလိုလုပ်နေရတာကို ဂုဏ်ယူတယ်ပေါ့ဗျာ။ လွတ်လပ်ရေးအတွက် လုပ်နေတာ၊ စစ်တိုက်ဖို့အတွက် တပ်ထဲ ဝင်တာ ဆိုတော့ ဂုဏ်ယူတာပေါ့။

အဲဒီခေတ်တုန်းကတော့ ဂျပန်ခေတ် စစ်တက္ကသိုလ်ဖွင့်တယ်၊ ဒါပေမယ့် ခုခေတ်လိုတော့ သိပ်ပြီး ပြည့်ပြည့်စုံစုံကြီး မဟုတ်ဘူး ပေါ့ဗျာ၊ ကျောင်းသားတွေအနေနဲ့ ဂျပန်စာကို ဦးစားပေးသင်ရတယ်။ နောက် စစ်ပညာနဲ့ ပတ်သက်လို့လည်း ကောင်းကောင်းသင်ရတယ်။ နောက်ပြီးတော့ သမိုင်းတို့၊ ပထဝီတို့ စသည်ဖြင့်ပေါ့။ ခေတ်ပညာကိုတော့ ဂျပန်တွေက ပို့ချတာပေါ့။

လေ့ကျင့်ခန်းလည်း ဆင်းရတယ်၊ စာလည်း ကျက်ရတာပေါ့။ စာကျက်ရတာကတော့ အခုခေတ်လို အကန့်အသတ်နဲ့ အများကြီး ကျက်ရတာမျိုးတော့ မဟုတ်ဘူး။ အစားအသောက်ကတော့ သိပ်ဆင်းရဲတယ်၊ ဆန်ဆိုရင် ဆန်လုံးတီးပေါ့။ မနက်ကို ဆန်ပြုတ်ကလေး တခွက်၊ နေ့ခင်းကျတော့ ထမင်း တပန်းကန်နဲ့ ဟင်းက ကန်စွန်းရွက်ပြုတ်၊ နောက် ပဲပင်ပေါက် ပြုတ်၊ ချဉ်ပေါင်ရွက်ပြုတ်၊ ခဝဲသီးပြုတ်၊ ဘူးသီးပြုတ်၊ အပြုတ်တွေချည်းပဲ၊ ဆီလေး ဘာလေး နည်းနည်းပါးပါး ပါတယ်။ ပါတယ် ဆိုတာလည်း ဟန်လေးပဲ ပါတာပါ။ အဲဒီလိုပဲ တောက်လျှောက်နေခဲ့ရတယ်။ ဒါပေမယ့်လည်း အဲဒါကို ပျော်တယ် ဗျာ။

ဘာဖြစ်လို့လဲဆိုတော့၊ ဒါဟာ လွတ်လပ်ရေးအတွက် လုပ်တာပဲ ဆိုပြီး ပျော်တာပေါ့။ နောက်ပြီးတော့ ကျနော်တို့ ခေါင်းထဲမှာလည်း ဘာရရမယ်၊ ညာရရမယ် စိတ်ကူးကလည်း မရှိဘူး။ ဗိုလ်ချုပ် အောင်ဆန်းတို့ ခေါင်းဆောင်ပြီး ဟောတဲ့ တရားကလည်း ပင်ပန်းမယ့်တရား၊ ကြမ်းတမ်းတဲ့ တရား၊ လူစဉ်မမီ ဖြစ်နိုင်တဲ့ တရား၊ သေနိုင်တဲ့ တရား၊ တိုက်ပွဲကျနိုင်တဲ့ တရား၊ အဲဒီဟာတွေကလွဲလို့ ဘာအခွင့်အရေးမှ ရှိမှာမဟုတ်ဘူးလို့ ဒီလိုတွေ ပြောသော်ငြားလည်း တို့ဆီ လွတ်လပ်ရေး ရမှာမို့လို့ ပျော်တယ်၊ ဒါပဲ။

စစ်ထဲဝင်မယ်ဆိုတော့ ကျနော့်အမေ ကျနော့်ကို ဘူတာရုံကို လိုက်ပို့တယ်ပေါ့ဗျာ။ ပုသိမ်မှာပေါ့၊ ပုသိမ် ဘူတာရုံကို လိုက်ပို့တယ်။ နောက် အမေ့ကို ကျနော် ကန်တော့တယ်ဗျာ။ ကန်တော့ပြီးတော့ ကျနော် မျက်ရည်ကျတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အမေနဲ့ တခါမှ မခွဲဖူးဘူးကိုးဗျ။ ဒါပေမယ့် ကျနော့်အမေက မျက်ရည် မကျဘူးဗျ။ အဲဒီမှာ အမေက မေးတယ် ဘာလို့ မျက်ရည်ကျတာလဲတဲ့။ သေရင်မြေကြီး ရှင်ရင် ရွှေထီး၊ နောက် စစ်တိုက်ရမှာ ကြောက်ရင် ပြန်မလာနဲ့၊ ပြန်လာရင် အမေရှက်တယ်တဲ့။

ဒါပဲ သူပြောတာ၊ အဲဒီစကားပဲ ကောင်းကောင်းမှတ်မိသေးတယ်။ တပ်ထဲက အဖြစ်အပျက်တွေကတော့ တပုံတခေါင်း ကြီးပဲ။ လေ့ကျင့်ခန်း ဆင်းတုန်းကလည်း ကြုံဖူးတာပဲ၊ တိုက်ပွဲ ဖြစ်တုန်းကလည်း ကြုံဖူးတာပဲ၊ ပြင်းပြင်းထန်ထန် တိုက်တုန်းကလည်း ကြုံဖူးတာပဲ။ နိုင်ငံခြားတပ်တွေ၊ ကေအန်ယူ တွေနဲ့ တိုက်တုန်းကလည်း ကြုံရတယ်။ နတ်မြစ်ဝ ပေါ်မှာ တခါတည်း ကျနော်တို့က သူတို့ ကျူးကျော်နယ်ကို ပြန်တိုက်ပြီး သိမ်းရတာတွေလည်း လုပ်ခဲ့ရတာပဲ၊ အများကြီးပဲဗျာ။

အရင်က တပ်မတော်ဆိုတာနဲ့ အခုခေတ် တပ်မတော်ဆိုတာက တော်တော်ကြီးကို ကွာသွားပြီဗျ၊ တွေးတာ ခေါ်တာ လုပ်တာ ကိုင်တာကအစ ကွာသွားပြီ။ ကျနော် တပ်ရင်းမှူး ဘဝတုန်းကဆို မိုးကုတ်မှာ တာဝန်ထမ်းဆောင်ဖူးတယ်။ မိုးကုတ် ဧရိယာမှာ သောင်းကျန်းသူတွေ ဆက်ကြေးမယူနိုင်အောင်ပေါ့။ မိုးကုတ်က ချမ်းသာတယ် မဟုတ်လား။ အဲဒီက ဆက်ကြေးရရင် သိပ်တောင့်သွားမှာဆိုတော့ ကျနော်တို့ ကာကွယ်ရမယ့် တာဝန်ထမ်းဆောင်ရတယ်။ အဲဒီအချိန်မှာ တပ်သားအားလုံးက အဲဒီက ကျောက်စိမ်း၊ ပတ္တမြား ကိစ္စနဲ့ ပတ်သက်တာတွေ ဘာမှ စိတ်ဝင်စားမှု မရှိဘူးလို့ ကျနော်တို့ မြင်တာပဲ။ ကျောက်တွေနဲ့ ပတ်သက်တာ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဆိုတာလည်း တခုမှ စိတ်မဝင်စားဘူး။ လိုလည်း မလိုချင်ဘူး၊ လိုချင်တဲ့စိတ်လည်း မရှိဘူး။

ဘာလို့လဲဆိုတော့ ကျနော်တို့မှာ ပြည့်စုံတယ်ဗျ။ ရိက္ခာတို့၊ ဘာတို့၊ ညာတို့ ထောက်ပံ့မှု စသည်ဖြင့်ပေါ့ဗျာ။ အဲဒီ အခါကတော့ တပ်ရင်းမှူးလောက် ဖြစ်ပြီဆိုရင် လိုလေသေးမရှိဘူး၊ ပြည့်စုံတဲ့အခါကျတော့ ဒါတွေနဲ့ ပတ်သက်ပြီး ခေါင်းထဲမဝင်ဘူး။ တိုတိုပြောရရင်တော့ဗျာ၊ ကိုယ့်အတွက် လုပ်ဖို့ဆိုတာကို ခေါင်းထဲမှာမရှိဘူး။ အဲဒါ ကိုယ့်အတွက် လုပ်ရမှာ ရှက်တယ်၊ အဲဒီလို ဖြစ်တာပဲ။

နောက်ထပ် ဥပမာပေါ့ဗျာ။ ပြောင်းဖူးခူးစားတာတို့၊ ဟင်းရွက်ခူးစားတာတို့ဆိုရင် ကျနော်တို့က အဲဒီပြောင်းဖူး ချိုးစားတဲ့၊ ဟင်းရွက်ခူးစားတဲ့ ကောင်တွေကို အဲဒီမှာ သူတို့စားတဲ့ ပြောင်းဖူးတို့ ဟင်းရွက်တို့ရဲ့ တန်ဖိုး ပြန်ပေး၊ တပြားမှ မတန်ရင်တောင် ပြန်ပေးရမယ်။ ကုန်ကုန်ပြောမယ်ဗျာ။ သိပ်ပြီးမှ ဆာလွန်းအားကြီးလို့ ကြက်ကို ရိုက်သတ် ချက်စားတာတောင် အဲဒီပိုင်ရှင်ဆီကို ကြက်ရဲ့တန်ဖိုး ကြေကြေလည်လည် ကျေနပ်တဲ့အထိ ပေးခိုင်းတယ်ဗျ။ သူမပေးနိုင်လို့ရှိရင်တောင် သူ့မှာပါတဲ့ လက်စွပ်တို့၊ ဆွဲကြိုးတို့ ပါတာပေးခဲ့။ ဒီလိုမျိုး အမိန့် ပေးပြီးတော့ လူထုကို နစ်နာအောင် မလုပ်ခဲ့တဲ့ဟာမျိုး များတယ်ဗျ။ ပြည်သူလူထုဆီက ယူဖို့ဆိုတာ ဝေးရော။

တပ်မတော်မှာ ပါတဲ့သူအားလုံး စစ်သားကအစ ဟို ဗိုလ်ချုပ်ကြီးအထိ သူ့ရဲ့ ကျွမ်းကျင်တဲ့ ပညာရပ်နဲ့ သင်ထားတာကို တကယ့် သူရဲကောင်း တယောက်အနေနဲ့ ပြည်သူပြည်သားရဲ့အသက် အိုးအိမ် စည်းစိမ်တွေကို ရိုးရိုးသားသား ကာကွယ်ပြီးတော့ ပြည်သူသည်အမိ၊ ပြည်သူသည်အဘ၊ ဆိုတဲ့ဟာမျိုးနဲ့ ကျစ်ကျစ်လျစ်လျစ် သိပ်သိပ်သည်းသည်း နေပြီး တော့ ပြည်သူတွေ အားလုံးချစ်တဲ့၊ တနည်းအားဖြင့်ဆိုရင် ပြည်သူတွေအားလုံး ကြိုက်တဲ့၊ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် တပ်မတော်မျိုးကို ပြန်လိုချင်တယ်။

ဘယ်ပါတီ ဘယ်အဖွဲ့အစည်းကို ဘာကိုမှလုပ်ပေးစရာမရှိဘူး။ တခုတော့ရှိတယ်၊ ရွေးကောက်ပွဲတို့၊ ဘာတို့ ကျလို့ရှိရင်တော့ ကိုယ်ကြိုက်တဲ့သူကို လျှို့ဝှက် မဲပေးတာ ပေးလိုက်၊ ရတယ်။ ဒါပေမယ့် ကိုယ်က အသုံးချပြီးတော့၊ အသုံးချခံပြီးတော့ ကိုယ်ကျိုးအတွက် လုပ်တာမျိုးကတော့ မလိုလားအပ်ဘူး။

ကာကွယ်ရေး ဦးစီးချုပ်ဖြစ်တုန်းကတော့ ရွှေထီး ဆောင်းရတဲ့ သဘောပေါ့ဗျာ။ အစစ အရာရာ လစာနဲ့ ထောက်ပံ့မှုတွေက ကျနော်တို့အတွက် ပြည့်စုံ နေတဲ့အတွက် ဘာမှ မပူရဘူး။ အေးချမ်းတာပေါ့လေ။ အခု အရပ်သားဘဝ ရောက်တော့ ပြည်သူလူထုရဲ့မေတ္တာ ခိုလှုံရတာပေါ့။ အေးချမ်းတယ်လို့မှတ်တယ်။ ကျနော်က အဲဒါလေးပဲ။ ပြည်သူသည် ဆင်းရဲရင် ဆင်းရဲခြင်း၊ ချမ်းသာရင် ချမ်းသာခြင်း၊ ငါတတ်နိုင်တဲ့ဘက်ကလုပ်ပေးမယ်။ အဲဒါပဲ။

အခု ကာကွယ်ရေးဦးစီးချုပ်ကို ကျနော် ပြောချင်တာ သွားပြောလိုက်ရင် သူစိတ်ဆိုးမှာပေါ့ဗျာ။ သူတို့က ကျနော့်ရဲ့ အောက်က တာဝန်ထမ်းဆောင်ခဲ့တာ ဆိုတဲ့ဟာကိုတော့ ကျနော်မပြောပါဘူး။ ကျနော့်စိတ်ထဲမှာ သူတို့က တချိန်တုန်းက ကျနော့်လုပ်ငန်းကို အောင်မြင်အောင် ဝိုင်းဝန်းကူညီပေးတဲ့ လုပ်ဖော်ကိုင်ဖက် တွေလို့ပဲ မှတ်ပါတယ်။ အဲဒီလို စိတ်ထားနဲ့ပဲ ဆက်ဆံချင်တာပါ။

ကာကွယ်ရေး ဦးစီးချုပ်ကို ပြည်သူတွေက ချမှတ်ပေးထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ကျနော်ရိုသေလေးစားတဲ့ ဗိုလ်ချုပ် ကျော်ဇော တို့လိုမျိုး တပ်မှူးကောင်းတွေ ဖြစ်စေချင်တာပါပဲ။
http://www.irrawaddy.org/bur/index.php/special/2010-08-04-10-30-14/3765-2010-08-04-10-28-53

ဝ တပ်ဖွဲ့ ၏ မူးယစ်ဆေးဝါးများကို ထိုင်းနယ်စပ်တွင်ဖမ်းဆီးရမိ

wa ICE 4 blog

ကနေဒါ နိုင် ငံ တိုရွန်တို မြို့ ရှစ်လေးလုံး နေ့ အမှတ်တရအခမ်းအနားဖိတ်ကြား

BSDO 8.8.8.8