Monday, January 31, 2011

စစ်ကိုင်းက လာတဲ့စာ …

<


ပန်းချီ ... စစ်ငြိမ်းအေး
စစ်ကိုင်းမြို့ ပါရမီရပ်ကွက် မြို့နယ်အခွန်ဦးစီး ရုံးမှ ဝန်ထမ်းများမှာ ပြည်သူများကို လည်ပင်း မညှစ်ရုံတမယ် ဓါးပြတိုက်သ လို ငွေများစွာအား အတင်းအကျပ် တောင်းမြဲတောင်းနေကြခြင်းအား စုံစမ်းအရေးယူပေးပါရန် ….။
ငွေအမြဲတမ်း မဟားဒယား အကြောင်းမျိုစုံပြတောင်းနေသော ဝန်ထမ်း ၂ ယောက်၏အမည်မှာ
၁ ။ ဒေါ်ခိုင်ခိုင်လတ်
၂ ။ ဒေါ်အေးငြိမ်းအိ
ကျွန်တော်၏ ကိုယ်တွေ့
ကျွန်တော်မှာ မိဘ ၂ ပါးရယ် အကို ၁ ယောက်ရယ် ညီမလေး ၁ ယောက်ရယ်ရှိပါတယ်…။
ယ္ခုဖြစ်ရပ်မှာ ပုံစံ ( ၁၇ ) လုပ်ခဲ့သော ကျွန်တော်၏ ကိုယ်တွေ့ အမှန်တကယ်ဖြစ်ရပ်ဖြစ်ပါသည်  ပုဂ္ဂိုလ်ရေးလုံးဝမပါဝင်ကြောင်း ဘုရားရှင်အား တိုင်တည်သစ္စာထား၍ ကျိန်တွယ် ပြောပြလိုက်ရပါတယ်။
ဖြစ်နိုင်ပါက စုံစမ်းအရေးယူပြီး ပုံစံ ( ၁ရ ) လုပ်သောအခါတိုင်း ကျွန်တော်တို့လို အစိုးရဘဏ်မှာ ၀င်ငွေခွန်ဆောင်ပြီးသား သူများအတွက် ကျပ် ၁ သောင်း ပတ်ဝန်းကျင်လောက်သာ ချမှတ်ပေးပါရန်နှင့် ၎င်း ဝန်ထမ်း ၂ နှစ်ဦးအား ငွေအမြဲတမ်း ညှစ်မှုဖြင့် လိုအပ်သလို အရေးယူပေးပါရန်နှင့် အရေးယူပေးနိုင်သော အထက်အရာရှိများအား ထပ်ဆင့် လက်ဆင့်ကမ်း ဆင့်ပွားပေးကြပါရန် လေးစားစွာဖြင့် အကူအညီတောင်း မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား ။
ကျွန်တော်၏ အမည်ရင်း မဖော်ပြခြင်းအားသည်းခံပေးပါရန် အကြောင်းမှာမူ အမည်ရင်း ပြောပြလိုက်ခြင်းအားဖြင့် ကျွန်တော်ကိုယ်တိုင်နှင့် နယ်ခံဖြစ်သော ကျွန်တော်၏မိဘများမှာ နောက်လာမယ့်ကိစ္စများတွင် ဒုက္ခရောက်မည် စိုးသော ကြောင့်ဖြစ်ပါသည်။
ဖြစ်စဉ်
ကျွန်တော်၏ မိဘများမှာ စားသောက်ဆိုင်လေး ဖွင့်ထားကြပါတယ်။ ကျွန်တော်မှာမူ ၁၀ တန်းအောင်၍ ရန်ကုန်မြို့ကြီးသို့ တက်ရောက်၍ မိဘများကိုအလုပ်အကြွေးပြုချင်သောကြောင့် ကိုယ်ထူးကိုယ်ချွန်ကာ သင်တန်းတွေကြိုးစားတက်ပြီး အ လုပ်တွေ တခုပြီးတခုလုပ်လာကာ ယ္ခုနောက်ဆုံးတွင် ဒေါ်လာစားလခရသော ရေနံကုမ္ပဏီတခုတွင် လခစားဝန်ထမ်း လုပ်ကိုင်ခွင့်ရခဲ့ပါတယ် ခင်ဗျား…။
ကျွန်တော်၏ မိဘအပေါ်သိတက်မှုနှင့် ကြိုးစားမှုကြောင့် ကုမ္ပဏီမှ နိုင်ငံရပ်ခြားသို့စေလွှတ်မှု အခွင့်လမ်း တခုပေါ်ပေါက် လာခဲ့ရပါတယ်။
အဲဒီမှာ စတွေ့တာပါပဲခင်ဗျာ သန်းခေါင်စာရင်းက စစ်ကိုင်းဇာတိဆိုတော့ ပုံစံ (၁၇) က စစ်ကိုင်းကို ပြန်လုပ်ရတော့တာပါ ပဲ….။
ကုမ္ပဏီမှ ကျွန်တော်ရဲ့ စီနီယာ အကို အမများလည်း ရှေးကနဦးကတည်းက နိုင်ငံရပ်ခြား သွားနေကြတာတွေ လုပ်သက် ၂ နှစ်အတွင်း ကျွန်တော် မြင်တွေ့ကြားသိနေရပါတယ်။ ဒီလို ရန်ကုန်မြို့တော်ကြီးမှာတောင် ပုံစံ (၁ရ) လုပ်ကြတဲ့အခါ တိုင်းမှာ ရုံးကလစာထုတ်တိုင်း MFTV BANK မှ လစဉ် ၀င်ငွေအခွန်ထမ်းဆောင်ပြီးကြောင်း ထောက်ခံစာတွေနဲ့အတူ သွားခဲ့ကြတာ ယ္ခုချိန်ထိ ကျသင့်ငွေ ကျပ်ငွေ ငါးထောင် (၅၀၀၀) ပဲတောင်းခံပါသတဲ့။ ပေးနေကြရပါသတဲ့။ ဒါလောက်က တော့ဖြစ်သင့်ပါတယ် ပေးလို့ ကြည်ဖြူ လျှောလျှော လျှူလျှူ ပေးနိုင်ပါတယ်..။
ကျွန်တော်ကိုယ်တိုင် အဲဒါလုပ်ဖို့အတွက် ကုမ္ပဏီကနေ လစဉ် ၁၀ % ရာခိုင်နှုန်း အစိုးရအား ပေးဆာင်ထားကြောင်းနဲ့ MFTV BANK မှ အခွန်ထမ်းဆောင် ကင်းရှင်းကြောင်း ထောက်ခံစာတွေ ယူဆောင်လာခဲ့ပါတယ်ခင်ဗျ။
ဇာတ်လမ်းက အဲဒီ အခွန်ရုံးကိုရောက်တယ်ဆိုရင် ကျွန်တော် အေးအေးဆေးဆေး ချိုချိုသာသာပဲ ပုံစံ ၁၇ လုပ်ချင်လို့ပါ။ ဘာတွေလိုအပ်ပါသေးလည်း အရင်မေးပါတယ်…ရပ်ကွက်ထောက်ခံစာနဲ့ ရဲစခန်းထောက်ခံစာလိုပါတယ်ဆိုလို့ ကျွန်တော်မှာ တောင်နဲ့မြောက် တကယ်ကို အပြေးလွှား သွားခဲ့ရပါတယ်။
ရဲစခန်းက ရဲအရာရှိတွေနဲ့ တာဝန်ရှိသူတွေက တကယ်သဘောကောင်းကြပါတယ်။ ကိုယ်လိုတာရလို့ သဘောကောင်း တယ်လို့ပြောတာ မထင်စေချင်ပါဘူး။ ပုံစံထဲ ဘောင်ထဲကနေ သဘောကောင်းချင်းကို ဆိုလိုတာပါခင်ဗျာ။ ထောက်ခံ စာလုပ်ပြီးလို့ အကို့ ကျွန်တော် ဘာများလုပ်ပေးရမလည်း မေးတော့ ရပါတယ် စာရွက်ဖိုးသာပေးပါတဲ့ ၅၀၀ ပဲတောင်းပါ တယ်ခင်ဗျာ။ ကျွန်တော် ဖလားထဲကို ၁၀၀၀ တန် ထည့်ပေးခဲ့ပါတယ်။
အားလုံးစုံလို့ အခွန်ရုံးပြန်ရောက်လာခဲ့ပါတယ်။ ဒုဦးစီးမှုး အဲဒီ ဒေါ်ခိုင်ခိုင်လတ်ကို တွေ့ရဖို့အရေး စာရေးမ အေးငြိမ်းအိ ဆိုတဲ့ ကျွန်တော်ထက် ငယ်မယ့်ပုံရတယ် သူကိုတွေ့ရတာနဲ့တင် စိတ်ညစ်မိတာများဗျာ။ မျက်နှာက တလောကလုံး သူ့ လုပ်စာ စားနေတဲ့ရုပ်နဲ့ မျက်နာကို ချီနေတာပဲ။
သူတင်မကပါဘူး သူ့အရာရှိ ဒေါ်ခိုင်ခိုင်လတ် ပိုဆိုးသဗျာ ..။ အဲဒီ အမျိုသမီးဗျာ မျက်နာထားက တော်တော် တင်းထန်ပါ တယ်။ သူ့ဆီက ပိုက်စံလာတောင်းတဲ့ ပုံစံမျိုနဲ့ကို ဟောက်လိုက်ဆိုလိုက် ပြောလိုက်နဲ့ ဗျာ။
ပုံစံ (၁၇) လုပ်ချင်လို့ဆိုတော့ ၁ ယောက်ကို ၄ သောင်းပေးရပါမယ်တဲ့ဗျာ။ ဘယ်နှယ့် ရန်ကုန်မှာတောင် ဘယ်ချိန်လုပ် လုပ် ငါးထောင်ပဲ။ ကျွန်တော်လည်း မခံပါဘူး ရန်ကုန်မှာတောင် ဒါလောက်ပဲကျတာ ဒီမှာ ကျွန်တော် အဲဒီလောက်မပေး နိုင်ဘူးပေါ့။ နောက်ပြီး ကျွန်တော့်မှာ ကုမ္ပဏီကနေ လစဉ် ၁၀ % ရာခိုင်နှုန်း အစိုးရအား ပေးဆာင်ထားကြောင်းနဲ့ MFTV BANK မှ အခွန်ထမ်းဆောင် ကင်းရှင်းကြောင်း ထောက်ခံစာ ပါလာပါတယ်ဆိုပြီး ပြလိုက်ပါတယ်။
အဲဒါဆို သန်းခေါင်စာရင်းလေးပြပါဆိုလို့ ကျွန်တော် ပါလာတဲ့ စာရွက်စာတမ်း အစုံလိုက်ကိုသူ့ကိုပေးလိုက်ပါတယ်။ စာ ရွက်ကြည့်ပြီး သြ….ဦး…ရဲ့သားကိုးတဲ့။ စတင်ပြီး အပြစ်ရှာပါတော့တယ်။ မင်းအဖေက စားသောက်ဆိုင်ပိုင်ဆိုင်တာကို အခွန်ဘယ်တော့မှ မဆောင်ဘူး ပတ်ပြေးနေတာတဲ့။ ကျွန်တော် တော်တော် အံ့သြသွားတာပါ။ တကယ်လည်း အဲဒါကို မသိပါဘူး။
မင်းအဖေက တကယ့် အခွန်ဆောင်ရင် သိန်းကို ဆယ်နဲ့ချီပြီးဆောင်ရမယ့်ဟာကို ငါတို့က စည်းကျပ်ခွန်အနေနဲ့ နားလည် မှုနဲ့ ၁ နှစ်ကို ၁၂၀၀၀၀ (တသိန်း နှစ်သောင်း) ကို ၆ လ တခါ ၆ သောင်းစီပဲခွဲ ဆောင်ခိုင်းတာကို မဆောင်ဘူး။ အခွန်မ ဆောင်ပဲ ရှောင်ပြေးနေတာတဲ့။ အဲဒါအခွန် ၆ သောင်းဆောင်မယ်ဆိုမှ ပုံစံ (၁၇) လုပ်ပေးမတဲ့ဗျာ။ အကြီးဆုံးဦးစီးမှူးကို လည်း မင်းပြောတဲ့ ၅၀၀၀ နဲ့ ရအောင်ပြောပေးမတဲ့ဗျာ။
ကျွန်တော်က အဲဒါက အဖေပိုင်တာပဲ ကျွန်တော်နဲ့မှ မဆိုင်တာ နိုင်ငံခြားသွားတာ အဖေမှမဟုတ်တာ ကျွန်တော်က လည်း အခွန်ကင်းရှင်းကြောင်း အကုန်ပါနေပီပဲ ဘာမှမဆိုင်တာ မဟုတ်ဘူးလားမေးတော့။ အဲဒါက ဝင်ငွေခွန် အဲဒါက လုပ်ငန်းဝင်ခွန်နဲ့ ရှုတ်ရှက်ခတ်နေအောင် ဘာတွေပြောမှန်းမသိပါဘူးဗျာ။ ဒါနဲ့ပဲ ကျွန်တော်လည်း စိတ်လျှော့ပြီး အဖေကို အခွန်ဆောင်ဖို့တွက် ဖုန်းနဲ့လှမ်းမေးတော့။
အဖေ … ဟင် … မင်းအကိုကြီး သွားဆောင်ပေးထားတာ ၂ လပဲ ရှိသေးတယ်တဲ့။
ကျွန်တော်…. ဒါဆို အကိုကြီးကိုမေးဦးမှပဲ။ ကိုကြီးရေ ဒီလို ဒီလို အကျိုအကြောင်းပြောပြလိုက်တော့။
အကိုကြီး…တောက် xxxxx ကောင်မတွေ ငါဆောင်ပြီးသားကို ပတ်ပြေးနေတယ်ပြောတယ် ဟုတ်လား အေး..ငါခုပဲလာခဲ့မယ်..အဲဒီမှာစောင့်နေ…။
အကိုကြီးစာရွက်စာတမ်းတွေကိုင်ပြီး ဒေါသတွေနဲ့ ရောက်လာပါတယ်။ အဲဒီ ခိုင်ခိုင်လတ် အခန်းထဲဝင်သွားပါတယ်။ အ ကိုက စာရွက်တွေပြပြီး ဆောင်ထားတာ ၂ လပဲရှိသေးတယ် ခင်ဗျားတို့ ဘာဖြစ်လို့ ဒီလိုတွေပြောတာလည်း ဆိုတော့ ဝေ့ လည်ကြောင်ပတ်နဲ့ စကားလမ်းကြောင်းတွေလွှဲပြီး အဲဒီဆောင်ထားတဲ့ အခွန်ကိုတောင်းတာ မဟုတ်ပါဘူး။ ကြိုတင်ခွန် ဆောင်ဖို့တောင်းတာပါဆိုပြီး လေသံတွေလျှော့သွားပါတယ်။ (စောနက လေသံထက်အနည်းငယ်ပေါ့)။
ကြိုတင်ခွန်က ဘာလို့ဆောင်ရတာတာလည်းမေးတော့ စားသောက်ဆိုင်တိုင်း ပေးပြီးပြီ မင်းတို့ပဲ မပေးသေးတာလို့ ဆို ပြန်ပါတယ်။ ဒါနဲ့ အကိုကြီးလည်း ဟုတ်ကဲ့ အဲဒါဆို ခဏနော် ဆိုပြီး ကျွန်တော့်ကိုခေါ်ပြီး အပြင်ထွက်လာပြီး သူ့ရဲ့ နီးစပ် ရာ သူငယ်ချင်း စားသောက်ဆိုင်တွေကို အမြန်ဆုံးမောင်နှင်ပြီး လိုက်ပြီး စုံစမ်းမေးမြန်းကြပါတယ် ဘယ်သူမှ မဆောင်ရ သေးပါဘူးတဲ့။
ကဲ နည်းမျိုစုံနဲ့ အရှက်မရှိစတမ်း တောင်းနေတာနော်။ ဒါနဲ့ပဲ အခွန်ရုံးပြန်လာ အကိုကြီးက အချက်အလက်နဲ့ ပြောတော့၊ အဲဒီမိန်းမ မျက်နာက စိတ်ပျတ်လက်ပျတ်နဲ့ အရှက်မရှိစွာနဲ့  ဒါက ဒီလို အလွယ်ပြောလိုက်တာပါ။ အမှန်က နိုင်ငံခြားသွား တဲ့ လူတိုင်း ကြိုတင်ခွန်ဆောင်ရတာတဲ့။ မဆောင်ရင် လုံးဝကို ပုံစံ (၁၇) မပေးနိုင်ပါဘူးလို့ ပေါ်တင်ကိုပြောပါတယ်ဗျာ။ သွားတာက ကျွန်တော်ပါ ခုက အဖေပိုင်ဆိုင်တာကို အခွန်လည်းဆောင်ပြီးပါပြီ မဆိုင်တာတွေကို အတင်းထပ်ခါထပ်ခါ ပုံစံမျိုစုံနဲ့ လှည့်ပတ်တောင်းနေတာပါဗျာ … ကဲ။
ပြီးတော့ မျက်နာထားတင်းတင်းနဲ့ မင်းတို့ကို အပေါ်ကတောင်းတဲ့အတိုင်း မတောင်းချင်လို့။ ဒါကိုမင်းတို့က ဖြစ်ပျက်နေ တယ်လည်းဆိုရော။
ကိုကြီးက ကောင်းပြီး ကျွန်တော်တို့ ဆောင်မယ်။ ဆောင်ရင် အရင်က ဆောင်ထားသမျှတွေကို ခင်ဗျာတို့ ဘောက်ချာနဲ့ လက်မှတ်ထိုးပေးပါ။ ခုလက်ရှိဆောင်တာရော ထိုးပေးပါလို့ပြောတော့…
အို….အဲဒါတော့ဘယ်ဖြစ်မလည်းတဲ့… ဘောက်ချာလက်ခံတောင်းတော့ အတော် ကြောက်ကန်စွာငြင်းပါတယ်..။ ကဲ ပြည်သူများ အရာရာ ခံဘက်ကကြီးပါပဲဗျာ….။ အလုပ်သွားလုပ်တာလည်း မဟုတ်ပါဘူးဗျာ ကုမ္ပဏီက သင်တန်းတက် ခိုင်းလို့ သွားတက်ရမှာပါဗျာ။ နိုင်ငံခြားလည်းမရောက်ဖူးတော့ သွားချင်တာပေါ့ဗျာ။ မိဘတွေကဆို နိုင်ငံခြား သွားရလို့ဆို ပြီး ဂုဏ်တွေယူပြီး တပြုံးပြုံးဖြစ်နေကြတာလေ အဲလိုရိုးသားကြတဲ့ နယ်ခံတွေပါဗျာ။
ကျွန်တော်တို့မှာ ကျားကြောက်လို့ ရှင်ကြီးအားကိုး ရှင်ကြီးကျားထက်ဆိုးနေတဲ့အဖြစ်နဲ့ တိုးနေတာပေါ့ဗျာ။ ဘယ်တက်နိုင် မလည်း သူတို့ပေးမှ သွားရမယ့်အဖြစ်ကိုဗျာ အဲဒါနဲ့ အကိုလည်း ၆ သောင်းဆောင်။ ကျွန်တော်လည်း ၅၀၀၀ ထပ်ပေး… ကဲ စစ်ကိုင်းက ပုံစံ (၁၇) ရလာခဲ့ပါပြီဗျာ…။
ကုမ္ပဏီက နိုင်ငံခြား ထပ်လွှတ်ရင်တောင် အကိုနဲ့ ဖေဖေ မေမေ တို့ကို သနားလွန်းလို့ သွားရဖို့တွက် စစ်ကိုင်းက ပုံစံ (၁၇) လုပ်ရမှာတောင် ကြောက်နေပါပြီဗျာ။
ကယ်ကြပါဦး အရပ်ကတို့ရေ….။ ဒါက စစ်ကိုင်းက ပုံစံ (၁၇) လုပ်ပုံလုပ်နည်းပါခင်ဗျ။ ရန်ကုန်သူ ရန်ကုန်သား တခြား နယ်သားတွေတောင် ဒီလောက် ခက်မယ်မထင်ပါဘူး…. ဟူးးးးးး…။
အရှင်ဘုရား တပည့်တော်တို့ကို သနားညှာတာသောအားဖြင့် ဤလို ဝန်ထမ်းများအား အမြန်ဆုံး ဆုံးမအရေးယူနိုင် သောသူ ပေါ်ပေါက်လာပါစေ။ ဤစာရသောသူများလည်း ကျွန်တော်နှင့် ရိုးသားသော နယ်သူနယ်သား မိဘ မောင်နှမ များအား သနားသောအားဖြင့် လက်လှမ်းမီရာ လက်ဆင့်ကမ်း ဖြန့်ဝေခြင်းဖြင့် ကူညီပေးပါရန် လေးစွားစွာဖြင့် အသနားခံ တောင်းပန်အပ်ပါသည်ခင်ဗျား….။
ကျေးဇူးတင်လွန်းစွာဖြင့်
စစ်ကိုင်းသား
http://www.naytthit.net/?p=7422

0 အကြံပြုခြင်း: