Monday, January 3, 2011

မတားပါဘူး စဉ်းစားဖို့ ပြောတာပါ

 Written by လူထုစိန်ဝင်း   
အခုတလော လာသမျှလူတိုင်း တစ်ခုတည်းသော မေးခွန်းကိုပဲ မေးလေ့ရှိတယ်။ နိုင်ငံရေးပါတီတချို့က ပါတီရန်ပုံငွေ ရဖို့အတွက် ကုမ္ပဏီထောင်ပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်မယ်လို့ ပြောနေကြတာနဲ့ ပတ်သက်ပြီး ဘယ်လို ထင်မြင်ယူဆသလဲ ဆိုတဲ့ မေးခွန်း ဖြစ်တယ်။
ကိုယ့်သမိုင်းကိုယ်ရေးတာ
ဒီလို မေးမလာကြခင် ကတည်းက ဒီကိစ္စကို အထပ်ထပ်အခါခါ စဉ်းစားကြည့်ခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ လုပ်မယ်လို့ ပြောသူများရဲ့  စကားတွေကိုလည်း သေသေချာချာ နားထောင်ရတယ်။ အားလုံးက ပါတီရန်ပုံငွေအတွက် ကုမ္ပဏီထောင်ပြီး လမ်းဖောက်၊ တံတားဆောက်တဲ့ ကန်ထရိုက်လုပ်ငန်းတွေ လုပ်မယ်။ စိုက်ပျိုးမွေးမြူရေးတွေ လုပ်မယ်။ ရေလုပ်ငန်း လုပ်မယ်။ အိတ်စပို့အင်ပို့ လုပ်ငန်းတွေလုပ်မယ် စသဖြင့် သန်ရာသန်ရာတွေ စိတ်ကူးထားကြတယ်။
ဒီမိုကရေစီ လမ်းကြောင်းမှာက ဘယ်သူမဆို ကိုယ်စိတ်သန်ရာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိတာကြောင့် နိုင်ငံရေးပါတီတွေက စီးပွားရေး လုပ်မယ်ဆိုရင်လည်း ဘာမှပြောစရာ မရှိပါဘူး။ သူတို့စိတ်ကြိုက် လုပ်ခွင့် ရှိပါတယ်။ ကိုယ့်သမိုင်း ကိုယ်ရေးကြတာပဲ ဆိုတဲ့စကား အရှိသား မဟုတ်လား။
ကိုယ့်မှာလည်း ခေါင်းတစ်လုံးရှိလို့
သူတို့သဘောနဲ့သူတို့ လုပ်တာကို ဘာမှမပြောလိုဘူး။ ဒါပေမဲ့ ကိုယ့်မှာလည်း ခေါင်းတစ်လုံးရှိတာကြောင့် ကိုယ့်ဟာကိုယ် လွတ်လပ်စွာ စဉ်းစားတွေးတောတာတော့ လုပ်ဖြစ်တယ်။ ရှေးတုန်းက လွှတ်တော်တွေ အကြောင်းလည်း ပြန်စဉ်းစားမိတယ်။ ရှေးက လွှတ်တော်ဘတ်ဂျက် အစည်းအဝေးတွေမှာ ၀န်ကြီးတွေက သူတို့ဌာနအတွက် တစ်နှစ်တာ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွေကို လွှတ်တော်မှာ တင်ပြပြီး အသုံးစရိတ် ခွင့်ပြုချက် တောင်းကြရတယ်။ အဲဒီအခါ အတိုက်အခံ အမတ်တွေကထပြီး၊ ဒါလောက်တောင်းတာ များတယ်။ ဒါလောက် မပေးသင့်ဘူး။ ဘယ်ရွေ့ဘယ်မျှ လျှော့ချဖြတ်တောက် သင့်ပါတယ်လို့ ကန့်ကွက်ကြတယ်။
နေ့ရောညပါ အကြိတ်အနယ်
ကန့်ကွက်ချက်တွေကို သက်ဆိုင်ရာဝန်ကြီးက အကျိုးအကြောင်းနဲ့ထပ်ပြီး ရှင်းပြရတယ်။ ကန့်ကွက်သူက မကျေနပ်ရင် မဲခွဲဆုံးဖြတ်ကြရတယ်။ ၀န်ကြီးဌာန တစ်ခုစီရဲ့  အသုံးစရိတ် တောင်းခံချက်တိုင်းကို ဒီလိုပဲလုပ်ကြတယ်။ ဒါကြောင့် ဘတ်ဂျက် အစည်းအဝေးတွေဟာ လနဲ့ချီပြီး ကြာတတ်တယ်။ ပါလီမန် ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံတိုင်းမှာ ဒီလိုပဲ လုပ်ကြရတယ်။ ကမ္ဘာ့နိုင်ငံကြီးတိုင်းရဲ့ လွှတ်တော်တွေဟာ တစ်နှစ်ပတ်လုံး ရုံးထိုင်ပြီး နိုင်ငံ့အရေး၊ ကမ္ဘာ့အရေးတွေကို ဆောင်ရွက်ကြရတယ်။ တစ်ခါတစ်ရံ ဘတ်ဂျက် အစည်းအဝေးတွေဟာ လေးငါးရက် ဆက်တိုက် နေ့ရောညပါ အကြိတ်အနယ် ဆွေးနွေးကြရတာ မျိုးတွေတောင် ရှိတတ်တယ်။
ဥပမာပြောကြည့်တာ
မြန်မာပြည်က နိုင်ငံရေးပါတီတွေက နိုင်ငံရေးလုပ်ရင်း တစ်ဖက်မှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကြမယ်ဆိုတော့ အကျိုးစီးပွားချင်း ဆန့်ကျင့်ဘက်ဖြစ်မှု (conflict of interests) ဆိုတာတွေ ပေါ်ပေါက်မလာနိုင် ဘူးလားဆိုတဲ့ အတွေး ပေါ်လာတယ်။ ဒီအလုပ်မျိုးတွေက ၀န်ကြီးဌာနတွေဆီက ကန်ထရိုက်ယူပြီး လုပ်ရမှာ ဖြစ်တယ်။ လွှတ်တော်မှာ အဲဒီဝန်ကြီးဌာနတွေက ဘတ်ဂျက်တင်သွင်းပြီး အသုံးစရိတ် တောင်းခံတဲ့အခါမှာ နိုင်ငံရေးပါတီ အနေနဲ့ဆိုရင် အသုံးစရိတ် လျှော့ချဖြတ်တောက်ဖို့ အဆိုတင်သွင်းရမှာ ဖြစ်တယ်။
ထိပ်တိုက်တိုးလေ့ရှိ
ဒါပေမဲ့ တစ်ဖက်က စီးပွားရေး အပိုင်းကို တာဝန်ယူထားသူတွေ အနေနဲ့ကတော့ ၀န်ကြီးဌာနနဲ့ ဆက်ဆံရေး ချောမွေ့စေချင်တယ်။ မကန့်ကွက်စေချင်ဘူး။ အဲဒီလိုဆိုရင် ပါတီခေါင်းဆောင်တွေ ဘယ်လို ဆုံးဖြတ်မလဲ။ ပါတီ အကျိုးစီးပွားကို ဦးစားပေးမှာလား။ ပြည်သူလူထု အကျိုးစီးပွား အတွက် အစိုးရ အသုံးစရိတ်တွေကို လျှော့ချဖြတ်တောက်ဖို့ လုပ်မှာလား။
ဒီလို ကြီးမားတဲ့ နိုင်ငံ့အရေးကိစ္စကြီးတွေ ဆိုတာထား။ ဘာမဟုတ်တဲ့ ဂျာနယ်မဂ္ဂဇင်း လုပ်ငန်း အသေးစားလေး တွေမှာတောင် ဒီလို အကျိုးစီးပွားချင်း ဆန့်ကျင်ဘက်ဖြစ်မှုတွေက ထိပ်တိုက် တိုးလေ့ရှိတယ်။ ဂျာနယ်၊ မဂ္ဂဇင်း အယ်ဒီတာ အဖွဲ့က မှန်ရင်မှန်တယ်။ မှားရင်မှားတယ်။ ကောင်းရင်ကောင်းတယ်။ မကောင်းရင် မကောင်းဘူး။ အမှန်အတိုင်း ရေးချင်တယ်။ ရုပ်ရှင်ကားတစ်ကားကို ဝေဖန်သူက မကောင်းဘူးလို့ ရေးရင်၊ ရေးတဲ့အတိုင်းပဲ ထည့်ချင်တယ်။ ဆေးဝါးအတုတွေ ပေါ်နေရင် အတုတွေ ပေါ်နေတယ်လို့ ရေးချင်တယ်။
ပိုက်ဆံရဖို့ အကွက်ပဲချောင်းနေ
ကြော်ငြာဌာနနဲ့ မားကက်တင်းသမားတွေကတော့ ကြော်ငြာရှင်တွေ ငြိုငြင်သွားမှာ စိုးတဲ့အတွက် မကောင်းတာတွေ မထည့်စေချင်ဘူး။ ပိုက်ဆံပေးနေတဲ့ ကြော်ငြာရှင် စီးပွားရေးသမားတွေ သဘောတွေ့၊ မနောခွေ့စေမယ့် စာမျိုးတွေပဲ ထည့်စေချင်တယ်။ ဂျာနယ်မဂ္ဂဇင်း အဖုံးလုပ်တာကအစ အယ်ဒီတာတွေက ပန်းချီသရုပ်ဖော်ပုံ ကောင်းကောင်းလေးတွေ သုံးချင်တယ်။ ကြော်ငြာနဲ့ မားကက်တင်း သမားတွေကတော့ မင်းသား၊ မင်းသမီးပုံတွေပဲ သုံးစေချင်တယ်။ ပိုက် ဆံထုတ်တဲ့ ထုတ်ဝေသူ ကိုယ်တိုင်က အယ်ဒီတာလုပ်ရင် တော်သေးတယ်။ သူက ထုတ်ဝေသူ သူဌေး နေရာမှာပဲ နေတယ်ဆိုရင်တော့ အယ်ဒီတာတွေ နေ့စဉ် စိတ်ညစ်နေရပြီသာမှတ်။
နေ့စဉ်ဖြစ်နေတာပဲ
တချို့  နိုင်ငံတွေမှာတော့ ရွေးကောက်ခံတော့မယ် ဆိုတာနဲ့ တစ်ပြိုင်နက် သူတို့ပိုင်ဆိုင်သမျှ စည်းစိမ်ချမ်းသာတွေကို လူသိရှင်ကြား ထုတ်ဖော် ကြေညာထားရတယ်။ ဒီလိုလုပ်တာတောင်မှ မသမာမှုတွေ နေ့စဉ်နဲ့အမျှ ဖြစ်နေကြတာပါပဲ။ ဂျပန်နိုင်ငံမှာဆိုရင် သက်တမ်းပြည့်အောင် တာဝန်ထမ်းဆောင်ရတဲ့ ၀န်ကြီးချုပ် အတော်ရှားတယ်။ အရှုပ်တော်ပုံ တစ်မျိုးမျိုးကြောင့် ရာထူးက တစ်နှစ်၊ နှစ်နှစ် အတွင်း နုတ်ထွက်သွားရသူတွေ များတယ်။တချို့ဆို တစ်နှစ်တောင် မခံလိုက်ကြဘူး။ တောင်ကိုရီးယား နိုင်ငံရဲ့  အကြီးဆုံး ကုမ္ပဏီကြီးတွေက သူဌေးကြီးတွေအားလုံးလည်း အာဏာရ ပုဂ္ဂိုလ်တွေနဲ့ပေါင်းပြီး ငွေကြေး မသမာမှု အမျိုးမျိုးနဲ့ ထောင်ချခံရ သူတွေချည်းပဲ။ အနောက်နိုင်ငံကြီးတွေမှာလည်း ကင်း တယ် မရှိပါဘူး။ သတင်းစာတွေမှာ နေ့စဉ်လိုလို ဖတ်နေရတယ်။
စိန်နဲ့ သံပရာ
နိုင်ငံရေးနဲ့ စီးပွားရေးဆိုတာက တိုင်းပြည်တစ်ပြည်မှာ အရေးကြီးဆုံး နယ်ပယ်နှစ်ရပ် ဖြစ်တယ်။ ကိုယ့်နယ်နဲ့ကိုယ် တစ်သီးတခြားစီ ဖွံ့ ဖြိုးတိုးတက်အောင် လုပ်ဆောင်ရတယ်။ ဒီနှစ်ခုကို မရောထွေးသင့်ဘူး။ ရောထွေးလိုက်ရင် နှစ်ဖက်လုံး အကျိုးမရှိဘူး။ နှစ်ဖက်စလုံး ပျက်စီးသွားတတ်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီနယ်ပယ်နှစ်ခုဟာ စိန်နဲ့သံပရာလိုပဲ ဓာတ်မတည့်ကြလို့ ဖြစ်တယ်။ တစ်ခုချင်း အနေနဲ့ အသုံးဝင်တယ်။ တန်ဖိုးရှိတယ်။ ဒါပေမဲ့ နှစ်ခုရောလိုက်ရင်တော့ အဆိပ်ဖြစ်သွားတယ်။
နိုင်ငံရေးဆိုတာက နိုင်ငံအတွက်၊ အများအတွက် လုပ်ရတဲ့အလုပ် ဖြစ်တယ်။ ကိုယ်ကျိုးစီးပွား ငဲ့ကွက်လို့ လုံးလုံးမဖြစ်ဘူး။ လိုအပ်လာရင် အသက်ကိုတောင် စွန့်တဲ့အခါစွန့်ပြီး လုပ်ရလေ့ရှိတယ်။ ပရဟိတ သဘောသက်သက် ဖြစ်တယ်။
တန်ဖိုးနဲ့မူ
စီးပွားရေးကတော့ သဘာဝကိုက အမြတ်ရအောင် လုပ်ရတဲ့အလုပ် ဖြစ်တယ်။ အရှုံးခံ အနစ်နာခံပြီး လုပ်ရိုး ထုံးစံမရှိဘူး။ လုပ်ရင်လုပ်တဲ့သူဟာ စီးပွားရေးသမားကောင်းလို့ မခေါ်တော့ဘူး။ ညံ့ဖျင်းတဲ့ စီးပွားရေးသမားလို့ သတ်မှတ်တယ်။ နိုင်ငံရေးသမားက မူနဲ့ဝါဒကို ကိုင်ပြီးလုပ်ရတယ်။ မူကို တန်ဖိုးထားတယ်။ "Value of the principle" ကို အမြဲဆုပ်ကိုင်တယ်။ စီးပွားရေးသမားက အမြတ်ရဖို့အတွက် ဆိုရင် ဘာမဆို အလျှော့အတင်း အပေးအယူ လုပ်နိုင်တယ်။သူက "principle" မူထက် "value" တန်ဖိုးကိုသာ ကြည့်တယ်။ ဒါကြောင့်သူ့ မှာ "principle of the value" တန်ဖိုးအတွက် မူဆိုတာပဲ ရှိတယ်။ မူအတွက် တန်ဖိုးဆိုတာ မရှိဘူး။ နားမလည်ဘူး။ ဂရုမစိုက်ဘူး။
အမြတ်ကို ဦးထိပ်ပန်ဆင်
စီးပွားရေးသမားက ကုမ္ပဏီအတွက် ရှယ်ယာရှင်တွေအတွက် အမြတ်များများရအောင် ဘယ်လိုလုပ်ရမလဲလို့ အမြဲ စဉ်းစားရတယ်။ အမြတ်ကို ဦးထိပ်ပန်ဆင်ရတယ်။ နိုင်ငံရေး သမားကတော့ ပြည်သူလူထု သက်သာချောင်ချိဖို့အတွက် ကုန်ဈေးနှုန်းတွေ ကျဆင်းရေးနဲ့ အခွန်အတုတ်တွေ နည်းနိုင်သမျှ နည်းရေးကို ဆောင်ရွက်ရတယ်။ အခွန်အတုတ်တွေ လျော့ကျစေဖို့အတွက် အစိုးရ အသုံးစရိတ်တွေ လျော့ကျဖို့ လိုတယ်။ အဲဒါကြောင့် လွှတ်တော်ထဲမှာ ၀န်ကြီးဌာနတွေက တင်ပြတောင်းခံတဲ့ အသုံးစရိတ်တွေထဲက တစ်ကျပ် ဖြတ်တောက်ရေး အဆို နှစ်ကျပ် ဖြတ်တောက်ရေး အဆိုတွေ တင်ကြတယ်။ တောင်းတဲ့ထဲက ငွေတစ်ရာမှာ တစ်ကျပ်နှုန်း၊ နှစ်ကျပ်နှုန်း ဖြတ်ပါဆိုတဲ့ သဘောဖြစ်တယ်။
မတားပါဘူး
စီးပွားရေးရဲ့  သဘာဝက အစိုးရက အသုံးစရိတ် များများသုံးလေ လုပ်ငန်း ဆောင်ရွက်မှု ပမာဏများလေ ဖြစ်ပြီး ကန်ထရိုက် များများရ၊ ပစ္စည်းများများ ရောင်းချရတဲ့အတွက် သဘောကျ အားပေးထောက်ခံရတယ်။ များ များ သုံးအောင် နှိုးဆော်တိုက်တွန်းရတယ်။ တကယ်လို့ နိုင်ငံရေးပါတီတွေက ကုမ္ပဏီထောင်ပြီး စီးပွားရေး လုပ်ကြမယ်ဆိုရင် ဒီ 'conflict of interests' အကျိုးစီးပွားချင်း ဆန့်ကျင်ဘက်ဖြစ်မှု ပြဿနာကို ဘယ်လို ကိုင်တွယ်ကြမှာလဲ။ ကုမ္ပဏီ အမြတ် ရဖို့ လုပ်မှာလား။ ပြည်သူလူထု သက်သာချောင်ချိအောင် လုပ်မှာလား။ အစိုးရက အခွန်အတုတ်တွေ များများကောက်ပြီး လုပ်ငန်းတွေ များများလုပ်ဖို့ တိုက်တွန်းမှာလား။ အခွန်အတုတ်တွေ လျှော့ကောက်ပြီး လုပ်ငန်းနည်း နည်းပဲ လုပ်ဖို့ တောင်းဆိုမှာလား။
ဒီအချက်တွေကို စီးပွားရေးလုပ်မယ့် နိုင်ငံရေးသမားတွေ သေသေချာချာ စဉ်းစားစေချင်တယ်။ မလုပ်နဲ့လို့ ပြောတာ မဟုတ်ပါဘူး။ ဒီမိုကရေစီ လမ်းခရီးမှာ လူတိုင်း လွတ်လပ်စွာ လုပ်ခွင့်ရှိပါတယ်။ မတားပါဘူး။ စဉ်းစားဖို့ပြောတာပါ။

http://www.news-eleven.com/index.php?option=com_content&view=article&id=6540:2011-01-02-13-16-38&catid=78:2009-11-13-06-25-17&Itemid=135

0 အကြံပြုခြင်း: