Saturday, October 23, 2010

23 Oct 2010 ဒိုင်ယာရီ

http://www.mediafire.com/file/xd1vprcw7dv31gp/23Oct%202010%20Yeyintnge%27s%20diary.pdf

http://www.mediafire.com/file/kzzp8mr49xjwp4a/23Oct%202010%20Yeyintnge%27s%20diary.doc

23Oct 2010 Yeyintnge's Diary

အလံခိုးတာနအဖပါ။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရအလံ အား အရှက်တရားကင်းမဲ့တဲ့ နအဖ စစ်အစိုးရ မှ ခိုးယူ အသုံးပြုထားခြင်း


အမျိုးသားညီလာခံမှသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (မူကြမ်း)အထိ အတိုက်အခံပါတီများ၊ တိုင်းရင်းသား အင်အားစုက ကန့်ကွက်နေသည့်ကြားမှပင် ငါ့မြင်းငါစိုင်းတဲ့ စစ်အစိုးရက အမျိုးသားညီလာခံကို အတင်းဇွတ်မှိတ်ဆွဲပြီး။ လာမယ့် မေလမှာ လူထု ဆန္ဒခံယူပွဲနဲ့ အတည်ပြုချက်ယူတော့မယ်တဲ့ဗျာ။ လူထုထောက်ခံသလား မထောက်ခံသလား ဘာမှမသိသေးပါပဲ ၂၀၁၀ ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ကြောင်း ထပ်မံကြေညာလိုက်သေးသည်။

အော် .. ဇွတ်ဆိုမှ တကယ့် ဇွတ်အတင်းလုပ်တတ်တဲ့ တဇွတ်ထိုးအုပ်စုပဲဗျာ၊ အခုတော့ ပြည်သူ့ကို ကိုယ်စားပြုတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များလည်းမပါ။ ရွေးကောက်ပွဲ အနိုင်ရပါတီလည်းမပါဘဲ ရေးဆွဲခဲ့တဲ့ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြီးကို ၄၇။ ၇၄ အခြေခံဥပဒေများထဲမှ ပြောင်းသင့်ပြောင်းထိုက်သည်များကို ပြုပြင်ပြောင်းလဲပြီး ဆွဲခဲ့တယ်တဲ့ခင်ဗျ။ ပြောင်းလိုက်တဲ့ထဲမှာ နိုင်ငံတော်ရဲ့မြို့တော်နဲ့ နိုင်ငံတော်အလံလဲ ပါသွားတယ်ဗျ။ ဇွတ်လုပ်ကြတဲ့ သူများ အချိန်ယူ အချိန်ဆွဲ ရေးဆွဲခဲ့တဲ့ အလံဟာ ဘယ်လိုပုံစံလဲ ဆိုတာ အားလုံးလည်း စိတ်ဝင်စားကြမယ် ထင်တယ်။ ကျနော်လည်း စိတ်ဝင်စား ကြည့်မိခဲ့တယ်ဗျ ...

ကဲ ... တွေ့ပါပြီဗျာ။ မူကြမ်းထဲက အခန်း (၁၃) နိုင်ငံတော် အလံ၊ အထိမ်းအမှတ် တံဆိပ်၊ သီချင်းနှင့် မြို့တော် ဆိုပြီး စာမျက်နှာ (၁၇၅)မှာ ဒီအလံပါပဲ၊

အော် ဒီအလံပုံကို နောက်တနေရာမှာလည်း တွေ့ဖူးသလိုပေါ့၊ မှတ်မိပါပြီး ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရအလံနဲ့ တထပ်တည်းတူပါတယ်။ ဓါတ်ပုံများကို ထပ်ကြည့်နိုင်သည်။



ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရကို ၁၉၉၀ခုနှစ်။ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် မာနယ်ပလော၌ စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၉၂ ခုနှစ်ကတည်းက ၀ါ စိမ်း နီ သုံးရောင်ခြယ်၊ အလယ်တွင် ကြယ်ဖြူတပွင့်ဖြင့် စတင်တည်ထောင်ကတည်းက ဒီအလံတခုတည်းကိုပဲ အတည်ပြု သတ်မှတ်ပြီး အသုံးပြုလာရာ ယနေ့တိုင်ဖြစ်သည်။




အလံ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်မှာ

မြန်မာနိုင်ငံလွတ်လပ်ရေး၊ သူ့ကျွန်ဘ၀မှ လွတ်မြောက်ရေးအတွက် ကြိုးပမ်းအသုံးပြုခဲ့သော ၀ါ စိမ်း နီ အလံအား ဂုဏ်ပြုလျှက် “စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေးတိုက်ပွဲ” တွင် ၀ါ စိမ်း နီ အရောင်များအား အခြေခံ အဖြစ် အသုံးပြုခြင်းဖြစ်သည်။

အ၀ါရောင်မှာ ကြီးမြတ်ခြင်း၊ ဂုဏ်ရောင်ပြောင်ခြင်းနှင့် ဘာသာ သာသနာကို ရည်ညွန်းသည်။

အစိမ်းရောင်မှာ ဆန်ရေစပါးပေါများခြင်း၊ သာယာဝပြောခြင်းကို ရည်ညွန်းသည်။

အနီရောင်မှာ၊ ရဲရင့်ခြင်း၊ တည်ကြည်ခြင်း၊ သူရသတ္တိပြောင်မြောက်ခြင်းကို ရည်ညွန်းသည်။

အဖြူရောင်ကြယ်ဖြူကြီးမှာ ဖြူစင်ခြင်း၊ နယ်ချဲ့တော်လှန်ရေးနှင့် စစ်အာဏာရှင်စနစ် တော်လှန်ရေး၏ အထိမ်းအမှတ်ဖြစ်သည်။

အထက်ပါအချက်များကို ကြည့်ရင် မူရင်း အလံပိုင်ရှင်အစစ်မှာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ ဖြစ်သည်။ ၁၉၉၀ ခုနှစ် စတင် တည်ထောင်ကတည်းက စတင်အသုံးပြုခဲ့သော အလံ မူရင်းပိုင်ရှင် အစစ် ပေါ်လာသော အခါ .........

လက်ရှိ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြုလုပ်၍ ထောက်ခံမှုများရပါမှ အတည်ဖြစ်နိုင်သော နိုင်ငံတော် အခြေခံ ဥပဒေ (မူကြမ်း) ကို ၀ိုင်းရေးဆွဲခဲ့ကြတဲ့ ညီလာခံ ကိုယ်စားလှယ်ကြီးတွေ၊ တဇွတ်ထိုးသမားတွေ အုပ်စုဖွဲ့ အချိန်ဆွဲပြီး တစုအစည်းတည်း ၀ိုင်း၍ အလံခိုး ခဲ့ပါကြောင်း လယ်ပြင်တွင် ဆင်သွားသကဲ့သို့ ဘွင်းဘွင်းကြီးပေါ်နေပါတော့တယ်။

(ပြည်သူ့ အာဏာ ပြည်သူ့ ၌ တည်ပါစေသောဝ်)

ရေးသားသူ...မောင်ရေခဲ

ပေးပို့ ပေးသော မောင်ရေခဲ အားကျေးဇူးတင်ရှိပါသည်။
http://myatlayngon.blogspot.com/2010/10/blog-post_4554.html

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များရဲ့ သံလျင်ကျောက်တန်း ခရီးစဉ်

