Saturday, January 29, 2011

မျိုးဆက်များကို တိုးတိုက်ကြည့်ခြင်း

မျိုးဆက်များကို တိုးတိုက်ကြည့်ခြင်း

ကျနော်တို့မျိုးဆက် လူငယ်ကြားထဲမှာ ဟာသတွေရှိတယ်။  တကယ်လို့ အခုနေ ကောက်ကာငင်ကာ သေတော့ မယ်ဆိုရင် သမိုင်းတွင်လောက်အောင် ဘယ်လိုစကားမျိုးချန်ထားရစ်ကြမလဲပေါ့။
ဥပမာဗျာ - ဆရာတော် ဦးဝိစာရထင်တာပဲ။ လိမ္မာရစ်ကျပါလို့မှာတယ်။ ဆရာဗန်မော်တင်အောင်က “လူတယောက်ရဲ့ တန်ဖိုးဆိုတာ -”  အစချီပြီး သမိုင်းတွင်လောက်တဲ့စကားကို ပြောခဲ့တယ်။ ကျနော် တက္ကသိုလ်ကျောင်းသားဘဝက စာကြည့်စားပွဲရှေ့မှာ ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ “လူတယောက်မှာ အရေးအကြီးဆုံးဟာ ကိုယ်ကျင့်တရားနဲ့ အမှန်တရားကို မြတ်နိုးမှု” ဆိုတာကို ကပ်ထားဖူးတယ်။ ကျနော့်သူငယ်ချင်း ကဗျာဆရာတယောက်က ဘုရားပုံတော်မှာ “ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို မပြုလုပ်သူ” ဆိုပြီးရေးထားတယ်။ ဂုဏ်တော်ကိုးပါးထဲက သူအကြည်ညိုဆုံးဂုဏ်တော်ကို ရေးထားတာလို့ပြောတယ်။ သူကိုးကွယ်လိုက်ပုံက ရှင်းတယ်။ ဘာကျမ်းကိုးကျမ်းကားမှမပါဘူး။  မအပ်မရာပြောရရင် ဘုရား ပရိနိဗ္ဗာန်မပြုခင်လေး မှာသွားတဲ့ “မမေ့မလျှော့၊ မပေါ့မဆ” ဆိုတာကိုတောင် ကျနော်တို့ အလွတ်ပေးတာ မဟုတ်ဘူး။  ကျနော်တို့ စကားနဲ့ “ပညာပါတယ်” ပေါ့။ ဆရာကြီး ဒေါက်တာသန်းထွန်းကတော့ တိုတိုပဲပြောတယ်။ “မ-အ ရအောင် သမိုင်းသင်တာ” တဲ့။ ကျနော်တို့က ရှင်းရှင်းပြောရင် ကြိုက်တယ်။ တောင်စဉ်ရေ မရတွေ၊ ဝေ့ကာဝိုက်ကာတွေကို နားထောင်ဖို့ပျင်းတယ်။ (အချိန်မရတာတော့ မဟုတ်ဘူးဗျ)။ သမိုင်း သင်ထားပေးမယ့်လည်း “အ” ကြတာပါပဲ။ “ သမဂ္ဂကို သမဂ္ဂနဲ့ တိုက်ရမယ်” တဲ့။ စာဖတ်နာတဲ့ သူငယ်ချင်းတယောက် ရွှတ်နောက်နောက်ပြောတော့ ရယ်ကြတယ်။ ဟိတ်တလုံး ဟန်တလုံးနဲ့ ပြောရင် ရယ်စရာလို့ထင်တာလည်း ကျနော်တို့မျိုးဆက်ပဲ။


ကျနော့်အမေရှေ့မှာ သွားပြောလို့မရတာကို တနေ့က ကျနော်တို့ သူငယ်ချင်းတွေ ဆုံတုန်းပြောကြတယ်။ ဇာတ်ကြီးဆယ်ဘွဲ့ထဲက သုမေဓာလည်းပါတယ်။ နောက် - ဘုရားလောင်းမျောက်မင်းတို့၊ ဆဒ္ဒန်ဆင်မင်းတို့။ ဟုတ်ဟုတ်-မဟုတ်ဟုတ် တော်တော်နာတဲ့ ဇာတ်တွေပဲတဲ့။ တယောက်ကပြောတော့ ရယ်ကြတယ်။ ဥပမာ- မမှီတဲ့ကြိုး (နွယ်) နေရာမှာ မိမိကိုယ်နဲ့ ဝင်ဆက်ပေးနေတဲ့ ဘုရားလောင်းမျောက်မင်း ကိုယ်ပေါ်ကို ဒေဝဒတ်လောင်းလျာက အားနဲ့ ခုန်ချတာမျိုး။ ဆဒ္ဒန်ဆင်မင်းက သူ့အစွယ်ကို သွေးသံတရဲရဲ ကိုယ်တိုင် အနာခံ ဖြတ်ပေးလိုက်တာမျိုး။ သုမေဓာရသေ့က တန်းခိုးနဲ့ ဖန်ဆင်းလို့ ရပေမယ့် မဖန်ဆင်းဘဲ ရွှံ့ဗွက်လမ်းမှာ ဘုရားလျှောက်ဖို့ ခန္ဓာကိုယ်ကို ဝမ်းလျားမှောက်ခင်း ပေးတာမျိုးပေါ့။ ကျနော်တို့က သဘောကျတယ်။ တေမိဇာတ်မှာ စကားပြောတဲ့ အပြစ်တွေကို သိလို့ စကား မပြောတဲ့ ဘုရားလောင်းကို ကျနော်တို့က ခေတ်စကားနဲ့ပဲ “တော်တော်ပညာပါတယ်” လို့ချီးကျူးကြတယ်၊ တကယ်တော့ ကျနော်တို့ စကားဝိုင်းမှာ အစဉ်အလာ ဗုဒ္ဓ ဘာသာဝင်တွေချည်းပဲ။ ဒါပေမဲ့ ကျနော်တို့က ဥာဏ်မီသလောက်လေးပဲပြောကြ-နောက်ကျတာပါ။
တယောက်ကဆို သူကြိုက်တဲ့ ကဗျာတောင်ရွတ်ပြသွားသေးတယ်။
“အာဇာနည်တွေကို လေးစားတယ်။
ကိုယ်ဟန်ပြမယ်တွေကို ပြစ်မှားတယ်။
လူသားဆန်တာ တရားတယ်” တဲ့။  “ဟေးကနဲ” အော်ကြတယ်။ ကျနော်တို့က ဒီလို။
ကျနော်တို့ (၁၀) တန်းတက်တဲ့ (၁၉၉၇) တုန်းက။ ဒီမှာ ကျနော်ဘာလို့ သက္ကရာဇ်ကိုပါ ထည့်ထားလဲဆိုတော့ ကျနော်တို့သူငယ်ချင်းတွေ အများစု (၁၉၈၀) ဖွား ဆိုတာကို သိစေချင်လို့ပါ။ ပညာရှင်တယောက် (ဖူကူယားမားလား။ တော်ဖလာလား မသေချာပါ) က (၁၉၈၀) နောက်ပိုင်း မွေးတဲ့အုပ်စုကို မျိုးဆက်တဆက်အဖြစ် သတ်မှတ်တာနဲ့ တိုက်ဆိုင်နေလို့ပါ။ အမြဲတမ်း ကဆုန်ပေါက်နေတဲ့ ကျနော်တို့ အုပ်စုကို ဆရာမက “ငါးပျက်ရေ” လို့ ကင်ပွန်းတပ်တယ်။ ငါးပျက်ရေဆိုတာ ငါးဖမ်းတဲ့ လူတွေသုံးတဲ့ စကားလို့ ဆရာမက ရှင်းပြပါတယ်။ ငါးဆိုတဲ့အမျိုးက အုံနဲ့ကျင်းနဲ့ နေတာကိုးဗျ။ ငါးသလောက်အုပ်ကို ဖမ်းမိတဲ့ရေဆိုရင် တံငါသည်တွေ ပွပေါက်တိုးတာပေါ့။ ငါးသလောက်က ဈေးကောင်းရတာကိုး။ ငါးပျက်ကျတော့ ဈေးပေါတော့ ငါးပျက်ရေဆိုရင် ကိုတံငါတွေ တွက်ခြေမကိုက်ဘူးပေါ့။ အားအားရှိရင် ဘော်လုံးကန်တယ်။ ခုံခေါက်ပြီး သီချင်းဆိုတယ်။ အစဉ်အလာအရ တုန်အောင်ကြောက်တဲ့ ဆရာ၊ ဆရာမတွေကိုလည်း နောက်တိနောက်တောက်လုပ်တယ်။ (တဖြည်းဖြည်း အသက်ကြီးလာတဲ့အခါ ဘာသာတရား ကိုတောင် နောက်တောက်တောက် လုပ်လာတာကြည့်တော့) ကျနော်တို့ကတော့ ငါးသလောက်ခေါ်ခေါ်၊ ငါးပျက်ခေါ်ခေါ် ရယ်နေလိုက်တာပဲ။ လပတ်စာမေးပွဲတွေဆိုလည်း ကြုံသလို၊ ဖြစ်သလို ဖြေတယ်။ အမြဲတမ်းအဆင့် (၁) ရတဲ့ ကျောင်းသားတယောက် လပတ်မှာကျတာလည်း ကျနော်တို့ အသုတ်ပဲ။ စကားစပ်လို့ပြောရရင် ကျနော်တို့ရှေ့က နောင်တော့်၊ နောင်တော်ကြီးတွေဆိုရင် လပတ်မှာ ဂုဏ်ထူးတွေ စီစီရီရီ ဖူးလို့-ပွင့်လို့။ ဆရာမတွေက ချီးမွမ်းခန်းဖွင့်လို့ကို မဆုံးဘူး။ တကယ်တမ်း စာမေးပွဲကြီးကျတော့  ဘာတခုမှ ဂုဏ်ထူး ပါမလာတော့ဘူး။ ဒါလည်း ဆရာမတွေက မလျှော့သေးဘူး။ ကျနော်တို့ “ငါးပျက်အဖွဲ့” ကတော့ ဘာမှ အတင်းမလုပ်ကြပါဘူး။ ကျောင်းမှန်မှန်တက်-စာမခက်ပေါ့။ အားတဲ့အခါ လေသေနတ်ကွင်းမှာ လေသေနတ်ပစ်တယ်။ ကြုံရင်ကောင်မလေးတွေကို စာလိုက်ပေးလိုက်သေးတယ်။ ရုပ်ရှင်ရုံသွားချင်လည်း သွားလိုက်သေးတယ်။ လက်ဖက်ရည်ဆိုင်မှာ သီချင်းနားထောင်တယ်။ (တီဗွီဂိမ်းတွေ၊ ကာရာအိုကေတွေ သိပ်ခေတ်မစားသေးဘူး)။ ဒါပေမဲ့ ဆယ်တန်း အောင်စာရင်းလည်းထွက်ရော အားလုံးဂုဏ်ထူးတွေနဲ့။ ဆရာမစကားနဲ့ ပြောရရင် ငါးသလောက် ရေဖြစ်သွားတာပေါ့။ ဆရာဝန်ရော၊ အင်ဂျင်နီယာရော ကျနော်တို့အသုတ်မှာ ကျနော်တို့ကျောင်းက အများကြီးထွက်တယ်။
အဓိက ပြောချင်တာက လူတွေအမူအကျင့် ပြောင်းသွားသလို မျိုးဆက်ချင်း အမြင်တွေမတူတော့တာကိုပါ။  မျက်မှန်ထူထူ၊ ဆံပင်ဘုတ်သိုက်၊ စာအုပ်ထူထူတွေ ဖတ်ပြ၊ ရိုကျိုးပြ၊  ဘုရားတရားကိုင်းရှိုင်းပြနေမှ၊ လိမ္မာတယ်၊ စာကြိုးစားတယ်လို့ ထင်တဲ့အမြင်တွေ ခေတ်မမီတော့ပါဘူး။ တက္ကသိုလ်ရောက်တော့လည်း အလားတူ အဖြစ်အပျက်တွေ အများကြီး တွေ့ရတယ်။ ရှေးဟောင်းဓာတ်ရှင်ထဲက အလွမ်းရုပ်နဲ့ ဘုရားကယ်ပါ၊ သိကြားမ-ပါ ဆိုတာမျိုးကို ကျနော်တို့မျိုးဆက်က မယုံကြည်ကြတော့ပါဘူး။ ကျမ်းဟောင်းထဲကဆိုတိုင်းလည်း ကျနော်တို့ မယုံကြည်ကြတော့ပါဘူး။ ပြောရရင် ဒါလည်းဗုဒ္ဓဝါဒ (ဝိဘဇ္ဇဝါဒ) လို့မှတ်သားဖူးပါတယ်။ ဥာဏ်မီသလောက်ပဲ စဉ်းစားလက်ခံကြတဲ့ မျိုးဆက်လို့ပြောချင်တာပါ။
ဖြတ်သန်းလာတဲ့ အသံတွေကို နားထောင်ကြည့်ရင် သိသာပါတယ်။ သီချင်းကြီး၊ ခေတ်ပေါ်သီချင်း၊ ပေါ့ပ်၊ ရော့ခ်၊ ရက်(ပ်)၊  ပန့်(ခ်)၊ နောက်ဆုံး ဟစ်ဟော့ပ်။ အဆင့်ဆင့် ပြောင်းလဲမှုမှာ အမြန်ဘက်ကို ရွေ့လာတာလို့ သတ်မှတ်ရင် ရနိုင်ပါတယ်။ ဒီလိုပြောလို့ အဟောင်းတွေကို မခံစားဘူးလို့ ပြောနေတာ မဟုတ်ပါဘူး။ စန္ဒယားချစ်ဆွေပဲဖြစ်ဖြစ်၊ မန္တလေး သိန်းဇော်ဖြစ်ဖြစ်၊ ထူးအိမ်သင်ဖြစ်ဖြစ် ကျနော်တို့ မျိုးဆက်က ခံစားလိုက်တာပါပဲ။ အောင်ရင်ရဲ့ ရေဒီယို ပြန်ဆိုတေးဆိုလည်း ကျနော်တို့က ရက်စ် Yes ပဲ။ အတိအကျတော့ ဟုတ်ချင်မှ ဟုတ်မယ်။ လူကြီးတွေထဲမှာ (တချို့တလေကလွဲလို့) ဟစ်ဟော့ပ်ဆိုရင် မျက်မှောင်ကျုံ့တာက ခပ်များများ။  အလွယ်ဆုံး တခုပြောရရင် မြို့မငြိမ်း သီချင်း စာသားတွေနဲ့ ဒီဘက်ခေတ် ဂီတတွေ ရောနှော အော်ဟစ်ရတာကို ကျနော်တို့ လူငယ်တွေက သဘောကျတယ်။ ဂန္ထဝင်သမားတွေက ကျေနပ်မှာမဟုတ်ပါဘူး။
ကျနော် စာဖတ်စက ဆရာကြီး ဒဂုန်တာရာရေးတဲ့ ရုပ်ပုံလွှာထဲက သခင်အောင်ဆန်းတို့၊ သခင်ဗဟိန်း၊ ညိုမြ တို့ကို သိပ်သဘောကျခဲ့တယ်။ သူတို့လို သိပ်ဖြစ်ချင်ခဲ့တယ်။ နိုင်ငံရေးလုပ်တဲ့ ခေါင်းဆောင်တွေလည်း ဒီလိုပဲ ဖြစ်မှာပဲလို့ လှေနံဓားထစ် ထင်ခဲ့တယ်။ ကလေးအတွေးပေါ့လေ။ နောက်တော့ စာအုပ်ထဲက ဇာတ်ကောင်တွေနဲ့ အင်မတန်ကွာတဲ့ နိုင်ငံရေးသမားတွေကို အပြင်မှာ တွေ့တော့ တော်တော် “ရှော့” ရသွားဖူးတယ်၊ နောက်တခါ ဆရာ ဒဂုန်တာရာ နောက်ပိုင်းရေးတဲ့ စာအုပ်တအုပ်မှာပဲ ကျောင်းသားဘဝတုန်းက နိုင်ငံရေးသမားလို့ သူမြင်တဲ့လူတွေ ဂျပန်ခေတ်၊ ဖဆပလခေတ်၊ ဆိုရှယ်လစ်ခေတ်တွေမှာ အာဏာရလာတဲ့အခါ ရုပ်ပုံလွှာ ပြောင်းသွားတာကို ဖတ်ရတော့ စိတ် သက်သာရာ ရသွားတယ်။ ဆရာက နိုင်ငံရေးသမား၊ အုပ်ချုပ်ရေးသမား (အစိုးရသမားထင်တယ်) ဆိုပြီး ခွဲပြတယ်။ နိုင်ငံရေးသမားဆိုတာ ကိုယ်ကျိုးမဖက်ဘဲ အများအကျိုး (တိုင်းပြည်အကျိုး) အတွက်ဆောင်ရွက်သူလို့လည်း ဆရာက အဓိပ္ပါယ် ဖွင့်ပြတယ်။
တက္ကသိုလ်တုန်းက စာအင်မတန်ဖတ်တဲ့ သူငယ်ချင်း တယောက်ရှိတယ်။ ကျနော်တို့ခေတ် ပညာရေးစနစ် ညံ့ဖျင်းတာ၊ ဆရာတွေ ညံ့ဖျင်းတာကို ပြောကြရင်းနဲ့ သူက စဉ်းစားစရာ စကားတခွန်းပြောတယ်။ “တကယ်လို့ ကျောင်းပြီးလို့ ဒီကျောင်းမှာ ကထိက ဖြစ်လာခဲ့ရင် မင်းဘာတွေကို သင်မလဲတဲ့”။ သူပြောချင်တာ ရှင်းပါတယ်။ ကျနော်တို့ တတ်သလောက် မှတ်သလောက်လေးကိုပဲ ကျနော်တို့လောက် မတတ်ပေမယ့် မျှော်လင့်ချက်ကြီးတဲ့ ကလေးတွေကို ကျနော်တို့ သင်ဖြစ်ဖို့ များပါတယ်။ ဒါဆိုရင် ကလေးတွေခေတ်ကျရင်၊ ကျနော်တို့လို ခံစားချက်မျိုး ပြန်ပေါ်လာဦးမှာပဲ။ ဆက်တွေးကြည့်တော့ အင်မတန် ကြောက်စရာကောင်းတဲ့ ကွင်းဆက်တခုကို မြင်လာတယ်။
- - အဟောင်း
- - အဟောင်း
- - အဟောင်း
ခေါင်းထဲစဉ်းစားမိသမျှ ဘာအဟောင်း၊ ညာအဟောင်း အစုံပါပဲ။
သွေးသစ်လောင်းထားတဲ့ အဟောင်းသံသရာများ ဘယ်တော့ဆုံးမလဲ။  ကမ္ဘာကြီးကို ကျနော်တို့ မျက်ခြေပြတ်ဖူးပြီ။ ရှေးမင်းများကို ကျနော်တို့ အပြစ်တင်ကြဖူးပြီ။ ဥခွံဟောင်းထဲမှကြည့်လျှင် မြင်မြင်သမျှ ဝါကျင်ကျင် ဖြစ်နေတော့မည်။ ဒီနေရာမှာ ဒေါက်တာသန်းထွန်းပြောတဲ့ စကားတခွန်းလောက် ကိုးကားသင့်တယ် ထင်ပါတယ်။ “ကိုယ်ရေးထားတဲ့စာကို နှစ်တချို့လောက်ကြာရင် ပြန်ဖတ်ကြည့်ကွ။ ဘာမှပြောစရာ၊ ပြင်စရာမရှိ၊ အိုကေဆိုရင် သေချာပြီ။ ဒီနှစ်အတွင်းမှာ မင်း ဘာစာမှ မဖတ်လို့၊ ဘာအလုပ်မှ မလုပ်လို့ပဲ” တဲ့။
ခံစားမှု အဟောင်းနှင့် ချဉ်းကပ်မှုအဟောင်းကို ပြန်ဆန်းစစ်ဖို့ ကျနော်တို့ရော၊ မျိုးဆက်ဟောင်းတွေရော အမြင် ကျယ်ကျယ် ဖွင့်ကြရတော့မည့် အချိန်လို့ မြင်လာတယ်။ အာရုံသစ် ခံစားမှုကို ကျနော်တို့ မျိုးဆက်များ ရင်ခုန်ကြပါသည်။ မျိုးဆက်ဟောင်းများလည်း ရင်ခုန်မည် ထင်ပါသည်။ တနည်းအားဖြင့်  “မြနန္ဒာ” သီချင်းကို ကျနော်တို့ ဆိုပါတော့မည်။ အဟောင်းအတိုင်းတော့ အတိအကျမဟုတ်။ လက်ခုပ် ဝိုင်းတီးပေးကြဖို့ပါ။
နေနေ
http://www.maukkha.org/

0 အကြံပြုခြင်း: