Friday, September 3, 2010

3 September 2010 ဒိုင်ယာရီ

http://www.mediafire.com/?r5j8ja3ol4bvmh5
http://www.mediafire.com/file/upywi7kd5d6a5ob/3%20Sep%202010%20Yeyintnge%27s%20diary.pdf
3 Sep 2010 Yeyintnge's Diary

အထက်ဗမာပြည် သောသုဇနဘိက္ခူ သံဃာတော်များ ကြေညာချက်ထုတ်


အထက်ဗမာပြည် သောသုဇနဘိက္ခူ သံဃာတော်များ ကြေညာချက်ထုတ်

2010-09-03

ပခုက္ကူ သံဃာအရေးအခင်း ၃ နှစ်ပြည့်ချိန်ကစပြီး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနိုင်ရဖို့ ပြင်ဆင်ထားတဲ့ ရွေးကောက်ပွဲကို အကြမ်းမဖက် နည်းမျိုးစုံနဲ့ ဆန့်ကျင်ကန့်ကွက်ကြဖို့ အထက်ဗမာပြည် သောသုဇနဘိက္ခူ သံဃာ့အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

(Photo: AFP)

၂၀ဝ၇ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော သံဃာနှင့် လူထု လှုပ်ရှားမှုတွင် သပိတ်ကို မှောက်၍ ကိုင်ဆောင် စီတန်းလှည့်လည်ကြသော သံဃာများ ဖြစ်ပါသည်။ (Photo: AFP)

လာမဲ့ စက်တင်ဘာလ ၅ ရက်နေ့ဟာ ရွှေဝါရောင်တော်လှန်ရေးကြီးကို စတင်ဖြစ်ပေါ်စေခဲ့တဲ့ ပခုက္ကူ သံဃာတော် အရေးအခင်း ၃ နှစ်ပြည့် နှစ်ပတ်လည်ဖြစ်ကြောင်း အစချီထားတဲ့ ကြေညာချက်ကို ဦးဆောင် သံဃာတပါးဖြစ်တဲ့ ဦးသောဘိတကအခုလို အမိန့်ရှိပါတယ်။

“၂၀၀၇ ခုနှစ် စက်တင်ဘာ ၅ ရက်၊ ၆ ရက်နေ့များတွင် ပခုက္ကူမြို့၌ ငြိမ်းချမ်းစွာ မေတ္တာပို့ ချီတက်ကြသော သံဃာတော်တို့အား အာဏာပိုင်တို့နှင့် ကြံ့ခိုင်ရေး လူမိုက်များတို့မှ အကြမ်းဖက် ရက်စက်စွာ ချေမှုန်းခဲ့သည်မှာ သုံးနှစ်ပြည့်လုပြီ ဖြစ်သည်။ ယခု သုံးနှစ်ပြည့် အခါသမယတွင် ၎င်း ကြံ့ဖွံ့ လူမိုက်များ၏ ပါတီမှ ဦးဆောင်၍ ပြည်သူလူထုအား ထာဝစဉ် စစ်ကျွန်ဖြစ်မည့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ဖန်တီးလျက်ရှိသည်။”

ဒါ့ကြောင့် သံဃာတော်တွေကို စော်ကားထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ စစ်အာဏာရှင်တွေကို လာမဲ့ ရွေးကောက်ပွဲ မတိုင်မီ အကြမ်းမဖက် နည်းလမ်းပေါင်းစုံနဲ့ စတင် ဆန့်ကျင်သွားကြဖို့ တိုက်တွန်းထားပါတယ်။

“သို့ပါ၍ ညီတော်၊ နောင်တော် သံဃာတော် အရှင်သူမြတ်များမှ ဦးဆောင်၍ ၂၀၀၇ စက်တင်ဘာ သုံးနှစ်ပြည့် ပတ်လည် ၅ ရက် ၆ ရက်မှ စတင်ကာ စစ်အစိုးရအား အကြမ်းမဖက်သည့် နည်းလမ်းမျိုးစုံ သုံး၍ ဆန့်ကျင် ဆန္ဒပြ တိုက်ပွဲဝင်သွားရန် တိုက်တွန်းနှိုးဆော်အပ်သည်။ သောသုဇနသမဂ္ဂ၊ ပခုက္ကူ။”

အထက်ဗမာပြည် သံဃာတော်တွေအနေနဲ့ စစ်အစိုးရ ဆန့်ကျင်ရေး စာရွက်စာတမ်း ဖြန့်ဝေတာကို ဒီကနေ့ စလို့လုပ်ဆောင်မှာ ဖြစ်ြပီး၊ ရရာနည်းလမ်းနဲ့ ဆန္ဒပြ ဆန့်ကျင်သွားမှာ ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
http://www.rfa.org/burmese

နိုင်ငံရေးကိစ္စရပ်ကို ဆွေးနွေးညှိနှိုင်းအဖြေရှာပြီးမှ တပ်အသွင်ကူးပြောင်းရေး မွန်ပြည်သစ်ပါတီ လုပ်ဆောင်မည်


နိုင်ငံရေးကိစ္စရပ်ကို ဆွေးနွေးညှိနှိုင်းအဖြေရှာပြီးမှ တပ်အသွင်ကူးပြောင်းရေး မွန်ပြည်သစ်ပါတီ လုပ်ဆောင်မည်

Submitted by Karen Information Center on Friday, 3 September 2010
နိုင်ငံရေးကိစ္စရပ်ကို ဆွေးနွေးညှိနှိုင်းအဖြေရှာပြီးမှ  တပ်အသွင်ကူးပြောင်းရေး မွန်ပြည်သစ်ပါတီ လုပ်ဆောင်မည်
စက်တင်ဘာ ၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ဖိအားပေးခြင်းခံရသည့် မွန်ပြည်သစ်ပါတီ(NMSP)သည် အစိုးရနှင့် နိုင်ငံရေး ကိစ္စရပ်ကို ဆွေးနွေးညှိနှိုင်းပြီးမှသာ တပ်အသွင်ကူးပြောင်းရေးကို လုပ်ဆောင်မည်ဟု မွန်ပြည်သစ်ပါတီမှ ထိပ်တန်းခေါင်းဆောင်တဦးက ပြောသည်။

မွန်ပြည်သစ်ပါတီ နိုင်ငံခြားရေးဌာန တာဝန်ခံ ပါတီပြောခွင့်ရ နိုင်ဟံသာဗွန်ခိုင်က “ကျနော်တို့ကတော့ နောက်တက်မယ့်အစိုးရ နဲ့သော်လည်းကောင်း၊ လက်ရှိအစိုးရနဲ့သော်လည်းကောင်း နိုင်ငံကိစ္စရပ်ကို ဆွေးနွေးညှိနှိုင်းအဖြေရှာပြီးမှ တပ်အသွင်ကူး ပြောင်းရေး လုပ်ဆောင်စေလိုကြောင်း စက်တင်ဘာ ၁ရက်နေ့မှာ တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းကို အကြောင်းပြန်ထား တယ်။”ဟု ကေအိုင်စီကို ပြောသည်။

ယခင်လ သြဂုတ် ၂၃ရက်နေ့တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းက မွန်ပြည်သစ်ပါတီမှ ထိပ် ပိုင်းခေါင်းဆောင်တချို့ကို မော်လမြိုင်မြို့ စစ်ဌာနချုပ်ရုံး၌ ခေါ်တွေ့ခဲ့ရာ တိုင်းမှူးက စက်တင်ဘာ ၁ရက်နေ့မှာ လက်နက်စွန့် ရမည်ဖြစ်ကြောင်း လက်နက်မစွန့်လွှတ်ပါက ငြိမ်းချမ်းရေးမယူခင်ကာလ အခြေအနေကို ရောက်သွားမည်ဖြစ်ပြီး တရားမ၀င် အသင်းဖြစ်သွားမည်ဟု သတိပေးသောကြောင့် ယခုလို အကြောင်းပြန်ရခြင်းဖြစ်သည်ဟု နိုင်ဟံသာဗွန်ခိုင်က ပြောသည်။

ထိုကဲ့သို့ အကြောင်းပြန်လိုက်သည့်အပေါ် လက်နက်ကိုင်ပဋိပက္ခ အချိန်မရွေးဖြစ်ပွားသွားနိုင်သောကြောင့် သံဖြူဇရပ်နှင့် ဘုရားသုံးဆူလမ်းမကြီးအပြင် မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များ လှုပ်ရှားသည့်ဒေသတို့တွင် နအဖစစ်တပ်များက စစ်ကားတချို့နှင့်အတူ ခြေကုပ်နေရာယူထားခြင်းရှိသလို မွန်ပြည်သစ်ပါတီဘက်ကလည်း တပ်လှန့်နေရာယူမှုများ လုပ်ဆောင်နေသည်ဟု နိုင်ဟံသာဗွန်က ထပ်လောင်းပြောသည်။

MNLA တပ်မတော်


မွန်နှင့် ကရင်ပြည်နယ် နယ်စပ် ဘုရားသုံးဆူမြို့ရှိ မွန်ပြည်သူတဦးက “ကျနော်မြင်တာက သူတို့လက်ခံလိုက်ရင်တော့ အေး ဆေးသွားပြီပေါ့။ လက်မခံလိုက်ဘဲ တိုက်ကြခိုက်ကြ ရန်ဖြစ်ကြမယ်ဆိုရင်တော့ ကျနော်တို့ ပြည်သူလူထုတွေ အလုပ်လုပ် မစားရဘူး။ တောထဲတောင်ထဲသွားရင်လည်း သူတို့ဖမ်းမှာကြောက်ရမယ်။ ဒါပေမယ့် တနည်းကြည့်မယ်ဆိုရင် သူတို့လက်မခံ တာကောင်းပါတယ်။ မွန်ပြည်သူတွေကို နအဖစစ်သားတွေ ခြယ်လှယ်ချင်တိုင်း ချယ်လို့မရဘူးပေါ့”ဟု ပြောသည်။

နယ်ခြားစောင့်တပ်(သို့မဟုတ်)ပြည်သူ့စစ်တပ်အသွင်ပြောင်းရေးကိစ္စနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီအနေဖြင့် လက်မခံနိုင် သေးကြောင်းကို ၂၀၁၀ခုနှစ် ဧပြီလ ၂၂ ရက်နေ့၊ ဧပြီလ ၂၅ ရက်နေ့နှင့် သြဂုတ်လ ၃၀ရက်နေ့တို့တွင် အရှေ့တောင်တိုင်း စစ် ဌာနချုပ်သို့ စာဖြင့် အကြောင်းပြန်ခဲ့သလို ယခင်နှစ် သြဂုတ်လ (၅)ရက်နေ့တွင် ကျရောက်သည့် မွန်အမျိုးသားတော်လှန်ရေး နေ့ကလည်း နယ်ခြားစောင့်တပ်ကိစ္စကို တရားဝင် ငြင်းဆန်ခဲ့ဟု သိရသည်။