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များဖြစ်ကြတဲ့ ဒေါ်မေ၀င်းမြင့်၊ ဦးခင်မောင်ရှိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင်၊ လူငယ်တာဝန်ခံ (၁) ကိုမျိုးညွန့်နဲ့ လူငယ်အဖွဲ့ဝင်များဟာ ၂၀၁၀ စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းက သန်လျင်နဲ့ ကျောက်တန်းမြို့နယ်များသို့ သွားရောက်ပြီး နိုင်ငံရေးအကျဉ်းသားများရဲ့ မိသားစုဝင်များနဲ့ တွေ့ဆုံ နှုတ်ဆက်ကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး အားပေးစကားများ ပြောကြားခဲ့သလို မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များနဲ့ တွေဆုံမှုများလည်း ပြုလုပ်ခဲ့ပါတယ်။
 ဒါ့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လူငယ် အဖွဲ့ဝင် ၁၅ ဦးနဲ့ မြို့နယ် ရပ်ကွက် ကျေးရွှာ အဖွဲ့ဝင် (၃) ဦးတို့ဟာ ဈေးအစရှိတဲ့ လူစည်ကားရာ နေရာများမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံများနဲ့အတူ လူတိုင်း မဲပေးပိုင်ခွင့် ရှိသလို၊ မဲမပေးပဲ နေပိုင်ခွင့်ရှိတယ်ဆိုတဲ့ စာရွက်များ ဝေငှခဲ့ပါတယ်။
 အဲဒီလို ပြုလုပ်မှုကို နယ်မြေ အာဏာပိုင်များက တစုံတရာ ဟန့်တားမှု မရှိပေမယ့် အဖွဲ့ချုပ်ဝင်များ စာရွက်ဝေပြီးတဲ့နောက်မှာ လက်ခံရရှိတဲ့ ပြည်သူလူထုထံမှ စာရွက်များကို  ပြန်လည် သိမ်းဆည်းမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို ပြန်လည် သိမ်းဆည်းတဲ့အခါ ပြည်သူအချို့က ကြောက်ရွံ့ပြီး ပြန်ပေးလိုက်သော်လည်း အချို့တော့ ဝေထားပြီးသား စာရွက်တွေ ပြန်ပေးစရာ အကြောင်း မရဘူးလို့ ပြန်လည် ပြောဆိုကြခဲ့ကြောင်း မဲမပေးရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့တဲ့ အဖွဲ့ချုပ်လူငယ်အဖွဲ့ဝင်တဦးက ဆိုပါတယ်။

 အခု လှုပ်ရှားမှုဟာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဥပဒေအရ မဲမပေးပဲ နေနိုင်ခွင့်ရှိတယ် ဆိုတဲ့ တီရှပ်အင်္ကျီများ ဝတ်ဆင်ကာ မဲမပေးရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားတယ်လို့ ယူဆရတဲ့ အဖွဲ့အစည်းတစ်ခုက လူငယ်များကလည်း I VOTE (မဲ ပေးမယ်) လို့ ရေးထားတဲ့ တီရှပ်များ ဝတ်ဆင်ကာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရန်ကုန်မြို့ လူစည်ကားရာ နေရာများမှာ သွားလာလှုပ်ရှားခဲ့မှုများ ရှိခဲ့ရာ အာဏာပိုင်များမှ တစ်စုံတစ်ရာ နှောက်ယှက် ဟန့်တားခြင်း မရှိသလို စစ်အစိုးရအာဘော် ကြေးမုံ အွန်လိုင်း အင်တာနက် စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။ ဒါ့ကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မဲမပေးရေး လှုပ်ရှားမှုဟာ ဥပဒေကြောင်းအရ တရားဝင်လုပ်ပိုင်ခွင့်ရှိကြောင်း မြန်မာပြည်သူများ ပိုမို နားလည် သဘောပေါက်လာကြတယ်လို့ သိရပါတယ်။





 http://burmatoday.net/
(သတင်း - ဓါတ်ပုံ - ဒီမိုဝေယံ)

ဖရီးဘားမားကမ်ပိန်း(စင်္ကာပူ)ကနေ ဦးဆောင်ပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲအပေါ် ဆန့်ကျင်ရှုတ်ချပွဲ



Speakers’ Corner on Saturday, 30 October 2010
from 4:00 pm to 4:45 pm
to say “NO TO BURMA’S SHAM ELECTIONS” .

" ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ- အပိုင်း ( ၄ ) ”

" ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ- အပိုင်း ( ၄ ) ” 
(မောင်မောင်ဝမ်း) 0ct 22,2010

”နိုင်ငံရေးကို နှလုံးသားနဲ့မလုပ်ပါနဲ့။ ဦးနှောက်နဲ့လုပ်ပါ.....” တဲ့ ။

ကျနော်စဉ်းစားကြည့်မိတယ်၊ အမိနိုင်ငံ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးရရှိရေး၊စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်မှု့အတွက် တိုက်ပွဲဝင်တဲ့သူများကို လေ့လာကြည့်တဲ့အခါ နှလုံးသား ခံစားရတာတွေက ပိုများကြပါတယ်။ စနစ်ကိုက ဒီလိုဖြစ်အောင် အကြောင်းဖန်လာတာ ဆိုတော့ ဘာပဲဖြစ်ဖြစ် ပြည်သူလူထုမှာ ခါးသီးတဲ့ဒဏ်ရာဒဏ်ချက်တွေကိုယ်စီနဲ့ပါ။ ခံစားမှု့မပါဘဲနဲ့လည်း ဒီမိုကရေစီတော်လှန်ရေး ပေါ်ပေါက်နိုင်စရာအကြောင်းမရှိပါဘူး။

တခါ အန်တီစုရဲ့ အဲဒီအချိန်ကာလက အနေထားကို သုံးသပ်ကြည့်မယ်ဆိုရင် ပူပူနွေးနွေး အကျယ်ချူပ်က လွတ်လာခါစ၊ နိုင်ငံရေးလမ်းကြောင်းမှာဆိုလည်း အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းပေါ်ကို ဦးတည်နေတဲ့ အချိန်၊ မိမိရဲ့နာကျင်မှု့တွေ ၊ ခါးသီးမှု့တွေကို ခ၀ါချလို့ တိုင်းပြည်အတွက် လိုအပ်နေတဲ့ အကျိုးစီးပွား မျက်နှာတစ်ခုထဲကိုပဲ ကြည့်ပြီး ဦးနှောက်နဲ့တွေးခေါ်ဆုံးဖြတ် လုပ်ဆောင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒါကိုဆိုလိုတာပါ။

ကျနော်တို့ဟာ သာမန်ပုထုဇဉ်လူသားတွေပါ။ စိတ်ဆိုးတတ်ပါတယ်။ပျော်တတ်ပါတယ်။ ခံစားတတ်ပါတယ်၊တုန့်ပြန်တတ်ကြပါတယ်။ ဒီနေရာမှာ ဆုံးဖြတ်လုပ်ကိုင်နေရတဲ့ အန်တီစုတို့လို သူ များအတွက်ကတော့ ဦးနှောက်နဲ့တွေးခေါ်လုပ်ကိုင်မှု့ဟာ သိပ်အရေးကြီးပါတယ်။ နှလုံးသားခံစားမှု့ကို အသား သွားပေးလို့ မရနိုင်ပါဘူး၊ (သို့သော် ပစ်ပယ်လို့တော့ မရကောင်းဘူးလို့ ထင်ပါတယ်။) ခံစားမှု့အရ နာကျင်နေတဲ့ပြည်သူတွေအတွက်ကလည်း နာကျင်မှု့အတိုင်း တုန့်ပြန်ခဲ့တာ အမှန်တစ်ခုပါ။ ထို့အတူ ခံစားမှု့ကို ဘေးမှာထား၊ လိုအပ်ချက်ကို ရှေ့တန်းတင်လုပ်နေရတဲ့ အန်တီစုလို ခေါင်းဆောင်များရဲ့ဆုံးဖြတ်ချက်ဟာလည်း အမှန်တစ်ခုပါပဲ။

ကျနော် ထောင်ထဲမှာရှိနေစဉ်ကာလက နာမည်ကျော်စာရေးဆရာ မင်းသိင်္ခ ပြောတာလေး ရှိပါတယ်။

” ငါ ဒီအာဏာရှင်တွေကို လှလှပပ ကလဲ့စား ချေချင်တယ်ကွာ..”တဲ့။
”ကလဲ့စားချေတယ်ဆိုတာ သိပ်အရသာရှိတဲ့အလုပ်ကွ...”တဲ့ ။
”စိတ်ကူးနဲ့တောင် တော်တော်မြိန်တာပဲ ။”
ဒီလိုပြောခဲ့ဖူးပါတယ် ။ ဒါက ကျနော်တို့ရဲ့နှလုံးသားခံစားချက်တွေပါ၊ သို့သော် အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ တိုင်းပြည်အတွက် အရေးကြီးဆုံးလိုအပ်ချက်ဖြစ်လာတဲ့ အခါမှာတော့ ---------------------------
----------------------------------------------------------------------------------။

 တနေ့ အန်တီ့ ခြံရှေ့ ဟောပြောပွဲမှာ မေးခွန်းလေးတစ်ခု တက်လာပါတယ်။ (အန်တီ့အိမ်ရှေ့မှာ စာတိုက်ပုံးလေး ထားပေးပါတယ်။ မေးခွန်းမေးလိုသူများက စာရေးပြီး အဲဒီထဲ ထည့်ထား၊ အဲဒီထဲကမှ သင့်တော်တဲ့မေးခွန်းတွေကို အပတ်စဉ် စနေ၊ တနင်္ဂနွေတိုင်းမှာ အန်တီက ပြန်ဖြေပေးပါတယ်။)

“ မေးခွန်းလေးတစ်ခု ကျမ လက်ခံရရှိပါတယ်--- ဒီလို မေးခွန်းမျိုး ကျမဖြေချင်နေတာကြာပါပြီ -- မေးခွန်းက ဒီလိုပါ--- ဒေါ်အောင်ဆန်းစုကြည် တပ်မတော်အပေါ်မှာ ဘယ်လိုသဘောထားပါသလဲ..တဲ့ ”

” ဖြောင်း……..ဖြောင်း…….ဖြောင်း ….. ဖြောင်း” (လက်ခုပ်သံများ)

“ ကျမရဲ့ဖေဖေဟာ တပ်မတော်ရဲ့ဖခင်ပါ …..။” (လက်ခုပ်သံများ)

"ကျမက ဖေ့ဖေ့သမီး --- အဲဒီတော့ တပ်မတော်ဆိုတာ ကျမရဲ့မွေးချင်းမောင်နှမတွေပဲလေ …” (လက်ခုပ်သံများ)

အန်တီစုရဲ့ မျက်နှာသွင်ပြင်ဟာ ပြုံးရွှင်နေပါတယ်၊ နှစ်လိုဖွယ်ရာ အပြုံးလို့သတ်မှတ်မယ်ဆိုရင် မမှားနိုင်လောက်ပါဘူး။

”ကျမငယ်စဉ်က ယူနီဖောင်းစိမ်းစိမ်းတွေ ၀တ်ဆင်ထားတဲ့ တပ်မတော်သားတွေရဲ့ကြားမှာ ကြီးပြင်းလာခဲ့ရသူတစ်ယောက်ဆိုတော့ -- တပ်မတော်သားတွေဟာ ကျမ အကိုတွေ မောင်တွေ မွေးချင်းတွေပဲပေါ့ …. ကျမ မုန်းလို့ရနိုင်မလား ...စဉ်းစားကြည့်ကြပါ။”

လက်ခုပ်တီးသံတွေ၊ သြဘာပေးသံတွေ ဆူညံသွားပါတယ်။
ဒါဟာ အန်တီစုရဲ့နှလုံးသားကြားက ယိုစိမ့်ထွက်လာတဲ့ အစစ်မှန် စကားလုံးတွေပါ။

ပုသိမ်မြို့ စည်းရုံးရေးခရီးစဉ်မှာ စစ်သားတွေရဲ့သေနတ်မောင်း ကျည်ဖြုတ်လုဆဲဆဲ.. ၀ိုင်းရံနေတဲ့ ကြားက အပြုံးမပျက် ထွက်လာနိုင်ခဲ့တဲ့ ပုဂ္ဂိုလ် ရင်ထဲက ရိုက်ခတ်လာတဲ့ ပုံရိပ်တွေပါ။

တနေ့ ကျနော်တို့ အန်တီနဲ့ဆုံတွေ့ တဲ့အခါ မေးကြည့်မိပါတယ်။
“ အန်တီပြောခဲ့တဲ့စကားက တကယ်ပဲပေါ့ ။” ဆိုတော့ ... “ တကယ်မို့လို့ အန်တီပြောတာပေါ့ ”..တဲ့။ ”အန်တီ့ဘေးမှာရှိနေတဲ့ လူကြီးတွေကိုပဲ သားတို့လေ့လာလိုက်ဦးလေ ၊ ဘဘ ဦးအောင်ရွှေ၊ ဦးကြည်မောင်၊ ဦးတင်ဦး၊ ဦးလွင် ..အားလုံးဟာ တပ်မတော်ခေါင်းဆောင်တွေချည်းပဲ ။ဘဘ ဦးတင်ဦးဆို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တာဝန်တောင် ယူခဲ့ရသေးတာ။ နောက်ဆုံး ဒီပုဂ္ဂိုလ်ကိုပဲကြည့် ။( ဦးဝင်းထိန်ကို လှည့်ပြီး ညွှန်ပြလိုက်တယ် ။) တပ်မတော်က အရာရှိဟောင်းတစ်ဦး။ အန်တီတပ်မတော်သားတွေကိုမုန်းတီးရင် သူတို့နဲ့ဘယ်လက်တွဲလိမ့်မလဲ ”

သိပ်မှန်တဲ့စကားပါ။ အန်တီ့ကို ၀န်းရံနေသူတွေ၊ ပါတီထဲက ခေါင်းဆောင်တချို့ဆို စစ်တိုင်းမှုးဟောင်းတွေတောင် ပါပါတယ်။ ကျနော်တို့ကျောင်းသားတွေထဲက တစ်ယောက်က လက်ရှိတပ်မတော်အတွင်းက အောက်ခြေစစ်သားတွေရဲ့အခက်အခဲ၊ဆင်းရဲကြပ်တည်းမှု့တွေကို ပြောပြတဲ့အခါ အန်တီ ရဲ့ရင်ထဲမွန်းကြပ်သွားပုံရပါတယ်။ ဒီတစ်ခါမှာတော့ မျက်နှာလေးဟာ ညျိုးရော်လို့-----------။

