Monday, August 23, 2010

23 August 2010 ဒိုင်ယာရီ

http://www.mediafire.com/?ziy7s97jd270zh4

http://www.mediafire.com/file/5i4n843b3ylt85k/23%20August%202010%20yeyintnge%27s%20Diary.pdf

23 August 2010 Yeyintnge's Diary

နျူကလီးယားလက်နက် ထုတ်တန်ထုတ်ရမည်ဟု ဝန်ကြီးဦးအောင်သောင်းပြော


နျူကလီးယားလက်နက် ထုတ်တန်ထုတ်ရမည်ဟု ဝန်ကြီးဦးအောင်သောင်းပြော

2010-08-23

မြန်မာစစ်အစိုးရ အနေနဲ့ နျူကလီးယားလက်နက် ထုတ်သင့်ရင် ထုတ်ရမှာဖြစ်တယ်လို့ စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းက နေပြည်တော် သင်တန်းဆင်းပွဲတခုမှာ ပြောဆိုပါတယ်။

Photo from blogspot.com

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အနီးကပ် လူယုံအဖြစ် သတင်းကြီးသော အမှတ် (၁) စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းကို အခမ်းအနားတခုတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo from blogspot.com)

မြန်မာစစ်အစိုးရကို နျူကလီးယားလက်နက် ထုတ်နေတယ်လို့ နိုင်ငံခြားမီဒီယာတွေက စွပ်စွဲနေကြောင်း၊ မြောက်ကိုရီးယားကလည်း သူ့နိုင်ငံ ကာကွယ်ရေးအတွက် သူလုပ်တာ ဖြစ်ကြောင်း၊ ဒါကြောင့် ကိုယ့်နိုင်ငံ ကာကွယ်ရေးအတွက် မြန်မာနိုင်ငံကလည်း နျူကလီးယားလက်နက်ကို ထုတ်သင့်ရင် ထုတ်ရမှာဖြစ်တယ်လို့ သြဂုတ်လ ၁၁ ရက် နေပြည်တော် စက်မှု (၁) ဝန်ကြီးဌာန သင်တန်းဆင်းပွဲတခုမှာ ဝန်ကြီးဦးအောင်သောင်းက ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရကို နျူကလီးယားလက်နက် ထုတ်လုပ်ရေးကို လျှို့ဝှက် လုပ်ကိုင်နေတယ်လို့ သံသယရှိကြောင်း ပြည်ပမီဒီယာမျိုးစုံက ရေးသားပြီး မကြာခင် ဝန်ကြီးဦးအောင်သောင်းက ခုလို တုံ့ပြန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဦးအောင်သောင်းက ဆက်လက်ပြောရာမှာ အထူးသဖြင့် အမေရိကန်နိုင်ငံဟာ မြန်မာကို တပည့်ဖြစ်အောင် သူ့သြဇာခံနိုင်ငံ ဖြစ်အောင် စည်းရုံးနေတယ်လို့ပါ စွပ်စွဲပြောဆိုကြောင်း သင်တန်း တက်ရောက်ခဲ့သူတဦးက ပြောပြပါတယ်။

အမေရိကန်နိုင်ငံက မြန်မာစစ်အစိုးရကို ဘယ်လိုနည်းနဲ့ သြဇာခံနိုင်ငံဖြစ်အောင် စည်းရုံးနေတယ် ဆိုတာကိုတော့ ဝန်ကြီး ဦးအောင်သောင်းက ရှင်းရှင်းလင်းလင်း ပြောမသွားပါဘူး။ အမေရိကန်နိုင်ငံအပေါ် ၀န်ကြီးဦးအောင်သောင်းရဲ့ စွပ်စွဲပြောဆိုချက်တွေဟာ ဦးအောင်သောင်းရဲ့ ပုဂ္ဂိုလ်ရေး ပြောဆိုချက်လား စစ်အစိုးရရဲ့ တရားဝင် သဘောထားလား ဆိုတာကိုလည် တိတိကျကျ မသိရဘူးလို့ ဝန်ထမ်းတွေက ပြောပြပါတယ်။

ပြည်ပမီဒီယာတွေဟာ ခုလိုပဲ စွပ်စွဲ ပြောဆိုတာတွေ ၂ဝဝ၉ ခုနှစ်မှာ ၁၂၆ ကြိမ် ရှိခဲ့ပြီး ၂ဝ၁ဝ ခုနှစ်ထဲမှာ အကြိမ် ၁၅ဝ ကျော်နိုင်တယ်လို့ပါ ဦးအောင်သောင်းက ပြောခဲ့ပါတယ်။ ခုလို ပြည်ပမီဒီယာတွေရဲ့ ပြောဆိုချက်တွေကို မယုံကြဖို့ ဦးအောင်သောင်းက မှာကြားခဲ့တယ်လို့ သိရပါတယ်။
http://www.rfa.org/burmese/news/junta_minister_hints_potential_nuke_production_responding_foreign_media-08232010095350.html

ဘယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆက်လျှောက်ဖို့ အစိုးရရွေးချယ်တဲ့ ရွေးကောက်ပွဲဖြစ်သလဲ


ဘယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆက်လျှောက်ဖို့ အစိုးရရွေးချယ်တဲ့ ရွေးကောက်ပွဲဖြစ်သလဲ

NEJ / ၂၃ သြဂုတ် ၂၀၁၀


နအဖစစ်အစိုးရ၏ ရွေးကောက်ပွဲရက်ကို ၂၀၁၀ ပြည့်နှစ် လာမည့် နိုဝင်ဘာ (၇) ရက်နေ့တွင် ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သြဂုတ် (၁၃) ရက်တွင် အတိအလင်း တရားဝင် ထုတ်ဖော်ကြေညာခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် အနှစ်နှစ်ဆယ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် နအဖ ပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းနှင့် ခေတ်ပြိုင်ဆက်သွယ်မေးမြန်းချက်။

မေး။ ။ နအဖစစ်အစိုးရက လာမယ့် နိုဝင်ဘာ (၇) ရက်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာလိုက်ပါပြီ။ ရွေးကောက်ပွဲဝင်မယ့်ပါတီတွေ ပြင်ဆင်ချိန် (၃) လတောင် မပြည့်တော့ပါဘူး။ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မှာမဟုတ်ဘူးဆိုတာ သိနေကြပေမယ့်လည်း နအဖကတော့ ရွေးကောက်ပွဲကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဖြစ်အောင်လုပ်သွားမှာ သေချာပါတယ်။ ဒါကြောင့် အခု နအဖလုပ်တဲ့ ရွေးကောက်ပွဲကို ဆရာဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ။ ။ ဒီမိုကရေစီနိုင်ငံတခုရဲ့ လက္ခဏာမှာ ရွေးကောက်ပွဲလုပ်ခြင်းဆိုတာ ပါပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲတိုင်းဟာ ဒီမိုကရေစီရဲ့ လက္ခဏာမဟုတ်ဘူးဆိုတာ ပြောဖို့လိုပါတယ်။ ၁၉၇၄ ခုနှစ်က မဆလတပါတီတည်းသာ ၀င်ပြိုင်ခွင့်ရတဲ့ ရွေး ကောက်ပွဲကို ဘယ်လိုလုပ် ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲလို့ဆိုမှာလဲ။ ကျနော်တို့ဟာ သဏ္ဌာန်ထက် အနှစ်သာရကို အလေးထားဖို့၊ အခေါ်အဝေါ်ထက် လက်တွေ့အကျိုးသက်ရောက်မှုကို အလေးထားဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် အလွန်အရေးကြီးတဲ့ နောက်အချက် တချက်ကတော့ ဘယ်လိုနိုင်ငံတော်ကို တည်ထောင်မယ့် ရွေးကောက်ပွဲ၊ တနည်းအားဖြင့် ဘယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆက်လျှောက်ဖို့ အစိုးရရွေးချယ်တဲ့ ရွေးကောက်ပွဲဖြစ်သလဲ ဆိုတဲ့အချက်ဖြစ်ပါတယ်။ အခု နအဖကျင်းပမယ့် ရွေးကောက်ပွဲဟာ ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ဆိုသူဟာ နအဖဗိုလ်ချုပ်တွေသာရှိတယ် ဆိုတာကို မမေ့သင့်ပါဘူး။ ရွေးကောက်ပွဲဝင်ဖို့ စိတ်အားထက်သန်နေသူတွေ၊ ဒီရွေးကောက်ပွဲကို အကာအကွယ်ပေး ရေးသားနေသူတွေတောင် ဒီမိုကရေစီအပြည့်အ၀ရှိတဲ့ ရွေးကောက်ပွဲလို့ မဆိုကြပါဘူး။

နအဖရဲ့ ဒီ၂၀၁၀ ရွေးကောက်ပွဲဟာ နအဖစစ်အစိုးရကို အရပ်သားအစိုးရလို့ ခေါ်လို့ရအောင် ဗိုလ်သန်းရွှေတို့ရဲ့ စစ်အုပ်စုက အသေအချာပြင်ဆင်ပြီး လုပ်တာဖြစ်ပါတယ်။ အဓိကအားဖြင့် ကြံ့ဖွံ့ပါတီ အနိုင်ရရေးသာဖြစ်တယ်ဆိုတာ ဘယ်သူမှ မငြင်းကြပါဘူး။ ကျန်တဲ့ ပါတီအဖွဲ့အစည်းတွေကိုလည်း အငှားဗိုက်နဲ့ဓားထိုးခံဖို့အတွက် အမတ်နေရာ အနည်းအပါးတော့ ပေးကောင်းပေးပါလိမ့်မယ်။ ဒါပေမယ့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို အတည်ပြုနည်းမျိုးနဲ့ ရွေးကောက်ပွဲကို အနိုင်ရအောင် သူတို့ အချိန်မရွေး လုပ်နိုင်တယ်ဆိုတာ မမေ့သင့်ပါဘူး။

ဒီနေရာမှာ ဒီတခါ ရွေးကောက်ပွဲကို ၁၉၇၄ ခုနှစ်က ဗိုလ်နေ၀င်းလုပ်ခဲ့တဲ့ မဆလရွေးကောက်ပွဲနဲ့ နှိုင်းယှဉ် ထောက်ပြချင်ပါတယ်။ အဲဒါက ဗိုလ်သန်းရွှေတို့ဟာ ဒီရွေးကောက်ပွဲကို မြန်မြန်ဆန်ဆန် ထင်သလိုကျင်းပနိုင်ခဲ့တာ မဟုတ်ဘဲ ဆယ်စုနှစ်တခုကျော် နှစ်တွေအများကြီး ပြင်ဆင်ပြီးမှ ကျင်းပနိုင်တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ မဆလဟာ တကောင်တည်း ပြေးတဲ့မြင်းပွဲမို့ ရွေးကောက်ပွဲကို ရှောရှောရှူရှူကျင်းပနိုင်ပြီး နအဖကတော့ တခြားပါတီတွေပါ ၀င်ပြိုင်တယ်လို့ လုပ်ရတော့ ကိုယ့်လူတွေအနိုင်ရဖို့ မီးသေအောင် အရင်လုပ်နေရပါတယ်။ အခုကိုပဲ အပစ်ရပ်ဒေတွေမှာ ရွေးကောက်ပွဲအတွက် မဲဆွယ်လာသူတွေကို သူတို့ရဲ့နယ်မြေထဲ အ၀င်မခံဘူးဆိုတာလို တစ်နေတဲ့ ပြဿနာတွေ ရှိနေသေးတယ် မဟုတ်ပါလား။

မေး။ ။ စစ်တပ်က ထိန်းချုပ်တဲ့စနစ်ဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြုလုပ်တဲ့ အခုရွေးကောက်ပွဲက အရပ်သားအစိုးရ စစ်စစ် ပေါ်ထွန်းမှာမဟုတ်ဘူးလို့ ပြောဆိုနေကြပါတယ်။ အဲဒီအပေါ် ဆရာဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ဒီနေ့ ကျနော်တို့နိုင်ငံ ဒီမိုကရေစီအရေးတော်ပုံရဲ့ အဓိကရည်မှန်းချက်တခုဟာ စစ်တပ်ကို စစ်တန်းလျားထဲ ပြန်စေဖို့ ဖြစ်ပါတယ်။ တိုင်းပြည်တပြည်ဆိုတာ ဓားပြဂိုဏ်း အုပ်ချုပ်တဲ့နယ်မြေ မဟုတ်ပါဘူး။ ပဒေသရာဇ်ခေတ်ကို ကျော်လွန်ခဲ့တဲ့နောက် ဘယ်တိုင်းပြည်မဆို အာဏာနဲ့လက်နက်ကို ခွဲကိုင်ရတာချည့်ပါပဲ။ ဒါပေမယ့် နအဖစစ်အုပ်စုဟာ ဒီရွေးကောက်ပွဲကနေ ပေါ်ထွက်လာမယ့်အစိုးရမှာ သူတို့က အစစကိုချုပ်ကိုင်ထားဖို့ပဲ လုပ်နေပါတယ်။ ပြည်သူလူထု ရွေးခြယ်တင်မြှောက်လိုက်သူတွေက လက်နက်ကို ချုပ်ကိုင်ညွှန်ကြားမလား၊ လက်နက်က ပြည်သူလူထု ရွေးချယ်တင် မြှောက်လိုက်သူတွေကို ချုပ်ကိုင်ညွှန်ကြားမလား ဆိုတဲ့ ပြဿနာဖြစ်ပါတယ်။

ဒီနေရာမှာ အရပ်သားဆိုတာ ဘာကိုခေါ်သလဲ ဆိုတာကိုလည်း ပြောဖို့လိုတယ် ထင်ပါတယ်။ တောင်ရှည်ပုဆိုး ၀တ်ထားသူတိုင်းကို အရပ်သားလို့ မခေါ်နိုင်ဘူး ထင်ပါတယ်။ အဓိက တိုင်းတာရမယ့်စံဟာ ၀တ်တဲ့အ၀တ်အစားထက် ဘယ်သူတွေကို ကိုယ်စားပြုသလဲဆိုတာ ပိုဖြစ်သင့်ပါတယ်။ တိုင်းပြည်နဲ့ ပြည်သူလူထု အကျိုးအတွက်မလုပ်ဘဲ စစ်တပ်နဲ့ စစ်အုပ်စုရဲ့ အကျိုးစီးပွားအတွက် အဓိကလုပ်နေသူတွေကို အရပ်သားအစိုးရလို့ မခေါ်နိုင်ပါဘူး။ အခုလာမယ့် ရွေးကောက်ပွဲမှာက ဗိုလ်သိန်းစိန်တို့လို “လူဝတ်လဲတွေ” ရော၊ (၂၅) ရာခိုင်နှုန်း ပါလာမယ့် စစ်သားစစ်စစ်တွေရော၊ ထိပ်ပိုင်းမှာ သမ္မတတို့၊ ဒု-သမ္မတတို့ တက်လုပ်မယ့် ဗိုလ်ချုပ်တွေရော ပေါင်းလိုက်ရင် အရပ်သားလို့ခေါ်နိုင်မှာဟာ လွှတ်တော်ရဲ့ ခုံကြိုခုံကြားကနေ “ဝေလေလေ” အော်နေသူတွေလောက်သာ ဖြစ်ပါလိမ့်မယ်။

မေး။ ။ အစိုးရသစ်မှာ အရပ်သားတွေရဲ့အခန်းကဏ္ဍ အတိုင်းအတာအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ အစိုးရသစ်မှာ အရပ်သားတွေဟာ လက်ညိုးထောင်ခေါင်းငြိမ့်လို့ မဆိုနိုင်တောင်မှ သင်္ကြန်အမြောက်ဖောက်တဲ့ အပြောမျိုးလောက်သာ ပြောနိုင်ပါမယ်။ အထက်မှာပြောခဲ့သလို ဝေလေလေအော်ခွင့်လည်း ရှိပါလိမ့်မယ်။ ဒါတောင်မှ ဒါဟာ အစပိုင်း၊ ရုပ်ပြကောင်းရုံပဲ ဖြစ်ပါလိမ့်မယ်။ နောင်မှာကျတော့ ဗိုလ်သန်းရွှေတို့ကလည်း ခွင့်ပြုမှာမဟုတ်၊ ပြောတဲ့ လူတွေကလည်း ပြောချင်စိတ်ကုန် ဆိုတာမျိုးဖြစ်လာမှာပါ။ ထောင်ထဲရောက်ရင် ပုံစံပြခံရတယ်ဆိုတာမျိုး၊ အဲဒီ နအဖလွှတ်တော်ထဲကို ရောက်တဲ့အခါမှာ ပုံစံပြခံရတာတွေကို စောင့်ကြည့်ရပါမယ်။ အဲဒီအခါကျရင် ကံကောင်းလို့ ဖလောင်းကနေ ဖားဖြစ်ခဲ့တဲ့ အမတ်တွေအဖို့ လွှတ်တော်ထဲဝင်ရတာထက် ထွက်ရတာက ပိုခက်တယ်ဆိုတာကို မြင်တွေ့လာကြရပါလိမ့်မယ်။

၁၉၅၈ ခုနှစ်က အိမ်စောင့်အစိုးရ၊ ၁၉၆၂ ခုနှစ်က တော်လှန်ရေးကောင်စီနဲ့ ၁၉၇၄ ခုနှစ်က မဆလအစိုးရတို့မှာ စစ်ဗိုလ်မဟုတ်သူ၊ စစ်ထဲမ၀င်ဘူးသူတွေ မပါတာမဟုတ်ပါဘူး။ အရေအတွက်မများပေမယ့် ပါသလောက်ပါပါတယ်။ အားလုံးဟာ ပညာတတ်၊ ဂုဏ်သရေရှိပုဂ္ဂိုလ်တွေပါ။ ဒါပေမယ့် သူတို့ဟာ အဲဒီအစိုးရတွေထဲမှာ ဘာလုပ်နိုင်ခဲ့သလဲ။ ဗိုလ်နေ၀င်းခိုင်းတာကိုပဲ လုပ်ခဲ့ရတယ်မဟုတ်ပါလား။ ဒါဖြင့်ရင် အခုဘာကြောင့်များ ဗိုလ်သန်းရွှေဟာ ဗိုလ်နေ၀င်းလောက် မဆိုးနိုင်ဘူးလို့ တွေးနေကြတာလဲ။ ဗိုလ်သန်းရွှေရဲ့ (၁၅) နှစ်ကျော် ဖော်ပြချက်မှာ တခြားအရပ်သားမပြောနဲ့ တခြားဗိုလ်ချုပ်တွေရဲ့ စကားကိုတောင် နားထောင်တယ်လို့ ရှိခဲ့ဖူးလို့လား။

မေး။ ။ ရွေးကောက်ပွဲပြီးရင် အပြောင်းအလဲ အနည်းအကျဉ်းရှိနိုင်မယ်၊ ပွင့်လင်းမှု ရှိလာနိုင်မယ်လို့ မြင်သူတွေ ရှိနေပါတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲဟာ အပြောင်းအလဲတခုကို ဖြစ်ပေါ်စေမယ်လို့ ဆရာယူဆပါလား။

ဖြေ။ ။ အပြောင်းအလဲကတော့ ရှိမှာပါ။ ဒါပေမယ့် ပြည်သူလူထုအတွက်၊ ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် အကျိုးရှိတဲ့ အပြောင်းအလဲမျိုးတော့ ဟုတ်မယ်မထင်ပါဘူး။ အစောပိုင်းတုန်းကတော့ ဒီရွေးကောက်ပွဲကြောင့် မီဒီယာတွေမှာ ဖော်ပြခွင့်တွေ စပြီးရနေတယ်၊ နောင်မှာ ပိုရလိမ့်မယ်၊ တိုးချဲ့ရမယ်ဆိုတဲ့ အပြောမျိုးတွေ အတော်လေး ကြားလာရပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းတော့ နအဖက တစောင်ပြီးတစောင် ခေါ်ပြီး ပညာပေးနေတော့ အဲဒီလိုပြောတာတွေ မကြားရတော့ဘူး။ ဒါ့အပြင် အခုနောက်ပိုင်းမှာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဥပဒေတွေ တခုပြီးတခု ထွက်လာတော့ အဲဒီ စကားမျိုးကို လေသံတောင် မဟရဲကြတော့တာလည်း တွေ့ရပါတယ်။ နဂိုက ဒီရွေးကောက်ပွဲဝင်မလို့ သိပ်တက်ကြွနေသူတွေတောင် အခုခြူသံပါအောင် ညည်းနေတာဟာ အားလုံးအမြင်ပဲ မဟုတ်ပါလား။

ဒီနေ့လို ကာလမှာ ဗမာပြည်ရဲ့တကယ့်အပြောင်းအလဲ၊ အနှစ်သာရ သဘောအရ၊ အခြေခံအရ အပြောင်းအလဲကို ဗမာပြည်ပြည်သူတွေကသာ သယ်ဆောင်လာနိုင်မှာပါ။ နအဖစစ်ဗိုလ်ချုပ်တွေက သယ်ဆောင်လာမှာ မဟုတ်သလို ပြည်ပနိုင်ငံတွေ၊ နိုင်ငံခြားသားအဖွဲ့အစည်းတွေကလည်း လုပ်ဆောင်ပေးနိုင်မှာ မဟုတ်ပါဘူး။

မေး။ ။ ဘယ်လိုအခြေအနေမျိုး ပေါ်ပေါက်လာမှ တိုင်းပြည်မှာ စစ်မှန်တဲ့ အပြောင်းအလဲဖြစ်လာမယ်လို့ ပြောဆိုနိုင်မှာပါလဲ။

ဖြေ။ ။ လက်နက်ကိုင်တပ်တွေက ဘယ်လိုအသွင်နဲ့မှ တိုင်းပြည်အာဏာချုပ်ကိုင်ခြင်း မလုပ်တဲ့၊ ပြည်တွင်းမှာတကယ့် ငြိမ်းချမ်းရေးရှိတဲ့၊ လူတိုင်းမိမိအယူအဆကို ဖော်ပြခွင့်ရှိတဲ့ နိုင်ငံရေးအခြေခံတခုကို အရင်တည်ဆောက်ပြီး အဲဒီကတဆင့် တိုင်းပြည်ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီထွန်းကားရေး။ နိုင်ငံတကာအလယ်မှာ ဂုဏ်တင့်စွာတည်ရှိနိုင်ရေး စတဲ့ အချင်းအရာတွေကို ဖန်တီးယူရပါမယ်။

မေး။ ။ အပြောင်းအလဲဖြစ်ပေါ်လာအောင် ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ။

ဖြေ။ ။ အပြောင်းအလဲ မဖြစ်ပေါ်ရတာဟာ ဘယ်သူ့အပေါ်မှာ တာဝန်ရှိတယ်ဆိုတာကိုတော့ ပြောဖို့မလိုဘူးထင်ပါတယ်။
သမိုင်းကိုဖန်တီးတာဟာ လူထုသာဖြစ်တယ်လို့ ကျနော်တို့ ပြောလေ့ရှိပါတယ်။ ဒါပေမယ့် သမိုင်းရဲ့အပြောင်းအလဲကြီးတွေ ပေါ်ပေါက်ရေးဟာ သမိုင်းအခြေအနေ ရင့်မှည့်မှု၊ လတ်တလော အချက်အလက် ပြည့်စုံမှု ရှိတယ်ဆိုတဲ့ အခြေခံပေါ်မှာ မှန်ကန်တဲ့ ခေါင်းဆောင်မှုရှိခြင်း ဆိုတာနဲ့ ပေါင်းစပ်ရမယ် ထင်ပါတယ်။ လူထုပါဝင်နိုင်စွမ်းကို အကဲဖြတ်တာ၊ လူထုပါဝင်နိုင်တဲ့ လှုပ်ရှားမှုတွေ ဖော်ထုတ်တာဟာ ခေါင်းဆောင်မှုရဲ့ အတတ်ပညာအပြင် ကိုယ်ကျိုးကင်းစင်မှု၊ ရဲရင့်ပြတ်သားမှုတို့နဲ့ ဆိုင်ပါတယ်။

ခေါင်းဆောင်မှုက ရှေ့ကျွံနေပြီး လူထုက လိုက်ပါခြင်း မရှိဘူးဆိုရင် ဒါဟာ လူထုရဲ့ အပြစ်မဟုတ်ပါဘူး၊ ခေါင်းဆောင်မှုရဲ့ အတတ်ပညာ ချို့တဲ့မှုကြောင့်သာ ဖြစ်ပါတယ်။ မမေ့သင့်တဲ့အချက်တခုကတော့ လူထုကိုဖိနှိပ်တဲ့ အုပ်စိုးသူတွေဟာ လူထုနဲ့ခေါင်းဆောင်မှုကို ဖြတ်တောက်ထားဖို့ အမြဲကြိုးစားတယ် ဆိုတဲ့အချက်ပါပဲ။ ခေါင်းဆောင်နိုင်စွမ်းရှိတဲ့ လူတွေ ထိုင်နေတယ်ဆိုရင် သူတို့က ဘာမှမလုပ်ဘဲ လူထုထဲဆင်းတော့မယ်ဆိုရင် အမျိုးမျိုးသောနည်းတွေနဲ့ တားဆီး ချုပ်ချယ်တော့တာပါပဲ။ ဒီပဲယင်းအဖြစ်အပျက်ကိုပဲ ပြန်စဉ်းစားလိုက်ပါ။ အဲဒီအုပ်စိုးသူတွေက လှည့်စားတာ၊ မီးခိုးမှိုင်းလွှင့် တာတွေကို မျက်စိလည်၊ ယုံကြည်သွားတာဟာ ခေါင်းဆောင်ဆိုသူတွေ ဖြစ်ပါတယ်။ လက်တွေ့အပေါ် အခြေခံမစဉ်းစားဘဲ ကြားရတာ၊ ဖတ်ရတာအပေါ် အခြေခံလို့ မှားတတ်ကြတာ ဖြစ်ပါတယ်။

မေး။ ။ အခုလို ရွေးကောက်ပွဲကျင်းပခြင်းအားဖြင့် မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာတွေ ပြေလည်မှု ရှိနိုင် မရှိနိုင် ဆရာဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ဒီရွေးကောက်ပွဲပြီးသွားတဲ့အခါမှာ ဗမာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာတွေ ပြေလည်သွားစရာ အကြောင်းမမြင်ပါဘူး။ ဒီနေ့ဗမာပြည်ရဲ့ အထွေထွေအကျပ်အတည်းဟာ ဗမာပြည်ရဲ့ အခွင့်အာဏာမှန်သမျှကို နအဖ စစ်အုပ်စု တဦးတည်းက ချုပ်ကိုင်ထားတဲ့အတွက် ဖြစ်ပေါ်နေရတာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ အဲဒီစစ်အုပ်စုရဲ့ ဘက်စုံချုပ်ကိုင်မှုကို လက်ပြောင်းဖို့ နေနေသာသာ၊ ရေရှည်ဆက်ချုပ်ကိုင်သွားဖို့အတွက် လုပ်ဇာတ်တခုခင်းတာသာ ဖြစ်တဲ့အတွက် အကျပ်အတည်းတွေဟာ ပိုဆိုးလာစရာသာ ရှိပါတယ်။

မေး။ ။ အခု ရွေးကောက်ပွဲဟာ all inclusive မဟုတ်တဲ့အတွက် ကုလသမဂ္ဂနဲ့ အာဆီယံအပါအ၀င် နိုင်ငံတကာအနေနဲ့ ဘယ်လို တုံ့ပြန်သင့်ပါသလဲ။

ဖြေ။ ။ နအဖရဲ့ ရွေးကောက်ပွဲကို ပြည်တွင်းပြည်ပမှာ ဆန့်ကျင်နေကြတာဟာ အားလုံးပါဝင်ခွင့်ရတဲ့ inclusive ဟုတ် မဟုတ်ဆိုတဲ့အချက်က အဓိက မဟုတ်ပါဘူး။ အဓိကဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပါတယ်။ inclusive သာဖြစ်ရင် ရွေးကောက်ပွဲဝင်လိုက်ကြ၊ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံလိုက်ကြလို့ တချို့က တိုက်တွန်းနေတာလားလို့ စဉ်းစားစရာတောင် ဖြစ်နေပါတယ်။ ဒါကြောင့်မို့ ကုလသမဂ္ဂနဲ့ အာဆီယံအပါအ၀င် နိုင်ငံတကာတို့အနေနဲ့ ဗမာပြည်အရေး ပြောကြတယ်ဆိုရင် all inclusive ကိစ္စထက် အင်မတန် မတရားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောသင့်ပါတယ်။ all inclusive သက်သက်ပြောတာဟာ နအဖရဲ့ဖွဲ့စည်းပုံဥပဒေနဲ့ အဲဒီဟာကြီးကို ကိုင်ပြီး အုပ်ချုပ်မယ့် နောက်တက်လာမယ့် အစိုးရကို အသိအမှတ်ပြုဖို့ နည်းလမ်းရှာပေးသလိုသာ ဖြစ်ပါလိမ့်မယ်။

မေး။ ။ လွတ်လပ် တရားမျှတဲ့ ရွေးကောက်ပွဲ ဖြစ်ပေါ်ဖို့ ပေါ်ထွန်းမှု တစုံတရာမရှိတော့လို့ ရွေးကောက်ပွဲအခင်းအကျင်းမှာ ဆက်မပါတော့ဘဲ ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိမ်း ပါတီက နုတ်ထွက်သွားခဲ့တဲ့အပေါ် ဆရာ ဘယ်လိုရှုမြင်ပါသလဲ။

ဖြေ။ ။ ကျန်တဲ့လူတွေလည်း သူ့လိုပဲ စောစောစီးစီး အမြင်မှန်ရကြရင် ကောင်းမှာပဲလို့ အောက်မေ့ပါတယ်။
http://www.khitpyaing.org/index.php?route=detail&id=3607

မြောက်ကာရိုလိုင်းနားက၀ိုင်းစု..


သြဂတ်စ် ၂၁ - စနေနေ့ -မြောက်ကာရိုလိုင်းနားချာပါဟဲ အထက်တန်းကျောင်းခန်းမပွဲမှာတော့နအဖကားရိုက်တဲ့ ၀ိုင်းစုခိုင်သိန်းအပါအ၀င် မင်းမော်ကွန်း-ရဲလေးရေဗက္ကာဝင်း-အယ်ဇိုင်းစီ တို့ သီဆိုကြမယ့် စတိတ်ရှိုးမှာမြောက်ကာရိုလိုင်းနား-တောင်ကာရိုလိုင်းနားဝါရှင်တန်ဒီစီ-ဗာဂျီးနီးယားအစရှိတဲ့ ပြည်နယ်များမှ ဆန္ဒပြတဲ့သူတွေကငြိမ်းချမ်းတဲ့နည်းနဲ့ စနစ်တကျ ဆန္ဒပြတာဖြစ်ကြောင်း၊ပွဲစီစဉ်သူတွေ သံသယနဲ့ စွပ်စွဲသလို ပွဲခန်းမထဲ ၀င်ပြီး အကြမ်းဖက်ဖို့အစီအစဉ်လည်းမရှိကြောင်း၊ဒါ့ကြောင့် မိမိတို့ကို ကျောင်းဝင်းအပြင် လမ်းမမှာဥပဒေနဲ့အညီဆန္ဒပြမယ့် နေရာတခု သတ်မှတ်ပေးဖို့ရဲတွေကိုတောင်းဆိုခဲ့ရာအဲဒီသတ်မှတ်ပေးတဲ့နေရာမှာပဲ အရုဏ်ဦးမှာ ဖူးသည့်ကြာပေါ်လစီဇာတ်ကားကို ကန့်ကွက်တဲ့ ပိုစတာတွေ၊၄င်းဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ ၀ိုင်းစုခိုင်သိန်းကိုကန့်ကွက်တဲ့ ပိုစတာတွေ ကိုင်ဆောင်ပြီး ကြွေးကြော်သံတွေတိုင်။တော်လှန်ရေးသီချင်းတွေသီဆိုကာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။ဆန္ဒပြတဲ့သူတွေဘက်က လူငယ်တယောက်လွှတ်ပြီး ၀ိုင်းစုခိုင်သိန်းကို ကန့်ကွက်တဲ့စာနောက်နောင် သမိုင်းမှန်ကို ဖျောက်ပစ်တဲ့ ပေါ်လစီကားတွေ မရိုက်မိဖို့ သတိပေးတဲ့စာအိပ်ဖွင့်ပေးစာကို ၀ိုင်းစုခိုင်သိန်းထံ ပေးခဲ့သလို-စတိတ်ရှိုးလုပ်ရာ ခန်းမထဲမှာဘယ်လိုအခြေအနေရှိတယ် ဆိုတာပါ စုံစမ်းထောက်လှမ်းသိရှိခဲ့ရတယ်လို့ သိရပါတယ်။ပွဲကြည့်ပရိသတ်မှာလည်း အလွန်နည်းပြီး ဦးရေ ၁၀၀လောက်ပဲရှိကြောင်း။အရင့်အရင်သွင်းခဲ့ကြတဲ့ ပွဲတွေထက်စာရင် ပရိသတ်အလွန်နည်းတဲ့အပြင် အရင်လိုခန်းမထဲ အမှောင်ချ တင်ဆက်တာ မဟုတ်ဘဲ-ခန်းမတခုလုံး မီးတွေထွန်းပြီး ပွဲအဖြစ်လုပ်ကြလို့ကြောင်တောင်တောင်ကြီးဖြစ်နေကြောင်း။ သိရှိရပါတယ်။ဆန္ဒပြတဲ့ လူငယ်တဦးကိုမေးမြန်းကြည့်ရာမှာ သူက-- အနုပညာကို ချစ်မြတ်နိုးပြီး အနုပညာရှင်တွေကိုလည်းမမုန်းပေမယ့် အခု ပေါ်လစီကားက သမိုင်းဖြစ်ရပ်မှန်တွေကို မဖော်ထုတ်ဘဲသမိုင်းမှားတွေ လိမ်လည်ရိုက်ကူးခဲ့တဲ့အတွက် နောက်နောင်လူငယ်တွေ အသိမှားအမြင်မှားမဖြစ်စေချင်လို့ အဲဒီကားမှာ ပါတဲ့သူတွေကို မမုန်းပေမယ့် နောင်တရစေချင်လို့ဆန္ဒပြရတာဖြစ်လို့-၀ိုင်းစုခိုင်သိန်းကို အားပေးချင်တဲ့စိတ်ကို မျိုသိပ်ပြီးအမှန်တရားဘက်က အားဖြည့် ပါဝင် ဆန္ဒပြရတာလို့ ပြောပြပါတယ်။ဆန္ဒပြပွဲကို ညနေ ၅နာရီမှာသိမ်းခဲ့ပြီး၊အများကန့်ကွက်တဲ့ကြားက ဖြစ်မြောက်သွားတဲ့ စတိတ်ရှိုးကတော့ ည၇နာရီခွဲမှာပြီးသွားတယ်လို့ သိရပါတယ်။
နောက်တပတ်မှာ နယူးယောက်ပြည်နယ် -အယ်လ်ဘာနီမြို့မှာလည်း ပွဲအစီအစဉ်ရှိတယ်လို့ သိရသလိုအဲဒီမှာလည်း အကြီးအကျယ်ကန့်ကွက်ပွဲတွေလုပ်မယ်လို့ ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတွေက ကြိမ်းဝါးနေပါတယ်။

(အိုးဘားမား)

တပ်မတော်သားများအတွက် ပေးစာ

slodier

၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ


ဦးဝင်းတင်နဲ့ မေးခွန်းများ
၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ
မိုးမခ
သြဂုတ် ၂၃၊ ၂၀၁၀
ဆရာနဲ့ ယခင်အပတ်က တွေ့ဆုံမေးမြန်းခဲ့ရာမှာ အင်န်အယ်ဒီပါတီက ၂၀၁၀ ရွေးကောက်ပွဲကို ပါတီတရပ်အနေနဲ့ သပိတ်မှောက်တယ်လို့ ကြေညာခဲ့ရာကနေ မဲဆန္ဒရှင်ပြည်သူတွေကပါ စစ်အာဏာရှင်စနစ် သက်ဇိုးရှည်စေမယ့် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ ထပ်မံပြီး ကြေညာလိုက်ပါတယ်။ ပြည်သူလူထုကို အတိအလင်း တိုက်တွန်းလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီတရပ်လုံးက လွန်ခဲ့တဲ့ မတ် ၂၉ ကတည်းက ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းမယ့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်ဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပြီးပြီ၊ ရပ်တည်ခဲ့ပြီးပြီ။ အဲသည်လောက် ထင်ရှားတဲ့ သဘောထားတရပ်ကို ရပ်တည်ပြီး ရှေ့က ဦးဆောင်ချီတက်နေတဲ့ နိုင်ငံရေးပါတီကြီးအနေနဲ့ အခုလိုမျိုး လူထုကို အခုလို သြဂုတ် ၁၉ ရက်နေ့မှာ တိုက်ရိုက်တိုက်တွန်းမှုကို ပြုလုပ်ရတာလဲ ဆိုတာကို မေးမြန်းတာ ဖြစ်ပါတယ်။
ဆရာက ပြန်လည် ဖြေကြားချက်များထဲက ပြန်လည် ကောက်နုတ်ဖော်ပြရမယ် ဆိုရင် …
ပါတီအနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်တယ် ဆိုတာကတော့ အားလုံးရဲ့ မျက်မှောက်မှာ ထင်ရှားပြီးသား ဖြစ်တယ်။ သို့သော် ဒီကြားထဲမှာ ဘယ်လိုဖြစ်လာသလဲ ဆိုတော့ … အခြားသူတွေဆီမှာ ချွင်းချက်တွေ ပေါ်လာတယ်။ ဘယ်လိုမျိုး သပိတ်မှောက်ကြရမှာလဲ ဆိုတဲ့ အသေးစိတ် မေးခွန်းတွေ ပေါ်လာတယ်။ ဒီလို …
ကျေးလက်တွေ နယ်တွေမှာ လူထုကို အတင်းမဲရုံတွေ တွန်းပို့ပြီး သူတို့ရဲ့ ပါတီတွေဖြစ်တဲ့ ကြံ့ဖွံ့တွေ၊ ဘာတွေကို အတင်းမဲပေးခိုင်းမှာပဲ။ ဒါဆိုရင် အဲသည်လို ပါတီမျိုးတွေကို သပိတ်မှောက်ကြရမှာလား ဆိုတဲ့ မေးခွန်းက တခု။
နောက်ပြီးတော့ ၁၉၉ ၀ ရွေးကောက်ပွဲတုန်းကလည်း ၀င်ပြီး အရွေးခံခဲ့တယ်။ ပြည်သူလူထုရဲ့ မဲဆန္ဒကို ပစ်ပယ်ပြီးတော့ အခု ၂၀၁၀ မှာလည်း ရွေးကောက်ပွဲ ၀င်ကြဖို့ လုပ်ပြန်တဲ့ ပါတီတွေ အမတ်လောင်းတွေ ပေါ်လာပြန်တယ်။ အဲသည်လို လူမျိုးတွေ ပါတီတွေကို သပိတ်မှောက်ကြရမှာလား ဆိုတဲ့ မေးခွန်း။
တိုင်းရင်းသားအင်အားစုတွေကလည်း သူတို့ နယ်မြေဒေသတွေမှာ အရွေးခံကြတဲ့အခါမှာ သူတို့တွေရဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေကို ပြောရေးဆိုခွင့် နေရာရစေချင်တယ်။ အခြားသူတွေ အဓမ္မ ၀င်ရောက် နေရာယူမှာကို စိုးရိမ်ကြတယ်။ ဒါဆိုရင် အဲသည် တိုင်းရင်းသားဒေသတွေမှာ ကြံ့ဖွံ့လို အင်အားစုတွေကို သပိတ်မှောက်ကြဖို့ တိုက်တွန်းကြရမှလား ဆိုတဲ့ မေးခွန်းကလည်း ပေါ်လာတယ်။
ဒီမေးခွန်းတွေနဲ့ အင်န်အယ်ဒီရဲ့ သဘောထားကို မေးကြ စုံစမ်းကြ၊ သဘောထားတောင်းကြတာတွေ ပေါ်လာတဲ့ အချိန်မှာ လာမယ့် ၂၀၁၀ နိုဝင်ဘာမှာ ရွေးကောက်ပွဲလုပ်တော့မယ်ဆိုတဲ့ သတင်းကြေညာချက်က စစ်အစိုးရဖက်က ထုတ်ပြန်လာတယ်။ အဲသည်အခါကျတော့ အင်န်အယ်ဒီအနေနဲ့ အားလုံးရဲ့ အခြေအနေတွေ အားလုံးကို ခြုံငုံပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲအပေါ်မှာ ပြတ်ပြတ်သားသား ရှင်းလင်းတဲ့ သဘောထားကို လူထုကို ထုတ်ဖော် ပြောပြရတော့မယ်လို့ ဖြစ်လာတယ်။
ဒါကြောင့် သြဂုတ်လ ၁၉ ရက်နေ့မှာ အစည်းအဝေး ထိုင်တယ်၊ ဆုံးဖြတ်ချက်ချတယ်။ ပါတီအနေနဲ့ သပိတ်မှောက်တယ်။ သပိတ်မှောက်တယ် ဆိုတဲ့ စကားလုံးကို သုံးစွဲလိုက်တယ်။ ရွေးကောက်ပွဲကို မဲဆန္ဒရှင်ပြည်သူတွေကလည်း သပိတ်မှောက်ကြဖို့ တိုက်တွန်းတယ်။ သပိတ်မှောက်တယ် ဆိုတာက ဥပဒေနဲ့လည်း မငြိစွန်းဘူး။ သဘောကတော့ မဲပေးခွင့် ရှိသလို၊ မဲမပေးဘဲလည်း နေခွင့်ရှိတယ်။ ဒါကို ထပ်လောင်းပြီး ပြောလိုက်တယ်။
မတ်လ ၂၉ ရက်နေ့က စပြီး ပြောခဲ့တာက ၂၀၀၈ အခြေခံဥပဒေကို လက်မခံတဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီ မှတ်ပုံထပ်မတင်ဘူး လို့ ပြောခဲ့တယ်။ ဆင့်ပွားပြီးပြောရင် ဒါဟာလည်း ပါတီအနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်တာ ဖြစ်တယ်။ ဒါပေမယ့် အခုအချိန်မှာ တိတိကျကျအနေနဲ့ ပါတီက ရွေးကောက်ပွဲကို သပိတ်မှောက်တယ်။ မဲဆန္ဒရှင်တွေကိုလည်း သပိတ်မှောက်ဖို့ တိုက်တွန်းတယ်လို့ သြဂုတ်လ ၁၉ ရက်နေ့မှာ ပါတီက ထပ်မံ အတည်ပြု ဆုံးဖြတ် ကြေညာလိုက်ရတာ ဖြစ်ပါတယ်။