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ခုနှစ်တွင် နအဖ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးယူထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၁၇)ဖွဲ့အနက်မှ မွန်အမျိုးသား လက်နက်ကိုင်အဖွဲ့တဖွဲ့ ဖြစ်သည်။

http://www.kicnews.org/?p=3640

ယူရေနီယမ်ထွက်ရှိမှုကြောင့်မိုးကုတ်ကလီစူးရွာ ၃ ရွာပြောင်းရွှေ့ခိုင်း


ယူရေနီယမ်ထွက်ရှိမှုကြောင့်မိုးကုတ်ကလီစူးရွာ ၃ ရွာပြောင်းရွှေ့ခိုင်း

မိုးကုတ်မြို့အနောက်ဘက် မိုးကုတ်-၀ါးဖြူတောင်ကားလမ်းပိုင်း/လမ်းဧရိယာအပါအ၀င်းအနီးတ၀ိုက်ရှိ ယူရေနီယမ် သတ္တုစီမံကိန်းခွင်နှင့်မလွတ်ကင်းသောလီစူးရွာ ၃ ရွာမကြာခင်ပြောင်းရွှေ့ခံရဖွယ်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

“ယူရေနီယမ်တူးမယ်ဆိုတော့ အဲ့ဒီဒေသမှာရှိတဲ့လီစူးရွာ ၃ ရွာလဲ မကြာခင်ပြောင်းရတော့မယ်။ တရွာဆိုအိမ်ခြေ ၅၀ ကျော်ရှိမယ်” ဟု မိုးကုတ်ဒေသခံတစ်ဦးကပြောပါသည်။

ထိုလီစူးရွာသည် မိုးကုတ်မြို့အနောက်တောင်ဘက် ၇-၈ မိုင်အကွာ၌တည်ရှိသည်ဟုဆို၏။ နအဖက ထိုဒေသတွင် ယူရေနီယမ်တူးဖော်ရေးစီမံကိန်းကြီးပြုလုပ်နေသောကြောင့်ဖြစ်သည်။

ထိုယူရေနီယမ်တူးဖော်ရေးစီမံကိန်းကြောင့် မိုးကုတ်-၀ါးဖြူတောင်သွားလမ်းကို နအဖကပိတ်မည်ဟုလည်းသတင်း ထွက်နေခဲ့ပြီး မိုးကုတ်မှမန္တလေးကားလမ်းသစ်တစ်ခုအစားထိုးဖောက်လုပ်ပြီးစီးလုနီးပြီဟုဆို၏။

“မြေမြို့ရဲ့မြောက်ဘက်ကနေမိုင်းလုံ-မိုးကုတ်ကိုတိုက်ရိုက်ဖောက်ထားတာ။ လမ်းသစ်ပြီးစီးသွားရင် မိုးကုတ်ပြည်သူတွေ မန္တလေးသွားရင် ဒီလမ်းကိုသုံးရမယ်တဲ့ ” ဟု ၎င်းကဆက်လက်ပြောပါသည်။

မေမြို့-မိုင်းလုံ-မိုးကုတ်လမ်းသစ်ကို ယခုနှစ်ဆန်းပိုင်းမှစတင်ဖောက်လုပ်ခဲ့ပြီး မိုင် ၆၀ ကျော်ရှည်မည်ဟုဆိုသည်။

“မြေဖို့ကျောက်ခင်းတာအားလုံးပြီးလုနီးနီးရှိပြီ။ ကတ္တရာဆက်ခင်းနေတယ်။ ဒီနှစ်ကုန် အပြီးခင်းမယ်ဆိုဘဲ။ အားလုံး ပြီးသွားရင်တော့ မေမြို့ကနေမိုးကုတ်ကို ၂ နာရီကြာမောင်းရမယ်” ဟု တောင်ကြီးရောက်မိုးကုတ်ကုန်သည်လီစူး အမျိုးသားတစ်ဦးကပြောပါသည်။

ယခုနှစ် ဂျွန်လဆန်းပိုင်း၌ နအဖစစ်အုပ်စုက ယူရေနီယမ်သတ္တုသုံး နျူးကလီးယားလက်နက်လျှို့ဝှက်စွာ ထုတ်လုပ် နေသည်ဟုသတင်းထွက်ပေါ်ခဲ့သည်။ စက်မှု ၁ ၀န်ကြီးဦးအောင်သောင်းကလည်း သြဂတ်စ် ၁၁ ရက် နေပြည်တော် ကြံ့ဖွတ်သင်တန်းဆင်းပွဲတစ်ခုတွင် “နျူးကလီးယားလက်နက်ထုတ်သင့်လျှင်ထုတ်ရမည်”ဟု RFA သတင်းဌါနက ထုတ်လွှင့်ခဲ့ပါသည်။
http://www.mongloi.org/burmese/2008-08-01-03-22-02/90-2008-08-03-06-47-55/1071-2010-09-03-10-28-15

နိုင်ငံ့ဝန်ထမ်း ခြွင်းချက်နှင့် ပတ်သက်၍…


နိုင်ငံ့ဝန်ထမ်း ခြွင်းချက်နှင့် ပတ်သက်၍…
မုန်းအောင်
စက်တင်ဘာ ၃၊ ၂၀၁၀ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများသည် နိုင်ငံ့ဝန်ထမ်းမဟုတ်ဟု ရွေးကောက်ပွဲကော်မရှင်က ဆိုလေသည်။
“..ကော်မရှင်က လက်မခံရင် ပြည်သူ လူထု အတွင်း ဖော်ထုတ် ကန့်ကွက် ရှုတ်ချ ရမယ်..”

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ တိုင်းဒေသကြီး လွှတ်တော် (သို့မဟုတ်) ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ...သုံး မျိုးစလုံးမှာ .....ပုဒ် မ (၁၀) အောက် ပါ ပုဂ္ဂိုလ်များသည် ရွေးကောက်ပွဲတွင် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိစေ ရ...ဆိုပြီး (က) (ခ) (ဂ) တွေနဲ့ ဖော် ပြ ရာမှာ...(ဋ) နိုင်ငံ့ ၀န်ထမ်း..ဆိုတာလည်း

ပါ ပါတယ်။ တဆက်တည်း ခြွင်းချက်လည်း ပါ ပါတယ်။

ခြွင်းချက် ----- ယင်းစကားရပ်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဖွဲ့ စည်းသော လွှတ်တော်များတွင် ရွေးချယ် ခန့်ထားခြင်း ခံရသည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနှင့် လည်းကောင်း ၊ လွှတ်တော်များရှိ အဖွဲ့အစည်း များတွင် ရွေးချယ် ခန့်အပ်ခြင်းခံ ရသည့် နိုင်ငံ့ဝန်ထမ်းများနှင့် လည်းကောင်း မသက်ဆိုင် စေရ ...... လို့ ပါပါတယ်။

ဒီ စကားရပ် အရ လွှတ်တော် မရှိသေးတဲ့ ယခု ကာလမှာ ရှိနေတဲ့ ၀န်ထမ်းတွေဟာ အထက်ပါ ခြွင်းချက် နဲ့ ဘယ်လိုမှ မသက်ဆိုင်ဘူး ဆိုတာ ရှင်းနေပါတယ် ။ ဒါပေမဲ့ ... အတည် မဖြစ်သေးတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်း က...အခန်း(၄) ဥပဒေ ပြုရေး အောက်က ပုဒ်မ (၁၂၁) - - အောက်ပါ ပုဂ္ဂိုလ် များ သည် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိစေ ရ ... ဆိုတဲ့ အောက်က ပိုဒ် ခွဲ (ည) မှာ လည်း .. နိုင်ငံ့ ၀န်ထမ်း ဆိုတာ ပါလာပြန်ပြီး ခြွင်းချက်ကလည်း ဆက်ပါ လာပါတယ်။

ခြွင်းချက် ------- ယင်း စကားရပ်သည် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ အရ ဖွဲ့စည်း သော လွှတ်တော်များ နှင့် အဖွဲ့ အစည်းများတွင် ရွေးချယ် ခန့်အပ်ခြင်း ခံ ရသည့် တပ်မတော်သားများ အပါအ၀င် နိုင်ငံ့ဝန်ထမ်းများနှင့် မသက်ဆိုင် စေ ရ ... လို့ ပါပြန် ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က ထုတ်တဲ့ လွှတ်တော် သုံးမျိုး ဥပဒေရဲ့ နိုင်ငံ့ဝန်ထမ်း ခြွင်းချက် နဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ က နိုင်ငံ့ဝန်ထမ်း ခြွင်းချက် နှစ်ခုဟာ တူသယောင်နဲ့ ကွဲလွဲချက် ရှိနေတာ သေသေချာချာ ဖတ်ရင် တွေ့နိုင်ပါတယ်။

လွှတ်တော် များ နှင့် အဖွဲ့အစည်းများတွင်... ဆိုတာနဲ့ လွှတ်တော် များရှိ အဖွဲ့အစည်း များ တွင် ဆိုတာ မတူပါဘူး။ လွှတ်တော်များနှင့် အဖွဲ့အစည်းများ ဆိုတာက လွှတ်တော်ထဲမှာရော အပြင်မှာရော လို့

ကျယ်ပြန့်မှု ပါပေမဲ့ လွှတ်တော်များရှိ အဖွဲ့အစည်းများ ဆိုတာက လွှတ်တော်ထဲ နှင့်သာ ဆိုင်ပါတယ်။ တကယ် လက်တွေ့ မှာ အများကြီး ခြားနားသွားနိုင်ပါတယ်။

၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ မူကြမ်း အခန်း(၁၄)

ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက် များ

ပုဒ်မ ၄၄၃

ဤ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ အာဏာ တည်သည့်နေ့ မတိုင်မီ နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အကောင်အထည် ဖော်ရေးအတွက် ကြိုတင် ဆောင်ရွက်သည့် လုပ်ငန်းရပ်များသည် ဤ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ဆောင်ရွက်သည်ဟု မှတ်ယူရမည်။ ......ဆိုတဲ့ အပိုဒ် ရဲ့ ဆိုလိုချက်ဟာ သူ့ ဖွဲ့စည်းပုံ ထဲမှာပါတဲ့ .... ပုဒ်မ (၁၂၁) ရဲ့ ပုဒ်မခွဲ (ည) ပါ ခြွင်းချက် ကို ခြုံငုံမိပါတယ်။ လွှတ်တော်များနှင့် အဖွဲ့အစည်းများတွင် ဆိုတဲ့ စကားရပ်ကို ခြုံငုံ မိပါတယ်။

သဘော ကတော့ သူ့ဟာ နဲ့ သူတော့ ဟုတ်နေတာပေါ့။ ဖုံးလိုက် ဖွင့်လိုက်။

ဒါပေမယ့် ဒီ ပုဒ်မ (၄၄၃) အရ လုပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်းခြင်း၊ ယင်း ကော်မရှင်မှ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်လွှတ်တော် ဆိုတဲ့ လွှတ်တော် သုံးခု ရဲ့ ဥပဒေ များ ထုတ်ပြန်ခြင်း တို့ကိုလည်း ခြုံငုံ မိနေပြန် ပါတယ်။

ဒါဖြင့် .. ဒီရွေးကောက်ပွဲ ကော်မရှင်က ထုတ်တဲ့ ဥပဒေထဲ ပါတဲ့ အချက်တွေကလည်း ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေမူကြမ်း ရဲ့ ပုဒ်မ(၄၄၃) အရ လုပ်ထားတယ်လို့ မှတ်ယူ ရမှာမို့ သူ့ကိုလည်း “ဒါတော့မပါဘူးဗျာ” ဆိုပြီး ဘွာခတ် လို့ မရ နိုင်ပေဘူး။ ဒီတော့ ကော်မရှင်က ထုတ်ပြန်တဲ့ လွှတ်တော် သုံးမျိုး ဥပဒေ ပုဒ်မ(၁၀) ပုဒ်မ ခွဲ (ဋ) နဲ့ ခြွင်းချက် များမှာ ပါတဲ့ “လွှတ်တော်များရှိ အဖွဲ့အစည်း များတွင် ရွေးချယ် ခန့်ထားခြင်း ခံ ရသည့် နိုင်ငံ့ ၀န်ထမ်း များနှင့်လည်းကောင်း မသက်ဆိုင်စေရ” ဆိုတာကိုလည်း ဘွာခတ် လို့မရ နိုင်ပေဘူး။

ဒါဆို လွှတ်တော် ဆိုတာ မရှိသေးတော့ လွှတ်တော်များရှိ အဖွဲ့အစည်းများ ဆိုတာလည်း ဘယ် ရှိတော့မလဲ။ ဒါကြောင့် ဘယ် ၀န်ထမ်းမှ ဒီ ပုဒ်မခွဲ (ဋ) ရဲ့ ခြွင်းချက်ကို ခံစားခွင့် ရှိမယ် မဟုတ်ပါဘူး။

ကဲ...တိုက်ရိုက်ပဲ ပြောမယ်ဗျာ..။

ဝန်ကြီးချုပ် ဦးသိန်းစိန် အစရှိတဲ့ အခြား ၀န်ကြီး ဦးဌေးဦး၊ ဦးမောင်ဦး၊ ဦးအောင်သောင်း စသဖြင့် .....စသဖြင့် တွေဟာ လွှတ်တော် မရှိသေးတဲ့ ကာလမှာ ဖြစ်လို့ လွှတ်တော်ထဲရှိ အဖွဲ့အစည်းများရဲ့ ၀န်ထမ်း မဟုတ်လို့ ကိုယ်စားလှယ်လောင်း မဖြစ်နိုင် သူများ ဖြစ်ပါတယ်။ သို့ ပေမယ့် အတည်မပြု ရသေးတဲ့ ဖွဲ့စည်းပုံ ထဲက အခြေခံ ဥပဒေ ပုဒ်မ (၁၂၁) (ည) အရ တော့ လွှတ်တော်များ နှင့် အဖွဲ့ အစည်းများ တွင်... ဆိုတော့ လွှတ် တော် မဟုတ်တဲ့ အဖွဲ့ အစည်းများမှာ ပါတဲ့ ၀န်ထမ်းမို့ ခြွင်းချက်နဲ့ ကိုက်ညီလို့ ကိုယ်စားလှယ်လောင်း ဖြစ်နိုင် နေပြန် ရော။

ဒီတော့ အတည် မပြု သေးတဲ့ ဖွဲ့စည်းပုံထဲက ဥပဒေ ပုဒ်မ တွေကို လိုက်နာမလား…ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း ပုဒ်မ ၄၄၃ က ခွင့် ပြုချက် အရ ဖွဲ့စည်းထားတဲ့ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေတွေကိုပဲ လိုက်နာ မလား ဆိုတာ ဒွိဟ ဖြစ်လာပါတယ်။

တကယ်တော့ ဥပဒေကြမ်း အတည်မပြုသေးခင် ကာလ မှာတော့ ကူးပြောင်းရေး ကာလ ပြဋ္ဌာန်းချက်များနဲ့ ပုဒ်မ ၄၄၃ ကိုပ လိုက်နာရမယ်။ ဒါ့ကြောင့် ကော်မရှင် က ပြဋ္ဌာန်းထားတဲ့ ဥပဒေ တွေကိုပဲ လိုက်နာရမယ်။ ဦးသိန်းစိန် က အစ တခြား ၀န်ကြီးတွေ ၊ ဒု ၀န်ကြီးတွေ အကုန်လုံးဟာ ကိုယ်စားလှယ်လောင်း မဖြစ်နိုင်တဲ့ ၀န်ထမ်း တွေပ ဖြစ်တယ်။ ဘယ်ခြွင်းချက်ကိုမှ ခံစားခွင့် မရှိဘူး။ အတည် ဖြစ်ဖြစ် မဖြစ်ဖြစ် ပြည်သူက ၉၂.၄၈ % နဲ့ အတည်ပြု ထားတယ်ဆိုတဲ့ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ကပ အရာရာ လွှမ်းမိုး ရမယ် လို့ ဇွတ်ကြီး ပြောဆို လာကြမယ် ဆိုရင်တောင် ...အဲဒီ ဥပဒေကြမ်း ရဲ့...

အခန်း(၅) အုပ်ချုပ်ရေး ဆိုတဲ့ ခေါင်းစဉ် အောက်က

ပုဒ်မ (၂၃၂) ပြည်ထောင်စု ၀န်ကြီးများအား ခန့် အပ်တာဝန် ပေးခြင်း

ပုဒ်မခွဲ (ဋ)

ပြည်ထောင်စု ၀န်ကြီးသည် နိုင်ငံရေး ပါတီ တခုခု ၏ အဖွဲ့ဝင် ဖြစ်လျင် ပြည်ထောင်စု ၀န်ကြီး အဖြစ် ခန့်အပ် တာဝန်ပေးသည့် နေ့မှ စပြီး မိမိ ရာထူး သက်တမ်း အတွင်း ယင်း ပါတီ အဖွဲ့ အစည်း၏ ပါတီ လုပ်ငန်းများ တွင် ပါဝင် ဆောင်ရွက်ခြင်း မပြုရ။ .....လို့ ဆိုထားပါတယ်။

ဒီတော့ ဦးသိန်းစိန် အမှူးပြု တဲ့ ၀န်ကြီးတွေဟာ ပြည်ထောင်စု ကြံ့ ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ရဲ့ ခေါင်းဆောင် အဖြစ် ကော်မရှင်မှာ မှတ်ပုံတင် ထားတာဟာ တရားမဲ့ လုပ်ရပ် ဖြစ်သွားတော့မှာပေါ့။ အစတွေ ကတော့ ဟိုကထွက် ဒီကထွက်ပါပဲ။ တစ နင်း တစ ထောင် ဖြစ်နေဘီ။ ဘာပြု လို့ ဒီလို ဖြစ်ရ တာလဲ ဆိုတော့ စလုပ် ကတည်းက ရိုးသားသန့်ရှင်းမှု အခြေခံနဲ့ လုပ်ခဲ့ တာမှ မဟုတ်ပ ဟိုလူ့ ပိတ်ချင် ဒီလူ့ ဖွင့်ချင်...။ ဟို အဖွဲ့အစည်းတော့ မပါ စေချင် ဒီ အဖွဲ့အစည်းတော့ အခွင့် အရေးတွေ ပိုရ စေချင်.. ဆိုတာတွေ နဲ့ လုပ်ခဲ့တာကိုး..။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတာကလည်း အခြေခံမူများ ကတည်းက ဦးထောင် ပဲ့နင်း ဖြစ်နေတာပ...။

(င) မှာ တရား မျှတ ခြင်း၊ လွတ်လပ်ခြင်း ၊ ညီမျှခြင်း တည်းဟူသော လောကပါလ တရားများ ပိုမို ထွန်းကားရေး ဆိုပြီး

(စ) ကျတော့...နိုင်ငံတော် ၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေး.... ဆိုပြီး စစ်သား တမတ်သား မူကို (စစ်သား က တမူးသာ မူ) ချထားတော့ ... အစ မကောင်း တော့ အနှောင်း မသေချာ ဖြစ်ကုန် တာပေါ့..။ ဒါတွေ အကုန် လျှောက်ရေး ရင် ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်တော့မယ်။ အစ က ပြောခဲ့ တဲ့ “နိုင်ငံ့ဝန်ထမ်း” ပ ပြန် ပြောရရင်... လွှတ်တော် သုံးမျိုး ရဲ့ ဥပဒေမှာ ပါတဲ့ ကိုယ်စားလှယ် ဖြစ်နိုင်ခွင့် မရှိတဲ့ နိုင်ငံ့ဝန်ထမ်း ဆိုတာထဲမှာ ခြွင်းချက် ဆိုပြီး ထည့်ထား ပေမယ့် အဲဒီ ခြွင်းချက်ဟာ လက်ရှိ ကိုယ်စားလှယ် လောင်း စာရင်းတင် ထားတဲ့ ၀န်ကြီးတွေ ဒု ၀န်ကြီးတွေနဲ့ ဘာမှ မဆိုင်ဘူး။ သူတို့ မှာ ကိုယ်စားလှယ်လောင်း ဖြစ်နိုင်ခွင့် မရှိဘူး...။ ဒါကြောင့် ၀င်ရောက် အရွေးခံမယ့် ကျန် အဖွဲ့ အစည်း တွေက ကန့်ကွက် ရမယ်။ ပြင်းပြင်း ထန်ထန် ကန့်ကွက် ရမယ်...။

ပြည်သူ လူထု ကလည်း ကန့်ကွက် ရမယ်...။ ကန့်ကွက်ချက် ကို အချိန် အကန့် အသတ်ကြောင့်ပ ဖြစ်ဖြစ်၊ အခြား အကြောင်းမပြပဖြစ်ဖြစ် ကော်မရှင်က လက်မခံရင် ပြည်သူ လူထု အတွင်း ဖော်ထုတ် ကန့်ကွက် ရှုတ်ချ ရမယ်..။

- ရွေးကောက်ပွဲ ဥပဒေများ တရားမျှ တမှု မရှိကြောင်း၊

- ရွေးကောက်ပွဲ ကော်မရှင်ဟာ တရားမျှတမှု မရှိကြောင်းနဲ့ နောက်ဆုံး

- ရွေးကောက်ပွဲ ကြီး တခုလုံးဟာ တရားမျှတမှု မရှိ ကြောင်း..၊ အခွင့်အရေး တူညီ မှုမရှိ ကြောင်း ကမ္ဘာက သိအောင် ဖော်ထုတ် ကြရမှာ အားလုံးရဲ့ တာဝန် ဖြစ်ပါတယ်။

http://moemaka.com/index.php?option=com_content&task=view&id=7078&Itemid=1

မြန်မာအလုပ်သမား များသစ်ပင်ပေါ်တက်နေရ


မဲဆောက် တွင် အဖမ်းအဆီးကြမ်းသောကြောင့် မြန်မာအလုပ်သမား များ တောထဲက သစ်ပင်ပေါ်တက်နေရ

5
1
မဲပေးပါ
Quantcast

မဲဆောက်ရှိ မြန်မာ အများစု စုရုံးရာ လက်ဖက်ရည်ဆိုင်များ မှာ လည်း အဖမ်းဆီးကြမ်းမှု ကြောင့် ပိတ်ထားရသည်။

သြဂုတ်လနောက်ဆုံးအပါတ်တွင် ဆိုင်ကယ်ဂိတ်များ၊မြန်မာအများစု ဈေးဝယ်ရာကုန်စုံဆိုင်အနီးတ၀ိုက်တွင်
ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ပြန်ကြေညာချက်များ ကပ်ထားပြီး တရားမ၀င်မြန်မာအလုပ်သမားများနှင့်
တရားမ၀င် အလုပ်သမားများလက္ခံထားသော ထိုင်းအလုပ်ရှင်များကို ပြင်းထန်သော ငွေဒါဏ်၊ထောင်ဒါဏ်များချမှတ်
မည်ဖြစ်ကြောင်း ကြောညာပြီး တစ်ရက် အကြာတွင် မဲဆောင်မြို့ တွင် ငါးနှစ် အတွင်း
အကြီးအကျယ် ဆုံးသော တရားမ၀င် အလုပ်သမား များ ဖမ်းဆီးသည့် စစ်ဆင်ရေး ကို စတင်ခဲ့သည်။

၂၅၅၂ နှစ် ထိုင်းအက်ဥပဒေအရ တရားမ၀င်နိုင်ငံခြားသားများကို လူမှောင်ခိုတင်သွင်းခြင်း ကိုဖမ်းဆီးမိပါက
ဒါဏ်ငွေ ဘတ် ၅၀၀၀၀နှင့် ထောင်ဒါဏ်၅နှစ်။၂၅၅၁ ထိုင်းအလုပ်သမားအက်ဥပဒေအရ လုပ်ငန်းခွင်တွင် တရား
မ၀င်အလုပ်သမားများကို ဖမ်းဆီးမိ လျင် အလုပ်ရှင်အား ဒါဏ်ငွေ ဘတ်၂၀၀၀ မှ ၁၀၀၀၀၀ ထိ။

တရားမ၀င်အလုပ်သမားကို ဒါဏ်ငွေ ၂၀၀၀၀ နှင့် ထောင်ဒါဏ်၆လထိ။တရားဝင်အလုပ်သမားလက်မှာ လက်မှတ်ရှိသော်လည်း လုပ်ငန်းခွင်ကွဲလွဲပါက ဒါဏ်ငွေ၁၀၀၀၀ နှင့် ထောင်ဒါဏ်၁နှစ် အပြစ်ပေးမည်ဟုပါရှိသည်။

ထိုင်းဘာသာဖြင့် ရေးသားထားသည့် တရားမ၀င် အလုပ်သမားဖမ်းဆီးမည့် သတင်း

စက်တင် ၂ရက်နေ့မှစတင်ပြီး မဲဆောက်မြို့ တွင် ဘန်ကောက်မှာအထူးရဲများ၊ လ၀ကများ၊ စစ်တပ်များပါဝင်သည့် ပူးပေါင်းအဖွဲ့ များ စတင်ပြီးတရားမ၀င်အလုပ်သမားများကို နှိမ်နှင်းမှုများစတင်လုပ်ဆောင်ကြောင်း မျက်မြင်တွေ့ရှိသူများကပြောပြပါသည်။ အဖမ်းခံရပါက ယခင်ကဲ့သို့ ဘတ် ငွေအနည်းငယ်နဲ့လွတ်မြောက်ခြင်းမရှိတော့ဘဲ ဘတ်ငွေ၁၅၀၀ ပေးရကြောင်းလွတ်မြောက်လာသူတဦးကပြောပြပါသည်။ ဆိုင်ကယ်၊စက်ဘီးဖြင့် ၂ဦးသွားပါက တဦးက လက်မှတ်ရှိပြီးနောက်တဦးကလပ်မှတ်မရှိလျင် လူမှောင်ခိုမှုဖြင့်ညှိနေသောကြောင့် ဘတ်ငွေ ၅၀၀၀မှ ၁၅၀၀၀ထိပေးရသည်။ ယင်းနေ့ညနေပိုင်းက သီးလေးသီးအငြိမ့်မှ လူရွှင်တော်တဦးလည်း ဘတ်ငွေ ၅၀၀၀ ပေးရကြောင်းကို ၄င်းရဲ့သူငယ်ချင်းကပြောပြပါသည်။

စက်တင်ဘာ ၃ရက်နေ့နံနက်ပိုင်း မဲဆောက်မြို့လူစည်ကားရာနေရာမှ လက္ဘ်ရည်ဆိုင်အချိုကပိတ်ထားပြီး၊ စက်ရုံ အလုပ်ရုံ အများစုပိတ်ထားသည်ဟုသိရပါသည်။ တချို့စက်ရုံများမှာတရားဝင်အလုပ်သမား များသာအလုပ်လုပ်ကျန်ရစ်ခဲ့ပြီး တရားမ၀င်အလုပ်သမားအများစု မှာ ညအချိန်ကတည်းက အလုပ်ရှင်များမှ ရှောင်ခိုင်းထားကြောင်းသိရှိရသည်။

မဲဆောက်ကမ်းနဖူးအနီးရှိ စက်တီးရုံဟု လူသိများသော ၀င်းအတွင်းတွင် စက်ရုံကြီး ၄ရုံ ရှိပြီး အလုပ်သမား
၄၀၀၀ကျော်ခန့် လုပ်ကိုင်နေကြသော်လည်း ယနေ့နံနက်တွင် စက်ရုံများပိတ်ထားကြောင်း မိမိတို့ FNG သတင်းထောက်သွားရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။

တောထဲ တွင် ပုန်းနေရသည့် မြန်မာ အလုပ်သမား များ မှာ နှစ်ထောင် ကျော်ခန့် ရှိပြီး ဆာအို၊ မဲပ နှင့် မဲလ အနီး
တောများ တွင် ပုန်းအောင်းနေရသည်။ပုန်းအောင်းနေရသူများ မှာ စားနပ် ရိက္ခာ လုံလောက်ခြင်း လည်းမရှိဟု
သိရသည်။

မြန်မာအလုပ်သမားများမှာ မြ၀တီဘက်ခြမ်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ အသိဆွေမျိုးများအိမ်များတွင်းသွားရောက်ရှေင်နေကြပြီး၊ အသိမရှိသောအလုပ်မား၁၀၀၀၀ခန့်မှာထိုင်းဘက်ခြမ်းတောတောင်များထဲတွင်ပုန်းအောင်းနေကြကြောင်းသတင်းရရှိသည်။
မဲဆောက်မြို့လည်တ၀ိုက်တွင်လည်း ခြောက်ကပ်လျက်ရှိကြောင်းသိရသည်။

မြ၀တီ-မဲဆောက် ကုန်စည်စီးဆင်းရာ ထိုင်းမြန်မာ ချစ်ကြည်ရေးတံတားကို မြန်မာဘက်ခြမ်းမှ ထိုင်းအစိုးရ၏ထိုင်းနိုင်ငံဘက်ခြမ်း ရေထိမ်းနံရံတည်ဆောက်ခြင်းကို အကြောင်းပြပြီးတဘက်သတ် လမ်းပိတ်ထားသည်မှာ ၂လနီးပါးကြာမြင့်ခဲ့ပြီဖြစ်သည်။

ထိုသို့ တံတားထားပိတ်ထားမှုကြောင့် နှစ်နိုင်ငံကုန်သည်ကြီးများမှာ ဘတ်သန်းပေါင်းသောင်းနဲ့ချီပြီးဆုံးရှုံးနှစ်နာရသလို၊ ထိုင်းဘက်ခြမ်းမဲဆောက်မြို့နယ်အတွင်း စက်ရုံ၊အလုပ်ရုံ၊ဈေးဆိုင်၊စားသောက်ဆိုင်၊ ဆောက်လုပ်ရုံးလုပ်ငန်းများတွင် လုပ်ကိုင်လုပ်ကိုင်နေကြသော မြန်လုပ်သား၃သိန်းနီးပါးမှာ ပိုပြီး အခက်အခဲနှင့်တွေ့ကြုံနေကြရသည်။ မြန်မာလုပ်သားအများစုမှာ အလုပ်ရှင်များ၏ အလုပ်လျော့မှုကြောင့် အလုပ်လက်မှုနှုန်းမှာ တနေ့တခြားတိုးပွားလာနေသည်ကို မြန်မာအာဏာပိုင်တို့ဘက်မှ လုံးဝလျစ်လျူထားသည်မှာ ယနေ့အထိဖြစ်သည်။ ထိုသို့တံတားဂိတ်များပိတ်ထားစဉ်အတွင်း နယ်စပ်ဂိတ်များဖြင့် စီးပွားဖြစ်နေသော
DKBA က၇င်တပ်ရင်းများပိုင် နယ်ခြားဂိတ်များ၊အကောက်ဂိတ်များကိုမြန်မာစစ်တပ်မှ လက်လွှဲယူပြီး ညအချိန်တွင်
တရားမ၀င်ကုန်စည်များ၊ လိုင်မဲ့ကားများကို စအဖ၊ စစ်တပ်တို့မှညအချိန်တွင် လုပ်ဆောင်လျက်ရှိသည်။



http://freedomnewsgroup.com/

ရွေးကောက်ပွဲကို CRPP သပိတ်မှောက်

ရွေးကောက်ပွဲကို CRPP သပိတ်မှောက်

၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) က ဆုံးဖြတ်လိုက်ပါတယ်။ အမျိုးသား ဒီမိုကရေစီချုပ် (NLD) က ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က ဆုံးဖြတ်ချက် ချခဲ့ပြီးနောက်ပိုင်း အလားတူ ဆုံးဖြတ်ချက်ကို CRPP အဖွဲ့က ဒီကနေ့ ဆုံးဖြတ်ချလိုက်တာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

ဒီမိုကရေစီစံနစ်အတွက်ရော၊ အခွင့်အရေး တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ဖော်ဆောင်ပေးနိုင်မှာမဟုတ်လို့ အများပြည်သူက လက်မခံတဲ့ ၂၀၀၈ ဖွဲစည်းပုံကို အတည်ဖြစ်စေမယ့် ၂၀၁၀ ရွေးကောက်ပွဲကို CRPP အဖွဲ့က သပိတ်မှောက်တယ်လို့ ဒီကနေ့ ဆုံးဖြတ်ချက်ချလိုက်တာပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပြီးခဲတဲ့ သြဂုတ်လ ၁၉ ရက်နေ့ကပဲ ရွေးးကောက်ပွဲကို သပိတ်မှောက်ကြောင်း ထုတ်ပြန်ကြေညာအပြီး အခု CRPP အဖွဲ့ဆီက အလားတူ ဆုံးဖြတ်ချက် ထွက်လာတာပါ။

အရင်ကတည်းကလည်း ရွေးကောက်ပွဲကို လက်မခံဘူးလို့ CRPP က သဘောထားတွေကို ထုတ်ပြန်ထားပြီး ဖြစ်ပေမဲ့ ဒီကနေ့မှာတော့ အများပြည်သူ တရားဝင် သိရှိအောင် ဆုံးဖြတ်ချက်ချ ထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့ အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောပါတယ်။

“CRPP အဖွဲ့ဝင်များဖြစ်ကြတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ စသည်အားဖြင့် မီဒီယာတွေမှာ ဒါမှ မဟုတ်ရင်လည်း ကျေညာချက်တွေ ထုတ်ပြီးတော့ ဆုံးဖြတ်ပြီး ပြောပြီးဖြစ်ပါတယ်။ အဲဒီတော့ ဒီနေ့ကတော့ ၂၀၁၀ ရွေးကောက်ပွဲ နဲ့ပတ်သက်လို့ အမျိုးမျိုး ပြောဆိုတာတွေ ကြားနေရတယ်လေ။ ဒီအပေါ်မှာ ပြည်သူတွေအနေနဲ့ရော၊ နိုင်ငံရေးအဖွဲ့ဝင်တွေ အနေနဲ့ရော တခါတည်း တသဘောတည်းကို နားလည်မှုရနိုင်အောင် CRPP အနေနဲ့ တခုတည်းသော အသံ ဖြစ်တဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်တယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို ထုတ်ပြန်လိုက်တာပါ။”

အခုရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတချို့ ၀င်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဒီတိုင်းရင်းသား ခေါင်းဆောင်တွေ အနေနဲ့ရော တခြား နိုင်ငံရေးပါတီတွေပါ အခု ရွေးကောက်ပွဲဟာ နိုင်ငံရေးပြသနာတွေ အားလုံးကို ပြေလည်အောင် ဖြေရှင်းနိုင်မယ့် အခွင့်အလမ်း မရှိဘူးဆိုတာကို သတိထား သုံးသပ်စေချင်တယ်လို့လည်း ဦးအေးသာအောင်က ပြောပါတယ်။

“တိုင်းရင်းသားပါတီများအနေနဲ့ပဲဖြစ်ဖြစ် ဒီမိုကရေစီကို လိုလားတဲ့ နိုင်ငံရေးပါတီများ အနေနဲ့ပဲဖြစ်ဖြစ် ရွေးကောက်ပွဲကို ၀င်တဲ့နေရာမှာ တကယ်တော့ တိုင်းပြည်အတွက် တိုင်းရင်းသားလူမျိုးအတွက် ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေ မရှိနိုင်ဘူးလို့ အဲန်ကယ်လ်တို့က သုံးသပ်ပါတယ်။ ဒါကြောင့်လဲ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ဒီလို ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ ပေးမထားဘူး၊ စစ်တပ်ကပဲ ချုပ်ကိုင်ထားမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖြစ်တယ်ဆိုတာကို အခု ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပဖို့ နီးလာတဲ့အခါ ပိုပြီးတော့ သိသာထင်ရှားလာတာ တွေ့ရတယ်။”

ဒါပေမဲ့ တိုင်းရင်းသားဒေသတချို့မှာ ဖြစ်နေတဲ့ ပြဿနာတွေ၊ လက်တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် မလွဲမသွေ ရွေးကောက်ပွဲဝင်ဖို့ လိုတာကြောင့် ဖြစ်တယ်လို့ ရွေးကောက်ပွဲဝင်ကြမယ့် တိုင်းရင်းသား ခေါင်းဆောင်တချို့က ပြောပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသား ခေါင်းဆောင်တွေ ပါဝင်တဲ့ CRPP အဖွဲ့အနေနဲ့ ဒီအခြေအနေတွေကို မျက်ကွယ်ပြုရာ ကျမနေဘူးလားလို့ ကျမ မေးကြည့်ပါတယ်။

“ဒီလိုပြောလို့တော့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ပြည်နယ် အသီးသီးမှာ တိုင်းရင်းသားပါတီတွေကပဲ နေရာရရ တခြား ပါတီတွေကပဲ အနိုင်ရရ၊ ဒီပြည်နယ်တွေကို ပေးထားတဲ့ ပြည်နယ်ဥပဒေပြုခွင့်အာဏာ အရကိုယ်နှိက်ကိုက ဘာမှမလုပ်နိုင်တဲ့ အခွင့်အလမ်း အလားအလာ မရှိတဲ့အတွက်ကြောင့် ပြည်နယ်ကို ကိုယ်စားပြုတဲ့ ပါတီတွေကပဲ နိုင်နိုင်၊ တခြား အဖွဲ့ဝင်တွေကပဲ နိုင်နိုင်၊ ဘာမှ ပြည်နယ်အတွက် တိုင်းရင်းသားတွေအတွက် လုပ်ပေးနိုင်မယ့် အခွင့်အလမ်း မရှိပါဘူး။”

CRPP အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးအေးသာအောင် ပြောပြခဲ့တာပါ။ ဒီကနေ့ CRPP အဖွဲ့ရဲ့ လစဉ် ပုံမှန်ကျင်းပတဲ့ အစည်းဝေးမှာ NLD အပါအ၀င် တိုင်းရင်းသား အဖွဲ့အသီးသီးဟာ မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် ရွေးကောက်ပွဲ ပြီးသွားရင်လည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်သလို ဒီမိုကရေစီ အခွင့်အရေး တိုင်းရင်းသား အားလုံး အခွင့်အရေးတွေအတွက် ပင်လုံမှု ပင်လုံ သဘောတူညီချက် တွေကို အခြေခံတဲ့ စစ်မှန်တဲ့ ပြည်ထောင်စု ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေတခု ချမှတ်နိုင်ဖို့အတွက်ကိုလည်း CRPP အဖွဲ့က ဆက်လက် ကြိုးပမ်းသွားကြဖို့ ကိစ္စကို သဘောတူခဲ့ကြတယ်လို့လည်း ပြောပါတယ်။


http://www.voanews.com/burmese/news/CRPP-Burma-09-03-10-102154334.html

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတိုက်ပွဲ



NEJ / ၀၃ စက်တင်ဘာ ၂၀၁၀


အသွင်မတူ အိမ်သူမဖြစ်ဆိုသည့်အတိုင်း ဘာသာစကားနှင့် ယဉ်ကျေးမှုဓလေ့ ကွဲပြားမှုကြောင့် မိမိဘာသာ တသီးတခြားနေခဲ့ရာက ပဋိပက္ခဖြစ်သည်ဟု ယေဘုယျအားဖြင့် မြင်ကြသည်။ ဤသဘောထားကို ကမ္ဘာ၌ သုံးကြည့်သူ ပါမောက္ခ Huntington ကမူ ယဉ်ကျေးမှုအချင်းချင်း ပဋိပက္ခဖြစ်မှု clash of civilizations ဟု ခေါ်၏။ ဥပမာ ခရစ်ယာန်-မွတ်စလင်ပဋိပက္ခ၊ ကွန်မြူနစ်စနစ်အောက်၌ ဖိနှိပ်ထားသော Yugoslavia နိုင်ငံဟောင်းမှ လူမျိုးရေးပဋိပက္ခ၊ အာဖရိက Tutsi-Hutu လူမျိုးရေးပဋိပက္ခ စသည်များကို ယဉ်ကျေးမှုကွဲပြား၍ဖြစ်ရသော အကြမ်းဖက်ပဋိပက္ခအဖြစ် ထောက်ပြကြသည်။ မြန်မာစစ်အစိုးရကလည်း သူတို့ကသာ ဖိနှိပ်မထားပါက မြန်မာပြည်သည် Yugoslavia ကဲ့သို့ ပေါက်ကွဲ၍ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားနိုင်သည်ဟု ဆင်ခြေပေးလေ့ရှိ၏။

လူမျိုးအုပ်စုများ ပူးပေါင်းနိုင်ရေးအတွက် အနည်းဆုံးအခြေခံတူညီမှု ရှိရန်လိုသည်။ အားလုံးယုံကြည်သော အခြေခံနိုင်ငံရေးစနစ်တခု ရှိရန်လိုသည်။ ဖက်ဒရယ်အခြေခံဥပဒေကို အားလုံးသဘောတူ လက်ခံထားသည့်နိုင်ငံကို လေ့လာနိုင်၏။ ယင်းအခြေခံမတည်ဆောင်နိုင်သေးမီ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရရှိရေးအတွက် တိုက်ပွဲဝင်ရာ၌ ဘ၀တူအုပ်စုများသာ ပူးပေါင်းဆောင်ရွက်လေ့ရှိသည်။ မြန်မာပြည်၌မူ မြန်မာစစ်အစိုးရ ကြီးစိုးမှုကို ဆန့်ကျင်ရာမှ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး လှုပ်ရှားမှုဖြစ်လာ၏။ တိုင်းရင်းသားအုပ်စုများ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေး၌ နစ်နာဆုံးရှုံးသည်ကို မြန်မာစစ်အစိုးရက မဖြေရှင်းနိုင်၍ လက်နက်ကိုင် တိုက်ခိုက်ရခြင်းဖြစ်၏။

အစိုးရနှင့် တိုင်းသူပြည်သား အပြန်အလှန်ယုံကြည်မှသာလျှင် လူမှုတည်ငြိမ်မယ်ဆိုသော အယူအဆရှိသည်။ စားဝတ်နေရေး အဆင်ပြေအောင် လုပ်ပေးနိုင်သောအစိုးရကို တိုင်းသူပြည်သားက ယုံကြည်သည်။ စားဝတ်နေရေးနှင့် လူမှုဖူလုံရေး ပြေလည်အောင် လုပ်မပေးနိုင်သောအစိုးရကို ပြည်သူပြည်သားက မယုံကြည်ပါ။ ပြည်သူလူထုသည် ၎င်းတို့၏ မကျေနပ်မှုကိုပြန်သရန် အခြားနည်းလမ်းမရှိတော့သည့်အခါတွင် နောက်ဆုံး၌ ပုန်ကန်ထကြွရခြင်းဖြစ်၏။ ဆင်းရဲချမ်းသာ ကွဲပြားလေလေ ဆင်းရဲသားက အစိုးရကို မယုံလေလေဖြစ်သဖြင့် ကိုယ့်ကိစ္စကိုယ်ဆုံးဖြတ်ပြီး လုပ်ကိုင်နိုင်ရန် ကြိုးစားကြသည်။

အုပ်စုအချင်းချင်း ဆင်းရဲချမ်းသာကွာခြားမှုနှင့် လူတဦးချင်း ဆင်းရဲချမ်းသာကွာခြားမှု များလာပါက ပဋိပက္ခဖြစ်ရန် အလားအလာ ပိုများလာ၏။ အုပ်စုလိုက် ဆင်းရဲနွမ်းပါးလာသောကြောင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရရှိရေး လက်နက်ကိုင်လှုပ်ရှားမှု ပေါ်လာတတ်သည်။ ဈေးကွက်စနစ်ကျင့်သုံး၍ လူတဦးချင်းအနေဖြင့် ဆင်းရဲမှုများလာသည်။ အုပ်စုလိုက် ဆင်းရဲချမ်းသာ ကွာခြားမှုကို ကိုလိုနီခေတ်တွင် တွေ့ရ၏။ ယခု နအဖခေတ်သည် ကိုလိုနီခေတ်သို့ နောက်ပြန်သွားနေခြင်းပင်ဖြစ်သည်။ အင်ဒိုနီးရှားတွင် ရေနံလုပ်ငန်းနှင့် ပတ်သက်သော အုပ်စုများ ချမ်းသာကြသည်။ တရုတ်ပြည်၌လည်း ပို့ကုန်လုပ်ငန်းစုဝေးရာ အရှေ့တောင်ဒေသသည် အခြားဒေသထက် ပို၍ချမ်းသာကြသည်။ ဒေသအလိုက် ဆင်းရဲချမ်းသာကွာခြားမှုသည် တရုတ်ပြည်၏ အသွင်လက္ခဏာတခုဖြစ်၏။ နအဖခေတ်တွင် စစ်အစိုးရ နောက်လိုက်များသာ ချမ်းသာနိုင်ပေသည်။

မွတ်စလင်လောကနှင့် အနောက်တိုင်းကမ္ဘာ ဆင်းရဲချမ်းသာကွဲပြားမှု ကြီးမားသည်။ ၁၉၇၅-၉၉ အနှစ်အစိတ်အတွင်း အာရပ်နိုင်ငံများ၏ လူတဦးချင်းဝင်ငွေသည် (၀.၃) သာ တိုးတက်လာပြီး အနောက်တိုင်းတွင် (၂.၂) တိုးပွားလာ၍ (၇) ဆ ပိုများလာသည်။ အစ္စရေးက ၀င်ငွေကောင်း၍ ပါလစ္စတိုင်းသည် ၀င်ငွေနည်း၏။ အစ္စရေးတဦးဝင်ငွေ၏ (၈) ရာခိုင်နှုန်းခန့်ကိုသာ ပါလစ္စတိုင်းက ရ၏။ လူတဦးကို (၁၈၅) ဒေါ်လာနှုန်းဖြင့် အစ္စရေးက ထောက်ပံ့ကြေးပေးပြီး ပါလစ္စတိုင်းတဦးလျှင် (၃၇) ဒေါ်လာသာ ထောက်ပံ့ကြေးပေး၏။ ပဋိပက္ခဖြစ်ပွားရာဒေသတိုင်းတွင် ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားသည်ကို တွေ့ရ၏။ ဤသို့သော အခြေအနေတွင် ဆင်းရဲသူကို ဖိနှိပ်ခြင်းသည် လက်နက်ကိုင် လွတ်မြောက်ရေးတိုက်ပွဲသို့ ဖိတ်ခေါ်သကဲ့သို့ ဖြစ်နေ၏။

အလွန်အမင်းဆင်းရဲနေပါက လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ရန်ပုံငွေရရှိရေးနှင့် လက်နက်ကိုင်လှုပ်ရှားမှု ဆက်စပ်နေသည်။ စီးပွားရေးလုပ်၍ ရရှိလာသော အမြတ်အစွန်းမှ စစ်စရိတ် ထောက်ပံ့နိုင်ပါသည်။ ထို့ကြောင့် အမြတ်အစွန်း အများကြီးရနိုင်သော လုပ်ငန်းများ ရှိနေခြင်းသည် လက်နက်ကိုင်လှုပ်ရှားမှုကို ဆက်လက်ရှင်သန်စေ၏။ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိရေးလှုပ်ရှားမှုကို ဖြစ်ပေါ်စေသော အကြောင်းအမျိုးမျိုး ရှိသည့်အထဲတွင် သဘာဝသယံဇာတ ချုပ်ကိုင်နိုင်ရေးလည်း ပါဝင်သည်။ ဥပမာ အာဖရိက၌ စိန်ရွှေနှင့် အခြားဓာတ်သတ္တုများကို ချုပ်ကိုင်နိုင်ရန် ကြီးစားကြ၏။ ကိုယ်ချုပ်ကိုင်သော သယံဇာတပစ္စည်းကို ကမ္ဘာ့ဈေးကွက်၌ ရောင်းချနိုင်ဖို့လည်းလိုသည်။ ပြည်တွင်းဈေးကွက်၌ အမြတ်များများ မရနိုင်ပါ။ ကချင်လွတ်လပ်ရေးအဖွဲ့က ကျောက်စိမ်းချုပ်ကိုင်၍ ၀တပ်ဖွဲ့က မူးယစ်ဆေးလုပ်ငန်းဖြင့် ရန်ပုံငွေရှာ၏။

အာဖဂန်နစ္စတန်၌ ကျောက်မျက်နှင့်ဘိန်းလုပ်ငန်းက စစ်ရန်ပုံငွေရနေ၏။ ကန့်သတ်ချက်ဖြင့် ရောင်းရသည့် ပစ္စည်းဖြစ်သောကြောင့် အမြဲတမ်းအမြတ်အစွန်းများသည်။ ဒီဘီးယားကုမ္ပဏီက စိန်ထုတ်လုပ်မှုနှင့် ရောင်းဝယ်မှုကို ချုပ်ကိုင်ထားသောကြောင့် စိန်ရောင်းဈေးသည် ထုတ်လုပ်ရေးစရိတ်ထက်များသဖြင့် စိန်လုပ်ငန်းမှာ ရန်ပုံငွေရသည်။ သစ်မာထုတ်လုပ်မှုကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဖြင့် ကန့်သတ်ထားသောကြောင့် အမြဲတမ်း အမြတ်အစွန်းရနေသည်။ သစ်မာသည် ကမ္ဘာ့ဈေးကွက်၌ အရောင်းသွက်သည်။ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွား၍ အစိုးရအာဏာစက် မထိရောက်သောနေရာ၌ သစ်မာထုတ်ယူ ရောင်းချရသည်မှာ ပို၍လွယ်ကူသည်။ ကမ္ဘောဒီးယား၊ မြန်မာနှင့် အင်ဒိုနီးရှား၌ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်နှစ်ဖက်စလုံး သစ်မာကို ချုပ်ကိုင်ရန် ကြိုးစားကြသည်။ ထို့ကြောင့် သစ်ကုမ္ပဏီသည် အစိုးရကိုရော၊ လက်နက်ကိုင်အဖွဲ့များကိုရော တည့်အောင်ပေါင်း ဆက်ကြေးပေးပြီး သစ်ထုတ်ယူရသည်။ အီးယူဥရောပအဖွဲ့ဝင်နိုင်ငံများ တင်သွင်းသော သစ်မာတ၀က်ခန့်ဟာ သူပုန်နယ်ကလာကြောင်း သိရ၏။

ရေနံထွက်နိုင်ငံများက ဈေးရအောင်လုပ်ထား၍ ရေနံလုပ်ငန်းအမြတ်အစွန်းရသည်။ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် ရောင်းဝယ်မှုကို ပိတ်ပင်ထားသဖြင့် အမြတ်အစွန်းအမြဲရှိသည်။ ကန့်သတ်ချုပ်ချယ်မှုမရှိသော ကုန်ပစ္စည်းရောင်းဝယ်ပါက အမြတ်အစွန်းများများ ရမည်မဟုတ်ပါ။ ထို့ကြောင့် စိန်၊ ရေနံ၊ သစ်မာ၊ မူးယစ်ဆေးလုပ်ငန်း အဓိကထားကြသည်ကို တွေ့ရ၏။ အစိုးရများကလည်း အာဏာတည်မြဲရေးအတွက် ဤရှားကုန်များကို လက်ဝါးကြီးအုပ်နိုင်ရန် ကြိုးစားကြသည်။ ရေနံနှင့်ဓာတ်ငွေ့ လုပ်ငန်းသည် အရင်းနှီးအများကြီးလိုအပ်ပြီး ကုမ္ပဏီကြီးများ ပါဝင်ရန်လိုအပ်သောကြောင့် သူပုန်မလုပ်နိုင်သော လုပ်ငန်းဖြစ်၏။ ဤလုပ်ငန်းကို အစိုးရက လက်ဝါးကြီးအုပ်၍ ရသောငွေကို အာဏာတည်မြဲရန် သုံးစွဲလေ့ရှိသဖြင့် ရေနံဓာတ်ငွေ့လုပ်ငန်း ကြီးထွားရာ တိုင်းပြည်၌ အတိုက်အခံကို အပြင်းအထန်ဖိနှိပ်တတ်သည်။ ၀င်ငွေကောင်းသော လုပ်ငန်းဖြစ်၍ အဂတိလိုက်စားကာ ကိုယ်ကျိုးရှာသူများက အာဏာတည်မြဲရန် လုံးပန်းကြသကဲ့သို့ အတိုက်အခံလုပ်သူကလည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရအောင် လက်နက်ကိုင်တိုက်ပွဲဝင်ကြသည်။

နိုင်ငံခြားအခြေချများကလည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လှုပ်ရှားမှုကို ငွေကြေးထောက်ပံ့နိုင်သည်။ ကျန်ရစ်သူ ဆွေမျိုးကို ငွေကြေးထောက်ပံ့ရုံသာမကဘဲ မိမိတို့အခြေချရာ တိုင်းပြည်က အစိုးရများ အမြင်မှန်ရအောင်လည်း လုပ်ဆောင်နိုင်ပါသည်။ ဥပမာ မြန်မာပြည်မှ တိုင်းရင်းသားလက်နက်ကိုင်များကို စစ်လက်နက်ပစ္စည်း ထောက်ပံ့ရန် အမေရိကန်၌ ဆော်သြ၍ လော်ဘီ လုပ်နိုင်ပါသည်။ ဆိုဗိယက် စစ်တပ်ကြီး အာဖဂန်နစ္စတန်မှာ ဆုတ်ခွာရသည်မှာ ဒေသခံမူဂျာဟီဒင်တပ်ဖွဲ့ကို အမေရိကန်က လက်နက်ထောက်ပံ့ခြင်းကြောင့် ဖြစ်ပေသည်။ နိုင်ငံခြားအခြေချများသည်လည်း လက်နက်ခဲယမ်းထောက်ပံ့နိုင်သည်။ နိုင်ငံခြားရောက်မျိုးနွယ်ကို အသုံးပြုပြီး နိုင်ငံခြားအကူအညီ ရှာဖွေခြင်းဖြစ်သည်။ အထင်ရှားဆုံးမှာ ဂျူးဖြစ်၏။ အစ္စရေးနိုင်ငံကို အသိအမှတ်ပြုလာအောင် ကြိုးစားရာတွင် နိုင်ငံခြားရောက်ဂျူးများ အဓိကအခန်းက ပါဝင်ပေသည်။ မြန်မာပြည်မှ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးတိုက်ပွဲကို နိုင်ငံခြားမှ အကူအညီပေးရန် လိုအပ်နေပြီဖြစ်ပေသည်။ http://www.khitpyaing.org/index.php?route=detail&id=4231

သတင်းစာလွတ်လပ်ခွင့် မရှိသော ယနေ့မြန်မာနိုင်ငံ

သတင်းစာလွတ်လပ်ခွင့် မရှိသော ယနေ့မြန်မာနိုင်ငံ

သိပ္ပံချစ်သူ / ၀၃ စက်တင်ဘာ ၂၀၁၀

နအဖစစ်အစိုးရက ခေတ်မီတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို တည်ဆောက်နေပါသည်ဟု ကြွေးကြော်နေသော်လည်း သတင်းစာလွတ်လပ်ခွင့်မရှိသော နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံသည် ရှေ့ဆုံးမှ တည်ရှိနေပေသည်။ ဒီမိုကရေစီစနစ်၏ ရည်ရွယ်ချက်မှာ လွတ်လပ်သော လူမျိုးတို့သည် အများကောင်းကျိုးအတွက် မိမိ၏အခွင့်အရေးကို လွတ်လပ်စွာ အသုံးပြုနိုင်ရန်ဖြစ်သည်။

လူတို့၌ ထိုကဲ့သို့ အများကောင်းကျိုးအတွက် လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန်မှာ အများကောင်းကျိုးနှင့် စပ်လျဉ်းသော သိသင့်သိထိုက်သည့် ကိစ္စရပ်များကို သိနားလည်မှာသာ ဖြစ်နိုင်ပေသည်။ ကိစ္စကောင်းဆိုးတို့ကို အုပ်ချုပ်သူများက ထိန်ချန်ထား၍ အုပ်ချုပ်သူများ၏ အလိုဆန္ဒနှင့် ကိုက်ညီသမျှကိုသာ အသိပေးလိုသော သဘောရှိခဲ့လျှင် ဘယ်နည်းနှင့်မျှ ဒီမိုကရေစီသဘော သက်ရောက်နိုင်မည်မဟုတ်ပေ။ လွတ်လပ်စွာ ကန့်ကွက်နိုင်ခွင့်များ မရှိသရွေ့ တိုင်းပြည်ကောင်းကျိုးအတွက် အနစ်နာခံကာ ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များ၏ နောက်တွင် အသိဉာဏ်နှင့် အားပေးထောက်ခံသူများလည်း ရှိနိုင်မည်မဟုတ်ပေ။ ဤသို့ဆိုလျှင် မည်သို့မျှ အောင်မြင်စွာ ဆောင်ရွက်နိုင်မည်မဟုတ်ပေ။

နိုင်ငံရေးပါတီဆိုသည်မှာ ပြည်သူလူထု၏ လိုလားချက်နှင့် ဆန္ဒကို ညီညွတ်စုစည်းမှုပြုနိုင်ရေးအတွက် စနစ်တကျ ဖွဲ့စည်းထားသည့် နိုင်ငံရေးအဖွဲ့အစည်းတခုဖြစ်ရာ နိုင်ငံရေးပါတီတရပ်သည် ဒီမိုကရေစီကို မှန်ကန်စွာ ကျင့်သုံးခွင့်နှင့် ပြည်သူလူထုကို စစ်မှန်စွာ ကိုယ်စားပြုခွင့်ရရှိအောင် မိမိပါတီ၏ မူဝါဒကို လွတ်လပ်စွာ တင်ပြခွင့်ရှိရပေမည်။ ယခုအခါ နအဖစစ်အစိုးရသည် နိုင်ငံရေးပါတီတိုင်းကို နိုင်ငံရေးပါတီထုတ်ဝေခွင့် လျှောက်ထားရမည်။ မှတ်ပုံမတင်ဘဲ ထုတ်ဝေပါက အရေးယူမည်ဟု တင်းကျပ်တားမြစ်ထားပေသည်။

မှတ်ပုံတင်သက်သေခံလက်မှတ် ရရှိရေးအတွက် မှတ်ပုံတင်ကြေး (၁) သိန်း၊ အာမခံကြေး (၅) သိန်းတို့ကို ကြိုတင်ပေးသွင်းခိုင်းနေသည်မှာ ဒီမိုကရေစီမဆန်လှပေ။ ကိစ္စရပ်တိုင်းကို သိနားလည်ကာ ဝေဖန်မှု ထောက်ခံမှုမရှိခြင်းသည် လူထုအသိဉာဏ်ကို ခေါင်းပါးစေသည်။ လူထု၌ အသိဉာဏ်မရှိလျှင် အဂတိလိုက်စားခြင်းကဲ့သို့ မလိုလားအပ်သော ဆိုးကျိုးများ ဖြစ်ပေါ်လာတတ်သည်။ အဂတိလိုက်စားမှုကြောင့် လူထု၏ စာရိတ္တပျက်ပြားလာမည်။ ထိုအခါ အုပ်ချုပ်မှုယန္တရားမှာ ကောင်းမွန်စွာ မလည်နိုင်တော့ဘဲ ချွတ်ယွင်းပျက်ပြားလာပေမည်ဖြစ်သည်။

သတင်းစာသည် ယခုအခါ နိုင်ငံအရေး၊ ကမ္ဘာ့အရေး၏ အခြေခံများတွင် တခုအပါအ၀င်ဖြစ်လာသောကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးက သတင်းစာကို စတုတ္ထမဏ္ဍိုင်ဟုပင် တင်စားခေါ်ဝေါ်လာခဲ့ကြသည်။ ကျွန်ုပ်တို့မြန်မာမူ၌ မင်းပုဏ္ဏား၊ သူဌေး၊ ဆင်းရဲသားဟု ဆိုအပ်သော အမျိုးလေးပါးရှိ၍ ထိုအမျိုးလေးပါးကို စောင့်ရှောက်ရမည့် တာဝန်မှာ မင်းကျင့်တရား (၁၀) ပါးဖြစ်သကဲ့သို့ စတုတ္ထမဏ္ဍိုင်ဟူသော သတင်းစာလွတ်လပ်မှုကို စောင့်ထိန်းရန် တာဝန်မှာလည်း ယနေ့ခေတ်တွင် ယဉ်ကျေးသော နိုင်ငံများ ကျင့်သုံးလျက်ရှိသည့် ဒီမိုကရေစီကျင့်စဉ်ပင်မဟုတ်ပါလော။

သတင်းစာသည် ပြည်သူ့နား၊ ပြည်သူ့မျက်စိ၊ ပြည်သူ့ပါးစပ်ပေါက်နှင့် တူရာ သတင်းစာလွတ်လပ်မှု မရှိသော တိုင်းပြည်မှာ မျက်ကန်း၊ နားပင်း၊ စကားမပြောတတ်သော သူများနှင့် မခြားနားတော့ပေ။ လွတ်လပ်မှုကို ချစ်မြတ်နိုးမှုသည် တခြားလူများကို ချစ်မြတ်နိုးမှုဖြစ်သည်။ အာဏာကို ချစ်မြတ်နိုးမှုသည် မိမိကိုယ်ကို ချစ်မြတ်နိုးခြင်းဖြစ်သည်ဟု ဗြိတိသျှစာရေးဆရာ ၀ီလျံဟတ်စလစ်က ဆိုခဲ့ဖူးသည်။ သတင်းများသည် လက်ရှိတည်ဆဲအစိုးရကို ဆီလိုအပေါက်ရှာကာ လုပ်သမျှကို ဝေဖန်ရှုတ်ချ အပြစ်တင်နေသည်မဟုတ်ပေ။ ဖြစ်နေသောပြဿနာ၊ ကျင့်သုံးသောစနစ်၊ မှားယွင်းနေသော မူဝါဒတို့ကို အပြုသဘောဖြင့် သုံးသပ်တင်ပြနေခြင်းသာဖြစ်သည်။

သို့သော် အာဏာရှင်စနစ်ကျင့်သုံးနေသော တိုင်းပြည်များ၌ အုပ်ချုပ်နေသော အစိုးရတိုင်းသည် တိုင်းပြည်၌ ပြည်သူလူထုဘက်မှ ရပ်တည်၍ အမှန်တရားကို ဖော်ထုတ်နေသော သတင်းစာဆရာများကို ရန်သူသဖွယ် သဘောထားကာ ၎င်းတို့ရှိနေခြင်းသည် စင်ပြိုင်အစိုးရတရပ် ရှိနေခြင်းနှင့်တူသည်ဟု ခံယူ၍ နည်းမျိုးစုံဖြင့် နှိပ်ကွပ်နေကြသည်။ အာဏာရှင်တို့သည် ၎င်းတို့လုပ်သမျှ ကိစ္စရပ်တိုင်းကို ထောက်ခံပြီး ၎င်းတို့၏ ဘုန်းတော်ဘွဲ့များကို ထောပနာပြုနေသူများကိုသာ အလိုရှိကြသည်။

ထို့ကြောင့် တိုင်းပြည်လူထုအကျိုးကို လိုလားလေဟန်နှင့် သတင်းစာများကို ချုပ်ချယ်ခြင်းသည် ဉာဏ်အမြော်အမြင်နည်းပါးသော နအဖစစ်အစိုးရအတွက် ကောင်းချင်ကောင်းပေလိမ့်မည်။ သို့သော် တိုင်းပြည်နှင့် လူထုအတွက်ကား ကောင်းလိမ့်မည်မဟုတ်ပေ။ ဤအချက်ကိုလည်း သိမ်းစွန်ရဲတို့၏ ဇွဲမာန်ကို စာသူငယ် မသိနိုင်သကဲ့သို့ “ဘယ်သူသေသေ ငတေမာလျှင် ပြီးရော” ဟု သဘောထားပြီး အာဏာမာန်ယစ်၍ ထင်တိုင်းကြဲကာ အုပ်ချုပ်နေသော အာဏာရှင်တို့ နားမလည်နိုင်ချေ။

“လူတိုင်းလူတိုင်းသည် အများကောင်းကျိုးဆိုးကျိုးနှင့် သက်ဆိုင်သော ကိစ္စများကို သိပိုင်ခွင့်ရှိသည်။ မိမိထင်မြင်ချက်ကို သတင်းစာများမှ ထုတ်ဖော်ခွင့်ရှိသည်။ မိမိရသင့်ရထိုက်သော အခွင့်အရေးကို တရားသဖြင့် တောင်းဆိုနိုင်ခွင့်ရှိသည်” ဟု ‘လူထုအလိုရှိသော သတင်းစာ’ စာအုပ်ကို ပြုစုခဲ့သော ကင်စလေမာတင် (Kingsley Martin) က ဆိုခဲ့သည်။

လွတ်လပ်စွာ ပြောဆိုခွင့်မပေးဘဲ လူထု၏ ပါးစပ်ကို အတင်းပိတ်ထားခြင်းသည် လွတ်လပ်စွာတွေးတောသော စိတ်ကို အကျဉ်းချထားသည်နှင့် တူလေသည်။ အာဏာရှင်စနစ် ကျင့်သုံးသော အစိုးရများက မိမိနှင့်သဘောချင်း မတိုက်ဆိုင်တိုင်း မပြောရ၊ မရေးရ၊ ဆန္ဒထုတ်ဖော်ခွင့်မပြုရ ပိတ်ပင်ထားလျှင် နိုင်ငံရေးအရ လွတ်လပ်မှုမရှိတော့ပေ။ တနည်းဆိုရသော် ဒီမိုကရေစီမရှိခြင်းပင်။

ထို့ကြောင့် စစ်အာဏာရှင်စနစ်ကျင့်သုံးသော နိုင်ငံတိုင်း၌ သတင်းစာလွတ်လပ်ခွင့်မရှိဘဲ ၎င်းတို့အလိုကျ တည်ထောင်ခွင့်ပြုထားသော အာဏာရှင်လက်ကိုင်တုတ် သတင်းစာများသာရှိသည်။ ထို့ကြောင့် မည်သည့်တိုင်းပြည်မဆို ကိုယ်နှင့်တန်သော သတင်းစာများသာ ရရှိကြသည်ဟု ဆိုရိုးပြုကြသည်။ လူသားတိုင်းသည် မိမိယုံကြည်ရာကို လွတ်လပ်စွာ ကန့်ကွက်ခွင့် လွတ်လပ်စွာ သဘောတူနိုင်ခွင့် ရှိကိုရှိရပေမည်။ အုပ်ချုပ်သော အစိုးရတိုင်းသည် ယူဆကွဲလွဲသည်ကို လျစ်လျူရှုနိုင်ရမည်။ သဘောထားကြီးကြီးထားနိုင်ရမည်။

လူတိုင်းကိုဖြစ်စေ၊ လူတဦးတယောက်ကိုဖြစ်စေ မိမိတို့၏ သဘောမတိုက်ဆိုင်သူတို့အား ပြောဆိုခွင့်မပေး၊ မိမိတို့ယူဆချက်မှတပါး အခြားယူဆချက်မရှိရဟု ပညတ်ခြင်းသည် သဘောထားသေးသိမ်သည့်အပြင် ဉာဏ်အမြော်အမြင် နည်းသည့် အလုပ်ပင်ဖြစ်သည်။ ထိုအလုပ်မျိုးသည် လုပ်သူနှင့် ခံရသူ နှစ်ဦးနှစ်ဘက်စလုံးအား အကျိုးပျက်စီးစေတတ်ပေသည်။ သတင်းစာများသည် အဘက်ဘက်မှ ပြောဆိုချက်များ တရားရုံးတော်၌ တင်ပြသည်ကို အမှားအမှန် ဆုံးဖြတ်သော တရားသူကြီးပမာဖြစ်သည်။ သတင်းစာများသည် သတင်းမှန်ကို မထိန်မချန် မထောက်မညှာ ဖော်ပြ၍ တိုင်းပြည်လူထုအား အကျိုးကျေးဇူးဖြစ်ထွန်းစေရမည်။

အမေရိကန်သမ္မတ သောမတ်ဂျက်ဖာဆန် (Thomas Jefferson) ကမူ “သတင်းစာမရှိသော အစိုးရနှင့် အစိုးရမရှိသော သတင်းစာ ဘယ်ဟာကို ယူမည်နည်းဟုမေးလျှင် အစိုးရမရှိသော သတင်းစာကို ရွေးမည်” ဟုပင် ပြောခဲ့ဖူးလေသည်။ မှန်ပေသည်။ ဝေဖန်မှုကင်းသော အစိုးရသည် ကောင်းစွာ ကြာရှည်မတည်နိုင်ဘဲ ဖောက်ပြန်သွားတတ်သည်။ ယနေ့ နအဖအစိုးရထင်သလို ဥပဒေမဲ့ လုပ်ရပ်တိုင်းကို မည်သူမျှ ဝေဖန်ထောက်ပြနိုင်ခြင်းမရှိသဖြင့် တိုင်းပြည် ဖြစ်ချင်တိုင်း ဖြစ်နေသည်မှာ မျက်မြင်ဒိဌပင်။

လွတ်လပ်စွာရေးသားခွင့်သည် လူထု၏ စိတ်ဓာတ်ကို စင်ကြယ်အောင် ဆေးကြောပေးနိုင်စွမ်းရှိသည် မဟုတ်ပါလော။ နအဖစစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲပြီးသော်လည်း သတင်းစာလွတ်လပ်ခွင့်၊ စာပေလွတ်လပ်ခွင့် ပေးလိမ့်မည်မဟုတ်။ ၎င်းတို့က သတင်းစာများကို လွတ်လပ်ခွင့်ပေးလိုက်လျှင် လူအများ အကျိုးပျက်စီးအောင် စည်းကမ်းမဲ့ ရေးလာလိမ့်မည်ဟု အကြောင်းပြကာ နည်းမျိုးစုံ ဖိနှိပ်လျက်ရှိသည်။ အမှန်မှာ နအဖစစ်အစိုးရသည် ၎င်းတို့၏ အာဏာအလွဲသုံးစားမှုများ၊ ကိုယ်ကျိုးရှာမူများ၊ ရဟန်းရှင်လူပြည်သူလူထုအပေါ် ဥပဒေမဲ့ ရက်စက်စွာ သတ်ဖြတ်နှိပ်ကွပ်ခဲ့မှုများ ဘူးပေါ်သလို ပေါ်သွားမည်ကို အကြောက်ကြီးကြောက်နေသည်မှာ ထင်ရှားလှပေသည်။

သို့သော် သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်ချုပ်ချယ်လျှင် ထိုစည်းကမ်းမဲ့မှုကို တားမြစ်ရာမရောက်ပေ။ တိုင်းပြည်၏ မျက်စိနားကို ပိတ်ဆို့ရာသာရောက်သည်။ စည်းကမ်းမရှိ၊ တာဝန်မဲ့ ရေးသားသော သတင်းစာကို တရားဥပဒေဖြင့် ချုပ်ချယ်ခြင်းထက် စည်းကမ်းရှိ၊ တာဝန်သိသော သတင်းစာများက လွတ်လပ်စွာ ဝေဖန်ခြင်းဖြင့် ထိရောက်စွာ ဆုံးမနိုင်ပေသည်။ လူအများ၏ ထင်မြင်ယူဆပုံမှာ တမျိုးတစားတည်း မရှိနိုင်။ အမျိုးမျိုးကွဲပြားကြမည်မှာ ထုံးစံပင်ဖြစ်သည်။ လူထုကို တမျိုးတည်းသာ သိစေရမည်။ တမျိုးတည်းသာ တွေးစေရမည်။ တမျိုးတည်းသာ ထင်မြင်စေရမည်ဟူ၍ မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ပေ။ သတင်းစာများသည် လွတ်လပ်စွာရေးသားခွင့်ရှိမှသာ လူတို့တွင်လည်း လွတ်လပ်စွာ တွေးတောထင်မြင်ခွင့် ရှိနိုင်ပေသည်။

ယင်းနှင့်ပတ်သက်၍ တိုင်းမ်သတင်းစာ အယ်ဒီတာဟောင်းတဦးဖြစ်သူ ၀စ်ခမ်စတိ (Wickham Steed) က “သတင်းစာလွတ်လပ်မှုဟူသည်မှာ သတင်းစာများကို လွတ်လပ်စွာ ဝေဖန်နိုင်ခွင့်ပင်ဖြစ်သည်။ သတင်းစာလွတ်လပ်မှုသည် လူအများအား ကာကွယ်ပေးပါမည်ဟူသော ကတိသစ္စာဖြစ်သည်” ဟု ဆိုခဲ့ဖူးသည်။ နအဖစစ်အစိုးရလက်အောက်၌ လူတိုင်း အကြောက်တရားကို ရင်ဝယ်ပိုက်ထားကြရသည်။ လက်နက်ကိုင်ထားကာ ဥပဒေမဲ့ ထင်သလို ရမ်းကားအုပ်ချုပ်နေသော စစ်အာဏာရှင်စနစ်အောက်၌ လူတို့ ထိတ်လန့်တုန်လှုပ်နေသည်မှာ မဆန်းလှပေ။ မြွေပွေးများ၊ မြွေဟောက်များကို မိမိတို့ ခါးပိုက်ထဲ ပိုက်ထားမိလျှင်လည်း လူတို့ ကြောက်ကြမည်မှာ ဓမ္မတာပင်ဖြစ်သည်။ သို့သော် ကြောက်တိုင်းကောင်းသည်မဟုတ်။ ကြောက်တတ်လျှင် ၀န်မကင်းဘဲ၊ ၀န်ပိတတ်သည်ကို ဆင်ခြင်သင့်ပေသည်။ မတရားသော အမိန့်အာဏာဟူသမျှကို တာဝန်အရဖီဆန်မှသာ စစ်အစိုးရပြုတ်ကျပေမည်။ စစ်အာဏာရှင်စနစ်ကို မဖြိုဖျက်နိုင်လျှင် စစ်အာဏာရှင်စနစ်အောက်တွင် ထာဝစဉ်ဖိနှိပ်ခံကြရမည်ကို လူတိုင်း သတိမူသင့်ပေသည်။

နအဖစစ်အစိုးရခေတ်တွင် သတင်းစာလွတ်လပ်ခွင့်၊ လွတ်လပ်စွာရေးသားပြောဆိုခွင့် လုံးဝမရှိသည့်အပြင် ပြည်ပအသံလွှင့်ဌာနများဖြစ်ကြသော DVB, BBC, RFA, VOA တို့မှ ထုတ်လွှင့်နေသော ရေဒီယိုသတင်းများ၊ ရုပ်သံများကိုပင် နားမထောင်ရ၊ မကြည့်ရဟု ပိတ်ပင်ခြင်းခံနေသည်။ နအဖ၏ ထုတ်လွှင့်နေသော ၀ါဒဖြန့်သတင်းများကိုသာ တဖက်သတ် ကြားနေရသည်။ အာဏာဖြင့် ပိတ်ပင်ချုပ်ချယ်ထားသောကြောင့် သတင်းစာ၊ စာနယ်ဇင်းများ မလှုပ်ဝံ့ကြချေ။ သို့သော် နအဖ၏ မတရားဖိနှိပ်၊ နှိပ်စက်မှုများကို အစိုးရထုတ် မည်သည့်သတင်းစာတွင်မှ မရေးဘဲနှင့်ပင် လူတိုင်းသိနေကြသည်။ နအဖလက်အောက်တွင် စစ်အာဏာရှင်များကို စာနယ်ဇင်းသမားတိုင်း ကြောက်ရွံ့၍ မည်သို့ပင် အလိုက်သင့် ဖော်လံဖား ရေးသားနေကြစေကာမူ လူထုက “ခေါက်ချိုးပြော ဇောက်ထိုးနားလည်” ဟူသကဲ့သို့ ၎င်းတို့၏ လိမ်ညာဝါဒဖြန့်မှုကို နောကျေနေလေသည်။

မည်သို့ဆိုစေ သတင်းစာဆရာတိုင်း၏ တာဝန်မှာ ဖြစ်ပျက်သမျှတို့ကို လူထုအားတင်ပြ၍ လူထုကို ဆုံးဖြတ်စေရန်ဖြစ်သည်။ သတင်းစာဆရာသည် အစိုးရလက်ကိုင်တုတ်သဖွယ် အသုံးတော်ခံရန်မဟုတ်ဘဲ မျက်မြင်ဖြစ်ပျက်သမျှကို သမိုင်းဆရာကဲ့သို့ အရေးတကာ့အရေးတွင် အမှန်ကိုသာရှာဖွေပြီးလျှင် မျက်မြင်ဖြစ်ပျက်သမျှ ကိစ္စတို့ကို မထိမ်မချန် ဟုတ်တိုင်းမှန်စွာ လူထုအား သိကြားစေရန် ပစ္စုပ္ပန်ခေတ်သမိုင်းကို ရဲဝင့်စွာ မှတ်တမ်းတင်သူများသာ ဖြစ်သင့်သည်။

သတင်းစာဆရာတို့သည် လွတ်လပ်မှုကို ကာကွယ်ရန် သတိရှိသင့်သည်။ အာဏာရှင်တို့သည် ရှေးအခါကလည်း သတင်းစာတို့ကို ဖိနှိပ်ရန် ကြိုးစားခဲ့ကြသည်။ နောင်ကိုလည်း ကြိုးစားဦးမည်သာဖြစ်သည်။ သို့သော် “ငုတ်သည် တိုက်ပါများလျှင် လှုပ်၊ လှုပ်ပါများလျှင် ကျွတ်” ဆိုသကဲ့သို့ သတင်းစာများအားလုံး စည်းလုံးညီညွတ်စွာဖြင့် တိုက်ဖျက်လျှင် စစ်အာဏာရှင်စနစ်ဆိုးသည် မကြာခင် ပြုတ်ကျသွားပေမည်မဟုတ်ပါလော။
http://www.khitpyaing.org/index.php?route=detail&id=4232 ။