Monday, November 29, 2010

ဦးဝင်းတင်နယူးယောက်တိုင်းမ်ပိုစ့်ကိစ္စရှင်း...

(အာအက်အေ)

http://www.zshare.net/audio/832865512ce2085b/

http://www.mediafire.com/file/3j7mhhzcdjyvjb4/rfa.mp3

ဦးဝင်းတင်နယူးယောက်တိုင်းပိုစ့်ကိစ္စရှင်း... by yeyintnge

29 Nov 2010 ဒိုင်ယာရီ


http://www.mediafire.com/file/0p8j5bi00knwegv/29%20Nov%202010%20Yeyintnge%27s%20Diary.doc

http://www.mediafire.com/file/49mf87rdq848myn/29%20Nov%202010%20Yeyintnge%27s%20Diary.pdf

29 Nov 2010 Yeyintnge's Diary

စစ်ထောက်လှမ်းရေး ရှိစဉ်က စိတ်ကူးမျိုးဖြင့် NLD ကို နအဖ သွေးတိုးစမ်း


November 28, 2010 freedom news group

ယနေ့ ထုတ် မြန်မာ့ အလင်း သတင်းစာဉ် ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ၏ အထူး ကိုယ်စားလှယ်အိန္ဒိယနိုင်ငံသားဗီဂျေနမ်ဘီယား ရန်ကုန်သို့ လာရောက် သော သတင်းစာပိုဒ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်အားဖျက်သိမ်းခံထားရသည် ဟု ၎င်း၊ ဒေါ်အောင်ဆန်းစုကြည် အား တစ်သီး ပုဂ္ဂလ တစ်ဦး အနေဖြင့် လည်းကောင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင်ခေါင်းဆောင် များ နှင့် ခွဲခြား၍ ဖော်ပြထားသည် ကို တွေ့ ရှိရပါသည်။နအဖသတင်းစာ ကိုထိုကဲ့ သို့ ရေးသားဖော်ပြ ချက်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ကို တရားမ၀င်တော့ ဟု ရေးသားရန်မ၀ံ့ရဲသေးဘဲ အကဲစမ်းသည့် အနေဖြင့် ကနဦး ရှေ့ တော်ပြေးသွေးတိုးစမ်း ကာ ဖော်ပြခြင်း ဖြစ်သည် ဟု ရန်ကုန် မြို့ မှာSecond Generation Citizen Journalistတစ်ဦး က Freedom News Group သို့ ပြောသည်။

နိုဝင်ဘာလ ၇ ရက်နေ့ က ရွေးကောက် ပွဲ တွင် ပါဝင် အရွေး ခံခဲ့သည့်  ဦးသုဝေ နှင့် ဒေါက်တာသန်းငြိမ်းတို့ ၏ နာမည် နှင့် ရာထူးများ ကိုယှဉ်တွဲ ဖော်ပြထား သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်၏အထွေထွေ အတွင်းရေးမှုး ရာထူး များ ကို ယှဉ်တွဲ ဖော်ပြထားခြင်းမရှိချေ။

မြန်မာ စစ်အစိုးရ သည် ဒေါ်အောင်ဆန်းစုကြည် ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် နှင့် ဒီမိုကရေစီအင်အားစု ကို နည်းမျိုးစုံ ဖြင့် ဖြိုခွဲရန်ကြံစည်သည့် အနေ နှင့် ယမန်နေ့ က ရာထူးမှ ဖယ်ရှားခံရသည့်စစ်ထောက်လှမ်းရေး အကြီးအကဲ ဟောင်း ကို လူမြင်ကွင်း သို တစ်ကျော့ပြန် ၀င်ရောက် စေခဲ့ပြန်သည်။

မြန်မာ့ အလင်းသတင်းစာဉ် ယနေ့ ပါရှိလာ သည့် သတင်းမျိုး သည် ၂၀၀၄ ခုနှစ် မတိုင်ခင် မြန်မာ့ နိုင်ငံရေး ဉ် စစ်ထောက်လှမ်းရေး ရှိစဉ်ကအလေ့ အကျင့် မျိုး ဖြစ်သည့် လုပ်နည်း လုပ်ဟန် မျိုး ဖြစ်သည်ဟု မန္တလေး မြို့ မှ နိုင်ငံရေး အကျဉ်းသား ဟောင်း နှင့် စာရေးဆရာတစ်ဦး ဖြစ်သူက ပြောသည်။

ထိုကဲ့သို့ မြန်မာ စစ်ထောက်လှမ်းရေး ဟောင်း ပုံရိပ် ယောင် ဖြင့် အများပြည်သူများကြား တကျော့ပြန်ရောက်ရှိလာခြင်း နှင့် ပတ်သက်ပြီးယမန်နေ့ က ဗိုလ်ချုပ် ခင်ညွန့် ဗီဒီယို ကို အနုလုံ ပဋိလုံ ကြည့်ရှု ခဲ့ပြီးသည့်Freedom News Group ၏ Founderတစ်ဦးဖြစ်သူ ကိုငြိမ်းချမ်းငြိမ်းက သူတို့  လက်ခုပ်ထဲက ပြဿနာတစ်ခု ကို ရှင်းတဲ့ အခါ နအဖ က ဒါမျိုး ဘယ်တော့မှအသံထွက် မခံဘူး ….သူတို့ ချင်းချင်း ခွက်စောင်းခုတ်တာ မဟုတ်ရင် ကြိတ်ပြီး ရှင်းတယ်။ အခု ဒီကိစ္စက ဒီဗီဒီယို ဖိုင်ကဗိုလ်ချုပ်မှုးကြီး သန်းရွှေ ကလွှင့်လိုက် တာလို့ ပဲ … သူ့ ကို Report လုပ်ထား တယ့် ဗီဒိယို အခွေရောစက်ရော ပါ အပ်ရတာ မျိုး ဟုသုံးသပ်ပြောကြားသည်။

နောက် တစ်ခု က သူတို့ အချင်းချင်းမှာ အမြဲတမ်း တစ်ဦးကို တစ်ဦး Sympathize ရှိတယ်။ ဗိုလ်သန်းရွှေ
ကြိုးစင် တက် ဖို့ ကို ဗိုလ်ခင်ညွန့် က ဘယ်တော့မှ စဉ်းစားမှ မဟုတ်ဘူး ။ဗိုလ်ခင်ညွန့် ဟာ တစ်သက်လုံး
ဥာဏ်ဏီဥာဏ် နက် များလာခဲ့တာ အခု MEDIA WAVE တွေက အားကောင်းလာလို့ မီဒီယာ ပါးဝနေ
တဲ့ ဗိုလ်ခင်ညွှန့် ကို ပြန်ဆွဲ သုံးတာ ဖြစ်နိုင်တယ် ။ ဒီလူ က Spy အစစ်ပဲ… သေသည် အထိ Spy လုပ်သွား
မယ်ဆိုတဲ့ Once Spy, Always Spy တွေ ဟု ဆိုသည်။

မြန်မာ စစ်အစိုးရ သည် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ လူထု ထောက်ခံမှု အား နှင့်
ပတ်သက်၍ ဆုပ်လည်း စူး ၊ စားလည်း ရူး ဖြစ်နေသည်။
http://freedomnewsgroup.com/

လေဆိပ် သတင်းစာရှင်းလင်းပွဲ စာပေစိစစ်ရေးကြောင့် ပြည်တွင်း သတင်းသမားတွေ တက်ရောက်ခွင့်မရ


မသင်းသီရိ တနင်္လာ, 29 နိုဝင်ဘာ 2010

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ ဗီဂျေး နမ်ဘီးယား (Mr. Vijay Nambiar) မြန်မာပြည်ကအပြန် မနေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သတင်းထောက်တွေနဲ့ ခေတ္တတွေ့ဆုံခွင့် ရခဲ့ပါတယ်။ ဒီသတင်းကို ရယူဖို့အတွက် ကြိုးစားခဲ့ပေမဲ့ ပြည်တွင်း သတင်းထောက်တွေက စာပေစိစစ်ရေးရဲ့ စီစဉ်ပေးမှု နောက်ကျတာကြောင့် သတင်းယူခွင့် မရခဲ့ကြပါဘူး။ တခါ ဒီတပတ်တွင်း ထုတ်ဝေဖြန့်ချိလာမယ့် သတင်းဂျာနယ် တော်တော်များများမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ထားတဲ့ သတင်းဆောင်းပါးကို စာပေစိစစ်ရေးက မဖြစ်မနေ ထည့်ခိုင်းနေပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာပြည်ကို ၂ ရက်ကြာ သွားရောက်ခဲ့ပြီး အပြန် မနေ့က ရန်ကုန်လေဆိပ်မှာ ခပ်တိုတို ပြုလုပ်ခဲ့တဲ့ မစ္စတာ ဗီဂျေး နမ်ဘီးယားရဲ့ သတင်းစာ ရှင်းလင်းပွဲကို ပြည်ပ သတင်းဌာနတွေအတွက် အခြေစိုက် လုပ်ပေးနေကြတဲ့ သတင်းသမားတွေသာ တက်ရောက်ခွင့် ရလိုက်ပြီး ပြည်တွင်း သတင်းဂျာနယ်က သတင်းသမားတွေ ဘယ်သူမှ တက်ရောက် သတင်းယူခွင့် မရလိုက်ကြပါဘူး။ အကြောင်းကတော့ စာပေစိစစ်ရေးရဲ့ စီစဉ်ပေးမှုနဲ့ သွားလာကြရတဲ့ သူတို့အတွက် မနေ့က စာပေစိစစ်ရေးက စီစဉ် အကြောင်းကြားတာတွေ နောက်ကျသွားတာမို့ လေဆိပ်ထဲ ၀င်မရတဲ့ ပြဿနာ ကြုံခဲ့ရတာလို့ ပြည်တွင်း သတင်းထောက်တဦးက ပြောပါတယ်။

“နိုင်ငံခြား သတင်းဌာနက လူတွေကျတော့ သူတို့က သူတို့နာမည်တွေက စာပေစိစစ်ရေးကို ကြိုပေးထားရတယ်။ ကျနော်တို့ ပြည်တွင်းဂျာနယ်တွေကျတော့ ကြိုလည်း တောင်းမထားဘူး။ အဲဒါကြောင့် ကျနော်တို့ အထဲကို ၀င်ခွင့်မရဘူး။ သူတို့ကိုက နောက်ကျသွားတာဗျ။ သူတို့ အဆင့်ဆင့် ဖြတ်သန်းနေတာမှာ နောက်ကျသွားတာ။ နောက်ကျပြီးတော့ လေဆိပ်ထဲကို လုံခြုံရေးတွေ လာပေးတဲ့အခါမှာ ဒီစာရွက် ပေးတဲ့လူတွေက နောက်ကျပြီး ၀င်လာလိုက်တာ အဲဒီမှာ မစ္စတာ ဗီဂျေး နမ်ဘီးယား အထဲရောက်နေပြီ။ Press က လုပ်တော့မယ်။ အဲဒီလို အခြေအနေမှာမှ နာမည်စာရင်းက ရောက်လာတော့ အဲဒီလို ဖြစ်သွားတာပါ။”

ပြည်ပ သတင်းဌာနတွေအတွက် သတင်းယူကြသူတွေကို မစ္စတာ နမ်ဘီးယားက မေးခွန်း ၃ ခွန်းကို မေးခွင့်ပြုခဲ့သလို မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာဖို့ အတွက်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အမြန်လွှတ်ပေးဖို့တွေ ပါဝင်တဲ့ ကြေညာချက် တစောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုအခြေအနေတွေအပြင် ဒီတပတ်တွင်း ထွက်လာမယ့် သတင်းဂျာနယ်တွေထဲမှာ အမေရိကန် အပါအ၀င် အနောက်နိုင်ငံကြီးတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုမှုတွေဖြစ်တယ် ဆိုတာကို ရေးထားတဲ့ ပေါ်လစီ ဆောင်းပါးတွေကို မဖြစ်မနေ ထည့်ခိုင်းနေတာတွေ ရှိနေပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်ခင်ကတော့ ဂျာနယ်တွေမှာ ပေါ်လစီ ဆောင်းပါးတွေ မထည့်မနေရ ညွှန်ကြားချက်တွေကို ရုပ်သိမ်းထားတာပါ။ ဒါပေမဲ့ အခုရက်ပိုင်းထဲမှာ ရောင်းတန်းဝင် ဂျာနယ်တွေ အားလုံးမှာ ငါးမင်းဆွေဆိုသူ ရေးသားထားတဲ့ ဒေါ်စုကြည်သို့ပေးစာ ၂ ဆိုတဲ့ ဆောင်းပါးတွေကို စာပေစိစစ်ရေးက ဖိအားပေးပြီး ထည့်ခိုင်းတာတွေ ကြုံနေရတယ်လို့ ပြည်တွင်း သတင်းအယ်ဒီတာ တဦးက ပြောပါတယ်။

“သတင်းလွတ်လပ်ခွင့်ဟာ ရွေးကောက်ပွဲ မတိုင်ခင် ကာလနဲ့ အတူတူပဲ။ စာပေလွတ်လပ်ခွင့်ဟာ ဘာမှ ပိုပြီးတော့ ကောင်းမွန်လာတယ်၊ တိုးတက်လာတယ်ဆိုတဲ့ လက္ခဏာ မရှိဘူး ဆိုတာကို ပြတာပဲလို့ ပြောနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဒီမိုကရေစီအတွက် ဆောင်ရွက်မှုတွေ မပြုလုပ်တဲ့အတွက်၊ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်တဲ့အတွက် စီးပွားရေး ပိတ်ဆို့ထားတယ်၊ နိုင်ငံတကာက။

“အဲတော့ အဲဒီ စီးပွားရေး ပိတ်ဆို့မှုဟာ တကယ်ထိရောက်တယ်၊ တကယ်ပဲ အဲဒီ စီးပွားရေး ပိတ်ဆို့မှုကြောင့် ပြည်တွင်းမှာ အကျပ်အတည်း အမျိုးမျိုး ပေါ်ပေါက်နေတယ် ဆိုတာကို မီးမောင်း ထိုးပြလိုက်တာပါပဲ။ အဲဒီလို ရုပ်သိမ်းဖို့ သူတို့က ပြောချင်တဲ့ဆန္ဒ ရှိပုံပေါ်တယ်။ တကယ်တော့ အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး တိုင်းပြည် ကောင်းကျိုးအတွက် တိုက်ရိုက်တွေ့ဆုံ ပြောလိုက်ရင် ပိုပြီးတော့ ကောင်းမယ်၊ အခွင့်အလမ်းတွေလည်း ပိုကောင်းမယ်လို့ ကျနော်တို့ကတော့ မြင်တယ်။”

ပြည်တွင်း သတင်းအယ်ဒီတာတဦး သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

တခါ နိုဝင်ဘာလ ၂၁ ရက် တန်ဆောင်မုန်းလပြည့်နေ့က ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) စီစဉ်တင်ဆက်ခဲ့တဲ့ ထာဝရနှင်းဆီ အငြိမ့်အခွေကို ရုပ်ရှင်လုပ်ငန်းက ချိတ်ပိတ် သိမ်းဆည်းသွားပါတယ်။ ခေတ်ရဲ့ အခြေအနေအမှန်ကို ထင်ဟပ်တဲ့ ထိထိမိမိ ပျက်လုံးတွေကြောင့် ပရိသတ် ဒီအငြိမ့်ကို အကြိုက်တွေ့ခဲ့တာမို့ အခွေမပြန့်သွားရအောင် သိမ်းပစ်တာ ဖြစ်တယ်လို့ ဒီအကြောင်းကို သိထားတဲ့ ပြည်တွင်း သတင်းထောက်တဦးက ဆိုပါတယ်။

“အဲဒီ ထာဝရနှင်းဆီ အငြိမ့်ကို ပရိသတ် တော်တော်များများ ကြိုက်ကြတယ်၊ အားပေးကြတယ်။ နောက်ရက်မှာတော့ စီစဉ်သူ ဒါရိုက်တာ မောင်မျိုးမင်းတို့ ပြဿနာ တက်တယ်လို့ ကြားတယ်။ မောင်မျိုးမင်းဆီကို အာဏာပိုင် အဖွဲ့အစည်းတွေက လာပြီးတော့ အဲဒီအခွေပေးဖို့ တောင်းတယ်လို့ ပြောတယ်။ မောင်မျိုးမင်းက ရန်ကုန်တိုင်း တိုင်းမှူးနဲ့ သွားတွေ့ပြီးတော့ ရှင်းပြတော့ တိုင်းမှူးက သူတို့ မပါစေချင်တဲ့ အချက်တွေ၊ သူတို့ မလိုလားတဲ့ အချက်တွေ ပါနေတယ်ပေါ့၊ ဒါပေမဲ့ ကိစ္စမရှိဘူး၊ ဒီအခွေကို ဘယ်မှမပြန့်အောင် မောင်မျိုးမင်း ထိန်းသိမ်းထားပါ ဆိုပြီးတော့ သတိပေးလိုက်တယ် ပြောတယ်။

“နောက် ကြားတာက တိုင်းမှူးနဲ့ အဆင်ပြေပေမဲ့ မြန်မာ့ရုပ်ရှင်လုပ်ငန်းက လာသွားပြီး အဲဒီအခွေကို အတင်းအဓမ္မ ချိတ်ပိတ် သိမ်းသွားတယ် ပြောတယ်။”

ပြည်တွင်း သတင်းထောက်တဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီ ထာဝရနှင်းဆီအငြိမ့် ဆင်ဆာအတွက် ကြိုတင်ကပြတဲ့ရက်က ရုပ်ရှင် ဆင်ဆာအဖွဲ့က လာမကြည့်ခဲ့သလို ပျက်လုံးတွေ ထွက်လာမှ စိုးရိမ်ပြီး အခွေကို ရုပ်ရှင်လုပ်ငန်းက အတင်း ချိတ်ပိတ် သိမ်းဆည်းသွားတာ ဖြစ်တယ်လို့လည်း သူက သုံးသပ်ပါတယ်။ အခုလို အခွေကို ချိတ်ပိတ် သိမ်းဆည်းသွားပေမဲ့ ဒါရိုက်တာ မောင်မျိုးမင်း အပါအ၀င် ဒီအငြိမ့်ခွေထဲမှာ ပါဝင်ကပြခဲ့ကြတဲ့ အနုပညာရှင်တွေ အားလုံးကို သူတို့ရဲ့ အနုပညာ လုပ်ငန်းတွေအပေါ် ဘယ်လို ကန့်သတ်ချက်မှ ထုတ်ပြန်ကန့်သတ်တာ မရှိဘူးလို့လည်း ပြောပါတယ်။
http://www.voanews.com/burmese/news/

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သမ္မတ လုပ်ချင်သလား


ထက်အောင် Monday, 29 November 2010 16:34 သူ့အတွေး သူ့အမြင်

နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ ပြီးသွားတဲ့နောက် အခုအခါ မြန်မာစစ်အစိုးရဟာ စစ်ဗိုလ်ချုပ် တယောက်ကို ပထမဆုံး အရပ်သားသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ဖို့ နောက်ထပ်ရွေးကောက်ပွဲတခု ကျင်းပရေး အာရုံစိုက် လုပ်ဆောင်နိုင်ပါပြီ။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲစဉ်က နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးဖြစ်လာတော့မယ့် အရပ်သား သမ္မတ တယောက်အတွက် စစ်အစိုးရဟာ တိကျတဲ့ အရည်အချင်း သတ်မှတ်ချက်တခုကို ဂရုတစိုက် ထည့်သွင်းခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၅၉ မှာ “နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများ၏ အရည်အချင်းများ” ကို ဖော်ပြထားရာ ပုဒ်မခွဲ (ဃ) တွင် “နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့် အမြင်များရှိရမည်” လို့ ပါရှိပါတယ်။ ဒါကြောင့် စစ်ရေးအတွေ့အကြုံမရှိတဲ့ အရပ်သား နိုင်ငံရေးသမားတယောက်ဟာ မြန်မာနိုင်ငံရဲ့ သမ္မတ တယောက် မဖြစ်နိုင်ပါ။

သမ္မတရွေးကောက်ပွဲကို ဘယ်လိုကျင်းပမှာလဲ။ အမေရိကန်နဲ့ အင်ဒိုနီးရှာနိုင်ငံတို့ရဲ့ သမ္မတ ရွေးကောက်ပွဲနဲ့မတူဘဲ မြန်မာနိုင်ငံသားတွေဟာ သူတို့ရဲ့သမ္မတကို တိုက်ရိုက် ရွေးကောက်တင်မြှောက်ခွင့် မရှိပါဘူး။

ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၆၀ အရ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို အဓိကအုပ်စုကြီး ၃ စုနဲ့ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ ပထမအုပ်စုက လူထုက ရွေးချယ်တင်မြှောက်ခဲ့တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ ဒုတိယအုပ်စုက ရွေးချယ်တင်မြှောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနဲ့ တတိယအုပ်စုက လွှတ်တော် ၂ ရပ်စလုံးအတွက် စစ်တပ်မှ ၂၅ ရာခိုင်နှုန်း ဝေစုရထားသော ကိုယ်စားလှယ်များ ဖြစ်ပါတယ်။ သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့က အဲဒီ အုပ်စု ၃ စု ရွေးချယ်လိုက်တဲ့ သမ္မတလောင်း ၃ ဦးထဲက သမ္မတကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ကျန် ၂ ဦးက ဒုတိယ သမ္မတများ ဖြစ်ပါလိမ့်မယ်။

သမ္မတရွေးကောက်ပွဲကို ဘယ်အချိန်မှာ လုပ်နိုင်ပါသလဲ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ထိုရွေးကောက်ပွဲအတွက် တိကျတဲ့ အချိန်ဇယား ပေးထားခြင်း မရှိပါဘူး။ ဒါပေမယ့် လွှတ်တော် ၂ ရပ်ပေါင်းတဲ့ ပထမဆုံး ပြည်ထောင်စုလွှတ်တော်ကို ရွေးကောက်ပွဲအပြီး ရက်ပေါင်း ၁၀၅ ရက်အတွင်း ကျင်းပရန် ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဌာန်းထားပါတယ်။ အဲဒီ ၁၀၅ ရက်မြောက်နေ့ဟာ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။

ပထမအကြိမ် လွှတ်တော်မကျင်းပမီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် သော်လည်းကောင်း၊ တခြားအဖွဲ့တခုခုက သော်လည်းကောင်း သမ္မတရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို ပြဌာန်းကောင်း ပြဌာန်းပါလိမ့်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၆၀ (စ) က “ထိုသို့ နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန် လိုအပ်သည့်ဥပဒေကို ပြဌာန်းပေးရမည်” လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် သမ္မတရွေးကောက်ပွဲအတွက် ဖြစ်နိုင်ခြေရှိသော အစောဆုံးရက်မှာ ၂၀၁၀ ခုနှစ် မတ်လထဲတွင် ဖြစ်ပါတယ်။

ဒါပေမယ့် စိတ်ဝင်စားစရာ အကောင်းဆုံးမေးခွန်းက ဘယ်သူ့ကို သမ္မတအဖြစ် ရွေးချယ်မှာလဲ။

မြန်မာစစ်ခေါင်းဆောင် အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသာ ဆန္ဒရှိမယ်ဆိုရင် သူ့ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ဖို့ နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်များက လမ်းခင်းပေးခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အနာဂတ်နဲ့ပတ်သက်လို့ ဆွေးနွေးမှုများက စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ဒါပေမယ့် သူ့ရဲ့ အနာဂတ် အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပက လေ့လာသူ မည်သူကမျှ ခိုင်မာတဲ့သတင်းအချက်အလက် ရရှိထားတာမျိုး မရှိပါဘူး။

ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အနာဂတ်အပေါ် တွေးတောမှန်းဆချက်က ဖြစ်နိုင်ခြေ ရွေးချယ်စရာ နည်းလမ်း ၃ သွယ် အပေါ်မှာ တည်ဆောက်ထားကြပါတယ်။ အဲဒါတွေကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သမ္မတအဖြစ် တင်မြှောက်တာ၊ အာဏာကို အမှန်တကယ် စွန့်လွှတ်တာ မဟုတ်ဘဲ နောက်ကွယ်ကနေ ကြိုးကိုင်တာနဲ့ သူယုံကြည်စိတ်ချရတဲ့သူကို သမ္မတအဖြစ် တင်မြှောက်ပြီး စိတ်ချလက်ချ အငြိမ်းစားယူသွားတာတို့ ဖြစ်ပါတယ်။

လေ့လာသူ အများအပြားကတော့ ဗိုလ်ချုပ်မှူးကြီးဟာ လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ရာထူးကိုတော့ ဆက်လက် ယူထားလိမ့်မယ်လို့ မထင်ကြပါ။ သမ္မတဖြစ်ဖို့အတွက် ဗိုလ်ချုပ်မှူးကြီးဟာ သူ့အောက်က ဗိုလ်ချုပ်ကြီးဟောင်းများ ဖြစ်ကြတဲ့ သူရဦးရွှေမန်းနဲ့ ၀န်ကြီးချုပ် ဦးသိန်းစိန်တို့လို ရွှေးကောက်တင်မြှောက်ခံ ကိုယ်စားလှယ် ဖြစ်စရာမလိုသလို လွှတ်တော်ရဲ့ ၂၅ ရာခိုင်နှုန်းကို ရယူထားတဲ့ စစ်အစိုးရခန့်အပ်မယ့် ကိုယ်စားလှယ်တွေထဲက တယောက်လည်း ဖြစ်စရာမလိုပါဘူး။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၀ (ဂ) က “ယင်း (နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့) အစုအဖွဲ့တဖွဲ့စီက ဒုတိယ သမ္မတ တဦးစီကို လွှတ်တော်ကိုယ်စားလှယ်များထဲမှဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲမှဖြစ်စေ ရွှေးချယ်တင် မြှောက်ရမည်” လို့ ဖော်ပြထားတယ်။

စစ်အစိုးရရဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က လွှတ်တော်နှစ်ရပ်စလုံးမှာ ၈၀ ရာခိုင်နှုန်းနီးပါး အနိုင်ရတဲ့အတွက်ကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသာ သမ္မတဖြစ်ချင်တယ်ဆိုရင် ကြံ့ဖွံ့ပါတီက သူ့ကို ပါတီရဲ့ သမ္မတလောင်းအဖြစ် တင်သွင်းလိုက်ရုံပဲ ဖြစ်ပါတယ်။

ကြံ့ဖွံ့ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်၊ လက်ရှိ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနရဲ့ ၀န်ကြီးလည်းဖြစ်တဲ့ ဦးဌေးဦးက ရွေးကောက်ပွဲမကျင်းပမီ ပါတီရဲ့ ပထမဆုံးနဲ့ တခုတည်းသော သတင်းစာရှင်းလင်းပွဲမှာ ကြံ့ဖွံ့ပါတီက ပါတီရဲ့သမ္မတလောင်းကို ရွေးချယ်ထားပြီးကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် မည်သူမည်ဝါဆိုတာကိုတော့ ထုတ်မပြောခဲ့ပါဘူး။

ထိုသူဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေများ ဖြစ်နေမလား။
http://www.irrawaddy.org/bur/index.php/editorial/2009-02-27-05-56-44/5083-2010-11-29-09-35-22

Suu Kyi seeks to review sanctions on Myanmar

ထူးပေမယ့် မဆန်းပါ( တူမောင်ညို)

ထူးပေမယ့် မဆန်းပါ
တူမောင်ညို
(၂၀၁၀ နိုဝင်ဘာ ၂၉)


ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ နိုဝင်ဘာ ၁၃ ရက်နောက်ပိုင်းဖြစ်စဉ်များအပေါ် (နအဖ) စစ်အစိုးရ တုန့် ပြန်မှုတွေဟာ ယခင်ကနဲ့မတူပါဘူး။ မတူဘူးဆိုလိုက်လို့ သဘောထားပျော့ပြောင်းလာတယ်စသဖြင့် ဘာဘာညာညာပြောချင်တာ မဟုတ်ပါဘူး။
ဖြစ်ရပ်တွေက ရွေးကောက်ပွဲမှာကျူးလွန်ခဲ့တဲ့ မသမာမှုနဲ့ မတရားတဲ့ကိစ္စတွေကို တောင်ကျော်လွန်သွားသလိုဖြစ်ခဲ့ရပါ တယ်။ (နအဖ) စစ်အစိုးရအတွက်တော့ ဒါတွေကအကြိုက်တွေ့နေမှာပေါ့။ ရွေးကောက်ပွဲမသမာမှုတွေကို တရားစွဲဖို့ဆိုတာကလည်း ငွေချည်း ၁၀ သိန်းတင်ရမယ်မဟုတ်လား။
(နအဖ) စစ်အစိုးရတုန့်ပြန်မှုတွေက ယခင်ကနဲ့မတူဘူးလို့ဆိုရတာလည်း (နအဖ) စစ်အစိုးရအဖို့ ယခင်ကလို အခြေ အနေ မဟုတ်တော့တာလည်းပါတယ်။ အဓိက အချက်ကတော့ ရွေးကောက်ပွဲမှာ သူတို့ အနိုင်ရထားတယ်။ ဒါကြောင့် ဒီနေ့ဖြစ် နေတာတွေကို အရင်ကလိုသတင်းစာကနေဆောင်းပါးရေးပြီးမိုက်တိမိုက်ကန်းတုန့်ပြန်လို့ဖြစ်တာမဟုတ်တော့ဘူး။ “အောင်မိုးစံ” တို့ကိုရေးခိုင်းလို့လည်းရတော့တာမဟုတ်ဘူး။ သူတို့ကနိုင်ငံရေးပါတီထောင်ထားတယ်။
ဒီတော့အခြားနည်းတွေသုံးလာရတယ်။ လူထုနဲ့ဒေါ်အောင်ဆန်းစုကြည်၊လူငယ်ထုနဲ့ဒေါ်အောင်ဆန်းစုကြည် ရေနဲ့ငါးပမာ တစ်သားတည်း ဖြစ်နေမှာ/တာကို (နအဖ) စစ်အစိုးရ က မနာလိုမရှုဆိတ်ပါဘူး။ ဒီတော့ထုံးစံအတိုင်း ဉာဏ်နီဉာဏ်နက်တွေလက် ကုန် ထုတ်သုံးလာပါတယ်။
ပထမဆုံးတုန့်ပြန်တာကတော့ ဒီချုပ် တရားဝင်တည်ရှိမှုကိစ္စကို နေပြည်တော်တရားရုံးချုပ်ကနေ “ပယ်ချ”လိုက်တာပါပဲ။
နောက်ဆက်တွဲအနေနဲ့ ပြည်တွင်းက ဂျာနယ် (၉) စောင်ကို ဒေါ်အောင်ဆန်းစုကြည်သတင်းဖေါ်ပြလို့ဆိုပြီး ရက်သတ္တ ပတ် ကန့်သတ်ပိတ်ပင်တဲ့ဒဏ်ချမှတ်လိုက်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း “ ဖျက်သိမ်းပြီးNLD” လို့သုံးရမယ် လို့ သံပတ်တင်းလိုက်ပါတယ်။
ပိတ်ပင်ခံရတဲ့ ဂျာနယ် (၉) စောင်ထဲမှာ “လျှပ်တစ်ပြက်ဂျာနယ်” ပါတယ်ဆိုတာကလည်း ကျောသားရင်သားမခွဲခြားဘူး ဆိုတဲ့ ဆင်ခြေပေးနိုင်ဖို့ဖြစ်တယ်။ “လျှပ်တစ်ပြက်ဂျာနယ်”ဆိုတာ အလံရှူးဂျာနယ်မှန်းလူတိုင်းသိပါတယ်။
နောက်တစ်ခုကတော့ မဖြူဖြူသင်းတို့ဖွင့်လှစ်ထားတဲ့ (PLWHA) တွေနဲ့ ပတ်သက်ပါတယ်။
ဒီကိစ္စမှာ ယခင်ကလို သက်ဆိုင်ရာအုပ်ချုပ်ရေးယန္တရားကနေ (မြို့နယ်/ရပ်ကွက်အုပ်ချုပ်ရေး) မကိုင်တော့ပဲ ကျန်းမာ ရေးဆိုင်ရာ တာဝန် ရှိသူတွေ/ ရပ်ကွက်လူထုတွေနဲ့လှည့်ပြီးရန်တိုက်ပေးလိုက်ပါတယ်။ (NGO) ဆိုရင် ပြည်ထဲရေးဝန်ကြီးဌာနမှ မှတ်ပုံတင်ရမယ်/ ဆေးရုံဆိုရင်လည်း စံသတ်မှတ်ချက်များနဲ့ကိုက်ညီရမယ်လို့ဆိုပါတယ်။
လောလောဆယ်တော့ ဧည့်စာရင်းတိုင်ခွင့် ထပ်မံပေးပါတယ်။ ဒါဟာ (နအဖ) စစ်အစိုးရဘက်က လိုက်လျောလိုက်တာ ခွင့်ပြုလိုက်တာမဟုတ်ပါဘူး။ သူတို့ဥပဒေကို သူတို့ကိုယ်တိုင် မချိုးဖောက်ဘူး ဆိုတာနဲ့ မဖြူဖြူသင်းတို့ဘက်တောင်းဆိုလို့ တင်းခံ နေလို့ လိုက်လျောရတာဆိုတဲ့ အနေအထားမျိုး မဖြစ်ရအောင် အကွက်ချတုန့်ပြန်တာပါ။
နေ့စဉ်ထုတ်သတင်းစာတွေထဲကနေသာ မတုန့်ပြန်ပေမယ့်(ကြေးမုံအွန်လိုင်းသတင်းစာ)မှာတော့ ဒေါ်အောင်ဆန်းစုကြည် ကို ရိုင်းစိုင်းစွာပုတ်ခတ်ဆဲရေးထားတာတွေကိုနေ့စဉ်ဖေါ်ပြနေပါတယ်။ လက်တွေ့မှာတော့ နိုဝင်ဘာ၂၅ ရက်နေ့မှာ ရွှေဂုံတိုင်ရုံး ရှေ့ကို “လူရမ်းကားငါးမင်းဆွေ” ရောက်လာပြီး သရုပ်ပျက် အော်ဟစ်ပါတယ်။
နောက်ဆုံးတုန့်ပြန်ချက်နဲ့ ရိုက်ချက်ကတော့ နိုင်ငံတကာနဲ့ပြည်တွင်းပြည်ပက အာရုံကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လှုပ်ရှားမှုတွေကိုအာရုံလွှဲပြောင်းနိုင်ဖို့အတွက်“ဗိုလ်ခင်ညွန့်နဲ့ဒေါ်ခင်ဝင်းရွှေတို့ရဲ့မိုးသည်းညအသံတိတ်ဗွီဒီယိုအပိုင်း”ကို(facebook) ကနေတဆင့်ဖြန့်လိုက်တာပါပဲ။ ရေကန်ထဲကခဲကျသလိုဂယက်တွေပြန့်သွားပါတယ်။ ထင်မြင်ယူဆချက်တွေ ဘောင်ဘင်ခတ်သွား ပါတယ်။
ဆံပင်ဖြူနေတဲ့ ဗိုလ်ခင်ညွန့်ကိုကြည့်ပြီး စိတ်မကောင်းသလိုလို/သံဝေဂ ရသလိုလိုပြောတဲ့ လူလည်းရှိပါတယ်။ စိတ်မ ကောင်းဖြစ်နေသူတွေ၊သံဝေဂရနေသူတွေကိုပြောချင်ပါတယ်။ ဗိုလ်ခင်ညွန့် ညွန်ကြားချက်နဲ့အဖမ်းခံရသူတွေထောင်ထဲမှာ အခုချိန် ထိအများအပြားရှိနေပါသေးတယ်။
ထောင်ထဲမှာသေရတဲ့/ရူးသွပ်သွားရတဲ့/ကျန်းမာရေးချို့ယွင်းသွားရတဲ့ ဖြစ်ရပ်တွေနဲ့ အဖမ်းခံရသူတွေ ရဲ့မိသားစုတွေ ဘယ်လိုဘဝပျက်သွားတယ်ဆိုတာကို မမေ့ဖို့လိုပါတယ်။ ဒီနေရာမှာ သံဝေဂ ထက် စာနာမှုကပိုအရေးကြီးပါတယ်။
ဗိုလ်ခင်ညွန့်ရဲ့ အဝေးယောက်တပည့်ကတော့ “တိုင်းရင်းသားအရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိစ္စ” ဖြေရှင်းဖို့ လူကြီး တွေကတွေ့ဖို့ နေရာပြောင်းတာဖြစ်နိုင်တယ်လို့ ထောက်လှမ်းရေးတို့ရဲ့အဋ္ဌာရဿတွေနဲ့ ထုံးစံအတိုင်း ချွန်ပေးပါတယ်။ စိတ်ကူး ယဉ်ဆန်လွန်းတဲ့ ထင်မြင်ချက်ဖြစ်ပါတယ်။ နိမ့်ပါးသွားတဲ့သူတို့ဆရာကို အသလွတ်ချီးမွန်းခန်းဖွင့်တာပါ။
“နိုင်ငံရေးကိစ္စတွေ နောက်တက်မယ့်အစိုးရနဲ့ပြောပါဆိုပြီး ” အပစ်အခတ်ရပ်စဲခဲ့တဲ့ တိုင်းရင်းသားတွေကိုတစ်ပတ်ရိုက် ခဲ့တာ ဗိုလ်ခင်ညွန့်ပဲမဟုတ်လား။ (CO) နဲ့ (IO) တို့ရဲ့ လက်တွဲညီညီရိုက်ခဲ့ကြတဲ့အကွက်တွေမဟုတ်ဘူးလား။
ဒေါ်အောင်ဆန်းစုကြည်နဲ့ဗိုလ်ခင်ညွန့်ပူးပေါင်းဆောင်ရွက်လိုက်ရင်အောင်မြင်မှာပါတဲ့။
ဖိတ်သွားတဲ့နို့ကိုပြန်လည်တမ်းတနေတာ။ အဆုံးအဖြတ်အာဏာကိုဘယ်သူကိုင်ထားတယ်/ ဘယ်သူ့လက်ထဲမှာ ရှိတယ် ဆိုတာကို ကျနော်တို့ အခုထိဝေဝါးနေကြဦးမှာလား။
ဘယ်သူကဗိုလ်ခင်ညွန့်ကိုဆိုင်းငံ့ထောင်ဒဏ်(၄၄)နှစ်အပြစ်ပေးပြီးဖယ်ရှားလိုက်တာလဲ။အခုလိုအချိန်မှာ “တိုင်းရင်းသား အရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိစ္စ” ကိုင်တွယ်ဖို့ ဗိုလ်ခင်ညွန့် ကို ဘယ်သူက ပွဲထုတ်ဗန်းတင်ပေးမှာလဲ။ တရားခံကို ဘယ်သူက ဟီးရိုးလုပ်ခွင့်ပေးမှာလဲဗျာ။ “ဗိုလ်ခင်ညွန့်နဲ့ဒေါ်ခင်ဝင်းရွှေတို့ရဲ့ မိုးသည်းည အသံတိတ်ဗွီဒီယိုအပိုင်း” ကိုတော့ (နအဖ) စစ်အစိုးရရဲ့ ရိုက်ကူးရေးအဖွဲ့ရိုက်ပြီး၊ သူတို့ကပဲတဆင့်ဖွပေးလိုက်တာပဲဖြစ်ပါတယ်။
အခုပဲ ကျနော်တို့အနေနဲ့ (နအဖ) စစ်အစိုးရရဲ့ တုန့်ပြန်ချက်တွေကြားမှာ အခြေအတင်တွေပြောနေဆိုနေရပြီပဲ။ ဒါကိုက (နအဖ) စစ်အစိုးရ ရည်ရွယ်ချက်မဟုတ်ဘူးလို့ဘယ်သူပြောနိုင်သလဲ။
(နအဖ) စစ်အစိုးရထံကနေ နောက်ထပ်တုန့်ပြန်ချက်တွေပုံစံမျိုးစုံနဲ့ ထပ်ထွက်လာဦးမယ်လို့ ကျနော်ယူဆတယ်။
(နအဖ) စစ်အစိုးရရဲ့ နောက်ဆုံးတုန့်ပြန်ချက်ကတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယား ရဲ့ မြန်မာပြည်ခရီးစဉ် (၂၈/၂၉ နိုဝင်ဘာ) သတင်းဖေါ်ပြရာမှာ ဒေါ်အောင်ဆန်းစုကြည်ကသပ်သပ်၊ “ဖျက်သိမ်း ထားသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်”သပ်သပ် ခွဲခြားဖေါ်ပြထားတာပဲဖြစ်ပါတယ်။



ဒီမှာငဖား မင်းဆွေနွားသို့

ဒီမှာငဖား၊မင်းဆွေကြားအောင်ပြောလိုက်ချင်သည်

သင့်ဥပဒိရုပ်၊ရူပါစုတ်ကို

မြင်ယုံခဏ၊တဒင်္ဂဖြင့်

ရင်မှာပျို့အန်၊အော်ဂလီဆန်...

ဒီမှာငဖား၊မင်းဆွေနွားသို့

သင်ရေးသမျှ၊ပေါက်ကရကို

ဖတ်ရရုံဖြင့်၊ယုံမှတ်ခဲ့ရ

အသုံးမကျ၊ဗာလာန...

ဒီမှာငဖား၊မင်းဆွေနွားသို့

အချုပ်မရောက်၊ထောင်မပေါက်တဲ့

သင့်ရဲ့လုပ်ရပ်၊အရှုပ်ဇာတ်ကို

ကြားရချိန်တွင်၊ရယ်လိုက်ချင်ဘိ

ရိပ်မိပါ၏၊သင့်သတ္တိ....

ဒီမှာငဖား၊မင်းဆွေနွားသို့

စစ်အာဏာရှင်၊လက်အောက်တွင်ဖြင့်

သင်လိုအရူး၊အရထူးသည့်

အရူးထခွင့်၊ပေါကြောင်ခွင့်ကိုင်

လှိုင်လှိုင်ကျင့်သုံး၊လူငတုံး...

ဒီမှာငဖား၊မင်းဆွေနွားသို့

နောက်ဆုံးစကား၊ပြောရပါက

ပြည်သူ့ဒေါသ၊မုန်တိုင်းမထခင်

ဆင်ခြင်သုံးသပ်၊သင့်လုပ်ရပ်ကို

ရပ်တန့်ဖို့ရန်၊အချိန်တန်လို့

သတိစကား၊ပြောကြားလိုက်အံ့...

ဖိုး သိကြား 

eleven ဂျာနယ် အယ်ဒီတာရဲ့ facebook ပေါ်မှ ဖြေရှင်းချက်..


ဒီနေ့ဟာ ကျွန်တော်တို့အတွက် ပုံမှန်မဟုတ်တဲ့ အင်္ဂါနေ့ပါပဲ။ စိတ်မကောင်းစရာနေ့တစ်နေ့ဖြစ်သလို၊ကျွန်တော်တို့ CEO လည်း တော်တော် စိတ်မကောင်းဖြစ်နေရှာပါတယ်။ ဒီမနက်ကျွန်တော့်ကို စကားခေါ်ပြောတဲ့အခါမှာ CEOတော်တော်စိတ်မကောင်း ဖြစ်နေတာကို သိခဲ့ရပါတယ်။ ဟုတ်ပါတယ်။အင်္ဂါနေ့မနက်တိုင်းပုံမှန်ဖတ်နေကျ First Eleven Sports Journal ကိုဒီမနက် ဖတ်ခွင့်မရပါဘူး။နောက်တစ်ပတ်မှာလည်း ဖတ်ခွင့်ရဦးမှာ မဟုတ်ပါဘူး။ဂျာနယ်တစ်စောင် ထုတ်ခွင့်မရလို့ဆိုတာထက် ပရိသတ်ကို ပုံမှန်ကျေပွန်ရမယ့်တာဝန်တစ်ခု ပျက်ကွက်ရတာတော်တော်ဝမ်းနည်းစရာ ကောင်းပါတယ်။ First ElevenSports Journal ဟာကျွန်တော်တို့ရဲ့ဘ၀ပါ။ Eleven Media Group ရဲ့အစဟာFirst Eleven Sports Journal ပါ။ First Elevenဆိုတာသာမရှိခဲ့ရင် WeeklyEleven ၊ Premier Eleven ၊Bi Weekly Eleven ဆိုတာတွေလည်းရှိလာမှာမဟုတ်ပါဘူး။ First Eleven ဂျာနယ် စတင်ထုတ်ဝေစဉ်ကာလတွေက အခုလိုဝန်ထမ်းတွေအများကြီးလည်း မရှိပါဘူး။ အဲဒီတုန်းက ကျွန်တော်တို့ CEOကိုယ်တိုင် တစ်နေ့(၃၊၄)နာရီပဲအိပ်ပြီး အပြည့်အ၀ အာရုံစိုက်အလုပ်လုပ်ခဲ့တာပါ။ တစ်ပတ်(၇)ရက်လုံး နားရက်မရှိလုပ်ခဲ့သလို၊ အခုမီဒီယာသက်တမ်း (၁၁)နှစ်အထိ ကျွန်တော်တို့ ရုံးပိတ်တယ်ဆိုတာလုံးဝမရှိပါဘူး။ ကုန်ကုန်ပြောရရင် နာဂစ်ဖြစ်တုန်းက မီးမရှိ၊ ရေမရှိ၊အစားအသောက်ဝယ်စားစရာဆိုင်မရှိ၊ တစ်ရုံးလုံးလည်းပျက်စီး၊ဘာဆိုဘာမှမရှိတဲ့အခြေအနေမှာတောင် ပုံမှန်ထွက်ရမယ့်ဂျာနယ်ကိုပုံမှန်အတိုင်းထွက်အောင် ရတဲ့နည်းနဲ့ရသလို လုပ်ခဲ့ကြတာပါ။အခုနောက်ပိုင်းမှစာပေစိစစ်ရေးက အစိုးရရုံးပိတ်ရက်တွေရှိလို့သင်္ကြန်ရက်မှာဂျာနယ်ထုတ်ခွင့်မရလို့ နားရတာပဲရှိပါတယ်။ ဒါတောင်သင်္ကြန်တွင်းမှာ ရုံးလုံးဝမပိတ်ပါဘူး။ ပုံမှန်အလုပ်တွေ လုပ်မြဲပါပဲ။အခုကိစ္စမှာ First Elevenမျက်မှာဖုံးမှာပါတဲ့ စာသားတွေနဲ့ ပတ်သက်ပြီးတာဝန်ခံအယ်ဒီတာ ကိုမြတ်ထွဋ်ဝင်းက သူဘာကြောင့်ဒီလိုရေးတယ်ဆိုတာရိုးရိုးသားသား ၀န်ခံပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့ Eleven Mediaအနေနဲ့ ဒါမျိုးတော့ လုပ်လေ့မရှိပါဘူး။ သူ့ရဲ့လုပ်ဆောင်မှုဟာ Eleven Mediaရဲ့မူဝါဒစည်းကမ်းနဲ့လွဲချော်မှု ရှိခဲ့ပေမယ့် သူ ဘယ်လိုလူမျိုးဆိုတာ ၂၀၁၀ကမ္ဘာ့ဖလားပြိုင်ပွဲသတင်းသွားယူစဉ်က သူတင်ပြတာတွေကိုဖတ်ဖူးသူတိုင်းသိပါတယ်။သူကျွန်တော်တို့ဆီမှာ လုပ်သက်(၈)နှစ်ကျော်ပါပြီ။အဲဒီရက်ပိုင်းမှာ အပြင်မှာဖြစ်ပျက်နေတဲ့ သတင်းအခြေအနေတွေအရ သူ့မှာEmotion တွေ ရှိကောင်းရှိနေနိုင်ပါလိမ့်မယ်။ သူပြောတာက'' အဲဒီတစ်ပတ်ပရီးမီးယားလိဂ်ပြိုင်ပွဲတွေမှာလက်ရှိချန်ပီယံ ချယ်လ်ဆီးကို ဆန်းဒါးလန်းကအဝေးကွင်းမှာ(၃)ဂိုးပြတ်နဲ့နိုင်တယ်။ ဒါဟာ အံ့အားသင့်စရာ ရလဒ်ဆိုတာပရိသတ်တိုင်းသိတယ်။ အဲဒီလိုပဲ မန်ယူကလည်း ဗီလာကို (၂)ဂိုးရှုံးနေရာကနေလိုက်ကစားပြီးသရေကျခဲ့တယ်။ အာဆင်နယ်ကျတော့ ခက်ခက်ခဲခဲကစားရမယ်လို့ထင်တဲ့ အဲဗာတန်ကို အလွယ်တကူပဲ အဝေးကွင်းမှာ အနိုင်ယူခဲ့တယ်။ဒါကြောင့်ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေတဲ့ ဒီအသင်းတွေရဲ့ရလဒ်ကို coverမှာတင်ဖို့ခေါင်းစဉ်စာသားတွေ ချရေးခဲ့တယ်။ အသင်းတွေရဲ့အမည်စာသားတွေကထူးခြားနေလို့စာသားတွေကို အရောင်လေးတွေ ခွဲကြည့်လိုက်မိတယ်။အဲဒီမှာလက်ရှိဖြစ်ပေါ်နေတာတွေနဲ့ တိုက်ဆိုင်နေတာကိုတွေ့ရတယ်။ ကျွန်တော့်မှာဘာရည်ရွယ်ချက်မှ မရှိသလို၊ ဘာလှုံ့ဆော်မှုမှလည်း မပါပါဘူး။ နောက်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီဆိုတာ ဂျာနယ်အသီးသီးမှာဖော်ပြထားသလို၊ စိစစ်ရေးကခွင့်ပြုတာကိုလည်းသိရတယ်။ ဒါကြောင့်ကျွန်တော်တို့နိုင်ငံမှာ အားလုံးညီညီညွတ်ညွတ်ရှိကြဖို့ကိုပဲရည်ရွယ်ခဲ့တာပါ။ ၂၀၁၀ ကမ္ဘာ့ဖလားပွဲကို တောင်အာဖရိကမှာသတင်းသွားယူတုန်းကသူတို့နိုင်ငံရဲ့တိုးတက်မှုတွေက အားကျစရာပါ။ အရင်တုန်းကအသားအရောင်ခွဲခြားမှုတွေရှိခဲ့တဲ့ တောင်အာဖရိ ကနိုင်ငံဟာ လူဖြူ၊ လူမည်းသွေးစည်းညီညွတ်မှုနဲ့ နိုင်ငံတိုးတက်အောင် အတူတကွလုပ်ဆောင်နေတာကျွန်တော်တို့နမူနာယူစရာဖြစ်နေပါတယ်။ သူတို့လို အသားအရောင်လူမျိုးမတူတဲ့သူတွေတောင် သွေးစည်းညီညွတ်ခဲ့ရင် ကျွန်တော်တို့နိုင်ငံမှာတစ်မြေတည်းနေ၊တစ်ရေတည်းသောက်တဲ့ မြန်မာနိုင်ငံသားတွေအားလုံးဘာလို့မညီညွတ်နိုင်ရမှာလဲ။ ကျွန်တော်တို့ တိုင်းပြည်တစ်ခုလုံး ညီညွတ်ပြီးဖွံ့ဖြိုးတိုးတက်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ကျွန်တော်တို့ရဲ့မျော်လင့်ချက်တွေ ပြည့်ဝစေလိုတဲ့ရည်ရွယ်ချက်ပဲရှိပါတယ်။ကျွန်တော့်မှာ မကောင်းတဲ့ အကြံအစည် ရည်ရွယ်ချက်မရှိသလို၊ဘာနိုင်ငံရေးလှုံ့ ဆော်မှုမှလည်းမပါပါဘူး''လို့ ပြောပါတယ်။ဒီနိုင်ငံမှာနေရင်ဒီနိုင်ငံရဲ့စည်းကမ်းတွေကို လိုက်နာရမယ်ဆိုတာကျွန်တော်တို့ သိပါတယ်လိုက်လည်းလိုက်နာခဲ့ပါတယ်။စည်းကမ်းဘောင်အတွင်းကပဲ အလုပ်လုပ်ခဲ့တာပါ။ ဒါပေမယ့်အခုလိုအပြောင်းအလဲကာလတစ်ခုမှာ First Eleven ပိတ်ခံရတာ ၀မ်းနည်းစရာကောင်းပါတယ်။ဒါဟာ ကျွန်တော်တို့ ဂျာနယ်အတွက်ပဲ မဟုတ်ပါဘူး။ စိစစ်ရေးကအခုလိုဂျာနယ်(၉)စောင်ပိတ်တာဟာ မြန်မာမီဒီယာလောကတစ်ခုလုံးနောက်ပြန်သွားသလိုဖြစ်ရတဲ့အတွက်ကြောင့်ပါ။ဒီစိတ်မကောင်း ၀မ်းနည်းမှုနဲ့အတူလွန်ခဲ့တဲ့ (၇)နှစ် အကြာ ၂၀၀၃ ခုနှစ်၊ဇူလိုင်လ(၁၇)ရက်နေ့ကိုလည်းမျက်စိထဲပြန်မြင်လာမိပါတယ်။ အဲဒီတုန်းကလည်းအခုလိုပါပဲ။ကျွန်တော်တို့ Eleven ရဲ့ ဖြတ်သန်းလာတဲ့ကာလ တစ်လျှောက်တစ်ပတ်(၇)ရက်အလုပ်လုပ်ပြီး လုံးဝရုံးမပိတ်ခဲ့ဖူးတဲ့ရုံးခန်းတံခါး(၂)ရက်တိတိအပိတ်ခံခဲ့ရပါတယ်။ ဇူလိုင်လ(၁၇)ရက်ကနေ(၁၉)ရက်နေ့အထိ ရုံးခန်းတံခါး ချိပ်ပိတ်ခံခဲ့ရတာပါ။ (ဒီဖြစ်ရပ်မတိုင်ခင်တစ်ပတ်အလိုမှာ ဂျာနယ်တစ်ပတ် အပိတ်ခံခဲ့ရပါတယ်)။ ဥပဒေရဲ့ အထက်မှာရောက်ရှိခဲ့တဲ့အဖွဲ့အစည်းဖြစ်လို့ ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့တပ်မတော်ထောက်လှမ်းရေးကအဲဒီတုန်းက ကျွန်တော်တို့ရုံးကိုနာရီပေါင်းများစွာဝင်ရောက် စီးနင်းရှာဖွေခဲ့ပါတယ်။ဘာမှလည်းရှာမတွေ့သွားပါဘူး။ဥပဒေနဲ့မလွတ်ကင်းတာ ဘာမှလည်းရှိမှမရှိတာ။ဒါပေမယ့် ကျွန်တော်တို့ CEOအပါအ၀င် အယ်ဒီတာ(၅)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ဘာအပြစ်မှမရှိတဲ့အတွက် (၂)ရက်အကြာမှာ CEOပြန်လွတ်လာသလို၊ကျန်တဲ့သူတွေလည်း ပြန်လွတ်လာပေမယ့် အယ်ဒီတာတစ်ယောက်ကတော့ သေဒဏ်ချမှတ် ခံခဲ့ရပါတယ်။ (နောက် တစ်နှစ်ခွဲကြာမှပြန်လွတ်ခဲ့ပါတယ်)။ သူလည်းဘာအပြစ်မှမရှိပါဘူး။အဲဒီတော့ဗျာ ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့မှာအခြားဘာရည်ရွယ်ချက်မှမရှိဘူး။ ကျွန်တော်တို့က တိုင်းပြည်ကိုချစ်တယ်။တိုင်းပြည်တိုးတက်စေချင်တယ်။ အမှန်တရားကို မြတ်နိုးတယ်။အမှန်ကိုအမှန်အတိုင်းဖြစ်စေချင်တယ်။ အမှားကိုဘယ်တော့မှ အမှန်မလုပ်ဘူး။ကျွန်တော်တို့ရဲ့ခိုင်မာတဲ့မူဝါဒက အဲဒါပါပဲ။ အရင်ကလည်း ဒီအတိုင်းပဲ။အခုလည်းဒီအတိုင်းပဲ။နောင်လည်း ဒီအတိုင်းပဲ ရပ်တည်သွားမှာပါ။ ဘယ်တော့မှမပြောင်းလဲပါဘူး။ ကျွန်တော်တို့ရဲ့ရပ်တည် လုပ်ဆောင်မှုတွေကိုထင်ရာမြင်ရာတွေနဲ့လိုရာဆွဲပြီးချောက်တွန်းတာတွေလည်း မဖြစ်စေချင်ပါဘူး။
ကျွန်တော်တို့ရဲ့ရပ်တည်ချက်ကလည်း ဘာအခက်အခဲပဲတွေ့တွေ့ ဘာအနှောက်အယှက်ပဲတွေ့တွေ့ မပြောင်းလဲပါဘူး။
ဝေဖြိုး :တာဝန်ခံအယ်ဒီတာEleven Media Group

ရှားးးးရှားးးးးဘာရှားးးလဲ * ရုရှား* တဲ့ ကွယ်

ရှားးးးရှားးးးးဘာရှားးးလဲ * ရုရှား* တဲ့ ကွယ်

by Supyae Sandar on Monday, November 29, 2010 at 1:17pm
မဆလ စစ်အာဏာရှင် ခေတ် ကာလကတွင် သာမန်စစ်ဗိုလ် တစ်ယောက်အနေဖြင့် နိုင်ငံခြား သို့ ပညာတော်သင် သွားရောက် ဖို့ရာမှာ ကြုံတောင့်ကြုံခဲ အခွင့်အရေး တစ်ရပ်ပင် ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံနှင့် အဆင်ပြေခဲ့စဉ်က အမေရိကန်နိုင်ငံသို့ သင်တန်းသွား တက်ရဖို့ကို အရာရှိ တော်တော်များများက ကျားကုပ်ကျားခဲ ကြိုးစားသင်ယူ ဖြေဆိုခဲ့ကြ ရပြီး ရှားရှားပါးပါး မြန်မာ့ တပ်မတော် တစ်ခုလုံးအနေဖြင့် ဗိုလ်မှူးအဆင့်ရှိ အရာရှိနှစ်ဦး (ဗိုလ်မှူးသန်းအောင်နဲ့ ဗိုလ်မှူးမြငြိမ်း) သာ ရွေးချယ်ခံရကာ ခက်ခက်ခဲခဲ သွားရောက်ခဲ့ ဖူးပါတယ်။

၁၉၈၈ နောက်ပိုင်းမှာ တရုတ်နိုင်ငံသို့ ပညာတော်သင်သွားခဲ့သော တပ်မတော် အရာရှိများ ရှိခဲ့သော်လည်း ညွှန်ကြားရေးမှူးရုံးများနှင့် ပညာသည် တပ်ဖွဲ့များသာ ဥပမာ - (တင့်ကား၊ သံချပ်ကာ၊ အမြောက်၊ ဆက်သွယ်ရေး၊ ရေတပ်၊ လေတပ်) စတဲ့ တပ်များမှ အရာရှိ များသာ သွားရောက်ခဲ့ရပြီး သာမန်ခြေလျင် တပ်က အရာရှိများအဖို့ အခွင့်အလမ်း နည်းပါးသေးကြောင်း တွေ့ရပါတယ်။ သို့ရာတွင် ရုရှားနိုင်ငံသို့ သွားရောက် ပညာတော်သင်ရမည့် အစီအစဉ် စတင်ချိန်မှာတော့ စစ်တက္ကသိုလ် ကျောင်းဆင်းချိန်မှစပြီး သာမန် ခြေလျင်တပ်မှာ တာဝန်ထမ်းဆောင်ဖို့ မလိုတော့ဘဲ အရာရှိထောင်နဲ့ချီကာ နိုင်ငံခြားသို့ ဆက်လက် ပညာဆည်းပူးနိုင်ရန် သွားရောက်ခွင့် အခြေအနေ ရှိလာပါတယ်။ ပညာ တော်သင် အရာရှိတစ်ဦးရဲ့ လစာကို ဒေါ်လာငွေဖြင့် ပေးသလို အဆင့်မြင့် နည်းပညာ အပါအ၀င် နျူကလီးယား ပညာရပ်ထိ သင်ယူဖို့ ရှိတာမို့ တပ်မတော် အရာရှိတိုင်း လှုပ်လှုပ်ရွရွနဲ့ စိတ်ကူးယဉ်ခဲ့ကြပေမဲ့ လစာငွေတွေ ပြည်တွင်းမှာ ရုတ်တရက် အဆပေါင်းများစွာ တိုးပေးလိုက်မှုကြောင့် လက်တွေ့နယ်ပယ်မှာ နိုင်ငံခြား ပညာတော် သင်တွေဟာ မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်ခဲ့ရကြောင်း သိခဲ့ရပါတယ်။

ထို့အပြင် ရုရှားသို့ သွားရောက် ပညာသင်ကြားသူများမှာ စောစီးစွာ ချောင်ထိုးခံရသူများ၊ အစတေးခံရသူများ ဖြစ်သွားပုံတွေ၊ ရုရှားပညာတော်သင် အဖွဲ့တွင် လူကြီးသားသမီးများ ပါဝင်မလာရခြင်းအတွက် အံ့သြဖွယ်ရာ တွေ့ရှိရပုံတွေ၊ ရုရှား ပညာတော်သင် သွားသူများမှာ ကျီးလန့်စာစားနှင့် နေထိုင်ပြီး ပညာသင်ယူနေကြပုံတွေ၊ စစ်အာဏာရှင်တွေဟာ ရုရှားမှာ နျူကလီးယား ပညာရပ်ကို သွားသင်ခိုင်းပြီး ကမ္ဘာမှာ Super Power နိုင်ငံတစ်ခုဖြစ်ဖို့ ဖြတ်လမ်းကနေ ကြံစည်နေမှုအား သုံးသပ်ထားပုံတွေမှာ အလွန်သေသပ်လှပသော လှည့်စားမှူတစ်ခု ဖြစ်နိုင်နေမည်မှာ မလွဲဧကန်ပင်ဖြစ်နိုင်ပါတယ်။

“ရုရှားသို့ ပညာတော်သင် သွားခြင်း” ဆိုတဲ့ ဝေါဟာရတစ်ခုဟာနှောင်းပိုင်း စစ်တက္ကသိုလ်တွင် အတော်လေးကို ခေတ်စားလာခဲ့ပါတယ်။ ကိုယ့်ရဲ့ ဘယ် Guardian ကဖြင့် ရုရှားကို ရောက်သွားပြီ၊ ဘယ်သူကဖြင့် သွားရတော့မည်၊ စသဖြင့် စသဖြင့် အားကျစဖွယ် ကြားသိခဲ့ရ ပြောပြရင်း အထင်ကြီးခဲ့ကြမည်မှာ အလွန်သေချာပါသည်။အတော်လည်း ရူးသွပ်မိကြမည်ဆိုတာထင်ရှားပါသည်။ ၎င်းအတွက်ပင် စာကိုလည်း ပိုကြိုးစားကြမည် ဟုလဲထင်မိပါသည်။ သူတို့ အတွေးများတွင်တော့ စစ်ဗိုလ်ဘ၀နှင့် နိုင်ငံခြားပညာတော်သင် သွားရပါက အဘယ်မျှ ဂုဏ်ယူစရာ ကောင်းလှမည်နည်းပေါ့။

ရုရှား ပညာတော်သင် သွားရမည့် အရာရှိငယ်များသည် ပြင်ဦးလွင် (စစ်တက္ကသိုလ် စာပေ - ၂) ၌ ရုရှား ဘာသာစကားအား (၇) လ သင်ကြား ခဲ့ကြရပါသည်။ မနက် (၈) နာရီမှ (၁၁) နာရီအထိ စာသင်၊ ပြီးလျင် ဟင်းကောင်းထမင်းကောင်းများစားသောက် ပြီးလျင်
12 နာရီမှ 2 နာရီ အထိသင်၊ ကျန်အချိန်များမှာ အရာရှိငယ်များ၏ ကိုယ်ပိုင်အချိန်များဖြစ်သည်။ကိုယ့် ရီစစ်(ဘာသာစကား) ဆရာမနှင့် ပိုင်လျှင်ပိုင်သလို အတန်းမတက်လဲ အဆင်ပြေကြပါတယ်။၎င်းတို့ အနေနှင့် ရုရှား သွားမည့်ရက်ကိုသာ သက်တောင့်သက်သာ လက်ချိုးပြီး စောင့်နေရုံ ဖြစ်ပါတယ်။

ရုရှားရောက် အကိုတော်အရာရှိများသည် ငါးစားသာမြင်၍ ငါးမျှားချိတ် မမြင်ဆိုသော အဖြစ်မျိုးဖြစ်နေသည်ကို
သတိမထားမိကြပေ။“သိပ္ပံနှင့် သုတေသနတပ်” အား ဖွဲ့စည်းလိုက်ကာ ရုရှားမှ ပြန်ရောက်လာသော အရာရှိများအား ၎င်းတပ်အတွင်းသို့ သွတ်သွင်းလိုက်သည့် လုပ်ရပ်သည် တပ်မတော်မှ စောစီးစွာ အရပ်ဘက်သို့ အပို့ခံရသော အရာရှိငယ်များဘ၀သို့ ရောက်ခြင်းမလှ ရောက်ခဲ့ရပါတော့တယ်။ အသုံးချခံ အစတေးခံ ဘ၀များသို့ ရောက်ရှိခဲ့ကြ ရပါတော့တယ်။

သို့ရာတွင် ထူးခြားသည်ကား ၎င်းရုရှားပညာတော်သင် အဖွဲ့များတွင် လူကြီးသား သမီးများ ပါဝင်မလာခြင်းပင် ဖြစ်ပါတယ်။သာမာန်အရာရှိများ ငမ်းငမ်းတက် သွားချင်လှသော ရုရှားအား အဘယ်ကြောင့် လူကြီးသားသမီးများ မသွားချင်ရသနည်း၊နောက်ကွယ်မှာ ဘာတွေ မြုပ်ကွက်ရှိနေသနည်း။ မေးခွန်းပေါင်းများစွာ မေးစရာ ဖြစ်လာပါတယ်။ လူကြီးသားသမီး ဆိုသူများသည် ရုရှားပြန်များအား ဂုတ်ခွစီးဖို့ အာဏာပိုင် နေရာများဆီသို့ ချီတက်သွားကြပြီဆိုတာ မသိကြလေရော့လား အကိုတော်တို့ရယ်။

ရုရှားရောက် အရာရှိများ အနေနှင့် ၎င်းတို့ အဓိကထား စဉ်းစားရမည့် အချက်များကို မေ့နေဟန်တူပါတယ်။

“ဒီ နျူကလီးယား ပညာရပ်ကို သင်ကြားနေရတာ ဘာအကျိုးအမြတ် အတွက်လဲ? "
“လျှပ်စစ်မီး ဖောဖောသီသီ သုံးနိုင်အောင်လို့လား?”
“နျူကလီးယား လက်နက်တွေထုတ်ပြီး ကမ္ဘာ့ Super Power နိုင်ငံတစ်ခု ဖြစ်ချင်လို့လား”

လျှပ်စစ်မီး ထုတ်လုပ်ဖို့ဆိုရင်တော့ သူများနိုင်ငံသွားပြီး နျူကလီးယား ပညာရပ်ကို သွား သင်နေစရာ မလိုပါ။ ကိုယ့်နိုင်ငံမှာ ထွက်တဲ့ သဘာဝဓါတ်ငွေ့တောင် နှစ်ပေါင်း ၂၀၀ လောက် လျှပ်စစ်မီးပေးလို့ ရပါတယ်။ အဲဒီ သယံဇာတတွေကိုတော့ တခြားနိုင်ငံတွေကို ရောင်းပြီး နျူကလီးယား ပညာရပ်က လျှပ်စစ်မီးအတွက် စက်မှုထွန်းကားဖို့အတွက် သွား သင်နေရတာပါ ဆိုရင်တော့ ဒါ အကြောင်းပြချက် သက်သက်သာ ဖြစ်နေပါလိမ့်မည်။ လုံးဝ မခိုင်လုံပါ။ လက်မခံနိုင်ပါ။

ဒါဖြင့် ဘာကြောင့် ရုရှားကို နျူကလီးယား ပညာရပ် သွားသင်နေရတာလဲ? ရိုးရိုးလေး စဉ်းစားကြည့်ပါ၊ ကမ္ဘာမှာ Super Power နိုင်ငံတစ်ခုဖြစ်ဖို့ ဖြတ်လမ်းကနေ ကြံနေတာကို တွေ့ရပါလိမ့်မယ်။ မေးလိုက်ချင်ပါသေးတယ် အကိုတော်အရာရှိတို့ရယ်

(၁) နျူကလီးယား လက်နက်တွေ ထုတ်လုပ်ဖို့အတွက် မြန်မာပြည်မှာ စီးပွားရေး အဆောက် အအုံတွေ ခိုင်မာနေပြီလား?

(၂)နိုင်ငံခြားဝင်ငွေတွေ ဒလဟော ရနေပြီလား?

(၃)ပြည်တွင်း ကုန်ထုတ်လုပ်မှု စွမ်းအားတွေ သိပ်ကိုမြင့်မားနေပြီလား?

(၄)မြန်မာပြည်သူတွေရဲ့တစ်ဦးချင်း ၀င်ငွေတွေ မြင့်မား ခိုင်မာနေပြီလား?

အဲ့ဒါတွေတောင်မှ ဝေလာဝေးတဲ့ အခြေအနေတွေမှာ နျူကလီးယားSuper Power နိုင်ငံတစ်ခုဖြစ်ဖို့ လုပ်နေပါတယ်ဆိုတဲ့
ကိစ္စရပ်တွေဟာ ၀ မရှိပဲ ၀ိ လုပ်နေတာတွေချည်းပါပဲ။

အဲ့ဒါတွေ မပြီးပြည့်စုံပဲနဲ့ နျူကလီးယား လက်နက်ကိုချည်း ထုတ်ဖို့ ကြိုးစားနေမယ်ဆိုရင် မြန်မာပြည်သူတွေ ဆင်းရဲတွင်း နက်သထက် နက်သွားလိမ့်မည်မှာ လူပြိန်းတောင် သိ နေပါတယ်။ ပြည်သူ့ ဘဏ္ဍာတွေ အကုန်လုံး အဲဒီနျူကလီးယား စီမံကိန်းထဲမှာ နစ်မြုပ်သွားမှာ အသေအချာပင် ဖြစ်ပါတယ်။ နောက်တစ်ခုက ပြင်ပကမ္ဘာနဲ့ အဆက်ပြတ်ပြီး မြန်မာပြည်ကြီး အထီးကျန် ဆန်သွားမှာ သမိုင်းဗီလိန် ဖြစ်သွားမှာကိုရော မစိုးရိမ်ကြဘူး လားဟု မေးစမ်းချင်ပါတယ်။ တကယ့်ကို တိုင်းပြည်အပေါ် ချစ်ကြစမ်းစေချင်ပါသည်။

အဲဒီတော့ ရုရှားရောက် အရာရှိများအနေနဲ့ စဉ်းစားကြည့်စေချင်ပါတယ်။ကမ္ဘာမှာ လူမိုက်လုပ်ချင်သလား၊ မြန်မာပြည်သူတွေ ချမ်းချမ်းသာသာနဲ့ လူတန်းစေ့ နေနိုင်တာကို မြင်ချင်သလားဆိုတာ စဉ်းစားတတ်မည်ဟု ထင်ပါတယ်။ပြည်သူတွေ ချမ်းချမ်းသာသာနဲ့ စိုပြေနေတာကို အရင်မြင်ချင်တယ်။ အဲ့ဒီလို အဆင့်ကို ရောက်ပြီးမှ နျူကလီးယား ကိစ္စကို ဆက်ဆွေးနွေးကြရင် မကောင်းဘူးလား”???

စိတ်ကူးယဉ် နျူကလီးယား နည်းစနစ်တွေ အတွက် ငွေကြေးအကုန်ခံမဲ့အစား အဆင့်မြင့် နည်းစနစ်တွေနဲ့ မော်တော်ကား ထုတ်လုပ်တဲ့ နည်းပညာ တွေဝယ်မယ်၊ စက်ရုံတွေထောင်မယ်၊ လေယာဉ်တွေကို ထုတ်လုပ်မယ်ဆိုရင် ပြည်သူတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်မလာဘူးလား ။နျူကလီးယား ထုတ်ဖို့ချည်း အတင်းစိုင်းပြင်းနေတော့ မြန်မာပြည်ကြီး ဆင်းရဲသထက် ဆင်းရဲသွားမှာ မြေကြီးလက်ခတ် မလွဲပါပဲ၊ အဲဒီ နျူကလီးယား ထုတ်လုပ်ဖို့ စီမံကိန်းအတွက် ကုန်ကျငွေဟာ လေယာဉ်စက်ရုံ အခု တစ်ရာ မက တည်ဆောက်တဲ့ အားနဲ့ သွားညီနေပါတယ်။

ဒါလဲ နျူကလီးယားကို( ရ - မရ ) ဆိုတာ မသေချာပါ။ ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကိုယ်က ကိုယ့်နိုင်ငံရဲ့  ရေနံတွေ တွင်းထွက်တွေကို အလကားနီးနီး ရောင်းပေးနေရပါတယ်။ မိအေးက နာပြီးရင်းနာနေရတဲ့ အဖြစ်မျိုးကို သိကြစေချင်ပါတယ်။ လူပြိန်းတောင် နားလည်နိုင်ပါတယ်။ အဲဒီတော့ ရုရှား ပညာတော်သင် အကိုတော်များအနေနှင့် ကိုယ်လုပ်နေရတဲ့ အလုပ်ဟာ ပြည်သူတွေ ကောင်းကျိုး အတွက်လား၊ စစ်တပ် ခေါင်းကြီးပိုင်းတစ်စုရဲ့ တန်ခိုးအာဏာ ကြီးထွားရေး အတွက်လားဆိုတာ ပြန်စဉ်းစားကြပါလို့ ပြောကြားချင် ပါတယ် ။

“တပ်မတော်သည် ပြည်သူအတွက်” ဆိုတဲ့ ခံယူချက်လေး အခြေခံပြီး စဉ်းစားခဲ့မယ်ဆိုရင်တော့ အကိုတော်များအနေနှင့် အဖြေတစ်ခုတော့ ထွက်လာပါလိမ့်မည်။
ပြည်သူ့အတွက်လို့ မစဉ်းစားရင် တိုင်းပြည်အတွက် ဆိုတာလည်း စဉ်းစားတတ်မှာ မဟုတ်ပါ။ အဲဒီ တိုင်းပြည်ထဲမှာ ပြည်သူထဲမှာ ကိုယ့်ရဲ့ မိဘ၊ ဆွေမျိုး မောင်နှမ၊ သူငယ်ချင်း ရောင်းရင်း၊ ယုတ်စွအဆုံး ကိုယ့်ရဲ့ မျိုးဆက်သစ် ရင်သွေးလေးတွေလည်း ပါလာဦးမှာမို့ ကိုယ့်ကိုယ်ကိုတော့ လေးစားကြပြီး မှန်ကန်မြင့်မြတ်တဲ့ အတွေးအခေါ် အယူအဆတွေ မွေးကြရအောင်လို့ တိုက်တွန်းလိုက်ရပါတယ်။

အကိုတော်များအနေနှင့် ကပ်သတ်ပြီး ပြောလို့ရမယ့် စကားတွေရှိနေပါတယ်။ဥပမာ ရုရှားက ပညာတော်တွေဟာ နျူကလီးယားအတတ်ပညာတစ်ခုတည်းကို လေ့လာနေရတာမဟုတ်ဘူးလို့ ပြောနိုင်လာပါသေးတယ်။
တစ်ခြားပညာရပ်များဖြစ်တဲ့ ကွန်ပြူတာပရိုဂရမ်းမင်းရေးနည်းများ ၊ မော်တော်ကားတပ်ဆင်ရေးများ ၊ လေယာဉ်ပျံအစိတ်အပိုင်း ပြင်နည်းများ ၊
ထိုထိုသော ပညာရပ်များလဲသင်ကြားနေရတဲ့ သူတွေလဲရှိသေးတယ်ဆိုတာ သိပါတယ်။ သို့သော် ထိုပညာရပ်များအတွက် ရုရှားအထိသွားရောက်ပြီး လေ့လာသင်ယူစရာမလိုပါ။တမင်ပုံကြီးချဲ့၍ လည်း မပြောကြားစေလိုပါ။ဥာဏ်နှင့်ယှဉ်၍ အားလုံးကိုသေချာစွာ စဉ်းစားသုံးသပ်စေလိုပါတယ် ။...............................

(ရုရှားရောက် အကိုတော်အရာရှိများအတွက် အမှတ်တရ ရေးသားလိုက်ပါကြောင်း နှင့် တိုင်းပြည်နှင့်လူမျိုး အကျိုးကို အမှန်တစ်ကယ်သယ်ပိုးရွက်ဆောင်နိုင်သော သားကောင်းဇာနည်များ ဖြစ်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါ၏ ။) 
http://www.facebook.com/note.php?note_id=153008998078794&id=100001601233620

မြန်မာပြည်သို့အိတ်ဖွင့်ပေးစာ(၁)

Flyer to Myanmar 1

စစ်အစိုးရလွှတ်တော်နှင့် ပြည်သူတို့ လိုလားသော အစိုးရလွှတ်တော်ကို ဆက်စပ်ကြည့်ခြင်း



မပြီးသေးသော တော်လှန်ရေးသာရှိသည်ဟု ကြားဖူးသည်။ ခုတော့ ကုလသမဂ္ဂမှ မပြီးပြတ်သေးသော အလုပ်ကို ဆက်ကာလာလုပ်တော့ ပိုပြီးအရစ်ရှည်သွားပြီ။ နောက်ကျပြီးမှ အလုပ်ကြီးအလုပ် တခုလုပ်ပြခြင်းမှာ နိုင်ငံရေးလူပါးဝခြင်းဖြစ်သည်။ လုသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဗီဂျေး နမ်ဗီယားမှာ မြန်မာနိုင်ငံမှ ထွက်ခွါချိန်တွင် ကြေညာချက်ထုတ်ပြန်သွားသည်။ သူလာသည်မှာ အချက်သုံးချက်ကို တင်ပြလိုခြင်းကြောင်း ဖြစ်သည်ဟုဆိုသည်။ ပထမအချက်မှာ ပါတီတွေ ၊ လူပုဂ္ဂိုလ်တွေကို တွေ့ ဆုံပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ မဲသမာမူများကို မေးမြန်းပြီး ကော်မရှင်ကို ပြောဆိုခဲ့ သည်ဟု ဆိုသည်။ ဒုတိယအချက်မှာ ရွေးကောက်ပွဲပါဝင်သူနှင့် မပါဝင်သူတွေအနေဖြင့် စစ်အစိုးရနှင့် မြန်မာနိုင်ငံရေးအခင်းအကျင်းတွင် ပါဝင်နိုင်ရေးအတွက်ဖြစ်သည်ဟု ဆိုသည်။ နောက်ဆုံးအချက်မှာ ရွေးကောက်ပွဲလွန် အစိုးရတရပ်ပေါ်ပေါက်လာပြီး ကုလသမဂ္ဂက ရေရှည်မှာ ပါဝင်ပတ်သက်လာရေးဖြစ်သည်ဟု ဆိုသည်။
သို့ ဆိုလျှင် ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယား၏ ခရီးစဉ်မှာ ဤကြေညာချက်ဖြင့် ပြီးဆုံးပြီလား ၊ မပြီးပြတ်သေးသော သံခင်းတမန်ခင်းဖြစ်နေဆဲကို တွေ့ ကြရပါပြီ။ ကုလသမဂ္ဂသည် ဤစကားတခွန်းကို ပြောကြားစေလို၍ မည်သည့်အတွက်ကြောင့် ငွေကုန်ကြေးကျခံကာ လုပ်နေကြရပါသနည်း။ ကြေညာချက်မှာပါသည့်အတိုင်းဆိုလျင် မဲသမာမူများကို ကော်မရှင်သို့ ပြောကြားခဲ့ သည်ဟု ဖေါ်ပြပါသည်။ သည်တော့ စစ်အစိုးရ၏ ကော်မရှင်သည် ကိုယ်စားလှယ်တော်ကြီး တင်ပြခဲ့ သောအချက်များကို စစ်ဆေးပြီး အရေးယူဆောင်ရွက်မည်ဟု ထင်မြင်ယူဆပါသလား ။ မည်သို့ မျှ ထူးခြားမည်မဟုတ်။ အကြောင်းမှာ ကော်မရှင်သည် မဲသမာမူများကို ပို၍သိရှိသူများဖြစ်နေပါသည်။ ဒုတိယအချက်မှာ မြန်မာနိုင်ငံရေးအခင်းအကျင်းတွင် အတိုက်အခံကော ရွေးကောက်ပွဲပါဝင်သူတွေရော မပါဝင်သူတွေကိုမကျန် အားလုံးအကျုံးဝင်ပါတ်သက်လိုသည်ဟု ဆိုသည်။ ဤသည်မှာမည်သို့ မျ ဖြစ်လာစရာအကြောင်းမရှိ။ ရွေးကောက်ပွဲ ပြုလုပ်ထားသည့်အတိုင်း လွှတ်တော်ခေါ်ပြီးလျှင် အစိုးရဖွဲ့ မည်။ အတိုက်အခံကော ရွေးကောက်ပွဲမပါဝင်သူတွေကိုကော မည်သည့်နည်းနှင့်မျ အစိုးရအဖွဲ့ တွင် ထည့်၍မရ။ ထို့ ကြောင့် ကုလသမဂ္ဂမှ အထူးကိုယ်စားလှယ်၏ ဒုတိယကြေညာချက်သည် အဓိပ္ပါယ်မရှိသော စကးရပ်များသာဖြစ်နေသည်။ တတိယအချက်မှာ ရွေးကောက်ပွဲပြီးမြောက်သွားသည့်အခါ ကုလသမဂ္ဂက ရေရှည်မှာ ထိစပ်ဆက်ဆံသွားရေးဖြစ်သည်ဟု ဆိုပါသည်။ ယင်းအချက်မှာ ၂၀၁၀ ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာသောအစိုးရကို တရားမ၀င်ဟု ပြောဆိုထားပြီးဖြစ်သည့်အတွက် ရေရှည်မှာဆက်ဆံသွားနိုင်မည်နည်းဆိုသောအချက်ကို ထည့်ထားခြင်းကား ရှေ့ နောက်စကားမညီခြင်းဖြစ်သည်။
သည်တော့ ကိုယ်စားလှယ်တော်ကြီး၏ခရီးစဉ်ကို မည်သို့ အကောင်းမြင် သုံးသပ်နိုင်ပါမည်နည်း။ သူ့ ခရီးစဉ်ကို အကျိုးသက်ရောက်မူမရှိဟု ယေဘူယျပြော၍ ရနိုင်သည်။ စင်စစ်အားဖြင့် ၂၀၁၀ ရွေးကောက်ပွဲမပြုလုပ်သေးခင် လာရောက်ပြီး သူ၏ကြေညာချက်ကိုထုတ်ပြန်မည်ဆိုပါက ထိရောက်မည့် ကြေညာချက်ဖြစ်နိုင်ပါသည်။ ယခုစစ်အစိုးရက သူ့ လူတွေနှင့် သူက ပွဲကရန် စီစဉ်ပြီးပြီ။ ယင်းပွဲမှာ ဟိုလူမပါရ ၊ ဒီလူမပါရလို့  ဆိုပြီး လုပ်ထားသောပွဲမျိုး၊ ယင်းပွဲကိုမှ ဟိုလူထည့်ချင် ဒီလူထည့်ချင်လို့  လာပြောလို့ ကတော့ နေရာမရတော့ဘူး ဟု ပြောဆိုလွှတ်လိုက်ရုံသာ ကြုံရမည်ဖြစ်သည်။ သည်တော့ အရှက်သိက္ခာကျရုံထက် ဘာများရှိပါအံ့တော့နည်း။ လာခြင်းကောင်းသော်လည်း နောက်ကျခဲ့ ပါပြီ။ အလွန်ကိုနောက်ကျသောခရီးစဉ်တခုမှာ ထုတ်ပြန်ခဲ့သောကြေညာချက်သည်ပင် နှစ်ပေါင်းနှစ်ဆယ်အတွင်း ထုတ်ဝေဖြန့် ချီပြီးသော စာမျိုးဖြစ်နေသည်။ ကုလသမဂ္ဂမှ အထူးသံအရာရှိလာပြီး မြန်မာနိုင်ငံအပေါ်ချက်ချင်း ဒီမိုကရေစီနိုင်ငံတော်ဖြစ်စေသတည်း ဆိုသောအချက်အလက်မျိုးကို လုပ်ပေးလိမ့မည်ဟုတောင့်တပြီး မျှော်လင့်နေခြင်းတော့မဟုတ်။ သူတို့ ကလည်းယင်းသို့ လုပ်နိုင်စွမ်းရှိကြမည့်သူများမဟုတ်ချေ။ သို့ သော်သူတို့ က သူတို့ ၏ လုပ်ပိုင်ခွင့်ဘောင်ထဲမှ တာဝန်တရပ်နှင့် လာခြင်းကောင်းလျင် လက်ခံနိုင်ပါသည်။ ယခုမှာမူ အိမ်ပြန်မရောက်ခင်ပင် မစ္စတာနမ်ဘီးယား၏ ခရီးစဉ်ကို အားမလိုအားမရပြောနေကြပါပြီ။ သူ့ မှာလုပ်ပိုင်ခွင့်အာဏာ မရှိပါဘဲ သတင်းမေးရုံနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဓါတ်ပုံတွဲရိုက်သောအဆင့်သာ ရှိနေသည်ကို ၀န်းနည်းစွာတွေ့ မြင်လိုက်ရသည်။
အထူးသဖြင့် စစ်အစိုးရမှ ရက်ပေါင်း - ၉၀ - အတွင်းလွှတ်တော်ခေါ်ယူမည်ဟု ကြေညာထားပါသည်။ အာဏာလွှဲပြောင်းပေးမည်ဆိုသော စကးရပ်မပါဘဲ လွှတ်တော်တခုတည်းကိုသာခေါ်ယူမည်ဟု ကြေညာထားခြင်းဖြစ်သည်။ ပြီးတော့မည်သူက မည်သူ့ ကိုအစိုးရအဖွဲ့ တွင် ပါဝင်စေကာ အာဏာလွှဲပြောင်းပေးမည်ဆိုသော ပြသနာတွေက ရှိနေသည်။ ကြံ့ဖွံ့ပါတီမှ လွှတ်တော်ကိုယ်စားလှယ်တွေက နေရာများစွာအနိုင်ရရှိထားသောကြောင့် ဘောင်းဘီချွတ်အရပ်သားအစိုးရလုပ်သည့်တိုင်အောင် သူတို့ ခမြာ တပါတီစနစ်အစိုးရဟု လူပြောသူပြောမခံချင်သည့် အပိုင်းရှိနေသည်။ တိုင်းရင်းသားလူမျိုးများပါတီများကို အရပ်သားအစိုးရထဲတွင် ထည့်မည်ဆိုလည်း ယင်းပါတီများ၏ အခန်းကဏ္ဍကို တွက်ချက်နေကြရသည်။ တိုင်းရင်းသားပါတီများမှာ မိမိတို့ သက်ဆိုင်ရာပြည်နယ်တွင် လူထုထောက်ခံမူကို အများဆုံးရရှိထားသော ပါတီများဖြစ်ရာ ဘောင်းဘီချွတ်အရပ်သားအစိုးရအဖွဲ့ တွင် သူတို့ အား အာဏာပိုင်အဆင့် တနည်းအားဖြင့် ပြည်နယ်အစိုးရအဖွဲ့ တွင် သူတို့ အားမျက်ကွယ်ပြု ချန်ထား၍လည်းမရ။ အကယ်၍အာဏာပိုင်အဆင့်ဖြစ်သော ပြည်နယ်အစိုးရအဖွဲ့ တွင် ရွေးချယ်ခံထားရသော လွှတ်တော်ကိုယ်စားလှယ်များကသာ သူတို့ ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သူတို့ ကိုယ်တိုင်ဦးဆောင်ပြီး လုပ်ပိုင်ခွင့် မရရှိလျင် သူတို့ ၏ အတိုက်အခံ ပြောဆိုလှုပ်ရှားမူများမှာ လမ်းမပေါ်သို့ ရောက်ရှိသွားနိုင်သည်။ လောလောဆယ်ကာလတွင် လွှတ်တော်အတွင်း၌ အစိုးရကိုဝေဖန်တိုက်ခိုက်ပါက ထောင်ဒဏ်ဘယ်လောက်ကျခံရမည် ဆိုသော ဥပဒေကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လက်မှတ်ထိုး ထုတ်ပြန်လိုက်ပြီဟု ကြားနေရသည်။ ကြားရသောစကားအရဆိုလျှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် နောင်ပြုလုပ်လာမည့် ရွေးကောက်ပွဲကို အရိပ်မဲကြီးသဖွယ်ချယ်လှယ်ထားကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။ ဤသည်မှာလွှတ်တော်ကိုယ်စားလှယ်များအဖို့  တရားခံကဲ့ သို့  တရားခွင်တခုကို တရားဝင်ရောက်ရှိနေသလိုဖြစ်နေသည်။
တခုတော့ရှိသည်။ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို ကျင်းပပြီးသော စစ်အစိုးရသည် လွှ့တ်တော်ခေါ်ပြီး မဲအနိုင်ရရှိသောကိုယ်စားလှယ်များကို အစိုးရအဖွဲ့ တွင် ပါဝင်စေကာ အာဏာကုန်လွှဲပြောင်းပေးရတော့မည်ဖြစ်သည်။ တိုင်းရင်းသားပြည်နယ်များမှ ယင်းအရပ်သားအစိုးရအဖွဲ့ တွင် ပါဝင်လာရမည်ဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့ ကို ဦးဆောင်ဖွဲ့ စည်းပိုင်ခွင့်ရှိသည်။ ပြည်နယ်အစိုးရအဖွဲ့ တွင် ပါဝင်သောလွှတ်တော်ကိုယ်စားလှယ်များသည် ဗဟိုအစိုးရအဖွဲ့ တွင် ပြည်နယ်ကိုယ်စားပြုအနေဖြင့် ပါဝင်ရမည်သာဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များသည် ၀န်ကြီး ၀န်ကလေးများဖြင့် အစိုးရအဖွဲ့ တွင် ပါဝင်ဆောင်ရွက်နေသော်လည်း သူတို့ မှာမိခင်ပါတီရှိနေသည်။ ယင်းမိခင်ပါတီရုံးသည် သူတို့ ၏ ပါတီလုပ်ငန်းများကို နေ့ စဉ်ဆောင်ရွက်နေသလို ၀န်ကြီးဝန်ကလေးများ၏ လုပ်ငန်းဆောင်တာများကို ပူးပေါင်းကူညီဆောင်ရွက်ကြရသည်။ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံတွင် ကာကွယ်ရေးဝန်ကြီး မစ္စတာဂျော့ဖါနန်ဒက်သည် အစိုးရအဖွဲ့ တွင် ၀န်ကြီးအဖြစ်ဖြင့် တာဝန်ထမ်းဆောင်သည်။ မစ္စတာဂျော့ ဖါနန်ဒက်ပါတီမှာ ( ယခင်က ( SAMATA ) ။ ယခုအခါ ( JANALTA DAL ) ပါတီ ဖြစ်ပြီး ပက်ဆီအချိုရည်ကို အိန္ဒိယနိုင်ငံတွင် ရောင်းချခြင်းအား ကန့် ကွက်ဆန္ဒပြသည့်အခါ အကြိမ်ပေါင်း-၂၀၀ - ကျော်သည့်အချိန်ထိ ကြုံဆုံဖူးပါသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့  ( ABSL ) ရုံးချုပ်သည် ယင်းပါတီရုံးနှင့်ကပ်လျှက်ရှိသည်။ ယင်းပါတီမှပုဂ္ဂိုလ်များမှာ ဇွဲနဘဲကြီးစွာဖြင့် အကြိမ်ပေါင်း - ၄၀၀ - ကျော်ခန့် ဆန္ဒပြခဲ့ ရသည်ဟု ထင်ပါသည်။ နောက်ဆုံးအချိန်တွင် အပါတ်စဉ်လမ်းပေါ်ထွက်ပြီး ဆန္ဒပြနေရာ ပက်ဆီအချိုရည်ကုမဏီသည် အိန္ဒိယနိုင်ငံမှ ထွက်ခွါသွားရပါသည်။ သူတို့ နှင့် အတူ ကျွန်တော်တို့ သည် အခါအားစွာ ဆန္ဒပြရာ၌ လိုက်ပါခဲ့ သလို သူတို့ သည်လည်း ကျွန်တ်ာတို့ နှင့်အတူ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နှင့် ကျောင်းသားခေါင်ေးဆာင်များ ၊ နိုင်ငံရေးအကျဉ်းသားများ လွပ်မြောက်ရေး ဆန္ဒပြပွဲကို အမြဲလိုက်ပါ တောင်းဆိုခဲ့ ကြသည်။ အိန္ဒိယအစိုးရအဖွဲ့ တွင် ကာကွယ်ရေးဝန်ကြီးအဖြစ်ရှိနေသော်လည်း မြန်မာနိုင်ငံအရေးနှင့် ပါတ်သက်လျင် ၀န်ကြီးတဦးအနေဖြင့်၎င်းင်း ၊ ပါတီအနေဖြင့်၎င်း ပါဝင်ပတ်သက်သူဖြစ်သည်။ အစိုးရအဖွဲ့ မှ မည်သို့ မျှမပါတ်သက်ဘဲ လက်ရှောင်ပြီးနေသော်လည်း လွပ်လွပ်သောဒီမိုကရေစီကျင့်စဉ်အရ ပါဝင်ပါတ်သက်ခြင်းဖြစ်သည်။
ကျွန်တော်ပြောချင်သည်မှာ အစိုးရအဖွဲ့ တွင် ပါဝင်သွားသော လွှတ်တော်ကိုယ်စားလှယ်များသည် ၀န်ကြီး ၀န်ကလေးရာထူးများဖြင့် တာဝန်ထမ်းဆောင်နေမည်ဖြစ်သော်လည်း သူတို့ ၏မိခင်ပါတီရုံးကမူ သူတို့ ၏ ပါတီလုပ်ငန်းစဉ်များကို ဆောင်ရွက်နေလိမ့်မည်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့ ၏မိခင်ပါတီရုံးကို ဖျက်သိမ်းခွင့် မရှိခြင်းကြောင့်ဖြစ်သည်။ ဆိုရလျှင် တိုင်းရင်းသားလူမျိုးများပါတီသည် မည်သို့ ပင်ဆိုစေကာမူ သူတို့ ၏ပြည်နယ်အတွက် တခုတည်းသောရည်မှန်းချက်များကို အပြည့်အစုံမရရှိသည့်တိုင်အောင် လက်ခံကျေနပ်နိုင်ကြမည်ဖြစ်သော်လည်း လုံးဝမဖြစ်နိုင်၊ အကောင်အထည်ချမပြနိုင်ကြဟု ထင်မှတ်သွားပါက လမ်းမပေါ်သို့ ဆန္ဒပြတောင်းဆိုပွဲများဖြင့် ဖန်တီးလာနိုင်စရာများ တွေ့ ကြုံရမည်ထင်သည်။ ယင်းမှာနိုင်ငံရေးပါတီများ၏ သရုပ်သကန်လက္ခဏာများသာဖြစ်သည်။ တိုင်းရင်းသားပါတီများသည် ပြည်နယ်အတိုင်းအတာအရ ပြည်နယ်သူပြည်နယ်သားတို့ ၏ ဆန္ဒအသီးသီးကို အကောင်အထည် မဖေါ်ဆောင်နိုင်သည့်အခါ သူတို့ ကို ရွေးချယ်တင်မြှောက်လိုက်သော ပြည်သူလူထုများနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ ကြုံရတော့မည်ဖြစ်သည်။ ယင်းမှာပကတိ မျက်မှောက်လက်ငင်း အချိန်ကာလတွင် စစ်အစိုးရ၏ ကြီးမားသော ပြသနာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တိုင်းရင်းသားပြည်နယ်များတွင် ဖြေရှင်း၍မရနိုင်သေးသော ပဋိပက္ခများမှာ တိုင်းရင်းသားလူမျိုးများပါတီများမှ အစိုးရအဖွဲ့ ၌ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ရုံနှင့် ပြီးစီးသွားမည်မဟုတ်ချေ။
အဖမ်းဆီးခံ တိုင်းရင်းသားခေါင်းဆောင်များကို ချက်ချင်းလွှတ်ပေးရန်လိုနေသည်။ နယ်ခြားစောင့်တပ်များဖွဲ့ စည်းရေးကိစ္စနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများနှင့် တွေ့ ဆုံဆွေးနွေးရေးကိစ္စများတွေ ဆွေးနွေးစရာတွေ ရှိနေသည်။ တိုင်းရင်းသားလူမျိုးများနှင့် ငြိမ်းချမ်းရေးကို ဦးတည်ကာတွေ့ ဆုံဆွေးနွေးရေးကို မပြုလုပ်သမျှ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးမှာ မည်သည့်အခါမျှ ဖြစ်လာနိုင်စရာအကြောင်းမရှိ။ ယမ်းငွေ့ တလူလူနှင့် သေနတ်သံတွေ ဆိတ်သုဉ်းသွားအောင် အမျိုးသားပြန်လည်သင့်မြတ်သွားရန် တွေ့ ဆုံဆွးနွေးရေးကို ဆောင်ရွက်ရမည်ဖြစ်သည်။ ယင်းပြသနာမှာ ၂၀၁၀ ရွေးကောက်ပွဲအလွန်၏ စစ်အစိုးရဖြေရင်းရမည့် ပြသနာဖြစ်သည်။ ဤသည်မှာ ကိုယ့်မြင်းကိုယ်စိုင်းထားသော နအဖစစ်အစိုးရ၏ ရွေးကောက်ပွဲအလွန်ကာလ ရင်ဆိုင်ဖြေရှင်းရမည့် နအဖ၏ လုပ်ငန်းများဖြစ်သည်။ ကောင်းပါပြီ။ ယင်းလုပ်ငန်းများကို ဆောင်ရွက်စရာတခုမျှ မလိုဟု ကြောက်ကန်ကန်ပြီး ငြင်းဆိုကာ နေမည်ဆို၍လည်းရသည်။ သို့ သော် ယခုအချိန်ထက် အခြေအနေမဆိုးဆိုလျင်တောင် မြန်မာနိုင်ငံသည် ယခုအချိန်ထက် ဆုတ်ယုတ်သွားမည့် ဆိုးကျိုးများကို ထပ်မံတွေ့ ရှိသွားနိုင်သည်ဟု သုံးသပ်နိုင်သည်။ အကြောင်းမှာ စစ်အစိုးရ၏ ရွေးကောက်ပွဲကို တရားမ၀င်ဟု ဆန္ဒမဲပေးကြသူများမှာ နိုင်ငံများစွာရှိနေကြသည်။ တရုပ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ မှ အသိအမှတ်ပြု ထောက်ခံပေးကြသည့်တိုင်အောင် ရေရှည်မှာ ယင်းနိုင်ငံများ၏ ထောက်ခံမူကို မည်သူမျ အာမခံနိုင်လိမ့်မည်မဟုတ်။ ဤအချက်အလက်များမှာ နအဖစစ်အစိုးရ အနေဖြင့် လွှတ်တော်ခေါ်ယူမည့်အခြေအနေနှင့် နောင်ဖြစ်ပေါ်လာမည့် အခြေအနေကို တွက်ချက်သုံးသပ်မူ တစိတ်တဒေသ ဖြစ်သေးသည်။
တချိန်တည်းမှာပင် နအဖစစ်အစိုးရ၏ ရွေးကောက်ပွဲက ပြီးစီးသွားပြီဖြစ်သည်။ သူတို့ မှာ အဆင့်ဆင့်ရွေးချယ်ဆောင်၇ွက်ပြီးစီးသွားပြီဖြစ်သည်။ ယင်းနိုင်ငံရေးအခင်းအကျင်းမှာ ရွေးကောက်ပွဲမပါဝင်သူများကို မည်သို့  နည်းဖြင့် ပါဝင်ပါတ်သက်နိုင်ပါမည်နည်း။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပြောဆိုတိုက်တွန်းနိုင်သော အရည်အချင်းသည် ကုလသမဂ္ဂမှာ အခွင့်အာဏာမရှိကြောင်း သိသာနေကြပြီဖြစ်သည်။ ယခုလည်းထပ်လောင်းပြောဆိုခြင်းဖြစ်သည်။ တရုပ်နိုင်ငံ၏ ကျားကန်ပေးမူကို မည်သို့ မျ ချေဖျက်မရသမျှ စစ်အစိုးရသည် မည်သူ့ ကိုမျ ဂရုစိုက်စရာအကြောင်းမရှိချေ။ လုပ်ချင်ရာလုပ်နေအုံးမည်ဖြစ်သည်။ အဓိကကုလသမဂ္ဂ၏တာဝန်မှာ ကမ္ဘာကြီးတည်ငြိမ်အေးချမ်းသာယာရေးဖြစ်သည်။ သို့ သော် ကမ္ဘာကြီးတည်တံ့ငြိမ်းချမ်းသာယာရေးအတွက် မဆောင်၇ွက်နိုင်ခြင်းမှာ တာဝန်ရှိသူများ၏ အစိပ်အပိုင်းသာဖြစ်သည်။ စိုးရိမ်ပါသည်ဟု ပြောသောသံခင်းတမန်ခင်းစကားသည် တခါတရံတွင် လုံလောက်သော်လည်း တချို့ သောအခြေအနေတွင် နှစ်ပေါင်းများစွာ ပြောကြားနေလျင် အကျိုးမရှိကြောင်း သိသာနိုင်သည်။ ယခုအချိန်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းသည် အလွန်ရှပ်ထွေးနေသည်။ ဒုတိယပင်လုံညီလာခံခေါ်ယူခြင်းဖြင့် တိုင်းရင်းသားလူမျိုးများ၏ သွေးစည်းညီညွတ်ရေးကို ရယူကာ တည်ငြိမ်အေးချမ်းစေရေးကို ဆောင်ရွက်မည်ဟု ကြွေးကြော်လာကြပြီဖြစ်သည်။ သို့ သော်ဒေါ်အောင်းဆန်းစုကြည်သည်ပင် လွပ်မြောက်လာသည့်အချိန်မှ ယနေ့ အချိန်ထိ ဒုတိယပင်လုံညီလာခံ ခေါ်ယူမည့်ကိစ္စကို ယတိပြတ်ဆုံးဖြတ်ချက်မချရသေး။ တာဝန်ကိုလက်ခံထားလိုက်ရပြီးပြီဖြစ်သော်လည်း ယခုအချိန်ထိ ဒုတိယပင်လုံခေါ်ခေါ်ယူရေးအဖွဲ့ ကော်မီတီဟု မဖွဲ့ ရသေးချေ။ ဤအချက်ကို ကမ္ဘာ့ကုလသမဂ္ဂမှ ကောင်းစွာ သဘောပေါက်နားလည်ရန်လိုနေပါသည်။ ပြည်တွင်းရှိနိုင်ငရေးံပါတီများနှင့် နိုင်ငံရေးဆောင်ရွက်ချက်များသည် စိတ်သွားတိုင်း ကိုယ်မပါနိုင်ကြမှန်း လူတိုင်းနားလည်ကြပါသည်။ အထူးသဖြင့် ကုလသမဂ္ဂမှ ဒုတိယပင်လုံညီလာခံခေါ်ယူရေးကို ကြီးကြပ်ကြားဝင်လုပ်ပေးမည်ဆိုပါက ဤသည်မှာဖြစ်မြောက်စရာရှိလာနိုင်သည်။ အကယ်၍ယင်းသို့  မလုပ်ပေးနိုင်ခဲ့ပါက နအဖစစ်အစိုးရမပါဘဲ မည်သည့်ညီလာခံမျ ခေါ်ယူရာ၌ အာမခံချက် တစုံတရာ ရှိလာလိမ့်မည်မဟုတ်ပေ။
နိုင်ငံတကာတွင် စစ်မက်ဖြစ်ဖြစ်ပွားနေပါက ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်များကို စေလွှတ်ပေးကြရပါသည်။ ယခုမြန်မာနိုင်ငံတွင် တဖက်သတ်စစ်မက်ဖြစ်ပွါးနေရာ လက်နက်မဲ့ ပြည်သူအပေါင်းတို့ မှာ အတိဒုက္ခရောက်နေပါသည်။ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မြန်မာနိုင်ငံတွင်းမှာ ရောက်ရှိနေစဉ်မှာပင် နယ်စပ်ရှိပြည်သူများမှာ ထောင်ပေါင်းများစွာ ထွက်ပြေးနေကြရပါသည်။ တိုင်းရင်းသားလူမျိုးများ သွေးစည်းညီညွတ်စွာဖြင့် မြန်မာနိုင်ငံအား ဒီမိုကရေစီနိုင်ငံတော်ဖြစ်အောင် ဒုတတိယပင်လုံညီလာခံကို ခေါ်ယူရာ၌ အဖမ်းအဆီး အနှိပ်အစက် မရှိရအောင် ကုလသမဂ္ဂမှ ကြားခံဆောင်ရွက်ပေးသင့်ပါသည်။ သို့ မဟုတ်က မကြာခင်ပင် ညီလာခံခေါ်ယူမည်ဟု တာဝန်ယူထားသော ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည်ဖမ်းဆီးချုပ်နှောင်ထားမည့် လက္ခဏာများကို မြင်တွေ့ နေရပြီဖြစ်ပါသည်။ ခြိမ်းခြောက်နေမူများကို တွေ့ မြင်နေရပြီဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံ မူကို တာဝန်ယူပါသည်ဟု အနားမှာရပ်နေသော လက်နက်မဲ့  လူသုံးလေးဦးလောက်က နေပေးသည်ဆိုခြင်းမှာ ဘာမှအရာမရောက်ကြောင်း လူတိုင်းခန့် မှန်းသိသာနေကြသည်။ နအဖစစ်အစိုးရအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့်ကော ရွေးကောက်ပွဲ ၀င်သူများနှင့်ပါ နိုင်ငံရေးအခင်းအကျင်းမှာ ပါဝင်စေလိုသည်ဟု ကုလသမဂ္ဂမှ အထူးကိုယ်စားလှယ်က ပြောဆိုသော်လည်း ယင်းစကားကို လက်ခံရမည့်သူမှာ နအဖစစ်အစိုးရသာ ဖြစ်သည်။ နားမထောင်လက်မခံသည့်အပြင် ယင်းနိုင်ငံရေးပါတီနှင့် ပုဂ္ဂိုလ်များကို ဖမ်းဆီးထောင်ချ နှိပ်စက်မည်ဟု ယုံကြည်ရနေ၍ ပြသနာဖြစ်နေကြရပါပြီ။ နအဖစစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား စိုးစဉ်းမျ လက်မခံသော အဖွဲ့ အစည်းဖြစ်သည်။ ကြောက်ရွံ့ သောအဖွဲ့ အစည်းဖြစ်သည်။ မြန်မာနိုင်ငံတိုးတက်စေရေးကို ဆောင်ရွက်ချင်သူများမဟုတ်။ ကမ္ဘာတရပ်လုံးက မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ဆင်းရဲဒုက္ခခံစား ကြနေရသည်ဟု သုံးသပ်ကြသည်။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဟု သတ်မှတ်ထားသည်မှာ ကြာခဲ့ ပြီ။ သို့ သော် နအဖစစ်အုပ်စုဗိုလ်ချုပ်ကြီးများမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ရာနှင့်ချီကာ ချမ်းသာကြွယ်ဝနေကြသည်။ ယင်းချမ်းသာကြွယ်ဝမူစာရင်းကို မြန်မာနိုင်ငံသားတွေ သိအောင် ချပြရန်လိုနေသေးသည်။ သူတို့  ကျိကျိတက်ချမ်းသာနေလေလေ မြန်မာနိုင်ငံဒီမိုကရေစီနိုင်ငံဖြစ်ဖို့ အရးကို သေမလောက်ကြောက်ကြသူများ ဖြစ်သည်။ ထို့ ကြောင့် ဒေါ်အောင်ဆန်းစုကြည်အား နှစ်ရှည်ဖမ်းဆီးထားရခြင်းဖြစ်သည်။ ဤအချက်အလက်များကြောင့် သင်ပုန်းချေပေးပါမည်ဟု ပြောသည့်တိုင် ယုံကြည်မူမရှိကြ၊ ယုံကြည်မူ မရှိတော့ မည်သည့်အခါမျှ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုသည်မှာ မဖြစ်နိုင်တော့၊ မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို သူတို့ ကဘဲ ဦးဆောင် လုပ်နေမည်မှာ ထင်ရှားသည်။
ကုလသမဂ္ဂ၏အထူးကိုယ်စားလှယ်တော်ကြီးမှာ မြန်မာနိုင်ငံစစ်အစိုးရ၏ နောင်ဖြစ်ပေါ်လာမည့်အစိုးရနှင့် ရေရှည်တွင် ဆက်ဆံလိုသည်ဟု ကြေညာချက်ကို အဆုံးသတ်ထားရာ သံခင်းတမန်ခင်း၏ စကားမှာ ခုခေတ်စကားနှင့် ပြောရလျှင် လက်ကုန်ပြောခြင်းဖြစ်သည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရသူများက ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုကြသလို ပြည်သူတချို့ ကလည်း အသိအမှတ်မပြုကြချေ။ သို့ သော် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြု၍ ယင်းဖြစ်စဉ်၌ အနိုင်ရရှိသူများမှာ ယခုအချိန်ထိ နိုင်ငံတော်အာဏာကို မရရှိခဲ့ကြ။ ၂၀၁၀ ရွေးကောက်ပွဲကိုမူ စစ်အစိုးရပင် စိတ်ကြိုက်လုပ်ဆောင်ပြီး သူတို့ ကပင် မဲအများဆုံးအနိုင်ရရှိကာ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမည်မှာ ယုံမှားသံသယ ရှိစရာမလို။ စစ်အစိုးရကအသိအမှတ်ပြုထားသော ယင်းရွေးကောက်ပွဲမှ ဖြစ်ပေါ်လာမည့် အရပ်သားအစိုးရမှာ တရားမ၀င်ဟု ကုလသမဂ္ဂမှ မဲခွဲဆုံးဖြတ်ချက်ချထားသည်။ တချိန်တည်းမှာပင် စစ်အစိုးရဖွဲ့ စည်းပေးမည့် အရပ်သားအစိုးရနှင့် ရေရှည်ဆက်ဆံသွားမည်ဟုလည်း ဆိုထားပြန်ရာ စဉ်းစားစရာတွေ များစွာဖြစ်နေသည်။ ထို့ ကြောင့် ကုလသမဂ္ဂအထူးကိုယ်စားလှယ်တော်ကြီး၏ ခရီးစဉ်ကို အားရစရာအဖြစ် မတွေ့ မမြင်ရပေ။
သည်တော့ စစ်အစိုးရ၏လွှတ်တော်နှင့် ပြည်သူတို့ လိုလားသောလွှတ်တော်ကို ဆက်စပ်ကြည့်လျင် ပဋိပက္ခများစွာတို့ ကို တွေ့ နေရမည်ဖြစ်သည်။ ကုလသမ၈္ဂကပါ ရေရေရာရာမရှိဘဲ
ရေရှည်သံခင်းတမန်ခင်း ပြောဆိုနေရုံမျိုးဖြင့် အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်ကြအုံးမည်မှာ သေချာနေသည်။ လွှတ်တော်ဆိုသည်မှာ ရွေးကောက်ပွဲပြီးလျှင် တာဝန်အရခေါ်ယူပြီး အစိုးရဖွဲ့ ကြရမည်ဖြစ်သည်။ စစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲအပြီး လွှတ်တော်ခေါ်မည်မို့  ယင်းလွှတ်တော်မှ ဘောင်းဘီချွတ်အရပ်သားအစိုးရဖြစ်မည်သေချာနေသည်။ ဖြစ်နိုင်ခြေအများဆုံးမှာ တိုင်းရင်းသားလူမျိုးများပြည်နယ်တွင် မပြောပလောက်သော ဖွံ့ ဖြိုးတိုးတက်မူများက အနည်းအကျဉ်းရှိလာနိုင်ကောင်းသည်။ သို့ သော် နိုင်ငံရေးရေခံမြေခံမှာမူ တိုင်းရင်းသားပြည်နယ်မှာကော မြန်မာနိုင်ငံတ၀ှမ်းမှာကော တိုးတက်ဖြစ်ထွန်းလာမည်မဟုတ်ချေ။ သို့ ကြောင့် စစ်အစိုးရလွှတ်တော်ကို မည်သူမျှ အားမထားကြ။ အားမထားသော်လည်း လွှတ်တော်ကိုယ်စားလှယ်များကို သပိတ်မှောက်ကြ။ ကန့် ကွက်ကြပြောရုံနှင့် မရဟုထင်သည်။ ပြည်သူတို့ လိုလားသော လွှတ်တော်ကျပြန်တော့လည်း ဒေါ်အောင်ဆန်းစုကြည်က မည်သို့ မျ နိုင်ငံရေးအာဏာမရရှိသောကြောင့် ဖြစ်ပေါ်လာနိုင်စရာအကြောင်းမရှိ။ အထူးသဖြင့် ဒုတိယပင်လုံညီလာခံကို ခေါ်ယူနိုင်သည်ထားဦး၊ ယင်းညီလာခံသည် အကောင်အထည်ဖေါ်ဆောင်နိုင်သော ဆုံးဖြတ်ချက်မျိုးဖြစ်လိမ့်မည်မထင်။ အကြောင်းမှာ ဒုတိယပင်လုံညီလာခံကို စစ်အစိုးရက ပါဝင်ပါတ်သက်ခြင်းရှိမရှိခြင်းနှင့် သက်ဆိုင်နေသည်။ အကယ်၍ စစ်အစိုးရက မသက်ဆိုင်ဘဲ သီးခြားရပ်တည်နေလျင် ကမ္ဘာ့ကုလသမဂ္ဂသည် အထူးသံတမန်ကိုယ်စားလှယ်တော်ကြီးကို မြန်မာနိုင်ငံသို့ စေလွှတ်ပြီး ဒုတိယပင်လုံညီလာခံကို ကြီးကြပ်ဆောင်ရွက်ပေးမှ ဖြစ်တော့မည်။ ယင်းညီလာခံမှတဆင့် ယမ်းငွေ့ ဝေနေသောအခြင်းအရာများကို ရပ်တန့် စေပြီး နိုင်ငံတော်ငြိမ်းချမ်းသာယာရေးကို ရှေးရှူကာ မြန်မာ့နိုင်ငံရေး၌ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ပြည်သူ့ အစိုးရဖြင့် အသွင်ကူးပြောင်းမူမျိုးကို လုပ်ပေးသင့်သည်။ စင်စစ်အားဖြင့် ဒုတိယပင်လုံညီလာခံသည် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အာဏာရရှိစေရေးကို ဦးတည်သွားစေရန်သာလိုပါသည်။

ခိုင်ကျော်အောင်(နယူးယောက်)

PDP NEWS BULLETIN ISSUE 5/2

5-2

ဒေါ်အောင်ဆန်းစုကြည် ကိုဌေးကြွယ် မိခင် ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အခမ်းအနား သို့ တက်ရောက်