Wednesday, September 1, 2010

လူထုပူးပေါင်းပါဝင်တဲ့ဒီမိုကရေစီစက်ဝိုင်းများ


ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မည့်အုပ်စု နဲ့ ရွေးကောက်ပွဲ ကို သပိတ်မှောက်မည့် အုပ်စုနှစ်ခုလုံးမှာ တူညီစွာနားလည်နေတဲ့အချက်တချက်ရှိတယ်။

အဲ့ဒါကတော့ လူထု ဟာ နိုင်ငံရေးလှုပ်ရှားမှုထဲမှာ ပါဝင်မှုမရှိရင်၊ ပြိုင်ဘက်အတိုက်အခံစစ်အုပ်စုကို ယှဉ်ပြိုင်ဖို့ အတွက် ခက်ခဲတယ် ဆိုတဲ့

အချက်ဖြစ်တယ်။ တချို့က လူထုဟာ နိုင်ငံရေးကိုကြောက်နေတယ်။ ဖိနှိပ်မှုကိုကြောက်နေတယ် လို့ ဆိုတယ်။ ဖြစ်နိုင်တာပေါ့။

ဒီလောက်ရက်စက်ယုတ်မာတဲ့ အစိုးရအောက်မှာ လူထုဟာ ကြောက်ရွံ့မှုရှိနိုင်ပါတယ်။ လူထုပါဝင်လာနိုင်တဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို

အကြောင်း ကို ကျနော်တို့ ဆွေးနွေးဖို့လိုအပ်လိမ့်မယ်ထင်ပါတယ်။

(၁)

မကြာသေးခင်တုန်းက ကျနော့ကို ပြည်တွင်းမှာရှိတဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုမှာပါဝင်ပတ်သက်နေသူလူငယ်တဦးက

“ပြည်သူတွေကလည်း ဒီလောက်လှုံ့ဆော်နေတာတောင် မတက်ကြွကြဘူးဗျာ” လို့ ညီးတွားရင်ဖွင့်ရှာတယ်။

“ ပြည်သူကို ပါဝင်လာဖို့ဆိုတာ စတိတ်မန့်ထုတ်၊ စာရွက်ကြဲ၊ ပြည်ပက လူတွေနဲ့ ဆက်သွယ်ပြီး သတင်းရောင်းစားနေတဲ့အဆင့်ကို ကျော်တက်နိုင်မှသာ ဖြစ်နိုင်မယ်” လို့ ပြန်ပြီး ဆွေးနွေးမိတယ်။ အင်တာနက်တွေမှာ အချိန်ပေးပြီး နိုင်ငံတကာကို သတင်းပေးပို့နေဖို့

လိုသလို၊ ပြည်သူတွေဆီမှာ မြှုပ်နှံဖို့လိုအပ်မယ်။ သတင်းသမားတွေနဲ့ နိုင်ငံရေးသမား တွေကြားမှာ ဟန်ချက်မညီတော့ဘူးဆိုရင်တော့ သားလျောကျမဲ့အရောင်တော်လှန်ရေးက လွဲလို့ဘာမှဖြစ်လာနိုင်မယ်မထင်ဘူး။

ဒီနေရာမှာ ရှစ်ဆယ့်ရှစ်အရေးတော်ပုံ နဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးရဲ့ကွာခြားမှုကို နည်းနည်းဆွေးနွေးကြည့်ချင်ပါတယ်

ရှစ်လေးလုံးအရေးတော်ပုံ ရဲ့ အရှိန်ကို ကျနော်တို့ဒီမိုကရေစီအင်အားစုတွေ နှစ်အတော်ကြာထိန်းထားနိုင်ခဲ့ကြပေမဲ့၊

၂၀၀၇ လှုပ်ရှားမှုကတော့ ရှစ်လေးလုံးအရေးတော်ပုံ လို ကြာရှည်ထိန်းမထားနိုင်ခဲ့ဘူး။ ဘာကြောင့်လည်း။

၁၉၈၈ အရေးတော်ပုံမတိုင်ခင်တုန်းက၊ မြေအောက်လှုပ်ရှားမှုမှာ ပါဝင်ပတ်သက်နေတဲ့သူတွေက ဒေသအနှံ့အပြားမှာ မြှုပ်နှံထားခဲ့တယ်။

သူတို့က လူထုနဲ့အတူနေထိုင်တယ်။ ဘဝပေါင်းများစွာကို နာမည်မျိုးစုံ နဲ့ ရှင်သန်ကြတယ်။ ရုန်းကန်ကြတယ်။

လူထုကို ပညာပေးနိုင်တဲ့အရာဆိုလို့ စာပေမဂ္ဂဇင်း ပဲ ရှိတယ်။ တခါတလေ ဘီဘီစီ ကို အသုံးပြုနိုင်တယ်။

မြေအောက်ကနေ ကေဒါတွေကို စနစ်တကျမွေးထုတ်တယ်။ ဒါကြောင့်လည်း ပထမတန်းစားခေါင်းဆောင်တွေထောင်ကျသွားတဲ့အခါ၊

ဒုတိယတန်းစား၊ တတိယတန်းစားခေါင်းဆောင်တွေ က နေရာဝင်ယူခဲ့ကြတယ်။

(၂)

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလအပြီး၊ ဒီမိုကရေစီရေးလှုပ်ရှားမှုကို ဦးဆောင်ပါဝင်နေဆဲဖြစ်တဲ့ ကျောင်းသားတချို့နဲ့ ဒီမိုကရေစီရေး

လှုပ်ရှားသူတွေရဲ့ ပုံသဏ္ဍန်တွေကတော့ လူတန်းစားတရပ်လိုဖြစ်လာတယ်။ ပြည်ပနဲ့ဆက်တယ်။ ငွေကြေးအများအပြားယူမယ်။ သတင်းရောင်းစားမယ်။ တခါတလေ မဲဆောက်ကိုထွက်ပြီး အင်တာဗျုးမယ်။ လူထုကို အပေါ်စီးကနေ လှုံ့ဆော်အမိန့်ပေးမယ်။

အမှန်က နိုင်ငံအနှံ့အပြားမှာရောက်နေတဲ့ ကျောင်းသားတိုင်းမှာ သူ့နည်းသူ့ဟန်ဆက်သွယ်လှုပ်ရှားနေတဲ့

သူငယ်ချင်းတွေရှိနေတော့ ဘယ်သူဘယ်ရောက်နေတယ်။ ဘာလုပ်နေတယ် ဆိုတာ သိနေကြတယ်။

တယောက်နဲ့တယောက်က လိမ်လို့မရတော့ဘူး။ မဲဆောက်ကနေထိုင်ပြီး ပြည်တွင်းမှာပုန်းအောင်နေသလိုလို၊

အင်တာဗျုးတာတွေလုပ်၊ မရှိတဲ့ ကောင်မလေးတွေနာမည်ကို အမည်ပေးအင်တာဗျုးခိုင်းတာတွေ --စတဲ့ ပုံသဏ္ဍန်တွေဟာ

ဒီမိုကရေစီလှုပ်ရှားမှုကို လိမ်လည်လှည့်ဖျားနေတဲ့ အရာတွေဖြစ်တယ်။ လိုအပ်တာထက်ပိုတဲ့ ထင်ရောင်ထင်မှားရှုပ်ထွေးမှုတွေ

ပေါ်အောင်လုပ်တာ ဟာ မလုပ်ကောင်းပါဘူး။ အထက်မှာ ပြောခဲ့တဲ့ လူငယ်တဦးက အဲ့သလို လုပ်နေတဲ့ မိတ်ဆွေတွေ နဲ့

ရင်းနှီးကျွမ်းဝင်နေတဲ့၊ ပတ်သက်ဆက်နွယ်နေတဲ့ ညီငယ်တယောက် ဖြစ်ပါတယ်။ သူကိုယ်တိုင် ကလည်း စိတ်ညစ်ပြီး

ပြည်တွင်းကို ပြန်ခဲ့ရတယ် လို့ဆိုတယ်။ ကျနော့် ဆန္ဒကတော့ ဒီလိုလုပ်နေတဲ့ ပုံသဏ္ဍန်တွေကို ပြုပြင်စေချင်တယ်။

ဒါကြောင့်လည်း ပွင့်ပွင့်လင်းလင်းဝေဖန်ခဲ့တာပါ။ ဘယ်သူ့ကိုမှထိခိုက်ဖို့မရည်ရွယ်ပါ။ အထက်မှာ ဆိုခဲ့သလိုပါပဲ။ လူတချို့ကိုပြောခြင်းဖြစ်ပါတယ်။

နယ်စပ်မှာ တကယ်လုပ်ကိုင်နေသောသူများကို မဆိုလိုပါ။ ၁၉၈၈ အရေးတော်ပုံဖြစ်ခဲ့တယ်ဆိုတာ ပြည်သူကြားမှာ နှစ်အတော်ကြာမြှုပ်နှံပြီး၊

လူထုပညာပေးလုပ်ငန်းတွေ၊ လူမှုရေးလုပ်ငန်းတွေ တက်တက်ကြွကြွလုပ်ကိုင်ခဲ့ကြတဲ့၊ နိုင်ငံရေးသမားတွေရှိနေခဲ့ကြ လို့ပါ။

ပြည်သူလူထုကြားမှာနေထိုင်ခြင်း အလုပ် ( ဒီကနေ့ ဆရာဦးဝင်းတင် နဲ့ ဦးတင်ဦး တို့ လုပ်နေတဲ့အလုပ်) ကို လူငယ်ခေါင်းဆောင်တွေ

အရှိန်ကောင်းကောင်း ဆက်လက်လုပ်ဆောင်မှသာ ကျနော်တို့လိုချင်တဲ့ လှိုင်းတခုကို ဖန်တီးနိုင်ကြပါလိမ့်မယ်။

ဒီတပတ်မှာတော့ အိန္ဒိယ နိုင်ငံ၊ ရာဂျက်စတန်ဒေသဆီမှာ လူထုကို လှုပ်ရှားမှုထဲပါဝင်လာအောင် ကြိုးစားခဲ့ကြတဲ့ MKSS အမျိုးသမီးကြီးတွေရဲ့

လှုံ့ဆော်မှုတွေ၊ လုပ်နည်းလုပ်ဟန်တွေကို ဆွေးနွေးထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစကားကို ဂုဏ်ပြု ရေးသားတဲ့ဆောင်းပါးတပုဒ်

ဆိုရင်လည်းမမှားပါဘူး။ လွတ်လပ်တဲ့ အာရှအသံရဲ့ အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ ဆွေးနွေးဖြစ်ခဲ့တဲ့ ဆောင်းပါးလေးတခုပါ။

လူထုပူးပေါင်းပါဝင်တဲ့ ဒီမိုကရေစီစက်ဝိုင်းများ

အိန္ဒိယနိုင်ငံ ရာဂျက်စတန်ဒေသဟာ မိုးခေါင်ခြောက်သွေ့တဲ့ ဒေသဖြစ်တာကြောင့် ငတ်မွတ်ခေါင်းပါးမှုကို မကြာခဏ ရင်ဆိုင်ခဲ့ကြရပါတယ်။

မိုးကျ တဲ့ ရာသီမှာ ဆိုလည်း ရွေးချယ်စရာမရှိဘူး။ ရှိတဲ့အလုပ်ကို လုပ်ချင်လုပ် ၊ ဒါမှမဟုတ် အခြားဒေသတွေကိုပြောင်းရွေ့

အလုပ်ရှာချင်ရှာဆိုတဲ့အရာနှစ်ခုသာရှိပါတယ်။ ယောင်္ကျားတွေက တခြားနယ် မှာ အလုပ် ထွက်လုပ်ကြလေ့ရှိပြီး၊

အမျိုးသမီးတွေက အစိုးရကလာဖွင့်ပေးတဲ့ လမ်းတံတားရှင်းလင်းရေး၊ ဆည်မြောင်းဆောက်လုပ်တူးဖော်ရေး၊ ရေတွင်းတူး၊

တာရိုးဖို့--စတဲ့ လူမှုကယ်ဆယ်ရေးအလုပ်ဋ္ဌာနတွေမှာ ဝင်ရောက် လုပ်ကိုင်ကြရတယ်။ ယောင်္ကျားအများစု က တခြားနယ်တွေဆီ

ထွက်သွားအလုပ်လုပ်ကိုင်နေကြတာကြောင့် အဲ့ဒီနေရာတွေကို အမျိုးသမီးတွေအများအပြားဝင်ရောက်လုပ်ကြတယ်။

ဒါပေမဲ့ အာဏာပိုင်တွေဈေးသတ်မှတ်ထားတဲ့ အနိမ့်ဆုံးလုပ်ခ ကိုလည်း မရခဲ့ကြပါဘူး၊

လုပ်ခတောင်းတဲ့ အခါ အလုပ်ကောင်းကောင်းမလုပ်ဘူး ဆိုပြီး ငြင်းပယ်ခံရ၊အလုပ်ထုတ်ခံရတယ်။

အလုပ်ထုတ်ခံရခြင်းရဲ့အကြောင်းအရာကို ပြန်မေးတဲ့ အခါ အာဏာပိုင်တွေက အလုပ်ခွင်တိုင်းတာမှုမှတ်တမ်းစာအုပ် ကို ကြည့်ပြီး၊ အလုပ်လုပ်ကိုင်မှုအရည်အချင်းညံ့ဖျင်းတဲ့အတွက် အလုပ်ကထုတ်ပယ်တာဖြစ်တယ်လို့ဖြေကြားလေ့ရှိပါတယ်။

အလုပ်ထုတ်ခံရတဲ့ အမျိုးသမီးတွေဟာ မခံမရပ်နိုင်ဖြစ်ပြီး မှတ်တမ်းကို ကြည့်ချင်တယ် လို့ ပြန်လှန်ပြောတဲ့အခါ မှတ်တမ်းစာအုပ်ကို ပြလေ့မရှိပါဘူး။ ဒါ့အပြင် အခြေခံ နေထိုင်မှုစရိတ်တွေ၊ ဗဟိုအစိုးရ မှ ထောက်ပံ့ပေးတဲ့ အစားအသောက်ခွဲတန်းတွေ၊

ကျန်းမာရေးဋ္ဌာနဆီက ရသင့်တဲ့ဆေးဝါးကုသကုသမှုတွေအတွက် ဆွေးနွေးဖို့သွားရောက်ကြတဲ့အခါတိုင်း ရဲတွေက နှောက်ရှက်

တားဆီးကြတယ်။ တခါတလေ နှောင့်နှေးကြံ့ကြာအောင်ပြုလုပ်ကြတယ်။

ကျမတို့ရဲ့ ရှင်သန်မှုအတွက် ကျမတို့ကိုယ်တိုင် ရုန်းကန်တိုက်ပွဲဝင်မှဖြစ်တော့မယ်။ အိန္ဒိယဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၁) မှာ

လွတ်လပ်စွာပြောဆိုစည်းရုံခွင့်သာ မက ဘူး။ တရားမျှတမှုအခွင့်အရေး ကို လူတိုင်းရသင့်တယ်ဆိုတဲ့ အဓိပ္ပါယ်လည်းပါတယ်လေ။

အစိုးရ ကို ပြည်သူတွေပိုင်တယ်။ ဘယ်သူတဦးတယောက်ကမှ ပိုင်တဲ့အဖွဲ့မဟုတ်ဘူး။ ကျမတို့ရဲ့ ငွေ၊ ကျမတို့ရဲ့စာရင်းဇယားတွေအတွက် ကျမတို့မှာ သတင်းအားလုံးကို သိပိုင်ခွင့်ရှိတယ်။ ဒါဟာ ကျမတို့ ရှင်သန်မှုရဲ့ရပိုင်ခွင့် အခွင့်အရေးဖြစ်တယ် ဆိုတဲ့ ကြွေးကြော်သံတွေကို တဆင့်ပြီးတဆင့် မြှင့်တင်လှုံ့ဆော်လိုက်ကြတယ်”

Mazdoor Kisan Shakti Sangathan ( MKSS) လို့ခေါ်တဲ့ အမျိုးသမီးအဖွဲ့က သတင်းအချက်အလက်တွေ ကို သိရှိပိုင်ခွင့် ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ ရာချက်စတန်ဒေသကို ၁၉၉၆ ခုနှစ်ကစပြီး လှုပ်နိုးလိုက်ပါတယ်။ သူတို့ရဲ့ပြည်နယ်တွေနဲ့ ပတ်သက်တဲ့

မူဝါဒရေးရာတွေကို အစိုးရက ရေးဆွဲနေချိန်မှာ အမျိုးသမီးကြီးတွေက တရားမျှတတဲ့ကြားနာမှုတွေ၊ အမြင်တွေကို ထည့်သွင်းစဉ်းစားပေးဖို့အတွက်

သူတို့ရဲ့ဆန္ဒတွေကိုထုတ်ဖေါ်ပြောကြားပြီး ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတခုကို တည်ဆောက်ဖို့ကြိုးစားလိုက်ကြပါတယ်။

“ ဒီနှိုးဆော်မှု ရဲ့အဓိက ရည်ရွယ်ချက်က “လူထုပူးပေါင်းပါဝင်တဲ့ ဒီမိုကရေစီ” အတွေးအခေါ်ကို စတင်တည်ဆောက်ကြတာဖြစ်တယ်။

အရင်တုန်းက ကျမတို့ဟာ ရိုးရိုးသာမန်လူတွေဖြစ်တယ် လို့ ယူဆထားတဲ့ သူတွေကို “ ကျမတို့ဟာ အစိုးရအဖွဲ့အစည်း၊ အုပ်ချုပ်မှု

အပိုင်းတွေမှာပါဝင်သက်ဆိုင်ခွင့်ရှိတဲ့ သူတွေဖြစ်တယ်” ဆိုတဲ့ယုံကြည်မှုကို စွဲနစ်သွားအောင် ပြုပြင်ပြောင်းလဲပစ်ခဲ့ကြတယ်။

ဒီလှုံ့ဆော်မှု ကို ပြုလုပ်ဖို့အတွက် တခါတလေ၊ စုဆုံစကားပြောပွဲတွေ၊ လူထုစည်းဝေးပွဲတွေ၊ တေးဂီတ၊ ရုပ်သေးပွဲ၊ လမ်းဘေးပြဇာတ်ပွဲတွေမှာ

ကျင်းပတဲ့ ယဉ်ကျေးမှုကပွဲတွေကတဆင့် အစိုးရကိုဆက်သွယ်ညှိနှိုင်းဆွေးနွေးခွင့်ရဖို့အတွက်ကြိုးစားခဲ့ကြတယ်။

တကယ်တော့ MKSS အဖွဲ့က ဦးဆောင်ပြီးကျင်းပခဲ့တဲ့ စုထိုင်ဆွေးနွေးပွဲတွေ၊ ပူပေါင်းပါဝင်တဲ့ ဒီမိုကရေစီ အတွေးအခေါ်ကို ရာဂျက်စတန်အစိုးရက ခါးခါးသီးသီးတုန့်ပြန်ခဲ့ကြပါတယ်။ သူတို့ရဲ့ အဂတိလိုက်စားမှုတွေ၊ လုပ်အားခအပေါ် မတရားခေါင်းပုံဖြတ်အမြတ်

ထုတ်မှုတွေကို ပေါ်သွားမှာကြောက်တဲ့ အကျင့်ပျက်နိုင်ငံရေးခေါင်းဆောင်တွေဟာ အမျိုးသမီးအုပ်စုအပေါ်မှာ နည်းပေါင်းစုံနှောက်ရှက် ခြိမ်းခြောက်

ဖိနှိပ်ခဲ့ပါတယ်။ တခါတလေ ညအချိန်မတော် ရပ်ကွက်ထဲကို ဝင်ပြီးရိုက်နှက်သွားတာတွေ ကို ပြုလုပ်ခဲ့ကြသလို၊ အစိုးရထောက်ပံ့ကြေး

ခွဲတမ်းတွေ ဆက်လက်ပေးတော့မှာမဟုတ်ဘူး ဆိုတဲ့ အကြပ်ကိုင်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။

ဝတ္တရားနှောက်ရှက်မှုဆိုတဲ့ တရားဥပဒေ အမျိုးမျိုးကိုပြပြီး ခြိမ်းခြောက်ခဲ့ကြပါတယ်။

“ ဒီလိုအဖြစ်မျိုးတွေရင်ဆိုင်ရမယ်လို့ လှုပ်ရှားမှုမစခင်ကတည်းက မျှော်လင့်ထားခဲ့ကြပါတယ်။ ကျမတို့ဇွဲမလျော့ခဲ့ကြပါဘူး။

အနှောက်အရှက်တွေ ကြုံတွေ့ခဲ့ကြပေမဲ့ ကျမတို့ဟာ နိုင်ငံတွင်းမှာ ဖြစ်ပျက်နေတဲ့ အရာမှန်သမျှကို သိပိုင်ခွင့်ရှိတယ် ဆိုတဲ့

ယုံကြည်ချက်ကို ကိုင်စွဲခဲ့ကြတယ်။ မိမိနေထိုင်တဲ့ နယ်မြေထဲမှာ အစိုးရက ပြည်သူ့အတွက် ကျန်းမာရေးဆေးပေးခန်းတွေ၊

လူမှုဖူလုံရေးလုပ်ငန်းတွေ၊ လမ်းတံတားဖောက်လုပ်ရေးလုပ်ငန်းတွေ လာရောက်လုပ်ကိုင်တဲ့အခါပဲဖြစ်ဖြစ် လုပ်အားလိုအပ်လို့

ကျမတို့ပြည်သူတွေ အလုပ်ဝင်တဲ့အခါ၊ အစိုးရကိုယ်စားလှယ်တွေဟာ ပြည်သူတွေအတွက် လူမှုဖူလုံရေးလုပ်ငန်းတွေတကယ်လုပ်သလား၊

အစိုးရကလျာထားတဲ့အသုံးစရိတ်တွေကို တကယ်သုံးရဲ့လား၊ လုပ်အားခ ကို မှန်မှန်ကန်ကန်ပေးရဲ့လား-- စတဲ့

စာရင်းစစ်မှုတွေကို ကျမတို့သိသင့်တယ် လို့ လှုံ့ဆော်စည်းရုံးပြီး၊ ပြည်သူ့အခွင့်အရေး၊ ရပိုင်ခွင့်တိုက်ပွဲတွေကို အရှိန်မြှင့်ခဲ့ကြတယ်”

MKSS ရဲ့လှုပ်ရှားမှုတွေက တဖြည်းဖြည်းအားကောင်းလာခဲ့ပါပြီ။ အမျိုးသမီးကြီးတွေစုဆုံပွဲတွေမှာ ရှေ့နေတွေ၊ သတင်းထောက်တွေ၊ ပညာတတ်တွေနဲ့

အစိုးရကိုယ်စားလှယ်တွေကို ဖိတ်ကြားပြီး အပြန်အလှန်မေးခွန်းထုတ်ငြင်းဆိုတဲ့ ကြားနာပွဲတွေကိုလည်း ကျင်းပခဲ့ကြပါတယ်။

အကျိုးဆက်ကတော့ လအတော်ကြာ လုပ်အားခမရခဲ့ကြတဲ့ အလုပ်သမားတွေရဲ့အနိုင်ကျင့်ခံရတဲ့ဇာတ်လမ်းတွေ၊ အစိုးရဝန်ထမ်းတွေရဲ့

လုပ်ငန်းသုံးငွေ စာရင်းလိမ်ပြမှုတွေ၊ တရားဥပဒေမဲ့ပြုလုပ်နေတဲ့နိုင်ငံရေးခေါင်းဆောင်တွေရဲ့အပြုအမူတွေကို ရှင်းလင်းထင်ရှားစွာတွေ့မြင်

ခဲ့ကြတဲ့ ပြည်သူတွေဟာ၊ သူတို့ဒေသ အုပ်ချုပ်ရေးအရာရှိတွေထံ တရားမျှတတဲ့ လူ့အဖွဲ့အစည်းကိုတည်ဆောက်ပေးဖို့ ဆိုတဲ့

ဖိအားပေးမှုတွေကို ပြုလုပ်လာခဲ့ပါတော့တယ်။ သူတို့ရဲ့ကျေးလက်ဒေသဆီက အသံတွေ၊ လှုပ်ရှားမှုတွေဟာ အိန္ဒိယနိုင်ငံဒေသအသီးသီးရဲ့

အမျိုးသမီးထုဆီကို ကူးစက်သွားခဲ့ပါတော့တယ်။

သောတရှင်များခင်ဗျား

အစိုးရဟာ သာမန်ပြည်သူတွေဖြစ်သလို၊ သာမန်ပြည်သူတွေကလည်း အစိုးရအုပ်ချုပ်ရေးယန္ဒရားမှာ အရေးပါတဲ့ အသံတွေ၊ မဲဆန္ဒရှင်တွေ

ဖြစ်ကြပါတယ်။ ရှင်သန်ရပ်တည်ဖို့အတွက် နိုင်ငံတွင်းမှာ ဖြစ်ပျက်နေတဲ့အရာတွေကို သိရှိပိုင်ခွင့်ရှိတယ် ဆိုတဲ့ အိန္ဒိယ ကျေးလက်ဒေသဆီက အမျိုးသမီးကြီးတွေ ကို ဘဝရပ်တည်ခွင့်အခွင့်အရေးရဲ့ချန်ပီယံအဖြစ် တင်စားခေါ်ဆို လေ့ရှိပါတယ်။

သောတရှင်တို့လည်း မတရားမှုတွေ ကို ထုတ်ဖေါ်ပြောကြားနိုင်ပြီး လွတ်လပ်အေးချမ်းတဲ့ ဒေသတခု ကို ဖန်တီးနိုင်ကြပါစေ။

အောင်မိုးဝင်း

Soumya Kidambi ရဲ့ “Championing the ‘Right to Information’ in Rural India” ဆောင်းပါပါ အချက်လက်များကို အသုံးပြုပြီး ခံစားရေးဖွဲ့ခဲ့ပါတယ်။


ဝန်ကြီးချုပ်သိန်းစိန်ရာထူးမှ နုတ်ထွက်ဖို့လိုတယ်



ဝန်ကြီးချုပ်သိန်းစိန် ၀န်ကြီးချုပ်ရာထူးက မနုတ်ထွက်ရင် ကြားဖြတ်အစိုးရဖွဲ့စည်းရမည်
ဒီမိုကရေစီရွေးကောက်ပွဲမှာ မိမိတို့ပါတီမဲအနိုင်ရရှိဖို့ မိမိကိုယ်တိုင်အနိုင်ရရှိဖို့ ပြိုင်ကြရသည်။ စည်းရုံရေးဆင်းတော့လည်း မိမိနှင့်ပြိုင်မည့်ပါတီနှင့် ပြိုင်မည့်သူကို အနိုင်ရရှိအောင် စည်းရုံးဟောပြောရသည်။ သူမည်ကဲ့သို့ချာကြောင်း၊ ညံ့ကြောင်း၊ သူတို့ပါတီကြောင့်တိုင်းပြည် မည်မျှအောက်တန်းကျသွားရကြောင်း ၊ နိုင်ငံတကာအဆင့်မမှီကြောင်း ပြောဆိုရသည်။ ပြီးတော့မိမိကိုယ်ကို မည်မျှတတ်ကြောင်းတော်ကြောင်း စည်းရုံးရေးဆင်းရသည်။ ဟောပြောရသည်။ မိမိတို့ပါတီမည်မျှ ရည်မှန်းချက်ကောင်းကြောင်း ၊အကယ်၍မိမိတို့ပါတီကို မဲပေးခဲ့ပါက မိမိတို့မှာ ပြည်သူတွေအတွက် မိမိတို့ပြည်နယ်ကို မည်မျဖွံ့ဖြိုးသွားအောင် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟောပြောရန်သာရှိသည်။ ပြည်သူတွေမှာ မည်မျအောက်ကျနောက်ကျနေရကြောင်းနှင့် လူ့အခွင့်အရေးများဆုံးရှုံးနစ်နာနေကြောင်းကို ပြောပြရသည်။ ဤကဲသို့ဟောပြော စည်းရုံးရေးဆင်းပြီးမှ တဘက်ပါတီနှင့် မိမိတို့ပါတီကို ပြည်သူတွေက ရွေးချယ်ပြီး နှိုင်းယှဉ်ပြီးမဲပေးကြပါရန် စည်းရုံးကြရတော့သည်။ မည်သည့်ဆန်ဆီဆားငပိနှင့် ငရုပ်တွေကို ရွေးကောက်ပွဲအတွက် မဲပေးရန်မည်သည့်အခါမှ မကြားဖူးခဲ့။ လာဘ်လာဘများ၊ ငွေကြေးများပေးကြသည့်အခါလည်း မရှိကြ၊ သို့သော်ထိုင်းနိုင်ငံတွင်မူ မဲဆွယ်သည့်အခါ ဆင်းရဲသောပြည်သူများကို ပါတီများက ငွေပေး၍မဲပေးရန်ခိုင်းစေခဲ့သည်ဟု ကြားဖူးသည်။ ယခုမြန်မာနိုင်ငံတွင်ကြံ့ဖွံ့ပါတီက ဆန်ဆီဆားတွေ အ၀တ်အထည်တွေ ဆင်းရဲသားလူတန်းစားတွေကို လိုက်လဲဝေငှပေးနေကြောင်း သိရသည်။ ရှေးအယင်က ပြည်သူတွေကို နှိပ်စက်ချင်သမျှ နှိပ်စက်ပြီး တအိမ်တယောက်ကျကဲ့သို့ ထောင်ထဲရောက်ကုန်ကြသော ပြည်သူတွေမှာ ယခုအချိန်တွင် နအဖကြံ့ဖွံ့ပါတီမှ ပေးနေသောလက်ဆောင်များကို ရရှိနေကြပြီ။ ယင်းလက်ဆောင်မှာ သွေးစွန်းးသောလက်ဆောင်များသာဖြစ်သည်။ စေတနာသန့်သန့်နှင့် ပေးနေသောပစ္စည်းများမဟုတ်။ ပြည်သူတွေကလည်း သိပါသည်။ သို့သော်သူတို့ပေးသမျှ ယူထားလိုက်ရုံပင်။ မည်သို့ပင်ဆိုစေ သူတို့ပေးသောလက်ဆောင်ယူရုံနှင့် ကြံ့ဖွံ့ကိုယ်စားလှယ်တွေကို မဲမပေးဖို့အရေး ပြောဟောနေသည်ကိုတော့ သူတို့မကြားလေသလားမသိ။ အဓိကမှာ ကြံ့ဖွံ့ပါတီနှင့် ပြိုင်ကြမည့်သူများက ပြောဆိုစည်းရုံးဟောပြောရလိမ့်မည်။
ဤနေရာမှာ ကြံ့ဖွံ့ပါတီနှင့် ပြိုင်ရမည့်သူများက သူတို့ပါတီ၏အကြောင်းကို ပြောကြားရတော့မည်မှာ တာဝန်တရပ်ဖြစ်သည်။ သူတို့၏စနစ်ဆိုးကြီးကြောင့် နိုင်ငံဤသို့ဖြစ်နေရသည်ကို အချက်အလက်တွေနှင့် ပြောပြနိုင်စွမ်းရှိရမည်ဖြစ်သည်။ တနည်းအားဖြင့် ပြည်သူတို့မှာ မပြောလျင်လည်း သိပြီးသားမို့ ပါးစပ်ကဖြဲပြရုံသာလိုသည်။ ယင်းမှာစနစ်ဆိုးအကြောင်းကို ပြောရုံသက်သက်ဖြစ်သည်။ တနေ့က ကြံ့ဖွ့ပါတီမှာ သူတို့နှင့် ပြိုင်ဘက်ဟု သဘောမထားဆိုသော ပြောသံကိုကြားလိုက်ရသည်။ အခုတောင်မှ စစ်အစိုးရရုပ်သေးပါတီကို တလုံးတပါဒမျှ မပြောဝံ့မဆိုဝံ့သော ယင်းပါတီကို မည်သူက စဉ်းစားကြပါနည်း။ အရေးကြီးသည်မှာ ၀န်ကြီးချုပ်သိန်းစိန်ပင်ဖြစ်သည်။ နအဖစစ်အုပ်စုမှ
နုတ်ထွက်ပြီးပြီ၊ သို့သော်ယင်းလောက်နှင့် မလုံလောက်သေး။ ၀န်ကြီးချုပ်ဘ၀မှ နုတ်မထွက်ရသေး။ . ကြံ့ဖွံ့ပါတီမှာ ဧပြီလ ၂၉ ရက်နေ့တွင် ကော်မရှင်၌ မှတ်ပုံတင်သည်။ မေလ ၄ ရက်နေ့တွင် တည်ထောင်ခွင့်ပြုသည်။ ဇွန်လ- ၁- ရက်နေ့တွင် ပါတီမှတ်ပုံတင်သည်။ ဇွန်လ- ၈ - ရက်နေ့၌ ပါတီမှတ်ပုံတင်ခွင့်ရသည်။ ကြံ့ဖွံ့ပါတီမှတ်ပုံတင်အမှတ်မှာ( ၂၃ ) ဖြစ်သည်။ သြဂုတ်လ-၁၈ ရက်နေ့တွင် ပါတီဝင်အင်အားတင်ပြသည်။ သြဂုတ်လ( ၃၀ )ရက်နေ့တွင် ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲ့တွင် လွှတ်တော်ကိုယ်စားလှယ်အများဆုံး ပါဝင်ယှဉ်ပြိုင်ရန်
ကိုယ်စားလှယ်စာရင်းတင်သည်။ ယင်းပါတီမှ လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းတွင် ၀န်ကြီးချုပ်သိန်းစိန်ပါနေသည်။ သို့အတူဦးညဏ်ဝင်းကဲ့သို့ အခြားသောဝန်ကြီးတွေလည်းပါနေသည်။ သူတို့မှာနအဖစစ်အုပ်စု၏ လက်ရှိဝန်ကြီးများဖြစ်သည်။ သည်တော့ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဆိုက ယင်းဝန်ကြီးရာထူးများမှ ထွတ်ပေးရန်လိုသည်။ အဘယ့်ကြောင့်ဆိုသော် ယင်းရာထူးဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ကို မည်သို့မျ ခွင့်လွှတ်စရာအကြောင်းမရှိ။ ဖြစ်လည်းမဖြစ်နိုင်။ ၀န်ကြီးချုပ်ရာထူး၊၀န်ကြီးရာထူးတွေနှင့် သူတို့ရှိနေပြီးပြိုင်နေခြင်းမှာ မည်သို့မျမဟပ်စပ်။ ၂၀၁၀ ရွေးကောက်ပွဲ၏ အရပ်သားအစိုးရတွင် ၀န်ကြီးများရွေးချယ်ရမည့် ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ်ရာထူး၊၀န်ကြီးရာထူးနှင့် ပြိုင်လို့လည်းမရ။ ပြိုင်သည်ထားဦး။ သူတို့ပြိုင်သောနေရာတွင် မဲရှုံးနိမ့်ခြင်းရှိသွားပါက ရွေးကောက်ပွဲအပြီး ဖွဲ့စည်းမည့်အရပ်သားအစိုးရတွင် ဦးသိန်းစိန်တို့၊ ဦးညဏ်ဝင်းတို့မှာ ၀န်ကြီးချုပ်လည်းဖြစ်မလာနိုင်။ဝန်ကြီးတွေလည်းဖြစ်မလာနိုင်။ ထို့ကြောင့်ဤအချက်ကို ယခုပြိုင်ကြမည့် ရွေးကောက်ပွဲဝင်မည့်ပါတီများက ချက်ချင်းကန့်ကွက်ပြောဆိုရမည်ဖြစ်သည်။ တချိန်တည်းမှာပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှလည်း ဤအချက်ကိုထောက်ပြရန်လိုသည်။ တနည်းအားဖြင့် ၀န်ကြီးချုပ်သိန်းစိန်ကို ချက်ချင်းရာထူးမှ နုတ်ထွက်ရန်တောင်းဆိုရလိမ့်မည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သြဂုတ်လ-၃၀- နေ့တွင်ကျရောက်သော မလေးရှားနိုင်ငံ၏လွပ်လွပ်ရေးနေ့ကို သ၀ဏ်လွှာပေးပို့သောအခါ ၀န်ကြီးချုပ်ဦးသိန်းစိန်အနေဖြင့် ပေးပို့သည်မှာရွေးကောက်ပွဲကော်မရှင်တခုလုံးကို စော်ကားရာကျနေသည်။ သို့အတူအခြားရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည့်သူများအားလည်း ဂရုမစိုက်သလိုဖြစ်နေသည်။
သည်တော့ဤအချက်ကို ငြိမ်ခံနေကြရမည်လား။ မည်သည့်နည်းနှင့်မျှ ရွေးကောက်ပွဲဝင်မည့်ပါတီများက ဆွံ့အနေ၍ဖြင့် သဘာဝကျမည်မဟုတ်။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ
ဥပဒေကိုပြန်လည်ပြင်ဆင်ရန် တိုက်ပွဲဝင်ကြမည်ဟုဆိုသော ယင်းပါတီများမှာ ၀န်ကြီးချုပ်သိန်းစိန်ကို ယခုရာထူးမှထွက်ပေးပြီးမှ ရွေးကောက်ပွဲကိုဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း
အတိအလင်းတောင်းဆိုရမည်ဖြစ်သည်။ သို့မဟုတ်က ၀န်ကြီးချုပ်သိန်းစိန်သိက္ခာက မကျဘဲ ရွေးကောက်ပွဲကို ၀င်ရန်အားရပါးရ ပြောဆိုခဲ့ကြသောသူတို့မှာသာ သိက္ခာကျစရာဖြစ်သည်။
ယခုအချိန်တွင် ကော်မရှင်က ကိုယ်စားလှယ်စာရင်းများ လက်ခံပြီးပြီဖြစ်သည်။ထို့ကြောင့်ကော်မရှင်မှာ လည်း ဤကိစ္စကို ချက်ချင်းဆောင်ရွက်ရမည်ဖြစ်သည်။ အရပ်သားအစိုးရတွင် ပါဝင်ရန်ရွေးကောက်ပွဲ့ ၀င်ကြမည့်သူများသည် အစိုရအဖွဲ့ဝင်ရာထူးနှင့် လုံး၀၀င်ပြိုင်၍မရချေ။ ပြသနာတခုမှာစစ်အစိုးရအဖွဲ့ထဲတွင် အမည်မတပ်ရသေးသော အာဏာသိမ်းမှုတခုမှာ မလွှဲမရှောင်သာ ဖြစ်နေသည်။ စီနီယာကျလွန်းမကကျနေသော ဗိုလ်ချုပ်ကြီးများကို တောင်ကျော်ပြီး ဂျူနီယာဗိုလ်ချုပ်များကို ခန့်အပ်လိုက်သောပြသနာမှာ သာမန်အားဖြင့် နေပြည်တော်၌
အာဏာလုပွဲပြသနာဖြစ်နေသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ ယခုအချိန်ထိ စစ်ရာထူးမှနုတ်ထွက်ခြင်းမပြုသေးကြောင်း သြဂုတ်လ- ၃၀ ရက်နေ့တွင်ကျရောက်သည့် မလေးရှားနိုင်ငံ လွပ်လွပ်ရေးနေ့သ၀ဏ်လွှာကို ပေးပို့သောအခါ သိသာနိုင်လွန်းသည်။ သို့သော်သူတို့မှာ ကာကွယ်ရေးစစ်ဦးချုပ်အဖြစ် သူရမြင့်မောင်ကို ဗိုလ်ချုပ်မှူးကြီးရာထူးဖြင့် ခန့်အပ်လိုက်ပြီးပြီဆိုသော သတင်းက ထွက်လာနေသည်။ ယင်းမှာဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နိုင်ငံရေးကစားကွက်ချည်းမဟုတ်။ ရှုပ်ထွေးလွန်းလှသော သူတို့၏ နောက်ထပ်ပြသနာမှာ စစ်ဘက်ဆိုင်ရာရာထူးများဖြင့် ပြုတ်ထွက်သွားသော ဗိုလ်ချုပ်တွေဖြစ်သည်။ သူတို့မှာဌါနလက်ကိုင်မရှိ၍ အလုပ်လက်မဲ့ဘ၀ဖြင့် ရွေးကောက်ပွဲကို ၀င်ရန်သာရှိနေသည်။ ယင်းကိုလည်းအများစုက မကြေနပ်ကြ။ အဘယ့်ကြောင့်ဆိုသော် အခြားသောဝန်ကြီးများမှာ လစာကောင်းကောင်းရနေပြီး စည်းစိမ်မပျက်ရှိနေသည်ကို သူတို့ ရင်နာနေကြရပြီ။
ကြံ့ဖွံ့ပါတီမှ အထူးအားကိုးအားထားပြုနေသောသူတို့မှာ တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည်။ သူတို့အားဦးသုဝေတို့ နေမျိုးဝေတို့က မဲရောင်းပြီးခေါ်နေခဲ့ကြသည်။သို့သော် ယင်းပုဂ္ဂိုလ်တို့မှာ လူလည်လူပါးများဖြစ်သည်။ မနိုင်သည့်ဖက်က မနေသောလူတွေမို့ ဤပွဲမှာသူတို့ခံလိုက်ရသည်။ တသီးပုဂ္ဂလကိုယ်စားလှယ်တို့မှာ ရွေးကောက်ပွဲအနိုင်ရမည့် ကြ့ဖွံ့တို့၏ ကြောထောက်နောက်ခံအားကို ယူထားသည်။ အကယ်၍သူတို့ကမဲရှုံးသွားလျှင်တောင် ၅ သိန်းကျော် ၆ သိန်းမျသာ ။ နိုင်သွားပြီဆိုလျင်တော့ ကြံ့ဖံွ့ပါတီနှင့် အစိုးရဖွဲ့သည့်အခါ မဟာမိတ်လုပ်သွားမည့် အခွင့်အရေးသမား လှေနံနှစ်ဖက်ရပ်နေမည့် သူတွေဖြစ်သည်။ သူတို့မှာစစ်အစိုးရ၏ ရွေးကောက်ပွဲကို ၀င်ရောက်ချင်၍ ၀င်ရခြင်းမဟုတ်ကြောင်း ပြောဆိုထားသည်။ ခိုင်းလို့လုပ်ရပါသည်၊၀င်ရပါသည်ဟု ကြံွံ့ဖွံ့ပါတီကို မကြိုက်သလိုလိုနှင့် ပြောထားတော့ လူတွေကလည်း သူတို့ကိုမဲပေးချင်ကြသည့် အနေအထားရထားသည်။ ၂၀၁၀ ရွေးကောက်ပွဲကား ဒူးထောက်ပွဲဖြစ်သည်။ စစ်အစိုးရကို အံတုသည့်ပွဲမျိုးမဟုတ်။ ယခုတောင်မှ မည်သို့မျှအံတုမပြောမဆိုနိုင်၊။ နောင်ကိုကော ပြောဆိုရဲပါမည်လား။ သိရက်နှင့် သိသည်ဟုပြောနေသောသူတို့မှာ စင်စစ်နိုင်ငံရေးသမားကောင်းတော့ မဟုတ်တန်ရာ။ အကယ်၍ဤပွဲကို ရှုံးနိမ့်မည်မှန်းသိပါက နိုင်မည့်ပွဲကိုကြိုးစားလုပ်ကြဖို့ဘဲရှိသည်။ စစ်အစိုးရသည် ကြားဖြတ်အစိုးရအဖြစ် မုချကြေညာရမည်ဖြစ်သည်။ ၀န်ကြီးချုပ်သိန်းစိန်တို့ကို ၀န်ကြီးချုပ်ရာထူးဘ၀မှ ဖြုတ်ထုတ်ရပေလိမ့်မည်။
သို့မှသာသူတို့၏ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်သူတို့အနေအထားမှာ လက်ရည်တူချင်တူနေပေလိမ့်မည်။ ယင်းလက်ရည်တူနေဖို့အတွက် ယခုပြိုင်ပွဲဝင်မည့်သူများက ကြိုးစားရဲရမည်ဖြစ်သည်။ တခုသာရှိသည်။ စစ်အစိုးရကို ယခုအချိန်တွင် ရင်မဆိုင်လိုက ပြည်သူတွေနှင့် လက်တွဲရမည်ဖြစ်သည်။ ပြည်သူတွေကကြားဖြတ်အစိုးရဖွဲ့စည်းရေးအတွက် ရဲရင့်သောနိုင်ငံရေးခေါင်းဆောင်များကို လိုလားနေကြသည်။ စစ်အစိုးရက ကြားဖြတ်အစိုးရမဖွဲ့နိုင်ခင် ဒီမိုကရေစီအင်အားစုတွေက အမြန်ဆုံးဖွဲ့စည်းရန်လိုသည်။ ဤသည်မှာမြန်မာနိုင်ငံ၏ နိုင်ငံရေးပြသနာကို ဖြေရှင်းသောနည်းလမ်း တခုဖြစ်ကြောင်းပြောချင်ပါသည်။ စစ်အစိုးရမှာ အကြီးအကျယ်ပြသနာတက်နေကြောင်းကို ကမ္ဘာကလည်း သိနေပါသည်။ ထို့ကြောင့် ကျွန်တော်တို့ တခုခုကိုတော့ ကြိုးစားရန်သာရှိပါတော့သည်။

ခိုင်အောင်ကျော် (နယူးယောက် )

မရေမရာဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီးများရဲ့ အနာဂတ်နဲ့ ဗိုလ်မှူးအောင်လင်းထွဋ်ရဲ့ သုံးသပ်ချက်

http://www.mediafire.com/file/3szz72e4q7x8f8t/100831_maj_aung_lynn_htut.pdf
100831_maj_aung_lynn_htut

1 September 2010 ဒိုင်ယာရီ

http://www.mediafire.com/file/jbsi7pjcqbau9tg/1%20September%202010%20yeyintnge%27s%20Diary.doc

http://www.mediafire.com/file/zblskr8k7xcw1w7/1%20September%202010%20yeyintnge%27s%20Diary.pdf

1 September 2010 Yeyintnge's Diary

၈၈၈၈ ပြည်သူ့သတင်းစဉ် (အတွဲ ၆ - အမှတ် ၄၊ စက်တင်ဘာလ - ၂၀၁၀)

8888 People Power – Vol 6 No 4 - Sep 2010

ကျော်သူ နှင့် ဇနီး ရွှေဇီးကွက်တို့၏ အိမ်ထောင်သက် ၂၉ နှစ်မြောက် ကဗျာဆရာ စောဝေ၏ လက်ဆောင်။


လမ်းပေါ်က မချိုမြနိုင်တဲ့ ဘ၀တေးသံများ


လမ်းပေါ်က မချိုမြနိုင်တဲ့ ဘ၀တေးသံများ
မိုးနှင်းရည်
စက်တင်ဘာ ၂၊ ၂၀၁၀
(ရန်ကုန်မြို့၊ ညကလပ်တခုအတွင်း အမျိုးသားအဖော်ရှာဖွေရန် ကခုန်နေသူ အမျိုးသမီးငယ်များ)
ထောင်ဘူးဝ တံခါးကနေ အပြင်ကိုခြေချမိတဲ့အခါ တပြိုင်နက် ဖြိုးဖြိုးဟာ သူ့လက်က အ၀တ်ထုပ်ကို သေချာကိုင်ပြီး အင်းစိန်တံတားအောက် အ၀တ်ဟောင်းဆိုင်တွေဆီ သုတ်ချေ တင်ပါတော့တယ်။
“လွတ်လူခေါ်တာနဲ့ အကျီအကောင်းတစ်စုံ သပ်သပ်ထုတ်ထားတယ်။ လွတ်လူက တစ်ရက် ကြိုခေါ်တော့ ကျမပြင်ဆင်ချိန်ရတယ်လေ။ နှစ်ကြီးသမားထဲက ကျမလုပ်ကိုင် ပေးတဲ့သူတွေက ကျမကို လွတ်ခါနီး အ၀တ်ကောင်းလေးတွေ ပေးထားတယ်။ ကျန်တာတော့ အထဲမှာကျန်ခဲ့တဲ့ကျမလို ဘ၀တူတွေကို နည်းနည်းဝေပေးလိုက်တယ်။ နောက်ကျန်တာကို အပြင်ထွက်ထွက်ချင်း ရောင်းပြီးလမ်းစရိတ် လုပ်ဖို့ နည်းနည်း ယူလာခဲ့တယ် ”လို့ အချိန်မတော် လမ်းလျှောက်မှုနဲ့ ထောင်ဒဏ် တလကျပြီး လွတ်လာတဲ့ ဖြိုးဖြိုးကပြောပါတယ်။ ဒါဟာသူတို့လို မိန်းကလေးတွေရဲ့ လတ်တလော ငွေရှာနည်း တစ်ခုပဲဖြစ်ပါတယ်။
လက်ထဲမှ အ၀တ်နှစ်စုံလောက်ကို ရောင်းချပြီးရင်တော့ သူ့လိုဘ၀တူ သူငယ်ချင်းတွေ နဲ့အတူစုငှားနေတဲ့ ဆင်ခြေဖုန်း ရပ်ကွက်လေးကို မြို့ပတ်ရထား စီးပြန်ရမှာလို့ ပြောပါတယ်။ သူ့လို ခန္ဓာကိုယ်ကို အရင်းအနှီးလုပ်ပြီး ငွေရှာဖွေရတဲ့ မိန်းကလေးတွေ အတွက် မြို့စွန်ဆင်ခြေဖုန်း ရပ်ကွက်ကလေးတွေက ဘော်ဒါဆောင် အသေးစားတွေက သူနေ့ဘက် အနားယူဖို့အတွက် နေရာတစ်နေရာတော့ ပေးနိုင်ပါလိမ့်မယ်။
“မနက်ပိုင်းကနေ နေ့လည်အထိအိပ်ပြီးရင် ညနေဆို ကျမတို့မြို့ထဲ ပြန်ဆင်း လာကြတယ်။ လမ်းမပေါ်မှာထက် ကလပ်အသေးလေးတွေပေါ်တက်ပြီး ဖောက်သည်ရှာရတာက ပိုလုံခြုံတယ်။ ကလပ်တွေကရဲကို ပိုက်ဆံပေးပြီးသားလေ။ ကျမတို့ဘ၀က ဒီလိုပဲရဲရယ်၊ ထောင်ရယ်၊ ရောဂါရယ်နဲ့ အကုန်လုံးကြောက်ရင်းနဲ့ သေမဲ့နေ့ လက်ချိုး စောင့်နေရတာ” လို့မျက်လုံးမှေးမှေး အသားဖြူဖြူ နှာတံပေါ်ပေါ်နဲ့ တရုတ်သွေးစပ်တဲ့ မသီတာက ပြောပြပါတယ်။
ကုန်တင်ကားမောင်းတဲ့ ဖခင်ကြောင့် ငယ်ငယ်ကပြည့်စုံခဲ့ပေမဲ့ ကားမှောက်ပြီး အဖေခြေ ထောက်ဖြတ်လိုက်ရချိန်မှာတော့ အလုပ်မျိုးစုံ ၀င်လုပ်ရင်း အိမ်ထောင်ကျ၊ အိမ်ထောင်ကွဲပြီး ရရာအလုပ်ဝင်လုပ်ရာက ဒီပြည့်တန်ဆာ အလုပ်မှာကျင်လည်ခဲ့ရ တာလို့ သူကပြောပါတယ်။
“အမေကအညာက အဖေနဲ့အိမ်ထောင်ကျပြီး မြို့ကိုရောက်လာတာ။ ပထမတော့ အညာပြန်မလားစဉ်းစား သေးတယ်။ ကျမတို့က မြို့မှာပဲကြီးလာတော့နယ်က အလုပ်တွေ ပြန်မလုပ်နိုင်ဘူး။ ကျမလား ရပ်ကွက်ထဲက လဘက်ရည်ဆိုင် ကုလား တစ်ယောက်နဲ့ ယူလိုက်သေးတယ်။ နောက်သားလေးတစ်ယောက် မွေးပြီး ဓလေ့စရိုက် မတူတော့ ကွဲသွားတယ်။ ကလေးလဲ ဆုံးသွားတယ်။ အညာဘက်က ကုန်တွေ ယူရောင်းသေးတယ်။ နောက်ရှုံးတာနဲ့ ရပ်လိုက်ပြီး ဒီအလုပ်ကို သူငယ်ချင်းက ခေါ်တာနဲ့ စမ်းလုပ်ရင်း လုပ်ဖြစ်သွားတာပေါ”့ လို့ သွားလေးပေါ်အောင် ရီရင်းမသီတာက ပြောပြခဲ့ပါတယ်။
သာမန်ဘွဲ့ရ မိန်းကလေးငယ်တွေတောင် အလုပ်အကိုင် အခွင့်အလမ်းများနည်းပါး နေတဲ့ ဒီနေ့ကာလမှာ လူနေမှု စရိတ်ကြီးမြင့်တာ ၊ ငွေရှာရခက်ခဲတာတွေဟာ ကိုယ့်ရဲ့မာန၊ ရပ်တည်မှုကို ငွေရှာရလွယ်ခြင်းနဲ့ လဲလှယ်ဖို့ နာရီမိနစ်နဲ့ အမျှတွန်းအားပေးနေသလိုပါပဲ။
(အမည်မဖော်နိုင်သည့် နေရာတွင် တွေ့ရသည့် အမျိုးသမီးပြည့်တန်ဆာအချို့)

အဲဒီလို ခက်ခဲတဲ့ စီးပွားရေး အခြေအနေမျိုးမှာ ကိုယ့်ပတ်ဝန်းကျင်က မိန်းကလေးတွေ အလှပြင်ဆိုင်မှာ လုပ်ဖို့ အနှိပ်ခန်းမှာလုပ်ဖို့ လူခေါ်ပေးတဲ့ပွဲစားတွေက စည်းရုံးခေါ်ဆောင်ရာနောက် တဖြည်းဖြည်း ပါသွားကြတာကို မြင်တွေ့နေရတယ်လို့ အဲလိုဆိုင်တွေ အနှိပ်ခန်းတွေမှာ လုပ်ကိုင်နေကြတဲ့ မိန်းကလေးတွေကပြော ပြပါတယ်။
လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ကာရာအိုကေခန်းမ၊ နိုက်ကလပ် အသေးစားများ ၊ အလှပြင်ခန်း အမည်ခံ အနှိပ်ခန်းများမှာ သိသာစွာတိုးပွားလာနေပြီး ဒီလုပ်ငန်းတွေက တရားမ၀င်သော်လည်း မြို့တိုင်း နေရာတိုင်းမှာရှိနေတာလည်း မြင်တွေ့သိရှိနေရပါတယ်။ ဒီလုပ်ငန်းတွေကို နယ်မြေတာဝန်ရှိသူများ ကိုယ်တိုင် လဘ်ယူကာ မျက်စိမှိတ် ထားခဲ့တာကြောင့် နယ်မြို့များမှ မိန်းကလေးငယ်များ၊ အနှိပ်ခန်း၊ ကာရာအိုကေခန်းတွေဆီ တဖွဲဖွဲရောက်ရှိလာနေတာ ကြားရမြင်နေရပါတယ်။ အလှပြင်ဆိုင် အမည်ခံထားပြီး အနှိပ်ခန်းလုပ်နေတဲ့ ဆိုင်ပေါင်း ထောင်နဲ့ချီရှိလာတာဟာ နှစ်အနည်းငယ် အတွင်းမှာပါ။ ရန်ကုန်မြို့မှာ လွန်ခဲ့တဲ့ လေး ငါးနှစ်ကနဲ့ နှိုင်းစာရင် အနှိပ်ခန်းအရေအတွက်ဟာ ၅ဆမှ ဆယ်ဆ၀န်းကျင် အထိတိုးပွားလာခဲ့တာပါ။ ရန်ကုန်တိုင်းတတိုင်းလုံးမှာ စာရင်းအတိအကျမရပေမယ့်လို့ မြို့နယ်တစ်မြို့နယ်အတွင်း တိုးတက်လာတဲ့ ကိန်းဂဏန်းများအရ အထက်က အဆလောက် တိုးပွားလာနေတယ်ဆိုတာကို ပြဆိုနေတာပါ။
(အထက်ပါ ဗြူတီဆလွန်းတို့တွင် ငွေကြေးဖြင့် ပျော်ပါးနိုင်သည့် အမျိုးသမီးများ ရနိုင်သည်)

ဥပမာအားဖြင့် ယခင်နှစ်နှစ်ခွဲက အနှိပ်ခန်း ၃၀ ကျော်သာရှိတဲ့ ကျောက်တံတားမြို့နယ်မှာ ယခုလက်ရှိ တစ်ရာကျော်ရှိနေတယ်လို့ ရ၀တ၊ မ၀တနဲ့ အကောက်အစားလုပ်နေတဲ့ ရဲတွေရဲ့ ပြောဆိုချက်အရ သိရှိနိုင်တာပါ။
အနှိပ်ခန်းတွေ တိုးပွားလာတာနဲ့ အမျှလိုအပ်တဲ့ ငယ်ရွယ်သူ မိန်းကလေး ၀န်ထမ်းတွေကို နယ်မြို့တွေမှာ ရှာဖွေခေါ်ယူလာကြပါတယ်။ နယ်မြို့တွေမှာ အလုပ်အကိုင်အခွင့် အလမ်းရှားပါးခြင်း၊ စားဝတ်နေရေး ကြပ်တည်းခြင်းကြောင့် ၀န်ထမ်းရှာဖွေစုဆောင်းရတာ သိပ်အခက်အခဲမရှိဘူး လို့အနှိပ်ခန်း ပိုင်ရှင်တွေက ပြောပါတယ်။
စားဝတ်နေရေးကြောင့် ဒီဘ၀ကို မတတ်သာပဲရောက်ရှိ ခဲ့ရတဲ့ မိန်းကလေးတွေ ရှိသလို စိတ်အလိုလိုက်ပြီး မိမိရရှိတဲ့ ဘ၀အခြေအနေကို မရောင့်ရဲ မတင်းတိမ်နိုင် တာတွေကြောင့် ဘ၀ရေစုန်မျှောလိုက် နေတဲ့ အမျိုးသမီးငယ်တွေလည်း ရှိနေပါတယ်။ ဒီအချက်က အခြားသော ဖျားယောင်းသွေးဆောင်ခံရခြင်း တစ်ခုဖြစ်ပါတယ်။
“ကျမတို့က ပဲခူးဘက်ကပါ ။ အရင်ကတော့ မိဘတွေက မုန့်ဖိုထောင်တယ်။ နောက်စီးပွားကျလာတော့ ကျမတို့ သုံးဖြုန်းခဲ့တာတွေက အကျင့်ပါပြီး အသုံးစရိတ်လိုတာကိုရှာရင်း ဒီအလုပ်လုပ်ဖြစ်ခဲ့တယ်။ ရောဂါရှိမရှိ အရင်က စစ်မကြည့်မိဘူး။ စစ်လည်းမစစ်ချင်ဘူးလေ။ သိနေရင် ကျမစိတ်ဆင်းရဲမှာ မခံနိုင်ဘူး။ အခုတော့ ထောင် ထဲတစ်ခေါက်ရောက်တော့ တစ်နှစ်သမားတွေ ဆေးစစ်ရမယ်ဆိုလို့ စစ်ကြည့်မှ ရောဂါ ရှိတာသိတယ်။ ဒါကလည်း ကြိုတင်မျှော်လင့် ပြီးသားဆိုတော့ သိပ်မထူးဆန်းတော့ ပါဘူး။ တတ်နိုင်သလောက် မေ့ထားတယ်” လို့ ပြောရင်း သဲမာတစ်ယောက် သူ့လက်ထဲကသပွတ်တံနဲ့ မြေကြီးကို ၀ှက်ခြစ်လိုက်ပါတယ်။ ပြီးတော့သပွတ်တံမှာ ပါလာတဲ့ ဆံပင် အပိုင်းအပြတ် ကလေးတွေကို သေချာစုစည်းရင်းနဲ့ သူမက ဒါကျမတို့ လွတ်ရင် ရောင်းဖို့စုထားတဲ့ ဆံပင်တွေလေ။ အင်းစိန်ထောင်နားမှာတင် ဆံပင်ဝယ်တဲ့ဆိုင်တွေရှိတယ် လို့ ပြောပါတယ်။
ထောင်ကထုတ်ပေးတဲ့ ချည်သားအကျီ အဖြူရောင်ဖျော့ဖျော့နဲ့ သစ်ခေါက်ရောင် ဆိုးထားတဲ့ အညိုရောင် ချည်ထမီကို ၀တ်ထားတဲ့ သဲမာရဲ့ သွင်ပြင်က အပြင် လောကမှာ ကျင်လည် ကျက်စားစဉ်က အ၀တ်အစားနဲ့တော့ တစ်ခြားဆီကွာတယ်လို့ သူမကဖွင့်ဟပါတယ်။
ဒီအထဲမှာတော့ နှစ်ကြီးသမားတွေရဲ့ ဝေယာဝစ္စ တွေကိုလုပ်ပေးရင်း ထောင်ဝင်စာ အရေးတယူ လာတွေ့မဲ့သူ မရှိတဲ့သူမတို့ အတွက် တနေ့တာဝမ်းစာကို ရှာဖွေ စားသောက်နေရလေ့ရှိပါတယ်။အနှိပ်ခန်း အမည်ခံတဲ့အခန်းတွေက လာတဲ့ မာဆတ် သမလေးတွေကတော့ ညောင်းညာသူတွေကို တခါနှိပ်ရင် ကော်ဖီမစ်သုံးထုပ်နဲ့ သဲမာတို့ထက် အလုပ် ဖြစ်တာတော့ အမှန်ပါ။
“နာဂစ်ဖြစ်ပြီးနောက်ပိုင်း စီမံချက်ဆိုပြီးဖမ်းလာတဲ့ အထဲမှာ တော်တော်ငယ်တဲ့ မိန်းကလေးတွေပါလာတယ်။ ရုပ်ကလေးတွေက တော်တော် သနားကမားတွေပါတယ်။ ရောဂါလည်းမရသေးဘူး ။ဒါပေမဲ့သူတို့ကို မေးကြည့်တော့ အပြင်ရောက်လည်း ဒီအလုပ်ပဲ ပြန်လုပ်မယ်လို့ ပြောတာပဲ။ ကျမလုပ်သက် ၁၀နှစ်မှာ အများဆုံးတွေ့ရတဲ့ မျက်နှာတွေက ဒီလို သာ့တီးဒီ (၃၀ ဃ ပုဒ်မ) ပုဒ်မတွေပဲ။ စိတ်မကောင်းပေမဲ့ ကိုယ်လို ၀န်ထမ်းတွေတောင် ရတဲ့လစာနဲ့ မလောက်တာ ဘာမှလုပ်မပေးနိုင်ဘူးလေ” လို့ အင်းစိန်ထောင်မှ အမျိုးသမီးထောင်ဝန်ထမ်းက ပြောပြပါတယ်။
ဝေါကနည်းရွာချလိုက်တဲ့ မိုးကိုမျက်မှောင်ကြုတ် ကြည့်ရင်း မှတ်တိုင်ရဲ့ အမိုးအောက်ကို တိုးဝင်လာတဲ့ မသီတာက “မိုးရွာတဲ့မိုးတွင်းက ကျမတို့လို့လမ်းမှာပဲ ဖောက်သည်ရှာတဲ့ သူတွေအတွက် မကိုက်ဘူး။ ကလပ်ထဲမှာတော့ သူ့အချိတ်အဆက်နဲ့ သူဆိုတော့ဈေး ကောင်းရတယ်။ မရဘူးဆိုတောင် သောင်းဂဏန်း အထက်မှာရှိတယ်။ အပြင်မှာ ဆိုတော့ ရဲကိုလည်းရှောင်ရသေးတယ်။ အကြောက်ရဆုံးက ရဲခွေးလို့ ခေါ်တဲ့ ရဲသတင်းပေးတွေပဲ။ တစ်ချို့ဆို ရဲဘ၀ကနေ လာဘ်စားလို့ပြုတ်ပြီး ရဲသတင်းပေး လုပ်နေတာလေ။ သူတို့က တစ်ခါတလေ ရဲထက်တောင် ဆိုးသေးတယ်။ သတင်းပြန် မပို့အောင် သူတို့နဲ့ ညလိုက်အိပ်ပေးရတယ်။ ဒီနေ့ညတော့ ခြောက်ထောင်လောက် ရရင်လိုက်သွားမယ်” လို့သူမရဲ့ ဈေးကွက်အခြေအနေကို ရှင်းပြခဲ့ပါတယ်။
(ရန်ကုန်မြို့ထဲ တရားမ၀င်ပြည့်တန်ဆာခန်းသို့ ညအချိန်တွင် လာရောက်လည်ပတ်သူ အမျိုးသား ၃ ဦး)

အခြားသော ရန်သူမျိုး တပါး
မသီတာတို့လို မိန်းကလေးတွေအတွက် နောက်ထပ် ရှောင်ရမဲ့ အထူးပုဂ္ဂိုလ်ကတော့ နယ်မြေဇိမ်ခေါင်းတွေပါ။ နယ်မြေတစ်ခုမှာ သူ့အပိုင်းအလိုက် ရဲကိုကျွေးမွေးပြီး ချိတ်ဆက်ပေါင်းထားတဲ့ ဇိမ်ခေါင်းတွေအဖို့ သူတို့ရဲ့ ဈေးကွက်ကို လာလုနိုင်မဲ့သူတွေကို ရဲကိုအသာလက်တို့ ပြီးဖြေရှင်းလေ့ရှိကြတယ်လို့ ပြောပြပါတယ်။
တရားရုံးရောက်ရင် တရားသူကြီးရဲ့ စီရင်ချက်ကို နယ်ထိန်းက ပြောင်းပေးနိုင်လို့ နယ်ထိန်းကလဲ ကျတော်တို့ ပူဇော်ပသရမဲ့ ပုဂ္ဂိုလ်ထဲက တပါးအပါအ၀င်ပေါ့လို့ ရဲစခန်းက ရိတ်လွှတ်လိုက်တဲ့ လေးကွက်ကြားဆံပင်ကို အသာပွတ်ရင်း မျက်စိမှေးမှေး ကိုမှေးသထက်မှေးအောင် လုပ်ရီရင်း ၀ူခုံးလို့ သူတို့လောကက နာမယ်ပေးထားတဲ့ လုပ်သက် ၈နှစ်မျှရှိသူက ပြောပြပါတယ်။
ဗုဒ္ဓဘာသာ ၀င်တွေအဖို့ ရန်သူမျိုးငါးပါး ရှိတယ်ဆိုတာ ငယ်စဉ်ကတည်းက သင်ကြားမှတ်ယူလာခဲ့ကြတာပါ။ မင်းဆိုတာလည်း ရန်သူမျိုး တစ်ပါးထဲမှာပါဝင်ပါတယ်။ အုပ်ချုပ်သူမင်းဟာ ရန်သူမျိုး တစ်ပါးဖြစ်တယ်ဆို မသီတာတို့အတွက်တော့ ရဲဟာ အဲဒီရန်သူပါပဲ။ ရန်သူကို တည့်အောင်ပေါင်းသင့်တဲ့ အခါပေါင်း၊ ပူဇော်သင့်တဲ့အခါ ပူဇော်လုပ်ပေမယ့် တခါတခါလည်း သူတို့ကြောင့် ဒုက္ခကောင်းကောင်း ရောက်ရတာလည်း ရှိပါတယ်။
“ဒီလိုအလုပ် ဒီလိုဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတဲ့လူက ရှိတော့ရှိမယ်။ဒါပေမဲ့ ရှားပါလိမ့်မယ်။ ကိုယ့်ဘ၀ ကိုယ့်မိသားစု ရှင်သန်ရပ်တည်ဖို့ ဒီအလုပ်ကိုလုပ်ရပေမဲ့ ကျမဘယ်တော့မှ ကာမေသုမိစ္ဆာစာရကံကို မကျူးလွန်ဘူး။ အလုပ်အရ ခဏတာပေါင်း ရပေမဲ့ ကိုယ်နဲ့ အမြဲပေါင်းဖို့ ဘယ်တော့မှ မမြူဆွယ်ဘူး။အဲဒါ ကျမတို့ လုပ်နိုင်တဲ့တပါးသီလပဲ” လို့ ပြောရင်း သူမကိုလာခေါ်တဲ့ ဖောက်သည်ဆိုက်ကားပေါ် မသီတာ တက်ထိုင်ရင်းပါသွားပါတော့တယ်။

(ဓာတ်ပုံ - အင်တာနက်၊ ရည်ညွန်း - http://felixfeatures.photoshelter.com/search?I_DSC=Asia+Prostitution&I_DSC_AND=t&_ACT=search )

http://moemaka.com/index.php?option=com_content&task=view&id=7064&Itemid=1

ဖိုးလပြည့်ရဟတ်ယာဉ် တစ်စင်း မွေးနေ့ လက်ဆောင်ရ


ရဟတ်ယာဉ် တစ်စင်း မွေးနေ့ လက်ဆောင်ရသော် လည်း ဖိုးလပြည့် က အဖိုးဖြစ်သူ ၏ အာဏာကို ဆက်ခံ မည် မဟုတ် ဟု ဆို

September 1, 2010 Freedom News Group

Quantcast

မြေးဖြစ်သူ အတွက် ယူရို တစ်သိန်းခွဲ ကျော်တန်ကြေးရှိ မွေးနေ့ လက်ဆောင် 2003 Eurocopter EC 130 B4 အမျိုးအစား ရဟတ်ယာဉ် အား အဖိုးဖြစ်သူ ဗိုလ်ချုပ်မှုးကြီးက ပြင်သစ် နိုင်ငံမှ တိုက်ရိုက်မှာ ယူခဲ့သည်

မြေးဖြစ်သူ အတွက် ယူရို တစ်သိန်းခွဲ ကျော်တန်ကြေးရှိ မွေးနေ့ လက်ဆောင် 2003 Eurocopter EC 130 B4 အမျိုးအစား ရဟတ်ယာဉ် အား အဖိုးဖြစ်သူ ဗိုလ်ချုပ်မှုးကြီးက ပြင်သစ် နိုင်ငံမှ တိုက်ရိုက်မှာ ယူခဲ့သည်

ဟိန်းခိုင်ထွန်း၊ ၊ဗိုလ်ချုပ်မှုးကြီး ဘ၀ ဖြင့် သေတစ်ပန် သက်တစ်ဆုံး အရိုး ထုတ်သွားမည် မြန်မာ
စစ်ခေါင်းဆောင်၏မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် မှာ သူ၏ အဖိုး ဖြစ်သူ က အာဏာလွှဲပေးရန်
အကြောင်းဖန်လာ ပါလာ ပါက လည်းသူ့ အနေ ဖြင့်လွှဲပြောင်း လက်ခံ ရယူမည် မဟုတ်ကြောင်း
ယခု သီတင်းပတ် အတွင်း က သူငယ်ချင်း ဖြစ်သူ များ အား သူ၏ ရဟတ်ယာဉ် မိတ်ဆက်ပွဲ အခမ်း
အနား ကို မင်္ဂလာဒုံ လေယာဉ် ကွင်း တွင် ကျင်းပစဉ် အထက်ပါ အတိုင်း ပြောကြားခဲ့သည်။

အသက် ၇၈ နှစ် အရွယ်ရှိ သူ ဗိုလ်ချုပ်မှုး ကြီးသန်းရွှေ က အသက် ၂၀ အရွယ် အရွယ်မြေးအား အာ
ဏာလွှဲပေး နိုင်သည် ဟု သတင်းများ ထွက်ပေါ်နေချိန် တွင် ဖိုးလပြည့် က ထို ကဲ့ သို့ ငြင်းဆန်ခဲ့ ခြင်း
ဖြစ်သည်။

ရန်ကုန် မော်တော်ကား ပြပွဲ တစ်ခု တွင် ဖိုးလပြည့် အားတွေ့ ရစဉ်

ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း လက်ရှိ စစ်တပ် ရာထူး နှင့် အဆင့်မှ နှုတ်ထွက် သွားပြီ ဟု သတင်း
ထွက်ပေါ်နေသည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေက မြေးဖြစ်သူ ဖိုးလပြည့် အသက် ၂၀ ပြည့်တွင် ယူရို ငွေ
တစ်သိန်း ခွဲ ကျော်ခန့် တန်ကြေးရှိသည့် ပြင်သစ် နိုင်ငံလုပ် လေးယောက်စီး Eurocopter EC 130
အမျိုး အစား ကိုလက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

ရဟတ်ယာဉ် သစ်အား သူကိုယ်တိုင် သရုပ်ပြမောင်းနှင် ပြသသည့် ပွဲတွင် သူ့ အား ရဟတ်ယာဉ် မောင်း
လေ့ကျင့်ပေးသည့် လေတပ် လေသူရဲ နှစ်ဦး ပါရှိ ပြီး သူ ၏ သူငယ်ချင်း အချို့ ကို လည်း
အလှည့် ကျစီ နောက်ခုံ တွင် လိုက်ပါစီးနင်း စေသည် ဟု သိရသည်။

အသက် ၂၀ ကျော် အရွယ်ရှိ ဖိုးလပြည့် မှာ သူရထားသော အဖိုးဖြစ်သူ ၏ မွေးနေ့ လက်ဆောင်ဖြစ်
သည့် ရဟတ်ယာဉ် သစ် မိတ်ဆက်ပွဲ တွင် သူ့ အနေဖြင့် မော်တော်ကား မောင်းခြင်း၊မော်တော် ဘုတ်
မောင်းနှင် ခြင်း နှင့် ရဟတ်ယာဉ် မောင်းနှင်းခြင်းတို့ ကို သာစိတ်ဝင်စား ပြီး ရဟတ်ယာဉ် မောင်းနှင်မှု
စွမ်းရည်ပြ ပြိုင်ပွဲ များ ကို ၀င်ခြင် သည် ဟု သိရသည်။

ဖိုးလပြည့် သည် ရဟတ်ယာဉ် ကို အတော်အသင့် မောင်းနှင် တတ် နေပြီး ယခု မွေးနေ့ လက်ဆောက်ရသည့်
ရဟတ်ယာဉ်ဖြင့် စင်္ကာပူ အထိ မောင်းနှင် ခြင်သော် လည်း အဖိုးဖြစ်သူက ခွင့်မပြုဟု သိရသည်။

အဘွားဖြစ်သူ နှင့် အတူ

၎င်း သည် မော်တော်ကား မောင်းနှင်ခြင်းလောက် အာဏာကို မမက်မော ဟု လည်း ထိုနေ့ က
ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေက မြေးဖြစ်သူ ဖိုးလပြည့်အတွက် ရဟတ်ယာဉ် မွေးနေ့ လက်ဆောင်ဝယ်ပေး
သော် လည်း ရန်ကုန်မြို့ နေ ပြည်သူ အများ စု မှ ဘတ်(စ)ကား တိုးစီးရဆဲ ဖြစ်သည်။

http://freedomnewsgroup.com/

စစ်အစိုးရအပေါ် ကော်မရှင်ဖွဲ့ စုံစမ်းဖို့ ကနေဒါ အတိုက်အခံပါတီ တောင်းဆို

Byဒေါ်ခင်မျိုးသက် အင်္ဂါ, 31 သြဂုတ် 2010

မြန်မာစစ်အစိုးရဟာ လူသားမျိုးနွယ်တွေ အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုနဲ့ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်နိုင်ခြေ ရှိတာမို့ ကုလသမဂ္ဂက စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့ပြီး စစ်ဆေးပေးဖို့ မစ္စတာ ကင်တားနားရဲ့ တောင်းဆိုချက်ကို ဗြိတိန်၊ သြစတြေးလျ၊ ချက်ပြည်သူ့သမ္မတနိုင်ငံနဲ့ စလိုဗက်ကီးယား နိုင်ငံတွေအပြင် မကြာသေးခင်ကပဲ အမေရိကန်နိုင်ငံကပါ ထောက်ခံပြီး ပါဝင် တောင်းဆိုလာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာ့အရေးကို အစဉ်တစိုက် ထုတ်ဖော် ပြောဆိုလေ့ရှိတဲ့ ကနေဒါနိုင်ငံက မပါဝင်သေးတာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ကနေဒါအမတ် ၈၁ ဦးက ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိ အာဏာရ ကွန်ဆာဗေးတစ်ပါတီရဲ့ အတိုက်အခံ ပါတီကြီးတခုဖြစ်တဲ့ လစ်ဘရယ်ပါတီကလည်း ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ပြီး အင်္ဂါနေ့မှာတော့ နောက်ပါတီတခု ဖြစ်တဲ့ New Democratic Party ကပါ ပါဝင်လာတာ ဖြစ်ပါတယ်။

NDP ပါတီခေါင်းဆောင် ဂျက် လေတန်။
ndp.ca
NDP ပါတီခေါင်းဆောင် ဂျက် လေတန်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေ၊ နိုင်ငံရေး ဖိနှိပ်မှုတွေကအစ အတင်းအဓမ္မ အိုးအိမ် ရွှေ့ပြောင်းခိုင်းတာတွေ၊ လိင်မှုဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်မှုတွေ ကျူးလွန်တဲ့အထိ လုပ်ဆောင်နေတာတွေကို ကနေဒါ အစိုးရက အမြဲတမ်း ထုတ်ဖော် ပြောဆိုခဲ့တာမို့ အခု စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ပေမဲ့ စစ်အာဏာရှင်တွေဟာ လွတ်ငြိမ်းချမ်းသာခွင့်တွေ ရနေတာမို့ ဒါတွေကို ဖော်ထုတ်နိုင်ဖို့အတွက် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ဖွဲ့ စုံစမ်းဖို့ အချိန်တန်ပြီလို့ NDP ပါတီခေါင်းဆောင် ဂျက် လေတန် (Jack Layton) က ပြောပါတယ်။

ကနေဒါနိုင်ငံလို မြန်မာ့အရေး တစိုက်မတ်မတ် ဆောင်ရွက်နေတဲ့ နိုင်ငံကမှ ဒီ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂ ကော်မရှင်ဖွဲ့ပြီး စုံစမ်း စစ်ဆေးဖို့အတွက် မတောင်းဆိုရင် မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဒီ့ထက်ပိုပြီး လုပ်ဆောင်လာနိုင်တယ်လို့ NDP ပါတီ နိုင်ငံခြားရေး တာဝန်ခံ ပေါလ် ဒူဝါ (Paul Dewer) က ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကော်မရှင်ဖွဲ့ စုံစမ်းရေးအတွက် ကနေဒါနိုင်ငံက တက်တက်ကြွကြွ ပါဝင်လှုပ်ရှားဖို့ပါ NDP ပါတီက တောင်းဆိုလိုက်ပါတယ်။ ဒီလို တောင်းဆိုလိုက်တာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ အလားတူ တောင်းဆိုခဲ့တဲ့ အတိုက်အခံ ပါတီကြီးတခုဖြစ်တဲ့ လစ်ဘရယ်ပါတီ ခေါင်းဆောင်လည်းဖြစ်၊ PFOB မြန်မာ့အရေး ဆောင်ရွက်တဲ့ ကနေဒါ၊ မြန်မာများအဖွဲ့ ဥက္ကဋ္ဌ မစ္စတာ လယ်ရီ ဘက်ဂ်နဲလ် (Larry Bagnell) က ကြိုဆိုလိုက်ပါတယ်။

“ကျနော်တို့ လစ်ဘရယ်ပါတီက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ဖွဲ့ စစ်ဆေးဖို့ ထောက်ခံ တောင်းဆိုခဲ့ပါတယ်။ အခု NDP ကလည်း ကျနော်တို့နဲ့ တသဘောတည်း ရှိလာတာမို့ ဒါဟာ သိပ်ကောင်းတဲ့ လက္ခဏာပါ။”

ကနေဒါ အစိုးရ အနေနဲ့ အခုထိ ကြေညာချက်ထုတ်ပြန် ပြောဆိုတာမျိုး မလုပ်သေးပေမဲ့ မကြာခင်မှာ လုပ်ဆောင်လာမယ်လို့ မျှော်လင့်ကြောင်းလည်း မစ္စတာ ဘက်ဂ်နဲလ်က ပြောပါတယ်။ CFOB လို့ခေါ်တဲ့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ကနေဒါမိတ်ဆွေများအဖွဲ့ တာဝန်ခံ ဦးတင်မောင်ထူးကတော့ ကနေဒါနိုင်ငံမှာ လွှတ်တော်အမတ်တွေနဲ့ နိုင်ငံရေးပါတီတွေသာ မကဘဲ လူမှု လူ့အဖွဲ့အစည်းတွေကလည်း ထောက်ခံကြတယ်လို့ ပြောပါတယ်။

“ကနေဒါမှာ နိုင်ငံရေးသမားတွေ၊ အထက်လွှတ်တော် ကိုယ်စားလှယ်၊ အောက်လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၈၁ ဦးကနေ ထောက်ခံကြောင်း သူတို့ ပြောထားပြီးသား ဖြစ်ပါတယ်။ အခု နာရီပိုင်းအတွင်းမှာပဲ အတိုက်အခံပါတီဖြစ်တဲ့ New Democratic Party ကလည်း ပါတီခေါင်းဆောင်နဲ့အတူ နိုင်ငံခြားရေးရာ တာဝန်ခံကနေပြီးတော့ Statement ထုတ်ထားတာ ရှိပါတယ်။

“တချိန်တည်းမှာပဲ Civil Society Organization တွေ၊ အထူးသဖြင့် အလုပ်သမားနဲ့ ၀န်ထမ်း အဖွဲ့အစည်းတွေကလည်း ဒီအပေါ်မှာ ထောက်ခံတယ်ဆိုတဲ့ Statement တွေ ထုတ်ထားပြီးသား ရှိပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင်တော့ လူထုလူတန်းစား အဖွဲ့တွေရဲ့ ထောက်ခံမှုက တနေ့တခြား ပိုများလာတယ်၊ နောက် ပါလီမန်အမတ်တွေ၊ အထက်လွှတ်တော်၊ အောက်လွှတ်တော် အမတ်တွေရဲ့ ထောက်ခံမှုကလည်း ကြီးမားလာသလိုပဲ တခါမှ ၈၀ ကျော်ဆိုတာ မရဖူးဘူးခင်ဗျ။ ဒါ ပထမဆုံး အကြိမ်လည်း ဖြစ်တယ်။”

ဒီလို အများစု လက်ခံကြတာမို့ လက်ရှိ အာဏာရပါတီဟာ မကြာခင်မှာပဲ လူထုဆန္ဒနဲ့အညီ ပံ့ပိုးလာဖို့ မြင်တယ်လို့လည်း ဆိုပါတယ်။

“အခု ကနေဒါမှာ ပါတီပေါင်း ၄ ပါတီ ရှိပါတယ်။ အစိုးရ ဖြစ်နေတာက ကွန်ဆာဗေးတစ်ပါတီ၊ လစ်ဘရယ်ပါတီရယ်၊ New Democratic Party ရယ်၊ ကယူဘက်ကွာ ပါတီ (Quebecois Party) တွေက ထောက်ခံထားပြီး ဖြစ်ပါတယ်။ နိုင်ငံရေးအရလည်း ထောက်ခံမှုအားတွေ ကောင်းလာတယ်၊ လူထုလူတန်းစား အဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုကလည်း ပိုကြီးမားလာတာ တွေ့ရတဲ့အတွက် အနှေးနဲ့အမြန် ဆိုသလို လက်ရှိအာဏာရ ကွန်ဆာဗေးတစ် ပါတီကနေပြီးတော့ လူထုရဲ့ဆန္ဒရော၊ နိုင်ငံရေးသမားတွေရဲ့ ဆန္ဒနဲ့အညီ ဒီကိစ္စအပေါ်မှာ ပံ့ပိုးလာမယ်၊ တကယ်လိုအပ်လာမယ်ဆိုရင် ဂျနီဗာမှာပဲဖြစ်ဖြစ်၊ UN Mechanism တွေမှာ သူတို့ ပံ့ပိုး လုပ်ဆောင်လာမယ်ဆိုတာ ကျနော် အတိအကျ ပြောနိုင်ပါတယ်။”

CFOB အဖွဲ့က ဦးတင်မောင်ထူး ပြောသွားတာ ဖြစ်ပါတယ်။

http://www.voanews.com/burmese/news/

ဘူးပေါက်နဲ့ ခပ်တဲ့ရေ


ဘူးပေါက်နဲ့ ခပ်တဲ့ရေ

နေမင်းသူရ (တပ်မတော်အရာရှိဟောင်းတဦး) / ၀၁ စက်တင်ဘာ ၂၀၁၀


၂၀၁၀ နိုဝင်ဘာ (၇) ရက်နေ့မှာ ရွေးကောက်ပွဲကြီး ကျင်းပတော့မယ့်အကြောင်းကို နအဖစစ်အစိုးရက ကြေညာသွားခဲ့ပါပြီ။ လမ်းပြမြေပုံ နောက်ဆုံးအဆင့်တခုဖြစ်တဲ့ ရွေးကောက်ပွဲဆိုတာဟာ ရေရှည် နေရာဖယ်မပေးစတမ်း အာဏာကို ရယူသွားမယ့် စစ်အုပ်စုရဲ့ ပွဲသိမ်းကောင်း ဇာတ်လမ်းတပုဒ် မဟုတ်သလို ပြည်သူ့အရေးလှုပ်ရှားသူများအတွက်လည်း လမ်းဆုံး အဆုံးသတ် နိဂုံးတခု မဟုတ်ပြန်ပါဘူး။ ဖြစ်ထွန်းလာမယ့် လမ်းစသစ်ပေါင်းများစွာအတွက် ခြေဆင်းတီးလုံးတခု၊ စစ်တုရင်စကားအရ အဖွင့်ရွှေ့ကွက်တခု သက်သက်မျှပါ။

စစ်အုပ်စုအတွင်း မဖြေရှင်းနိုင်သေးတဲ့ ပြဿနာပေါင်းများစွာကြားကနေ ဒီရွေးကောက်ပွဲကို နအဖတို့ ကျင်းပပြုလုပ်ပေးရတာ ဖြစ်ပါတယ်။ အများထင်ထားကြသလို ဘယ်လိုပဲဖြစ်ဖြစ် ကြံ့ဖွံ့ကနိုင်မှာပါပဲ။ ကန့်ကွက်တားဆီးနေလို့လည်း မထူးပါဘူး၊ ကြိုက်ကြိုက် မကြိုက်ကြိုက် မဲသာ ထည့်ပေးလိုက်ဆိုတာ အဆိုးမြင်သက်သက်တွေပါ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ဘက်က အခြေအနေတွေ ကောင်းနေလွန်းလို့ ပိုင်နိုင်လောက်ပြီ ထင်မှတ်လို့ နိုဝင်ဘာ (၇) ရက်ကို နေ့ကောင်းရက်သာရွေးပြီး ကြေညာခဲ့တာမဟုတ်ပါဘူး။ ရွေးကောက်ပွဲဝင်မယ့် ပါတီတိုင်းအတွက် အချိန်မလောက်မင၊ စည်ရုံးရေးဆင်းဖို့ နှောင့်နှေး၊ ငွေကြေးအခက်အခဲတွေ ဖြစ်စေပြီး ကြံ့ဖွံ့တဖွဲ့တည်း တဖက်သတ်အနိုင်ရအောင် အချိန်ကိုက် တက်သုတ်ရိုက် ကြေညာသွားခဲ့တာကိုပဲ ကြည့်ပါ။

ခရာမတုတ်ခင် ကြိုတင်ပြေးခွင့်ရနေတဲ့ ကြံ့ဖွံ့ပါတီနဲ့ အခုမှ ပါတီဝင် စာရင်းတင်၊ နယ်လှည့်စည်းရုံးခွင့် လျှောက်နေရတဲ့ ပါတီငယ်များအကြား အခြေအနေဟာ မိုးနဲ့မြေပါ။ နိုင်နိုင်ရှုံးရှုံး ပြန်မပေးစတမ်း ကိုယ်စားလှယ်လောင်းတယောက် မှတ်ပုံတင်ကြေး (၅) သိန်းဆိုတဲ့ ငွေပမာဏအတွက်ကြောင့်လည်း တပြည်လုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲဝင်နိုင်တာဆိုလို့ ကြံ့ဖွံ့နဲ့ တစညတို့ (၂) ပါတီသာ ရှိပါလိမ့်မယ်။ တဖက်စောင်းနင်း ရွေးကောက်ပွဲကြီးနဲ့အတူ နိုင်ငံတကာ့အလယ် မျက်နှာပန်း မသာတဲ့ ရှေ့ခရီးကိုဆက်ဖို့ အသည်းအသန် စီစဉ်နေတာတွေကို ကြည့်ခြင်းအားဖြင့် နအဖရဲ့ နိုင်ငံရေးအနေအထားဟာ ခံစစ်အသွင် ရောက်နေတယ်လို့ မှတ်ယူရမှာပါပဲ။

သဘာဝဓာတ်ငွေ့ကရတဲ့ နှစ်စဉ်ဝင်ငွေတွေအပြင် ထပ်မံချုပ်ဆိုလိုက်တဲ့ စွမ်းအင်စာချုပ်သစ်များဟာ စစ်ထိပ်သီးအိတ်ကပ်တွေထဲ ၀င်သွားမယ့် (အမျိုးသားထုတ်ကုန် အစုစု ၀င်ငွေမဟုတ်တဲ့) အလဟဿ ငွေတွေသာဖြစ်သလို ရွေးကောက်ပွဲမတိုင်ခင် ကိုယ့်ဆွေမျိုး၊ နီးစပ်ရာ ကုမ္ပဏီတွေ လုပ်ပိုင်ခွင့်များ အပြီးသတ်ရသွားစေဖို့ နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် စီမံခန့်ခွဲပေးတော်မူသော အထူးလုပ်ငန်းအစည်းအဝေး (ညွှန်ကြားရေးမှူးအဆင့်ရှိသူကသာ တင်ပြရမယ့် အစီရင်ခံစာမျိုးလို) လုပ်ငန်းစီမံကိန်းအောင်မြင်ချက် အသေးအမွှားလေးများဟာလည်း တိုင်းပြည်ရဲ့ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်မှုလို့ ယူဆလို့မရနိုင်တဲ့ စီးပွားရေးတိုးတက်မှု အနုတ်ကိန်းဂဏန်းများပါပဲ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးသမားများ၊ ကျောင်းသား၊ ရဟန်းသံဃာ၊ တိုင်းရင်းသား အတိုက်အခံ ထောင်ပေါင်းများစွာ အကျဉ်းချထားခြင်းခံနေရဆဲဖြစ်ပြီး ရွေးကောက်ပွဲ ပါဝင်ခွင့်မဆိုထားနဲ့ လျှော့ပေါ့ချောင်ချိခွင့် နည်းနည်းလေးတောင် သူတို့မရနိုင်ပါဘူး။ ဒါကြောင့်မို့ အားလုံးပါဝင်နိုင်ခွင့်မရှိတဲ့ ရွေးကောက်ပွဲတရပ်လို့ ကမ္ဘာက အမြဲဝေဖန်ချက်ပေးနေတာပါ။ ပြည်တွင်းပြည်ပ အခြေအနေအရပ်ရပ်ကို ပိုင်နိုင်လောက်မယ်ထင်ရင်ဖြင့် ဗိုလ်ချုပ်မှူးကြီးဘက်က နိုင်ငံတကာကို မျက်နှာလုပ်ဖို့ရာ အတိုက်အခံ နိုင်ငံရေးသမားတွေအားလုံး လွှတ်နှင့်ပြီး ဖြစ်လောက်ရောပေါ့။

စစ်တပ်သာလျှင် အုပ်ချုပ်ရေး စွမ်းရည်ရှိတယ်လို့ အမြဲယုံကြည်နေတဲ့ နအဖတို့အဖို့ အရပ်သားတွေနဲ့ အာဏာကို ခွဲဝေဖို့ ကျင့်သုံးဖို့ နေနေသာသာ လွှတ်တော်ထဲမှာ (၂၅) ရာခိုင်နှုန်း အသားတင် နေရာယူထားတဲ့ သူတို့အပေါ် ပြန်ပြီးဆင်ခြေတက်ခွင့်လေးတောင် ပြုချင်လိမ့်မယ်မထင်ပါဘူး။ အခုတော့ မတတ်သာလို့ နိုင်ငံတကာမှာ မျက်နှာပန်းလှအောင် အတိုက်အခံတချို့နဲ့ ရေရှည်တွဲပြီး လွှတ်တော်ထဲမှာ အောင့်သက်သက် အလုပ်လုပ်ကြရပါတော့မယ်။

ရွေးကောက်ပွဲမတိုင်ခင် လက်နက်ကိုင် ငြိမ်းအဖွဲ့တွေအားလုံး၊ တခုတည်းသော စစ်ဦးစီးမှုအောက်ရောက်ရှိရေး ပြဿနာတွေကလည်း တပိုင်းတန်းလန်း မဖြေရှင်းနိုင်သေး၊ နေ့ချင်းညချင်း လက်နက်ကိုင်ပြဿနာ အသစ်တွေလည်း ထပ်ပြီးပေါ်လာနိုင်ပါသေးတယ်။ စက်တင်ဘာလဆန်းပိုင်းမှာ အပြီးသတ် နယ်ခြားစောင့်တပ်ဖွဲ့ဖို့အရေး ခေါင်းမာနေသေးဆဲ မွန်၊ ကရင်၊ ၀ နဲ့ ကိုးကန့်တပ်ဖွဲ့များကိစ္စကိုရော နအဖတို့ ဘယ်လိုဆက်ကိုင်တွယ်မှာလဲ။ ၁၉၉၀ လွန် ခုနှစ်တွေကစပြီး ငြိမ်းချမ်းရေး (၁၇) ဖွဲ့နဲ့ နှစ်ပေါင်း (၂၀) နီးပါး အပစ်အခတ် ရပ်စဲထားခဲ့တောင် တိုင်းပြည်အတွက် ပြေလည်မယ့်အဖြေ မထွက်တဲ့အပြင် လမ်းစကိုတောင် ရှာမတွေ့သေး ရှိနေဆဲပဲမဟုတ်ပါလား။ ရွေးကောက်ပွဲအကြို အပြီးသတ် ဖွဲ့စည်းဖို့ လျာထားတဲ့ နယ်ခြားစောင့်တပ်များ အရေးဟာလည်း ယခင်နှစ်ပေါင်း (၂၀) နီးပါး လက်နက်တွေကိုင်ပြီး စီးပွားရေးလုပ်ခွင့်တွေရနေတဲ့ ငြိမ်းအဖွဲ့တွေကို နာမည်တမျိုး (သို့) အသွင်သစ်တခုနဲ့ ကာလတခုအထိ ဆက်တည်ရှိနေစေဦးမှာပါ။

တပ်မတော်လက်အောက်က နယ်ခြားစောင့်တပ်ရင်းတပ်ဖွဲ့လို့ အမည်ခံခိုင်း၊ ယူနီဖောင်း ပြောင်းဝတ်ခိုင်း၊ ထောက်ပံ့ကြေးနဲ့ လစာငွေတွေ ထုတ်ပေးရုံလေးနဲ့ နအဖတပ် လုံးလုံးလျားလျားကြီး ဖြစ်သွားမှာမဟုတ်ပါဘူး။ လတ်တလော ဖွဲ့စည်းပြီးနှင့်တဲ့ နယ်ခြားစောင့်တပ်ရင်းများမှာ ငြိမ်းအဖွဲ့ သူပုန်ဟောင်းတွေက ကိုယ်သေနတ်နဲ့ကိုယ် နယ်ခြားစောင့်တပ်အဖြစ် လာပြီးလုပ်နေရခြင်းဟာ မဆီမလျော် သဘာဝမကျလှတဲ့ ဖြစ်စဉ်တခုပါ။

ကွပ်ကဲမှုတခုတည်းအောက် ဖွဲ့စည်းခဲ့တာတောင် အခွင့်အရေးနဲ့ ထောက်ပံ့မှုတွေ ကွာခြားလွန်းလို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BDR) တပ်နဲ့ ဘင်္ဂလားကြည်းတပ်တို့အကြား တင်းမာပြီး ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ (၂၅-၂၇) ရက်အတွင်း တပ်တွင်းပုန်ကန်မှုကြီး ဖြစ်ပွားခဲ့ပါသေးတယ်။ အောက်ခြေထု မထောက်ခံတဲ့ စစ်တပ်ဘက်က ပြောင်းရွှေ့လာသူ နယ်ခြားစောင့်တပ်မှူးကြီး အပါအ၀င် အရာရှိပေါင်း (၆၃) ဦး သေဆုံးပြီး ကျန် (၇၂) ဦးက ကနေ့အထိတိုင် ပစ်ခတ်ပေါက်ကွဲမှုများအတွင်း ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ဒီဖြစ်ရပ်များကို နအဖတို့ နမူနာယူသင့်ပါတယ်။ သတ်မှတ်ပေးတဲ့နေရာမှာ နေခိုင်းပြီး လစဉ် ရိက္ခာ/လစာ ထုတ်ပေးရုံကလွဲလို့ နယ်ခြားစောင့်တပ်တွေကို အခုအထိ အမိန့်၊ တာဝန်တွေပေး စစ်ဆင်ရေးဝင်ခိုင်းလို့ မရနိုင်သေးပါဘူး။ နယ်ခြားစောင့်တပ်မှာ ပူးတွဲပေးထားတဲ့ နအဖအရာရှိ၊ အရာခံတွေတောင် တဖြည်းဖြည်း အကျင့်ပျက်လို့ လာနေပါပြီ။ သဘာဝချင်းမတူတဲ့ တပ် (၂) ခု ကို စုစည်းပေါင်းစပ်ထားတာမို့ စစ်တပ်ကလာတဲ့ လူတွေနဲ့ သူပုန်ဟောင်းများအကြားမှာ အမြင်ချင်းလည်း မတူညီကြပါဘူး။ တခုတည်းသော တပ်မတော်အဆင့်ထိဖြစ်လာအောင် ဘယ်လောက် အချိန်ထပ်ယူရဦးမှာလဲ။

ဒီအတောအတွင်း နယ်ခြားစောင့်က တပ်ပြေး ဘက်ပြောင်း စတဲ့ကိစ္စတွေ အများကြီး။ အချင်းချင်းကြား မကျေလည်မှုတွေကြောင့် ကရင်နယ်ခြားစောင့်တပ်များအကြား လုပ်ကြံဖျက်ဆီးမှုတွေ တသီကြီး ဖြစ်ပေါ်လာနေတဲ့အပြင် လက်သည်မဲ့ ဗုံးပေါက်ကွဲမှုတွေလည်း တစတစ ခပ်စိပ်စိပ် ဖြစ်ပွားနေဆဲပါ။ စုဖွဲ့မှုကောင်းပြီး ထုထည်ကြီးမားနေတဲ့ ရန်သူကို ပြန့်ကျဲသွားအောင်လုပ်၊ ချေမှုန်းပစ်တဲ့ စစ်ရေးနည်းပရိယာယ်အတိုင်း ပြည်တွင်းသူပုန်ဟောင်းများအပေါ်မှာ ကျင့်သုံးလို့မရနိုင်ပါဘူး။ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းမှသာ ပြေလည်သွားမယ့် ကိစ္စတရပ်ပါ။ အခုတော့ ထာဝရငြိမ်းချမ်းတဲ့ လမ်းစမရှာဖွေဘဲ နှစ်ပေါင်း (၆၀) ကျော်ကြာ ပြည်တွင်းစစ်မီးတောက်ကြီးကနေ ပြန့်ကျဲသွားတဲ့ မီးပွားမီးတောက်ငယ်လေးတွေအဖြစ်ကို ရောက်အောင် နအဖတို့ တမင်ဖန်းတီးခဲ့ကြပါပြီ။ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရဲ့ စီးပွားရေးအရင်းအမြစ်အားလုံးကို ဗိုလ်ချုပ်တွေရဲ့ လက်ဝေခံတွေဆီ လွှဲအပ်ထားနှင့်ပြီးဖြစ်သလို ပြည်တွင်းက ကုန်သည်၊ ပွဲစားနဲ့ လုပ်ငန်းရှင်ငယ်များ၊ အလတ်လွှာများ၊ ၀န်ထမ်းများ အပါအ၀င် လူထုတရပ်လုံးရဲ့ စီးပွားရေးအခြေအနေအရပ်ရပ်ဟာ ချွတ်ခြုံကျ၊ ရောင်းချပေါင်နှံပြီး ရင်းနှီးစရာမဲ့၊ နေ့ပြန်တိုး၊ မတ်တိုး (ချေးငွေတသောင်းမှာ နေ့တိုင်း တထောင်နှုန်း လေးဆနီးပါး တလအတွင်း ပြန်အတိုးဆပ်နေရတဲ့စနစ်) များအကြား နေ့စဉ် အကြွေးနွံနစ်နေကြတဲ့အဖြစ်နဲ့ ရှုပ်ထွေးလှသော လူမှုစီးပွားပြဿနာများ၊ မပြေလည်တဲ့ အကျပ်အတည်းတွေကြောင့် အိမ်နီးချင်း တိုင်းပြည်များကိုသာမက ကမ္ဘာအနှံ့ အလုပ်ကိုင်ရှာဖွေဖို့ ထွက်ခွာနေကြဆဲ မြန်မာ့ရွှေ့ပြောင်းလုပ်သားများကိစ္စ ဖြေရှင်းပေးရေး၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးရေး၊ ပြန်လည်နေရာချထားပေးရေး … စတဲ့ ပြဿနာတွေကလည်း နအဖတို့အတွက် တသီတတန်းကြီး ရှိနေတုန်းပါ။

အာဏာအလွှဲအပြောင်းမတိုင်မီ ကိုယ်ရသင့်တဲ့ အကျိုးခံစားခွင့်များ ရရှိရေးအတွက် တပ်ရင်း၊ တပ်ဖွဲ့ အတော်များများ ဆူပူဆန္ဒပြနေတာ၊ တိုးတိုးပြီး အမှုစွဲဆို တင်ပြလာနေတဲ့ လယ်သိမ်းခံ လယ်သမားများနဲ့ ကလေးစစ်သားများ ပြဿနာ၊ အလုပ်သမားအရေး၊ ပင်စင်စားဝန်ထမ်းဟောင်းများရဲ့ ခံစားခွင့်ဆိုင်ရာကိစ္စများ … စသည်ဖြင့် အမှုပေါင်းစုံဟာ နောင်တက်လာမယ့် အစိုးရအဖွဲ့အနေနဲ့ ဒီပြဿနာများကို ဆက်ပြီး ခေါင်းခံဖြေရှင်းမှာမဟုတ်ဘူးလို့ ယူဆတာကြောင့် လူတန်းစား လူ့အလွှာပေါင်းစုံဟာ နအဖတို့ဆီမှာ အခုကတည်းကိုက စဉ်ဆက်မပြတ် တောင်းဆိုဆန္ဒပြနေကြခြင်းပါ။

ဒီကိစ္စတွေထက် အရေးကြီးတဲ့ နောက်ဆက်တွဲကိစ္စတွေက နအဖတို့ စစ်အုပ်စုအတွင်း ပြဿနာများပဲဖြစ်တယ်။ နောင်လာမယ့် ဖွဲ့စည်းပုံအရ သမ္မတဟာ နိုင်ငံအကြီးအကဲဖြစ်ပြီး အာဏာခွဲဝေမှုအပိုင်းမှာတော့ တပ်ကို ကိုင်ထားသူ စစ်ဦးစီးချုပ်သာလျှင် ပိုအခရာ ကျပါလိမ့်မယ်။ လိုအပ်ရင် စစ်တပ်က အာဏာသိမ်းခွင့်ပြုပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကြီးထဲမှာ ဒီကိစ္စကို ထည့်ပြီး ရေးဆွဲထားမိခဲ့တာပဲ မဟုတ်ပါလား။ ဒီတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ဘာဆက်လုပ်မလဲဆိုတာ စဉ်းစားရွေးချယ်ဖို့ လိုအပ်လာပါပြီ။ သူ့အနေနဲ့ တပ်ကို ဆက်ကိုင်မှာလား၊ သမ္မတပဲ သွားလုပ်မလား။ သမ္မတ တက်လုပ်မယ်ဆိုရင် တပ်ကို ဘယ်သူ့လက်ထဲ စိတ်ချလက်ချ အပ်ထားခဲ့ရမလဲ။ သူကိုယ်တိုင် အလုံးစုံ ယုံကြည်ရသူကရော ဘယ်သူရှိနိုင်မလဲ။ ဒီတနေ့မှာ ဗိုလ်ချုပ်ကြီး သူရရွှေမန်းကို ပွဲထုတ်ပြီး နောင်တနေ့မှာ ဒု-ဗိုလ်ချုပ်ကြီး မြင့်ဆွေကို ပစားပေး၊ နောက်တနေ့မှာကျတော့ ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ကို သူကောင်းပြု … စတဲ့ တပ်တွင်း သွေးခွဲအုပ်ချုပ်နေခြင်းဟာ တပ်ချုပ်ကြီးက ဘယ်သူကိုမှ အကြွင်းမဲ့ မယုံကြည်ဘူးဆိုတာ ဖော်ပြနေပါတယ်။

တပ်ချုပ်ကြီးအနေနဲ့ တပ်တွေကိုပဲ နောက်ကွယ်ကနေ ဆက်ကိုင်နေချင်သေးသပဆိုရင်ဖြင့် ဘယ်သူ့ကို သမ္မတ ခန့်ထားမှာလဲ။ ဖြစ်လာမယ့် သမ္မတနဲ့ စစ်ဦးစီးချုပ်တို့ အကြားမှာ ညှိနှိုင်းဆက်စပ်လို့မရခဲ့ရင် တပ်မတော်အတွင်း ဘာတွေဖြစ်လာမလဲဆိုတဲ့ ‘သို့လော သို့လော’ ပြဿနာတွေဟာ နအဖအတွက် ဖြန့်ထွက်စဉ်းစား တွေးတောစရာတွေပါ။ ပြောရရင် ဒီရွေးကောက်ပွဲဟာ စစ်အုပ်စုအတွက် ပွဲသိမ်းကောင်း အောင်ပွဲတခု မဟုတ်နိုင်သလို လောလောဆယ်ရော နောင်အတွက်ပါ ဘာအာမခံချက်မှ မရှိသေးတဲ့ အောင်ပွဲသက်သက်ပါ။

ဒီထက်ပိုဆိုးတာ သူတို့ရေးဆွဲမိခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကြောင့် ကိုယ်ပဲ ပြန်ပြီး ဒုက္ခရောက်သွားနိုင်တဲ့ အဖြစ်မျိုးတွေပါ။ အာဏာလောဘဇောကြောင့် စစ်တပ်ခေါင်းဆောင်တွေအကြား နိုင်ငံရေးအရ အမြင်တွေ မကွဲသော်လည်း၊ စည်းလုံးမှုအပိုင်းမှာ အထက်က ပြောခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကြောင့် တပ်တွင်း အချင်းချင်း သွေးကွဲသွားစေနိုင်တဲ့ အချက်အလက်တွေ အထင်အရှား ဖြစ်ပေါ်နေပါပြီ။ ရွေးကောက်ပွဲတောင် မ၀င်ရသေးဘူး၊ ဘောင်းဘီချွတ်ခံရမယ့် ဗိုလ်ချုပ်များနဲ့ အောက်ခြေ ဒု-ဗိုလ်မှူးချုပ်တို့အကြား ပူညံပူညံအသံတွေက ထွက်ပေါ်လာနေပါပြီ။ ပိုလျှံနေတဲ့ ဗိုလ်ချုပ်တွေအပြင် အမည်ခံရုံသက်သက်၊ ကြံဖန်ရာထူးပေးဖို့ ထွင်ထားတဲ့ (ကစထ) မှူးလို အဆင့်အတန်းတွေ၊ စစ်ဘက်ကနေ အရပ်ဘက် တိုက်ရိုက်သွားပြီး ရာထူးကြီးတွေရစေမယ့် ၀န်ကြီး၊ ညွှန်ချုပ်နဲ့ သံရုံးတာဝန်ခံ၊ စစ်သံမှူး … စတဲ့ အခွင့်အရေး ရာထူးမျိုးတွေကို စစ်ထိပ်သီးများအဖို့ နောင် မျှော်မှန်းနိုင်ခွင့်ရှိပါ့မလား။

လတ်တလော ၂၀၁၀ ရွေးကောက်ပွဲကာလတခုအတွက် အခုလိုမျိုး ဗိုလ်ချုပ်နဲ့ ဗိုလ်မှူးချုပ်အဆင့်တွေ လျာထားပြီး ထုတ်ပစ်လိုက်တာသာမဟုတ်၊ နောင်တကြိမ် လာဦးမယ့် ရွေးကောက်ပွဲအရန်အဖြစ် ကြံ့ဖွံ့ပါတီထဲ ထည့်ဖွဲ့စည်းဖို့ နောက်ထပ် ဗိုလ်ချုပ်နဲ့ ဒု-ဗိုလ်မှူးချုပ်တွေ အများကြီး တပ်ထဲက ထပ်ထုတ်နုတ်ဖို့ ရှိလာနိုင်ပါသေးတယ်။ ကြံ့ဖွံ့ပါတီကို ကိုယ်စားပြုပြီး အခုရော နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ၀င်ရွေးခဲ့မိလို့ အရွေးမခံရဘဲ ပြုတ်သွားခဲ့ရင် လက်ရှိရနေတဲ့ လစာနဲ့ အခွင့်အရေးတွေအပြင် ကား/အိမ် စတဲ့ အဆောင်အယောင်နဲ့ လုပ်ပိုင်ခွင့်တွေ ဆုံးမယ့်ကိန်းမျိုး (သို့) ရှုံးမယ့်မြင်းကို လောင်းမိတဲ့အဖြစ်မျိုး လက်ရှိ နအဖစစ်ဗိုလ်ချုပ်များ စတင်တွေ့ကြုံ ခံစားနေကြပါပြီ။ ဗိုလ်ချုပ်ကတော်တွေလည်း မျက်ခုံးလှုပ်၊ ရင်ထုပြီး ဆို့နင့်နေရတဲ့ အဖြစ်မျိုး ကြုံနေကြရကုန်ပါပြီ။

ရွေးကောက်ပွဲကော်မရှင် ရေးဆွဲခဲ့တဲ့ ဥပဒေဆိုင်ရာ အားနည်းချက် လစ်ဟာကွက်တွေကို ကြားဖြတ်အစိုးရမဟုတ်တဲ့ စစ်အစိုးရကိုယ်တိုင် အတင်းအဓမ္မလိုက်ပြီး အာဏာစက်နဲ့ ပိတ်ဆို့ကာကွယ်ပေးနေရဆဲ၊ တုတ်ပြ ဓားမိုး ထောင်နဲ့ ခြိမ်းခြောက် … စတဲ့ နည်းမျိုးစုံ ကျင့်သုံးနေရဆဲမို့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးဖို့ရာ ကြီးကြပ်ပေးမယ့်သူ ရွေးကောက်ပွဲကော်မရှင်တောင် တုပ်တုပ်မှ မလှုပ်ဝံ့တဲ့ ရုပ်သေးရုပ်ဘ၀ကို ရောက်နေခဲ့ရပါပြီ။ တင်ပြလာတဲ့ အမတ်လောင်းစာရင်းတွေကို ရွေးကောက်ပွဲကော်မရှင်က စိစစ်ခွင့်မရှိဘဲ စရဖ (ခေါ်) ထောက်လှမ်းရေးတွေက ကြားဝင် အကျိုးဆောင် စစ်ဆေးပေးနေကြတာကို ကြည့်ရင် ပိုပြီး ထင်သာမြင်သာနိုင်ပါလိမ့်မယ်။ ရွေးကောက်ပွဲကော်မရှင်ကိုယ်တိုင် ထောက်လှမ်းရေးနဲ့ SP တို့လက်အောက်မှာ အလုပ်လုပ်နေရတယ်ဆိုရင် ဖြစ်ပေါ်လာမယ့် ၂၀၁၀ ရွေးကောက်ပွဲရဲ့ လွတ်လပ်သန့်ရှင်းမျှတမှုဆိုတာဟာ ဘယ်လိုအရာမျိုးပါလိမ့်။

လမ်းညွှန်မြေပုံ (၇) ချက်အရ (၁၃) နှစ်ကြာ ဆွဲခဲ့တဲ့ ဖွဲ့စည်းပုံမှာကိုပဲ လိုရာတွေ ဆွဲထည့်ရင်း ရှေ့နောက် မဆီမလျော်တွေဖြစ်၊ ဒါတွေကို ကြီးကြပ်အကောင်အထည် ဖော်ပေးဖို့ ဖွဲ့ထားတဲ့ ကော်မရှင်ကိုယ်တိုင်ကလည်း ရုပ်ပြသက်သက်၊ အာဏာနဲ့သိက္ခာမရှိ။ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပေးဖို့ ရွေးချယ်ထားတဲ့ ကြားဖြတ်အစိုးရတရပ်မရှိလို့ တည်ဆဲနအဖအစိုးရကိုယ်တိုင် ကြားဝင်ပြန်ပါတော့လည်း ဘက်လိုက်ပြီး တရားမျှတမှုမရှိဘူးလို့ ကမ္ဘာက ပြောတာခံနေကြရပါပြီ။ အဓမ္မနည်း၊ ညစ်နည်း၊ လိမ်နည်းများ အစုံစုံနဲ့ နအဖတို့က ရွေးကောက်ပွဲရှေ့ခရီးကို ဆက်ကြပါလိမ့်ဦးမယ်။

စစ်တပ်ရဲ့ထုံးစံအတိုင်း အရာရာကို တရားမျှတမှုထက် အနိုင်ရဖို့သာ အဓိက ထားတတ်ကြပါတယ်။ ရေဘူးပေါက်တာ မလို၊ ရေပါတာပဲ လိုချင်တယ်လို့ နအဖတပ်ထဲမှာ အမြဲပြောလေ့ရှိပါတယ်။ ဒီမူအတိုင်း လိုက်နာကျင့်သုံးပြီး၊ အထက်ကို လိမ်ညာတင်ပြပြီး အလုပ်ဖြစ်နေကြတဲ့ တပ်မတော်ထဲမှာလို ပြည်သူနဲ့ နိုင်ငံတကာအပေါ်မှာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီသစ် မြန်မာနိုင်ငံတော်ကြီး အောင်မြင်ပါကြောင်း လိမ်လည်စာရင်းပြလို့ မဖြစ်နိုင်ပါဘူး။ လက်ရှိတည်ဆဲအစိုးရဟာ ၂၀၁၀ ရွေးကောက်ပွဲကနေပြီး အနာဂတ်မှာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးတရပ် ဖော်ဆောင်သွားမယ့်အကြောင်းကို နေ့စဉ်နဲ့အမျှ ကြွေးကြော်နေပါပြီ။ ဒါပေမယ့် နအဖတပ်မတော်ကြီးရဲ့ ကျင့်သုံးနေကျ ခေါက်ရိုးကျိုး ထုံးစံများအတိုင်း စည်းစနစ်ကျကျ သန့်သန့်ရှင်းရှင်းမလုပ်ဘဲ ဘူးပေါက်နဲ့ ဖြစ်အောင်ခပ်လာတဲ့ ရေတိုင်းဟာ သုံးလို့မကောင်းတဲ့ ရေဆိုးများသာ ဖြစ်နေကြပါလိမ့်မယ်။ ။
http://www.khitpyaing.org/index.php?route=detail&id=4082