Monday, August 30, 2010

၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း စစ်အာဏာရှင် ဆက်လက် အဓွန့်ရှည်စေရန် ကြိုးစားမှု

http://www.mediafire.com/file/ajhd1kg2q66nkq1/100830_maj_aung_lin_htut.pdf
100830_maj_aung_lin_htut

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်များက ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များအား သွားရောက် ဂါရ၀ ပြု


အမျိုးသား ဒီမိုကရေစီ အဖွဲ့ဝင် လူငယ် အဖွဲ့ဝင်များဟာ ၂၀၁၀ သြဂုတ် ၂၉ ရက် (တနင်္ဂနွေနေ့) က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် သခင်ချန်ထွန်းနဲ့ သခင်သိန်းဖေ နေအိမ်များသို့ သွားရောက်ကာ ဂါရ၀ပြု နှုတ်ဆက်ခဲ့ကြပါတယ်။
02

05
07
09

အကျဉ်းကျေ၇ွှဝါရောင်ဆရာတော် အရှင်ဂမ္ဘီရ ထောင်ဝင်စာ အတွတ် မိသားစုသို့ အလှုငွေသွားရောက်ပေးပို့ ထားတဲ့မှတ်တမ်း


အကျဉ်းကျေ၇ွှဝါရောင်ဆရာတော် အရှင်ဂမ္ဘီရ ထောင်ဝင်စာ အတွတ် မိသားစုသို့ အလှုငွေ သွားရောက်ပေးပို့ ထားတဲ့မှတ်တမ်း ဓါတ်ပုံပါ။ံ နိုင်ငံရေး အကျဉ်းကျခံ များအတွတ် လျှုဒါန်းလိုသူများ
skype = shwekyaungtharr / email = shwekyaungtharr@gamil.com / phone = 0044 7915157660 သို့ တိုက်၇ိုက် ဆက်သွယ်လျှူဒါန်းနိုင်ပါသည်။ လျှူဒါန်းငွေအတိုင်း ရည်ရွယ်သူထံသို့  အတိအကျ သွားေ၇ာက်ပေးပို့ သွားမည် ဖြစ်ပါသည်။ မှတ်တမ်း ဓါတ်ပုံ BP


30 August 2010 ဒိုင်ယာရီ

http://www.mediafire.com/file/vc624c9irtiuthz/30%20August%202010%20yeyintnge%27s%20Diary.doc

30 August 2010 Yeyintnge's Diary

နအဖ စစ်အာဏာပိုင်များ ပြောင်းလဲမှု စာရင်းနှင့် ရာထူးများ (လျှို့ ဝှက်) ။

http://www.mediafire.com/file/s156q0kafjgklvn/36616610-Promotion-Report.lnk

Promotion Report

သူရ မြင့်အောင် အမိန့် ပေးသဖြင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် က တပ်ရင်းမှုး ၈ ဦး နှင့် အရာရှိ ၁၂ဦး ကိုဖမ်းဆီးထား


August 30, 2010 Freedom News Group

ထိပ်တန်း စစ်ခေါင်းဆောင် သုံးဦး အနက် ဗိုလ်ချုပ်ကြီး သူရရွှေမန်းတစ်ဦး တည်းသာ ရာထူးမှ ဖယ်ရှားခံရပြီးဒုတိယဗိုလ်ချုပ်မှုးကြီး မောင်အေးမှာ လက်ရှိ ရာထူး တွင်ပိုနေ မြဲ ကျားနေမြဲ ဖြစ်သည် ဟု နောက်ဆုံး ရ သတင်း များ က ဆိုသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကာလ အတွင်း ရန်ကုန်မြို့ ၏ လုံခြုံရေး ကို တာဝန်ယူခဲ့ရသည့်
ရဲမွန် တပ်မြို့ မှ တပ်ရင်းမှုး ဗိုလ်မှုးကြီး ကျော်ခိုင် အပါအ၀င် တပ်ရပ်မှုး လေးဦး နှင့် ဗျူဟာမှုး သုံးဦးမှာ
သြဂုတ်လ ၂၇ ရက်နေ့ ညက ရန်ကုန်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ် တစ်ခု မှ အလစ်အငိုက်
ဝင်ရောက် ဖမ်းဆီးခြင်း ကို ခံရပြီး နောက် အမည် မသိ နေရာ တစ်ခု တွင် ဖမ်းဆီးထားခြင်း ခံရ နိုင်သည်ဟု
ထိုတပ် ရင်းမှုး များ နှင့် နီးစပ် သည့် သတင်းရပ်ကွက် တစ်ခု က Freedom News Group သို့ ပြောသည်။

ဘဏ်အပ်ငွေ များ ထုတ်မပေးခြင်း အပေါ် မကျေနပ် ၍ ဆန္ဒပြကြသည့် စစ်သားများ ကို စာနာမိသည့်
တပ်ရင်းမှုး များ နှင့် ဗျူဟာ မှုးများ မှာ နေပြည်တော် (သို့ မဟုတ်) မင်္ဂလာဒုံ သို့ ဖမ်းဆီး ခေါ်ဆောင်ခြင်းခံ
ခဲ့ရသည် ဟု သိရသည်။

သြဂုတ်လ ၂၄ ရက်နေ့ တွင် ရဲမွန် တပ်မြို့ အား ၀ိုင်းထားသည့်  တပ်များ အားဆုတ်ခွာ စေပြီး လစာ ၊စားနပ်
ရိက္ခာ နှင့် အရက် များ ကို ဗိုလ်မှုးကြီး တစ်ဦးက လာရောက် ပေးပြီး နောက် ရဲမွန် တပ်မြို့ မှ တပ်သားများ
အောင် ပွဲ ခံနေစဉ် အလစ်အငိုက် ၀င်ရောက် ဖမ်းဆီး ခံရခြင်း ဖြစ်သည်။

ယခု အခါ ရဲမွန် တပ်မြို့  ကို တပ်မ ၁၁ က ၀င်ရောက် စီးနင်းထား ပြီး တပ်ရင်းမှုးများ အပြင် အရာရှိ နှင့်အခြား
အဆင့် စစ်သည် များ ကိုလည်း ဖမ်းဆီးထား သည် ဟု သတင်းရရှိသည်။

ထို ကဲ့ သို့ တပ် ကို တပ် ချင်း အလစ် အငိုက် စီးနင်းမှု မှာ ၁၉၆၂ နောက် ပိုင်းတွင် ပထမ ဦးဆုံးအကြိမ်ဖြစ်ပြီး
ထိုကဲ့ သို့ စီးနင်းရန် အကြံပေး သူမှာ ထိုနေ့ တွင် ကာကွယ်ရေး ဦးစီးချုပ် အသစ် တာဝန် ထမ်းဆောင် ခဲ့သူ
ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် ဖြစ်သည် ဟု နေပြည်တော်ရှိ သံချပ် ကာယန္တယား တပ်မှ အရာရှိ တစ်ဦး
က ပြောသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် သည် သွေးအေး ရက်စက် သူ ဖြစ်ပြီး ဓားမြောင် ပစ် ကျွမ်းကျင်သူ သထုံ
နယ်သား တစ်ယောက်ဖြစ်သည်။

http://freedomnewsgroup.com/

သူ့အလိုလိုပျောက်ကွယ်သွားတဲ့ စစ်အာဏာရှင်စနစ်ဆိုတာ မရှိပါ


သူ့အလိုလိုပျောက်ကွယ်သွားတဲ့ စစ်အာဏာရှင်စနစ်ဆိုတာ မရှိပါ

ရဲဘော်ဖိုးသံချောင်း / ၃၀ သြဂုတ် ၂၀၁၀


နအဖတွင်း ကုလားဖန်ထိုးတာတွေ ပေါ်လာပြန်ပါပြီ။ သဘာဝကျစွာပဲ အကဲဖြတ်တာတွေ၊ တွက်ချက်တာတွေ နေရာတကာမှာ လုပ်ကြတာတွေ တွေ့နေရပါတယ်။ ဒီအပြောင်းအလဲတွေကနေပြီး ဘာအဓိပ္ပာယ်ဆောင်သလဲ၊ ဘာတွေဆက် ဖြစ်မလဲဆိုတာတွေကိုလည်း ပြောဆိုကြပါတယ်။ အတိုက်အခံတွေအနေနဲ့ကတော့ နအဖထဲမှာ ရာထူးအာဏာကြောင့်မို့ ကွဲလွဲမှုတွေဖြစ်လာမလား၊ ဂိုဏ်းဂဏတိုက်ပွဲတွေ ပြင်းထန်လာမလား၊ ဒါဟာ လူတိုင်းလို ပြောကြ တွက်ကြတဲ့ ကိစ္စလို့ဆိုရင် မမှားပါဘူး။

အရေးကြီးတာက ကိုယ်ဖြစ်စေချင်တဲ့ဘက်ကနေ ပိုမတွက်မိဖို့ပါပဲ။

ဗမာပြည်က စစ်အုပ်စုထိပ်သီးတွေဟာ အာဏာကို ကိုယ်အသက်ရှင်နေတုန်းမှာ လွှဲပြောင်းပေးတယ်ဆိုတာဟာ မရှိသလောက် အဖြစ်အပျက်ပါ။ ဗိုလ်နေ၀င်းဟာ အသက် (၉၀) နားနီးအထိ အာဏာကို ဆုပ်ကိုင်ထားပြီး ရှစ်လေးလုံးအရေးတော်ပုံကြီးက ဆောင့်တိုက်လိုက်တော့မှသာ တရားဝင်အာဏာကို စွန့်လွှတ်လိုက်တာဖြစ်ပါတယ်။ စွန့်လွှတ်တယ်ဆိုတာလည်း နောက်အာဏာရှင်တယောက်လက်ကို လွှဲခဲ့တာသာဖြစ်ပါတယ်။ ဒါတောင်မှ သူဟာ နောက်ကွယ်ကနေ ကာလတခု ချုပ်ကိုင်နေခဲ့ပါသေးတယ်။ အခုလည်းပဲ နအဖရဲ့ ဒီခြေလှမ်းဟာ တိုင်းပြည်အာဏာကို လက်လွှတ်ဖို့၊ ဒါမှမဟုတ် လက်ဆုပ်ကလေး နည်းနည်းဖြေပေးဖို့ လုပ်တာလို့တွက်ရင် မှားတယ်လို့ထင်ပါတယ်။ ဗိုလ်သန်းရွှေဟာ အဘက်ဘက် သေချာအောင်၊ ပိုင်အောင်လုပ်ပြီး သေချာမှ ဒီလိုခြေလှမ်းမျိုးကို လှမ်းတာဖြစ်တယ်ဆိုတာကို မမေ့သင့်ပါဘူး။ ပြောရရင် သူတို့အနေနဲ့ သူတို့ကို အာဏာပလ္လင်ပေါ်က ပြုတ်ကျစေမှာမျိုးဆိုရင် ဘာမှမလုပ်ပါဘူး။ ဒီရွေးကောက်ပွဲကို မလုပ်လို့လည်း သူတို့မှာ ဘာမှမဖြစ်ပါဘူး။ ဒီတော့ ထိုင်နေအကောင်းသား ထသွားမှ အကျိုးမှန်းသိတယ်ဆိုတာမျိုး ဖြစ်မယ့် ရွေးကောက်ပွဲမျိုးကို နအဖဗိုလ်ချုပ်တွေ မလုပ်တာသေချာပါတယ်။ ဒါတင်မက နအဖလုပ်နေပုံဟာ သူတို့ရဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ တင်ခွင့်ရှိတဲ့ အမတ်နေရာ (၂၀) ရာခိုင်နှုန်းကိုပါ လက်ထဲက မလွတ်အောင် လုပ်နေတဲ့ပုံဖြစ်ပါတယ်။ ရွေးကောက်ပွဲဝင်မယ်လို့ ခါးတောင်းကျိုက်ထားသူကြီးတွေ တယောက်ပြီးတယောက် ဘေးထိုင်သွားအောင် လုပ်နေတာကြည့်ရင် ဒါကို အလွယ်နဲ့သဘောပေါက်နိုင်ပါတယ်။ အခုနောက်ဆုံးမှာတော့ ကိုယ့်ပြိုင်ဘက်လို့ ယူဆရသူတွေကို လောက်လေးခွနဲ့ တမင် ပစ်တဲ့အဆင့်ကိုတောင် ရောက်နေပါပြီ။ ဖဆပလခေတ်က ပြူစောထီး ပြန်လာနေပါပေါ့လား။

အလားတူပဲ အဲဒီရွေးကောက်ပွဲအတွက် ပြင်ဆင်တာဖြစ်တဲ့ အခုစစ်တပ်ထိပ်ပိုင်း ကုလားဖန်ထိုးပွဲလည်း ဗိုလ်သန်းရွှေအနေနဲ့ မီးမသေရင်မလုပ်ပါဘူး။ အကုန် သူ့ခြေသူ့လက် ပြင်ဆင်ပြီးမှ လှမ်းတဲ့ခြေလှမ်းဖြစ်မှာပါ။ စစ်အုပ်စု၊ စစ်အာဏာရှင် လောကရဲ့ ထုံးစံအတိုင်း နံပါတ်တူးမထားတဲ့ နံပါတ်ဝမ်းရဲ့ စိတ်တိုင်းကျစီမံချက်ဖြစ်ပါတယ်။ အဲတော့ ဗမာပြည်နိုင်ငံရေးနဲ့ ပတ်သက်သူတိုင်းအနေနဲ့ အဲဒီငကန်းနေရာ ငစွေနေရာယူတဲ့ကိစ္စမျိုးထဲမှာ မျောပါသွားလို့မဖြစ်ပါဘူး။ ဒီလောက်ရှင်းနေတဲ့ ကိစ္စမှာ နအဖစစ်အစိုးရကို ကြံဖန်အမှတ်ပေးချင်တဲ့ အရင်အမေရိကန်သံအရာရှိဟောင်းဆိုတဲ့ လူမျိုးကသာ “အကောင်းမြင်ဝါဒ”နဲ့ ကြည့်တာ၊ ပြောတာကို ကြားရ။ ဖတ်ရပါတယ်။ ဦးတင်ဦးလို ပုဂ္ဂိုလ်ပြောတာကို သတိထားနားထောင်ကြည့်ပါ။ စစ်အာဏာရှင်တွေအကြောင်းကို နောကျေနေတယ်လို့ ဆိုလောက်တဲ့သူက ဒါမျိုးတွေဟာ ဘာမှမဆန်းဘူး၊ ဘာမှတွက် မနေကြနဲ့လို့ ပြောသွားတာဟာ မှတ်သားစရာကောင်းလှပါတယ်။

ဒီလိုဆိုတဲ့အတွက် နအဖဗိုလ်ချုပ်တွေအားလုံး ဒီအစီအမံကို ကျေနပ်သဘောကျကြတယ်လို့တော့ အလွယ်ပြောလို့ မရပါဘူး။ မုချပဲ မကျေနပ်တာ၊ နာလိုခံခက်ဖြစ်တာတွေရှိမှာပါ။ ဒီတကွေ့မှာ နအဖစစ်အုပ်စု တခုလုံးအဖို့ကတော့ မနိုင်လည်းနိုင်၊ နိုင်လည်းနိုင်ဖြစ်မှာပါ။ ဒါပေမယ့် ဒီထဲက တချို့သော ဗိုလ်ချုပ်တွေ တဦးချင်းအဖို့တော့ သူဌေးဖြစ်ခွေးဖြစ် ပုံအော ရတာမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ ကံမှောက်မှားလို့ ရွေးကောက်ပွဲမှာ မတော်တဆရှုံးသွားတဲ့ စစ်တပ်ထိပ်ပိုင်းတွေဟာ ဒီအရှုံးကို လက်သင့်ခံနိုင်ပါ့မလားဆိုတာ မေးစရာဖြစ်လာပါတယ်။ အမှန်ပါပဲ၊ အာဏာရဲ့အရသာကို မြိန်မြိန်ရှက်ရှက်ကြီး မှီဝဲဖူးထားကြသူတွေဖြစ်တဲ့အတိုင်း သူတို့ဟာ အာဏာဆိုရင် တိုးလို့သာရချင်မယ်၊ ရပြီးသားကို လက်မလွှတ်ချင်တာကတော့ အထူးပြောနေစရာမလိုပါဘူး။ သူတို့ဟာ ဦးပုညရေးသလိုပဲ အာဏာကလေး တရွေးလောက်ရှိရင် “အင်မတိအင်မတန်၊ စံချင်တိုင်းစံရတယ်” ဆိုတာကို ကောင်းကောင်းသိနေကြတယ်ဆိုတာကို ဗိုလ်သန်းရွှေအသိဆုံးဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်သန်းရွှေအနေနဲ့ သူ့လူတွေအတွက် ခြေမမြဲလက်မြဲအောင် စီမံပေးထားလိမ့်မယ်လို့ ယုံကြည်ရပါတယ်။

ဒါတွေကြောင့် လက်ရှိအခြေအနေမှာ ဒင်းတို့တွင်း ပဋိပက္ခတွေဟာ ပြင်းထန်သဲသန်လာမယ့်၊ ပေါက်ကွဲထွက်လာမယ့် အနေအထားတော့ မဟုတ်သေးဘူးလို့ ယူဆရပါတယ်။ တကယ်လို့ နအဖဗိုလ်ချုပ်တွေအတွင်းမှာ သူတို့ရဲ့ကိုယ်ပိုင် အကျိုးစီးပွားတွေကြောင့် ကွဲကြတယ်ဆိုရင် ပြည်သူလူထုအတွက် အကျိုးရှိဖွယ်ရာသိပ်မမြင်ပါဘူး။ (ဒီလိုအဖြစ်ဟာ တချိန်မှာ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ပါဘူး) အဲဒီလို သူတို့ချင်း စစ်တပ်ကြီးတွေနဲ့ တိုက်ကြတယ်ဆိုရင် ဒါဟာ စစ်အာဏာရှင်စနစ်ကို ထိန်းသိမ်းရေးအတွက်ပဲဖြစ်မှာပါ။ ပြည်သူလူထုဟာ မြေဇာပင်အခန်းလောက်ပဲပါရမှာပါ။

ဖိနှိပ်တဲ့အုပ်စိုးသူရဲ့ စစ်တပ် ပြိုကွဲတယ်ဆိုတာမှာ အကြောင်းရင်းတွေက အမျိုးမျိုးဖြစ်နိုင်ကြောင်း သမိုင်းအတွေ့အကြုံတွေအရ သိရပါတယ်။ အဲဒီအထဲမှာ ပြည်သူလူထုအတွက် အကျိုးအရှိနိုင်ဆုံးဟာ လူထုလှုပ်ရှားမှုရဲ့ဖိအားကြောင့် ကွဲထွက်ခြင်းမျိုးသာ ဖြစ်ပါတယ်။ ဒါကို ဗိုလ်နေ၀င်းကအစ ဗမာပြည်က စစ်အုပ်စုထိပ်သီးတွေဟာလည်း ကောင်းကောင်း နားလည်ရုံမက အစိုးရိမ်ဆုံးလည်း ဖြစ်ပါတယ်။ ရှစ်လေးလုံးတုန်းက ဗိုလ်နေ၀င်းက ဗိုလ်စောမောင်ကို အာဏာသိမ်းခိုင်းလိုက်တာဟာ သူတို့စစ်တပ်ထဲက တချို့လူထုတိုက်ပွဲထဲကို ပါဝင်လာတာ စပြီးတွေ့ရလာလို့ ဖြစ်ပါတယ်။ ဒါကိုတော့ သူတို့လုံးဝ လက်ပိုက်ကြည့်မနေနိုင်ပါဘူး။ အမြန်ဆုံး ဖြေရှင်းပစ်ကြပါတယ်။

အမှန်ကတော့ နအဖရဲ့တပ်မတော်ထဲမှာ အောက်ခြေတပ်မှူးတပ်သား အများစုကြီးဟာ သူတို့ရဲ့ထိပ်သီးတွေ လုပ်နေတာတွေကို ကျေနပ်ကြတာမဟုတ်ပါဘူး။ ကိုယ်ကအနာခံပြီး သူတို့ကအသာစံနေကြလို့ မကျေနပ်တာမျိုးရှိသလို နိုင်ငံရေးအရ လေးလေးနက်နက်သဘောပေါက်ပြီး တနေ့မှာ သမိုင်းတရားခံဖြစ်မှာကို မလိုလားသူတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် တကယ်လို့သာ အခုအချိန်မှာ တပ်မတော်ထဲက ကွဲထွက်လာတယ်ဆိုရင် သူတို့ဟာ ဘယ်သူတွေနဲ့ ပေါင်းရမှာလဲ။ ရှစ်လေးလုံးတုန်းကတော့ လမ်းမပေါ်က လူထုတွေထဲ ၀င်ပေါင်းလို့ရပါရဲ့၊ အခုတော့ ဘာမှမရှိဘူးဖြစ်နေပါတယ်။ အဲဒီလို လက်တွဲစရာမမြင်ဘဲနဲ့တော့ ဗိုလ်သန်းရွှေတို့လက်အောက်ကနေ အုံနဲ့ကျင်းနဲ့ ခွာထွက်လာဖို့ဆိုတာ မလွယ်သေးပါဘူး။

ပြန်ချုပ်လိုက်ရင် အတိုက်အခံတွေအဖို့ ဘောလုံးဟာ ကိုယ့်ကွင်းဘက်မှာပဲ ရှိနေပါတယ်။ ကိုယ်ကဘာမှမလုပ်ဘဲ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်နဲ့ စစ်အုပ်စု ပြိုပျက်သွားမှာ မဟုတ်ဘူးဆိုတာ မမေ့သင့်ပါဘူး။ ကိုယ့်အိမ်ရှေ့က အမှိုက်ပုံကြီးဟာ တယောက်ယောက်က မဖယ်ရှားရင် ပျောက်မသွားဘူးဆိုတာလိုပါပဲ။
http://www.khitpyaing.org/index.php?route=detail&id=3907

ဗိုလ်ချုပ်မှူးကြီးနှစ်ဦး ရာထူးမှ နုတ်မထွက်သေး


ဗိုလ်ချုပ်မှူးကြီးနှစ်ဦး ရာထူးမှ နုတ်မထွက်သေး

NEJ / ၃၀ သြဂုတ် ၂၀၁၀


နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ စစ်ဘက်ဆိုင်ရာရာထူးမှ နုတ်ထွက်ကြောင်း သတင်းများ ထွက်ပေါ်နေခြင်းသည် ကောလာဟလသာဖြစ်ကြောင်း နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား ပြည်ထဲရေးဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုအား ကာကွယ်ရေးဝန်ကြီးအဖြစ် နောင်တက်မည့် အစိုးရသစ်အတွက် ကြိုတင်လျာထားခြင်းသာဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

ပြီးခဲ့သည့် သြဂုတ် (၂၇) ရက်၌ တပ်မတော်အစိုးရအတွင်း တပ်မမှူးရာထူးအဆင့်မှစကာ စစ်ဗိုလ်ချုပ်များ နေရာအပြောင်းအလဲ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

“အပြောင်းအလဲလုပ်ခဲ့ကြတာများတယ်။ အတိအကျတော့ပြောလို့မရဘူး။ ဒါပေမယ့် သူရရွှေမန်းကတော့ အနားပေးတဲ့ အပြောင်းအလဲမှာပါတယ်။ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးလည်း ပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ဘက်ဆိုင်ရာရာထူးမှ အပြောင်းအလဲလုပ်လိုက်သူများအနက် ဒု-ဗိုလ်ချုပ်ကြီးအဆင့်ရှိသူ (၁၅) ဦးခန့် ပါဝင်ကြောင်း၊ ၎င်းတို့နေရာကို ဗိုလ်ချုပ်အဆင့် ရာထူးရှိသူများနှင့် အစားထိုးခဲ့ကြောင်း အဆိုပါအရာရှိဖြစ်သူက ပြောကြားသည်။

နအဖထိပ်သီးစစ်ခေါင်းဆောင် နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့အပါအ၀င် စစ်ခေါင်းဆောင်များ စစ်ဘက်ရာထူးများမှ နုတ်ထွက်ကာ အရပ်ဘက်သို့ ကူးပြောင်းလိုက်သည်ဆိုသည့် သတင်းများ ပြီးခဲ့သည့် သြဂုတ် (၂၇) ရက်တွင် ထွက်ပေါ်ခဲ့သည်။

ယင်းသတင်းထွက်ပေါ်ချက်နှင့်ပတ်သက်၍ နအဖစစ်အစိုးရက တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ရန်ကုန်မှ လာသည့် ရိုက်တာသတင်းတပုဒ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် ဗိုလ်ချုပ်ရွှေမန်းတို့ စစ်ဘက်ရာထူးများမှ အနားယူသွားသည်ဟု စစ်ဘက်သတင်းရပ်ကွက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

အေအက်ဖ်ပီသတင်းတွင်မူ အမည်မဖော်လိုသူ စစ်ဘက်ဆိုင်ရာ အရာရှိတဦးကို ကိုးကားပြီး ဗိုလ်ချုပ်ရွှေမန်းအပါအ၀င် တပ်အရာရှိပေါင်း (၇၀) ကျော်တို့ တပ်တွင်းရာထူးအပြောင်းအလဲ လုပ်လိုက်ကြောင်း ရေးသားထားသည်။ သို့သော် အဆိုပါအရာရှိက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ရာထူးမှ နုတ်ထွက်သည့်သတင်းကို ငြင်းဆိုခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးနှစ်ဦး မကြာမီ ရာထူးမှ အနားယူဖွယ်ရှိကြောင်းသာ ပြောကြားခဲ့သည်။

ယင်းသို့ သတင်းများထွက်ပေါ်ခဲ့မှုနှင့်ပတ်သက်၍ သြဂုတ် (၂၇) ရက်၌ စစ်ဘက်ရာထူးမှ နုတ်ထွက်သွားသူများသည် ယခုနှစ် နိုဝင်ဘာ ( ၇) ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာန သတင်းရပ်ကွက်မှ သိရသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးကောက်ပွဲပြီးသည်ထိ အာဏာဆက်လက် ရယူထားနိုင်ကြောင်းလည်း နိုင်ငံရေးအကဲခပ်များက ဝေဖန်ပြောဆိုနေကြသည်။
http://www.khitpyaing.org/index.php?route=detail&id=3972

စစ်ဗိုလ်ချုပ်နှင့် နိုင်ငံရေးသိုင်းကွက်


စစ်ဗိုလ်ချုပ်နှင့် နိုင်ငံရေးသိုင်းကွက်



သြဂုတ်လ ၂၇ ရက်နေ့က ပြန့်ထွက်လာတဲ့ စစ်တပ်အရာရှိကြီးများ အပြောင်းအလဲသတင်းဟာ လာမဲ့ရွေးကောက်ပွဲထက် အရေးပါတယ်လို့ သုံးသပ်ရမှာဖြစ်ပါတယ်။ ၁၉၆၂ နှစ် ကတည်းက စစ်အာဏာရှင် အလွှမ်းမိုးခံရတဲ့ နိုင်ငံဖြစ်ခဲ့ရတော့ စစ်တပ်ဟာ အဓိကမဏ္ဍိုင် ဖြစ်လာရတယ်။ စစ်တပ်ရဲ့ အနေအထားနဲ့ စစ်တပ်ကို ကိုင်တွယ်အုပ်ချုပ်ရမဲ့ စစ်ဗိုလ်ချုပ်တွေကို ရွေးချယ်ခန့်ထားမှုအပေါ် အများကြီး မူတည်နေပါတယ်။

ဘာကြောင်လဲဆိုတော့ စစ်အာဏာရှင်တွေအကြိုက် စစ်အာဏာရှင်တည်မြဲရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် စောင့်ရှောက်ရမှာက ဒီစစ်တပ်ပဲဖြစ်သလို လိုအပ်လာရင် တဖန် အာဏာပြန်သိမ်း ပေးရမှာကလည်း ဒီစစ်တပ်ပဲ ဖြစ်တာကြောင့်ပါ။

ဗိုလ်ချုပ်သန်းရွှေဟာ ဗိုလ်ချုပ်နေဝင်း ပြဌာန်းခဲ့တဲ့ “စစ်အာဏါရှင်ဋီကာ” ကို နောကြေရုံမက ဗိုလ်ချုပ်နေဝင်း မှားခဲ့တဲ့ အမှားတွေကိုရှောင်ဖို့ သတိရှိခဲ့တယ်။ အာဏာရှင် တယောက်အတွက် နံပတ် ၁ အဓိကတာဝန်ဟာ (မိမိ အာဏာတည်မြဲရေး) ဆိုတာကို ဗိုလ်ချုပ်သန်းရွှေတယောက် ကောင်းကောင်းသိတယ်။

မော်စီတုန်း ခေတ်ကိုပြန်လေ့လာကြည့်ရင် မော်စီတုန်းဟာ တိုင်းပြည်အုပ်ချုပ်ရေးကို ဝန်ကြီးချုပ် ချောင်အင်လိုင်းကိုလွှဲထားတယ် ကွန်မြူနစ်နိုင်ငံဖြစ်တာကြောင့် ပါတီဥက္ကဋ္ဌ အနေနဲ့ ပါတီကိုပဲ ကိုင်ထားတယ်။ ဒါတောင် သတိနည်းနည်းလျော့တာနဲ့ လျူရှောက်ချီနဲ့ တိန်ချောက်ပိန်တို့က ပါတီကို ဦးစီးထားလိုက် နိုင်တယ်။

ဒါကြောင် အသိဥာဏ်နုတဲ့ ကျောင်းသားလူငယ်လေးတွေကို မြှောက်ပေးပြီး “ဌာနချုပ်ကိုဝိုင်းကြ” ဆိုပြီး “ယဉ်ကျေးမှုတော်လှန်ရေး” ကို ဆင်နွှဲခဲ့ရတယ် အမှန်က ယဉ်ကျေးမှုတော်လှန်ရေး ဆိုတာဟာ တကယ်တော့ မော်စီတုန်း ရဲ့ ပါတီတွင်းအာဏာသိမ်းပွဲကို ထုံးသုတ်ပြီး အလှခြယ်ပြထားတာပါ။

ယဉ်ကျေးမှုတော်လှန်ရေးမှာ တော်လှန်ရေးအတွင်းက ရွပ်ရွပ်ချွံချွံ တိုက်ခဲ့ကြတဲ့ သူရဲကောင်း တော်လှန်ရေးသမား ရဲဘော်ဟောင်း မြောက်မြားစွာကို ရက်ရက်စက်စက် ခြေမှုန်း သတ်ပစ် ခဲ့တာပဲ။ အာဏာရှင်မှန်ရင်၊ ရက်စက်ဖို့ ဝန်မလေးရဘူး။ ဟစ်တလာ၊ စတာလင်၊ ပိုပေါ့ (Pol Pot) တို့ဟာ လူတွေကို သန်းနဲ့ချီစတေးဖို့ လက်ရွံ့ ခဲ့ကြတာမှ မဟုတ်တာဘဲ။

ထိုနည်းတူ ဗိုလ်ချုပ်နေဝင်းသည်လည်းကောင်း၊ ဗိုလ်ချုပ်သန်းရွှေသည်လည်းကောင်း မိမိတို့၏ အာဏာကို ထိပါးလာလျှင် (ပစ်) မိန့်ပေးရန် လက်မတွန့်ခဲ့ကြပါ။ ဘုရားဒကာ၊ ကျောင်းဒကာ အယောင်ဆောင်ကာ ဘာသာရေးဦးထိပ်ထား ပုံသဏ္ဌာန်ဆောင်နေသော ဗိုလ်ချုပ် သန်းရွှေဟာ မိမိအာဏာကို ထိပါးလာသောအခါ ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေးတွင် ဘုရားသားတော် ရဟန်းသံဃာမြတ်တို့ကို ပစ်သတ်ရန် ဝန်မလေးခဲ့သလို ပခုက္ကူတွင် သံဃာ တော်တချို့ကို တိုင်တွင်ကြိုးချည်၍ ရက်ရက်စက်စက် ရိုက်နှက်ခဲ့သည် မဟုတ်ပါလား။

ဗိုလ်ချုပ်သန်းရွှေရဲ့ အားသာချက်က ဦးနု၊ ဦးနေဝင်းတို့ကဲ့သို့ ဥပဓိရုပ်မကောင်းပါ။ ထို့ကြောင့် ရုတ်တရက် ကြည့်လိုက်လျှင် ရုပ်ဆိုးဆိုး၊ မှုန်ထိုင်းထိုင်းနှင့် ခပ်နုံချာချာရုပ် ထွက်လျက်ရှိသည်။ သွက်သွက်လက်လက်နှင့် ထက်မြက်မည့်ပုံ သဏ္ဌာန် မပေါ်ပါ။ ထို့အပြင် ကြီးပွားတိုးတက်ချင်သည့်ပုံ၊ အာဏာမက်မည့် ပုံ သဏ္ဌာန် လုံးဝ မပေါ်လွင်၊ မဆလခေတ် အစည်းအဝေးများတွင်လည်း စကားများများမပြော အဆိပ်မရှိသည့် ရေမြွေပမာ နေပြနိုင်ခဲ့သည်။

အာဏာရှင် စံနစ်အောက်တွင် ခစားရသော၊ မင်းအခစားအစိုးရ အရာရှိများသည် ခိုင်းရာလုပ်၊ စေရာသွား ပြန်မပြောမည့်သူများဖြစ်မှ အာဏာရှင်များက နှစ်သက်ကြသည်။ အန္တရာယ်ပေးမည့်သူများ မဖြစ်အောင် နေပြကြရသည်။ ဥပဓိရုပ်က နုံချာ၊ ကျားသေကြီးပမာ အနေတတ်သော ဗိုလ်ချုပ်သန်းရွှေကို ဦးနေဝင်းက ဒုစစ်ဦးစီးချုပ် ခန့်လိုက်သည်။ သို့သော် ဦးနေဝင်း မသိလိုက်သည်က ဗိုလ်ချုပ်သန်းရွှေခေါင်းထဲမှာ (ဥာဏ်) အပြည့် ဥာဏ်နီ၊ ဥာဏ်နက်ဟု ဆိုရလျှင်ပိုမှန်လေမလား မသိ။

ဗိုလ်ချုပ်သန်းရွှေက ဦးနေဝင်းထက် ပိုစိတ်ရှည်သည်ဟု ပြောနိုင်မည်ထင်သည်။ ဗိုလ်ချုပ်သန်းရွှေ စစ်ဦးစီးချုပ်ဖြစ်တော့ ရာထူးသာရှိသည်၊ အမှန်တကယ် ပကဓိအာဏာ မရှိရှာ။ ဦးနေဝင်း လက်ဝေခံ (proxy) များကတဆင့် ချုပ်ကိုင်ထားဆဲ ဗိုလ်ချုပ်ခင်ညွန့်တို့က အဖေကြီး (ဦးနေဝင်း) အရှိန်နှင့် လက်ဝါးဇောင်း ထက်နေဆဲ။ တနှစ်ခန့် ဒုချုပ်ရာထူးကို လစ်လပ်အောင်ဆွဲထားပြီး ဗိုလ်ချုပ်ခင်ညွန့်နှင့် ရန်ဘက် ဗိုလ်ချုပ်မောင်အေးကို ရအောင်ရှာလာသည်။

ဒါကိုက နိုင်ငံရေးနားလည်တာနဲ့ နိုင်နင်းတာကိုပြတာပါ ဗိုလ်ချုပ်ခင်ညွန့်တို့ နေရာတကာမှာ သြဇာ ပြနေတုန်းကလည်း ဗိုလ်ချုပ်သန်းရွှေက တစက်ကလေးမှ အပြုံးမပျက်ခဲ့။ ကက(လှမ်း) ကို ကက(ကြည်း) နဲ့ တေ့ပေးထားပြီး၊ မိမိ (လူ) တွေကို ဖြည်းဖြည်းချင်းထည့်ကာ ကြိတ်ပြီး မိမိအာဏာ အုတ်မြစ် (base) ကို တည်ဆောက်ခဲ့သည်။ ပိုင်မှ၊ နိုင်မှ၊ ဦးနေဝင်းကို ဆွဲစေ့လိုက်သည်။ ဗိုလ်ချုပ်ခင်ညွန့်ကို ဝန်ကြီးချုပ်ရာထူးပေးကာ ကြိုးရှည်ရှည်လှန်ပေးသည်။ အချိန်ကျမှ ကက(ကြည်း)ကို မျက်ရိပ်ပြလိုက်သည်။

ဗိုလ်ချုပ်သန်းရွှေဟာ ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ အန္တရာယ်ကို ကောင်းကောင်းသိတာပေါ့။ သို့သော် အဖေကြီးရဲ့ အရှိန်ကို မလှန်နိုင်ခင် နေသေးသပ၊ ချုံထဲက ဆိုကလို၊ မိမိအချိန်ကို စောင့်နေနိုင်ခဲ့တယ်။ ဒီလိုအချိန်ကို စောင့်နေတုန်းမှာတောင် ဗိုလ်ချုပ်ခင်ညွန့်ကို ကောင်းကောင်းအသုံးချနိုင်ခဲ့တယ်။ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှု (sanction)ကို ကျော်နိုင်ဖို့ တရုတ်၊ အာစီယံ၊ အိန္ဒိယတို့နဲ့ ပေါင်းစည်းတာ၊ ခွန်ဆာ၊ လော်စစ်ဟန်၊ လက်နက်ချတွေကိုကိုင်တွဲတာ ၈၈၈၈ ကျောင်းသားအုပ်စုနဲ့ အတိုက်ခံတွေကိုနှိမ်နင်းဖို့ ဗိုလ်ချုပ်ခင်ညွန့်နဲ့ ကက(လှမ်း) ကို ကောင်းကောင်းအသုံးချခဲ့တယ်။

အားပါးရ၊ အသုံးချပြီးမှ၊ တချီတည်း ဆွဲချပစ်လိုက်တယ် ဦးနေဝင်းလက်ထက်က ဗိုလ်ချုပ်တင်ဦး (မျက်မှန်) ကို ဖြုတ်ခဲ့စဉ်က (လူ) ကိုပဲဖြုတ်ခဲ့တာ၊ တပည့်အများကို တခြားတပ်တွေဆီ ပြန်ပို့ခဲ့တာပဲ။ ထောက်လှမ်းရေး ကက(လှမ်း) ကို မဖျက်ပစ်ဘူး။ ဗိုလ်ချုပ်ခင်ညွန့်ကိုဖြုတ်တော့ တပည့်တွေကိုလည်း ထောင်ချ၊ ညှဉ်းပန်း ကက(လှမ်း)ကိုပါ ဖျက်ပစ်တာပဲ။ အတူလုပ်လာတဲ့ ရဲဘော်စိတ်မထား အန္တရာယ်ကိုဖယ်ရှားရန် လက်မနှေး ကြူပင်ခုတ်၊ ကြူငုတ် မကျန်စေရ။ ဒါ အာဏါရှင် စစ်စစ်ဆိုတာ ထင်ရှားနေတာပဲ။

ဗိုလ်ချုပ်နေဝင်းဟာ မိမိအာဏာ ထူထောင်စဉ်ကာလမှာ စစ်တပ်ကလွဲပြီး ကျန်တဲ့ မဏ္ဍိုင်မှန်သမျှကို စနစ်တကျ ဖျက်စီးရိုက်ချိုးခဲ့တယ်။ စစ်တပ်ကြောင့်သာ တိုင်းပြည် ချောက်ထဲမကျရတာဆိုပြီး စစ်တပ်ကို သိဒ္ဓိ တင်ခဲ့ပြန်တယ်။ တဘက်က ဆိုရှယ်လစ်စနစ်ဆိုပြီး (မဆလ) ပါတီကိုထောင် ဗဟိုဦးစီးစနစ်ကို ကွန်မြူနစ်စနစ်ကခိုးချ စစ်အာဏာရှင်စနစ်ကို ရုပ်ပြကောင်းအောင် ဥပဒေဘောင်ဝင်အောင် ကြိုးစားခဲ့ပေမဲ့ ဆင်သေကို ခွေးသရေနဲဖုံးလို့မရသလို ၈၈၈၈ အရေးအခင်းမှာ ဗူးပေါ်သလို ပေါ်ခဲ့ရပါတယ်။

