Saturday, December 4, 2010

ဝိကိလိခ်စ် တည်ထောင်သူရဲ့ ဘ၀ ရုပ်ပုံလွှာ

ရဲမြင့်ကျော်
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆူနာမီပြီး လျှင် အကြီးဆုံးဟုဆိုရမည့် ငလျင်ကြီး တစ်ခု ဖြစ်ခဲ့သည်။ ထိုငလျင်က မြေ ပေါ်တွင်မဟုတ်၊ မိုးပေါ်တွင်ဖြစ်ခဲ့သည် မို့ အားလုံးအတွက် ထူးဆန်းနေသည်။

အထူးသဖြင့် ငလျင်ဗဟိုချက်က အမေရိကန် နိုင်ငံရေးနဲ့ သံတမန်အသိုင်းအ၀ိုင်းကို အကြီးအကျယ်အထိနာစေခဲ့ခြင်းဖြစ်သည်။ အမေရိကန် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ လုံခြုံရေး၊ သံတမန်ရေး လျှို့ဝှက်ချက် လေးပုံတစ်ပုံကျော် ဖောက်ချ လိုက်တဲ့ ၀ိကိလိခ်စ် (WikiLeaks) အွန်လိုင်း ငလျင်ကြီးပင်။


ဝိကိလိခ်စ် ၀ဘ်ဆိုဒ်က ၁၉၆၆ မှ ၂၀၁၀ ခုနှစ်အတွင်း ကမ္ဘာအနှံရှိ သံရုံးများမှ အမေရိကန်အစိုးရထံ လျှို့ဝှက်ပေးပို့တဲ့ ကေဘယ်ဖိုင် ၂၅၁၂၈၈ ကို ဖောက်ချလိုက်သည်။ နိုင်ငံအသီးသီးရှိ အမေရိကန်သံရုံး သံတမန်များမှာ စပိုင်များဖြစ်နေတာ ရုပ်လုံး ဘွားဘွားကြီးပေါ်သွားသည်။ ရုရှား၊ ပါကစ္စတန်၊ အီရန်၊ တရုတ်၊ မြောက်ကိုရီးယား၊ အာဖဂန်နစ္စတန်၊ အီရတ် ဇင်ဘာဘွေစတဲ့နိုင်ငံများနှင့် ခေါင်းဆောင်များအပေါ် အမေရိကန်သံတမန်စပိုင်များရဲ့ မှတ်ချက်တွေက ကာကယံရှင် နိုင်ငံများအတွက် ဒေါသထွက်စရာများ ဖြစ်လာသည်။ ၀ိကိလိခ်စ်ဇာတ်လမ်းက ကမ္ဘာ့အကောင်းဆုံး ဖြစ်ရပ်မှန်စပိုင် ၀တ္ထုကြီးဖြစ်လာသည်။

အမေရိကန်အနေနှင့် အရှက်လုံးကွဲရုံမက သူ့ရဲ့စစ်ရေး နိုင်ငံရေးဖုံးဖုံးဖိဖိကိစ္စများ အခု တစ်ကမ္ဘာလုံး ၀က်ဝက်ကွဲ သိကုန်ပြီ။ အမေရိကန်ဘဏ်တွေရဲ့ လျှို့ဝှက်အချက်လက်များ မကြာမီ ၀ိကီလိခ်စ်က ဖွင့်ချတော့မည့်အတွက် စတော့ဈေးများ ထိုးစိုက်ကျနေသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုး ဘန်ကီမွန်းခင်မျာလည်း အမေရိကန်သံတမန်များစွာက အတင်းအပင်းပေါင်းများစွာဖြင့် စပိုင်လိုက်ခံထားရသောကြောင့် သံတမန်အလုပ်နှင့် စပိုင်အလုပ် ခွဲလုပ် ကြဖို့ ဗြောင်ဖွင့်မေတ္တာရပ်ခံရတော့သည်။

ဇာတ်လမ်းကမပြီးသေး။ ၀ိကိလိခ်စ်မှ ယိုစိမ့်ထွက်လာတဲ့ ဖိုင်များ တစ်ဖိုင်ချင်းတစ်စချင်း ဖွကြတာနဲ့အမျှ နိုင်ငံတစ်ခုချင်း အလိုက် ပြဿနာများက မီးခိုးကြွက်လျှောက်။ အမေရိကန်အစိုးရကတော့ ၀ိကိလိခ်စ် တည်ထောင်သူ ဂျူလီယန် အက်စ်ဆန်း (Julian Assange) ကိုအသေသတ်ချင်နေသည်။ ၉/၁၁ အကြမ်းဖက်မီးမွှေးသူ အိုစမာဘင်လာဒင် ပြီးရင် ဒုတိယရန်သူတော်စာရင်း သွင်းလိုက်ပြီ။ ထုံးစံအတိုင်း အမေရိကန်တို့က သူတို့ပိုင်ရာနိုင်ရာ နိုင်ငံတကာရဲအဖွဲ့ (Interpol) နှင့် အက်စ်ဆန်းကို ဖမ်းဝရမ်းထုတ်လိုက်ပြီ။ အမေရိကန်ကြီး ရှက်ရမ်းရမ်း စိတ်ဆိုးပြီဆိုတော့ အက်စ်ဆန်းကို ဘယ်နိုင်ငံမှ အခု လက်ခံမထားရဲတော့။ ၀ိကိလိခ်စ် တည်ထောင်သူ ဖခင်ကြီး ဟတ်ကာ အက်စ်ဆန်း ဘယ်ရောက်နေပြီလဲ၊ သူဘယ်သူလဲ။

ဂျူလီယန် အက်စ်ဆန်း

ဂျူလီယန် အက်စ်ဆန်းကို ဩစတြေးလျနိုင်ငံ ပြဇာတ်လုပ်ငန်း လုပ်ကိုင်သူ မိဘနှစ်ဦးမှ မွေးဖွားခဲ့ပြီး ယခု အသက် ၃၉ နှစ်ရှိပြီဖြစ်သည်။ သူ့အမေက အင်မတန်ဥာဏ်ရည်မြင့်တဲ့ကလေးဟု သူ့အကြောင်း ပြန်ပြောပြသည်။ သူမက ၁၉၈၇ ခုနှစ်၊ အက်စ်ဆန်း ၁၆နှစ်သား အရွယ်တွင် Commodore 64 ကွန်ပျူတာကြီးတစ်လုံး ၀ယ်ပေးလိုက်သည်။ အက်စ်ဆန်းက သူ့ကွန်ပျူတာအတွက် အင်တာနက်ချိတ်ဖို့ modem တစ်ခုဝယ်ပြီးနောက် ကမ္ဘာကွန်ပျူတာကွန်ယက်ကြီးထဲကတဆင့် သူခရီးစတင်ပါတော့သည်။

“စစ်တုရင် ကစားရသလိုပဲ၊ အင်တာနက်ပေါ်မှာ မွှေနှောက်ရတာ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်၊ ပုစ္ဆာတွေအားကြီးပဲ” ဟု အက်စ်ဆင်းခ်ျက နယူးယောခ့်ကာ မဂ္ဂဇင်းကို တစ်ခါက ပြောပြဖူးသည်။ သူ့မိခင်က သူ့သားကို မည်သည့်ဘာသာရေး ဩဇာအောက်မှာမှ မထားပေမယ့် အက်စ်ဆန်းဟာ သိပ်နူးညံကြောင်း၊ ပျော်ပျော်နေတတ်ကြောင်း၊ တိရိစ္ဆာန်တွေနဲ့ စကားပြောနေတတ်ကြောင်း၊ မြင်သလိုထင်သလို လုပ်ချင်တဲ့စိတ်ပြင်းပြကြောင်း ပြောသည်။ ဩစတြေးလျ မဲလ်ဘုန်း တက္ကသိုလ်တွင် သင်္ချာနှင့် ရူပဗေဒ အထူးပြုလေ့လာခဲ့သည်။

အက်စ်ဆန်းက အင်မတန် မိုးပြန်အောင် ပွေလီရှုပ်ထွေးနေတဲ့ ကွန်ပျူတာစနစ်များကို ထွင်းဖောက် (hack) နိုင်သူဖြစ်သည်။ စာကြီးပေကြီးများလည်း အရူးအမူးဖတ်သည်။ အာဖရိကခရီးထွက်ရတာ အနှစ်ခြိုက်ဆုံးဟု ပြောတတ်သည်။ အသက် ၁၈နှစ်တွင် အိမ်ထောင်ပြုခဲ့ပြီး ကလေးတစ်ယောက်ရခဲ့သည်။ သူနှင့်ဆက်ဆံရေး မပြေလည်မှုကြောင့် ဇနီးသည်က ကလေးငယ်ခေါ်ပြီး သူ့ကိုပစ်သွားခဲ့သည်။

ဩစတြေးလျတွင် ဘဏ်အကောင့် ၃၁ ခု ဟတ်ခ် လုပ်ခြင်းကြောင့် တရားစွဲခံရပြီး ငွေအနည်းငယ်လျော်ကြေးပေး လွတ်မြောက်ခဲ့သည်။ နောက်ပိုင်း သူ့အာရုံပြောင်းလာသည်။ အစိုးရတွေရဲ့ အားနည်းချက်တွေ အမှားတွေကို အင်တာနက်ပေါ်ကနေ ဖွင့်ချမယ့် ပရောဖက်ရှင်နယ် ဟတ်ကာ ဖြစ်ဖို့ကြိုးစားလာသည်။ သူ့ဘလော့ဂ် IQ.org မှာ လူသိများပြီး သင်္ချာ၊ ဖလော်ဆော်ဖီကနေ အီရန်အစိုးရ စင်ဆာ တားမြစ်မှုအထိ သူ့အမြင်မျိုးစုံ ရေးထားသည်။

၂၀၀၆ ခုနှစ်တွင်တော့ နိုင်ငံရေးလှုပ်ရှားသူတစ်ပိုင်း၊ ဂျာနယ်လစ်တစ်ပိုင်း ပိုးဝင်ပြီး WikiLeaks ကို စတင်ထူထောင်သည်။ အအိပ်မေ့ အစားမေ့ဖြင့် အလုပ်လုပ်သည်။ ၀န်ထမ်းအနည်းငယ်၊ ဗော်လန်တီယာ အချို့ဖြင့် သူ့အလုပ် သဲကြီးမဲကြီး လုပ်တော့သည်။ နိုင်ငံပေါင်းစုံခရီးထွက်ပြီး ကွန်ပျူတစ်လုံး ကျောပိုးအိတ်တစ်လုံးဖြင့် ကြုံရာကျပန်း အိတ်တတ်သူ၊ ဖြစ်သလို နေတတ်သူ ဖြစ်သည်။

ဝိကိလိခ်က အစိုးရများ၊ ကော်ပိုရေးရှင်းများ၊ ကျော်ကြားသူများရဲ့ အတွင်းသတင်းအနံပေါင်းစုံကို အတိအကျကို နှိုက်ဖော်ပြခြင်းဖြစ်သည်။ အချက်အလက် အင်ဖော်မေရှင်းတွေက အတိအကျပါလား၊ ဘယ်ကရလဲ သူ့ကိုမေးရင် ဘယ်တော့မှ ပြန်မဖြေတာက သူ့စရိုက်သဘ၀။

အက်စ်ဆန်းက CNN အင်တာဗျူးတွင် ပြောပြဖူးတာ ရှိသည်။ “လူတွေက ၀ိကိလိခ်စ်က လုံးဝမှန်ကန် ယုံကြည်ရတဲ့ သတင်းအချက်အလက်တွေပေးတယ်လို့ ယုံကြည်လာကြတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က သတင်းဇာတ်လမ်းတွေရဲ့ မူလအချက်အလက်ရင်းမြစ်တွေ (primary source) တွေကို ချပေးနိုင်လို့၊ ပြီးမှ အဲဒီ့အချက်အလက်တွေပေါ် သုံးသတ်ရေးကြတာ။ primary source မပါဘဲ ဘယ်တော့မှ ရမ်းဖော်ပြတာ မရှိဘူး။ ဒါကြောင့် ကျနော်တို့ကို ယုံကြတာပေါ့” ဟု ပြောထားသည်။ တကယ်လည်း သူက ဖွက်ထားတဲ့ မူလရင်းမြစ် အနှိုက်ကောင်းသူ။

ယခုနှစ် ဇူလိုင်တွင် အာဖဂန်စစ်ပွဲနဲ့ပတ်သက်တဲ့ လျှို့ဝှက်အထောက်အထား ၉၀၀၀၀ ကျော်အထိ သူ့ဝဘ်ဆိုဒ်က ထုတ်ဖြန့်ခဲ့သည်။ အမေရိကန်သမိုင်းတွင် ပထမဆုံး ထောက်လှမ်းရေး အချက်အလက် ယိုစိမ့်မှုကြီး စဖြစ်ခဲ့ခြင်း ဖြစ်သည်။ အောက်တိုဘာတွင် ၀ီကိလိခ်စ်က အီရက် စစ်ပွဲနဲ့ပတ်သက်တဲ့ အထောက်အထားတွေဖိုင်တွေ ထပ်ထုတ်သည်။ သံတမန်ဆိုင်ရာ အချက်အလက်ပေါင်း ၂၅၀၀၀၀ ၀ဘ်ဆိုဒ်ပေါ် တင်ပေးခဲ့ပြန်သည်။

