Tuesday, February 1, 2011

ဝလမ်းကို ဖြတ်သန်းခြင်း( အောင်ခိုင်မြင့်)

ဝလမ်းကို ဖြတ်သန်းခြင်း


စိတ်တံခါး
ပိတ်ထားမရ
အိပ်မက်ခါးခါးများ
တခါတခါ..မှုန်မှုန်ဝါးဝါး
ထင်ထင်ရှားရှား
နှလုံးသား မျက်နှာပြင်မှာ
အတိတ်တစ္ဆေဟာ
ကိုယ်ထင်ပြနေတယ်....။


ကွေ့ကောက်တဲ့ လမ်း
သွေ့ခြောက်ခဲ့ စမ်း
မမေ့လောက်မဲ့ အနမ်း
စိတ်ပမ်း လူပမ်း
ဘ၀လမ်းကို ဒဿနဗေဒနဲ့ ခွဲခြမ်းစိတ်ဖြာ
အတ္တဟာ
အဆိပ်ပြင်း မြွေတစ်ကောင်လို
ရင်ထဲမှာ ပါးပျဉ်းထောင်နေလေရဲ့...။


တပ်မက်မှုများ နောက်
တကောက်ကောက်လိုက်ရင်း
ဒုက္ခနဲ့ ရင်းနှီး
နာကျည်းခြင်းတေးချင်း အထပ်ထပ်ဆို
ဒဏ်ရာ ဝေဒနာတွေ ပြည့်နှက်
မှိုတက်နေတဲ့ ဦးနှောက်နဲ့
အနာဂတ်ကို
ဘယ်လိုတည်ဆောက်မလဲ။


လောကရဲ့ ဧည့်သည်များ
စိတ်အစာ မကြေမှုများ အဖော်ပြု
ဘ၀ကို ပန်းပုလို ထုဆစ်ရင်း
အနာဂတ် ကောင်းကင်ဟာ
ပျော်ရွှင်ခြင်း လမင်းလည်း သာမယ်..။
သောက မုန်တိုင်းလဲ လာမယ်...။


ခေတ်ရေစီးကြောင်းမှာ
မပြောင်းလဲတဲ့
ပြောင်းလဲခြင်းတွေနဲ့အတူ
မေတ္တာ သစ္စာတရားဟာ
ရှားပါး ပစ္စည်းထက် ရှားပါးချိန်မှာ
ယုံကြည်ချက် မျှော်လင့်ချက်များတော့
ပေါပေါသီသီ ပိုင်ဆိုင်နိုင်ခွင့်ရှိတယ်....။


အောင်ခိုင်မြင့်



( ခေတ်တံတိုင်းကို ထိုးဖောက်ထွက်သွား ကဗျာမြင်းများ ကဗျာစာအုပ်မှ )

0 အကြံပြုခြင်း: