Monday, November 15, 2010
အန်အယ်ဒီလှုပ်ရှားမှုများ
15 Nov 2010 ဒိုင်ယာရီ
http://www.mediafire.com/file/ozql3z6wjqscfhl/15%20Nov%20Yeyintnge%27s%20Diary.pdf
http://www.mediafire.com/file/e7tce38ry3mm9c9/15%20Nov%20Yeyintnge%27s%20Diary.doc
15 Nov Yeyintnge's Diary
ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲ အဓိကရုဏ်းဖြစ်အောင် စွမ်းအင်ရှင် ကြိုးစား
ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲ အဓိကရုဏ်းဖြစ်အောင် စွမ်းအင်ရှင် ကြိုးစား
2010-11-15
နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက်လာခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချု ပ်ရုံးမှာ လူထုဟောပြောပွဲတရပ် ကျင်းပခဲ့ရာမှာ ပြည်သူလူထု သိန်းဂဏန်း တက်ရောက်ခဲ့ပါတယ်။
အဲဒီဟောပြောပွဲမှာ စွမ်းအားရှင် ဆိုသူတွေလည်း လူထုကြားမှာ ရောနှော ဝင်ရောက်ပြီး မငြိမ်မသက် အဓိကရုဏ်း ဖြစ်အောင် ဆူပူရန်စမှုတွေ လုပ်ခဲ့ကြတယ်လို့ ဟောပြောပွဲ တက်ရောက်ခဲ့သူ ရန်ကုန်မြို့ခံ တယောက်က ပြောပါတယ်။
“အဲဒီ သူတို့တွေက မူးယစ် သောက်စားပြီးတော့ လူတွေကို ရန်ဖြစ်အောင်၊ မဖြစ်ဖြစ်အောင် လုပ်တယ်။ တမင်တကာ ဖန်တီးကြတာပေါ့နော်။ ဒီ အဖွဲ့ဖက်က လူတွေက အော်တာကကျတော့ အမေစု ကျန်းမာပါစေ၊ ချမ်းသာပါစေ ဒါတွေတော့ အော်ကြတာပေါ့နော်။ ဒီ စွမ်းအားရှင်တွေဖက်ကကျတော့ မူးပြီးတော့ပေါ့နော်၊ ဘာကို ကျန်းမာရမှာလဲ၊ ဘာကို ချမ်းသာရမှာလဲ ပေါ့နော်၊ အဲလို အော်တဲ့အခါကျတော့ တချို့ လူငယ်တွေက အရမ်းစိတ်ဆိုးကြတာပေါ့နော်။ NLD က လူငယ်တွေက ပြောတာပေါ့၊ ဟို ဘာဖြစ်လို့လဲ မူးနေတယ်ဆိုလို့ရှိရင် ဒီ့ပြင်နေရာကို သွားပေးပါပေါ့၊ ဒီနေရာမှာ မနေပါနဲ့ပေါ့။ အဲလိုမျိုး ပြောတဲ့အခါကျတော့ ငါတို့ အော်တာ ဘာဖြစ်လဲ၊ မင်းတို့က ဘာမို့လို့လဲ အဲလို အရမ်းရန်ရှာတာပေါ့။”
စွမ်းအားရှင်တွေဟာ လျှာထိုးဦးထုပ် အနီနဲ့ အပြာရောင်တွေ ဆင်တူ ဆောင်းထားကြတယ်လို့ ပြောပါတယ်။ သူတို့ကို လူအုပ်ထဲမှာ ကြားညှပ်ထည့်ထားပြီး ဆယ်ပေလောက်အကွာမှာ သုံးယောက်စီ ရှိနေကြတယ်လို့ သိရပါတယ်။
အဓိကရုဏ်းဖြစ်အောင် ဆူပူရန်စမှုတွေ လုပ်ခဲ့ကြပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်အတိုင်း လူထုဖက်က စည်းကမ်းတကျ သည်းခံခဲ့ကြတဲ့အတွက် ဆူပူမှု တစုံတရာ မဖြစ်ပွားခဲ့ကြောင်းလည်း ရန်ကုန်မြို့ခံက ပြောပါတယ်။
ရန်ကုန် ဆင်ခြေဖုံးရပ်ကွက်တွေမှာ အာဏာပိုင်တွေက စွမ်းအားရှင်တွေ စုဆောင်းနေတဲ့သတင်းနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါ ရပ်ကွက်သူတဦးက ခုလို ဖြေကြားပါတယ်။
“ဟုတ်ပါတယ်၊ ညီမတို့ ဆင်ခြေဖုံး ရပ်ကွက်မှာလည်း အဲလိုမျိုးပါပဲ၊ ငှားပါတယ်၊ ညီမတို့ ဒီ ဒေါပုံမှာလည်း အဲဒီအတိုင်းပဲ ငှားနေပါတယ်။ ဘယ်လိုလူတွေကို ငှားလဲ ဆိုလို့ရှိရင် ကြံ့ခိုင်ရေးတွေ၊ ဒီ ဆားစက်တွေ၊ xxxxxxx xxxxxx xxxxx ကုန်သွယ်လယ်ယာတွေက ပိတ်ထားတော့ အလုပ်က သိပ်မရှိကြဘူးလေ၊ အလုပ် သိပ်မရှိကြတဲ့အခါကျတော့ အဲဒီကလူတွေကို ငှားပါတယ်။”
တယောက်ကို ကျပ်ငွေ သုံးထောင်ပေးပြီး ငှားနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒလနဲ့ သာကေတဖက်မှာ ရွေးကောက်ပွဲတုန်းကလည်း မဲရုံစောင့် တယောက်ကို ကျပ်ငွေနှစ်ထောင်နဲ့ ငှားရမ်းခဲ့တယ်လို့ ဆိုပါတယ်။
http://www.rfa.org/burmese/news/junta_backed_thugs_instigate_among_suu_kyi_crowd-11152010103359.html
နေပြည်တော် ခြိမ်းခြောက်ခံနေရပြီလော
Monday, 15 November 2010 18:37 သျှမ်းသံတော်ဆင့်
E-mail Print
သျှမ်းပြည် အခြေပြု နအဖတပ်မ ၅၅ လက်အောက်ခံ နည်းဗျူဟာ ၂ ခုကို မြို့တော်သစ် နေပြည်တော်နှင့် ထိစပ်နေသော ကရင်နီပြည် လွိုင်ကော်ဒေသသို့ စေလွတ်လိုက်ပြီး တပ်တချို့မှာ နေပြည်တော်လုံခြုံရေးအတွက် ဖြန့်ကျက်လှုပ်ရှားနေ ကြောင်း စစ်ဘက်သတင်းရပ်ကွက်များမှ တဆင့် သိရသည်။
ကရင်နီပြည်အတွင်း ယခင်သျှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ယလလဖ /SNPLO ) မှ ခွဲထွက်၍ နအဖကို တိုက်ခိုက်နေသည့် ပအိုဝ်း တပ်နှင့်ကရင်နီတပ်များ ပူးပေါင်းလှုပ်ရှားနေရာ နေပြည်တော်လုံခြုံရေးမှာလည်း စစ်ရေးအရ ခြိမ်းခြောက်ခံ နေရသည်ဟု စစ်ဘက်နှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“မြ၀တီနဲ့ဘုရားသုံးဆူမှာလည်း ပွဲနှစ်ပွဲတိုက်နေရတော့ လန့်နေတယ် နေပြည်တော်ကို ၀င်တိုက်မယ်ဆိုတဲ့ သတင်းလည်း ထွက်တယ် အဲဒါရှေ့ကာဖို့ ထုတ်သုံးတာ အောက်မှာလည်း ရွေးကောက်ပွဲကာလဆိုတော့ ကျန်တဲ့တပ်ထုတ်လို့မရဘူး ကရင်မှာလည်း ပြဿနာပေါ်တော့ ထုတ်လို့မရဘူး ” ဟု သူက ဆိုသည်။
ကရင်နီပြည် လွိုင်ကော်ဒေသသို့ စေလွတ်လိုက်သည့် တပ်မ ၅၅ လက်အောက်ခံ တပ်ရင်း ၆ ရင်း ကယန်း နှင့်ကရင်နီ စပ်ကြားနယ်မြေတွင် ၀င်ရောက်ရှင်းလင်းနေကြောင်း သိရသည်။
“တပ်မ ၅၅ က ၆ ရင်းစလုံး ထုတ်သုံးပြီ ဗျူဟာ ၂ခုပေါ့ လွိုင်ကော်မှာ ကယန်းဘက်နဲ့ ကယားစပ်ကြားကို ဆင်းတာပေါ့ သျှမ်းဂွင်ထဲက ဦးပန်ဖတို့နားမှာ ဗျူဟာ ၁ ခုပဲ ကျန်တော့တယ်” ဟု သူက ဆိုသည်။
အဆိုပါတပ်များအနက် ခမရ ၅၁၁ ၊ ၅၁၂ နှင့် ၅၁၇ တပ်ရင်းများ ကရင်နီပြည် ရှားတောမြို့နယ်အတွင်းရှိ ပွန်ချောင်း အနီးတစ်ဝိုက် လှုပ်ရှားနေကြောင်း ကရင်နီပြည်ထဲရေးဝန်ကြီး ခူးညေးရယ်က ကန္တာရ၀တီသတင်းဋ္ဌာနသို့ ပြောသည်။
ယခုအခါ မွန်ပြည်နယ် ဘုရားသုံးဆူမြို့တွင်လည်း နအဖနှင့် DKBA တိုက်ပွဲများ အဆုံးမသတ်သေးပဲ နယ်ခြားစောင့် တပ်လက်မခံသည့် သျှမ်းပြည်တပ်မတော်နှင့် နအဖတို့ မိုင်းရှူးမြို့နယ်အတွင်း ယမန်နေ့ညနေပိုင်းက တိုက်ပွဲများ ပြင်းပြင်း ထန်ထန် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
http://www.mongloi.org/burmese/2008-08-01-03-22-02/85-2008-08-01-03-14-40/1261-2010-11-15-11-38-55
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အောင်စစ်သည်ဆုရ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်
ရော်နီညိမ်း တနင်္ဂနွေ, 14 နိုဝင်ဘာ 2010
တပ်မှူးတပ်သား ပြောစကား (၀၃၄)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်မှာ အကျယ်ချုပ်နဲ့ အကျဉ်းကျနေရာက နိုဝင်ဘာ(၁၃)ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာခဲ့ပါပြီ။ ဒီနှစ်ထဲမှာပဲ ကသာအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ထောက် တစ်ဦးဖြစ်ခဲ့သူ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ပါ။ သူ့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဦးဝင်းထိန်ရဲ့ ရှုမြင်သုံးသပ်ထားတဲ့ အမြင်သဘောထားတွေကို ဒီတပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ “မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အောင်စစ်သည်ဆုရ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်” ခေါင်းစဉ်နဲ့ ဦးရော်နီညိမ်း က စီစဉ်တင်ဆက်ထားပါတယ်။
ဦးရော်နီညိမ်း။ ။ စစ်အစိုးရက ချမှတ်ခဲ့တဲ့ ထောင်ဒဏ်(၁၄)နှစ်ကို လျှော့ရက်မရှိ အပြည့်အ၀ကျခံခဲ့ရပြီးတော့၊ ပြီးခဲ့တဲ့ ဇူလိုင်လ(၁၅) ရက်နေ့က ကသာထောင်ကနေ ပြန်ပြီး လွတ်မြောက်လာသူကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗိုလ်ကြီးဟောင်း ဦးဝင်းထိန် ဖြစ်ပါတယ်။ ပြည်ပသတင်းမီဒီယာတွေကို သတင်းမှားတွေ ပေးပို့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၁၉၉၆ခုနှစ်မှာ ဦးဝင်းထိန်ဟာ ဒုတိယအကြိမ်ဖမ်းဆီးခံရပြီး ထောင် ဒဏ်(၁၄)နှစ် ကျခံခဲ့ရတာ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်ကလည်း ဇူလိုင်လ(၂၀)ရက်နေ့မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ အထိန်းသိမ်းခံခဲ့ရပြီး ပထမအကြိမ် ထောင်ဒဏ်(၆)နှစ် ကျခံခဲ့ရပါတယ်။ ၁၉၉၅ခုနှစ်မှာ ပြန်ပြီးလွတ်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အနီးကပ် လက်ထောက်တစ်ဦး ဖြစ်လာခဲ့ပုံကို ဦးဝင်းထိန်က အခုလိုရှင်းပြခဲ့ပါတယ်။
ဦးဝင်းထိန်။ ။ စစချင်းကတော့ ကျနော်က ဦးတင်ဦးအနားမှာပဲ ရှိတယ်လေ။ ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ တစ်နိုင်ငံလုံး စည်း ရုံးရေး ခရီးထွက်မယ်၊ ထွက်တဲ့အခါ မြို့တွေမှာ ရင်ဆိုင်ရမယ့်ကိစ္စတွေကို ဒိုင်ခံဖြေရှင်းနိုင်မယ့် လူတစ်ယောက် ပေးပါဆိုပြီးတော့၊ ဒေါ်အောင် ဆန်းစုကြည်က ဦးတင်ဦးဆီကို ပြောတဲ့အခါမှာ ကျနော်က ပါသွားတယ်။ စစချင်း အထက်မြန်မာပြည်ပေါ့၊ ပြည်တို့ မကွေးတို့ တောင်တွင်းကြီး တို့ အစရှိတဲ့ နေရာတွေ သွားတဲ့အခါမှာ အဲဒီကတည်းက သူတို့က အန်အယ်လ်ဒီကို စနစ်တကျနှိပ်ကွပ်ရမယ်ဆိုတာ ညွှန်ကြားချက် ရှိထား တယ်နဲ့ တူတယ်။ ရောက်တဲ့နေရာတွေမှာ ပြဿနာရှာတယ်။ ပြဿနာရှာတဲ့အခါကျတော့ မ၀တ ဥက္ကဌတွေက များသောအား ဖြင့်ကလည်း စစ်တပ်ကလူတွေ ဆိုတဲ့အခါကျတော့၊ ကျနော်က ပြောရဆိုရတာ လွယ်တယ်။ သာယာညှင်းပြောင်း ပြောမယ်၊ သို့မဟုတ်လည်း တခါတလေ ကျရင် ဆွေးနွေးမယ်၊ တခါတလေကျရင်လည်း နည်းနည်း တင်းတင်းမာမာ ပြောမယ်နဲ့ ပြဿနာတွေကို ဖြေရှင်းလာတော့၊ နောက်ဆုံးမှာ ပြန် လာတဲ့အခါမှာ ကျနော့်ကို ဒေါ်စုရုံးမှာ ထားပေးပါလို့ မေတ္တာရပ်ခံတော့ ကျနော်ကလည်း လိုလိုလားလားနဲ့ ရောက်သွားတယ်။ ရောက်သွားတဲ့ အခါမှာတော့ ဒေါ်စုရဲ့ ရုံးကိစ္စတွေ အစည်းဝေးကိစ္စတွေ၊ စာတွေ ဖတ်တယ်၊ ပြင်တယ် လုပ်တဲ့အခါမှာ၊ သူများတွေက ကျနော့်ကို မျိုးစုံပြောတာ ပေါ့၊ ဒေါ်စုရဲ့ ပီအေ၊ ဒေါ်စုရဲ့ ပီအက်စ်အို၊ ဒေါ်စုရဲ့ ရုံးအဖွဲ့မှူး ဘာညာ။ ကျနော်ကတော့ ကိုယ့်ကိုယ်ကို ရာထူးရယ်လို့ သတ်မှတ်ထားတာကို မရှိဘူး။ ဒေါ်စု အထွေထွေအတွင်းရေးမှူးရဲ့ ရုံးကိစ္စတွေ လုပ်ပေးတဲ့လူတစ်ယောက် အဖြစ်ပဲ ကိုယ့်ကိုယ်ကို သတ်မှတ်ထားတယ်။ ဒါ တစ်ချက်။ နောက်တစ်ချက်က ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျနော့်ထက် ငယ်တာကိုး။ ငယ်တော့ ကျနော့်ကို သူ့ရဲ့ လက်ထောက်အနေနဲ့ ပြောရမှာ ပါးစပ်က သူနှုတ်တွန့်နေဟန် တူတယ်။ အားနာနေဟန်တူတယ်။ ဒါကြောင့် ကျနော့်ရဲ့ရာထူးကို သီးခြားဘာမှ ကျနော်တို့ နှစ်ယောက်ကြားမှာ သတ်မှတ်ထားတာ မရှိဘဲနဲ့ သူများပြောရင်လည်း ရုံးအဖွဲ့မှူးဆိုလည်း ‘ဟုတ်တာပေါ့’၊ ဒေါ်စုလက်ထောက် ဆိုလည်း ‘သြော် ဟုတ်တယ်’၊ ဒေါ်စု ရဲ့ပီအေ ဆိုလည်း ‘ထားလိုက်ပါတော့’။ အဲ…အဲဒီလိုမျိုးနဲ့ ဖြစ်လာတာပါ။
ဦးရော်နီညိမ်း။ ။ ပြီးခဲ့တဲ့(၂၂)နှစ်အတွင်း ထောင်ထဲမှာ စုစုပေါင်း နှစ်(၂၀)လောက်နေခဲ့ရသူ ဦးဝင်းထိန်ဟာ ၁၉၆၃ ခုနှစ် စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ်စဉ်(၅)ရဲ့ အောင်စစ်သည်ဆု နဲ့ စာပေထူးချွန်ဆု၊ ဆုနှစ်ဆုကိုရပြီး ကျောင်းဆင်းခဲ့သူ ဖြစ်ပါတယ်။ မြန်မာ့တပ်မတော် (ကြည်း)မှာ အရာရှိဖြစ်လာခဲ့သူ ဗိုလ်ကြီးဝင်းထိန်ဟာ ၁၉၇၆ ခုနှစ်မှာတော့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးသူရကျော်ထင်ရဲ့ ကိုယ်ရေးအရာ ရှိ ဗိုလ်ကြီးအုန်းကျော်မြင့်ရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ထိပ်တန်းခေါင်းဆောင်တွေကို လုပ်ကြံမယ့်အစီအစဉ်မှာ ပတ်သက်မှုရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တပ်မတော်ကနေ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။ ဦးဝင်းထိန်ဟာ ၁၉၈၈ခုနှစ်လူထုအုံကြွမှုအရေးတော်ပုံကာလအထိ နိုင်ငံခြားကုမ္ပဏီ တွေရဲ့ ဌာနေကိုယ်စားလှယ်အဖြစ်၊ အဲဒီခေတ်က အောင်မြင်တဲ့ ကိုယ်ပိုင်စီးပွါးရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီးကာလမှာ ဦးဝင်းထိန်ဟာ “မျိုးချစ် ရဲဘော်ဟောင်းများ” အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ပြီးတော့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖွဲ့စည်း တည်ထောင်ခဲ့ရာမှာ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးရဲ့ လက်ထောက်တွေထဲက တစ်ဦးအဖြစ်နဲ့ အန်အယ်လ်ဒီပါတီထဲကို ရောက်ရှိလာခဲ့ ပါတယ်။ ဒီလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်စိတ်ချစွာ တာဝန်တွေပေးအပ်ခြင်းခံရသူ ဖြစ်လာတဲ့အခါမှာ။ ကိုယ့်ရဲ့ခေါင်းဆောင် အပေါ် ပထမဆုံး သူ့ရဲ့ ရှုမြင်သုံးသပ်ခဲ့မှုကို ဦးဝင်းထိန်က အခုလို ပြောပါတယ်။
ဦးဝင်းထိန်။ ။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ နံမည်ပဲ ကြားဖူးတာ ကိုး။ နံမည်ပဲကြားဖူးတဲ့ အခါကျတော့ သူ့ အရည်အချင်းလည်း ကျနော် မသိဘူး။ ကျနော်ထက်လည်း ငယ်တယ်။ နောက်ပြီးတော့ နိုင်ငံခြားမှာလည်း သွားနေတယ် ဆိုတော့၊ ကျနော် သိပ်ပြီးတော့ လေးလေးနက်နက် မရှိမိဘူး။ သို့သော် ခရီးသွားရင်းနဲ့ တွေ့တဲ့အခါမှာ၊ ပြည်သူလူထုနဲ့ဆက်ဆံတာတွေ နောက် သူ့ရဲ့ပြောဆိုတာတွေ၊ နှစ်ယောက်ချင်း အချိန်ရလို့ ပြောတာဆိုတာတွေ ရှိတဲ့အခါမှာ သူဟာ ကျနော့်ထက် ငယ်သော်လည်းပဲ၊ နိုင်ငံရေး အရည် အချင်းကတော့ ကျနော့်ထက် အများကြီးမြင့်တယ် ဆိုတာ သိလိုက်ရတဲ့အတွက်၊ ဒါက တစ်ကြောင်း။ နောက်တစ်ကြောင်းက သူ့ရဲ့ စေတနာ၊ ဘာ စေတနာလဲဆိုရင် နိုင်ငံရေးလုပ်တဲ့အခါမှာ ဒီနိုင်ငံရဲ့ အာဏာအပြောင်းအလဲကို သွေးထွက်သံယို မရှိဘဲနဲ့လုပ်တဲ့ ထုံးတမ်းစဉ်လာတစ်ခု တည်ဆောက်မယ်ဆိုတဲ့ သူ့ရဲ့စေတနာကို ကျနော်က လေးစားပြီးတော့မှ သူ့ဆီ မှာ လုပ်ဖို့ သဘောတူခဲ့တာ။
ဦးရော်နီညိမ်း။ ။ ၁၉၈၉ ခုနှစ် အာဇာနည်နေ့မှာ စစ်အစိုးရက အန်အယ်လ်ဒီပါတီအနေနဲ့ လူထုကို ဦးဆောင်ပြီး အာဇာနည်ဗိမာန်ကို ချီတက်ပွဲ ပြုလုပ်ရင်၊ ပစ်ခတ် နှိမ်နင်းမယ်လို့ ရာဇသံပေးထားခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ချတာ မှာ၊ အနီးကပ် လက်ထောက်ဖြစ်နေသူ ဦးဝင်းထိန်အနေနဲ့ သူကြုံတွေ့ခဲ့ရ တဲ့ အတွေ့အကြုံကို အခုလိုပြောပါတယ်။
ဦးဝင်းထိန်။ ။ အာဇာနည်နေ့ ကိစ္စကတော့ ဒါ န၀တ အစိုးရ ထောင်ဖမ်းတဲ့ သဘောပေါ့။ ဘယ်လိုထောင်ဖမ်းသလဲ ဆိုရင်၊ အာဇာနည် ကုန်းကို ချီတက်တဲ့နေ့မှာ ဘယ်နှစ်ယောက်ပဲ လာရမယ်တို့ ဘယ်နှစ်ယောက်ပဲ အလေးပြုခွင့်ရှိတယ်တို့ သတ်မှတ်လိုက်တယ် ဆိုတာ ဒါ တမင် သက်သက် နိုင်ငံရေးဆင်ကွက်ကိုး။ အဲဒါကို ဒေါ်စုက လက်မခံဘဲနဲ့ ပထမ သူတို့အမိန့်ကိုမနာခံဘဲ ချီတက်မယ်ဆိုပြီးတော့၊ ညကျမှ လူကြီးတွေ နဲ့ တိုင်ပင်ပြီးတော့ နောက်တစ်နေ့ မချီ တက်တော့ဘူးဆိုတဲ့ သဘောဖြစ်တဲ့အခါ၊ ဒါပေမယ့် အဲလို လုပ်တဲ့အခါမှာ နောက်ကျသွားပြီ။ သူတို့က နှိပ်ကွပ်ဖို့ ဆုံး ဖြတ်လိုက်တဲ့အခါမှာ၊ ကျနော်အပါအ၀င် ဒေါ်စုခြံထဲမှာရှိတဲ့လူတွေ အကုန်လုံးကို ထောင်ထဲပို့လိုက်တာပေါ့။ ဒေါ်အောင်ဆန်းစု ကြည်ကတော့ သူက နိုင်ငံတကာ အတွေ့အကြုံကော၊ ပြည်တွင်းမှာ ၁၉၈၉ခုနှစ် ဇူလိုင်လအထိ လှုပ်ရှားခဲ့တာကော၊ နည်းတာမဟုတ်ဘူး။ နောက်ပြီးတော့ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ချမယ် ဆိုလို့ရှိရင် ဒီ CEC (Central Executive Committee – ဗဟိုအလုပ်အမှုဆောင် ကော်မီတီ) ပေါ့၊ ဦးကြည်မောင်တို့ ဦးအောင်ရွှေတို့ ဗိုလ်ချုပ်ကြီးတင်ဦးတို့ နဲ့ တိုင်ပင်သလို ကျနော်တို့နဲ့လည်း သီးသန့်တိုင်ပင်တာတွေ ရှိတယ်။ တိုင်ပင်တဲ့အခါမှာ ကျနော်တို့က ကိုယ့်အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောတဲ့အခါမှာ တခါတလေကျ သူ လက်ခံတာလည်း ရှိတယ်။ လက်မခံတာ လည်း ရှိတယ်။ သူ လက်မခံတဲ့ဟာတွေလည်း ကျနော်တို့က နားလည်တယ်။ အဲဒီလိုပေါ့၊ တဘက်သတ် န၀တ စွပ်စွဲသလို အာဏာကို သုံးပြီး တော့မှ သူ့အရှိန်အ၀ါနဲ့ လူကြီးတွေကော လူငယ်တွေကော ဒရွတ်တိုက်ပြီး ခေါ်သွားတယ် ဆိုတဲ့ဟာ မဟုတ်ပါဘူး။
ဦးရော်နီညိမ်း။ ။ ပထမအကြိမ် ဖမ်းဆီးခြင်းခံခဲ့ရပြီး (၆)နှစ်အကြာ ၁၉၉၅ ခုနှစ်မှာ ဦးဝင်းထိန်ဟာ ဒေါ်အောင်ဆန်းစုကြည်ထက် လအ နည်းငယ်စောပြီး လွတ်မြောက်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျနေစဉ်မှာ စစ်အစိုးရရဲ့ဖိအားပေးမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ကို အန်အယ်လ်ဒီကနေ ထုတ်ပယ်ခဲ့ရတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စ အပေါ်မှာ ရပ်တည်ခဲ့ပုံကို ဦးဝင်းထိန် က အခုလိုပြောပြပါတယ်။
ဦးဝင်းထိန်။ ။ ၁၉၉၅ ခုနှစ်မှာ ကျနော်က ဖေဖော်ဝါရီလ (၅)ရက်နေ့မှာ လွတ်တယ်။ ဒေါ်စုက ဇူလိုင်လ(၁၀) ရက်နေ့မှာ လွတ်တယ် ဆိုတော့၊ (၅) လလောက် ကွာတာပေါ့။ အဲဒီတုန်းက န၀တရဲ့ ဖိအားပေးမှုကြောင့် ဒေါ်အောင် ဆန်းစုကြည်နဲ့ ဦးတင်ဦးကို အန်အယ်လ်ဒီက ထုတ်ထားပြီးပြီ။ အဲဒီတော့ နယ်တွေမှာလည်း အဲဒီလို ထုတ်ထားလို့ မကျေနပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အသီးသီး တကွဲတပြား ဖြစ်နေကြပြီ။ အဲလိုဆိုတော့ …အင်း ..ဒေါ်စု လွတ်ရင်တော့ ဘယ်လိုများနေမလဲမသိဘူး ဆိုပြီး၊ ကျနော် အတွေးတွေ ဝေနေတာပေါ့။ တကယ်လည်း ဇူလိုင် လ(၁၀)ရက်နေ့ လွတ်တဲ့အခါကျတော့၊ အပြင်ကလူအုပ်ကြီးတွေ အများကြီးပေါ့လေ။ နိုင်ငံခြားသံရုံးတွေ နိုင်ငံခြားသတင်းထောက်တွေပါ အကုန် လုံး ရောက်လာတဲ့အချိန်မှာ ပထမဦးဆုံးမေးတဲ့ မေးခွန်းက ဘာလဲဆိုရင်၊ ‘ဒေါ်အောင်ဆန်းစုကြည်က ဦးအောင်ရွှေအပေါ်မှာ ဘယ်လို သဘော ထားသလ’ဲ ဆိုတာ။ အဲဒီမေးခွန်းက သိပ်အရေးကြီးတယ်။ ကျနော်လည်း လုံးဝ မမျှော်လင့်ထားဘူး။ ဦးအောင်ရွှေတို့ ဦးလွင်တို့ ဆိုတာက အန် အယ်လ်ဒီကနေ ဒေါ်စုကို ထုတ်ထားတဲ့ ပုဂ္ဂိုလ်တွေ။ အဲဒီအချိန်မှာ ထိုင်နေတာက ညာဘက်မှာ ဦးအောင်ရွှေနဲ့ ဦးလွင်၊ ဘယ်ဘက်မှာ ဦးတင်ဦး နဲ့ ဦးကြည်မောင်၊ ကျနော်က မှတ်တမ်းတင် ပေါ့။ အဲဒီတော့ ဒေါ်စုရဲ့အဖြေက ဘယ်လောက်အထိ အချက်ကျသလဲ ဆိုလို့ရှိရင် “ကျမတို့ အခု ဒီလို အတူတူထိုင်နေကြတာပဲ ကြည့်ကြပါ။ ဒီလို အတူတူ ညီညီညွတ်ညွတ်ထိုင်နေကြသလို နောင်ဆိုရင်လည်း ဒီလိုပဲ ညီညီညွတ်ညွတ် လုပ် သွားကြမယ်” ဆိုတဲ့ အဖြေတစ်ခုနဲ့တင် အရင်တုန်းက န၀တ ဆင်ထားတဲ့ ဆင်ကွက်ကြီးက အကုန်လုံး ပျက်သွားတယ်။ သူတို့ ဆင်တာက ဘယ်လိုလဲ ဆိုတော့ ဦးအောင်ရွှေနဲ့ ဦးလွင်ကတော့ ဒေါ်စုကို ထုတ်လိုက်ပြီ။ ဒေါ်စုက မာနကြီးတယ်။ စိတ်ထက်တယ်။ ဒေါ်စုကတော့ ခံမှာ မဟုတ်ဘူး။ ဦးအောင်ရွှေနဲ့ ဦးလွင်ကို ဆော်ကြမှာပဲ။ အန်အယ်လ်ဒီ နှစ်ခြမ်းကွဲမှာပဲ ဆိုတဲ့ ပုံစံမျိုးနဲ့လုပ်တဲ့ ခွင်ကြီးဟာ၊ အဲဒီအဖြေတစ်ခုတည်းနဲ့ ကိစ္စပြီးသွားပြီ လို့ ကျနော်က ဘေးကနေရင်းနဲ့ သဘောပေါက်လိုက်တယ်။
ဦးရော်နီညိမ်း။ ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဦးဝင်းတင်က ပြောပါတယ်။ “ဒီရွေးကောက်ပွဲ ဒီလိုပဲ ဖြစ်လိမ့်မယ်။ ဒီလိုတွေပဲ ကြုံရမယ်” ဆိုတာ သိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီရွေးကောက်ပွဲကို အန်အယ်လ်ဒီအနေနဲ့ မ၀င်ဖို့ ဆုံးဖြတ်ချက်ချမှုက ခိုင်မာတယ်၊ ဒီဆုံးဖြတ်ချက် ပေါ် မူတည်ပြီးတော့ “ပြည်သူလူထုကလည်း ကိုယ်မဲမပေးချင်တဲ့ပါတီကို မဲမပေးဘဲ နေလို့ရတယ်” ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူကို သတင်းပေးချက်ကလည်း အောင်မြင်ပေါက်ရောက်တယ်၊ ဒါတွေ အတွက်ကြောင့်မို့လို့ “ဒီရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် နိုင်တယ်” လို့ ဦးဝင်းတင်က ပြောပါတယ်။ အဲဒီအပေါ်မှာကော ဦးဝင်းထိန် အနေနဲ့ ဘယ်လိုများ မှတ်ချက်ပေးချင်ပါသလဲ ခင်ဗျာ။
ဦးဝင်းထိန်။ ။ ကျနော်က အခု သွားတာလာတာတွေက ဘတ်(စ်)ကားနဲ့ သွားနေတယ်။ ဘာ့ကြောင့်လဲဆိုရင် ဘတ်(စ်)ကားထဲမှာ လူ တွေ ပြောတဲ့ဆိုတဲ့အသံကို နားထောင်ချင်လို့။ အခု ရွေးကောက်ပွဲလည်း ပြီးလို့ မနေ့ကကော တမြန်နေ့ကကော ဘတ်စ်ကားပေါ်မှာ “ ဟာ အန်အယ်လ်ဒီလုပ်တာ မှန်တာပေါ့၊ ဒေါ်စုလုပ်တာ မှန်တာပေါ့” ဆိုတာမျိုးတွေ ကြားရတယ်။ အဲဒီလိုတွေ ဖြစ်လာတယ်။ ပြောရရင်တော့ ပါဠိ စကား ပေါ့ဗျာ။ ဗဟိဒ္ဓ နဲ့ အဇ္ဇျတ ၊ ဗဟိဒ္ဓ ဆိုတာ ‘အပြင်’ ပေါ့။ ‘အဇ္ဇျတ’ ဆိုတာ အတွင်းသားပေါ့။ ဗဟိဒ္ဓအားဖြင့်ဆိုရင် သတင်းစာထဲမှာ ကြည့် လိုက်။ အမတ်တွေဟာ ပြည်ခိုင်ဖြိုး၊ ပြည်ခိုင်ဖြိုး၊ ပြည်ခိုင်ဖြိုး၊ ပြည်ခိုင်ဖြိုး အကုန်လုံးပဲ။ ဒါ ဗဟိဒ္ဓအားဖြင့် သူတို့ နိုင်တယ်ဆိုတဲ့ သဘောပေါ်တာ ပေါ့။ သို့သော်လည်း အဇ္ဇျတ အားဖြင့်ဆိုရင် အရပ်ထဲမှာ သွားကြည့်၊ ဈေးထဲမှာ သွားကြည့်၊ ဘတ်စ်ကားပေါ်မှာ သွားကြည့်၊ လူတွေက ဒီရွေး ကောက်ပွဲကြီးကို ဟာသ လုပ်နေကြတယ်။ အပြစ် ပြောနေကြတယ်။ ဟာ..ရိုက်စားကြီးပါကွာ ပေါ့။ အဲဒီတော့ အဇ္ဇျတအားဖြင့်ဆိုရင် ဒေါ်အောင် ဆန်းစုကြည်ပြောတဲ့ အနှစ်သာရဟာ မှန်ကန်တယ်။ အမှန်အတိုင်း သုံးသပ်ကြည့်ရမယ် ဆိုရင်တော့ ကျနော်တို့ အန်အယ်လ်ဒီ ဟာ၊ တကယ့် ဒေါင်ဒေါင်မြည်တွေပဲ ကျန်တယ်။ နောက်ပြီးတော့ ယောယိယောရာ informer (စစ်အစိုးရကို သတင်းပေးသူများ) တွေကလည်း အများကြီးပဲ။ ကျနော် သတိထားမိတယ်။ နောက် ဒေါ်စုအနေနဲ့ ဘာ program ချမလဲဆိုတာလည်း ကျနော်တို့ မျှော်လင့်နေတယ်။ အခုတလော ခင်ဗျားတို့ လည်း ကြားမှာပေါ့။ “ဒုတိယ ပင်လုံညီလာခံ” ခေါ်မယ့် ကိစ္စ။ အဲဒီကြေညာချက် ထုတ်တုန်းက ကျနော် ဒုလဘ္ဘ ရဟန်းဝတ်နေလို့ မကြားမိဘူး။ အပြင်ထွက်လာတဲ့ အခါကျမှ ကြားတဲ့အခါကျတော့ စဉ်းစားကြည့်တာမှာ ဒီအယူအဆဟာ တော်တော်တော့ အဓိပ္ပါယ်ရှိတယ်လို့။ ဘာလို့လဲ ဆိုရင် ကျနော်တို့ တိုင်းပြည်မှာ အခုထက်ထိ တိုင်းရင်းသား အချင်းချင်း ညီညီညွတ်ညွတ်နဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေး မရနိုင်သေးဘူး။ တကယ့် စစ်မှန်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မရနိုင်သေးတဲ့အတွက် ရအောင်လုပ်ဖို့၊ ဒုတိယအကြိမ် ပင်လုံညီလာခံ လုပ်တာဟာ အင်မတန် အဓိပ္ပါယ်ရှိတယ်လို့ ကျနော် သဘောပေါက်တယ်။ ကိုယ့်ဘာသာ စဉ်းစားပြီးတော့ ဒါကို သိပ်သဘောကျနေတာ။
ဦးရော်နီညိမ်း။ ။ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတဲ့အခါမှာ ဦးဝင်းထိန်အနေနဲ့ ကိုယ့်ရင်ထဲကလာတဲ့ ရဲဘော်ရဲဘက် စကားမျိုး ဘယ်လိုများပြောဖို့ စဉ်းစားထားပါသလဲလို့ နောက်ဆုံး မေးပါရစေ ခင်ဗျာ။
ဦးဝင်းထိန်။ ။ ကျနော်တို့ နှစ်ပေါင်း (၂၀) အန်အယ်လ်ဒီမှာ လှုပ်ရှားပါဝင်တဲ့အခါမှာ၊ ဒေါ်စုက စပြီး ဟိုးအောက်ခြေက အန်အယ်လ်ဒီ ပါတီဝင်တွေ အထိဟာ ဆုံးရှုံးမှုတွေ၊ နစ်နာမှုတွေ၊ ပေးဆပ်မှုတွေ အသက်တောင် သေသွားပြီး အသက်စွန့်တဲ့လူတွေ အများကြီး ရှိခဲ့တယ်။ ရှိခဲ့တော့၊ အဲဒီလို လူတွေ ရှိတဲ့အတွက်ကြောင့် ကျနော့်မှာ ဆုံးရှုံးရချည်ရဲ့လို့ ပြောရမှာရှက်တယ်။ အဲဒီတော့ ကိုယ့်ယုံကြည်ချက်ကလည်း ရှိနေတဲ့အတွက်ကြောင့်မို့ ဒေါ်စုလုပ်တဲ့အတိုင်း ကျနော် ဆက်ပြီးတော့ လုပ်ရလိမ့်မယ်။ ဆက်ပြီးတော့လည်း သူ ကျနော့်ကို ဘယ်မှာထားမလဲ၊ သူ့နားမှာ ထားချင်လည်း ထား၊ မထားချင်လည်း မြို့နယ် ပို့မလား၊ တိုင်း ပို့မလား၊ ကြိုက်တဲ့နေရာပို့။ လုပ်မယ်လို့ ကျနော် ဆုံးဖြတ်ပြီးပြီ။ ကျနော်တို့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကြီး တစ်ခုလုံးမှာ အန်အယ်လ်ဒီက ပြတ်ပြတ်သားသား နိုင်ခဲ့တဲ့အတွက်ကြောင့်မို့ အခုရွေးကောက်ပွဲက လည်း သူတို့က တရားဝင် မကြေညာဘဲနဲ့ အာဏာပြန်သိမ်းတာပဲ။ သဘောကတော့ ဒီအတိုင်း ပဲ။ ပြည်သူလူထုတွေကို မေးကြည့်လိုက်ရင် မကျေနပ်တဲ့လူက အများကြီး။ ဒါပေမယ့် အကြောက်တရား ရှိနေကြတယ်။ အဲဒီ အကြောက်တရားကိုတော့ ကိုယ့်ကိုယ်ကို ဆင်ခြင်ပြီးတော့မှ မတရားတာကို နည်းမျိုးစုံနဲ့ တတ်နိုင်သမျှ ဆန့်ကျင်ပေးကြပါ။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်တွေကို ပိုပြီးတော့ ထောက်ခံပေး ကြပါလို့ မေတ္တာရပ်ခံချင်တယ်။ ဒါပါပဲဗျာ။
http://www.voanews.com/burmese/news/soldier-talk/11_13_10_soldiers_talk034-107800679.html
ပါတီရပ်တည်ခွင့် အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ု ကျမ်းကျိန်ရမည်
မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ နိုဝင်ဘာလ ၁၅ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၅၀ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဆက်လက်ရပ်တည်ခွင့်နှင့် ပတ်သက်၍ စစ်အစိုးရအပေါ် တရားစွဲဆိုသည့် အမှုအတွက် ပါတီအထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က မနက်ဖြန် နေ့လည် ၁၂ နာရီ၌ ရန်ကုန်တိုင်း ဗဟိုတရားရုံးချုပ်တွင် ကျမ်းသစ္စာကျိန်ဆိုရမည် ဖြစ်သည်။
ပါတီဆက်လက်ရပ်တည်ခွင့် ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ရှေ့နေများမှတဆင့် ရန်ကုန်တိုင်း ဗဟိုတရားရုံးချုပ်သို့ ပြီးခဲ့သည့်လ ၅ ရက်နေ့တွင် တရားဆွဲဆို လျှောက်ထားခဲ့ရာ တရားရုံးက လက်ခံခဲ့သဖြင့် ယင်းအမှုအတွက် တရားစွဲဆိုသူအနေဖြင့် မနက်ဖြန် ကျမ်းကျိန်ရမည်ဟု ရှေ့နေ ဦးကြည်ဝင်းက ပြောဆိုခြင်း ဖြစ်သည်။
“မနက်ဖြန် ၁၂ နာရီမှာ ကျမ်းကျိန်လွှာကို ဒေါ်စုလာပြီး ဗဟိုတရားရုံးချုပ်မှာ လုပ်ပေးမယ်။ ကျမ်းကျိန်လွှာကို အခု ကျနော်ရေးနေတယ်။ ကျနော်တို့ နေပြည်တော်မှာ ဆွဲတဲ့အမှုက ဆွဲတဲ့ပုဂ္ဂိုလ်က ကျမ်းကျိန်လွှာ ပေးရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကြီး ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။
ကျမ်းကျိန်ပြီးနောက် ယခုလ ၁၈ ရက်နေ့တွင် ဒေါ်စု၏ ရှေ့နေနှစ်ဦးဖြစ်သည့် ဦးဥာဏ်ဝင်းနှင့် ဦးကျော်ဟိုးတို့ နေပြည်တော်သို့ သွားရောက်ကာ အမှုအား လက်ခံသင့် မခံသင့်အတွက် လျှောက်လဲကြမည် ဖြစ်သည်။
ယခုမှ စတင်တရားစွဲဆိုရန် ပြင်ဆင်နေသည့် အမှုအတွက် အမှုကို လက်ခံသင့် မခံသင့် လျှောက်လဲစေခြင်းသည် လုပ်ရိုးလုပ်စဉ် မရှိသည့် ဆောင်ရွက်ချက်ဟု ဦးကြည်ဝင်းက ပြောသည်။
“ဒီလိုမူလအမှုကို လက်ခံသင့်မသင့်ဆိုတာက လုပ်ရိုး ထုံးစံမရှိဘူး။ အယူခံတို့၊ ပြင်ဆင်မှုတို့ ဖြစ်ရင် လက်ခံသင့် မသင့်ဆိုတာ လုပ်ပါတယ်။ အောက်ရုံးမှာ ဆုံးဖြတ်ပြီးလို့ တဆင့်ထပ်တက်တာဆိုရင် အဲဒီလို လုပ်လို့ ရပါတယ်။ အခုဟာက မူလအမှုဆိုတော့ သက်သေတွေ ဘာတွေ ဖော်ပြထားတယ်။ တကယ်တော့ အဲဒီမှာ စစ်ရမယ်။ မစစ်ဘဲနဲ့ ပယ်ရင်တော့ ဥပဒေက မည်သို့ပင် ဆိုစေကာမှုဆိုတဲ့ သဘောမျိုး ဖြစ်သွားမယ်” ဟု သူက ပြောသည်။
NLD ကို ဖျက်သိမ်းခြင်း မပြုရေး တားဝရမ်းထုတ်ပေးရန်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဆက်လက် ရပ်တည်ခွင့်ရှိကြောင်း ကြေညာပေးရန် ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေက ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် ရန်ကုန်တိုင်း တရားရုံးချုပ်သို့ ဦးတိုက်လျှောက်ထားခဲ့သည်။ သို့သော် တရားရုံးက လက်မခံဘဲ ပယ်ချခဲ့သည်။
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၅ ရက်နေ့တွင် ဦးတိုက်လျှောက်ထားခဲ့ရာ ရန်ကုန်တိုင်း ဗဟိုတရားရုံးချုပ်က လက်ခံခဲ့သည်။
၁၉၉ဝ ပြည်သူ့လွှတ်တော် ဥပဒေပုဒ်မ ၃ သာမက နဝတ ကြေညာချက်အမှတ် ၁/၉ဝ ၊ အပိုဒ် ၁၂ တွင် ရွေးကောက်ခံ လွှတ်တော်အမတ်များဖြင့် ပြည်သူ့လွှတ်တော်ကို ဖွဲ့စည်းရမည်ဟု ဆိုသည်။ NLD က ၈ဝ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့သော်လည်း စစ်ခေါင်းဆောင်များက ယနေ့ထိ လွှတ်တော် ခေါ်မပေးခဲ့ပါ။
၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ကျင်းပသည့် နဝတ အစိုးရကိုယ်တိုင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဟု ကျေညာခဲ့ပြီး နိုင်ငံတကာကလည်း ယင်းရလဒ်ကို အသိအမှတ်ပြုခဲ့သော်လည်း ကတိအတိုင်း နဝတက လွှတ်တော်ခေါ်မပေးခြင်းကြောင့် ရွေးကောက်ပွဲ သမိုင်းကြောင်းမလှခဲ့သည့်အတွက် ယခုကဲ့သို့ တရားစွဲဆိုရခြင်း ဖြစ်ကြောင်း ဦးကြည်ဝင်းက ပြောသည်။
“ကျနော်တို့က ဥပဒေစိုးမိုးရေးအတွက် ပြောတာပါ။ ဗမာ့ရွေးကောက်ပွဲသမိုင်း မကောင်းမှာ စိုးလို့ လုပ်တာပါ” ဟု သူက ပြောသည်။
၁၉၇၃ စကားရပ်များ အဓိပ္ပာယ်ဖွင့်ဆိုချက် ဥပဒေ ပုဒ်မ ၁၄ တွင် မည်သည့် ပုဂ္ဂိုလ် အဖွဲ့အစည်းမဆို ယခင်က ကြိုးပမ်းလုပ်ဆောင်ထား၍ ရရှိခဲ့သည့် ခံစားခွင့်များနှင့် အခွင့်အရေးများကို အသစ်ထပ်မံ ပြဋ္ဌာန်းသည့် ဥပဒေအရ ထိခိုက်ဆုံးရှုံးမှု မဖြစ်စေရဟု ဖော်ပြထားသည်။
“အန်အယ်ဒီရဲ့ ရလဒ်တွေက သဲထဲရေသွန် မဖြစ်စေရ၊ မထိခိုက်ရဘူး။ ဒါကြောင့် အဲဒီပြဋ္ဌာန်းချက်တွေနဲ့အညီ၊ ဥပဒေစိုးမိုးရေး အားကိုးအားထား လုပ်ပြီး စွဲခဲ့တာ” ဟု သူက ဆက်ပြောသည်။
ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ပြီးနောက် သတ်မှတ်ထားသည့် ရက်ပေါင်း ၆ဝ အတွင်း ပြန်လည် မှတ်ပုံမတင်သဖြင့် NLD အပါအဝင် နိုင်ငံရေးပါတီ ၁ဝ ခုအား ဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကြေညာခဲ့သည်။
http://www.mizzimaburmese.com/news/inside-burma/6447-2010-11-15-15-22-12.html
ကုလသမဂ္ဂ၊ အာဆီယံနှင့် ရွေးကောက်ပွဲလုပ်ဇာတ်
ရှောင် စမစ် (Shawn Smith) | တနင်္လာနေ့၊ နိုဝင်ဘာလ ၁၅ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၃၄ မိနစ်
ဘန်ကောက် (မဇ္ဈိမ) ။       ။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က မြန်မာစစ်အစိုးရ ကျင်းပသည့် ရွေးကောက်ပွဲ ရလဒ်များကို အလွန်ဆုံး  တပတ်က နှစ်ပတ်အတွင်း (မူလချမှတ်ထားသည့်အတိုင်း) ထုတ်ပြန်ကြေညာ၍ အပြီးသတ် ဆောင်ရွက်ရတော့မည် ဖြစ်သည်။ ဤသို့ဆိုလျှင် ဖြစ်လာမည့် ရလဒ်အပေါ် ကုလသမဂ္ဂက မည်သို့ တုံ့ပြန်ဆောင်ရွက်ပါမည်နည်း။
အမေရိကန်ပြည်ထောင်စု၏ သမ္မတ ဘားရက် အိုဘားမားနှင့် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့က  သြစတြေးလျခေါင်းဆောင်များနှင့်အတူ တသံတည်း ယခုရွေးကောက်ပွဲသည် တရားမျှတ အားလုံး ပါဝင်ခွင့်ရှိသည့် ရွေးကောက်ပွဲအဖြစ် လက်မခံနိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ သမ္မတအိုဘားမားက ဤကိစ္စကို မရှေးမနှောင်းပင် အိန္ဒိယခရီးစဉ်၌ ထုတ်ဖော်ပြောကြားခဲ့သည်။ မစ္စစ် ကလင်တန်နှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး ဒေါက်တာ ရောဘတ် ဂိတ်စ်ကမူ သြစတြေးလျ နိုင်ငံခြား ရေးဝန်ကြီး ကီဗင် ရုဒ်၊ ကာကွယ်ရေးဝန်ကြီး စတီဖင် စမစ်တို့နှင့်အတူ ပူးတွဲကြေညာချကထုတ်၍ သဘောထားဖော်ပြခဲ့ကြသည်။ “သြစတြေးလျနှင့် အမေရိကန်ပြည်ထောင်စုတို့က မြန်မာအာဏာပိုင်များအနေနှင့် လွတ်လပ်မျှတသည့်၊ အမှန်တကယ် ပြည်သူများ ကိုယ်စားပြုပါဝင်ခွင့်ရှိသည့် ရွေးကောက်ပွဲများ ကျင်းပမပေးသည်ကို အထူးဝမ်းနည်းကြောင်း” ဖော်ပြထားသည်။ 
ကနေဒါနှင့် ယူကေတို့ကလည်း ရွေးကောက်ပွဲနှင့် ပတ်သက်၍ အတိအလင်း ဝေဖန်ခဲ့ကြသည်။ မြန်မာ၊ ထိုင်း၊ ကမ္ဗောဒီးယားနှင့် လာအိုဆိုင်ရာ ကနေဒါသံအမတ်ကြီး ရွန် ဟော့ဖ် မင်း (Ron Hoffman) နှင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး အင်ဒရူး ဟိန်း တို့က ရွေးကောက်ပွဲနှင့် ပတ်သက်၍ အကျိုးဆက်များကို ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များကလပ်တွင် ပွင့်ပွင့်လင်းလင်း ပြင်းပြင်းထန်ထန် ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ သို့သော်လည်း ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့သာလျှင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဗီတိုအာဏာ သုံးခွင့်ရှိသည့် အဖွဲ့ဝင်နိုင်ငံ များဖြစ်ပြီး ကနေဒါနှင့် သြစတြေးလျတို့ ဝင်မဆွေးနွေးနိုင်ကြပေ။
အာဆီယံက မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး၊ နိုင်ငံတွင်း တည်ငြိမ် တိုးတက် လာစေရေးအတွက် အရှိန်မြှင့် ဆောင်ရွက် သွားရန် တိုက်တွန်းပါသည်
လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်မဟုတ်သော်လည်း အာရှတိုက် အဖွဲ့ဝင်နေရာ ရထားသူက ဂျပန်နိုင်ငံ ဖြစ်သည်။ အရင်နှစ်များအတွင်းက အနောက်မှ သဘောထား တင်းမာသည့် နိုင်ငံများနှင့် မြန်မာစစ်အစိုးရအကြား၊ ပို၍ပြေလည်လိုသည့် သဘောထားရှိသူ အာဆီယံနိုင်ငံများအကြား ကြိုးစား၍ အလယ်လမ်းကြောင်းကို ဂျပန်က ရှာဖွေနေခဲ့သည်။ ဂျပန်က မြန်မာအစိုးရထံ ဖွံ့ဖြိုးရေးအကူအညီများ ထောက်ပံ့ပေးထားသလို စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများလည်း ရှိနေသည်။ ထို့ပြင် သံတမန်ရေးအရ ဆက်ဆံမှုများလည်း ရှိနေခဲ့သည်။ သို့သော်လည်း ၎င်းတို့က ဆွေးနွေးပြောဆိုမှုနှင့် သံတမန်ရေးဖိအားပေးမှုကို မျှတအောင် ထိန်းထားပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အကြိမ်ကြိမ် တောင်းဆိုနေခဲ့သည်။ ယခုပတ်ကုန်အတွင်း ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာမည်ဟု သတင်းများလည်း ထွက်ပေါ်နေခဲ့သည်။ (တည်းဖြတ်နေချိန်တွင် လွတ်မြောက်လာပြီဖြစ်သည်- အယ်ဒီတာ)
ဂျပန်က တနင်္ဂနွေရွေးကောက်ပွဲကို “အထူး စိတ် ပျက်ဖွယ်” ဟု ဆိုခဲ့သည်။ ဤရပ်တည်ချက်က အာဆီယံနှင့် ဆန့်ကျင်နေသည်။ အာဆီယံက ရွေး ကောက်ပွဲပေါ် “ကြိုဆို” ခဲ့ပြီး တနင်္လာနေ့က ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး ဖမ် ဂီယာ ခမ် (Pham Gia Khiem ) ၏ ထုတ်ပြန်ချက်တွင် “ရှေ့တလှမ်းတိုးမှု” ဟု ဖော်ပြခဲ့သည်။ ဗီယက်နမ်က ယခုနှစ်အတွက် အာဆီယံ အဖွဲ့၏ ဥက္ကဋ္ဌတာဝန်ယူထားသူလည်း ဖြစ်သည်။ မနီလာ နေ့စဉ်ထုတ် ဖိလစ်ပိုင်စတား (Philippine Star) အင်္ဂလိပ်သတင်းစာတွင် ဖော်ပြထားသည့် စင်ဟွာသတင်းအရမူ ခမ်က အာဆီယံအနေနှင့် မြန်မာစစ်အစိုးရကို လိုအပ်သည့်အချိန်၌ အာဆီယံပဋိဉာဉ်အတိုင်း အကူအညီ ပေးရန် လိုလားသည်ဟု ဖော်ပြထားသည်။ 
“အာဆီယံအနေနှင့် မြန်မာနိုင်ငံတွင် ၂ဝ၁ဝ နိုဝင်ဘာ ၇ ရက်က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ ကို ‘ဒီမိုကရေစီရေး လမ်းပြမြေပုံ ၇-ချက်’ အတွက် သိသာသည့် ခြေလှမ်းတဆင့် အကောင်အထည်ဖော်မှု အဖြစ် ကြိုဆိုပါသည်။ အာဆီယံက မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး၊ နိုင်ငံတွင်း တည်ငြိမ်တိုးတက်လာစေရေးအတွက် အရှိန်မြှင့်ဆောင်ရွက်သွားရန် တိုက်တွန်းပါသည်” ဟု အဖွဲ့ အတွင်းရေးမှူးများ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
ဤတုံ့ပြန်မှုသည် ရွေးကောက်ပွဲမတိုင်မီက ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့၏ ဝေဖန်မှုများကို ပြန် ချေဖျက်သည်နှင့် တူနေသည်။ “လူအများ ယုံကြည်ကိုးစားဘို့ ချို့ယွင်းချက်တွေ ရှိနေပါတယ်။ ဒါပေမဲ့ အချိန်မနှောင်းသေးပါ။ ဒီကိစ္စတွေ ဖြေရှင်းဆောင်ရွက်မယ်လို့ ကျနော်တို့ ယူဆပါတယ်” ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) က ဟနွိုင်တွင် အရင်လ အာစီယံထိပ်သီးအစည်းအဝေး မတိုင်မီက ပြောခဲ့သေးသည်။ 
ထိပ်သီးအစည်းအဝေး အတွင်းတွင်လည်း ဖိလစ်ပိုင်က ပိုမိုပြင်းထန်စွာ ဝေဖန်ငြင်းပယ်ခဲ့သေးသည်။ သမ္မတ ဘီနင်နို အကွီနို၏ သဘောထားကို ထင်ဟပ်ဖော်ပြရာ၌ “လာမယ့် ရွေးကောက်ပွဲဟာ ဒီမိုကရေစီတန်ဖိုးတွေ၊ တရားမျှတမှုတွေ၊ တူညီတဲ့ ကစားပွဲ အခြေအနေ ဖန်တီးပေးမှုတွေ၊ အင်အားစုအားလုံး ပါဝင်နိုင်မှု၊ ယုံကြည်ကိုးစားနိုင်မှုတွေအပေါ် အတုအယောင် ဖန်တီးထားချက်တွေသာ ဖြစ်ကြောင်း သက်သေအထောက်အထားတွေ အရ ပိုလို့ ထင်ရှားနေတယ်” ဟု ဖော်ပြ ပြောဆိုခဲ့သေးသည်။
ထို့ပြင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ရိုမူလို (Dr. Alberto Romulo) ကလည်း အောက်တို ဘာ ၂၇ အာဆီယံထိပ်သီး အစည်းအဝေးအတွင်း မြန်မာရွေးကောက်ပွဲနှင့် ပတ်သက်၍ ကြားဖြတ်မိန့်ခွန်း ပြောခဲ့သေးသည်ဟု မနီလာ ဘူလက်တင် (Manila Bulletin) သတင်းစာက ဗုဒ္ဓဟူးနေ့ ရှုထောင့်အမြင်ကဏ္ဍတွင် ‘မြန်မာရွေးကောက်ပွဲအကြောင်း’ ခေါင်းစီးတပ်၍ ဖော်ပြခဲ့သည်။ 
ယခု အချိန်တွင် မိမိတို့အားလုံးအနေဖြင့် မြန်မာ စစ်အစိုးရအပေါ် ၎င်းတို့ လမ်းပြမြေပုံအတိုင်း ဆက်အကောင်အထည်ဖော်ရန် တိုက်တွန်း ရုံဖြင့် မရနိုင်တော့ပါ။ ...
“ယခု အချိန်တွင် မိမိတို့အားလုံးအနေဖြင့် မြန်မာစစ်အစိုးရအပေါ် ၎င်းတို့ လမ်းပြမြေပုံအတိုင်း ဆက်အကောင်အထည်ဖော်ရန် တိုက်တွန်းရုံဖြင့် မရနိုင်တော့ပါ။ ၎င်းလုပ်ငန်းစဉ်များတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို ချက်ချင်း ခြွင်းချက်မရှိ လွှတ်ပေးရေး၊ နိုင်ငံရေး အင်အားစုအားလုံး၊ လူမှုကဏ္ဍအားလုံး နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲနှင့် ဒီမိုကရေစီလုပ်ငန်းစဉ်များ၌ ပူးပေါင်း ဆောင်ရွက်နိုင်ရေး” ထည့်သွင်းတောင်းဆိုခဲ့သည်ဟု သူ၏ မိန့်ခွန်းကို ဖတ်ခဲ့ရသည်။ သူ၏ မိန့်ခွန်းကို ထပ်ဖော်ပြသည်ကပင် ၎င်း၏ရပ် တည်ချက်ကို ဖော်ပြနေခြင်းပင်။ အင်ဒိုနီးရှားခေါင်းဆောင်များ အခုအချိန်မှ ပြောဆိုနေခြင်းသည် အားလုံး ပြီးဆုံး၍ နောက်ကျခဲ့ပြီဟု ပြောဆိုသည့်အပေါ် ပြန်တုံ့ပြန်လိုပုံလည်း ရသည်။ အချုပ်ဆိုရလျှင် အာဆီယံ ထုတ်ပြန်ကြေညာချက်သည် အဖွဲ့ဝင်နိုင်ငံများကြား သဘောကွဲလွဲမှုမှ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
မည်သို့ဖြစ်စေ ကုလ လုံခြုံရေးကောင်စီတွင် အာဆီယံနိုင်ငံများ နေရာရထားခြင်း မရှိပါ။ ဂျပန်သာ အမြဲတမ်းမဟုတ်သည့် အဖွဲ့ဝင် ၁ဝ နိုင်ငံအနက်မှ တခု ဖြစ်သည်။ အခြား ၉ နိုင်ငံမှာ သြစတြီးယားမှ ယူဂန်ဒါအထိ ဖြစ်ပြီး မြန်မာနှင့် တိုက်ရိုက်အကျိုးစီးပွား အနည်းငယ်သာ ရှိသည်။ သံသယရှိစရာမလိုသည်က အမှန်ဆုံးဖြတ်ရမည့်အရေးသည် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံကြီး ၅-ခု၌သာ မှီတည်နေခြင်းတည်း။
သို့ကြောင့် ကြီး ၅-ကြီး မည်သို့ စဉ်းစားဆုံးဖြတ်ကြမည်နည်း။ အမေရိကန်နှင့် ဗြိတိန်ကမူ တနင်္ဂနွေ ရွေးကောက်ပွဲအပေါ် တင်းတင်းမာမာ ရပ်တည်ကြမည်က သေချာသည်။ ပြင်သစ်က အခြားကိစ္စများတွင် ဦးဆောင်နေသော်လည်း ဤကိစ္စကို ထောက်ခံလိုက်ပါဆောင်ရွက်မည်မှာ မလွဲ။ ရုရှားကမူ မြန်မာနိုင်ငံတွင် စီးပွားရေးအကျိုးစီးပွားများ ရှိနေပြီး ယခင်ကလည်း စစ်အစိုးရအပေါ် ဆန့်ကျင်ဆောင်ရွက်မည့် ဆုံးဖြတ်ချက်များအပေါ် ဗီတိုအာဏာသုံး ကန့်ကွက်ခဲ့ဖူးသည်။ သို့သော်လည်း စစ်အစိုးရအပေါ် ဆန့်ကျင်မည့် ဆုံးဖြတ်ချက်များအပေါ် ကန့်ကွက်ရာတွင် ရုရှားတယောက်ထဲ တကိုယ်တော် ဖြစ်နေစရာ အကြောင်း မရှိပါ။ မြန်မာက ရုရှား၏ တောင်ဖက်သိပ်ကျလွန်းပြီး အိမ်နီးချင်းလည်း မဟုတ်ပါ။
မြန်မာက တရုတ်နှင့် “အိမ်နီးချင်း” ဖြစ်သလို ၎င်း၏သြဇာကလည်း ဖြည်းဖြည်းချင်း ချဲ့ထွင် လာနေသည်။ တရုတ်က မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးတွင် အဓိက ဆောင်ရွက်နေသူတဦး ဖြစ်သည်။ ယေဘုယျအားဖြင့် စီးပွားရေး ပူးပေါင်းမှုအတွက် အရေးကြီးဆုံးနိုင်ငံ၊ စစ်လက်နက်ပစ္စည်း၊ သင်တန်းများအတွက် မှီခိုအားထားရာ နိုင်ငံ၊ နိုင်ငံခြား အကူအညီအတွက် ပင်မရင်းမြစ်၊ သံတမန်ရေးမဟာမိတ်၊ စစ်အစိုးရ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် နိုင်ငံတကာဖိအားကို ခုခံကာကွယ်ရန် ဒိုင်းလွှားလည်း ဖြစ်နေပြန်သည်။
သို့သော်လည်း မြန်မာစစ်အစိုးရ၏ အလွန်အကျွံ လုပ်ရပ်များကြောင့် တရုတ်နိုင်ငံ အကြိမ်ကြိမ် အရှက်ရခဲ့ဖူးသည်ကို အမှတ်ရစရာ ကောင်းသည်။ ဥပမာအားဖြင့်- ပြီးခဲ့သည့် ရက်များက မြန်မာနှင့် ပတ်သက်၍ ကုလသမဂ္ဂ အစီရင်ခံစာတင်သွင်းရာတွင် အခြား အန္တရာယ်နိုင်ငံများနှင့်အတူ မြောက်ကိုရီးယားက အဏုမြူ ပစ္စည်းများတင်သွင်း နေကြောင်း ဖော်ပြထားရာ နောက်ဆုံး တရုတ်က သူ့ကန့်ကွက်မှုကို ပြန်ရုပ်သိမ်းခဲ့သည်။ လက်ဝေခံနိုင်ငံဖြစ်သော်လည်း ထကြွနေသည့် မြောက်ကိုရီးယားအပေါ် နိုင်ငံတကာ ပြစ်ဒဏ်ခတ်မှုကို မည်မျှထိ တရုတ်က လိုက်လျောနိုင်မည် ဆိုသည်ကလည်း မေးခွန်းထုတ်စရာ ဖြစ်နေပြန်သည်။
အဖြေအဖြစ် ယူဆနိုင်သည်က တရုတ်အစိုးရ အာဘော် ဂလိုဘယ်တိုင်းမ်း (The Global Times) က တနင်္လာနေ့တွင် “မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသည် ခြေလှမ်းတဆင့် တိုးတက်မှု” ဟု ခေါင်းစီးတပ် ဖော်ပြခဲ့သည်ကို ကြည့်ရာသည်။ ဤသုံးသပ်ချက်တွင် ဘေဂျင်းအစိုးရက မြန်မာနိုင်ငံ၏ အစီအစဉ်ကို ထောက်ခံပြီး “ စနစ်ကို အသွင်းပြောင်းသွားရန် ဆိုထားသည်။” သို့သော် နေ့ချင်းညချင်း ဖြစ်လာမည်မဟုတ်ဟုလည်း ဆိုထားပြန်သည်။
အတိုချုပ် ဆိုရလျှင် တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် ဟန်ပြရွေးကောက်ပွဲနှင့် ပတ်သက်လာလျှင် တရုတ်က မည်သည့် ကုလသမဂ္ဂဆုံးဖြတ်ချက်ကိုမဆို ဗီတိုအာဏာသုံး ဆန့်ကျင်ကန့်ကွက်မည် ဖြစ်ပါတော့သည်။
Shawn Smith ၏ United Nations, Asean and the cut and paste election ကို ဆီလျော်အောင် ပြန်ဆိုသည်။
http://www.mizzimaburmese.com/interview/6443-2010-11-15-08-33-27.html
KNU Statement to Daw Aung San Suu Kyi
KNU+Statement+to+Daw+Aung+San+Suu+Kyi
ဒေါ်အောင်ဆန်းစုကြည် နှင့် RFA အင်တာဗျူး
မြန်မာပြည်က ပြည်သူကို အလုပ်အကျွေးပြုနေပါတယ်ဆိုတဲ့ အနုပညာရှင်တွေ ဒီလို မဆိုနိုင်ကြတော့ဘူးလား
Honour to Aung San Suu Kyi
.အိမ်နီးချင်း ထိုင်းနိုင်ငံက နာမည်ကြီးအဆိုတော် caraboa က ဒေါ်အောင်ဆန်းစုကြည် ကို ဂုဏ်ပြုပြီး အင်္ဂလိပ်လို ဆိုထားတာပါ...မြန်မာပြည်က ပြည်သူကို အလုပ်အကျွေးပြုနေပါတယ်ဆိုတဲ့ အနုပညာ
ရှင်တွေ ဒီလို ဂုဏ်ပြုသီချင်းလောက်တောင် မဆိုနိုင်ကြတော့ဘူးလား
မင်္ဂလာပြည့်တဲ့ ၂၀၁၀ နံနက်ခင်း
မင်္ဂလာပြည့်တဲ့ ၂၀၁၀ နံနက်ခင်း
မျှော်လင့်ချက်ရောင်ခြည်ကိုနမ်းဖို့ 
“စု” လာရာလမ်းဆီမှန်း
စုလာကြတဲ့ ပြည်သူ
ပုရွက်အုံပမာ
အရွယ်(၃)ပါးနဲ့ အတူ
I love SU တဲ့
ရင်တွင်းချစ်ခြင်းပြည့်လျှံ
ရင်ဘတ်ပေါ်လည်း
“စု နှင့်အတူ ” စာတမ်းတူနဲ့ 
တူညီဝတ်ဆင်
ကျန်းမာစေကြောင်း ဟစ်အော်သံတွေ
မင်္ဂလာအပြည့်ဝဆုံး မနက်ခင်းလေးပါ။
သူမဟာ
ကိုကျော်သူလက်ရာပန်းချီထဲက
ဥပမာပြု ပစ်တိုင်းထောင်ဖြစ်တယ်။
သူမဟာ
ကိုမျိုး ပုံရိပ်ပြသလို
ပန်းပန်လျှက် ဗေဒါပင်ဖြစ်တယ်။
သူမဟာ
အိုဘာမား ချီးကျူးသလို
ငါတို့ အားလုံးရဲ့ သူရဲကောင်းဖြစ်တယ်။
သူမဟာ
ပြည်တွင်း တွင်မက
ပြည်ပရောက် နိုင်ငံမဲ့တွေအတွက်
အလင်း ခွန်အားဖြစ်တယ်။
သူမပြောတဲ့စကား
ပြည်သူမပါ
ဘယ်အရာမှ
 ပြီးပြည့် အောင်မြင်မှာမဟုတ်တဲ့ ။
ဒီမိုကရေစီပန်းတိုင်လမ်းကို
အားလုံး အတူတူဖောက်ကြမယ်
အားလုံး အတူတူခင်းကြမယ်
အားလုံး အတူတူလျှောက်ကြမယ်
ပြည်သူတွေကနေ ပြည်သူတွေအတွက်
ပြည်သူတို့ ရဲ့  ဒီမိုကရေစီပုံရိပ်ကြီးတခုကို
မြန်မာနိုင်ငံတင်မက တကမ္ဘာလုံးဆီ တိုးသွားချင်သတဲ့ ။
သူမကတော့
ရင်ဘတ်ကိုဖွင့်
အားလုံးကို လက်ကမ်းကြိုဆိုလိုက်ပါပြီ။
ကဲ -------
ကျနော်တို့ 
သူမနဲ့ အတူ
တကယ် အလုပ်လုပ်ကြဖို့ 
လက်ရုံးအားကို များများထုတ်
ဝီရိယတွေ စိုက်ထုတ်ကြမယ်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ 
စိတ်အင်အားများ
ကျနော်တို့ ဆီ “ကူး” စေ။
ကျနော်တို့ ဆီ “ဆူး” စေ။
မီဒီယာများမှ ကြည့်ရှုလိုက်ရသည့် မြင်ကွင်းလေးအား ခံစားရေးပါသည်။
ဖိုးဇီဝ
(နိုဝင်ဘာ ၁၄။ ၂၀၁၀)
ရွေးကောက်ပွဲအပြီးတပတ်အတွင်းနိုင်ငံရေးအဖြစ်အပျက်များ