Tuesday, September 7, 2010

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်အရေးပေါ်ထုတ်ပြန်ကြေငြာချက်

FBF Statement for Zaing Ga Naing

ရန်ကုန်မှပေးစာ

အမှတ်-၂ မြောက်ဥက္ကလာပဆေးရုံကြီးတွင် အိမ်သာများအနံ့အသက်ဆိုးရွားနေ။ အိမ်သာများကို လှေကားနားတွင် ဆောက်ထား ခြင်းသန်.ရှင်းရေးမလုပ်ကြခြင်း ကြောင့် လူနာဆောင်များ ထဲရှိ လူနာများ အနံ့ဆိုး များ ဒဏ်ကိုခံစားနေကြရ။ဆေးရုံအပေါက်စောင့်များကလည်းဝင်ကြေးပိုက်ဆံပေးမှလူနာစောင့်များအားလူနာဆောင်များ
အတွင်းသို့ဝင်ခွင့်ပြုပါသည်။

သိုးကလေး

SYCB Statement on Pegu Youth Affair

http://ifile.it/cjy78o4/SYCB%20Statement%20on%20Pegu%20Youth%20Affair.pdf
SYCB Statement on Pegu Youth Affair

ရွှေဝါရောင်ဦးဇင်းကနေဒါ၊တိုရန်တိုတွင်တရားဟောမည်။

http://ifile.it/9lidf48/burma%20final.pdf
https://docs.google.com/viewer?a=v&pid=gmail&attid=0.1&thid=12aedbc00a57463d&mt=application/pdf&url=https://mail.google.com/mail/?ui%3D2%26ik%3Dead8f986c4%26view%3Datt%26th%3D12aedbc00a57463d%26attid%3D0.1%26disp%3Dattd%26zw&sig=AHIEtbQRntAUzUApCp5rZ0VN84FFQDBQmQ
Burma Final

7 September 2010 ဒိုင်ယာရီ

http://ifile.it/upt1whm/7%20September%202010%20yeyintnge_s%20Diary.doc
7 September 2010 Yeyintnge's Diary

စစ်တပ်က လူငယ်နှစ်ဦးကို သတ်ဖြတ်မှု ကုလသမဂ္ဂသို့ ကင်တားနားအစီရင်ခံမည်


စစ်တပ်က လူငယ်နှစ်ဦးကို သတ်ဖြတ်မှု ကုလသမဂ္ဂသို့ ကင်တားနားအစီရင်ခံမည်

2010-09-07

ပဲခူးမြို့မှာ အရပ်သားလူငယ်နှစ်ဦးကို စစ်တပ်က ပစ်ခတ် သတ်ဖြတ်လိုက်တဲ့ လုပ်ရပ်ဟာ မြန်မာစစ်တပ်ရဲ့ လူ့ အခွင့်အရေး ထပ်မံ ချိုးဖောက်မှုတခုပဲလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် ကင်တားနားက ဒီကနေ့ စက်တင်ဘာ ၇ ရက်မှာ RFA ကို ပြောကြားပါတယ်။

(Photo: AAPP)

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် ကင်တားနား (အလယ်) ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း ပြခန်းသို့ ၂၀၀၉ ခုနှစ်က သွားရောက်လေ့လာစဉ် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AAPP)

မြန်မာစစ်တပ်က အခုလို အင်အားသုံးပြီး ပစ်ခတ် သတ်ဖြတ်ခဲ့တာ မှန်ကန်တယ်ဆိုရင် လူ့အခွင့်အရေး ချိုးဖောက် ကျုးလွန်မှုတခု ဖြစ်တယ်လို့ ပြောသွားပါတယ်။ ဒါ့ပြင် မစ္စတာ ကင်တားနားက သူ့အနေနဲ့ ပဲခူးမြို့က လူငယ်နှစ်ဦး ပစ်သတ်ခံရမှုကို အသေးစိတ် အချက်အလက် စုဆောင်း ရယူနေဆဲ ဖြစ်ပြီး၊ ဒီကိစ္စကို နယူးယောက်မြို့ ကုလသမဂရုံးချုပ်မှာ လာမဲ့ အောက်တိုဘာအတွင်း ကျင်းပမဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မလွဲမသွေ အစီရင်ခံ တင်ပြဖို့ရှိတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် ကင်တားနားဟာ ပြီးခဲ့တဲ့ သြဂုတ်လက မြန်မာနိုင်ငံကို သွားရောက်ဖို့ တောင်းဆိုခဲ့ပေမဲ့ စစ်အစိုးရက ခုချိန်ထိ ခွင့်မပြုသေးဘူးလို့ သိရပါတယ်။ သူဟာ မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ကုလသမဂက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေး ဆောင်ရွက်သင့်ကြောင်း အစီရင်ခံစာ ထုတ်ပြန် အဆိုပြုထားပါတယ်။ မစ္စတာ ကင်တားနားရဲ့ အဆိုပြုချက်ကို အမေရိကန်၊ သြစတြေးလျား၊ ချက်ပြည်သူ့သမတနိုင်ငံ စတဲ့ နိုင်ငံတွေက ထောက်ခံထားပါတယ်။

ပဲခူုးမြို့မှာ စစ်တပ်က ပစ်ခတ်ခဲ့လို အရပ်သားလူငယ်နှစ်ဦး သေဆုံးရမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ တရားဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သင့်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးဝင်းတင်က ပြောပါတယ်။ ဒီလို မတရားမှုတွေကနေ လူထုအုံကြွမှုတွေ ဖြစ်ပေါ်လာနိုင်တယ် ဆိုတာကို တိုင်းပြည်ကို အုပ်ချုပ်နေတဲ့သူတွေ စစ်ခေါင်းဆောင်တွေ သိဖို့ လိုအပ်တယ်လို့ ဦးဝင်းတင်က ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းကလည်း တိုင်းပြည်ကို ကာကွယ် စောင့်ရှောက်ဖို့ တာဝန်ရှိတဲ့ တပ်မတော်သားတွေအနေနဲ့ အခုလို အပြစ်မဲ့ ပြည်သူနှစ်ဦးကို ရက်ရက်စက်စက် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥပဒေကြောင်းအရ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီ မြန်မာပြည်ရဲ့ ဥက္ကဋ္ဌ ဦးသုဝေက ဒီဖြစ်ရပ်အပေါ် သက်ဆိုင်ရာက ထိုက်သင့်သလို အရေးယူ ဆောင်ရွက်စေလိုကြောင်းနဲ့ ဒီကိစ္စကြောင့် စစ်အစိုးရ ကျင်းပမဲ့ ရွေးကောက်ပွဲကို ထိခိုက်လာနိုင်ကြောင်း ပြောဆိုပါတယ်။

ပြည်သူုတွေ ရှေ့မှောက်မှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ဟာ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေကို ခြောက်လှန့်သလို ဖြစ်နေတယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ BLC ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးက ပြောပါတယ်။

ပြစ်မှုကျူးလွန်သူတဲ့ စစ်ဗိုလ်စစ်သားတွေကို အရေးယူအပြစ်ပေးဖို့ ကာကွယ်ရေးဦးစီးချုပ်မှာ အဓိက တာဝန်ရှိကြောင်းနဲ့ ပြစ်မှု ကျူးလွန်သူတွေကို ပြစ်ဒဏ်စီရင်ရာမှာလည်း နစ်နာသူ မိသားစုတွေရဲ့ ရှေ့မှောက်မှာ ပြစ်ဒဏ်စီရင်ခြင်းမျိုး ဖြစ်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ က သုံးသပ်ချက် ထုတ်ပြန်ပါတယ်။

မှုခင်းဖြစ်ပွားတဲ့ ပဲခူးမြို့နယ်ဟာ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) က ပါတီဥက္ကဋ္ဌ ဖြစ်သူ ဦးသိန်းဌေး ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ယှဉ်ပြိုင်မဲ့ မဲဆန္ဒနယ်ဖြစ်လို့ ဒီဖြစ်ရပ်အပေါ် တာဝန်ရှိသူတွေက စုံစမ်းဖော်ထုတ်ပေးဖို့၊ တရားဥပဒေ စိုးမိုးရေးနဲ့ နယ်မြေ အေးချမ်းရေးအတွက် လက်ရှိ အာဏာယူထားတဲ့ ကြံ့ခိုင်ရေးပါတီက ခေါင်းဆောင်ပိုင်းအနေနဲ့ ပူးပေါင်း ဖြေရှင်းပေးဖို့ ယူဒီပီ ပါတီ အလုပ်အမှုဆောင်အဖွဲ့ကလည်း မနေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုပါတယ်။

ပဲခူးမှ လူငယ်နှစ်ဦး ပစ်သတ်ခံရမှု
အသံဖိုင်ယူရန်
http://www.rfa.org/burmese/news/quintana_condemns_killing_of_youths-09072010133431.html

ကုမ္ပဏီပိုင်ရှင်စောချစ်သူ၏ ချစ်သူမြိုင်စံအိမ်


ဗိုလ်မှူးကြီးချစ်သူ ကုမ္ပဏီပိုင်ရှင်အနေဖြင့်သာ ဆက်လက်ရပ်တည်သွားဖွယ်ရှိ

Submitted by Karen Information Center on Tuesday, 7 September 2010No Comment
စက်တင်ဘာလ ၇ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)က နယ်ခြားစောင့်တပ်အဖြစ်သို့ သြဂုတ်လအတွင်း အသွင်ပြောင်းလဲခဲ့ပြီးနောက်ပိုင်း ယခင် (၉၉၉)တပ်မဟာမှ ဗျူဟာမှူးဖြစ်သူ ဗိုလ်မှူးကြီးစောချစ်သူသည် စီးပွားရေးလုပ်ငန်း ကုမ္ပဏီပိုင်ရှင်တဦးအနေဖြင့်သာ ဆက်လက် ရပ်တည်တော့မည်ဖြစ်ကြောင်း ဝေဖန်ပြောဆိုနေကြသည်။

နယ်ခြားစောင့်တပ်နှင့် နီးစပ်သူတဦးက “ဗိုလ်ချစ်သူက နယ်ခြားစောင့်တပ်လည်း မလုပ်ဘူး။ သူက ကုမ္ပဏီပိုင်ရှင်လိုလို လုပ် နေတယ်။ အခုဆို ကမ်းနားမှာရှိတဲ့ ကိုးသုံးလုံးဂိတ်ဟာ ကုမ္ပဏီဂိတ်ပုံစံမျိုးနဲ့ ပြောင်းသွားပြီ။ ဒီကုမ္ပဏီက ဗိုလ်ချစ်သူနဲ့ ဆက် စပ်တယ်လေ။”ဟု ကေအိုင်စီကို ပြောသည်။

အဆိုပါ ကုမ္ပဏီကို “ချစ်လင်းမြိုင်ကုမ္ပဏီ”ဟု အမည်ပေးထားပြီး မည်သည့်ကုမ္ပဏီ အမျိုးအစားဖြစ်သည်ကိုမူ အတိအကျ မသိရှိရသေးပေ။

သို့သော် လာမည့် ရွေးကောက်ပွဲလွန်ကာလတွင် ဥပဒေဘောင်အတွင်းမှ လုပ်ကိုင်နိုင်ရန်အတွက် ကြိုတင်စီစဉ်ကာ တည် ထောင်ထားခြင်းဖြစ်နိုင်သည်ဟု ဝေဖန်နေသူများရှိသလို ယင်းကုမ္ပဏီသည် နယ်ခြားစောင့်တပ် အမည်ခံထားသည့် ကုမ္ပဏီ တခုဖြစ်သောကြောင့် ဗိုလ်ချစ်သူအနေဖြင့် ၎င်း၏ တပ်မှူးတပ်သားများကို စွန့်လွှတ်လိမ့်မည် မဟုတ်ကြောင်း သုံးသပ်မှုများ ရှိ သည်။

နယ်ခြားစောင့်တပ်ကို လက်မခံသည့် ဒီကေဘီအေ တပ်မဟာ(၅)မှ တပ်မှူးတဦးက “ကုမ္ပဏီပိုင်ရှင်တစ်ဦးအနေနဲ့ ရပ်တည် သွားမယ်ဆိုပေမယ့် သူ့လူတွေကိုတော့ ချန်ထားမယ် မထင်ပါဘူး။ သူ့လူမျိုးတွေကိုလည်း လုံးဝ ချန်ထားလို့မရပါဘူး။ သူ့ တပည့်တွေကို ကွပ်ကဲလမ်းညွှန်မှုတွေ လုပ်ဆောင်သွားအုံးမှာပါ။”ဟု သုံးသပ်ပြောဆိုသည်။

ဗိုလ်ချစ်သူသည် ယမန်နှစ် စက်တင်ဘာလက ကေအဲန်ယူ ဖာပွန်ခရိုင်အတွင်း ရွှေတူးဖော်ရေးလုပ်ငန်း သွားရောက်လုပ်ကိုင် ရာတွင်လည်း ‘ချစ်လင်းမြိုင်’ကုမ္ပဏီအမည်ဖြင့်ပင် လုပ်ကိုင်ခဲ့ပြီး ကေအဲန်ယူမှ ဗိုလ်မှူးချုပ်စောဘောကျော်ဟဲ ဦးဆောင်သည့် တပ်မဟာ(၅)တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ၎င်းနောက် ယခုနှစ် သြဂုတ်လမှစ၍ ရွှေတူးဖော်ရေးကို ပြန်လည် စတင် လုပ်ကိုင်ခဲ့ရာ ရာနှင့်ချီသည့် ဒေသခံ ရွာသားများ နေရပ်စွန့်ခွာခဲ့ရသည်ဟု သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၀ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ မဲပလဲ့ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည့် ဒီကေဘီအေ တပ်မဟာ (၉၉၉)မှ နယ်ခြားစောင့်တပ် တပ်ဖွင့်ပွဲတွင် ဗိုလ်ချစ်သူသည် နယ်ခြားစောင့်အဖြစ် ပါဝင်ခြင်းမရှိဘဲ နဂို ဒီကေဘီအေ ပြောက် ကျားဝတ်စုံဖြင့်သာ အခမ်းအနားကို တက်ရောက်ခဲ့သည်။

စောချစ်သူ၏ ချစ်သူမြိုင်စံအိမ် (ဓါတ်ပုံ - KIC)

ဒီကေဘီအေ ခေါင်းဆောင်များထဲမှ နယ်ခြားစောင့်တပ်တွင် မပါဝင်ဘဲ အကြံပေးအရာရှိ ၇ဦးထဲ၌ ပါဝင်သူများမှာ (၁)စောသာ ထူးကျော်၊ (၂)စောကျော်သန်း၊ (၃)စောထွန်းလှိုင်၊ (၄)စောဖားနွီး၊ (၅)စောမောင်ကြည်၊ (၆)စောပြားပြားနှင့် (၇)စောချစ်သူတို့ ဖြစ်ကြောင်း သိရသည်။

စောချစ်သူသည် ပြီးခဲ့သည့် ၂၀၀၉ခုနှစ် ဇွန်လဆန်းပိုင်းတုန်းက ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေကို ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ ရာတွင် ကြီးကြပ်ဦးဆောင်သူတစ်ဦးဖြစ်ပြီး ၎င်းထိုးစစ်ဆင်မှုကြောင့် ဒီကေဘီအေ တပ်မှူးတပ်သား(၂၀၀)ကျော် ထိခိုက်သေ ဆုံးခဲ့သလို ပိုင်ကျုံနှင့် လှိုင်းဘွဲမြို့နယ်မှ ဒေသခံ ကရင်ပြည်သူ ၄,၀၀၀ကျော် ထိုင်းနိုင်ငံသို့ ၁နှစ်ကျော်ကြာ ထွက်ပြေးခိုလှုံခဲ့ရ သည်။

ပြီးခဲ့သည့် မတ်လ ၂၄ရက်နေ့က ဗိုလ်ချစ်သူသည် ၎င်း၏ ‘ချစ်သူမြိုင်’ စံအိမ်တော်ကြီးကို ငွေကျပ်သန်း ၁၀၀ကျော် အကုန်အ ကျခံကာ ဆောက်လုပ်ပြီးစီးခဲ့ပြီး အိမ်သစ်တက်မင်္ဂလာပွဲကို ပွဲလမ်းသဘင်များဖြင့် သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဒီကေဘီအေ တပ်ဖွဲ့တွင် ငွေကြေးဥစ္စာအပြင် လူအင်အား၊ လက်နက်အင်အား အတောင့်တင်းဆုံး ခေါင်းဆောင်တစ်ဦးအဖြစ် လူသိများခဲ့သူ ဗိုလ်မှူးကြီးစောချစ်သူသည် ကေအဲန်ယူတွင် တာဝန်ထမ်းဆောင်စဉ်က ကေအဲန်အယ်လ်အေ တပ်မဟာ(၇) ဗိုလ်မှူးချုပ်စောထင်မောင်၏ အထူးတပ်ဖွဲ့မှ တပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦး ဖြစ်သည်။

http://www.kicnews.org/?p=3661

အလုပ်လုပ်ရင်း ဓါတ်ကြိုးနှင့်ငြိပြီးဓါတ်လိုက်သေဆုံး


E-mail Print

စက်တင်ဘာ(၃)ရက် နေ့က နေ့လည် ၂ နာရီ ကျော်မှာ မူစယ်မြို့ဈေးရပ်ကွက်က ပြုပြင်ဆဲ အိမ်တစ်လံုးမှာ အလုပ်သမား တစ်ယောက်ဓါတ်လိုက် လို့ ပွဲချင်းပြီးသေဆုံးသွားပါတယ်။ ဈေးရပ်ကွက်ဇရပ်အနီးကပြုပြင် နေတဲ့အိမ်ပေါ်မှာ အလုပ်လုပ်ရင်း ဓါတ်ကြိုးနဲ့ငြိပြီးဓါတ်လိုက်သေဆုံးရတာပါ သတင်းအစီအစဉ်မှာထည့်ပေးပါ။

http://www.mongloi.org/burmese/

တိုက်ပွဲရှိ တဲ့ နေရာ ကို လာကြဖို့ အားလုံး ကို ဖိတ်ခေါ်ပါတယ်

ပဲခူး ကနေ စတွန်း လှန် မယ် ။ပဲခူးမှာ တိုက်ပွဲ တွေ စတော့ မယ် ။တိုက်ပွဲရှိ တဲ့ နေရာကို အား
လုံး လာကြဖို့ ဖိတ်ခေါ် ပါတယ်။တိုက်ပွဲ က အား လုံး ကိုဖိတ်ခေါ် တယ်။ဒီနေရာ ကနေ စစ်အာ
ဏာရှင် စနစ် အဆုံးသတ်စို့ ….

