Sunday, September 5, 2010

စစ်အာဏာရှင်ပျက်ပြိုကာအတည် ပြည်သူ့ခေတ်မှာတို့တတွေကျောင်းတက်မည်


“စစ်အာဏာရှင်ပျက်ပြိုကာအတည် ပြည်သူ့ခေတ်မှာတို့တတွေကျောင်းတက်မည်”
“မောင်ကျောင်းသား”

( ငါတို့၏ဦးခေါင်းများသည်သွေးချင်းချင်းနီသည် သို့သော်ညွှတ်ကားမညွှတ်နိုင်ပြီ ) ၂ ဒီမိုကရေစီပညာရေးသွေးနဲ့အရင်းတည် ဒီမိုကရေစီတော်လှန်ရေး ပေါင်းကူးပေးမည် ၊ စစ်အာဏာရှင်ပျက်ပြိုကာအတည် ပြည်သူ့ခေတ်မှာတို့တတွေကျောင်းတက်မည် ၊ မီး လောင်ပြင်တစပြင်မှာအတည် ထွန်းသစ်တဲ့တက္ကသိုလ်တို့ဆောက်မည်၊ညီညာ တိုက် ပွဲသို့ချီ ပြည်သာလက်တွဲဆောက်တည်(နီလဲပဲနီသည်ချွန်လဲပဲချွန်သည် ကျောင်းသား သမိုင်းသစ်တည်)၂ ၊ ဒီမိုကရေစီပညာရေး သွေးနဲ့အရင်းတည် ၊ ဒီမိုကရေစီ အောင်ပွဲ မုချရမည်….။

ကျွန်တော်ထောင်ထဲရောက်ခဲ့ရတဲ့အချိန်အတူနေခဲ့ရတဲ့ နောင်တော်ကျောင်းသားကြီးတွေဆိုပြခဲ့တဲ့သီချင်းတပုဒ်ရဲ့ စာသား အပိုင်းစတချို့ပါ ၊ စာသင်ခန်းထဲမှာပဲရှိနေရဦးမဲ့ အခြေခံပညာကျောင်းသားဘ၀ကနေ ပြည်သူတွေဆင်းရဲမွဲတေနေမှုတွေ အတွက် စစ်အာဏာရှင်တိုက်ဖျက်ရေးခရီးလမ်းပေါ်လျှောက်လှမ်းရင်း ထောင်ဆိုတဲ့ ဖိနှိပ်ချယ်ချယ်ရေးယန္တယားရဲ့အမြင့် ဆုံးနေရာကိုရောက်ခဲ့ရချိန်မှာ အဲဒီလိုသီချင်းတွေဟာ ကိုယ့်ကိုယ်ကိုယ်မာန်တင်းစေနိုင်ခဲ့ပါတယ် ။

ဒီသီချင်းလေးရဲ့အဓိပ္ပါယ်နဲ့လေးနက်မှုမျိုးကို ကျွန်တော်တို့ ၁၉၈၉ နှစ်ဆန်းပိုင်းလောက်ထဲကစဉ်းစားဆုံးဖြတ်ခဲ့ပြီးပါပြီ ၊ “ ကျောင်းတွေပြန်ဖွင့်ပြီ ”လို့ အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေက သွေးစွန်းနေတဲ့လက်တွေကမ်းထားပြီး ကြိုဆိုသယောင်လုပ် ပြနေချိန်မှာ ကျွန်တော်တို့တိုက်ပွဲဝင်အခြေခံပညာကျောင်းသားတွေကြားမှာကို ကျောင်းပြန်တက်ရေးမတက်ရေး ဆွေးနွေး ဖြစ်ခဲ့ကြတာပါ ။

ကရေစီရရှိရေး-ဒို့အရေး ၊ စစ်အာဏာရှင်စနစ်ကျဆုံးရေး-ဒို့အရေး ကြွေးကြော် တိုက်ပွဲ ၀င်ရင်း စစ်အာဏာရှင်လက် ပါးစေတွေရဲ့ရက်ရက်စက်စက်ပစ်ခတ်မှုကြောင့် ဦးနှောက် ဖတ်တွေဟိုတစသည်တစပြန့်ကြဲနေအောင် ဦးခေါင်းပွင့်ထွက် ကျဆုံးခဲ့ရတဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေကရော အေးအေးချမ်းချမ်းစာမသင်ချင်ပဲနေပါ့မလား၊ စစ်အာဏာရှင်တွေ ရဲ့ အနိုင်အထက်ပြုမှုကို ရရာလက်နက်ဆွဲကိုင်ပြန်ခံချမယ်လို့ ကျောင်းသားတပ်မတော်ဖွဲ့ စည်းပြီး တောထဲမှာ အနေဆင်းရဲ အစားဆင်းရဲ၊ မိသားစုတွေနဲ့လဲတကွဲတပြားဖြစ်၊ ဒုက္ခမျိုးစုံခံနေကြတဲ့ ဆရာဝန်လောင်းဆေးတက္ကသိုလ်ကျောင်းသားတွေ ၊ အင်ဂျင်နီယာလောင်းစက်မှုတက္ကလိုလ် ကျောင်းသားတွေ ၊ တခြားတခြားသော ကိုယ်ကျိုးစွန့်အနစ်နာခံနေကြတဲ့ ကျောင်းသားတွေ ၊ အားလုံးအားလုံးကရော စာသင်ခန်းနဲ့မိဘအရိပ်အာဝါသအောက်မှာ နွေးနွေးထွေးထွေးမနေချင်ပဲနေမလား ၊ စစ်ထောက်လှမ်းရေးတွေရဲ့စစ်ကြော ရေးစခန်းတွေမှာ ညှင်းပန်းနှိပ်စက်မှုမျိုးစုံခံပြီး ၊ ကြမ်းခင်းဈေး အနည်းဆုံးသုံးနှစ်အမိန့်ချတဲ့ စစ်ခုံရုံးတွေကို ရဲရဲရင့်ရင့် ရင် ဆိုင်ပြီး ၊ အကျဉ်းထောင်တွေထဲကိုရောက်နေကြတဲ့ကျောင်းသားတွေကရော ကျောင်းမတက်ချင်ပဲနေပါ့မလား ၊ ကျွန်တော် တို့တွေက သူတို့သူတို့တွေကိုမငဲ့ပဲ စစ်အာဏာရှင်တွေရဲ့လောင်းရိပ်အောက်ကကျောင်းခန်းထဲ ဘယ်လိုခံစားမှုတွေနဲ့ ပြန် ၀င်ထိုင်ကြမလဲ ။

ကျွန်တော်တို့ အခြေခံပညာကျောင်းသားလေးတွေတောင် ရဲရင့်ခဲ့ကြတယ် ၊ နိုင်ငံရေးမတည်ငြိမ်ပဲ ၊ ပြည်တွင်းငြိမ်းချမ်းမှု မတည်ဆောက်နိုင်ပဲ အေးအေးချမ်းချမ်းပညာသင်နိုင်မှာမဟုတ်သလို ကျောင်းသားအခွင့်အရေးဆိုတာလဲဆုံးရှုံးနေဦးမှာပဲ၊ စစ်အာဏာရှင်တွေရဲ့ စေတနာမပါတဲ့ဟန်ပြပညာရေးမှာ ကျောင်းတက်ပြီးဘွဲ့တွေရလဲ ဘာမှလဲဖြစ်လာမှာမဟုတ်တဲ့အတူ ပြည်သူတွေအတွက်ဆုံးခန်းတိုင်တိုက်ပွဲဝင်မယ်၊သွေးညှီနံ့တွေလွှမ်းနေမဲ့ စစ်ဝါဒီတွေဖွင့်တဲ့ကျောင်းခန်းထဲ ငါတို့ပြန်မထိုင် တော့ဘူးလို့ အခြေခံပညာကျောင်းသားများသမဂ္ဂ(အကသ)မှာပါတဲ့သူတွေ အများစုဆုံးဖြတ်ခဲ့ကြပါတယ် ။

“၁၉၃၆ခုနှစ်မှာဖွဲ့စည်းတည်ထောင် ဂုဏ်ရောင်ဝင်းလက်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဟာ ၊ ဖေါက်ပြန်တဲ့အစိုးရအဆက်ဆက်ကို သမိုင်းစာမျက်နှာထက်မှာ ထင်ဟတ်ပေါ်လွင်နေအောင် တိုက်ပွဲဝင်ခဲ့ကြတယ် ၊ တိုက် ပွဲဝင်နေကြစဲပါ ၊ အာဇာနည်ထောင်သောင်းတို့ရဲ့နီမောင်းဝင်းလက်တဲ့သွေးစက်တွေဟာ သမိုင်းကျောက်စာတိုင်အဖြစ် မော်ကွန်းတွင်ရစ်မှာမုချပါပဲ ၊ ၁၉၈၈ခုနှစ်ဒီမိုကရေစီတောင်းဆိုမှုအရေးတော်ပုံကြီးအတွင်းမှာ သူရဲကောင်းပီသစွာကျဆုံးခဲ့ ရရှာသော အာဇာနည်ရဟန်းရှင်လူပြည်သူအပေါင်းတို့ကိုဂုဏ်ပြုသောအားဖြင့် မပြီးဆုံးသေးသည့်ဒီမိုကရေစီတော်လှန်ရေး ကြီးကို အောင်ပွဲရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားပါမည်ဟုအဓိဌာန်ပြုရင်း” ကျွန်တော်တို့ ၊ ယုံကြည်ချက်အတိုင်း သာခရီးဆက်ခဲ့ကြပါတယ် ။

အဲဒီအချိန်ပေါ်ထွက်လာတဲ့“အကြောင်းကြောင်းကြောင့်ပါလို့ စိတ်မကောင်းစွာပြောရင်း စာသင်ခန်းအတွင်း ၀တ္တရားအရ ၀င်ထိုင် ဒါကိုငါတို့နားလည်ခွင့်လွှတ်နိုင်ပါတယ် ၊ ဒါပေမဲ့ ထုံးနံ့သင်းတဲ့ပန်းခင်းကိုဖြတ် ရည်းစားထားဘို့ကျောင်းပြန်တက် ကြမယ်ဆိုရင်တော့ ငါတို့ကခွင့်လွှတ်သည့်တိုင် ရာဇ၀င်ကခွင့်မလွှတ်သရွေ့ သူတို့ဟာ သမိုင်းမှာသစ္စာဖေါက်တွေဖြစ်သွား မှာပဲ ၊ ငါတို့ထဲကတချို့ဟာ ကိုယ့်အရိုးကိုယ်လှေနံအဖြစ်ထွင်းထု ကိုယ့်အသားကိုယ်လှေရွက်အဖြစ်စပ်ချုပ် ကိုယ့်ခြေလက် ကိုယ်လှော်တက်အဖြစ်အသုံးပြုလှော်ခတ်လို့ ကျောင်းတော်ကြီးနဲ့ငါတို့ကြား ခြားနေတဲ့သွေးပင်လယ်ကြီးကို ဖြတ်ကူးနေ ကြပြီ”ဆိုတဲ့ ရွှေဖုန်းလူရဲ့“ကျောင်းဖွင့်ချိန်”ကဗျာစာသားတွေက ကျွန်တော်တို့ကိုခိုင်မာအားတက်စေခဲ့သလို ကျောင်းသွား တက်ကြည့်ပြီးမှ ပြန်ထွက်လာခဲ့တဲ့သူငယ်ချင်းတယောက်ရဲ့“သူငယ်ချင်း..မင်းဟာ..ပကတိငြိမ်ဆိပ်..အိပ်မက်မရှိတဲ့ညတွေ ထဲမှာလှဲလျောင်း…မင်းအလောင်းမှာဒါဏ်ရာတွေနဲ့…မင်းထိုင်ခဲ့တဲ့….စာသင်ခန်းထဲကခုံကလေး…ငါငေးရင်းမျက်ရည်ကျ…. သိပ်သတိရနေတယ်သူငယ်ချင်း” ဆိုတဲ့ကဗျာလေးကလဲ ကျွန်တော်တို့ရင်ကိုထိရှ ၊ စစ်အာဏာရှင်တွေငြှိမ်းမရတော့တဲ့ ကျွန်တော်တို့နှလုံးသားထဲက မီးစတစ်စပါပဲ ။

ကျွန်တော်ထောင်ကလွတ်တော့လဲ စိတ်ပညာနဲ့ကတစ်ဘွဲ့၊ တိုင်းရင်းဆေးသိပ္ပံကသမားတော်ဘွဲ့ကတစ်ဘွဲ့၊ဘွဲ့နှစ်ခုတောင်ရ ထားတဲ့အမေက ရပ်ကွက်ထဲကအလုပ်သွားသူတွေရဲ့ ကျောင်းနေအရွယ်မဟုတ်သေးတဲ့ကလေးတွေကို အိမ်မှာထိမ်းပေး တဲ့အလုပ်လုပ်နေရသလို ၊ သခွားသီးစိတ်လေးတွေတုတ်ထိုး၊ အာလူးပြုတ်တုတ်ထိုး ၊ အချဉ်ရေနဲ့တို့စားရတာမျိုးလဲ ညနေ ပိုင်းမှာဈေးဘန်းလေးချရောင်းနေတာတွေ့ရတော့ အသုံးချခွင့်မရတဲ့အမေ့ပညာတွေအတွက်နှမျောမိပါတယ် ၊ အဲဒီလို ဘ၀တွေ ကိုယ့်အမေတစ်ယောက်ထဲမှမဟုတ်ပဲ ၊ စစ်အာဏာရှင်စနစ်ပျက်အောင်မတိုက်ဖျက်နိုင်ခင် မလွှဲမသွေမြင်တွေ့နေ ရဦးမှာပဲဆိုတဲ့အသိကို ထပ်လောင်းခိုင်မာစေခဲ့ပါတယ် ။

ကျောင်းသားဘ၀ကိုဆုံးရှုံး၊ လွတ်လပ်ပေါ့ပါးတဲ့လူငယ်ဘ၀ဆိုတာလဲပျောက်ခဲ့ရ၊ မိသားစုဘ၀ဆိုတာပါပျက်ဆီးခဲ့ရတဲ့ ကျွန် တော့်အတွက် “တော်လှန်ရေးသည်ငါတို့ကျောင်း၊တော်လှန်ရေးသည်ငါတို့တက္ကသိုလ်” ဆိုတဲ့ အတွေ့အကြုံတွေဆီကရတဲ့ ပညာတွေနဲ့ ဘ၀ကိုရပ်တည်ရပါတယ် ၊ အဖြူအစိမ်းကျောင်းသားလေးတွေကိုမြင်တိုင်း ၊တက္ကသိုလ်နယ်မြေတွေနားကနေ ဖြတ်သွားတိုင်း (ယောက်ကျားတန်မဲ့မျက်ရည်ဝဲရလောက်အောင်)နာကျင်ခံစားရပါတယ် ၊ ဒါပေမဲ့ နောင်တမဟုတ်ပါဘူး ၊ လူ့ဘာသာဘာဝ တမ်းတမိတာမျိုးသာပါ ။

ကိုယ့်ခံစားမှုနဲ့ကိုယ် တမင်မေ့ထားထားတဲ့ ( လူ့အခွင့်အရေးတရားတွေဟောခဲ့ဘူးရာ ၊ ကျောင်းသားသမဂ္ဂအဆောက် အဦးကြီးရှိခဲ့ဘူးရာ) ၊ ရန်ကုန်တက္ကသိုလ်ပရ၀ုဏ်ထဲကို မလွှဲသာမရှောင်သာလွန်းလို့ တခေါက်ရောက်ခဲ့ရချိန်တခနလေးမှာ တောင် ပျော်ပြုံးနေကြတဲ့ဘွဲ့ယူသူတွေရဲ့မျက်နှာကိုကြည့်ရင်း “သြော်..သူတို့ ဘာမှမသိကြသေးပါလား၊ဒီဘွဲ့လက်မှတ်တွေ ဟာ ဂုဏ်တုဂုဏ်ပြိုင်ဘို့ကလွဲပြီး သူတို့အတွက်ဘာမှအသုံးမ၀င်တာသိတဲ့နေ့ သူတို့ဘယ်လိုများခံစားရပါမလဲ” စဉ်းစားမိပါ တယ် ၊ နောက်ကလိုက်ပါလာကြတဲ့မိဘတွေကိုကြည့်ပြီး သားအတွက် ဘွဲ့နှင်းသဘင်ခန်းမထဲဝင်ရမဲ့အစား ထောင်ဝါဒါ တွေရဲ့အအော်ငေါက်ခံပြီး ထောင်ဝင်စာခန်းကိုပဲရောက်ခဲ့ရတဲ့အမေ့အတွက် စိတ်မကောင်းဖြစ်မိပါတယ် ၊ ကိုယ့်အကြောင်း ကိုယ်ပြန်တွေးရင်း ဒီဝန်းထဲမှာနောင်တော်တွေရက်ရက်စက်စက်ပစ်သတ်ခံရဘူးတယ်ဆိုတာ သတိပြန်လည်သွားတော့ ကျောင်းဝန်းထဲမှာကိုဆက်မနေနိုင်တော့အောင်ပါပဲ ၊ အင်းလျားကန်ဘောင်ဘက် ဘူးသီးကြော်ဆိုင်ထိုင်ရင်းစောင့်မယ်လေ ဆိုပြီး ၀န်းအပြင်ထွက်ပြန်တော့လဲ ဒီနေရာကတံတားဖြူကနေတံတားနီခေါ်ရလောက်အောင် ဘက်နက်နဲ့ထိုး နံပါတ်တုတ် နဲ့ရိုက်ခံရတဲ့နေရာ ၊ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့သွေးစက်သမိုင်းကြောင်းက ဒီနေရာတွေကနိဒါန်းပျိုးခဲ့တာ စသဖြင့် ခံစားမိပြန်ပါတော့တယ်၊ ဘယ်သူနားလည်ပေးနိုင်ပါ့မလဲဗျာ။

အဲဒီနေ့က အမေ့ဆီတကူးတကန့်ကိုသွားရင်ဖွင့်ဖြစ်တယ် ၊ အမေကမျက်ရည်တ၀ဲဝဲအားပေးရှာပါတယ် ၊“ သြော်..သားရယ် မင်းလိုချင်ရင်ဘယ်လိုဘွဲ့မဆိုရနိုင်ခဲ့တာပဲ ၊ ဒီနေ့ခေတ်မှာ အဲဒီဘွဲ့တွေကအသုံးမတည့်ပါဘူးလို့ မင်းကိုယ်တိုင်ဆုံးဖြတ်ခဲ့ တာပဲလေ ၊ တွေးမနေစမ်းပါနဲ့ ၊ ကိုယ်မှန်တယ်ထင်ရာရဲရဲရင်ဆိုင်စမ်းပါ ၊ ခုမင်းရထားတဲ့ဘွဲ့ ကအကောင်းဆုံးပါ ငါ့သားရဲ့ .. ရှစ်ဆယ့်ရှစ်မျိုးဆက် ၊ တိုက်ပွဲဝင်ကျောင်းသား ၊ တော်လှန်ရေးသမားဆိုတဲ့ဘွဲ့တွေ ငါ့သား ရထားတာပဲ၊ ဒီ့ထက်ဘယ်ဘွဲ့က အမေ့ကိုပိုဂုဏ်ရှိစေမှာလဲ ၊ မင်းအဖေလဲ ဒါကိုပဲကျေနပ်နေတာပါ” တဲ့ ၊ ဆပ်ခွင့်မကြုံခဲ့တဲ့ အမေ့ကျေးဇူးတွေထဲမှာ အဲဒီ အားပေးစကားက အကြီးဆုံးများဖြစ်မလားတောင်ထင်မိပါရဲ့ဗျာ ။

ခုလဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ချိန်မှာအခြေခံပညာကျောင်းသားတွေဖြစ်တဲ့ ကျွန်တော်တို့အသက်က ၃၇-၃၈ တွေ ဖြစ်ကြပေမဲ့ ကျောင်းသားတစ်ယောက်အနေဖြင့်သာ တော်လှန်ရေးတာဝန်များကို ထမ်းဆောင်နေဆဲပါ ၊ စစ်အာဏာရှင် တွေကလိသလို ကျွန်တော်တို့အဖွဲ့မှာ ခေါင်းဖြူသွားကျိုးအဖိုးကြီးအရွယ်တွေလဲ ကျောင်းသားတွေအဖြစ်တကယ်ရှိနေတာ ပါ ၊ ကျောင်းသားကရိုးသားတယ် ၊ ပြည်သူကိုရှေ့ကအသေခံဦးဆောင်ရဲတဲ့သတ္တိရှိတယ် ၊ လူမျိုး,ဘာသာ,အယူဝါဒအစွဲ တွေကင်းတယ်၊အာဏာတွေနေရာတွေမမျှော်မှန်းဘူးဆိုတဲ့ အဲဒီလိုဂုဏ်တွေကိုလေးစားတန်ဘိုးထားတဲ့အတွက် “ အမိမြေ လွတ်မြောက်ဘို့အတွက် အရိုးတွေတောင်လိုပုံမှရမယ်ဆို ငါတို့ကျောင်းသားအရိုးတွေက အောက်ဆုံးအလွှာကရှိစေရမယ်” ဆိုတဲ့ ကျောင်းသားဆောင်ပုဒ်ကိုဆုတ်ကိုင်ပြီး တော်လှန်ရေးဆိုတဲ့ကျောင်း ၊ တော်လှန်ရေးဆိုတဲ့တက္ကသိုလ်ရဲ့ ကျောင်း သားတွေအဖြစ် ကျောင်းသားနာမည်ခံဆက်ရှိနေကြတာပဲဖြစ်ပါတယ် ။

ယုံကြည်ပါတယ် ၊ တော်လှန်ရေးဆိုတာ ဇာပန်းထိုးသလို ဧည့်သည်ထမင်းစားဖိတ်သလိုလွယ်တာမျိုးမဟုတ်ဆိုပေမဲ့လဲ ၊ တနေ့ကျွန်တော်တို့ပြည်သူတွေ အောင်ပွဲခံရမှာပါ ၊ ကျွန်တော်တို့အသက်တွေ လေးငါးခြောက်ဆယ်မှလဲ ဖြစ်ချင်ဖြစ်နိုင်ပါ တယ် ၊ ဘယ်လိုပဲဖြစ်ဖြစ်ပြည်သူ့အင်အားတွေပေါင်းစည်းမိတဲ့တနေ့ ကျွန်တော်တို့အနိုင်တိုက်နိုင်မှာပါ ၊ ဘယ်လောက်ပဲ အိုမင်းမစွမ်းဖြစ်နေသည့်တိုင် ကျောင်းသားသမဂ္ဂအဆောက်အဦးကို ကိုယ်တိုင်ပြန်ဝင်ဆောက်မယ် ၊ စာသင်ခန်းထဲဝင်ထိုင် ပြီးဆုံးရှုံးခဲ့တဲ့ငယ်ဘ၀လေးပြန်လွမ်းမယ်မျှော်လင့်ရင်း အကျဉ်းခန်းထဲမှာနေစဉ်ကအားမာန်တင်းနိုင်ခဲ့တဲ့သီချင်းလေးပြန်ဆို ပြီး ဆက်လက်တိုက်ပွဲဝင်နေရဦးမဲ့ရှေ့ခရီးအတွက် တက်ကြွနေမိပါတယ် ၊ “စစ်အာဏာရှင်ပျက်ပြိုကာအတည် ပြည်သူ့ ခေတ်မှာတို့တတွေကျောင်းတက်မည်”……လို့ ။

စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ
မောင်ကျောင်းသား

သေနတ်သံကြားတိုင်း အသက်စွန့်သွားတဲ့ညီအကိုများအတွက်



“သေနတ်သံကြားတိုင်း အသက်စွန့်သွားတဲ့ညီအကိုများအတွက် တစ်သက်တစ်ကမ္ဘာမကြေ”

“မောင်ကျောင်းသား”

ကြားလိုက်ရပြန်ပြီ..၊ ပစ်သတ်လိုက်ကြပြန်ပြီတဲ့ ၊ ပဲခူးမှာ စစ်တပ်ကပစ်သတ်လို့ အပြစ်မဲ့ကျောင်းသားလူငယ်နှစ်ယောက် သေဆုံးရပြန်ပြီတဲ့ ၊ အကြောင်း အရာအပြည့်အစုံမဖတ်ရခင် သတင်းခေါင်းစဉ်မှာတင် တောက်ခေါက် ၊ အသားတဆတ်ဆတ် တုန်နေအောင်ဒေါသထွက်ခံစားလိုက်ရပါတယ် ၊ နိုင်နေတယ် ဆိုပြီးထင်တိုင်းကြဲနေလိုက်တာကွာ ၊ စစ်အာဏာရှင်တွေရဲ့အောက်မှာ ငါတို့ပြည်သူတွေ ကျောင်းသားတွေရဲ့အသက်ဟာ တိရိတ္ဆာန်တွေလောက်မှတန်ဘိုး မရှိတော့ဘူးလား ၊ ဥပဒေမဲ့ သတ်ချင်တိုင်းသတ်နေတာကို ငါတို့ကျောင်းသားလူငယ်တွေ ဒီလိုပဲငြိမ်ခံနေကြတော့မှာလား ။

ဖြစ်စဉ်က ၄.၉.၂၀၁၀ရက် စနေနေ့ည၁၂နာရီလောက်မှာ၊ ပဲခူးမြို့လယ်ခေါင်ဇိုင်းဂနိုင်းတောင်ပိုင်းမှာရှိတဲ့ “ကယ်လီဖိုးနီးယား” ကာရာအိုကေဆိုင်ကနေမူးပြီး ထွက်လာတဲ့ ခလရ-၅၉(ပဲခူးဘူတာလုံခြုံရေးယူထားတဲ့နယ်မြေခံတပ်)က အရာရှိနှစ်ယောက် ငှားစီးတဲ့ဆိုင်ကယ်နဲ့ ကျောင်းသားလူငယ်ငါးယောက်စီးလာတဲ့ သုံးဘီးဆိုင်ကယ်(ပဲခူးအခေါ်တုတ်တုတ်)ချိတ်မိ စကားများရန် ဖြစ်ကြရာက စစ်ဗိုလ်နှစ်ယောက်က ပါလာတဲ့စကားပြောစက်နဲ့ သိပ်မဝေးတဲ့တပ်အထိုင်ရှိရာ ပဲခူးဘူတာကစစ်သားတွေကို လှမ်းခေါ်လိုက်ပြီး ချက်ခြင်းလိုရောက်လာချိန်မှာပစ်မိန့်ပေးခဲ့လို့ စစ်သားတွေကအချက်ပေါင်းများစွာပစ်ခတ်ရာက လက်နက်မဲ့ ကျောင်းသားလူငယ်နှစ်ယောက်ဖြစ်တဲ မောင်စိုးပိုင်ဇော်(၁၈) နှစ်နဲ့ မောင်အောင်သူဟိန်း (၂၂)နှစ် တို့ပွဲချင်းပြီးသေဆုံးခဲ့ရပါ တယ် ။

ပဲခူးမြို့ဇိုင်းဂနိုင်း(တောင်)ရပ်ကွက်၊မင်္ဂလာလမ်း၊အိမ်အမှတ်၂၀၀နေ အဘဦးမြတ်သူရဲ့သားမောင်အောင်သူဟိန်းက၆ချက်ထိမှန်ပြီး ဇိုင်းဂနိုင်း(တောင်) ရပ် ကွက်၊မြလမ်း၊အိမ်အမှတ်၁၇၇နေ အဘဦးဟုတ်ကြည်ရဲ့သားမောင်စိုးပိုင်ဇော်က၄ချက်ထိမှန်ခဲ့ပါ တယ်၊မြလမ်းထိပ်မှာပဲပစ်ခတ်မှုဖြစ်တာဖြစ်ပြီး သွေးသံတရဲ ရဲလမ်းမပေါ်လဲကျသွားကြချိန်မှာ စစ်သားတယောက်က“ စစ်တပ် ကိုစမ်းချင်တဲ့ကောင်စမ်း သေချင်းဆိုးနဲ့သေသွားမယ်” လို့ ကြိမ်းမောင်းအော်ဟစ်ပါတယ် ၊ ရဲတွေရောက်လာချိန်မှာ စစ်တပ် ကရှောင်ထွက်သွားပြီး ဘယ်သူမှထွက်ကြည့်လို့မရအောင်ရဲတွေက ပိတ်ဆို့ပေးထားပါတယ် ၊ အလောင်းကိုဆေးရုံသယ်တာ တောင် ကောင်းကောင်းမွန်မွန်ဆေးရုံကားနဲ့မသယ်ပဲ ဆိုက္ကားနဲ့ဖြစ်သလိုသယ်ခဲ့ပါတယ် ။

၅.၉.၂၀၁၀နေ့မှာချက်ချင်းအသုဘစီစဉ်ဘို့ အာဏာပိုင်တွေကဖိအားပေးခဲ့ပါတယ် ၊ မိဘတွေအဝေးရောက်နေလို့ ပြန်လာချိန်ရအောင် စောင့်ခွင့်ပေးပါ ၊ အိမ် ပြန်သယ်ခွင့်ပေးပါလို့ သက်ဆိုင်ရာမိသားစုဝင်တွေက အာဏာပိုင်အဆင့်ဆင့်ဆီခွင့်တောင်းခဲ့ပေမဲ့ (မတရားသတ်ဖြတ်မှုကိုဖုံးကွယ်ချင်တဲ့ အာဏာပိုင်တွေ ရဲ့ထုံးစံအတိုင်း) အလောင်းကိုတော့ အိမ်ပြန်သယ်ခွင့်မပြုခဲ့ပါ ဘူး၊ ပဲခူးတမြို့လုံးအုတ်အော်သောင်းနင်းဖြစ်ပြီး ထောင်ဂဏန်းရှိမဲ့လူထုက ပဲခူးဆေးရုံ ရင်ခွဲရုံ ကို သတင်းစုံစမ်းသွားရောက်လေ့လာကြပေမဲ့ ရဲလုံခြုံရေးအများအပြားနဲ့အရပ်ဝတ်ထောက်လှမ်းရေးတွေက တားဆီးပိတ်ပင်ခဲ့ပါတယ်တဲ့ ။

သတင်းအပြည့်အစုံဖတ်ပြီးချိန်မှာ သေဆုံးသူတွေရဲ့မိသားစုတွေနဲ့ထပ်တူ ကြေကွဲစိတ်မကောင်းဖြစ်စိတ်၊ နာကျည်းခံပြင်းစိတ်တွေကြောင့် ဒင်းတို့ကိုနိုင် အောင်ပြန်မတိုက်နိုင်သေးတဲ့အခြေအနေကိုပဲ တနုံ့နုံ့တွေးအားမလိုအားမရဖြစ်နေမိပါတယ်၊ စစ်အာ ဏာရှင်တွေရဲ့ ဒီ့ထက်ဆိုးတဲ့လုပ်ရပ်တွေနဲ့ဖြစ်စဉ်တွေကို အခါခါမြင်ဘူး ကိုယ်တိုင်လဲခံစားဘူးပါရဲ့ ၊ ဟောဒီနှလုံးသားက ထုံကျင်အသားကျမနေဘူး ၊ ကြားလိုက်ရတိုင်းနာတယ် ၊ မြင်လိုက်ရတိုင်းနာတယ် ၊ တွေးမိ တိုင်းလဲနာတယ်ဗျာ ။

ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေး ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းဇိမ်တည်တံ့ခိုင်မြဲရေးဆိုတဲ့ သတင်း စာတွေ တီဗွီဖန်သားပြင်တွေ ပေါ်က ဟန်ဆောင်ပန်ဆောင်ပြောပြောနေတဲ့စကားတွေ ဘယ်မှာလဲ ၊ ဒါလားတရားဥပဒေစိုးမိုး တာ ၊ ဒါလားပြည်သူတွေကိုကာကွယ်စောင့်ရှောက်တာ ၊ ဆင်းရဲမွဲတေမှုတွေကြောင့် မလူးသာမလွန့်သာတဲ့ ပြည်သူတွေကိုပိပြားနေအောင်နင်းဖိထားပြီး အများပြည်သူမမြင်ကွယ်ရာ ကျေးလက်တောရွာတွေမှာ ထင်သလိုလုယက် ၊ မုဒိန်းကျင့်လူသတ် လုပ်နေတဲ့ဇရိုက်တွေ ခုလို မြို့ပြပေါ်ထိပြောင်ပြောင်တင်းတင်းအတင့်ရဲကျူးလွန်လာတာ တုန့်ပြန်မှုမရှိငြိမ်ခံနေကြ ရင်တော့ ရုပ်ရှင်တွေဗွီံဒီယိုတွေထဲတွေ့ဘူးတဲ့ ဖက်စစ်ခေတ်ဂျပန်တွေထက်ဆိုးလာတော့မယ် ။

“စစ်တပ်ဆိုတာ လက်နက်အားကိုးတန်ခိုးပြဘို့မဟုတ်ဘူး ၊ စစ်တပ်က ပြည်သူတွေကို လက်နက်နဲ့အနိုင်ကျင့်ဖိနှိပ်ဘို့မဟုတ်ဘူး ၊ စစ်တပ်ဟာ ပြည်သူရဲ့ အစေခံပဲဖြစ်ရမယ် ၊ ပြည်သူဟာ စစ်တပ်ရဲ့အစေခံ ဘယ်တော့မှမဖြစ်ရဘူး ” လို့ပြောခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းသာသက်ရှိထင်ရှားရှိလို့ စစ်တပ်ရဲ့ ဒီလိုရက်စက်ယုတ်မာမှုတွေကိုသာသိရင် ဆရာတင်ခေါ်လာခဲ့တဲ့ ဂျပန်ကိုပြန်ချသလို သူတည်ထောင်ခဲ့တဲ့စစ်တပ်ကို “ရရာလက်နက်နဲ့ပြန်ချကြတော့”လို့ ပြည်သူကိုနှိုးစော်ပြီး သူကိုယ်တိုင် တော်လှန်စစ်ကိုဦးဆောင်ဆင်နွှဲမယ်ထင်ပါရဲ့ ။

“ညီအကိုတို့ ပေတရာပေါ်မှာစီးတဲ့သွေးတွေမခြောက်သေးဘူး ၊ မတွေဝေနဲ့ ” တဲ့ ၊ ဒီလောက်ထပ်ထပ်သတ်ပြီး သွေးဟောင်း တို့စွန်းခဲ့တဲ့မြေပေါ် သွေးသစ် တွေအကြိမ်ကြိမ်စီးနေတာ အပြစ်မဲ့ကျောင်းသားလူငယ်တွေ ခုလိုရက်ရက်စက်စက်အသတ်ခံရ မှုမျိုးကို မကြုံဘူးမခံစားဘူးလို့ကိုယ်ချင်းမစာနိုင်သေးတဲ့ ညီငယ်တွေလဲ သတိမူစဉ်းစားကြဘို့လိုပါပြီ ။

၁၉၈၈ ကျွန်တော်တို့ခေတ်ကတော့ လက်သဲဆိတ်ခံရချိန်မှာ လက်ထိပ်သာမက ရင်ထဲအသဲထဲသွေးသားထဲကပါနာခဲ့ကြလို့ ကျွန်တော်တို့ အောင်မြင်မှု တစ်စုံတစ်ရာရရှိသည်အထိ တိုက်ပွဲဝင်ရဲခဲ့ကြတယ် ၊ ကိုဖုန်းမော်နဲ့ကိုစိုးနိုင်တို့ ရန်ကုန်စက်မှုတက္က သိုလ်ဝန်းထဲမှာ ခုလိုရက်ရက်စက်စက်ပစ်သတ်ခံခဲ့ ရမှုကနေ ကျောင်းသားသပိတ် ၊ နောက်ဆုံးလူထုအုံကြွမှုကြီးဆက်ဖြစ်ပြီး စိန်လွင်လိုစစ်ခေါင်းဆောင်အစိုးရတွေနဲ့ နေ၀င်းရဲ့တပါတီအာဏာရှင်စနစ် ကိုဖြုတ်ချနိုင်ခဲ့တယ် ။

ဒါပေမဲ့ ကျွန်တော်တို့ တာဝန်မကျေခဲ့ပါဘူး ၊ ကျွန်တော်တို့မြင်ခဲ့မှီခဲ့တဲ့ ကိုဖုန်းမော်ကိုစိုးနိုင်ကစလို့ ၁၉၈၈မတ်လမှာအသတ်ခံ ခဲ့ရတဲ့ကျောင်းသားတွေ ၊ ၁၉၈၈ ဇွန်လမှာအသတ်ခံခဲ့ရတဲ့ကျောင်းသားတွေ ၊ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ အသတ်ခံခဲ့ရ တဲ့ကျောင်းသားလူငယ်တွေ ၊ ပြည်သူတွေ ၊ ဒီပဲရင်းမှာမတရားရိုက်သတ်ခံရတဲ့ ကျောင်းသားလူငယ်တွေ ၊ ၂၀၀၇ စက်တင် ဘာမှာပစ်သတ်ခံရတဲ့ သံဃာတော်တွေ ၊ ကျောင်းသားလူငယ်တွေ ၊ တောထဲတောင်ထဲမှာကျဆုံးသေဆုံးခဲ့တဲ့ ကျောင်းသား တွေ ၊ အကျဉ်းထောင်တွေထဲမှာသေဆုံးခဲ့ရသူတွေအတွက် ကျွန်တော်တို့တာဝန်မကျေသေးပါဘူး ၊ သူတို့သေဆုံးခဲ့ရမှုတွေ အတွက် တရားမျှတမှုကိုမဖြစ်စေသေးသမျှ ကျွန်တော်တို့တာဝန်ကြေပြီမခေါ်နိုင်ပါဘူး ၊ ဒီအတွက် ကျွန်တော်တို့ဆက်လက် တိုက်ပွဲဝင်နေရဦးမှာပါ ။

စစ်အာဏာရှင်သက်တာရှည်ခဲ့ပြီ ၊ အနိဌာရုံတွေများပြီ ၊ လူပုံအလယ်ရက်ရက်စက်စက်ပစ်သတ်တာမျိုးကြောင့်မဟုတ်ပဲလဲ စစ်အာဏာရှင်တွေကြောင့် နေ့စဉ်လူတွေသေနေကြပါတယ် ၊ ဆင်းရဲမွဲတေမှုကြောင့် အဟာရချို့တဲ့ ၊ နောက်ဆက်တွဲ ရောဂါ ဘယထူပြော ၊ ဆေးကုသစရိတ်မတတ်နိုင်တော့ ရောဂါကနိုင်သွားပြီးတဖြည်းဖြည်းသေ ၊ အဲလိုပြည်သူတွေလဲ အသတ်ခံ လိုက်ရတာပါပဲ၊ ကလေးမီးမဖွားနိုင်လို့သေတယ် ၊ မြွေဆိပ်မိလို့သေတယ် ၊ ဆေးရုံကိုအချိန်မှီမရောက်လို့သေတယ် ၊ ဆေးရုံ မှာဆေးမရှိလို့သေတယ် ၊ ဆေးရုံဆေးခန်းကိုမရှိလို့သေတယ် ၊ ဆရာဝန်မရှိလို့သေတယ် ၊ ၀ဋ်ကြွေးမဟုတ်ဘူး ၊ ကံကြမ္မာ မဟုတ်ဘူး ၊ ပြည်သူတွေဘာဖြစ်နေနေ ငတေမာပြီးရောကိုယ်ကျိုးရှာနေတဲ့ စစ်ဗိုလ်ချုပ်တွေသတ်တာ ။

နာတယ်..၊ လက်ထိပ်ကတင်မဟုတ်ဘူး ၊ ရင်ထဲအသဲထဲသွေးသားထဲကပါနာတယ် ၊ ခုလိုရက်ရက်စက်စက်ပစ်သတ်ခံရ တာမျိုး ပိုနာတယ် ၊ မကြေ..ဘယ်တော့မှမကြေ..တစ်သက်တစ်ကမ္ဘာမကြေ..။

စစ်အာဏာရှင်စနစ်ကျဆုံးသည်ထိ

မောင်ကျောင်းသား

ပဲခူးသတင်းအဆက်

Pel Khuu News

NLD မှ Boycott လုပ်ရန်တောင်းဆို


တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ စစ်အစိုးရကြား မပြေမလည် ဖြစ်နေတာကို ကြားသိရတဲ့ အတွက် စိတ်မကောင်းဖြစ်ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။သူပြောတာက စနေနေ့ နေ့လယ်ပိုင်းမှာ သူ့ရဲ့ အကျိုးဆောင်ရှေ့နေ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်တာပါ။

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် စစ်အစိုးရက အဓမ္မ ဖိအားပေး လုပ်ဆောင်နေတဲ့အပေါ် ငြိမ်းအဖွဲ့လို့ခေါ်တဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့က လက်မခံတဲ့အတွက် အဲဒီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စစ်အစိုးရကြား တင်းမာမှုတွေ ဖြစ်နေတဲ့အပေါ် စိတ်မကောင်းဖြစ်မိတဲ့အကြောင်း အကျိုးဆောင်ရှေ့နေကြီး ဦးဉာဏ်ဝင်းကတဆင့် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာပါ။သူဒီလိုပြောပုံထောက်ရင်တော့ တိုင်းပြည်မှာပြည်တွင်းစစ်ဖြစ်မှာကိုတော်တော်လေးစိုးရိမ်နေပုံပါပဲ။

“တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့တွေ အဲဒီအဖွဲ့တွေဟာ အစိုးရနဲ့ မကျေမလည် ဖြစ်တာတွေ၊ ဒီသတင်းကို မီဒီယာတွေကနေ သူကြားတယ်။ သူကတော့ ဒါကို စိတ်မကောင်းဘူးတဲ့။ ဒီကိစ္စတွေဟာ နိုင်ငံရေးအရ ဖြေရှင်းမှသာ ရေရှည်အကျိုးရှိမယ်လို့ အဲဒီလို ပြောပါတယ်။”

ဒါ့အပြင် ရွေးကောက်ပွဲကာလအတွင်း မဲပေးတဲ့နေရာတွေမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ ကိုက်ညီခြင်းရှိမရှိ ပြည်သူအများစု သိရှိလာအောင် လုပ်ဆောင်ပေးဖို့ တာဝန်ရှိတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။သူပြောတဲ့ပုံကတော့ ရွေးကောက်ပွဲကိုလည်းဆန့်ကျင်မယ်။ရွေးကောက်ပွဲကိုလည်းစောင့်ကြည့်မယ်ဆိုတဲ့သဘောလို့တော့ယူဆရပါတယ်။

“နောက်တခုက ရွေးကောက်ပွဲ ကျင်းပတဲ့ကာလမှာ မဲပေးတာတွေက တရားဥပဒေနဲ့ ကိုက်ညီခြင်း ရှိမရှိ၊ ဒါတွေ ဥပဒေမှာက ဘယ်လိုပါတယ်၊ ဘယ်လို ပြဋ္ဌာန်းချက်တွေ ရှိတယ် ဆိုတာ ပြည်သူအများ သိဖို့လိုတယ်တဲ့။ အဲဒီတော့ ကိုယ့်အဖွဲ့အစည်း အနေနဲ့ ကိုယ်တတ်နိုင်သမျှ ဒါကို လုပ်ဖို့လိုပါတယ်တဲ့။ ရွေးကောက်ပွဲ ၀င်တဲ့ပါတီတွေက ပိုပြီးတော့တောင် တာဝန်ရှိပါတယ်လို့ အဲဒီလို ပြောပါတယ်။”

ကြိုတင်ဆန္ဒမဲတွေ ကောက်ယူပြီး အာဏာပိုင်တွေဖက်က အတင်းအကျပ် မဲပေးခိုင်းနေတဲ့ ကိစ္စဟာလည်း တရားမျှတမှု မရှိဘူးဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခဲ့တယ်လို့ ဦးဉာဏ်ဝင်းက်ပြောကြားပါတယ်။

“လက်ရှိပြဌာန်းပြီးသား ဥပဒေထဲက တချို့အချက်တွေ၊ ဥပမာအားဖြင့်ဗျာ ကြိုတင်ဆန္ဒမဲ သတင်းတွေက ဖြစ်ဖြစ်နေတယ်။ ကြိုတင်ဆန္ဒမဲနဲ့ မမှန်တာလုပ်တယ်ပေါ့ဗျာ။ ကျနော်တို့ သိပ်တော့မသိပါဘူး။ အဲဒီတော့ ကြိုတင်ဆန္ဒမဲဆိုတောင်မှ အဲဒါက အဲဒီမဲပေးမယ့်ပုဂ္ဂိုလ်က မဲပေးလိုမှ ပေးလို့ရတယ်ဆိုတာ ဥပဒေမှာ တခါတည်းပါတယ်ဗျာ။ အဲဒါတွေကို ပြည်သူတွေ သိဖို့လိုတယ်တဲ့။ ခုနကလို အိမ်လာပြီး မဲပေးလိုက်ပါဆိုပြီး ဒီလို ပြောခွင့်မရှိဘူး။ ဒါမျိုးတွေကို ပြည်သူတွေ သိဖို့လိုတယ်လို့ နမူနာအားဖြင့် ပြောတာပါ။”

အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ တရားမျှတမှု မရှိတဲ့အချက်တွေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေက တရားမျှတမှု မရှိတဲ့ အချက်တွေကို ပြည်သူတွေ သိရှိနိုင်ဖို့ တတ်နိုင်သလောက် ဥပဒေ ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ လိုအပ်တဲ့အကြောင်း၊ အဲဒီလို မသိဘဲနဲ့ မဲဆန္ဒရှင်တွေက မဲပေးရင် အဓိပ္ပာယ်မရှိနိုင်ဘူးလို့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့တုန်းကပဲ ဦးဉာဏ်ဝင်းကတဆင့် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

NLD ကတော့ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့အတွက် တရားဝင် ထုတ်ဖော် ပြောဆို ထားပြီးဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်ညွှန်မှုအောက်မှာလှုပ်ရှားနေရတဲ့ NLD ပါတီအနေနဲ့ ရွေးကောက်ပွဲအား ဆန့်ကျင်ကန့်ကွက်မယ်လို့ကြေညာပေမယ့် ဦးဝင်းတင်ကတော့ သူ့သဘောထားနဲ့ ဘယ်ပါတီကိုသာမဲပေးပါဆိုတာကိုပြောကြားလိုက်ပါတယ်.

ဒီသတင်းကို ဆက်လက်ဖော်ပြပါ့မယ်.........

ရွာဆော်ကြီး

5 September 2010 ဒိုင်ယာရီ

http://www.mediafire.com/file/br4k4y2flf5jnld/5%20September%202010%20yeyintnge%27s%20Diary.doc

http://www.mediafire.com/file/melqe1m134iqdy4/5%20September%202010%20yeyintnge%27s%20Diary.pdf

5 September 2010 Yeyintnge's Diary

ပဲခူးတွင် စစ်သားနှင့် အရပ်သားများရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွားရာ အရပ်သား(၂)ဦးသေဆုံး


အခု ဒီဖြစ်ရပ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့သူတဦးနှင့် မေးမြန်းထားသည်များကိုတင်ပြလိုက်ရပါတယ်။။။။။။။

ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်း မြလမ်း တွင်နေထိုင်သူ လူငယ်(၂)ဦးဖြစ်သော အောင်သူဟိန်းနှင့် စိုးပိုင်ဇော်တို့(၂)ဦးသည် သူငယ်ချင်း(၅)ဦးနှင့်ဂီတာတီးနေစဉ်အရက်သောက်ပြီးမူးယစ်နေသောခမရ(၁၀၁)၊ခလရ(၅၉)တပ်မှအရာရှိနှင့်စစ်သားများနှင့် ရန်ဖြစ်ကြပြီး၊စစ်သားများတပ်စခန်းသို့ဖုန်းဆက်ခေါ်ရာမှ ထို့နောက်ပြန်လာပြီး စစ်သား(၁၀)ယောက်မှ သေနတ်ဖြင့်မြလမ်းထိပ်တွင်ပစ်ခတ်ရာ သေနတ်ဒဏ်ရာဖြင့် အောင်သူဟိန်းက၆ချက်ထိ--စိုးပိုင်ဇော်က၄ချက်ထိပြီးနေရာတွင်ပင်ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းကို သိရှိရသည်။

မနက်ပိုင်းတွင် ပဲခူးမြို့ရှိရင်ခွဲရုံတွင် သေဆုံးသူ(၂)ဦးအားရင်ခွဲစစ်ဆေးပြီး၊မိဘများက အိမ်သို့ပြန်လည်ရယူရန် တောင်းဆိုရာတွင် ပြန်လည်ယူခွင့်မပေးကြောင်းသိရှိရသည်။ရင်ခွဲစစ်ဆေးနေချိန်တွင် နယ်မြေခံထောက်လှမ်းရေးများ၊အရပ်ဝတ်နှင့်ရဲများ၊စစ်သားများ က၀င်ရောက်နေရာယူသဖြင့် ရပ်ကွက်နေပြည်သူများ၊သေဆုံးသူတို့၏မိဘဆွေမျိုးများသည် ရင်တွင်းခံစားချက်ကို ထုတ်ဖော်ပြောနိုင်ခြင်းမရှိကြောင်း မျက်မြင်သက်သေတဦးမှပြောကြားသည်......
ရွာဆော်ကြီး

Pel Khuu News

dawnmanhon

ရွေးကောက်ပွဲဟာ ဒီမိုကရေစီမဟုတ်ပါ


ရွေးကောက်ပွဲဟာ ဒီမိုကရေစီမဟုတ်ပါ
နေသွင်

“သမ္မတသက်တမ်းတလျှောက်မှာ အကြီးမားဆုံး အမှားက ဘာပါလဲ”

အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ်ကို သတင်းထောက်တွေ အကြိမ်ပေါင်းများစွာ ဒီမေးခွန်း မေးခဲ့ဖူးပါတယ်။ သမ္မတကြီး တခါမှ တိတိပပ မဖြေခဲ့ပါဘူး။ အင်တာနက်ပေါ်မှာ လိုက်ဖွရင်း သမ္မတဘုရှ် တိတိပပ မဖြေခဲ့တဲ့ ကြီးမားတဲ့ အမှားတွေကို ၀က်ဆိုက်တခုမှာ သွားတွေ့ပါတယ်။ (၁၀၀) တိတိ စာရင်းလုပ်ထားပါတယ်။ ကပ်သိ ကပ်သပ် စာရင်းပြုစုထားသူတွေကလည်း ခေသူတွေ မဟုတ်ကြပါဘူး။ အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ်က သမ္မတကလင်တန်လက်ထက်က အစိုးရအဖွဲ့ထဲမှာ အမှုထမ်းဖူးတဲ့လူ၊ သမ္မတနဲ့ ဒု-သမ္မတရဲ့အကြံပေး၊ အဖွဲ့ ၀င်တွေကလည်း ပင်တဂွန်မှာ အမှုထမ်းဖူးတဲ့လူတွေ၊ တခြားနယ်ပယ်က အတွေ့အကြုံ၊ အကြားအမြင်များတဲ့ လူတွေချည်းပါ။ အမှား (၁၀၀) ထဲက တ၀က်ကျော်ကတော့ သိတော်မူကြတဲ့အတိုင်း အီရတ်စစ်ပွဲနဲ့ သက်ဆိုင် တာချည်းပါပဲ။

ဒီဆောင်းပါးမှာ အဓိကပြောချင်တာက သမ္မတဘုရှ်ရဲ့ (၁၀၁) ခုမြောက် အမှားကိစ္စဖြစ်ပါတယ်။ ဘယ်သူက ပြောသလဲဆိုရင် အမေရိကန်လက်ရှိသမ္မတ ဘာရတ်အိုဘားမားက ပြောပါတယ်။ ၀ါရှင်တန်ပို့စ်နဲ့ အင်တာဗျူး - ၀ါရှင်တန်ပို့စ်နဲ့ ၁၅ ကြိမ်မြောက် စကားစမြည် (ဇန်န၀ါရီ ၁၉။ ၂၀၀၉) ရက်စွဲနဲ့ပါ။ အရသာပျက်သွားမှာစိုးလို့ အမေးအဖြေကို မူရင်းအတိုင်းပဲ တင်ပြပါရစေ။

ဝါရှင်တန်ပို့စ် ။ ။ လွတ်လပ်မှုနဲ့ ဒီမိုကရေစီမြှင့်တင်ရေးဆိုတာကို အမေရိကန်နိုင်ငံခြားရေးပေါ်လစီမှာ ဘယ်တိုင်းအတာထိ ပါဝင်သင့်ပါသလဲ။ တကယ်လို့ အတိုင်းအတာတခုထိ ထည့်ထားသင့်တယ်လို့ ယူဆရင် လွန်ခဲ့တဲ့ ရှစ်နှစ် (သမ္မတဘုရှ်သက်တမ်း) က လုပ်ဆောင်ခဲ့တာတွေနဲ့ မတူအောင် ဘယ်လိုများ လုပ်ဆောင် မယ်ဆိုတာကို တဆိတ်ပြောပြပါ။

အိုဘားမား ။ ။ လွတ်လပ်မှုနဲ့ ဒီမိုကရေစီမြှင့်တင်ရေးဆိုတာ အမေရိကန်နိုင်ငံခြားရေးပေါ်လစီရဲ့ အဓိက အ စိတ်အပိုင်းဖြစ်ရမှာပေါ့ဗျာ။ အမေရိကန်ကိုယ်နှိုက်က လွတ်လပ်မှုနဲ့ ဒီမိုကရေစီဖြစ်နေတာကိုး။ ... ဒါနဲ့ စကား မစပ်ပြောရရင် သမ္မတဘုရှ်ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ တည်ကြည်တဲ့ ပြောဆိုချက်တွေက တန်ဖိုးရှိပါတယ်။ အင်အားဖြစ်စေပါတယ်။ ဒီအပေါ် ကျနော့်အနေနဲ့ဘာမှ သဘောမတူစရာမရှိပါဘူး။ ဒါပေ မယ့် ပြီးခဲ့တဲ့ (၈) နှစ်အတွင်း အမှားတွေအကြောင်းပြောရင်တော့ ဒီမိုကရေစီဆိုတာကို ရွေးကောက်ပွဲနဲ့ ထပ် တူပြုလိုက်တာကတော့ မှားတယ်လို့ ပြောရမှာပဲ။

“ကမ္ဘာပေါ်က ဘယ်နေရာမှာပဲဖြစ်ဖြစ် ပြည်သူတွေ တင်မြှောက်တဲ့ အာဏာပိုင် ပြည်သူ့အစိုးရဆိုတာကို တိုင်းတာဖို့ စံနှုန်းက တမျိုးတည်းပါ။ အဲဒါကတော့ အာဏာကို အကျပ်ကိုင်တဲ့နည်းနဲ့ မဟုတ်ဘဲ အများသဘောဆန္ဒနဲ့အညီ ရယူထားတာဖြစ်ရမယ်။ လူနည်းစုအခွင့်အရေးကို လေးစားရမယ်။ ပြည်သူရဲ့ အကျိုးစီးပွားကို ကိုယ့်ပါတီရဲ့ အကျိုးစားပွားထက် ဦးစားပေးပြီး တရားနည်းလမ်းကျတဲ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ သည်းခံခြင်းတရား၊ အပေးအယူ အလျှော့အတင်းနဲ့ ပါဝင်ဆောင်ရွက်ရမယ်။ ဒါတွေမရှိဘဲ ရွေးကောက်ပွဲ တခုတည်းရှိရုံနဲ့ ဒီမိုကရေစီဆိုတာ ဖန်တီးလို့ရကောင်းတဲ့ အရာမဟုတ်ပါဘူး”

