Friday, October 29, 2010

29 Oct 2010 ဒိုင်ယာရီ

http://www.mediafire.com/file/trnxqoxlrr5hbrc/29%20Oct%202010%20Yeyintnge%27s%20Diary.pdf
http://www.mediafire.com/file/1uw1luy933887p3/29%20Oct%202010%20Yeyintnge%27s%20Diary.doc
29 Oct 2010 Yeyintnge's Diary

ဆရာအောင်သင်း အား စိတ်ကူးများဖြင့် တိုင်ပင်ခြင်း

ဒီနေ့ လူငယ်လေးတွေကို ဆရာအောင်သင်းက အောက်ပါ စကားလေးနဲ့ ကျွန်တော်တို့ကို ဆုံးမခဲ့ တဲ့ ဗျာ ။ ဒါ့အပြင် စာတိုလေး ရေးပြီး လူငယ်များကို အားထားတဲ့ အကြောင်း ဒီနေ့လူငယ်တွေ အသိညဏ် ကို ထပ်မံနိုးဆွ ပေးလိုက်တာလေးကို တွေ့တော့ ကျွန်တော်တို့ တတွေ လည်း ဆရာဖြစ် စေချင်တာတဲ့ လူငယ်လေးတွေ ဖြစ်အောင် ကြိုးစားကြဖို့
ဆရာကို တိုင်ပင်ကြရင် မကောင်းဘူးလား ။

" မိမိယုံကြည်ချက်တစ်ခုဟာဖြင့် မှားနေပြီဆိုတာကို သိလာလိုက်တာနဲ့ တစ်ပြိုင်နက် စွန့်လွှတ်ပြီး အမှန်ကို ပြောင်းလွဲ လက်ခံ ကျင့်သုံး လိုက်ဝံ့ တာ လည်း သတ္တိပဲ မဟုတ်လား……(အောင်သင်း)

ကျွန်တော်တို့ လူငယ်တွေကို အားထားတဲ့ ဆရာကို ကျွန်တော် တို့ လူငယ်တွေမှာလည်း ပြောစရာ တွေ အများကြီးပါဘဲ ဆရာ ။

လူလိမ္မာတွေက သူတပါး အမှားကနေ သင်ခန်းစာ ယူတတ်ကြတယ် ။ လူမိုက်တွေက ကိုယ်တိုင် မှား မှ သင်ခန်းစာ ရတတ်ကြတယ် ၊ လူမိုက်ထက်မိုက်တဲ့ လူကတော့ ကိုယ်တိုင်းမှားနေပါလျှက် နှင့် သင်ခန်းစာ မယူတတ်ကြဘူး ဆိုတဲ့ ဆရာ့စကားထဲက အတိုင်းပါဘဲ အခုလည်း လူမိုက်ထက် မိုက်မဲတဲ့ လူတချို့က မှားနေမှန်း သိကြပေမယ့် အရူးကွက်နင်းပြီး မထူး ဇတ်ခင်းနေရာက စလို့ တရားမမျှတတဲ့ ရွေးကောက်ပွဲကြီးကို ကျင်းပကြတော့မယ်ဆရာ ။

အဲဒီ အရေခွံလဲပွဲ ကြီး ပြီးသွားရင် လူမိုက်ထက် မိုက်တဲ့ အပြင် လူယုတ်မာထက်လည်း ယုတ်မာ ပြထားတဲ့ လူကြီးက ခေါင်းဆောင် ပြန် ဖြစ်လာမှာ ဆရာ လည်း သိပြီးသားပါ ။ ကိုယ်တိုင်က ၊ အတွေး အခေါ် ညဏ်အမြော် အမြင် နည်းတဲ့ အပြင် ပညာမရှိတဲ့ လူတွေ က မြှောက်ပေးတာကို အဟုတ်မှတ်ပြီး ထင်ရာစိုင်းနေကြ ပြီ ဆရာရေ ။ ဒါတွေကို သိရက် နဲ့ ပညာရှင်တွေက ဘာဖြစ်လို့ မကန့်ကွက်ကြတာလည်း ဆရာ ။ သူတို့ သွားနေတဲ့ လမ်း က လယ်ပြင်မှာ ဆင်သွား သလို ထင်ရှားပါလျှက်နဲ့ မျက်စိ စုံမိတ် ပြီး ဒီမိုကရေစီ လမ်းကြီး လို့ လိုက်လိုက်အော်နေကြ တယ် ။ မရောက်သေးတဲ့ လွှတ်တော် ဆိုတဲ့ စကားလုံးကို တွင်တွင် သုံးပြီး ပြည်သူလူထု ကို မက်လုံးပေးပြီး လမ်းမှားကြီး ကို လက်ခံလာတတ်အောင် လမ်းညွှန် ပြသပေးနေကြသေးတယ် ဆရာရေ ။ ဒါကို သိပါလျှက်နဲ့ ဒီလူတွေကို တရားဝင် အုပ်ချုပ်ရေး အာဏာ အပ်နှင်းဖို့ သူတို့တွေ ပူးပေါင်း ကြံစည်နေကြပြီ ဆရာ ။ အဲဒီလို လူတွေ အုပ်ချုပ်နေသမျှ ကျွန်တော်တို့ ပြည်သူတွေ ဘ၀ ကတော့ ဆင်းရဲတွင်း နက်တဲ့ အပြင် ဒုက္ခမျိုးစုံကို တွေ့ကြုံခံစား ကြရအုံးမှာ အသေအချာပါဘဲ ဆရာရယ် ။

ဒီကြားထဲ ပညာရှင် အမည် ခံ ကိုယ်ကြိုးရှာစားချင်တဲ့ လူတစ်စုက လည်း ကျော်ကြားမှု ကို အကြောင်းပြုပြီး ဘုန်းတော်ဘွဲ့တွေ လိုက်ရွတ်နေတဲ့
လူတွေကလည်း တဖြည်းဖြည်း များလာတယ် ဆရာရေ ။
အော်ဒါနဲ့ အသိပညာရှင်တွေက သူတို့ အသိညဏ်ကို သစ္စာစောင့်သိကြတဲ့ ဆိုတဲ့ စကားလေးနဲ့ ပက်သက်ပြီးတော့ ဆရာကို မေးရအုံးမယ် ။ သူတို့တွေက အသိညဏ် ကို သစ္စာဖောက်တာလည်း နဂိုကတည်းက အသိညဏ် မရှိတာလား ဆရာ ။ ဒါပေမယ့်လည်း ပြည်သူလူထုက ပညာရှင် အဖြစ် အသိအမှတ် ပြူထားတော့ လုပ်စားလို့ ကောင်းနေတာပေါ့ ဆရာရေ ။ ပညာရှင် အမည်ခံသူတိုင်း ဆရာလို အသိညဏ်ကို သစ္စာစောင့်သိကြရင် ကျွန်တော်တို...့ တိုင်းပြည် တိုးတက်လာမှာ အမှန်ပါဘဲ ဆရာ ။

အချို့ကလည်း ရာထူး နဲ့ငွေကို ကိုယ်ကျင့်သိက္ခာနဲ့ လဲစား လိုက်ကြတယ် ၊ အများမိုးခါးရေ သောက်လို့ သူတို့လည်း လိုက်သောက်နေကြရုံတင် မကဘူး သူတပါးကိုပါ သောက်ချင်လာအေင် လမ်းညွှန်ပြသကြသေးတယ် ။ သူတို့တွေက ရာထူးနဲ့ငွေကို မက်တာ အကြောင်းမဟုတ်ပါဘူး ။ သမိုင်းဖြစ်ရပ်မှန်တွေကို စောက်ထိုးရေးနေကြတာ ခက်တယ်ဆရာ ။ သမိုင်းမှာ ပုဂ္ဂိုလ်ရေး တွေ ငဲ့ကွက်ပြီး ဝေဖန်လိုက်ရင် အနာဂတ်ကို သစ္စာဖောက်တယ်ဆိုတဲ့ စကားတော့ ကြားဘူးပါတယ် ။အခုလို ပြောင်းပြန် စောက်ထိုးရေးလိုက်ရင် နောင် အနှစ်နှစ်ဆယ်လောက်ဆို ဗိုလ်ချုပ်အောင်ဆန်း လုပ်ရပ်တွေကိုတောင် မှားတယ်လို့ လူငယ်တွေ ထင်မြင် ယူဆ လာကြမယ်နဲ့တူတယ် ဆရာရေ ။ အခုတောင် ဂဋန်ဦးစောလို လူမျိုးကို သူကောင်းပြုရေးသားတာတွေ တွေ့နေရပြီ ဆရာရေ ။ နှစ်တရာ အတွင်း မြန်မာပြည်က ထင်ပေါ်ကျော်ကြားသူတို့ ဆိုတဲ့ စာအုပ်မှာ ဗိုလ်ချုပ် အမည် ပါမလာတော့ဘူး။

ပညာရှင် အမည်ခံ ကိုယ်ကျိုးရှာလိုသူ တစ်စုက အနာဂတ် လူငယ်မျိုးဆက်သစ်တွေကို မတရားမှုကို လက်ခံတတ်ကြအောင် သူတို့တွေ သင်ပေးနေကြပြီဆရာ ။ ။ ကျွန်တော်တို့တိုင်းပြည်ကြီး ချောက်ထဲ ကျတော့မှာ သိသိကြီးနဲ့ သူတို့တွေကဘဲ ဆက်လက် တွန်းပို့ နေကြပြီ ဆရာ ။ ဆရာပြောသလိုပါဘဲ မြန်မာလူမျိုးတွေက
ပညာမတတ်တော့ အဖြောင့်မတွေးတတ်ကြတော့ဘူး။ သူတို့ အသိညဏ်တွေကို ငါဆိုတဲ့ အတ္တကြီးက ဖုံးလွှမ်းသွားပြီ ယာယီကို ထ၀ရ မှတ်ပြီး လမ်းလွှဲကို လိုက်ကုန်ကြပြီ ။

သတ္တ၀ါ အပါင်းကို လမ်းမှန် ပြချင်လို့ လေးအသင်္ချေနဲ့ ကမ္ဘာတသိန်း ပါရမီ ဖြည့်စည်းပြီး ကျင့်ကြံအားထုတ်ခဲ့လို့ ဘုရားအဖြစ်ကို ရောက်ရှိခဲ့တဲ့မဟာဝီရိယ ပိုင်ရှင် မြတ်ဗုဒ္ဓကို ကိုးကိုယ်တဲ့ ဗုဒ္ဓဘာသာဝင်တွေက ၂၂ နှစ်လေး ကြိုးစားခဲ့တာ မအောင်မြင်လို့ စိတ်ဓါတ်တွေ ကျနေကြပြီတဲ့ဆရာ ။ ဆရာမကူ ကိုယ်ပိုင် ညဏ် အစွမ်းအစနဲ့ အမှန်တရားကို သိမြင်လာအာင် ကြိုးစားခဲ့တဲ့ မြတ်ဗုဒ္ဓရဲ့ လမ်းစဉ်ကို ကျင့်ကြံပွားများနေတဲ့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေက လမ်းကြောင်းမှန်ကြီး ရှိပါလျှက် နှင့် စည်းလုံးမှု ကို မဖော်ဆောင်နိုင်လို့ လမ်းလွှဲကြီးကို သိသိကြီးနဲ့ ဇွတ်တိုးဝင်နေကြတုန်း ဆရာရေ ။

