Thursday, September 16, 2010

16 September 2010 ဒိုင်ယာရီ

http://www.mediafire.com/file/bco255hw7ngnj2f/16%20Sep%202010%20yeyintnge%27s%20diary.pdf
http://www.mediafire.com/file/7pq5b98ew273xzj/16%20Sep%202010%20yeyintnge%27s%20diary.doc
16 Sep 2010 Yeyintnge's Diary

တရုတ် စစ်တက္ကသိုလ်တွင် တက်ရောက်ရန် ဖိုးလပြည့် စာရင်းဖြည့်သွင်းခဲ့



September 15, 2010 freedom news group

အဘိုး ဖြစ်သူ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် အတူ တရုတ် ပြည်သို့  ငါးရက် ကြာအလည်အပတ်
သွားရောက်ခဲ့သည့် နေရွှေသွေးအောင် သည် သက်တမ်း ၈၅ နှစ် ရှိပြီ ဖြစ်သည့် တရုတ် ပြည်သူ့ 
လွတ်မြောက်ရေးတပ်မတော်၏ စစ်တက္ကသိုလ် တွင် ပညာသင်ယူ နိုင်ရန် အတွက် စာရင်းသွင်း
ထားပြီး ဖြစ်သည် ဟု သိရသည်။

စစ်တက္ကသိုလ် များ အနေဖြင့် အရည်အချင်း ပြည့်မှီ မှု ရှိမှ အချိန်ပြည့် သင်ကြားခွင့်ရရှိရန်
လက်ခံသော်လည်းနေရွှေသွေးအောင် ကိုမူ တရုတ်ပြည်၏ အဆွေတော် နိုင်ငံမှ ခေါင်းဆောင် တစ်ဦး
၏ သားသမီး အဖြစ် ချွင်းချက် ဖြင့် လက်ခံ နိုင်သည် ဟု ရုရှား နိုင်ငံ မော်စကို မြို့ တွင်ပညာ သင်ကြားနေ
သည့် စစ်တပ် အရာရှိတစ်ဦး က Freedom News Group သို့ ပြောသည်။

ထိုအရာရှိ က ဘယ်လို ပြောရမလဲ Honorable Doctrine ပေါ့ ဒီရုရှား မှာ လည်းရှိတယ်။ ရုရှား စစ်တက္ကသို လ်
ကနေ အရှေ့ ဥရောပ နဲ့  တခြား နိုင်ငံက ဒိုင်နက်စတီ သားသမီး တွေ ကို ခေါ်ပြီး တစ်နှစ် လောက် ပညာ
သင်ပေး သူတို့ ရဲ့ တိုက်ချင်းပစ် လက်နက် ထားတဲ့ နေရာ (ရှေ့တန်း) တွေ နဲနဲ ပါးပါး လိုက်ပြပြီး ရင် ဂုဏ်
ထူးဆောင် ဘွဲ့ ပေးလိုက်တာ တို့  ဘာတို့ ရှိတယ်။ သူက ဘယ် လို ဘာသာရပ် ကို ယူမလဲ တော့ မသိဘူး။
ဒါမျိုးက ပညာတော် သင် ဆုပေး သလိုမျိုး ပဲ ဟု ပြောသည်။

နေရွှေသွေးအောင် သည် ပြီးခဲ့သည့် လက သူ၏ ရဟတ်ယာဉ် မိတ်ဆက် ပွဲ တွင် သူငယ်ချင်း များ အား
နိုင်ငံ အုပ်ချုပ် ရေး ကို စိတ်မ၀င်းစား ဟု အတိအလင်းပြောကြားခဲ့သည်။

ယခု ဆေးတက္ကသိုလ် တက်နေ သည့် နေရွှေသွေးအောင် သည် အမေရိကန် စစ်ဘက်သုံး အပါချီ နှင့် ဘလက်ဟော့ ရဟတ်ယာဉ် များ ကို မောင်းနှင် လိုစိတ် ရှိ သည် ဟု ဆိုသည်။ ၎င်းသည် ထိုင်းတပ်မတော်
သုံး အမေရိကန် ရဟတ်ယာဉ် များ ရရှိ ရန် နည်းလမ်းများ စွာ ဖြင့် ကြံဆနေ သည် ဟု ၎င်း ၏ သူငယ်ချင်း
တစ်ဦးက FNG သို့ ပြောသည်။

http://freedomnewsgroup.com/

ဖီးနစ်ငှက်တွေ ပင်လယ်ကမ်းခြေမှာ ပျံသန်းကြတဲ့အခါ



ဖီးနစ်ငှက်တွေ ပင်လယ်ကမ်းခြေမှာ ပျံသန်းကြတဲ့အခါ

လမင်းလိုပဲ မအိပ်ဖြစ်တဲ့ညတွေ

ပင်လယ်လို စီးဆင်းခဲ့တယ်

အရှိန်အဟုန်တဲ့လား

ကမ္ဘာမြေရဲ့ပြဿနာပေါင်းစုံအတိုင်းပါပဲ ။

( ပင်လယ်မဂ္ဂဇင်း ပိုစတာမှ )

နိုင်ငံရေးအကျဉ်းသမားတချို့က သူတို့တတွေ အင်းစိန်ထောင်ထဲမှာ အကျဉ်းကျခံနေရစဉ် ဖန်တီးခဲ့တဲ့ အနုပညာတခုအကြောင်းကို ပြောပြကြဘူးတယ်။

ပါးစပ်နဲ့ ပြောဆိုထုတ်ဝေခဲ့တဲ့ မဂ္ဂဇင်းလေးတခုအကြောင်းပါ။ တကယ်တော့ အနုပညာ ကို နှလုံးသားနဲ့ အသေးစိတ်မှတ်ပြီး သူများကို လှလှပပ

ပြန်ပြောတတ်တဲ့သူတွေ ဆိုတာ ညနေခင်းပင်လယ်ကမ်းခြေပေါ်ပျံဝဲနေတဲ့ ဖီးနစ်ငှက်လိုနေမှာပေါ့ လို့ မှတ်ချက်ချမိတယ်။

သူက ဘာလို့လဲ တဲ့ ပြန်မေးတယ်။“ ခင်ဗျားစဉ်းစားကြည့်လေ၊ ထောင်ထဲမှာ ဒဏ်ရာနဲ့ရေးထားတဲ့ အနုပညာကို ပြန်ဖတ်ပြတယ် ဆိုတာ

အဲ့သလိုပဲနေမှာပါ။ ဖီးနစ်ငှက်ဆိုတာ မီးလောင်နေတဲ့နှလုံးသားနဲ့ ပြန်လည်ရှင်သန်နေတဲ့ ငှက်။ အဲ့ဒီ ငှက်တွေ ပင်လယ်ကမ်းခြေမှာ လှလှပပတွေကိုတွေ့လည်း ဒဏ်ရာတွေက မကျက်နိုင်သေးဘူး။

သေသေချာချာရှင်းပြရင် ပေါ့သွားမှာ စိုးလို့ ကိုယ့်ဘာသာ စဉ်းစားကြည့်ပါ လို့

တိုက်တိုက်ဆိုင်ဆိုင်၊ အာဖရိက အနောက်ခြမ်းက မာလီ အင်ပါယာအကြောင်း လေ့လာကြည့်တဲ့အချိန်မှာအကျဉ်းထောင်ထဲက

“ပါးစပ် မဂ္ဂဇင်းလေး” ကို ဖြတ်ကနဲ သွားသတိယမိတယ်။

မာလီ နိုင်ငံမှာ “ဂရီရော့တ်” ( Griot) လို့ ခေါ်တဲ့ တေးဂီတပညာရှင်တွေရှိတယ်။

သူတို့က ကဗျာရွတ်တဲ့ အခါ သံစဉ်တွေလို အနိမ့်အမြင့်ထည့်ပြီးရွတ်တယ်။

ကဗျာသီချင်းတွေက တဆင့် သမိုင်းတွေကိုပြောပြတယ်။ နိုင်ငံရေးသတင်းတွေကိုပြောသွားတယ်။

တကယ်တော့ အာဖရိက အနောက်ခြမ်းဒေသတွေမှာ “ဂရီရော့တ်” တေးဂီတသမားတွေဟာ (၁၄) ရာစုကတည်းက အရေးပါတဲ့ သူတွေဖြစ်တယ်။ တရားမျှတမှု၊ ကိုယ်ချင်းစာမှု၊ လွတ်လပ်မှုအကြောင်းတွေကို ရေးသားဟောပြောလေ့ရှိတဲ့ အနုပညာရှင်တွေဖြစ်တယ်။

အခုခေတ်မှာတော့ အာဖရိကအနောက်ခြမ်းနိုင်ငံတွေဆီက မြို့ကြီးတွေရဲ့ညဦးယံတွေမှာ ဂရီရော့တ် မြူးစစ်တော်လှန်ရေး ( Griot Music Revolution) သံစဉ်တွေက အရှိန်ပြင်းလာတယ်။ စစ်ပွဲတွေအကြောင်းကို နာနာကျင်ကျင်ဖောက်ခွဲတယ်။လူမှုရေးပြဿနာတွေကိုပြောဆိုကြတယ်။

စင်မြင့် နောက်ကနေ အရောင်အမျိုးမျိုးထွက်နေတဲ့ မီးစလိုက်အပြောင်းအရွေ့တွေက ဗုံးကွဲနေတဲ့ လမ်းမတွေပေါ်ရောက်နေသလိုမျိုး၊

(ဒါမှမဟုတ်) မြို့ပျက်တခုအောက်မှာ အော်ဟစ်နေတဲ့ ခင်ဗျားရဲ့ခန္ဓာကိုယ်ကိုပြန်ကြည့်နေရသလိုမျိုး ခံစားရမယ်။

