Sunday, October 10, 2010

မြန်မာသရုပ်ဆောင် နန်းဆုရတီစိုး အိမ်ပြန်မရောက်ဘဲ ပျောက်ဆုံးနေ

မိုးမခအထောက်တော်

ရန်ကုန်အောက်တိုဘာ ၁၀၊ ၂၀၁၀


ယနေ့ ရန်ကုန်မှ ရရှိသော သတင်းအရ အဆိုကျော်နှင့် သရုပ်ဆောင်အမျိုးသမီး နန်းဆုရတီစိုး အောက်တိုဘာ ၈ ရက်နေ့ကတည်းက အိမ်သို့ ပြန်ရောက်ခြင်းမရှိဘဲ ပျောက်ဆုံးနေသည်ဟု သိရသည်။“မြ၀တီရုပ်မြင်က ရိုက်ကူးပြီး အပြန်မှာ ကားရော၊ လူရော အိမ်ကို ရောက်မလာတော့ဘူး။ သူနဲ့ အတူ အဖော်မိန်းကလေးနဲ့ ကားမောင်းသူပါ ပျောက်နေတယ်။ ဒီနေ့ အောက်တိုဘာ ၁၀ ရက် မနက်မှာ နန်းဆုရတီစိုးရဲ့ အိမ်လမ်းထိပ်မှာ သူ့ကားကို လာရပ်ထားခဲ့တယ်လို့ သိရတယ်။ ဖုံး ၂ လုံး ပါသွားပေမယ့် တလုံးက ပိတ်ထားပြီး၊ တလုံးကို မကိုင်ဘူးလို့ အိမ်က ပြောတယ်။”နန်းဆုရတီစိုး၏ မိခင်ကိုယ်တိုင်က မြန်မာနိုင်ငံ ရဲချုပ်အထိ သွားရောက် တိုင်တန်းထားကြောင်း၊ တပြည်လုံးရှိ ရဲတပ်ဖွဲ့များသို့ အကြောင်းကြားထားကြောင်း၊ ပြန်ပေးဆွဲခံထားရသည်ဟု ထင်မြင်နေကြကြောင်း စုံစမ်း သိရှိရသည်။“အခုထိတော့ ပြန်ပေးဆွဲတဲ့ဆီက ဆက်သွယ်တာ မရှိသေးဘူးလို့ ပြောတယ်။ ဒါပေမယ့် မြ၀တီရုပ်မြင်စတူဒီယိုက အထွက်မှာ ပျောက်သွားတာဆိုတော့ ရုန်းရင်းဆန်ခတ်ဖြစ်တယ် ဆိုတဲ့ မျက်မြင်သက်သေ မရှိသေးတော့ အတိအကျ မပြောနိုင်ကြဘူး၊ သူနဲ့ ရင်နှီးတဲ့ စစ်ဗိုလိချုပ်ကြီးတွေရဲ့ သားသမီးတွေနဲ့ ပတ်သက်ပြီး ဖြစ်တာလားလို့လည်း ထင်ကြေးပေးနေကြတယ်”ဟု မိုးမခသို့ သတင်းပေးပို့သူက ထင်မြင်ချက် ပေးသည်။သတင်းရရှိသညိ့ ယနေ့ မွန်းလွဲချိန်အထိ ထူးခြားမှု မရှိသေးဟု ဆိုသည်။
http://www.moemaka.blogspot.com/

10 Oct 2010 ဒိုင်ယာရီ

http://www.mediafire.com/file/5ucostum80q33hz/10%20%20October%202010%20yeyintnge%27s%20Diary.pdf
http://www.mediafire.com/file/4jhu9c8rdb17pq7/10%20%20October%202010%20yeyintnge%27s%20Diary.doc
10 October 2010 Yeyintnge's Diary

ပြုံးပြုံး ပြုံးပြုံးနဲ့ ပါးမုန်းနဲ့ဟိုလူ၊ ဆေးတံနဲ့ချော့ ငေါ့မယ်လို့မြူ (ရဲဘော်ကျော်သန်း)

ဗာလနံစစ်မိစ္ဆာ နအဖ
ဇာတ်ပျက်တော်လှန်ရေး ဗျိုရိုကရက်
ပြီးတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ ပါးမုန်းနဲ့ ဟိုလူ
 
သုံးပွင့်တော့ ဆိုင်နေကြပြီ။ ဗမာတွေကို ထာဝရစစ်ကျွန်ဇာတ်သွင်းဖို့ အစီအမံအတွက် ဆိုပါတော့။ အစကတော့ ဗမာဗိုလ်ချုပ်တွေ သတ္တိနည်းတာကို သိပေမယ့် စစ်သားတွေဆိုပြီး ဒီလောက်ထိ သူရဲဘောကြောင်လိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ဗမာ့သမိုင်းမှာ မကြုံစဖူး ထူးကဲတဲ့ အဖျက်စွမ်းတွေနဲ့ မျိုးဖျက်စစ်အာဏာရှင်တွေရဲ့ နောက်ဆုံးအဆင့် မိစ္ဆာသန်းရွှေစစ်အုပ်စုက သူရဲဘောအကြောင်ဆုံး လုပ်ရပ်နဲ့ အမျိုးဂုဏ်သိက္ခာကို ထပ်ပြီး ချပြလိုက်ပြန်ပြီ။ အဲဒါက တော့ သူတို့အပိုင်အနိုင် မယူနိုင်တဲ့ နယ်မြေတွေဖြစ်တဲ့ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဒေသတချို့မှာ ရွေးကောက်ပွဲမလုပ်တော့ဘဲ ဖျက်သိမ်းလိုက်တာပါ။ မိစ္ဆာသန်းရွှေ စစ်အုပ်စုဟာ သူတို့ရဲ့ကိုယ်ပွား ကြံ့ဖွတ်ပါတီကို သေချာပေါက်အနိုင်ရဖို့ တခြားပြိုင်ဘက် ပါတီတွေကို ကြိုးအမျိုးမျိုးနဲ့ ချည်တုပ်ထားတဲ့ ကြားထဲက အခုလို မသေချာတဲ့ နယ်တွေကို ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါတောင် အိမ်နီးချင်းနိုင်ငံတွေဆီက ရွေးကောက်ပွဲလွန် ကာလအတွက် ကြိုတင်ကတိကဝတ်တွေ စကားအပေးအယူတွေ ရထားပြီးသားပါ။ ကပ်ပေါင်း စုံသင့်နေတဲ့ ဗမာပြည်ပြဿနာနဲ့ ပတ်သက်ရင် အိမ်နီးချင်းတွေရဲ့ သဘောထားက မျက်ဖြူ ဆိုက်လေ ဆရာကြိုက်လေ ဖြစ်နေသလားတော့ မသိပါဘူး။ ဒီလောက် မတော်မတရား လုပ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆိုးသည်၊ ကောင်းသည် ဘာဝေဘန်ချက်မှမပေး ရေငုံနှုတ်ပိတ်နေကြတယ်။ သွယ်ဝိုက်ပြီး ထောက်ခံတဲ့ သဘောပေါ့။ တရုတ်၊ အိန္ဒိယနဲ့ အိမ်နီးချင်းနိုင်ငံတွေကို မိစ္ဆာသန်းရွှေကိုယ်တိုင်သွားပြီး ရှင်းလင်းညှိုနှိုင်းနေတယ်။ တရုတ် အစိုးရကတော့ ခပ်ပြတ်ပြတ်ပဲ ဒေါ်လာသန်းပေါင်း ငါးထောင်ကျော်ပေးပြီး ရွေးကောက်ပွဲကို တဖက်လှည့် ထောက်ခံပြလိုက်တယ်။
မိစ္ဆာသန်းရွှေရဲ့ ဒီနောက်ဆုံး သူရဲဘောင်မှု လုပ်ရပ်ကြောင့် နိုင်ငံရေးအရ အထိခိုက် ဆုံးကတော့ ကေအိုင်အေခေါင်းဆောင် ဒေါက်တာတူးဂျာပဲဖြစ်တယ်။ ငရုတ်သီးနဲ့ ပေါင်းမိလို့ အထောင်းခံရတဲ့ ကြက်သွန်လို အင်ဂျီအိုနဲ့ ဈေးကစားတတ်တဲ့ နိုင်ငံရေးစားဖား ဟန်ညောင် ရွှေရဲ့ ရွေးကောက်ပွဲဟာ လက်တွေ့ကျတဲ့ နိုင်ငံရေးအခွင့်အလမ်းဆိုတဲ့ စကားကို ယုံစားမိလို့ အခုလို နိုင်ငံရေး နှပ်ပစ်ခံရတာဖြစ်တယ်။ သူ့ခင်ဗျာ ပါတီမှတ်ပုံတင်ခွင့်မရတာတောင် တသီး ပုဂ္ဂလအနေနဲ့ ပြိုင်ဖို့ ကြိုးစားရှာပါသေးတယ်။ နအဖက သူပြိုင်မည့် ကချင်ပြည်နယ်ကို ရွေးကောက်ပွဲ မလုပ်တော့ဘူးလို့ ဖြတ်ရိုက်တာ ခံလိုက်ရရှာတယ်။ ဖွတ်မရ ဓားမဆုံးတဲ့ကိန်း။
တကယ်တော့ ဒီရွေးကောက်ပွဲဆိုတာ နိုင်ငံတကာနယ်ပယ်မှာ နိုင်ငံရေးအရ တရား ဝင်မှု၊ ပိတ်ဆို့အရေးယူမှုစတဲ့ အကြပ်အတည်းတွေကနေ လွတ်ဖို့ ထွက်ပေါက်တခုအဖြစ် ယောင်ပြနိုင်ငံရေး ကစားကွက်တခုပဲ ဖြစ်ပါတယ်။ ပြည်ထဲက လူထုဆန္ဒတို့ တိုင်းပြည်ရင်ဆိုင် နေရတဲ့ ပြဿနာတွေ အဖြေရှာဖို့ဆိုတာ တစိုးတစိတောင် ထည့်မတွက်ပါဘူး။ နိုင်ငံတကာကို ပြတဲ့ မျက်လှည့်ပွဲ၊ ရွေးကောက်ပွဲ တံဆိပ်ကပ်ထားတဲ့ နိုင်ငံရေး လိမ်ညာပွဲတခုပဲဖြစ်ပါတယ်။ ပြည်တွင်း အယ်ဒီတာတဦးရဲ့ စကားအတိုင်းဆိုရင် နှစ်ဖက်မိဘတွေကလဲ သဘောမတူ ပတ်ဝန်းကျင်ကလဲ နှာခေါင်းရှုံ့နေကြတဲ့ လိင်တူချစ်သူများရဲ့ မင်္ဂလာပွဲတခုပေါ့။
ထွက်ပေါက်မရှိတဲ့ စစ်ကျွန်ဖွဲ့စည်းပုံ
ပြိုင်ဘက်ကို လက်ပြန်ကြိုးအမျိုးမျိုးချည်ထားတဲ့ ရွေးကောက်ပွဲ နည်းဥပဒေတွေ
လက်လှမ်းမမီတဲ့ ရွေးကောက်ပွဲ မှတ်ပုံတင်ကြေး
စိတ်ကူးပေါက်တိုင်း ထွက်လာတတ်တဲ့ နှုတ်မိန့်ဆိုတာတွေ
ပြီးတော့ သခင်အားရ ကျွန်ပါးဝ ရွေးကောက်ပွဲ ကော်မရှင်ဆိုတာတွေ
“စတဲ့.. စတဲ့” ပြောမဆုံးပေါင် တောသုံးတောင် ဖိနှိပ်ချုပ်ချယ် ကန့်သတ်မှုမျိုးစုံနဲ့ လုပ်ပေးတဲ့ ရွေးကောက်ပွဲကို အခွင့်အလမ်းတခုလို မြင်နိုင်ကြသူတွေ၊ ပြိုင်ချင်ကြသူတွေကလဲ ရှိနေ သေးတာ အံ့သြစရာ။ အခွင့်အလမ်းဆိုတာမျိုး တကယ်ဖြစ်ခဲ့ရင်တောင် ဒီအခွင့်အလမ်းဆိုတာ တိုင်းပြည်နဲ့ လူမျိုးအတွက် မဟုတ်တာကတော့ သေချာတယ်။ အတ္တလောဘ ဆန္ဒစွဲကို နည်းနည်းထိန်းချုပ်နိုင်မယ်ဆိုရင်တောင် ၂၀၀၈ က အတုအယောင် ဆန္ဒခံယူပွဲကို သင်္ခန်းစာ ထုတ်ယူနိုင်ပါတယ်။ ဒါပေမဲ့ အနှီပုဂ္ဂိုလ်များဟာ တိုင်းပြည်အတွက် အကျိုးမများတဲ့ ကိုယ့် ဆန္ဒစွဲလောဘ သို့မဟုတ် မိမိကိုယ်ကိုယ်ဗဟိုပြုတဲ့ အမြင်ကြောင့် တံလျှပ်ရေထင် ကြမ္မာငင်ပြီး စစ်ကျွန်ရွေးကောက်ပွဲ ခြောက်ကမ်းပါးထဲ ခုန်ချကုန်ကြတာပဲ။
ပြည်တွင်းပြည်ပက အဲဒီလိုလူတွေကို လေ့လာကြည့်ရင် အရေးကောင်းရင် ဗိန်းဗောင်း တိုက်ပြီး ဖားပြုတ်တွေ မာန်ဖီသလို လေနဲ့ဖောင်းကားနေတတ်တယ်။ နိုင်ငံရေးရာသီ မကောင်းလို့ ပူပြင်းကြမ်းတမ်းလာရင် အေးရာအေးကြောင်း အကြိုအကြားမှာ ချောင်ခိုပြီးတော့ ရှောင်နေတတ်တယ်။ နင်မလာ ငါမကြောက် နင်လာ ငါပျောက်ဆိုတဲ့ အစားထဲကပေါ့။ လူရည်လူသွေးတော်တယ်၊ တတ်တယ်၊ လည်ပတ်နှံ့စပ်တယ်။ သို့သော် စွဲမြဲခိုင်မာတဲ့ ယုံကြည် ချက်တို့၊ ခံယူချက်တို့ဆိုတာ သူတို့အဘိဓာန်မှာ မရှိဘူး။ အဲဒီလိုလူမျိုးတွေဟာ ဘယ်နေရာ ရောက်ရောက် ကိုယ်သက်သာရာ အခွင့်အရေးရှိရာကိုပဲ ရှာဖွေနေတတ်တယ်။ အိမ်ရှင်မရဲ့ ခြေသလုံးကို ခေါင်းကလေးနဲ့ တိုးခွေ့ချော့ပလီပြီး ခေါင်းအုံးပေါ် တက်အိပ် တတ်တဲ့ ကြောင်ပါးဝကြီးတွေလို အစားတွေ။ နိုင်ငံရေး တော်လှန်ရေးထဲ ရောက်လာရင်လဲ အများနဲ့ တန်းတူနေ၊ တန်းတူစား၊ တန်းတူလုပ်ကိုင်ဖို့ ဘယ်တော့မှ မကြိုးစားဘူး။ မြှောက်စားမဲ့သူ အနား ဖားယားခိုကပ်နေတတ်တဲ့ အနားပျာတွေ “ တိမ်လွှာကြားမှာ လရထားကို အခန့်သား စီးချင် သူတွေ”။ ဇာတ်ပျက် တော်လှန်ရေးဗျိုရိုကရက်တွေပေါ့။
လူမှုအဆောက်အဦတခုကို စီမံခန့်ခွဲ အုပ်ချုပ်တဲ့အခါ အဓိကအားဖြင့် အာဏာ ဗဟိုချက် (Power Center) နှစ်ခုနဲ့ ခန့်ခွဲကြတယ်။ တခုကအဆုံးအဖြတ်ပေးပြီး တခုက အကောင်အထည်ဖော်တယ်။ ခေါင်းဆောင်တွေ နိုင်ငံရေးသမားဆိုတာတွေက ဝဲယာ၊ ထက် အောက်၊ ရှေ့နောက် ထောင့်စုံကို ချင့်ချိန်ပြီး အဆုံးဖြတ်ပေးတယ်။ ဗျူရိုကရက်တွေကတော့ လုပ်ထုံးလုပ်နည်းတွေကို အသုံးချပြီး အဲဒီဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်တယ်။ ဒီတော့ ဗျူရိုကရက်ဆိုတာလည်း အရေးပါတဲ့ လိုအပ်ချက်ဖြစ်တယ်။ သို့သော်လည်း သူတို့ဟာ တိုင်းပြည်၊ လူမျိုး၊ အဖွဲ့အစည်း၊ အဆောက်အဦရဲ့ ပကတိအခြေအနေတွေ၊ လိုအပ်တာတွေ ထက် လုပ်ထုံးလုပ်နည်းတွေကိုသာ အလေးထားတယ်။ စာရင်းငှား နွားကျွေးသလို လက်တွေ့ အကျိုးသက်ရောက်မှုထက် လုပ်ထုံးလုပ်နည်းနဲ့ အဆင်ချောမွေ့ပြီး အလုပ်ပြီးမြောက်ဖို့ပဲ ဦးစားပေးတယ်။ အများနဲ့ ဆိုင်တဲ့ အလုပ်တွေကို လုပ်စားနေပေမဲ့ စေတနာ့ဝန်ထမ်းစိတ် ခေါင်းပါးတတ်ပြီး သူတို့ကိုယ်သူတို့ လူတကာထက်ထူးမြတ်တဲ့ မိုးကျရွှေကိုယ်တွေလို့ မှတ်ထင် တတ်တယ်။
ဖြစ်နိုင်ချေ၊ ဖြစ်တန်ချေ၊ (Possibility, Probability) ဆိုတဲ့ စကားတွေကို များများ ပြောပြီး အခွင့်အရေးနောက်ကို ယုန်နဲ့အတူပြေး ခွေးနဲ့အတူလိုက်နေသူတွေ ဖြစ်တယ်။ စွန့်လွှတ်စွန့်စားခြင်း၊ အနစ်နာခံခြင်းဆိုတာ သူတို့အတွက် မပြောကောင်း၊ မကြားကောင်းတဲ့ ဝေါဟာရတွေဖြစ်တယ်။ လူမှုဆက်ဆံရေးအမြင်ကြတော့လည်း တန်းတူမရှိ၊ မြင့်တယ်ထင်ရင် ဖားတယ်၊ နိမ့်တယ်ထင်ရင် နှိမ်တယ်။ ဆရာတပည့်ထက်မက ကျွန်မွေးဖို့ လက်မနှေးသလို သခင်မွေးဖို့လည်း ဝန်မလေးဘူး။ ဒါကြောင့် ဒီလို ဗျူရိုကရက်ဉာဉ်နဲ့ လူစားတွေ ခေါင်းဆောင် နေရာ၊ အဆုံးဖြတ်နေရာ ရောက်လာရင် သက်ဆိုင်တဲ့ လူ့အဖွဲ့အစည်း၊ အဆောက်အဦ၊ လှုပ်ရှားမှု၊ တော်လှန်ရေးဆိုတာတွေ ပျက်စီးပြီး လမ်းကြောင်းပျောက်တော့တာပဲ။