အဲသည်မှာ မေးမြန်းမိတာက ၂၀၁၀ ရွေးကောက်ပွဲကို အင်န်အယ်ဒီပါတီက သပိတ်မှောက်တယ်၊ ပါတီဝင်တွေက သပိတ်မှောက်တယ်။ ဒါ့အပြင် ပြည်သူ့လူထုတရပ်လုံးကို သပိတ်မှောက်ကြဖို့ တိုက်တွန်းတဲ့ သဘောကို အတည်ပြု ပြောကြားတဲ့ သဘောဆိုရင် ဘယ်လိုမျိုး ပြည်သူလူထုကို နားလည်အောင်၊ လိုက်ပါလာအောင် စည်းရုံးမှာလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဆရာကပြောကြားရာမှာ …
ကျနော်တို့အနေနဲ့ ပြောရမှာကတော့ ကူးတို့ဆိပ်မှာ နတ်ပြည်ကို သွားတဲ့ လမ်းကို ပိတ်ထားပြီ၊ ငရဲကို သွားတဲ့လမ်းကိုပဲ ဖွင့်ပေးထားတယ်။ စစ်အာဏာရှင်ငရဲလမ်းကိုတော့ ဖွင့်ထားတယ်။ အဲသည်လမ်းကိုတော့ မသွားကြပါနဲ့လို့ ပြောရမှာပဲ။ နတ်ပြည်ကိုသွားတဲ့ လမ်းပိတ်ထားတာနဲ့ ငရဲသွားတဲ့ လမ်းကို အတင်းကြိတ်မှိတ်ပြီး မသွားကြနဲ့။ သွားစရာမလိုဘူး။ ကျနော်တို့က ငရဲရောက်မယ့် လမ်း သိသိကြီးနဲ့ ကျနော်တို့တော့ မသွားဘူး၊ ခင်ဗျားတို့ သွားချင်သွားလို့လည်း မပြောနိုင်ဘူး။ ကျနော်တို့နဲ့ နတ်လမ်းကို သွားဖို့ ဆောင်ရွက်ကြပါလို့ ပြောရမှာ ဖြစ်တယ် လို့ ပြောချင်တယ်။
အဲသည်မှာ နိုင်ငံရေးအကျဉ်းထောင်ကြီးနဲ့တူတဲ့ စစ်အစိုးရရဲ့ အာဏာရှင်စိတ်တိုင်းကျ လွှတ်တော်ကြီးကို ၀င်ရောက်ဖို့ တာစူနေကြတဲ့ နိုင်ငံရေးပါတီတွေကလည်း မေးခွန်းတွေ ထုတ်ကြပြန်တယ်။ ဒီမိုကရေစီသွားချင်တဲ့ ပြည်သူလူထုကြီးကို လမ်းပိတ်တဲ့ သဘောပဲလို့ သူတို့က ပြောလာပြန်တယ်။ ဒီလမ်းကြောင်းကို သွားလို့ ဒီမိုကရေစီရမယ့်လို့ ဘယ်သူမှလည်း အာမခံထားတဲ့ လမ်းကြောင်းလည်း မဟုတ်ဘူး။ ၂၀၀၈ အခြေခံဥပဒေကို ဒူးထောက်အညံ့ခံတဲ့ နိုင်ငံရေးပါတီတွေ ကိုယ်တိုင်ကလည်း သူတို့ကိုယ်တိုင်က မသေချာ မရေရာဘဲ ဒီအာဏာရှင်တွေရဲ့ ငရဲလမ်းကြောင်းကို သွားနေကြတာ ဖြစ်တယ်လို့ ကျနော်တို့က ပြန်ပြီး ထောက်ပြရတယ်။
သေချာတာကတော့ အင်န်အယ်ဒီက ပြည်သူတွေ ရှေ့ကနေ ကြိုတင်ပြီး ရပ်တည်ပြီးတော့ ရွေးကောက်ပွဲကို သပိတ်မှောက်တယ်ဆိုရင် ပြည်သူတွေကိုလည်း သပိတ်မှောက်ကြဖို့ကို ပြောဆို တိုက်တွန်းရမှာပဲ။ ရအောင် စည်းရုံးရမှာပဲ၊ ရှင်းလင်း ပြောပြရမှာပဲ။ လူထုကို ရွေးကောက်ပွဲ သပိတ်မှောက်ကြဖို့ကို ပြောရမှာပဲ။ ဥပဒေအရလည်း မဲ ဆန္ဒရှင်တွေအနေနဲ့ မဲမပေးဘဲ နေခွင့် ရှိတယ် ဆိုတာကို ထောက်ပြရမှာပဲ။ စကားတွေ ဘယ်လို ရှုပ်အောင် ပြောလာပါစေ ကျနော်တို့ကတော့ ရှင်းအောင် ပြောနေရမှာပဲ ဖြစ်ပါတယ်။

ပြည်သူလူထုတွေက ၂၀၁၀ မှာ ရွေးကောက်ပွဲကို မဲမပေးဘဲ နေကြမယ်ဆိုရင် ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်ခြင်းကနေ စစ်အုပ်စုကို ဘယ်လိုမျိုး ရွေးချယ်စရာ လမ်းကြောင်းကို ဆွဲခေါ်နိုင်မှာလဲ။
ငရဲသွားမယ့် လမ်းကြောင်းကို ကျနော်တို့တတွေက မသွားနိုင်ဘူးလို့ တညီတညွတ်တည်း ပြောလိုက်နိုင်မယ် ဆိုရင်၊ ဒီအတိုင်းကြီး ဆက်ရပ်နေလို့ မဖြစ်တော့ဘူး။ ကျနော်တို့တတွေက နတ်ပြည်သွားမယ့်လမ်းကို ရွေးကြရမယ်။ အဲသည်လမ်းကို သွားကြရမယ်။ အဲသည်လမ်းကြောင်းဆိုတာကလည်း အင်န်အယ်ဒီနဲ့ အတိုက်အခံနိုင်ငံရေး အင်အားစုတွေ၊ တိုင်းရင်းသားတွေနဲ့ နိုင်ငံတကာမိသားစုတွေက အစဉ်တစိုက် ပြောဆို တိုက်တွန်းနေတဲ့ လမ်းကြောင်းပဲ ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ပဲ။
ဒီမိုကရေစီလမ်းကြောင်းကို သွားနိုင်ဖို့က ဒီ ရွေးကောက်ပွဲလမ်းကြောင်းမဟုတ်ဘူး၊ စစ်အာဏာရှင်ကို အတည်ပြုမယ့် ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းမယ့် ရွေးကောက်ပွဲလမ်းကြောင်းကို သွားမယ့်အစား ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ပါပဲ။ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း တံခါးကို တွန်းဖွင့်ဖို့အတွက် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြရတာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

အဲသည်အချိန်နဲ့ တပြိုင်နက်တည်းမှာပဲ အနောက်နိုင်ငံတွေက ကုလသမဂ္ဂနဲ့အတူ မြန်မာပြည်စစ်အာဏာရှင်တွေရဲ့ စစ်ရာဇ၀တ်မှုတွေ၊ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်တဲ့ ရာဇ၀တ်မှုတွေကို စုံစမ်း စစ်ဆေး အရေးယူဖို့၊ တရားစီရင်ဖို့ တိုက်တွန်းလာတယ်။ ဒါဟာ နိုင်ငံတကာက စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ ထွက်ပေါက်လို့ မယုံကြည်ဘူးလို့ ထုတ်ဖော်ပြလိုက်တာ ဖြစ်တယ်လို့ မြင်ပါတယ်။ အဲသည်အချက်နဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေက ဘာတွေ ဆောင်ရွက်လို့ ရနိုင်သလဲ။ မဲဆန္̔ဒရှင်ပြည်သူတွေရဲ့ အခန်းကဏ္ဍက ဘယ်လိုလဲ။
ကျနော်တို့ အင်န်အယ်ဒီက ဒီလိုမျိုးဆောင်ရွက်လာတာကို ထောက်ခံတယ် ဆိုတဲ့အကြောင်း နိုင်ငံတကာက အစိုးရအဖွဲ့အစည်းတွေကို ထုတ်ဖော် ပြောဆိုပါတယ်။ မြန်မာပြည်မှာလည်း လူ့အခွင့်အရေးအခြေအနေတွေက အတော်ကို ဆိုးဝါးနေပြီ။ ဒါကို အရေးယူဖို့ မပြောနဲ့ဦး၊ စုံစမ်းစစ်ဆေးဖို့ကို အခုကတည်းက မလုပ်နိုင်ရင် နောက်ကို ပိုပြီး ဆိုးဝါးတော့မှာ ဖြစ်တယ်။
ပြည်သူတွေက တဦးချင်း တယောက်ချင်း အနေနဲ့သာမက၊ နယ်စပ်ဒေသ နယ်တွေက မိသားစုတွေကလည်း မတရားအလုပ်ခံထားရတွေကို ရှေ့တိုးပြီး ထုတ်ဖော်ပြောဆိုလာမယ်။ ဒါဟာ ရွေးကောက်ပွဲ ကျင်းပတဲ့ အချိန်အထိ၊ ရွေးကောက်ပွဲ ပြီးတဲ့အချိန်ထိ စောင့်နေစရာ မလိုဘူး။ အင်န်အယ်ဒီပါတီကလည်း အောက်ခြေအထိ အဆင့်ဆင့်ဆင်းပြီး ရှင်းလင်းပြောပြရင်းကနေ စစ်အာဏာရှင်တွေရဲ့ မတရားမှုတွေ အဓမ္မမှုတွေကို မှတ်တမ်း တင်ရမှာပဲ။ ထုတ်ဖော် ပြောဆိုပေးရမှာပဲ။ ဒါတွေကိုလည်း ကျနော်တို့က ဆက်လက် ဆောင်ရွက်နေမယ်ဆိုတာကို ပြောချင်ပါတယ်။
ဒီလိုမျိုး စုံစမ်းစစ်ဆေးရေးတွေ လုပ်လာတယ်ဆိုတာဟာ အရေးယူဖို့ လုပ်လာတာဟာ ကျနော့်သဘောအရ ပြောရရင်တော့ တွေ့ဆုံဆွေးနွေးရေးတံခါးကို ဖွင့်နိုင်ဖို့၊ အင်ဂိတ်ဂ်ျ လုပ်နိုင်ဖို့အတွက် ဖွင့်ထားတာပဲလို့ မြင်ပါတယ်။ နိုင်ငံတကာရဲ့ မျက်နှာစာမှာ ဒီအချက်အလက်တွေ ရောက်ရှိလာရင်၊ တင်ပြလာနိုင်မယ် ဆိုရင် စစ်အစိုးရဲ့ ရွေးကောက်ပွဲဟာ ဘယ်သူ့အတွက်မှ အဖြေမဟုတ်ဘူးဆိုတာ ထင်ရှားလာမယ် ဖြစ်ပါတယ်။

ဒါမျိုးတွေနဲ့ ပြည်တွင်းမှကော ပြည်ပမှာပါ နိုင်ငံရေး အကြပ်အတည်းတွေ၊ ဖိအားတွေနဲ့ ရင်ဆိုင်လာရတဲ့ စစ်အာဏာရှင်လူတစုဟာ ဘယ်လိုမျိုး ပြန်လည် တုံပြန်မှုတွေနဲ့ တိုက်ခိုက်လာနိုင်သလဲ၊ ဖိနှိပ်မှုတွေ အကြမ်းဖက်မှုတွေကော လုပ်မလာနိုင်ဘူးလား။
ဒါကတော့ ကျနော်တို့တတွေ ရင်ဆိုင်ဖို့ အဆင်သင့် ပြင်ထားရမှာ ဖြစ်ပါတယ်။ လူမျိုးရေး အဓိကရုဏ်းတွေ၊ ဘာသာရေး သွေးထိုးလှုံဆော်တာတွေကို ကျနော်တို့က သတိနဲ့ စောင့်ကြည့်ရမယ်။ နယ်တွေမှာလည်း အကြမ်းဖက်ခံရတာတွေ၊ အဖိနှိပ်ခံရတာတွေ ရှိလာနိုင်ပါတယ်။ နိုင်ငံတကာမိသားစုတွေအနေနဲ့ကလည်း အခုလို စောင့်ကြည့်နေတဲ့ အချိန်မှာ စစ်ရာဇ၀တ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ရာဇ၀တ်မှုတွေ ပိုမို ဆိုးဝါးလာတယ် ဆိုရင် နိုင်ငံတကာက အနောက်နိုင်ငံတွေသာမက၊ အာရှနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေမှာပါ မြန်မာပြည်က အပြစ်မဲ့တဲ့ လက်နက်မဲ့တဲ့ ပြည်သူလူထုတွေ၊ နိုင်ငံရေးအင်အားစုတွေကို ကာကွယ်ပေးဖို့ တာဝန်ရှိတယ်ဆိုတာကလည်း ပိုပြီး ထင်ရှားလာမယ် ဖြစ်တယ်။ အဲလိုမျိုး ပြောချင်ပါတယ်။

ဆရာဦးဝင်းတင်နဲ့ မေးခွန်းများ ဖြစ်ပါတယ်။ သြဂုတ်လ ၂၀ ရက်နေ့က မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

http://www.moemaka.com/

ငါး ငသလောက်ပမာ ကြောက်စရာအရိုးများနဲ့ အိုဘယ့် မီဒီယာ


ကျုပ်တို့ မီဒီယာတွေအကြောင်း ပြောမလို့ပါ။ ပြောရေးရှိလို့သာပြောရတယ် ကြောက်တော့ ခပ်ကြောက်ကြောက်ပဲ။ မကြောက်လို့လည်း မဖြစ်ဘူးလေ။ သတင်းမီဒီယာဆိုတာက နတ်ဆိုး လိုပဲ။ နေ့စဉ်ပူဇော်ပသနေလဲ မ ချင်မှ မ တာ။ သူစိတ်ဆိုးလို့ နှောက်ယှက်ရင်လဲ မလွယ်သလို စိတ်ပျော်လို့ ကျီစယ်ရင်လည်း မချောင်ဘူး။ တခါတလေ သူစိတ်ရူးပေါက်လို့ မ စ ရင်တော့ ကောင်းစားပေတော့ပေါ့။ မ တယ်ဆိုတာကလည်း ဆယ်ခါရံတခါပါ။ ဒါပေမယ့် ကြောက်နေ ပူဇော်နေကြရတာပဲလေ။ ဒီနေ့ခေတ်ကြီးမှာ သတင်းမီဒီယာတွေရဲ့ ထက်မြက်မှုကလည်း ငြင်းစရာမရှိတဲ့ အချက်ပဲ။ အမေရိကန်သမတကြီး မစ္စတာရစ်ချတ်နစ်ဆင် (Richard Nixon) တောင် ဝါးတားဂိတ် အရေးတော်ပုံနဲ့ သတင်းစာသမားတွေ ဝိုင်းကြိတ်လိုက်ကြတာ သမ္မတထိုင်ခုံက ဆင်းပြေးခဲ့ရဘူးတယ်။