“ လက်ရှိစစ်တပ်အတွင်းက တပ်မတော်သားတွေရဲ့ဆင်းရဲကြပ်တည်းမှု့တွေကို ကောင်းကောင်း မဖြေရှင်းပေးတာဟာ …. မကောင်းဘူး ။”

အန်တီက ဦးတင်ဦးဘက်ကိုလှည့်ပြောတော့...
ဦးတင်ဦးက “ တပ်ရဲ့အကြီးအကဲဆိုတာ ရဲဘော်တွေရဲ့မိဘပဲ…. အစစအရာရာ တာဝန်ရှိတယ် ….. မလိုအပ်ဘဲနဲ့ တပ်မတော်ကို တိုးချဲ့နေမယ့်အစား … လက်ရှိအနေအထားကို အရည်အသွေးပြည့်မှီအောင် လုပ်သင့်တယ်…. ခေတ်မှီတပ်မတော်ဖြစ်ဖို့ဆိုတာ လူတွေစုနေရုံနဲ့ဖြစ်လာမှာမဟုတ်ဘူး…….အခုဟာက တပ်က ခေတ်မှီတပ်မတော်ဖြစ်ဖို့နေနေသာသာ… စားဝတ်နေရေးဖူလုံဘို့တောင်… မလွယ်ကူတဲ့ အခြေနေဆိုတော့ စိတ်ထဲမကောင်းဘူး။”

“ တပ်မတော်သားဆိုတာကလည်း… ပြည်သူတွေထဲက ပြည်သူတွေပဲလေ….။နိုင်ငံရဲ့ယိုယွင်းမှု့တွေကို ပြည်သူနဲ့အတူ သူတို့လည်း ခါးစည်းခံရတော့မှာပဲ ။”
အန်တီဟာ တကယ်တော့ တပ်မတော်သားတွေအပေါ် ချစ်ခင်၊စာနာစိတ်၊ ရှိသူတစ်ယောက်ဆိုတာ သေချာပါတယ်။ သူဟာတပ်မတော်သားတွေနဲ့ပတ်သက်လို့ စိုးရိမ်ခဲ့တာအမှန်ပါ။

ဒီလိုနဲ့ ရက်အနည်းငယ်အကြာမှာတော့ အန်တီရဲ့ ရင်ထဲကရိုက်ခတ်လာတဲ့စကားလုံးတွေဟာ နအဖ ထိပ်တန်းအပါအ၀င် တပ်မတော်သား တော်တော်များများ နားထဲကို စိမ့်ဝင်သွားစေခဲ့ပါတယ်-----------။
 သိပ်မကြာခင် ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ လူသိထင်ရှား ထုတ်ဖော်ပြောဆိုမှု့နဲ့ တုန့်ပြန်သံကို ကြားလာရပါတော့တယ်။

”ဒေါ်အောင်ဆန်းစုကြည် ကို နှမလေးလို သဘောထားပါတယ်..” တဲ့။


ဟုတ်တယ်၊ မဟုတ်ဘူး ဆိုတာကတော့ ကာယကံရှင်က လွဲလို့ ဘယ်သူသိနိုင်လိမ့်မလဲ။
အမျိုးသားပြန်လည်သင့်မြတ်ရေးရဲ့ ပြတင်းတံခါးလေးများ “ဟ” လာ လေရော့သလား။ သို့လော သို့လော စဉ်စားစရာတွေနဲ့ပေါ့။

(ကျနော်ထောင်ထဲမှာ နေခဲ့ရတုန်းက တပ်ရင်းမှုးတစ်ယောက်လည်း ပြစ်မှု့တစ်ခုနဲ့ထောင်ကျ လာပါတယ်။ သူနဲ့ ကျနော်ခင်မင်သွားတဲ့ အခါ သူ့က တနေ့ သူ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေထဲက တိုက်တိုက်ဆိုင်ဆိုင် တစ်ခုကိုပြောပြပါတယ်။ အန်တီက ဖော်ပြပါ မိန့်ခွန်းကို တိုင်းသိပြည်သိ၊ကမ္ဘာသိ ပြောကြားလိုက်တဲ့အခါ တပ်ထဲမှာ ” တော်တော်ဂယက်ရိုက်သွားကြောင်း ၊ စစ်တပ် ခေါင်းဆောင်ပိုင်းတွေဟာ တပ်ရင်းအသီးသီးကို ရောက်ရှိလာပြီး ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောကြားချက် မိန့်ခွန်းကို မယုံကြည်ကြဘို့ ” စည်းရုံးပြောဆိုခဲ့တယ်လို့ကြားလိုက်ရပါတယ်။)
မှန် မမှန် ဟုတ် မဟုတ်ဆိုတာကတော့ ကျနော်လည်း အတတ်မသိပါဘူး။

တနေ့မှာ ဒေါ်အောင်ဆန်းစုကြည်အပါဝင် ၊ ဦးအောင်ရွှေ၊ ဦးတင်ဦး ၊ ဦးကြည်မောင် ၊ ဦးလွင် စတဲ့ခေါင်းဆောင်ပိုင်းတွေနဲ့ ကျနော်တို့ကျောင်းသားများနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ ကျနော်တို့က တွေ့ဆုံပေးဘို့ မေတ္တာရပ်ခံချက်ကြောင့်လည်း ပါပါတယ်။ ဒါကတော့ ကျနော်တို့ ကျောင်းသားတွေအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းကို စတင်အကောင်ထည်ဖော်ဆောင်ရွက်ရန် အကြံဥာဏ်တောင်းခံခြင်းပဲဖြစ်ပါတယ်။ ဘယ်က စလုပ်ကြမလဲ။ တကယ်တော့ တဘက်နအဖ နဲ့သင့်မြတ်ဘို့ကို အသာထားလို့ ..ကိုယ်ချင်း သင့်မြတ်ရေးကို ဦးစွာ ထည့်သွင်းစဉ်းစားရပါတော့တယ်။

အမှန်တိုင်း ထုတ်ဖော်ဝန်ခံရရင် အဲဒီအချိန်က ကျနော်တို့ အတိုက်ခံအင်အားစု အချင်းချင်းကြားမှာတောင်မှ အဆင်မပြေ-မချောမွေ့မှု့တွေ အများကြီးရှိပါတယ်။ အန်တီစု အပေါ်မှာတောင် မပြေလည်မှု့တွေ ၊ မကျေနပ်ချက်တွေရှိနေပါတယ်။ ဒီတော့ ဒါတွေကို ရှင်းထုတ်ပြီး ပွင့်လင်းမြင်သာတဲ့ သင့်မြတ်မှု့တွေကို စတင်ဘို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။

နောက် ကျနော်တို့ ကျောင်းသားများအနေနဲ့ကလည်း တိုက်တိုက်ဆိုင်ဆိုင် သီတင်းကျွတ် လပြည့်နေ့ အခါသမယနဲ့ကလည်း နီးကပ်နေတော့ လူကြီးတွေကို စုပေါင်း ဂါရ၀ ပြူရင်း လုပ်ဆောင်ဘို့ကို အစီစဉ်ချမှတ်ခဲ့ပါတယ်။ နေရာကိုတော့ တက္ကသိုလ်များ ဓမ္မာရုံမှာလုပ်မယ်...လို့ ယာယီအားဖြင့် သတ်မှတ်ထားခဲ့တယ်။
ဒီလိုနဲ့ ပထမဦးဆုံး ကျနော်တို့ကျောင်းသားများဟာ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးအဖွဲ့ ( ဒီ/ငြိမ်း ) နဲ့ အရင်ဆုံး တွေ့ဆုံသဘောတူညီချက်ရအောင် ကြိုးစားရပါတော့တယ်။ တနေ့ ကျနော်တို့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှုးအောင် အိမ်ကို ချီတက်ခဲ့ကြတယ်။ ဗိုလ်မှုးအောင်နဲ့လည်း အခန့်သင့်စွာပဲ တွေ့ခဲ့ပါတယ်။

”ကျနော်တို့က ကျောင်းသားတွေဖြစ်တဲ့အကြောင်း၊” ကျနော်တို့ရဲ့ အစီအစဉ်တွေကိုချပြခဲ့ပါတယ်။ ဗိုလ်မှုးအောင်ရဲ့မျက်နှာဟာ ချက်ခြင်းဆိုသလို တင်းမာသွားပါတယ်။

“ ငါ ….. စုကြည်ရယ်-NLD ရယ် တွေ့ရမယ်ဆို ...ငါ လုံးဝ မတွေ့နိုင်ဘူး။”

ကျနော်တို့ ကြောင်သွားကြတယ် ။ တော်တော်လည်း အကြပ်ရိုက်သွားပါတယ်။ ဘာလုပ်ရမှန်းမသိတော့ဘူး။ ကျနော်တို့ အမျိုးမျိုးဖြောင်းဖျကြတယ်။

“ ဘဘ ကျနော်တို့တင်ပြချက်တွေကို နည်းနည်းလေးလောက်တော့ အသိမှတ်ပြူပေးပါ .. ဒီနေ့အချိန်အခါမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ အရမ်းကို လိုအပ်နေပါတယ်….. သင့်မြတ်ဘို့လိုပါတယ်…. ဘဘတို့လို အစဉ်လာရှိတဲ့ လူကြီးတွေ နဲ့ အန်တီနဲ့မှ မသင့်မြတ်ကြဘူးဆိုရင် ရှေ့ကိုဘယ်လိုဆက်သွားကြမလဲ”

“ အဲဒါတွေ ငါမသိဘူး …. ငါရှင်းရှင်းပဲ ပြောမယ်ကွာ …. ငါလုံးဝ မတွေ့ချင်ဘူး …. သူတို့နဲ့တွဲပြီးလည်း …… ငါတို့ တဖွဲ့လုံး ဘာမှမလုပ်ချင်ဘူး ”

ကျနော်တို့အားလုံး ၀မ်းနည်းသလို ခံစားသွားပါတယ်။ ပထမဦးဆုံး ခြေလှမ်းမှာတင် ဦးကျိုးသလိုများ ဖြစ်နေပြီလား ၊

ဒါပေမယ့်လည်း ဘာပဲဖြစ်ဖြစ် စိတ်ရှည်ရမယ်..ဆိုတဲ့ သဘောတရားကတော့ ရင်ထဲမှာ ရှိနေဆဲပါ။

ဗိုလ်မှုးအောင်ကတော့ အဆက်မပြတ်ဆိုသလို ခေါင်းကို တွင်တွင်ခါဆဲပါပဲ---။ ကျနော်တို့က ပြောလိုက် ...သူက ငြင်းပယ်လိုက်နဲ့ နာရီဝက်ခန့်လောက် ကြာအပြီးမှာတော့--------ကျနော်ကပဲ ဆက်ပြီး..

“ ဘဘ နောက်ဆုံးအခွင့်ရေးလေးတစ်ခုတော့ပေးပါ ……. ဘဘတို့ ဘာတွေ မကျေနပ်သလဲ … ကျနော်တို့ကို ရင်ထဲရှိတာတွေပြောပါ…… ကျနော်တို့ညှိနှိုင်းလို့ရမယ်ဆို အန်တီနဲ့ ညှိနှိုင်းချင်ပါတယ် ”

“ အဲဒီလို ညှိနှိုင်းလို့ …. မင်းတို့ အန်တီကရော ..အဆင်ပြေမယ်လို့ ထင်သလား … ဝေးသေး.. ငါလုံးဝမထင် ”

“ ဘဘပြောသလိုတော့ ဟုတ်မယ်မထင်ပါဘူး….. ညှိနှိုင်းလိုက်ရင် အဆင်ပြေမှာပါ ”

“ သူ့ ( ဒေါ်အောင်ဆန်းစုကြည် ) သဘောကရော အခုလက်ရှိအခြေအနေမှာဘယ်လိုရှိလဲ ”

ဗိုလ်မှုးအောင် အနေထားက စောစောကထက် နည်းနည်းပျော့ပြောင်းလာတဲ့ အရိပ်လက္ခဏာတစ်ရပ်ကို ကျနော်တို့စတင် တွေ့မြင်လာရပါတယ်။ ကျနော်တို့ ၀မ်းသာသွားကြတယ်။

” အန်တီက အားလုံးသင့်မြတ်ရေးကို အလိုရှိပါတယ်…။ ယုံပါ ဘဘ ”

“ ငါတို့ အားလုံးလည်းကြားပါတယ်….. အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ တို့နိုင်ငံအတွက် အရမ်းကိုလိုအပ်ပါတယ်….. ဒါမရှိဘဲနဲ့ တိုင်းပြည်ကိုထူထောင်ဘို့ဆိုတာ စိတ်ကူးယဉ်သလိုပါပဲ ။ သမင်မွေးရင်း...ကျားစားရင်းဖြစ်နေမှာပဲ…။ ဆက်မွဲဦးမှာပဲ ”

အဲဒါသေချာတယ်……..

“ အန်တီလည်း … ဒီသဘောတရားကို… လက်ခံပါတယ် ဘဘ ”

ဗိုလ်မှုးအောင် ခဏငြိမ်သွားတယ်။ ပြီးမှ.....

“ ငါ့တို့ရဲ့ရင်ထဲမှာ စုကြည်ဟာ ၊ တို့ခေါင်းဆောင် တို့ရဲဘော် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ---- တနည်းဆို …. ငါတို့ သမီးကွ ”

သက်ပြင်းကိုအခါခါချရင်း.... တစ်ခုခုကို တမ်းတ ငေးမောနေသလိုပဲ၊ တခုခုကို လေးလေးနက်နက် စဉ်းစားနေရင်း…

“ ခက်တယ်ကွာ … ငါ့စေတနာကိုလည်း .. နားမလည်ဘူး … စော်ကားတယ် …. သူတင် က မလားကွ… သူ့အမေ ဆို ပိုတောင် ဆိုးသေးတယ်။” ( ဒေါ်ခင်ကြည်ကို ဆိုလိုရင်းဖြစ်သည်။)

ကျနော်တို့အားလုံး စိတ်ဝင်စားသွားကြတယ်။ ကျနော်တို့ မသိမှီသေးတဲ့ သမိုင်းဆိုင်ရာ ကိစ္စတွေများဖြစ်နေမလား….၊

“ ဘဘ ….. ဘာတွေဖြစ်ခဲ့လို့လဲ … ပြောပြလို့ရနိုင်မလား ”





















“ပြောမယ် ။… ဒီလို …၊ ဦးစောက (ဗိုလ်ချုပ်အောင်ဆန်းအား လုပ်ကြံသတ်ဖြတ်ခဲ့သူက) မင်းတို့ သမိုင်းမှာ သိတဲ့အတိုင်း လက်နှက်တိုက်ကနေ လက်နှက်တွေထုတ်သွားရာက အစ.. ကိုအောင်ဆန်းကို လုပ်ကြံမယ်..ဆိုတဲ့ သတင်းကို ငါတို့ အတိအကျရထားတယ်ကွာ..။ ဒီကြားထဲမှာ ဘဆွေ (စာရေးဆရာ ရန်ကုန်ဘဆွေ) ကလည်း ကိုအောင်ဆန်းအပေါ်မှာ သိပ်ကလိမ်ကျနေတဲ့ ၊ မနာလိုနေတဲ့ ဦးစောကို ကြည့်မရဖြစ်ပြီး ၊ (ကိုအောင်ဆန်းတို့ လုပ်ကြံမခံရခင် လပိုင်းလောက်မှာ ) သေနတ်နဲ့သွားပစ်တယ်ကွာ..။ စဉ်းစားကြည့်ပေတော့.. ။ နဂိုကမှ ဦးစောက ကိုအောင်ဆန်းကို မလိုနေရတဲ့ အထဲ ပိုဆိုးသွားပြီပေါ့……..။ အကောက်ကြံပြီပေါ့ ။ဒါတွေကို ငါတို့က အတိအကျ သတင်းရတယ် ။ ဒါနဲ့ တနေ့ မဖြစ်ချေဘူး..ဆိုပြီး မနက်စာတောင် ထမင်းမစားနိုင်ဘူး ။ ငါ ကိုအောင်ဆန်းဆီ အပြေးသွားခဲ့တယ်….။ အဲဒီနေ့က ကိုအောင်ဆန်းကလည်း အိမ်မှာ အဆင်သင့်ကွ ။ ဘယ်မှ မသွားဘူး ။အိမ်မှာ အနားယူနေပုံရပါတယ်။ ငါ မှတ်မိသေးတယ် ။ စွပ်ကျယ် လက်စက လေးနဲ့ ...။ ငါရောက်သွားတယ်ဆိုရင်ပဲ-----သူက...

“ ဟာ.. ကိုကြီးအောင်… အမောတကောနဲ့ … ဘာတွေဖြစ်လာလို့လဲ” တဲ့။

ကိုအောင်ဆန်းကို ကြည့်ရတာ အေးအေးဆေးဆေးပဲ။

“ ဘာဖြစ်ရမလဲ … ခင်ဗျားကို.. သတ်တော့မယ်….။ အဲဒါ.. ဂရုစိုက်ဦး…. ကျုပ်လာသတိပေးတာ…။ သတင်းတွေ အတိအကျ ရထားပြီးပြီ ။”
ကိုအောင်ဆန်းက ရီတယ် ..ကွ။ ဒီလူကလည်း တမျိုးကွာ။

“ ဒီလောက်လည်း မစိုးရိမ်ပါနဲ့ ကိုကြီးအောင်ရာ… ဦးလေးစော ( ဦးစော ) က.. ကျနော့်ကို သတ်လောက်အောင် မုန်းမယ်မထင်ပါဘူး…။ ”

“ မုန်းတာ မမုန်းတာထက် ခင်ဗျားကို လုပ်ကြံဘို့ကြိုးစားနေတာတော့ အသေအချာပဲ။ ဒါဆိုလည်းပြီးတာပဲ… ကျုပ်တာဝန်ကျေတယ်နော်…။

ငါ့စိတ်ထဲနည်းနည်းတော့ ကသိကအောင့်ဖြစ်မိတယ် ...အမှန်ပြောမယ်၊ ငါ သူသေမှာ ကြောက်တာ အမှန်ပဲကွ။ ငါ သေရမှာတောင် ငါမကြောက်ဘူး၊
သူသေရင် ရှုပ်ကုန်မှာတွေ တပုံကြီး၊ သူကလွဲလို့ ဘယ်သူမှ မလုပ်နိုင်တာတွေရှိတယ်။ အဲဒါငါသိတယ် ။
( အဲဒီအချိန်က ဗိုလ်မှုးအောင်ဟာ နိုင်ငံရဲ့ အဆင့်မြင့်တာဝန်ကို ယူထားရသူ တစ်ယောက်ပါ -။ လွှတ်တော် ဥက္ကဌ ထင်ပါတယ် ။)
ဒီအချိန်မှာ ငါ ဗိုက်ကလည်း ဆာလိုက်တာမှ ကွာ..။ အဲဒါကို ကိုအောင်ဆန်းက ရိပ်မိသွားသလားမသိဘူး----။

“ ကိုကြီးအောင်….. ထမင်းစား မလာရသေးဘူး ထင်တယ် ”

“ ဘယ်စားရအုံးမလဲ… ခင်ဗျား သေမှာကြောက်လို့ ကျုပ် ဗိုက်ဆာနေတာတောင် အောင့်ပြီး ခင်ဗျားဆီ အပြေးလာခဲ့တာ ”

ဒါနဲ့ ကိုအောင်ဆန်းက အိမ်ထဲကို ဟိုကြည့် ဒီကြည့် လှမ်းကြည့်ရင်းက မခင်ကြည်ကို လှမ်းခေါ်တယ်။

“ ကြည်ရေ…. ကြည် ”

မခင်ကြည်က အိမ်ခန်းထဲကနေ ထွက်လာပြီး ..ကိုအောင်ဆန်း ဘေးနားရောက်လာတော့....

“ ကိုကြီးအောင် ထမင်းမစားရသေးဘူး။ ပြင်လိုက်ပါဦးကွ..။” ဆိုတော့ ..မခင်ကြည်က ကိုအောင်ဆန်းကို သေသေချာချာကြည့်ပြီးမှ ဘာပြောတယ်ထင်သလဲ။

“ ကျမတို့က တိုင်းချက်ထားတာလေ --မပိုတော့ဘူး ...တဲ့”

ငါ ဒေါသထွက်လိုက်တာ မပြောပါနဲ့တော့။ ဒါနဲ့ ငါကလည်း....

“ ခင်ဗျားယောက်ျား သေမှာကြောက်လို့ ကျူပ်က လာပြောတာ။ ကျုပ်က အငတ်မဟုတ်ဘူး..” ဆိုပြီး ပြောထွက်လာခဲ့တယ်။

ကိုအောင်ဆန်းကတော့ တားတယ်။ ပြီးတော့ တဟားဟား ရီတယ်ကွ။

မင်းတို့ စဉ်းစားကြည့်ကွာ။ ငါပြောခဲ့သလိုပဲ။ ငါက စေတနာနဲ့ သူ့အိမ်အထိ လာပြောကိုတောင်မှ ငါက အငတ်ကြနေတာပဲ။ ထမင်းကို တိုင်းချက်ထားတာ...တဲ့ ၊ မသကာ ထမင်းတစ်အိုးတည်တော့ရော ဘယ်လောက်ကြာမှာမို့လဲ။

သူ့သမီးကျတော့လည်း ငါတို့ကို သူ့အဖေနဲ့လုပ်ဖော်ကိုင်ဘက်တွေကို လေးစားရိုသေရမှန်းမသိ …။ ပြောရရင်အများကြီးပါကွာ….။

ဗိုလ်မှုးအောင် သူပြောချင်တာတွေကို ရင်ဖွင့်ပြောလိုက်ရလို့ စိတ်ခံစားမှု့တွေ ပြေပျောက်သွားတဲ့ ပုံ ကျနော်တို့တွေ့လိုက်ရတဲ့ အခါ….ကျနော်တို့ စိတ်သက်သာရာရသွားတယ်။ သူ့ရဲ့ရင်ထဲအစိုင်အခဲတွေဟာ ထုတ်ပြောလိုက်မိတဲ့ စကားလုံးတွေနဲ့အတူ လွင့်ပါသွားလေသလား ဖြစ်နေချိန်မှာ…….

“ ဒါတွေ ထားလိုက်ပါတော့ကွာ… မစု ကို (အခေါ်ဝေါ်ပြောင်းသွားတာကို ကျနော်တို့သတိထားမိလိုက်ပါတယ်။) မင်းတို့ပြောလိုက်ပါ…။ သမိုင်းနဲ့ယှဉ်ပြောချင်တယ်….. ။ ကိုအောင်ဆန်းဟာ တိုင်းပြည်လွတ်လပ်ဖို့နဲ့ တိုးတက်ဖို့ကလွဲရင် -သူ့စိတ်ထဲမှာ ဘာမှကို တခြားဟာတွေ မရှိတာ ….ရိုးသားတယ်။ သတ္တိရှိတယ်၊ အမျှော်အမြင်ကြီးတယ်။ သူ့ကို ဦးစောက မနာလိုဖြစ်ပြီး အကောက်အမြဲကြံနေတာကိုလည်း သူသိတယ်။ ဒါပေမယ့်......ကိုအောင်ဆန်းဟာ တိုင်းပြည်အကျိုးစီးပွားအတွက် ဘယ်တော့မှ ဦးစောကို မလိုစကား၊ အပြူအမူ၊ မလုပ်ခဲ့ဘူးကွ။ ခေါ်တာတောင် ..ဦးလေးစော ..လို့ခေါ်တာ၊ ဦးစော ရဲ့ကြိုးစားအားထုတ်ပုံတွေကို အမြဲချီးကျူးတယ် ၊ ကိုအောင်ဆန်းက တိုင်းပြည်မျက်နှာကိုကြည့်ပြီး ရိုးသားစွာဆက်ဆံခဲ့တယ် ။ဒါပေမယ့် တဘက်က ဦးစောကတော့ သူ့ အတ္တ တစ်မျက်နှာကိုပဲကြည့်တယ်။ သူ့ရာထူး၊ နေရာ၊နာမည်ဆိုတဲ့ လောဘကိုပဲကြည့်တယ်။”

”ကိုဘဆွေ ( ရန်ကုန်ဘဆွေ ) တို့ ဦးစောကို သေနတ်နဲ့သွားပစ်တော့ ဦးစောက ..ဒါ -ကိုအောင်ဆန်း ခိုင်းလို့လုပ်တာပဲ..လို့ တဘက်သတ်စွပ်စွဲတယ်။ တကယ်တော့ ကိုအောင်ဆန်းဟာ ဒီလို အကောက်ကြံတတ်တဲ့သူ မဟုတ်ဘူးဆိုတာ….တလောကလုံးသိတယ်။ ဦးစောလည်း သိတယ်။ သိကို သိတယ်။ ငါပြောနိုင်ပါတယ်။ တမင် လုပ်ကြံသတ်ဖြတ်ချင်လို့ ယိုးစွပ်ပစ်လိုက်တာပါကွာ။ ”

”သမိုင်းသင်ခန်းစာကို ယူပါ။ မမေ့လျှော့ပါနဲ့..” လို့ ဗိုလ်မှုးအောင်ရဲ့ အသံတွေမှာ ဆို့နစ်ကြေကွဲသံတွေ ရောနှောထွက်လာခဲ့တယ်။ သူ့ရဲ့မျက်နှာပြင်ပေါ်မှာ ဆွေးမြေ့မှု့တ၀က်၊ ကရုဏာတ၀က်က ထင်ရှားစေခဲ့တယ်။

“ ကောင်းပြီလေ… ငါ မစုနဲ့တွေ့မယ်… ငါတင်မကဘူး ။ ဒီ ငြိမ်းတဖွဲ့လုံးနဲ့တွေ့မယ် ။မင်းတို့စီစဉ်လိုက်…. ။ ပြောပြလိုက်ပေါ့ကွာ။ ”


ကျနော်တို့ဝမ်းသာသွားကြတယ်။ ဗိုလ်မှုးအောင်ကို အားလုံးက ၀ိုင်းကန်တော့ကြပြီး ကျနော်တို့တတွေ အန်တီခြံကို အပြေးကို ရောက်လာခဲ့ကြတော့တယ်။
အန်တီက တခြားသူတွေနဲ့တွေ့နေလို့ ကြာနေတဲ့ အချိန်တွေတောင်မှ စိတ်မရှည်နိုင်တော့ဘူး၊ တခြားသူတွေနဲ့တွေ့ပြီးလို့...ထွက်လာလာခြင်းပဲ ကျနော်တို့ ရဲ့ ပွဲဦးထွက်အောင်မြင်မှု့ကို အားပါးတရပြောပြလိုက်တော့ အန်တီရဲ့မျက်နှာပေါ်မှာ အပြုံးတွေနဲ့……………..။

ကျနော်တို့တွေ့ဆုံတုန်းက မှတ်တမ်းတင်လာတဲ့ တိတ်ခွေကို အန်တီလက်ထဲ အပ်နှံခဲ့တယ်။ အန်တီက ချက်ခြင်းပဲ…

“ ဘဘတို့ကို ပြောလိုက်ပါ… လူကြီးတွေက အန်တီ့ဆီ မလာပါနဲ့။ မသင့်တော်ပါဘူး ။အန်တီက အငယ်ပဲ… ။အန်တီက လူကြီးတွေရှိရာကို အရောက်လာပါ့မယ်လို့ ...။”

ဒါနဲ့ ကျနော်တို့ ဗိုလ်မှုးအောင်တို့ဆီကို အကြောင်းပြန်ရပြန်ပါတယ်။
ဒီလိုနဲ့ နေ့တစ်နေ့ကို သဘောတူခဲ့ပြီး .. အန်တီက ဗိုလ်မှုးအောင်အပါဝင် ဒီငြိမ်း အဖွဲ့ဝင် လူကြီးများကို သွားရောက် ဂါရ၀ပြူခဲ့ပါတယ်။

နောက်ထပ်တစ်ခါ ကျနော် ဗိုလ်မှုးအောင်နဲ့တွေ့ဆုံတဲ့ အခါမှတော့…….

“ ငါ အသက်လည်းကြီးပြီ …. ငါသေသည့်အချိန်ထိ ..မစုကို ၀န်းရံပေးသွားမယ်.. ကူညီသွားမယ် ။”

ဗိုလ်မှုးအောင်ဟာ နောက်ဆုံး သေသည်အထိ ကတိတည်စွာ အန်တီစုကိုဝန်းရံပေးခဲ့ပါတယ်။ အန်တီနဲ့ပြန်ဆုံတွေ့တဲ့ အခါမှာတော့ အန်တီက ကျနော်တို့နဲ့ ဗိုလ်မှုးအောင်တွေ့ဆုံခဲ့တဲ့ အသံဖမ်းတိတ်ခွေကို နားထောင်ပြီးပြီမို့-----

“ လူကြီးတွေ စိတ်ဆိုးကြတာ တခါတရံကြတော့လည်း ချစ်စရာတော့ အကောင်းသား … သူတို့မှာ စိတ်နဲ့ အခန့်မသင့်လို့သာ ။”
 တနေ့ ကျနော်တို့ အန်တီစုနဲ့တွေ့ကြတဲ့အခါ ပြောမိတာက----

