Friday, October 8, 2010

8Oct 2010 ဒိုင်ယာရီ

8 Oct 2010 Yeyitnge's Diary

မြန်မာလူ့အခွင့်အရေး ကုလစုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ အက်စ်တိုနီးယား ထောက်ခံ



By ကိုဇော်ဝင်းလှိုင် သောကြာ, 08 အောက်တိုဘာ 2010

မြန်မာနိုင်ငံအတွင်း စစ်အစိုးရက ကျူးလွန်နေတဲ့ အခွင့်အရေး ချိုးဖောက်မှုတွေဟာ စစ်ရာဇ၀တ်မှုမြောက် မမြောက် ကုလသမဂ္ဂအနေနဲ့ ကော်မရှင်ဖွဲ့ စုံစမ်း စစ်ဆေးဖို့အဆိုပြုထားတာကို အီးယူ ဥရောပသမဂ္ဂအဖွဲ့ဝင် အက်စတိုးနီးယား (Estonia) နိုင်ငံက ထောက်ခံလိုက်ပါတယ်။ ဒါဟာ မြန်မာ့အရေး ကော်မရှင်ဖွဲ့ စုံစမ်းရေး ထောက်ခံတဲ့ ၁၃ နိုင်ငံမြောက်လည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က စစ်အစိုးရ ကျူးလွန်ထားတဲ့ အခွင့်အရေး ချိုးဖောက်မှုတွေဟာ စစ်ရာဇ၀တ်မှုမြောက် မမြောက် ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးပေးဖို့ ပြီးခဲ့တဲ့ မတ်လအတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ အဆိုတင်သွင်းခဲ့တဲ့အပေါ် ကမ္ဘာ့နိုင်ငံအသီးသီးက ၀ိုင်းဝန်း ထောက်ခံလာနေကြတာပါ။

မစ္စတာ ကင်တားနားရဲ့ အဲဒီ အဆိုပြုချက်အပေါ် အသေအချာ စဉ်းစားသုံးသပ်ပြီးတဲ့နောက် အက်စတိုးနီးယား နိုင်ငံအနေနဲ့ ထောက်ခံဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အကြံပေးပုဂ္ဂိုလ် Mr. Jaanus Varu က တရားဝင် ထုတ်ဖော် ပြောကြားလိုက်တာပါ။

Estonia နိုင်ငံဟာ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတခု ဖြစ်တာကြောင့် အခုလို ထောက်ခံမှုရတာ အရေးပါတဲ့အကြောင်း ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့ ချက်သမ္မတနိုင်ငံအခြေစိုက် People in Need ဆိုတဲ့ လူမှုအထောက်အကူပြုအဖွဲ့က မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ Kristina Prunerova က ပြောပါတယ်။

“ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းမယ့်ကိစ္စကို ဥရော ပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတခုက ထောက်ခံလာတာ အခုချိန်မှာ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုလသမဂ္ဂ အဆင့်မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ကျလာဖို့အရေး ကြိုပမ်းကြတဲ့နေရာမှာ ဥရောပ သမဂ္ဂကြီး တခုလုံးရဲ့ ဘုံရပ်တည်မှုနဲ့ ဖိအားပေးလုပ်ဆောင်မှ ဖြစ်နိုင်မှာမို့ တနိုင်ငံချင်းစီရဲ့ အခုလို ထောက်ခံမှုက အရေးပါ ပါတယ်။”

တနိုင်ငံချင်းစီရဲ့ ထောက်ခံမှု အရင်ရဖို့ သူတို့ ကြိုးပမ်းလုပ်ဆောင်နေတာကို အက်စတိုးနီးယား နိုင်ငံက ထောက်ခံ အားပေးလာတာ ဖြစ်ပါတယ်လို့ ခရစ်စ်တီးနားက ပြောပါတယ်။ နောင်မှာလည်း တခြား ဥရောပအဖွဲ့ဝင်နိုင်ငံတွေ ထောက်ခံလာအောင် လုပ်ဆောင်သွားမယ်လို့ ခရစ်စ်တီးနားက ပြောပါတယ်။

“လာမယ့်လ အနည်းငယ်အတွင်း တခြား နိုင်ငံတွေပါလာအောင် စည်းရုံးနိုင်လိမ့်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။ အခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ထဲမှာ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းမယ့်ကိစ္စ ထည့်သွင်း ဖော်ပြလိမ့်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။ ဒီနှစ်မပါလည်း နောက်နှစ်တွေမှာ ပါနိုင်အောင် ကျမတို့ ဆက်ကြိုးစားသွားမှာပါ။”

စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းနိုင်ရေးအတွက် တကမ္ဘာလုံး အတိုင်းအတာနဲ့ ထောက်ခံမှုတွေ တဖြည်းဖြည်း တိုးလာအောင် သူတို့အနေနဲ့ ဆက်ပြီး ကြိုးပမ်းသွားမယ်လို့ Kristina Prunerova က ပြောပါတယ်။

လောလောဆယ်တော့ ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံရှိတဲ့အထဲက ၈ နိုင်ငံရဲ့ တရားဝင် ထောက်ခံမှုကို ရရှိပြီးဖြစ်ပါတယ်။ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံအပါအ၀င် ဒီကိစ္စကို တကမ္ဘာလုံးက ၀ိုင်းဝန်းထောက်ခံကြတဲ့နိုင်ငံ စုစုပေါင်း ၁၃ နိုင်ငံရှိသွားပြီ ဖြစ်ပြီး မကြာခင်မှာ ကျန်တဲ့နိုင်ငံတွေလည်း တဖြည်းဖြည်းနဲ့ ထောက်ခံလာကြလိမ့်မယ်လို့ သူတို့အနေနဲ့ မျှော်လင့်တဲ့အကြောင်း Kristina Prunerova ပြောပါတယ်။
http://www.voanews.com/burmese/news/Burma-UN-Inquiry-Estonia-10-08-10-104575554.html

တရုတ် လူ့အခွင့်အရေးသမားကို နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်



နယူးဒေလီ (မဇ္ဈိမ)။       ။ ၂ဝ၁ဝ  နိုဘယ်ငြိမ်းချမ်းရေးဆုကို တရုတ်လူ့အခွင့်အရေး လှုပ်ရှားသူ အကျဉ်းစံ Lui Xiaobo ကို ချီးမြှင့်ကြောင်း နော်ဝေနိုင်ငံ နိုဘယ်ဆု ချီးမြှင့်ရေးအဖွဲ့က ယနေ့ ကြေညာသည်။

နောက်ဆုံး ဆန်ကာတင် လူ ၂ ဦးနှင့် အဖွဲ့အစည်း ၃ ဖွဲ့ထဲက  မစ္စတာ Lui Xiaobo ကို ရွေးချယ်ကြောင်း  ယနေ့ နော်ဝေ စံတော်ချိန် မနက် ၁၁ နာရီ  တွင် ကြေညာသည်။

“တရုတ်နိုင်ငံမှာ အခြေခံ လူ့အခွင့်အရေးတွေ
xiaobo
တရုတ်လူ့အခွင့်အရေး နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Lui Xiaobo (Photo: Wikidemia Commons)
ပြန်လည်ထွန်းကားရေးအတွက် အကြမ်းမဖက်နည်းနဲ့ အကြာကြီး တိုက်ပွဲဝင်နေသူကို ရွေးလိုက်တာပါ” ဟု နော်ဝေအခြေစိုက် ဆုရွေးချယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

နောက်ဆုံး ဆန်ကာတင်စာရင်း  တစ်ပေးခံရသူများမှာ  အသက် ၅၅ နှစ်အရွယ် Lui Xiaobo အပြင် အာဖဂန်နစ္စတန်မှ လွတ်လပ်သော လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ Sima Sama ၊ အင်တာနက် ၊ နော်ဝေအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာန၊ စစ်ရာဇဝတ်မှုနှင့် လူမဆန်သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးနေသည့် ဆီးရီးယား အထူးတရားရုံးတို့ ဖြစ်သည်။

ယခုနှစ်အတွက် လူ ၁၉၉ ယောက်နှင့်  ၃၈ ဖွဲ့တို့ကို ပဏာမ စရွေးခဲ့သည်။

Lui သည် တရုတ်နိုင်ငံ ဂျီလင်ပြည်နယ် ချန်ချူးမြို့တွင် ၁၉၅၅ ဒီဇင်ဘာ ၂၈ ရက်တွင် မွေးဖွားပြီး ဂျီလင် တက္ကသိုလ်မှ ၁၉၈၂ တွင် စာပေ (ဝိဇ္ဇာဘွဲ့) ရခဲ့သည်။ ယင်းတက္ကသိုလ်မှပင် ၁၉၈၄ တွင် မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့ပြီး ၁၉၈၈ တွင် ပီကင်းတက္ကသိုလ်မှ စာပေဒေါက်တာဘွဲ့ ရသည်။

တရုတ်နိုင်ငံတွင် ဒီမိုကရေစီရေး ပြန်လည်မြှင့်တင်ရန် ပညာရှင်နှင့် လူ့အခွင့်အရေး လှုပ်ရှားသူ ၃ဝ၃ ဦး လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် Charter 08 တွင် ပါ၍ Lui ကို တရုတ်အစိုးရက ၂ဝဝ၈  ဒီဇင်ဘာတွင် ဖမ်းပြီး ၂ဝဝ၉  ဒီဇင်ဘာတွင်  ထောင် ၁၃ နှစ် ချခဲ့သည်။ ထောင်ကျနေစဉ်  နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရသည်။

နောက်ဆုံး ဆန်ကာတင် အဆင့်တွင် ပါခဲ့သည့်အတွက် DVB အနေဖြင့် ဝမ်းသာဂုဏ်ယူကြောင်းနှင့် နောက်ဆုံး မိနစ်အထိ ဆုကို မျှော်လင့်မိကြောင်း ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) အုပ်ချုပ်ရေးမှူး ကိုအေးချမ်းနိုင်က ပြောသည်။

“ဒီလောက်ကြီးမားတဲ့ ဆုအတွက် အနှိုင်းယှဉ်ခံရတာကို ကျနော်တို့ သတင်းထောက်တွေအတွက် ဝမ်းသာဂုဏ်ယူပါတယ်။ အထူးသဖြင့် အကျဉ်းကျနေတဲ့ သတင်းထောက်တွေအတွက်ပေါ့။ ဒီလိုဖြစ်လာတာဟာ သူတို့ရဲ့ အဓိက ကြိုးပမ်းမှုတွေကြောင့်လို့ ပြောလို့ရပါတယ်” ဟု  သူက ပြောသည်။

DVB သည် ၂ဝဝ၇  စက်တင်ဘာ  ရွှေဝါရောင် တော်လှန်ရေးကို ကမ္ဘာက သိအောင် ကြိုးပမ်း တင်ပြနိုင်ခဲ့ကာ ယင်းကာလအတွင်း ပြည်တွင်းသတင်းထောက်များ သက်စွန့်ဆံဖျား သတင်းရယူပုံကို ရိုက်ကူးထားသည့် Burma VJ ရုပ်သံမှတ်တမ်းသည်လည်း မနှစ် ဟောလိဝုဒ် အော်စကာ ဆုပေးပွဲတွင် နောက်ဆုံးဆန်ကာတင်အဆင့် ဝင်ခဲ့သည်။

နေအိမ်တွင် အထိန်းသိမ်းခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ၁၉၉၁ က နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခဲ့သည်။

ယခုဆုကို ဒိုင်းနမိုက်တီထွင်သူ ဆွီဒင်နိုင်ငံသား အဲဖရက် နိုဘယ်က ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကြိုးစားလုပ်ဆောင်နေသူများကို ချီးမြှင့်ရန် အခြားဆုများနှင့်အတူ ၁၈၉၅ က သေတမ်းစာရေး၍ ထူထောင်ပေးခဲ့သည်။
http://www.mizzimaburmese.com/news/regional/6220-2010-10-08-13-14-20.html

ဆရာအောင်သင်းရဲ့ စာပေဟောပြောပွဲ အသံဖိုင်

ဆရာဟာ အမှန်တရားကို လက်ကိုင်ထားပြီး လူငယ်များကို ကောင်းမွန်စေတဲ့ စေတနာနဲ့ ပြောတဲ့ အတွက် သူပြောသမျှ စကားတိုင်းဟာ လူငယ်များကို အသိပညာတိုးပွားစေလို့ ပြီးအောင် နားထောင်ကြည့်ကြပါ ။ နားထောင်ပြီးတာနဲ့ ကျွန်တော်တို့ ပုခုံးပြောင်းတာဝန် ယူကြရမယ့် အချိန်အခါကို ရောက်လာပြီဆိုတာကို သေချာသိရှိနားလည် လာပါလိမ့်မယ် ။ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းပြောထားတာကလည်း စိတ်ဝင်စားစရာ ကောင်းသလို မျက်ရည် ကျမိလောက်အောင်ကို ဗိုလ်ချုပ်ရဲ့ စေတနာကို ပိုမိုသဘောပေါက်လာမိပါတယ် ။ ပညာနဲ့ ဥစ္စာ ဘယ်အရာကို အရင် ရှာရမလဲ မေးမြန်းတတ်တဲ့ လူငယ်များကိုလည်း အတွေးအခေါ် မှန်ကန်လာအောင် လမ်းညွှန်ပြသထားပါတယ် ။ ဆရာရဲ့ လူငယ်များ အပေါ် မှာ ထားရှိတဲ့ စေတနာကို ကိုယ်တိုင် သိမြင်ခံစားနိုင်သလို သမိုင်းကြောင်း အမှန်အချို့ကိုလည်း သိမြင်လာကြစေဖို့ စေတနာနဲ့ ကူညီဖြန့်ဖြူးပေးပါလို့ လေးစားစွာ မေတ္တာရပ်ခံ အပ်ပါသည် ။

ခင်မင်လေးစားလျှက်

ဗမာ့သွေး
နားဆင်ရန်

Download here