သုစိပုဘာ၊ ဝိလိသိဓာ
အက္ခရာ စွဲသုံး၊ ဤရှစ်လုံးကို
သီကုံးပန်းသွင်၊ နေ့တိုင်းဆင်လော့…။ လို့ ငယ်ငယ်က ကျက်မှတ်ခဲ့ရဖူးတယ်။ အဓိပ္ပါယ်က အသိပညာရရာရကြောင်း အခြေခံအကြောင်းတရား (၈) ပါးကို ဆိုလိုတာပါ။ အဲဒီထဲက “ဘာ” ဆိုတာ ဘာသေယျ ပြောဆိုဆွေးနွေးခြင်း၊ “သု” ဆိုတာ သုဏေယျ ကြားနာခြင်းလို့ အဓိပ္ပါယ်ရှိတယ်။ ကြားနာလေ့လာ ဆွေးနွေး ဆည်းပူးခြင်းပေါ့။ လူလိုသိ၊ လူလိုတွေး၊ လူလိုကျင့်ကြံ နေထိုင်ဖို့ရာအတွက် အခြေခံလိုအပ်ချက် အသိပညာရရာ ရကြောင်း မြတ်ဗုဒ္ဓညွန်ကြားခဲ့တဲ့ တရားတွေပဲ။

ကျုပ်တို့ဗမာလူမျိုးတွေ သုဏေယျကပ်၊ ဘာသေယျကပ်သင့်နေတာ ကြာခဲ့ပြီ။ ကြားချင်တာ မကြားရ၊ သိချင်တာ မသိရ၊ ပြောချင်တာမပြောရ၊ မှန်တာမကြားရ၊ မမှန်တာ ကြားရ၊ မသိချင်တာ သိရ၊ မပြောချင်တာ ပြောရ။ မကြားချင်တာ ကြားနေရတာ ရာစုနှစ်ဝက်မက ကြာခဲ့ပြီ။ ပြည်ဖျက် ဗိုလ်နေဝင်း အာဏာသိမ်းခဲ့တဲ့ (၆၂) နှစ်ခုက စရေရမှာပေါ့။ ဒီ့အရင်ကလည်း ကြားနာခွင့်နဲ့ ပတ်သက်လို့ အနှောက်ယှက်မရှိဘူးလားဆိုတော့ ရှိသင့်သလောက်ရှိခဲ့တယ်။ ပါလီမန် ဒီမိုကရေစီဆိုတဲ့ ဦးနု ဖဆပလ အစိုးရက ပြည်သူတွေကို အသိပညာပေးနေတဲ့ သတင်းသမား ဆရာလူထုဦးလှ၊ ဆရာကြီးရွှေဥဒေါင်း၊ ဆရာဗန်းမော်တင်အောင်တို့လို ပုဂ္ဂိုလ်တွေကိုတောင် စာပေရေးသားခြင်းကြောင့် ဖမ်းဆီးထောင်ချခဲ့တာတွေ ရှိခဲ့တယ်။ ဦးကျော်ငြိမ်းရဲ့ တောင်သူ လယ်သမားသမဂ္ဂအမည်ခံ စစ်သားတွေက သူတို့ဝန်ကြီး မီးခွက်မှုတ်သတင်းကို ဖော်ပြလို့ ဂျာနယ်ကျော်မမလေးရဲ့ ဟစ်တိုင်သတင်းစာတိုက်ကို ရိုက်ချိုးဖျက်ဆီးခဲ့ဖူးတယ်။ သတင်းသမားတချို့ ခြိမ်းခြောက်ခံရတာလည်း ရှိခဲ့ဖူးတာပေါ့။ ပြည်ဖျက် ဗိုလ်နေဝင်းခေတ်ကတော့ ပြည်သူတွေ လုံးဝ မျက်စိကန်း နားပိတ်ဖြစ်တော့တာပဲ။

ရှစ်လေးလုံး အရေးတော်ပုံ နောက်ပိုင်းကာလတွင်းမှာ ဒီလိုမျက်ကန်း နားပိတ်ဘဝကနေ ဗမာပြည်သူတွေအတွက် အသက်ရှုပေါက်ကလေးတခု ပွင့်လာခဲ့တယ်။ ဒါက ပြည်ပရေဒီယို ဖြစ်တဲ့ BBC, VOA တို့ကနေ ပြည်သူတွေ ကြားချင်တာ၊ ကြားသင့်တာတွေကို ပိုပြီး အလေးပေး ထုတ်လွှင့်လာသလို DVB တို့ RFA တို့ဆိုတာတွေလည်း ပေါ်လာတယ်။ အဲဒီရေဒီယိုတွေ ပေါ်စတုန်းကဆို မိတ်ဆွေတယောက်က ကျုပ်တို့တော်လှန်ရေး တဝက် အောင်ပြီလို့တောင်ကြွေးကြော်ခဲ့သေးတယ်။ ကိုယ်လည်းထောက်ခံမိတယ်။ လုပ်နေကြသူများ ကလည်း လူထုဘဝကို စာနာသူတွေ၊ နိုင်ငံလှုပ်ရှားမှုတွေထဲက သွားကြသူတွေဆိုတော့ ယုံကြည်အားတက် ဖြစ်မိတယ်။

သိပ်မကြာပါဘူး။ အနှီပုဂ္ဂိုလ်များ ရေဒီယိုများက သမ္ဗုဒ္ဓေတဂါထာနဲ့ အရိယာဂိုက်ဖမ်းပြီး ပီဘိသတင်းသမားကြီးတွေလို၊ တရားသူကြီးနေရာ၊ ဒိုင်လူကြီးနေရာရောက်ကုန်ရော။ မီဒီယာ ဆိုတာ ဘာဖြစ်တယ် ညာဖြစ်တယ်၊ ဘက်မလိုက်ရဘူးတို့၊ ပြဿနာဖြစ်ရင် နှစ်ဖက်အသံ ပါရမယ် ဖြစ်ကုန်ရော။ ပြည်တွင်းမှာ တဖက်သတ် လုပ်ချင်ရာလုပ်၊ ပြောချင်ရာပြော၊ လိမ်ချင်သလို လိမ်နေသူတွေရဲ့ သဘောထားအသံကလည်း သူတို့ စံတွေထဲမှာ မဖြစ်မနေ ထည့်စဉ်းစားပေးစရာတွေ ဖြစ်လာပါရော။ ပီဘိသတင်းသမားကြီးတွေအတွက်တော့ တရွာလုံးက မုဒိမ်းသမား၊ လူသတ်သမားလို့ သိထားတဲ့ ရာဇဝတ်သားရဲ့ မုဒိမ်းကျင့်ရ၊ လူသတ်ရတဲ့ အကြောင်းရင်းတို့၊ ရည်ရွယ်ချက်တို့၊ ရည်မှန်းချက်တို့ စတဲ့ ရှင်းလင်းချက်ပါမှ သတင်းဖြစ်တယ် ဖြစ်ကုန်ရော။ ကျုပ်တို့ ဗမာပြည်သူတွေရဲ့ အဖြစ်က စိတ်ချ ယုံကြည်လောက်တဲ့ ကိုယ့်ဇနီးမယားက သူခိုးကို ဓားရိုးကမ်းတာ ခံလိုက်ရတဲ့ ပဒုမမင်းသားရဲ့ အဖြစ်များလိုပါပဲ။

နိုင်ငံတခု၊ လူ့အဖွဲ့အစည်းတခုမှာ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးဆိုတဲ့ မဏ္ဍိုင်သုံးရပ်ပြီးရင် သတင်းမီဒီယာ ဒါမှမဟုတ် စာနယ်ဇင်းတွေဟာ အရေးအကြီးဆုံး အရေး အရာ စတုတ္ထမဏ္ဍိုင်လို့ သတ်မှတ်ကြတယ်။ နိုင်ငံတော် (သို့) ခေါင်းဆောင်နဲ့ လူထုကြားက ဆက်သွယ်ရေး ပေါင်းကူးဖြစ်သလို လူထုခြင်းအကြား ဆက်သွယ်ရေးနဲ့ ပညာပေးရေး ယန္တယားကြီးလည်းဖြစ်တယ်။ မူလအဓိက မဏ္ဍိုင် သုံးရပ်ကတော့ အုပ်ချုပ်သူ အာဏာပိုင် လက်ထဲမှာရှိတဲ့ အရာတွေသာဖြစ်တော့ စတ္ထုမဏ္ဍိုင်သာလျှင် လူထုရဲ့ အားကိုးရာဖြစ်တော့တယ်။

ကိုလိုနီနိုင်ငံဟောင်းတွေရဲ့ သမိုင်းကြောင်းကိုလေ့လာရင် သတင်းမီဒီယာတွေ၊ စာနယ်ဇင်း တွေဟာ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတွေမှာ အဓိကအခန်းက ပါဝင်ခဲ့ကြတယ်။ ဗမာ့ လွတ်မြောက်ရေး တိုက်ပွဲမှာလည်း ထိုနည်းလည်းကောင်း စာနယ်ဇင်းတွေ လူထုကို အလုပ် အကျွေးပြုခဲ့ကြတယ်။ သမိုင်းတာဝန် ကျေပွန်ခဲ့ကြတယ်။ ဒီလိုသမိုင်းတာဝန် ကျေခဲ့ကြတဲ့ စာနယ်ဇင်းနဲ့ သတင်းမီဒီယာသမားတွေ ရှိခဲ့သလို အာဏာပိုင်တွေရဲ့ လက်ကိုင်တုတ် အလိုတော်ရိ သတင်းမီဒီယာသမားတွေလဲ ရှိခဲ့တာပဲ။ ဥပမာ ဗမာပြည်ကို ဝေလမင်းသား အလည်လာစဉ်က ဆုတော်ငွေ ငါးထောင်ထုပ်ကို မမက်ပဲ ဘုန်းတော်ဘွဲ့ရေးဖို့ ငြင်းဆန်ခဲ့တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းလို သတင်းသမားရှိခဲ့သလို ကိုလိုနီအရှင်သခင်ရဲ့ ဘုန်းတော်ဘွဲ့ရေးရတာကိုပဲ ဧရာမဂုဏ်ကြီးလို ပျော်ပျော်ကြီးရေး ပေးခဲ့သူတွေ လည်းရှိခဲ့တယ်။ အဆုံးသတ်မှာတာ့ စာနယ်ဇင်း၊ သတင်းသမားတွေ ကျေးဇူး ကြောင့် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ အရှိန်အဟုန် မြင့်မားလာတဲ့ အတွက်ကြောင့် အလိုတော်ရိ သတင်းသမားတွေ သတင်းစာတွေ ချုပ်ငြိမ်းပျောက်ကွယ်သွားရသလို လူထု အကျိုး လူထုဆန္ဒကို ဦးထိပ်ထားတဲ့ စာနယ်ဇင်းတွေ အောင်လံထူပြီး လူထုမေတ္တာ ခံယူ နိုင်ခဲ့ကြတယ်။

သတင်းမီဒီယာဆိုတာ လူထုအတွက် အားကိုးရာ စတုတ္ထမဏ္ဍိုင်ဖြစ်သလို သြဇာလည်း စူးရောက်တဲ့အတွက် အာဏာပိုင်တွေဘက်ကရော၊ အာဏာမဲ့တွေဘက်ကရော အပြိုင်အဆိုင် ထိန်းချုပ်ဖို့ ကြိုစားကြတယ်။ ပြည်သူလူထုရဲ့ နားမျက်စိလို သတင်းမီဒီယာ တွေကို အုပ်စိုးသူ အာဏာပိုင် အဆက်ဆက်ကလည်း သတင်းမီဒီယာတွေကို နည်းမျိုးစုံနဲ့ ချုပ်ကိုင်ဖို့ ကြိုးစား ခဲ့တယ်။ ဖောက်ပြန်တဲ့ သတင်းသမားတွေကို မက်လုံးပေးစည်းရုံးသလို တိတ်တဆိတ် ငွေထုတ်ပေးပြီး ခါးပိုက်ဆောင် သတင်းတိုက်တွေ ထောင်တာတွေလည်း လုပ်ခဲ့ကြတယ်။ ကိုယ်လိုရာကို ရေးသားဖြန့်ချီထုတ်လွှင့်ကြတယ်။ ဒါကြောင့် စာနယ်ဇင်း သတင်းစာတွေထဲမှာ တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးဖြစ်ထွန်းစေမဲ့ အရာတွေ ပါသလို၊ အဆိုးအပျက်တွေ ဖြစ်စေမဲ့ အဆိပ်အတောက်တွေလည်းပါနိုင်တယ်။ ဥပမာ ဆောင်ရရင် သတင်းစာမီဒီယာဆိုတာ လူထုအတွက် ငသားလောက်ကို စားရသလိုပါပဲ။ အရသာ ထူးကဲတဲ့ အာဟာရဖြစ်ပေမယ့် အစားမတတ်ရင် အရိုးလည်း စူးမျက်နိုင်သလို အစာမကြေ၊ အကျောတက်ပြီးလည်း ဖျားနာနိုင်ပါတယ်။

ပြည်သူတွေရဲ့ နားမျက်စိတွေဖြစ်တဲ့ သတင်းစာမီဒီယာတွေ ဖေါက်ပြန်ရင်၊ တာဝန်မဲ့လာ ရင်တော့ အဲဒီ့လူ့အဖွဲ့အစည်း (ဝါ) နိုင်ငံပြည်သူတွေရဲ့ အနာဂါတ်ဘဝဟာ အန္တရာယ်ကျရောက် တော့တာပဲ။ ဒါကြောင့် သတင်းစာ မီဒီယာတွေရဲ့ တာဝန်ဟာ လူ့ဘောင်လောကအတွင်းက အဖြစ်အပျက်တွေကို မှန်မှန်ကန်ကန်ဖော်ထုတ်ကြရုံနဲ့ မလုံလောက်ပဲ လောကလူ့ရွာအတွက် ဆိုးကျိုးအန္တရာယ်ကို ဖြစ်စေမဲ့ အတွေးအမြင်များကိုလည်း သုတ်သင်ဖယ်ရှားရမှာ ဖြစ်သလို လောကလူ့ရွာ အေးချမ်းသာယာရေး ဖွံ့ဖြိုးရေးကို ဖြစ်ထွန်းစေမဲ့ အတွေး အမြင်တွေ ပြန့်ပွားစေဖို့လည်း တာဝန်ရှိပါတယ်။

ဒီနေ့ သတင်းမီဒီယာတချို့ရဲ့ အမြင်နဲ့ လုပ်ဟန်တချို့ဟာ တာဝန်မဲ့လွန်းပါတယ်။ တချို့သတင်းသမားတွေ စည်းမစောင့်ဘဲ ကိုယ်သတင်းရဖို့ဘဲ မညှာမတာ လုပ်ရပ်တွေကြောင့် အထဲကလူတွေ အဖမ်းခံကြရ ဒုက္ခရောက်ကြတာတွေလည်းရှိသလို အချင်းချင်းအပေါ် စည်းမစောင့်တာတွေ တရားမဲ့တာတွေလည်း ကြားနေရတယ်။ ဒါတွေက ထားပါတော့။ ဒီနေရာမှာ အဓိကပြောချင်တာက သတင်းသမားတွေရဲ့ အဓိကရပ်တည်ချက် ပြဿနာပါ။ သတင်းတွေကို အဖြစ်အပျက်တိုင်းပဲ ပြောရမယ်။ အမှားအမှန် ဝေဘန်သုံးသပ်ချက် မထည့်ရ။ မည်သည့် ရှုထောင့် အမြင်နဲ့မှ မတင်ပြရ။ ဘက်မလိုက် ကြားနေရမယ်လို့ ဆိုပါတယ်။ အမှန်တရားအပေါ် သို့မဟုတ် အကာကွယ်မဲ့ အဖိနှိပ်ခံ ဗမာပြည်သူတွေအပေါ် ကျောခိုင်း လိုက်တဲ့ အတွေးအမြင်ပဲဖြစ်တယ်။ ဒေါ်စုပြောခဲ့တဲ့ မတရားတာတွေ့ရင် ဒါ မတရားဘူးလို့ ပြောရမယ်။ ဒီလိုမပြောရင် ဒီမတရားမှုဟာ တနေ့ ကိုယ့်ဆီရောက်လာလိမ့်မယ်ဆိုတဲ့ စကား ကို မေ့ထားကြပြီထင်တယ်။ ဒီအမြင် ဒီအယူအဆတွေဟာ အမြင်အားဖြင့်တော့ အလွန်လှ အလွန်ကောင်းပါတယ်။ အနောက်တိုင်းနဲ့ လူမှုနိုင်ငံရေး (Socio-Politic) ဘဝ ပုံမှန်စနစ် ထဲမှာတော့ အဓိပ္ပါယ်ရှိနိုင်ပါတယ်။ အဲဒီ့မှာ ရှိတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ပါတီတိုင်းမှာ ကိုယ်ပိုင်အမြင် အယူအဆတွေကို လွတ်လပ်စွာ ပုံနှိပ်ဖြန့်ချီ စည်းရုံးနိုင်ခွင့်ရှိပြီး စွပ်စွဲချက်တွေ ရှိခဲ့ရင်လည်း လွတ်လပ်စွာ ခုခံနိုင်ခွင့် ရှိနေပြီးသားဖြစ်ပါတယ်။ အဲဒီလို လူ့အဖွဲ့အစည်းမှာ ဘက်လိုက်စရာ မရှိပါဘူး။ လိုက်စရာအမှန်တရားမျက်နှာ တခုသာရှိတယ်။ သို့သော်လည်း ဗမာပြည်လို လူထုဆက်သွယ်ရေး ယန္တယားတခုလုံးကို ရေပက်မဝင်အောင် ထိန်းချုပ်ထားပြီး တဖက်သတ်ဝါဒဖြန့်၊ ဆန့်ကျင်ဘက်တွေကို အပုပ်ချနေတဲ့ စစ်အုပ်စုနဲ့ ရင်ဆိုင်နေရတဲ့ ဗမာပြည်သူတွေရဲ့ တိုက်ပွဲပဲဆိုဆို ပဋိပက္ခပဲဆိုဆို ပြဿနာအပေါ်မှာ ဘယ်ဘက်မှ မလိုက် ဘူးဆိုတာဟာ အမှန်တရားနဲ့ တရားမျှတခြင်းဆိုတဲ့ လောကပါလတရားကို ကျောခိုင်း လိုက်ခြင်းသာဖြစ်ပါတယ်။

အထက်မှာဆိုခဲ့သလို သတင်းလွတ်လပ်ခွင့် ဆိတ်သုဉ်းပြီး အမှောင်ခေတ်ထဲက ဗမာပြည်သူတွေအတွက် အသက်ရှုပေါက်ကလေးတခုလို ဖြစ်နေတဲ့ ပြည်ပရေဒီယိုတွေနဲ့ နောက်ပေါ် အွန်လိုင်းသတင်းဌာနတွေက ပီဘိသတင်းသမားကြီးတွေ ဂိုက်ဖမ်းပြီး ဘယ်ဘက် မှ မလိုက်ရဘူးဆိုတဲ့ မူအပေါ်မှာ ရပ်လိုက်ချိန်မှာတော့ ရှိတဲ့ကောက်ရိုးတမျှင်လဲ ဆုံးရှုံးသွား ရတော့တယ်။ တိုက်ဆိုင်ချင်တော့ ရန်သူစစ်အုပ်စုက လုပ်လာတဲ့ မီဒီယာကို မီဒီယာနဲ့ တိုက်ဆိုတဲ့ ဗျူဟာကို အကောင်အထည်ဖေါ်တဲ့ အချိန်နဲ့ အချိန်ကိုက်ဖြစ်သွားတယ်။

ပြင်ပ မီဒီယာပေါင်းစုံတို့ မျက်ကန်းနားပိတ် ဗမာလူထုကို ကျောခိုင်းတဲ့ ထုတ်လွှင့်မှုတွေ ထင်သာမြင်သာဖြစ်လာတာဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကျော် သုံးနှစ်က ရွေးကောက်ပွဲ အသံတွေ ထွက်လာချိန်က စတယ်လို့ဆိုရမှာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် အဓိက ဦးဆောင်ပါတီတွေကို မသိမသာဝေဘန်ရင်း ကြွက်မဟုတ် ငှက်မဟုတ် ပညာရှင်ပြောလိုက် တတိယအုပ်စုပြောလိုက် လင်းနို့လိုလို လူတွေကို ဇန်းတင်လာတယ်။ လက်တွေ့ နိုင်ငံရေး ဆိုတဲ့ အသံတွေ ထုတ်လာတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဆွေးနွေးခန်းတွေမှာ ထောက်ခံသူတွေနဲ့ မယှဉ်နိုင်တဲ့ အားနဲတဲ့ ဆန့်ကျင်သူတွေနဲ့ ပွဲတည်ပေးပြီး ရွေးကောက်ပွဲကို မသိမသာ ဇောင်းပေးတယ်။ မျက်ကန်းနားပိတ်ဘဝ လူထုကို ရွေးကောက်ပွဲမှ တပါး အခြားရွေးချယ်စရာမရှိဆိုတဲ့ အမြင်တွေဖြစ်ပေါ်အောင် ဖန်တီးထုတ်လွှင့်ကြတယ်။ ပိုပြီး ထင်ရှား၊ ပိုပြီး ဖောက်ပြန်တဲ့ လုပ်ရပ်ကတော့ မြန်မာသတင်းသမားသမဂ္ဂနဲ့ VOA တို့ ပေါင်းရိုက်တဲ့ ပွဲပဲ။ နအဖ စစ်အုပ်စုက ယုံကြည်စိတ်ချစွာ လွှတ်ပေးလိုက်တဲ့ ဦးသုဝေတို့ ခင်ဇော်ဝင်းတို့လို ပုဂ္ဂိုလ်တွေကို ချင်းမိုင်ဖိတ် စင်တင်ပြီး ရွေးကောက်ပွဲ ကြော်ငြာပွဲ ကြီးလုပ်ကြတယ်။ နောက်ထပ် ဖောက်ပြန်မှုကတော့ RFA ပဲ ဖြစ်တယ်။ RFA ရဲ့ လူငယ်အမြင်ကဏ္ဍကနေပြီး ရွေးကောက်ပွဲ ထောက်ခံရေး မဲပေးရေး အာဘော်တွေကို မျိုးရန်နောင်သိမ်းဆိုသူကို ရှစ်ဆယ့်ရှစ်မျိုးဆက်အနေနဲ့ အပတ်စဉ် ထုတ်လွှင့်ပေးနေတယ်။ ရှစ်ဆယ့်ရှစ်မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီးတို့လို ပုဂ္ဂိုလ်တွေ အကျဉ်းထောင်တွေ ထဲမှာ ဆက်ပြီးထိမ်းသိမ်းခံနေရစဉ် ထူးကဲစွာ လွတ်မြောက်လာတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက် အမည်ခံ မျိုးရန်နောင်သိမ်းရဲ့ အမြင်တွေကို ယနေ့ဗမာလူငယ်တို့ရဲ့ အမြင်တွေ ဖြစ်လေဟန် ထုတ်လွင့်ချက်ဟာ အလွန်ကို အော့နှလုံးနာစရာကောင်းပါတယ်။ ထောင်ပေါင်းများစွာသော အကျဉ်းကျလူငယ်တွေ၊ ကျောင်းသားတွေနဲ့ စစ်အုပ်စုရဲ့ ရက်စက်မှုအောက်မှာ လှုပ်ရှား တိုက်ပွဲဝင်နေကြတဲ့ ဗမာလူငယ်ထုကို စော်ကားလိုက်ခြင်းလည်းဖြစ်ပါတယ်။ ဒီအစီအစဉ် ထုတ်လွင့်သူဟာ အဖိနှိပ်ခံလူထုအတွက် စေတနာထားစရာမလိုပဲ တကယ်တမ်း ဘက်မလိုက် ဘူးဆိုရင်တောင် တခြားလူငယ်တွေရဲ့ အမြင်တွေကိုပါ အလှည့်ကျ ထုတ်လွှင့်ပေးရမှာ ဖြစ်ပါတယ်။ အခုတော့ ဖောက်ပြန်တဲ့ အမြင်ကိုပဲ ဆက်တိုက်လွှင့်ပေးနေ ရွေးကောက်ပွဲ ထောက်ခံရေးအမြင်ကိုပဲ ဖော်ထုတ်ပေးနေခြင်းဟာ ဗမာလူငယ်ထုအပေါ် RFA ရဲ့ မတရားတဲ့ အပြုအမူ၊ စော်ကားတဲ့ အပြုအမူပဲဖြစ်တယ်။ ဒီထုတ်လွှင့်ချက်တွေဟာ သွေးရိုးသားရိုး လုပ်ရပ်အဖြစ် ယူဆစရာ အကြောင်းမရှိပါဘူး။ (ဒီစာကို သြဂုတ်လဆန်းက ရေးခဲ့ပေမဲ့ မအားလပ်တာကြောင့် အချောမသတ်ပဲ အခုမှ နောက်ကျပြီး အစသတ်နိုင်ပါတယ်။ တချို့စာပါအချက်အလက်တွေက ပြောဖို့လိုအပ်တယ် ယူဆလို့ နောက်ကျမှ ဖြန့်ချီလိုက်တယ်။ အခုနောက်ဆုံးအခြေအနေအရ RFA က လူငယ်ကဏ္ဍမှာ မဖြူဖြူသင်းရဲ့ အမြင်တွေကိုလည်း ကြားညှပ် ထုတ်လွင့်ပေးနေတယ်လို့ သိရပါတယ်။ မျိုးရန်နောင်သိမ်းရဲ့ ရွေးကောက်ပွဲ ထောက်ခံရေးအမြင်တွေကိုလည်း ဆက်လက်ထုတ်လွှင့်နေဆဲလို့ သိရပါတယ်။)

လောကကြီးမှာ အကြီးဆုံးရန်သူ ဒုက္ခအပေးနိုင်ဆုံး အန္တရာယ်ဟာ မိတ်ဆွေ ယောင်ဆောင်ထားတဲ့ ရန်သူဖြစ်တယ်။ တည်ကြည်တဲ့ ရန်သူထက် မိတ်ဆွေယောင်ဆောင် ထားတဲ့ ကောက်ကျစ်သူက အန္တရာယ်ပိုကြီးတယ်ဆိုတဲ့ စကားလည်းရှိတယ်။ ယုံကြည်စိတ်ချ မှုကြောင့် မကောင်းအကြံကိုလည်း လက်ခံမိသလို အဆိပ်ကိုလည်း သုံးစားမိတတ်ပါတယ်။ ဆရာသမားအပေါ်မှာ လေးစားကြည်ညိုစိတ်နဲ့ ယုံကြည်မိတဲ့ အင်္ဂုလိမာလဟာ ဆရာသမားရဲ့ အကောက်ကြံမှုကြောင့် တောပုန်းလူဆိုးကြီးဖြစ်ရတယ်။ ရာဇဝတ်သားဖြစ်ရတယ်။ သံသရာ ဝန်လေးတဲ့ အလုပ်တွေကို မှားမှားယွင်းယွင်း လုပ်မိခဲ့ရရှာတယ်။

အခုကျွန်တော်တို့ မီဒီယာတွေဟာ မျက်ကန်းနားပိတ် ဗမာလူထုအတွက် နားမျက်စိ ဖြစ်ရမည့်အစား တရားသူကြီးလိုလို၊ ဒိုင်လူကြီးလိုလို ဂိုက်ဖမ်းလာတာဟာ စိတ်ချယုံကြည် ထားသူရဲ့ ဖောက်ပြန်မှုကို ခံရသလိုပါပဲ။ ကိုယ့်နားမျက်စိတွေရဲ့ ဖောက်ပြားလှည့်စားတာကို ခံရသလိုပါပဲ။ အားကြီးသူနဲ့ အားနည်းသူတို့ ကြားက ပဋိပက္ခ၊ လက်နက်ကိုင်နဲ့ လက်နက် မဲ့တွေရဲ့ကြားက တိုက်ပွဲမှာ ဘက်မလိုက်ဘဲ ကြားနေဖို့ ကြိုးစားတာဟာ ဘယ်လို သဘောထား၊ ဘယ်လိုလူစားတွေလည်းဆိုတာ စဉ်းစားသာကြည့်ပေတော့။ ဒီလိုမမျှတတဲ့ တိုက်ပွဲတွေကြားမှာ ကြားနေတယ်ဆိုတာ အကျိုးသက်ရောက်မှုအားဖြင့်တော့ အားကြီးသူကို ဗိုလ်ကျအနိုင်ယူခွင့် ပေးလိုက်တာ၊ သွယ်ဝိုက်သောအားဖြင့် မတရားမှုကို အားပေးထောက်ခံ တာပဲဖြစ်တယ်။ ပိုပြီး ဝမ်းနည်းစရာကောင်းတာက ဒီနေ့ဗမာလူထုက အားကိုးယုံကြည်နေတဲ့ မီဒီယာတွေမှာ လုပ်ကိုင်နေသူအများစုဟာ တချိန်က အမှန်တရားဖက်က တိုက်ပွဲဝင်ခဲ့သူတွေ၊ ပြည်သူကို အလုပ်အကျွေးပြုဖို့ အားထုတ်ခဲ့ကြဘူးတဲ့ တော်လှန်ရေးသမားဟောင်း၊ နိုင်ငံရေး သမားဟောင်းတွေ ဖြစ်နေတာပဲ။ ဘယ်လိုဖြစ်သွားကြတာလဲ။ ပြည်သူလူထု မျက်နှာထက် ထမင်းထုပ်မျက်နှာက ပိုကြီးသွားတာလား။ အလုပ်ရှင်မျက်နှာက ပိုကြီးသွားတာလား။ ဒါမှမဟုတ် မိစ္ဆာစစ်အုပ်စု မျက်နှာက ပိုကြီးသွားတာလား။

ဗမာသတင်း ဂျာနယ်လောကရဲ့ စံပြုပုဂ္ဂိုလ် ဂျာနယ်ကျော်ချစ်မောင်ရဲ့ “ မကြောက်မရွံ့၊ မဟုတ်မခံ၊ မျက်နှာမရွေး၊ မှန်တိုင်းရေးပိမ့်” ဆိုတဲ့ သတင်းသမားကျင့်ဝတ်နဲ့တော့ အတော် ဖီလာဖြစ်တာပဲ။ ပြောမည့်သာပြောရတာပါ။ ဒီနေ့သတင်းသမားဆိုသူ အတော်များများ ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့ နာမည်ကို ကြားတောင်မှ ကြားဖူးရဲ့လားမသိဘူး။ မကြားဖူး ကြသေးရင်လည်း ရှာဖွေလေ့လာကြပါဦး။ သတင်းသမားလုပ်မယ်ဆိုရင်တော့ လူထုဦးလှရဲ့ ကျနော်သတင်းသမားဆိုတဲ့ စာအုပ်တို့ ဆရာကြီးရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်းတို့ ဂျာနယ်ကျော်ဦးချစ်မောင်အကြောင်း ဂျာနယ်ကျော်မမလေးရေး ထားတဲ့ သူလိုလူဆိုတဲ့ စာအုပ်တွေလောက်တော့ ဖတ်ဖူးထားသင့်ပါတယ်။ ဝရဇိန်လက်နက်ကြီးကိုင်ထားပြီး အစွမ်းမ သိ ဆေးလိပ်မီးညှိုလိုက်၊ ရေနွေးကျိုလိုက်လောက်ပဲ သုံးမိနေရင် ရင်နာစရာ။ ပြီးတော့ ကိုယ်စီး တဲ့မြင်း အထီမှန်း အမမှန်း မသိရင် ခက်မယ်။
ကာလသားပုံပြင် တခုပါ။ ကာလသားပုံပြင်ဆိုတော့ နည်းနည်းတော့ ညစ်ညမ်းတယ်။ သိသာ အောင်တော့ ပြောဦးမယ်။ တခါက လူသေးလူ့ဗလံခရီးသည်တယောက် မြင်တစီးနဲ့ ညနေ စောင်းမှာ တောအုပ်တခုထဲ ဖြတ်သွားတယ်။ တောအုပ်အလယ် ညောင်ပင်ကြီးရောက်တော့ ခဏနားမယ်လုပ်တုန်း ဘီးလူးတကောင်ပေါ်လာပြီး စားမယ်ဆိုဖမ်းရော။ ခရီးသွား လူဗလံလေးလဲ အသက်ဘေးဆိုတော့ ကြောက်အားလန့်အားနဲ့ ခုခံတာပေါ့။ အကြောင်း ကောင်း ထောက်မလို့ လူ့ဗလံလေးနိုင်သွားတယ်။ ဒီတော့ ဘီလူးက အသက်ကို ချမ်းသာပေးပါ။ လိုရာဆုပေးပါ့မယ်လို့ ကမ်းလှမ်းတယ်။ ဒီတော့ လူဗလံလေးလဲ တသက်လုံး သူတပါးပြက်ရယ်ပြုခံလာရတဲ့ သူ့ရဲ့သေးညှက်ညှက် ခန္ဓာကိုယ်ကို ဗလငါးတန်နဲ့ ပြည်စုံ အောင် ဖန်ဆင်းပေးဖို့ပြောတယ်။ ဒီတော့ ပြည့်စေဆိုပြီး ပြည့်စုံသွားတယ်။ ပြီးတော့ သူ့ရဲ့ ဗလငါးတန်ခန္ဓာကိုယ်နဲ့ လိုက်ဖက်ဖို့ သူ့ဖွားဘက်တော်ကိုလည်း သူစီးလာတဲ့ မြင်းလောက် ရှိပါစေဆိုပြီး တောင်းဆိုပြန်တယ်။ ဒါလည်းပြည့်စေပေါ့။ ဒီလိုနဲ့ ခရီးသွား အိမ်ပြန်ရောက် လာတယ်။ ဇနီးသည်က မမှတ်မိဘူး။ အကျိုးအကြောင်းရှင်းပြမှ သဘောပေါက်သွားတယ်။ မယားလုပ်သူလည်း ဝမ်းသာအားရ ယောက်ျားဖြစ်သူရဲ့ ဗလငါးတန် ခန္ဓာကိုယ်ကြီးကို အားရကျေနပ်စွာနဲ့ ကြည့်ပြီး လက်မောင်း၊ ရင်အုပ်၊ ကြွက်သားတွေကို စမ်းကြည့်တယ်၊ ညှစ်ကြည့်တယ်။ သဘောအကျကြီးကျနေတာပေါ့။ တဖြည်းဖြည်းအောက်ဆင်း စမ်းလာလိုက် တာ ဟိုနေရာလဲရောက်ရော မိန်းမလုပ်သူက အလန့်တကြားနဲ့ အော်လိုက်တယ်။ “ဟင့် အတူတူပဲဟာကို” တဲ့။ ဒီတော့မှ ပြေးကြည့်တော့ သူစီးခဲ့တဲ့ မြင်းက အမကြီးဖြစ်နေသတဲ့။ ဒါကြောင့် ကိုယ်လုပ်တဲ့ အလုပ်အကြောင်းနဲ့ အဲ့ဒီ့အလုပ်တန်ဘိုးကို သိဖို့ အလွန်ရေးကြီး ပါတယ်။ ကိုယ်စီးတဲ့မြင်း အထီမှန်း အမမှန်းမသိရင် “အတူတူပဲဟာကို” ဖြစ်သွားမယ်။

ပြင်ပရေဒီယို သတင်းဌာနတွေ အသစ်တွေပေါ်၊ အားတွေကောင်းလာချိန်က အရေးတော်ပုံအတွက် တအားတက်ခဲ့သလို ကြုံတဲ့လူတိုင်းကိုလဲ ရေဒီယိုနားထောင်ဖို့နဲ့ ဒါဟာလည်း နိုင်ငံရေးအလုပ်တခုလို သဘောထားဖို့ တိုက်တွန်းနှိုးဆော်ခဲ့မိတယ်။ အခုတော့ ဒီရေဒီယိုတွေ၊ သတင်းဌာနတွေကိုလည်း မျက်စိမှိတ် နားမထောင်ဘဲ ငါးစားသလို သတိ တရားနဲ့ အရိုးအသား ခွဲခြားစားကြဖို့ ဝေဘန်နားထောင်ကြဖို့ ပြောင်းပြီး နှိုးဆော်နေရတယ်။ အခုလို မျက်ကန်းနားပိတ် လူထုဘဝကို ကျောခိုင်းလာချိန်မှာတော့ ကျုပ်တို့ မီဒီယာတွေကို ကာတွန်းကံချွန်ရဲ့ မျက်လှည့်ဆရာပုံပြင်ထဲက မြွေဆေးရောင်းသမား အော်သလိုပဲ အော်ရတော့မယ်ထင်တယ်။

ပုံပြင်က။ တခါတုန်းက မြွေလမ္ပာယ်ပြပြီး ဆေးရောင်းတဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ်။ တယောက်က မြွေလပ္ပာယ်ပြတယ်၊ တယောက်က အာဘောင်အာရင်းသန်သန်နဲ့ မြွေဆေး ရောင်းတယ်။ တခါတော့ မြွေလမ္ပာယ်ပြတဲ့သူက ဖျားနာတယ်။ တရက်မကောင်း၊ နှစ်ရက် မကောင်းနဲ့ ရက်ကြလာတော့ စားဝတ်နေရေး မပြေလည်တော့ဘူး။ ဒီတော့ မြွေဆေး ရောင်းသမားက မထူးဘူးဆိုပြီး မြွေပုခြုပ်ထမ်းပြီး ထွက်လာတယ်။ သိသလောက် တတ်သ လောက်နဲ့ မြွေလပ္ပာယ်ပြပြီး ဆေးရောင်းမယ်ပေါ့။ လူစည်းကားရာမှာ ချပြီး အရင်ဆုံး သိထား သလောက်နဲ့ မြွေလမ္ပာယ်ပြတယ်။ အတော်လေးကြာတော့ ဘိန်းကျွေးထားတဲ့မြွေက ဘိန်းငိုက်ပြေပြီး ရှုးရှုှးရှားရှားဖြစ်လာတယ်။ ဆေးရောင်းသမားလည်း ကြောက်ကြောက်နဲ့ ထိန်းဘို့ကြိုးစားတယ်။ မရဘူး။ ဖမ်းလည်း မဖမ်းရဲတော့ဘူး။ ကြည့်နေတဲ့ ပရိတ်သတ်ထဲက တယောက်ယောက်ကို ကိုက်လိုက်ရင် ဒုက္ခကြီးတော့မယ်။ ဒီတော့ မြွေဆေးသမားလည်း ကိုယ်ထမင်း ရှာစားနေရတဲ့ မြွေကြီးကို မညှာနိုင်တော့ဘဲ မချိတင်ကဲနဲ့ အော်လိုက်ရတယ်။ “ကျုပ်မြွေကြီးပါဗျာ ကြည့်ကျက်ပြီးသာ ရိုက်သတ်လိုက်ကြပါတော့” တဲ့။

မီဒီယာဆိုတာ ကျွန်နော်တို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အစွမ်းထက်လက်နက် တခုပါ။ ကျွန်နော်တို့ အဖိနှိပ်ခံ ဗမာလူထုလွတ်မြောက်ရေးအတွက် အားတခုအဖြစ် ဆက်လက်ရပ်တည်ကြစေချင်ပါတယ်။ မြွေသမားရဲ့ ကျုပ်မြွေကြီးပါ မဖြစ်စေချင်ပါ။ ဒါကြောင့် မီဒီယာသမားတွေအတွက် လက်ဆောင်အောက်က ကဗျာလေးကို ရေးမိပါတယ်။

မိုးကြိုးလက်နက် ရှိန်စော်ထက်
မျောက်လက်ရောက်ရှာ ခွင့်မသာ
ရောင်ဝါမှေးလျက် အကြေးတက်။

သတင်းထက်မြက် လူထုတွက်
မျက်စိနားနှာ ပုံပမာ
သိက္ခာကွယ်ဝှက် တန်ခိုးပျက်။

မေးလ်မှရရှိပါသည်။
ရေးသူအမည်မသိရပါ။

အနာဂါတ်အတွက် မနက်ဖြန်များ



အနာဂါတ်အတွက် မနက်ဖြန်များ

ကျနော်တို့၏ လက်ထဲတွင် သေခြာတိကျသော အနာဂါတ်တခုရှိနေသည်။ ယင်းမှာစစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော်ဖြစ်ပေါ်ရေးပင်ဖြစ်သည်။ ထို့ကြောင့် ကျနော်တို့မှာ နေ့ မအား ၊ ည မအား တိုင်ပင် ဆွေးနွေး နေကြသည်။ အထူး အားရစရာကောင်းသည်မှာ အမေရိကန်နိုင်ငံတခုတည်းမှ မဟုတ်ဘဲ နိုင်ငံတကာမှ စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေးကို ဦးစီးဆောင်ရွက်နေသည့် တက်ကြွ သော အင်အားစုများ က ဆွေးနွေးကြခြင်းဖြစ်သည်။

နေ့စဉ် ည သန်ကောင် ၁၂ နာရီကျော်နေသည်။ အိပ်ရေးပျက်သော်လည်း ကျနော်တို့မှာ နေ့စဉ်ဆွေးနွေး နေကြ ဖြစ်သည်။ ခုအပါတ်မှာ အဖြေတွေက ကျနော်တို့ လက်ထဲမှာရောက်ရှိနေပါပြီ။ ပထမအချက်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်း၊ ဒုတိယအချက်အနေဖြင့် ကြားဖြတ် အစိုးရ ဖွဲ့စည်းရေး၊ တတိယအချက်မှာ အမေရိကန်သမတ အိုဘားမားက ကုလသမဂ္ဂကို စုံစမ်းစစ်ဆေးရေးအတွက် ထောက်ခံတိုက်တွန်းခြင်း၊ စတုတ္တအချက်မှာ နအဖ၏ ရွေးကောက်ပွဲပြီး ဖြစ်ပေါ်လာမည့် အရပ်သားအစိုးရကို ကုလ သမဂ္ဂတွင် အသိအမှတ်မပြုရေး စသည်တို့ဖြစ်သည်။

ဒီတော့ ကျနော့််အနေဖြင့် ဒီမိုကရေစီအင်အားစုများကို မျှဝေခံစားစေချင်သည်။ ဆွေးနွေးကြစေချင်သည်။ သိသာ စေချင်သည်။ အဘယ့်ကြောင့်ဆိုသော် ဤအချက်( ၄ ) ချက်မှာ စစ်အာဏာရှင် စနစ်ဆန့်ကျင် တိုက်ဖျက်ရေး အတွက်ဖြစ်သည်။ ရွေးကောက်ပွဲအလွန် နှစ်ပေါင်းများစွာ ကာလအထိ တော်လှန်ရေးအဓွန့် ရှည်ကြာမည့်သူများတွေလိုအဖွဲ့တွေဖွဲ့ပြီး နေရမည့်ကာလမဟုတ်။ ၂၀၁၀ ရွေးကောက်ပွဲကို ဖျက်ဆီးပျက်စီးစေမည့်အချက်ဖြစ်၍ လူတိုင်း ပါဝင် ဆွေးနွေးချင်စေသည်။ ထို့ကြောင့် ပထမအချက်ကို လေ့လာကြည့်ကြပါစို့။