ကိုအောင်မော်ဝင်း ၊ ဦးဇင်း ကောမလ
ပဲခူးမြို့  ၁၉၉၈ ၊ ၁၉၉၉ ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင်ဟောင်း များ ၏ ပန်ကြားချက်


မြန်မာစစ်အစိုးရအပေါ် ကော်မရှင်ဖွဲ့ စုံစမ်းရေး ဟန်ဂေရီ ထောက်ခံ


မြန်မာစစ်အစိုးရအပေါ် ကော်မရှင်ဖွဲ့ စုံစမ်းရေး ဟန်ဂေရီ ထောက်ခံ

မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂကနေ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ အဆိုပြုချက်ကို ထောက်ခံနေတဲ့ နိုင်ငံတွေထဲမှာ ဥရောပနိုင်ငံ တခုဖြစ်တဲ့ ဟန်ဂေရီနိုင်ငံကလည်း ပါဝင်လာပြီ ဖြစ်ပါတယ်။ အခုလို လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ အဆိုပြုချက်ကို ဟန်ဂေရီနိုင်ငံက ပါဝင် ထောက်ခံလာတဲ့အပေါ် မြန်မာ့အရေး ဥရောပ လွှတ်တော်အမတ်များအဖွဲ့ (EPCB) အပါအ၀င် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ နိုင်ငံရေး အင်အားစုတွေက ကြိုဆိုခဲ့ကြပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မြန်မာပြည်မှာ အရပ်သား ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေနဲ့ စစ်ရာဇ၀တ်မှု ကျူးလွန်တာတွေ ရှိမရှိ ဆိုတာကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့ပြီး စစ်ဆေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ရဲ့ အဆိုပြုချက်ကို နိုင်ငံ တော်တော်များများက ထောက်ခံလာနေတာမှာ အခုနောက်ဆုံး EU ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတခုဖြစ်တဲ့ ဟန်ဂေရီနိုင်ငံကလည်း ပါဝင်လာပြီ ဖြစ်ပါတယ်။ ဟန်ဂေရီဟာ ဒီအဆိုပြုချက်ကို ထောက်ခံခဲ့ကြတဲ့ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ စလိုဗက်ကီးယား၊ ချက်သမ္မတနိုင်ငံ၊ ကနေဒါတို့ပြီးရင် နောက်ဆုံး ထောက်ခံခဲ့တဲ့ ၇ ခုမြောက်နိုင်ငံ ဖြစ်ပါတယ်။

ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီး ယေနာ မာတိုနီ။
AP
ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီး ယေနာ မာတိုနီ။ ဇူလိုင် ၁၃၊ ၂၀၁၀။

မြန်မာ့အရေး ဥရောပ လွှတ်တော်အမတ်များအဖွဲ့ (EPCB) ကို ပေးပို့ခဲ့တဲ့ စာထဲမှာ ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီးက လက်ရှိ အခြေအနေတွေကို ကော်မရှင်က အောင်အောင်မြင်မြင် စုံစမ်းစစ်ဆေးနိုင်လိမ့်မယ်၊ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် ဒီကော်မရှင်က အထောက်အကူ ဖြစ်စေလိမ့်မယ်လို့လည်း ဟန်ဂေရီနိုင်ငံက ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။ အခုလို မစ္စတာ ကင်တားနားရဲ့ အဆိုပြုချက်ကို ထောက်ခံတဲ့ နိုင်ငံတွေထဲမှာ ဟန်ဂေရီနိုင်ငံက ပါဝင်လာတဲ့အပေါ် မြန်မာ့အရေး ဥရောပ လွှတ်တော်အမတ်များအဖွဲ့ (EPCB) အဖွဲ့က ကြိုဆိုခဲ့ပါတယ်။

“မြန်မာစစ်အစိုးရက လူသားမျိုးနွယ်စုအပေါ် စစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခြင်း ရှိမရှိ ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ အဆိုကို ဟန်ဂေရီက အခုလို လူသိရှင်ကြား ကြေညာလိုက်တဲ့အပေါ် ကျမတို့ ကြိုဆိုပါတယ်။ အခု လိုအပ်နေတာကတော့ EU ဥရောပသမဂ္ဂ တခုလုံးက ထောက်ခံ အားပေးဖို့ပါပဲ။ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူးက မတ်လကနေ အခုလို စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ တင်ပြခဲ့တာ ဖြစ်ပါတယ်။

“စနစ်တကျအပြင် ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်တဲ့ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု၊ ကလေးစစ်သား အသုံးပြုမှုနဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စသဖြင့်တို့ကို မြန်မာစစ်အစိုးရက ကျူးလွန်ခဲ့တာတွေကို ကုလသမဂ္ဂက မှတ်တမ်းတင်ထားတာတွေ ရှိပါတယ်။”

EPCB အဖွဲ့ တာဝန်ရှိသူ မစ်စ် အန်နာ ရောဘတ်စ် (Ms Anna Roberts) ပြောပြသွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် အခုလို မစ္စတာ ကင်တားနားရဲ့ အဆိုပြုချက်ကို ထောက်ခံလာကြတဲ့ နိုင်ငံတွေ တိုးလာနေပေမဲ့လို့ EU ဥရောပသမဂ္ဂ တခုလုံး အနေနဲ့ ထောက်ခံဖို့ကို အခုထိ နှုတ်ဆိတ်နေတဲ့ အပေါ်မှာ EU တခုလုံးအနေနဲ့ အဲဒီလို နှုတ်ဆိတ်နေတာကို ရပ်တန့်ပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ထဲမှာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းရေး ကိစ္စကို ထည့်သွင်းဖို့အတွက် ပြောဆိုသင့်ပါတယ်လို့ EPCB အဖွဲ့ရဲ့ အလုပ်အမှုဆောင် ကော်မတီဝင် ဆေးလ်ဗား မေကာ (Silver Meikar) က ပြောဆိုခဲ့ပါတယ်။

အလားတူပဲ ဟန်ဂေရီနိုင်ငံရဲ့ ပါဝင်ထောက်ခံလာမှုကို မြန်မာ့အတိုက်အခံ နိုင်ငံရေး ပါတီကြီးတခုဖြစ်တဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ကြိုဆိုလိုက်ပါတယ်။

“ဟုတ်ကဲ့၊ ဒီဥစ္စာက Commission of Enquiry လေ။ Commission of Enquiry ဆိုတာ လူ့အခွင့်အရေး ချိုးဖောက်နေတာ ဟုတ်သလား၊ မဟုတ်ဘူးလားလို့ Enquiry လုပ်တာပဲ။ ဒီလို Enquiry လုပ်တာကို အန်ကယ်တို့ ဘာမှ ကန့်ကွက်စရာ မရှိဘူး။ ဒီ Enquiry ရဲ့ အဖြေက ချိုးဖောက်နေတာ ရှိရင်လည်း ဖြစ်မယ်၊ မရှိဘူးရင်လည်း ဖြစ်မယ်။ Enquiry လုပ်တာ ဘာမှ မှားယွင်းစရာ မရှိဘူး။ အခုလို ထောက်ခံတဲ့ နိုင်ငံတွေ ရှိလာတာကိုလည်း အန်ကယ်တို့ ကြိုဆိုတယ်။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) တို့ကလည်း ကြိုဆိုခဲ့ကြပြီး ဟန်ဂေရီနိုင်ငံလိုပဲ တခြားနိုင်ငံတွေ အနေနဲ့လည်း ပါဝင်ထောက်ခံလာဖို့ကို တောင်းဆိုတဲ့အကြောင်း ဗကသ ပြောခွင့်ရသူ ကိုဇာနည်က ပြောဆိုခဲ့ပါတယ်။

“ကျနော်က အများကြီး ၀မ်းသာပါတယ်၊ ကြိုလည်း ကြိုဆိုပါတယ်၊ လေးလည်း လေးစားပါတယ်။ အဲဒီနိုင်ငံတွေက ကျနော်တို့ကို လူသားချင်း စာနာတဲ့ အနေနဲ့၊ ကျနော်တို့နိုင်ငံက ပြည်သူတွေကို စာနာထောက်ထားတဲ့ အနေနဲ့ တခြား ကမ္ဘာတ၀န်းမှာ ဖြစ်ထွန်းနေတဲ့ လူ့အခွင့်အရေးကို ကျနော်တို့နိုင်ငံသားတွေ ရစေချင်တဲ့၊ ဖြစ်စေချင်တဲ့ ပုံစံမျိုးနဲ့ လုပ်တဲ့အပေါ်မှာ ကျနော်တို့ အနေနဲ့ အရမ်းကို ၀မ်းမြောက်ပါတယ်၊ ဂုဏ်လည်းယူပါတယ်၊ ကျေလည်း ကျေနပ်ပါတယ်။ အလားတူ ဟန်ဂေရီလို နိုင်ငံမျိုးတွေ အများကြီး ဖြစ်ထွန်းလာပါစေ။ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ ပါဝင်လာနိုင်ပါစေလို့ ဆုတောင်းပါတယ်၊ တောင်းလည်း တောင်းဆိုပါတယ်။”

ဗကသ ပြောခွင့်ရသူ ကိုဇာနည် ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂကနေ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ အဆိုပြုချက်ကို ဟန်ဂေရီနိုင်ငံက ပါဝင် ထောက်ခံလာတဲ့အပေါ် EPCB အပါအ၀င် NLD နဲ့ နိုင်ငံရေး အင်အားစု အဖွဲ့တွေက ကြိုဆိုတဲ့အကြောင်း ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

http://www.voanews.com/burmese/news/myanmar-humanright-enquiry-hungary-102286404.html

ဂန္ဓာလရာဇ်သွား ဗိုလ်သန်းရွှေ


ဂန္ဓာလရာဇ်သွား ဗိုလ်သန်းရွှေ

ရဲဘော်ဖိုးသံချောင်း / ၀၇ စက်တင်ဘာ ၂၀၁၀


ဗိုလ်သန်းရွှေတယောက် ကုလားပြည်သွားပြီးနောက် တရုတ်ပြည်ဆီကိုကူးပြန်ပြီ။ (၇၀) ကျော်၊ (၈၀) နီးပါးကြီး တယ်လဲ ခရီးထွက်လှပါကလား။ ပုံမှန်အခြေအနေဆိုရင်တော့ ကုလားပြည်နဲ့တရုတ်ပြည် ဆိုတဲ့ နိုင်ငံကြီးနှစ်ခုအကြား တည်ရှိနေပြီး အဲဒီအချက်ကို အခွင့်ကောင်းယူ လှုပ်ရှားလုပ်ကိုင်နေသူမို့ ဒီလိုကူးလားသန်းလားလုပ်တာဟာ မဆန်းဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ပြောစရာဖြစ်နေတာက အချိန်ကာလပါ။ ရွေးကောက်ပွဲနဲ့ ဒါလောက်နီးနေတဲ့အချိန်ကျမှ သွားတာဖြစ်နေတော့ သံသယဖြစ်မှုတွေ အများကြီး ပေါ်ထွက်တော့တာပါပဲ။ လျှို့ဝှက်လုပ်ကိုင်တာ၊ နိုင်ငံတကာနဲ့ ကိုယ့်ပြည်သူလူထုကို အမှန် အတိုင်းမပြောဘဲ စဉ်းစားခိုင်းထားရတာအပေါ်မှာ အကျေနပ်ကြီးကျေနပ်လေ့ရှိတဲ့ နအဖဗိုလ်ချုပ်တွေရဲ့ လုပ်နည်း လုပ်ဟန်အတိုင်းမို့ သို့လော-သို့လောတွေ အပုံအပင်ဖြစ်နေတာ တွေ့ရပါတယ်။

ဒီခရီးမှာ သူတို့ဟာ တရုတ်ခေါင်းဆောင်တွေကို သူတို့ရဲ့ ရွေးကောက်ပွဲအကြောင်း ထုံးစံအတိုင်း ဗာရာဏသီချဲ့ပြီး ရှင်းပြမှာသေချာပါတယ်။ ဒါပေမယ့် တရုတ်ခေါင်းဆောင်တွေဟာ ဗိုလ်သန်ရွှေ ရှင်းမပြလည်း ဒီရွေးကောက်ပွဲကို ဆန့်ကျင်မှာ မဟုတ်ဘူးဆိုတာကိုလည်း နအဖခေါင်းဆောင်တွေက သိပြီးသားဖြစ်ပါတယ်။ တခါတရံတော့ သံသမန်လုပ်ငန်းဆိုတာဟာ ဟန်ဆောင်တာတွေချည်းပါလားလို့တောင် ထင်စရာဖြစ်စေပါတယ်။ ဘာပဲပြောပြော ဗိုလ်သန်းရွှေ အခုလိုသွားလိုက်တော့ ဟိုခေါင်းဆောင်တွေရဲ့ ပါးစပ်ကပြောတာကို နားနဲ့ဆက်ဆက်ကြားရတယ်ဖြစ်မှာပေါ့။ ဟိုလူကြီးတွေအဖို့တော့ ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဘာမှမပြောဘဲ မသိလိုက်မသိဘာသာ နေလိုက်မယ်ဆိုတာမျိုး လုပ်လို့မရတော့ဘူး ဖြစ်သွားမှာ သေချာပါတယ်။

ဒီခရီးစဉ်မှာ ဗိုလ်သန်းရွှေအနေနဲ့ တရုတ်ခေါင်းဆောင်တွေကို “ခင်ဗျားတို့စောင့်ကြည့်ပါ၊ ကြံ့ဖွံ့ပဲနိုင်မှာပါ” လို့ ပြောမပြော သိချင်စရာတော့ ကောင်းပါတယ်။ စကားပြောရင်း လေရလာ၊ အရှိန်ရလာရင်တော့ ပြောထွက်သွားနိုင်ပါတယ်။ ဘာပဲပြောပြော ဗိုလ်သန်းရွှေတို့က ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ သူ့ရဲ့ခရီးစဉ်ဟာ နောက်တက်မယ့် အစိုးရအတွက် တင်ကြိုပြီး ရွှေလမ်းဖောက်တဲ့ အဓိပ္ပာယ်တော့ မုချဖြစ်မှာပါ။ စဉ်းစားရမှာက “ကျနော်တို့မရှိလည်း နောက်တက်မယ့် ကျနော့်လူတွေကိုလည်း ကျနော့်လိုပဲ သဘောထား အားပေးပါ” လို့ ပြောမလား၊ နောင်မှာ “ကျနော်တို့ကို တောင်ရှည်ပုဆိုးနဲ့ တွေ့ရင်လည်း အခုယူနီဖောင်းဝတ်ထားသလိုပဲ ဆက်ဆံပါ၊ အားပေးပါ” လို့ ပြောလေမလား ဆိုတဲ့အချက်ပါ။ ဒါကြောင့်မို့ ဒီတခေါက် ဗိုလ်သန်းရွှေရဲ့ခရီးစဉ်မှာ ခေါ်သွားသူတွေထဲမှာ နောက်တက်မယ့်အစိုးရရဲ့ ထိပ်သီးတွေပါနိုင်တယ်လို့ အကဲခတ်တွေက တွက်ပြီး စောင့်ကြည့်နေကြပါတယ်။ ဗိုလ်နေ၀င်း၊ ဗိုလ်အောင်ကြီးတို့ကအစ မြန်မာပြည်က စစ်အုပ်စုအဆက်ဆက်ရဲ့ သဘောကို လက်ဖ၀ါးပေါ်တင်ကြည့်သလို သဘောပေါက်နေတဲ့ တရုတ်ခေါင်းဆောင်တွေကတော့ ပြုံးပဲနေလိမ့်မယ်လို့ ယူဆရပါတယ်။

ဗိုလ်သန်းရွှေတို့ဟာ အခုလိုအခြေအနေမှာ အမေရိကန်ရဲ့ထောက်ခံမှုကို အသေအလဲလိုချင်နေတာဖြစ်ပေမယ့် သူတို့ဟာ တရုတ်ဆိုတဲ့ ညာဘက်လက်ထဲက ကိုင်းကို တခဏမှ လက်မလွှတ်ပါကြောင်း၊ အမေရိကန်နဲ့တရုတ်တို့အကြားမှာ ခလောက်ဆန်လိုစိတ်၊ ကစားလိုစိတ်မရှိကြောင်း သိအောင် တရုတ်ခေါင်းဆောင်တွေ သိအောင် တနည်းနည်းနဲ့ပြောမယ်လို့ ယူဆရပါတယ်။ အလားတူပဲ ဗိုလ်သန်းရွှေတို့ဟာ ကုလားနဲ့တရုတ်အကြား အောင်သွယ်တော်အခန်းက ပါမှာလည်း မဟုတ်တာသေချာပါတယ်။ သူ့ကြောင့် အဲဒီနိုင်ငံကြီးနှစ်ခု ပြဿနာတက်တာ မဖြစ်အောင်ပဲ အစွမ်းကုန်ကြိုးစားပါလိမ့်မယ်။

အားလုံးစိတ်ဝင်စားနေကြတဲ့ နောက်တချက်ကတော့ နယ်ခြားစောင့်တပ်လုပ်ရေးကို လက်မခံသေးတဲ့ အပစ်ရပ် အဖွဲ့တွေရဲ့ ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စကို တရုတ်ခေါင်းဆောင်တွေ စိုးရိမ်ပူပန်နေကြတာကတော့ အမှန်ပါပဲ။ စက်တင်ဘာ (၁) ရက်နေ့ နောက်ဆုံးဆိုပြီး ပြောလိုက်ကတည်းက နယ်စပ်တလျှောက် တရုတ်ဘက်မှာ ဖြစ်ပေါ်လာနိုင်ကောင်းတဲ့ ဒုက္ခသည်ကိစ္စအတွက် အကြီးအကျယ် အလုပ်တွေရှုပ်ကုန်တာကိုကြည့်ရင် တရုတ်တွေဘက်က ပူပန်မှုကို သဘောပေါက်နိုင်ပါတယ်။ နအဖခေါင်းဆောင်တွေကလည်း တရုတ်ဘက်က ခေါင်းဆောင်တွေ မြန်မာပြည်ကိုလာရင်ဖြစ်စေ၊ သူတို့ ခေါင်းဆောင်တွေ တရုတ်ပြည်ကိုသွားရင်ဖြစ်စေ ဒါဟာ တရုတ်-မြန်မာနယ်စပ်က အပစ်ရပ်အဖွဲ့တွေကို ချေမှုန်းခွင့် ကိစ္စကို ပြောကြတာပဲ၊ မကြာခင်ချတော့မယ်ဆိုတဲ့ သတင်းမျိုးတွေ လွှင့်လေ့ရှိတာကိုလည်း အခုနောက်ပိုင်းမှာ အတော် တွေ့နေ၊ ကြားနေရပါတယ်။

ဒီတော့ ဒီခရီးစဉ်မှာ အဲဒီကိစ္စကို ဗိုလ်သန်းရွှေတို့အနေနဲ့ တခုခုပြောကိုပြောရမှာ သေချာပါတယ်။ လက်ရှိ အခြေအနေအရတော့ နအဖစစ်ဗိုလ်တွေအနေနဲ့ ပြောတဲ့အခါမှာ မာမာမပြောလောက်ဘူးလို့ပဲတွက်ရပါတယ်။ ဒါကျုပ်တို့ပြည်တွင်းရေး ဖြစ်တယ်ဆိုတာမျိုးတောင် ပြောမှာမဟုတ်ပါဘူး။ တရုတ်ခေါင်းဆောင်တွေ စိတ်မပူအောင် ကြောင်ချေးလို အပျော့ဆွဲ ဆွဲပါလိမ့်မယ်။

ဘာပဲပြောပြော နအဖစစ်အုပ်စုကတော့ သူတို့တတွေ နိုင်ငံတကာမှာ လှုပ်ရှားလုပ်ကိုင်နိုင်ကြောင်း တကမ္ဘာလုံးကို ပြသနိုင်တယ်လို့ လက်မထောင်မှာ သေချာပါတယ်။ နောက်ပြီး ဒီနေ့လို သူတို့ခါးပိုက်ဆောင်တပ်နဲ့ ပတ်သက်ပြီး ကောလာဟလသတင်းတွေအမျိုးမျိုး ထွက်နေချိန်မှာ (သူတို့က တမင်လွှင့်ထားတာတွေ) ဒင်းတို့ထိပ်သီးတတွေ “ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်၊ လက်ရည်တပြင်တည်း၊ ရှေးကထက်ပိုချစ်ကြပါကြောင်း ကမ္ဘာကို ကြေညာတာလည်း ဖြစ်ပါတယ်။

နအဖရဲ့ အဲဒီမာနဟာ လာမယ့်ရွေးကောက်ပွဲပြီးလာရင် ပိုလို့သာ ထောင်လာစရာရှိပါတယ်။ ရွေးကောက်ပွဲကိုဝင်ပြီး လွှတ်တော်ထဲကနေ အဲဒီမာနကို ချိုးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ စောင့်ကြည့်ပါ။ လွှတ်တော်ထဲ ရောက်သွားသူတွေသာ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး ဖြစ်ဖို့များပါတယ်။

ပြည်သူတွေအနေနဲ့ကတော့ တထောင့်သုံးရာငါးဆယ်ပြည့်-ရှစ်လေးလုံးအရေးတော်ပုံကြီးက ဗိုလ်နေ၀င်းကို မျက်ရည်ပေါက်ပေါက်ကျ၊ ငိုသံပါကြီးနဲ့ ကိုယ့်ယောင်ကိုယ်ဆွဲပြီး နန်းထဲကထွက်သွားစေခဲ့တာကို ဘယ်တော့မှမမေ့ပါဘူး။ အဲဒီအရှိန်နဲ့ တရုတ်သံရုံးအပါ သံရုံးပေါင်းစုံက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လာတွေ့ကြတာကရော မေ့နိုင်စရာတဲ့လား။
http://www.khitpyaing.org/index.php?route=detail&id=4307

ပဲခူးလူငယ် ၂ ဦး နောက်ဆုံးခရီး


ပဲခူးလူငယ် ၂ ဦး နောက်ဆုံးခရီး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

(ဆက်သွယ်မေးမြန်းချက်များ)

အဖြစ်မှန်ကို မဖြေနိုင်တာ ခွင့်လွှတ်ပါ

ချင်းမိုင် (မဇ္ဈိမ)။ ။ ’’အဖြစ်မှန်ကို မဖြေနိုင်တာ ခွင့်လွှတ်ပါ’’ ဟု စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်သောကြောင့် ယခုလ ၄ ရက်နေ့တွင် သေဆုံးခဲ့သူ ပဲခူးမြို့ခံ မောင်အောင်သူဟိန်း၏ ၆၅ နှစ်အရွယ် အဖွားဖြစ်သူ ဒေါ်စန်းရီက မဇ္ဈိမကို ပြောဆိုလိုက်သည်။

ခလရ ၅၉ တပ်သားများနှင့် မြို့ခံလူငယ်များ ခိုက်ရန်ဖြစ်ပွားမှုတွင် စစ်တပ်ဘက်က ပစ်ခတ်ဖြေရှင်းခဲ့ရာ ၂၃ နှစ်အရွယ် မောင်အောင်သူဟိန်းနှင့် ၁၈ နှစ်အရွယ် မောင်စိုးပိုင်ဇော်တို့ ပွဲချင်းပြီး သေဆုံးခဲ့ကာ၊ ယနေ့ နေ့လည်ပိုင်းတွင် ရုပ်အလောင်းများကို သဂြိုင်္ဟ်မည်ဖြစ်သောကြောင့် ဒေါ်စန်းရီကို ဆက်သွယ်မေးမြန်းစဉ် သူက ယခုလို ဖြေကြားခြင်း ဖြစ်သည်။

အခင်းဖြစ်ပွားမှုအပေါ် ဒေါသထွက်နေသော မြို့ခံလူထုသည် ယနေ့ အသုဘတွင် လိုက်ပါ ပို့ဆောင်ကြမည် ဖြစ်ပြီး၊ အာဏာပိုင်များဘက်ကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုးချဲ့ချထားလိုက်ပြီဖြစ်သည်။

ယနေ့ သဂြိုဟ်ပွဲ အခြေအနေနှင့် ပတ်သက်၍ ဒေါ်စန်းရီ၏ ဖြေကြားချက်များကို တင်ပြလိုက်ပါသည်။

ပဲခူး နာရေးသတင်း ဒေါ်စန်းရီ အင်တာဗျူး


ဒီနေ့ ၁၂ နာရီမှာ စစ်တပ်ကနေ သဂြိုဟ်ပေးမယ် ကြားလို့ပါ။

“ဟုတ်ကဲ့။ ၁၂ နာရီပါ။ အဲဒါတွေကတော့လေ၊ ကျမတို့က သူတို့ (စစ်တပ်) စီစဉ်တဲ့ အတိုင်းပဲပေါ့။ ကျမတို့က ဘာမှလုပ်လို့မှ မရတာ။ ဒါပေမဲ့ ကျမက မေတ္တာရပ်ခံထားတာကတော့ ကားအစီအစဉ်၊ အခေါင်းအစီအစဉ်၊ ကျမတို့ဘာသာကျမတို့ ဝယ်တာပေါ့နော်။ ဝယ်မယ်လို့ ကျမ မေတ္တာရပ်ခံပြီးတော့။ ကားကတော့ နိဗ္ဗာန်ယာဉ်”

မောင်အောင်သူဟိန်းရဲ့ ရုပ်အလောင်းက ရင်ခွဲရုံမှာပဲလားခင်ဗျာ။

“တခြား ဘယ်သူ့ကိုမှ အတွေ့မခံပါဘူး။ ကျမ မွေးထားတာ သားသမီး ၆ ယောက် ရှိပါတယ်။ ၄ ယောက်ပဲ တွေ့ခွင့် ရှိပါတယ်။ အဖေကတော့ ကိုရီးယားမှာလား၊ ဘယ်မှာလား မသိဘူး။ ပြန်စရာ စရိတ်မရှိလို့ ဒုက္ခရောက်နေလို့ မပြန်ဘူး။ မအေအရင်းကတော့ ဒီကိုရောက်ပြီး သားသမီးဇောနဲ့ နည်းနည်းချိသွားတဲ့ သဘော ရှိပါတယ်”

“ကျမတခု အကူညီတောင်းချင်တာပေါ့နော်၊ အားလုံးနဲ့ အားလုံးနဲ့ ပြဿနာတွေကြားထဲမှာ ကျမတို့ ထိခိုက်မှာ ကြောက်ပါတယ်။ ကျမ အဖွားအရင်းခေါက်ခေါက်ပါ။ ဘာလို့လဲဆိုတော့ သူတို့ (အာဏာပိုင်) အဖွဲ့အစည်းနဲ့ပတ်သက် နေတဲ့အတွက် ကျမ အရမ်း ကြောက်မိပါတယ်။ အသက် ၆၅ နှစ်ရှိပါပြီ။ ကျမတို့မှာလည်း ဘာမှ မရှိတဲ့အတွက်၊ ဘာမှ မလုပ်တတ်တဲ့အတွက်၊ ဘာမှကို မတတ်နိုင်တဲ့အတွက် အားလုံးမေးတာတွေကို အကုန်လုံးဖြေလို့ မရဘူးပေါ့နော်။ စိတ်မဆိုးပါနဲ့”

“ဘာဖြစ်လို့လည်းဆိုတော့ ကျမဟာ လမ်းဘေးဈေးသည်တယောက်ဖြစ်နေတဲ့အတွက် အလုပ် ကိစ္စ ဘာညာကွိကွ ကျမလည်း ထိခိုက်မှာကြောက်ပါတယ်။ ဘယ်လိုမှ မလွန်ဆန်နိုင်တဲ့အတွက် ဘာကိုမှ မပြောရဲပါဘူး။ ကျမ လုပ်စားနေတာက သမားရိုးကျလေးပါပဲ။ သို့သော် ရှေ့ရေးတွေက အများကြီး ရှိတဲ့အတွက်ကို ကျမ သူတို့ (အာဏာပိုင်) ကို မျှော်ကိုးပြီးတော့ လိုချင်တဲ့ ဆန္ဒကို ပြောနေတာ မဟုတ်ဘူးနော်။ ကျမရဲ့ လုပ်ငန်းခွင်မှာ၊ ထမင်း ရှေ့ကို ငတ်မှာကြောက်လို့ ပြောနေတာပါ။ စကားက အကုန်တင်ပြလို့ မရပါဘူး။ ခြိမ်းခြောက်တာ မရှိပါဘူး”

“အားလုံးလည်း ဝိုင်းသနားနေကြပါတယ် ဆိုပေမယ့်လည်း အဖွားက သူတို့ (အာဏာပိုင်) လို မဖြစ်တဲ့အတွက် ကိုယ့်မာနလေးကို ကိုယ်လျှော့ချပြီး နေတာပေါ့နော်။ သူတို့ပေးတဲ့ အခွင့်အရေးကို အဖွား မယူပါဘူး။ ဒါပေမဲ့ သချိုင်္င်းကုန်းမှာတော့ သူတို့ စီစဉ်ထားတယ်လို့ ပြောတယ်။ ဒါပေမဲ့ အဖွားအစီအစဉ်ကတော့ သူတို့ လုပ်ခွင့် ပေးတယ်။ ဒီမှာလည်း ကျမအိမ်က မိတ်ဆွေ သင်္ဂဟက ပေါတဲ့အတွက် ဧည့်သည်တွေကလည်း တအားများနေတဲ့အတွက် ဒါလောက်နဲ့ပဲ၊ ဒါပါပဲနော်”

“အဖွားတို့ရဲ့ အဖြစ်မှန်ကို မဖြေနိုင်တာလေးကိုလည်း သားတို့ ခွင့်လွှတ်ပါ။ နောက်တခုကလည်း ဒီကလေးကို ခုတုံးလုပ်ပြီးတော့ ပြဿနာရှာမယ့်လူတွေက များနေတဲ့အတွက် ဒီအဖွဲ့အစည်းတွေကို အဖွားအနေနဲ့ တအားထိန်းနေရတဲ့အတွက် အကုန်လုံး မဖြေနိုင်တာ သားရယ် နားလည်ပေးပါနော်”

---------------------------------------------------------

လုံခြုံရေး တင်းကျပ်တဲ့ အသုဘ သဂြိုဟ်ပွဲ

မြို့ခံတဦး ပြောဆိုချက်

(မြန်မာစံတော်ချိန် ၁၁ နာရီ)

’’အခြေအနေကတော့ ဘာမှ မထူးခြားသေးဘူး။ လုံခြုံရေးကတော့ တင်းကျပ်တယ်လို့ ပြောလို့ ရတယ်။ အသုဘချဖို့တော့ လုပ်နေတယ်။ ကျနော် အဲဒီလမ်းကြောင်းနဲ့ နီးတဲ့ နေရာကို ရောက်နေတယ်။ လုံခြုံရေး အခြေအနေကို ပြောမယ်ဆိုရင် အလောင်းထားတဲ့ ရေခဲတိုက်နားမှာ အရန်မီးသတ်နဲ့ ရဲတပ်ဝင် ၅၀ လောက် ရှိတယ်။ အသုဘ လိုက်ပို့မယ့် သူတွေကတော့ ရောက်မလာသေးဘူး။ အခုအချိန်ထိတော့ ရန်ကုန်က လာမယ့် သူတွေကိုတော့ မတွေ့ရသေးဘူး။ ဒီမိုကရက်တစ် ပါတီ UDP က ကိုသိန်းဋ္ဌေးကတော့ ရောက်နေပြီ။ သူတို့ကတော့ သူတို့ ကိစ္စနဲ့ သူတို့ လာတာလို့တော့ ပြောတယ်’’

ပဲခူး မြို့ခံတဦးနှင့် အင်တာဗျူး


--------------------------------------------------------------

စည်ကားတဲ့ အသုဘ

မြို့ခံတဦး ပြောဆိုချက်

(မြန်မာစံတော်ချိန် ၁၁ နာရီခွဲ)

’’လက်ရှိ အခြေအနေကတော့ သချိုင်္င်းကုန်းကို သွားနေတယ်။ လာတဲ့ သူတွေထဲက ကောလာဟလ ဟိုပြောဒီပြော ပြောကြတယ်။ ရန်ကုန်က ဆင်းလာမယ်တို့၊ ဘာဖြစ်မယ် ညာဖြစ်မယ်လို့ ပြောကြတယ်။ အခုတော့ သချိုင်္င်းကုန်း သွားတဲ့ လမ်းပေါ်မှာပဲ ရှိသေးတယ်။ ပြည်သူတွေကတော့ စိတ်ဝင်စားကြတယ် ထင်တယ်။ လမ်းပေါ်မှာ ထွက်ကြည့်နေကြတယ်။ အခုဟာက အစောကထက် မတရားများသွားတယ်။ အစောက အလောင်းနား မကပ်ရတော့ဘူးဆိုတော့ လူ ၃၀၀-၄၀၀ လောက် ရှိတယ်။ အခုပြောမယ်ဆိုရင်တော့ ဘတ်စ်ကားချည်းပဲ ၁၀ စီးလောက် ရှိတယ်။ ကိုယ်ပိုင်ကားတွေရော၊ ဆိုင်ကယ်တွေရောဆိုတော့ အများကြီးပဲ။ ပြောမယ်ဆိုရင်တော့ ပဲခူးမြို့မှာ စည်ကားတဲ့ အသုဘလို့ ပြောရမှာပဲ။ ဆိုင်ကယ်နဲ့ ကားနဲ့ပဲ များတယ်။ ဘတ်စ်ကားတစီးကို လူ ၃၀-၄၀ ဆံ့တယ်ဆိုတော့ ဘတ်စ်ကားပေါ်မှာတင် လူက ၄၀၀ နီးပါး၊ နောက်က လိုက်ပို့တဲ့ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ဆိုရင် လူ ၅၀၀-၁၀၀၀ လောက်တော့ ရှိမယ်။ ကားတန်းကြီးက အရှည်ကြီးပဲ။ ရန်ကုန်က လာတယ်ဆိုတာကိုတော့ မကြားမိဘူး။ သာမန် အသုဘလိုပါပဲ၊ အခွင့်အရေးတွေ အကုန်ပေးထားတယ်။ သုဿန်သွားတဲ့ လမ်းတလျှောက်မှာတော့ ကြက်ခြေနီ၊ မီးသတ်၊ ရယကတွေက လုံခြုံရေး ယူထားတယ်။ ထောက်လှမ်းရေး အဖွဲ့တွေ၊ ရဲအဖွဲ့တွေ အကုန်လုံး ချထားတယ်။ လုံခြုံရေးက တော်တော်လေးတော့ များတယ်’’

ပဲခူးတွင်စည်ကားတဲ့ အသုဘလို့ ပြောသည့်မြို့ခံတဦး



--------------------------------------------------------------

မြို့ခံတဦး ပြောဆိုချက်
(မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီ)

ရုပ်အလောင်းအနီး ကပ်ခွင့်မရ

’’အခု သုသာန်ရောက်လို့ အားလုံး ပြီးသွားပြီ။ အာဏာပိုင်တွေဘက်က ချောကားတွေ ကူညီပေးတယ်။ ဘုန်းကြီးလည်း သုသာန်ရောက်မှပဲ တရားနာတယ်။ ဘုန်းကြီး ၅ ပါးနဲ့ ၁၂ နာရီလောက်မှာ သရဏဂုဏ် တရားနာတယ်။ ကာယကံရှင်တွေကိုတော့ အလောင်းတွေကို ကြည့်ခွင့် မပေးဘူး၊ အနားကပ်ခွင့် မပေးဘူး။ ကြက်ခြေနီတွေနဲ့ မီးသတ်တွေပဲ အကုန်လုံး လုပ်သွားတယ်။ ရုပ်အလောင်းတော့ ရှိတော့ရှိမယ် ထင်တယ်။ ကျနော်တို့ကတော့ မြင်တော့ မမြင်ရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ မ’တာပြုတာ၊ မီးသင်္ဂြီုဟ်လို့ လောင်သွားတာတွေ ကြည့်ရင်တော့ အလောင်းရှိမယ်လို့ ထင်ပါတယ်’’

လူ ၂ဝဝဝ ခန့် ပို့ဆောင်

’’သချုင်္ိင်းကုန်းရောက်တဲ့ အချိန်မှာ လူ ၂ဝဝဝ လောက် ရှိမယ်။ ပြောမယ်ဆိုရင်တော့ အစည်းကားဆုံးလို့ ပြောလို့ရပါတယ်။ လုံခြုံရေးအင်အားက အပြည့်ပဲ။ ရှိသမျှ ရဲရော၊ ထောက်လှမ်းရေးရော၊ အာဏာပိုင် ရယက၊ မီးသတ်တွေရော နည်းတာမှ မဟုတ်တာ။ သုသာန်မှာတော့ အရပ်ဝတ် ရဲတွေရော၊ ယူနီဖောင်းနဲ့ကတော့ မီးသတ်နဲ့ ကြက်ခြေနီတွေပဲ။ ၄ဝ-၅ဝ လောက် ရှိတယ်’’

အသုဘရှင်များ ပါးစပ်ပိတ်ထားရ

’’ကျနော် သိရသလောက် ပဲခူးက လူတွေလောက်ပဲ တွေ့ပါတယ်။ တခြားမြို့က လူတွေတော့ မတွေ့ပါဘူး။ အခု အသုဘက ဖြစ်ရိုးဖြစ်စဉ်မဟုတ်တော့ စိတ်ဝင်စားကြတယ်။ လမ်းက ရပ်ကွက်တွေထဲက လူတွေကပါ ထွက်ကြည့်ကြတယ်။ တချို့လည်း လိုက်ကြည်ြ့ကတယ်။ သာမန် အသုဘတွေထက်စာရင် ခံစားရတဲ့ သဘောတွေ ရှိတယ်။ တချို့ကျတော့ ကိုယ်နဲ့ မသိဘဲ လိုက်ပို့ကြတဲ့ သူတွေ ရှိတယ်။ တချို့ စိတ်မထိန်းနိုင်တဲ့ သူတွေကလည်း ငိုကြတယ်။ ဒေါသထွက်တဲ့ မျက်နှာတွေတော့ မတွေ့ရဘူး။ လုံခြုံရေးက များတဲ့ အခါကျတော့ ဝေလည်း မဝေဖန်ရဲဘူး။ လုံခြုံရေးကလည်း များတဲ့ အခါကျတော့ အသံလည်း မထွက်ရဲဘူး။ သေဆုံးသူတွေရဲ့ မိသားစုတွေကတော့ ယူကျုံးမရတော့ ဖြစ်တာပေါ့။ သူတို့လည်း ခံစားရပေမယ့် ပါးစပ်ပိတ်နေရတဲ့ အနေအထား ရှိတယ်’’

ပဲခူးမြို့ခံ၏ပြောဆိုချက် အင်တာဗျူး


--------------------------------------------------------------

ရဲ မဖြေချင်


(ပဲခူး အမှတ် ၁ ရဲစခန်း ပြောဆိုချက်)

“အမိန့်ရှိပါခင်ဗျာ၊ အမှတ် ၁ ရဲစခန်းကပါ”

အပစ်ခံရတဲ့ လူငယ် နှစ်ယောက် အသုဘက ရုတ်ရုတ်သဲသဲ ဖြစ်တယ် ကြားလို့။ အဲဒါ ဟုတ်လားလို့ပါ။

“ဘယ်က အမိန့်ရှိလဲခင်ဗျ”

မဇ္ဈိမ သတင်းဌာနကပါ

“ကျနော်တို့ဆီတော့ ဘာသတင်းမှ မဝင်ဘူးခင်ဗျ။ သွားတော့ သွားနေကြတယ်” ဟု ပြော၍ ဖုံးချသွားသည်။


လူစုကွဲသွားပြီ

(အသုဘလိုက်ပို့သူ မြို့ခံ လူငယ် ပြောဆိုချက်)


အခြေအနေလေး ပြောပြပါဦး

“ဟုတ်ကဲ့။ သဂြိင်္ုဟ်ပြီးသွားပါပြီ”

“ဆုံးတဲ့ရက်ကနေစပြီး မိသားစုနဲ့ ပေးမတွေ့ပါဘူး။ ရင်ခွဲရုံမှာ ထားတယ်။ အလောင်း ၂ လောင်းလုံးကို။ ဒီနေ့မနက်ကျတော့ မိသားစုဝင်တွေ အားလုံးကို ပေးတွေ့တယ်။ အလောင်းသယ်သွားပြီးတော့ နောက်နေ့မနက်ခင်း ၁ဝ နာရီလောက်အထိကို မိသားစုတွေအားလုံးကို ပေးတွေ့တယ်။ ၁ဝ နာရီ နောက်ပိုင်းကို လုံးဝ တံခါးပိတ်လိုက်တယ်”

“မနေ့က ည ၇ နာရီခွဲနဲ့ ၈ နာရီလောက်မှာ ဘာပြဿနာတခု တက်လဲဆိုတော့။ လူတယောက်ကနေ ရင်ခွဲရုံကို ခဲနဲ့ထုတယ်တဲ့။ အဲဒီလူကို ဆိုင်ကယ် ရဲ အယောက် ၄ဝ လောက် လိုက်ဖမ်းတာ။ ဖမ်းမိသွားတယ်။ အမှတ် ၁ စခန်းထဲကို ခေါ်သွားတယ်ခင်ဗျ။ အဲဒီကနေစပြီး ရင်ခွဲရုံ အဝင်လမ်းတွေ၊ အထွက်လမ်းတွေ အားလုံးကို သံဆူးကြိုးတွေ ပိတ်လိုက်တယ်။ လုံးဝ ဝင်ထွက်သွားလာလို့ မရတော့ဘူး။ ညထဲကနေ မယကရုံးထဲမှာ အသုဘကား ၂ စီးကို ထည့်ထားတယ်။ ရင်ခွဲရုံကို ဒီမနက်မှာ သူ့မိသားစုတွေကို ကားနဲ့သွားခေါ်တယ်။ အာဏာပိုင်က။ ရင်ခွဲရုံကနေပဲ အခေါင်းတွေ ဘာတွေ ပြင်ပြီးတော့ အသုဘချတယ်”

“ရပ်ကွက်အတွင်းကနေ လိုက်ပို့တဲ့သူတွေ အားလုံးကိုကျတော့ ၁၁ နာရီခွဲကို ရပ်ကွက်ကနေ ကားထွက်မယ်ဆိုပြီး ကြေညာလိုက်တယ်။ ဒါပေမဲ့ အသုဘ ဖိတ်စာထဲမှာ ကြေညာတာက ၁၂ နာရီ။ ဒီနေ့ကျမှ အားချင်းဆိုပြီး ၁၁ နာရီခွဲဆိုပြီး ကြေညာလိုက်တယ်။ ရင်ခွဲရုံကနေပြီးတော့ ၁၁ နာရီ ၂ဝ လောက်မှာ ထွက်လာတယ်။ သူတို့ အပိုင်းထိပ် ဇိုင်းဂနိုင်းတောင်ပိုင်းကို ရောက်တဲ့ အချိန်မှာ ၁၁ နာရီခွဲပြီ။ ၁၁ နာရီခွဲအချိန်မှာ အသုဘကားနောက်က ရပ်ကွက်သူ ရပ်ကွက်သားတွေက လိုက်ရတာပေါ့နော်”

သချိုင်္င်းကုန်းက ဘယ်ဘက်မှာလဲ

“ရင်ခွဲရုံကနေပြီးတော့ သချိုင်္င်းကုန်းကို ရောက်ဖို့အတွက်ကို ဇိုင်းဂနိုင်းတောင်ပိုင်း ရှေ့ကနေ ဖြတ်ရတယ်။ မိန်းလမ်းကြီးကနေ ဖြတ်တာပေါ့။ ဆင်ဖြူကွင်း သုသာန်။ ရန်ကုန်ဘက်နဲ့ မဇင်း ၁ လမ်း ဆိုတာ ရှိတယ်။ ရန်ကုန်ဘက်ကို သွားတဲ့လမ်းနဲ့ ဘုရားတွေဘက်ကို သွားတဲ့လမ်း။ လမ်း နှစ်လမ်းခွဲ သွားတယ်”

ဘယ်ဘုရားတွေဘက်လဲ။ အနောက်တောလား။ ကလျာဏီသိမ်၊ ရွှေသာလျောင်း ကျော်သွားလား။

“အနောက်တော။ ဟုတ်ကဲ့။ အနောက်တောဘက်ကို သွားတဲ့လမ်းမှာ။ ၇ မိုင်လောက် ဝေးတယ်။ ပဲခူးမြို့ကနေပြီးတော့။ ရွှေသာလျောင်း၊ မဟာစေတီ အကုန်ကျော်သွားတယ်”

“အသုဘယာဉ်ကို မောင်းတာလည်းဗျာ လေယာဉ်မောင်းတာကျနေတာပဲ။ အရမ်းအမြန်မောင်းတာ။ နောက်က ဆိုင်ကယ်တောင် လိုက်မမီဘူး ဖြစ်နေတယ်။ တော်တော်ကို မောင်းပစ်တာ။ အသုဘယာဉ်ရဲ့ ရှေ့မှာလည်း မြို့နယ်မှူးကိုယ်တိုင် ထိုင်ပြီးတော့ ကြီးကြပ်ပြီး လိုက်တာ”

“ဟိုလည်းရောက်ရော သူ့စွမ်းအားရှင်တွေဘာတွေ အကုန်လုံး ဝိုင်းရံပြီးတော့ အသုဘယာဉ်ကို ချတယ်။ နောက် မီးသတ်ရှိတယ်။ ကြက်ခြေနီကို ဘေးက ကာတယ်။ ရဲတွေကိုကျတော့ အရပ်ဝတ်တွေနဲ့။ အသုဘယာဉ်နားမှာ ဝိုင်းပြီးတော့။ မိသားစုဝင်တွေတောင် တော်တော် ခက်ခက်ခဲခဲ တွေ့ရတယ်။ မီးသဂြိုင်္ဟ်တာခင်ဗျ”

သံဃာတော်တွေ ပါသေးလား

“သံဃာတော်တွေကတော့ တရားနာဖို့လောက်ပဲ ပါတယ်။ ၄ ၊ ၅ ၊ ၆ ပါးပဲ”

စတာက ၁၁ နာရီ ၂ဝ လောက်မှာ။ ဆုံးတာ ဘယ်လောက်လောက်မှာလဲ။

“ခန့်မှန်းခြေ တနာရီပေါ့၊ အဲဒီအချိန်လောက်မှ ပြီးတယ်”

လူစု ကွဲသွားပြီပေါ့

“အကုန်လုံး လူစုကွဲသွားပြီ။ သချိုင်္င်းကုန်းမှာ သူတို့ အာဏာပိုင် အုပ်စုကလွဲပြီး ဘယ်သူမှ မရှိတော့ဘူး။ မီးသဂြိင်္ုဟ်တဲ့ တံခါးဝမှာကိုက ရဲ၊ မီးသတ်၊ ကြက်ခြေနီတို့၊ စွမ်းအားရှင်တို့ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ စောင့်တာ။ ခရိုင်တို့၊ မြို့နယ်တို့။ အထဲကို တော်ရုံ လှမ်းကြည့်လို့တောင် သိပ်မလွယ်ချင်တဲ့ ပုံစံမျိုး။ တော်တော်ကို ကျပ်ကျပ်တည်းတည်းကို လုပ်တာ၊ အသုဘကို။ တခါမှဗျာ ကျနော့် အသက် ၂၈ နှစ်ရှိပြီ။ အဲဒီလောက်ထိ လုံခြုံရေးများတဲ့ အသုဘ တခါမှ မကြုံဖူးဘူး။ စရဖ၊ အက်စ်ဘီ အကုန်ပါတယ်။ ရဲ ခရိုင်၊ တိုင်း၊ မြို့နယ်၊ စခန်းဆို ၃ ခုလုံး ပါတယ်။ အမှတ် ၁၊ ၂၊ ၃”

လိုက်ပို့တဲ့လူ တော်တော်များလား။ ကားဘယ်နှစီးလောက်ရှိလဲ။

“အများကြီးပဲ။ ကားအားလုံးဆိုရင် အစီး ၂ဝ လောက် ရှိမယ်။ မော်တော်ဆိုင်ကယ်က အစီး ၁ဝဝ ကျော်တယ် အကို”

နာရေးအသင်းက ကူညီတာရှိလား

’’ဟုတ်ကဲ့။ ဗိမ္မာန်ရှင် နာရေးအသင်းကပဲ ကူညီတာ။ ခယက စီမံချက်နဲ့ကို ချတာ၊ အသုဘက။ အစည်းအဝေး ဆုံးဖြတ်ချက်တွေနဲ့ကို သူတို့ လုပ်ကြတာ။ ပဲခူးမြို့နယ် မထသ ကနေ ဦးဆောင်ပြီးတော့ ကားစီစဉ်ပေးရတယ်။ ရပ်ကွက်တွေကနေပြီးတော့ ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေ ၁ဝ ယောက်စီ ပေးရတယ်”

အဲဒါက ဘယ်ကနေ ကြားတာလဲ

“သူတို့ဆီကနေ ကြားတာပေါ့။ ရပ်ကွက်က လူတွေက ပြန်ပြောတာ”

ရန်ကုန် NLD က လာတာရော ရှိလား။ ဆုံးသွားတဲ့လူက NLD နဲ့ရော ဆိုင်လား။

“ရန်ကုန်က NLD လူငယ် ၁၅ ယောက်လောက် လာတယ်။ (NLD နဲ့) မဆိုင်ဘူး။ သက်သက်မဲ့ လိုက်ပို့တာ။ ဝမ်းနည်းခြင်း အထိမ်းအမှတ်”

--------------------------------------------------------------

နာရေး မပို့ရန် တားဆီးခံရ

ပဲခူးလူငယ် ၂ ဦး ရုပ်အလောင်းများ သဂြိုင်္ဟ်ရာသို့ ရန်ကုန်မှ လာရောက်ပို့ဆောင်မည့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လိုလားသူ လူငယ်များ၊ မြန်မာ့အလုပ်သမား သမဂ္ဂ မှတ်ပုံတင်ခွင့် ရရှိရေး လှုပ်ရှားသူများနှင့် ကျောင်းသားလူငယ်အချို့ အပါအဝင် ၁၁ ဦးကို ရန်ကုန်တိုင်းအလွန် ပဲခူးတိုင်းအတွင်း အင်းတကော်အရပ်တွင် ရဲများက ဆက်လက်သွားရောက်ခြင်း မပြုရန် တားမြစ်ခဲ့သည်။

အခြေအနေ အသေးစိတ်ကို သိရှိနိုင်ရန်အတွက် တားဆီးခံရသူ ၂ ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

ကိုဇေယျလင်း
(မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လိုလားသူ လူငယ်များ)


’’နာရေးကို လာတဲ့ အချိန်မှာ ကျနော်တို့ အဖွဲ့ဝင် ၁၁ ယောက်လုံးကို အင်းတကော် ရဲစခန်းကနေ ခေါ်ထားတယ်ခင်ဗျာ။ ခေါ်ထားတာက ၁ နာရီ ကြာတယ်။ အသုဘ အခန်းအနား မပို့နိုင်အောင် လမ်းမှာ ကြန့်ကြာအောင် လုပ်ထားတယ်။ ကျနော်တို့ တယောက်ချင်းစီကို ဘာမှ မဟုတ်ဘဲ ခေါ်ယူစစ်ဆေးတယ်။ မေးမြန်းတာကလည်း အသုဘချပြီးတဲ့ အချိန်ကျမှ ပြန်လွှတ်တယ်။ အဲဒါမျိုး သူတို့ လုပ်စရာ အကြောင်းမရှိဘူး ခင်ဗျာ။ မလုပ်သင့်ဘူး။ ကျနော်တို့ လာတဲ့ ရည်ရွယ်ချက်က သေဆုံးတဲ့ လူငယ် နှစ်ဦးရဲ့ အသုဘကို ကျနော်တို့က လာပို့တာ။ ကျနော်တို့ကို အသုဘ လိုက်ပါပို့ဆောင်ဖို့ရာ လာပေမယ့် လမ်းမှာ တားဆီးပိတ်ပင်ခံရလို့ ကြန့်ကြာသွားတဲ့အတွက် သဂြိုင်္ဟ်တဲ့နေရာအထိ လိုက်မပို့လိုက်ရဘူး။ ဒါပေမဲ့ သေဆုံးတဲ့သူ အိမ်ကို ကျနော်တို့ ရောက်အောင် သွားတယ်ခင်ဗျာ။ ကျနော်တို့ နာရေးအိမ်ကို ရောက်ရှိနေပါပြီ’’

ရှေ့နေ ကိုဖိုးဖြူ
(လူ့အခွင့်အရေး လှုပ်ရှားသူ)

ဘယ်လို ပိတ်ပင်တားဆီးခံရတာလဲ။

’’အင်းတကော် စခန်းရှေ့ကို ရောက်တဲ့အခါ ကျနော်တို့ အားလုံး ကားပေါ်က ဆင်းခိုင်းပြီးတော့ မှတ်ပုံတင်တွေကို စစ်ဆေးတယ်။ ကားသော့ကို သိမ်းလိုက်တယ်။ စစ်ဆေးစရာရှိတယ် ဆိုပြီးတော့ အားလုံး တယောက်ချင်းစီကို စခန်းမှူးက ခေါ်စစ်တယ်။ အဲဒီအတွက် ၁ နာရီကျော်ကျော်လောက် ကြာသွားတယ်။ ကျနော်တခုတော့ ပြောချင်တာက ကျနော်တို့က မြန်မာနိုင်ငံသားတွေ ဖြစ်တယ်။ နိုင်ငံသားကဒ်တွေ ကိုင်ဆောင်ထားတဲ့ သူတွေ ဖြစ်တယ်။ နိုင်ငံသားတွေ ဖြစ်ပါလျက်နဲ့ ကိုယ့်ပြည်တွင်းထဲမှာ လွတ်လပ်စွာ သွားလာခွင့် မရှိဘူး။ အဲဒါက ၁ အချက်ပါ’’

’’၂ အချက်ကတော့ ကျနော်တို့ကို တိုင်ချက်ခွင့်တာ မရှိဘဲနဲ့ လူတဦးတယောက်ချင်းစီကို ခေါ်ယူစစ်ဆေးတယ်။ အဲဒီလို စစ်ဆေးခြင်းခံရတဲ့ သူတွေကလည်း ဥပဒေနဲ့ ငြိစွန်းမှု မရှိဘူး။ ရွေးကောက်ပွဲ သိပ်နီးနေတဲ့ အချိန်မှာ ဒီလို စစ်ဆေးမှုတွေ၊ ကြောက်ရွံ့မှုတွေ၊ ချုပ်ချယ်မှုတွေ၊ ဖိနှိပ်မှုတွေက ယနေ့အချိန်ထိ ရှိနေသေးတယ်။ ဒီလိုဆိုရင် ပြည်သူတွေဟာ ဘယ်လိုများ ရွေးကောက်ပွဲကို လွတ်လပ်တဲ့ ဆန္ဒ၊ သဘောဆန္ဒနဲ့ ပေးနိုင်မလဲဆိုတာ အငြင်းပွားစရာ၊ ငြင်းချက်ထုတ်စရာ ဖြစ်နေပြီလို့ ပြောနိုင်ပါတယ်’’

ပဲခူးလူငယ် ၂ ယောက်ကို စစ်တပ်က ပစ်သတ်တာနဲ့ ပတ်သက်ပြီး ဥပဒေအရ ဘယ်လို ငြိစွန်းမှု ရှိသလဲခင်ဗျ။

’’ဒါဟာ ၁၉၅၆ ခုနှစ် တပ်မတော် အက်ဥပဒေရယ်၊ ၁၉၆ဝ တပ်မတော် နည်းဥပဒေဆိုတာ ရှိပါတယ်။ အရပ်သားနဲ့ ဖြစ်ပေါ်တဲ့ ကိစ္စဆိုရင် အရပ်ဘက် တရားရုံးမှာ စစ်ဆေးကြားနာဖို့ လိုအပ်တယ်။ စစ်ဘက်တရားရုံးနဲ့ မသက်ဆိုင်ဘူး။ ဒီလို ပြစ်မှုမျိုးကို အရပ်ဘက် တရားရုံး အများပြည်သူရှေ့မှောက်မှာ ဒါကို တရားမျှတအောင် စစ်ဆေးကြားနာဖို့ လိုအပ်တယ်။ ဒီလိုအခြေအနေတွေကို အခုအချိန်ထိ ဘယ်လိုဆောင်ရွက်မယ်ဆိုတာကို ပြည်သူတွေရော၊ မိဘတွေရော ကာယကံရှင်တွေကိုရော ပွင့်လင်းညင်သာပြီး ဘယ်လိုတရားမျှတအောင် ဆောင်ရွက်မလဲဆိုတာကို ရှင်းလင်းဖော်ထုတ်ထားခြင်း မရှိဘူး။ ဒီအတွက် ပြည်သူတွေဟာ တရားဥပဒေ နည်းလမ်းအရ ဆက်လက် ဆောင်ရွက်ရဦးမယ်လို့ ဆိုချင်ပါတယ်’’

ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး တရားဥပဒေ စိုးမိုးမှု ကိစ္စကိုရော ဘယ်လို မြင်ပါသလဲ။

’’တာဝန်ချိန်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကိစ္စရပ်တွေအတွက် လက်နက်ကိုင်ဆွဲရတယ်ဆိုတာ ရှိပါတယ်။ စစ်မှုထမ်းဆောင်နေတဲ့ အချိန်မှာ ဒီလို ပစ်ရခတ်ရတာတွေ ရှိပါတယ်။ ဒါပေမဲ့ တိုင်းပြည်ကြီးက တည်ငြိမ်နေပါတယ်၊ အေးချမ်းနေပါတယ်လို့ ပြောပြီးတော့၊ ကြေညာထားပြီးတော့ ရှေ့တန်းစစ်မှုထမ်းသလို ဆောင်ရွက်ပြီးတော့ ပစ်လား၊ ခတ်လား လုပ်တာက Rule of Law (တရားဥပဒေ စိုးမိုးမှု) အခြေအနေ၊ အခင်းအကျင်း ဟုတ်တယ်လို့ ဘယ်နည်းနဲ့မှ မဆိုလိုနိုင်ဘူး’’

သေဆုံးသူတွေနဲ့ ပတ်သက်ပြီး ကျန်ရစ်သူ မိသားစုဝင်တွေကို ဘယ်လို ကူညီပေးဖို့ ရည်ရွယ်ထားလဲ။

’’ဒီဟာနဲ့ ပတ်သက်ပြီးတော့ တပ်မတော် အက်ဥပဒေ၊ နည်းဥပဒေအရ အရပ်ဘက်တရားရုံးကို လွှဲအပ်ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်။ အများပြည်သူရှေ့မှောက်မှာ စစ်ဆေးကြားနားရမှာ ဖြစ်တယ်ဆိုတဲ့ အချက်ကို ရှင်းပြမယ်။ ဒါနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းနေကြရတဲ့ ကျောင်းသားတွေ၊ ပြည်သူတွေ၊ လုပ်သားပြည်သူတွေ တညီတညွတ်တည်း တောင်းဆိုကြဖို့ ရှိပါတယ်။ ဥပဒေကြောင်းအရ တင်ပြလျှောက်ထားရမှာတွေ ရှိပါတယ်’’

ကိုဖိုးဖြူနဲ့ အတူလာတဲ့ သူတွေက ဘယ်သူတွေလဲ ခင်ဗျ။

’’ကျနော်နဲ့ ပါလာတဲ့ သူတွေက မြောက်ဥက္ကလာပမှာ ရှိကြတဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လိုလားသူ လူငယ်များရယ်၊ ကျောင်းသားလူငယ်တွေရယ်၊ မြန်မာ့အလုပ်သမားသမဂ္ဂ မှတ်ပုံတင်ခွင့် ရရှိရေး ဆောင်ရွက်ကြတဲ့ အလုပ်သမားအရေး ကြိုးပမ်းဆောင်ရွက်ကြတဲ့ သူတွေရယ်နဲ့အတူ ထပ်သူထပ်မျှ ဝမ်းနည်းနေကြတဲ့ ပြည်သူတွေရယ်၊ ပါတယ်လို့ ပြောချင်ပါတယ်’’

တခြားသူတွေရော ကိုဖိုးဖြူတို့လို့ တားဆီးခံရတယ်လို့များ သိထားတာတွေ ရှိသလား။

’’ကျနော်ရှေ့မှာ သွားကြတဲ့ သူတွေကို အဆင့်ဆင့် စစ်ဆေးတာမျိုးတွေ၊ မေးမြန်းတာမျိုးတွေ၊ အသုဘပို့ဖို့ လုပ်နေတဲ့ သူတွေကို မပို့နိုင်အောင် တားဆီးတာမျိုးတွေကို ကျနော်တို့ မျက်မြင်တွေ့ရှိပါတယ်။ ရှေ့မှာ ရှိနေတဲ့ ၂-၃ ဦးစ စစ်ဆေးမေးမြန်းတာမျိုးတွေ ရှိပါတယ်။ ကျနော်တို့ လမ်းကြောင်းတလျှောက်မှာ ၃-၄ ဦးလောက်ကို တွေ့ရတယ်။ ကျနော်တို့ အုပ်စုကိုတော့ တဖွဲ့လုံးကို တားပြီးတော့ စစ်ဆေးတာမျိုးတွေ လုပ်ပါတယ်’’

အသုဘရှင်ရှင်တွေရဲ့ ခံစားချက်ကို ဘယ်လိုတွေ့နေရလဲ။

’’အခုချိန်မှာတော့ အားလုံးက ဝိုင်းပြီးတော့ အားပေးနေတယ်။ အားလုံးကလည်း ဒါနဲ့ ပတ်သက်ပြီးတော့ အမျိုးသားရေး အသွင်ဆောင်စွာ ရပ်တည်နေတဲ့ အတွက်ကြောင့် မိသားစုတွေက အားတက်နေတာ ရှိတယ်။ မိသားစုအတွင်းက ညီအကို မောင်နှတွေကတော့ မျက်ရည်စက်လက်နဲ့ ငိုနေတာတွေ ရှိတယ်’’


ပဲခူးအသုဘ ကိုဇေယျာလင်းနှင့် ကိုဖိုးဖြူအင်တာဗျူး

လူထု အုံကြွမှု ဖြစ်ပေါ် နိုင်၊ စစ်သားများ စစ်ဝတ်စုံ ဖြင့် ပဲခူး နှင့် ရန်ကုန် တွင် တပ်ပြင်မထွက်ရဲ


လူထု အုံကြွမှု ဖြစ်ပေါ် နိုင်၊ စစ်သားများ စစ်ဝတ်စုံ ဖြင့် ပဲခူး နှင့် ရန်ကုန် တွင် တပ်ပြင်မထွက်ရဲ

68
1
မဲပေးပါ
Quantcast

Updated:: တရားရှု ပွဲ လာမည့် သူများ မြို့ ဝင်၊မြို့ ထွက် ဂိတ် များ ကို ကျော်ဖြတ်လာနိုင်
Updated:: အင်းတိုင် ၊ ရဲမွန် ကိစ္စ ကြောင့် တပ်တွေ မလာ နိုင် (ည ၀၁း၀၀ နာရီ)

Updated::တိုင်းမှုး ကလုံခြုံရေး အပြည့် ယူခိုင်းထားသော် လည်း စစ်ကား တစ်စီးတည်း
ပင် လမ်းပေါ် မထွက် ရဲ့ တော့ ။ လူ ထုက အတွင်း လမ်း များ ကို ကင်းစောင့် ပြီး ၂၄ နာရီ
အပြည့် သတိရှိ နေ

Updated:: FNG အဖွဲ့ သားများ ပဲခူးမြို့ သို့ ရောက်ရှိ

Updated :: အနယ်နယ်အရပ်ရပ် မှ လှုပ်ရှား တက်ကြွသူများ ယနေ့ ည ပဲခူးမြို့ သို့ ရောက်ရှိ

Updated ::လူငယ်နှစ်ဦး အား ပစ်သတ်ခဲ့သည့် ဗိုလ်ကြီး နှစ်ဦး နှင့် စစ်သားရှစ် ဦးအား
ခလရ ၅၉ တပ်တွင်းမှာပင်ပုံမှန် ရှိ နေဆဲ (အရေးယူမှု မရှိ) Source : ပဲခူးရဲစခန်း တစ်ခု နှင့်
ဆက်သွယ်ပြောဆိုချက်

မောင်စိုးပိုင်ဇော်၏ အသုဘ ရှု တရားတော်နာဖိတ်ကြားလွှာ

ပဲခူး အခြေစိုက် ခလရ ၅၉ မှ စစ်ဗိုလ် တစ်ဦး ဖြစ်သူ ဗိုလ်ကြီး သိဒ္ဓိစိုး က ပစ်မိန့် ပေးသဖြင့်
စစ်သားများက ကျဉ်ကပ် အတွဲ လိုက် ပစ်ခတ်၍ သေဆုံးခဲ့သည့် လူငယ်နှစ်ဦး ဖြစ်သည့်
ကို အောင်သူဟိန်း နှင့် ကိုစိုးပိုင် ဇော် တို့ နှစ်ဦး၏ ရုပ်အလောင်း ကို အင်္ဂါနေ့ နံနက် တွင် ပဲခူးမြို့ ဆေးရုံကြီးမှ ဆင်ဖြူကွင်း သုဿာန် သို့ ပို့ ဆောင်မီးသဂြိုလ် မည့် အစီအစဉ် တွင် ပဲခူးမြို့ အနီး ရှိ ဝေါ ၊ ဘုရားကြီး
စသည့် မြို့ များ မှ ပြည်သူလူထု အပြင် လှည်ကူး၊ဒိုက်ဦး ၊မှော် ဘီ စသည့် ကျေးရွာများ မှ ပြည်သူများ
လည်း လိုက်ပါပို့ ဆောင် မည်ဖြစ်သည်။

မောင်အောင်သူဟိန်း ၏ အသုဘ ရှု တရားတော်နာဖိတ်ကြားလွှာ

စစ်တပ်၏ ဥပဒေမဲ့ လုပ်ရပ်ကြောင့် ကာယကံရှင် မိသားစု ၀င်များ သာမက ပဲခူးမြို့ နေ လူထု လည်း စစ်တပ်
ကိုရွံ့ မုန်း လျှက် ရှိပြီး အချို့ မြို့ ခံများ က စစ်သားများ အား ကန့် ကွက်ရှုံချရန် ပြင်ဆင် ထားသောကြောင့်
ပဲခူး အခြေစိုက် စစ်တပ်များ မှာ လုံခြုံရေး တင်းကျပ် စွာချထားပြီး တပ်ရင်းမှုးများ က လည်း ၎င်း တို့ ၏ ငယ်
သားများ အား တပ်ပြင် သို့ စစ်ဝတ်စုံ ၀တ်၍ မထွက်ရန် အမိန့် ပေးထားသည်။

ပဲခူးမြို့ နေ ပြည်သူများ က စစ်တပ်၏ ယုတ်မာ ရက်စက်မှု ကို အော့နှလုံးနာလျှက် ရှိပြီး ပဲခူးမြို့ အထက်တန်း
ကျောင်းမှ ကျောင်းဆရာ မ တစ်ဦး ဖြစ်သူ ဒေါ်သီတာမြင့် က ‘ဒါ ပဲခူးက ဒုတိယ ပခုက္ကူ ဖြစ်သွား နိုင်တယ် ၊လူ
တွေက စစ်တပ် ဆို စိတ်နာနေပြီ ဟု ယနေ့ အခြေအနေ များ နှင့် ပတ်သက်၍ သုံးသပ် ပြောကြား သွားသည်။

http://freedomnewsgroup.com/


စစ်အစိုးရ နျူကလီးယားရည်မှန်းချက် ကမ္ဘာ့ ခြောက်အိပ်မက်


စစ်အစိုးရ နျူကလီးယားရည်မှန်းချက် ကမ္ဘာ့ ခြောက်အိပ်မက်

Share/Save/Bookmark မြန်မာ စစ်အစိုးရဟာ သူ့ပြည်သူလူထုအတွက် တကယ့် အန္တရာယ်အဖြစ် ဆယ်စုနှစ်ပေါင်းများစွာ သဘောထား ခံလာ ခဲ့ရ ပါတယ်။ မြန်မာနိုင်ငံကို အရှေ့တောင်အာရှရဲ့ ပထမဆုံး နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်လာဖို့ မျှော် လင့် နေတယ်ဆိုပြီး စစ်အစိုးရအပေါ် ကာလရှည်ကြာ သံသယ ရှိနေခဲ့ကြပါတယ်။

ဒါပေမယ့် နောက်ဆုံး အစီရင်ခံစာတွေက အဲဒီ သံသယကို အတည်ပြုပေးလိုက်တဲ့ အခုအချိန်မှာတော့ ကျန်တဲ့ ဒေသ တွေကိုပါ ခြိမ်းခြောက်လာတဲ့ နိုင်ငံတခုအဖြစ် တကယ်ပဲ အန္တရာယ် ရှိလာပြီ ဖြစ်ပါတယ်။

အခုအချိန်မှာ နေပြည်တော်က ရန်လိုတဲ့ စစ်ဗိုလ်ချုပ်တွေဟာ ပြည်ပက ထိုးဖောက် ၀င်ရောက်လာမှုတွေ အဆုံးစွန်ဆုံး ကင်းစင်ရေး ဆိုတဲ့ သူတို့ရဲ့ အိပ်မက်ကို သိမြင်သဘောပေါက်ဖို့ ဝေးပါသေးတယ်။ ဒါပေမယ့် စစ်အစိုးရက သူတို့ရဲ့ ရှင်သန် ရပ်တည်ရေးကို ရန်ပြုလာတယ်လို့ သဘောထားတဲ့ တိုင်းပြည်တွေရဲ့ ခြိမ်းခြောက်လာမှုကို ကာကွယ်နိုင်ဖို့ ဘယ်လောက်ပဲ ရှေးကျပါစေ၊ နျူကလီးယား လက်နက် တမျိုးမျိုးကို ရယူပိုင်ဆိုင်ဖို့ ပိုင်းဖြတ်ချက်ကို လျှော့တွက်မယ် ဆိုရင်တော့ မှားသွားပါလိမ့်မယ်။

ဒါပေမယ့် ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) ရဲ့ သတင်းပေးပို့ချက်မှာ ပါဝင်လာတဲ့ ဖွင့်ချမှုတွေကို ခပ်မဆိတ်ပဲ တုံ့ပြန်လာတာကို အကဲဖြတ်ရရင် အတော်များများကတော့ စစ်အစိုးရရဲ့ နျူကလီးယား ရည်ရွယ်ချက်တွေဟာ ယုံကြည်လောက်စရာ ခြိမ်းခြောက်မှုလို့ လက်မခံကြသေးဘူးလို့ ထင်ရပါတယ်။ တကယ်တော့ ချက်ချင်းကြီး ကောက်ချက်မချခင် သတိထား ဆောင်ရွက်ကြရင် ကောင်းပါလိမ့်မယ်။ ဒါပေမယ့် မြန်မာနိုင်င်ငံ နျူကလီးယား လက်နက် ပိုင်ဆိုင်သွားတဲ့အထိ စောင့်နေကြမယ် ဆိုရင်လည်း အမှားတခု ဖြစ်လာပါလိမ့်မယ်။

DVB ရဲ့ သတင်းပေးပို့ချက်ဟာ အစဉ်အလာ ပြည်တွင်း ခြိမ်းခြောက်လာမှုတွေကို ခြေမှုန်းဖို့ ရည်ရွယ်ချက်ကို ကျော် လွန် လာတဲ့ စစ်အစိုးရရဲ့ စစ်ရေး ရည်မှန်းချက်တွေကို ပြဆိုတဲ့ သက်သေ အထောက်အထားတွေကို ပထမဆုံး ဖော် ထုတ် တင်ပြပေးတဲ့ သတင်းပေးပို့ချက် မဟုတ်ပေမယ့် အစေ့စပ် အသေချာဆုံး ဖြစ်ပါတယ်။

အများဆုံး အခြေခံထားတာကတော့ စစ်အစိုးရရဲ့ ကြံရွယ်ချက်တွေကို သံသယဖြစ်စရာ မရှိလောက်အောင် ဖြစ်စေတဲ့ အစီရင်ခံ တင်ပြမှု၊ စွပ်စွဲချက်တွေကို အားဖြည့်ပေးတဲ့ များပြားလှတဲ့ ဓာတ်ပုံတွေ၊ အထောက်အထား မှတ်တမ်းတွေကို ခိုးထုတ်သယ်ဆောင်လာတဲ့ စစ်လက်နက် ပစ္စည်းကျွမ်းကျင်သူ မြန်မာစစ်တပ်က ဘက်ပြောင်းလာတဲ့ ဗိုလ်မှူး စိုင်းသိန်းဝင်း ရဲ့ ထွက်ဆိုချက်တွေ ဖြစ်ပါတယ်။

DVB က သတင်းပေးပို့ချက်ကို ရေးပေးတဲ့ နျူကလီးယား သိပ္ပံပညာရှင်၊ နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီ အဖွဲ့ရဲ့ ဒါရိုက်တာဟောင်း ဖြစ်သူ ရောဘတ် ကယ်လီ(Robert Kelly) က “သက်သေ အထောက်အထားတွေက တခုတည်း သော ကောက်ချက်ကို ဦးတည်နေတယ်။ ဒီ နျူကလီးယား နည်းပညာဟာ လက်နက်အတွက်ပဲ။ ပြည်သူတွေ အတွက်၊ နျူကလီးယား စွမ်းအင်အတွက် မဟုတ်ဘူး”လို့ ဆိုပါတယ်။

ဒါပေမယ့် ဗိုလ်မှူး စိုင်းသိန်းဝင်း ဖွင့်ချမလာခင်ကတောင် စစ်အစိုးရဟာ ၄ သိန်းလောက် အင်အားရှိတဲ့ စစ်တပ်နဲ့ အင်အား လျော့နည်းပြီး အမျိုးမျိုးအထွေထွေ ကွဲပြားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို နှိမ်နင်းဖို့ ခန့်ညား လောက်တဲ့ စစ်လက်နက် ပစ္စည်းတွေနဲ့တင် မကျေနပ်နိုင်သေးဘူး ဆိုတာ သံသယ ဖြစ်စရာအကြောင်း ကောင်း ကောင်း ရှိပါတယ်။ အမှန်တော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုလောက်ကတည်းက ပြည်တွင်းပြည်ပ အားစမ်းမှုတွေကို တန့်ရပ်သွားအောင် လုပ်နိုင်တဲ့ စစ်တပ် အင်အားကို တိုးချဲ့ဖို့ ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။

“ဂျိန်း ကာကွယ်ရေး အပတ်စဉ်” (Jane’s Defense Weekly) စာစောင်အရ စစ်အစိုးရဟာ ၂၀၀၁ ခုနှစ်ကတည်းက ဘူလ်ဂေးရီးယားနိုင်ငံမှ အနိမ့်ပစ် မြေပြင်မှဝေဟင်ပစ် ဒုံးကျည်တွေနဲ့ ရုရှားနိုင်ငံက တာတိုပစ် တိုက်ချင်းပစ် ဒုံးကျည် လေကြောင်း ကာကွယ်ရေးစနစ်ကို ၀ယ်ယူခဲ့ပါတယ်။

နောက်နှစ်မှာတော့ မြန်မာ့ ကာကွယ်ရေး အကဲခတ် မောင်အောင်မျိုးရဲ့ ၂၀၀၉ ခုနှစ် စာအုပ်ဖြစ်တဲ့“တပ်မတော် တည်ဆောက်ခြင်း” (Building the Tatmadaw) စာအုပ်အရ စစ်အစိုးရဟာ အနိမ့်၊ အလတ်နဲ့ အမြင့် လေကြောင်း ပစ်မှတ်တွေကို ရှာဖွေနိုင်ပြီး ရန်သူမိတ်ဆွေ ခွဲခြားဖော်ပြနိုင်တဲ့ ယူကရိန်းနိုင်ငံလုပ် 36D6 ရေဒါတွေကို ၀ယ်ယူ ထားခဲ့ ပါတယ်။

တချို့ အကဲခတ်တွေကတော့ ၂၀၀၁-၀၂ နှစ် တွေမှာ ထိုင်းတပ်တွေနဲ့ နယ်စပ်တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့အချိန် မြန်မာရှေ့တန်းတပ်တွေနဲ့ စစ်ဌာနချုပ်တွေအကြား ဆက်သွယ်ရေး အပြင်းအထန် ဖြတ်တောက်ပြစ်ဖို့ ထိုင်း တပ်မတော် က သူ့ရဲ့ F 16 တိုက်လေယာဉ်တွေကို မစေလွှတ်ခင် ရန်သူ လေကြောင်းရန် ကာကွယ်ရေးစနစ် နှိမ်နင်း ရေး လက်နက်ကိရိယာတွေကို ချထားချိန်မှာ စစ်အစိုးရက သူရဲ့လက်နက်တွေကို အဆင့်မြှင့်နိုင်ရေးကို ရုတ်တရက် စိတ်ဝင်စားသွားခဲ့ပါတယ်လို့ ဆိုပါတယ်။

စစ်အစိုးရဟာ သူ့ရဲ့လက်နက်တွေ ပိုပြီး ခေတ်မီဆန်းပြားရေး ကြိုးပမ်းမှုအတွက် မြောက်ကိုရီးယားဘက်ကို ဒီလောက် မြန်မြန်ဆန်ဆန် ဦးလှည့်သွားတာကတော့ စိတ်ဝင်စားစရာပါပဲ။ မောင်အောင်မျိုးရဲ့ အဆိုအရတော့ မြန်မာစစ်ဗိုလ်ချုပ် တွေ ဟာ ဧကစာကျင့်နေတဲ့ ကွန်မြူနစ်အစိုးရဆီက ဟွာဆောင် စကဒ် ဒုံးကျည်တွေ ၀ယ်ယူဖို့ ၂၀၀၃ ခုနှစ်လောက် ကတည်းက လျှို့ဝှက်ဆွေးနွေးခဲ့ပါတယ်။ စစ်အစိုးရအနေနဲ့ ဒီဒုံးကျည်တွေကို တကယ်ပဲ ရရှိထားခဲ့ပြီလားဆိုတာ မရှင်း လင်း လှသေးပေမယ့် စစ်ရေးအကဲခတ်တွေကတော့ မကြာသေးခင် နှစ် ပိုင်းလောက်က မြောက်ကိုရီးယားကနေ မြန်မာနိုင်ငံကို သံသယ ဖြစ်စရာ သင်္ဘော တင်ပို့မှုတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီမြောက်ကိုရီးယားနဲ့ ဆက်သွယ်မှုဟာ မြန်မာနိုင်ငံအတွက် နောက်ထပ် လက်နက်ဖြန့်ဖြူး ထောက်ပံ့ပေးဖို့ထက်တော့ မကလောက်ဘူးလို့ ယူဆရပါတယ်။ နေပြည်တော်ကလည်း နိုင်ငံခြားရေးမူဝါဒရဲ့ အခြေခံအဖြစ် ပြုံယမ်းရဲ့ ရန်လို သံခင်း တမန်ခင်း ပုံစံလိုမျိုး ပိုပြီးစဉ်းစားလာပုံရတယ်လို့ ထင်ရပါတယ်။ ဖြစ်နိုင်တာကတော့ တကယ်လို့ လာမယ့် ရွေးကောက်ပွဲနဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နှစ်ခုစလုံးဟာ အနောက်နိုင်ငံတွေရဲ့ ဝေဖန် ပြောဆိုမှုတွေကို တိတ်သွားအောင် မလုပ်နိုင်ဘူးဆိုရင် ဆက်ပြီး အသက်ဆက်နိုင်ဖို့ ထောက်ခံမှုရအောင် စီမံထားပုံ ရပါတယ်။

တကယ်လို့ မြန်မာနိုင်ငံဟာ ဒီလမ်းကို ရွေးချယ်မယ်ဆိုရင် အနောက်အတွက် တကယ့်အကျဉ်းအကျပ် အခြေအနေ အသေအချာ ဖြစ်သွားပါလိမ့်မယ်။ အရင်တုန်းကလည်း စစ်အစိုးရဟာ အနောက်ရဲ့ ဝေဖန်ပြောဆိုမှုတွေ ရပ်တန့် သွား ရအောင် သူတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေကို ထောက်ပံ့တာနဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ရုပ်သိမ်း၊ အကူအညီ အထောက်အပံ့တွေ ပေးပြီး ပြည်သူလူထုရဲ့ ဘ၀ပြည့်စုံ ဖူလုံမှုကို တိုးမြှင့်ပေး တာ နှစ်ခု အနက် တခုကို ရွေးချယ်လုပ်ကိုင်ကြဖို့ တိုက်တွန်းခဲ့ဖူးပါတယ်။ အနာဂတ်မှာတော့ ရွေးချယ်မှုဟာ ပိုပြီး ဆိုးဝါး ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မေ့ထားလိုက်မလား၊ ဒါမှမဟုတ် နျူကလီးယား မြန်မာနိုင်ငံနဲ့ နေတတ် အောင် ကြိုးစားမလား ဆိုတာကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

တချို့ကတော့ အနောက်နိုင်ငံတွေဟာ မြန်မာနိုင်ငံကို မြောက်ကိုရီးယားရဲ့လက်ထဲ ရောက်သွားအောင် တွန်းပို့မှု အတွက် တာဝန်တစိတ်တပိုင်း ရှိနေတယ်လို့ ဆန့်ကျင်ပြောဆိုကြပါတယ်။ သူတို့က ၂၀၀၈ ခုနှစ် နိုဝင်ဘာလ၊ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းမှာ အသက်မသေဘဲ ကျန်ရစ်တဲ့သူတွေကို အရေးပေါ် အကူအညီပေးအပ်ဖို့ အမေရိကန်၊ ပြင်သစ် နဲ့ ဗြိတိန်နိုင်ငံတွေက သူတို့ရဲ့ ရေတပ်သင်္ဘောတွေကို မြန်မာရေပိုင်နက်အနီး စေလွှတ်လိုက်ပြီး ၆ လ အကြာမှာ စစ်အစိုးရက လက်နက်သစ်တွေ အရောင်းအ၀ယ်ကိစ္စ တွေ့ဆုံဆွေးနွေးဖို့ ပြုံယမ်းကို အဆင့်အမြင့်ဆုံး ကိုယ်စားလှယ် စေလွှတ်ခဲ့တာကို ထောက်ပြဝေဖန်ခဲ့ကြတာပါ။

ဒါပေမယ့် အနောက်ရဲ့ ဆောင်ရွက်မှုတွေဟာ စစ်အစိုးရရဲ့ အစုလိုက်အပြုံလိုက် ပျက်စီးစေနိုင်တဲ့ လက်နက်တွေ ရယူ ပိုင်ဆိုင်ဖို့ ကြိုးစားအားထုတ်မှုရဲ့ အခြေခံစေ့ဆော်မှုဖြစ်တယ်ဆိုတဲ့ စိတ်ကူးကတော့ မမှန်လောက်ပါဘူး။ စစ်အစိုးရ ဟာ အဲဒီလမ်းကြောင်းအတိုင်း သွားနေတာ နှစ်ပေါင်းအတော်ကြာခဲ့ပါပြီ။ နောက်ပြီး အတုအယောင် အရပ်သား အုပ်ချုပ်ရေး ပြန်တည်ဆောက်ပေးဖို့ အချိန်ဆွဲထားတဲ့ဖြစ်စဉ်ဟာ စစ်ဗိုလ်ချုပ်တွေက သူတို့ရဲ့ကြီးမားတဲ့ စစ်ရေး ရည်မှန်းချက်တွေကို နားလည်သဘောပေါက်ဖို့ အချိန်ဆွဲထားတဲ့ နည်းလမ်းတခုထက်တော့ ပိုပြီးဖြစ်လောက်တယ်လို့ အငြင်းပွားလို့ရပါတယ်။

ဒီအတိုင်းဖြစ်မယ်ဆိုရင် စစ်အစိုးရဟာ ဒီနှစ်ရွေးကောက်ပွဲကို မကောင်းတဲ့ အရာတခုအဖြစ် သဘောထားပြီး စစ်မှန်တဲ့ ဒီမိုကရေစီလုပ်ရပ်အဖြစ် ပြသဖို့ စိတ်ဝင်စားမှုမရှိဘူးလို့ ထင်ရပါတယ်။ တကယ်တော့ သုံးခုထဲက တခုကို ဆိုလိုတာ ပါ။ စစ်အစိုးရဟာ တခါထပ်ပြီး အပြောင်းအလဲလုပ်ပေးမယ်ဆိုတဲ့ အဓိပ္ပာယ်မရှိတဲ့ ကတိစကားတွေကို အနောက်နိုင်ငံ တွေက ယုံကြည်ကြလိမ့်မယ်လို့ တကယ်ပဲ ထင်တာဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် တရုတ်ဟာ သူ့အတွက် အကျိုးစီးပွား တစုံတရာ ရှိနေသေးသမျှ သူ့ရဲ့နောက်ကို အမြဲဆက်ပြီး စောင့်ကြည့်နေလိမ့်မယ်ဆိုတဲ့ စစ်အစိုးရရဲ့ယုံကြည်မှုကို အချက်ပြတာ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် အစိုးရိမ်ရဆုံးကတော့ ဒါဟာ စစ်ဗိုလ်ချုပ်တွေက ဒီမိုကရေစီ ဦးတည် ဆောင်ရွက်နေသယောင် ဆက်ပြီး ဟန်ဆောင်ပြနေတာထက် ပြုံယမ်းရဲ့နမူနာအတိုင်း လိုက်လုပ်ဖို့ကို ပိုပြီးစိတ်ဝင်စား တယ် ဆိုတာ ပြသတာပဲဖြစ်ပါတယ်။

ပထမဖြစ်နိုင်ခြေက ပိုပြီးလက်တွေ့ ကျပါတယ်။ အနောက်နိုင်ငံ အတော်များများ အထူးသဖြင့် ဥရောပက ဒီတခါတော့ စစ်ဗိုလ်ချုပ်တွေဟာ တကယ်ပဲ အာဏာကို လွှဲပြောင်းပေးဖို့ ပြောနေတာပဲလို့ ယုံကြည်နေခဲ့ကြပါတယ်။

ဒုတိယ ဖြစ်နိုင်ခြေကလည်း လုံးဝသေချာလောက်ပါတယ်။ ဘေဂျင်းက စစ်အစိုးရကို သစ္စာရှိရှိပဲ ဆက်ပြီး ကူညီ ထောက်ပံ့မှု ပေးနေဆဲဖြစ်ပါတယ်။ နေပြည်တော်နဲ့ ပြုံယမ်းဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးမှာတောင် အရေးပါ တဲ့ အခန်းကဏ္ဍက ပါဝင်လှုပ်ရှားပေးခဲ့ပါတယ်။

၂၀၀၇ ခုနှစ်မှာ နှစ်နိုင်ငံ ပုံမှန်ဆက်ဆံရေး ပြန်လည် ထူဆောင်ခဲ့တဲ့အချိန်မှာ တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့် ရှိသူ လျူကျန်ချောင်း (Liu Jianchao) က “မြောက်ကိုရီးယားနဲ့ မြန်မာ နိုင်ငံနှစ်နိုင်ငံလုံးဟာ တရုတ်နိုင်ငံရဲ့ ရင်းနှီးတဲ့ အိမ်နီးချင်းတွေပါ။ သူတို့နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေး တိုးတက်လာတာကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါ တယ်”လို့ ပြောခဲ့ပါတယ်။ ဒေသတွင်း တည်ငြိမ်မှုရရှိရေးအတွက် ပူပင်သောကရှိတယ်လို့ အရိပ်အမြွက်တောင် ပြော မသွားပါဘူး။

တတိယဖြစ်နိုင်ခြေကတော့ ဖြစ်နိုင်မှု အနည်းဆုံးပါပဲ။ အထူးသဖြင့် အလွန် ခေတ်နောက်ကျနေပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ နျူကလီးယားအစီအစဉ် အခြေအနေပေါ့လေ။ ဒီအဆင့်မှာ လောလောလတ်လတ် ဖြစ်နိုင်တဲ့ အခြေအနေထက် အဆိုးဝါးဆုံး အခြေအနေ နယ်ပယ်ထဲမှာပဲ ရှိပါသေးတယ်။ ဒါပေမယ့် မြန်မာနိုင်ငံဟာ ဒုတိယ မြောက်ကိုရီးယား ဖြစ်လာမှာ စိုးရတဲ့အတွက် ဒီအနေအထားမှာတောင် အလေးအနက် တုံ့ပြန်မှုကို လိုအပ်နေပါပြီ။

အဲဒီလို မဖြစ်ဖို့ စိတ်ချရအောင် ပထ၀ီ နိုင်ငံရေးအရ တူညီမှုတွေရှိနေပေမယ့် တရုတ်နိုင်ငံ သြဇာလွှမ်းမိုးမှု နယ်ပယ် အတွင်းမှာ လှုပ်ရှားဆောင်ရွက်နေတဲ့ အပြည်ပြည်ဆိုင်ရာ မိတ်ဆွေမဲ့ ဇာတ်ပျက်တွေအဖြစ် မြန်မာနိုင်ငံနဲ့ ကိုရီးယား နိုင်ငံဟာ အများကြီး မတူကွဲပြားတဲ့နိုင်ငံတွေလို့ ကျနော်တို့က ပထမဆုံး အသိအမှတ်ပြုဖို့ လိုအပ်ပါလိမ့်မယ်။
တိုင်းပြည်နှစ်ခုစလုံးဟာ ရက်စက်ကြမ်းကြုတ်တဲ့ အစိုးတွေ အုပ်ချုပ်တာ ဖြစ်ပေမယ့် မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၅၀ နီးပါး ကြာတဲ့အထိ စစ်တပ်အုပ်ချုပ်ရေးအောက်မှာ ရှင်သန်နေနိုင်သေးတဲ့ လူမှုအဖွဲ့အစည်းတခု ရှိနေပါသေးတယ်။ မြန်မာတွေဟာ မြောက်ကိုရီးယားတွေထက် ပိုပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်လည်း ရှိကြတဲ့အတွက် အစိုးရရဲ့ ၀ါဒဖြန့်မှုတွေရဲ့ သြဇာသက်ရောက်ခံရမှု လျော့နည်းကြပါတယ်။ တကယ်တော့ လူကြိုက်များတဲ့ မြန်မာ စစ်အစိုးရ တိုက်အခံတွေဟာ နိုင်ငံတကာ နီးပါးလောက်ပါပဲ။ နောက်ပြီး စစ်တပ်အတွင်းမှာတောင် အခြေအနေမှန်တခု ရောက် သွားရင် စစ်အစိုးရကို စိတ်လိုလက်ရ စွန့်ခွာသွားမယ့်သူတွေလည်း အများကြီးရှိပါတယ်။

လွန်ခဲ့တဲ့ နှစ်ကုန်ပိုင်းကတည်းက အိုဘားမား အစိုးရက စစ်တပ်ရဲ့ အနာဂတ်ခေါင်းဆောင်တွေထဲမှာ ပိုပြီးတိုးတက်တဲ့ အတွေးအခေါ်ရှိတဲ့သူတွေကို ရှာဖွေဖော်ထုတ်ဖို့ စစ်အစိုးရကို ချဉ်းကပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ်လို့ အဲဒီချဉ်းကပ် မှုဟာ ယနေ့အထိတော့ ငြင်းပယ်ခံထားရဆဲပဲ ဖြစ်ပါတယ်။

အိုဘားမား အစိုးရက စစ်အစိုးရကို ကိုင်တွယ်တာ လွယ်ကူတဲ့အလုပ် မဟုတ်ဘူးဆိုတာ နားလည်ထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီအဆင့်လောက်နဲ့ သူတို့ရဲ့ အားထုတ်မှုကို လက်လျှော့လိုက်မယ့် အလားအလာ မရှိပါဘူး။ ဒါပေမယ်လို့ သူများပြောတာကို လိုက်နာလေ့မရှိတဲ့ စစ်ဗိုလ်ချုပ်တွေ ပိုပြီးလက်ခံလိုက်နာလာအောင် လုပ်ချင်တယ်ဆိုရင် ဖိအား ပေး နိုင်ဖို့ကို ပိုပြီး လုပ်ဆောင်ရပါလိမ့်မယ်။ အဲဒါကို အထိရောက်ဆုံးဖြစ်အောင် လုပ်ချင်တယ် ဆိုရင် အမေရိကန် ပြည်ထောင်စုအနေနဲ့ စစ်အစိုးရကို ပြုပြင်ပြောင်းလဲအောင် ဝေဖန်ပြောဆိုဖို့ ပိုပြီးကောင်းမွန်တဲ့ အခွင့်အလမ်းရှိလာတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ စစ်အစိုးရရဲ့ လျှို့ဝှက်လက်နက် အစီအစဉ်ကို ချဆွေးနွေးဖို့ တင်ပြရပါလိမ့်မယ်။

အခုချိန် အထိကတော့ ဒီကြိုးစားအားထုတ်မှုတွေဟာ မြန်မာနိုင်ငံက ဒေသတွင်းတည်ငြိမ်မှုကို ခြိမ်းခြောက်လာတဲ့ အခြေအနေ မရှိသေးပါဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်နဲ့ရုရှား နိုင်ငံတွေရဲ့ တားဆီးတာကို ခံနေရဆဲဖြစ်ပါတယ်။

ဒါပေမယ့် ဒီရပ်တည်ချက်ဟာ ဆန့်ကျင်ဘက်အခြေအနေကို သက်သေအထောက်အထားနဲ့ ပြသနိုင်လာတဲ့အချိန်မှာ ဆက်ပြီး ထိန်းသိမ်းနိုင်ဖို့ ပိုပြီးခက်ခဲလာနေပါပြီ။ တကယ်လို့ စစ်အစိုးရရဲ့ မဟာမိတ်တွေက ဒီအခြေအနေကို ကျားကုတ် ကျားခဲ တွယ်ကပ်နေမယ်ဆိုရင်တောင် စစ်အစိုးရဟာ မြောက်ကိုရီးယားနဲ့ လက်နက်ကုန်သွယ်မှု မလုပ်ဖို့ တားမြစ်ပိတ်ပင်ထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်နေတယ်ဆိုတာကိုတော့ သူတို့ အနေနဲ့ ငြင်းဆန်ဖို့ ခက်သွားပါပြီ။

ကမ္ဘာက မြန်မာ စစ်ဗိုလ်ချုပ်တွေ သူတို့ ကိုင်စွဲထားတဲ့ လမ်းကြောင်းအတိုင်း ဆက်ပြီးသွားနေတာကို ခွင့်မပြုနိုင်တော့ ဘူး ဆိုတာကို အသိအမှတ်ပြုရပါလိမ့်မယ်။ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားမဟုတ်ပါဘူး။ ဒါပေမယ့် တိုင်းပြည်ရဲ့ စစ်တပ်အုပ်ချုပ်သူ ခေါင်းဆောင်တွေဟာ ကိုယ့်ရှင်သန်နေထိုင်ရေး အန္တရာယ် ကျရောက်လာတဲ့အချိန်မှာ အိမ်နီးချင်း တွေကို ပြန်ပေးဆွဲ ငွေတောင်းတတ်တဲ့ ပြုံယမ်းခေါင်းဆောင်တွေထက်တော့ စွမ်းဆောင်ရည် မလျော့ပါဘူး။သူတို့ရဲ့ နျူကလီးယားအိပ်မက်ကို နားလည်သဘောပေါက်လာအောင် ပထမအဆင့်တွေကို သူတို့စတင်ဆောင်ရွက်ရပါမယ်။ အခုချိန်မှာ အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းကလည်း ကျန်တဲ့လူသားတွေ အားလုံးအတွက် နျူကလီးယား ခြောက်အိပ်မက် တခု ဖြစ်မလာရအောင် ကာကွယ်တားဆီးဖို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။


Junta's Dream is the World's Nightmare by Aung Zaw ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။
http://www.irrawaddy.org/bur/index.php/editorial/2009-02-27-05-56-44/3992-2010-09-06-09-22-52

“ဗိုလ်ချုပ်မှူးကြီးသေမှ အပြောင်းအလဲဆိုတာမြင်တယ်”


“ဗိုလ်ချုပ်မှူးကြီးသေမှ အပြောင်းအလဲဆိုတာမြင်တယ်”

Share/Save/Bookmark ဦးအောင်လင်းထွဋ်သည် ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပြီး ၁၉၇၈ ခုနှစ် ဇန်န၀ါရီ ၂၆ တွင် တပ်မတော် ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်ခြင်းခံရသည်။ ၁၉၉၉ ခုနှစ် စက်တင်ဘာတွင် နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ လွှဲပြောင်း အမှုထမ်းဆောင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် စစ်တပ်မှ အငြိမ်းစား ယူခဲ့သည်။ အမေရိကန် နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ သံမှူးကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုတွင် နိုင်ငံရေး ခိုလှုံခွင့် တောင်းခံခဲ့သည်။ မကြာသေးမီက ခရစ္စတီးကျွန်း လူသတ်မှုနှင့်ပတ်သက်၍ ကိုယ်တွေ့ကြုံခဲ့ရသည့် ဦးအောင်လင်းထွဋ်၏ ထုတ်ဖော်ပြောကြားချက်များမှာ အင်တာနက်ပေါ်တွင် ပျံ့နှံ့ခဲ့သည်။

Aung Lin Htut-Pho

ဦးအောင်လင်းထွဋ် (ဓါတ်ပုံ - www.photayokeking.org)

ခရစ္စတီးကျွန်း လူသတ်မှုတွင် ပါဝင်ခဲ့သည့် ဗိုလ်မှူးချုပ်သူရမြင့်အောင်မှာ ကာကွယ်ရေးဦးစီးချုပ် ရာထူးကို လွှဲပြောင်းရယူ မည့်သူဟု သတင်းကြီးနေပြီး ၎င်းမှာ ဦးအောင်လင်းထွဋ်နှင့် စစ်တက္ကသိုလ်တွင် ဆုံခဲ့သူလည်း ဖြစ်သောကြောင့် ခရစ္စတီးကျွန်း လူသတ်မှု အတွေ့အကြုံအပါအဝင် လက်ရှိ စစ်အစိုးရ အပြောင်းအလဲကိစ္စရပ်များနှင့် ပတ်သက်၍ ဧရာဝတီသတင်းထောက် ကိုထွေးက မေးမြန်းထားပါသည်။

မေး။ ။ ၁၉၉၈ ခုနှစ်က ခရစ္စတီးကျွန်း လူသတ်မှု ဖြစ်စဉ် အကြောင်း ပြောပြပေးပါလား။

ဖြေ
။ ။ အိန္ဒိယထောက်လှမ်းရေးတွေနဲ့ ပတ်သက်တယ်။ အိန္ဒိယထောက်လှမ်းရေးကနေပြီးတော့မှ စစ်တပ်ချင်း သတင်း ဖလှယ်တဲ့ စနစ် လုပ်ကြတာကိုး။ အဲဒီမှာ အိန္ဒိယ ထောက်လှမ်းရေးက မြန်မာပြည်ဖွား၊ ဗမာနာမည်က မျိုးမြင့်ဆိုတဲ့ ကာနယ် ဂရိတ် ဝေါက ကျနော်တို့ကို ဆက်သွယ်တယ်။

သူတို့က မြန်မာပြည်နဲ့ ယိုးဒယားနယ်စပ်က ကျွန်းပေါ်မှာ သေနတ်တွေရှိတယ် ဆိုပြီး ကျနော်တို့ စစ်တပ်ကို သတင်းပေးတယ်ဗျ။ အဲဒါကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စစ်ဆင်ရေး ကြည်းတပ် တခု လုပ်ခိုင်းတယ်။ ဗိုလ်မှူးချုပ်သူရမြင့်အောင်ရဲ့ ကွပ်ကဲမှုနဲ့ ကော့သောင်းမှာ အခြေချ စစ်ဗျူဟာမှူးလုပ်တဲ့ ဗိုလ်မှူးကြီးဇော်မင်း၊ အခု ကြံ့ဖွံ့တွဲဘက် အထွေထွေ အတွင်းရေးမှူး၊ လျှပ်စစ် ဝန်ကြီးဇော်မင်းပေါ့။ သူက အဲဒီအချိန်တုန်းက ဗျူဟာမှူး။ သူနဲ့ တပ်ရင်းတရင်းပါတယ်။ အဲဒီမှာ ကျွန်းတွေကို တက်ပြီးတော့ ရှင်းတယ် ဆိုပါတော့ဗျာ။

ရှင်းတဲ့အခါကျတော့ အဲဒီကျွန်းပေါ်မှာ မီးကြိုးမောင်းပျက်သေနတ်တော့ တွေ့တယ်။ အလက် ၂၀၊ ၃၀ လောက်ပေါ့။ သူတို့ သတင်းပေးသလို ရာနဲ့ချီတဲ့ အကောင်းတွေ မရှိဘူး။ ဘယ်တုန်းက သေနတ်တွေလည်း မသိဘူး။ ဒါပေမယ့် ဖြစ်ချင်တော့ ကျွန်းပေါ်မှာက အရပ်သားတွေချည်းပဲ ၅၉ ယောက်ကို ဖမ်းမိတယ်။ အဲဒီ အရပ်သားတွေကို ရှင်းပစ်ရတယ်။ ကျနော်စိတ်မကောင်းတာက ၄၊ ၅၊ ၆ နှစ် အရွယ်ကလေးလေးတွေ ပါတယ်။ မိန်းမတစ်ယောက်ဆိုဗျာ၊ ကလေးမွေးပြီးတာ သိပ်မကြာသေးဘူး။ တကယ်တော့ အဲဒီအရပ်သားတွေက သစ်ခုတ်ပြီးတော့ ထိုင်းဘက်ကိုသွားရောင်းစားတဲ့ သူတွေပါ။

မေး။ ။ အဲဒီမှာ ဗိုလ်မှူးချုပ်သူရမြင့်အောင်ရဲ့ပါဝင်ပတ်သက်မှုက ခေါင်းဆောင်တယောက် နေရာကလား။

ဖြေ။ ။ ကွပ်ကဲမှုအဖွဲ့မှာ သူက ကြည်းတပ်ရဲ့ ခေါင်းဆောင်ပေါ့ဗျာ။ တကယ် ကိုယ်ထိလက်ရောက် သတ်ရတာက ဗိုလ်မှူးကြီးဇော်မင်းပေါ့။ ရေတပ်ကခေါင်းဆောင်က ကြည်မင်းပေါ့။ လေတပ်ကခေါင်းဆောင်က မြင့်ဆွေပေါ့လေ။

မေး။ ။ ကာကွယ်ရေး ဦးစီးချုပ်ခန့်အပ်ဖို့အတွက် သတင်းတွေထွက်နေတဲ့ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်နဲ့ အတူတူ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံကို ပြောပြပေးပါ။

ဖြေ။ ။ ကိုသူရမြင့်အောင်က စစ်တက္ကသိုလ် အပတ်စဉ် ၁၈၊ ကျနော်က အပတ်စဉ် ၂၀ ဗျ။ ကျနော်တို့ စစ် တက္ကသိုလ်မှာ တပ်ခွဲ ၄ ခွဲရှိတယ်။ အောင်ဇေယျရယ်၊ အောင်ဆန်းရယ်၊ ဘုရင့်နောင်ရယ်၊ အနော်ရထာရယ်။ အဲဒီမှာ ကိုသူရမြင့်အောင်နဲ့ ကျနော်တို့က အောင်ဇေယျ တပ်ခွဲက၊ တခွဲထဲပဲ။ အဲဒီတပ်ခွဲမှာ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ် လေးနှစ်လုံးကို အတူတူ ထားတယ်။ ၂ နှစ်အတူ တပ်ခွဲ တခွဲတည်းမှာ နေခဲ့ရတယ်။ ကျနော်တို့ အောင်ဇေယျမှာ မြင့်အောင် ၂ အောင်ရှိတယ်။ ကိုသူရမြင့်အောင်ကို ဒူကြီးလို့ ခေါ်တယ်ဗျာ။ သူက ပင်ကိုကတော့ ရိုင်းတာ မဟုတ်ဘူး။ လူချစ်လူခင်များတယ်။

၁၉၈၃၊ ၈၄ လောက်က ကရင်ပြည်နယ် မဲသဝေါမှာ တိုက်ပွဲတွေ အကြီးအကျယ် တိုက်ကြတဲ့ အချိန်မှာ ဗိုလ်ကြီးဘဝကနေ သူရဘွဲ့ကိုရတယ်။ သူရဘွဲ့ ရပြီးတဲ့ အခါကျ ဗိုလ်ကြီးဘဝမှာပဲ သူက ဗိုလ်ချုပ်ကြီး ချစ်သူရဲ့ ကစထ ပေါ့လေ။ အဝေး စစ်ဆင်ရေး ဌာန အထူးဖွဲ့မှာ ကစထ ဗိုလ်ကြီးနဲ့ရောက်တယ်ဗျာ။ အဲဒီကနေပြီတော့ တပ်ခွဲမှူးနဲ့ ခြေလျင်ပြန်ဆင်း သွားရသေးတယ်။ စစ်ဦးစီးမှူး ဒုတိယတန်းနဲ့ ကစထ ဗိုလ်ချုပ်ကြီး ချစ်သူဆီ ပြန်ရောက်တယ်။ သူက ငယ်တဲ့အချိန်မှာ စိတ်ဓာတ်ကောင်းပါတယ်။ သူရမြင့်အောင်ကတော့ ဦးနှောက်တွေ၊ ဉာဏ်တွေဘာတွေ သုံးတဲ့လူမျိုး မဟုတ်ဘူး။ သိပ်ပြီးတော့မှ စဉ်းစား ဆင်ခြင်တဲ့လူမဟုတ်ဘူး။ အထက်က သတ်ဆိုသတ် လိုက်တာပဲ။

မေး။ ။ အခုရက်ပိုင်းအတွင်းက စစ်တပ်အတွင်း ရာထူးအပြောင်းအလဲနဲ့ ပတ်သက်ပြီး ဘယ်လိုယူဆပါသလဲ။

ဖြေ။ ။ ၁၉၉၇ ခုနှစ် ကျနော် စစ်ရုံးမှာ ရှိစဉ်တုန်းက နဝတ ဗိုလ်ချုပ်တွေကို ဖြုတ်ပြီး နအဖ ဖြစ်လာတဲ့ ဖြစ်စဉ်လေးတခု ရှိပါတယ်။ အဲဒီတုန်းက ဖြစ်စဉ်လေးကို အကြမ်းဖျင်း ပြန်ပြောရရင် မိန်းမနဲ့ ပတ်သက်တာကော၊ လာဘ်စားတဲ့ ကိစ္စတွေကော တော်တော်လေး နာမည်ထွက်တဲ့ ဗိုလ်ချုပ် ထွန်းကြည်၊ ဗိုလ်ချုပ် မြင့်အောင်၊ ဗိုလ်ချုပ်ကျော်ဘတို့ ကို ဖြုတ်မယ်ဆိုပြီး သတင်းတွေ ကြိုပြီး ထွက်ပါတယ်။ ရာထူး မဖြုတ်ခင်နေ့ မနက်မှာ ကျနော် တာဝန်မှူး တာဝန်ကျတယ်ဗျ။ မနက် ၄ နာရီမှာ ဗိုလ်ချုပ်တင်ဦးနဲ့ ဗိုလ်ချုပ်ခင်ညွန့်ကို ဖုန်းခေါ်တယ်ဗျ။ ဗိုလ်ချုပ်မှူးကြီးက ခေါ်ခိုင်းလို့ဆိုပြီးတော့ ခေါ်တာ။ ကျနော်တို့ကလည်း အဲဒီမှာ ထူးထူး ခြားခြား ဖြစ်တာပေါ့လေ။

မနက် ၄ နာရီ ခေါ်တယ်ဆိုတော့ ဘယ်လိုမှ ဒါ မဖြစ်နိုင်တဲ့ အနေအထားလေ။ ကျနော်တို့ အားလုံး ရှိတယ်ပေါ့လေ။ ဗိုလ်ချုပ်ခင်ညွန့်နဲ့ ဗိုလ်ချုပ်တင်ဦးတို့ အပေါ်တက်သွားတယ်။ အပေါ်ထပ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရယ်၊ ဗိုလ်ချုပ် မောင်အေးရယ်။ အားလုံး ၄ ယောက်ပေါ့လေ။ အဲဒီ ၄ ယောက် အစည်းအဝေး လုပ်ပြီးတော့ မနက်မိုးလင်းတဲ့အခါမှာ ၈ နာရီ အရောက် အဲဒီ နဝတ အဖွဲ့ဝင်တွေအားလုံးကို အရေးပေါ်အစည်းအဝေး ဆိုပြီးတော့ ခေါ်လိုက်တယ်။

ဗိုလ်ချုပ်ကြီးတွေလည်း ကတိုက်ကရိုက် ရောက်ချလာတယ်ဗျ။ သူတို့အားလုံးကို အခန်း ၁ ခန်းမှာ ထည့်ထားလိုက်တယ်။ အဲဒီမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်ကြီးမောင်အေး၊ ဗိုလ်ချုပ်တင်ဦးနဲ့ ဗိုလ်ချုပ်ခင်ညွန့်တို့ ၄ ယောက်က တခြား အခန်းတခန်း ထဲမှာ။ သူတို့ကို တယောက်ပြီးတယောက် အခန်းထဲ ဝင်ခိုင်းတယ်။ နောက်ပိုင်း ကျနော်တို့ပြန်သိတာ ဘာလဲဆိုတော့ မင်းတို့ကို ဒီနေ့ကစပြီး အနားပေးမယ်၊ မင်းတို့ရုတ်ရုတ် ရုတ်ရုတ်လုပ်ရင် ဂျေးထဲထည့်ထားမယ်ဆိုပြီးပြောတာ။ သိပ်ကြာကြာ မပြောဘူး။ ကြိမ်းတာပေါ့ဗျာ။ မင်းတို့ အိမ်မှာပဲနေ၊ မင်းတို့ဘယ်မှ မသွားနဲ့၊ လိုအပ်ရင်မေးမယ်၊ မြန်းမယ်။ ပြီးတာနဲ့ တခါတည်း ပြန်ခိုင်းလိုက်တယ်။ ပြန်ခိုင်းပြီးတော့ သူတို့ရဲ့ လုံခြုံရေးအစောင့်တွေ အားလုံး သိမ်းလိုက်တယ်။ သိမ်းပြီးတော့မှ အိမ်ထဲက အိမ်ပြင် မထွက်ရဘူးဆိုပြီး ကျန်တဲ့လုံခြုံရေးတွေနဲ့ ပိတ်ထားလိုက်တော့တယ်။

ကျနော်ပြောချင်တာက အဲဒီတုန်းကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဘယ်သူ့မှကို မတိုင်ပင်ဘဲနဲ့ လုပ်ချလိုက်တဲ့ အနေအထား မျိုးပေါ့ဗျာ။ အခုလည်း သတင်းတော့ ထွက်တာပေါ့ဗျာ။ သူ့ရဲ့ လုပ်နည်း လုပ်ဟန်ကလည်းကြိုပြီးတော့မှ အမြဲတမ်း အနံ့လေး ထုတ်ပေးလိုက်တယ်။ ဒီအနံ့ပေါ်မှာ မူတည်ပြီးတော့ ဘယ်လိုပြန်လာသလဲဆိုတာ နားထောင်တယ်။ ကျနော်တို့ တုန်းကတော့ ဗိုလ်ချုပ်ကျော်ဝင်းတို့ ပြောလိုက်ရင် ယုံတာဗျ။ ဒါပေမယ့် တကယ့်တကယ်ကျတော့ ဒီအတိုင်းဖြစ်ချင်မှ ဖြစ်မယ်။

ကျနော့်အမြင်ကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အလုပ်တခုလုပ်ရင် အရမ်းမလုပ်ဘူး။ အခု ကိစ္စမှာလည်း သူတယောက်တည်း လုပ်လိုက်တာပဲ။ ကျန်တဲ့ ဗိုလ်ချုပ်ကြီးတွေ ဘာဖြစ်လာမလဲ ဆိုတဲ့ဥစ္စာက သူ့စိတ်ထဲမှာပဲ ရှိဦးမယ်။ အဓိက ကတော့ သူ့ရဲ့ အသက်အရွယ်အရ၊ သူ့ရဲ့အနာဂတ်အရ သူဟာ ဒီတပ်ကိုတော့ အခုအချိန်မှာ သူစိတ်ချရတဲ့ လူကို လွှဲအပ်ပေး မထားရင် သူ့အတွက်အန္တရာယ်ရှိတယ်။ ဒါကြောင့်မို့လို့လည်း ကိုသူရမြင့်အောင်လို လူမျိုးကို ပေးခဲ့လိုက်တယ်။ ကိုကိုလိုလူမျိုးကိုပေးခဲ့တယ်။

သူရမြင့်အောင်ကတော့ ကျနော်ပြောဖူးပါတယ်။ ဦးနှောက်တွေ၊ ဉာဏ်တွေ သိပ်သုံးတဲ့လူမျိုးမဟုတ်ဘူး။ သိပ်ပြီးတော့မှ စဉ်းစား ဆင်ခြင်တဲ့လူမဟုတ်ဘူး။ အထက်က သတ်ဆိုသတ် အဲဒီလို သိပ်ပြီးတော့မှ အကြင်နာ တရားမရှိဘူး။ အဲဒါမျိုးလူတွေကို ထားခဲ့တယ်။

ပတ်သက်ရာ ပတ်သက်ကြောင်းတွေပဲ ထားခဲ့တယ်။ မင်းအောင်လှိုင်ကို ရွှေမန်းနေရာ ပေးလိုက်တာကတော့ သူ ဗြောင်ကြီး လုပ်ချလိုက်တာပဲ။ မင်းအောင်နိုင်က ကျနော်နဲ့ ၁၀ တန်းအတူတူအောင်တယ်။ ဒါပေမယ့် ဗိုလ်သင်တန်း အပတ်စဉ် သူက တနှစ်စောတယ်။ စိတ်ဓာတ်မကောင်းဘူး။ ညစ်တတ်တဲ့ စိတ်ရှိတယ်။

ကိုရွှေမန်းမှာကတော့ တခုပြောစရာ ရှိတယ်။ ၂၀၀၈ ခုနှစ်အတွင်းမှာတုန်းက သူမြောက်ကိုရီးယားကို ခရီးစဉ်ကိစ္စတွေ နောက်ပိုင်း နာမည်လေး ထွက်လာတွေ ရှိတယ်။ ဒါက ကျနော့်သူငယ်ချင်း ကိုဝင်းနိုင်ကျော်နဲ့ ထောင်ထဲမရောက်ခင် ပြောခဲ့ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ လူငယ်ပိုင်းနဲ့ စီးပွားရေးသမားဗျာ။ ဇော်ဇော်တို့ဘာတို့ဆိုတာ သူ့အနားက လူတွေ။ သတင်းတွေ ထွက်လာတာက ဒီအဘိုးကြီးနှစ်ယောက်နဲ့တော့ ဗမာပြည် ရှေ့ဆက်လုပ်ရင် သိပ်ပြီးတော့ အခြေအနေတော့ မကောင်းဘူး၊ တကယ်လို့ ကိုရွှေမန်းများဆိုရင် ဘယ်လိုဖြစ်မလဲ ဆိုတာ စဉ်းစားတာပါ။ ကိုရွှေမန်းကိုယ်တိုင် သိတာမဟုတ်ဘူး။ ဒါမျိုးသတင်းတွေပေါ်မှာ မူတည်ပြီးတော့ ကိုရွှေမန်းအပေါ်မှာ အဘွားကြီးဒေါ်ကြိုင်ကြိုင်နဲ့ အဘိုးကြီးတို့ ငြိုငြင်တာလေးတွေ ရှိကြတယ်ဗျ။ ဒါတွေကလည်း သူတို့ထဲမှာ၊ အတွင်းထဲမှာလည်း အရှုပ်အရှင်းတွေ ရှိတယ်။ ဗိုလ်ချုပ်တင်အောင်မြင့်ဦးသားနဲ့ သူ့မြေး နေရွှေသွေးအောင်တို့ ဖြစ်တဲ့ ကိစ္စတွေလည်း ဒီမိသားစုတွေ ကြားထဲမှာရှိတယ်။

အဓိကကတော့ ဗိုလ်ချုပ်ကြီးမောင်အေး။ ဗိုလ်ချုပ်ကြီးမောင်အေးနဲ့ ဗိုလ်ချုပ်မှူးကြီးကြားမှာ လူတွေမသိတဲ့ ပြဿနာတွေ အများကြီးရှိတယ်ဗျ။ ဗိုလ်ချုပ်ကြီးမောင်အေးက တကယ်တော့ စစ်သား။ ချမယ်၊ တိုက်မယ်။ အဲဒီလိုလူမျိုး။ သူက DSA တော့ DSA ပဲ။ ဒါပေမယ့် DSA တိုင်းကတော့ ဗိုလ်ချုပ်မောင်အေးရဲ့ တပည့်တော့မဟုတ်ကြဘူး။ အဲဒီမှာ ဗိုလ်ချုပ်မောင်အေးရဲ့ အာဏာက ဘာမှ သိပ်မရှိဘူး။ ဗိုလ်ချုပ်မောင်အေးကလည်း နဂိုကတည်းကမှ အရက်သောက်တတ်တဲ့လူဆိုတော့ အရက်ကြီးပဲ ဖိသောက်တယ်။ နောက်ပိုင်း ၂၀၀၈၊ ၂၀၀၉ လောက်မှာဆိုရင် ဗိုလ်ချုပ် မောင်အေးက နေ့လယ်ဘက်မှာ အရက်သောက်တဲ့ အနေအထားမျိုး ဖြစ်လာတယ်။

အကျိုးအကြောင်းရှိရင်၊ သတင်းသွားပို့ရင်တောင်မှ ဗိုလ်ချုပ်မောင်အေးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေါ်မှ လာရတယ်။ ဒီအတိုင်း အကြောင်းမဲ့သွားပြီး သတင်းပို့ခွင့်မရှိတော့ဘူး။ နေပြည်တော် ရောက်သွားပြီးတဲ့အခါမှာ အခြေအနေက တော်တော်လေး ဆိုးလာတော့ ဗိုလ်ချုပ်မောင်အေးက အစည်းအဝေးမှာ ငါလည်း ဦးစီးချုပ်လုပ်နိုင်ပါတယ်ဆိုပြီး အရက်ထွေထွေနဲ့ ရင်ဖွင့်တာတွေ ရှိလာတယ်။ သို့သော်၊ ဗမာ့ တပ်မတော်မှာ လှုပ်လို့မရဘူးဗျ။ ဗိုလ်ချုပ်မောင်အေးလည်း လှုပ်လိုက်ရင် ဗိုလ်ချုပ်ခင်ညွန့် နောက်လိုက်သွားရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အရေးကြီးတဲ့ လက်နက်ကိုင်အားလုံးက ဗိုလ်ချုပ်မှူးကြီး လက်ထဲမှာ ရှိတာကိုး။ ပါဝါအားလုံးက သူကိုင်ထားတယ်။

အခု အခြေအနေကလည်း ဗိုလ်ချုပ်မှူးကြီးက သူ့အတွက်ပဲ အားလုံး သူစီစဉ်ပြီး လုပ်သွားခဲ့တာပဲ။ စစ်တပ်ကို သူပဲလုပ်မယ်။ အခု ဒုတိယ ဗိုလ်ချုပ်ကြီးလုပ်တဲ့သူတွေ ဂန့်နေပြီ။ အရင်လိုလည်း ဝန်ကြီးဖြစ်ဖို့မရှိဘူးဗျာ။ ရွေးကောက်ပွဲ ဝင်ဖို့ကကျတော့လည်း ဒီအချိန်ကျမှ ဘယ်လိုလုပ်ပြီး မဲဆွယ်မလဲ။ အရေးယူမခံရရင်ပြီးရော နေရမယ်ဆိုတဲ့ အနေအထားမျိုးလေးနဲ့ သူတို့နေကြတာ။ မျှော်လင့်ချက်ကတော့ ၂၅ ရာခိုင်နူန်းထဲမှာ သူတို့ကို ထည့်မလား ဆိုတာတော့ရှိတာပေါ့။

တပ်အတွင်းမှာတော့ ကျနော့်အမြင် ပြောရရင် အာဏာကို ရှင်းထုတ်လိုက်တာပဲ။ နိုင်ငံရေး အဖွဲ့ပိုင်း ကျတော့ ဦးသိန်းစိန်က ဗိုလ်ချုပ်မှူးကြီးနဲ့ ၈ လကြာ အတူတူနေခဲ့တာဗျ။ ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး ကြားမှာ ဘာပြဿနာမှ မရှိဘူး။ မိသားစုလိုက်ကော ကပ္ပတိန်လောက်ကတည်းက အတူနေခဲ့ကြတဲ့ လူဆိုတော့လေ။ ဒါကြောင့်မို့လို့ ဦးသိန်းစိန်ကို မထင်မှတ်ဘဲ ဝန်ကြီးချုပ်ကနေ ပါတီ ဥက္ကဋ္ဌ လုပ်ခိုင်းလိုက်တယ်။

အားလုံးကို ခြုံပြီးတော့ ကျနော်ပြန်သုံးသပ်ရရင်တော့ ဒီလိုလုပ်လိုက်တဲဥစ္စာက စစ်ဘက် စစ်ရေးဆိုင်ရာ ကိစ္စတွေမှာသူ ရှင်းထုတ်ပြီးတော့မှ သူကိုယှဉ်နိုင်မယ့်သူတယောက်မှ မရှိတော့ဘူးဗျာ။

အဲဒီမှာမှ ကျနော်ထောက်ပြရရင် ဗိုလ်ချုပ်ကြီးရဲမြင့်ပေါ့။ သူက ဗိုလ်ချုပ်ကြီးမောင်အေးရဲ့ တစ်ချိန်က ပီအေ ဗျ။ ဗိုလ်ချုပ်ရဲမြင့်ဆို ငြိမ်းချမ်းရေးကိစ္စတွေ၊ နယ်ခြားစောင့်တပ် ကိစ္စတွေနဲ့ ပတ်သတ်ပြီးတော့ သူ့အပေါ်မှ အမြင်မကြည်တာတွေ ရှိတယ်လို့ ကြားရတယ်။ အောင်မှမအောင်မြင်တာ။ အခုလက်ရှိတက်လာတဲ့ အတန်းတွေကတော့ တိုင်းမှူးတန်းတွေ ဆိုရင်တောင် ကျနော်တို့ထက် နှစ်နှစ်လောက် ငယ်သွားပြီ။ အပတ်စဉ် ၂၂ တို့ဘာတို့ အဲဒီအတန်းလောက်ဖြစ်သွားပြီ။ ၂၃၊ ၂၄ တန်းလောက်ဖြစ်သွားပြီ။ ဒါက new blood တွေအားလုံးကို ရွေးကောက်ပွဲ မတိုင်ခင် တင်ပေးလိုက်တဲ့ သဘောမျိုးပဲ။

မေး။ ။ ဒီလိုအပြောင်းအလဲက တိုင်းပြည်အပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ အကျိုးသက်ရောက်မှု အနေနဲ့ကတော့ အခုလက်ရှိ တက်လာတဲ့ စစ်ခေါင်းဆောင်ပိုင်းမှာ အသက် ၅၀ တန်းတွေ ဖြစ်လာတယ်။ တချိန်တခါကတော့ ကျနော်တို့နဲ့ ညီအစ်ကိုတွေပဲပေါ့ဗျာ။ ကျနော် ဆိုလိုချင်တာက ပြောင်းလဲချင်တဲ့ စိတ်ဓာတ်က အခုတက်လာမယ့် ခေါင်းဆောင် အသစ်တွေမှာ ရှိကြတယ်ဗျ။ ဒါက ငယ်စဉ်တုန်းက ရှိတဲ့စိတ်ဓာတ်ပေါ့ဗျာ။ အခု ကြီးလာတဲ့ စိတ်ဓာတ်ကတော့ သူ့အပေါ်မှာ အုပ်ထားတဲ့ လောင်းရိပ်ပေါ်မှာပဲ မူတည်တယ်။ နောက်ဆုံး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သေသွားမှသာ အပြောင်းအလဲဆိုတဲ့ ဟာမျိုးတွေ ကျနော်မြင်တယ်ဗျ။

မေး။ ။ ခုနကပြောသလိုပဲ ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်က အကြင်နာတရား သိပ်မရှိဘူး၊ စစ်ဆိုစစ်ပဲ သိတဲ့ လူတယောက်အနေနဲ့ ဒီပြောင်းအလဲမျိုးကို ဖော်ဆောင်နိုင်ပါ့မလား။

ဖြေ။ ။ ကျနော်ဆိုချင်တာက ဒီပုဂ္ဂိုလ်မှာက ဒီလောက်နိုင်ငံရေးကော၊ နိုင်ငံတကာရေးရော သိပ်မရှိဘူးဗျ။ ဒါပေမယ့် ကျနော်လက်ခံတာက သူ့အောက်မှာ ရှိတဲ့ ကိုကိုတို့ဘာတို့ကျတော့ ရှိတယ်။ သဘော သဘာဝ လူကြမ်းတွေပေါ့လေ။ သူရမြင့်အောင်ဆိုရင် လူကြမ်းပဲ လိုပြောရမယ်ဗျ။ လူကြမ်းတွေရဲ့ သဘော သဘာဝက သူတို့ပျော့သွားပြီဆိုရင်လည်း ခုနကပြောသလို သူများထက်ပိုပြီးတော့မှ လုပ်လို့လွယ်တယ်။ အဲဒီတော့ ကိုမြင့်အောင်လို လူမျိုးက လူကြမ်းတော့ လူကြမ်းပဲ။ ဒါပေမယ့် ခုနကပြောသလို ကိုင်တတ် တွယ်တတ်တယ်ဆိုရင်တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလို ဉာဏ်များတဲ့လူမျိုးတော့ မဟုတ်ဘူး။

မေး။ ။ ရှင်းထုတ်လိုက်တဲ့အထဲမှာ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ လူထဲက ၃၊ ၄၊ ၅ ယောက်လောက် ပြောပြပေးပါလား။

ဖြေ။ ။ ရှင်းထုတ်လိုက်တဲ့အထဲမှာ ထောက်လှမ်းရေးကပေါ့လေ။ ဗိုလ်ချုပ်ကြီးရဲမြင့်က တချိန်ကဗိုလ်ချုပ်ကြီးမောင်အေးရဲ့ ပီအေဗျ။ နောက်တယောက် ဗိုလ်ချုပ်ကြီးမြင့်လှိုင်တယောက်ရှိမယ်၊ လေကြောင်းကာကွယ်ရေးက။ ၂ ယောက်ရှိတာပေါ့နော်။ သူတို့က ၂၅ ရာခိုင်နှုန်းထဲမှာပဲ ပါမလား၊ လုံးဝ အငြိမ်းစားပေးတာလား၊ ဒါမှမဟုတ်လည်း ထုတ်ပစ်တာလား။ အကုန်လုံးက shock ဖြစ်နေကြတယ်။ သူတို့ကိုယ် သူတို့ ဘာဖြစ်မယ်ဆိုတာ ပြောလို့မရဘူး။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တယောက်တည်း လုပ်တာကိုး။ အတည်ပြုဖို့က ခက်တာပေါ့။

နောက် ရှင်းထုတ်တဲ့ အထဲမှာ သီဟသူရ တင်အောင်မြင့်ဦးကော၊ ရွှေမန်းကော ပါသွားတယ်။ ကျနော် သိရသလောက်ကတော့ သီဟသူရတင်အောင်မြင့်ဦးကတော့ ဗိုလ်ချုပ်ကြီးမောင်အေးနဲ့ ပိုနီးစပ်တယ်ဗျ။ ဗိုလ်ချုပ်တင်အောင်မြင့်ဦးသားနဲ့ အဘိုးကြီးမြေးနဲ့ ငြိပြီးနောက်ပိုင်းမှာ သူ့ကို စစ်ထောက်ချုပ် မခိုင်းတော့ဘူးပြောတယ်။ မခိုင်းတော့ဘဲနဲ့ အတွင်းရေးမှူး ၁ ပဲ လုပ်ခိုင်းတယ်လို့ ပြောတယ်။ တေ့တေ့လေး ထားတာပေါ့ဗျာ။ သူ့ကို တရားဝင်ထုတ်ပြီး မင်းကို စစ်ထောက်ချုပ်က ဖြုတ်တယ် ဆိုတာမျိုးတော့ မဟုတ်ဘူးဗျ။ ကျနော်တို့ထဲမှာက နှုတ်မိန့်နဲ့သွားတာဗျ။
http://www.irrawaddy.org/bur/index.php/interview/4-interview/3999-2010-09-06-12-15-24