” အန်တီ ...၊ အမေရိကန်သမ္မတ လင်ကွန်းက ပြောဖူးတယ်။"
”( The best way to destroy an enemy is to make him your friend.) ရန်သူကို အပြီးချေမှုန်းပစ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ မိတ်ဆွေဖွဲ့ခြင်းပဲ.." တဲ့ ။

နောက်ပြီး.. ဆရာကြီး ဒဂုန်တာရာကလည်း ပြောဖူးတယ်။
"နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ.."တဲ့ ။


”ဒါပေမယ့် ...ဗိုလ်ချုပ်အောင်ဆန်းဟာ ဦးစောကို နည်းမျိုးစုံနဲ့ မိတ်ဆွေဖြစ်အောင်ကြိုးစားပေမယ့် နောက်ဆုံး လုပ်ကြံသတ်ဖြတ်ခြင်းကိုသာ ခံလိုက်ရတယ်။ မိတ်ဆွေဖြစ် မသွားရှာဘူး။ ဒါကိုကျတော့ ဘယ်လိုနားလည်ရမလဲ ။”
ဆိုတော့ ……အန်တီရဲ့တောက်ပတဲ့မျက်ဝန်းအစုံမှာ အဓိပ္ပါယ်တွေနဲ့ .. ခပ်ဆိတ်ဆိတ်လေး နားထောင်နေရှာတယ်။

ဘေးမှာရှိတဲ့ တပ်မှုးဟောင်းကြီးတွေရဲ့ရင်ထဲမှာ ပဟေဠိ ပုစ္ဆာတပုဒ်များ ဖြစ်သွားလေရော့သလား။

အန်တီစု အိမ်ရဲ့ဘေးမှာရှိနေတဲ့ အင်းယားကန်ကို ဖြတ်တိုက်လာတဲ့ လေပြေညှင်းလေးတွေရဲ့အသံကို ကြားနေရသလိုပဲ....................။

(မောင်မောင်ဝမ်း)

အပိုင်း ( ၅ ) ဆက်လက်တင်ပြပေးပါမည်။

http://hittai.net/?show=rm&fileid=28&t=home9&id=9

DASSK

စာဖတ်ပရိပ်သတ်များခင်ဗျား---
 ကျနော်သည် ဒေါ်အောင်ဆန်းစုကြည်၏နှလုံးသားပုံရိပ်များ ရသဆောင်းပါး ကိုအပိုင်းလိုက်ရေးသားတင်ပြနေသည်မှာ ယခု အပိုင်း ၄ သို့ရောက်ရှိသွားပြီဖြစ်ပါသည်။ ယင်းကာလများတွင် စာဖတ်ပရိပ်သတ်များထံမှလှိုက်လှိုက်လှဲလှဲကြိုဆို သံများကိုထင်ဟပ်ထားသည့် အီးမေးလ်များကိုလက်ခံရရှိပါသည်။ ထို့အတွက်များစွာမှကျေးဇူးတင်ရှိပါသည်။ ရောက်ရှိလာသော အီးမေးလ်များထဲမှ ကျနော့်အား ခြိမ်းခြောက်ထားသော မေးလ်အချို့ကိုလည်း လက်ခံရရှိပါသည်။ ( နအဖ ) နှင့် သူ၏ဘက်တော်သားများလို့ယုံကြည်ရပါသည်။ ဆဲဆိုသံများနှင့်အတူ -- မအေ (---- )- ပြည်ပြေး ဗမာပြည်ပြန်လာရင် သေဘို့သာပြင် ၊ --- မင်းညီမကို သူ့သားတွေနဲ့ပေးစားလိုက်ပါလား--- စသည်ဖြင့် ဒီထက်ရိုင်းတာတွေလည်းပါ ပါသည်။ ထူးခြားသည်မှာ မေးလ်များကြားမှ မိမိ ဒီမိုကရက်တစ် အတိုက်အခံ အင်အားစုလို့ယုံကြည်ရတဲ့ မေး သုံးစောင် လက်ခံရရှိပါသည်။ အကြောင်းအရာများကိုခြုံ၍တင်ပြရလျှင်----
- မင်းက ဘာကောင်မို့ ဒေါ်အောင်ဆန်းစုကြည်အကြောင်းရေးရတာလည်း
- မင်း သမိုင်းကြောင်းကိုမြေလှန်မယ် ( လှန်နိုင်ပါသည်။ ရိုးသားဖြောင့်မတ်စွာ လှန်ဘို့တော့လိုပါလိမ့်မည်)
- ကျနော့် အမျိုးသမီးအားလည်း ရစရာမရှိအောင်ပုတ်ခတ်ဆော်ကားထားချက်များပါဝင်ပါသည်။ ဘာ့ကြောင့် အတိုက်အခံဒီမိုကရက်တစ်အင်အားစု ဘက်မှဟုယုံကြည်မိသလည်းဆိုရင်- စာပါ အကြောင်းအရာတချို့မှာ ကျနော် ဘာပဲလုပ်လုပ် မနာလိုဝန်တိုမှု့ဖြင့် အမြဲတိုက်ခိုက်နေသော အုပ်စုလေသံများဖြစ်နေသောကြောင့်ဖြစ်သည်။ ကိစ္စမရှိပါ။ စာပါအကြောင်းအရာများမှာလည်း ကျနော့်အား မနာလိုဝန်တိုမှု့ဖြင့် လုပ်ကြံပုတ်ခတ်တိုက်ခိုက်ထားသောအကြောင်းအရာများပဲဖြစ်ပါသည်။ ဆက်လက်ပြီး အပိုင်း များကို ရေးသားတင်ပြနေမယ်ဆိုရင် - သူတို့ အနေနဲ့ ကျနော့်အား တိုက်ခိုက်ရမည်ဖြစ်ကြောင်းခြိမ်းခြောက်ရေးသားလာပါသည်။ နအဖမှ ဒေါ်အောင်ဆန်းစုကြည်အားအပြင်းအထံတိုက်ခိုက်နေချိန်တွင် ( ကျနော်၏ရည်ရွှယ်ချက်မှာ အထူးသဖြင့် ယနေ့လူငယ်များ အန်တီစု၏ပုံရိပ်များကိုခံစားမိရင်း စိတ်ဝင်စားစေလိုသော၊အတုယူစေလိုသော၊ အားကြစေလိုသော ရည်ရွယ်ချက်ဖြင့်တင်ပြရေးသားနေခြင်းဖြစ်ပါသည်။ ထို့အတွက် အပြစ်ဟုယူဆပါလျှင် ကျနော့်မှာသာလျှင်တာဝန်ရှိပါသည်။ ရေးစရာရှိတာကိုတော့ ပရိပ်သတ်များလက်ခံနေသည်အထိ ဆက်လက်တင်ပြရေးသားပါမည်။ အပုတ်ချတိုက်ခိုက်လိုသူများ တိုက်ခိုက်နေသည့်တိုင် လုံးဝရပ်ဆိုင်းလိမ့်မည်မဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည်၏နှလုံးသားပုံရိပ်များ ရသဆောင်းပါး အပိုင်းလိုက်ပြီးဆုံးပါက - ( မိဘနဲ့တူသောအစိုးရ )ဆိုသည့်ခေါင်းစဉ်ဖြင့် အပိုင်းလိုက်ဆက်လက်တင်ပြရေးသားပါမည်။
                                                                                                                         လေးစားစွာဖြင့်
                                                                                                                       မောင်မောင်ဝမ်း