Saturday, October 16, 2010

NLDရပ်တည်ရေးတရားနည်းလမ်းအရဆောင်ရွက်လျက်ရှိ..


ဦးဝင်းတင်နဲ့ မေးခွန်းများ(မိမိတို့သည် နိုင်ငံရေးပေါင်းစည်းမှုအင်အားအဖြစ် ဆက်လက်ရပ်တည်သွားမည်)

Saturday, 16 October 2010

မိမိတို့သည် နိုင်ငံရေးပေါင်းစည်းမှုအင်အားအဖြစ် ဆက်လက်ရပ်တည်သွားမည်
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ
အောက်တိုဘာ ၁၆၊ ၂၀၁၀
၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲကာလ နီးလာချိန်အတွင်းတွင် စစ်အစိုးရ၏ ကြံ့ဖွံ့နိုင်ငံရေးပါတီ၏ တဖက်သတ် အသာစီးယူထားသော မဲဆန္ဒနယ်များအားလုံးတွင် မဲပေးရေး၊ မပေးရေး အငြင်းပွားနေကြဆဲဖြစ်ရာ၊ အချို့ကလည်း ကြံ့ဖွံ့နိုင်ငံရေးပါတီကလွဲ မည်သည်ပါတီဖြစ်စေ မဲထည့်မည်ဟု ပြောဆိုနေကြသံများလည်း ထွက်ပေါ်နေသည်ကို တွေ့ရသည်။
          ပြည်နယ်နှင့် တိုင်း လွှတ်တော်ကြီးများအားလုံးရှိ အမတ်နေရာအားလုံးကို ၀င်ပြိုင်မည့် ကြံ့ဖွံ့ကို အခြား နိုင်ငံရေးပါတီနှင့် တသီးပုဂ္ဂလအမတ်များ ကိုယ်တိုင်က မည်သို့မျှ မနှိုင်းယှဉ်နိုင်သည်အဖြစ်ကို ရင်ဆိုင်နေကြရာ၊ အချို့ကလည်း လွှတ်တော်တွင်း လွှတ်တော်ပြင်ပတွင် ရေရှည် မည်သို့ ဆက်လက်ရပ်တည်သွားရမည့် စိန်ခေါ်ချက်အတွက် အမျိုးမျိုး ၀ိဝါဒများ ကွဲလျက်ရှိသည်ကို တွေ့နေရသည်။
သို့ဖြစ်၍ ၁၉၈၈ စက်တင်ဘာလကတည်းက တရားဝင်ရပ်တည်ပြီး အတိုက်အခံနိုင်ငံရေးပါတီအဖြစ် စစ်အစိုးရကို ရင်ဆိုင်ခဲ့သော၊ ဆက်လက်ရင်ဆိုင်လျက်ရှိသော မြန်မာပြည်၏ တခုတည်းသော အတိုက်အခံပါတီ အင်န်အယ်ဒီ၏ အတွေ့အကြုံများကို အခြေခံသည့် သဘောထားများကို ပါတီခေါင်းဆောင် ဟံသာဝတီဦးဝင်းတင်ကို မေးမြန်းခဲ့သည်။
ဆရာဦးဝင်းတင်က ပြောကြားရာတွင် -
“ပြီးခဲ့တဲ့ အပတ်မှာကတည်းက ပြောခဲ့တယ်။ ဆရာဦးတင်ဦး ပြန်ရောက်လာတော့ လူကြီး၊ လူငယ်တွေ ဆုံကြ၊ နှုတ်ဆက်ကြတယ်။ အဲသည်မှာ ကျနော်တို့နဲ့ သဘောချင်း မတူခဲ့ကြဖူးတဲ့ လူကြီးတွေက ပြောလာတယ်။ အဲသည်မှာ ဘယ်လိုပြောသလဲ ဆိုတော့ - ဦးဝင်းတင်တို့ အခုလို လုပ်တာတွေဟာ ကောင်းပါတယ်။ အခုလို လုပ်နေကြလို့လဲ အခုချိန်မှာ ကျနော်တို့ပါတီဟာ ရေရှည်မှာ ဆက်လက် ရပ်တည်နိုင်တယ်။ သူတို့က သီးသန့်ပြောလာတာဆိုတော့ ကျနော်တို့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ပါတီတွင်းမှာ ပိုပြီးတော့ အမြင် ရှင်းလာကြတယ်။ နားလည်မှုတွေ ပိုရလာကြတယ် လို့ ပြောချင်ပါတယ်။
ရှေ့ကို လုပ်မယ့် အစီအစဉ်၊ သဘောထား၊ ရပ်တည်ချက်တွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့အနေနဲ့ ဘာပြောချင်သလဲ ဆိုတော့ - ပထမတချက်ကတော့ ၂၀၀၈ အခြေခံဥပဒေကို ဆက်လက်ပြီးတော့ ဆန့်ကျင်သွားမယ်၊ ပြန်လည်သုံးသပ်ပြီး ပြုပြင်ရေးဆွဲနိုင်အောင်လုပ်မယ်။ ဒီထက်လိုအပ်လာရင် အသစ်ရေးဆွဲနိုင်ဖို့ကို လုပ်မယ်။ ဒါက ကျနော်တို့ရဲ့ နိုင်ငံရေးဦးတည်ချက်ပေါ့။
နောက်တခုကတော့ တွေ့ဆုံဆွေးနွေး အဖြေရှာရေး ဖြစ်ပါတယ်။ ဒါကို မစွန့်လွှတ်ဘူး။ နှစ်ပေါင်း ၂၀ ကျော် ဆက်လက် တောင်းဆိုနေဆဲ ဖြစ်တယ်။ ကျနော်တို့ ဒီအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်လျက်ရှိတယ်။ ကျနော်တို့ကိုယ်တိုင်က တောင်းဆိုနေတာတင် မဟုတ်တော့ဘဲ သူတို့တွေ ကိုယ်တိုင်က တောင်းဆိုလာတာမျိုးကို ဖြစ်လာနိုင်တယ်။ နောက်ပေါ်လာမယ့် သူတို့ရဲ့ အရပ်သားအစိုးရဆိုတာမျိုးတွေ ကိုယ်တိုင်က နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့အတွက် အင်န်အယ်ဒီကို ပစ်ပယ်ခြင်း မပြုနိုင်ဘဲ ကျနော်တို့နဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ တောင်းဆိုလာတာမျိုး ဖြစ်လာနိုင်တယ်။ ဒါကလည်း အားလုံးလိုက်ပါလာနိုင်တဲ့ ကျနော်တို့ရဲ့ နိုင်ငံရေးဦးတည်ချက်တခု ဖြစ်တယ်။
နောက်အရေးကြီးတဲ့ အချက်ကတော့ ကိုယ့်ကိုယ်ကို ဘယ်လိုသဘောထားမလဲ။ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်အင်အားကို ဘယ်လိုသဘောထားမလဲ ဆိုတာ ဖြစ်တယ်။ ဘယ်လိုမျိုး ဦးဆောင်မလဲ ဆိုတာဖြစ်တယ်။
ဒါကို ၁၉၉၀ ရွေးကောက်ပွဲမတိုင်ခင်တုန်းက ကျနော်တို့ ပါတီအနေနဲ့ ရပ်တည်ချက်၊ သဘောထားတခု တင်ပြဖူးတယ်။ ကျနော်တို့ ထောင်ထဲ မ၀င်ခင်ပေါ့။ အဲသည်တုန်းက ပါတီတွေက အသစ်တွေဖြစ်တယ်။ ပါတီတွေ ၀င်ကြရမယ့် ရွေးကောက်ပွဲကလည်း အသစ်ဖြစ်တယ်။ အဲသည်ရွေးကောက်ပွဲက ဖြစ်ပေါ်လာမယ့် လွှတ်တော်ဆိုတာကလည်း အသစ်ဖြစ်တယ်။ သည်တော့ အဲသည်က ဖြစ်ပေါ်လာမယ့် နိုင်ငံရေးအကျိုးဆက်တွေကလည်း ဘယ်လို ဖြစ်လာမယ်မှန်း မသိကြသေးတဲ့ အချိန်ဖြစ်တယ်။ အဲသည်လိုမျိုးမှာ ကျနော်တို့က ထောက်ခံမှုတွေရအောင်၊ ရွေးကောက်ပွဲ အနိုင်ရအောင် တွန်းလုပ်ကြမယ့် အစား၊ လွှတ်တော်ပြင်ပ၊ ရွေးကောက်ပွဲ ပြင်ပမှာတင် အခြားပါတီများနဲ့ လက်တွဲနိုင်အောင်၊ မိတ်ဆွေဖြစ်နိုင်ကြရအောင် လုပ်ကြရမယ်လို့ တင်ပြခဲ့ဖူးတယ်။
ဒါကြောင့် ရွေးကောက်ပွဲမှာ စုစုပေါင်း အမတ်တွေထဲက ၂၅၀ လောက် ရနိုင်ရင် တော်ပြီပေါ့ဆိုပြီး ပြောခဲ့ဖူးတယ်။ ဒါကို ဗိုလ်အောင်ကြီးတို့၊ ကျနော်တို့ဆီက မျိုးချစ်တပ်မှုးဟောင်းများအဖွဲ့ထဲက တချို့တွေက လက်မခံနိုင်ခဲ့ကြဘူး။ နောက်ပိုင်းမှာ အင်န်အယ်ဒီက ၁၉ ၉ ၀ ရွေးကောက်ပွဲမှာ အမတ်ဦးရေ အများဆုံးနဲ့ နိုင်သွားတယ် ပေါ့ကွာ။ အဲသည်အခါကျတော့ အဲသည်တုန်းက ပါတီဦးဆောင်သူတွေက ဘာဖြစ်လာသလဲဆိုတော့ အခြား ပါတီတွေ၊ ကျောင်းသားပါတီတွေ၊ တိုင်းရင်းသားပါတီတွေနဲ့ လက်တွဲပြီးတော့ ဆက်ပြီး သွားကြမယ် ဆိုတဲ့အစား ငါတို့ဖာသာ ငါတို့ ရပ်နိုင်တယ်၊ လုပ်နိုင်တယ်။ အခြား မိတ်ဆွေတွေ မလိုတော့ဘူးကွာ ဆိုပြီးတော့ ဖြစ်လာတယ်။ တကိုယ်တော်ပါတီအဖြစ် ရပ်တော့မယ် ဆိုပြီး ဖြစ်လာတယ်။ ဒါပေမယ့် နောက်ဆုံးကျတော့ စစ်အစိုးရကိုယ်တိုင်ကလည်း အာဏာမအပ်တဲ့ အခါကျတော့၊ လွှတ်တော်လည်း မခေါ်တဲ့အခါကျတော့ ပြီးဆုံးသွားတာပေါ့ကွာ။
ဒါကို ပြန်ကြည့်ပြီးတော့ ဒီနေ့ဒီအခါမှာ ကျနော်တို့တတွေက တကိုယ်တော်ပါတီအဖြစ် ရပ်တည်နေလို့ မဖြစ်ဘူး။ ဟိုတုန်းကလိုမျိုး သဘောထားလို့ မရဘူးလို့ မြင်တဲ့အတွက် ကျနော်က ပြောချလိုက်တယ်။
အင်န်အယ်ဒီဟာ ရှေ့လျောက်သွားတဲ့နေရာမှာ မူလနိုင်ငံရေး ဦးတည်ချက်ဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေကို ဆန့်ကျင်ရေး၊ ပြန်လည်ပြင်ဆင်ရေးဆွဲနိုင်ရေး ဆိုတာရယ်၊ ပြီးတော့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးဆိုတာရယ်အပေါ်မှာ ဦးတည်ပြီးတော့ သွားတဲ့နေရာမှာ - ကိုယ့်ကိုယ်ကို ပါတီတို့၊ တပ်ပေါင်းစုတို့၊ တပ်ဦးတို့ ဘာတို့ ပြောမနေတော့ဘဲနဲ့၊ အခုအချိန်မှာ ပါတီလို့ အထူးတလည်ပြောနေတာထက် အင်န်အယ်ဒီကို နိုင်ငံရေးပေါင်းစည်းမှု အင်အားတခုအဖြစ် ကိုယ့်ကိုယ်ကို သဘောထားကြရမယ်။ အဲသည်လိုမျိုး ဖြစ်ကြရမယ်လို့ ပြောလိုက်တယ်။ အင်္ဂလိပ်လို ဓာတုဗေဒ စာလုံးက Catalyst  ပေါ့ကွာ။ ဓာတ်ပေါင်းဖို့အတွက် ဓာတ်ကူတဲ့ ပစ္စည်းပေါ့ ဟုတ်လား။
ဒါက ဘာကြောင့်လဲဆိုတော့၊ လူထုဦးလှကွယ်လွန်တော့ အမှတ်တရစာအုပ်မှာ ကျနော် စာရေးခဲ့ဖူးတယ်။ လူထုဦးလှရဲ့ နိုင်ငံရေး၊ လူမှုရေးအလုပ်တွေ လုပ်ကိုင်တဲ့နေရာမှာ၊ တူတာ မတူတာတွေတွေ့ကြတဲ့နေရာမှာ၊  ရန်သူတွေ မိတ်ဆွေတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ကောင်းတဲ့ ဓာတ်ပေါင်းမှုဖြစ်ပေါ်လာအောင် သူက အမြဲကြိုးစားတယ်။ အဲသည်လိုမျိုး သူက Catalyst ဖြစ်တယ်။ ကျနော် ထောင်က ထွက်လာတဲ့အခါမှာ ကျနော်က ပြောဖူးတယ်။ ကျနော်ဟာ လူထုဦးလှလိုမျိုး Catalyst မျိုးဖြစ်အောင် ကျနော်က မကျင့်သုံးနိုင်ဘူး၊ မကြိုးစားနိုင်ဘူး။ ဒါကြောင့်လည်း ကျနော့်ရဲ့ စည်းရုံးရေးလုပ်ငန်းတွေမှာ မျှော်လင့်သလောက် မအောင်မြင်ခဲ့ဘူး၊ ဒါမျိုး ပြောခဲ့ဘူးတယ်။
အခုအချိန်မှာ ကျနော်က ဒါကို ထပ်ပြောတယ်။ အင်န်အယ်ဒီကိုယ်တိုင်က အဲဒီသဘောထားကို ကိုင်စွဲသင့်တယ်။ ငါတို့ အင်န်အယ်ဒီပဲကွာ။ ငါတို့က အင်န်အယ်ဒီပဲ လုပ်ရမှာပဲကွာ လို့ ဆိုတာမျိုး လုပ်လို့ မရဘူး။ ဘယ်လိုမျိုး သဘောထားရမလဲဆိုတော့ - ငါတို့ဟာ နိုင်ငံရေးပေါင်းစည်းမှုကြီးတခု ကိုယ်တိုင်ဖြစ်တယ်။ ငါတို့ဟာ နိုင်ငံရေးပေါင်းစုမှု အင်အားကြီးအဖြစ် သဘောထားရမယ်လို့ ပြောလိုက်တယ်။
အဲသည်လို ပြောလိုက်တဲ့အတွက် ပြည်တွင်းမှာ ဒါက ဂယက်ဖြစ်သွားတယ်။ ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေ၊ တသီးပုဂ္ဂလတွေကလည်း လာပြီး ဆွေးနွေးကြတယ်။ ကျနော်တို့ ရွေးကောက်ပွဲဝင်တာကို လက်ခံပေးမှာလား ပေါ့ မေးလာကြတယ်။ ကျနော်က ဟိုတခါတုန်းက ရွေးကောက်ပွဲကနေပြီး နှုတ်ထွက်သွားတဲ့ ပါတီတခုက ခေါင်းဆောင် လူငယ်တဦးဖြစ်တဲ့ ကိုဖြိုးမင်းသိန်းကို ပြောခဲ့တဲ့ စကားအတိုင်းပဲ ကျနော် ရှင်းပြတယ်။ ကျနော်တို့ အင်န်အယ်ဒီရွေးတဲ့ လမ်းနဲ့ ခင်ဗျားတို့ ရွေးတဲ့လမ်းက သီးသန့် တလမ်းစီဖြစ်နေတယ်။ ကိုယ့်လမ်းမှာ လမ်းပိတ်နေလို့၊ တောင်ပြိုနေလို့ ကယ်ပါဦး ဆိုပြီး ဟိုတခြားဖက်က လမ်းမှာ သွားနေတဲ့လူက ပြန်လာပြီး ကူဖို့ ကယ်ဖို့တော့ ပြောလို့ မရဘူး။ သို့သော် စစ်အစိုးရရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ဝေဖန်မယ်။ မှားယွင်းနေတာ၊ မတရားတာတွေ ထောက်ပြမယ် ဆိုရင်တော့ ခင်ဗျားတို့ အနိုင်ကျင့်ခံနေရတာတွေကို ထုတ်ဖော်ပြောဆိုလာမယ် ဆိုရင်၊ ကျနော်တို့က ဥပက္ခာပြုနေမှာ မဟုတ်ဘူး။ မှားတာကို မှားတဲ့အတိုင်း၊ မှန်တာကို မှန်တဲ့အတိုင်း ကျနော်တို့က ခင်ဗျားတို့နဲ့အတူ ရပ်တည်ပြီး ပြောပေးမှာ ဖြစ်တယ်။ ဒါကို ဆိုလိုတယ်။
ဒါဟာ နိုင်ငံရေးပေါင်းစည်းမှု အင်အားအဖြစ် ရှိနေတယ်ဆိုတယ့် သဘောထားဖြစ်တယ်လို့ ပြောပြလိုက်တယ်။ ရှင်းပြလိုက်တယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေကိုလည်း ရှင်းပြထားပါတယ်။ ကျနော်တို့ဟာ အားလုံးအတွက် နိုင်ငံရေးပေါင်းစည်းမှု အင်အားဖြစ်တယ် ဆိုတာကို ပြောလိုက်တာ ဖြစ်ပါတယ်။ ဒါကို ဦးတင်ဦး ပြန်လာတဲ့ အခါကျတော့လည်း ရှင်းပြတယ်။ သူကလည်း ၀မ်းသာအားရ လက်ခံတယ်။ အင်န်အယ်ဒီပါတီအနေနဲ့ကလည်း ဒီလိုမျိုး နိုင်ငံရေးပေါင်းစည်းမှု အင်အားအဖြစ် ရပ်တည်ပြီး ဆက်လက် ဆောင်ရွက်သွားမှာကို မြင်သိလာကြ၊ နားလည်လာကြမယ်လို့ ယုံကြည်ပါတယ်။
ဒါကတော့ အခုလို ရွေးကောက်ပွဲကာလ နီးလာချိန်မှာရော၊ ရွေးကောက်ပွဲလွန် ကာလမှာပါ အင်န်အယ်ဒီအင်အားတွေအနေနဲ့ ဆက်လက် တည်ရှိနေမယ့် နိုင်ငံရေး ရပ်တည်ချက်နဲ့ သဘောထားဖြစ်တယ်လို့ ပြောချင်ပါတယ်။ အဲသည်လိုမျိုး နိုင်ငံရေးပေါင်းစည်းမှုအင်အားတွေအဖြစ် ၀ိုင်းဝန်း လက်တွဲပူးပေါင်းပြီး လာကြမယ့် ဒီမိုကရေစီရေးကို ဦးတည်တဲ့ မိသားစုတွေနဲ့ ကျနော်တို့ ဆက်ပြီး ဆောင်ရွက်သွားကြမယ် လို့ ပြောလိုက်ပါတယ်။

(အောက်တိုဘာ ၁၆၊ မနက်ခင်း တွေ့ဆုံဆွေးနွေးချက်များ ဖြစ်ပါတယ်)
http://moemaka.com/index.php?option=com_content&task=view&id=7413&Itemid=1

အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၏ ယခင် နှင့် ယခု စင်္ကာပူအတွေ့အကြုံများ (၁)

Byရော်နီညိမ်း တနင်္ဂနွေ, 17 အောက်တိုဘာ 2010
တပ်မှူးတပ်သား ပြောစကား (၀၃၀)
စင်္ကာပူနိုင်ငံမှာ အောင်မြင်စွာ မျက်စေ့ခွဲစိပ်ကုသမှုခံယူခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးဟာ အောက်တိုဘာလ(၁၂)ရက်နေ့က ရန်ကုန်မြို့ကို ပြန်ပြီး ရောက်ရှိလာခဲ့ပါတယ်။ စစ်မှု ထမ်းဘ၀မှာ စစ်ရေးတာဝန်တွေနဲ့ စင်္ကာပူကို ရောက်ရှိခဲ့စဉ်က စစ်ရေးလေ့ကျင့်မှုနဲ့ဆက်စပ်နေတဲ့ စစ်ရေးနိုင်ငံရေး အတွေ့အကြုံ တွေကို ဦးတင်ဦးက ဒီတပတ် “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍမှာ ပြောပြထားပြီး ဦးရော်နီညိမ်းက စီစဉ်တင်ဆက်ထားပါတယ်။
ဦးရော်နီညိမ်း ။    ။ အန်ကယ်ဦးတင်ဦး ခင်ဗျာ၊ ကျနော်တို့ ၀မ်းသာပါတယ်။ သတင်းတွေမှာ အန်ကယ်ရဲ့ မျက်စေ့ ဆေးကုသမှုဟာ အပြည့်အ၀ အောင်မြင်ပြီးတော့၊ အန်ကယ်ဟာ အခုဆိုရင် မိတ်ဟောင်း၊ ဆွေဟောင်းတွေက အစ ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားနဲ့ ပြန်မြင်ရတယ်။ နောက် စင်္ကာပူမှာလည်း ၀ိုင်းဝန်းပြီးတော့ အန်ကယ့်အပေါ်မှာ မေတ္တာ စေတနာနဲ့ မြန်မာနိုင်ငံသားတွေရဲ့ ထားရှိတဲ့ ဂါရ၀ ကိုလည်း ၀မ်းသာပါတယ် အန်ကယ်။ အခု အန်ကယ်နဲ့ မေးရင်းပြောရင်းနဲ့ပဲ ကျနော် ပြောသွားလိုက်တော့မယ် နော်။
ဦးတင်ဦး ။    ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့။
ဦးရော်နီညိမ်း ။     ။ ၁၉၈၈ ခုနှစ် အရေးအခင်းကာလမှာ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီးရဲ့ (၄၁) မျက်နှာစာတမ်းမှာ သူ ရေးသားခဲ့တယ်။ သူလည်း ဂျပန်စစ်လျှော်ကြေး စစ်မစ်ရှင် အဖွဲ့တွေနဲ့ နိုင်ငံခြားခရီး သွားဖူးတာပဲ။ သို့သော်လည်း သူ အကြာကြီး နိုင်ငံခြား မသွားဖြစ်ဘဲနဲ့ မသွားနိုင်ဘဲနဲ့၊ ၁၉၈၈ နီးတော့မှ သူ သွားခွင့်ရလို့ သွားတဲ့အခါမှာ သြစတြေလျကို သွားတာ။ သွားတဲ့အခါမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဒွန်မောင်းလေဆိပ်ကို ရောက်ရုံနဲ့တင် မျက်ရည်ဝဲခဲ့ရတယ်ပေါ့။ သူများ တိုင်းပြည် တိုးတက်ကြီးပွားနေတာကြည့်ပြီးတော့ သူက အဲဒီလို ခံစားခဲ့ရဖူးပါတယ် ဆိုပြီးတော့ သူ ရေးသွားခဲ့ဖူးပါတယ်။ နောက်ပိုင်းမှ သူ့ရဲ့နိုင်ငံရေးကိစ္စတွေမှာ အပြောင်းအလဲတွေ ဖြစ်တာက တပိုင်းပေါ့ နော်။ တလောလေးကပဲ “နိုင်ငံတော် ငြိမ်ဝတ်ပိပြားမှုတည်ဆောက်ရေး ကော်မတီ” အဖွဲ့ဝင် အဖြစ်ကနေ အနားယူသွားတဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးထွန်းကြည်ကလည်း သူရေးခဲ့တဲ့ စာအုပ်ထွက်လာတဲ့ အခါမှာ၊ သူလည်း တပ်မှူးငယ်ဘ၀မှာ အမေရိကားကို သွားပြီး သင်တန်းတက်တဲ့အခါကျတော့ သူ့စိတ်ထဲမှာ ဒွန်မောင်းလေဆိပ် ကိုရောက်တဲ့အခါ မှာ ထိုင်းနိုင်ငံက ဒွန်မောင်း လေဆိပ်ဟာ ငါတို့ ရန်ကုန်က မင်္ဂလာဒုံလေဆိပ်လောက်တောင် မသားနားဘူး၊ ဒို့က သာတယ် ဆိုတာမျိုး သူခံစားမိတဲ့ အကြောင်း သူရေးခဲ့တယ်ပေါ့။ ဒီလိုဆိုတော့ အန်ကယ်ရော စင်္ကာပူလေဆိပ်ကို စရောက်ပြီး စင်္ကာပူနိုင်ငံကို မြင်လိုက်တဲ့အခါမှာ အန်ကယ် စတင်ပြီး ဘယ်လိုခံစားရပါသလဲ ခင်ဗျ။
ဦးတင်ဦး ။      ။ ဘယ်လိုခံစားရသလဲဆိုတော့ MRTV တို့ ဘာတို့မှာ တလောတုန်းက လေယဉ်ကွင်းကြီး ပြီးသွားတာကို ခမ်းနားကြီးကျယ်ပုံတွေ၊ လုပ်ငန်းတွေ ဘယ်လို အထွေ ထွေ များပုံတွေ၊ ဆန်းကျယ်ပုံတွေ စသည်ဖြင့် သီချင်းဆိုပြီး ပြတော၊့ ကျနော်တို့ကလည်း ဒီမှာ အပြင်လည်း မရောက်တော့ကာ၊ ဒီမှာ ရှိနေတဲ့ ထပ်မံပြီး မွမ်းမံချယ်သထားတဲ့ မင်္ဂလာ ဒုံလေဆိပ်ကြီးဟာ တော်တော်ပဲ ကြီးကျယ်ခမ်းနားပြီးတော့ ဖြစ်နေပါပြီလား ဆိုပြီးတော့၊ ဪ ဒါ ပြည်သူပြည်သားတွေအတွက် သူတို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ကိုင်ပေးလိုက် တာပဲ၊ တောတော်ကြီးက်ျပါလားလို့ ထင်လိုက်တာပေါ့ ဗျာ။ ကိုယ်ကလည်း မတွေ့ဖူးပဲကိုး။ ဒါနဲ့ သွားရင်းနဲ့ပဲ ချန်ဂိ (Changi) လေဆိပ်ကို ဆင်းလိုက်တာနဲ့ တပြိုင်တည်းပဲ၊ ချန်ဂိလေ ဆိပ်ဟာ ကျနော်တို့ မင်္ဂလာဒုံမှာရှိတဲ့လေဆိပ်နဲ့က အပြတ်ကွာသွားတာပေါ့ဗျာ။ ကျနော် ဟိုး စစ်အတွင်းတုန်းက တပ်မှူးငယ်ဘ၀နဲ့ ဒီ ချန်ဂိလေဆိပ်ကို ဆင်းဖူးတယ် ခင်ဗျ။ ချန်ဂိလေ ဆိပ်ဟာ အဲဒီတုန်းကတော့ တောလေဆိပ်လို ပါပဲ။ ဒီလောက် မကြီးဘူး မကျယ်ဘူး ခင်ဗျ။ နောက်တခေါက် ဆင်းတုန်းကလည်း၊ အဲဒီအခါ ကျနော် တပ်ရင်းမှူးအနေနဲ့ သွားတဲ့အခါကျ တော့ ချန်ဂိလေဆိပ်ဟ အလတ်တန်းစားလောက်ပဲ။ နောက်ဆုံးတခါ ဆင်းတော့ ကျနော် ဒုကာကွယ်ရေးဦးစီးချုပ်ဘ၀နဲ့ ဒုဝန်ကြီးပေါ့ ဗျာ။
ဦးရော်နီညိမ်း ။     ။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီး အနေနဲ့ သွားတာပေါ့ နော်။
ဦးတင်ဦး ။    ။ ဟုတ်ကဲ့ ဒုဝန်ကြီး ဘ၀နဲ့ on transit ပေါ့ဗျာ၊ ကျနော်က ပထမဦးဆုံး ကွာလာလမ်ပူ (Kuala Lumpur) ကနေ ဆာရာဝက် (Sarawak) သွားတယ်။ ဆာရာဝက်က အပြန်မှာ ချန်ဂိမှာ ဆင်းတာပေါ့။
ဦးရော်နီညိမ်း ။     ။ သြော် မလေးရှားက အပြန်ပေါ့။
ဦးတင်ဦး ။    ။ ကျနော် ကျောင်းတက်ခဲ့တဲ့နေရာ Bokujima ကျောင်းတောင်မှ မရှိတော့ဘူး။ အဲဒီနေရာမှာ တိုက်တွေ ဘာတွေ ဖြစ်နေပြီ။
ဦးရော်နီညိမ်း ။     ။ ဟုတ်ကဲ့ အဲဒီတော့ အန်ကယ် ဘယ်လိုခံစားရပါသလဲ ခင်ဗျ။ အရင်တုန်းက ကိုယ်ကသာ နေရာ ကနေ အခု သူများက ကိုယ့်ထက် အပြတ်သာသွားတာကို။
ဦးတင်ဦး ။    ။ အရင်တုန်းက ကျနော်တို့က သာနေတယ် ခံစားရတာကိုး။ အခုတော့ …….။ ပြောနေရင်း ဗျာ၊ ဦးရော်နီညိမ်း ရေ။ အခု ခင်ဗျားနဲ့ ကျနော် ပြောနေရင်း မီးပြတ်သွားလို့ မီးငြိမ်းသွားပြီး ဗျ။ မှောင်သွားပြီ။ အဲဒီတော့ ကိစ္စ မရှိဘူး၊ အမှောင်ထဲမှာ ပဲ။ အမှောင်ထဲမှာ စမ်းပြီး ပြောကြတာပေါ့။
ဦးရော်နီညိမ်း ။    ။ ဗိုလ်ချုပ်အောင်ကြီးကတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို လုပ်လိုက်တဲ့ အတွက်ကြောင့်မို့လို့ ကိုယ့်တိုင်းပြည်ဟာ အရမ်းကို ခေတ်နောက်ကျသွားတယ်လို့ သူ့ စိတ်ထဲမှာ ခံစားရတဲ့သဘောမျိုး ရေးထားပါတယ်။ အန်ကယ်ကော နိုင်ငံရေးအရ အခု ဘယ်လိုခံစားရပါသလဲ။
ဦးတင်ဦး ။    ။ အဲဒီလိုပဲ ခံစားရတာပေါ့။ တော်တော့်ကို နောက်ကျသွားတယ်လို့ ခံစားရတာပေါ့။ နောက်ကျတယ် ဆိုတာက ဒီလိုလေ။ ကျနော့်တို့ မြန်မာနိုင်ငံမှာ တချိန်တုန်းက ပညာရေးဌာနနဲ့ပတ်သက်ပြီးတော့ အကြီးအကဲလုပ်သွားခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တယောက်က ကုလသမဂ္ဂကိုသွားပြီး ပညာရေးဌာနမှာ ၀န်ထမ်းကောင်းတစ်ယောက်အဖြစ်နဲ့ တာဝန် ထမ်း ဆောင်ခဲ့ပြီး အခုတော့ အငြိမ်းစား ယူသွားပြီ။ နံမည်တော့ မပြောတော့ပါဘူး။ သူက ကျနော်နဲ့ အင်မတန် ခင်မင်ပါတယ်။ အခု ဒီရောက်တော့ သူ့ကို ကျနော်လှမ်းပြီး ဆက်သွယ်လိုက် တော့ ကျနော်တို့ စကားပြောဖြစ်တဲ့အခါ၊ ကျနော်က စင်္ကာပူနဲ့ ကျနော်တို့ နိုင်ငံနဲ့ဟာ တော်တော်လေးကို ကွာခြားသွားပြီ နှစ်(၅၀)လောက် နောက်ကျသွားပြီလို့ ပြောတော့ အဲဒီ ပညာရှင်ကြီးက ပြန်ပြောပါတယ်။ သူက မဟုတ်ဘူးတဲ့။ နှစ်(၁၀၀) လောက်တောင် နောက်ကျ သွားပြီ တဲ့။ သေချာကြည့်ပါ တဲ့။ အားလုံး နှစ်(၁၀၀)လောက် နောက်ကျသွားတယ်တဲ့။ အစစအရာရာပေါ့ လေ။ သူက အဲဒီ လို နောက်ကျသွားပြီလို့ ပြောတာပါပဲ။
ဦးရော်နီညိမ်း ။      ။ သူတို့က ၁၉၆၅ ခုနှစ်ကမှ လွတ်လပ်ရေးရတာ။ ကျနော်တို့ထက် အများကြီး နောက်ကျတယ်။ (၁၇)နှစ်လောက် နောက်ကျတယ်။ နောက် သူတို့ စင်္ကာပူမြို့ကြီး ရဲ့ စည်ပင်သာယာရေး ဆိုရင်၊ ဒါကို ဘယ်လိုလုပ်ရမလဲ ဆိုပြီးတော့ ရန်ကုန်မြို့မှာ လာပြီး လေ့လာခဲ့ရတဲ့ ဘ၀။ အဲဒီလိုမျိုးကနေမှ အခု ဒီလောက် အနေအထား ဖြစ်သွားတဲ့အပေါ်မှာ အန်ကယ် ကျနော်တို့ တိုင်းပြည်ကို ဘယ်လိုမျိုး ပြန်ဖြစ်စေချင်သလဲ ခင်ဗျ။
ဦးတင်ဦး ။     ။ အဲဒီလိုမေးတော့ ကျနော်ပြောရဦးမယ်။ ကျနော်က ဗိုလ်ချုပ်အောင်ဆန်းကို အများကြီး ကျေးဇူးတင်တယ်။ ကျနော်တို့ရဲ့ လွတ်လပ်ရေး ဗိသုကာ၊ အမျိုးသားခေါင်း ဆောင်ကြီး၊ တပ်မတော်ဖခင်ကြီးပေါ့ဗျာ။ အင်မတန်မှကို သူ့ ဂုဏ်ကျေးဇူးက ကြီးမားပါတယ် ခင်ဗျ။ ကျနော်တို့ commission (စစ်အရာရှိအဖြစ် စတင် ခန့်အပ်ခံရခြင်း) ရတော့၊ ကျနော်တို့ဟာ British Subject Commission (ဗြိတိသျှစစ်အရာရှိ အဖြစ် စတင်ခန့်အပ်ခံရခြင်း) သဘောမျိုးပေါ့ လေ။ ဗြိတိသျှတပ်မတော်မှာရှိတဲ့ အရာရှိဆိုတော့၊ အရာရှိငယ်တွေ အနေနဲ့ ကျနော်တို့ အဲဒီမှာ ကျောင်းသွား တက်ရတာပေါ့။ အဲဒါက ၁၉၄၇ခုနှစ်၊ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးတဲ့နှစ် နောက်ပိုင်းမှာ ကျနော်တို့ ကျောင်းတက်ရတာပေါ့ နော်။
ဦးရော်နီညိမ်း ။     ။ အန်ကယ် ဘယ်နိုင်ငံမှာ သွားတက်တာလဲ ခင်ဗျ။
ဦးတင်ဦး ။    ။ အဲဒီမှာ ပေါ့။ စင်္ကာပူပေါ့ ဗျ။ ၁၉၄၇ ခုနှစ်မှာ သွားတက်ရတာ။
ဦးရော်နီညိမ်း ။    ။ အန်ကယ် သွားတဲ့အချိန်တုန်းက မလေးနဲ့ စင်္ကာပူနဲ့က မခွဲရသေးဘူး ပေါ့။
ဦးတင်ဦး ။    ။ မခွဲရသေးဘူး။ လွတ်လပ်ရေး မရသေးဘူး။ ဘာမှ မရသေးဘူး။ ဒီ State Settlement (ဗြိတိသျှ အစိုးရလက်အောက်ခံ) ပဲ။ မလေးယား (Malaya) ပဲ။ British Settlement Malaya (ဗြိတိသျှအစိုးရ လက်အောက်ခံ မလေးယား)ပဲ။ မလေးရှား (Malaysia) တွေ ဘာတွေ မဟုတ်သေးဘူး။ အဲဒီမှာ ဘယ်မှာ တက်ရသလဲဆိုတော့ Royal Army Service Corps (ဗြိတိသျှ ဘုရင့်တပ်မတော် စစ်ဝန်ထမ်းကျောင်း)၊ RASC ဆိုတာက ကျနော်တို့ အရာရှိငယ်တွေကို Regimental Duty (တပ်ရင်းအဆင့် တာဝန်များ)  သင် ပေးတဲ့ ကျောင်းပေါ့ဗျာ။ အဲဒီမှာ ကျောင်းတက်တုန်းက ကျနော်တို့ကို သိပ်ပြီးတော့ လေးစားကြတယ်ခင်ဗျ။ ဟိုတုန်းကတော့ သိတဲ့အတိုင်းပဲ၊ တနိုင်ငံနဲ့တနိုင်ငံ သွားကြလာကြ ဆို တော့၊ မြန်မာဆိုတာကို တော်တော်ကို ရိုသေတယ် လေးစားတယ်၊ မြန်မာ commissioned officer တယောက်အနေနဲ့ သူတို့က တော်တော်လေးစားကြတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကို ကျနော်က အများကြီး ကျေးဇူးတင်တယ် ဆိုတာက အဲဒါကြောင့်။ အဲဒီအချိန်တုန်းက မြန်မာပြည်မှာ အုပ်ချုပ်ရေးပညာနဲ့ ပတ်သက်လို့ သိပ်ပြီးတာ့ မြင့်မားနေတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ဒီမှာ ICS (Indian Commissioned Service) (အိန္ဒိယပဋိဥာဉ်ခံဝန်ထမ်း) လို တော်တော်များများ trained လုပ်ထားတဲ့ အဖွဲ့တွေရှိတော့ သူတို့လာပြီး အုပ်ချုပ်ရေး ပညာသင်ရတဲ့ အကြောင်းတွေလည်း ပြောတယ်ခင်ဗျ။ အထူးသဖြင့်  နောက်တခုက CID (Criminal Investigation Department) (မှုခင်းစုံ စမ်းစစ်ဆေးရေးဌာန) ပေါ့။ မှုခင်းစစ် ဆေးတာနဲ့ ပတ်သက်တဲ့ ပညာရပ်ကို သူတို့ ဒီမှာ (မြန်မာနိုင်ငံမှာ) လာပြီး သင်တယ်။ နောက်ပြီးတော့ ရဲအရာရှိသင်တန်းတက်ဖို့ ဆိုပြီးတော့လည်း မန္တလေးက ဆပ်ကျောင်း (ရဲသိပ္ပံ) ၊ ရဲအုပ် ဖြစ်အောင် သင်ပေးတဲ့ကျောင်းမှာ သူတို့တွေ လာပြီး တက်နေကြရတဲ့အချိန်မျိုးမှာ၊ ကျနော်တို့က ဒီက (မြန်မာနိုင်ငံက) လာတာဆိုတော့ သူတို့ တော်တော်လေးစားကြတယ်။ ဒါ တကြိမ်ပေါ့။ နောက်တခါ တပ်ရင်းမှူးဘ၀နဲ့ ကျနော်သွားတဲ့ အချိန်ကျတော့ ဥပမာ မြူနီစီပယ်(စည်ပင်သာယာ) ဌာနပိုင်းက ပုဂ္ဂိုလ်တွေဆိုလည်း အရင်က ဒီဘက်မှာ(မြန်မာနိုင်ငံ မှာ) ပညာလာသင်ပြီး ဟိုမှာ (စင်္ကာပူမှာ) ပြန်ပြီး ဖြန့်ဖြူးသင်ကြားပို့ချပေးတဲ့ သဘောမျိုးလေးတွေ ရှိတယ်။ နောက်ပြီးတော့ ရေနံကိစ္စနဲ့ပတ်သက်လို့လည်း သူတို့ ပြောတာတွေ ရှိ တယ်။ ရေနံကတော့ ဒီမှာ သိပ်အများကြီး ရှိပုံတော့ မပေါ်ဘူး။ သို့သော်လည်း ပညာရပ်နဲ့ပတ်သက်လို့ ချောက်မှာလည်း သင်ဖူးတယ် တဲ့။ ဓနိတောက ဘီအိုစီမှာလည်း သင်ဖူး တယ်တဲ့။ အဲဒီတော့ ဟိုတုန်းက ပညာက ဟိုက ဒီကို လာသင်ကြတာ၊ အခုကျတော့ ဒီလို မဟုတ်တော့ဘူး။ ကျနော်တို့က အကုန် ကျကျန်ရစ်ခဲ့ပြီး၊ အဲဒီလို ဖြစ်ကုန်တာပဲ။
ဦးတင်ဦး ။     ။ တနည်းအားဖြင့် ပြောရရင်တော့လည်း ဗျာ၊ လွတ်လပ်ရေးရပြီးစ အချိန်မှာ ဒီမှာက insurrection (ပုန်ကန်ထကြွမှု) ဖြစ်တာကိုး။ သူတို့ဆီမှာလည်း insurrection ဖြစ်တာပဲဗျ၊ ဒါပေမယ့် သူတို့ဆီမှာ ဖြစ်တဲ့ insurrection ကို သူတို့ စီမံခန့်ခွဲပြီးတော့ အုပ်ချုပ်ပုံနည်းလမ်းက စနစ် သိပ်ကျသွားတယ်။ ဘယ်လိုလဲဆိုတော့ အဲဒီ ကျနော်တို့ သွားတက် တုန်းက ကျနော်က Tangalli မှာလေ၊ ကျနော်တို့ Far Eastern Land Forces Headquarter (အရှေ့ဖျားဒေသ ဗြိတိသျှမြေပြင်တပ်ဖွဲ့များ ဌာနချုပ်) ခေါ်တာပေါ့လေ။  အဲဒီမှာ ကျနော်တို့က တက်ရတာ၊ Advance Senior Officer Course (အဆင့်မြင့် အရာရှိကြီးများ သင်တန်း) တက်ရတာကိုး၊ တပ်ရင်းမှူးတွေ ဆိုတော့ အဲဒီမှာ တက်ကြရတယ်။ အဲဒီမှာ တက်တုန်းက၊ သူတို့မှာက သောင်းကျန်းမှုရှိပေမယ်လိှု့Singapore itself (စင်္ကာပူ တခုထဲ အနေနဲ့) ကတော့ အေးချမ်းတယ်။ လုံခြုံရေးကတော့ တော်တော်ယူထားတယ်။ ဒါပေမယ့် ဒီ Main Malaya (မလေး ကျွန်းဆွယ်ဒေသ) ပေါ့နော်၊ အဲဒီမှာ သောင်းကျန်းမှုက တော်တော်လေး ဖြစ်တယ်။ အဲဒီမှာ ကျနော်တို့ သင်တန်းသွား တက်တဲ့ အခါကျတော့ သူတို့ Briggs’s Plan  ဆိုတာရှိတယ်။ Strategic Hamlet Policy (ဗျူဟာမြောက်စုစည်းခြင်း) ပေါ့။  Brigadier General Briggs (ဗြိတိသျှစစ်တပ်မှ ဗိုလ်မှူးချုပ် ဘရစ်ဂ်စ်) ဗျ။ General Tembla (ဗိုလ်ချုပ်ကြီး တယ်မ်ဘလာ)က General Brigg ကို တာဝန်ပေးတာက strategic hamlet တွေလုပ်တာပေါ့ဗျာ။  အဓိပ္ပါယ်ကတော့ဗျာ၊ အေးဆေးတဲ့မြို့တွေ မှာ ဘေးနားမှာရှိတဲ့ ရွာတွေကို စုပြီးတော့ အရံအတားနဲ့ ထားပြီးတာ့ အရပ်သူအရပ်သားတွေ ကို identity card (မှတ်ပုံတင်ကဒ်) ထုတ်ပေးပြီးလို့ရှိရင်၊ သူတို့ စားဖို့သောက်ဖို့ provision (ရိက္ခာ) အတွက် ၀ယ်ချင်တယ် ဆိုရင်၊ လုံခြုံရေး အစီအစဉ်နဲ့ သွားဝယ်၊ ပြီးရင် ပြန်လာကြပေါ့လေ၊ (၇) ရက်စာဖြင့် (၇) ရက်စာ၊ (၁၀)ရက်စာ ဖြင့် (၁၀) ရက်စာပေါ့၊ strategic hamlet ဗျူဟာမြောက် ကျေးရွာများပေါ့။ အဲဒါတွေကို တည်ဆောက်တယ်။
ဦးရော်နီညိမ်း ။   ။ ဟုတ်ကဲ့ အန်ကယ်။ အဲဒီဟာက ကျနော်တို့ဆီမှာ ဟိုဟာနဲ့ သွားမတူဘူးလား ခင်ဗျာ။ ကျနော်တို့ ဆီမှာ  မြစ်ဝကျွန်းပေါ် ရှင်းလင်းရေး လုပ်တုန်းက “ဖြတ်(၄)ဖြတ်” နဲ့ နည်းနည်း မတူဘူးလား။
ဦးတင်ဦး ။  ။ အဲဒီလိုမဟုတ်ဘူးဗျ၊ သူတို့က ညက်တယ်၊ ကျနော်တို့ဟာက သိပ်မညက်လှဘူး ခင်ဗျ၊ ကျနော် ကာကွယ်ရေးဦးစီးချုပ်တုန်းက ဒီ ကိစ္စ လုပ်ဖူးပါတယ်။ သိပ်မညက်ဘူး။ မညက်ဘူး။ သူတို့က သိပ်ညက်တယ်။ ကျနော် ပြောပြမယ်။ လူတွေကို ဒီမိုကရေစီနဲ့ ပတ်သက်ပြီး လူသားအမြင်နဲ့ ညက်တာကို ကျနော်ပြောတာပါ။
ဦးတင်ဦး ။     ။ ဘယ်လိုလုပ်သလဲ ဆိုရင် မလေးယားကျွန်းဆွယ်တခုလုံးမှာ အင်မတန် သောင်းကျန်းမှုဖြစ်တဲ့ နေရာတွေမှာ အဲဒီလိုပဲ လုပ်ကြရတယ်။ ပထမတော့ ကျနော်တို့သွား တုန်းက လူတွေက ဆူတယ်ခင်ဗျ၊ ဆူတယ် ဆိုတာက ဒီလို လုပ်တာ မလွတ်လပ်ဘူး၊ တရား မမျှတဘူး၊ သူတို့ လူမျိုးကို နှိမ်တယ်ပေါ့ ဗျာ၊ ဒါပေမယ့် နောက်ပိုင်းကျတော့ လူတွေက သူတို့ဘာသာ သူတို့ သဘောပေါက်သွားပြီးတော့ သိပ်ကြိုက်သွားတယ် ဗျ၊ ဘာကြိုက်သွားလဲ ဆိုတော့ နံပါတ်(၁)က သူတို့ စားဖွယ်သောက်ဖွယ်နဲ့ ပတ်သက်တာ အားလုံးကို သူတို့ အကုန်လုံး စားရတယ်။ ဟိုပေး ဒီပေး (သူပုန်ထနေသော မလေးရှားကွန်မြူနစ်များသို့) လုပ်စရာမလိုတော့ဘူး။ နောက်တစ်ခုက သူတို့ ရတဲ့ လုပ်ခလခတွေ သူတို့ အပြည့်သုံးရတယ်။ ခွဲကြေး ဆက်ကြေး မပေးရတော့ဘူး။ နောက်ပြီးတော့လည်း လုံခြုံနေတော့၊ ဟိုက (သူပုန် ဘက်က) ခေါ်ခိုင်းတဲ့ကိစ္စတွေလည်း သွားပြီး အပိုလုပ်ပေးရတာ မရှိတော့ဘူး။ သူတို့ တော်တော်လေး သဘောကျသွားပြီးတော့၊ သူတို့က ကျေနပ်သွားတော့၊ ပြီးတာနဲ့ တစ်နှစ်တောင် မကြာပါဘူး။ ဘာမှ မကြာပါဘူး။ နောက် တစ်နှစ်လောက်မှာ ဒါ Merdeca (မလေးဘာသာ) လွတ်လပ်ရေး ရသွားတာပါပဲ။ အဲဒါနဲ့ မလေးရှားဟာ ငြိမ်းချမ်းသွားခဲ့တာပဲ။
ဦးရော်နီညိမ်း ။     ။ ဟုတ်ကဲ့ အန်ကယ်၊ ဟိုဟာကော မကွာဘူးလား ခင်ဗျ၊ ဟိုမှာလုပ်သလို ဒီမှာလည်း လုပ်တဲ့အခါ ကျတော့ ဟိုဘက်က သူပုန်ဘက်ကတော့ ရပ်သူရွာသားတွေ ကို ဘာမှ လာပြီး ဒုက္ခပေးလို့ မရတော့ဘူး။ ဒါပေမယ့် ကိုယ့်တပ်က ပြန်ပြီးတော့ အဲဒီ ရပ်သူရွာသားတွေကို ဒုက္ခ ပြန်ပေးနေတာကျတော့၊ အန်ကယ် ဘယ်လိုနှိုင်းယှဉ်ပြီး ပြောမလဲ။
ဦးတင်ဦး ။    ။ အဲဒါက ကျနော်တို့ ဒီမှာလည်းပဲ ဟိုပုံစံတော့ မဟုတ်ဘူးလေ။ ဒီ Briggs’s Plan, Strategic Hamlet ဆိုတာ ကျနော် တပ်ထဲမှာကတည်းက စလုပ်မယ် ဆိုပြီး တော့လည်း နောက်ပိုင်း “ဖြတ်(၄)ဖြတ်” တို့ ဘာတို့ဆိုတာ အဲဒီကနေ လာတာပဲလေ။ ဒါပေမယ့် တစ်ခုတော့ ရှိတာပေါ့လေ။ နောက်ပိုင်းတော့လည်းပဲ အေးဆေးတော့ အေးဆေးသွား တယ်။ လူထုကတော့ အတော်ခံလိုက်ရတာတော့ ဖြစ်သွားခဲ့တာပေါ့လေ။
ဦးရော်နီညိမ်း ။   ။ ဒုတိယကမ္ဘာစစ်ကြီးပြီးစ မြန်မာနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံတွေ ဗြိတိသျှ လက်အောက်ကနေ လွတ်လပ်ရေး မရခင်မှာ ဗြိတိသျှတွေအုပ်ချုပ်ကွပ်ကဲတဲ့ ဗမာ့တပ်မတော်ရဲ့ တပ်မှူးငယ်တယောက်အနေနဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး စင်္ကာပူနဲ့မလေးရှားကဗြိတိသျှစစ်တပ်မှာ စစ်ဘက်ဆိုင်ရာသင်တန်းတွေ တက်ရောက်ခဲ့စဉ်က အတွေ့အကြုံ၊ တပ်ရင်းမှူးအဆင့် ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း) စတဲ့ အဆင့်မြင့်ရာထူးကြီးတွေမှာ ထမ်းဆောင်ခဲ့စဉ် မလေးရှားနဲ့ စင်္ကာပူက အတွေ့အကြုံတွေကို တင်ဆက် ပေးခဲ့တာပါ ခင်ဗျာ။ နောက်သီတင်းပတ် အောက်တိုဘာလ(၂၄)ရက် တနင်္ဂနွေနေ့မနက် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာတော့ “အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ” နိုင်ငံရေးပါတီရဲ့ ဒုတိယဥက္ကဌ လူထုခေါင်းဆောင်ဘ၀မှာ မြန်မာနိုင်ငံသားတဦးအနေနဲ့ စင်္ကာပူမှာ သွားရောက် မျက်စေ့ခွဲစိတ်ကုသမှုခံယူစဉ် မတူခြားနားကွဲပြားတဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးရဲ့ ပြောစကားတွေကို တင်ဆက်သွားမှာ ဖြစ်ပါတယ် ခင်ဗျာ။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။
http://www.voanews.com/burmese/news/soldier-talk/10_17_10_soldiers_talk030-105101094.html

လက်နက်ကိုင်ပြီးတောင်းဆိုနေတာကျနော်တို.အစိုးရဖြစ်လာရင် ရင်တော့ဆေားရီးပဲ(အေးလွင်)

မြန်မာနိုင်ငံလုံးဆိုင်ရာအထွေထွေသပိတ်ကော်မတီ

General Strike Commttee

ပညာရှင်တယောက်ရဲ့ နိုင်ငံရေးယဉ်ကျေးမှုဆိုတာ ဘာလဲ

   (၁)
 
ပြည်ပကိုအလည်ခဏလာသွားတဲ့ပုဂ္ဂိုလ်နှစ်ယောက်ကိုနှိုင်းယှဉ်စဉ်းစားကြည့်မိတယ်။ စင်္ကာပူမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ သူရဦးတင်ဦးတယောက် မျက်စိ ခွဲစိတ်ကုသတော့ သူ့ကိုလေးစားချစ်ခင်တဲ့ စင်္ကာပူရောက် ပညာတတ်ကျောင်းသားတွေ၊ လူငယ်တွေက ဂါရဝပြုနှုတ်ဆက်ကြတယ်။ သူတို့ရဲ့နွေးထွေးမှုတွေက တခြားနိုင်ငံကလူတွေဆီထိ ကူးစက်လာသလိုခံစားရတယ်။
တကယ်တော့ သူရဦးတင်ဦး ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ထက်၊ တိုင်းပြည်အပေါ်စေတနာရှိတဲ့ တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်တဦးအဖြစ်ခံစားသဘောထားကြတာကြောင့် ပြည်ပရောက်ပြည်သူတွေက ချစ်မြတ်နိုးစွာဂါရဝပြုကြခြင်းဖြစ်တယ်။
 
နောက်တယောက်ကတော့ အမေရိကန်ပြည်ထောင်စုကို အလည်ရောက်လာခဲ့တဲ့ စာရေးဆရာမောင်စူးစမ်း။
သူကတော့ နယူးယောက်မှာတိတ်တိတ်လေးခိုးကြောင့်ခိုးဝှက်နေပြီး၊ တိတ်တိတ်လေးပြန်သွားရှာတယ်။ သူ့ကို ဘယ်သူကမှ ဂါရဝပြုဖို့
စိတ်ကူးမရှိကြသလို၊ အဝေးရောက်မြန်မာပြည်သူတွေ ဘယ်လိုမျက်မုန်းကျိုးနေတယ်ဆိုတာ ကို သူကိုယ်တိုင်သိပုံရပါတယ်။ အပြင်ထွက်တဲ့အချိန်ကိုတိတိကျကျသိရင် ခဲနဲ့ထုချင်တဲ့လူငယ်တွေရဲ့အသံတွေ၊ ဆန္ဒပြချင်သူတွေကလည်း ကျနော်တို့ဝန်းကျင်မှာအပြည့်။ ဆရာမောင်စွမ်းရည်တယောက်က လူကြီးဆိုတော့ သူနဲ့သွားပြီးစားသောက်နေတယ်လို့ကြားနေခဲ့တယ်။ ဆရာမောင်စွမ်းရည်တယောက်
ဆရာနိုင်ဝင်းဆွေရဲ့ ရေဆန်လမ်း ဝတ္တုကို ဝေဖန်ခဲ့သလိုမျိုး၊“ နိုင်ဝင်းဆွေ သတိထား ရှေ့မှာ ကျောက်ဆောင်” ဆိုတဲ့စာသားတွေလို၊
 “ကိုစူးစမ်း ရှေ့မှာ ချောက်ကြီး ဆူးချွန်တွေကလည်းအောက်မှာစောင့်လို့” ဆိုတဲ့အရာတွေရေးဦးမလားလို့မျှော်နေမိတယ်။
ဒါပေမဲ့ ကျနော်တို့ကြားမှာ နွေဦးမြူတွေက ပိတ်ပိတ်ဆိုင်း၊ သတင်းတွေက အမှောင်ချ၊ ဝေးကွာသွားပုံတွေကလည်း ဖရိုဖရဲဆန်လွန်းတယ်။ မောင်စူးစမ်းတယောက် ရောက်တုန်းရောက်ခိုက် နိုင်ငံတကာ အသွင်ကူးပြောင်းမှုသီအိုရီတွေ၊ အဖြစ်အပျက်တွေ အကြောင်း
ဆွေးနွေးငြင်းခုန်နေကြတဲ့ တက္ကသိုလ်တွေဆီကိုရောအလည်ရောက်သွားခဲ့ပါရဲ့လား။ ကွင်းစ်မြို့နယ်ထဲက စာကြည့်တိုက်မှာ ပညာရှင်တွေလိုက်နာရမဲ့ ပြည်သူအပေါ်သဘောထားကြီးမှု၊ သိတတ်မှုတွေကိုရော ထိတွေ့မိပါရဲ့လား။ မသေချာ။
သူက သူ့ဘဝင်နဲ့သူ မောဟအမှောင်တိုက်ထဲမှာ သွေးနထင်ရောက်နေသူ။
အလိုမပြည့်မှုတွေနဲ့ အကုသိုလ်များစွာကို တရစ်ခြင်းတွယ်ပတ်နေသူ။
 
(၂)
 
၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မတူတဲ့ရှုထောင့်တွေကနေ တင်ပြခဲ့ကြတဲ့အသံတွေကိုနားထောင်နေရပါတယ်။ ရွေးကောက်ပွဲသပိတ်မှောက်ဖို့ဆုံးဖြတ်ခဲ့သူတွေကလည်း “ ကျနော်တို့ဟာ ရွေးကောက်ပွဲဝင်တဲ့သူတိုင်းကို အပြစ်မဆိုပါဘူး” ဆိုတာကို
နားလည်မှုရှိစွာနဲ့ပြောခဲ့ကြသလို၊ ဦးသုဝေ ကို NLD ရဲ့ ရွေးကောက်ပွဲသပိတ်မှောက်မှု နဲ့ ပတ်သက်ပြီးမေးတဲ့အခါ၊
“ သူတို့ပါတီရဲ့ဆုံးဖြတ်ချက်ကိုလေးစားပါတယ်။ တကယ်တော့ ကျနော်တို့အုပ်စှု နှစ်စုလုံးဟာ ဒီမိုကရေစီရရှိရေးအတွက်ကြိုးစားနေကြတာပါ။
ကျနော်တို့နဲ့သူတို့ကြားမှာ ဘာပြဿနာမှမရှိပါဘူး။ သူတို့ရဲ့သာရေးနာရေးပွဲတွေမှာ ကျနော်တို့ရောက်သလို၊ သူတို့ကလည်း လာကြပါတယ်” လို့
ဖြေကြားခဲ့တယ်။ ဦးသုဝေ တို့က နိုင်ငံရေးသမားဆန်ဆန်၊ လူကြီးလူကောင်းဆန်ဆန်ပြောတယ်။ စိတ်ချမ်းသာရပါတယ်။
ကျနော်တို့လိုချင်တဲ့ ဒီမိုကရေစီက အဲ့ဒါပါပဲ။ အမြင်မတူကြပေမဲ့ တယောက်နဲ့တယောက်လေးလေးစားစားဆက်ဆံဆွေးနွေးငြင်းခုန်ကြမယ်။
 ဘယ်သူက ဘယ်လောက်ထိလုပ်နိုင်မလဲ ဆိုတဲ့အချက်ပေါ်မှာကြည့်ပြီး သမိုင်းမှာ ဘယ်သူမှားပြီးဘယ်သူမှန်တယ် ဆိုတာကို မှတ်ကျောက်တင်ကြမှာမဟုတ်လား။ ( ဒီလိုလေးလေးစားစားဆွေးနွေးမှုထဲမှာ NDF နဲ့ အေးလွင်တို့လို လူလိမ်နိုင်ငံရေးသမားတွေမပါပါ)
 
ဒါပေမဲ့ အသက်ကြီးပြီး ပညာတတ်မဆန်ဆုံး၊ အရိုင်းစိုင်းဆုံးစကားတွေနဲ့ပြောဆိုနေသူတဦးရှိတယ်။ စာရေးဆရာ  မောင်စူးစမ်းပါ။
ဘဝကို နှုတ်ဆက်ရလုဆဲဆဲ အရွယ်ရောက်ခါမှ နိုင်ငံရေးစလုပ်ခါစ မပြည့်ဝသေးတဲ့လူငယ်တယောက်လိုပြုမူ၊ ရင့်ရင့်သီးသီးပြောနေတာတွေက
 အံ့သြစရာပဲ။ သူ့အနေနဲ့ နိုင်ငံရေးယဉ်ကျေးမှု ဆိုတဲ့အရာကို ဒီဘဝမှာ နားလည်နိုင်ဘွယ်မမြင်ရှာဘူး။  “ရွေးကောက်ပွဲသပိတ်မှောက်မှုသူငယ်နာ၊ သောင်ပြင်လွှတ်တဲ့ခွေး၊ ပွဲဆူသောခေတ်၏နိဂုံး”---အများကြီးပဲ။
 ပြီးရင် ဆောင်းပါးအောက်ကနေ ဟားဗတ်စီးရီး၊ နယူးစ်ဝိဂျာနယ် အညွှန်းတွေအကုန်လျှောက်ထည့်တော့တယ်။
အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မေးကြည့်ခဲ့ဘူးတယ်။ ဂျာနယ်အညွှန်းတွေထည့်တဲ့အခါ၊ ဘယ်လထုတ်လဲ။ စာမျက်နှာဘယ်လောက်လဲ သေသေချာချာညွှန်းပေးပါ ဆိုတော့ “ အဲ့ဒါတွေက တကယ်မဟုတ်ဘူး တဲ့ စာပေစီစစ်ရေးကမေးမှာကြောက်လို့ အညွှန်းတခုခုကို
ထည့်ရေးပေးရတာတဲ့။ ဘုရားရေ။ အဲ့ဒီစာအုပ်ထဲမှာ ပါတဲ့အချက်မဟုတ်ပဲ၊ အဲ့ဒီစာအုပ်မှာ ဆိုထားပါတယ် လို့ပြောရေးတာ ဗမာပြည်မှာပဲရှိတယ် လို့
စိတ်ပျက်လက်ပျက်ဆိုလိုက်မိတယ်။ ကိုယ်က အညွှန်းစာအုပ်ကိုတောင် လိမ်တင်နေရတဲ့ဘဝ၊ တခြားတဘက်က ကိုယ်ရဲ့ဆန့်ကျင်ဘက်အယူအဆကို
တင်ပြပိုင်ခွင့်မရှိပဲ၊ တယောက်တည်းရေးခွင့်ရနေတဲ့အခြေအနေ မှာ ကိုယ့်ဘာသာဆရာကြီးထင်နေတာတော့ သနားစရာကောင်းမနေဘူးလား။
တကယ်ဆို ဒီအသက်အရွယ်မှာ တရားလေးဘာလေးရှိသင့်ပါတယ်။
 
(၃)
 
ရွေးကောက်ပွဲသပိတ်မှောက်တဲ့အုပ်စု တွေအတွက် ရွေးကောက်ပွဲကိုသပိတ်မမှောက်နိုင်ရင်  အော်လတာနေးတစ် ( တခြားနည်းလမ်း)  ရှိလားလို့ မေးခွန်းထုတ်နေတဲ့သူတွေရှိတယ်။ မေးခွန်းမေးတယ်ဆိုတာ အလွယ်ဆုံးအလုပ်မို့ သူတို့လိုပဲ မေးခွန်းပြန်ထုတ်ကြည့်ပါမယ်။
ပထမဆုံးအနေနဲ့ ရွေးကောက်ပွဲသပိတ်မှောက်မဲ့အုပ်စုတွေဘက်က ဖြေကြည့်ချင်တယ်။
 
(က) ရွေးကောက်ပွဲဝင်မဲ့သူတွေက ရှိနေတော့ တက်ညီလက်ညီသပိတ်မှောက်လို့မရဘူဖြစ်နေတယ်။        တက်ညီလက်ညီသပိတ်မှောက်ကြည့်ရင် အကျိုးတစုံတရာရှိတယ် လို့ ရွေးကောက်ပွဲသပိတ်မှောက်မဲ့သူတွေက ယုံကြည်တယ်။
       အဲ့ဒီတော့ ခင်ဗျားတို့အနေနဲ့ ရွေးကောက်ပွဲကိုကျောခိုင်းကြည့်ပါလား။
       နိုင်ငံတကာရဲ့ရိုက်ခပ်မှု၊ လူထုရဲ့ရိုက်ခပ်မှု ဘာဖြစ်မလဲဆိုတာ လက်တွေ့သိရပါလိမ့်မယ်။
 
(ခ) ဟုတ်ပြီ။ စစ်အစိုးရကိုထိပ်တိုက်မတွေ့ချင်ဘူး။ ပါလီမန်ထဲမှာရသလောက်စကားပြောမယ်။
     မဲဆန္ဒနယ်မြေတွေကို နိုင်သလောက်အရယူသွားမယ် ဆိုပါစို့။ ခင်ဗျားတို့မျှော်လင့်ထားသလိုမျိုး မဟုတ်တဲ့ရွေးကောက်ပွဲဖြစ်ခဲ့ရင်၊   စကားပြောခွင့်မရရင်၊ မတရားမှုတွေဆက်လက်ခံနေရရင် ခင်ဗျားတို့ရဲ့ အောလ်တာနေးတစ် က ဘာလဲ။ သိချင်ပါတယ်။
 
(၄)
 
ရွေးကောက်ပွဲ ရှုမြင်ပုံ (၅) မျိုး ဆိုပြီး မောင်စူးစမ်းက ဆရာကြီးလုပ်တင်ပြပါတယ်။
ကျနော့်အထင် ရွေးကောက်ပွဲရှုမြင်ပုံမှာ အောလ်တာနေးတစ် တခုလောက်ကို အနည်းဆုံးထပ်ဖြည့်ဖို့လိုမယ်ထင်ပါတယ်။
အတိတ်မေ့နေတယ်ဆိုရင် မောင်စူးစမ်းအမှတ်ပြန်ရအောင် ဖြစ်ရပ်တခုကိုပြောပြပါတယ်။ သတင်းနဲ့ပြန်ကြားရေး၊စစ်ထောက်လှမ်းရေးအုပ်စုက
 NLD ခေါင်းဆောင်တွေကို ဖိတ်ခေါ်ဆွေးနွေးတဲ့ဖြစ်ရပ်တခုရှိခဲ့ဘူးတယ်။ ဦးအောင်ရွှေနဲ့မောင်စူးစမ်းတို့အုပ်စုသွားတွေ့ကြတယ် လို့ဆိုတယ်။
ခေါ်တဲ့သူက ဗိုလ်မှူးကြီးသန်းထွန်းတို့အုပ်စုလို့ကြားဘူးတယ်( နာမည်ကတော့ သိတ်မသေချာဘူး)။
စစ်ထောက်လှမ်းရေးက ဦးအောင်ရွှေ ကို ဘာပြောသလဲဆိုတော့
“ ဗိုလ်မှူးတို့လို့မို့သာပေါ့။ ဒီလိုကောင်တွေဆို ဟော့သလို ကြိတ်ချေပစ်တာကြာပြီ” ဆိုပြီး မောင်စူးစမ်းကိုစူးစိုက်ကြည့်၊ လက်ဖဝါးနှစ်ခုကို
ပွတ်ချေပြတယ်။ ဒီအဖြစ်အပျက်ကိုကြားမိတုန်းက စစ်တပ်အသိုင်းအဝိုင်းက အရာရှိတယောက်ကိုမေးကြည့်ဘူးတယ်။ “စစ်ထောက်လှမ်းရေးက ဘာကို အဓိက ပြောချင်တာလဲ” ဆိုတော့၊ အဲ့ဒီပုဂ္ဂိုလ်က ကျနော့ကိုပြန်ရှင်းပြတယ်။
“ ဒါက စစ်တပ်ရဲ့သဘောသဘာဝပဲ၊ ကိုယ့်ရဲ့အဖွဲ့အစည်းကို သစ္စာဖောက်ဘူးတဲ့ကောင်တွေကို စစ်တပ်ဟာ ဘယ်တော့မှယုံလေ့မရှိဘူး၊ သူတို့ကိုလည်း သစ္စာဖောက်ဖို့ဝန်မလေးဘူးဆိုတာသိနေလို့ပဲ။ဒါကြောင့် အောလ်တာနေးတစ်အမြင်အရ၊
“စစ်အုပ်စုနှင့် အတိုက်အခံပြည်သူ အုပ်စုနှစ်ခုလုံးထံမှ ယုံကြည်မှုမရသည့် လူတန်းစားတရပ်ကို ရွေးကောက်ပွဲများမှာ မီးမောင်းထိုးဖေါ်ပြလေ့ရှိသည်။”
ဆိုသော အချက်တခုကိုလည်း သတိယစေချင်ပါတယ်။
 
(၅)
 
လွှတ်တော် (၃) ရပ်နိုင်ငံရေး၊ စည်းမျဉ်းစည်းကမ်းအသစ်များ ကို “စောင့်ကြည့်ရမည်” ဆိုကတည်းက မောင်စူးစမ်းမှာလည်း အော်လတာနေးတစ်အမြင်မရှိသေးဘူးဆိုတာ အထင်အရှားပြနေပါတယ်။ မျိုးကြီးရဲ့ “ ဒီကစောင့်နေသူ” သီချင်းလောက်ရင်ခုန်စရာမကောင်း။
တခါတုန်းက နိုင်ငံတကာသီအိုရီတွေကို ဟိုတစဒီတစ ကူးချပြီး ဆရာကြီးလုပ်ဖို့ကြိုးစား၊ နိုင်ငံတကာမှာရောက်နေတဲ့ ကျောင်းသားတွေက ထောက်ပြကြတော့ အရှက်ပြေပြန်ဖြီဖို့ကြိုးစားပြန်သည်။ ခုတော့ ဖြစ်သွားပြန်ပြီ။ နိုင်ငံတကာက မဟာသီအိုရီများနှင့် နှိုင်းယှဉ်ချိန်ထိုးလို့မရတဲ့။
 တတ်လည်းတတ်နိုင်သည်။ မောင်စူးစမ်းက သူရေးသည့်ဆောင်းပါးများနှင့် ကိုယ့်ရှူးကိုယ်ပတ်ဖြစ်နေသည်။ မတရားမှုတွေကြောင့် ဆူညံနေသည့် ကမ္ဘာမှာ၊ ဆန္ဒပြမှုတွေ၊ ထိပ်တိုက်ရင်ဆိုင်နေရသည့်ပြဿနာတွေက နေရာအနှံ့။ ဂရိ၊ ပြင်သစ်၊ အမေရိကား၊ တရုတ်၊ လက်တက်အမေရိကား၊ အာဖရိက၊ အရှေ့အလယ်ပိုင်း---- ဆူညံပွက်လောရိုက်နေတာတွေကို မောင်စူးစမ်းတယောက် မမြင်နိုင်၊ မကြားနိုင်ဖြစ်ရင်တော့၊ မျက်စိ၊ နား၊ နှခေါင်း၊  လည်ချောင်း ဆေးရုံမှာ သွားဆေးစစ်ဖို့လိုသည်။ သပိတ်မှောက်သူတို့က “ခေတ်ပျက်လျင်ကြိုက်သောအခြေအနေမဲ့တို့၏စိတ်ထားမျိုးဖြစ်သည်” ဟူသောကောက်ချက်ကို “ မောင်စူးစမ်းတယောက် လူတောမတိုးသည့် ဘဝင်မြင့်မှုများဖြင့် ကျက်သရေမဲ့သည့် ကမ္ဘာကိုသွေးရူးသွေးတမ်းကြိုက်နှစ်သက်နေသူ” ဟု တဘက်ကပြန်ပက်ပြန်လျင် မောင်စူးစမ်းလို အဆင့်အတန်းမရှိသည့်သူဖြစ်သွားမှာစိုးတော့ မတုန့်ပြန်ဖြစ်ကြ။
 
ပညာရှင်ဆိုသည်မှာ မတူညီသည့်အမြင်နှစ်ခုကို စာဖတ်သူထံလေးလေးစားစားတင်ပြရသည်။ တဘက်အမြင်ကိုစော်ကားနှိမ့်ချ၊
ရိုင်းစိုင်းသည့်စကားများကို အသုံးမပြုသင့်ပါ။ အမြင်နှစ်ခု၏ အကျိုးဆက်များကိုဆွေးနွေးပြီးသည့်အခါမှ ကိုယ်ယုံကြည်သည့် အချက်အလက်များကို
တင်ပြရသည်။ နောက်- မည်သူမှန်မည် ဆိုသည်ကို အားလုံးက စောင့်ကြည့်အကဲခပ်နေကြသည် ဟူသော အဆုံးသတ်မှုမျိုးဖြင့်၊ မိမိရဲ့စာတမ်းကိုအဆုံးသတ်ကြလေ့ရှိသည်။ ရွေးကောက်ပွဲသပိတ်မှောက်တဲ့သူတွေဟာလည်း တိုင်းပြည်အပေါ်အနစ်နာခံလုပ်ခဲ့တဲ့သူတွေ၊ ပေးဆပ်နေတဲ့သူတွေဖြစ်တယ်။ သူတို့ရဲ့အယူအဆတွေကို သဘောမတူဘူး။ ကိုယ်က ပိုပြီးသိမြင်နေတယ် လို့ ကိုယ့်ဘာသာစိတ်ကြီးဝင်နေရင်လည်း
ကိုယ့်အယူအဆကို လက်ခံသည်အထိ စိတ်ရှည်ရှည် ပြေပြေလည်လည်ဆွေးနွေးတာမျိုးတင်ပြရေးသားသင့်ပါတယ်။
ဒါပေမဲ့ မောင်စူးစမ်းရဲ့မရင့်ကျက်မှုတွေကို အထင်းသားမြင်နေရတယ်။
မောင်စူးစမ်းဆောင်းပါးတွေဖတ်နေရတာ၊ သူဆရာလုပ်တာကို လက်မခံသည့်သူများအပေါ် ဒေါသဖြစ်၊ ရန်လုပ်နေသည့် လမ်းဘေးက ကလေကချေတယောက်၏လေသံ လို ဖြစ်နေသည်။ အရိုင်းစိုင်းဆုံးသော စကားများဖြင့် အယူအဆမတူသူများအပေါ် အထက်စီးကပြောနေသည်။ အဆိုးဆုံးက ပြည်သူ့လူထုအပေါ်၊ စာဖတ်ပရိဿတ်အပေါ် စေတနာမရှိသည့်အရိပ်တွေကိုမြင်နေရသည်။
 ပြည်သူအပေါ်စေတနာမရှိသည့် စာရေးဆရာများကို လူထုကလည်း ဂါရဝပြုမည် မဟုတ်။
 
     အောင်မိုးဝင်း
http://xa.yimg.com/kq/groups/20354587/414694765/name/A%20Politician%27s%20Civilization.pdf

ရွှေဝါရောင်ဆရာတော်ဦးပညာဇောတ၊ဦးအဂ္ဂဥာဏတိုရန်တို၊ကနေဒါမှမြန်မာများနှင့်တွေ့ဆုံ ( 14-10-2010 )



ဒေါ်အောင်ဆန်းစုကြည်၏နှလုံးသားပုံရိပ်များ ( အပိုင်း ၃ )



                                                                          အပိုင်း ( ၃ )
   ၁၉၉၅ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ ( ရှစ်လေးလုံးလူထုအရေးတော်ပုံနှစ်ပါတ်လည်နေ့ ) အန်တီစုရဲ့နေအိမ်မှာ ကျနော်တို့ ( တကသ ) ကျောင်းသားတွေနဲ့ အန်တီ တွေ့ဆုံပြီး ရှစ်လေးလုံး အထိမ်းအမှတ်စကားဝိုင်းလေး ကျင်းပကြတယ်။ ကျောင်းသားတွေက စုစုပေါင်း ၃၀ လောက်ရှိမယ်။ ဒီထဲမှာထူးထူးခြားခြား ကနေဒါနိုင်ငံက ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တစ်ယောက်လည်းပါသဗျ။ သူကတော့ ကျနော်တို့ပြောဆိုနေတဲ့ အချိန်မှာ ဘေးနားမှာထိုင်ပြီး နားမလည်သည့်တိုင်အောင်စိတ်ရှည်စွာထိုင်ပေးတယ်။ အဲဒီနေ့က တကသ ရဲ့ ဗမာလို။ အင်္ဂလိပ်လို ကြေငြာချက်ကို ဖတ်ပြတယ်။ အင်္ဂလိပ်လိုကြေငြာချက်ကို ဦးဝင်းထိန်ကဖတ်ပြတယ်။ အဓိက အချက်ကိုထုတ်ပြပါဆိုရင်တော့
                                      အမျိုးသားပြန်လည်သင့်မြတ်ရေးမှသည် တွေ့ဆုံဆွေးနွေးရေးဆီသို့ ဆိုတဲ့ ဦးတည်ချက်ပါပဲ။ ဒီနေ့ကစလို့ ကျနော်တို့ကျောင်းသားများအနေနဲ့ အန်တီစုအပါဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များနဲ့လက်တွဲပြီး ဒီ ဦးတည်ချက်ကို အကောင်ထည်ဖော်ဆောင်ရွှက်ဖို့ သံဓိဌာန် ချမှတ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးချက် အခွေကို အသံဖမ်းထားပြီး တိတ်ခွေကူးဖြန့်ခဲ့တာ တော်တော်ပြန့်သွားပါတယ်။ ထွက်လာတဲ့ခွေကလည်း ရုတ်တရက်ကြည့်ရင် ကာဗာပုံတွေဘာတွေနဲ့တော်တော်သားသားနားနားပါ။ အန်တီစုနဲ့ ကျနော်တို့ကျောင်းသားတွေစုရိုက်ထားတဲ့ပုံကို ကာဗာလုပ်ထားတာ။ အမှန်က အဲဒီကာဗာက ဓါတ်ပုံကို တိတ်ခွေနဲ့ အံကိုက်လုပ်ပြီး ခေါက်ထဲ့ထားတာပါ။ အန်တီတောင်မှ အဲဒါကိုတွေ့သွားပြီး တော်တော်အံအားသင့်သွားတယ်။ ဒီအခွေ ကတော်တော်ပြန့်သွားတာကို အန်တီလည်းသိတယ်။ ဒါနဲ့ အန်တီက ကျနော့်ကိုပြောတယ် ၊ နောက်ထပ်တခါ ထပ်လုပ်မယ်တဲ့ သားမေးခြင်တဲ့ မေးခွန်းတွေကို အန်တီကိုကြိုပေးထား သေသေချာချာ ထပ်လုပ်ရအောင်တဲ့ ။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး ဘာလို့လည်းဆိုတော့ အန်တီကလည်း ကြားထဲမှာမအား ၊ ကျနော်လည်း သိပ်မကြာခင်ပဲ အဖမ်းခံရပြီး ဒုတိယအကြိမ်ထောင်ထဲဝင်သွားရလို့ပါ။
ပြောမယ်ဆို အဲဒီတိတ်ခွေကို နေ့ညမအား ကူညီဆောင်ရွှက်ပေးရှာတဲ့ ( ရုရှားပြန်- ကိုစောနု ) သူက လှည်းတန်းမှာ အဆိုသင်တန်းဖွင့်ထားတာ ၊ နံမည်ကြီးပါတယ်။ နံမည်ကျော်ပန်းချီ ပညာရှင် ချောအိသိမ်းက ဆက်သွယ်ပေးရင်းက သိရတာ သူ့ကို အရမ်းကျေးဇူးတင်ပါတယ်။ သူကဘယ်လောက်စိတ်အားထက်သန်သလည်းဆိုရင် သူ့သင်တန်းပေးရေး အလုပ်ကိုတောင်ပစ်ပြီး ကျနော်တို့ကို ကူညီခဲ့တာ ဘယ်တော့မှမမေ့ပါဘူး။ နောက်တစ်ယောက်က လက်ရှိအခြေအနေထိ ဗမာပြည်မှာ နံမည်ကြီးနေတဲ့ စတီရီယိုအဆိုတော်တစ်ဦး ( နံမည်ကိုတော့လုံခြုံရေးအရ မပြောတော့ပါဘူး ) သူဆို သူ့ပိုက်ဆံနဲ့သူ စိုက်ထုတ်ကူး ဖြန့် အဲသလိုလုပ်ခဲ့တာပါ။ သူဖြန့်ခဲ့တာ အခွေပေါင်းကိုမနည်းပါဘူး၊ပြောရရင်တော့ အသေးအဖွဲကစ ကူညီခဲ့တဲ့ပြည်သူတွေအများကြီးပါ။ နောက်အရေးကြီးတဲ့သူတစ်ယောက်က နံမည်ကြီး ဟစ်ဟော့ အဆိုတော် ဘာဘူ နဲ့ နံမည်ကြီး မော်ဒယ် ၊ သရုပ်ဆောင် သန္တာလှိုင်တို့ရဲ့ အဖေ ဒေါက်တာလှိုင်မြင့်ပါ။ ပြောရရင်တော့ သူနဲ့ကျနော် နောက်ပိုင်းလည်းကြရော အမှု့တွဲတွေဖြစ်ခဲ့ပြီး ထောင်ကျခဲ့ပါတယ်။ အန်တီက လွတ်လာခါစဆိုတော့ အလုပ်လုပ်ဆောင်ဖို့ လိုအပ်ချက်တွေအများကြီးရှိလာပါတယ်။ အရေးတကြီး လိုအပ်နေတာ ကွန်ပြူတာပါ ၊ အဲဒီသတင်းကို NLD လူငယ် တစ်ယောက်ဆီက ကြားကြားခြင်း ကျနော် ဆရာ ဦးလှိုင်မြင့်ကို ပြောပြခဲ့ပါတယ်။ ဆရာကလည်း မဆိုင်းမတွပဲ သူလှုမယ်ဆို ဆုံးဖြတ်ပြီး ရက်ပိုင်းအနည်းငယ်အတွင်းမှာပဲ ကွန်ပြူတာတွေဝယ် ၊ လိုအပ်တဲ့ ကွန်ပြူတာ အသုံးအဆောင်ပစ္စည်းတွေကို သိန်းတော်တော်အကုန်ခံပြီး တောင်ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ခင် ( ယခု - ထောင်ထဲ ) ကတဆင့် အန်တီစုကိုလှုခဲ့ပါတယ်။ ကျောင်းသားလူငယ်တွေကိုလည်းတော်တော်ကူခဲ့တာပါ။ နောက်ကာလသိပ်မကြာခင်မှာပဲ အဲသလိုလုပ်ရပ်များအတွက် အထွေထွေညှိုးချက်များနဲ့ အပြစ်ရှာထောင်ချပစ်လိုက်ပါတယ်။ အမှု့ထဲမှာ အန်တီဟောပြောချက်ဗွီဒီယိုခွေတွေကို ဖြန့်ချီလို့ ( တရားမ၀င် ဗွီဒီယိုခွေတွေဖြန့် ခြင်း ပုဒ်မနဲ့ ) ထောင်ချတာလည်းပါပါတယ်။ အန်တီစုကို ၀န်းရံခဲ့တဲ့သူတွေအတွက် ဒီလိုလည်း နှိပ်ကွပ်ခံခဲ့ရပါတယ်။သဘောကတော့ မ၀န်းရံရဲအောင်ပေါ့  ပြောမယ်ဆို ဆရာ ဦးဝင်းတင်ပြောသလို “ အစာလည်းမကျေ ကမ္ဘာလည်းမကြေ ” ပါပဲ။
                             အဲဒီကာလများက အန်တီအိမ်ရှေ့မှာကျင်းပတဲ့ အပတ်စဉ် ဟောပြောပွဲတွေကလည်း အတော့်ကို အောင်မြင်နေတဲ့ ကာလပါ။ ကျနော်တို့ဆို တပတ်။တပတ် စနေ တနင်္ဂနွေရောက်ဖို့ကိုပဲမျှော်နေရတာ အဲဒီနေ့ဆို အန်တီ အိမ်ရှေ့ ( အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း ) ကလမ်းမပေါ်မှာလူတွေပြည့်ကြပ်နေပြီ၊ တချို့ဆို နေ့လည် ၁နာရီ ၂ နာရီလောက်ကထဲကကြိုရောက်နေတာ။ အန်တီကို မြင်ဘူးခြင်လို့ဆိုတဲ့သူများက သူထက်ငါ ရှေ့ဆုံးမှာနေရာဦးကြတော့တာပဲ။ သူတို့ဦးထားတဲ့နေရာရောင်လို့ကိုယ်ရောက်မသွားနဲ့ ရန်ထောင်လွှတ်တာ။
                   “ အောင်မလေးတော် …. ငါ စုစုကိုတွေ့ခြင်လွန်းလို့ လှိုင်သာယာကနေ ၁၂ နာရီလောက်ကထဲက ဘတ်စ်ကားကြပ်ကြပ်တိုးစီးလာပြီး ဒီမှာစောင့်နေရတာ …..ဒီအချိန်ကြမှငါ့နေရာလာမလုပါနဲ့ ….ဖယ်….ဖယ် ” ဆိုမောင်းထုတ်တော့တာပဲ။ ဟောပြောပွဲက ၄ နာရီလောက်မှစတာပါ။ သူတို့က အစောကြီးကြိုလာကြတာ။ အတွေ့အကြုံလေး တစ်ခုသတိရနေသေးတယ် ၊ အဖွားအိုတစ်ယောက်ရှိတယ် သူကအပတ်စဉ် အန်တီဟောပြောပွဲကို အမြဲ မလွတ်တန်း လာတယ် ရှေ့ဆုံးမှာ အမြဲနေရာယူပြီး အန်တီ ပြောသမျှတွေကို မျက်တောင်မခပ် ၊ နားရွက်မလှုတ်နားထောင်တာ။ အန်တီက ဟောပြောပွဲစကာနီးပြီဆို အရင်ဆုံး             ဟို ….. အမေရောက်ပလားဆို မိုက်ကရိုဖုန်းကိုင်ပြီး စမေးတယ် မျက်လုံးကလည်း ဟိုရှာ ဒီရှာလိုက်ရှာပေါ့ ၊ အဲဒါဆို အဲဒီအဖွားအိုက လက်ထောင်ပြတယ် ( ကျောင်းသားများလိုပဲ ---- ရောက်ပါပြီပေါ့ ) အဲဒီအခါကြခါမှ အန်တီက ဟောပြောပွဲ စတယ်။ တနေ့ --- ကျနော်က အန်တီဟောပြောပွဲအပြီး အဖွားအိုကို လဘက်ရည်ဆိုင်ခေါ်သွားပြီး မုန့်ဝယ်ကြွေးရင်း အင်တာဗျုးလုပ်မိတယ်။ အဖွားကပြောပြတာက သူတဲ့ ဒီဟောပြောပွဲကို မလာရရင်  နေကိုမနေနိုင်တာတဲ့ …. သူ့သမီးတွေက အမေ့ အဖမ်းခံရလိမ့်မယ်လို့ပြောတာတောင် တားမရဘူး အသက်က ၇၀ ကျော်ပြီ ။ဒါနဲ့ ကျနော်က
                      ” အဖွား ပြီးခဲ့တဲ့အပတ်က အန်တီပြောသွားတဲ့ထဲမှာ အဖွားကြိုက်တာလေးရှိရင် ပြောပြစမ်းပါ ” လို့မေးတော့
                   “  ငါ့ အဲဒါတွေ မမေးနဲ့ ငါလည်းမသိဘူး -- ငါအိမ်ပြန်ရောက်ပြီဆို --- အိမ်နားနီးချင်းတွေကလည်း မေးတာပဲ …. စုစု ဘာတွေပြောသလဲ … ဘာလည်းပေါ့ဟယ်…… ငါဘာမှ မပြောတတ်ဘူး … မှတ်လည်းမမှတ်မိဘူး ”
                   ” ဒါဆို ဟောပြောပွဲမှာ အဖွားက ဘာတွေ လာနားထောင်တာလည်း ”
                   “ ငါ့ဖာသာ ငါဘာနားထောင်ထောင်ပေါ့ဟဲ့…..ဒါ ဒီမိုကရေစီပဲ ” မဲ့ရွှဲ့သွားပြီး “  နင်တို့က စုံထောက် တွေလား ”
                   “ ဟာ…မဟုတ်ပါဘူး အဖွားရ…. သားတို့က ကျောင်းသားတွေပါ ”
                   ” အေး…. ဒါဆိုလည်းပြီးရော” အဲဒီအဖွားအိုကို ကျနော့်စိတ်ထဲ ကြိတ်ပြီးတော်တော်ကြည်ညိုသွားမိတယ်။
                   “ ငါက အရပ်ထဲက ကောင်စီတွေလည်း အပြတ်ပြောထားတာ ( အမှန်ကတော့ ရ-၀-တ ကိုပြောတာပါ ) ဖမ်းခြင်ဖမ်း ကျုပ်ကတော့ သွားမယ် …. စုစုမျက်နှာလေးတစ်ပတ်တခါမမြင်ရရင်မနေနိုင်ပေါင် ” သာမာန်ပြည်သူတယောက်ရဲ့ရင်ထဲက ရိုးသားစွာထွက်လာတဲ့ အသံတွေပါ။ နောက်သူက ၉၀ ပြည့်နှစ်ရွှေးကောက်ပွဲကာလက သူရဲ့ နိုင်ငံရေးလှုတ်ရှားမှု့ အကြောင်း ( စိတ်ဝင်စားဘို့ကောင်းပါတယ် ) သူ သမီးက အကြော်ရောင်းတယ် ။ သူ့ဆိုင်က လမ်းဘေးမှာတဲလေးထိုးပြီးရောင်းရတဲ့ဆိုင်ပါ။ မိသားစုပြေလည်ရုံပဲ ၀င်ပါတယ်။ ၉၀ ပြည့်နှစ်ရွှေးကောက်ပွဲကျင်းပခါနီးတော့ သူကမဲဆွယ်စည်းရုံးရေးလုပ်တယ်။ အကြော်ရောင်းနေတဲ့သူ့သမီးကိုပြောလိုက်တယ် ငါ့ကို ရွှေးကောက်ပွဲမပြီးမခြင်း မုန့်ဘိုးပိုက်ဆံမပေးနဲ့တော့ အဲဒီအစား ငါ့ကိုအကြော်ပဲပေးဆိုပြီး ၊ အဲဒီအချိန်က သူကဘယ်လိုမဲဆွယ်သလည်းဆိုတော့ သူ့သမီးဆိုင် အကြော်လာဝယ်သူတိုင်းကို စုစု ပါတီကို မဲပေးရင် အကြော်တစ်ခု အပိုပေးမယ် ဆိုပြီး အဲသလို မဲဆွယ်ခဲ့တာ ( ဘယ်သူကမှခန့်ထားခြင်းမရှိတဲ့ NLD ရဲ့ စည်းရုံးရေးမှုးကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။) ကျနော့်ကိုတစ်ခုတော့ ခွင့်လွှတ်ပါ - အဲဒီအဖွားအို နံမည် လုံးဝကိုဖော်လို့မရလို့ပါ။ အဲဒီအချိန်က အန်တီခြံရှေ့ဟောပြောပွဲတွေမှာ အမြဲရောက်နေတယ့်သူတွေ မှတ်မိကြမှာပါ။ ဒီအဖွားလို ပြည်သူတွေ မြန်မာနိုင်ငံမှာ အများကြီးရှိပါတယ်။ သူတို့နိုင်ငံရေးကိုနားမလည်းဘူး ၊ သမိုင်းတင်ဘို့ကို စိတ်မ၀င်စားဘူး၊ စစ်အာဏာရှင်ကို မကျေနပ်ချက် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်စိတ်၊လေးစားရိုသေစိတ်တွေနဲ့ ဒီမိုကရစီနိုင်ငံတော် ဖော်ဆောင်ရေးကို တတပ်တအား ပါဝင်ကြတယ်။ သူတို့ခံယူချက်ရပ်တည်ချက်ကပြတ်သားတယ်၊ နှစ်ဘက်မခွဘူး၊ အကျိုးစီးပွား မမျှော်လင့်ဘူး၊ စကားကြီးကြီးကျယ်ကျယ်တွေနဲ့ ဆရာကြီးမလုပ်ဘူး ရိုးသားစွာနိုင်ငံရေးကိုယုံကြည်ကြတယ်။ သိပ်ချစ်စရာကောင်းတဲ့ပြည်သူတွေပါ။