ဗိုလ်ချုပ်သန်းရွှေခေတ်ရောက်တော့ ဟန်ဆောင်စရာမလိုတော့ဘူး၊ ရဲရဲတင်းတင်း ဘောင်းဘီပြန်ဝတ် ခဲ့ကြပြန်တယ်။ ငါတို့စစ်တပ်၊ ငါတို့စစ်သားဆိုပြီး ရဲဆေးပြန်တင်ပေးခဲ့ပြန်တယ်။ ဆိုရှယ်လစ် စီးပွားရေးစနစ်ကနေ ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲလိုက်တဲ့အတွက် (စား)ကွက်တွေ ပိုပေါ်လာပါတယ်။

အမှန်တကယ် မြန်မာနိုင်ငံရဲ့ စစ်တပ်အခြေအနေကို အနုလုံ၊ပဋိလုံ လေ့လာကြည့်ရင် စစ်တပ်ဆိုတာ လက်နက်အားကိုးနဲ့ နယ်မြေသိမ်းထားပြီး အခွင်အရေးလိုချင်ရင် ငွေပေးဆိုတဲ့ တရားဝင် အေးဓါးပြ တိုက်စားနေကြတာပါပဲ။ အခွင့်အရေးပေးနိုင်တဲ့အာဏာက စစ်ဗိုလ်တွေလက်ထဲမှာပဲ ရှိတယ်မဟုတ်လား။ ရာထူးနဲ့အတူ အာဏာ ပါလာတယ်၊ ဒီအာဏာကြောင့် ငွေ ရတယ်လေ။

စစ်တိုင်းမှူးဆိုတာ စစ်တပ်ကိုအုပ်ချုပ်ရသလို၊ မိမိနယ်မြေအတွင်းမှာရှိတဲ့ စီးပွားရေး၊ သာသနာရေး၊ လူမှုရေး အားလုံးကို ကိုင်ရတယ်။ မိမိနယ်မြေထဲမှာတော့ မိမိဟာ ဘုရားငယ်ပဲလေ။ လက်လက်ညှိုးထိုးရာ (ရေ) ဖြစ်နိုင်တာကိုး ရာထူးရရင်၊ အာဏာရော၊ ငွေပါမရှားပေါ့၊ ရာထူးလိုချင်ရင်၊ ဗိုလ်ချုပ်သန်းရွှေနဲ့ စစ်တပ်အပေါ် သစ္စာရှိ၊ နောက်ဆုံးသစ္စာ (Loyalty)ကို (ရာထူး)၊ (အာဏါ)၊ (ငွေ)နဲ့ အလဲအလှယ်လုပ်တာပါပဲ။ ဒါကြောင့် ဗိုလ်ချုပ်သန်းရွှေလက်ထက်မှာ (လာဒ်)စားခြင်းဟာ မကောင်းမှုဒုစရိုက်မမြောက် စနစ်၏ အစိတ်အပိုင်း ယဉ်ကျေးမှုပင်ဖြစ်လာပါတော့တယ်။

ဒါကြောင့် ခိုင်းတာလုပ် စေရာသွား (ပစ်)ဆို(ပစ်) ငြိမ်ငြိမ်လေးထိုင်(စား) (သစ္စာ)သာရှိ ကိုယ့်အလှည့် ရောက်လာလိမ့်မယ်ဆိုတဲ့ တိုင်းပြည်ကို မိမိကိုယ်ကျိုးအတွက်(ရောင်းစား)တဲ့ (စနစ်) ဆိုးကြီးပါပဲ။ ဒီနည်းနဲ့ ဗိုလ်ချုပ်သန်းရွှေဟာ စစ်တပ်ကိုထိန်းထားတယ်လို့ပဲ သုံးသပ်ရမှာပါ။

စစ်သားတယောက်ရဲ့ သစ္စာဆိုတာကလည်း တိုင်းပြည်အပေါ်မဟုတ်(စစ်တပ်)နဲ့ (တပ်ချုပ်) ကြီးအပေါ် သစ္စာတည်ရမှာကိုး။ ဒီမှာသတိပြုစရာတခုရှိတာက ဗိုလ်ချုပ်နေဝင်း လက်ထက်က စစ်ဗိုလ်အများဟာ ဒီချုပ် (NLD) ဗိုလ်ချုပ်တင်ဦး၊ ဗိုလ်မှူးကြီးကြည်မောင်တို့လို တော်လှန်ရေးကာလမှာ စစ်ထဲဝင်ခဲ့ကြတဲ့ စစ်ဗိုလ်တွေဖြစ်တာကြောင့် တိုင်းပြည်ချစ်စိတ်ရှိကြသေးတယ် ခုခေတ်ဗိုလ်ချုပ်တွေက ဦးနေဝင်းရဲ့ မဆလခေတ်မှာမှ စစ်ထဲဝင်ခဲ့ကြတာကြောင့် စစ်ဗိုလ်ဆိုရင်အာဏာရှိတာ အစားရချောင်တာကြည့်ပြီး စစ်ထဲဝင်ခဲ့သူတွေများမှာပါ နောက်တက်မည့် စစ်ဗိုလ်ချုပ်တွေဆိုရင်(စား) ရအောင်သက်သက် ဝင်လာတဲ့ စစ်ဗိုလ်တွေဖြစ်ကြလိမ့်မယ်။

ဦးနေဝင်း လက်ထက်ကလည်း အလှည့်ကျ (နေရာ)ပေးပြီး နောက်ဆုံးထိပ်မှာ ဦးနေဝင်းပဲ ကျန်ခဲ့တာပါပဲ။ ဦးနေဝင်းလက်ထက်က စစ်တပ်မှာနေရာတွေရှိတယ် မဆလ ပါတီမှာနေရာတွေရှိတယ် အုပ်ချုပ်ရေးအတွက် ကောင်စီမှာနေရာတွေရှိတယ်။ ဗိုလ်ချုပ်သန်းရွှေလက်ထက်မှာ စစ်တပ်အာဏာနဲ့ပဲ အုပ်ချုပ်တာမို့ (နေရာ)သိပ်မရှိလှ။ ဒါကြောင့် စကခ (Military Operation Command) တို့ ဒကစ (Regional Operational Command) ဆိုတဲ့တပ်မအဆင့်ရှိတဲ့တပ်တွေကို ထပ်ချဲ့လာရတာပါ။

ခုတော့ ရာဇဝင်တပတ်ပြန်လည်လာပြီး မဆလခေတ်ကလိုပဲ (အရပ်သား) စစ်သားနဲ့ (စစ်တပ်)စစ်သားရယ်လို့ ခွဲခြားလိုက်ပြန်တာပေါ့။ စစ်သားဘဝပြောင်း အရပ်သားက ပါလီမန်ထဲမှာနဲ့ ဝန်ကြီးအဖွဲ့မှာနေရာယူကြ စစ်တပ်ထဲကစစ်သားကတော့ တပ်မှာနေခဲ့ ထိပ်ကဒီလူကြီးတွေကပဲ အာဏာယူ ထိန်းကျောင်းပေးသွားမှာပေါ့။
ဒီနေရာမှာ ဗိုလ်ချုပ်သန်းရွှေ သတိပြုမိလားမသိပါ။

တသက်လုံး အာဏာယူထားတဲ့ အာဏာရှင်မြောက်မြားစွာဟာ မိမိကိုဆက်ခံမဲ့လူရွေးရာမှာ အခက်တွေ့တတ်ကြတယ်။ မော်စီတုန်းဟာ ပထမလျူရှောက်ချီနောက် လင်ပြောင်နောက်ဆုံး ဘယ်ကမှန်းမသိတဲ့ ဟူဂိုဖန်း (Hua Guofeng)ကို ချောင်ထဲက ဆွဲထုတ်လာခဲ့ရတယ်။ မော်သေသွားအပြီး တိန်လျောက်ပိန်ကို ဥာဏ်ချင်းမယှဉ်နိုင်တော့ တိန်လျောက်ပိန်ပဲ အာဏာရခဲ့ရတယ် မဟုတ်ပါလား။

တိန်လျောက်ပိန် အလှည့်ရောက်တော့လည်း ဟူရောင်ဘန်း (Hu Yaobang)နောက် ကျောက်ဆီယန်း (Zhao Ziyang) ၂ ယောက်စလုံးကိုဖယ်ပြီးမှ နောက်ဆုံးချောင်ထဲက ရန်ဆီမင်း (Jiang Zemin)ကို ဆွဲတင်ခဲ့ရတယ် မဟုတ်ပါလား။

ဦးနေဝင်းကိုယ်တိုင် အသေအချာမသိတဲ့ ဗိုလ်ချုပ်သန်းရွှေကိုရွေးမိခဲ့လို့ အလောင်းတောင်မဆံ့တဆံ့ အခေါင်းထဲထည့်ခံရပြီး မြေမြှုပ်ခံခ့ရတယ်မဟုတ်ပါလား။

ဒါကြောင့် ဘုရားတဆူလောက်ဖြစ်အောင် ဝိုင်းကိုးကွယ်ခဲ့ကြတဲ့ မြောက်ကိုရီးယားကခေါင်းဆောင်ကြီး ကီအင်စွန်း (Great Leader)ဟာ သုံးလို့မရတဲ့ သားတော်မောင်ကို ခေါင်းဆောင်လေး (Dear Leader)အဖြစ် ဖန်ဆင်းခဲ့ပြီး တိုင်းပြည်ခေါင်းဆောင်တင်ခဲ့ရတယ် မဟုတ်ပါလား။ ထို့နည်းတူစွာ ကျူဗားမှ ကက်စရိုတောင် ညီကိုပဲအာဏါလွှဲရဲတာပဲ ကွန်မြူနစ်တွေလည်း ပဒေသရာဇ်ဖြစ်ကုန်ကြရရှာတာပေါ့။ ကျနော့် အမြင်အရတော့ ဗိုလ်ချုပ်သန်းရွှေဟာ ဦးနေဝင်းရဲ့ အမှားမျိုးမဖြစ်ရအောင် သတိရှိတယ် အမှားခံလိမ့်မယ် မထင်ဘူး။

ဦးနေဝင်းဟာ တသက်လုံးအာဏာရှိလာတော့ မင်းလုပ်အုပ်ချုပ်ရတာကို ငြီးငွေ့သွားပုံရတယ်။ လက်ဆင့်ခံ (proxy) တွေကတဆင့်ပဲ အုပ်ချုပ်တော့တယ်။ ဗိုလ်ချုပ်ကျော်ထင်၊ ဗိုလ်ချုပ်အေးကို၊ ဗိုလ်ချုပ်စိန်လွင်တို့ဆီက တဆင့်ခံပဲ လက်လွှဲအုပ်ချုပ်စေတော့တယ် တပ်ကိုဗိုလ်ချုပ်တင်ဦး (S2) လက်ထဲထားပြီး ထောက်လှမ်းရေးကို ဗိုလ်ချုပ်ခင်ညွန့်လက်ထဲထည့်ထား၊ တပ်ချုပ်နဲ့ ဒုတပ်ချုပ်တွေက နေရာရှိပေမဲ့ ပကတိအာဏာမရှိကြတော ဘယ်သူမှအာဏာကို မစုစည်းနိုင်အောင် လုပ်ထားတာပါပဲ။

သို့ပေမဲ့ဦးနေဝင်းဝဋ်လည်ချင်တော့ တပည့်ရင်းတွေက ဆရာထက်အရင် လူ့လောကကြီးကို ခွဲခွာသွားကုန်တော့ ဦးနေဝင်းစစ်တပ်ကို လက်လွတ်သွားတယ်။ ကျားသေကြီးလို ရိုးရိုအအ ဟန်ဆောင်နေတဲ့ ဗိုလ်ချုပ်သန်းရွှေဟာ တကယ်တော့ တခေါင်းလုံး (ဥာဏ်) ချည်းပဲဆိုတာ ဦးနေဝင်းမသိလိုက်ရှာဘူး။ နောက်ကျောကိုဓါးနဲ့ အထိုးခံရမှ ဓါပြမှန်းသိလိုက်ရတော့ နောက်ကျသွားပြီး ဝဋ်လည်တယ်လို့ပဲပြောရမှာပါ။ ဦးနေဝင်း ဘယ်လောက်ဒေါသထွက် ခံစားပြီးမှ အသက်ထွက်သွားရမှာလဲ။

ဒါကြောင့်ပြောရဲတယ် ဗိုလ်ချုပ်သန်းရွှေတဆင့်ခံ(proxy)နဲ့ ကိုင်မှာ မဟုတ်ဘူး။ စစ်တပ်ကို အနီးကပ် တိုက်ရိုက်ကိုင်မှာပဲ။ နောက် ဗိုလ်ချုပ်သန်းရွှေဟာ ရာထူးတွေမခွဲဝေခင် ဘယ်သူ့ကိုမှ အကုန်မပြောဘူး။ ထိပ်ပိုင်းဗိုလ်ချုပ်တွေတောင် ဗိုလ်ချုပ်သန်းရွှေ ဘာစီမံမယ်ဆိုတာ အတိအကျမသိကြရှာဘူး။ တယေက်ကို နည်းနည်းစီ တစိပ်စီပဲ အသိပေးထားတယ်။ ဒါ အာဏာရှင် ကျမ်းအခြေခံ ၁ဝ၁ ပဲ။

ဒီတော့မှ အာဏရှင်ကျမ်းမကျေတဲ့ ဗိုလ်ချုပ်တွေရဲ့ လက်ဝေခံစီးပွားရေးသမားတွေက ကျုပ်တို့ ဗိုလ်ချုပ်ကတော့ ဘာဖြစ်မှာ၊ ဘယ်လိုတော်တာ ချီးမွမ်းခန်းဖွင့်လိုက် ဆော်သြကြတော့တာပေါ့။ အမှန်က (ဟ) ပေးလိုက်တာပါ။ အာဏာရှင်အကြောင်း ကောင်းကောင်းနားလည်တာက တရုတ်ဝန်ကြီးချုပ်ချောင်အင်လိုင်းပဲ တရုတ်တွေဟာ ကွန်မြူနစ်ဆိုပေမဲ့ အနောက်တိုင်းယဉ်ကျေးမှုဖြစ်တဲ့ ဘောဒန့် (Ball-room-dance)ကို ခုံမင်ကြတယ်။

အထူးသဖြင့် ချောင်အင်လိုင်းဟာ သိပ်နှစ်သက်တယ် အကလည်းတော်တယ် ဒါပေမဲ့ က,နေတုန်း မော်စီတုန်းဝင်လာရင် ဝန်ကြီးချုပ်ပျောက်သွားပြီ မော်ကိုပြိုင်တယ် အထင်ခံရမှာစိုးလို့။ အာဏာရှင်အောက်မှာ တိတ်တိတ်လေးနေ ငြိမ်ငြိမ်လေးထိုင်နေတတ်သူဟာ နေရာရမယ်၊ နေရာမြဲမှာပဲ၊ အာဏာဆိုတာ တပ်မက်စရာကောင်းသလို ကြောက်စရာလည်း ကောင်းပါတယ်။ အခုလည်းမထင်သူတွေကို ဆွဲတင်လာတာပဲ မဟုတ်လား။

ဗိုလ်ချုပ်သန်းရွှေရဲ့စစ်တပ်မှာ ရာထူးမတက်နိုင်လို့ ပွက်စိပွက်စိအသံတွေ ထွက်လာတယ်မဟုတ်လား။ ခုတော့တပြုံကြီး ရာထူးတိုးပေးလိုက်တော့ ဗိုလ်ချုပ်သန်းရွှေကို ကျေးဇူးတင်လို့ဘယ်ဆုံးပါ့မလဲ ပါလီမန် သက်တန်းတခုတော့ စိတ်အေးနိုင်ပြီ။ ကျနော်ကတော့ နောက်တဆင့် စစ်ဗိုလ်တွေကို ဘယ်ပုံကိုင်မယ်ဆိုတာကို စိတ်ဝင်စားတယ်။

ဗိုလ်ချုပ်သန်းရွှေရဲ့ အဓိကအားနဲချက်က သူ့မိသားစုပဲလို့ထင်မိတယ်။ သူ့မိသားစုကို သူနိုင်ပုံမရဘူး။ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးမှာ မိသားစုပါလာရင် အန္တရာယ်ရှိနိုင်တယ်။ ဒါကြောင့် ဗိုလ်ချုပ်သန်းရွှေအတွက် အဓိကအရေးကြီးတာက သူမရှိတဲ့နောက်ပိုင်း သူ့မိသားစု လုံခြုံရေးနဲ့ ဥစ္စာတည်မြဲရေးအတွက်ပဲ ဖြစ်ရမယ်လို့ ကျနော် တွေးလို့ရတယ်။

ဒီအတွက်ပြင်ဆင်မှုလိုတယ်၊ အစီအစဉ်လိုတယ်၊ သူ့လိုလူမျိုးရွေးမိရင် အကျိုးနဲရချည်ရဲ့ ဝဋ်ဆိုကလည်း လည်တတ်တယ်မဟုတ်လား။ ကံလိုက်လာရင် ယတြာလည်းနိုင်ပါ့မလားမသိ။

ဗိုလ်ချုပ်သန်းရွှေဟာ စစ်တိုက်တာတော်ပုံမပေါက်ပေမဲ့ နိုင်ငံရေးကစားကွက်မှာတော့ (လျင်) တယ်လို့ အသိမှတ်ပြုရမယ်။ ဦးနေဝင်းလက်ထက်က တပါတီအာဏါရှင်စံနစ် ရှုံးစရာမရှိ။ အခုခေတ်က ပါတီစုံခေတ်။ ၁၉၉ဝ ရွေးကောက်ပွဲမှာ မလည်မဝယ်နဲ့ မလုပ်တတ်တော့ NLD နိုင်သွားတယ်။

လာပြန်ပြီ ပါတီစုံရွေးကေက်ပွဲ။ ဒီတခါတော့ NLD မဝင်ရင် နိုင်ချေရှိတဲ့ ပြိုင်ဘက်မရှိတော့။ ပထမဦးဆုံး အမာခံဦးဝင်းတင်ကို အစော ကြီးကြိုလွှတ်ပေးလိုက်တယ်။ တဘက်က အီးစီ အဖိုးကြီးတွေကို မျက်စပြစ်ပြလိုက်တယ်။ တဘက်နဲ့တဘက် ရန်စောင်ရင်း ကွဲသွားကြရင်အပိုဘောက်ဆူးပဲ။

တခါ ရွေးကောက်ပွဲဥပဒေကိုကိုင်ပြီး မာနကလေးတွေကို ကလိပေးလိုက်တယ် ဝင်ချင်ရင် အောက်ကျို့ပြီး ဝင်ကြလေ။ အီဖေကိုယ်ကတော့ စင်ပေါ်ကပဲ။ ဒီချုပ်မဝင်တော့ ဗြောင်မညစ်ရတော့ဘူးပေါ့။ ဇင်ဘာဘွေမှာလို ကြံ့ဖွတ်တွေနဲ့ ဝင်မရိုက်ရတော့ဖူးပေါ့။ ကျန်တဲ့ပါတီတွေကတော့ အသေးအဖွဲတွေပါ။

လိုရမယ်ရ ဥပဒေဘောင်အတွင်းက ရွေးကောက်ပွဲဝင်ခွင့် မှတ်ပုံတင်ကြေးကိုမြှင့်ထားလိုက်တယ်။ အုတ်ရောရော ကျောက်ရောရော ပါတီတွေဖေါင်းပွလာမှာစိုးလို့ (ငွေ)ဆိုတာက စစ်ဗိုလ်တွေဆီမှာပဲ ရှိတာမဟုတ်လား။

တချိန်ထဲမှာ ရွေးကောက်ပွဲဥပဒေနဲ့ ဒီချုပ် (NLD)ကို ဇာတ်သိမ်းလိုက်တယ်။ ၁၉၉ဝ ရလဒ်ကိုကိုင်ပြီး မကြွေးကျော်နိုင်အောင် ကြိုကန်ထားလိုက်တာ ပါတီစုံရွေးကောက်ပွဲ လုပ်ပေးတာပဲ ဒါပေမဲ့ ဥပဒေနဲ့ စည်းဝိုင်းကိုကျပ်လိုက်တော့ရလဒ်ကို (လို)သလို ပုံဖေါ်လို့ရနိုင်တာပေါ့။ ဥရောပ ကလူတွေက ငမ်းငမ်းတက်ဖြစ်နေပြီ။ နောက်ဆုံးအမေရိကန်လည်း ဆူပူအပြစ်ရှာရင်း အစိုးရသစ်ကို ပန်ကုံးလာစွပ် မှာပါပဲ။
ဗိုလ်ချုပ်သန်းရွှေအတွက်ကရှင်းတယ် မော်စီတုန်းပြောခဲ့တဲ့ “အာဏာဆိုတာ သေနပ်ပြောင်းဝက လာတာ” ဆိုတာကို ကောင်းကောင်းသဘောပေါက်တယ် ယုံကြည်ပုံလည်းရတယ်။

စစ်တပ်ကိုနိုင်အောင်ကိုင် (ဆူ)ရင် (ပစ်) ခိုင်း သစ္စာစောင့်ရင် (ဆု)ပေး၊ သစ္စာ ဖေါက်ရင် (ထုတ်) လွှတ်တော် ကြီးတွေဆောက် ရွှေရည်စိမ်ဒီမိုကရေစီပေးပြီး စစ်အာဏာရှင်စံနစ်ကို ခေါင်းပေါင်းဆောင်းပြီး တောင်ရှည်ဝတ်ခိုင်းမှာပဲ။ ဗိုလ်ချုပ်သန်းရွှေဆီမှာ အစီအစဉ်(Plan)ရှိတယ် (အချိန်)ကို (လက်နက်)အဖြစ်သုံး ပြီး အနိုင်ယူမှာပဲ လျော့မတွက်သင့်။ ကျနော်တို့ အတိုက်ခံတွေမှာကော ဗျူဟာတွေ၊ အစီအစဉ်တွေ၊ ရှိကြပါရဲ့လား။ အချိန်က လူကိုစောင့်မည်မဟုတ်ပါ။

ကမ္ဘာကျော်စစ်ဗျုဟာမှူး ဆန်ဇူးကပြောသွားခဲ့တယ် မဟုတ်ပါလား သင်၏ရန်သူကို သိအောင်လုပ်ပါ သင့်ကိုယ်သင်လည်း သိပါစေတဲ့။ စစ်သားကို ရင်ဆိုင်ချင်ရင်၊ စစ်သားတွေးလည်း တွေးတတ်ရမှာပေါ့၊ အာဏာဆိုတာ ကြောက်ဖို့အလွန်ကောင်းပေမဲ့ နိုင်ငံရေးမှာ နိုင်ငံရေးအာဏာမရှိပဲ နိုင်ငံကိုမထူထောင်နိုင် ပြန်ဘူး။ ဒီမိုကရေစီကို ပြန်မဖေါ်ထုတ်နိုင်ဘူး။ အာဏာရှင်အများဟာလည်း အာဏယကို လွယ်လွယ်နဲ့ လက်မလွှတ်လိုကြဘူး။

နိုင်ငံရေးမှာ စာအုပ်ကြီးတွေဖတ်ပြီး တရားသေမှတ်ထားလို့မရတာတွေရှိပါတယ်။ မာက်စ် (Karl Marx)ဟာ စက်မှုတော်လှန်ရေးဖြစ်ခဲ့တဲ့ အင်္ဂလန်ကို နောက်ခံထားပြီး သူ့ကျမ်းကြီးကိုရေးခဲ့တာပါ။

သခင်စိုးနဲ့ လက်ဝဲဝါဒသမားတွေဟာ ဒီလက်ဝဲကျမ်းကြီးတွေကိုဖတ်ပြီး စက်မှုလက်မှု မတိုးတက်သေးတဲ့မြန်မာ နိုင်ငံမှာ ပစ္စည်းမဲ့တော်လှန်ရေးကြီးကို အတင်းအဓမ္မဆင်နွှဲဖို့ ကြိုးစားကြတာကြောင့် မအောင်မြင်ခဲ့ကြရှာဘူး။ စိတ်ကူးယဉ် နိုင်ငံရေးသမားတွေအဖြစ် ဇာတ်သိမ်းခဲ့ကြရရှာတယ်။

ဗိုလ်ချုပ်အောင်ဆန်းတို့လည်း ဒီလက်ဝဲကျမ်းကြီးတွေကိုဖတ်တာပဲ ဒါပေမဲ့ ဥာဏ်ရှိတော့ တယူသန် ဝါဒစွဲသမားတွေ မဖြစ်ခဲ့ကြဘူး။ ဗိုလ်ချုပ်အောင်ဆန်းတို့က ရိုးရိုးလေးတိုင်းပြည်ချစ်စိတ်ကို အခြေခံပြီး လွပ်လပ်ရေးရရှိရေးကိုပဲ စူးစူးစိုက်စိုက် ဆောင်ရွက်ခဲ့တာကြောင့် အောင်ပွဲခံခ့ကြရတယ်။ လက်တွေ့ နိုင်ငံရေးသမားတွေလို့ ပြောလို့ရမယ်ထင်ပါတယ်။

မော်စီတုန်းဟာ လက်ဝဲကျမ်းကြီးတွေ ပြီးပြည့်စုံအောင် မဖတ်ဖူးရှာပါဘူး။ သို့သော် စက်မှုလက်မှု မတိုးတက်သေးတဲ့ တရုတ်နိုင်ငံမှာ ဆင်ရဲသားလယ်သမားကိုပဲ အားကိုးရမယ်ဆိုတာကို သဘောပေါက်တယ်။ ဒါကြောင့် (နယ်) ကိုသိမ်း (မြို့)ကိုဝိုင်း ဆိုတဲ့ ဗျူဟာကိုဖေါ်ထုတ်နိုင်ခဲ့လို့ အောင်မြင်ရုံမက ကမ္ဘာကျော်ခဲ့ရတယ်။

စာအုပ်တွေမှာဖေါ်ပြကြတဲ့ (မူ)တွေက သီအိုရီတွေများပါတယ် မိမိတိုင်းပြည်အခြေအနေနဲ့လည်း ကိုက်ဖို့ သတိရှိရပါမယ်။ နိုင်ငံရေးဆိုတာ(မူ) ကြီးကိုအသေကိုင်စွဲပြီး စိတ်ကူးယဉ်နေလို့မရပါဘူး။ လက်တွေ့ကျဖို့လည်း လိုလိမ့်မယ်ထင်တယ်။ ကျနော့် ထင်မြင်ချက်ကိုပြောရမယ်ဆိုရင် (ခံ)ရဲတာ (သေ)ရဲတာပဲ (သတ္တိ)လို့ မပြောနိုင်ပါဘူး။ (သတ်)ရဲတာလည်း (သတ္တိ)ပါပဲ (တိုက်) စစ်ဟာအကောင်ဆုံး(ခံ)စစ်လို့ ဆိုကြတယ် မဟုတ်လား။ ကျနော့်အမြင် သက်သက်ပါ။

မြန်မာပြည်ကြီး စစ်အာဏာရှင်အောက်က လွတ်ကင်းပါစေသား
ဘိုဘိုကျော်ငြိမ်း
ဇင်းမယ်
http://www.mizzimaburmese.com/edop/songpa/5945-2010-08-30-12-06-07.html

စစ်အစိုးရ အနာဂတ် မရေရာ၍ အရာရှိကြီးများ လျှို့ဝှက်ရန်ပုံငွေများကို ဘေးဆီးရန်ကာ လုပ်နေကြ


ဘန်းစမစ် (Bern Smith) | တနင်္လာနေ့၊ သြဂုတ်လ ၃၀ ရက် ၂၀၁၀ ခုနှစ် ၁၂ နာရီ ၅၅ မိနစ်



မြန်မာအစိုးရအကြီးတန်း အရာရှိကြီးများသည် သူတို့ပိုင်ငွေကြေးပစ္စည်းအားလုံးကို နိုင်ငံခြားဘဏ်များတွင် သိုဝှက် သိမ်းဆည်းနေကြပြီ ဖြစ်သည်။ ဤအချက်က စစ်အစိုးရ၏ အနာဂတ်အပေါ် စိတ်မချတော့၍ အတွင်းလူများကိုယ်တိုင်က ခုလိုဘေးဆီးရန်ကာ လုပ်နေကြတာထင်ရှားနေသည် ဟု လူသိများသော သြစတြေးလျလူမျိုး မြန်မာ့စီးပွားရေး သုတေသီတဦးက ပြောဆိုလိုက်သည်။
Onion-2s

ကြက်သွန်ကို နိုင်ငံခြားတင်ပို့ခွင့်ပိတ်လိုက်၍ ရန်ကုန်မြို့ရှိဈေးတခုတွင် ကြက်သွန်အိတ်များ စုပုံနေသည်ကို မြင်ရပုံ။ ယင်းသည် အာဏာရဗိုလ်ချုပ်ကြီးများ၏ `ရူးသွပ်မှု´ ကို ပြသည့်နောက်ထပ် ဥပမာတခုပင်ဖြစ်သည်ဟု သြစတြေးလျလူမျိုး မြန်မာ့စီးပွားရေးသုတေသီ ရှောင်တားနဲလ် (Sean Turnell) က ပြောသည်။ ပြည်တွင်းပစ္စည်း ပြတ်လပ်မှု ဖြစ်မည်စိုးကာ ယခုကဲ့သို့ ပြည်ပပို့ခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ (ဓါတ်ပုံ-မဇ္ဈိမ)

ဤအရာရှိကြီးများသည် မြန်မာ့အာဏာရ အဝန်းအဝိုင်း အတွင်း သူတို့မိသားစုဘဝများ လုံခြုံရေးအတွက် ယခုကဲ့သို့ လုပ်ဆောင်နေကြခြင်း ဖြစ်သည်ဟု ပါမောက္ခ ရှောင်တားနဲလ် ကပြောသည်။

မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ ဥက္ကဋ္ဌကလည်း အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီတွင် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုနှင့်စပ်လျဉ်း၍ သွားရောက်မိန့်ခွန်း ပြောကြားခဲ့သည်။ သူသည် ဤကိစ္စကို နှစ်နှစ်ကာကာ ယုံကြည်သူဖြစ်သည်။

သြစတြေးလျဗဟိုဘဏ် လေ့လာသုံးသပ်သူဟောင်း တဦးကလည်း အာဆီယံ၊ အိန္ဒိယ၊ တရုတ်တို့ကို စစ်အစိုးရ ပြုပြင်ပြောင်းလဲရေးအတွက် သိပ်မျှော်လင့်၍မရကြောင်း၊ သို့သော် စစ်အုပ်စုအတွင်းမှပင် ဤပြုပြင်ပြောင်းလဲမှုများ ပေါ်ထွက်လာမည့် မျှော်လင့်ချက်ရှိနေသည်ဟု ပြောကြားခဲ့သည်။