တကယ်တော့ ရွေးကောက်ပွဲတွေက ဒီမိုကရေစီမဟုတ်ဘူးဗျ။ ခင်ဗျားတို့ ကျနော်တို့ အားလုံးသိတဲ့အတိုင်း ရွေးကောက်ပွဲတွေဟာ လစ်ဘရယ်အော်ဒါ (လစ်ဘရယ်အစီအစဉ်) ထဲက အစိတ်အပိုင်းတခုပဲဖြစ်ပါတယ်။ သမ္မတကြီး ရုစဘဲ့ရဲ့ ၀ိမုတ္တိတရား (၄) ပါးကို ပြန်ကောက်ရရင် လိုအပ်တောင့်တမှုကနေ လွတ်မြောက်ခြင်းနဲ့ အကြောက်တရားက လွတ်မြောက်ခြင်းဆိုတာကို တွေ့လိမ့်မယ်။ နိုင်ငံတော်တော်များများအတွက် ဒီနှစ်ချက် က ထိပ်ဆုံးက မေးရမယ့် မေးခွန်းပဲ။ လူတွေက မလုံခြုံဘူး။ ငတ်ပြတ်နေမယ်ဆိုရင် ရွေးကောက်ပွဲလုပ်ခြင်း၊ မလုပ်ခြင်းက ပြဿနာရဲ့အဖြေ မဟုတ်ဘူးဗျ။

ဥပမာ - မတရားဖမ်းဆီးမှု၊ အဂတိလိုက်စားမှုတွေက ရွေးကောက်ပွဲကိစ္စနဲ့ ဆိုင်ချင်ဆိုင်မယ်။ ဆိုင်ချင်မှလည်း ဆိုင်မယ်။ ဒါကြောင့် နိုင်ငံတော်တော်များများအတွက် ကျနော်တို့ စဉ်းစားရမှာက ဥပမာ - ကျနော့်အဖေရဲ့ ဇာ တိဖြစ်တဲ့ ကင်ညာလိုနိုင်ငံမျိုးအတွက် ကျနော်တို့ အချိန်ပေး စဉ်းစားသင့်တဲ့ကိစ္စက လူတယောက်လမ်းပေါ် မှာ သွားနေတုန်း ရဲက သူ့ကိုတားပြီး အိနြေ္ဒပျက်အောင် မဟားတရားလုပ်တာကို မခံရအောင် ဘယ်လိုလုပ်မ လဲ။ ဒါမှမဟုတ် အလုပ်တခုရဖို့၊ ကိုယ့်အိမ်မှာ ဖုန်းတပ်ဆင်ဖို့ ငွေအများကြီး လာဘ်ထိုးရတဲ့ စနစ်မျိုးမရှိအောင် ဘယ်လိုလုပ်ကြမလဲ။ ဒါမျိုးးကို အဓိကထား စဉ်းစားဖို့ လိုပါတယ်။ ဒါတွေကို လျစ်လျူရှုထားရင် ရွေးကောက်ပွဲ ဟာ ဆိုးကျိုးဖြစ်ရင်ဖြစ်၊ လူတွေမျှော်လင့်တာတွေကို ယူဆောင်ပေးမယ့်အရာ ဖြစ်မှာတော့မဟုတ်ဘူးဗျ။ ခုတ် ရာတခြား၊ ရှရာတခြား ဖြစ်မှာပဲ။

ဒါကတော့ ဒီမိုကရေစီထိတ်ထိတ်ကြဲနိုင်ငံက ရွေးကောက်ပွဲနဲ့တက်လာတဲ့ သမ္မတတယောက်ရဲ့ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲအပေါ် အမြင်ဖြစ်ပါတယ်။ အိုဘားမားက သူ့အရင် သမ္မတ သူ့လောက်မတော်ပါဘူးဆိုတာကို ပြချင်လို့ သက်သက်ညစ်ပြီး အပြစ်ရှာပြောတာလို့ စောဒကတက်မယ်ဆိုရင် အိုဘားမား ကမ္ဘာ့နိုဗယ်ငြိမ်းချမ်း ရေး ဆုရသွားစေတဲ့ အကြောင်းရင်းထဲက တခုဖြစ်တဲ့ ကမ္ဘာကျော် ကိုင်ရိုမိန့်ခွန်းထဲက ရွေးကောက်ပွဲ၊ ဒီမိုက ရေစီနဲ့ဆိုင်တဲ့ မိန့်ခွန်းတပိုဒ်လောက် ကောက်နုတ်ပြပါရစေ။

“ကမ္ဘာပေါ်က ဘယ်နေရာမှာပဲဖြစ်ဖြစ် ပြည်သူတွေ တင်မြှောက်တဲ့ အာဏာပိုင် ပြည်သူ့အစိုးရဆိုတာကို တိုင်း တာဖို့ စံနှုန်းက တမျိုးတည်းပါ။ အဲဒါကတော့ အာဏာကို အကျပ်ကိုင်တဲ့နည်းနဲ့ မဟုတ်ဘဲ အများသဘော ဆန္ဒနဲ့အညီ ရယူထားတာဖြစ်ရမယ်။ လူနည်းစုအခွင့်အရေးကို လေးစားရမယ်။ ပြည်သူရဲ့အကျိုးစီးပွားကို ကိုယ့်ပါတီရဲ့အကျိုးစားပွားထက် ဦးစားပေးပြီး တရားနည်းလမ်းကျတဲ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ သည်းခံခြင်းတ ရား၊ အပေးအယူ အလျှော့အတင်းနဲ့ ပါဝင်ဆောင်ရွက်ရမယ်။ ဒါတွေမရှိဘဲနဲ့ ရွေးကောက်ပွဲတခုတည်းရှိရုံနဲ့ ဒီမို ကရေစီဆိုတာ ဖန်တီးလို့ရကောင်းတဲ့ အရာမဟုတ်ပါဘူး။ (ဇွန် ၄ - ၂၀၀၉)

အိုဘားမားရဲ့ ဒီမိုကရေစီအဓိပ္ပာယ်ဖွင့်ဆိုချက်ပါခင်ဗျာ။ မြန်မာပြည်က အခြေအနေနဲ့ တချက်ချင်း နှိုင်းယှဉ် စဉ်းစား ချိန်ဆနိုင်ပါတယ်။ ပညာရှင်တွေ ထောက်ပြတဲ့ အချက် (၃) ချက်နဲ့ အတွေးနယ်ချဲ့မယ်ဆိုရင် “စစ်မှန် သော ဒီမိုကရေစီစနစ်မှာ ရွေးကောက်မတိုင်ခင်နဲ့ ရွေးကောက်ပွဲရဲ့ ဟိုမှာဘက်မှာ (၁) လူတိုင်းတန်းတူ ရည် တူရှိသော တရားဥပဒေစိုးမိုးမှု၊ အစိုးရကို ထိန်းကျောင်းနိုင်သော (၂) နိုင်ငံရေးအဖွဲ့အစည်းမျာ (၃) လူထုအ ခြေပြု အဖွဲ့အစည်းများ အားကောင်းမှု၊ (၄) လွတ်လပ်သော မီဒီယာတို့ လိုအပ်ပါသတဲ့။ အခုရွေးကောက်ပွဲအ ကြို ကျနော်တို့နိုင်ငံမှာ ဘယ်တချက်နဲ့ သွားငြိနေသလဲ အချိန်ရရင် ခဏလေး စဉ်းစားကြည့်ဖို့ တိုက်တွန်းပါ တယ်။

နေသွင်
(စက်တင်ဘာ ၁၊ ၂၀၁၀)

http://drlunswe.blogspot.com/2010/09/blog-post_3114.html

နှုတ်မိန့်

http://www.mediafire.com/file/z6r35jtc06ztqh5/order.pdf

http://www.cpburma.org/Articles/order.pdf

Order