                   နောက်တခုက ကမ္ဘာမှာ ဘယ်သူမှမကြားဘူးတဲ့ဖြစ်ရပ်တစ်ခုကလည်းရှိသေးတယ်ဗျ။ ကိုယ်ချစ်ခင်လေးစားရိုသေတဲ့သူကို ကျန်းမာပါစေဆို ဆုတောင်း မိလို့ ထောင်နှစ်ရှည်လများ အချခံရတာ ကြားဘူးလားမသိဘူး၊ မြန်မာပြည်မှာ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်ပျက်ပါ။ အန်တီအိမ်ရှေ့ဟောပြောပွဲမှာ အန်တီကို “ ဒေါ်အောင်ဆန်းစုကြည် --- ကျန်းမာပါစေ ” ဆိုပြီး ရှေ့ကတိုင်ပေးတဲ့သူတွေကို ထောင် ၇ နှစ်ဆီ တန်းဆီပြီး ချပစ်လိုက်တယ်။ စီမံချက်နဲ့ကိုချတာ။ အဲဒီအမှု့တွဲတွေကို ထောင်ထဲမှာ ကျနော်တို့ နံမည်ပေးထားတာ “ ကျန်းမာပါစေ အမှု့တွဲများ ” ဆိုပြီး၊ ကျနော်မှတ်မိသလောက် ဒလက ကိုဘော့လုံး ခေါ် ကိုမြဟန်၊ ကိုသန့်ဇင် ( ယခု အမေရိကား ၊ တက္ကဆပ်ပြည်နယ် ) ၊ ဦးသောင်းအေး ( ဖျာပုံ ) စုစုပေါင်း ၃၀ လောက်ရှိမလားမသိဘူး။ ကျနော် အဲဒီအကြောင်း ကိုတခြားသူတွေပြောပြတော့ မယုံကြဘူး၊ နိုင်ငံခြား သားတွေကို ပြောပြရင်တောင်မှ သူတို့က စစ်အစိုးရကို မုန်းလို့ လုပ်ကြံပြောတယ်ပဲထင်ကြတာ။ ဒေါ်အောင်ဆန်းစုကြည်----- ကိုကျန်းမာပါစေလို့ တိုင်မိရုံလေးနဲ့ ထောင်ချတယ်ဆိုတာကတော့မဖြစ်နိုင်ပါဘူး …. ဘယ်လိုမှမဖြစ်နိုင်ပါဘူး ၊ တခြားကိစ္စဆိုရင်တော့ ဟုတ်ခြင်ဟုတ်မှာပေါ့ စသည် စသည်ဖြင့် တော်တော်များများက မယုံခဲ့ကြဘူး။ အမှန်ကတော့ တကယ်ကိုဖြစ်ပျက်ခဲ့တဲ့ကိစ္စဆိုတာ ကာယကံရှင်များနဲ့ နိုင်ငံရေး အသိုင်းဝိုင်းတစ်ခုလုံး သိကြပါတယ်။ စစ်အစိုးရဟာ အဲသလောက် ရက်စက်ခဲ့ပါတယ်။ ကျနော် ဇာတ်နာအောင်ပြောပြနေတာမဟုတ်ပါဘူး။ သူတို့ခမျာ မိသားစုဘ၀တွေပျက်၊ အိမ်ထောင်တွေကွဲနဲ့ ဘ၀ကိုခါးသီးစွာ ရင်ဆိုင်ခဲ့ရရှာတယ်။ ဖျာပုံက ဦးသောင်းအေးဆိုတဲ့ ပုဂ္ဂိုဆိုရင်  စိတ်ဝေဒနာရှင်၊ သူ့သားလေးကိုဆေးကုဖို့ ရန်ကုန် စိတ်ရောဂါကုဆေးရုံကိုလာပို့တာ၊ အချိန်ရသခိုက် အန်တီစုဟောပြောပွဲကို လားနားထောင်ရင်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေဆို့ အော်ဟစ် ဆုတောင်းပေးရုံလေးနဲ့ ထောင် ( ၇ ) နှစ်အချခံလိုက်ရတယ်။ ကျန်ခဲ့တဲ့ သူ့သား စိတ်ဝေဒနာရှင် ဘာတွေဆက်ဖြစ်သွားသလည်းဆိုတာ ကျနော်လည်းမသိတော့ဘူး၊
                   ကိုဘော့လုံး ခေါ် ကိုမြဟန်ဆိုသူနဲ့က ကျနော်နဲ့ အင်းစိန်တွဲဘက်ထောင်တိုက်ခန်းထဲမှာ အတူနေခဲ့ဘူးတယ်။ သူစိတ်အားထက်သန်မှု့ကလည်း အထက်မှာ ကျနော်ဖော်ပြခဲ့တဲ့ အဖွားအိုလိုပဲ၊ အန်တီစုဟောပြောပွဲပြီးလို့ ဘာတွေပြောခဲ့သလည်း မေး လုံးလုံးမသိတော့ဘူး ၊ သူက အန်တီ ဟောပြောပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် -- ကျန်းမာပါစေ ဆို ရှေ့ကတိုင်ပေးရတာကို စွဲလန်းနေတာ။ ခေတ်စကားနဲ့ပြောရရင် ညိနေတာ။ သူ့ကိုဖမ်းတော့ အရက်နည်းနည်းလည်းမူးနေတယ် သူ့အိမ်ပြန်ရောက်သည်အထိထောက်လှမ်းရေးက နောက်ရောင်ခံလိုက်လာပြီး ညတော်တော်လေး မိုးချုပ်မှဝင်ဖမ်းတယ်။ ဖမ်းပြီးတော့ ထောက်လှမ်းရေးကမေးတယ်------
                                                “ မင်း …… ကျန်းမာပါစေကို ဘယ်လိုတိုင်လည်း ….. လုပ်စမ်းပါဦး …သရုပ်ပြလေး ” ဆိုတော့
             သူကရှေ့ကတိုင်ပြတယ်  “ ဒေါ်အောင်ဆန်းစုကြည် ----------- နောက်ကဘယ်သူဆီကမှအသံပါမလာဘူး  ( ထောက်လှမ်ေးရးတွေပဲ ဘယ်လိုလုပ်နောက်က လိုက်ဆုတောင်းပေးလိမ့်မလည်း )၊ နောက်တစ်ခါ၊ နှစ်ခါ -------- ဒေါ်အောင်ဆန်းစုကြည် ------ အဲဒီတော့ သူက စိတ်မရှည်တော့ဘူးထင်ပါရဲ့
                           “ ဟာ…ဆရာတို့ကလည်း ကျနော်က ရှေ့ကနေ ဒေါ်အောင်ဆန်းစုကြည်ဆိုတိုင်လိုက်ရင် ……… ကျန်းမာပါစေဆိုတာလေး လိုက်ထောက်ပေးဦးလေ …. ဒါမှပီပြင်မှပေါ့ ” ဆိုခပ်ထွေထွေလေးပြန်ပြောလိုက်တာနဲ့ ထောက်လှမ်းရေးတွေက “ အေး …. ထောက်ပေးမှာပေါ့ …. လုပ်ပါဦး နောက်တစ်ခေါက်ဆိုတော့ သူက သူလုပ်ပြတာ သဘောကျတယ်ထင်ပြီး နောက်တစ်ခေါက် ထပ်အော်အပြီးမှတော့----- လက်သီးတွေ၊ တံတောင်တွေ---- ဒူးတွေ ၀င်လာတော့တာပဲ။ကိုဘော့လုံးရဲ့အဖြစ်ကလည်း ဒီလိုပါ။ ထောင်ထဲရောက်တော့ သူကကျနော်တို့ကိုရှင်းပြတာ။
                             ထူးခြားချက်တစ်ခုကလည်း အန်တီအိမ်ရှေ့ ဟောပြောပွဲမှာ အတိုက်အခံနိုင်ငံရေး အင်အားစုတော်တော်များများကိုပြန်ဆုံတွေ့ရခြင်းပါပဲ။ ထောင်ထဲ၊ တောထဲ နဲ့ ကွယ်လွန်သွားတဲ့သူတွေ နိုင်ငံရပ်ခြားရောက်နေတဲ့သူတွေ ကလွဲရင် တော်တော်များများလောက်ဆုံဖြစ်ကြပါတယ်။ ကျနော်တို့ တကသ တောင်မှ ကိုမိုးကြိုး ( ယခု - ထိုင်းနိုင်ငံ မဲဆောက်မြို့က အလုပ်သမားရေးတွေလုပ်နေတဲ့ JACBA အဖွဲ့ရဲ့တာဝန်ခံ ) နဲ့ ကိုထက်ရာဇာ ( ယခင် DVB မဲဆောက်သတင်းထောက်ဟောင်း ) တို့ ခေါင်းဆောင်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားလူငယ်များ အစည်းအရုံး ( ဗကလစ ) နဲ့ ချိပ်ဆက်လက်တွဲနိုင်ခဲ့တယ်။ လူငယ် ကျောင်းသားတွေ ။ တက်ကြွလှုတ်ရှားသူတွေကိုစည်းရုံးလှုံ့ဆော်ပြီး နိုင်ငံရေး လှုတ်ရှားမှု့တွေ တွန်းတွန်းတိုက်တိုက်လုပ်ခဲ့တယ်။ အဲဒီအချိန်က နိုင်ငံရေးလောကနဲ့ စိမ်းစိမ်းအနေထားကနေ တကသ - ကိုဝင်ရောက်လှုတ်ရှားခဲ့တဲ့ကျောင်းသားအချို့ယနေ့ထက်တိုင် ပြည်တွင်းမှာ အမာခံလှုတ်ရှားစဲပါ။ ကျနော်တို့ အဓိကထားလုပ်ဆောင်ခဲ့တာကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ် ------ အန်တီနဲ့တွေ့ခဲ့တဲ့အချိန်က အဲဒီသဘောတရားကို ကျနော်က ရှင်းရှင်းလင်းလင်း မေးခဲ့တယ် ။
                             အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာဘာလည်း ၊ ဘာလို့မဖြစ်မနေလိုအပ်တာလည်း
       အဲဒီမေးခွန်းရဲ့အဖြေကို အန်တီက ဒီလိုပြောခဲ့ပါတယ်၊ လွတ်လပ်ရေးမရခင်ရော ရပြီးရော အချိန်ကစလို့ တမျိုးသားလုံးရဲ့ညီညွတ်ရေး တနည်းအားဖြင့် သင့်မြတ်ရေးဟာ ယနေ့ထိတိုင်အောင် ဖြေရှင်းနိုင်ခြင်းမရှိပါဘူးတဲ့၊ ဖေဖေ ( ဗိုလ်ချုပ်အောင်ဆန်း ) လက်ထက်တောင်မှ အစွမ်းကုန်ကြိုးစားခဲ့သော်လည်းပဲါ။ ဗိုလ်ချုပ်လုပ်ကြံခံ သေဆုံးသွားတော့ပိုဆိုးသွားတော့တာပေါ့ ၊ နောက်လူတွေမှာပိုဆိုးလာတာ အခုထိပါပဲ။ ဒီလိုသင့်မြတ်ရေးမရှိပဲ တိုင်းပြည်ကိုထူထောင်ဘို့ဆိုတာ ခက်ခဲပါလိမ့်မယ်။ ( ၀န်ခံချက် - အန်တီပြောသွားတာ ဒီသဘောတရားပါ - စကားလုံးအားဖြင့်တော့ တိကျခြင်မှတိကျပါလိမ့်မယ် ) ဒီကိစ္စကိုခက်ခက်ခဲခဲကြိုးစားကြရမှာပါ။
                   ဘယ်သူတွေနဲ့ ဘယ်လိုသင့်မြတ်ရမှာလည်း ? ဒါ့ရဲ့ အဖြေကတော့ ယနေ့တိုင်းပြည်မှာ လိုအပ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ -
NLD အပါဝင် အတိုက်အခံအင်အားစုတွေရယ်။ လက်ရှိ နအဖ စစ်ခေါင်းဆောင်တွေရယ်။ တိုင်းရင်းသား လက်နှက်ကိုင်နဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ ညီညွတ်ရေး ၊ သင့်မြတ်ရေးပါ။
                   ကျနော်တို့အဖို့ကတော့ ဒီလောက်ခက်ခဲပြီး နှစ်ပေါင်းများစွာ ဖြေရှင်းခဲ့တာတောင်မပြေလည်နိုင်ခဲ့တဲ့ ပြန်လည်သင့်မြတ်ရေးဆိုတာကိုကြိုးစားဘို့ဆိုတာ အိပ်မက်တစ်ခုကို မက်နေရသလိုပါပဲ။ ဒါပေမဲ့ ယုံကြည်ချက်တခုတော့ရှိပါတယ်။ လက်တွေ့ဆိုတာ စိတ်ကူးအိပ်မက်တွေကလာကြတာပါ။ အန်တီစုလို့ လူထုခေါင်းဆောင်တစ်ယောက်မားမားမတ်မတ် ရပ်တည်ပေးထားတဲ့အတွက်အများကြီးတော့ အားရှိစေခဲ့ပါတယ်။ နောက်တစ်ခုက ဒီကိစ္စကိုဆောင်ရွှက်ရတာဟာ ကြိုးတန်းပေါ်လမ်းလျှောက်ရသလိုပါပဲ။ အချိန်မရွှေးပြူတ်ကျသွားနိုင်ပါတယ်။ သေချာတာတစ်ခုကတော့ နောက်ဆုံး ကျနော် ထောင်ထဲပြူတ်ကျသွားပါတယ်။ တချို့ ရိုးသားစွာဆောင်ရွှက်ချက်တွေအပေါ် ကြီးမားစွာ အထင်မှား ခြင်းဆိုတဲ့ အရာတွေနဲ့ရင်ဆိုင်ခြင်းခံခဲ့ရပါတယ်။ အဲဒီအကြောင်းဆက်လက်တင်ပြပေးပါဦးမယ်။ ဒါပေမဲ့လို့ အန်တီစုရဲ့ အမှာစကားက ကျနော်တို့ နှလုံးသားထဲ ပဲ့တင်သံထပ်ခါ ထပ်ခါ ရိုက်ခပ်စေခဲ့ပါတယ်။ အဲဒါက-------
                                                                                       နိုင်ငံရေးကို နှလုံးသားနဲ့မလုပ်ပါနဲ့ ဦးဏှောက်နဲ့လုပ်ပါတဲ့
                                                              နိုင်ငံရေးကို နှလုံးသားနဲ့မလုပ်ပါနဲ့ ဦးဏှောက်နဲ့လုပ်ပါတဲ့

                            အပိုင်း ( ၄ ) ဆက်ပါမည်။                                                                                       (  မောင်မောင်ဝမ်း  )
Dassk Part 1+2+ 3

BMA Statement on 2010 Election

BMA Statement on 2010 Election BMA Statement on 2010 Election (Eng)