(၈၈) က စခဲ့တဲ့ ကျုပ်တို့တော်လှန်ရေးမှာ ဘုရားကားအောက် မြောက်ကားအထက် ဆိုသလို ဗျိုရိုကရက်ဉာဉ်နဲ့ လူတွေက ခေါင်းဆောင်နေရာ အဆုံးအဖြတ်နေရာတွေမှာ အုပ်စီး ထားလိုက်တာ တမိုးလုံး ဖျောက်ဆိပ်သူတို့ချည်းပဲ။ ဒီလိုနဲ့ (၈၈) နိုင်ငံရေး ဒီရေကြီးလဲ နှစ် (၂၀) ကျော် ကာလအတွင်းမှာ ရေစုန်မျောသွားခဲ့ရတယ်။ စစ်တမ်းပြုချက်တခုအရ ဒီမိုကရေစီ တပ်ဦးပါတီ အင်န်အယ်လ်ဒီ ခေါင်းဆောင်မှုရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကျော်ဟာ အထက်ဖား အောက်ဖိ ဝတ်ကျေတန်းကျေ အကျင့်စွဲနေတဲ့ မဆလတွေဆိုပဲ။ တချို့ ရဲရင့် တက်ကြွတဲ့ ပါတီဝင်တွေ အဖမ်းခံထောင်ချ၊ တချို့ထောင်ထဲမှာ ရိုက်သတ်ခံရ၊ တချို့ပါတီက အထုတ် တောင်ခံရတဲ့ အခြေအနေမှာ ဒီ မလုပ် မရှုပ် မပြုတ်ဆိုတဲ့ မဆလဟောင်း ဗျူရိုကရက် တွေကတော့ စစ်အုပ်စုရဲ့ သက်တော်ရှည်ဘွဲ့ခံ အတိုက်အခံခေါင်းဆောင်ကြီးတွေ ဖြစ်လို့ပေါ့။ ဦးဝင်တင်ရဲ့ မေးမြန်းခန်းတခုမှာ ကြားလိုက်မိပါတယ်၊ ၂၀၀၇ သံဃာတွေ အုံကြွပြီး လမ်းမပေါ် ထွက်လာကြတော့ အယ်န်အယ်လ်ဒီခေါင်းဆောင်တွေ စည်းဝေးကြတယ်။ ဘာလုပ်မလဲ ဆွေးနွေးကြတယ်။ အခု အင်န်ဒီအက်ဖ်ခေါင်းဆောင် မဆလဟောင်း ကော့ကရိတ် (ဦး) သိန်းညွန့်က ဥပဒေနဲ့ ဆန့်ကျင်တယ်၊ ပတ်သက်လို့ မဖြစ်ဘူးလို့ ပိတ်ပြီး ပြောခဲ့တာနဲ့ ဘာအရေးယူဆောင်ရွက်မှုမှ မပါပဲ ပြီးဆုံးခဲ့တယ်လို့ ဆိုတယ်။ ဒီလိုနဲ့ အင်န်အယ်လ်ဒီပါတီဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာလိုက်၊ နိုင်ငံရေးတိုက်ပွဲတချို့ဖော်ပြီး လှုပ်လှုပ်ရှားရှားလေးဖြစ်လိုက်၊ ဒေါ်စုပြန်အဖမ်းခံရပြီး ငြိမ်သွားလိုက်နဲ့ ကြေငြာချက်တွေ ထုတ်တဲ့ စာကူးစက်တလုံး ဖြစ်သွားတော့တယ်။
အင်ဂျီအိုပယောက အပူးခံရတဲ့ ပြည်ပလှုပ်ရှားမှုကတော့ ပိုပြီး အခြေအနေဆိုးပါတယ်။ သူတို့ အပြောနဲ့ ပင်မရေစီး (Mean stream) ထဲက ဇာတ်ပျက် တော်လှန်ရေး ဗျူရိုကရက်တွေ ဟာ အင်ဂျီအိုဂုဏော အနန္တောဂါထာကို နာနာရွတ်ပြီး ခေါင်းဆောင်မှုနေရာကို သိမ်းပိုက်၊ ဆူလွယ် နပ်လွယ် ပရောဂျက်တွေနဲ့ ငါးပွက်ရာ ငါးစာချရင်း အချိန်ဖြုန်းခဲ့တယ်။ လုပ်သင့် လုပ်ထိုက်တာထက် အင်ဂျီအိုအကြိုက် လုပ်လို့ရတာတွေနဲ့ပဲ ဝတ်ကြေတန်းကုန် လုပ်ကြ တယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးလို နိုင်ငံရေးသက်သက်နဲ့ မရနိုင်လို့ စစ်ရေးနည်း လက်နက်ကိုင်ဖို့ ထွက်လာခဲ့ကြတာကို မေ့ချင်ယောင်ဆောင်ပြီး အင်ဂျီအိုအကြိုက် အကြမ်း မဖက်နိုင်ငံရေးဆိုတဲ့ ဖော်နည်းကားကြီးကို သုံးပြီး ရေသာခိုကြတယ်။ ကိုယ်ရေသာခိုတာကို ဒေါ်စုရဲ့ တိုက်ပွဲလမ်းစဉ်က အကြမ်းမဖက်နည်းဖြစ်လို့ ဒေါ်စုစကားကို နာခံသလိုလို ဖုံးကွယ် တတ်သေးတယ်။ ခေါင်းဆောင်ကြီးတယောက်ဆို လက်နက်ကိုင်လမ်းစဉ်အတွက် ပြင်ဆင်ဖို့ တိုက်တွန်းမိတဲ့သူကို အင်ဂျီအိုမကြိုက်လို့ မလုပ်နိုင်ဘူး ဗြောင်ငြင်းလွှတ်လိုက်သတဲ့။ အင်ဂျီအို ခိုင်းတာအကုန်လုပ်၊ အင်ဂျီအိုမကြိုက်တာ အကုန်ဖြုတ်။ တိုင်းပြည်အတွက် တော်လှန်ရေး အတွက် လိုအပ်တာ၊ မလိုအပ်တာ အကျိုးရှိတာ၊ မရှိတာ ဘေးချိတ်ပဲ။ ဒီလို ဖောက်လွဲ ဖောက်ပြန်အလုပ်တွေကို လုပ်နိုင်ဖို့်အတွက် တော်လှန်ရေးဇာတ်ပျက် ဗျူရိုက်ကရက်တွေ တူရာတူရာ စုဖွဲ့ကြတယ်။ ဝိုင်းကြီးချုပ်လုပ်ကြတယ်။ အမြီးကျက်စား ခေါင်းကျက်စား မလုပ်နိုင်ဘဲ မျိုးမတူ ဇာတ်ခြားလို့ကတော့ နိုင်ငံရေးကို ဘယ်လိုပေးဆပ်ပြီး ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့ အနားကပ်ဖို့မကြိုးစားနဲ့ ဝေးရာကရှားပဲ။ တော်လှန်ရေးနဲ့ မပတ်သက် နိုင်ငံရေးစိတ်မဝင်စားပေမဲ့ လက်ညှိုးထောင် ခေါင်းညိတ်တဲ့သူ၊ ပေးတာယူ ကျွေးတာစားပြီး ခိုင်းတာလုပ်မဲ့သူတွေကတော့ လာခဲ့စမ်း ဝဲလ်ကမ်းပဲ။ နိုင်ငံတကာက ပြည်ပတော်လှန်ရေး ခေါင်းဆောင်မှုဆိုတာ ဒီလိုချည်းပါပဲ။ ဒါကြောင့်လဲ ရန်သူ့သတင်းပေးတွေ အလွယ်တကူ ထိုးဖောက်နိုင်တာပေါ့။ နိုင်ငံအရေး၊ တော်လှန်ရေးကို လုပ်နေပေမဲ့ အဲဒီအထဲမှာ နိုင်ငံတော်သီချင်းကို မျက်ရည်ဝဲအောင် အူလှိုက်သဲလှိုက်ဆိုခဲ့ဖူးသူ ဘယ်နှယ်ယောက်ပါလဲ မပြောတတ်ဘူး။ သူတို့နိုင်ငံရေးက ကိုယ့်တွက်ချန်နိုင်ငံရေးပဲ။ တွက်ခြေမကိုက်ရင် ဘာမှ မလုပ်ဘူး။ ဒီတော့ ပြည်တွင်းအင်အားစုတွေ ဘယ်လောက် ပူလောင်ကြမ်းတမ်းတဲ့ နိုင်ငံရေးကို ရင်ဆိုင်နေရစေဦးတော့ သူတို့အတွက်တော့ နေသာသပ လေညှာကပဲ။ အခုတော့ ပြည်ပတော်လှန်ရေးရဲ့ ခေါင်းဆောင်မှုဆိုတာ လှေကြုံစီးတွေနဲ့ ဝန်ပိပြီး မရွေ့နိုင် တော့ဘူး။
အခုလို စစ်ကျွန်ဇာတ်သွင်းရေး စစ်အုပ်စုရဲ့ ကျိုးပမ်းမှုကို တိုက်ဖျက်ဖို့ ပြည်တွင်း ခေါင်းဆောင်တွေ အင်အားစုတွေက မီးကုန်ယမ်းကုန် လှုံ့ဆော်နေချိန်မှာ အနှီပြည်ပ ခေါင်းဆောင် ဆိုသူများက ဝတ္တရားကြေ ကြေငြာချက်ကလေးတွေ ထုတ်ပြီး ဘာမှ တက်တက် ကြွကြွ လုပ်တာ မတွေ့ရဘူး။ ငွေထုပ်ကြီးနဲ့ အင်ဂျီအို လေညွန်တံ ကုက္ကလံ ဘယ်အရပ်ကို ညွန်သလဲဆိုတာကိုပဲ အာရုံစိုက်နေကြတယ်။ တကယ်တမ်းတော့ နိုင်ငံတကာ မှာ ပြန့်ကျဲနေတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေကို ပြန်စုစည်းပြီး ဒေါ်အောင် ဆန်းစုကြည်နဲ့ ပြည်တွင်းခေါင်းဆောင်တွေ၊ အင်အားစုတွေရဲ့ သဘောထားကို နိုင်ငံတကာမှာ ကျယ်ပြန့်အောင် ဖြန့်ချီတာတွေ၊ စစ်ကျွန်ဖွဲ့စည်းပုံရဲ့ ဖောက်ပြန်မှုတွေကို ဖော်ထုတ်တာတွေ၊ အတုအယောင် ရွေးကောက်ပွဲရဲ့ မတရားမှုနဲ့ ဇာတိရုပ်တွေကို ဖွင့်ချတာတွေ ပြုလုပ်ပြီး စစ်အုပ်စုရဲ့ ရွေးကောက်ပွဲလွန်ကာလ မျှော်မှန်းချက်ဖြစ်တဲ့ နိုင်ငံတကာ အသိအမှတ်ပြုမှု နိုင်ငံရေး တရားဝင်ရေး ကြိုးပမ်းချက်ကို ကြိုတင်ဟန့်တား တိုက်ဖျက်ရမှာဖြစ်ပါတယ်။ အခုတော့ အဲဒီ့အလုပ်တွေကို ပြန့်ကျဲနေတဲ့ အင်အားစုတွေကပဲ ကိုယ့်ဒေသနဲ့ ကိုယ် တကွဲတပြား ဆောင်ရွက်နေကြရတယ်။
တဖက်မှာတော့ ခင်ဇော်ဝင်း၊ နေဝင်းမောင်၊ ဟန်ညောင်ရွှေ၊ ဆလိုင်းလျံမုန်းတို့လို အတွင်းအပြင်က ဖောက်ပြန်ရေးသမား တော်လှန်ရေးဗျူရိုကရက်တွေကတော့ နိုင်ငံတကာ လှည့်ပတ်ပြီး စစ်မိစ္ဆာတွေရဲ့ စစ်ဖိနပ်ကို လျှာနဲ့လျှက် အရောင်တင်ပေးနေကြတယ်။ သူတို့က အမေရိကား၊ ဂျပန်၊ ဥရောပ တဝှမ်းလှည့်လည်ပြီး အတုအယောင်ရွေးကောက်ပွဲ ထောက်ခံ ရေး စည်းရုံးနေကြတယ်။ သူတို့က မငြင်းသာလို့ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲ ဟာ ဒီမိုကရေစီစံနဲ့ကြည့်ရင် အဆင့်အတန်းမရှိတာ၊ မတရားတာကို ဝန်ခံတယ်။ ဒါပေမဲ့ ဒါဟာ ဗမာပြည်လက်ရှိပြဿနာအတွက် လက်တွေ့ကျတဲ့ အဖြေဖြစ်တဲ့အကြောင်း၊ ပထမဆုံး ခြေလှမ်းဖြစ်လို့ ရွေးကောက်ပွဲဟာ ဒီအဆန့်အတန်းလောက်နဲ့ပဲ သင့်တော်တဲ့အကြောင်း အရှက်မရှိ ပြည်သူကိုစော်ကား ဗြောင်လိမ်မဲဆွယ်နေကြတယ်။ ဒါကို အင်စီဂျီယူဘီတို့၊ အင်စီယူဘီတို့၊ ကုလကိုယ်စားလှယ်ကြီး သောင်းထွန်းတို့ ဘယ်ပျောက်ဘယ်ရောက်ပြီး ဘာကြောင့် ငြိမ်နေကြသလဲ။
ဟုတ်မဟုတ်တော့ မသိဘူး။ အင်ဂျီအိုနဲ့ နီးစပ်ပြီး ရွေးကောက်ပွဲဆန့်ကျင်ရေး ကြေငြာ ချက်ကလေးတွေထုတ်ထားတဲ့ အဖွဲ့အစည်း ခေါင်းဆောင်းတချို့ဆိုလည်း ပြည်တွင်းရွေး ကောက်ပွဲဝင်ကြမည့် ဖောက်ပြန်ရေးသမားတွေနဲ့ အစောကြီးထဲ လက်ဝါးရိုက်ထားကြတယ် ဆိုပဲ။ အင်န်အယ်လ်ဒီနဲ့ ကိုးဆယ်ခုအနိုင်ရ တိုင်းရင်းသားပါတီတွေက ပါတီတွေ မှတ်ပုံပြန် မတင် ရွေးကောက်ပွဲ ပြန်မဝင်ဘဲ သပိတ်မှောက်ကြလို့ အတော်အကြပ်ရိုက်သွား ကြတယ်ဆိုပဲ။ သူတို့မူလ အပေးအယူ ရွေးကောက်ပွဲဝင်ရေး ကျိတ်ပုန်းအစီအစဉ်တွေကို အသာချောင်ထိုးပြီး ထိုင်လက်စ ထိုင်ခိုင်တွေမှာ ဟန်မပျက် ဆက်မှေးနေကြဟန်တူပါရဲ့။ (Burma Fund) ဆိုတဲ့ စားဖားတို့ ပျော်စံရာ ရေကန်သာနဲ့ နီးစပ်သူတွေက ပိုပြီး တိတိကျကျ သိနိုင်လောက်ပါတယ်။ ခုမှပဲ လူကြီးသူမတွေပြောတဲ့ ကုန်သည်ပွဲစား အခွင့်အရေးသမား တွေမှာ ဘက်မရှိဘူး။ အကျိုးးစီးပွား ပဲရှိတယ် ဆိုတဲ့စကားကို ကောင်းကောင်းသဘောပေါက် တော့တယ်။ တဖက်က တဖက်ကို ပြောင်းဖို့လဲ ဝန်မလေး၊ ခြံစည်းရိုးခွထိုင် နှစ်ဖက်ခွတုတ်ဖို့ လည်း အဆင်သင့်ပဲ။ ဒါကြောင့် နယ်ခြားမဲ့သတင်းသမားတို့၊ ဆရာဝန်ဆေးသမားတို့ဆိုတာက စကားပဲရှိတယ်။ နယ်ခြားမဲ့ အခွင့်အရေးသမား အချောင်သမား (Opportunist Sans Frontier) ဆိုတာကမှ တကယ့်လက်တွေ့ ပကတိ။
ဗမာပြည်သူတွေကို ထာဝရကျွန်ဇာတ်သွင်းမဲ့ အတုအယောင်ရွေးကောက်ပွဲ သို့မဟုတ် ဒီမိုကရေစီ သင်းကွပ်ပွဲကို ထောင့်သုံးထောင့်ကနေ လှုံ့ဆော်စီမံနေတာ တွေ့ရတယ်။ အခုမှတကယ် သုံးပွင့်ဆိုင်နေကြပြီ။ အဲဒီမှာ မူလသုံးပွင့်ဆိုင် ဆရာကြီး ဟန်ညောင်ရွှေလည်း ပါတယ်ဆိုတာကတော့ ပြောစရာမလိုတဲ့ အချက်ပဲ။ ဗမာပြည်ပြဿနာ အဖြေရှာဖို့တော့ မဟုတ်ဘူး။ ဗမာပြည်သူတွေကို ကျွန်ဇာတ်သွင်းဖို့ပဲ ဖြစ်တယ်။
နံပါတ်တစ်က သမိုင်းတရားခံ မိစ္ဆာစစ်အုပ်စု
နောက်တစုက ပြည်တွင်းပြည်ပက တော်လှန်ရေးဗျူရိုကရက်တွေ
ပြီးတော့ တော်လှန်ရေးဗျူရိုကရက်တွေနောက်က ကြိုးဆွဲဆရာ အင်ဂျီအိုတွေ။
နအဖရွေးကောက်ပွဲကြောင့် စေတီမှတ် ကိုးကွယ်ခဲ့တဲ့တောင်ပို့တွေ ဖွတ်ထွက် ကုန်တယ်။ တချို့ကတော့ ဖွတ်မထွက်သေးပေမယ့် တောင်ပို့မှန်းတော့ ပေါ်လာပြီ။ တောင်ပို့မှန်း သိပေမဲ့လည်း တချို့က လာဒ်လာဘမျှော်ကိုးပြီး မီးထွန်း ရွှေချ ပူဇော် နေကြတုန်းပဲ။ တလောက ပုဂ္ဂိုလ်တယောက် အမည်မဖော်ပဲ အီးမေးလ်ကတဆင့် စာတစောင် ပို့လာတယ်။ စာက ဂျာမန်အင်ဂျီအို အက်ဖ်အီးအက်စ် (FES-Friedrich Ebert Stiftung-Foundation) နဲ့ ပတ်သက်တဲ့ စာဖြစ်နေတယ်။ သိပ်မကြာပါဘူး အဲဒီအင်ဂျီအိုကနေ ပြည်တွင်းက ဇာတ်ပျက် နေဝင်းမောင်တို့၊ ခင်ဇော်ဝင်း တို့နဲ့ အတုအယောင်ရွေးကောက်ပွဲတွက် ဘာလင်မှာ မဲဆွယ်ပွဲကြီးလုပ်တယ်။ နေဝင်းမောင် ကတော့ မလာတော့ဘူး။ ခင်ဇော်ဝင်းပဲ လာတယ်ကြားတယ်။ ဂျာမနီရောက် မျိုးချစ်တွေက ဆန္ဒပြကန့်ကွက်ကြတယ်လို့ ကြားလိုက်ရတယ်။ ဘရပ်ဆယ်မှာလည်း တပွဲထပ်လုပ် သေးတယ်ကြားတယ်။ အဲဒီစာ ဖတ်ကြည့်တော့မှ ဗမာ့ဒီမိုကရေစီ အရေးကို ထောက်ခံပါတယ် ဆိုတဲ့ အင်ဂျီအိုတွေနဲ့ ပြည်ပ ဒီမိုကရေစီခေါင်းဆောင် တံဆိပ် ကပ်ထားတဲ့ စားဖားတွေ စစ်အုပ်စုနဲ့ ပလူးပလဲ လုပ်နေတာ ၂၀၀၃/ ၂၀၀၄ ကတည်းက ဆိုတာ သိရတော့တယ်။ လက်စသတ်တော့ အဲဒီ့တုန်းက ဟန်ညောင်ရွှေတို့ ပြောနေတဲ့ စစ်မိစ္ဆာတွေကို ရန်သူလို့ မသုံးနှုန်းပါနဲ့ ဆွေးနွေးဘက်တွေလို့ သုံးနှုန်းဖို့ ပြောခဲ့တာ ဒါကြောင့်ပေကိုး။ ပြီးတော့ စစ်မိစ္ဆာတွေကို ရန်ငါစည်းပြတ် ရှုတ်ချတိုက်ပွဲဝင်နေသူတွေကို မရင့်ကျက် သူတွေလိုလို အဆင့်အတန်းနိမ့်တဲ့သူတွေလိုလို ကွန်မြူနစ် စစ်သွေးကြွတွေလိုလို ကဲ့ရဲ့ တတ်သေးတယ်။ အဲဒီလို ဝေဘန်ရင် စစ်အုပ်စုနဲ့ ယုံကြည်မှု တည်ဆောက်ဖို့ ခက်ခဲပြီး တော်လှန်ရေး အကျိုးစီးပွား ထိခိုက်သလိုလို ပြောတတ်ကြသေးတယ်။ ပါးနပ်ပိရိလိုက်တဲ့ ဓားပြ ဆယ်နှစ် လောက်ရှိမှ ကျောချခံရတာ သိရတော့တယ်။ သခင်စိုးကြီးစကားအတိုင်း ခပ်ကြမ်းကြမ်းလေး ပြောရရင် ဟန်ညောင်ရွှေတို့လို တော်လှန်ရေးဗျူရိုကရက်တွေဟာ လူက လင်ကြီးနဲ့အတူ ခြင်ထောင်ထဲအတူ ရှိပေမဲ့ လင်ငယ်အတွက် ဖင်ကို ခြင်ထောင်အပြင်ထုတ်ထားတာ ဆယ်နှစ်လောက်ရှိပြီးကိုး။
ကျနော်တို့မှာတော့ အမေရိကန်လွှတ်တော်တို့၊ အီးယူတို့က ဗမာ့အရေးအတွက် ဒေါ်လာဘယ်နှယ်သန်းချပေးလိုက်ပြီ၊ ယူရိုဘယ်နှယ်သန်းချပေးလိုက်ပြီနဲ့ ကြားရတာ မစားရ ဝခမန်းပဲ။ ဒါပေမဲ့ အမေရိကန်နဲ့ ဥရောပအခွန်ထမ်း ပြည်သူတွေရဲ့ အလှူငွေတွေဟာ သူတို့ ရည်မှန်းတဲ့ ဗမာပြည်သူတွေရဲ့အကျိုးအတွက် ရောက်တာကနည်းနည်း အင်ဂျီအိုတွေနဲ့ တော်လှန်ရေးဗျူရိုကရက်တွေအတွက် ကုလားခပ်တဲ့ရေကုလားဖင်ဆေးတာက ခပ်များများပါ။
တိဗက်တွေရဲ့ အဝေးရောက်လှုပ်ရှာမှုတွေဟာ ၁၉၅၉ ခု ကတည်းက စခဲ့တယ်။ ဗမာ အဝေးရောက် လှုပ်ရှားမှုထက် အနှစ်သုံးဆယ်လောက်စောတယ်။ အင်ဂျီအိုနဲ့လည်း အစောကြီးကတည်းက ထိတွေ့ဆက်ဆံခဲ့သလို အတွေ့အကြုံလည်း ပိုများတယ်။ ကျနော့် မိတ်ဆွေ တိဗက်လူငယ်ဥက္ကဋ္ဌနဲ့ အတွေ့အကြုံ ဖလှယ်မိတဲ့အခါ သူက “ဒီကောင်တွေက နေရာတကာ ဆရာလုပ်ချင်တယ်၊ ငွေလေးမဖြစ်စလောက်ပေးပြီး ဟိုဟာခိုင်းချင်၊ ဒီဟာ ခိုင်းချင်။ ပိုဆိုးတာက တို့လူတွေ ခြစားပျက်စီးတာပဲ အဖတ်တင်ကျန်ခဲ့တယ်” လို့ အင်ဂျီအို တွေနဲ့ ပတ်သက်ပြီး ပြောခဲ့ဖူးတယ်။ ဖလှယ်မိသလောက် သူတို့အတွေ့အကြုံနဲ့ ကျုပ်တို့ အတွေ့အကြုံက သိပ်တော့ မကွာခြားလှဘူး။ သူတို့ကတော့ ဘုန်းတော်ကြီး ဒလိုင်းလာမားလို သြဇာပေါက် ခေါင်းဆောင်မှု၊ ပီပြင်တဲ့ အဖွဲ့အစည်းများနဲ့ စည်းလုံးပြီး တာဝန်သိတဲ့ အဝေးရောက်အမျိုးသား အစုအစည်း (Exile Community) ရှိတော့ နည်းနည်းတော့ ခံသာသေးတယ်။ သူတို့ခေါင်းဆောင်မှုကလည်း ဗမာတွေရဲ့ ခေါင်းဆောင်မှုလောက် အမျိုး သားရေးအမြင် မရော့ပါးဘူး၊ ဇာတိမာန်ချွတချုံမကျဘူး။ ဒီတော့ သူတို့အခြေအနေက ဗမာတွေလောက် မဆိုးဘူး။ ပြီးတော့ အင်ဂျီအိုက ဗမာတွေကို ဆက်ဆံသလို မယားငယ် ပေးပေး မယားငယ်ကျင့်ကျင့်တာ သိပ်မခံရဘူး။
ဒါကြောင့် အမေရိကားရောက် မိတ်ဆွေတယောက်ကပြောတယ်။ ဒီမှာတော့ ကျုပ်တို့ ခေါင်းဆောင်တွေဆိုတာ ဥက္ကဋ္ဌဖြစ်ဖြစ်၊ ဝန်ကြီးဖြစ်ဖြစ်၊ အမတ်ဖြစ်ဖြစ် တော်လှန်ရေးဆိုတဲ့ ဆင်ဖြူတော်ကြီးကို ပြစားနေတဲ့ ဇာတ်မှာ ဆင်ကိုပိုင်ဖို့မပြောနဲ့ ဆင်ဦးစီးတောင် မဟုတ်ဘူး။ ဆင်အောက်ကနေ ရှေ့ပြေးလိုက်၊ နောက်ပြေးလိုက်နဲ့ လှံလေးတချောင်း ကိုင်ပြီး ဆင်မောင်း ပေးရတဲ့ ဆင်နောက်လိုက် ချွန်းကိုင် ပဲ့ချိတ်အဆင့်ပဲရှိတယ်။ ပြောလဲ ပြောလောက်စရာ။ ဒိုင်ယာလော့တို့၊ ဝင်းဝင်းစီကျူရေးရှင်းတို့၊ ရီဂျင်းချိန်းတို့ ဆိုတဲ့ တော်လှန် ရေးမဆန် ဖောက်ပြန်တဲ့ စကားလုံးတွေကို တွင်တွင်ကြီးပြောဟောနေကြတဲ့ ဟန်ညောင်ရွှေ၊ ဇော်ဦး၊ သန်းမြင့်ဦးနဲ့ လူတတ်လိုလို အားလုံးဟာ အဲဒီအင်ဂျီအိုတွေနဲ့ ပလဲနာမ သင့်တဲ့ လူတွေ ချည်းပဲ။ သူဆန်စားထားလို့ ရဲကြရလေသလား၊ ကြက်တူရွေးက တော်တော်ကို မယ်ဘော်ကပဲ ကဲလွန်းနေသလား။ ပြောမယ့်သာပြောရတယ် ဗမာပြည်အခြေအနေက ဒီအင်ဂျီအိုတွေနဲ့ တော်လှန်ရေးဗျူရိုကရက်တွေအတွက် နတ်ကြိုက်နဲ့ ဓာတ်တိုက် အကိုက် ဖြစ်နေတာ။ ချောက်ကျစရာရှိလည်း ဗမာပြည်နဲ့ ဗမာလူထုပဲ။ သူတို့အတွက်တော့ ဘာဖြစ်ဖြစ် အတွေ့ အကြုံတခုထက်မပို နေသာသပ လေညှာကပါပဲ။ ဆောရီးပါကွယ် ဝမ်းနည်းပါတယ် စကားတခွန်းဆိုရင် ပြီးရော။ ဒီတော့ ကိုယ့်ကိစ္စကိုယ့်အရေးကို ကိုယ့်အချင်းချင်းပဲ ဆွေးနွေးပြီး ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ့်အားကိုယ်ကိုးရမဲ့ အချိန်ရောက်ပြီ။
ပြည်တွင်း ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ပုံပြင် လေးတွေနဲ့ ပြောတတ်တယ်။ ဆရာကြီးက ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကိုယ့်အချင်းချင်း သူမသာ ကိုယ်မနာ အဖြေရှာဖို့ ကိုယ့်ပြဿနာ ကိုယ်ရှင်းဖို့ သူတပါးကို မယုံဖို့ အမြဲ ပြောလေ့ရှိတယ်။ အဲဒါနဲ့ပတ်သက်တဲ့ ဆရာကြီးရဲ့ ပုံပြင်လေးတခုရှိတယ်။ အင်္ဂလိပ် တွေရဲ့ သန်လျင် တညင်က ကုန်တိုက်ကို ပြည်တွင်းရေး ဝင်စွက်လို့ ပိတ်ပစ်လိုက်တယ်။ ဘိုးတော် ဘုရားလက်ထက်ရောက်တော့ ဟိုင်းကြီးကျွန်းကို ငှားဖို့ အင်္ဂလိပ်တွေက ပြန်ကျိုးစားကြတယ်။ ဟိုင်းကြီးကျွန်းဆိုတာက လူသူမနေ သစ်ကြီးဝါးကြီးတွေနဲ့ ဗွက်တောကြီးဖြစ်တယ်။ ဒါကို တနှစ်ငွေတော်တသိန်း ပေးပြီးငှားဖို့ အင်္ဂလိပ်တွေက ကမ်းလှမ်းတယ်။ ဘိုးတော်ဘုရားကော၊ ကျန်တဲ့ မူးကြီးမတ်ရာတွေက လူသူမနေတဲ့ကျွန်းမို့ ငွေတော်တသိန်း အလကားရတာပဲ ဆိုပြီး ငှားချင်ကြတယ်။ ညီလာခံမှာ အားလုံးက သဘောတူကြတယ်။ ဒါပေမဲ့ အမတ်ကြီး ဦးပေါ်ဦး ကတော့ ဘာတခွန်းမှမပြောပဲ ဆိတ်ဆိတ်နေသတဲ့။ အကြောင်းသိခြင်းဖြစ်တဲ့ ဘိုးတော်ဘုရား က ဟဲ့ ပေါ်ဦး နင့်သဘောကရော ဘယ်လိုလဲလို့မေးတယ်။ ဦးပေါ်ဦးက လမ်းမှာကြားခဲ့တဲ့ ခလေးတွေဆိုနေတဲ့ တဘောင်သီချင်းကို ဆိုချင်တယ်လို့ဆိုတယ်။ ဟိုင်းကြီး ကျွန်းငှားဖို့ ကိစ္စပဲပြောစမ်းပါ၊ ဒီသီချင်းကနောက်မှဆိုစမ်းပါလို့ ပြောတယ်။ ဦးပေါ်ဦးက ဒီသီချင်းက ဟိုင်းကြီးကျွန်းကိစ္စနဲ့ ဆိုင်များဆိုင်မလားလို့ပါလို့ ဆက်လျှောက်တယ်။ ဘိုးတော် ဘုရားကလဲ ဒါဖြင့်ဆိုစမ်းပေါ့။ ဦးပေါ်ဦးက ဆိုပြတယ်။ ဘိုးတော်ဘုရားက အထပ်ထပ် ဆိုခိုင်းတယ်။ နောက်ဆုံးတော့ ဘိုးတော်ဘုရားက ပေါ်ဦးရယ် နင်ပြောချင်တာ ငါသဘော ပေါက်ပါပြီ။ ငွေလေးတသိန်းနဲ့ ရှုပ်ရှုပ်ယှက်ယှက်တွေ အဖြစ်မခံတော့ပါဘူး။ အဲဒီတော့ ဟိုင်းကြီးကျွန်း ငှားရေး ကိစ္စလည်း ဖျက်သိမ်းလိုက်ကြတာပေါ့ ဆိုပြီးတော့ ညီလာခံ ရုတ်သိမ်း လိုက်တယ်။ ဟိုင်းကြီးကျွန်း ငှားရမ်းရေးကိစ္စလည်း ဖျက်သိမ်းလိုက်တယ်။ ဦးပေါ်ဦးဆိုပြတဲ့ တဘောင် သီချင်းလေးက “ပြုံးပြုံး ပြုံးပြုံးနဲ့ ပါးမုန်းနဲ့ဟိုလူ၊ ဆေးတံနဲ့ချော့ ငေါ့မယ်လို့မြူ” တဲ့။
 
 ရဲဘော်ကျော်သန်း