စေတီ ပုထိုး အမျိုးမျိုး ကို နေရာတကာတည် ဆောက်ပြီး ရတနာ သုံးပါးကို ကိုယ်းကွယ် ဆည်းကပ်နေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ ကဘဲ ရတနာ တပါးဖြစ်တဲ့ သံဃာတော်တွေကို အာဏာကို ဖက်တွယ်ချင်စိတ် အားကြီးတာနဲ့ အကြမ်းဖက် မှုတွေ လုပ်ဆောင်ပြခဲ့သလို ၊ ငြိမ်းချမ်းစွာ ပရိတ်တော်ကို လှည့်လည် ရွှတ်ဆိုကြတဲ့ သံဃာတော်တွေကို သံဃာ မဟုတ်ပါဘူးလို့ စွပ်စွဲ ပြောဆိုနေကြတာကို မြင်တော့ ရတနာ့သုတ် ဖြစ်ပေါ်လာရခြင်း အကြောင်းလေးနှင့် နှိုင်းယှဉ် စဉ်းစားမိပြန်တယ် ဆရာ ။ ဘုရားရဲ့ တရားတော်ကို လည်း သူတို့တွေ စိတ်ကြိုက် မွမ်းမံ ပြင်ဆင်လိုက်တာနဲက သူတို့တွေ လုပ်ရပ် အမှန်လို့ ထင်နေကြသူတွေ သွားရာလမ်းက အထင်အရှား ဆိုတာကို ကျွန်တော်ယုံကြည်ပါတယ် ဆရာ။

လွှတ်တော်ထဲ ရောက်မှ သူတို့တွေ လုပ်ဆောင်ပြမယ် ဆိုတဲ့ ဖြစ်မလာသေးတဲ့ အနာဂတ်ကို အကြောင်းပြပြီး အတိတ်နဲ့ပစ္စပ္ပုန်ကို လှစ်လျူ ရှုထားလိုက်ကြပြီ ဆရာရေ ။ ကျွန်တော်တို့ မြတ်ဗုဒ္ဓရဲ့ အမြဲ ဆုံးမ နေကြ သတိလေးသာ အစဉ်ကပ်ပြီး ပစ္စပ္ပုန်ကို တည့်တည့်ရှုဆိုတဲ့တရားတော်ကို တရားထိုင်ဖို့ အတွက်လောက် ဘဲ သူတို့နားလည်ထားတာ ထင်တယ် ။
အတိတ်မှာ သင်ခန်းစာ ယူစရာတွေ တပုံတပင်ရှိနေပါလျှက် မသိချင်ယောင် ဆောင်နေကြတယ် ။ မြတ်ဗုဒ္ဒကို တကယ် ကြည်ညို လေးစားတယ် ဆိုရင် ဘုရားရှင် မိန့်မှာခဲ့တဲ့ သတိနဲ့ နေကြဆိုတဲ့ ဆုံးမ စကားလုံးကို လိုက်နာ ကျင့်သုံးသင့်တယ်လို့ ကျွန်တော်ကတော ထင်မြင်ယူဆမိပါတယ် ဆရာ ။

ဒီမိုကရေစီ ကို လိုချင်ရင် ဒီမိုကရေစီ ရနိုင်မယ့် နည်းလမ်းတွေကို ချဉ်းကပ်ကြရမှာပေါ့ ဆရာ ။ တကယ့်နည်းလမ်းတွေ လည်းရှိပါတယ် ။ လူထုလုပ်ရှားမှု ဆိုတဲ့ စကားလုံးပြောလိုက်ရင် ပြည်သူလူထု နစ်နာပါတယ် ဆိုပြီး ထထ ပြောတတ်တဲက လူတွေလည်း အများကြီး ဆရာရေ ။ နာဂစ် မှာ ပြည်သူလူထု သန်းနဲ့ချီ ပြီး ဒုက္ခရောက်
သိန်းဂဏန်းလောက် လူတွေ သေကြရတာကို အုပ်ချုပ်မှု စနစ် မကောင်းလို့ ဆိုတာကို သူတို့တွေ မေ့ထားကြတယ် ။ အမျိုးသားပြန် လည် သင့်မြတ်ရေး လမ်းစဉ်ကို မချဉ်းကပ်နိုင်ခဲ့လို့ အပြစ်မဲ့တဲ့ တိုင်းရင်းသားတွေ ဖျက်စီးခံနေကြရသလို အပြစ်မဲ့တဲ့ ပြည်သူလူထု အသက်တွေ ဆုံးရှုံးရတာ အာဏာရှင်တွေ ရဲ့ အကျိုးဆက်ကြောင့် ဆိုတာ
မေ့ထားလိုက်ကြတယ် ။ ကူးစက်ရောဂါများ ကျရောက်ပြီး ထိုက်သင့်တဲ့ ဆေးဝါးကုသမှု မခံယူနိုင်ကြရလို့ သေခဲ့ကြရတဲ့ ဆင်းရဲနွမ်းပါလွန်းတဲ့ ပြည်သူလူထုတွေ ၊ ဒါတွေနဲ့ နှိုင်းယှဉ်ရင် တော်လှန်ရေး တစ်ခုလုပ်လို့ ကျဆုံးခဲ့တဲ့ လူအရေအတွက်ဟာ ၁% တောင်ရှိပါ့မလား မသိဘူးဆရာ ။

တကယ်တမ်းတော့ စည်းလုံးညီညွှတ်မှု ကို မတည်ဆောက် နိုင်လို့ ပုံပြင်မှာ ဟသာင်္ကိုးသောင်း သေကြေပျက်စီးကြရပေမယ့် ဒီနေ့ မြန်မာပြည်ကတော့ လူပေါင်းသန်းနဲ့ ချီပြီး သေကြေပျက်စီး နေကြပြီ ဆရာ ။ ကျွန်တော်တို့ လူငယ်တွေကတော့ ဗိုလ်ချုပ်ရဲ့ ရရင်ရ မရရင် ချဆိုတဲ့ လူထုကို အခြေပြုတဲ့ တော်လှန်ရေး တစ်ခုကိုဘဲ ဦးတည်ချင်တယ်ဆရာ။
ဒီလမ်းကြောင်းကသာ လူထုကို အာဏာပြန်လည် အပ်နှင်းနိုင်မယ်လို့ ယူဆတယ် ဆရာ ။ အဓိက လိုအပ်တဲ့ အချက်က ကျရာအခန်းဂဏ္ဍကနေ နိုင်ရာတာဝန်ထမ်းချင်တဲ့
နိုင်ငံသားတွေ များလာဖို့ပါဘဲ ဆရာ ။ တပ်မတော်သားတွေလည်း ပြည်သူလူထုနဲ့ မခြားပါဘူး ။ သူတို့တွေကိုလည်း အတတ်နိုင်ဆုံး ရှင်းပြပေးနေပါတယ် ။ တော်လှန်ရေး တစ်ခုရဲ့ အောင်မြင်မှု ၊ ကျရှုံးမှုဟာ ပြည်သူလူထု ရဲ့ စိတ်ဓါတ်တက်ကြွမှု နဲ့ ပူးပေါင်းဆောင်ရွှက်မှု အပေါ်မှာ မူတည်တယ်လို့ ကျွန်တော်တို့ ယုံကြပါတယ် ဆရာ ။ တကယ်သာ ပြည်သူလူထု စည်းလုံးညီညွှတ်စွာ လုပ်ဆောင်ခဲ့ရင် ပူးပေါင်းလာမည့် တပ်မတော်သားတွေလည်း အများကြီးပါ ။ သူတို့ကို နားလည်အောင် ရှင်းပြနိုင်ရင် လူထု အသေအပျောက်နည်းမှာ အသေအချာပါဘဲ ။ ကျွန်တော်တို့လူငယ်တွေ ကတော့ ဆရာပြောတဲ့ စကားလေးဖြစ်တဲ့ အသိညဏ် တထွာတမိုက်ဘဲ ဖြစ်ပါစေ ၊ ကိုယ့်အသိညဏ်ကို သစ္စာစောင့်သိပြီး ကိုယ်မယုံကြည်တဲ့ စကား ဘယ်သူခိုင်းလို့မှ မပြောမိပါစေနဲ့ ဆိုတဲ့ ဆရာစကားကို ရင်မှ သိမ်းထားပြီး စစ်မှန်တဲ့ လမ်းကြောင်းတစ်ခု ကို ချီတက်ပြီး မြန်မာနိုင်ငံသား အားလုံးကို လွှတ်လပ်၍ တရားမျှတကာ ခေတ်မှီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံကို ပို့ဆောင်ပေးဖို့ ဆက်လက် ချီတက်ဆဲပါ ဆရာ ။

ဆရာကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာစွာဖြင့် တိုင်းပြည် အကျိုးကို ပိုမိုသယ်ပိုးနိုင်သလို့ လူငယ်များကို လည်း ဆက်လက် လမ်းမှန်ပြနိုင်ကာ အသိညဏ်ကို သစ္စာစောင့်သိတဲ့
ပညာရှင် တဦးအဖြစ် ထာဝစဉ် ရပ်တည်၍ နိဗ္ဗာန် ရောက်ကြောင်း တရားကောင်းများကို ပွားများကျင့်ကြံကာ လူဖြစ်ရတဲ့ ခဏတာလေးမှာ အခွင့်အလမ်းကို အမိအရ အသုံးချနိုင်လူပီသသော လူသားတစ်ယောက်ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ။

ခင်မင်လေးစား လျှက်

ဗမာ့သွေး

30-10-2010 / မနက် 01:12 မိနစ်


( ဆရာအောင်းသင်း အား ကျွန်တော် ပြောလိုသည့် စကားများကို စိတ်ကူးများဖြင့် တိုင်ပင်ထားသည့် ပုံစံဖြင့် ရေးသားတင်ပြထားခြင်းသာ ဖြစ်ပါသည် ။ )

အနှစ်သာရ အားဖြင့်


Posted by admin on October 29th, 2010

အပေးအယူ လုပ်တယ်ဆိုတာ ဘာလဲ၊ ဘယ်လို အဓိပ္ပါယ် ဆောင်ပါသလဲ။ အပေးအယူ အလျော့အတင်းလုပ်ဖို့ ဘာတွေလိုအပ်ပါသလဲ။ အခြေအနေ တခုမှာ ၂ ဘက်စလုံး ရှေ့တိုးရခက် နောက်ဆုတ်ရခက်တဲ့ အခြေအနေမှာ အပေးအယူ အလျော့ အတင်းလုပ် ကြပါတယ်။

၁၉၆၀ ခုနှစ်တွေက တောင်အာဖရိကနိုင်ငံဟာ အသားအရောင်ခွဲခြားမှုကြောင့် မငြိမ်မ သက်ဖြစ်နေခဲ့ပါတယ်။ လူမည်းခေါင်းဆောင် နယ်လ်ဆင်မန်ဒဲလား ကိုလည်း ထောင် ဒဏ် တသက်တကျွန်း ချမှတ်ခဲ့ပါတယ်။ နိုင်ငံရေးး မတည်ငြိမ်မှု၊ လူမျိုးရေး ခွဲခြားဖိနိုပ်မှု တွေကြောင့် ဖွံဖြိုးတိုးတက်မှုလည်း ဆိတ်သုန်းခဲ့ပါတယ်။

၁၉၉၀ ရောက်တော့ လူမည်းခေါင်းဆောင် မန်ဒဲလား အကျဉ်းထောင်မှ ပြန်လွတ်လာပါ တယ်။ လူဖြူအစိုးရက လူမျိုးရေး အဓိကရုန်းတွေ ဖန်တီးလာပါတယ်။ အဲဒီနောက်တော့ လူမဲခေါင်းဆောင် မန်ဒဲလားနဲ့လူဖြူဝန်ကြီးချုပ် ဒီကလပ် အပေးအယူ အလျော့အတင်း လုပ်ခဲ့ကြပါတယ်။

ပထမဦးဆုံး အားလုံး ပါဝင်ဆွေးနွေးခဲ့ ကြပါတယ်။ အဲဒီဆွေးနွေးပွဲ တွေမှာ အနှောင့်အ ယှက် အမျိုးမျိုးကို ကြုံတွေ့ခဲ့ရပေမယ့် ဆက်ပြီးကျိုးစားခဲ့လို့ အခြေခံဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။မြန်မာပြည်မှာလဲ နဝတ ဟာ အကြပ်အတည်း မျိုးစုံကို ရင်ဆိုင်ရ တိုင်း အပေးအယူလုပ်သယောင် လုပ်ပြတတ်ခဲ့ပါတယ်။

၁၉၉၀ ခုနှစ်မှာတော့ နဝတ ဟာ ရွေးကောက်ပွဲတခုကို ကမ္ဘာသိ ကျင်းပပေးခဲ့ပါတယ်။ NLD က ၈၄% ကျော် အနိုင်ရခဲ့ပါတယ်။ ဆိုလိုရင်းက မဲပေးနိုင်သူဦးရေ ၁၀၀ မှာ ၈၄ ယောက်ဟာ NLD ကို ယုံကြည်ပြီး မဲပေးခဲ့ပါတယ်။ အဲဒီ အချိန်က NLDကို မဲပေးခဲ့ သူ တွေထဲမှာ စစ်တပ်၊ ရဲနဲ့ အစိုးရအရာထမ်းတွေ အတော်များများ ပါဝင်ခဲ့ပါတယ်။ ဒါ ကြောင့် ဘယ်လိုနည်းနဲ့မဆို NLD ဟာ လူထုကိုယ်စားပြု ပါတီတခု ဖြစ်ပါတယ်။ ကျမ မှတ်မိသလောက် ကျမရော ကျမတို့မိသားစု၊ ဆွေမျိုးတွေအပြင် ကျမတို့နဲ့သိတဲ့ လူမှန် သမျှ NLD ကို မဲပေးခဲ့ကြသူတွေချည်းပါဘဲ။ အဲဒီလူတွေ ဘာကြောင့် မဲပေးခဲ့တာလဲ၊ NLD က ဒီမိုကရေစီ နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ခဲ့ ကြလို့ပါ။

၁၉၉၂ ခုနှစ်ကစလို့ ဗိုလ်ခင်ညွန့်ဟာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ညျိနှိုင်းလာပါ တယ်။ တိုင်းရင်းသားအဖွဲ့ တော်တော်များများကလည်း အပစ်အခတ် ရပ်စဲလိုက်ပြီး၊ ငြိမ်း ချမ်းရေး ယူလာကြပါတယ်။ ၁၉၉၂ မှာပဲ နိုင်ငံရေး အကျဉ်းသား တချို့ကို လွတ်ပေးပြီး၊ ထောင်ဒဏ်နှစ်ရှည်နဲ့ သေဒဏ်သမားတွေကို ပစ်ဒဏ်လျော့ပေးခဲ့ပါတယ်။ ၁၉၉၃ ခုနှစ် မှာတော့ တိုင်းရင်းသားတွေကိုယ်တိုင် ပါဝင်တဲ့ အခြေခံဥပဒေကိုရေးဆွဲဖို့ အမျိုးသားညီ လာခံကို ကျင်းပခဲ့ပါတယ်။ NLD က အမတ်တချို့၊ ငြိမ်း အဖွဲ့များ၊ တိုင်းရင်းသား ပါတီ တချို့၊ တတ်သိပညာရှင်များ အစိုးရဌာန အကြီးအကဲများ၊ စစ်တပ်အရာရှိများ တက် ရောက်ခဲ့ပါတယ်။ ညီလာခံတက်ရောက်သူတွေက ဧရာမ မျော်လင့်ချက်တွေကို သယ် ဆောင်ရင်း ညီလာခံထဲမှာ ဘယ်လိုညျိနှိုင်းဆောင်ရွက်ကြမယ်ဆိုတဲ့ အိမ်မက်ကို မက် ခဲ့ကြပါတယ်။ စိတ်ဝင်စားဘွယ်ကောင်းတာက ထောင်ထဲမှာရှိနေတဲ့ နိုင်ငံရေး အကျဉ်း သားတွေက ကမ္ဘာကုလသမဂ္ဂ ကိုတင်ပြဖို့ စာတစောင်ထုတ်ခဲ့ပါတယ်။ စာပါအကြောင်း အရာတွေက ဒေါ်အောင်ဆန်းစုကြည် အပါအဝင်နိုင်ငံရေးအကျဉ်းများကို ချွင်းချက်မရှိ ပြန်လွတ်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် သုံးပွင့် ဆိုင် တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။ လက်တွေ့မှာတော့ ညီလာခံတက်ရောက်သူ ကိုယ်စားလှယ်တွေ မျော်လင့်သလို တင်ပြခွင့် မရကြပါဘူး။ ညီလာခံကိုလဲ နှစ်ရှည်လများ ကျင်းပခဲ့ ပါတယ်။ ၁၉၉၅ ခုနှစ်မှာတော့ ဒေါ်စုက ညီလာ ခံကို ဆန့်ကျင်သပိတ်မှောက်လိုက်ပါတယ်။ ညီလာခံတက်နေတဲ့ NLD အမတ် တချို့ လည်း ညီလာခံကို ကျောခိုင်းလိုက်ကြပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေလည်း တိုင်းရင်းသားများ အခွင့်အရေးအတွက် အလျော့ပေး ဆွေးနွေးကြပေမဲ့ အရာမထင်ခဲ့ပါ ဘူး။ အမြတ်ထွက်သွားတာက နဝတ ပါပဲ။ ထင်ရှားတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ကို ထောင်ဒဏ်နှစ်ရှည် ချထားလိုက်ပါတယ်။ တကယ်တော့ အားလုံးက နဝတ ကို လျော့တွက်ခဲ့ကြတာပါ။

၁၉၉၃ ခုနှစ်မှာ အမျိုးသား ညီလာ ခံနဲ့တပြိုင်တည်းမှာပဲ လူမှုရေး အတွက်အကြောင်း ပြပြီး ကြံခိုင်ဖွံဖြိုးရေး အသင်းကြီးကို တည်ထောင်လိုက်ပါတယ်။ နဝတ အစကတည်းက ကြံစည်ခဲ့ တာဖြစ်ပါတယ်။ နောက်တကြိမ်ရွေးကောက်ပွဲမှာ သူတို့အနိုင်ရဖို့ ၁၉၉၃ ခုနှစ် ထဲက ပြင်ဆင် လိုက်တာပါ။ ၂၀၀၃ ခုနှစ်မှာ နဝတ က ဒီပဲယင်း လူသတ်မှုကြီးကို ဖန်တီး ကျူးလွန်ခဲ့တာကြောင့် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ရှုံချပြီး စီးပွားရေးပိတ်ဆို့မှုကို လည်း ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့ပါတယ်။ နိုင်ငံတကာရဲ့ အရေးယူမှု မအောင်မြင် ရတာကတော့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှုတွေကြောင့်ပါ။ ဒါပေမဲ့ နဝတတွေက အခြေ ခံ ဥပဒေ ရေးဆွဲပြီးရင် ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုပြီး အသံကောင်းဟစ် လိုက်ပါ တယ်။ အခြေခံဥပဒေ ရေးဆွဲပြီးစီးမယ့်အချိန်ကိုတော့ ထုတ်ဖေါ်ပြောဆိုချင်း မရှိပါဘူး။

ဒါပေမယ့် နဝတ အကျဉ်းထောင်တွင်းမှတော့ နိုင်ငံရေး အကျဉ်းသားတွေ ပိုမိုများပြား လာနေပါသည်။ လွတ်ရက်စေ့ ပေမဲ့ ၁၀ (က) နဲ့ဆက်ပြီးချုပ်ထားတဲ့ လူတွေလည်း များ လာပါတယ်။ ၂၀၀၅ ခုနှစ်ရောက်တော့ နိုင်ငံရေး အကျဉ်းသားတချို့ကို ဆိုင်းငံ ပြစ်ဒဏ် နဲ့ ပြန်လွတ်ပေးလိုက်ပါတယ်။ အဲဒီအခေါက်မှာ ၁၀ (က)နဲ့ ချုပ်ထားတဲ့ မင်းကိုနိုင်၊ ကိုကို ကြီး၊ ကိုဌေးကြွယ် တို့တွေ ပြန်လည်လွတ်မြောက်လာပါတယ်။ ၈၈ မျိုးဆက်ကျောင်း သားတွေနဲ့ မျိုးဆက်သစ် NLD လူငယ်တွေ ပူးပေါင်းလာကြပါတယ်။ အဲဒီနောက်ပိုင်း နိုင် ငံရေး အရှိန်အဟုန်မြှင့်တဲ့ အနေနဲ့ဆုတောင်းပွဲတွေ၊ အဖြူရောင်တနင်္ဂနွေ လှုပ်ရှားမှုတွေ ပေါ်ပေါက်လာပါတယ်။

၂၀၀၇ ခုနှစ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး တို့ကို ဆက်လက်ဖမ်းဆီးထား တဲ့အတွက် နိုင်ငံတကာရဲ့ ပြစ်တင်ရှုတ်ချမှုကို ဆက်လက်ရင်ဆိုင်နေရတဲ့ နဝတက အ မျိုးသားညီလာခံကို အပြီးသတ်ပြီး သူတို့ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေကို အတည်ပြုပွဲ လုပ် မယ်လို့ ကျေညာခဲ့ပါတယ်။

အဲဒီကြေညာချက် အပေါ်မှာ ၈၈ မျိုးဆက်ကျောင်းသားတွေ နဲ့ NLD လူငယ်တွေက ပြည် သူတွေ သတိရှိဖို့၊ သတ္တိပြဖို့ လိုအပ်နေပြီဆိုတဲ့ အကြောင်းကို သြဂုတ် ၈ ရက်နေ့ သိပ္ပံ ကျောင်းမှာလုပ်တဲ့ ရှစ်လေးလုံး နှစ်ပတ်လည်မှာ ထုတ်ဖော်ပြသလိုက်ပါတယ်။ သြဂုတ် ၂၆ ရက်နေ့ရောက်တော့ ၈၈ မျိုးဆက်ကျောင်းသားတွေကို ဖမ်းဆီးလိုက်ပါတယ်။ သံ ဃာတွေပဲ ဆက်လက်တာဝန်ယူပြီး လူတွေ သိန်းနဲ့ချီပါဝင်ခဲ့တဲ့ သွေးစွန်းသော စက်တင် ဘာအဖြစ် ထင်ရှားတဲ့ အရေးတော်ပုံ ကြီးဖြစ်လာပါတယ်။ အဲဒီအရေးတော်ပုံကြီးမှာ ရဲရဲ တောက် NLD လူငယ်တွေ ပေါ်ထွန်းလာခဲ့ပါတယ်။

သံဃာအရေးအခင်းမှာလည်း အဓိကဦးဆောင်သံဃာတွေကို ဖမ်းဆီးပြီး ကမ္ဘာ့ ဖိအား တွေလျော့သွားဖို့အတွက် ဆက်ဆံရေးဝန်ကြီးအဖြစ် ဦးအောင်ကြည်ကို ခန့်အပ်ပြီး ဒေါ် အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးသယောင် ဟန်ဆောင်ကောင်းခဲ့ပါတယ်။ နိုင်ငံတကာရဲ့ ဖိအားပျော့သွားမှ အခြေခံဥပဒေကို အတည်ပြုပွဲ ကျင်းပပြီး ရွေးကောက်ပွဲ လုပ်ပေးမယ် လို့ ဒေါ်စုနဲ့ ညှိနှိုင်းဆွေနွေးခဲ့ သယောင် ဖန်တီးခဲ့ပါတယ်။ ကမ္ဘာကို အကြိမ်ကြိမ်ပြသခဲ့ တဲ့ နဝတ ရဲ့ မျက်လှည့်ပွဲ တွေထဲက ၁ ခုပဲ ဖြစ်ပါတယ်။၂၀၀၈ ခု မေလမှာတော့ သမိုင်း တင်တဲ့ လိမ်ပွဲကို ဆက်ပြီးဆင်နွဲခဲ့ပါတယ်။ နာဂစ်မုန်တိုင်းကြောင့် ပြည်သူတွေ ဝမ်းနည်း ပူဆွေးနေတာတောင် ဆန္ဒခံယူပွဲကို ဆက်လုပ်ခဲ့ပါတယ်။ မဲခိုး၊ မဲလိမ် စတဲ့ မသမာ မှု တွေအားလုံး လုပ်ပြီးတော့မှ ပြည်သူတွေလက်မခံတဲ့ အခြေခံဥပဒေကို အတည်ပြုခဲ့တာ ပါ။ NLDက ဦးခင်မောင်ဆွေလို ပုဂ္ဂိုလ်မျိုးကိုယ်တိုင် ဆန္ဒခံယူပွဲ မတိုင်ခင်က ရွေဂုံတိုင် ကြေညာ စာတန်းနဲ့ ကန့်ကွက်ခဲ့ပါသေးတယ်။ အခုရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ် လောင်းတွေဟာ ၂၀၀၈ နာဂစ် အခြေခံဥပဒေကို ဆန့်ကျင်ခဲ့ ကြပါတယ်။ ခက်နေတာက အဲဒီလူတွေကဘဲ ဒီအခြေခံဥပဒေကို ထိမ်းသိမ်းပါမယ်ဆိုတဲ့ ကတိဝန်ခံချက်နဲ့ ရွေး ကောက်ပွဲ ဝင်ခဲ့ကြပါတယ်။ ကျမတို့ ထောင်ထဲက စကားလေး အတိုင်းပြောရရင် ထောင် စကား ခြင်းကြားယို လို့ဆိုပါတယ်။ တကယ်တော့ မတရားတဲ့ အခြေခံဥပဒေကို လွတ် တော်ထဲရောက်မှ ပြင်မယ့်အစား အခုကတည်းက ရွေးကောက်ပွဲကို သပိတ်မှောက်လိုက် ရင် ပိုမကောင်းဘူးလား။

ကိုအောင်ဒင်၊ ရွှေဘုန်းလူတို့ ဖခင် ရက်လည်ဆွမ်းကျွေးမှာ အဘ ဦးဝင်းတင်လည်း လာ ပါတယ်။ ဒေါ်ချိုချိုကျော်ငြိမ်းလည်း လာပါတယ်။ ဒေါ်ချိုချိုကျော်ငြိမ်းက အဘကို တွေ့ ဆုံပြီး ရွေးကောက်ပွဲအကြောင်း စကားလမ်းကြောင်းဟတော့ အဘက သမိုင်းမှာ တရား ခံ မဖြစ်ချင်ပါနဲ့လို့ စကားပြန်ခဲ့တာပါ။ တကယ်ကတော့ ၂၀၀၈ အခြေခံဥပဒေဟာ တရား မျှတမှု မရှိဘူးဆိုတာ သူလည်းလက်သင့် ခံခဲ့တာပါဘဲ။ ဒီနေရာမှာ တကယ်လို့ လွတ် တော်ထဲရောက်ခဲ့ရင်တောင် လုပ်ပိုင်ခွင့် ရလာပါ့မလားလို့ တွေးမိသင့် ကြပါတယ်။ ကျမ တို့တွေက နဝတ လုပ်သမျှ ရေလိုက်ငါးလိုက်နေမယ့် အတွေးအခေါ်တွေကို စွန့်ပစ်သင့် ပါပြီ။ ၁၉၉၀ က ပေးခဲ့တဲ့ ပြည်သူ့ဆန္ဒဟာ အခုထိ တည်မြဲနေပါတယ်။ ဒါကြောင့် NLD ဟာ ပြည်သူတွေရွေးကောက်ခဲ့တဲ့ အစိုးရ ဖြစ်နေပါသေးတယ်။ နဝတကတော့ ၂၀၁၀ မှာ သူတရားဝင်ဖြစ်ရေးအတွက် ဇတ်ပို့ဇာတ်ရန်နေရာက ဝင်ရောက်အရွေးခံမယ့် ပါတီ တွေကို ကျေးဇူးတင်နေမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၀၀၈ အခြေခံ ဥပဒေ ဟာ ဒီမိုကရေစီလမ်းကြောင်းဆီကို ဦးမတည်လို့ ၂၀၁၀ ရွေးကောက်ပွဲကို ပြည်သူတွေ အနေနဲ့ မဲမပေးချင်ရင်လဲ မဲမပေးဘဲ နေပိုင်ခွင့် ရှိတယ်လို့ ပြည်သူတွေဆီ သတင်းစကား ပါးထားပါတယ်။

တကယ်တော့ နဝတ အနေနဲ့က ဖဲလည်းဝေထားတယ်။ ဖဲလည်းသူပဲ ချိုးတယ်၊ ဝှက်ဖဲ လည်း သူ့လက်ထဲမှာ ရှိတယ်၊ ပြည်သူက ပြုပြင်ရေးကာလကို ရာစုနှစ် တခုလုံးကုန် အောင် စောင့်နေရမယ့် အပေါက်မျိုးပါ။ တချို့ကလည်း ရွေးကောက်ပွဲ ဝင်ရတဲ့ အ ကြောင်းက ရွေးကောက်ပွဲ အထမြောက်အောင်လို့ ဆိုပြီးဖြေကြတာတွေလဲ ရှိပါတယ်။ ရွေးကောက်ပွဲ ပြီးသွားရင် အခြေအနေ ပိုပြီးရှုပ်ထွေးသွားမှာ သေချာနေပါပြီ။ MR. ဘန် ကီမွန်း ကတော့ အခုမှ အိပ်ရာက လန့်နိုးသွားပါတယ်။ ကမန်းကတန်း အာရှဘက် ခရီး ဆက်ပေမယ့် ဗိုလ်ချုပ်မှူးကြီးကတော့ စိတ်ချလက်ချ နားနားနေနေ ဖြစ်နေပါပြီ။ အဲဒါ ကတော့ ကမ္ဘာနဲ့ နဝတ လုပ်ခဲ့တဲ့ အပေးအယူ ဇတ်လမ်းတွေ ပါပဲဖြစ်ပါတယ်။

ခင်ငြိမ်းသစ်
http://www.naytthit.net/?p=3302

ဒုတိယပင်လုံညီလာခံ ဖေဖော်ဝါရီလမှာ ကျင်းပမည်

2010-10-29

မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ဒုတိယအကြိမ် ပင်လုံညီလာခံကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ပြည်ထောင်စုနေ့ ဝန်းကျင်မှာ ကျင်းပနိုင်ဖို့ ရည်ရွယ်ကြိုးပမ်းသွားမယ် ဆိုတဲ့အကြောင်း ဦးဆောင် ပါဝင်သူ တဦးဖြစ်တဲ့ NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ပြောကြားပါတယ်။
(Photo: AFP)
စက်တင်ဘာ ၂၇ ရက်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ တည်ထောင်သည့် ၂၂ နှစ်ပြည့် အခမ်းအနားတွင် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင် မိန့်ခွန်းပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
နေရာကိုတော့ ရှမ်းပြည်နယ် ပင်လုံမြို့မှာပဲ လုပ်ဖြစ်မလား၊ တခြားတိုင်းရင်းသားဒေသ ဒါမှမဟုတ် ပြည်မ တနေရာမှာပဲ လုပ်ဖြစ်မလားဆိုတာတော့ လောလောဆယ် တပ်အပ် မပြောနိုင်သေးကြောင်း၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကလေးမြို့ ကြေညာစာတမ်း ထုတ်ပြန်ရာမှာ ဦးဆောင်ပါဝင် လက်မှတ် ရေးထိုးခဲ့သူ တဦးဖြစ်တဲ့ အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။
ဒုတိယ ပင်လုံညီလာခံ ကျင်းပရေး အစီအစဉ်နဲ့ ပတ်သက်လို့ ဦးဝင်းတင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
http://www.rfa.org/burmese

မဲမပေးဘဲနေခွင့်ရှိကြောင်း လိုက်လံ အသိပေး







ဓာတ်ပုံ-မိုးမခ

ရွေးကောက်ပွဲပြီးမှ ဒေါ်စုကို လွှတ်မယ်ဆိုတာ သူရဲဘောကြောင်တဲ့ လုပ်ရပ်

ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 28 အောက်တိုဘာ 2010

နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲတွေပြီးရင် ပြန်လွှတ်ပေးမယ်လို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ပြောတဲ့အပေါ် အမေရိကန် နိုင်ငံခြားရေးဌာနက ထူးထူးခြားခြားပဲ အပြင်းအထန် ဝေဖန် ပြောဆိုလိုက်ပါတယ်။

ဒါဟာ မြန်မာအာဏာပိုင်တွေ သူရဲဘောကြောင်ပြီး လှည့်ဖျား ကစားတာပဲ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ပီဂျေ ခရိုလီ (P. J. Crowley) ကပြောပါတယ်။ တရားမျှတမှု၊ လွတ်လပ်မှု ဒါမှမဟုတ် ယုံကြည်ကိုးစားရမှုတွေ မရှိတဲ့ ရွေးကောက်ပွဲတွေ ပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မယ်လို့ သဲလွန်စပေး ပြောဆိုတာဟာ ဘယ်လောက် လွယ်လိုက်သလဲဗျာလို့လည်း မစ္စတာ ခရိုလီက ဆိုပါတယ်။

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ကျင်းပမယ့် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) ထိပ်သီး အစည်းအဝေး မတိုင်ခင်လုပ်တဲ့ ဗုဒ္ဓဟူးနေ့က သီးခြား ညစာစားပွဲ တခုအတွင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မယ့်ကိစ္စ ပြောခဲ့တာ ဖြစ်တယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်း ပစ်ဆူဝမ် (Surin Pitsuwan) က ပြောပါတယ်။

အာဆီယံ ခေါင်းဆောင်တွေဟာ စီးပွားရေးနဲ့ ဒေသတွင်း ပေါင်းစပ်ရေး ကိစ္စတွေကို ဆွေးနွေးနေကြတာနဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ချက်တွေကိုလည်း ပြောဆိုကြပါတယ်။

ဒီကနေ့ သောကြာနေ့မှာတော့ အာဆီယံ ခေါင်းဆောင်တွေဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေအပေါ် သူ စိတ်ပျက်လက်ပျက် ဖြစ်ရတာကို ကုလ အတွင်းရေးမှူးချုပ် ကိုယ်တိုင်ကလည်း ထုတ်ပြောထားဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားလူတွေ မြန်မာ့နိုင်ငံရေးမှာ အပြည့်အ၀ ပါဝင်နိုင်ဖို့ ဖွင့်ပေးရမယ်ဆိုတာ မြန်မာအာဏာပိုင်တွေ သိနားလည်ကြောင်း၊ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရမှာ ဖြစ်ကြောင်း၊ ပြီးတော့ မြန်မာ့ လူ့အဖွဲ့အစည်းက သက်ဆိုင်သူ အားလုံးနဲ့ အဓိပ္ပာယ်ရှိရှိ ဆွေးနွေးတာတွေ လုပ်ရမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ပီဂျေ ခရိုလီက ပြောသွားပါတယ်။
http://www.voanews.com/burmese/news/myanmar-us-106158228.html

အမျိုးသားပြန်လည်သင့်မြတ်ရေး ခြေလှမ်းစဖို့ အာဆီယံနဲ့ကုလ တိုက်တွန်း

ကိုသားညွှန့်ဦး သောကြာ, 29 အောက်တိုဘာ 2010

(၁၇) ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံ ကျင်းပနေစဉ် (အောက်တိုဘာ ၂၈၊ ၂၀၁၀)
ဓာတ်ပုံ ASSOCIATED PRESS(၁၇) ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံ ကျင်းပနေစဉ် (အောက်တိုဘာ ၂၈၊ ၂၀၁၀)
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခြင်းအားဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ခြေလှမ်းစဖို့ ကုလသမဂ္ဂနဲ့ အာဆီယံ ခေါင်းဆောင်တွေက မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်မှာ ကျင်းပနေတဲ့ အာဆီယံ အစည်းအဝေးအတွင်း ဒီနေ့မှာတော့ အာဆီယံခေါင်းဆောင်တွေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်တို့ တွေ့ဆုံပြီး ဒေသတွင်းကိစ္စတွေအပြင် မြန်မာနိုင်ငံအရေးကိစ္စကိုလည်း ဆွေးနွေးသွားတာပါ။ စုံစမ်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
ဒေသအတွင်းရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ အာဆီယံ အစည်းအဝေးကိုလည်း တတ်ရောက်ပြီး အာဆီယံ ခေါင်းဆောင်တွေနဲ့ တချိန်တည်းမှာ တစုတစည်းတည်း တွေ့ဆုံခဲ့ပါတယ်။ မြန်မာအပါအ၀င် အာဆီယံခေါင်းဆောင်တွေနဲ့ သူ ဆွေးနွေးရာမှာ မြန်မာနိုင်ငံတွင်း နိုင်ငံရေးအခြေအနေတွေအပေါ် သူ့ရဲ့ စိုးရိမ်မှုတွေကို ပြောဆိုခဲ့ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဖို့ မြန်မာအစိုးရအတွက် အချိန်မနှောင်းသေးဘူးဆိုတာ သူရော အာဆီယံ ခေါင်းဆောင်တွေကြားမှာ တသဘောတည်း ရှိနေတယ်လို့ မစ္စတာဘန်ကီမွန်းက ပြောပါတယ်။
“မြန်မာနိုင်ငံတွင်းမှာ အများက ယုံကြည်လက်ခံနိုင်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး လိုအပ်နေတယ် ဆိုတာကို အာဆီယံနဲ့ ကုလသမဂ္ဂက သဘောတူခဲ့ကြပါတယ်။ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးခြင်းအားဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးလမ်းစ ရှာဖွေဖို့ မြန်မာအစိုးရအနေနဲ့ နောက်မကျသေးပါဘူး။”
အတွင်းရေးမှူးချုပ်နဲ့ အာဆီယံခေါင်းဆောင်တွေဟာ လာမယ့် မြန်မာရွေးကောက်ပွဲကို အားလုံး လက်ခံယုံကြည်နိုင်တဲ့ အခြေအနေ ဖြစ်အောင် လုပ်ဖို့ မြန်မာအစိုးရကို တွန်းအားပေးနေသလိုပဲ တချိန်တည်းမှာပဲ ရွေးကောက်ပွဲအလွန် အခြေအနေကိုလည်း ထည့်တွက် ဆွေးနွေးခဲ့ကြပုံ ရပါတယ်။ ရွေးကောက်ပွဲနောက်ပိုင်း အပြောင်းအလဲတွေ လုပ်နိုင်တဲ့ အခွင့်အလမ်းကို ဆုပ်ကိုင်မိဖို့ လိုတယ်လို့ မစ္စတာဘန်က မြန်မာအာဏာပိုင်တွေကို သတိပေးပါတယ်။
“ရွေးကောက်ပွဲနောက်ပိုင်း အခြေအနေက အထူးသဖြင့် အင်မတန် အရေးကြီးပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ အပြောင်းအလဲတရပ် လုပ်သွားမယ်ဆိုတာ မြင်သာအောင်ပြဖို့ အခွင့်အလမ်းတရပ် ရှိပါတယ်။”
မနေ့က အာဆီယံ ထိပ်သီးခေါင်းဆောင်တွေ ဆွေးနွေးအပြီး အာဆီယံအလှည့်ကျ ဥက္ကဌရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံမှာ လုပ်မယ့် ရွေးကောက်ပွဲကို လွတ်လပ်မျှတမှုရှိဖို့၊ အစုအဖွဲ့ အားလုံးပါဝင်နိုင်ဖို့၊ အာဆီယံအနေနဲ့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း ဖော်ပြသလို မြန်မာနိုင်ငံတွင်း အမျိုးသား ပြန်လည်သင့်မြတ်ရေး အရေးပါမှုကို အလေးပေး ထောက်ပြခဲ့ကြပါတယ်။
ဒီကနေ့လုပ်တဲ့ မြန်မာအပါအ၀င် မဲခေါင်ဒေသ နိုင်ငံ ၅ နိုင်ငံနဲ့ ဂျပန်တို့ ပူးတွဲလုပ်တဲ့ အစည်းအဝေး ထုတ်ပြန်ချက်ထဲမှာလည်း မြန်မာနိုင်ငံက ရွေးကောက်ပွဲ အရေးပါမှုကို အသိအမှတ်ပြုပြီး ဒီရွေးကောက်ပွဲကို လွတ်လပ်မျှတမယ်လို့ မျှော်လင့်တဲ့အကြောင်း ဖော်ပြပါတယ်။ အာဆီယံထိပ်သီး ပုံမှန်အစည်းအဝေးကြီးမှာ မြန်မာနိုင်ငံ အရေးကိစ္စကို မဆွေးနွေးခဲ့ပေမဲ့လို့ ခေါင်းဆောင်များ ညစာ စားပွဲအတွင်းမှာတော့ မြန်မာအရေးကိစ္စနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိစ္စကို အာဆီယံ အိမ်နီးချင်းတိုင်းပြည်တွေက မြန်မာအစိုးရကို အတော်လေး မေးခွန်းထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီကနေ့ အဓိကလုပ်တဲ့ အာဆီယံနဲ့ အရှေ့အာရှနိုင်ငံများ ထိပ်သီး အစည်းအဝေး အတွင်းမှာတော့ မြန်မာကိစ္စကို သီးခြားဆွေးနွေးမှု မရှိခဲ့ပါဘူး။ တကယ်တော့ အာဆီယံ ခေါင်းဆောင်တွေနဲ့ အခြား ကမ္ဘာခေါင်းဆောင်တွေက မြန်မာနိုင်ငံ ရွေးကောက်ပွဲကို တရားမျှတမှုရှိအောင် လုပ်ဖို့ တွန်းအားပေးနေကြပေမဲ့ မြန်မာအစိုးရကတော့ အခုလက်ရှိ ရွေးကောက်ပွဲ ဥပဒေအတိုင်း၊ ရှိပြီးသား အခင်းအကျင်းအတိုင်းပဲ ရွေးကောက်ပွဲကို ဆက်သွားဖို့ ပြင်ဆင်နေပါတယ်။
မနေ့ကတော့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည် လွှတ်မလွှတ်ကိစ္စနဲ့ လေ့လာသူတွေ စေလွှတ်ခွင့်ရမရ ကိစ္စကို ထပ်ပြီး တီးခေါက်ခဲ့ကြတယ်။ ဒါပေမဲ့ လက်ရှိ နိုင်ငံတွင်းရှိနေပြီးသား သံတမန်တွေနဲ့ အဖွဲ့အစည်းတွေကို ရွေးကောက်ပွဲကို လေ့လာနိုင်ဖို့ ပြင်ဆင်ပေးမယ်ဆိုတဲ့ တုံ့ပြန်ချက်မျိုးပဲ ရခဲ့တယ်လို့ သိရပါတယ်။
 http://www.voanews.com/burmese/news/ASEAN-UN-Burma-10-29-10-106296833.html

အထူးအယူခံက ဥပဒေစိုးမိုးမှုကို သက်သေပြရန်ဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဝီရ / ၂၉ အောက်တိုဘာ ၂၀၁၀

ယနေ့ အပြီးသတ်လျှောက်လဲချက်ပေးသည့် ၎င်း၏အထူးအယူခံသည် မြန်မာနိုင်ငံတရားရုံး၏ ဥပဒေစိုးမိုးမှု မည်မျှရှိကြောင်း သက်သေပြရန် ဥပမာကောင်းတရပ် ဖြစ်လာမည်ဟု ဒေါ်အောင်ဆန်းစုကြည်က မျှော်လင့်ထားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေတဦး ဖြစ်သူ ဦးဉာဏ်ဝင်းက “ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံ နိုင်မနိုင် ဆိုတာက ဒီအထူးအယူခံဟာ မြန်မာပြည်မှာ တရားဥပဒေ စိုးမိုးရေး ဘယ်လောက်ရှိသလဲ၊ အဲဒီ ဥပဒေစိုးမိုးမှုကို ဘယ်လောက်ထိ လိုက်နာမလဲဆိုတာ သက်သေပြဖို့ ဖြစ်တယ်။ တကယ်လို့ တရားဥပဒေ စိုးမိုးမှုရှိရင် နိုင်မှာပေါ့။ တရားသေ လွှတ်ပေးရမယ်ပေါ့။ ဒါကြောင့် တရားရုံးက ဘယ်လိုအမိန့်ချမလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည်က စောင့်ကြည့်ရမယ်လို့ ပြောပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမတို့၏ နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ပြစ်ဒဏ်နှင့်ပတ်သက်၍ အောက်တိုဘာ (၂၉) ရက်နေ့ နံနက် (၁၀) နာရီမှစ၍ နေပြည်တော် ဗဟိုတရားရုံးချုပ်၌ (၅) ဦးထိုင် တရားသူကြီး ရှေ့မှောက်တွင် နှစ်ဘက်ရှေ့နေများ အပြီးသတ် လျှောက်လဲချက် ကြားနာခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ နေအိမ်ခြံဝင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသူ အမေရိကန်နိုင်ငံသား ဂျွန်ဝီလီယံ ယက်တောကို လက်ခံခဲ့မှုကြောင့် ၁၉၇၄ ခုနှစ် ဥပဒေပါ ပြည်တွင်းလုံခြုံရေး ဥပဒေ ချိုးဖောက်မှုဖြင့် နေအိမ်အကျယ်ချုပ် ပြစ်ဒဏ် ချမှတ်ခံရခြင်း ဖြစ်သည်။

ချမှတ်ထားသည့် အဆိုပါပြစ်ဒဏ်သည် စစ်အစိုးရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် ဖျက်သိမ်းကြောင်း လက်မှတ်ရေးထိုးထားပြီး ဖြစ်၍ ဥပဒေကြောင်းအရ လွဲချော်နေသဖြင့် ပြင်ဆင်ပေးရန် ယနေ့ နောက်ဆုံးအဆင့် လျှောက်လဲခဲ့ခြင်း ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

“အမိန့်ချဖို့ သာမန်အားဖြင့် အနည်းဆုံး (၁) ပတ် ကြာတတ်ပါတယ်။ အခုလည်း ဘယ်နေ့ အမိန့်ချမလဲဆိုတာ သေချာ မသိသေးပါဘူး” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ် (၁၈) လသက်တမ်းသည် လာမည့် နိုဝင်ဘာ (၁၃) ရက်နေ့၌ ကုန်ဆုံးမည် ဖြစ်ပြီး အဆိုပါ လွတ်မြောက်ရက်သည် ရွေးကောက်ပွဲ ကျင်းပရက်နောက်ပိုင်း (၆) ရက်အကြာတွင် ဖြစ်သည်။

ရှေ့နေ ဦးဉာဏ်ဝင်းက “အခု အယူခံဝင်တာက တရားလမ်းကြောင်းအရ အသက်မရှိတော့တဲ့ ဥပဒေနဲ့ ပြစ်ဒဏ်ပေးတာကို ထောက်ပြတာ ဖြစ်တယ်။ ကျနော်တို့ဘက်က အနိုင်ရရင် မြန်မာပြည်အတွက် နိုင်ငံတော် တရားရုံးက တရားဥပဒေအတိုင်း လိုက်နာမှုရှိတဲ့ ဥပမာကောင်းတခု ဖြစ်မှာပါ” ဟု ပြောသည်။

ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအပေါ် အယူခံဝင်ခဲ့ရာတွင် ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့်နောက်ပိုင်း ပြီးခဲ့သည့် မေလမှစ၍ ဗဟိုတရားရုံးချုပ်သို့ အကြိမ်ကြိမ် တင်သွင်းလျှောက်ထားခဲ့ရာမှ ယခုကဲ့သို့ နေပြည်တော် ဗဟိုတရားရုံးချုပ်၌ နောက်ဆုံးအဆင့် လျှောက်လဲခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ထိန်းသိမ်းထားရာမှ ရှေ့လအတွင်း ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာစီယံ) ထိပ်သီးညီလာခံ တက်ရောက်နေသော မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၏ ပြောကြားချက်ကို ကိုးကား၍ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာသီ နတ်တလီဂါဝါက ပြောဆိုခဲ့သည်။
http://www.khitpyaing.org/index.php?route=detail&id=5151

နင်းပြားတို့၏ဘဝဇတ်ကြမ်းများ

The Critical Review of WFSLB(2010)

ဧရာဝတီ ရွေးကောက်ပွဲ ဂျာနယ် အထူးထုတ်

Irrawaddy Election Journal

ဇဝေဇဝါ မြန်မာ့ နျူကလီးယားပြဿနာ

ဧရာဝတီ Friday, 29 October 2010 16:19 မြန်မာစစ်အစိုးရ၏ သံသယဖြစ်ဖွယ် နျူကလီးယား လက်နက်စီမံကိန်းနှင့် ပတ်သက်၍ နျူကလီးယား သိပ္ပံပညာရှင်နှင့်  နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ညွှန်ကြားရေးမှူးဟောင်း ဒေါက်တာ ရောဘတ် အီး ကယ်လီ (Dr. Robert E. Kelly) ကို ဧရာဝတီသတင်းထောက် ဆိုင်မွန် ရောက်ဂ်နင်း (Simon Roughneen) က တွေ့ဆုံမေးမြန်းခဲ့သည်။

Robert_Kelly
ဒေါက်တာ ရောဘတ် အီး ကယ်လီ (Photo: AP)
မြန်မာ စစ်အစိုးရက နျူကလီးယား လက်နက်စီမံကိန်းတခုကို အကောင်အထည်ဖော်နေသည်ဟု စွပ်စွဲမှုများ ရှိနေသော်လည်း ယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံတကာက စုံစမ်းစစ်ဆေးမှု မရှိသလောက် နည်းလွန်းသည်ဟု ဒေါက်တာ ကယ်လီက ဆိုသည်။

ထို့အပြင် မြန်မာ့ နျူကလီးယား လက်နက်စီမံကိန်းအား လိုအပ်သလို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ကြိုးပမ်းကြရာတွင် အာဆီယံ အနေနှင့် ရှေ့တန်းမှ ဆောင်ရွက်သင့်သည် ယူဆကြောင်းလည်း ၎င်းက ပြောသည်။

မေး ။    ။ မြန်မာစစ်အစိုးရရဲ့ သံသယဖြစ်ဖွယ် နျူကလီးယား လက်နက်စီမံကိန်းနဲ့ ပတ်သက်လို့ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က မှတ်တမ်း ရုပ်ရှင်နဲ့ ထုတ်ဖော်တင်ပြခဲ့ပါတယ်။ အဲဒီမှတ်တမ်း အချက်အလက်တွေထဲက ဒေါက်တာ ကယ်လီရဲ့ စစ်ဆေးတွေ့ရှိချက်တွေကို ပြောပြပေးပါ။ ပြီးတော့ အဲဒီတွေ့ရှိချက်တွေရဲ့ အရေးပါမှုနဲ့ သူတို့က ဘာကို ဆိုလိုတယ်ဆိုတာကိုပါ ပြောပြပေးပါ။

ဖြေ ။    ။ ပထမဆုံးပြောလိုတာကတော့ “မြန်မာနျူကလီးယားစီမံကိန်း” နဲ့ ပတ်သက်လို့ အတိုကောက် အသုံးအနှုန်းတွေနဲ့ တခြားအခေါ်အဝေါ်တွေဟာ သာမန်ဝေါဟာရတွေမဟုတ်ဘဲ ဒီကိစ္စကို ထဲထဲဝင်ဝင် သိနားလည်တဲ့သူတွေ သုံးတဲ့ စကားလုံးတွေဖြစ်တယ် ဆိုတာပါပဲ။ ဗိုလ်မှူး စိုင်းသိန်းဝင်း မြန်မာနိုင်ငံက ထွက်လာပြီးတဲ့နောက်မှာ ကျနော် သူနဲ့ တွေ့ဆုံစကားပြောခွင့်ရခဲ့တယ်။ ပြီးတော့ သူယူလာတဲ့ ဓာတ်ပုံတွေကိုလည်း ကြည့်ခွင့်ရခဲ့ပါတယ်။ အဲဒီဓာတ်ပုံတွေကတော့ သူအလုပ်လုပ်ခဲ့တဲ့ စက်ရုံတွေထဲက ဓာတုပစ္စည်းထုတ်လုပ်မှုနဲ့ဆိုင်တဲ့ ကိရိယာတန်ဆာပလာ ပုံတွေပဲဖြစ်ပါတယ်။ ဒီအထဲက တခုဆိုရင် ယူရေနီယံ ဒါမှမဟုတ် ပလူတိုနီယံ ကွန်ပေါင်းတွေထုတ်တဲ့ ဓာတ်ပေါင်းဖိုပုံဖြစ်တယ်လို့ ကျနော်ပြောနိုင်ပါတယ်။တခြား ကျနော်တွေ့ခဲ့တဲ့ပုံတွေထဲမှာ နျူကလီးယား ဓာတ်ပေါင်းဖို ဒါမှမဟုတ် နျူကလီးယားဗုံး လုပ်တဲ့နေရာမှာ သုံးတဲ့ ယူရေနီယံ ကွန်ပေါင်းပုံတွေလည်း ပါပါတယ်။ ဒီပစ္စည်းတွေကို တခြားအသုံးချစရာ အများကြီးရှိတယ်လို့ ကျနော်မထင်ပါဘူး။ မြန်မာစစ်အစိုးရအနေနဲ့လည်း တကယ်လို့ ဒီအရာတွေဟာ နျူကလီးယား လက်နက်စီမံကိန်းအတွက် မဟုတ်ဘူးဆိုရင် ဒါနဲ့ ပတ်သက်ပြီး ဘာမှ လျှို့ဝှက်ထားစရာအကြောင်း မရှိပါဘူး။

မေး ။    ။ DVB မှတ်တမ်း ရုပ်ရှင်ထွက်ပြီးတဲ့ ဇွန်လကစလို့ အခုအထိ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ဘာများ ထူးထူးခြားခြား ရှိပါသလဲ။

ဖြေ ။    ။ ဒါကတော့ ကျနော်အတွင်းကျကျ သိရတဲ့အချက်ပဲ ဖြစ်မယ်ထင်တယ်။ ဒီကာလတွေမှာ စီမံကိန်းနောက်ကွယ်က အခြေအနေကို ကျနော်သိအောင် ကြိုးစားခဲ့ပါတယ်။ ဘယ်သူ့မှာ ငွေရှိတယ်၊ ဘယ်သူက ကြိုးကိုင်နေတယ် စသည်ဖြင့်ပါ။ အခုတော့ ဒါနဲ့ပတ်သက်ပြီး အရင်ကထက်စာရင် ကျနော် နည်းနည်းပိုနားလည်လာပါပြီ။ လူတွေထင်နေကြတာက ဒီစီမံကိန်းကို စစ်တပ်နဲ့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အကောင်အထည် ဖော်နေတယ်ပေါ့။ အံ့သြဖို့ကောင်းတာက ဒါနဲ့ပတ်သက်ပြီး တပ်နဲ့ ဝန်ကြီဌာနကြားမှာ အမြင်မတူတာတွေ ရှိနေတယ်ဆိုတာပါပဲ။ ဒါကြောင့်လည်း စီမံကိန်းက ကြန့်ကြာနေတယ်လို့ ကျနော်ထင်တယ်။ ဒါပေမယ့် ရေရှည်မှာတော့ အာဏာလုပွဲမှာ အနိုင်ရသူက စီမံကိန်းကို ထိန်းချုပ်ပြီး ဆက်လက်အကောင်အထည် ဖော်သွားမယ်လို့ မြင်ပါတယ်။

မေး ။    ။ ကျနော်တို့ အခုဘန်ကောက်မှာပါ။ ဆိုတော့ လက်နက်ခဲယမ်း မပြန့်ပွားရေးနဲ့ပတ်သက်ပြီး ကိုးကားရမယ်ဆိုရင် ဘန်ကောက် စာချုပ် (Bangkok Treaty) ပဲ ဖြစ်မယ်ထင်ပါတယ်။ ဘယ် နျူကလီးယားလက်နက် စီမံကိန်းကိုဖြစ်ဖြစ် ရပ်တန့်ဖို့ ဒါမှမဟုတ် ကြိုတင်တားဆီးဖို့ ဒီစာချုပ်ကို ဘယ်လို အသုံးပြုနိုင်ပါသလဲ ရှင်းပြပေးပါ။ ဒါမှမဟုတ်ရင်လည်း နိုင်ငံတကာ မိသားစုအနေနဲ့ မြန်မာပြည်မှာ ဖြစ်လာနိုင်တဲ့ နျူကလီးယား လက်နက်စီမံကိန်းနဲ့ ပတ်သက်ပြီး ဘာများလုပ်နိုင်ပါသလဲ၊ ဒါမှမဟုတ် ဘာတွေလုပ်သင့်ပါသလဲ ပြောပြပေးစေလိုပါတယ်။

ဖြေ ။    ။ ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာက အစုအဖွဲ့နဲ့ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ ပုံစံ ၃ မျိုးရှိပါတယ်။ ပထမဆုံးအနေနဲ့ IAEA ကတဆင့် ဆောင်ရွက်တာပါ။ IAEA သဘောတူညီချက်တွေထဲက၂ ခုဖြစ်တဲ့ Small Quantities Protocol (SQP) နဲ့ Additional Protocol ကို နိုင်ငံအတော်များများက လိုက်ပါဆောင်ရွက်ပေမယ့် မြန်မာစစ်အစိုးရကတော့ ငြင်းဆန်ဆဲဖြစ်ပါတယ်။ အင်အားကြီးနိုင်ငံတွေရဲ့ သံတမန်နည်းလမ်း အကူအညီတွေရရင်တော့ အတော်ခက်ခဲပေမယ့်လည်း IAEA အနေနဲ့ စစ်အစိုးရက လိုက်ပါဆောင်ရွက်အောင် လုပ်နိုင်ပါလိမ့်မယ်။ ဒုတိယပုံစံကတော့ အခြားအချုပ်အခြာ အာဏာပိုင် နိုင်ငံတွေကနေ နျူကလီးယားလက်နက် မပြန့်ပွားရေးအတွက် ဆောင်ရွက်နေကြတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံက နျူကလီးယားကိစ္စကို ဆောင်ရွက်တာပါ။ ဒါပေမယ့် သူတို့မှာလည်း တခြားနိုင်ငံတွေ (ဥပမာ အီရတ်၊ အာဖဂန်နစ္စတန်) နဲ့ ဆက်စပ်ဆောင်ရွက်စရာတွေရှိနေလေတော့ မြန်မာ့အရေးမှာ ပါဝင်ချင်မှ ပါဝင်ပါလိမ့်မယ်။ ဒီကိစ္စကို ကိုင်တွယ်နိုင်တဲ့ တတိယအစုအဖွဲ့ကတော့ အာဆီယံ ပဲဖြစ်ပါတယ်။ မြန်မာပြည်ဟာ သူတို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တယ်၊ ပြီးတော့ သူတို့ရဲ့ စာချုပ်ဟာ အချိုးဖောက်ခံနေရတယ်။ ဒါကြောင့် ဒီကိစ္စဟာ သူတို့ရဲ့ ပြဿနာ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေက သူတို့ကိစ္စတွေနဲ့ အလုပ်ရှုပ်နေနိုင်တယ်ဆိုတော့ မြန်မာနျူကလီးယားကိစ္စဟာ အာဆီယံ ကိုင်တွယ်သင့်တဲ့ ကိစ္စလို့ မြင်ပါတယ်။

မေး ။    ။ နည်းပညာအရ မြန်မာနျူကလီးယားစီမံကိန်းဟာ အကန့်အသတ်ရှိတယ်။ ပြီးတော့ ခေတ်မီဆန်းပြားမှု မရှိဘူးလို့ ဒေါက်တာ့ အမြင်နဲ့ ပြောခဲ့ဖူးတာ ရှိပါတယ်။ ဒါဆိုရင် မြန်မာပြည်မှာ တကယ်ပဲ နျူကလီယားဗုံး တီထွင်နေတယ်ဆိုတာ ဟုတ်မဟုတ် အကဲဖြတ်နိုင်ဖို့၊ ဒါမှမဟုတ်လည်း မြန်မာနျူကလီးယား စီမံကိန်းနဲ့ ပတ်သက်ပြီး ကိုင်တွယ်နိုင်ဖို့ အခုထက် ပိုသတိထားပြီး ချဉ်းကပ်ဆောင်ရွက်ဖို့လိုတယ်လို့ ဒေါက်တာ ဆိုလိုချင်တာလား။

ဖြေ ။    ။ မြန်မာစစ်အစိုးရကို ကူညီနေတဲ့ မြောက်ကိုရီးယားအစိုးရက အခုထက်ပို ကူညီဖို့ မဆုံးဖြတ်ရင်၊ ဒါမှမဟုတ်လည်း  နျူကလီးယားလျှို့ဝှက်ချက်တွေ ဝယ်လိုသူတိုင်းကို ရောင်းလာခဲ့တဲ့ ပါကစ္စတန်နိုင်ငံက စစ်အစိုးရကိုကူညီဖို့ မဆုံးဖြတ်ဘူးဆိုရင်တော့ မနက်ဖြန်၊ သန်းဘက်ခါ ဘာခြိမ်းခြောက်မှုတွေမှ ဖြစ်မလာနိုင်ပါဘူး။ ဒါက တချိန်တည်းမှာ တခြား မမြင်နိုင်တဲ့အရာတွေလည်း ရှိနေနိုင်ပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့်အနေနဲ့ မြင်တွေ့ခဲ့ရတဲ့ အချက်အလက်နဲ့ မှတ်တမ်းတွေပေါ်မှာပဲ မူတည်ပြီး သုံးသပ်နိုင်တာ ဖြစ်လို့ပါ။ ကျနော်တို့မသိတဲ့ မြန်မာနိုင်ငံထဲက တခြားနေရာတွေမှာလည်း နျူကလီးယား လက်နက်စီမံကိန်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်နေနိုင်ပါသေးတယ်။ ဒီလုပ်ငန်းတွေကို  ဗိုလ်မှူး စိုင်းသိန်းဝင်းကိုယ်တိုင်လည်း သိမှာမဟုတ်ပါဘူး။  

မေး ။    ။ တကယ်လို့ မြန်မာနျူကလီးယားစီမံကိန်းကို ကိုင်တွယ်ဖြေရှင်းမှု မရှိဘူးဆိုရင် နိုင်ငံတကာ လက်နက်မပြန့်ပွားရေးစနစ်ဆိုတာ ဘာကို ဆိုလိုတာပါလဲ။

ဖြေ ။    ။ လက်နက်မပြန့်ပွားရေးစာချုပ်ကို မဖြစ် ဖြစ်အောင် အကောင်အထည်ဖော်မယ်လို့များ ကျနော်တို့ ရည်ရွယ်ခဲ့ဖူးလို့လား၊ ဒါမှမဟုတ် သူတို့ (မြောက်ကိုရီးယား၊ ပါကစ္စတန်၊ မြန်မာ) လုပ်ချင်တာ လုပ်ပါစေ၊ နောက်တကြိမ်မှပဲ သူတို့ကို တားဖို့ လုပ်တာပေါ့ဆိုပြီး လုပ်ခွင့်ပေးမှာလား။ ကျနော်ကတော့ အချိန်မဆွဲဘဲ ချက်ချင်း ကိုင်တွယ် ဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။ IAEA အနေနဲ့ လောလောဆယ်မှာ မြန်မာနျူကလီးယား စီမံကိန်းကို ဖြေရှင်းလို့ မရနိုင်ပါဘူး။ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး အာဆီယံမှာ တာဝန်ရှိတယ်လို့ ကျနော် ယူဆပါတယ်။ အာဆီယံအနေနဲ့ သူတို့ရှာဖွေတွေ့ရှိတဲ့ ပြဿနာကို သူတို့ ဖြေရှင်းလိုတဲ့ ဆန္ဒရှိတယ်ဆိုတာကိုပြဖို့ အချိန်ရောက်ပါပြီ။ ဒီပြဿနာကို ပြေလည်အောင် ထဲထဲဝင်ဝင် ဖြေရှင်းဖို့လည်း ကျနော် ပြောလိုပါတယ်။

မေး ။    ။ DVB မှတ်တမ်းရုပ်ရှင် ထွက်လာပြီးကတည်းကစလို့ အခုအထိ မြန်မာနိုင်ငံမှာ နျူကလီးယား လက်နက်စီမံကိန်း အကောင်အထည်ဖော်နေတာ ဟုတ်မဟုတ် တကယ်သိရအောင် စုံစမ်းစစ်ဆေးဖို့ လုပ်နေတာမျိုးရော ရှိပါသလား။

ဖြေ ။    ။ ကျနော်တို့တွေ့ရတဲ့ ပြဿနာတခုက ဘာလဲဆိုတော့ စုံစမ်းစစ်ဆေးရေးလုပ်ငန်းမှာ ပါဝင်နေကြသူတွေက ထုံးစံအတိုင်း သူတို့ဘာလုပ်နေတယ်ဆိုတာကို မပြောကြတာပါပဲ။ မြန်မာစစ်အစိုးရကတော့ ဘာမှ စုံစမ်းစစ်ဆေးစရာ မရှိဘူးလို့ IAEA ကို ၃ ခါ ပြောခဲ့ဖူးပါတယ်။ ကျနော်သိသလောက်ပြောရမယ်ဆိုရင် နျူကလီးယား လက်နက်စီမံကိန်းနဲ့ ပတ်သက်ပြီး မြန်မာပြည်မှာ ဘာတွေဖြစ်နေနိုင်တယ်ဆိုတာကို လှစ်ပြထားတဲ့ အရာတွေနဲ့ အချက်အလက်တွေပေါ် မူတည်ပြီး လိုအပ်သလို စုံစမ်းစစ်ဆေးမှုတွေ လုပ်ကြလိမ့်မယ်လို့ မျှော်လင့်ထားတဲ့ အစိုးရအဖွဲ့အစည်းတွေ၊ အေဂျင်စီတွေတောင်မှပဲ များများစားစား ဆောင်ရွက်တာ မရှိသေးပါဘူး။
http://www.irrawaddy.org/bur/index.php/interview/4-interview/4418-2010-10-29-09-24-28

အမှားမခံရဲတဲ့ ဗိုလ်ချုပ်မှူးကြီး

ဧရာဝတီ Friday, 29 October 2010 16:41 

  ရှေ့လမှာ ကျင်းပမည့် ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူး ဆိုပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက တနေ့က ထပ်လောင်း အတည်ပြု ပြောကြားခဲ့ ပေမယ့်လည်း ဘယ်သူ တဦးတယောက်ကမှ အံ့သြတကြီး မဖြစ်ခဲ့ ပါဘူး။ ဒါပေမယ့် မြန်မာစစ်ခေါင်းဆောင်ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ မေးစရာမေးခွန်းတွေက ဒုနဲ့ဒေး ရှိနေပါတယ်။

than-shwe-walks-with-chinese-president-hu-jintao
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ဓာတ်ပုံ - ရိုက်တာ
အနှစ် ၂၀ အတွင်း ပထမဦးဆုံးအကြိမ် ကျင်းပတော့မယ့် နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အစီအစဉ်ရှိတယ်လို့ ဘယ်တုန်းကမှ တွေးဆချက် မရှိခဲ့ပေမယ့် ကျန်တဲ့ စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေအကြား လတ်တလော အပြောင်းအလဲတွေကနေ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲအလွန် ဖြစ်ကောင်း ဖြစ်လာနိုင်တဲ့ နိုင်ငံရေးအခင်း ဘယ်လိုဖြစ်လာမယ်ဆိုတာကို လေ့လာသူတွေက အနီးကပ်စောင့်ကြည့်နေကြပါတယ်။

ဆယ်စုနှစ်များစွာကြာအောင် ကျင့်သုံးခဲ့တဲ့ တိုက်ရိုက်စစ်အုပ်ချုပ်ရေးကာလ အဆုံးသတ်သွားတဲ့အခါမှာ သူ့ရဲ့ အနာဂတ် လုံခြုံစိတ်ချရစေဖို့အတွက်ဆိုရင် စစ်အစိုးရ လက်တံ ပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ရွေးကောက်ပွဲမှာ အမတ်နေရာစုစုပေါင်းရဲ့ ၈၀ ရာခိုင်းနှုန်းထက်မက အနိုင်ရဖို့လိုတယ် ဆိုတဲ့အချက်အပေါ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အားထားနေတယ်လို့ နေပြည်တော်နဲ့နီးစပ်တဲ့ စစ်သတင်းရပ်ကွက်တွေအရ သိရပါတယ်။

ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးက သူ့ကံကြမ္မာကို ကြံ့ဖွံ့ ပါတီ တခုတည်းအပေါ် ပုံအပ်ထားတာတော့ မဟုတ်ပါဘူး။ ကြံ့ဖွံ့ပါတီက အာဏာကို အသေအချာ ဆုပ်ကိုင်ထားပြီလို့ စိတ်ချရတဲ့အချိန်အထိ ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ဆက်လက် ကိုင်ဆွဲ ထားချင်ပုံ ရပါတယ်။

သြဂုတ်လတုန်းက စစ်အစိုးရ အတွင်းသတင်းပေး တဦးကနေတဆင့် အဆင့်မြင့် အရာရှိတွေအကြား လျှို့ဝှက်လှည့်လည်စာ တခုကို ဧရာဝတီက ရရှိခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးအပြင် တခြား ထိပ်တန်း စစ်ခေါင်းဆောင် ၆ ဦးဟာ စစ်ရာထူးတွေကနေ ဖယ်ပေးခဲ့တယ်လို့ အဲဒီ စာအရ သိခဲ့ရပါတယ်။

ဘယ်အချိန်မှာ နုတ်ထွက်ခြင်းတွေက အသက်ဝင်မယ်ဆိုတာကိုတော့ အဲဒီလှည့်လည်စာမှာ မဖေါ်ပြထားပေမယ့် ထိပ်တန်း စစ်ခေါင်းဆောင်တွေဟာ ရွေးကောက်ပွဲအပြီး အစိုးရသစ်ဖွဲ့ပြီးတဲ့အချိန်အထိ လက်ရှိရာထူးတွေ ဆက်လက်ယူထားဦးမယ်လို့ လေ့လာသူအများစုက ယုံကြည်ကြပါတယ်။

အဲဒီလို ဆက်လက် တာဝန်ယူတယ်ဆိုတာကို မျိုးဆက်သစ် စစ်ခေါင်းဆောင်တွေရဲ့ သစ္စာခံမှု ရှိမရှိ စမ်းသပ်တဲ့ ပုံစံ တခု အဖြစ်လည်း မြင်တွေ့နိုင်ပါတယ်။ သူတို့ အရိုက်အရာကို ဆက်ခံမယ့် မျိုးဆက်သစ် စစ်ခေါင်းတွေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် ခေါင်းခေါက်ရွေးထားတာလို့ သိရပါတယ်။ ဒါပေမယ့် အဲဒီလူတွေကို ရွေးကောက်ပွဲလွန် နိုင်ငံရေး အသွင်းကူးပြောင်းမှု မပြီးမချင်း အာဏာအစစ်အမှန် လွှဲပေးအုံးမှာ မဟုတ်ပါဘူး။

ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်တွေအဖြစ် ရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့ တပ်က ထွက်ပေးလိုက်ရတဲ့ အကြီးတန်း ခေါင်းဆောင် တွေအကြား မကျေလည်မှုတွေ တိုးများလာနေတဲ့ အခုလိုအချိန်မှာ ကာကွယ်ရေးဦးစီးချုပ်နေရာမှာ ဆက်ရှိနေခြင်းအားဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တပ်မတော်ညီညွတ်ရေးကို  ကောင်းကောင်း ဆက်ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ နောက်ထပ် ထိပ်တန်းစစ်ခေါင်းဆောင် ၂၆ ဦးတို့ဟာ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ တပ်ကထွက်အပြီး ၄ လအကြာမှာ စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်အဆင့် အပြောင်းအလဲသတင်း ထွက်ပေါ်လာခဲ့ပါတယ်။

လှည့်လည်စာ ပေါက်ကြားပြီး မရှေးမနှောင်းမှာပဲ စစ်ကောင်စီရဲ့ တတိယသြဇာအရှိဆုံးလို့ သတ်မှတ်လို့ရတဲ့ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း၊ ဗိုလ်ချုပ်ကြီး မြင့်ဆွေနဲ့ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးတို့ အပါအ၀င် တခြားထိပ်ပိုင်းခေါင်းဆောင် တချို့လည်း ကြံ့ဖွံ့ပါတီ အလံအောက်ကနေ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ တပ်က အနားယူခဲ့ပါတယ်။

ဒါပေမယ့် သူတို့သုံးဦးစလုံးက ကြံ့ဖွံ့ပါတီနဲ့ ခပ်ကင်းကင်းနေကြပြီး ပါတီအပေါ်မှာလည်း လေးစားသမှု မရှိဘူးလို့ စစ်သတင်း ရပ်ကွက်တွေက ဆိုပါတယ်။ ၁၉၉၃ ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် တည်ထောင်ပေးခဲ့တဲ့ လူမှုရေးအသင်း အမည်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့အသင်း) ကနေ ဒီနှစ်အစောပိုင်းမှာ ပါတီအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီသုံးယောက်စလုံးက ကြံ့ဖွံ့ပါတီကို ရွေးကောက်ပွဲမှာ ရှုံးစေချင်တာလို့လည်း စစ်သတင်းရပ်ကွက် အဆိုအရ သိရပါတယ်။

သဘောထားပျော့ပြောင်းတဲ့ ၀န်ကြီးချုပ် ဦးသိန်းစိန်လည်း သူရဲ့ ရာထူးအသစ် ဖြစ်တဲ့ ကြံ့ဖွံ့ပါတီ ခေါင်းဆောင်တာဝန် အပေါ်မှာ လိုလိုလားလား ရှိပုံ မပေါ်ပါဘူး။ တကယ်တော့ ကြံ့ဖွံ့အသင်း အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ခဲ့တဲ့ စိုက်ပျိုးရေးဝန်ကြီး ဦးဌေးဦး တယောက်တည်း ကြံ့ဖွံ့ပါတီကို နိုင်နင်းအောင် မလုပ်နိုင်ဘူးလို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယူဆလို့သာ ဦးသိန်းစိန်က အဆစ် ပါသွားရတာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန သတင်းရပ်ကွက်တခု အဆိုအရ သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးက သူ့ရဲ့ တခြား ထိပ်တန်းဝန်ကြီးတချို့နဲ့ ပတ်သတ်ပြီးလည်း စိုးရိမ်ကြောင့်ကြနေပါတယ်။ အဲဒီအထဲက တယောက်ကတော့ ဗိုလ်ချုပ်မှူးကြီးနဲ့နီးစပ်ပေမယ့်လည်း စစ်တပ်အတွင်း လူမုန်းများလှတဲ့ စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်းပါ။ ၀န်ကြီးအဖွဲ့ထဲမှာ အချမ်းသာဆုံးနဲ့ အဆိုးဆုံး အကျင့်ပျက်ချစားသူတွေထဲက တယောက်ဖြစ်တဲ့ ဦးအောင်သောင်းဟာ မြန်မာပြည် အလယ်ပိုင်းကနေ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် အတွင်းစည်းဝိုင်းမှာ နေရာချထားတဲ့ကိစ္စတွေနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတယောက် လက်မလည်အောင် အလုပ်များနေပေမယ့်လည်း ရွေးကောက်ပွဲအပြီး အစိုးရအသစ်ဖွဲ့စည်းပြီးတာနဲ့ နောက်ကွယ်ကနေ အသေးစိတ် စီစဉ်ရတဲ့ ကိစ္စတွေကို သူ ဆက်မလုပ်လိုဘူးဆိုတဲ့ အချက်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သတိကြီးစွာနဲ့ ပြသနေပါတယ်။ တချို့ကတော့ သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာကို အပြီးသတ် လွှဲပြောင်းပေးစေလိုပါတယ်။ 

သူရဲ့မွေးရပ်ဇာတိမြေ ကျောက်ဆည်က အိမ်တလုံးကို မကြာသေးခင်က ပြန်လည်မွန်းမံပြလိုက်တာကတော့ ဗိုလ်ချုပ်မှူးကြီး တယောက် အငြိမ်းစားယူတော့မယ်ဆိုတာမျိုး နောက်တက်မယ့် ဗိုလ်ချုပ်တွေအကြား ယုံကြည်သွားအောင်လုပ်တဲ့ လှည့်ကွက် တခုပဲလို့ တချို့လေ့လာသူတွေက ပြောဆိုကြပါတယ်။ တချိန်တည်းမှာ တချို့လူတွေတွက်နေတာက သူရဲ့ တရုတ်ပြည် ခရီးစဉ်အတွင်းမှာ ဗိုလ်ချုပ်မှူးကြီး အိမ်တွေလိုက်ဝယ်တာကလည် တကယ်လို့များ ရွေးကောက်ပွဲက စီစဉ်ထားသလို ဖြစ်မလာရင် သူနဲ့ သူ့မိသားစု တိုင်းပြည်ကထွက်ပြေးဖို့ စီစဉ်ထားသလိုလို ကောလာဟလတွေလည်း ထွက်ပေါ်လာပါတယ်။

သူ့ရဲ့ ဘေးနံဆက်စပ်မှုတွေ အားလုံးကို ကိုင်တွယ်ထိန်းထားနိုင်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ပါရမီ ထူးချွန်မှုအပေါ် သံသယ လုံးဝ မရှိပေမယ့်လည်း အရေးပေါ် အခြေအနေတွေအတွက် သူ့ရဲ့ ပြင်ဆင်မှုများစွာကို ကြည့်ခြင်းအားဖြင့် သူကိုယ်တိုင် တချိန်မှာ သစ္စာဖောက် ခံရနိုင်တယ်လို့ စဉ်းစားမိနေတယ်ဆိုတာ ထင်ရှားပါတယ်။ ဦးနေ၀င်း အာဏာက ဆင်းပေးလိုက်တဲ့အထိ သူ့ရဲ့ သြဇာဂုဏ်ကြောင့် နှစ်ပေါင်းများစွာကြာတဲ့အထိ သစ္စာခံသူတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှာတော့ ဦးနေ၀င်းလို သြဇာဂုဏ် မရှိဘူးလို့  သူနဲ့ နီးစပ်သူတွေက ပြောဆိုပါတယ်။

“တကယ်လို့သာ ဗိုလ်ချုပ်မှူးကြီးက အာဏာက ဖယ်ပေးမယ်ဆိုရင် လူတိုင်းက တကယ်ပျော်ကြမှာပါ။ ဘယ်သူမှ မျက်ရည် တပေါက်မကျပါဘူး။ တတိုင်းပြည်လုံးက ၀မ်းပန်းတသာ ဖြစ်ကြမှာပါ” လို့ စစ်သတင်းရပ်ကွက်က ပြောဆိုနေကြပါတယ်။

Than Shwe Hedges His Bets ကို ဆီလျော်အောင် ပြန်ဆိုသည်။
http://www.irrawaddy.org/bur/index.php/articles/2-articles/4419-2010-10-29-09-43-52

NLD လှုပ်ရှားမှုမှတ်တမ်း

29-11-2010-NLD-Movement