နောက်-- ခင်ဗျားလည်း ဒဏ်ရာရနေတဲ့ ကျားနာတကောင်လို အော်ဟစ်လိုက်မိလိမ့်မယ်။

အာဖရိကအနောက်ခြမ်းမှာ မြို့ရွာအနှံ့ခရီးလျှောက်သွားပြီး ပြည်သူလူထုကို အနုပညာနဲ့ အလင်းရောင်ပေးနေတဲ့ ဂရီရော့တ် ဆိုတဲ့

ဂီတသမားတွေ ကျနော်တို့နိုင်ငံထဲမှာသာ ရှိခဲ့ရင်--------------

ဒီတပတ် အင်္ဂါနေ့ည က လွတ်လပ်တဲ့အာရှအသံမှာ မာလီနိုင်ငံရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုအကြောင်းကို ဆွေးနွေးထားပါတယ်။

သောတရှင်များခင်ဗျား

အာဖရိကအနောက်ခြမ်းမှာ တည်ရှိတဲ့ မာလီ နိုင်ငံဟာ တချိန်တုန်းက မက်ဒီတေးရီးယန်းကမ္ဘာနဲ့အာဖရိက ဆာဟာရ ကမ္ဘာနှစ်ခုကြားမှာ

ရွှေ၊ အဘိုးတန်လူသုံးကုန်ပစ္စည်းနဲ့ ကျွန်ကုန်ကူးခြင်း လုပ်ငန်းတွေထွန်းကားခဲ့တဲ့ အင်ပါယာသုံးခုအနက် တခုဖြစ်ပါတယ်။

အင်ပါယာစစ်ပွဲတွေ၊ကြားမှာ ရာစုနှစ်များစွာဖြတ်သန်းခဲ့၊ ပြင်သစ် ကိုလိုနီဖြစ်ခဲ့တဲ့ မာလီနိုင်ငံဟာ ၁၉၆၀ မှာတော့လွတ်လပ်တဲ့နိုင်ငံတခုအဖြစ်

တည်ရှိခဲ့ပြီး “မိုဒီဘို ကီယက်တာ” ကို သမ္မတအဖြစ်ရွေးချယ်တင်မြှောက်လိုက်ပါတယ်။ တပါတီဆိုရှယ်လစ်စံနစ်ကိုကျင့်သုံးခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စု ခေါင်းဆောင်တဲ့အရှေ့အုပ်စုနဲ့နီးစပ်လာခဲ့ပါတယ်။

“ နိုင်ငံမှာရှိသမျှစီးပွားရေးတွေကို ပြည်သူပိုင်သိမ်းတဲ့ တပါတီဆိုရှယ်လစ်စံနစ်အောက်မှာ မာလီနိုင်ငံရဲ့စီးပွားရေးက ကျဆင်းလာခဲ့တယ်။ ဒါကိုအကြောင်းရှာပြီး ၁၉၆၈ မှာ ဗိုလ်ချုပ် မူဆာထွာအိုရီ က အာဏာသိမ်းယူလိုက်တယ်။ သူ က လစ်ဘရယ်ဈေးကွက်စီးပွားရေးစံနစ်ကို အကောင်အထည်ဖေါ်မယ် လို့ ကြွေးကြော်ခဲ့ပေမဲ့ စစ်အာဏာသိမ်းမှုကို အန်တုငြင်းဆန်တဲ့နိုင်ငံရေးမငြိမ်သက်မှုတွေကြောင့် တိုင်းပြည်ရဲ့

အခြေအနေပိုဆိုးလာခဲ့တယ်။ ၁၉၆၈ ကနေ၁၉၇၄ အထိ ထောင်ပေါင်းများစွာ ငတ်ပြတ်ဆင်းရဲဒုက္ခရောက်ခဲ့ကြ၊ သေဆုံးခဲ့ကြတယ်။

ကျောင်းသားဆန္ဒပြပွဲတွေကလည်း နေရာအနှံ့ပေါ်ပေါက်လာခဲ့သလို၊“မူဆာထွာအိုရီ” ကိုတန်ပြန်အာဏာသိမ်းဖို့ ကြံစည်တဲ့

ဖြစ်ရပ်(၃)ခုပေါ်ပေါက်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီအရာအားလုံးကို အာဏာရှင် ထွာအိုရီ က ချေမှုန်းနိုင်ခဲ့တယ် ”

ဖိနှိပ်မှုတွေပြင်းထန်လှတဲ့အာဏာရှင်လက်အောက်က မာလီနိုင်ငံဟာ လှုပ်ရှားမှုမဲ့နေတဲ့အနေအထားကိုတော့မရောက်ခဲ့ပါဘူး။

ပြည်သူလူထုရဲ့ပါတီစုံစံနစ်တောင်းဆိုမှုတွေကို ကြားနေရတဲ့ မာလီအာဏာရှင် ထွာအိုရီ ဟာ အကန့်အသတ် လွတ်လပ်မှုတချို့ကို

ပေးခဲ့ပါတယ်။ ဒီမိုကရက်တစ်နိုင်ငံတခုကို မရရှိကြပေမဲ့ အတိုက်အခံအင်အားစုတွေဟာ ရရှိနေတဲ့ အနေအထားအတွင်းကနေ

သူတို့ရဲ့လှုပ်ရှားမှုပုံစံတွေကို တဖြည်းဖြည်းပြောင်းလဲလုပ်ဆောင်ခဲ့ကြပါတော့တယ်။

“မာလီအလုပ်သမားပါတီ ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ထင်ရှားတဲ့ပါတီဖြစ်တယ်။ အလုပ်သမားလှုပ်ရှားမှုသမိုင်းတွေ၊ ဝါဒဖြန့်ချီရေးတွေ၊ ပညာပေးဟောပြောမှုတွေ ကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ခဲ့ကြတယ်။ ကျောင်းသားတွေနဲ့ နီးနီးကပ်ကပ်နေပြီး လေးစားမှု

ရအောင်ဆွဲဆောင်ကြသလို၊ တချို့ ပညာတတ်တွေကို အစိုးရဝန်ကြီးဋ္ဌာနတွေမှာ ဝင်ရောက်အမှုထမ်းစေတယ်။

တချိန်မှာ မာလီနိုင်ငံရဲ့သမ္မတဖြစ်လာမဲ့ “အယ်လ်ဖာ ကိုနာရီ” ဟာ အလုပ်သမားပါတီရဲ့မြေအောက်ပါတီဝင်တယောက်ဖြစ်သလို၊

မြို့တော် ဘာမာကို မှာ ကျောင်းဆရာတယောက်အဖြစ်နေထိုင်ခဲ့တယ်။ ၁၉၇၈ မှာ အာဏာရှင် ထွာအိုရီ ဟာ တန်ပြန်အာဏာသိမ်းဖို့ သံသယရှိတဲ့ ကာကွယ်ရေးဋ္ဌာနအကြီးအကဲတချို့ကို ဖြတ်ချပြီးတဲ့နောက် အယ်ဖာကိုနာရီ ကို ယဉ်ကျေးမှု၊ အနုပညာနဲ့အားကစားဝန်ကြီးဋ္ဌာနအကြီးအကဲ

အဖြစ်တာဝန်ယူဖို့ ကမ်းလှမ်းတဲ့အခါ ဝင်ရောက်လုပ်ကိုင်ခဲ့တယ်”

အစိုးရအဖွဲ့တွင်းမှာဝင်ရောက်လုပ်ကိုင်ပြီး ပြည်သူလူထုလေးစားလာနိုင်တဲ့ ပုံသဏ္ဍန်အဖြစ်ရပ်တည်ပြီးတဲ့အခါ အနုပညာ၊ မီဒီယာတွေမှ

တဆင့်လူထုကိုပညာပေးရေးအစီအစဉ်တွေကို အယ်ဖာကိုနာရီ လို အလုပ်သမားပါတီရဲ့မြေအောက်အဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့ကြပါတယ်။

တဘက်မှာတော့ အာဏာရှင်ထွာအိုရီ ရဲ့ နိုင်ငံရေးဖိနှိပ်မှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်ရှုတ်ချလာနေတာကြောင့်

မာလီအာဏာရှင်ဟာ နိုင်ငံရေးပါတီတချို့တရားဝင်တည်ထောင်ခွင့်ကို ခွင့်ပြုခဲ့ပါတယ်။

အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတွေကလည်း အဲ့ဒီအခွင့်အရေးကို အမိအရအသုံးချခဲ့ပါတယ်။ အားလုံးညှိနှိုင်းလို့ရနိုင်တဲ့

မာလီ ဒီမိုကရေစီ မဟာမိတ်များအဖွဲ့ချုပ်ကို စတင်တည်ထောင်ခဲ့ပြီး၊ ပြည်သူတွေနဲ့ထိတွေ့ဖို့ကြိုးစားလိုက်ကြပါတော့တယ်။

“မာလီနိုင်ငံမှာ မျိုးရိုးအစဉ်အလာ ကို ဆက်ခံတဲ့ တေးဂီတပညာရှင်တွေရှိတယ်။ သူတို့ကို “ဂရီရော့တ်” လို့ခေါ်တယ်။

သူတို့ဟာ ဟိုးအရင်ကတည်းက မာလီနိုင်ငံမှာ နိုင်ငံရေးသတင်းတွေကိုလက်ဆင့်ကမ်း သယ်ဆောင်လာကြသလို၊ ကဗျာရွတ်ဆိုပြီး သမိုင်းတွေ

ပြောပြတာမျိုး၊နိုင်ငံရေးဝေဖန်မှုတွေမှာ ထင်ရှားကျော်ကြားသူတွေဖြစ်တယ်။ စာမတတ်တဲ့ဒေသတွေဆီကိုသွားရောက်ပြီး ပြည်သူလူထုကို ပညာပေးလှုံ့ဆော်ခဲ့ကြသူတွေဖြစ်တယ်။ မာလီနိုင်ငံမှာ ထင်ရှားခဲ့တဲ့ပုံပြင်တွေ၊ စကားပုံတွေ၊ ကဗျာတွေကို ရွတ်ပြပြီး တရားမျှတမှုနဲ့လွတ်လပ်ခွင့်

အကြောင်းကို မီးမောင်းထိုးပြကြတယ်။ ၁၄ ရာစုတုန်းက နာမည်ကြီးပုံပြင်တခုကို အာရုံစိုက်ပြီး ရှင်းပြကြတယ်။

ပုံပြင်ထဲမှာ အင်ပါယာ ဆန်ချတာ ကို ဒေသဆိုင်ရာအကြီးအကဲ က သူ့ရဲ့လှံကိုအပ်နှင်းသစ္စာခံတဲ့ အခါ ဘုရင် က လှံကို အကြီးအကဲဆီ

ပြန်ပေးပြီးမိမိရဲ့ဒေသကို လွတ်လပ်စွာအုပ်ချုပ်နိုင်တယ် ဆိုတဲ့ ခွင့်ပြုမှုတွေပေးခဲ့တယ်။ ဒါကြောင့် မာလီ နိုင်ငံဟာ ၁၄ ရာစုလောက်ကတည်းက

ကိုယ်ပိုင်အုပ်ချုပ်ရေးပြဋ္ဌာန်းခွင့်နဲ့လွပ်လပ်ခွင့်အတွေးအခေါ်တွေကို တည်ဆောက်ခဲ့တာဖြစ်တယ် လို့ ရှင်းပြပြီး အဲ့ဒီအရာနှစ်ခုဟာ မာလီနိုင်ငံရဲ့ရိုးရာအစဉ်အလာအမွေအနှစ်တွေဖြစ်တယ် လို့ရှင်းပြခဲ့ကြတယ်။ ဒါကြောင့်မိရိုးဖလာရိုးရာအမွေအနှစ်ကို ဆန့်ကျင်ဖိနှိပ်နေတဲ့ အစိုးရဟာ နိုင်ငံတော်ကို သစ္စာဖောက်တဲ့အစိုးရတရပ်ဖြစ်တယ် လို့ ဟောပြောလှုံ့ဆော်ကြတယ်။”

ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ်ဟာ လူထုကြားမှာအတွေးအခေါ်တည်ဆောက်ရေးကို ပညာတတ်တွေဖြစ်တဲ့ ကျန်းမာရေးလုပ်သားတွေနဲ့

ကျောင်းဆရာတွေက တဆင့်လုပ်ကိုင်ခဲ့ကြပါတယ်။ ကျေးလက်ဒေသတွေမှာ ရှိတဲ့ ပြည်သူတွေရဲ့ကျန်းမာရေး၊ ပညာရေးတွေ ကို သွားရောက်ကူညီ

လုပ်ကိုင်ကြတဲ့အခါ၊ အစိုးရရဲ့တာဝန်မဲ့မှုတွေကို မသိမသာထောက်ပြကြသလို၊ဒေသဆိုင်ရာအာဏာပိုင်တွေနားမှာ

ပြည်သူလူထုရဲ့ဒုက္ခကို ခံစားနားလည်လာနိုင်မဲ့နည်းလမ်းတွေ၊ နီးနီးစပ်စပ်ပြောဆိုလို့ရမဲ့အကြောင်းအရာတွေကို စဉ်းစားခဲ့ကြပါတယ်။

“ ၁၉၉၁ ဂျန်နဝါရီလမှာ ကျောင်းသားဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့တယ်။ဖမ်းခံရတဲ့ကျောင်းသားခေါင်းဆောင်ဟာစစ်ကြောရေးစခန်းမှာ

နှိပ်စက်သတ်ဖြတ်ခံရတယ်။ မတ်လ ၂၂-၂၆ ထိဒီမိုကရေစီအင်အားစုတွေဟာ အထွေထွေသပိတ်ကိုဆင်နွဲကြပြီး သူတို့ရဲ့မကျေနပ်မှုကိုပြခဲ့ကြတယ်။

စစ်တပ်ကလည်း လမ်းတွေကို ပိတ်ဆို့ပစ်လိုက်ပြီး အရေးပေါ်ဥပဒေထုတ်ပြန်ကြေငြာခဲ့တယ်။ ဆန္ဒပြသူတွေကို ရာချီပြီး ဖမ်းဆီးခဲ့တယ်။

ဆန္ဒပြသူ (၃၀၀) ကျော် ကို ပစ်ခပ်သတ်ဖြတ်ပြလိုက်တယ်။”

သောတရှင်များခင်ဗျား

ဗိုလ်ချုပ်ထွာအိုရီ ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုဟာ ပြည်သူတွေကို နောက်မဆုတ်စေနိုင်ခဲ့ပါဘူး။

အာဏာရှင်နှုတ်ထွက်ပေးရေးကြွေးကြော်သံတွေက သေနတ်သံတွေကြားက ကျယ်လောင်နေခဲ့ပါတယ်။

သောင်းချီနေတဲ့လူအုပ်ကိုဆက်လက်ပစ်ခပ်ချင်စိတ်မရှိတော့တဲ့ စစ်သားတွေဟာ ဆန္ဒပြပြည်သူတွေနဲ့ ပူးပေါင်းလိုက်ကြပါတယ်။ မြို့တော်ရဲ့အသံလွှင့်ရုံဆီက အာဏာရှင် “မူဆာထွာအိုရီ”ကို လက်ရဖမ်းလိုက်ပြီဖြစ်ကြောင်း၊

မာလီစစ်ခေါင်းဆောင်တဦးက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

သောတရှင်တို့လည်း စာနာနားလည်တတ်တဲ့ စစ်ခေါင်းဆောင်တွေနဲ့ဆုံစည်းနိုင်ကြပါစေ။

အရင်တုန်းက “ဂရီရော့တ် ဂီတပညာရှင်တွေ ခုခေတ်မှာ တော်လှန်ရေးနဲ့အတူ စစ်ပွဲတွေကို ဖောက်ခွဲတယ်


အောင်မိုးဝင်း

နိုင်ငံရေးအကျဉ်းကျခံ မသန္တာ (အင်းစိန်ထောင်)၏မိသားစုသို့ထောက်ပံ့...





ရွှေကျောင်းသားပေးပို့သည်။

တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထားကြပါစို့


လက်ရှိ အာဏာရှင်တွေကတော့ လက်နက်ပြခြိမ်းခြေက်ပြီး ပြည်သူလူထု ကို စော်ကားခဲ့တာ အကြိမ်ပေါင်း မနည်းတော့သလို အပြစ်မဲ့ ရဟန်းရှင်လူ ကျောင်းသားကျောင်းသူ ပြည်သူလူထု သွေးချောင်းးစီးခဲ့ကြတာလည်း မနည်းတော့ပါဘူး ။ လက်နက်ကိုင်ထားပြီး တိရစ္ဆာန်စိတ် ပေါက်နေတဲ့ သူတို့တွေမှာ ကိုယ်ချင်းစာ တရားဆိုတာလည်း မရှိကြတော့ပါဘူး ။ အာဏာကို ယစ်မူးပြီးတော့ ၊ အာဏာမြဲစေဖို့ အတွက်ဆိုလျှင် ကိုယ်မိဘတောင် ကိုယ်ပြန်သတ်ခိုင်းတဲ့ အမိန့်မျိုးကိုတောင် ထုတ်ပြန်ဖို့ ၀န်မလေးတော့ပါဘူး ဆိုတာ သူတို့ လုပ်ရပ်တွေကို ကြည့်ရင် သိသာထင်ရှား လွန်းပါတယ် ။
ကိုးကွယ်တာက ဗုဒ္ဓဘာသာ ၊ လက်တွေ့သရုပ်ဖော် လုပ်ဆောင်နေတာ က မိစ္ဆာအယူဝါ ဒ ၊ ဘယ်သူမှားတယ် ၊ဘယ်သူမှန်တယ်ဆိုတာ အငြင်းပွားစရာ မလိုအောင်ကို ယုတ်မာပြထားတာ ။ သံဃာကိုတောင် အကြမ်းဖက်ဖို့ ၀န်မလေးတာ ၊ လူဆိုရင် ပြောမနေနဲ့တော့ ။ ဆက်ပြီး သီးခံနေရင် လည်း ဒီထက်ပိုပြီး ဆိုးရွားလာ စရာဘဲ ရှိတယ် ။ အဲဒီတော့ ခေါင်းငုံ့ခံနေကြမယ့် အစား တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထားကြပါလို့ ပထမဦးစွာ လေးစားစွာ တိုက်တွန်းနိုးဆော် ဖိတ်ကြားအပ်ပါတယ် ။
ဒီနေ့ တပ်မတော် သားတွေကို ကျွန်တော် တစ်ခုလောက် မေးချင်ပါတယ်။ တိုင်းပြည်ကို ကာကွယ်ဖို့ အပ်နှင်းထားတဲ့ လက်နက်တွေနဲ့ ပြည်သူလူထု ဘ၀ကို စောင့်ရှောက်ဖို့ တိုင်းပြည်က လစာနဲ့ ရိက္ခာပေးထားတာ မဟုတ်ဘူးလား ။ အခုတော့ ဒီလက်နက်တွေကို အသုံးချပြီး ပြည်သူလူထုကို အနိုင်ကျင့်နေတာသူရဲကောင်းတို့ လုပ်ရပ်လား ။ စစ်သည်တော် တို့ရဲ့ ကျင့်ဝတ်နဲ့ ညီရဲ့လား ။ သူတို့ခိုင်းသမျှ လိုက်လုပ်နေကြရတဲ့ တပ်မတော်သားတွေ အတွက် အကျိုးအမြတ်က ဘာလဲ ။ ယူနီဖောင်း မြင်ရင် ပြည်သူလူထုက ရွှံရှာတဲ့ အကြည့်ကို ခံနေရတာကို ၀မ်းသာအားရ ဖြစ်နေကြအုံးမှာလား ။ အာဏာရှင်တွေ စည်းစိမ် ယစ်မူးနေတဲ့ အချိန်မှာ ခင်ဗျာတို့မှာ ၀မ်းရေး အတွက်တောင် မနည်း ရုန်းကန်နေရတယ် ။
ပြည်သူလူထု ဘ၀နဲ့ မခြားလှတဲ့ ခင်ဗျာတို့ ဘ၀တွေကို ဘာကြောင့်များ အနစ်မွန်းပြီး အာဏာရှင်တွေကို ကာကွယ်ပေးနေရတာလဲ ။ အမိန့်ဆိုတဲ့ စကားကို ရေလဲ သုံးပြီး ပြည်သူလူထုနဲ့ တပ်မတော်ကြား မှာ နားလည်မှု လွဲအောင်လုပ်ပြီး အမြတ်ထုတ်နေတာ အာဏာရှင်လူတစ်စုပါ ။ ပြည်သူတွေရဲ့ နာကြည်းချက်တွေ ဟာ အခုချိန်မှာ ပေါက်ကွဲလုဖြစ်နေပြီ ။ ပြည်သူလူထု တွေ နာကြည်းချက်တွေ ပေါက်ကွဲတဲ့နေ့ လမ်းပေါ်ထွက် ဆန္ဒပြ တောင်းဆိုမှု တွေ လုပ်လာကြမှာ အမှန်ပါဘဲ ။ အဲဒီလို ဆန္ဒပြတဲ့ ပြည်သူလူထု ကို အကြမ်းဖက်နှိမ်နှင်းဖို့ အာဏာရှင်တွေ အမိန့်ပေးလာခဲ့ရင် ပြည်သူလူထုဘ၀ နဲ့ ငါတို့ဘ၀ လည်း ထူးမခြားနားပါလား ဆိုတဲ့ အတွေးကို တွေးပြီး တိုင်းပြည်အရေး အတွက် ပြည်သူလူထု နဲ့ ပူးပေါင်းဆောင်ရွက်ကြပါလို့ လေးစားစွာ မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ် အကယ်၍များ ငါတို့က တပ်မတော်သားတွေမို့ အမိန့်ကို နာခံပြီး လုပ်ဆောင် ကြမယ်ဆိုရင် နှစ်ဖက်လုံး ဒုက္ခများကြဖို့ဘဲ ရှိပါတယ် ။ခင်ဗျာတို့ မိသားစုဝင်တွေ ဆိုတာ လည်း ပြည်သူလူထုပါဘဲ ။ ရာထူး ၊ တာဝန် နဲ့ အာဏာ ဆိုတဲ့ အဓိပ္ပာယ်ကို သေချာစွာ နားလည် သဘောပေါက် အောင် စဉ်းစား ဆင်ခြင်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းတာ အားလုံးအကျိုးရှိမယ်ဆိုတဲ့ အယူအဆလေးတွေကို တွေးခေါ်လိုက်နာ ကျင့်ကြံပေး ကြပါလို့မေတ္တာရပ်ခံ အကြံပြုအပ်ပါတယ် ။
ကျွန်တော်တို့ ပြည်သူလူထုမှာ လည်း ရွေးစရာ လမ်းမရှိတော့ပါဘူး ။ အာဏာရှင်စနစ်ဆိုး ကို ဆက်လက် သီးခံပေးနိုင်တဲ့ အင်အားလည်း မရှိတော့ပါဘူး။ ငတ်လို့ မသေဘူးဆိုတဲ့ မြန်မာ ပြည် ရေ တောင် သောက်စရာ မရှိအောင် ဖြစ်ပွားခဲ့ပြီးတာလည်း အားလုံးအသိ ။ ကုန်ဈေးနှုန်းက ကြီးရတဲ့ အထဲ ၀င်ငွေကနည်းတော့ မကြာခင် တမျိုးလုံး လည်း ပြုတ်တော့မယ် ။ အဲဒီတော့ ရရာလက်နက် ကိုင်ဆွဲ ပြီး စည်းလုံးညီညွှတ်မှု ရှိတဲ့ ပြည်သူလူထု ကို အင်အားအဖြစ် အသုံးချပြီး တိုက်ပွဲဝင်ကြဖို့ နည်းလမ်း တစ်ခုဘဲ ရှိတယ် ။ ဘယ်သူတွေ ခေါင်းဆောင် သည်ဘဲ ဖြစ်ပါစေ ၊ ကိုယ်တိုင် မဦးဆောင်နိုင်ရင် နောက်လိုက်ကောင်း ဖြစ်အောင် ကြိုးစားပေးကြပါ ။ နောက်ဆုံး အခြေအနေ ကို တကယ်ရောက်နေလို့ လိုက်လံ နိုးဆော် တိုက်တွန်းနေတာပါ ။ တိုင်းရင်းသားကျေးရွာ တော်တော်များများကို ရက်စက်စွာ မတရား နှိပ်စက် ပြခဲ့ ပြီးလို့ မြို့ပေါ်မှာ အခြေချ ပဲခူးမှာ လူသတ်ပြခဲ့ပြီးပြီ ။ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ လူထုကိုယ်စား ပြု NLD ကို နိုင်ငံရေး ပါတီကို တရားမ၀င်ပါဘူး ကြေငြာချက် ထုတ်ပြန်ခဲ့တယ် ။ သူတို့တွေ ယုတ်မာတာ ငါတို့မိသားစုနဲ့ အဝေးကြီးပါလို့ တွေးနေတဲ့ လူတွေ ကို အထူးပြောကြားလိုတာက အခု ကံကြမ္မာဆိုးနဲ့ လတ်လတ်ဆတ်ဆတ် တိုးထားကြတဲ့ တိုင်းရင်းသာ မျိုးနွယ်စုတွေနဲ့ ပြည်သူလူထု တော်တော်များများ ဟာ တကယ်ကို အပြစ်မဲ့စွာ ယုတ်မာ စော်ကားခြင်းကို ခံရတာပါ ။ သူတို့တွေ နိုင်ငံရေးလုပ်လို့လည်း မဟုတ်ပါဘူး ။
ပုဂ္ဂိုလ်ရေး ကိစ္စတွေမှာ စစ်ပွဲ သဖွယ် လက်စွမ်းပြသွားတဲ့ လူတွေဟာ နောက်တခါ ခင်ဗျာတို့ ကိုကော ချမ်းသာပေးမယ်ထင်ထားလို့လား ။
မိစ္ဆာအယူဝါဒကို ဖက်တွယ် တိရစ္ဆာန် သဖွယ် ဖြစ်နေတဲ့ အာဏာရူးတွေ က အစမ်းသဘော မျိုးနဲ့ လုပ်ဆောင် ပြီး ပြည်သူလူထုကို သွေးတိုးစမ်းနေတာပါ ။
ခင်ဗျာတို့ ငုံ့ခံနေကြရင် နောင် အခါ ဖက်ဆစ် အုပ်ချုပ်တာထက် ဆိုးရွားလာမည့် အနေအထား ကို ဦးတည်နေပါတယ် ။
ဆင်ခြင်ကြည့်ပါ ပြည်သူလူထု အပေါင်းတို့ ကိုယ်ကမေတ္တာ ထား နိုင်လို့ သူတို့ဘာလုပ်လုပ် သီးခံနေကြတာမှ မဟုတ်တာ ။ ကိုယ့်ရင်ထဲက ဒေါသတွေကို သိမ်းဆည်း အိမ်ထဲမှာ ပေါက်ကွဲ ပြ နေလို့ တော့ ဘာမှ ထူးလာမှာ မဟုတ်ပါဘူး ။ လူတွေ အားလုံးပါ ရင် ငါတို့လည်း ပေါင်းစည်းဖို့ ၀န် မလေးပါ ဘူးဆိုတဲ့ အတွေးအခေါ်ကို တွေးခေါ်နေသမျှ တော့ ဒီတသက် အာဏာရှင်စနစ် လွတ်မြောက်ရေး တိုက်ပွဲ ဆိုတာ ဖြစ်မြောက်လာမှာ မဟုတ်ပါဘူး ။ သူတို့တွေ စိတ်အားတက်ကြွလာအောင် ငါတို့တွေ စတင်လုပ်ဆောင် ပြမယ် ဆိုတဲ့ စိတ်ဓါတ်ကို မွေးမြူမှ အာဏာရှင်စနစ်ဆိုးအောက် ရုန်းထွက်ဖို့ ခြေလှမ်းစတင်နိုင်ကြမှာပါ ။
အရင်တုန်းကလည်း ဒီလို လူထုလုပ်ရှားမှု တွေ လုပ်ခဲ့ပြီးပြီ ၊ မအောင် မြင်ခဲ့ပါဘူးလို့ အပြစ်တင်စကားပြော လာမယ့်သူတွေလည်း လေးလေးနက်နက် စဉ်းစားစေချင်တယ် ။ အခြေအနေက မတူတော့ပါဘူး ။ နိုင်ငံတကာက စောင့်ကြည့်ခံနေရတဲ့ အချိန်အခါမှာ အာဏာရှင်တွေ အကြမ်းဖက် နှိမ်နှင်းဖို့လည်း လွယ်တော့ မလွယ်လှပါဘူး ။ အကြမ်းဖက်လာခဲ့ရင် လည်း ပြည်သူလူထု က ခုခံကာကွယ်နိုင်ဖို့ အတွက် ပြင်ဆင်ထားကြတော့ပေါ့ ။ အခုလို ချိန်ခါမျိုးမှာ ပြည်သူတွေ ရင်ဘတ်ထဲက အကြောက်တရားတွေကို မောင်းထုတ်ပေးနိုင်ဖို့ ဘဲ စဉ်းစားစေချင်ပါတယ် ။ မတရားတာကို ခေါင်းငုံ့ခံပေးကြပါ လို့ ဘယ်စာပေကျမ်းဂန်မှာ မပြဆိုခဲ့သလို ဘယ်ပညာရှိမှ လည်း မမိန့်ကြားခဲ့ပါဘူး ။ ငါတို့က ပြည်ပမှာ တို့နဲ့တော့ သိပ်မဆိုင်ပါဘူးဆိုတဲ့ ပြည်ပရောက် မြန်မာလူမျိုးတွေ လည်း တာဝန်ယူချင်စိတ် ရှိကြဖို့ အဓိကပါ ။ ကိုယ်လုပ်ပေးနိုင်တဲ့ အခန်းဂဏ္ဍကနေ လုပ်ပေးလို့ ရတာ အများကြီးပါ ။ အထူးသဖြင့် ငွေကြေး အကူအညီပေါ့ ။ သပိတ်မှောက် ဆန္ဒပြမယ်ဆိုရင် သပိတ်တပ်သားတွေကို ပြည့်စုံအောင် ထောက်ပံ့ပေးထားနိုင်မှ သူတို့တွေ ရှေ့တန်းက အင်အားရှိစွာ လုပ်ရှား ပေး နိုင်မှာပါ ။ ဘယ်သူမှ အားအားယားယား အချိန်ကုန်ခံပြီး နိုင်ငံရေး လုပ်နေကြတာ မဟုတ်ဘူး ။ မြန်မာ ပြည်ကြီး ပျက်စီးနေတာကို မကြည့်ရက် ကြလို့ နိုင်ရာ တာဝန် ကို ယူနေကြတာ ။ နိုင်ငံတကာ အလယ်မှာ မြန်မာလူမျိုးတွေ အဖိနှိပ်ခံ ဘ၀ရောက်နေတာကို လွတ်မြောက်အောင် ကြိုးစားနေကြတာ ပါ ။ တိုင်းပြည်ချစ်စိတ်လေးကို မွေးမြူးပေးကြပါ ။
လူထု လုပ်ရှားမှု လုပ်ကြမယ်လို့ ဆိုတာနဲ့ စည်းလုံးညီညွှတ်မှု ကို အရင်ဆုံး စဉ်းစားလာကြတယ် ။ သူများတွေ ပါရင် ငါတို့လည်း ပါမှာပါ ဆိုတဲ့ အတွေးပိုင်ရှင်တွေက တော့ အများဆုံးလို့ ထင်မိပါတယ် ။ လမ်းပေါ်တက် ပြီး ဆန္ဒပြပွဲတွေ လုပ်တာ ပြည်သူလူထုအတွက် မကောင်းဘူးလို့ တွေးထင်တဲ့လူတွေ လည်းရှိပါတယ် ။ လူထုဆန္ဒပြပွဲတွေ လုပ်တာဟာ မြန်မာတနိုင်ငံတည်းသာ မဟုတ်ပါဘူး တကမ္ဘာလုံးက ပါ သိစေဖို့ အထိရောက်ဆုံး နည်းလမ်းဆိုတာတော့ ဘယ်သူမှ ငြင်းဆန်လို့ မရပါဘူး ။ ဒီနေရာမှာ တချက်စဉ်းစားရမှာက အာဏာရှင်တွေ ဘက်က တုန့်ပြန်လာမှုပါဘဲ ။ သူတို့တွေကတော့ လူစိတ်ပျောက်နေပြီလို့တောင် ပြောလို့ရတယ် ။ အဲဒီအတွက် အကြမ်းဖက် နှိမ်နှင်းရေး လမ်းစဉ်ကို အသုံးချအုံးမှာ အမှန်ပါဘဲ ။ အဲဒီလမ်းစဉ်တွေကို တကယ် အကောင်အထည်ဖော်ပေးမှာက တပ်မတော်သားတွေနဲ့ ကြံ့ဖွတ်စွမ်းအားရှင်တွေ ပါဘဲ ။
ဒါဆို တပ်မတော်သားတွေနဲ့ ကြံ့ဖွတ်စွမ်းအားရှင်တွေကို ပြည်သူလူထု ဘက်တော်သားဖြစ်လာအောင် အရင်ဆုံးစည်းရုံးကြည့်ဖို့ ကြိုးစားကြည့်ရင်ကော မဖြစ်နိုင်ဘူးလား ။ ဖြစ်နိုင်ပါတယ် ၁၀၀% တော့ မသေချာဘူး ။ ဒါဆို တစ်ချက်ချင်း အဖြေရှာကြည့်ရအောင် ။ ပထမဆုံး ကြံ့ဖွတ်စွမ်းအားရှင်ဆိုတဲ့ အာဏာရှင်လက်ကိုင်ဒုတ်တွေ ဆိုတာ ပြည်သူလူထု ကြားက ဘဲ ပေါက်ဖွားလာတာပါ ။ ဥပမာ ရပ်ကွက် တစ်ခု အနေအထားနဲ့ စတင် စဉ်းစားကြည့်ရအောင် ။ မိမိတို့ ရပ်ကွက်နေပြည်သူလူထုနဲ့ အဲဒီစွမ်းအားရှင် ဆိုတဲ့ လက်ကိုင်ဒုတ်
အရေ အတွက် ဘယ်သူက ပိုများလဲ ။ သူတို့တွေ ရပ်ကွက် ထဲမှ ထင်တိုင်းသောင်းကျန်းလို့ ရ နိုင်တာ ရပ်ကွက်နေ ပြည်သူလူထု က စည်းလုံးမှု မရှိလို့ပါ ။ တကယ်တမ်း သူတို့ကို တိုက်ရိုက်ဆန့်ကျင်မှု တွေကို ရပ်ကွက်နေ ပြည်သူလူထုအားလုံးက ကျင့်သုံးကြမယ်ဆိုရင် သူတို့တွေ နေစရာ မရှိပါဘူး ။ လူဆိုတာ ပတ်ဝန်းကျင်နဲ့ ကင်းကွာပြီး နေလို့ မရဘူးဆိုတာ အားလုံးသဘောပေါက် နားလည်ပြီးသားပါ ။ အဲဒီလို ကြံ့ဖွတ်တို့ စွမ်းအားရှင်တို့ ဆိုတာ တစ်ရပ်ကွက်လုံးပေါင်းမှ ဆယ်ယောက်တောင် မရှိလောက်ပါဘူး ။ ကိုယ့်ရပ်ကွက်မှာ လူဦးရေ ထောင်နဲ့ချီပြီးရှိတာ ။ ဘာကိုများ
စိုးရိမ်ထိတ်လန့်နေစရာ ရှိလဲ ။ သူတို့တွေ က အကြမ်းဖက်လာရင် ကိုယ်ကလည်း ကိုယ့်ဘက်ကလည်း တုန့်ပြန်ပေးလိုက်ရုံပေါ့ ။ တကယ်တမ်း သူတို့တွေမှာ စိတ်ဓါတ်ခွန်အား မရှိကြပါဘူး ။ သတ္တိဆိုတာလည်း မရှိပါဘူး ။ အာဏာရှင်စနစ်ကို အားကိုးပြီး မိုက်ပြနေတာပါ ။ ဒါဆို ပြည်သူလူထုကလည်း စည်းလုံး ညီညွှတ်ရေးကို အင်အားအဖြစ် အသုံးချပြီး တုန့်ပြန်ဆောင်ရွက်လို့ရတာဘဲ မဟုတ်ဘူးလား ။
ကိုယ့်နေတဲ့၇ပ်ကွက်မှာ မတရားဗိုလ်ကျမှုတွေကို သူများတွေ ခံနေရတာ ကိုယ်နဲ့ မဆိုင်ပါဘူး ဆိုပြီး လက်ပိုက် ကြည့်နေကြရင် နောက်တစ်ခါ ကိုယ့်အလှည့်ဆိုတာ မဖြစ်လာနိုင်ဘူးလား ။ ငါတို့ကတော့ ဆန့်ကျင်ချင်ပါတယ် ၊ သူတို့ကတော့ပါမှာ မဟုတ်ဘူးလို့တော့ မတွေးထင်ထားကြပါနဲ့ ။ ဒီစနစ်ဆိုးကြီးအောက် မှာ ဒုက္ခမျိုးစုံ အဖုံဖုံကိုအတူတူ ခံစားနေကြရတာပါဘဲ ။
ကိုယ်ရှာမှ ကိုယ်စားရမှာ ၊ နိုင်ငံရေးဆို ဝေးဝေးရှောင်ဆိုတဲ့ ကြားနေ၀ါဒတွေ ကျင့်သုံးတာ ဟာ အာဏာရှင်စနစ်ဆိုးကြီး တည်မြဲနေအောင် ထောက်ပံ့ပေးထား ဖြစ်တဲ့အတွက် အဲဒီအယူဝါဒကို စွှန့်လွတ်လိုက်ကြပါ ။ အမျိုးသားရေး အလုပ်ဖြစ်တဲ့ အတွက် တမျိုးသားလုံးလုံးနဲ့ဆိုင်ပါတယ် ။ ကိုယ်တိုင်ပါဝင် နိုင်အောင် အထူးအားထုတ် ကြိုးစားကြမယ်ဆိုရင် ကြံ့ဖွတ် စွမ်းအားရှင်တို့ ပြည်သူလူထုကို အနိုင်ကျင့်ဖို့ မပြောနဲ့ အဲဒီဝတ်စုံတောင် လူမြင်ကွင်းမှာ ၀တ်ပြီး လမ်းမထွက်ရဲပါဘူး ။ အခုလိုမျိုး မိမိတို့ ကိုယ်တိုင့်စတင်ပြီး ရပ်ကွက် မြို့ရွာ ၊ မြို့နယ်များမှ တဆင့် တနိုင်ငံလုံး
အတိုင်းအတာ နဲ့ ဆန့်ကျင်ကြမယ် ဆိုရင် ဒီလို အာဏာရှင်လက်ကိုင်ဒုတ်တွေ ဆိုတာ သူ့အလိုလို ပျောက်ကွယ်သွားမှာပါ ။
ဒီနေရာမှာ လူငယ်တွေကို အထူးတာဝန်ပေးချင်ပါတယ် ။ ကိုယ်နေထိုင်ရာ ရပ်ကွက်တွင်းမှ မှီတင်းနေထိုင်ကြတဲ့ ပြည်သူလူထုအပေါင်းကို လူငယ်များက စတင်စည်းရုံးပြီး အဖွဲ့အစည်း ငယ်လေးတွေ အသွင်ဖြင့် စတင်လုပ်ရှားသင့်ပါတယ် ။ ရပ်ကွက်တွင်း သာရေး နာရေး ကိစ္စတွေသာ မက ကိုယ့်၇ပ်ကွက်ရဲ့ လိုအပ်တာ မှန်သမျှကို စည်းလုံး ညီညွှတ်စွာနဲ့ လိုက်လံလုပ်ဆောင် ကြမယ်ဆိုရင် မကြာခင် မြန်မာနိုင်ငံကြီး အာဏာရှင်စနစ်ဆိုးအောက်က လွတ်မြောက်လာမှ သေချာပါတို့ ကျွန်တော် ဂတိပေးရဲပါတယ် ။
တပ်မတော်သားတွေ ဆိုတာ ပြည်သူကြားက ပေါက်ဖွားကြီးပြင်း လာကြတာ ဖြစ်လို့ ပြည်သူလူထုနဲ့ အမြဲ ထိတွေ့ ဆက်ဆံနေရတာပါဘဲ ။ သူတို့ကို စည်းရုံးပြောဆို မယ်လို့ စိတ်ကူးထားရင် သူတို့အနားက လူတွေကို အရင်ဆုံး နားလည်သဘော ပေါက်အောင် စည်းရုံးထားရမယ် ။ လူရဲ့သဘာဝ က ကိုယ်ပတ်ဝန်းကျင် ကို လိုက်ပြီး စိတ်ဓါတ်တွေ ပြောင်းလဲ လေ့ရှိတယ် ။ သူတို့ရဲ့ ပတ်ဝန်းကျင်မှာ တိုင်းပြည်ချစ်စိတ် ရှိသူတွေ များလာတဲ့ အခါ သူတို့ကိုယ်တိုင်လည်း တိုင်းပြည်နဲ့ လူထု အပေါ်ကို ထားရှိရမည့် သဘောထား အမှန်ကိုနားလည် လာကြလိမ့်မယ် ။ နိုင်ငံတကာ က စစ်တပ်တွေနဲ့ အခု အာဏာရှင်ရဲ့ လက်ရုံးစစ်တပ်တွေ ကြားက ကွာခြားချက်တွေကို သူတို့တွေ နားလည် သိရှိလာအောင် ပြောဆိုပေးရပါမယ် ။ တိုင်းပြည်ကို ကာကွယ်ဖို့ လက်နက်ကိုင်ဖို့ ပြည်သူလူထု က အခွင်အာဏာပေးထား တယ်ဆိုတာ သူတို့တွေ သိရှိသဘောပေါက် လာစေချင်တယ် ။ ဒီမိုကရေစီ နိုင်ငံတော်ကြီး အောက်မှာ ပြည်သူလူထု လေးစားချစ်ခင်မှု ကို ခံရတဲ့ တပ်မတော်ကြီးကို တည်ဆောက် နိုင်ပါတယ်ဆိုတဲ့ အတွေးမျိုးတွေကို ဖြန့်ဝေပေးကြရ ပါလိမ့်မယ် ။
လူထုလုပ်ရှားမှု ဆိုတာ ပြည်သူလူထု အားလုံးနဲ့ သက်ဆိုင်တာ အမှန်ပါဘဲ ။ အများပြည်သူကောင်းစားရေးကို ရှေ့ရှုထားတာ ဖြစ်လို့ ပြည်သူလူထု အားလုံးနဲ့ သက်ဆိုင်ပါတယ် ။ ဆန္ဒပြပွဲတွေ လုပ်ပြီ ဆိုရင်
ဒါတွေဟာ မဖြစ်မနေလုပ်ဆောင်ရမည့် အခြေခံ အချက်အလက်တွေပါဘဲ ။ ဒီလို အခြေခံ အချက်တွေကို လိုက်နာဆောင်ရွက်နိုင်ကြမယ်ဆိုရင် ပြည်သူလူထု လိုလားတောင့်တ နေတဲ့ ဒီမိုကရေစီ နိုင်ငံကြီးဆီကို အမြန်ဆုံးချီတက်နိုင်ဖို့ အာဏာရှင်
စနစ်ဆိုးကြီးကို အရင်ဆုံးဖြိုဖျက်နိုင်မှာ ဖြစ်ပါတယ် ။ အချို့က ဖြစ်မလာသေးတာကို စိတ်ပူနေကြတယ် ။ စနစ်ဆိုးကြီးအောက်က ရုန်းထွက်တော့လည်း ဘယ်သူက တိုင်းပြည်ကို ကောင်းလာအောင် စီမံခန့်ခွဲပေးနိုင်မှာလဲတဲ့ ။ အဲဒီလို အတွေးအခေါ်ကို ပြောဆိုဆွေးနွေး နေကြတဲ့ လူဟာ ဘယ်သူတွေရဲ့ စည်းရုံးရေးမှုးတွေလဲ ပြည်သူတွေ သဘောပေါက်ကြစမ်းပါ ။ ဘာဖြစ်လို့များ ဒီလို အတွေးအခေါ်တွေကို လက်ခံ သိမ်းပိုက်ထားကြတာလည်း ။
ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး စနစ်လို့ အမည်တပ်ခံထားရတဲ့ ဖက်ဆစ် စနစ်ကို အသွင်ပြောင်းထားတဲ့ စစ်အာဏာရှင်စနစ်ဆိုး ကြီးအောက် က ရုန်းထွက်တာနဲ့ မြန်မာပြည် တိုးတက်ကောင်းမွန်လာစေရမယ်လို့ အသက်နဲ့ထပ်တူ လောင်းကြေးထပ်ရဲပါတယ် ။
လူထု လုပ်ရှားမှု လုပ်ရခြင်းရဲ့ ရည်ရွယ်ချက် က ပြည်သူလူထု လိုလားတောင့်တချက်တွေ ကို အာဏာရှင်တွေ လိုက်နာဆောင်ရွက်ပေးဖို့ပါဘဲ ။ အဲဒီတော့ ပွဲ မ၀င်ခင် အပြင် က ကျင်းပ ဆိုတဲ့ စကားအတိုင်း ဘယ်လို အချက်အလက်တွေကို အဓိက တောင်းဆိုစေချင်တယ်ဆိုတာတော့ အားလုံး ညှိနှိုင်းထားသင့်သလို ၊တောင်းဆိုစေချင်တဲ့ အရာတွေဟာ လည်း ပြည်သူလူထု အမှန်တကယ် လိုအပ်ချက်တွေနဲ့ ကိုက်ညီစေချင်တယ် ။
အစိုးရကို ရက်အကန့်အသတ်ဖြင့်သာ စဉ်းစားခွင့်ပေးထားသင့်တယ် ။ သတ်မှတ်ရက် ရောက်လို့မှ တောင်းဆိုချက်ကို မလိုက်နာခဲ့လျှင် ပြည်သူလူထု ကိုယ်စားပြု အဖွဲ့အစည်း တခုခုမှ အုပ်ချုပ်ရေး အာဏာကို လွှဲပြောင်းရယူနိုင်ရေး အတွက် အထူးစီမံ ဆောင်ရွက်ထားသင့်တယ် ။
ဆန္ဒပြပွဲတစ်ခုရဲ့ အဓိကရည်ရွယ်ချက် အပိုင်းက အုပ်ချုပ်ရေး အာဏာကို လူထုလက်ထဲ ပြန်ထည့်ပေးဖို့ ဖြစ်တဲ့ အတွက် ဒီကိစ္စကိုတော့ ပညာရှင်အားလုံး ၀ိုင်းဝန်းကူညီ စဉ်းစားပေးစေလိုပါတယ် ။
လူထုဆန္ဒဖော်ထုတ် တောင်းဆိုတဲ့ အခါမှာ ညဘက်ခွေးဆွဲ တဲ့ ရန် အတွက်လည်း ကြိုတင်ပြင်ဆင် ထားရှိသင့်တယ် ။ မြန်မာပြည်မှာ ပြည်သူလူထု လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်တွေ အားနည်းလာရခြင်းရဲ့ အဓိက အကြောင်းက ညဘက်ခွေးဝင်ဆွဲတဲ့ ဒဏ်ကို မခံနိုင်လို့ပါဘဲ ။ ဆန္ဒပြပွဲတွေ ကျင်းပနေတဲ့ အချိန်မှာ ဆန္ဒပြပွဲကို ပါဝင်ဆင်နွှဲကြတဲ့ လူတွေ စုစုစည်းစည်း နေထိုင်နိုင်ကြရင် အကောင်းဆုံးပါဘဲ ။ သူတို့တွေ အတွက် စားဝတ်နေရေးကို ပြည်သူလူထုက ခတ္တခဏတော့ တာဝန်ယူပေးနိုင်ဖို့ အရေးကြီးတယ် ။ စာရေးပြရတာ လွယ်သလောက် လက်တွေ့လိုက်နာဖို့ကျတော့ ခက်တယ်ဆိုတဲ့ စကားတွေနဲ့ပြောဆိုလာကြမှာ လည်း ရှိပါတယ် ။ အများကောင်းစားရေး အတွက် ဦးတည် ကြိုးစားတာ ဖြစ်လို့ မကျေနပ်သူတွေ ကန့်ကွက်ပြောဆိုလည်း ဂရုမစိုက်ဘဲ ကိုယ်ဦးတည်ချက် ကို ရဲရဲကြီးကြီး လျှောက်လှမ်းကြဖို့ အရေးကြီးဆုံးပါဘဲ ။
အခြေခံ လိုအပ်ချက်တွေ ပြည့်စုံပြီဆို ရင်တော့ သတ်မှတ်သော နေ့ရက်များတွင် သတ်မှတ်သောနေရာကို ညီညွတ်စွာဖြင့်အရောက်ချီတက်ကာ တရားမျှတသော လွတ်လပ်သည့် ဒီမိုကရေစီ နိုင်ငံကို ကြွေးကြော်သံများဖြင့်ချီတက်ကြကာ အာဏာရှင်စနစ်ဆိုး ကို ညီညွတ်စွာဖြင့်တိုက်ထုတ်ကြပါစို့။
ခင်မင်လေးစားလျှက်
ဗမာ့သွေး

8888 People Power – Vol 6No 5– september 16-09-2010

You may also read here
8888 People Power ⒠ Vol 6No 5

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စစ်အစိုးရကို ဖြုတ်ချချင်ရင် အာဏာသိမ်းပွဲ့ကို အရင်ဆုံးလုပ်ရန်လိုတယ်



တိုက်တိုက်ဆိုင်ဆိုင် ၁၅ ကြိမ်မြောက် ဂျီနီဗာမှာ လူ့အခွင့််အရေးညီလာခံ၌ ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးက စစ်အစိုးရ၏ရွေးကောက်ပွဲနှင့် ပါတ်သက်၍ ပြောသွားသည်။ နိုင်ငံတကာအသိုင်းအ၀န်းအနေနှင့် စောင့်ကြည့်နေကြမည်ဖြစ်ကြောင်း

တို့ကို ပြောဆိုသွားခြင်းဖြစ်သည်။ ယနေ့တွင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းကြောင်း စစ်အစိုးရမှ ကြေညာလိုက်သည်။ တရုပ်နိုင်ငံတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သွားရောက်နေတုံးကာလမှာ ယခုကဲ့သို့ ကြေညာခြင်းဖြစ်သည်။ ဤအချက်သုံးချက်ကို လေ့လာကြည့်သောအခါ တခုနှင့်တခု သံကွင်းဆက်ပမာ ရှိနေသည်။ ယင်းသုံးချက်စလုံးသည် ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပနိုင်ငံရေးအတွက် အထောက်အကူပြုသော အချက်အလက်များဖြစ်သည်။ တိတိကျကျပြောရလျှင် ကုလသမဂ္ဂနှင့် နိုင်ငံတကာတို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သပိတ်မှောက်ကြောင်းကို နားမလည်ကြဟု ထင်ရသည်။ တချိန်တည်းမှာပင် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် အခြားသောပြည်ပရောက် ဒီမိုကရေစီအတိုက်အခံများ၏ ရွေးကောက်ပွဲအပေါ်သပိတ်မှောက်ခြင်းကိုလည်း ဂရုမမူကြ။ အကယ်၍သာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သပိတ်မှောက်ကြောင်းကို တရားဝင်ကြေညာချက်များ ထုတ်ပြန်ထားခဲ့သည်ဟု ဆိုလိုက်လျင် သို့မဟုတ် ကုလသမဂ္ဂနှင့် အခြားသောနိုင်ငံများးသို့ ကြေညာချက်များ ထုတ်ပြန်ထားလျင် အကြောင်းအရာတို့မှာ တမျိုးတဖုံပြောင်းလဲ သွားနိုင်စရာတွေ ရှိနိုင်ပါသည်။ ကျနော်ပြောချင်သည်မှာ နိုင်ငံတကာမှ ယခုအချိန်ထိ ရွေးကောက်ပွဲကို တရားမျှတစွာနှင့် ပြုလုပ်ရေးပြောတုံး။
နိုင်ငံရေးပါတီအဖြစ်မှတ်ပုံမတင်သည့် အချိန်ကာလကပင် သပိတ်မှောက်လိုက်ပြီ ဆိုသောအချက်ကို ကြေညာလိုက်လျှင် ယင်းသို့ဖြစ်လာမည်မထင်။ လူမူရေးလုပ်ငန်းကို လုပ်တော့မည်ဟု ဆိုခြင်းထက် ယင်းကြေညာချက်က ပိုမိုထိရောက်သွားမည်ဟု ထင်သည်။ ယခုအချိန်တွင် နိုင်ငံအတွင်းအနှံ့လှည့်လည်ပြီး သပိတ်မှောက်ကြရန် စည်းရုံးလှုံ့ ဆော်နေခြင်းမှာ လူနာမျက်ဖြူဆိုက်ချိန် ဆေးဝါးမမှီချိန်ဖြစ်နေသည်။
ကမ္ဘာကြီးသည် အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်၏ သပိတ်မှောက်ထားကြောင်းကို ပြည်ပနိုင်ငံများတွင် ထုတ်ဝေနေသော ဂျာနယ်တွေမှအယ်ဒီတာကလေးများ၏ ပြောဆိုချက်များဖြင့် သတိထားနိုင်ခြင်းမရှိ။ ထို့ကြောင့် သူတို့တွေက မီဒီယာသမားတွေပါဟု ပြောပြီး ပြောချင်တိုင်းပြောနေ ဆိုနေထားမူအပေါ် အတည်ပြုကာ ၂၀၁၀ ရွေးကောက်ပွဲကို အာရုံစိုက်သွားကြသည်။ ပြည်ပမှာရှိနေသော ပွဲစားတွေကလည်း ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် လှယ့်လည်မဲဆွယ်ပေးနေကြသေးသည်။ သူတို့တွေနှင့် မလုံလောက်လား မသိ။ ပြည်တွင်းမှ နိုင်ငံရေးအပျက် ပွဲစားတွေကလည်း နိုင်ငံတကာသို့ ထွက်လာကြပြီး မဲဆွယ်စည်းရုံးကြပြန်သည်။ ခုတော့ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့်
ကြံ့ဖွံ့ကပုဂ္ဂိုလ်တွေကို ခမ်းခမ်းနားနား ထည့်သွင်းဖေါ်ပြပေးနေပါတော့ပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၁၀ ရွေးကောက်ပွဲမှာ ထင်သလောက်ခရီးမပေါက်ခြင်းသည် မီဒီယာများအပေါ် သြဇါအာဏာသက်ရောက်မူ မရှိခဲ့ခြင်းက တပိုင်းဖြစ်သွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် စစ်အစိုးရ၏ ရွေးကောက်ပွဲနှင့်ပါတ်သက်၍ ဖေါ်ပြရေးသားမူမရှိခဲ့လျှင် တနည်းအားဖြင့် သပိတ်မှောက်ကြောင်းကိုသာ ထည့်သွင်းရေးသားနေကြလျင် မီဒီယာအခန်းကဏ္ဍမှ ယင်းသို့သာ တာဝန်ကျေပြွန်ကြမည်ဆိုပါက အခြေအနေများ ပြောင်းလဲ သွားနိုင်စရာရှိပါသည်။ မီဒီယာသမားတွေကလည်း သတင်းရရှိရေးကို ဦးစားပေးကာ လုပ်ရသောအပိုင်းများရှိရာ သူတို့အနေဖြင့် ဖြေစရာစကားက မီဒီယာကျင့်ထုံးတွေနှင့် ပြောချင်ကြသည်။ သို့သော် အတိုက်အခံမီဒီယာများမှာ ကျနော်တို့လိုချင်သော ဒီမိုကရေစီအင်အားစုများအသံ သို့မဟုတ် တိုက်ပွဲခေါ်သံများဖြင့် ရှိမနေခဲ့ကြ။ ယင်းအချက်တခုတည်းမှာပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကျဆုံးခန်းများ ဖြစ်သွားသည်။ အကယ်၍ အတိုက်အခံခေါင်းဆောင်များတို့၏ အသံများ ၊ အတွေးဒအခေါ်များ၊ အာဘော်များ ကို မီဒီယာများမှ ထာဝစဉ်ထည့်သွင်းခဲ့ပါက ပိုကောင်းသွားမည်ဖြစ်သည်။ ထည့်တော့ထည့်သည်။ စစ်အစိုးရ၏ ရွေးကောက်ပွဲ သတင်းများထက် နည်းပါးခဲ့သည်။
ခုတော့ပြသနာတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တင်မဟုတ်။ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီပါ အပြောမလွတ်တော့။ စင်စစ်အားဖြင့် ၉၀ ခုရွေးကောက်ပွဲ့ရလဒ်ကို
အကောင်အထည်မဖေါ်နိုင်သောကြောင့် ဝေဖန်ပြောဆိုခံနေရခြင်းမှာ ယခုအချိန်တွင် အမြင့်ဆုံးဒီဂရီသို့ ရောက်ခဲ့ပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကော ၊ ဒေါ်အောင်ဆန်းစုကြည်ပါ ဝေဖန်ခံရနေပါပြီ။ ယင်းသို့ဝေဖန်ခံရသည်မှာလည်း ပြည်သူတွေက ဖြစ်ချင်သောအခြေအနေများက မဖြစ်လာသောအခါ အဓိကတာဝန်ရှိသူများကိုဘဲ ပစ်မှတ်ထားခြင်းဖြစ်သည်။ တနည်းအားဖြင့် ၀မ်းနည်းဘွယ်ရာအခြေအနေများကို စိတ်နာကျဉ်း၍ ရင်ထုမနာပြောခြင်းမျိုးသာဖြစ်သည်ဟု ယူဆရသည်။ တခုတော့ရှိသည်။ ယခုအချိန်တွင် မည်သို့လုပ်ဆောင်ရမည်ဆိုသည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အပူတပြင်းစဉ်းစားရမည့်အချိန်ဖြစ်သည်။ ၉၀ ခုရွေးကောက်ပွဲ့ ရလဒ်ကို အကောင်အထည် မဖေါ်နိုင်ခဲ့သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၀ ရလဒ်ကို အကောင်အထည်ဖေါ်ရန် ဇမ္ဗူသီရိမြို့ နယ်မှ ၀န်ကြီးချုပ်သိန်းစိန်က ဖြစ်လာမည့်ပြည်သူ့လွှတ်တော်ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဖေါ်ဆောင်တော့မည်ဖြစ်ရာ မကြာခင်တွေ့မြင်ရတော့မည်ဖြစ်သည်။ ကိုယ်ထိုင်ရမည့် ရာဇပလ္လင်မှာ ခွေးတက်နေမူကို အဘယ်သူကြည့်ဝံ့နိုင်ပါမည်နည်း။ ယင်းရာဇပလ္လင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာ စံမြန်းရပါလိမ့်မည်။ မကိုဋ်သရဖူကို ဆောင်း၍ ဘိသိက်ပွဲတော် ကျင်းပရပါလိမ့်မည်။ ခုတော့ရွှေနန်းက မထိုက်တန်၍ လက်ပိုက်ပြီး သမင်လည်ပြန်ကြည့်ရေသောအဖြစ်မျိုးကို ပြည်သူတွေက မြင်နေရပါတော့ပါပြီ။
၉၀ ခုနှစ်တုံးက စင်ပြိုင်အစိုးရဖွဲ့ရန် ကြိုးစားခဲ့သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ယခုအချိန်တွင် အဖိုးကြီးဇရာအိုဘ၀ ရောက်သူတွေဖြစ်ခဲ့ကြရပါပြီ။ တချို့ မှာပြည်ပသို့ ထွက်ခွါလာခဲ့ကြရသည်။ လောလောဆယ်တွင် ဇရာအိုနိုင်ငံရေးသမားတို့မှာ မျိုးဆက်သစ်နိုငငံရေးသမားများကို မမွေးထုတ်နိုင်ခဲ့ခြင်းကလည်း စဉ်းစားစရာ အချက်တချက်ဖြစ်သည်ဟုထင်သည်။ စစ်အစိုးရက ပါတီများကိုဖျက်သိမ်းလိုက်ပြီဟု ဆိုသောနေ့တွင် ဦးဝင်းတင်ဆေးရုံရောက်နေသည်။ ဦးတင်ဦးမျက်စိခွဲရန် ဖြစ်နေရသည်။ ဒေါ်အောင်ဆန်းစုကြည်က ခြေမလှုပ်နိုင် လက်မလှုပ်နိုင် ဘ၀နှင့် ရှိနေသည် ။ ဦးညဏ်ဝင်းတဦးထဲကတော့ ဖုံးတလုံးနှင့် ပြောဖြစ်နေပါသည်။ သည်တော့ယင်းအဖွဲ့ချုပ်မှာ မည်မျှအားရစရာကောင်းလှပါမည်နည်း။ ကျနော်တို့မှာ အမုန်းခံ၍ ပြောကြားနေသောသူများဖြစ်သည်။ သို့သော်မဖြစ်နိုင်သောအခြေအနေများကို ပြောကြားခြင်းတော့မဟုတ်။ နိုင်ငံရေးပါတီဆို၍ တခုခုတော့လုပ်စေချေင်သော သဘောရှိနေခြင်းကြောင့် ယင်းသို့တိုက်တွန်းခြင်းမျိုးဖြစ်သည်။ အဖွဲ့ချုပ်မှာ မျိုးဆက်သစ်လူငယ်တွေ ရှိနေကြသည်ကို တွေ့ရသည်။ သို့သော် သူတို့မှာလုပ်ပိုင်ခွင့်များ မရှိလှ။ စင်စစ်အားဖြင့် ပါတီဝင်များထဲမှ တက်ကြွသောပုဂ္ဂိုလ်များ ရှိလောက်ပါပေသည်ဟု ထင်သည်။ စစ်အစိုးရမှာ ဥပဒေဆိုခြင်းက မည်သို့မျှမရှိကြောင်း ကမ္ဘာကသိသည်။ သို့သော်ယင်းအကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကမ္ဘာသို့ချပြရန်သင့်သည်။ ပါတီဖျက်သိမ်းခြင်းကို ကမ္ဘာသို့ ပြောကြားရန်သင့်သည်။ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း လုံးဝကြေညာချက်ထုတ်ပြန်သင့်သည်။ ပြိးတော့ရွေးကောက်ပွဲလုပ်လျှင် မီးဟုန်းဟုန်းထတောက်လိမ့်မည် ဆိုသော ရာဇသံကိုကြေညာချက်ထုတ်ပြန်ရန်သင့်သည်။
အမျိုးသားဒီမိုကရေစီအဖွဲပချုပ်မှာ စစ်ကြေညာရမည့်သူတွေ ပတ်လည်ဝိုင်းနေပါပြီ။ နအဖစစ်အစိုးရကို စစ်ကြေညာရန် အကောင်းဆုံးအချိန်ဖြစ်နေပါပြီ။ ​ဤအချိန်မှာ နယ်လှည့်
မျက်လှည့်ဆရာတွေလို သွားနေမည့်အချိန်မဟုတ်။ ကမ္ဘာကိုအသိပေးကြေညာရမည့်အချိန်ဖြစ်သည်။ ပြီးတော့ ရွေးကောက်ပွဲဝင်သည့်သူတွေကိုလည်း ပြတ်ပြတ်သားသားကြေညာသင့်သည်။ သူတို့ဝင်၍ ရွေးကောက်ပွဲပြုလုပ်ဖြစ်သွားသည်ကို မနေ့ကပေါက်လာသော နိုင်ငံရေးပေါက်စများတောင်သိသည်။ အကယ်၍သူတို့သာမ၀င်ခဲ့ပါက ဤရွေးကောက်ပွဲမှာ ပြုလုပ်ဖြစ်မည်မဟုတ်။ အကြောင်းမှာ သပိတ်မှောက်ကြောင်းကို သေသေချာချာပြုလုပ်နိုင်ခြင်းမရှိခဲ့၍ ယခုလိုဖြစ်သွားသည်။ မည်သို့ပင်ဆိုစေ အချိန်မှီနေပါသေးသည်။
ရွေးကောက်ပွင်သည့်သူတွေကို အသိပေးကြေညာသလို မိမိတို့အဖွဲ့ချုပ်အတွင်းလည်း ပြတပြတ်သားသားလုပ်စရာသာလိုသည်။ စစ်အစိုးရမှ အာဏာလွှဲပြောင်းရယူနိုင်ဖို့ ပထမဦးစွာ အဖွဲ့ချုပ်အတွင်း အာဏာလွှဲပြောင်းရယူရေးက အဓိကဖြစ်နေပါတော့သည်။ ဖျက်သိမ်းခံလိုက်ရသောအဖွဲ့ချုပ်အတွင်းမှာ အာဏာလွှဲပြောင်းယူခြင်း သို့မဟုတ် အာဏာသိမ်းခြင်းကို ပြုလုပ်ခြင်းမှာ အထူးအရေးကြီးနေသည်။ ဤကိစ္စမှာ ယခုအချိန်တွင် နအဖစစ်အစိုးရနှင့် တိုက်စစ်ဆင်ရမည့်ပွဲမို့ ဦးဆောင်မည့်သူများက ရှေ့တန်းသို့ထွက်လာခွင့်ကို လမ်းသစ်ချပေးရမည့်အချိန်ကာလဖြစ်သည်။ သို့မဟုတ်က အားမလိုအားမရနှင့် ယခင်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သေသေကြေကြေ ထောက်ခံကြသူများအချင်းအချင်း တဦးနှင့် တဦး စိတ်ကောက်ရန်ငြိုးထားကာ ဝေဖန်ယင်းစကားကြီးစကားကျယ် ဖြစ်နေကြမည့် အရိပ်အရောင်များကို မြင်တွေ့နေကြရပါပြီ်။ ကျနော်တို့အချင်းချင်း စိတ်ဝမ်းကွဲပြားလေလေ စစ်အစိုးရက ရီမောဟားတိုက်နေပေလိမ့်မည်ကို စဉ်းစားထားရန်လိုပါသည်။
လှေခွက်ချည်းကျန် အလံမလှဲတိုက်မည့်သူများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်း ဒုနှင့်ဒေးနှင့် ရှိနေအုံးမည်ထင်သည်။ ထို့ကြောင့်ချက်ချင်းအဖြေရှာကြရန် အရေးကြီးသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ယခုအချိန်မှာ အားကိုးနေ၍မဖြစ်တော့။ အသက်အရွယ်ကြီးမြင့်နေသော ဦးဝင်းတင်တယောက်တည်းကိုလည်း ထည့်တွက်ထား၍ မရချေ။ အခြားတိုက်ပွဲဝင်ရဲဘော်များက မြန်မာနိုင်ငံကို ကယ်တင်ရန်သူရဲကောင်းများအဖြစ် ခေါင်းဆောင်များကို ရွေးချယ်ကြရမည်ဖြစ်သည်။ ခေါင်းဆောင်ဆိုသည်မှာ နောက်လိုက်များကသာ ရွေးချယ်ပေးရခြင်းဖြစ်သည်။ နောက်လိုက်ကောင်းများမှာ မွေးထုတ်ခြင်းသာ ဖြစ်သည်မို့ မွေးထုတ်ထားသောနောက်လိုက်တွေအဖို့ ယခုအချိန်မှာ သေရေးရှင်ရေးတမျှ အရေးကြီးနေပါပြီ။ သည်တော့ပြည်မှာရှိသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွပ်မြောက်နယ်မြေရောက် အဖွဲ့ချုပ်သမားတွေကလည်း ချက်ချင်း ကမ္ဘာသို့ချပြနိုင်ရန်အရေးကြီးနေပြီဖြစ်သည်။ မည်သို့ဆိုစေ ၀မ်းနည်းဘွယ်ဖြစ်ပျက်နေသော ဤအချိန်မှာ စိတ်ဝမ်းမကွဲပြားရန် အရေးကြီးပါသည်။ ပြီးတော့စစ်အစိုးရကို အာဏာလွှဲပြောင်းပေးရေးအတွက် ကြားဖြတ်အစိုးရဖွဲ့စည်းရေးအတွက် ဆောင်ရွက်နိုင်ဖို့ လိုနေပါပြီ။ သို့မှသာ နှင်းဆီနီပန်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အဖွဲ့ချုပ်မှာ ပွဲလယ်တင့်နေပါလိမ့်မည်။

ခိုင်အောင်ကျော် ( နယူေးယာက် )