ပထမအချက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သပိတ်မှောက်ကြောင်း ကြေညာထားခြင်းဖြစ်သည်။ နအဖ စစ်အစိုးရသည် စစ်ကျွန်ဖြစ်ရေးအတွက် ရွေးကောက်ပွဲကို ပြုလုပ်ခြင်းဖြစ်သည်။ ဒီမိုကရေစီတံခါးများကို ပိတ်ဆို့ ထားခြင်း ကြောင့်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဒီမိုကရေစီနည်းလမ်းဖြင့် ဖွဲ့စည်းထားသော ပါတီ ဖြစ်သလို ပြည်သူများကလည်း ရွေးကောက်တင်မြှောက်ထား သော ဒီမိုကရေစီနိုင်ငံရေး ပါတီဖြစ်သည်။ အဖွဲ့ချုပ် သည် ယခုအချိန်ထိ ဒီမိုကရေစီစံနှုန်းများကို သွေဖီခြင်းမရှိသေးကြောင်း သိသာနိုင်သည်။ သူတို့မှာ ဒီမိုကရေစီ အခွင့်အရေးကို ချိုးနှိမ်ခံထားရသည်။

ရွေးကောက်ပွဲတွင် တရားသဖြင့် ဖြစ်စေရန် ၂၀၀၈ ဖွဲ့စည်းပုံကို ပြုပြင်ရန်ပြောသော်လည်း လိုက်လျှောခြင်းမရှိ။ နောက်ဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်အား အသားလွတ်တိုက်ခိုက်ပြီး ဥပဒေတွေ တသီကြီး ထုတ်ပြန်ကာ ဒီမိုကရေစီ အခွင့်အရေးများကို ပိတ်ဆို့ထားလိုက်သည်။ ယခု သပိတ်မှောက်ကြောင်း ကြေညာခြင်းသည် နအဖ စစ်အစိုးရ၏ ညစ်ပတ်သော လုပ်ရပ်များကြောင့် ဖြစ်ကြောင့် နိုင်ငံတကာက သိသာကြသည်။

ပြည်သူတွေကလည်း ကိုယ်ချင်းစာသည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး ရွေးကောက်ပွဲကို ၀င်ခွင့်ပြုသည်ဆိုပါက ယခု ကြံ့ဖွံ့သည်ပင် အခြေမလှဖြစ်သွားပေလိမ့်မည်။ ယင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူများက ချစ်ခင်ကြင်နာစိတ်နှင့် ထောက်ခံယုံကြည်မှုကြာင့်ဖြစ်သည်။

သပိတ်မှောက်လိုက်သည်ဟု ကြေညာ ခြင်းဖြင့်လည်း စစ်အစိုးရကို အသိအမှတ်မပြုခြင်းပင်ဖြစ်သည်။ ပြီးတော့ ရွေးကောက်ပွဲမှာ မသာမာမူ ကြောင့် ကြံ့ဖွံ့နိုင်သွားသည် ဆိုပါစို့။ ယင်း ကြံ့ဖွံ့ပါတီက အရပ်သားအစိုးရ ဖွဲ့လျှင် နိုင်ငံတကာမှ အသိအမှတ် ပြုမည်မဟုတ်ချေ။ အသိအမှတ်မပြုရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နိုင်ငံတကာကို တိတိကျကျ တောင်းဆိုရမည် ဖြစ်သည်။ လက်တွေ့ကျကျ တောင်းဆိုထားရန်လိုသည်။ သပိတ်မှောက်သည်ဟု ပြောရုံနှင့် မလုံလောက်သေး။

ဒုတိယအချက်မှာ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးဖြစ်သည်။ ၁၉၉၀ ခုနှစ်တွင် အနိုင်ရရှိခဲ့ကြသော ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တို့သည် ယင်းအချိန်က စင်ပြိုင်အစိုးရဖွဲ့စည်းရေးအတွက် ကြိုးစားခဲ့ဖူးကြပြီ။ တချို့ က ထောင်ထဲရောက်သူ ရောက်သွားကြပြီး တချို့ကပြည်ပနိုင်ငံများသို့ ရောက်ရှိသွားကြရသည်။ ပြည်တွင်းတွင် မည်သို့မျှ စင်ပြိုင်အစိုးရ မဖွဲ့စည်းနိုင်ခဲ့ကြ။ သို့သော် ပြည်ပတွင်မူ အဝေးရောက် အစိုးရကို ဖွဲ့စည်းနိုင်ခဲ့ကြသည်။

နှစ်ပေါင်း ၂၀ ကြာလာသောအချိန်တွင် အဝေးရောက်အစိုးရသည်လည်း ခါးမသန်လှတော့။ ယခုအချိန်တွင် ပြည်တွင်း၌ စင်ပြိုင်အစိုးရ ဖွဲ့စည်းရေး၊ သို့မဟုတ် ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးတို့ကို ပြုလုပ်ချင်လာကြပြီ။ တိုင်ပင် ဆွေးနွေးလာကြပြီ။ ဆွေးနွေးနေကြပြီ။ ညှိနိုင်းနေကြရပြီ။ စင်ပြိုင်အစိုးရ ဖွဲ့စည်းလျှင် လွှတ်တော်ကိုယ်စားလှယ် တွေ သက်သက်ပါဝင်ရမည်။

သို့သော် လွှတ်တော်ကိုယ်စားလှယ်တွေမှာ သက်ကြီးဝါကြီးသူတွေဖြစ်နေပြီ။ စိတ်သွား၍ ကိုယ်မပါကြ သူများ ဖြစ်နေပြီ။ ထို့ကြောင့် သူတို့လည်းပါဝင်၊ အခြားထင်ရှားသောသူများလည်း ပူးပေါင်းပြီး ကြားဖြတ် အစိုးရဖွဲ့စည်း ရေးပြုလုပ်ကြမည်ဆိုက သင့်တော်သည်ဟု စဉ်းစားဖြစ်ကြပါသည်။ ထိုသို့ ဖွဲ့စည်းနိုင်ရေးအတွက် ပြည်တွင်း ပြည်ပ တွင် နိုင်ငံရေးမြေခံရေခံ ကောင်းနေဖို့လိုနေသည်ကိုလည်း တွက်ချက်ထား ရမည်ဖြစ်သည်။

တတိယအချက်မှာ အမေရိကန် သမတ အိုဘားမားက အိမ်ဖြူတော်မှနေပြီး ကုလသမဂ္ဂကို တိုက်တွန်းထောက်ခံ လိုက်ခြင်းဖြစ်သည်။ဤအချက်မှာစစ်အစိုးရ၏ လူသားမျိုးနွယ်တခုလုံးကို နှိပ်စက်သတ်ဖြတ်မှုအပေါ် တရားစီရင် စစ်ဆေးရေးအတွက် နိုင်ငံတကာတရားရုံးတင်ပြီး အပြစ်ပေးအရေးယူရန်ဖြစ်သည်။ယခုအချိန်တွင် နအဖစစ် အစိုးရအား ရာဇ၀တ်ကြောင်းအရ နိုင်ငံတကာတရားရုံး၌ စစ်ဆေးမည်ဆိုပါက ရွေးကောက်ပွဲဆိုသည်မှာ မည်သို့ မျှ ဖြစ်ပေါ်လာမည်မထင်။ တချိန်တည်းမှာ နအဖစစ်အာဏာရှင်တို့သည်လည်း အကျဉ်းထောင်ထဲသို့ ၀င်သွားခံရ ရုံသာရှိနေသည်။ မည်သည့်အတွက်ဆိုလျှင် နအဖစစ်အာဏာရှင်တစုမှာ သူတို့၏ ပြစ်မှုဆိုင်ရာ ကျူးလွန်ထား သမျှတို့မှာ အလွန်ပင်များပြားလှသောကြောင့်ဖြစ်သည်။

ထို့ကြောင့် သူတို့၏ ရာဇ၀တ်မှူများကို ခုံရုံးတင်စစ်ဆေးနိုင်ရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်ကြပြီး တင်ပြ တောင်းဆိုကြရမည်သာဖြစ်သည်။အမေရိကန်အစိုးရကသာ ဤအချက်ကို ထိထိမိမိကိုင်တွယ် လာပြီဆိုလျှင် စစ် အစိုးရအဖို့ ပြေးစရာမြေမရှိတော့။သူတို့အားယခုအချိန်တွင် အမေရိကန်အစိုးရမှာ အနျူးကလီးယား လက်နက် စက်ရုံကို မြောက်ကိုးရီးယားနှင့် ပူးပေါင်းတည်ဆောက်နေပြီကတည်းက အရာအားလုံးကို စောင့်ကြည့်နေခြင်းဖြစ် သည်။

ဤအချိန်တွင် ဒီမိုကရေစီအင်အားစုတို့မှာ အမေရိကန်အစိုးနှင့် လက်ပွန်းတတီးနေရမည့်အချိန်လည်း ဖြစ်နေ သည်။

စတုတ္တအချက်မှာ နအဖ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမည့် အရပ်သားအစိုးရကို ကုလသမဂ္ဂတွင် အသိအမှတ် မပြုရေးဖြစ်သည်။ တလောက နအဖစစ်အစိုးရအား ကုသမဂ္ဂမှ ဖယ်ရှားရေးအတွက် ပြုလုပ်ခဲ့ကြပြီးဖြစ်သည်။ ယင်းအချိန်က အောင်မြင်မှုမရရှိခဲ့ကြ။ အခုအချိန်တွင်မူ အခြေအနေက ပြောင်းလဲလာပြီ။ပထစခေတ် ၀န်ကြီးချုပ် ဦးနုလက်ထက်ကပင် ပြည်ထောင်စုမြန်မာနိုင်ငံဟု ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုအစိုးရအဖြစ် ရပ်တည်နေခဲ့သည်။

၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေ၀င်းအာဏာသိမ်းလာခဲ့ချိန်တွင် တော်လှန်ရေးကောင်စီ အစိုးရကို ကိုယ်စားပြုသော အစိုးရအဖြစ် ကုလသမဂ္ဂတွင် ရပ်တည်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှူ တည်ဆောက်ရေး အဖွဲ့ကို ကိုယ်စားပြုသောအစိုးရအဖြစ် မြန်မာနိုင်ငံအစိုးရဟု ပြောင်းလဲခေါ်ဝေါ်ရပ်တည်ခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲအပြီးတွင်မူ မြန်မာနိုင်ငံကိုကိုယ်စားပြုသော အရပ်သား အစိုးရသည် နိုင်ငံတကာမှ အသိ အမှတ်ပြုခြင်းနှင့် သက်ဆိုင်နေသည်။ အကယ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နိုင်ငံတကာကို မေတ္တာ ရပ်ခံပြီး ကြေညာချက်ထုတ်ပြန်ထားသည်ဆိုလျှင် ယင်းနိုင်ငံတို့မှ အသိအမှတ်မပြုကြဘဲ ရှိနေနိုင်သည်။ ယင်းအချက်ကို တရားဝင်ကြေညာပေးထားရမည်ဖြစ်သည်။

ထိုအတူ ကမ္ဘာ့ကုလသမဂ္ဂမှလည်း စစ်အစိုးရ၏အရပ်သားအစိုးရကို အသိအမှတ်မပြုဟု ကြေညာသတ်မှတ် ထား နိုင်သည်။ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုသော အရပ်သားအစိုးရကို အသိအမှတ် မပြုရေးသည် အင်မတန်အရေးကြီးသော အချက် ဖြစ်သည်။

စောစောကတင်ပြဆွေးနွေးခဲ့သလို ဤအချက်လေးချက်မှာ ကျနော်တို့၏လက်ထဲမှာရှိနေသော အနာဂါတ်၏ မျှော်လင့်ချက်များဖြစ်သည်။ ကျနော်တို့ကျင့်သုံးရမည့် မဟာဗျူဟာပေါ်လီစီဖြစ်သည်။ ဤမျှော်လင့်ချက်များမှာ သံကွင်းဆက်ပမာ တခုနှင့်တခုဆက်စပ်နေပါသည်။ ပြည်တွင်းမှရှိသောသူများကလည်း ပြည်တွင်းမှာရှိသည့် အလျှောက် ပြည်ပမှာ နေထိုင်ကြသည့်သူများကလည်း ပြည်ပမှာနေထိုင်ကြသည့်အလျှောက် လုပ်စရာရှိတာ တွေကို ပူးပေါင်းလုပ်ကြဖို့ အရေးကြီးနေချိန်ဖြစ်သည်။ မိမိတို့၏ နိုင်ငံတကာမှာ ရောက်ရှိနေသော အခွင့်အရေးကို အသုံးချ တတ်ရန်လိုသည်။ ကျနော်တို့၏ရင်ထဲမှာ ရှိနေသောအရာဟူသမျှသည် စစ်အစိုးရကို ဖြုတ်ချ ရေးထက် အခြားဘာမျှမရှိ။ သူတို့အားစစ်ရာဇ၀တ်ကောင်များအဖြစ် အကျဉ်းထောင်ထဲပို့ရန်မှတပါး အခြားမရှိ။

နိုင်ငံကိုတည်ဆောက်မည့် နိုင်ငံရေးသမားများက နိုင်ငံကိုဖွံ့ဖြိုးတည်ဆောက်နေချိန်မှာ စစ်ရာဇ၀တ်ကောင်များ ဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သူ၏ အပေါင်းအပါများအား အကျဉ်းထောင်ထဲတွင် ထားရှိရေးသည်သာ အဓိက ဖြစ်သည်။ ကံကြမ္မာဆိုသည်က တပါတ်ပြန်လည်တတ်သည်ဟု ရှေးလူကြီးသူမျများက ပြောစမှတ်ပြုကြ သည်။ ယခုသူတို့အပေါ် ပြန်လည်လာပြီဖြစ်သည်။

ထို့ကြောင့် ယခုအချိန်တွင် ကျနော်တို့၏ အနာဂါတ်များ အဖြစ်မနက်ဖြန်သည် ကျနော်တို့၏ လက်ထဲမှာသာရှိ နေပြီဟု ပြောဆိုရုံမှတပါးအခြားမရှိတော့ပါပြီ။



ခိုင်အောင်ကျော် ( နယူးယောက် )

ညွှန့်ပေါင်းသတင်းလွှာ....

ညွှန့်ပေါင်းသတင်းလွှာ....