သာမန် လူထုကတော့ ၀ီကိလိခ်စ် ကို လွတ်လပ်စွာ ပြောဆိုခွင့်အတွက် ချီးကျူးထောပနာကြသည်။ သို့သော် အိမ်ဖြူတော်၊ ပင်တဂွန်အပါအ၀င် အစိုးရအများစုက ကမ္ဘာ့လုံခြုံရေး ဖျက်လိုဖျက်ဆီး လုပ်နေတဲ့ ၀ဘ်ဆိုဒ်ဟု သတ်မှတ်ပြီး အက်စ်ဆန်းကို အမျိုးမျိုးခြိမ်းခြောက်ထားမှုများ ရှိခဲ့သည်။

အက်စ်ဆန်းကို ချစ်သူ မုန်းသူများအကြား ဗျာများလွန်ဆွဲနေကြသည်။ သူ့ကျော်ကြားမှုအတွက် တိုင်းမ် မဂ္ဂဇင်းက ဒစ်ဂျစ်တယ်ခေတ်ရဲ့ တစ်နှစ်တာ အထူးချွန်ဆုံးပုဂ္ဂိုလ်ဆု ချီးမြှင့်လိုက်သည်။ တဆက်ထဲ သူ့အရိပ်မည်းက နောက်က လိုက်လာသည်။ ဆွီဒင်နိုင်ငံတွင် လိင်ရာဇ၀တ်မှု ကျူးလွန်ခဲ့သည်ဆိုပဲ။ စတော့ဟုမ်း တရားရုံးက မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်မှုအတွက် အက်စ်ဆန်းကို ဖမ်းဝရမ်းထုတ်လိုက်ပြီ။ ပြစ်မှုမြောက်လျှင် နှစ်နှစ် ထောင်ဒဏ်ကျခံရမည်။ အင်တာပိုလ် ကလည်း လိုက်နေပြီ။ အားလုံးကတော့ သိနေသည်။ အမေရိကန် နောက်ကွယ်မှာ ရှိနေတယ်ဆိုတာ။

အက်စ်ဆန်းရဲ့ ခံယူချက်နှင့် သီအိုရီကတော့ ရှင်းနေသည်။ တစ်ကမ္ဘာလုံး လုံးဝလုံးဝ ပွင့်လင်းမြင်သာရေး (total transparency) ရှိဖို့၊ လွတ်လပ်စွာ ပြောဆိုခွင့်ရှိဖို့တဲ့။

သူ့အတွက် ပြဿနာ ရှိရှိမရှိထက်၊ အမေရိကန်အတွက်တော့ အကျပ်ရိုက်ကုန်သည်။ ရုရှားနိုင်ငံကို မာဖီးယားနိုင်ငံဟု အမေရိကန်က နောက်ကွယ်မှ သတ်မှတ်ထားတာ ပေါ်သွားပြီ။ အာဖဂန် စစ်ရေးလျှို့ချက်များ ပေါ်ကုန်ပြီး၊ ကာဇိုင်းအစိုးရအပေါ် အမေရိကန် အယုံအကြည်မရှိတာ ထင်ရှားနေသည်။ လက်နက်အရောင်းအ၀ယ်ကိစ္စ မူးယစ်ဆေးဝါးကိစ္စတွေ ရှိနေသည်။ စင်္ကာပူဝါရင့်ဝန်ကြီး လီကွမ်ယူက အာစီယံထဲတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုတို့မှာ တရုတ်အင်ဖော်မာများ ဖြစ်နေကြောင်း၊ အစည်းအဝေးလုပ်ပြီး နာရီအနည်းငယ်အတွင်း တရုတ်သတင်းပေးလုပ်နိုင်ကြောင်း ဖွင့်ချထားတာ ပါနေသည်။ ဒေသအသီးသီးရှိ အမေရိကန် သံတမန်များအဖို့လည်း မျက်နှာပျက်စရာဖြစ်နေသလို အသက်အန္တရာယ် စိုးရိမ်စရာများ ရှိနေသည်။

ဝီကိလိခ်စ်ထဲတွင် မြန်မာနိုင်ငံအတွက်လည်း လျှို့ဝှက်ပေးပို့တဲ့ အချက်အလက် ၁၈၆၄ ပါရှိနေသည်။ ဘာတွေလဲ။ ရှေ့တွင် သံတမန်၊ နောက်တွင် စပိုင်လုပ်နေတဲ့ အမေရိကန်သံအမှုထမ်းတွေ စစ်အစိုးရအပေါ် ဘာပြောမလဲ။ ယတ်တောကိစ္စ ဘာတွေ ဖြစ်ခဲ့သလဲ။ ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံတို့အပေါ် ဘာဝေဖန်ချက်ပေးမလဲ။ သူ့တို့အကျိုးစီးပွားက ဘာဖြစ်မလဲ။ တရုတ်ကို ကျားကန်ဖို့ မြန်မာနိုင်ငံကို ဘယ်လိုကစားမလဲ။ ထိုလျှို့ဝှက်အထုတ်များ ဖြေဖို့ အားလုံး စောင့်မျှော်နေကြသည်။


ရည်ညွှန်း။ CNN, the New York Times
http://www.myanmarwikileaks.org/

Voice of Burma Information Group Issue No.791, December 5, 2010

http://xa.yimg.com/kq/groups/20354587/340857294/name/VOB791KK.pdf

VOB791KK

4 Dec 2010 ဒိုင်ယာရီ

http://www.mediafire.com/file/es54me4xdvq7hmp/4%20Dec%202010%20Yeyintnge%27s%20Diary.doc

http://www.mediafire.com/file/39cho6qz3nfb4h6/4%20Dec%202010%20Yeyintnge%27s%20Diary.pdf

4 Dec 2010 Yeyintnge's Diary

အရေးပါသော ပုဂ္ဂိုလ်များ၏ လုံခြုံရေးအား အနီးကပ် ကာကွယ်စောင့်ရှောက်ခြင်း

http://www.mediafire.com/file/6c9cta6w3uz3deh/security%20for%20VIP.pdf
Security for VIP

နိဒါန်း … ပဋိပက္ခဖြေရှင်းရေး၊ အကြမ်းဖက်မှု နှိမ်နင်းတိုက်ဖျက် ရေးဆိုင်ရာ သင်တန်းတွေမှာ ကာ ကွယ် စောင့်ရှောက်ခြင်းနဲ့ ပတ်သက်ပြီး ဘာသာရပ်နှစ်မျိုးကို သင်ကြားလေ့ရှိပါတယ်။ ပထမတမျိုးက Critical Infrastructure Protection ဖြစ်ပြီး၊ ဒုတိယတမျိုးကတော့ close protection ဖြစ်ပါတယ်။ လူတဦးတယောက် (သို့မဟုတ်) အုပ်စုတခုကို အနီး ကပ် ကာကွယ်စောင့်ရှောက်ရတဲ့အခါမှာ စောင့်ရှောက်ခံရသူ (သို့မဟုတ်) အုပ်စုတခုမှာ အရေးပါတဲ့ပုဂ္ဂိုလ် (Very Important Person- VIP) တွေ ပါဝင်နေတတ်ပါတယ်။ ဒါ ကြောင့်လဲ VIP/ Close Protection လို့ လုံခြုံရေးလောကမှာ ခေါ်ဝေါ်သုံးနှုံးပါတယ်။

ယေဘုယျအားဖြင့် လူသားတွေဟာ ကိုယ့်ကိုကိုယ် ကာကွယ်စောင့်ရှောက် လေ့ရှိကြပါ တယ်။ ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကိုလဲ ခံယူလေ့ရှိကြပါတယ်။ ဒါပေမယ့် နိုင်ငံ တနိုင်ငံရဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ အတိုက်အခံနိုင်ငံရေး ခေါင်းဆောင်တွေကျတော့ ကိုယ့် ဘာသာကိုယ် ကာကွယ်စောင့်ရှောက်ရုံနဲ့တင် မလုံလောက်ပါဘူး။ အသက်အန္တရာယ် လုံခြုံရေးကို အနီးကပ်ကာကွယ် စောင့်ရှောက်ပေးနိုင်သူတွေ၊ သက်တော်စောင့်တွေကို အနီးမှာ ထားရှိဖို့ လိုအပ်ပါတယ်။ အစိုးရအဖွဲ့ဝင်တွေကတော့ အုပ်ချုပ်ရေး ယန္တရား တွင်းမှာရှိတဲ့ စစ်တပ်၊ ရဲ၊ ထောက်လှမ်းရေး အဖွဲ့အစည်းတွေကို အသုံးပြုတတ်ကြပါ တယ်။ အစိုးရအဖွဲ့ဝင်မဟုတ်တဲ့ ထင်ပေါ်ကျော်ကြားသော နိုင်ငံရေး ခေါင်းဆောင်တွေ၊ စီးပွားရေးလုပ်ငန်းရှင် ကြီးတွေကကျတော့ နီးစပ်ရာ ပါတီဝင်၊ အဖွဲ့အစည်းဝင်တွေကိုပဲ ဖြစ်ဖြစ်၊ ပရိုက်ဗိတ် လုံခြုံရေးအရာရှိများကို ငှားရမ်းပြီးပဲဖြစ်ဖြစ် တာဝန်ပေးအပ်ရပါ တယ်။ ဒီလိုတာဝန်ပေးအပ်လို့ပဲဖြစ်ဖြစ်၊ သက်ဆိုင်ရာ ပါတီဝင်၊ အဖွဲ့အစည်းဝင်များက မိမိတို့ဘာသာ အသိစိတ်နဲ့ပဲဖြစ်ဖြစ် အနီးကပ်ကာကွယ်စောင့်ရှောက်မှုကို ပြုလုပ်တဲ့အ ခါ VIP/ Close Protection နဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အချက်လေးတွေ ရှိပါ တယ်။
လုပ်ကြံမှု သီအိုရီ
လူတယောက်ကို အခြားလူတယောက်ကဖြစ်စေ၊ လူတစုကဖြစ်စေ သေစေလိုသော ရည်ရွယ်ချက်နဲ့ သတ်ဖြတ်လိုက်တဲ့အခါ ဒါကို သတ်ဖြတ်မှု (murder) လို့ ခေါ်ပါတယ်။ သားကောင်ဟာ ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေးခေါင်းဆောင် တယောက်ဖြစ်နေခဲ့ရင် တော့ ဒါကို လုပ်ကြံမှု (assassination) လို့ ခေါ်ပါတယ်။ ဒီလိုလုပ်ကြံတဲ့အခါမှာ လုပ်ကြံ သူတွေအနေနဲ့ ပထမဦးစွာ ပစ်မှတ်ကို ရွေးချယ်သတ်မှတ်ကြပါတယ် (subject select ion)။ ပြီးရင် ပစ်မှတ်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့် လေ့လာပါတယ် (surveillance)။ ပစ်မှတ်သွားလာလေ့ရှိတဲ့ နေရာဒေသတွေရဲ့ ၀န်းကျင်အနေအထားတွေကို သုံးသပ်ပါ တယ်။ ပစ်မှတ်နဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို စုဆောင်းပါတယ် (intelli gence gathering)။ ဒီအချက်တွေ ရပြီးတဲ့အခါမှာ လုပ်ကြံသတ်ဖြတ်မှု အစီအစဉ်ကို ချမှတ်ပါတယ် (planning)။ ဒါတွေ အားလုံးပြီးမှ အမှန်တကယ် လုပ်ကြံမှုကို ပြုလုပ်ပါ တယ် (execution)။
ဒီလုပ်ကြံမှုဆိုင်ရာ သီအိုရီသဘောတရားတွေကို နားလည်ပြီးမှ လုပ်ကြံသတ်ဖြတ်ခံရ နိုင်တဲ့ risk ရှိတဲ့ နိုင်ငံရေးခေါင်းဆောင်ကို ကာကွယ်စောင့်ရှောက်နိုင်မယ့် contra measures တွေကို ချမှတ်အသုံးပြုရမှာ ဖြစ်ပါတယ်။ ခေါင်းဆောင်ရဲ့ လုံခြုံရေးတာဝန် ယူထားသူများဟာ
(၁) ခေါင်းဆောင်ရဲ့ ၀န်းကျင်အခြေအနေကို သိရပါမယ်
(၂) ခေါင်းဆောင်ကို အန္တရာယ်ပြုနိုင်မယ့် ရန်သူအခြေအနေကို သိရပါမယ်
(၃) အန္တရာယ် အဆင့်ကို သိရပါမယ် (အသက်အန္တရာယ်၊ ထိခိုက်အနာတရဖြစ်စေမှု အန္တရာယ်၊ ဂုဏ်သိက္ခာညှိုးနွမ်းစေမှု အန္တရာယ်)
(၄) အန္တရာယ်ပြုနိုင်မယ့် လူ (သို့) အဖွဲ့အစည်းတွေကို ခွဲခြားသတ်မှတ်ရပါမယ်
(၅) လုပ်ကြံသတ်ဖြတ်မှု ပြုလုပ်နိုင်တဲ့ အလားအလာရှိသူများ ခေါင်းဆောင်အနီးကို ရောက်မလာစေဖို့ သတိပြုရပါမယ်။ အလားအလာရှိသူတွေထဲမှာ အထီးကျန်သမားတွေ၊ ပြိုင်ဘက်တွေ၊ စိတ်ဖောက်ပြန် နေသူတွေ၊ အစွန်းရောက်တွေ ပါဝင်ပါတယ်။
ဒီလုပ်ငန်းဆောင်တာတွေကို ထိထိရောက်ရောက် လုပ်နိုင်ဖို့အတွက် အရေးပါသော ခေါင်းဆောင်ရဲ့ လုံခြုံရေးကို အနီးကပ်ကာကွယ်စောင့်ရှောက်ပေးရမယ့် close protect tion အဖွဲ့တခု ဖွဲ့စည်းထားရှိဖို့ လိုပါတယ်။
Close Protection အဖွဲ့
ဒီအဖွဲ့မှာ ယေဘုယျအားဖြင့် အဖွဲ့ငယ် ငါးမျိုးထပ်ခွဲလေ့ရှိပါတယ်။
(၁) personal escort team
(၂) advance team
(၃) ယာဉ်မောင်းအဖွဲ့
(၄) mobile support team
(၅) Command team
(၁) personal escort team
ဒီအဖွဲ့ငယ်ဟာ အရေးပါ ပုဂ္ဂိုလ်က နေရာ အေကနေ နေရာ ဘီကို သွားတဲ့အခါ နေရာ အေကို ပြန်ရောက်ချိန် အထိ အရေးပါ ပုဂ္ဂိုလ်မှာ ဘယ်လိုထိခိုက်မှုမှ မရှိအောင် တာဝန် ယူရမယ့် အဖွဲ့ငယ် ဖြစ်ပါတယ်။ ဒီအဖွဲ့ငယ်မှာ အဖွဲ့ခေါင်းဆောင်၊ သက်တော်စောင့်၊ ရှေ့ ကနေသွားရမယ့်သူ (point), နောက်မှလိုက်ပါမည့်သူ ( tail), ဗယ်တောင်ပံလူ (left flank), ညာတောင်ပံလူ ( right flank) ပါဝင်ပါတယ်။
ဒီအဖွဲ့မှာပါတဲ့ အဖွဲ့ခေါင်းဆောင် (Team Leader) ဟာ တာဝန်အရှိဆုံးလူဖြစ်ပါတယ်။ အရေးပါပုဂ္ဂိုလ်ရဲ့ လုံခြုံရေးကို ထိခိုက်စေမယ့် အရာအားလုံးကို နားရှင်ရှင်၊ မျက်စိရှင် ရှင်နဲ့ သုံးသပ်နိုင်ပြီး၊ လိုအပ်သလို အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်သူ ဖြစ်ရပါမယ်။ သက်တော်စောင့် (Body Guard) ဟာ အရေးပါ ပုဂ္ဂိုလ်အနီးမှာ အချိန်ပြည့် ရှိနေရမယ့် သူ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးခေါင်းဆောင်ဖြစ်ခဲ့ရင် အမျိုးသမီး သက်တော် စောင့် ထားရှိသင့်ပါတယ်။ ပွိုင့်၊ တေးလ်၊ ဗယ်တောင်ပံ၊ ညာတောင်ပံ လူတွေပါ ထပ် ထည့်လိုက်ရင် ခြောက်ယောက်ဖြစ်ပါတယ်။ အရံလူတယောက်ပါ ထပ်ထည့်ပြီး များ သောအားဖြင့် ခုနစ်ယောက်ပါတဲ့ အဖွဲ့ငယ်လေးတွေကို ဖွဲ့လေ့ရှိပါတယ်။
(၂) advance team
အရေးပါပုဂ္ဂိုလ် မရောက်ခင်မှာ သူသွားမယ့်နေရာဒေသကို ကြိုတင်ရှင်းလင်းရေးလုပ်တဲ့ အဖွဲ့ငယ်ဖြစ်ပါတယ်။ များသောအားဖြင့် အဖွဲ့ဝင် ခြောက်ယောက်ခန့် ပါဝင်လေ့ရှိပါတယ်။ အရေးပါပုဂ္ဂိုလ်က ဟိုတယ်တခုမှာ ညစာစားပွဲသွားတဲ့အခါ ဒီအဖွဲ့ငယ်ဟာ ဟိုတယ်ရဲ့ ၀င်ပေါက်ထွက်ပေါက်၊ ဧည့်ကြိုနေရာ၊ လှေကား၊ ဓာတ်လှေကား၊ ဟိုတယ်ဝန်းကျင် စ တာတွေမှာ လုံခြုံရေးအခြေအနေ စိတ်ချရမှု ရှိမရှိ ကြိုတင်လေ့လာ ရှင်းလင်းရေးလုပ်ဖို့ ဖြစ်ပါတယ်။ အရေးပါ ပုဂ္ဂိုလ်ရောက်လာချိန်မှာ ၀န်းကျင်လုံခြုံရေး၊ လူအ၀င်အထွက်အ ခြေအနေ၊ သတင်းထောက်တွေရဲ့ လှုပ်ရှားမှု စတာတွေကို အကဲခတ်ပြီး၊ personal escort team နဲ့ လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။
(၃) ယာဉ်မောင်းအဖွဲ့
အရေးပါပုဂ္ဂိုလ်ရဲ့ ယာဉ်တန်းတွေမှာ ပါဝင်တဲ့ ကားတွေကို မောင်းနှင်သူများ ဖြစ်ပါတယ်။ ယာဉ်အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်သူများ၊ အသောက်အစား ကင်းသူများ ဖြစ်ရပါ မယ်။ ယာဉ်တန်းကို တိုက်ခိုက်ခံရတဲ့အခါ အရေးပါပုဂ္ဂိုလ်ရဲ့ လုံခြုံရေးကို အဓိကထားပြီး၊ အန္တရာယ်ကြားကနေ ဆွဲထုတ်ရမယ့် အရေးကြီးဆုံး လူဖြစ်ပါတယ်။ အရေးပါ ပုဂ္ဂိုလ်မှာ ကားအရေအတွက် များများ သုံးနိုင်ခဲ့ရင် အသွား၊ အပြန်မှာ ရှေ့ကား၊ နောက်ကားတွေ ပြောင်းလဲ စီးသင့်ပါတယ်။ အသွားမှာ ဗယ်ဘက်ထိုင်ရင် အပြန်မှာ ညာဘက်ထိုင်တာမျိုး တွေ လုပ်သင့်ပါတယ်။ ဒီလိုလုံခြုံရေးလှည့်စားမှုတွေမှာ ယာဉ်မောင်းတွေရဲ့ အခန်းကဏ္ဍ က အရေးကြီးပါတယ်။ ကိုယ့်ကားပေါ်မှာ အရေးပါပုဂ္ဂိုလ် အမှန်တကယ် မပါပဲ ပါသ ယောင် မောင်းထွက်ပြီး၊ ရန်သူ့အာရုံကို လှည့်စားရတာတွေလဲ ရှိတတ်တာကြောင့် ယာဉ် မောင်းအဖွဲ့မှာ ပါမယ့်သူများကို စနစ်တကျ ရွေးချယ်ဖွဲ့စည်းရပါမယ်။
(၄) mobile support team
တိုက်ခိုက်ခံရမှုမှာ လက်နက်ပစ္စည်းနဲ့ စက်ကိရိယာ ပံ့ပိုးပေးတဲ့ အဖွဲ့ငယ် ဖြစ်ပါတယ်။ များသောအားဖြင့် အစိုးရအဖွဲ့ဝင်တွေကို ကာကွယ်စောင့်ရှောက်ရေးမှာပဲ အသုံးပြုလေ့ရှိ ပါတယ်။ ပရိုက်ဗစ်လုံခြုံရေးမှာတော့ အသုံးပြုလေ့ မရှိပါ။
(၅) Operation Commander and administrative team
ဒီအဖွဲ့ငယ်မှာတော့ အနီးကပ်လုံခြုံရေး အဖွဲ့တခုလုံးကို ကွပ်ကဲရတဲ့ ကွယ်ကဲရေးမှူးနဲ့ နည်းပညာအရ၊ လုပ်ထုံးလုပ်နည်းအရ သူ့ကို ပံ့ပိုးပေးရမယ့် အုပ်ချုပ်ရေးလက်ထောက် များ ပါဝင်ပါတယ်။
Close Protection အဖွဲ့ဝင်
အရေးပါတဲ့ ပုဂ္ဂိုလ်တယောက်ရဲ့ လုံခြုံရေးကို အနီးကပ်တာဝန်ယူရတဲ့ လုံခြုံရေးအဖွဲ့ဝင် တယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေနဲ့ ကျင့်ဝတ်တွေ ရှိပါတယ်။ အနီးကပ် လုံခြုံရေး အဖွဲ့ဝင်တွေဟာ သူတို့တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်နဲ့အတူ အများပြည်သူအကြား ကို ၀င်ထွက်သွားလာရမယ့် သူများဖြစ်ပါတယ်။ တနည်းဆိုရင် သူတို့ဟာ အရေးပါ ပုဂ္ဂိုလ်ရဲ့ public image ဖြစ်ပါတယ်။ ဒါကြောင့် ၀တ်စားဆင်ယင်မှု၊ လူအများနဲ့ ဆက်ဆံ မှုတွေမှာ သတိရှိဖို့ လိုအပ်ပါတယ်။ သူတို့တတွေဟာ လူအများနဲ့ ဆက်ဆံရေးမှာ ရည် ရည်မွန်မွန် ဆက်ဆံတတ်သူများ ဖြစ်ရပါမယ်။ အရေးပါပုဂ္ဂိုလ်ဟာ လူအများရဲ့ ၀န်းရံမှု ကို ခံနေရတဲ့ အခါ (သို့မဟုတ်) သတင်းသမားတွေရဲ့ ဓာတ်ပုံဝိုင်းရိုက်နေခြင်းကို ခံရတဲ့ အခါ ရှေ့ဆက်သွားဖို့ လမ်းပိတ်နေတယ်ဆိုရင် လူထုကို အေးဆေးစွာနဲ့ပဲ ဖယ်ရှားခိုင်းဖို့ ကြိုးပမ်းရပါမယ်။ လူထုကို တွန်းထုတ်ခြင်းကို တတ်နိုင်သမျှ ရှောင်ရှားဖို့ လိုပါတယ်။
နိုင်ငံတကာလုံခြုံရေးနဲ့ သံတမန် အသိုင်းအ၀ိုင်းမှာတော့ close protection အဖွဲ့ဝင်တ ယောက်မှာ PPSS ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။
(၁) P- Personal
close protection အဖွဲ့ဝင်တယောက်ရဲ့ သွင်ပြင်လက္ခဏာဟာ ထက်မြက်တက်ကြွမှု ရှိ ရပါမယ်။ မိမိကိုယ်ကို ယုံကြည်မှု ရှိရပါမယ်။ အပြုသဘောနဲ့ ရှုမြင်တတ်မှု လိုအပ်ပါ တယ်။ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ထိန်းချုပ်နိုင်သူ ဖြစ်ရပါမယ်။ စူးစမ်းလေ့လာ တတ်သူဖြစ်ပြီး၊ တာဝန်ယူတတ်သူ ဖြစ်ရပါမယ်။ ဘယ်လောက်ပဲ စိတ်ရှုပ်ထွေးစရာ ကောင်းတဲ့ အခြေအနေမျိုးမှာမဆို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ဖြေရှင်းတတ်သူ ဖြစ်ရပါ မယ်။
(၂) P- Physical
close protection အဖွဲ့ဝင်တယောက်ဟာ ကျန်းမာသန်စွမ်းသူ ဖြစ်ရပါမယ်။ သပ်သပ် ရပ်ရပ်၊ သန့်သန့်ရှင်းရှင်း ၀တ်စားနေထိုင်တတ်သူ ဖြစ်ရပါမယ်။ သက်တော်စောင့်ဟာ အရေးပါပုဂ္ဂိုလ်နဲ့ အလုံးအရပ်တူသူ ဖြစ်သင့်ပါတယ်။
(၃) S- Social
close protection အဖွဲ့ဝင်တယောက်ဟာ အရေးပါပုဂ္ဂိုလ်ရဲ့ public image ဖြစ်ပါတယ်။ လူအများကြားမှာ သွားလာလှုပ်ရှားရမယ့်သူ ဖြစ်တဲ့အတွက် လူမှုဆက်ဆံရေး ဗဟုသုတ ရှိသူဖြစ်သင့်ပါတယ်။ စကားကို ရှင်းရှင်းလင်းလင်း ပြောတတ်ပြီး၊ လူအများနဲ့ ပြေလည် အောင် ဆက်ဆံနေထိုင်တတ်သူတွေ ဖြစ်ရပါမယ်။ အချိန်တိကျပြီး၊ ယုံကြည်စိတ်ချသင့် တဲ့ လူတွေ ဖြစ်ရပါမယ်။ လူအများနဲ့ ဆက်ဆံရာမှာ လမ်းဘေးစကားများ၊ ရိုင်းပျသော စကားများကို အသုံးပြုမှုမှ ရှောင်ကြဉ်ခြင်း၊အပြုံးနှင့် ဆက်ဆံခြင်း၊ ကျေးဇူးတင်စကား ပြောခြင်း စတဲ့ Professional Courtesy ကို ကျင့်သုံးနိုင်သူများ ဖြစ်ရပါမယ်။ အရေးပါ တဲ့ ဘယ်ပုဂ္ဂိုလ်က ဘယ်အချိန်မှာ အစည်းအဝေး တက်ရမှာလို့ ရှေ့ကနေ လမ်းဖယ်ပေး ပါ ဆိုတာထက် လမ်းဖယ်ပေးလို့ ရနိုင်မလား ခင်ဗျာ ဆိုတဲ့ စကားလုံးက လူအများနဲ့ ဆက်ဆံရေးကို ပိုကောင်းမွန်စေတတ်ပါတယ်။
(၄) S- Skills
ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းများအား ခွဲခြားသိမြင်နိုင်မှု၊ လုပ်ကြံသတ်ဖြတ်မှု ဖြစ်စေနိုင် သည့် အခြေအနေများကို သိမြင်နိုင်မှု၊ အချိန်အခါနှင့် အခြေအနေပေါ် မူတည်ပြီး လှုပ် ရှားတတ်မှု၊ ရှေးဦးသူနာ ပြူစုမှု၊ လိုအပ်ပါက အသုံးပြုနိုင်ရန် ကိုယ်လုံပညာများ တတ် ကျွမ်းမှု စတာတွေ ဖြစ်ပါတယ်။
နိဂုံး
ယခုဆောင်းပါးမှာ အရေးပါသော ပုဂ္ဂိုလ်များအား လုပ်ကြံသတ်ဖြတ်ခံရမှုမှ ကာကွယ် စောင့်ရှောက်ရန် လုံခြုံရေးအဖွဲ့ကို စနစ်တကျဖွဲ့စည်း၍ အဖွဲ့ဝင်များကို တိကျသော တာ ၀န်ပေးအပ်မှုများ လိုအပ်ကြောင်းနှင့် အဖွဲ့ဝင်များတွင် ရှိသင့်သည့် အရည်အချင်းလိုအပ် ချက်မျာကို ဖော်ပြထားခြင်း ဖြစ်ပါသည်။ VIP/ Close Protection နဲ့ ပတ်သက်ပြီး အ ခြား သိသင့်သိထိုက်တဲ့ venue protection ၊ foot protection ၊ motorcades prote ction၊ လမ်းကြောင်းတွင် တိုက်ခိုက်ခံရပါက လုပ်ဆောင်ရမည့် နည်းလမ်းများ၊ သံသယ ဖြစ်ဖွယ် အန္တရာယ်အငွေ့အသက်များ စသည်တို့ကို သီးခြားဆောင်းပါးများဖြင့် ရေးသား ဖော်ပြပါမည်။
ခင်မမမျိုး
(၃၊ ၁၂၊ ၂၀၁၀)

