Tuesday, November 2, 2010
“အာဆီယံ မြန်မာစစ်အစိုးရနဲ့ လုံခြုံရေးပြဿနာ”
Posted by admin on November 2nd, 2010
မြန်မာနိုင်ငံ အာဆီယံအဖွဲ့ကြီးကိုဝင်ရောက်ခွင့်ရခဲ့တဲ့ ၁၉၉၇ ခုနှစ်ကစပြီး အဖွဲ့ဝင် ဒေသ တွင်းက နိုင်ငံတွေအတွက် ပြဿနာကလေး (problem child) ဖြစ်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံ တွေမှာ ရင်တမမဖြစ်စရာ၊မျက်နှာပျက်အရှက်ရစရာ၊ စိုးရိမ် ကြောင့်ကြဖြစ်စရာ၊ မတတ် သာလို့လက်ခံခေါင်းညှိမ့်ခဲ့ရတာ၊ ရှေ့မျက်နှာနောက်ထား အကာအကွယ်ပေးပြောဆိုခဲ့ ရတာတွေ ကြုံခဲ့ဖူးပေါင်းများလှပါပြီ။
မြန်မာနိုင်ငံဟာ သယံဇာတ ချမ်းသာကြွယ်ခဲ့ပေမယ့် ဖွံဖြိုးတိုးတက်မှုမှာ အောက်တန်း နောက် တန်းကျကျန်ခဲ့ရတာ၊ ပြည်သူလူထုတွေ ချွတ်ခြုံကျ ဆင်းရဲမွဲတေ လူချင်းတူတူ သူချင်းမျှမျှ နေခွင့်မရ ဖြစ်နေကြရတာတွေကို လည်းသိနေကြပါတယ်။ ဒါပေမယ့် နိုင်ငံ တခုချင်းအနေနဲ့ မြန်မာနိုင်ငံက ရစရာအကျိုးစီးပွားတွေရှိနေတဲ့အတွက် အဆင်ပြေ အောင်ဆက်ဆံခဲ့ရ၊ ဆက်ဆံနေရဆဲဖြစ်ပါတယ်။
အာဆီယံအဖွဲ့ကြီးတခုလုံး အနေနဲ့ကတော့ အရေးအကြီးဆုံးအခြေခံမူဝါဒတွေထဲက မူ တခုဖြစ်တဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေး ကိုဝင်ရောက်မစွက်ဖက်ရေး ဆိုတဲ့မူကြီး ကို ကျားကုတ်ကျားခဲကိုင်စွဲထားရတဲ့အတွက် မြန်မာနိုင်ငံက စစ်အစိုးရရဲ့လုပ်ရပ်တွေကို မဟုတ်မှန်းမသင့်လျှော်မှန်း သိသိကြီးနဲ့ကိုပဲ တုံဏိဘာဝေ လုပ်နေခဲ့ရ၊ လုပ်နေရဆဲ ဖြစ် ပါတယ်။ မြန်မာနိုင်ငံက ပြည်သူလူထုတွေအပေါ် စစ်အစိုးရက လူ့အခွင့်အရေးချိုး ဖောက်မှုတွေကို အကြိမ်ကြိမ်အထပ်ထပ် ကျူးလွန်နေရုံမက နှိပ်စက်ညှင်းပမ်းသတ် ဖြတ်မှုတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်နေတာကိုလည်း လက်ပိုက်ကြည့်နေခဲ့ရ ပါတယ်။
ARF လို့ခေါ်တဲ့ အာဆီယံ ရီဂျင်နယ်ဖိုရမ်ဆိုတာကို ဒေသတွင်းလုံခြုံရေးနဲ့ ငြိမ်းချမ်းရေး ရာကိစ္စတွေအတွက် ဖွဲ့စည်းထားတာရှိခဲ့ပေမယ့် မြန်မာနိုင်ငံတွင်းက ညှင်းပမ်းနှိပ်စက်မှု တွေ၊ သတ်ဖြတ်မှုတွေဟာ ဒေသတွင်းလုံခြုံရေးကို ထိပါးလာမှုမရှိသေးဘူးဆိုပြီး လက် ကာထားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်က အာဆီယံအဖွဲ့ကြီးရဲ့ မူလဖွဲ့စည်းပုံအခြေခံ မူဝါဒဟောင်း(ချာတာဟောင်း)အတိုင်းကျင့်သုံးနေခဲ့တဲ့အချိန်ကာလအတွင်းဖြစ်ပါတယ်။
ဒေသတွင်းလုံခြုံရေးရှိချင်ရှိနေမှာဖြစ်ပေမယ့် မြန်မာနိုင်ငံသားပြည်သူလူထုကြီးအတွက် ကတော့ လုံခြုံရေးမရှိခဲ့တာ ကာလရှည်ကြာခဲ့ပါပြီ။
၂ဝဝရ ခုနှစ်မှာတော့ အာဆီယံအဖွဲ့ကြီးပိုမို အင်အားကောင်းခိုင်မာရေး၊ ပိုမိုပူးပေါင်း ဆောင်ရွက်မှုရရှိ၊ ပိုမိုဖွံဖြိုးတိုးတက်လာရေး စတာတွေကိုဦးတည်ပြီးအဖွဲ့ကြီးအတွက် ချာ တာ အသစ်တခုရေးဆွဲပြီး၂ဝဝ၈ ခုနှစ်မှာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ လက်မှတ်ရေးထိုးသဘော တူညီမှုနဲ့ စတင်ကျင့်သုံးခဲ့ပါတယ်။ ထူးခြားတာကတော့ အဖွဲ့ကြီးရဲ့ လူ့အခွင့်အရေးဆိုင် ရာကော်မရှင်တရပ်(Arsean Inter-Governmental Commission on Human rights) ကိုဖွဲ့စည်းခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ လူ့အခွင့်အရေးကိစ္စတွေမှာ ဒေသတွင်း ပိုမို ပူးပေါင်းဆောင်ရွက်နိုင်ရေးနဲ့ အဖွဲ့ဝင်နိုင်ငံတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေအပေါ် လူ့ အခွင့်အရေးချိုးဖောက်မှုတွေ ပပျောက်ရအောင် ထိမ်းချုပ်ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကကောင်းပေမယ့် မြန်မာနိုင်ငံလို လူ့အခွင့်အရေးဆိုးဆိုးဝါးဝါး ချိုးဖောက် နေတဲ့ အဖွဲ့ဝင်နိုင်ငံမျိုးကို ခပ်မာမာပြောဖို့တောင် အတော်စဉ်းစားနေရတဲ့ အဖွဲ့ကြီးအနေ နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အကာအကွယ်ပေးဖို့ဆိုတာ မဖြစ်နိုင်သလောက် ပါပဲ။
မြန်မာနိုင်ငံတွင်းက ပြည်သူတွေကတော့ စစ်အာဏာရှင်တွေရဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတွေ ဖိနှိပ်ညှင်းပမ်းမှု၊ သတ်ဖြတ်မှု မတရားဖမ်းဆီးထောင်ချမှုတွေ ကိုဆက် လက်ခံစားနေရဆဲ ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ကြီးက အကာအကွယ်မပေးနိုင်သလို ကမ္ဘာ့ကုလသမဂ္ဂ လို အဖွဲ့ကြီးကလည်း ခုချိန်ထိ အကာအကွယ်ပေးနိုင်မှု မရှိခဲ့တာက တကယ့်ပကတိအခြေအနေဖြစ်ပါတယ်။ “များစွာစိတ်မကောင်းဖြစ်ရပါသည်” တို့ “တိုက်တွန်းလိုက်ပါသည်” တို့လောက်ပဲ ပြောနိုင်တာပါ။
ပြသနာကတော့ တိုင်းပြည်တပြည်မှာရှိတဲ့အစိုးရက သူ့ ပြည်သူလူထုကို စိတ်ထင်တိုင်း ဖိနှိပ် ညှင်းပမ်းအနိုင်ကျင့်နေတဲ့ကိစ္စကို ပြည်တွင်းရေးသာဖြစ်သည်ဆိုပြီး လက်ပိုက် ကြည့်နေကြတဲ့ ကိစ္စပါ။ ဒေသတွင်းလုံခြုံရေးကိုတော့ မြန်မာနိုင်ငံက ထိပါးစရာအ ကြောင်း မရှိပါဘူး။ မြန်မာနိုင်ငံမှ မဟုတ်ပါဘူး ဒီကနေ့ခေတ်မှာ ဘယ်နိုင်ငံကမှ လက် နက် အင်အားသုံးပြီး တခြားတိုင်းပြည်တခုကို ခြိမ်းခြောက်တာ၊ ထိပါးနှိပ်စက်တာ၊ ကျူး ကျော်ဝင်ရောက်သိမ်းပိုက်တာမျိုး မလုပ်ကြတော့ပါဘူး။ လုပ်လို့လည်း မရနိုင်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံအစိုးရရဲ့ သူ့ပြည်သူလူထုနဲ့ တိုင်းရင်းသားလးမျိုးစုတွေပေါ်မှာ ဖိ နှိပ်ညှင်းပမ်းမှု အနိုင်ကျင့်မှု လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နိုင်ငံတွင်းမှာ ဒုက္ခ ခံစားနေရတဲ့ ပြည်သူတွေဟာ အသက်ရှင်ရပ်တည်ရေးအတွက် အိမ်နီးချင်း နိုင်ငံတွေ (အထူးသဖြင့်ထိုင်းနိုင်ငံ) ကို ထွက်ပြေးတိမ်းရှောင်ကြ၊ အသက်မွေးဖို့ကြိုးစားကြရတဲ့ အခါ အိမ်နီးချင်းဒေသတွင်း နိုင်ငံတချို့ရဲ့ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ကျန်းမာရေး၊ လူမှုရေးတွေမှာ အနည်းနဲ့အများဆိုသလို အနှောက်အယှက်ဖြစ်ရပါတယ်။ မူးယစ်ဆေး ဝါး ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု၊ လူကုန်ကူးမှုတွေပါ လုပ်ကိုင်လာကြတဲ့အခါ ပိုပြီးဆိုးဝါး တဲ့ အခြေအနေဖြစ်လာပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေကို မတရားအနိုင်ကျင့် ဖိနှိပ် နေတဲ့အတွက် မခံနိုင်လို့ လက်နက်စွဲကိုင် တန်ပြန်တိုက်ခိုက်မှုတွေရှိနေတဲ့အတွက် တ ကယ်လို့များ လက်နက်ကိုင်ပဋိပက္ခဟာ ဒီထက်ကြီးမားလာခဲ့ရင် ပြည်တွင်းစစ်မီးဟာ ဒေ သတခုလုံးကို တိုက်ရိုက်မဟုတ်တောင်သွယ်ဝိုက်တဲ့နည်းနဲ့ ခြိမ်းခြောက်လာနိုင်ပါတယ်။
ဒီလိုအခြေအနေမျိုးတွေကို အေအာအဖ် (ARF) က ကာကွယ်တားဆီးနိုင်ဖို့ဒီလို အခြေ အနေမျိုးဖြစ်ပေါ်လာအောင် ဖန်တည်းနေတဲ့ လက်သည်တရားခံကို အရေးယူအပြစ်ပေး နိုင်ဖို့လိုအပ်ပါလိမ့်မယ်။ ဒေသတွင်းအိမ်နီးချင်းကောင်းပီပီသသဖြစ်ရေးမှာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို လေးစားလိုက်နာဖို့ဆိုတာကိုလေးစားမယ်ဆိုရင် အဲဒီအချုပ်အ ခြာအာဏာကို မတရားရယူထားတဲ့ စစ်အာဏာရှင်တွေအတွက်မဟုတ်ပဲ တကယ့် အ ချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်တွေ ဖြစ်တဲ့ ပြည်သူလူထုအတွက် ဖြစ်သင့်ပါတယ်။ အ ချုပ်အခြာအာဏာကို မတရားလုယူထားတဲ့ အာဏာရှင်တွေအတွက် လေးစားလိုက်နာ ပေးတယ်ဆိုရင်တော့ ဓားပြ မုဒိန်းလူသတ်သမားတွေရဲ့ အခွင့်အာဏာကို အကာအ ကွယ်ပေးလေးစားသလိုဖြစ်နေပါလိမ့်မယ်။
အာဆီယံအဖွဲ့ကြီးအနေနဲ့ ဒီအချက်ကို အသေအချာထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။ အာဆီယံအဖွဲ့ကြီးတင်မဟုတ်ပါဘူး ကမ္ဘာ့ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့ကြီး အနေနဲ့ လည်း အသေအချာပြန်လည်သုံးသပ်ဖို့ လိုအပ်နေပါပြီ။ ပဋိညဉ် စာချုပ်ပါအချက်တွေအ ရ အရေးယူဆောင်ရွက်လို့ မရနိုင်ဘူးဆိုရင်လည်း အဲဒီပဋိညဉ်စာချုပ် သဘောတူ ညီ ချက်ကို ပြင်ဆင်ဖြည့်ဆွက်ရေးဆွဲဖို့လိုရင် ပြင်ဆင်ဖြည့်ဆွက်ရေးဆွဲသင့်ပါတယ်။ ဒါမှပဲ လွတ်လပ်ခြင်း တရားမျှတခြင်း ငြိမ်းချမ်းခြင်းဆိုတဲ့ တရားတွေထွန်းကားတဲ့ ကမ္ဘာကြီး ဖြစ်ပေါ်လာအောင်စွမ်းဆောင်လာနိုင်မှာ ဖြစ်ပါတယ်။
စိုးနေလင်း
http://www.naytthit.net/?p=3392
သိန္နီမြို့၌ကြိုတင်မဲပေးခိုင်း မဲပေးသူများ ကိုယ်တိုင်မဲမခြစ်ရ
သိန္နီမြို့၌ကြိုတင်မဲပေးခိုင်း မဲပေးသူများ ကိုယ်တိုင်မဲမခြစ်ရ
“ပြီးခဲ့တဲ့စနေနေ့က စပြီးတော့ပေါ့။ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က ရပ်ကွက် ၁၊ ၃၊ ၄ က ၀န်ထမ်း၊ ကျောင်းသား၊ ကုန်သည်တွေကို ကြိုတင်မဲထဲ့ခိုင်းနေတယ်။ မယက စာရေး နန်းထွေးထွေးလွင်ဆိုတဲ့ မိန်းကလေးကို မဲခြစ်ပေးခိုင်းတယ်။ ကြံ့ဖွတ်ပါတီကို ထောက်ခံတဲ့မဲတွေချည်းဘဲ ခြစ်ပေးတယ်။ ရပ်ကွက်သား တွေကတော့ သူခြစ်ပေးတဲ့ မဲလက်မှတ်ကို ကိုင်ပြီး ပုံးထဲသွားထဲ့ရုံပေါ့ဗျာ” ဟု အမည်မဖော်လိုသည့် သိန္နီသား တဦးက ပြောသည်။
နိုဝင်ဘာ ၃၀ ရက် နံနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ ကြိုတင်မဲပေးခိုင်းခြင်းဖြစ်ပြီး သိန္နီမြို့အခြေခံ ပညာ မူလတန်း ကျောင်းတွင်မဲပေးခဲ့ရခြင်းဖြစ်သည်ဟုဆို၏။အဆိုပါကြိုတင်မဲပေးသူဦးရေ အယောက် ၁၂၀ တွင် တရုတ်လူမျိုးများ လဲပါ ကြောင်း သိရ၏။
ကြံ့ဖွံ့ပါတီအနေဖြင့် စိုင်းခွန်ဆေက သိန္နီမြို့မှ ပြည်သူ့လွှတ်တော်၊ ဒေါက်တာ စိုင်းမောက်ခမ်းက အမျိုးသား လွှတ်တော် နှင့် မိုင်းပါး ဥက္ကဌ ဆရာစိုင်းစံအေး၊ စိုင်းစံညွန့်တို့က ပြည်နယ်လွှတ်တော် များအတွက်ဝင်ပြိုင်ကြ မည်ဖြစ်သည်။
ကျားဖြူပါတီအနေဖြင့်လည်း ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက သန္နီမြို့နယ်မှ ပြည်နယ်လွတ်တော်အမတ် မဲဆန္ဒ နယ်အမှတ် ၂ စိုင်းဝင်းမြင့်က ပြည်နယ်လွှတ်တော်အမတ် မဲဆန္ဒနယ်အမှတ် ၁ စိုင်းခမ်းလိုင် အမျိုးသား လွှတ် တော် မဲဆန္ဒနယ်အမှတ် ၃ နှင့် စိုင်းဝင်းခိုင်က ပြည်လွှတ်တော်အမတ် အဖြစ် ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။
ချင်းပြည်နယ်တွင်လည်း ရွေးကောက်ပွဲကာလအတွင်း တခြားနယ်သို့ မဲရုံစောင့်အဖြစ် တာဝန်ပေးခံရသည့် မြို့ပေါ်က အစိုးရ ၀န်ထမ်းများ နယ်မဆင်းမှီ ကြိုတင်မဲပေးခိုင်းရာ မိမိမဲပေးလိုသည့်ပါတီကို နှုတ်ဖြင့်သာ ပြောရ မည်ဟုဆိုသဖြင့် ၀န်ထမ်းများ အခက်တွေ့ကြရကြောင်း၊ နယ်စွန်နယ်ဖြားသို့ မဲပုံးသာရောက်ပြီး မဲပြားများ မရောက်သေးသဖြင့် ထိုသို့ နှုတ်ဖြင့်သာ ပြောရ ခြင်းဖြစ်ကြောင်း၊ ကြိုတင်မဲစာရင်း၌ မဲပေးသူ အမည်၊ အဘမည်၊ မှတ်ပုံတင်နံပါတ်ကိုလည်း ပြောခိုင်း ကြောင်း ဘီအဲန်အိုင် သတင်းအစည်းအဝေးရောက် ခေါန်နုမ်ထူမ်သတင်းဌာနက ကိုဆန်းတဲကပြော ပါသည်။
http://www.mongloi.org/burmese/2008-08-01-03-22-02/85-2008-08-01-03-14-40/1202-2010-11-02-11-37-32
လူဆိုး သူခိုး ကြီးစိုးတော့မယ့် ဒို့နိုင်ငံ - အပိုင်း - ၁
ဒုတိယပင်လုံညီလာခံမှသည် စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု နိုင်ငံသို့(ဦးဝင်းတင်)
Tuesday, 02 November 2010
နေပြည်တော်တွင် စစ်ခေါင်းဆောင် ပိုင်းတွင် အခြေအနေ တင်းမာမှုများ ဖြစ်ပေါ်နေ
Special Report :ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး ၏ အိမ်အနီးတွင် တနင်္လာနေ့ ညက ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့သည် ဟု သတင်းရရှိသည်၊
FNG မှ နောက်ဆုံးကြား သိရသည့်သတင်းအရ နေပြည်တော် ရှိ စစ်ခေါင်းဆောင်ပိုင်း တွင် အခြေအနေ တင်းမာ မှုများ ဖြစ်ပေါ် နေ ပြီး နေပြည်တော်ရှိ အင်တာနက် ဆက်သွယ်ရေး စနစ် မှာ လည်း နေရာ အချို့ တွင် ပြတ်တောက် လျှက်ရှိကာ ပြည်ပ ဖုန်းခေါ်ဆိုမှုများ ကို လည်း နေရာ အချို့ တွင် ဖြတ်တောက် ထားသည် ဟု သတင်းးရရှိသည်။
နိုင်ငံတ၀ှမ်း တွင် ၂၀၁၀ ရွေးကောက် ပွဲ အတွက် မဲဆွယ်မှု များ ရှိသော် လည်း နေပြည်တော် တွင် မူ ရွေးကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင် မည် ဟု ကြေငြာထား သည့် စစ်ဗိုလ်ချုပ်များ မှာ ငြိမ်ချက် သား ကောင်းနေသည် ဟု သတင်းရရှိသည်။
စစ်အစိုးရ ရုံး စိုက်ရာ နေပြည်တော်တွင် စနေနေ့ ညကတည်းက လုံခြုံရေး အင်အား များ ပိုမို ချထားပြီး ကာကွယ်ရေး ၀န်ကြီး ဌာန နှင့် ပြန်ကြားရေး ၀န်ကြီး ဌာန ရုံးများ သို့ ဝင်ထွက်သွား လာမှု များ အား တင်းကျပ် စွာ စစ်ဆေးမေး မြန်းလျှက် ရှိသည်။
အတည် မပြု နိုင်သည့် သတင်းများ အရ နေပြည်တော် ရှိ နေရာ အချို့ တွင်ည မထွက်ရ အမိန့်  ထုတ်ထား သည် ဟု သတင်းရရှိသည်။
နောက်ဆုံးရ သတင်းများ အရ နေပြည်တော်တွင် ဗိုလ်ချုပ် ဆယ်ဦးထက် မနည်းဖမ်းဆီးထိန်းသိမ်း ခံထားရပြီး မည် သူက မည် သူ ကို ဖမ်းဆီး ထားသည် ကို မူ FNG မှ ဆက်လက်စုံစမ်း လျှက်ရှိပါ သည်။
http://freedomnewsgroup.com/
လူထုအားနဲ့ ပြောင်းလဲအောင် လုပ်ကြရမယ်
ပြည်တွင်းဂျာနယ် အယ်ဒီတာ တဦး တနင်္လာ, 01 နိုဝင်ဘာ 2010
ကြိုတင်မဲကောက်ခံမှုတွေကို အောက်တိုဘာလကုန်နဲ့ နိုဝင်ဘာလဆန်းတွေမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြံ့ဖွံ့ပါတီက တက်သုတ်ရိုက် ဆောင်ရွက်ပါလိမ့်မယ်။ ဒီအချက်တွေကို ပြည်ပမီဒီယာတွေဆီ သတင်းမရောက်အောင် ထိန်းချုပ်ဖို့ အင်တာနက် အီးမေးလ် ဆက်သွယ်မှု တွေကို ဖြတ်တောက်ပစ်တာလို့ သုံးသပ်ကြသူတွေလည်းရှိပါတယ်။
ဒီလိုလုပ်ရပ်တွေက န.အ.ဖ လက်ထက်မှာ အဆန်းမဟုတ်တော့ပါဘူး။ နိုဝင်ဘာလဆန်းမှာ ပိုပြီးဆိုးဝါးလာဖို့ပဲရှိပါတယ်။ တယ်လီဖုံး လိုင်းတွေကိုပါ ဖြတ်တောက်တာတို့၊ ကြားဖြတ်နားထောင်တာတို့လည်း ဖြစ်လာမှာပါ။ ကြိုတင်မဲထည့်ခိုင်းတာကို ငြင်းဆန်တဲ့ပြည်သူ တချို့ကို ကြံ့ဖွံ့ပါတီဝင်တချို့က ဒေါသတကြီးတုန့်ပြန်ပြောဆိုသွားတဲ့စကားကို မှတ်တမ်းတင်ပေးဖို့ ဒေသခံတွေက ကျနော်တို့မီဒီယာတွေ ကို စာရေးသားပေးပို့ထားတာလည်း ရှိပါတယ်။
အဲဒီကြံ့ဖွံ့ပါတီဝင် မကျေမနပ်နဲ့ပြောသွားတာကတော့ - မင်းတို့ကြိုတင်မဲမထည့်လဲ သောက်ဂရုမစိုက်ဘူး။ ငါတို့က အစိုးရ တောင်ဖွဲ့ပြီးနေပြီ။ ရာခိုင်နှုန်းဘယ်လောက်နဲ့ နိုင်မယ်ဆိုတာလည်း အတိအကျရှိပြီးသား၊ ရွေးကောက်ပွဲမပြီးသေးလို့ ထုတ် မကြေညာသေးတာကွ။ နားလည်လား- လို့ ပြောသွားပါတယ်။
ယုံပါတယ်ခင်ဗျာ၊ ဒါကြောင့်လည်း ကျနော်တို့က ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲကို တပြည်လုံး အတိုင်း အတာနဲ့ သပိတ်မှောက်ကြဖို့၊ မဲရုံကို မသွားကြဖို့၊ မဲမထည့်ကြဖို့ မီဒီယာကတဆင့် မြန်မာပြည်သူတရပ်လုံးကို တိုက်တွန်းနှိုးဆော်နေတာပါ။ အဲဒီလို ပြည်သူတွေ မဲမထည့်နိုင်ဘဲ ရွေးကောက်ပွဲမှာ နိုင်သွားတဲ့အဖြစ်ကို ဖြစ်မှ န.အ.ဖ ဘယ်လောက် အာဏာရူးသလဲဆိုတာ ပိုမိုပေါ်လွင်လာနိုင်မှာပါ။
ကြံ့ဖွံ့ပါတီရဲ့ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ နေ့လည်ပိုင်းက တက္ကသိုလ်ရိပ်သာ လမ်းသစ်အနီးမှာရှိတဲ့ ကြံ့ဖွံ့ပါတီ ရန်ကုန်တိုင်းဒေသကြီးဌာနချုပ်၊ ယခင် ကြံ့ဖွံ့အသင်းဌာနချုပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီ သတင်းစာ ရှင်းလင်းပွဲကို ကြံ့ဖွံ့ပါတီရဲ့ ဒု-ဥက္ကဋ္ဌ၊ ယခင်ကြံ့ဖွံ့အသင်း အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး (လက်ရှိ- လယ်ယာစိုက်ပျိုးရေး ၀န်ကြီး) က ဦးဆောင်ကျင်းပတာပါ။ အဲဒီသတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက် ၁ ယောက်က အင်တာနက် အီးမေးလ် ဆက်သွယ်မှုတွေ နှေးကွေးပြတ်တောက်နေတာနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါ ဦးဌေးဦးက သူမသိပါဘူးလို့ ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူတွေအများစုကတော့ ရွေးကောက်ပွဲနီးလာလို့ အင်တာနက်အဆက်အသွယ်တွေဖြတ်တောက်ပြီး သတင်း စီးဆင်းမှုကို တမင် ထိန်းချုပ်ပစ်တာလို့ ပြောနေကြပါတယ်။ ဒါဟာ ပြည်ပမီဒီယာတွေအကူအညီနဲ့ မဲဆွယ်စည်းရုံးမှု လုပ် နေကြရတဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ၊ ဒီမိုကရက်တစ်အင်အားစုပါတီတွေအတွက် အခက်အခဲ အများကြီး ဖြစ်စေပါတယ်။ နောက်ပိုင်းဆိုရင် နိုဝင်ဘာလဆန်းကနေပြီး ရွေးကောက်ပွဲပြီးချိန်အထိ ဖုံးလိုင်းတွေကိုပါ ထိန်းချုပ် ခံရဖွယ်၊ ဖြတ် တောက်ခံရဖွယ်ရှိတယ်လို့ ခန့်မှန်း ပြောနေကြတာတွေလည်းရှိနေပါတယ်။
အဲဒီလို ပတ်ဆို့မှုခံထားရတဲ့ကြားမှာ ကြံ့ဖွံ့ရဲ့ အတင်းအဓမ္မကြိုတင်မဲကောက်ခံတဲ့ကိစ္စရပ်တွေလည်း အနယ်နယ် အရပ်ရပ် မှာ လူပြောသူပြော များနေခဲ့တာပါ။ အဲဒီအထဲမှာ အထောက်အထားခိုင်လုံတဲ့ ကိစ္စတခုကိုပြောရရင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ ကနေ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်လောင်းဟာ မိုးညှင်းမြို့နယ်အတွင်းမှာ ကြိုတင်မဲကောက်ခံမှုတွေကို အတင်းအကြပ်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီကိုယ်စားလှယ်လောင်းဟာ ကချင်ပြည်နယ်၊ ကြံ့ဖွံ့ကော်မတီဝင် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၀၃ ခုနှစ်၊ ကချင်ပြည်နယ်ခရီးစဉ်အတွင်း နန်းကွေ့ချောင်းတံတားအနီး ဒေါ်အောင်ဆန်း စုကြည် ခရီးစဉ်ကို အပြင်းအထန် အနှောင့်အယှက်ပေးခဲ့တဲ့ဖြစ်ရပ်မှာ အဓိက ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ အဲဒီ ကြံ့ဖွံ့ကိုယ်စားလှယ်လောင်းဟာ ကြိုတင်မဲရဖို့အတွက် သူ့ဆွေမျိုးနီးစပ်တွေကို သူတို့ဆန္ဒမပါဘဲ ကြိုတင်မဲစာရင်းထဲမှာ ထည့်သွင်းခဲ့တယ်လို့ ဆိုပါတယ်။
သူ့ဆွေမျိုးနီးစပ်ထဲက တနယ်တကျေးရောက်နေသူတွေကိုပါ ကြိုတင်မဲစာရင်းထဲ ထည့်သွင်းခဲ့တာကိုလည်း သိရပါတယ်။ အဲဒါကို မကျေနပ်ကြသူတွေက ဖုံးဆက်ပြီး ကြိုတင်မဲကိစ္စကို ကန့်ကွက်ခဲ့ကြတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲပေးမှာ မဟုတ်ဘူးလို့လည်း သူတို့က အတိအလင်းပြောခဲ့ကြပါတယ်။ ဆွေမျိုးနီးစပ်တဦးက ကျနော်တို့ မီဒီယာကနေ ပြောပြပါ တယ်။ သူ့ရဲ့ အတင်းအဓမ္မ ကြိုတင်မဲကောက်ခံတဲ့ကိစ္စကို မခံမရပ်နိုင်လို့ မီဒီယာကနေတဆင့် ဖွင့်ချပေးပါလို့ ကျနော်တို့ကို အကူအညီတောင်းတဲ့သူတွေလည်း ရှိပါတယ်။
ကြံ့ဖွံ့တွေနဲ့ ၀န်ထမ်းတွေဆီက ကြိုတင်မဲရယူဖို့ ၀န်ထမ်းမိသားစုတွေထဲက မဲပေးခွင့်ရှိသူတွေရဲ့ မဲပေးခွင့်အမှတ်တွေ၊ နေရပ်လိပ်စာတွေကို ၀န်ကြီးဌာနအလိုက် စာရင်းကောက်ယူထားပြီးပါပြီ။ ပညာရေးဝန်ကြီးဌာနက ကျောင်းဆရာမ တွေဆီက သိရတာကတော့ မဲရုံအမည်၊ မဲဆန္ဒနယ်အမှတ်၊ မဲစာရင်းအမှတ်စဉ်နဲ့ မိသားစုထဲက အသက် ၁၈ နှစ်ပြည့် ပြီးသူကို နာမည် (form) ပုံစံတခုဆီမှာ ဖြည့်ခိုင်းတယ်လို့ ဆိုပါတယ်။
သူတို့ရဲ့ ကလိန်ကကျစ်လုပ်ရပ်တွေကို ကမ္ဘာက သိမှာစိုးလို့ အင်တာနက်၊ အီးမေးလ်တွေကိုဖြတ်ထားတာကလည်း ဆင်သေကို ဆိတ်သရေနဲ့ဖုံးထားသလိုသာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေကရော နိုင်ငံတကာကပါ န.အ.ဖရဲ့ ကလိန်စေ့ငြမ်းဆင် ဗျူဟာတွေကို နောကျေနေပါပြီ။
အခုချိန်ဆိုရင် ကျနော်တို့က လူထုအားနဲ့ တွေ့ဆုံဆွေးနွေးရေးကိုတောင်းပြီး ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံကိုပြောင်းလဲပြင်ဆင်ဖို့ လုပ်ကြရမယ်လို့ ထင်မြင်မိပါကြောင်းပါခင်ဗျာ။
http://www.voanews.com/burmese
ရွေးကောက်ပွဲလွန် ဦးစားပေးလုပ်ငန်းမှာ စစ်မှန်သော ပြန်လည်သင့်မြတ်ရေးဖြစ်သင့်
ဧရာဝတီ Tuesday, 02 November 2010 18:27 အယ်ဒီတာ့အာဘော်
နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲပြီး နောက်ပိုင်း နိုင်ငံရေး အခင်းအကျင်း သစ်များ ပေါ်ထွက်လာမှုနှင့် အတူ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲလွန် နိုင်ငံရေးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဦးဆောင်သော ဒီမိုကရေစီရေး လှုပ်ရှားမှုသည် ဘေးရောက်သွားလိမ့်မည်ဟု ယူဆချက်များ ရှိနေပါသည်။
သို့ရာတွင် ရွေးကောက်ပွဲ အလွန်တရာနီးကပ်လာချိန်၌ ၁၉၉၀ ခုနှစ်တွင် NLD နှင့်အတူ အနိုင်ရရှိခဲ့သောတိုင်းရင်းသား နိုင်ငံရေးပါတီများက “ကလေးမြို့ဆုံးဖြတ်ချက် ကြေညာစာတမ်း” ဆိုသည့် နိုင်ငံရေးရည်မှန်းချက် ၄ ရပ် အပေါ် အခြေခံသည့် ဒုတိယ ပင်လုံညီလာခံတခုကို ခေါ်ယူကျင်းပရန် ကြေညာချက်တရပ် ထုတ်ပြန်ခဲ့သည်။
ထိုရည်မှန်းချက်များမှာ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ လူ့အခွင်အရေးနှင့် တိုင်းရင်းသား အားလုံး၏ ညီညွတ်သောအင်အားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ရေးတို့ ဖြစ်သည်။
ထို့အပြင် ၎င်းကြေညာချက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားသော တပြည်ထောင်စနစ်ကို ကန့်ကွက်သကဲ့သို့ သမိုင်းတလျှောက် စစ်အစိုးရအဆက်ဆက်က တိုင်းရင်းသားများအပေါ် စွပ်စွဲခဲ့သော ပြည်ထောင်စုမှ ခွဲထွက်ရေးကိုလည်း ကန့်ကွက်ထားပြီး တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးရှိမည့် ဖယ်ဒရယ် ပြည်ထောင်စုစနစ်ကို တည်ထောင်ရန် ထပ်မံ၍ အတည်ပြုခဲ့သည်။
ပထမ ပင်လုံညီလာခံကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပခဲ့သည်။ ဗြိတိသျှ ကိုလိုနီလက်အောက်မှ လွတ်လပ်ရေး ရယူရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုအောက်တွင် တိုင်းရင်းသားခေါင်းဆောင်များ စုစည်းညီညွတ်ခဲ့ကြသည်။
ယခုထွက်ရှိလာသော ကြေညာချက်အသစ်တွင် အမျိုးသားစည်းလုံးညီညွတ်ရေး ဖော်ဆောင်ရန်အတွက် တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်များသည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုကိုခံယူရန် ထပ်မံအတည်ပြုခဲ့ကြပါသည်။
၎င်းကြေညာချက်သည် စစ်ကိုင်းတိုင်း ကလေးမြို့၌ကျင်းပခဲ့သော ၂၂ နှစ်မြောက် ဇိုမီးအမျိုးသားကွန်ဂရက် (ZNC) တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားအပြီးတွင် တိုင်းရင်းသားခေါင်းဆောင်များက လက်မှတ်ရေးထိုး၍ အောက်တိုဘာလ ၂၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။
၎င်းတို့ထဲတွင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော တိုင်းရင်းသားပါတီများဖြစ်သည့် NLD, ZNC, ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (MNDF)၊ ကရင်အမျိုးသား ဒီမိုကရေစီကွန်ရက် (KNCD)၊ ပြည်ထောင်စုတိုင်းရင်သားများ မဟာမိတ်အဖွဲ့ (UNA) တို့ပါ ၀င်ကြသည်။
ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေးကြေညာချက်သည် ဒီမိုကရေစီလှုပ်ရှားမှုကို အားကောင်းစေရန်နှင့် ရွေးကောက်ပွဲအလွန် ပြောင်းလဲလာမည့် နိုင်ငံရေးပုံသဏ္ဍာန်အသစ်တွင် ခေါင်းဆောင်မှုခိုင်မာစေရန် NLD နှင့် တိုင်းရင်းသားအုပ်စုများဘက်မှ ရည်ရွယ်လုပ်ဆောင်သည့် သိသိသာသာ ရှေ့တိုးလုပ်ဆောင်ချက်တရပ် ဖြစ်သည်။
ယင်းသည် စစ်မှန်သော အမျိုးသားပြန်လည်သင့်မြတ်ရေးကို နှစ်ပေါင်းများစွာ ကြိုးပမ်းနေပြီး အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် အခွင့်အလမ်းများ ရှာဖွေမည်ဟု မကြာသေးခင်က NLD ၏ ကြေညာချက်ထွက်ပေါ်လာပြီး နောက်ဆက်တွဲ လှုပ်ရှားမှုတခုလည်း ဖြစ်သည်။
စစ်အစိုးရက NLD ကို တရားဝင်ပါတီအဖြစ်မှ ဖျက်သိမ်းခဲ့သော်လည်း အဖွဲ့ချုပ်ခေါင်းဆောင် ဦးတင်ဦးနှင့် အတွင်းရေးမှူး ဦးဝင်းတင်တို့၏ ဦးဆောင်မှုအောက်တွင် အဖွဲ့ချုပ်သည် စည်းရုံးရေးခရီးစဉ်များကို တိုင်းရင်းသား ဒေသများအထိ တိုးချဲ့ဆောင်ရွက်နေသည်။
လွန်ခဲ့သည့် ကာလတလျှောက်လုံး စစ်အစိုးရသည် NLD နှင့် တိုင်းရင်းသား အပစ်အခတ် ရပ်စဲရေးအဖွဲ့များအကြား ဆက်သွယ်မှုအားလုံးကို ထိထိရောက်ရောက် ဖြတ်တောက်နိုင်ခဲ့သည်။ အကယ်၍ NLD က အပစ်အခတ်ရပ်စဲရေး အဖွဲ့များနှင့် ဆက်ဆံရေး ထူထောင်နိုင်မည်ဆိုလျှင် လက်ရှိလှမ်းနေသည့်ခြေလှမ်းသည် တိုးတက်မှုတခုကို ကိုယ်စားပြုနေပါသည်။
ယခုကဲ့သို့ အရှိန်ရလာသော အားကောင်းသည့်လှုပ်ရှားမှုသည် ရွေးကောက်ပွဲကျင်းပပြီး တပတ်အလို နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာမည်ဟု ယူဆရသော ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးတွင် ပြန်လည်ပါဝင် ဆောင်ရွက်နိုင်ရေးအတွက် အဓိကလှုပ်ရှားမှုတခုအဖြစ်လည်း သဘောဆောင်နေပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုအောက်တွင် ဒီမိုကရေစီအဖွဲ့များနှင့် တိုင်းရင်းသားအဖွဲ့များသည် ရွေးကောက်ပွဲလွန် နိုင်ငံရေးတွင် အရေးပါသည့် အခန်းကဏ္ဍကို ဆက်လက်ရယူထားနိုင်ပါလိမ့်မည်။
ဒေါ်အောင်ဆန်းစုကြည်သာလျှင် တိုင်းရင်းသားများအကြား ပြန်လည်သင့်မြတ်ရေးကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု မြန်မာပြည်သူများက နှစ်ပေါင်းများစွာ ယုံကြည်နေကြပါသည်။ အမှန်အားဖြင့် ဒုတိယ ပင်လုံညီလာခံ ကျင်းပရေးကို ၁၉၈၈-၈၉ ခုနှစ် ကာလအတွင်း ရှမ်းပြည်နယ် စည်းရုံးရေးခရီးစဉ်အတွင်း ပင်လုံမြို့သို့ ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုအဖြစ် တောင်းဆိုခဲ့ပါသည်။
ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အသစ်ပေါ်ထွန်းလာမည့် ပါလီမန်လှုပ်ရှားမှုဖြစ်စဉ်၏ ပြင်ပတွင် နိုင်ငံရေးလှုပ်ရှား တက်ကြွမှုအသစ်တခုသည် ရွေးကောက်ပွဲပြီးနောက်ပိုင်းတွင် ရှိနေပါလိမ့်မည်။ NLD နှင့် တိုင်းရင်းသား ခေါင်းဆောင်များ၏ ဒုတိယအကြိမ် ပင်လုံညီလာခံခေါ်ယူရေး ကြေညာချက်သည် စစ်မှန်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ရှေ့တိုးလုပ်ဆောင်ချက်ဖြစ်သကဲ့သို့ ဒီမိုကရေစီလှုပ်ရှားမှုကို ပြန်လည် အားကောင်းလာစေရန် ဆောင်ရွက်သည့် နိုင်ငံရေးပုံသဏ္ဍာန်တရပ်လည်း ဖြစ်ပါသည်။
http://www.irrawaddy.org/bur/
တစ်ခုတည်းသော လမ်းစဉ်
ကျွန်တော်တို့ တိုင်းပြည်ဟာ အဘက်ဘက်က ချွတ်ခြုံကျနေသည့် အပြင် သဘာဝ ဘေးအန္တာရယ် အမျိုးမျိုးကလည်း အခါမလပ် နှိပ်စက်လျှက်ရှိနေသည် ။ တိုင်းပြည် တပြည်တွင် အုပ်ချုပ်သူ အစိုးရ မကောင်းလျှင် တိုင်းသူပြည်သားတို့ ကိုယ်ကျင့်သီလ မတည်ဆောက် နိုင်ကြတော့ ။ စီးပွားရေး ကျပ်တည်း ကျဉ်းမြောင်းလာတယ်ဆိုတော့ မစင်ကြတဲ့အသက်မွေးဝမ်းမှု တွေကို ပြုလုပ်လာကြရတယ် ။ အဲဒီလို ကိုယ်ကျင့်သီလ မလုံခြုံတဲ့လူတွေ များလာတဲ့ အခါ ကပ်ကြီး သုံးပါး က သူ့သဘာဝ အတိုင်း ဆိုက်ရောက်လာတာပေါ့ ။ ဒီလို အဖြစ်အပျက်တွေ မြတ်ဗုဒ္ဓရဲ့ တရားတော်တွေ မှာ အထင်အရှားရှိပါတယ် ။ အခုလို အဖြစ်အပျက်တွေကို ကျော်လွှားနိုင်ဖို့ တခုတည်းသော လမ်းစဉ်က တိုင်းပြည်ကို မတရား အုပ်ချုပ်နေတဲ့ အာဏာရှင် အစိုးရကို အမြန်ဆုံး ဖယ်ရှားနိုင်ဖို့ပါဘဲ ။
တိုင်းပြည် ရဲ့ ပကတိ အနေအထားက သယံဇာတတွေ ကုန်ခမ်းလာလို့ အခွံသာသာ ဘဲ ကျန်ပါတော့တယ် ။ အဲဒီ အခွံမှာ ကပ်ကျန်နေတဲ့ အသားလေးတွေ ကိုတောင်ချမ်းသာ မပေးချင်တဲ့ အာဏာရှင်တွေက ဆက်လက် အုပ်ချုပ်ကြဖို့ အမျိုးမျိုး ကြံစည်နေကြတယ် မိတ်ဆွေ တို့ ။ ရွေးကောက်ပွဲ ကို အကြောင်း ပြပြီး ပြည်သူလူထု ဆီက တရားဝင် အုပ်ချုပ်ရေး အာဏာကို ဆက်လက် ရယူကြတော့မယ် ဆိုတာကို သိသိကြီးနဲ့ ခေါင်းငုံ့ခံနေကြတော မှာလား ။ ဘယ်သူမှန်တယ် ဘယ်သူမှားတယ် ဆိုတာ အထူးအထွေ စဉ်းစားစရာ မရှိပါဘူး ။ လက်ရှိ အစိုးရရဲ့ ပြည်သူလူထု အပေါ်ကို ထားရှိတဲ့ သဘောထား အပေါ်ကို အခြေခံ ပြီး စဉ်းစားရင် အလွယ်လေးပါ ။ ဒီအာဏာရှင်တွေ ဆက်လက် အုပ်ချုပ်နေသမျှ တိုင်းပြည် အခြေအနေ က ပိုမိုဆိုးရွားလာကြမှာအားလုံး တညီတညွတ်တည်း လက်ခံထားတဲ့ အမြင်ပါ ။ ဒါဆိုရင် ဒီအာဏာရှင်တွေ ဘဲ ဆက်လက် အုပ်ချုပ်ရေးကို ထောက်ခံပေးထားတဲ့ လက်ရှိရွေးကောက်ပွဲကို ပြည်သူတွေ လက်ခံမှာလား ဆန့်ကျင်မှာလား သေချာစွာ စဉ်းစားကြည့်သင့်တယ် ။
နိုင်ငံရေး ဝေါဟာရ စကားလုံးတွေ ရှုပ်ထွေးစွာ အသုံးပြုနိုင်မှ နိုင်ငံရေး ကို နားလည်တယ်လို့ ခေါ်ဆိုနိုင်တာ မဟုတ်ပါဘူး ။ နိုင်ငံရေး ဆိုတာ ပြည်သူလူထု အတွက် ဦးတည်ဆောင်ရွက်တာ ဖြစ်လို့ ပြည်သူလူထု နားလည် နိုင်မှ ဖြစ်မှာပေါ့ ။ ပြည်သူလူထု သဘောထားနဲ့ ဆန့်ကျင်တဲ့အယူဝါဒကို မှန်သမျှ ဟာ ပြည်သူလူထု ကောင်းစားရေး ထက် သူတို့ကောင်းစားရေးကို ဦးတည်ထားကြတာပါ ။ လက်ရှိ ရွေးကောက်ပွဲပါ ဥပဒေ အချက်အလက် တော်တော်များများက သူတို့ အာဏာတည်မြဲရေး နှင့် ကိုယ်ကြိုးရှာလူတစ်စု ကောင်းစားရေးကို ဦးထိပ် ထားကြတာပါ ။ ဒါပေမယ့် သူတို့အာဏာတည်မြဲရေးကို ဦးထိပ်ထားတဲ့ လူတစ်စု က ပြည်သူလူထု နားမလည် နိုင်တဲ့ နိုင်ငံရေး ဝေါဟာရ စကားလုံးတွေ သုံး လက်ရှိအစိုးရရဲ့ သဘောထား အမှန်ကို လှစ်လျူရှု ၊ အနာဂတ် မှာ ဘာလုပ်ပေးပါ့မယ် ဆိုတဲ့ စကားလုံးတွေကို အသုံးချပြီး ပြည်သူလူထု ကို လှည့်စားဖို့ ကြံစည်နေကြတယ် ။ လက်ရှိအနေအထားကို ထည့်မတွက်ဘဲ အနာဂတ် မှာ ကောင်းစားရေးကို ကြွေးကြော် ၊ မရောက်သေးတဲ့ လွှတ်တော်ဆိုတဲ့ စကားကို တွင်တွင်သုံး နေကြတာ ပြည်သူလူထု အနေနဲ့ အသိတရား ရသင့်ပါပြီ ။
ဒီမိုကရေစီ အုပ်ချုပ်ရေး ကို အရိုးရှင်းဆုံး အဓိပ္ပာယ် ဖွင့်ဆိုရရင် ပြည်သူလူထု က အုပ်ချုပ်ရေး အာဏာကို အမှန်တကယ် တိုင်းပြည် အကျိုးသယ်ပိုးဆောင်ရွက်မည့် လူများကို အုပ်ချုပ်ရေး အာဏာအပ်နှင်းတဲ့ စနစ်တစ်ခုပါ ။ ပြည်သူလူထု လိုလားတောင့်တချက် မှန်သမျှကို
အုပ်ချုပ်ရေးပိုင်းကို တာဝန် ပေးအပ်ခြင်းခံထားရတဲ့ လူတွေက အကောင်အထည် ဖော်ပေးရတာ ဒီမိုကရေစီ ပါ ။ ပြည်သူလူထု ကို ကိုယ်စားပြုပြီး သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် များက တိုင်းပြည်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြခံ ရေးဆွဲထားတဲ့ တရားမျှတတဲ့ ဥပဒေကို တိုင်းသူပြည်သားတိုင်း စောင့်ထိန်းလိုက်ကြရမယ် ။ အကယ်၍ သတ်မှတ်ထားတဲ့ ဥပဒေကို ဖောက်ဖျက် ကျူးလွန်ခဲ့ရင် မည်သူ့ကို မဆို အပြစ်ပေး အရေးယူလို့ရတဲ့ အုပ်ချုပ်ရေး စနစ်တခုပါ ။ ဥပဒေ ရဲ့ အထက်မှာ ဘယ်သူမှ ရှိမနေတာ ဒီမိုကရေစီ ။ ပြည်သူလူထု အားလုံး တညီတညွတ်တည်း တန်းတူညီမျှ အခွင့်အရေး ကို ပိုင်ဆိုင်ခွင့်ရနိုင်တာ ဒီမိုကရေစီ စနစ်မှာဘဲ ရှိပါတယ် ။
နိုင်ငံတော်သီချင်းလေးကို လူတိုင်း ရကြမှာပါ ။ အဲဒီ သီချင်းလေးထဲ အတိုင်း ကျွန်တော်တို့ အခွင့်အရေးတွေ ရကြလို့လား ။ ဘယ်မှာလည်း တရားမျှတမှု ၊ ဘယ်မှာလည်း ခွင့်တူညီမျှမှု သေချာ စဉ်းစားကြည့်ကြစမ်းပါအုံး ။ ပြည်ထောင် စု အမွေကို ထိန်းသိမ်းပါ့မယ် လို့ ဓိဌန်ပြုထားတဲ့ လူတွေက တိုင်းရင်းသားတွေကို သူပုန်လို့ သတ်မှတ်ပြီး အကြမ်းဖက် နှိမ်နှင်းလိုက်ကြတာ ပြည်ထောင်စုကို ထိန်းသိမ်းတာလား ၊ ဖြိုခွဲလိုက်တာလား ။ ဘာတွေကို တွေဝေနေကြတာလည်း ။ ဘာတွေကို စဉ်းစားနေကြတာလည်း ။ မျက်မြင် ထင်ရှား သက်သေ အထောက် အထားတွေ ကို ငြင်းဆန်ပြီး အနာဂတ်ဆိုတာကြီးကို ကျော်မတွေးကြပါနဲ့ ။
ဒီမိုကရေစီ နိုင်ငံကို ချီတက်မယ်ဆိုတဲ့ အစိုးရက ဘာတွေများ တရားမျှတမှုတွေ ဖော်ဆောင် နေလို့လည်း ။ ပဲခူးလို မြို့ပေါ်မှာ အရပ်သားနဲ့ စစ်သား အချင်းများရာ သေနတ်နဲ့ ပစ်သတ်လိုက်တယ် ။ ဘယ်သူကို တရားသွားစွဲမလဲ ၊ အပြစ်မဲ့တဲ့ မိန်းကလေး တွေ မုဒိန်းကျင့်ခံရတယ် ၊ ဘယ်သူ့ကို သွားတိုင်ရမှာလည်း ။ တိုင်းရင်းသားကျေးရွာတွေ ဖျက်စီးတာ ခံရတယ် ဘယ်သူ့က လာပြီး အရေးယူပေးမှာလည်း ။ အခြား လွတ်လပ်ခွင့်ကို ဆိုတာ အသာထား စာပေလွတ်လပ်ခွင့်တောင် ရလို့လား ။ ဒါဟာ ဒီမိုကရေစီ လမ်းစဉ်ကို ချည်းကပ်နေတာလား ။ ဘယ်လို အချက်အလက်တွေနဲ့ ဒီမိုကရေစီ လမ်းစဉ်ကြီးပါလို့ လိုက်လံပြီး ကြွေးကြော်နေတာ ကို လက်ခံထားကြတာလည်း ။ ဒါတောင် တရားဝင် အုပ်ချုပ်ရေး အာဏာအပ်နှင်းခြင်းခံထားရတဲ့ အစိုးရ မဟုတ်ဘူးနော် ။ ပြည်သူလူထုကသာ ရွေးကောက်ပွဲကို လက်ခံလိုက်ရင် ကိုယ့်လည်ပင်း ကိုယ် ကြိုးကွင်စွပ် လိုက်တာနဲ့ တူတူပါဘဲ ။
ဒီလမ်းကို လျှေက်ရင် ဒီခရီး ဘဲ ရောက်မှာ ၊ ရွေးကောက်ပွဲ ဖြစ်မြောက်သွားရင် စစ်အာဏာရှင်တွေ ဘဲ စိုးမိုးကြမှာ ။ ဒါတွေကို သိသိကြီးနဲ့ လက်ခံကြတော့မှာလား ။ အမြင်တွေ မမှားကြစမ်းပါနဲ့ ။ ဒီနေ့လက်ရှိ မြန်မာနိုင်ငံ အနေအထားက ပြည်သူလူထု ရုန်းမှ ဖြစ်တော့မှာ ။ ခေါင်းဆောင်ကောင်းတွေ ရှိတုန်း ရုန်းထလိုက်ကြစမ်းပါ ။ ပြည်သူလူထု ကောင်းစားရေး အတွက် ရွေးချယ်စရာ လမ်းမရှိတော့ပါဘူး ။ အားလုံး ရရာလက်နက် စွဲကိုင်ပြီး ပြည်သူလူထု လိုလားတောင့်တချက်ကို ဘဲ တညီတညွတ်တည်း တောင်းဆိုကြမှ ရတော့မှာပါ ။ ဒါဟာ တမျိုးသားလုံး အာဏာရှင် စနစ်အောက် လွတ်မြောက်စေမည့် တစ်ခုတည်းသော လမ်းစဉ်ပါ ။ ဒီလမ်းစဉ်ကို အမြန်ဆုံး အကောင်အထည် ဖော်ကြမှ ဖြစ်တော့မယ် ။
ရဲဘော်ဒို့
အကျယ်ချဲ့ပြီး ရှည်ရှည် မပြောချင်ဘူး
အခု စစ်မြေပြင်ကို ထွက်ကြမယ်
ဆင်းရဲမယ် ငတ်မယ်
အခက်အခဲတွေနဲ့ ရင် ဆိုင်ကြရမယ်
ဗမာပီပီ ဗမာ့သွေးကို ပြကြပါ
အထက်ဗိုလ်များကလည်း သာတူညီမျှ ရဲဘော် စိတ်ထားပါ
အနီးစပ်ဆုံး ရန်သူကို ရှာပြီး တိုက်ကြ ၊
ရဲဘော်တို့ နဲ့ တူတူ ကျွန်ူပ်ကိုယ်တိုင် ချီတက်မယ် ..
ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စစ်ထွက်မိန့်ခွန်းမှာ ဘာတွေ အကျိုးခံစားရမယ်လို့ပါခဲ့လည်း စဉ်းစားကြည့်ကြစမ်းပါ ။ ဒါပေမယ့် ဘာကို လိုချင်လို့ စစ်မြေပြင်ကို ထွက်မှာလည်း ၊ အဲဒီ စစ်ပွဲမှာ အနိုင်ရခဲ့ရင် ဘာတွေ ရရှိမှာလည်း တိုက်ပွဲဝင်မည့် ရဲဘော်တွေ သာ မက ပြည်သူလူထု အားလုံးကလည်း
သိရှိနားလည်ပြီးသားလေ ။ ဗိုလ်ချုပ်ရယ် စစ်မြေပြင်ကို မထွက်ပါနဲ့ ပြည်သူတွေ သွေးမြေကြမှာ ဖြစ်လို့ နစ်နာပါတယ်လို့ ပြောတဲ့လူတွေ လည်း အဲဒီ အချိန်က ရှိခဲ့ကြမှာပါ ။ ဒီလောက် အင်အားကောင်းတဲ့ နယ်ချဲ့တွေကို သွားတိုက်ကြမလို့တဲ့ ဆိုပြီး လှောင်ပြောင်ခဲ့တာတွေလည်း ရှိမှာ ။ ဒါပေမယ့် ယုံကြည်ချက်ကို ဦးထိပ်ထားပြီး မှန်ကန်တဲ့လမ်းစဉ်တစ်ရပ် ကို ဖော်ဆောင်ပေးနေတဲ့ ဗိုလ်ချုပ်အောင်ဆန်း နောက်ကို ပြည်သူလူထု တရပ်လုံးက လိုက်ပါလာကြလို့ မြန်မာပြည် လွတ်လပ်ရေး ရတာပါ ။ အခုလည်း ဒီမိုကရေစီ တိုက်ပွဲဝင် ဖို့အတွက် အကျိုးအမြတ်ကို သိထားပြီးသားပါ ။ တမျိုးသားလုံး ကောင်းစားရေးကို ဦးထိပ်ထားရင် အနည်းငယ်သော လူတွေ ဒုက္ခရောက်တာလောက်ကို တွက်မနေကြနဲ့လေ ။ လွတ်လပ်ရေး တိုက်ပွဲဝင်မှ သေမှာ မဟုတ်ဘူး ၊ သေခြင်းတရား ဆိုတာ မွေးဖွားပြီးတာနဲ့ မဖြစ်မနေ ကြုံတွေ့ရမယ့် အရာတစ်ခု ။ ဘယ်သူမှ မကျော်လွှားနိုင်တဲ့ သဘ၀ရဲ့ နိယာမ တရား ။ အသက်ရှင်နေတဲ့ အချိန်မှာ ကျွန်တော်တို့ နိုင်ငံသားတွေ လူအခွင့်ရေး လေးတော့ ပြည့်ပြည့် ၀၀လေး စံစားစေချင်တယ်ဗျာ ။ အဲဒီလို လူအခွင့်အရေး ရဖို့ တိုက်ပွဲဝင်ကြမှ ရတော့မှာ ။
အားလုံး ညီညွတ်ရင် ဒီအာဏာရှင်တွေကို ဖြုတ်ချလို့ရပါတယ် ဆိုတဲ့ အမြင်ကို နိုင်ငံရေး လုပ်ရှားနေတဲ့ လူတွေ အားလုံး တညီတညွတ်တည်း လက်ခံထားကြပါတယ် ။ ဒါပေမယ့် စစ်မှန်တဲ့ စည်းလုံးညီညွတ်မှု ကို မဖော်ဆောင် နိုင်ဘူးလို့ ယူဆတာက တကြောင်း ၊ တိုက်ပွဲဝင်ရမှာ ကြောက်လို့ အာဏာရှင်တွေကို ခေါင်းငုံ့ခံချင်တာက တကြောင်း ၊ ကံကောင်းရင် ငါတို့ နေရာလေး ရနိုင်ပါတယ် လို့ ယူဆတာက တကြောင်း အကြောင်း အမျိုးမျိုးနဲ့ အာဏာရှင်တွေ ရှေ့မှာ ဒူးထောက်နေကြပေမယ့် သူတို့တွေရဲ့ လိမ်လည် လှည့်ဖျားတတ်တဲ့ ပါးစပ်ဖျားက တိုင်းပြည်ကောင်းစားရေး ဆိုတဲ့ စကားလုံးကို အာဂုံဆောင်ထားတော့ ပြည်သူလူထု အမြင်တွေ လွဲမှားကုန်ကြတာပေါ့ ။
ဇွန်ပန်းရုံ အနီး လှည်းဘီး နွံထဲ ကျွန်နေသည်
ကူ၍ တွန်းပေးကြပါ လေးလွန်း၍ မတွန်းနိုင်ဘူးလား ။
ပြိုင်တူ တွန်းလျှင် ရွှေ့နိုင်ပါသည်
ငယ်စဉ်ခါက အသံသာသာလေးနဲ့ ရွှတ်ဆိုခဲ့ကြတဲ့ ကဗျာလေးတွေကို မေ့ထားကြတော့မှာလား ။ ကိုယ်တိုင်က ကူညီ၍ တွန်းပေးဖို့ အသာထား ကူ၍ တွန်းပေးတဲ့လူတွေကို လှောင်ပြောင်နေကြတယ် ၊ ကူညီပြီး တွန်းပေးလိုက်၇င် အားအင် ကုန်ခမ်းမှာပေါ့လို့ အကြောင်းပြလာကြတယ် ။ သူ့ဟာသူ လှည်းဘီးနွံထဲ ကျွံတာ ငါတို့လှည်းမှ မဟုတ်တာ ဆိုတဲ့ အတွေး အခေါ်သမားတွေက ပိုပိုများလာကြတယ် ။
အဖြောင့်တွေးရင် ကူညီပြီး တွန်းပေးလိုက် ရင် လှည်းဘီး နွံထဲက အသာလေး ရုန်းထွက်နိုင်ပါတယ် ။ ဒါပေမယ့် ဘာကြောင့်လှည်းဘီးကြီး ကျွံနေတာ ၊ ဘယ်လို ၀န်မျိုးကို သယ်ဆောင်လာလို့ လှည်းဘီးနွံထဲ နစ်နေတာ ၊ လှည်းမောင်းသူက မှ မကျွမ်းကျင်တာ ၊ နေပူရင် အပူချိန်များပြီး နွံထဲကရေတွေ ခြောက်ခမ်းသွား မှာပါ ။ အဲဒီလို လက်တွေ့မကျတဲ့ အတွေးအခေါ်တွေနဲ့ တစ်ယောက်ကို တစ်ယောက် အပြစ်တင်ပြီး သုံးသပ်နေသမျှတော့ လှည်းဘီးက နွံထဲကကို ရုန်းထွက် နိုင်မှာ မဟုတ်ဘူး ။ အားစိုက်ပြီး တွန်းနေကြတဲ့လူတွေသာ အင်အားကုန်ခမ်းသွားမှာပေါ့ ။ လက်ရှိ တိုင်းပြည် အနေအထားက လည်း နွံထဲကို နစ်နေတာပါ ။ ကူညီ၍ တွန်းပေးမယ့် လူတွေကို ဘဲ အလိုရှိနေတာပါ ၊ ဘာကြောင့်ဆိုတာ မြန်မာပြည်ကြီး အာဏာရှင် နွံထဲက ရုန်းထွက် ပြီး လမ်းမှန်ပေါ်ကို ရောက်လာတဲ့အခါ ၀ိုင်းပြီး အဖြေရှာကြည့်ကြပေါ့ ။ အခုတော့ အတွေးအခေါ်သမားတွေထက် လက်တွေ့ နွံထဲက ရုန်းထွက်တောင် တွန်းပေးမယ့် လူအင်အားဘဲ များများလိုပါတယ်ဗျာ ။
အခုချိန်ခါမှာ ခေါင်းဆောင်ကောင်းတွေ ရှိနေကြပါသေးတယ် ၊ ပြည်သူလူထု ကိုယ်စားပြုခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်ပါလို့ လူထုက တညီတညွတ်တည်း သတ်မှတ်ထားရုံတင် မကပါဘူး ၊ အခုရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေး သမား အများစုကလည်း လက်ခံထားကြပါတယ် ။
လက်ရှိ အနေအထားမှာ အစိုးရရဲ့ မတရားဖမ်းဆီး ခြင်းကို ခံထားရပေမယ့် ပြည်သူလူထု အတွက်သူမဟာ ဆက်လက် ရှင်သန် နေပါတယ်ဆိုတာကို အမြဲ အသိပေးနေတုန်းပါ ။ သူလုပ်ပေးနိုင်တာက လမ်းပြပေးနိုင်ယုံပါဘဲ ။ သူမဟာ အခု ချိန်ထိ တိုင်းပြည်နဲ့ လူမျိုးအပေါ်ကို သစ္စာ ရှိစွာ ခေါင်းဆောင်မှု ပေးနေတုန်းပါ ။ လွဲမှာတဲ့ ထင်မြင် ယူဆချက်တွေကို လက်ခံလိုက်ပြီး သိသိကြီး နဲ့ အညံ့ခံလိုက်ကြရင်တော့ ရာဇ၀င်တွေ ရိုင်းကုန်လိမ့်မယ်နော် ။ နောင်လာမည့် မျိုးဆက်တွေ အများကြီးက လှောင်ပြောင် သရော်သံတွေ ကို ခံနိုင်ကြလို့လား ။ ရင်သွေးငယ်လေးတွေ ပါးစပ်ဖျား က မိဘတွေ ညံ့တယ်ဆိုတဲ့ စကားသံက ချိုသာနိုင်ပါ့မလား ကိုယ်တွေ့သာ စဉ်းစားကြည့်ကြတော့ပေါ့။
မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် သယ်ဆောင်လာတဲ့ သာသနာ ငါတို့ လက်ထက်မှာ ကွယ်ရင် ငါတို့ဟာ သာဿာနာဖျက် ။
မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် သယ်ဆောင်လာတဲ့ လူမျိုးတွေ ကွယ်ပျောက်ရင် ငါတို့ဟာ အမျိုးဖျက်သူ ။ တည်းတည်းလေး ဘဲ ကျန်ပါတော့တယ်နော် ၊ အဲဒီ စကားတွေကို ဆရာတော် ဦးသုမင်္ဂလက တနိုင်ငံလုံး လှည့်လည်ပြီး ဟောကြားခဲ့တာ နောက်ဆုံး မျိုးဆက် ဖြစ်ကုန်မှာ စိုးလို့ပါ ။
မြတ်ဗုဒ္ဓရဲ့သာသနာ တော် ထွန်းကားပါတယ်ဆိုတဲ့ နိုင်ငံမှာ အနှိပ်ခန်း တခန်း ဖွင့်ချင်ရင် လွယ်တယ် ။ တရားပွဲတပွဲ ဖြစ်မြောက်ဖို့ မလွယ်ပါဘူး ။ ဒါတွေက ယုံတမ်းစကား မဟုတ်ဘူး နော် ။ အချို့ဆို တရားပွဲ ကို ဦးဆောင် ကျင်းပတဲ့ လူက ငွေပေးရုံတင် မကဘူး အချုပ်ထဲ အရင် ၀င် ပေးရသေးတယ် ။ သာသနာ ဘယ်လောက်အောက်တန်းကျနေပြီလည်း စဉ်းစားကြည့်ကြပါအုံး ။ ဒီနေ့ နိုင်ငံတကာ မှာ မြန်မာ လူမျိုးတွေ ဘယ်လောက် အောက် တန်းကျနေပြီလည်း ။ တနိုင်ငံလုံးလည်း ၀န်ထမ်း မှန်ရင် မခိုးမနေရ ၊ လဘ်မစားရင် နေရာ မရ ဒီလို ဆောင်ပုဒ်တွေ နဲ့ ချီတက်လာလို့ ဒီနေ့လက်ရှိ အနေအထားမှာ ရပ်ကွက် ထောက်ခံစာတောင် အလကား ရလို့လား ။ သတ်မှတ်ထားတဲ့ တန်ရာတန်ကြေး အတိုင်း ပေးဆောင်လို့ ရတဲ့ အစိုးရ ရုံး ဌာနတွေ ရှိလို့လား ။ သတိထားကြည့်ကြစမ်းပါ ။
မိုးလွန်မှ ထွန်ချ ၊ ကလေးကျမှ လှေကားထောင် ၊ ရန်သူလာမှ ဒူးလေးပြင် ၊ အဲဒီ ဆောင်ပုဒ်တွေက လိုက်နာဖို့လား ရှောင်ကြဉ်ဖို့လား ။ ကံကိုယုံ၍ ဆူးပုံ မနင်းရာ၏ တဲ့ ။ ကံဆိုတာ မမြင်နိုင်လို့ထားပါတော့ ဒီလောက် ယုတ်မာ ကောကျစ် ညံ့ဖျင်းတဲ့ ကိုယ်ကျိုးရှာ ၀ါဒသမားတွေ လုပ်ရပ်က ထင်ထင်ရှားရှားရှိပါလျှက်နဲ့ သူတို့စကားကို အဟုတ်မှတ် ဒီမိုကရေစီ လမ်းစဉ်ကို ချည်းကပ်ပါတယ်လို့ ထအော်နေတာကို ယုံကြည်နေကြရင် သူတို့တော်တာ မဟုတ်ဘူး ၊ ကျွန်တော်တို့ ညံ့တာဖြစ်သွားမှာပေါ့။
ကျွန်ူပ်တို့ မြန်မာလူမျိုးများသည် မဟုတ်လျှင် မခံ ၊ မတရားလျှင်တော်လှန် ဆိုတဲ့ ရှေးရှေးက ကျွန်တော်တို့ တိုင်းပြည်ရဲ့ သူရဲကောင်းတွေရဲ့ စကား တွေကို လက် ကိုင်ထားပြီး ကိုယ်အားကိုယ်ကိုးလို့ ရုန်းထနိုင်ပါမှ လွတ်မြောက်နိုင်မည့် အခြေအနေကို ရောက်နေ ကြပါပြီ ။ ကျွန်ူပ်တို့မှာ ရွေးချယ်စရာ လမ်း မရှိတော့ပါဘူး ။ သူတို့လုပ်သမျှ ခေါင်းငုံ့နေကြမယ့် အစား တိုင်းပြည်နဲ့ လူမျိုးအတွက် နိုင်ရာ တာဝန် ထမ်းပြီး ကျရာ အခန်းဂဏ္ဍကနေ တိုက်ပွဲဝင်ကြ၍ အနာဂတ်မှာ ခေတ်မှီဖွံ့ဖြိုးတိုးတက် စေမည့် ဒီမိုကရေစီ နိုင်ငံတော်ကြီး ဆီသို့ ချီတက်ကြပါစို့။
ခင်မင်လေးစားလျှက်
ဗမာ့သွေး