`အခုလောလောဆယ်ဖြစ်နေတဲ့ တချို့အဖြစ်အပျက်တွေက သိပ်ပြဇာတ်ဆန်တယ်။ စစ်အစိုးရထဲမှာလဲ ယိုပေါက်ဟာပေါက်တွေ အတော်လေးရှိနေတာပဲ။ ဒါပေမဲ့သူတို့က အသာစီးရနေတာ´ ဟု သူကပြောသည်။

နောက်လတွင် ကွန်ဂရက်လွှတ်တော်အမတ်များနှင့်တွေ့ရန် ဝါရှင်တန်သို့သွားရောက်မည့် တားနဲလ်က မြန်မာ့စစ်အစိုးရအတွင်း အကြီးတန်းအရာရှိကြီးများ `သွေးရူးသွေးတန်း´ဖြစ်နေကြပြီဟု ယုံကြည်နေသည်။
`ရွေးကောက်ပွဲနီးလာတာနဲ့အမျှ အားလုံးပြောနေသလိုပဲ ဒီရွေးကောက်ပွဲဟာ အတုအယောင်ပဲဖြစ်မယ်ဆိုတာ ထင်ရှားလာတယ်။ အကြီးတန်းဗိုလ်ချုပ်အများစုကတော့ သူတို့လိုချင်တာရနေတုန်းပဲ´ဟု သူက ဆစ်ဒနီမြို့ရှိ သူ့အိမ်မှပြောကြားခဲ့သည်။

ဤအဓိကပုဂ္ဂိုလ်ကြီးများကို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ၁၉ဝဝ စုနှစ်များအတွင်း အမေရိကန်နိုင်ငံတွင် တွေ့မြင်ရခဲ့သည့် အဖြစ်အပျက်များလိုပင် မြန်မာ့လူ့အဖွဲ့အတွင်း ထင်ရှားကြီးထွားလာနေသည့် `ဓါးပြဂိုဏ်း´ ဟု သူကပြောသည်။

အမေရိကန်တွင်လည်း စီးပွားရေးသမားများ ငွေအစုလိုက်အပုံလိုက် စုဆောင်းမိခဲ့ကြသည်။ သို့သော် တဘက်မှလည်း အမျိုးသားအမွေအနှစ် အဖွဲ့အစည်းများဖြစ်ကြသော စာကြည့်တိုက်များ၊ ဖောင်ဒေးရှင်းများနှင့် အခြေခံအဆောက်အဦများဖြစ်သော ရထားလမ်းများလည်း ပေါ်ထွက်လာခဲ့သည်။ ထိုခေတ်က အပြုသဘောဆောင်သော ဘေးထွက်အကျိုးများပင်ဖြစ်သည်။

သို့သော်မြန်မာနိုင်ငံတွင်မူ ပကတိအခြေအနေက ပို၍ပင် မျှော်လင့်ချက်မဲ့သေးသည်ဟု တားနဲလ်က ပြောသည်။ `လွန်ခဲ့တဲ့ခြောက်လအတွင်း ကျနော်တို့ တကယ်တမ်းမြင်ခဲ့ရတာကတော့ စီးပွားရေး ရာဇဝတ်ဂိုဏ်းကြီးတွေ ကြီးထွားလာတာပဲ။ ပုဂ္ဂလိကပိုင်ပြုလိုက်တာဟာ တကယ်တမ်းကျတော့ စီးပွားရေးအဆောက်အဦကြီး တခုလုံးကို မြန်မြန်ကြီး ရာဇဝတ်ဂိုဏ်းကြီးဖြစ်အောင် လုပ်လိုက်သလိုပါပဲ´။

`သူတို့ဟာ မာဖီးယားဂိုဏ်းတွေလို ကိုယ့်ကိုယ်ကိုယ် ပိုကာကွယ်လာကြတယ်။ ဒီလိုနဲ့ အမျိုးသားရေး စိတ်ပြင်းထန်တဲ့ စတာလင်ပုံစံ အာဏာရှင်နိုင်ငံကို ရာဇဝတ်ဂိုဏ်းစီးပွားရေး အဆောက်အဦကြီးဖြစ်အောင် မြန်မြန်ကြီး ပြောင်းလဲပစ်လိုက်တယ်။ ဒီလိုနေရာတွေမှာ ဖွံ့ဖြိုးဆဲ စီးပွားရေးနိုင်ငံတွေမှာလို မဟုတ်ဘဲ တသီးပုဂ္ဂလ ပုဂ္ဂိုလ်တယောက်က ပိုပြီးစွမ်းဆောင်နိုင်တယ်´ ဟု သူကပြောသည်။

ဒီတော့ စစ်အစိုးရနဲ့ `အကပ်´ရှိတဲ့သူက တပန်းသာတယ်၊ အခွင့်ထူးတွေရနိုင်တယ်၊ လုပ်ကွက်တွေ ရနိုင်တယ်။ ဒီလိုနဲ့ ဒါကိုပဲ အဓိကထားလုပ်ရင်း ကွာခြားမှုက ကြီးလာတာပဲ။

`ကျနော်တို့ပြောနေတာ ဟွန်ဒိုင်းကားတစီး၊ ဒေဝူးကားတစီးရဖို့ ပြောနေတာမဟုတ်ဘူး´ဟု တားနဲလ်က လစ်ဘရယ်စီးပွားရေးပညာရှင်များ ပြောလေ့ရှိသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာလျှင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့လည်း ဖြစ်ထွန်းလာလိမ့်မည်ဟူသောအဆိုကို ချေပပြောဆိုသွားခဲ့သည်။ `ဒီလူ (စစ်အစိုးရထံမှ အခွင့်ထူးခံစားရသူတွေ) ဟာ တီထွင်သူတွေလဲမဟုတ်၊ ထုတ်လုပ်သူတွေလဲ မဟုတ်၊ ရိုးရိုးလေးပဲ ကိုယ်ကျိုးအတွက် ဗိုလ်ချုပ်တွေဆီက အခွင့်အရေး တောင်းနေသူတွေပဲ´ ဟု သူကပြောသည်။

ဒီမှာသူတို့အခွင့်အရေးတွေကိုတောင်းဆိုမဲ့ လူလတ်တန်းစားလဲ ရှေ့တန်းကိုထွက်လာနိုင်မှာမဟုတ်ဘူး။ အသစ်တွေ့ရှိလာတဲ့ စားသုံးသူအခွင့်အရေးကို တောင်းဆိုကျင့်သုံးနိုင်မဲ့သူလဲ မဟုတ်ဘူး ဟု သူကပြောသည်။
ပြည်တွင်းပစ္စည်းပြတ်မှာစိုး၍ဟုဆိုကာ ကြက်သွန်နီတင်ပို့မှုကို မကြာမီကပိတ်ပင်ခဲ့သည့် စစ်အစိုးရ၏ ဆုံးဖြတ်ချက်ကို ဗိုလ်ချုပ်ကြီးများ၏ ရာဇဝဝင်တွင်သည့် `ရူးသွပ်မိုက်မဲမှု´အဖြစ် တားနဲလ်က ထုတ်ဖော်ပြောဆိုသည်။

`လယ်သမားတွေက စာချုပ်ချုပ်ပြီးလုပ်တာ၊ ဒီစာချုပ်အရ သူတို့ဘက်က လုပ်ပေးရမှာတွေရှိတယ်။ ခုတော့ ဗိုလ်ချုပ်ကြီးတွေရဲ့ ဆုံးဖြတ်ချက်ကြောင့် စာချုပ်ချိုးဖောက်ရမဲ့ အခြေအနေတွေဖြစ်နေတယ်။ ပြီးတော့ အလားအလာရှိတဲ့ စီးပွါးရေးလုပ်ငန်းတခုလဲ ရိုက်ချိုးခံလိုက်ရတာပဲ´ ဟုလည်း သူကဆက်လက်ပြောဆို ခဲ့သည်။

သူကယခု ကြက်သွန်နီတင်ပို့မှု ပိတ်ပင်ခြင်းကို ယခင်နှစ်အနည်းငယ်က ပဲမျိုးစုံတင်ပို့မှု ပိတ်ပင်ခဲ့မှုနှင့် နှိုင်းယှဉ် ပြောဆိုသည်။ ထိုသို့ပြည်ပတင်ပို့မှု ပိတ်ပင်လိုက်၍ ပဲဈေးကွက်ပျက်သွားသောအခါ ဗိုလ်ချုပ်ကြီးများက အသာလွှတ်ပေးထားလိုက်ပြန်သည်။ ဒီလိုနှင့် ပဲဈေးကွက်လည်း လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း တစုံတရာ ပြန်ကောင်းလာခဲ့သည်။

`စိုက်ပျိုးထုတ်လုပ်သူတွေအတွက် အခြေပျက်မသွားရုံလေး လုပ်နေရုံကလွဲလို့ တခြားလုပ် စရာမရှိဘူး´ ဟုလည်း သူကဆိုသည်။

ဖွံ့ဖြိုးလာရင် မြန်မာပြည်သူတွေအတွက် အခွင့်အရေးတွေ ပိုရလာမယ်၊ အချိန်ကြာလာတာနဲ့အမျှ ပိုမိုညီမျှတဲ့ စနစ်တရပ်လဲ ပေါ်ထွန်းလာလိမ့်မယ်ဆိုတဲ့ အဆိုကိုလဲ တားနဲလ်က ညည်းညူပြောဆိုခဲ့သည်။ `တကယ်တမ်း ဖွံ့ဖြိုးတိုးတက်လာတာဆိုရင်တော့ ဟုတ်ပါတယ်။ ဘာမှမဖြစ်တာနဲ့စာရင် ဒီလောက်ဖြစ်လာတာက တော်သေးတာပေါ့လို့ ပြောရမှာပေါ့။ ဒါပေမဲ့ ဒီဖွံ့ဖြိုးမှုဆိုတာက တကယ်ဖြစ်နေတာမဟုတ်ဘူး´ ဟု သူကပြောသည်။
http://www.mizzimaburmese.com/news/business/5942-2010-08-30-06-44-19.html