တပ်မတော်နဲ့ အင်န်အယ်ဒီ မဆုံဖြစ်သေးဘူးလား

တပ်မတော်နဲ့ အင်န်အယ်ဒီ မဆုံဖြစ်သေးဘူးလား
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ ။ ဒီဇင်ဘာ ၄၊ ၂၀၁၀
ယမန်နေ့က အင်န်အယ်ဒီပါတီက ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ နိုဝင်ဘာလ ၁၃ ရက်နေ့က သတ်မှတ်ရက် ပြည့်လို့ အကျယ်ချူပ်က လွတ်မြောက်လာသူ တိုင်းပြည်ရဲ့ ဒီမိုကရေစီရေးခေါင်းဆောင် အောင်ဆန်းစုကြည် ပြည်သူတွေ၊ နိုင်ငံရေးအင်အားစုတွေ၊ နိုင်ငံတကာက မိတ်ဆွေတွေနဲ့ တွေ့ဆုံ နှုတ်ဆက် ပြောဆို ဆွေးနွေးနေကြတဲ့ ကာလကလည်း ၃ ပတ်မြောက် နီးပါး ရှိခဲ့ပြီ ဖြစ်ပါတယ်။
          ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီကွန်ယက်၊ လူငယ်နဲ့ အမျို်းသမီးတို့ရဲ့ နိုင်ငံရေးလှုပ်ရှားမှု အခန်းကဏ္ဍ၊ ပင်လုံညီလာခံ၊ လူမှုကယ်ဆယ်ရေးလုပ်ငန်းများ  စတဲ့ အကြောင်းအရာတွေကို အများပြည်သူနဲ့ ပြောဆိုလျက် ရှိနေပါတယ်။ တဖက်က စစ်အစိုးရရဲ့ တရားစီရင်ရေးဌာနမှာ အင်န်အယ်ဒီပါတီ တရားဝင်ဖြစ်တည်မှုကို ဥပဒေနည်းလမ်းများနဲ့ အညီ ရင်ဆိုင်လျက် ရှိပါတယ်။
အဲသည်မှာ မေးစရာရှိတာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယခင်ကတည်းက ဆက်သွယ်ရန် သတ်မှတ်ထားသူ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ပဏာမအနေနဲ့ တွေ့ဆုံတာ၊ နှုတ်ဆက်ကြတာ မရှိဘူးလား ဆိုတဲ့ မေးခွန်းပါပဲ။
          ဆရာက ပြောကြားရာမှာ …
          “မတွေ့ရဘူး။ မတွေ့ရဘူး။ ဘာအစအနမှ မရှိဘူး။ ဒီနေ့အထိ ဦးအောင်ကြည်နဲ့ အဆက်အသွယ် မရသေးဘူး။ အဲဒါတွေ အဆက်အသွယ်တွေ မရှိတဲ့အခါကျတော့ တိုင်းပြည်မှာ လူတွေကြားထဲ သို့လော၊ သို့လော သတင်းတွေဖြစ်ပြီး ဟိုပြော သည်ပြောတွေ ဖြစ်ကုန်ကြတာက ဗိုလ်ခင်ညွန့်ကို ခေါ်သွားတယ်တို့၊ ဗိုလ်ခင်ညွန့်က ဒေါ်အောင်ဆန်းစုကြည်တို့၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ ထိတွေ့ ဆက်ဆံဖို့ လုပ်လာတာဖြစ်လိမ့်မယ်လို့ အရပ်သတင်းတွေ ဖြစ်လာတယ်လေ။ ဒါက ဒေါ်စုနဲ့ စစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးစေချင်တဲ့ သဘောထားတွေ ပေါ်ပေါက်နေလို့ ဒါမျိုးတွေ အရပ်စကား ဖြစ်လာကြရတာလို့ ဆိုနိုင်တယ်။ ဒါပေမယ့် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် တိုက်ရိုက်အရိပ်အယောင် မမြင်ရသေးဘူး။ ဒေါ်အောင်ဆန်းစုကြည်ဖက်ကပဲ တွေ့ဆုံဆွေးနွေးကြရအောင်လို့ ပြောနေတာပဲ ရှိတယ်လို့ ပြောနိုင်တယ်။ ခုချိန်မှာတော့ ဦးအောင်ကြည်က ရှိနေသေးလား၊ ဆက်ပြီးတော့ ထားထားသလားတောင် မသိရသေးဘူး။”
          နောက်မေးခွန်းတခုကတော့ ကလေးမြို့ ဆုံးဖြတ်ချက်နဲ့ ဒုတိယပင်လုံညီလာခံ ခေါ်ဖို့ တိုက်တွန်းနှိုးဆော်ကြတယ်။ ပြီးတော့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီရေး နိုင်ငံရေးအင်အားစုတွေက ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးအတွက် တာဝန်ယူ ဆောင်ရွက်နိုင်ဖို့အတွက် အားလုံးက သဘောထားပေးကြတယ်။ အဲသည်မှာ တိုင်းပြည်ရဲ့ လက်ရှိ လက်နက်တွေ အာဏာတွေကို ရယူထားတဲ့ တပ်မတော်အစိုးရကိုကော ကမ်းလှမ်းမှု ဖိတ်ခေါ်မှု အကျယ်တ၀င့် မလုပ်ခဲ့ကြဘူးလား ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။
          “ကလေးမြို့ ဆုံးဖြတ်ချက်မှာ လုပ်တဲ့လူတွေရဲ့ စကားတွေမှာ တပ်မတော်ကိစ္စကတော့ ပါရမယ်၊ ပထမဆုံး ပဏာမအနေနဲ့ တပ်မတော်ကို ဖိတ်မယ်။ တပ်မတော်ဖက်က ဘာမှ ပြန်ကြားခြင်း မရှိခဲ့ဘူးဆိုရင် ဒုတိယပင်လုံညီလာခံခေါ်ယူရေး လုပ်ငန်း အဆင့်ဆင့်တွေက ရပ်ဆိုင်းမသွားဘူး။ ဒို့ဖက်က လုပ်စရာရှိတာတွေ ဆက်လုပ်သွားမယ်။ ပြီင်္းတော့မှာ ဒုတိယအဆင့်မှာ ထပ်မံဖိတ်ကြားမယ်။ နောက် အဆင့်ဆင့်တိုင်းမှာ တပ်မတော်ကို အမြဲတန်း ဖိတ်ကြားသွားမယ်လို့ သဘောထား ရှိပါတယ်။ ဒါကို အင်န်အယ်ဒီကကော၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ခံထားတယ်။
          အဲသည်မှာ ကလေးမြို့ ညီလာခံမှာ သည်ကိစ္စကို စတင်အကောင်အထည်ဖော်ကြတဲ့ တိုင်းရင်းသားအဖွဲ့တွေကော၊ ၀ါရင့်နိုင်ငံရေးအင်အားစုတွေကကောက ဒေါ်စုနဲ့တွေ့ဆုံကြတဲ့ တာဝန်ပေးအပ်တဲ့ အခမ်းအနားမှာလည်း ဒါကို ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။ တပ်မတော်ကို ဖိတ်ခေါ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖိတ်ခေါ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အခုအချိန်မှာ တာဝန်ပေးချက်ကို လက်ခံတာပဲ ရှိသေးတယ်။ မူအားဖြင့် လက်ခံတယ်။ အဆင့်ဆင့် ဘာတွေ ဆက်ပြီး လုပ်သွားမယ်၊ အကောင်အထည် ဖော်သွားမယ် ဆိုတာကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးဘူး။ ဒီလိုမျိုး ပြောလို့ရမယ်။”
          နောက်မေးခွန်းကတော့ ဒီဇင်ဘာ ၁ ရက်မှာ အင်န်အယ်ဒီပါတီရဲ့ အမျိုးသားနေ့ကြေညာစာတမ်းမှာ ထုတ်ဖော်ပြောဆိုရာမှာ “တိုင်းပြည်တွင် အမှန်တကယ် ကြုံတွေ့နေရသော အထွေထွေအကျပ်အတည်းများကို ဖြေရှင်းနိုင်ရန် အဆုံးအဖြတ်ပေးနိုင်မည့် ပုဂ္ဂိုလ်များပါဝင်လျက် တွေ့ဆုံဆွေးနွေးကြရန် …” လို့ ဖော်ပြထားပါတယ်။ အဲသည်တော့ တပ်မတော်ဖက်ကနေပြီးတော့ အဆုံးအဖြတ်ပေးနိုင်မယ့် ပုဂ္ဂိုလ်တွေဆိုတာကို အင်န်အယ်ဒီဖက်က ဘယ်လိုများ ကြိုပြီး အမည်နာမနဲ့ သတ်မှတ်ထားပြီးသား ရှိလို့လား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။
          “ဒါကတော့ ဒီလိုပြောချင်တယ်။ ဒါက ပြီးခဲ့တဲ့နှစ်က ကျနော်တို့ထုတ်ပြန်ခဲ့ပြီးဖြစ်တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်း ရှိပါတယ်။ အဲသည်မှာလည်း အဲသည်အချက်ကို ပြောခဲ့ပြီးပြီ။ ကျနော်တို့ ပြောတာကတော့ အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်ချင်း တွေ့ကြပါ … ဒါပဲ။ ဒါက အန္တိမ ရည်မှန်းချက်ပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချူပ်မှူးကြီး သန်းရွှေ၊ သို့မဟုတ်ရင်လည်း ဒုဗိုလ်ချူပ်မှူးကြီး မောင်အေး၊ သူတို့အကြီးအကဲပေါ့ကွာ။ အဆုံးအဖြတ်ပေးနိုင်တဲ့သူ ဖြစ်ရမယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီဖက်က၊ အတိုက်အခံအင်အားစုဖက်က အဆုံးအဖြတ်ပေးနိုင်မယ့်သူ ဖြစ်မယ်။ ဒါကို ပြောတာ ဖြစ်ပါတယ်။”
          ဒါဆိုရင် မေးစရာတခုကတော့ အကြီးအကဲတွေ၊ ခေါင်းဆောင်တွေ မတွေ့သေးခင်မှာကော အောက်ခြေကနေ အထက် အဆင့်ဆင့်မှာ ရှိနေတဲ့ ခေါင်းဆောင်တွေ အချင်းချင်းကော တွေ့ဆုံဆွေးနွေးကြတာတွေကိုကော ရှိနေပြီလား။ မျှော်လင့်သလား။ လက်ခံသလား ဆိုတာက နောက် မေးခွန်းဖြစ်ပါတယ်။
          “ဒီနေရာမှာ ကျနော်တို့တတွေဖက်က ခေါင်းဆောင် အောက်ခြေကနေ အဆင့်ဆင့် တွေ့ဆုံကြတဲ့နေရာမှာ မှန်ကန်စွာ ချည်းကပ်မှု၊ စည်းစနစ်ကျတဲ့ ချည်းကပ်မှုနဲ့ ပတ်သက်လို့ ကျနော်တို့ဖက်က ဘာမှ မငြင်းဘူး။ ဆိုပါတော့ကွာ … လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဆိုရင် ကျနော် ထောင်ထဲမှာ ရှိနေတုန်းက၊ အင်န်အယ်ဒီကို တပ်မတော်အစိုးရက လာကမ်းလှမ်းဖူးတယ် လို့ ပြောတယ်။ အင်န်အယ်ဒီ စီအီးစီ နဲ့တွေ့ချင်တယ်။ ဒါပေမယ့် တဖက်က တွေ့မယ့်သူတွေက ဗိုလ်မှူးကြီး အဆင့်လောက်၊ ကာနယ်လောက်အဆင့်နဲ့ လာတွေ့ကြမှာဆိုတော့ အင်န်အယ်ဒီက လက်မခံလိုက်ဖူး လို့ ကြားတယ်။ တပ်မတော်ဖက်က ဗိုလ်မှူးကြီးလောက် အဆင့်ကနေပြီး ပါတီရဲ့ ခေါင်းဆောင်အဆင့်ကို လာတွှေတယ်ဆိုတာက တပ်မတော်ဖက်က အကြီးအကဲကြီးတွေအဖြစ် ဆုံးဖြတ်ချက် ပေးနိုင်မှာလဲ မဟုတ်တဲ့အတွက် လက်မခံနိုင်တဲ့အကြောင်းကို ပြန်ပြောလိုက်တယ်ကွ။ သဘောကတော့ ဒါပဲ၊ အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေ အချင်းချင်း တွေ့ကြမယ်။ ညှိနှိုင်းပြီးတော့ တွေ့ဆုံ ဆွေးနွေးရေးတွေ လုပ်ကြပါ။ ကျနော်တို့ သဘောကတော့ ဒါပဲ။
          သို့သော်လည်းပဲ ကြိုတင် ပြင်ဆင်မှုတွေ၊ ကြိုတင်ညှိနှိုင်းမှုတွေ လုပ်ကြဖို့ လိုအပ်တယ် ဆိုရင်လည်းပဲ အောက်ခြေကနေ အဆင့်ဆင့် ဖွဲ့စည်းပုံအတိုင်း ရှိနေတဲ့ အဆင့်ဆင့်သော ခေါင်းဆောင်တွေအချင်းချင်း တွေ့ကြရမှာကို လက်ခံပါတယ်။ အချိုးအဆစ် ညီမျှတဲ့ ဘက်တွေအချင်းချင်း တွေ့ဆုံဆွေးနွေးကြတာကို ကြိုဆိုပါတယ်။
          သူတို့ဖက်က ဆုံးဖြတ်ချက်ကို ကိုင်ထားတာ ဗိုလ်ချူပ်မှူးကြီး သန်းရွှေ ဖြစ်နေပြီးတော့၊ သူတို့ဆီက ဗိုလ်မှူးကြီးအဆင့်လောက်နဲ့ အင်န်အယ်ဒီဖက်က ဒေါ်အောင်ဆန်းစုကြည်လို၊ သူကဲ့သို့ ခေါင်းဆောင်မှုအဆင့်အတန်းရှိတဲ့ စီအီးစီက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ကြတော့ အဆုံးအဖြတ်ပေးနိုင်တဲ့ အနေအထားမျိုး၊ ညှိနှိုင်းနိုင်တဲ့ သဘောထားမျိုး မရှိတဲ့အခါကျတော့ ကျနော်တို့က ဒါကို လက်မခံနိုင်ဘူးလို့ ထောက်ပြရတာဖြစ်ပါတယ်။
          ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချူပ်မှူးကြီး သန်းရွှေတို့ တိုက်ရိုက်မတွေ့နိုင်သေးဖူး ဆိုရင်တောင်မှာ အင်န်အယ်ဒီက စီအီးစီတွေနဲ့ တပ်မတော်ရဲ့ စစ်ကောင်စီတွေထဲက အကြီးအကဲတွေဖြစ်တဲ့ ဒုတိယဗိုလ်ချူပ်မှူးကြီး မောင်အေးတို့ ဗိုလ်တင်အောင်မြင့်ဦး တို့ စသည်ဖြင့်တို့ပဲ ဖြစ်ရမှာပေါ့လို့ ပြောချင်ပါတယ်။
နောက် မေးခွန်းတခုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားရင်ကြားစေ့ပေးတဲ့သူ ဖြစ်စေချင်တယ်။ စေ့စပ်ပေးတဲ့သူပဲ ဖြစ်စေချင်တယ်လို့ ပြောနေတာမျိုးတွေ ရှိလာတယ်။ ဒေါ်စုကို Facilitator အဖြစ် မြင်ချင်တယ် ဘာညာနဲ့ လျှောက်ပြောနေတာတွေ ရှိတယ်။ အဲဒါကို ဆရာ ဘယ်လို နားလည်သလဲ။ ဘာပြောချင်သလဲ။
          “ဘာကြောင့် ဒါမျိုးတွေ ပြောလာသလဲဆိုတာကတော့ ကျနော်လည်း နားလည်ကြည့်လို့ မရဘူး။ ကျနော်တို့ နားလည်သလို ပြောရရင်တော့ မြန်မာပြည်ရဲ့ အမျိုးသားနိုင်ငံရေးနဲ့ အထွေထွေ အကြပ်အတည်း ပြသနာကို ဖြေရှင်းဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီအင်အားစုဘက်က ခေါင်းဆောင်အဖြစ် ရှိနေတယ်။ ပြည်သူလူထုက ဒေါ်စုဖက်က ရပ်နေတယ်။ တိုင်းရင်းသားတွေအားလုံးကလည်း ဒေါ်စုဖက်က ရပ်နေတယ်။ တိုင်းရင်းသားတွေ ကိုယ်စား၊ ပြည်သူလူထုကိုယ်စား ဒေါ်အောင်ဆန်းစုကြည်က ပြောနိုင်တယ်။ ဒါကြောင့် ဒေါ်စုက ဘာမှ facilitate လုပ်နေစရာမလိုဘူး။ ဒေါ်စုနဲ့ တိုက်ရိုက်တွေ့ဆုံစကားပြောပြီး ဖြေရှင်းရုံပဲ ဖြစ်တယ်။ ဒါပဲ။
          ဒေါ်စုနဲ့ ဗိုလ်သန်းရွှေနဲ့ အမျိုးသားရေးအတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ တွေ့ဆုံဆွေးနွေးပွဲ လုပ်ဖြစ်ကြမယ် ဆိုရင် အဆင်ပြေအောင်လို့ ကြားထဲကနေပြီး ၀င်ရောက် စေ့စပ်ပေးနိုင်တဲ့၊ ဆွေးနွေး ညှိနှိုင်းပေးနိုင်မယ့် Facilitate လုပ်ပေးမယ်ဆိုတဲ့ သူတွေ၊ အုပ်စုတွေ လိုကောင်းလိုမယ်ပေါ့ကွာ။ အဲသည်လိုမျိုး ဆိုတာတွေကလည်း ခုချိန်မှာဆိုရင် သံတမန်တွေ၊ ကုလသမဂ္ဂကိုယ်စားလှယ်တွေ၊ ကျောင်းသားတွေ၊ ဘယ်သူတွေကပဲ လုပ်လုပ်ပေါ့။ ကျနော်တို့ကလည်း ကြားဝင်တဲ့လူတွေ အမှန်တကယ် လိုအပ်တယ်ဆိုရင် လက်ခံပါတယ်။ ဒါပေမယ့် အဆုံးအဖြတ်ပေးနိုင်တဲ့ ဒေါ်စုကိုယ်တိုင်ကနေပြီး ကြားဝင်တဲ့လူကိုယ်တိုင်တော့ မဖြစ်နိုင်ဘူး။ အဲဒါကို အမြင်ရှင်းကြဖို့ လိုတယ် ထင်တယ်။”
          ဟုတ်ကဲ့ပါဆရာ။ နောက်ဆုံးမေးခွန်းကတော့ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ အချိန်ကာလမှာ ဒုတိယပင်လုံညီလာခံကို ခေါ်ယူဖို့ တာဝန်တွေ ပေးကြတယ်။ တိုက်တွန်း နှိုးဆော်မှုတွေ လုပ်ကြတယ်။ တချို့ကကျတော့လည်း ပင်လုံညီလာခံကို အလောသုံးဆယ် လုပ်စရာ မလိုသေးပါဘူး၊ ဘာညာနဲ့ ပြောကြတယ်။ စိုးရိမ်တယ်တို့၊ တပ်မတော်နဲ့ ထိပ်တိုက်မဖြစ်စေချင်ဘူးနဲ့ ပြောကြတယ်။ ဘာလို့ ပြောကြတာလဲ ဆရာ။
          “ အဲသည်မှာ ကျနော့်အမြင်ကတော့ ပင်လုံညီလာခံကို ဦးတည်တဲ့နေရာမှာ အခြေခံ အချက် ၂ ချက်နဲ့ ရင်ဆိုင်ရမယ်။ ကိုင်တွယ်ရမယ် လို့ ထင်တယ်။ ပထမတချက်က အများပြည်သူလူထုတရပ်လုံးရဲ့ လက်ခံမှု၊ နားလည်မှု အတိုင်းအတာ ဘယ်လောက် ရှိနေပြီလဲ။ ရှေ့ကို ဘယ်လောက်ကော အလားအလာရှိလာပြီလဲ။ အမျိုးသားရင်ကြားစေ့ရေးတို့၊ တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးတို့ကို ဖော်ဆောင်ဖို့အတွက် လိုအပ်ချက်တခုဖြစ်တယ် ဆိုတာကို လူတွေက ဘယ်လောက်အထိ လက်ခံသဘောပေါက်သလဲ။ အရေးတကြီး လိုအပ်ချက်အဖြစ် တကယ်ကို ခံယူသလဲ ဆိုတာ က တချက် ဖြစ်တယ်။
          နောက်တချက်ကတော့ စစ်မှန်တဲ့ပြည်ထောင်စုစနစ်နဲ့ မြန်မာပြည်ကို ထူထောင်ဖို့ဆိုတာကို လူတွေက ဘယ်လို မြင်သလဲ။ ဖယ်ဒရယ်ဆိုတာကို ဘယ်လောက်အထိ လူတွေက သဘောပေါက်ထားသလဲ။ ကလေးညီလာခံမှာ သဘောထားပြောကတည်းက ခွဲထွက်ရေး မဟုတ်သော၊ တပြည်ထောင်စနစ်မဟုတ်သော ပြည်ထောင်စု စနစ်လို့ စကားကို ရှင်းအောင် ပြောထားတာကို လူတွေက ဘယ်လောက်အထိ ထဲထဲဝင်ဝင် သဘောပေါက်သလဲဆိုတာက တချက်ဖြစ်လာမယ် ထင်ပါတယ်။”
ဒါဆိုရင်လည်း ဆရာကပဲ မြန်မာပြည်ကြီးက ဖယ်ဒရယ်ပြည်ထောင်စုကနေပြီး တပြည်ထောင်စနစ်အဖြစ် ပြောင်းလဲ အသားကျလာခဲ့ပုံတွေကို နည်းနည်းလောက် ပြောပြနိုင်မလား ဆရာ။
          “သမိုင်းကို ပြန်ကြည့်ရင် ၁၉၄၇ အခြေခံဥပဒေ ရေးဆွဲစဉ်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းတို့က တပြည်ထောင်ကို လက်မခံခဲ့ဘူး။ ပြည်ထောင်စုဆိုတာကို လက်ခံခဲ့ပြီးသား ဖြစ်သော်လည်း ဖယ်ဒရယ်ဆိုတာကို ခေတ်အဆက်ဆက် အုပ်ချူပ်သူတွေက လက်ခံခဲ့ကြဘူး။ ပြည်ထောင်စု ဆိုတာအစား တပြည်ထောင်ဆိုတာကို အကောင်အထည်ဖော်ခဲ့ကြတယ်။ အဲဒီအကြောင်းကို မြန်မာပြည်ထောင်စုလွှတ်တော်ထဲမှာ ၄၇ အခြေခံဥပဒေဆွဲခဲ့သူ တဦးဖြစ်တဲ့ ဦးချန်ထွန်းက ပြောဖူးတယ်။ ပင်လုံမှာ ဖယ်ဒရယ်လုပ်ဖို့ သဘောတူခဲ့သော်လည်း အခြေအနေတွေအရ ပြည်ထောင်စုစနစ်ကနေပြီး တပြည်ထောင်အဖြစ်ကို လုပ်ခဲ့ကြတယ်လို့ ပြောခဲ့ဖူးတယ်။ စဉ်းစားစရာပေါ့။
          နောက် အဲသည်တုန်းက နိုင်ငံတော်အလံကို ပြန်ကြည့်ရင် ကြယ်ကြီးတလုံးနဲ့ အရန်ကြယ် ၅ လုံး၊ အဲသည် ငါးလုံးက ပင်လုံမှာ သဘောတူခဲ့တဲ့ ဗမာ၊ ရှမ်း၊ ကချင်၊ ချင်း၊ ကယား ရယ် ၅ ဦး၊ အလယ်က ကြယ်ကြီးကတော့ အရေးတော်ပုံကြီး၊ လွတ်လပ်ရေးတိုက်ပွဲကြီး၊ တော်လှန်ရေးကြီးကို ကိုယ်စားပြုတဲ့၊ တိုင်းပြည်ကြီးတခုလုံးရဲ့ စုစည်းညီညွတ်မှုကို ကိုယ်စားပြုတဲ့ ကြယ်ကြီးပေါ့ကွာ။ ဒါပဲ။ ကျန်တဲ့ ကြယ် ၅ လုံးက ပင်လုံ စာချူပ်မှာ လက်မှတ်ထိုးတဲ့ တိုင်းရင်းသား ၅ စု ကို ကိုယ်စားပြုတယ်။
          ဒါပေမယ့် ၁၉၅၂ လောက်မှာ ကော်သူးလေ ဖြစ်လာတယ်။ ကရင်ပြည်နယ်ကို ပေးမယ်ပေါ့ကွာ။ အဲလိုဖြစ်လာတော့ ကြယ်တလုံး ထပ်တိုးရတော့မယ် ဖြစ်လာတော့ အစိုးရက ဘာလုပ်သလဲဆိုတော့၊ အဲသည်တုန်းက ဖဆပလ အစိုးရက ဘာလုပ်သလဲ ဆိုတော့ ကြယ်မကြီးကို ထားလိုက်တော့၊ နောက်ကြယ်တလုံးလည်း မတိုးတော့ဘူး။ ကြယ်မကြီးဟာ တော်လှန်ရေးတွေ၊ အရေးတော်ပုံတွေကို ကိုယ်စားပြုတယ် မလုပ်တော့ဘူး။ ဒီကြယ်ကြီးကို ပြည်မလုပ်လိုက်လို့ ပြောလိုက်တယ်။ ဒါက ပြည်မကို ကိုယ်စားပြုတယ်။ အရန်ကြယ်တွေကတော့ ရှမ်း၊ ချင်း၊ ကချင်၊ ကယား၊ ကော်သူးလေ ဆိုပြီး သဘောထားလိုက်လို့ ပြောဖူးတယ်။ အဲသလို စကားရှိဖူးတယ်။
          ပြောချင်တာကတော့ အဲသည် ၁၉၅၂ နောက်ပိုင်းမှာ မြန်မာပြည်ဟာ ဖက်ဒရယ် ပြည်ထောင်စုဆိုတဲ့ စိတ်ထားကနေပြီးတော့ ပြည်မကြီးနဲ့ ပြည်နယ်တွေဆိုတဲ့ တပြည်ထောင်စနစ်ဖက်ကို ရောက်လာတယ်။ မင်းတို့ပြည်နယ်တွေက အရန်တွေပဲလို့ဖြစ်တယ်။
          နောက်တော့ ၁၉၆၁ မှာ တောင်ကြီးမှာ ဖယ်ဒရယ်ညီလာခံ တိုင်းရင်းသားတွေနဲ့ လုပ်ကြတယ်။ အဲသည်မှာ ရှမ်းက သြဇာအကြီးဆုံးပေါ့။ အဲသည်မှာ မြန်မာတွေက ပြည်မဆိုပြီး လုပ်ထားတာထက် မြန်မာတွေကလည်း ပြည်နယ်တခုအနေနဲ့ပဲ ရပ်တည်ပါ။ ပြည်ထောင်စုပုံစံ ပြန်သွားပါဆိုပြီး ပြောလာကြတယ်။ အဲသည်လို ပေါ်လည်း ပေါ်ရော ၁၉၆၂ မှာ ဦးနုက ပထစအစိုးရအနေနဲ့ တိုင်းရင်းသားညီလာခံ ရန်ကုန်မှာ လုပ်တယ်။ စာတမ်းတွေ ပြင်ဆင်ကြတယ်။ တရားရေးဝန်ကြီး ဦးအေးမောင် အဲသည်တုန်းက ရှိနေတယ်။ သို့သော် အဲသည် ဖက်ဒရယ်မူကို ပထစအစိုးရကလည်း မထောက်ခံဘူး၊ အတိုက်အခံ လွှတ်တော်ထဲက ပမညတတွေကလည်း မထောက်ခံဘူး ဆိုပြီး ဖြစ်လာတယ်။ အဲသည်တော့ တပ်မတော်က အဲသည်သဘောထားတွေ၊ အဲသည်လို မထောက်ခံတာတွေကို သိထားတဲ့အခြေအနေမှာ မတ်လ ၂ ရက်မှာ စစ်တပ်က အာဏာသိမ်းတာပဲ။ အကြောင်းပြချက်တွေထဲက ၁ ခုက ဘာလဲဆိုတော့ ဖယ်ဒရယ်ဆိုတဲ့ ပြည်ထောင်စုမူဆိုတာက မြန်မာပြည်ကနေ ခွဲထွက်ဖို့ လုပ်ကြတာပဲ။ ပြည်ထောင်စုပြိုကွဲရေး ကိစ္စပဲလို့ ၁၉၆၂ စစ်တပ်အာဏာသိမ်းပြီးကတည်းက အဲသလိုမျိုး သတ်မှတ်ခြင်းကို ခံလိုက်ရတော့တာပဲ။
          ဒါကြောင့် စစ်အာဏာရှင်တွေကနေ ပေါ်ထွန်းလာတဲ့ မဆလတပါတီ အာဏာရှင်က ဖယ်ဒရယ်ဆိုတဲ့ပြည်ထောင်စုစနစ်ဆိုတာကို နောက်ထပ် ပေါ်မလာအောင်လို့ မြန်မာပြည်ကို ပြည်နယ်နဲ့ တိုင်းတွေ ခွဲခြားပစ်လိုက်တယ်။ ရန်ကုန်တိုင်းတတိုင်းအပါအ၀င် တိုင်း ၇ တိုင်း၊ ပြည်နယ် ၇ ပြည်နယ် ခွဲခြားပြီး သတ်မှတ်လိုက်တယ်။ အဲဒါတွေကို အခြေခံတဲ့ နိုင်ငံတော်ကောင်စီဆိုတာ ပေါ်လာတယ်။ အဲသည်မှာ ဗမာက ၀န်ကြီးချူပ် အဖြစ် ယူထားတော့ နိုင်ငံတော်ကောင်စီအဖွဲ့ပေါင်းက တိုင်းနဲ့ ပြည်နယ် ၂ ဦးကျ နဲ့ ၂၈ ဦး နဲ့ ၀န်ကြီးချူပ် တဦး အပါအ၀င် ၂၉ ဦး ကောင်စီဆိုတာ ဖြစ်လာတယ်။ ဒါကြောင့် တပ်ထဲမှာ ပါတီ၊ ကောင်စီတွေထဲမှာ လူတွေထဲမှာ ဖယ်ဒရယ်ဆိုတာ ပြည်ထောင်စု ပြိုကွဲရေးပဲ၊ ခွဲထွက်ရေးပဲလို့ လုပ်ထားလိုက်တယ်။ ဒါပဲ။
          နောက်ပိုင်းမှာ အဲဒီအချက်အလက်တွေကို သိရှိတဲ့အတွက် ၈၈ အရေးတော်ပုံနောက်ပိုင်းမှာ ဖယ်ဒရယ်ကိစ္စက ပြန်ပြီး ဖြစ်လာတယ်။ ဒါကြောင့် ၁၉၉၈မှာ မဲသဝေါထသဘောတူညီချက်ဆိုတာကို တိုင်းရင်းသားတွေ နိုင်ငံရေးအင်အားစုတွေက လက်မှတ်ရေးထိုးကြတယ်။ အင်န်အယ်ဒီက ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒါကို လက်မှတ်ရေးထိုးခဲ့တယ်။ သဘောက ဘာလဲဆိုတော့ ပြည်ထောင်စုစနစ်ပြန်လည် ပေါ်ထွန်းရေးပဲ။ ဖယ်ဒရယ်စနစ်နဲ့ နေထိုင်ကြရေးပဲ။ အဲသည်မှာ ဒေါ်အောင်ဆန်းစုကြည်က ဘာပြောခဲ့သလဲဆိုတော့ တိုင်းရင်းသားတွေကြားမှာ၊ မြန်မာတွေအပါအ၀င် သဘောထားတွေ ကွဲပြားတာ၊ နားလည်မှုလွဲတာတွေ မဖြစ်ရအောင် ပြည်ထောင်စု စစ်စစ်မူ လို့ သုံးကြပါလို့ တိုက်တွန်းခဲ့ဖူးတယ်။
          ဒါပေမယ့် လက်ရှိအာဏာကို ကိုင်စွဲထားတဲ့ စစ်အစိုးရက ဒီ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို လက်မခံဘူး။ တပြည်ထောင်စနစ်ကိုပဲ ရပ်တည်တယ်။ အဲသည်မှာ ရှိနေတဲ့ တိုင်းရင်းသားတွေအားလုံး ဖြစ်မြောက်စေချင်တဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုစနစ်နဲ့ ဆန့်ကျင်နေတာကို တွေ့ရတာ ဖြစ်တယ်။ ဒါကြောင့် ကလေးမြို့ညီလာခံမှာ တိုင်းရင်းသားတွေ၊ နိုင်ငံရေးအင်အားစုတွေက ကြေညာလိုက်တဲ့အခါကျတော့ ဒုတိယပင်လုံညီလာခံရဲ့ အခက်အခဲက ဘာဖြစ်လာမလဲ ဆိုတော့ ဒီလိုအဆိုတွေကို သူတို့က လက်မခံနိုင်ဘူးလို့ ပြောလာမယ့် အနေအထားတွေ ရှိလာနိုင်တယ်။”
          ဒါဆိုရင်လည်း ဆရာရယ် … ကလေးမြို့ညီလာခံက တိုက်တွန်းနေတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းနိုင်ဖို့ ဒုတိယပင်လုံညီလာခံ ကျင်းပရေး လုပ်ငန်းစဉ်က လက်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့၊ တွေ့ဆုံဆွေးနွေးအဖြေရှာရေးတို့အတွက် တပ်မတော်ကို ဦးတည်နေတဲ့ဆီမှာ ထိပ်တိုက်ဖြစ်အောင် လုပ်သလို ဖြစ်နေတယ်လို့ ပြောလာရင်ကော ဘာပြောမလဲ။
          “ဒီနေ့အထိ အင်န်အယ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့ကို ဆက်လက်ပြီး ကိုင်စွဲပြီး လုပ်ကိုင်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်က အခုအချိန်မှာ ထပ်ပြီး ပြောတဲ့စကားကတော့ ညီလာခံကြီးဖြစ်လာဖို့ဆိုတဲ့ အချိန်မတိုင်ခင်မှာ မြန်မာပြည်သူပြည်သားတွေ အားလုံးမှာ အမျိုးသား စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ် စစ်စစ်တွေ မွေးမြူပြီး ဆောင်ရွက်ကြရမယ်။ တည်ဆောက်ကြရမယ်လို့ ဆိုထားတယ်။ ဒီလိုမျိုး ကျနော်တို့တတွေက ဆက်ပြီး သွားကြရလိမ့်မယ်လို့ ပြောချင်ပါတယ်။
http://moemaka.com/index.php?option=com_content&task=view&id=7774&Itemid=1


ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်



By ဦးအောင်ခင် & မညိုညိုလွင် စနေ, 04 ဒီဇင်ဘာ 2010

မြန်မာပြည်က လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ မသမာတဲ့ ရွေးကောက်ပွဲကို ဝေဖန်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံက နိုဝင်ဘာ (၁၈) ရက်နေ့က ချမှတ်လိုက်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို အရေးယူဖို့ အခြေအနေ ပေးပုံမရပါဘူး။ တာဝန်သိမှုနဲ့ တရားမျှတမှုကို နားလည်သဘောပေါက်ဖို့အတွက် ဗမာစစ်အစိုးရ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် ကင်တားနား (Tomas Ojea Quintana) က အောက်တိုဘာလ က တင်ပြထားပါတယ်။ ဒီမိုကရေစီအကြောင်း မပြောခင် တိုင်းသူပြည်သားကို တရားမျှတစွာနဲ့ တာဝန်သိစွာ ဆက်ဆံဖို့ ဗမာအစိုးရကို သတိပေးတဲ့အနေနဲ့ အရေးယူမယ့် အစီအစဉ်ပါပဲ။ အပြစ်ဒဏ်ပေးဖို့ မရည်ရွယ်ဘူးလို့ ကင်တားနား က ပြောဆိုပါတယ်။

ဒါပေမဲ့ ဒီအစီအစဉ်ကို တရုတ်နဲ့ရုရှားက လက်မခံနိုင်ပါဘူး။ ဗမာစစ်အစိုးရကို အရေးယူမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့  အစီအစဉ်ကို ၂၀၀၇ ခုနှစ်မှာ တရုတ်နဲ့ရုရှားက ဗီတိုအာဏာနဲ့ ပယ်ချခဲ့ဘူးပါတယ်။ အာဆီယံနိုင်ငံတွေနဲ့ ဂျာမဏီကလည်း စုံးစမ်းရေး ကော်မရှင်ဖွဲ့မယ့် အစီအစဉ်ကို လက်မခံနိုင်ဘူးလို့ သိရပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုး ဘန်ကီမွန်း (Ban Ki-moon) နောက်ထပ် (၅) နှစ် ဆက်လုပ်ချင်ရင် တရုတ် ထောက်ခံမှုရဖို့ လိုပါတယ်။ ဒါကြောင့်မို့ တရုတ် ငြိုငြင်မယ့်ကိစ္စမျိုးကို ဘန်ကီမွန်း က လိမ္မာပါးနပ်စွာ ရှောင်ရှားနေတာလို့လည်း သုံးသပ်ကြပါတယ်။

စက်တင်ဘာလ (၁၄) ရက် နေ့စွဲနဲ့ ထုတ်ဝေတဲ့ ဘန်ကီမွန်းရဲ့  (၁၆) မျက်နှာ အစီရင်ခံစာမှာ ဗမာအစိုးရရဲ့  လုပ်ပုံကိုင်ပုံတွေကို အလွန်စိတ်ပျက်မိတယ်လို့သာ ဖော်ပြထားပါတယ်။ ဗမာစစ်အစိုးရ ကဏ္ဍကောစလုပ်တိုင်း ကုလသမဂ္ဂ မြန်မာ့မိတ်ဆွေများ အစည်းအဝေးကို ဘန်ကီမွန်း က ကျင်းပလေ့ ရှိပါတယ်။ ဒါပေမဲ့ ဒီ အစည်းအဝေးကိုလည်း ဗမာကိုယ်စားလှယ်က တက်ရောက်ခြင်း မရှိပါဘူး။ ဒါကြောင့်မို့ မြန်မာ့အရေးကို ပြောဆိုဆွေးနွေးကြပေမယ့် လက်ဆုပ်လက်ကိုင် မပြနိုင်ဘဲ ဖြစ်နေကြပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကို တင်သွင်းမယ့် မြန်မာ့ရေးရာ ဆုံးဖြတ်ချက်မူကြမ်းကို စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ကိစ္စကို ဖော်ပြထားတာ မတွေ့ရပါဘူး။ နိုင်ငံပေါင်း (၄၀) ကျော် ထောက်ခံထားတဲ့ ဆုံးဖြတ်ချက် မူကြမ်းဖြစ်ပါတယ်။

ဒါကြောင့်မို့ ရွေးကောက်တင်မြှောက်မခံရဘဲ အနှစ် (၂၀) ကျော် အကြမ်းဖက် အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရကို အရေးယူဖို့ တာဝန်ပျက်ကွက်ခဲ့တဲ့ ကုလသမဂ္ဂဟာ ရွေးကောက်ပတင်မြှောက်ထားတဲ့ ဗမာစစ်အစိုးရကို အရေးယူနိုင်ပါ့မလားဆိုတာဟာ ဒီကနေ့ စဉ်းစားစရာ ဖြစ်လာပါတယ်။ ရွေးကောက်ပွဲမှာ မတရားလုပ်တာကို ကုလသမဂ္ဂ က ဝေဖန်ရှုတ်ချနေလို့ အကြောင်းထူးမှာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲမှာ မတရားလုပ်တာကို ကုလသမဂ္ဂက ဝေဖန်ရှုတ်ချနေလို့ အကြောင်းထူးမှာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲ ချောချောမောမော ပြီးစီးသွားဖို့ ဆုတောင်းပေးသူတွေထဲမှာ တရုတ်၊ အိန္ဒိယ နဲ့ အာဆီယံနိုင်ငံအချို့ လည်း ပါဝင်ပါတယ်။ ဒီနိုင်ငံတွေဟာ မြန်မာနဲ့ ကုန်သွယ်လို့ အကျိုးအမြတ် ခံစားနေရသူတွေ ဖြစ်ပါတယ်။

ဗမာစစ်အစိုးရရဲ့  ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အမေရိကန်နဲ့ အနောက်တိုင်းနိုင်ငံအချို့  စိတ်ဝင်စားပေမယ့် အာဆီယံ၊ တရုတ် နဲ့ အိန္ဒိယ က စိတ်မဝင်စားကြပါဘူး။ အာဆီယံနိုင်ငံတွေထဲမှာတောင် ဗမာဒီမိုကရေစီအရေးကို ဆွေးနွေးချင်သူက လူနည်းစု ဖြစ်နေပုံရပါတယ်။ အောက်တိုဘာလ နှောင်းပိုင်း ဟနွိုင်မြို့ တော်မှာ ကျင်းပတဲ့ အာဆီယံထိပ်သီး အစည်းအဝေးမှာ မြန်မာ့ဒီမိုကရေစီအရေး မပါပါဘူး။ ဗမာအစိုးရဟာ အာဆီယံအသင်းရဲ့  တိုက်တွန်းချက်ကို ဂရုမစိုက်ဘဲ မိမိ စိတ်ကြိုက်ထင်သလို လုပ်ခဲ့တာ (၁၀) နှစ်ကျော်နေပါပြီ။ အာဆီယံရဲ့  တောင်းဆိုချက်ကို ဗမာအစိုးရ လိုက်လျောဘူးတာ တခါပဲ ရှိပါတယ်။ အာဆီယံ အလှည့်ကျ ဥက္ကဌမလုပ်ဖို့ ဝိုင်းဝန်းတိုက်တွန်းတာကို ဗမာကလက်ခံပြီး ဥက္ကဌ မလုပ်ဖို့ ၂၀၀၅ ခုနှစ်က ဆုံးဖြတ် လိုက်တာပဲဖြစ်ပါတယ်။

တိုင်းရင်းသားပြဿနာကို ဗမာစစ်အစိုးရက အကြမ်းဖက် ဖြေရှင်းနေတာကြောင့် ဒုက္ခသည်တွေ ထိုင်းနိုင်ငံကို အစုလိုက်အပြုံးလိုက် ထွက်ပြေးနေတာ ကြာပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိုင်းနိုင်ငံမှာ ဝင်ထွက်သွားလာနေတာလည်း ကြာပါပြီ။ ဒီပြဿနာကြောင့် ထိုင်းအစိုးရဟာ ဗမာအစိုးရသစ်ရဲ့  ယုံကြည်မှုရအောင် ကြိုးပမ်းပါလိမ့်မယ်။ တဦးကတဦးကို အန္တရာယ်လို့ မယူဆဘဲ ကုန်သွယ်ဘက် အိမ်နီးချင်းနိုင်ငံအဖြစ်သာ သဘောထားနိုင်ဖို့ ထိုင်းဘက်က စီးပွားရေးမက်လုံးတွေ ပေးနေပါတယ်။ ဗမာအစိုးရနဲ့ ဆက်ဆံရာမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို မပြောဘဲ စီးပွားရေးလုပ်တာဟာ အကောင်းဆုံးဖြစ်ကြောင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် လက်တွေ့ပြနေခဲ့ပါတယ်။

ရွေးကောက်ပွဲပြီးသွားပေမယ့် တိုင်းရင်းသားပြဿနာကို ဖြေရှင်းနိုင်တာ မဟုတ်တဲ့အတွက် ပြည်တွင်းစစ် အချိန်မရွေး ဖြစ်နိုင်ပါတယ်။ စစ်ဖြစ်ပြီဆိုရင် စစ်ပြေးဒုက္ခသည်တွေ ထိုင်းနိုင်ငံထဲ လှိမ်းဝင်လာမှာ သေချာပါတယ်။ ကုလသမဂ္ဂက အရေးမယူဘဲထားတဲ့ ဗမာအစိုးရရဲ့  ရာဇဝတ်မှုတွေဟာလည်း ပိုမိုများပြားလာနိုင်ပါတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ စီးပွားရေးအမြတ်ထုတ်မှုစတဲ့ ကိစ္စတွေဟာ ဆက်စပ်နေပါတယ်။ ဗမာအစိုးရတဦးတည်း တဖက်သတ် ဖြေရှင်းနိုင်တဲ့ကိစ္စမဟုတ်ကြောင်း ပြည်ပဆက်ဆံရေးက သက်သေပြနေပါတယ်။
http://www.voanews.com/burmese/news/news-analysis/news_analysis_12-04-10-111281204.html

ဗိုလ်ခင်ညွန့် ဆံပင် တောင် သူ့ဟာသူညှပ်ရတာဆိုတဲ့ အပိုင်းနားဆင်နိုင်ပါပြီ။






ရဲသူရိန်ပေးပို့ပါသည်။ကျေးဇူးတင်ပါသည်။ကျန်အပိုင်းများမျှော်ဟုပြော၍မျှော်နေပါသည်၊၊

ဒီလိုအချိန်မှာအာဏာရှင်အခိုင်းခံတွေသင်ခန်းစာယူတတ်မယ်ဆိုရင်....



ဦးခင်ညွန့်ပတ်သက်ပြီးသတင်းတွေအမျိုးမျိုးထွက်နေတော့မြန်မာ့အာဏာရှင်ရေစီးကြောင်းလေးကိုပြောပြပါရစေ။အာဏာရှိစဉ်မှာအပြန်အလှန်ဆက်သွယ် သွားလာမှုတွေရှိပါတယ်။အထူးသဖြင့်ကတော်တွေပါ။အဖမ်းခံရတာမပြောနဲ့အနားယူရင်တောင်ခဏတော့ကူးလူးနေပါသေးတယ်၆လတနှစ်လောက်ဆို
ရင်လာလည်သူပါးသွားပါပြီ။အထူးသဖြင့်လက်ရှိအာဏာရတွေရဲ့ကတော်တွေလုံးဝမလာတော့ပါဖူး။နောက်ပြီးအဲလိုအဖမ်းခံရ(သို့)အနားယူပြီးရင်ဆေးထိုး
စရာမလိုပဲဂေါက်ကြောင်ကြောင်တွေဖြစ်နေတတ်တာပါပဲ။ဦးခင်ညွန့်မှာအဓိကပြစ်ချက်၂ခုကတော့သူ့အောက်ကဗိုလ်မှုးကြီးတွေကိုနိုင်အောင်မထိန်းပဲစစ်
ဖက်ကအထက်အရာရှိတွေကိုပမာမခန့်လုပ်တာတွေခွင့်ပြုထားခြင်း။အထက်အောက်ရိုသေမှုနဲလာခြင်း၊
ဦးခင်ညွန့် ဟာလုပ်ကြံခံလိုက်ရတဲ့ဦးတင်ဦး(အက်စ်တူး)အခင်းမှာအဓိကစွတ်စွဲခံသူပါ။
တိုင်းရင်းသားနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ကိုဦးစောမောင်လိုပဲသဘောထားပျော့ပြတာကိုလဲတပ်ချူပ်တွေကမကြိုက်ကြပါဖူး..


ဗွီဒီယိုဖိုင်ထဲဦးခင်ညွန့်ရဲ့ဝဋ်လည်သံလေးတွေအရပြီးသွားပါပြီ။မဂေါက်သွားရင်တောင်တော်တော်ကံကောင်းတယ်မှတ်ပါ။သူ့ဖက်မှာရှိနေကြသေးတယ် ဆိုရင် တောင်စိတ်ထဲမှာပဲရှိမှာပါ။

နအဖကသူ့ကိုအပြီးဖြုတ်ထုတ်သတ်(ဘဝကိုသတ်တာပါ)လုပ်လိုက်ပါပြီ။ဦးနေဝင်းမျိုးဆက်အဖြတ်ခံသလိုမျိုးအလုပ်ခံလိုက်ရပါပြီ။ဒီဗွိဒီယိုဖိုင် ဟာသူတို့မှတ်တမ်းယူသိမ်းဆည်းရာကနေပေါက်ထွက်လာတာဖြစ်ပြီးအခြားမူဝါဒဆိုင်ရာတွေမရှိလောက်ပါဖူး။ဦးသန်းရွှေကခိုင်းခဲ့ရင် တောင်အတိုက်အခံတွေနဲ့လာလုံးစရာမရှိတော့ပါဖူး။အာဏာရှင်ဆိုပေမဲ့သူလည်းသူ့အဆင့်နဲ့သူနေတတ်အောင်နေတော့မဲ့ပုံပါ။


ထောက်လှမ်းရေးအားကိုးနဲ့ပေါ်မလာအပျောက်ရိုက်နိုင်ငံရေးသမားတွေကိုဆက်ဆံခဲ့ပေမဲ့နအဖအာဏာရှင်တွေထဲမှာတော့စကားပြောအကောင်းဆုံးနဲ့ဥပဓိရုပ်အဖြောင့်ဆုံးကတော့ဗိုလ်ခင်ညွန့်ပါပဲ။အခုနေဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ရင်သူပြောမဲ့စကားကတော့(.........................................)။

ရဲရင့်ငယ်

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၏နိုင်ငံရေးအကြံပြုချက်သုံးရပ်

Ko Htay Kywe

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၏နိုင်ငံရေးအကြံပြုချက်သုံးရပ်

အနာဂါတ်မြန်မာပြည်နိုင်ငံရေးအတွက်အောက်ပါအချက်သုံးချက်ကိုထည့်သွင်းးစဉ်းစားပါရန် ရခိုင်ပြည်နယ် ဘူးသီးထောင် ထောင်၌ ၆၅နှစ် အကျဉ်းကျ ခံနေရသည့် ၈၈မျိုးဆက်ကျောင်းသားခေါင်းးဆောင် ကိုဌေးကြွယ်မှ အတိုက်အခံနိုင်ငံရေးအင်အားစုများအား တိုက်တွန်းလိုက်ပါသည်။
ယမန်နေ့က ဘူးသီးတောင် ထောင်၌ ယောက်ဖဖြစ်သူ ကိုဖြိုးမင်းသိန်းမှ ကိုဌေးကြွယ်နှင့် ထောင်ဝင်စာတွေ့ဆုံစဉ် အောက်ပါအတိုင်း အကြံပြုလိုက်ခြင်းဖြစ်ပါသည်။
  • အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တပ်မတော် အပါအ၀င် နိုင်ငံရေးအင်အားစုများအားလုံး ပူးပေါင်းဆောင်ရွက်ရန်
  • အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်မှုများကို အတိုက်အခံအင်အားစုများ အားလုံးမှ ၀ိုင်းဝန်းပံ့ပိုးပူးပေါင်းဆောင်ရွက်ရန်
  • ယခု ရွေးကောက်ပွဲ ရလဒ်ကို အတည်ပြု၍ ပြည်သူ့လွှတ်တော်ခေါ်ဖြစ်ခဲ့ပါက နိုင်ငံရေးအကျဉ်းသားအချို့ကို လွှတ်ပေးနိုင်၊ သို့သော် နိုင်ငံရေးအကျဉ်းသား အများစုကို ဆက်လက် ထိန်းသိမ်းထားနိုင်သည်။ ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများကို ၎င်းတို၏ မိသားစုများနှင့် နီးသော အကျဉ်းထောင်များသို့ ပြောင်းရွှေ့ပေးရန် ၀ိုင်းဝန်းတောင်းဆိုကြပါရန် 
    http://www.tharaza.com/?cat=15

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး ကိုဌေးကြွယ် စိုးရိမ်

ဒုတိယအကြိမ် ဒီပဲယင်း လုပ်ကြံမှုမျိုး ဒေါ်အောင်ဆန်းစုကြည် ထပ်မံ ကြုံတွေ့မည်ကို စိုးရိမ်ကြောင်း အကျဉ်းကျနေသည့် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ ခေါင်းဆောင် တဦးဖြစ်သူ ကိုဌေးကြွယ်က ပြောဆိုလိုက်သည်။

Ko-Htay-Kywe
၂၀၀၇ ခုနှစ် သြဂုတ်လက ရန်ကုန်တွင် တခြား ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့် တွေ့ရသော ကိုဌေးကြွယ်။ (ဓာတ်ပုံ - AP)
ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်တွင် နှစ်ရှည် ထောင်ဒဏ် ကျခံနေရသည့် ကိုဌေးကြွယ်အား ဒီဇင်ဘာလ ၂ ရက်နေ့က ၄၅ မိနစ်ခန့် ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့သည့် ကိုဌေးကြွယ်၏ ယောက်ဖ တော်စပ်သူ ကိုဖြိုးမင်းသိန်းမှ တဆင့် ယင်းသို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည် ဒီပဲယင်းမှာ ဖြစ်ခဲ့စဉ်တုန်းက အကျဉ်းထောင် ထဲကနေ သူတို့ ကြားသိရတဲ့ အချိန်တုန်းက အိပ်လို့တောင် မပျော်ဘူး ပေါ့နော်။ ဒီတကြိမ် မှာလည်း အဲဒီလို အခြေအနေ ဆိုးမျိုးတွေ ကြားရမှာကို သူတို့ စိုးရိမ်တယ်။ ဒေါ်စုကို အဲဒီ အခြေအနေနဲ့ ပတ်သက်ပြီး သူပြောချင်တယ်” ဟု ကိုဖြိုးမင်းသိန်းက ဧရာဝတီသို့ ပြောသည်။

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အနီးတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း လုပ်ကြံမှုကြီးတွင် နအဖ အစိုးရဘက်မှ လူအင်အား ၅၀၀၀ ခန့်က ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်းကို တုတ်၊ ဓား၊ ခဲများနှင့် တိုက်ခိုက်ခဲ့ကြပြီး ခန့်မှန်းခြေ လူ ၁၀၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။

“အမျိုးသား ပြန်လည် သင့်မြတ်ရေးလမ်းစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို ၀ိုင်းဝန်းထောက်ခံပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ ကိုဌေးကြွယ်က ပြောတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး မရှိရင် မတိုးတက်နိုင်ဘူး။ ဒီအကြောင်းလည်း နည်းနည်း ဆွေးနွေးဖြစ်တယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ကိုဌေးကြွယ်သည် အစာအိမ်ရောဂါ အခံကြောင့် အစာမစားနိုင်သည့်အတွက် ပိန်သွားကြောင်း၊ ဘာသာရေးကိုလည်း လုပ်ဖြစ်ကြောင်း၊ ထောင်ထဲတွင် စာရေးရန်နှင့် ပန်းချီဆွဲရန်ရှိကြောင်း၊ တွေ့ဆုံမှုသည် အတိုင်းအတာတခုအထိ လွတ်လပ်သည် ဆိုသော်လည်း ရဲအထူး သတင်းတပ်ဖွဲ့ (SB) နှင့် ထောင်အာဏာပိုင်များက လိုက်လံ ရေးမှတ်မှုများရှိကြောင်း သိရသည်။

“တကယ်လို့ အခြေအနေတခု ဖြစ်လာမယ်ဆိုရင်ပေါ့၊ နိုင်ငံရေး အကျဉ်းသားတွေအားလုံးကို မိသားစုနဲ့ နီးတဲ့ ထောင်တွေမှာ အားလုံး စုထားနိုင်မယ်ဆိုရင်တော့ ကောင်းတယ်လို့လည်း ပြောတယ်။ လွှတ်တော်ပေါ်တဲ့ အချိန်မှာ အကျဉ်းသား ၁၀၀ လောက်လွတ်မယ်လို့ သူတို့ယူဆတယ်။ ဒါပေမယ့် အဆိုးကိုတော့ ပြင်ဆင်ထားတယ်လို့လည်း ပြောတယ်” ဟု ကိုဖြိုးမင်းသိန်းက ပြောသည်။

စစ်အစိုးရသည် နိုင်ငံရေး အကျဉ်းသားများကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ကာ မိသားစုနှင့် ဝေးလံသည့် ဒေသများရှိ ထောင်များသို့ ပြောင်းရွှေထားသည်။

ထောင်တွင်းရှိ အခြေအနေမှာ လူမဆန် ဆိုးဝါးသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုကြောင်းလည်း UPI သတင်းတရပ်တွင် ရေးသားထားသည်။

ကိုဌေးကြွယ်သည် ၁၉၉၁ ခုနှစ်တွင် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ပထမဆုံးအကြိမ်အဖြစ် ထောင်ဒဏ် ၁၅ နှစ်ကျခံခဲ့ရသည်။ ပထမအကြိမ် ထောင်မှ လွတ်ပြီးနောက် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျ၊ ကိုပြုံးချိုတို့နှင့် ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ကို တည်ထောင်ခဲ့သည်။

၂၀၀၅ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း ယင်းအဖွဲ့သည် အကြမ်းမဖက်သည့် နိုင်ငံရေး လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့သည်။
၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြခဲ့သည့်အတွက် ကိုဌေးကြွယ်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များကို ထောင်ဒဏ် ၆၅ နှစ်စီ အသီးသီးချမှတ်ခဲ့သည်။

ကိုဌေးကြွယ် အကျဉ်းကျခံနေရသည့် ဘူးသီးတောင်ထောင်သည် နာမည်ဆိုးနှင့်ကျော်ကြားသော ထောင်တခုဖြစ်သည့်အပြင် လာဘ်စားမှု ပြဿနာများကြောင့် ထောင်အာဏာပိုင်များ မကြာခဏ နေရာ ပြောင်းခံရခြင်း၊ အရေးယူခံရခြင်းများ ရှိကြောင်း ဒေသခံများက ပြောသည်။

ဘူးသီးတောင်ထောင်တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် အပါအ၀င် ကိုစည်သူမောင်၊ ကိုအောင်ဇော်ဦး၊ ကိုမြတ်သူနှင့် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် မင်္ဂလာတောင်ညွန့်မှ ဆရာတော်တပါးလည်း ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၇၁ ဦးရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ သိရသည်။
http://www.irrawaddy.org/bur/index.php/news/5137-2010-12-04-08-07-03

လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၃)

‘လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်’ အပတ်စဉ်အမေးအဖြေ အစီအစဉ်

2010-12-03
http://www.mediafire.com/file/op2auom38umahla/b1203assk.mp3 
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၃) by yeyintnge
RFA က အပတ်စဉ် သောကြာနေ့တိုင်း တင်ဆက်နေတဲ့ ‘လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်’ မေးဖြေခန်း ဒီတပတ် အစီအစဉ်မှာ- သံဃာ့တပ်ပေါင်းစု (ပြည်ပ) တာဝန်ခံ အရှင်ပညာဇောတ (အမေရိကန်)၊ မဇိုယာဖန်း (ဗြိတိန်) ၊ မဇင်မာဝင်း (ဗြိတိန်) ၊ မတင်သူဇာဆွေ (ဗြိတိန်) ၊ မအိချော (ထိုင်း) ၊ ကိုပန်းမောင် (အမေရိကန်)၊ မငဲမူစိုး (အီတလီ) တို့ရဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားပါတယ်။

(Photo: AFP)
၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ကြိုဆိုနေသူများကို နေအိမ်ခြံတံခါးမှ လက်ဝှေ့ရမ်း နှုတ်ဆက်နေစဉ်။ (Photo: AFP)
ဒီဇင်ဘာ ၃ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၃)
အသံဖိုင်ယူရန်

နိုဝင်ဘာလ ၂၆ ရက် သောကြာနေ့  ပထမဦးဆုံး ထုတ်လွှင့်တဲ့ "လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်ကိုလည်း နားဆင်နိုင်ပါတယ်။
လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် (နိုဝင်ဘာ ၂၆)
အသံဖိုင်ယူရန်။
“လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်ကို RFA က အပတ်စဉ် သောကြာနေ့ ညတိုင်း တင်ဆက်နေပါပြီ။ ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးနေတာ ဖြစ်ပါတယ်။
မေးမြန်းလိုသူတွေ အနေနဲ့ မိမိတို့ မေးခွန်းတွေကို ရန်ကုန်မြို့က အင်အယ်လ်ဒီ ရုံးချုပ်ကို တိုက်ရိုက် ပေးပို့နိုင်သလို၊ RFA ကိုလည်း အင်တာနက်ကနေ ပေးပို့ နိုင်ပါတယ်။ RFA အီးမေးလ် လိပ်စာကတော့ burmese@rfa.org ဖြစ်ပါတယ်။
မေးခွန်းတွေကို တိုတိုနဲ့ လိုရင်းသာ ရေးသားစေလိုပါတယ်။
အဲဒီစာတွေကို အင်အယ်လ်ဒီရုံးချုပ်ကို တိုက်ရိုက် ပေးပို့သည်ဖြစ်စေ၊ RFA ကို ပေးပို့သည်ဖြစ်စေ၊ အမည်၊ လိပ်စာနဲ့ ဆက်သွယ်နိုင်မဲ့ တယ်လီဖုန်း နံပါတ်တွေကို ဖော်ပြဖို့ လိုပါတယ်။
အဲဒီ တယ်လီဖုန်းနံပါတ်ကို RFA က ခေါ်ယူ ဆက်သွယ်ပြီး ပြည်သူတွေရဲ့ မေးမြန်းစကားတွေကို အသံဖမ်းယူကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်နဲ့အတူ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။
ဆက်သွယ်ရေး အခက်အခဲ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ များပြားလှတဲ့ အလုပ်တာဝန်တွေနဲ့ တခြား အခက်အခဲတွေကြားက အချိန်လုပြီး တင်ဆက်ရတာဖြစ်လို့ အားနည်း ချွတ်ယွင်းချက်တွေ ရှိပါလျှင် သည်းခံခွင့်လွှတ်ဖို့ မေတ္တာ ရပ်ခံအပ်ပါတယ်။
http://www.rfa.org/burmese/news/questions_and_answers_with_suu_kyi-11262010102003.html

Blowing in the wind - U Myint / Kim Aris