Tuesday, February 15, 2011

သမိုင်းတဖြတ်အမြင်နဲ့ လူတတ်မလုပ်ချင်ပါနဲ့ တိုင်းပြည်အနာဂါတ် အရေးမို့ပါ အပိုင်း (၂)

(ခေတ်နှစ်ခေတ် တိုက်ပွဲနှစ်ခုရဲ့ ခေါင်းဆောင်မှုကို နှိုင်းယှဉ်ဆန်းစစ် တင်ပြဖို့ကြိုးစားရင်း အနှစ် (၂၀) ကျော် တိုက်ပွဲရဲ့ သုံးသပ်ချက်အကျဉ်းချုပ် စာတမ်းငယ်လို ဖြစ်သွားပါတယ်။ အကိုးအကား စာအုပ်စာတမ်း ခေါင်းပါးတာကြောင့် ကျောင်းကြီးဆင်း လူတတ်များလို ဖုနုတ်(Foot-note) တွေ၊ အင်နုတ်(in-note)တွေ ဘေးနုတ်(margin-note) တွေနဲ့ သက်သေမထူနိုင်တော့ပါဘူး။ စိတ်သာရှင်စော ဘုရားဟောဆိုတဲ့ စကားကို အားကိုးတင်ပြလိုက်ပါတယ်။ အတ္တာနောမတိ အမြင်နဲ့သာ ဝေဘန်ဖတ်ရှုကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ အချက်အလက်အမှား၊ ကောက်ချက်အမှားများကို ထောက်ပြမယ်ဆိုရင် အထူးကျေးဇူးတင်ပါတယ်။)

မတူတဲ့ နောက်ခံ အဖွဲ့အစည်းများ

ခေါင်းဆောင်တယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ယာဉ်ရထားလို့ ဆိုရမယ့် နိုင်ငံရေးအဖွဲ့အစည်း တွေရဲ့ စည်းရုံးရေးကျစ်လစ်မှု၊ တည်ဆောက်မှုနဲ့ အဖွဲ့ဝင်တွေရဲ့ရည်မှန်းချက်အပေါ် န္နိဋ္ဌာန်ခိုင်မာမှုတွေက လည်းအရေးပါတဲ့အချက်တွေဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တို့ဗမာအစည်းအရုံး၊ဘီအိုင်အေနဲ့ နောက်ဆုံး ဖဆပလအဖွဲ့တွေကို ဦးဆောင်မှုပြုခဲ့တယ်။ ပြည်သူ့ရဲဘော်အဖွဲ့ကလည်း ရှိသေးတယ်။ ဘီအိုင်အေနဲ့ ဖဆပလဆိုတာ သူကိုယ်ဦးဆောင် ထူထောင်ခဲ့တာဖြစ်တယ်။
ဒီအဖွဲ့အစည်းတွေဟာ နိုင်ငံရေးသဘောတရားတွေကို လုံလုံလောက်လောက် လေ့လာဆည်းပူးထားရုံ မက သန္နိဋ္ဌာန်ခိုင်မာတဲ့ လူငယ်လူရွယ်တွေက ဦးဆောင်တယ်။ အဖွဲ့ဝင်များ ဆိုတာကလည်း သင်တန်းပေး လေ့ကျင့်ထားတဲ့ လူတွေဖြစ်တယ်။ အဖွဲ့အစည်း အဖွဲ့ဝင်အဖြစ် စည်းကမ်းတကျ လိုက်ပါဆောင်ရွက်တဲ့ အလေ့အကျင့်ရှိတဲ့သူတွေ ဖြစ်တယ်။ နောက် အရေးပါတဲ့ အားသားချက်က လူပုဂ္ဂိုလ်နဲ့ ဆိုင်တဲ့နိုင်ငံရေး ( Body Politic) အားကောင်းချက်ဖြစ်တယ်။ အဲဒီအဖွဲ့အစည်းတွေမှာ ဦးဆောင်နေကြသူတွေဟာ အဖွဲ့အစည်းတွေမှာ ဖွဲ့စည်းပုံအတိုင်း စနစ်တကျ တိုက်ပွဲဝင်ခဲ့ကြသူတွေ ဖြစ်တယ်။ ကွဲလွဲတဲ့ အမြင်တွေ ရှိကြပေမယ့် အရေးတော်ပုံနဲ့ ပတ်သက်လို့ ပြတ်သားတဲ့ တဦးရဲ့စိတ်ဓာတ်ကို တဦးက ယုံကြည်တယ်။ တယောက်နဲ့ တယောက် အားနည်းချက် အားသာချက်ကို အပြန်အလှန် သိကြတယ်။ အပြန်အလှန် အသိအမှတ်ပြုမှုနဲ့ အနစ်နာခံစိတ်ရှိကြတယ်။
ပြည်သူ့ရဲဘော်က စစ်ရေးပုံစံအဖွဲ့အစည်းဖြစ်ပြီး ဘီအိုင်အေကတော့ စစ်တပ်သက်သက်ဖြစ်တယ်။ တို့ဗမာအစည်းအရုံးနဲ့ ဖဆပလဟာ ဗဟို ခရိုင် မြို့နယ်ကစလို့ ကျေးလက်ရပ်ရွာတွေအထိ ကျယ်ကျယ် ပြန့်ပြန့် ဖွဲ့စည်းထားတယ်။ အထက်အောက် ဆက်စပ်ပြီး စနစ်တကျ လှုပ်ရှားနိုင်တယ်။ ခေါင်းဆောင်ရဲ့ အဆုံးအဖြတ်နဲ့ စကားအတိုင်း တဖွဲ့လုံး၊ အဖွဲ့ဝင် တရပ်လုံးကတဆင့် လူထုတွေပါ မြန်မြန်ဆန်ဆန် ဟန်ချက်ညီ လှုပ်ရှားနိုင် တယ်။ ဦးတည်ချက်အတိုင်း ရွေ့လျှားနိုင်တယ်။ ကိုယ့်တပ်တွေကို ရှေ့နောက် လိုရာရွှေ့လျှား စစ်ကစားနိုင်တဲ့ စစ်သူကြီးတယောက်လို ခေါင်းဆောင်က အမိန့်ပေး လှုပ်ရှားနိုင်တယ်။
ဒီလိုအင်အားစုတွေရဲ့ ကျောထောက်နောက်ခံ ရထားတာကြောင့် ဒုတိယကမ္ဘာစစ်ကြီးပြီးလို့ ပြန်ဝင်လာတဲ့ နယ်ချဲ့အစိုးရက ဗိုလ်ချုပ်အောင်ဆန်းကို မထိရဲမတို့ရဲ ဖြစ်ခဲ့ရတယ်။ နောက်ဆုံး ဗိုလ်ချုပ် အောင်ဆန်းရဲ့စကားကို လေးစားလက်ခံ အသိအမှတ်ပြုလာရတယ်။

ဗိုလ်ချုပ်ကို သတ်ဖို့ကြံတဲ့ အင်္ဂလိပ်နယ်ချဲ့

ဂျပန်အဝင်မှာ ခွေးပြေးဝက်ပြေး ပြေးခဲ့ရတဲ့ ဘုရင်ခံ ဆာဒေါ်မန်စမစ်နဲ့ နယ်ချဲ့အစိုးရဟာ သူတို့ မဟာရှက်တော်ကွဲခဲ့ရတာကြောင့် ဗိုလ်ချုပ်အောင်ဆန်းကို မုန်းတီးပြီး အာဃာတထားပါတယ်။ ဗိုလ်ချုပ်တို့ ဘီအိုင်အေတပ်နဲ့ ဝင်လာပြီး မော်လမြိုင်ကိုသိမ်းတဲ့ အချိန်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်လက်ျာတို့ကို မျက်ကွယ်မှာ သေဒဏ်ပေးခဲ့ပါတယ်။ နယ်ချဲ့အစိုးရ ပြန်ဝင်လာတဲ့ အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းကို လူသိထင်ရှား ရုံးတင်သတ်ဖြတ်ဖို့ ကြိုးစားခဲ့ပါတယ်။ သူတို့ ပြန်ဝင်လာ လာခြင်း ဗိုလ်ချုပ်အောင်ဆန်းကို ဂျပန်နဲ့ အတူ မော်လမြိုင်မြို့ကိုသိမ်းစဉ်ကဖြစ်ခဲ့တဲ့ သူကြီးတယောက်ကိုသတ်မှုနဲ့ စွဲချက်တင် ဖမ်းဝရမ်း ထုတ်ခဲ့ပါ တယ်။ ဗိုလ်ချုပ်အောင်ဆန်းကလဲ စစ်ရေးအရ လိုအပ်လို့ အမိန့်ပေးတယ်လို့ မကြောက်မရွံ့ ဝန်ခံပါတယ်။
ဒီအမှုကို စွဲချက်တင်တာက ဒေါ်မန်စမစ်ရဲ့စက္ကူဖြူအစိုးရခေါင်းဆောင်ဆာပေါ်ထွန်းဖြစ်ပြီးသက်သေက သခင်ထွန်းအုပ်ဖြစ်ပါတယ်။ ဖမ်းဝရမ်းထုတ်ပေမယ့် ချက်ချင်းမဖမ်းရဲကြပါဘူး။ ပြည့်သူ့ရဲဘော်အဖွဲ့၊ ဖဆပလနဲ့ ဗိုလ်ချုပ်အောင်ဆန်းနောက်က ဗမာလူထုကြီးကို စိုးရွံ့နေကြပါတယ်။ အဲဒီ့အချိန်က အရှေ့တောင်အာရှ မဟာမိတ်တပ်များ စစ်ဦးစီးမှူး မောင့်ဘက်တန်နဲ့ အစိုးရအဖွဲ့ဝင် အချို့က ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းရင် ဗမာလူထု ထိန်းမနိုင် သိမ်းမရ ပေါက်ကွဲသွားမယ်လို့ သတိပေးခဲ့ကြတယ်။
အဲဒီအချိန်မှာ သခင်သန်းထွန်းက ဘုရင်ခံ အစိုးရခေါင်းဆောင် ဆာပေါ်ထွန်းရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိဖြစ်တဲ့ ကျန်ုပ်စွန့်စားခန်းဆိုတဲ့ စာအုပ်ထဲကအချက်တချို့ကို အင်္ဂလိပ်လိုပြန်ပြီး အင်္ဂလန်က လေဘာပါတီခေါင်းဆောင် တွေဆီကိုပို့ပြီး ထောက်ပြခဲ့ပါတယ်။ ဆာပေါ်ထွန်းက (၁၉၄၄) မှာ သူ့ရဲ့ ကိုယ်ရေး အတ္တပ္ပတ္တိစာအုပ်တအုပ် ထုတ်ခဲ့တယ်။ အဲဒီထဲက  ဂျပန်ဝင်လာစက လူစုကွဲလာတဲ့ ဗြိတိသျှစစ်တပ် အရာရှိနဲ့ စစ်သား (၁၅) ယောက်ကို သတ်ဖြတ်ခဲ့တဲ့အကြောင်း တိတိကျကျ ဂုဏ်ယူဝံ့ကြွား ရေးပြထားတယ်။ ဒီအချက်တွေကို အင်္ဂလိပ်လိုပြန်ပြီး သခင်သန်းထွန်းက ဘုရင်ခံဒေါ်မန်စမစ်ဟာ ဗြိတိသျှစစ်သား(၁၅) ယောက် ကို သတ်ဖြတ်ခဲ့တဲ့လူကိုတော့ နန်းရင်းဝန်ခန့်ပြီး ဗမာသူကြီးတယောက်ကို သတ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဝရမ်းထုတ်တာဟာ  မမျှတတဲ့အကြောင်း လေဘာခေါင်းဆောင်တွေဆီကို စာရေးခဲ့တယ်။
ဒီအရေးဟာ ဗြိတိသျှပါလီမန်အထိ ရောက်သွားပြီး လေဘာပါတီအမတ်တွေက မေးခွန်းထုတ် ကန့်ကွက်ကြတယ်။ ဒေါ်မန်စမစ်ရဲ့လုပ်ရပ်တွေဟာ မရိုးသားတဲ့အပြင် ဗမာပြည် ဆူပူအောင် လုပ်သလိုဖြစ်နေ တယ်လို့ ရှုတ်ချခဲ့ကြတယ်။ ဒါကြောင့် ဒေါ်မန်စမစ်ရဲ့ အကောက်ကြံမှု ပေါ်သွားပြီး ကျမ်းမာရေး အကြောင်း ပြချက်နဲ့ ဘုရင်ခံရာထူးက ပြန်ခေါ်(Recall)ရုတ်သိမ်းခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းအပေါ် စွဲဆိုထားတဲ့ အမှုကို လည်း ရုတ်သိမ်းခဲ့ရတယ်။ နောက်ဆုံး ဗိုလ်ချုပ်အောင်ဆန်းနဲ့ စေ့စပ်ဆွေးနွေးလာရတဲ့အထိ ဖြစ်လာတယ်။ ဒါဟာ  ဗိုလ်ချုပ်ကို ကျောက်ထောက်နောက်ခံပေးထားတဲ့ အဖွဲ့အစည်းများနဲ့  ဒီအဖွဲ့ဝင်တွေရဲ့ လူထုကို စည်းရုံးလှုံ့ဆော်နိုင်စွမ်းတွေကြောင့်ဖြစ်တယ်။“ရရင်ရ မရရင် ချမယ်”လို့ ရဲရဲတောက်စိန်ခေါ်နိုင်ခဲ့တာ ဖြစ်တယ်။

အကာအကွယ်မဲ့ ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီလိုအချက်အလက် ပြည့်စုံတဲ့ နိုင်ငံရေးနောက်ခံ မရှိပါဘူး။ မရသေးဘူးလို့ ဆိုချင်ပါတယ်။ အောင်ပွဲခံနိုင်ဖို့ အချက်အလက်ပြည့်စုံတဲ့ နိုင်ငံရေးနောက်ခံ ဖြစ်လာအောင် အားလုံး ဝိုင်းဝန်းတည်ဆောက်ကြရမှာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ မိစ္ဆာသန်းရွှေနဲ့စစ်အာဏာရှင်တွေရဲ့ ကမ္ဘာသိ အကောက်ကြံလုပ်ကြံမှုတွေ ကိုခံခဲ့ရတယ်။ အကြောင်းကံကောင်းထောက်မလို့ ဒီနေ့အထိ သက်ရှင်ထင်ရှား ဦးဆောင်မှုပေးနိုင်နေသေးတာ ဖြစ်တယ်။ ဒီပဲယင်းကိစ္စကတော့ အဆိုးရွားဆုံး၊ အရက်စက်ဆုံးနဲ့ အယုတ်မာဆုံး လုပ်ကြံမှုကြီးဖြစ်တယ်။ ဒီအရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အသက်ပေး ကာကွယ်သွားခဲ့ကြတဲ့ ပြည်သူတွေ၊ ရဟန်းသံဃာ တွေ၊ ပါတီဝင်အမျိုးသမီး၊ အမျိုးသားတွေကို လေးလေးနက်နက် ဦးညွတ်ပါတယ်။ ဂုဏ်ပြုပါတယ်။ တစုံတရာ အထောက်အကူပြုသွားကြတဲ့ ဝန်ထမ်းတချို့ရဲ့လုပ်ရပ်ကိုလည်း လေးစားတန်ဘိုးထားပါတယ်။ ဒီနေ့အထိ လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ သန်းရွှေရဲ့ယုတ်မာပက်စက်တဲ့ အန္တရာယ်ကို အကာကွယ်မဲ့ ရင်ဆိုင်နေ ရဆဲဖြစ်တယ်။
ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ကျောထောက်နောက်ခံ နိုင်ငံရေး အင်အားစုဆိုတာမှာ အင်အယ်လ်ဒီ ပါတီက အဓိကပဲ ဖြစ်တယ်။ မြေအောက် ကျောင်းသားလူငယ်များနဲ့ အနိုင်ရ တိုင်းရင်းသားပါတီတချို့ရှိတယ်။ လောက်လောက်လားလား ကျောထောက်နောက်ခံ မရှိပါဘူး။ လက်နက်ကိုင်အဖွဲ့များနဲ့ နယ်ခြား အဖွဲ့အစည်း များဆိုတာကလည်း စက္ကူပေါ်မှာပဲ ကျောထောက်နောက်ခံ ပေးနိုင်ကြတယ်။ အဓိကဖြစ်တဲ့ အင်န်အယ်လ်ဒီ အကြောင်းပြောရင်လည်း ဆရာမင်းသိင်္ခရဲ့ ကောက်ချက်ကိုပဲ သတိရမိတယ်။ သူက “NLD ဆိုတာ အောင်ဆန်းစုကြည်ဆိုတဲ့ မိုင်းကိုင်စက္ကူနဲ့ ချိုးထားတဲ့ မီးပုံပျံကြီးလိုပဲ။ မဆလမှိုင်းတွေနဲ့ ဖောင်းကားနေတာ၊ ဘယ်ရောက်လို့ ဘယ်နေရာ ကျမယ်မသိဘူး” လို့ဆိုတယ်။ အားလုံးကိုတော့ မဆိုလိုပါဘူး။ တကယ် အသက်ပေးသွားကြတဲ့ ပါတီဝင်တွေ၊ ခေါင်းဆောင်တွေ အမြောက်အများ ပေါ်ထွက်ခဲ့သလို ဒီနေ့အထိလည်း ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေသူတွေ ရှိပါသေးတယ်။ သို့သော်လည်း (၈၈) အရေးအခင်းပြီးစ ဖွဲ့စည်းစဉ်ကတော့ ဆရာမင်းသိင်္ခပြောတဲ့အတိုင်းပါပဲ။
တချို့ထိပ်ပိုင်း ခေါင်းဆောင်တွေဆို စစ်အာဏာရှင်စနစ် အုဋ္ဌ်မြစ်ချခဲ့တဲ့သူတွေ ဖြစ်နေတယ်။ လူထုအတွက် စစ်အာဏာရှင်စနစ်ကို တကယ်မတိုက်ရဲတဲ့ (မတိုက်ချင်တာလည်း ဖြစ်နိုင်ပါတယ်) သတ္တိကို လွန်ခဲ့တဲ့ အနှစ်(၂၀)က သက်သေပြသွားခဲ့ပါပြီ။ စကားကြုံ ဖြည့်ပြောရရင် သန်းရွှေက ပါတီတွေမှတ်ပုံတင်ဖို့ အမိန့်ထုတ်လိုက်တာနဲ့ နောက်တနေ့မနက်မှာ လူမမာ အိပ်ယာပေါ်ကထလာပြီး ပါတီမှတ်ပုံပြန်တင်ဖို့ ပြောခဲ့တဲ့ ဥက္ကဋ္ဌကြီး ဦးအောင်ရွှေဟာ ပါတီက သပိတ်မှောက်ဖို့ ဆုံးဖြတ်ထားတဲ့ အတုအယောင် ရွေးကောက်ပွဲမှာ မြေးမလေး တွဲကူပြီး ကြိုတင်မဲ ပေးခဲ့တယ်လို့ ကြားလိုက်မိသေးတယ်။
ရန်သူစစ်အုပ်စုက ဒီအချက်ကို ကောင်းကောင်းသိပါတယ်။ ခေါင်းဆောင်တွေကို အပျော့အမာ ခွဲခြားကိုင်တွယ်တယ်။ အပျော့ကိုဖဲ့ထုတ်ပြီး၊ အမာကိုချေမုန်းတယ်။ တကယ်တိုက်မယ့် ပြည်သူ့တိုးတက်ရေး ပါတီတို့၊ မန္တလေးက အမျိုးသားနိုင်ငံရေးတပ်ပေါင်းစုတို့၊ ကျောင်းသားပါတီ လူ့ဘောင်သစ်တို့ကို အပြတ် အသတ် ခြေမုန်းသလို အနိုင်ရတဲ့ NLD ထဲမှာလည်း တကယ်တိုက်မယ့်သူ တိုက်ရဲသူတွေကို တိတိကျကျ ဖော်ထုတ်ပြီး ဖိနှိပ်တယ်၊ ဖမ်းဆီးတယ်၊ တချို့ ထောင်ထဲမှာတင် ရိုက်သတ်ပစ်တယ်။ နောက်ဆုံးလက်ကျန် ခေါင်းဆောင်ပိုင်းဆိုတာ ဦးတင်ဦးတို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ကို အာဏာရှင်အလိုကျ ပါတီကထုတ်ခဲ့တဲ့ အထိ တိုက်ပွဲဝင်စိတ်ဓာတ် ချွတ်ခြုံကျသွားခဲ့တယ်။ ပါတီတရားဝင် ဆက်လက်ရပ်တည်ရေးက အရေးကြီးတယ် လို့ အကြောင်းပြခဲ့တယ်။ ကျွန်တော်တို့ အားလုံးကလည်း ဟုတ်သလိုလို ထင်ယောင်မှား ဖြစ်ခဲ့ကြပါတယ်။ ဒီလိုပါတီ၊ ဒီလိုအင်အားစုတွေကို အမှီပြုထားရတဲ့ ဒေါ်စုအတွက်တော့ ခွေးကျိုးနဲ့ ယုန်လိုက်၊ နွားပိန်မနဲ့ ယာထွန် သလိုပါပဲ။ အချိန်ကုန် လူပန်းတာ အဆန်းမဟုတ်ပါဘူး။

တူညီတာက ရိုးသားမှု

အထက် တင်ပြခဲ့တာတွေက ဒေါ်စုနဲ့ သူ့ဖခင် ဗိုလ်ချုပ်တို့ ဦးဆောင်ခဲ့ရတဲ့ ကျင်လည်ခဲ့ရတဲ့ ဝန်းကျင်နဲ့ ကျောထောက်နောက်ခံ ပြုခဲ့ရတဲ့ နိုင်ငံရေးတွေ မတူခြားနားချက် တချို့ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ကြားမှာ တူညီချက်တခုရှိပါတယ်။ နိုင်ငံရေးလောကထဲမှာ ရှာပါးတဲ့ အရည်အသွေးတခု ဖြစ်ပါတယ်။  ပြည်သူအပေါ်မှာ ရိုးသားဖြောင့်မတ်တဲ့ စိတ်နေစိတ်ထားနဲ့ စေတနာဖြစ်ပါတယ်။
နိုင်ငံရေးသမား အများစုဟာ သူတို့ကိုယ်သူတို့ သူရဲကောင်းလိုလို၊ သူတော်စင်လိုလို၊ ကယ်တင်ရှင်လိုလို၊ ပညာရှင်လိုလို သန်ရာသန်ရာ ဂိုက်ဖမ်းကြတယ်။ လူထုကို ဟန်ဆောင်ကြတယ်။ ဒါပေမဲ့ ကိုယ်ရေးကိုယ်တာနဲ့ အဖွဲ့အစည်းရဲ့အရေး၊တိုင်းပြည်ရဲ့အရေးတို့ ယှဉ်လာရင် မသိမသာနဲ့ ကိုယ်ရေးကိုယ်တာ အရေးကို ယိမ်းယိုင်သွားကြတယ်။ အစုအဖွဲ့တခုမှာ နေရာရလာရင် သူလုပ်လို့ ဒီအဖွဲ့ဖြစ်တည်နေသယောင်၊ သူဦးဆောင်လို့ ဒီအဖွဲ့အလုပ်ဖြစ်နေသယောင် ထင်တတ်ကြတယ်။ ဒီအဖွဲ့ရှိနေလို့ ဒီနေရာရှိတယ်၊ ဒါကြောင့် ဒီနေရာမှာ သူဦးဆောင်ခွင့်ရခဲ့ကြတာကို မေ့ပစ်တတ်ကြတယ်။ တိုင်းပြည်အာဏာရလာရင်တော့ ပိုပြီးဆိုးတယ်။ သူတို့ခေါင်းဆောင်လို့၊ သူတို့အုပ်ချုပ်လို့ ဒီတိုင်းပြည်ကြီး ဖြစ်လာသယောင်၊ တည်ငြိမ်သယောင် ဟိတ်ထုတ်ကြတယ်။ ပြည်သူတွေရဲ့ကျေးဇူးရှင်ကြီးတွေ ဂိုက်ဖမ်းလာကြတယ်။ ဗမာပြည်အာဏာရ ခေါင်းဆောင် အဆက်ဆက်ဟာ ဒီလိုဘဝင်ရူးတွေချည်းလို့ ပြောရမလိုပါပဲ။ အိမ်ရှင်ဂိုက်ဖမ်းပြီး ပိုင်ရှင်အစစ် လူထုကို အိမ်ငှားလိုဆက်ဆံတယ်။ ဓားမနောက်ပိတ်ခွေလို ကျင့်ကြံကြတယ်။ တိုင်းပြည်ပြိုကွဲမယ့်အရေး ကြောင့် မလွှဲမရှောင်သာလို့ တာဝန်ယူထားရပါတယ်လို့ တပြောတည်းပြောနေတဲ့ စစ်အာဏာရှင်တွေက အဆိုးဆုံး အရှက်မဲ့ဆုံးပဲ။

လူထုသာ ပဓာန

တကယ့် ပကတိအရှိတရားက လူထုရှိလို့ တိုင်းပြည်ရှိတယ်။ တိုင်းပြည်ရှိလို့ အုပ်ချုပ်မှု (အာဏာ) ရှိတယ်။ အစိုးရ ဆိုတာလည်းရှိတယ်။ အစိုးရရှိလို့ တိုင်းပြည်၊ လူထုရှိလာရတာ မဟုတ်ဘူး။ ပကတိ အခြေခံတရားဖြစ်တဲ့ လူထုကြားက ကူးလူးဆက်ဆံရေးကို ချောမွေ့အောင် စောင့်ကြည့် ထိန်းညှိဖို့ အုပ်ချုပ်ရေးတို့၊ အစိုးရတို့ ပေါ်လာရတာဖြစ်တယ်။ စစ်တပ်တို့၊ ရဲတို့၊ တရားရုံးတို့ ဆိုတာလည်း အစိုးရက လူထုပေးထားတဲ့ တာဝန်တွေကို ဖြည့်ဆီးပေးဖို့ လူထုက အပ်နှင်းထားတဲ့ ယန္တယားအဆောင်အယောင်တွေပဲ ဖြစ်တယ်။ ဒါကြောင့် ဒီဟာတွေကို ပြည့်သူ့ဝန်ထမ်း၊ ပြည့်အစေခံလို့ ခေါ်ကြတာပဲ။
ဒါပေမဲ့ ခေတ်အဆက်ဆက်က ဗမာပြည် နိုင်ငံရေးသမား အများစုကတော့ အာဏာကို ရရာနည်းလမ်း နဲ့ယူဖို့ အားထုတ်ခဲ့ကြသလို ရလာပြန်ရင်လည်း လူထုအပ်နှင်းထားတဲ့ စစ်တပ်၊ ရဲ စတဲ့ ယန္တယားတွေကို သုံးပြီး အာဏာတည်မြဲဖို့ လုပ်ကြတယ်။ လူထုအမြင်အတွေး လွဲအောင် လုပ်ကြတယ်။ လူထု သဘောဆန္ဒတွေကို ဖိနှိပ်တယ်။ ဒီနေ့ ဗမာပြည် ရင်ဆိုင် ခံစားနေရတဲ့ ဒုက္ခသုက္ခအပေါင်းဟာ နိုင်ငံရေးသမားတွေရဲ့ ဒုစရိုက်မှု ဖြစ်တဲ့ လူထုဆန္ဒကိုစော်ကားပြီး ပကတိအရှိတရားတွေကနေ သွေဖီဖောက်ပြန်မှုရဲ့ အကျိုးရလာဒ်ဖြစ်တယ်။ အကြောက်တရား ကြီးစိုးနေတဲ့ စစ်အာဏာရှင်တွေကိုယ်တိုင် ဒီဒုက္ခ သုက္ခတွေက မလွတ်ကင်းပါဘူး။ ဗမာပြည်မှာ စစ်မှန်တဲ့ဒီမိုကရေစီ ထူထောင်ချင်ရင် နိုင်ငံရေးလောက မှာ ဒီလိုတဲ့ အတွေးအမြင်တွေနဲ့၊ အမူအကျင့်တွေကို ကင်းစင်အောင် လုပ်ရပါလိမ့်မယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကတော့ လူထုသာလျှင် ပဓာနဆိုတဲ့ ပကတိ အရှိတရားကို လက်ခံယုံကြည်ကြတယ်။ ဒါကြောင့် လူထုအပေါ်မှာ ရိုးသားပွင့်လင်းကြတယ်။ ဟန်မဆောင်ဘူး၊ ကယ်တင်ရှင်ဂိုက်၊ တန်ခိုးရှင်ဂိုက် မဖမ်းဘူး။ လူထုကြီးကိုယ်တိုင်က နိုးကြားတက်ကြွကြဖို့ပဲ လှုံ့ဆော် စည်းရုံးတယ်။ လူထုသဘောဆန္ဒကိုပဲ ဦးစားပေးတယ်။
လူထုအပေါ် ရိုးသားဖြောင့်မတ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ လူထုသာပဓာန အယူအဆနဲ့ လူထုအားကို ယုံကြည်တာကြောင့် လူထုနိုင်ငံရေးလုပ်ဖို့ စစ်တပ်ရာထူးကို စွန့်ခဲ့တယ်။ တခြားခေါင်းဆောင် တွေလို စစ်တပ်ကို လုပ်ကိုင်တုတ်လုပ်ပြီး နိုင်ငံရေးလုပ်ဖို့ စိတ်ကူးထဲတောင် မထည့်ခဲ့ဘူး။
ဒေါ်အောင်ဆန်းစုကြည်ဟာ အဖက်ဖက်က ချိနဲ့နေတဲ့ နောက်ခံအင်အားစုတွေနဲ့ စစ်အုပ်စုကို ဦးဆောင်ရင်ဆိုင်နေတာ ဖြစ်တယ်။ သူ့အသက်ဘေး အကောက်ကြံမှုတွေကိုလည်း အကာအကွယ်မဲ့ ရင်ဆိုင်နေရာသေးတယ်။ တော်ရုံလူဆိုရင် တနည်းမဟုတ်တနည်းနဲ့ တိုက်ပွဲကို စွန့်ခွာသွားမှာပဲ။ တချို့ သူ့ပါတီဝင် ခေါင်ဆောင်တွေ စစ်ကျွန်ရွေးကောက်ပွဲဝင်ပြီး တိုက်ပွဲကို စွန့်ခွာသွားကြတာ လက်တွေ့ပဲ။
သူကတော့ ရန်အန္တရာယ်များတဲ့ တိုက်ပွဲမှာ ဆက်လက်ဆက်ရပ်တည် ဦဆောင်မှုပေးနေဆဲဖြစ်တယ်။ ဒါကို ထူးကဲတဲ့လူရည်လူသွေးတို့ အသိအမှတ်မပြုလို့ မရပါဘူး။ ဒါကလည်း သူ့ဖခင်လိုလူထုနိုင်ငံရေးနဲ့ လူထု အားကို မမှိတ်မသုံ ယုံကြည်မှုကြောင့် ဖြစ်ပါတယ်။ လူထုအပေါ် ထားတဲ့ စေတနာလိုလည်း ပြောနိုင်ပါတယ်။

ဒူးမထောက်တဲ့ သူရဲကောင်း

အင်ပြည့်အားပြည့်နဲ့ တပွဲထိုး အောင်ပွဲရအောင် ဦးဆောင်ရတာက လွယ်ကောင်းလွယ်နိုင်ပါတယ်။ ဒါပေမယ့် ဖိနှိပ်အား ပြင်းလွန်းလှတဲ့ ရန်သူကို နှစ်ကာလရှည် ရင်ဆိုင်တိုက်ပွဲဝင်ရာမှာ နောက်လိုက်အဖွဲ့ဝင်နဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုနဲ့ မျှော်လင့်ချက်ကို မပျက်စီးအောင် ထိန်းသိမ်းရတာဟာ အလွန်ခက်ခဲတဲ့ အရာ ဖြစ်ပါတယ်။  ဒီတာဝန်တွေကို ဒေါ်အောင်ဆန်းစုကြည် ပြောင်ပြောင်မြောက်မြောက် ထမ်းဆောင်နေပါတယ်။ မူပေါ်မှာ ကြံ့ကြံ့ခံရင်း ရပ်တည်နေတယ်။ လူထုအပေါ်မှာ ရိုးသားပွင့်လင်းစွာနဲ့ ရပ်တည်နေတယ်။
လူထုရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရည်မှန်းအချက်အပေါ်မမှိတ်မသုံယုံကြည်မှုကိုအချက်များစွာက သက်သေပြနေတယ်။ စစ်အုပ်စုဟာ တိုင်းပြည်အနှံ့မှာ ဖြန့်ကျက်ထားတဲ့ ထောက်လှန်းရေးယန္တယားတွေက တဆင့်ဒီအချက်ကိုသိနေတယ်။ ဒါကြောင့်ဒေါ်စုရဲ့လှုပ်ရှားမှုတွေကို ထိန်းချုပ်ကန့်သတ်ပြီး မျက်စိဒေါက်ထောက် စောင့်ကြည့်နေရတာဖြစ်တယ်။ ဒီလိုမှ မဟုတ်ရင် ဒီပိန်ပါးပါး အမျိုးသမီးတယောက်ကို အရေးတယူပြုစရာ အကြောင်းမရှိပါဘူး။ သွားချင်ရာသွား၊ လုပ်ချင်ရာလုပ် လွှတ်ထားလိုက်ရုံပါပဲ။
ဒါပေမဲ့ ဒီလိုအခြေအနေတွေအပေါ် သူ့ကို တန်ခိုးရှင်လို၊ ကယ်တင်ရှင်လို မျှော်လင့်အားကိုးနေသူ တွေကတော့ ဘဝင်ကျမှာမဟုတ်ပါဘူး။ နားလည်မှုပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်သမိုင်းတဖြတ်အမြင်နဲ့ ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်အရည်အချင်းမရှိဘူး၊ တာဝန်မကျေဘူးဆိုရင် ဒါဟာ တရားမဲ့တဲ့ ကောက်ချက်ဖြစ်တယ်။ သမိုင်းအမြင်ခေါင်းပါးတဲ့ မှတ်ချက်ဖြစ်တယ်။  နှိုင်းယှဉ်လို့ မရတာကို နှိုင်းယှဉ်တာဖြစ်တယ်။ တန်ဘိုးညှိလို့မရတာကို တန်ဘိုးညှိတာဖြစ်တယ်။ ပြီးတော့ ဗမာပြည်နိုင်ငံရေးကို တွက်တဲ့အခါ ကိုယ့်ထက် နှစ်တရာကျော်မက ရှေ့ရောက်နေတဲ့ စနစ်နဲ့ ပုံစံတွေက စံပေတံတွေနဲ့ တိုင်းပြီး တည်ကိန်းဘယ်လောက်ရှိလို့ မြောက်ကိန်းဘယ်လောက်ရှိရင် ဘယ်ကာလမှာ ရလာဒ်ဘယ်လောက် ဖြစ်ရမယ် လို့ သတ္ထုချလို့ မရပါဘူး။
နိုင်ငံရေးဆိုတာ လက်တွေ့ဆောင်ရွက်ရတဲ့ အနုပညာဆန်တဲ့ ဝိဇ္ဇာပညာ (Politic is an Art of Practice) လို့ ဆိုကြတယ်။ လူတွေကိုယ်တိုင် ပါဝင်ပတ်သက်နေလို့ ဖြစ်တယ်။ ဘက်အသီးသီးက လူတွေရဲ့ အတွေးအကြံ၊ အမူအကျင့်၊ ပြောင်းလဲရွေ့လျှားနေတဲ့ ပတ်ဝန်းကျင်နဲ့ အပြန်အလှန် ရုန်းကန်းလှုပ်ရှားနေတဲ့ အခြေအနေတွေကြားမှာ အချိန်နဲ့တပြေးညီ ကိုယ့်ရည်မှန်းချက်ကို ပေါက်မြောက်အောင် လုပ်ဆောင်ရတဲ့ အလုပ်ဖြစ်တယ်။ အထူးသတိပြုရမှာက နိုင်ငံရေးမှာ ဘယ်အရာမှ ပုံတူကူးလို့ မရဘူးဆိုတာပဲ ဖြစ်တယ်။ သင်္ခန်းစာယူလို့ရတယ်၊ နမူနာယူလို့ရတယ်။

အားလုံးမှာ တာဝန်ရှိတယ်

ဒေါ်အောင်ဆန်းစုကြည်ဟာ တန်ခိုးရှင်မဟုတ်ပါဘူး။ လူပဲဖြစ်ပါတယ်။ လူပီပီ အမှားလည်းကင်းမှာ မဟုတ်ပါဘူး။  ဥပမာ။          ။ (၈၈) ပြီးစ ပါတီတွေဖွဲ့ကြတော့ လူတွေကို မစီစစ်ဘဲ လက်ခံ (သို့မဟုတ်) လက်တွဲခဲ့တယ်။ ရန်သူကို တကယ်မတိုက်ရဲသူတချို့ ခေါင်းဆောင်နေရာ ရောက်လာကြတယ်။ ဗိုလ်အောင်ကြီးဆို ပါတီထဲက တကယ်တိုက်မယ့်သူတွေကို မြင်ပြီး အစောကြီးတည်းက ပါတီက ထွက်ပြေးသွား တယ်။ သူလိုပဲ မိန်းမခြင်ထောင်ထဲကနေ ရန်သူ့စခန်းကို ဝိုင်းထားပြီလို့ အထက်ကို သတင်းပို့တတ်တဲ့ မဆလ စစ်ဗိုလ်ဟောင်းတွေလည်း ပါသေးတယ်။ ဒါကိုလည်း အချိန်ဆိုတဲ့ ရေစီးရဲ့ တွန်းတိုက်မှုကြောင့် ဖြစ်တယ်လို့ နားလည်မှုပေးရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးသမားတိုင်း မှားတတ်တဲ့ အမှားဖြစ်ပါတယ်။ ပြီးတော့ စိန်ကဲ ကျောက်ကဲထက် လူကဲခတ်ရတာ ပိုခက်ပါတယ်။
ဒီတော့ ခေါင်းဆောင်မှုလည်း ဝေဘန်ရေးက မကင်းလွတ်သင့်ပါဘူး။ ပိုလို့တောင် လိုအပ်ပါသေးတယ်။ ခေါင်းဆောင်မှုရဲ့ အမှားအမှန်ဟာလည်း တိုက်ပွဲရဲ့ အဆုံးအဖြတ် ဖြစ်တတ်လို့ပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အားလုံးရဲ့ အကြံအဉာဏ်တွေကို လိုချင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။ ဒါပေမယ့် ခေါင်းဆောင်မှုကို ဝေဘန်တယ်၊ အကြံပြုတယ်ဆိုတာ လူကြီးလူကောင်းလို တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရပါမယ်။ ကျိုးကြောင်းပြ ရှင်းလင်းဖို့လိုပါတယ်။ နာမည်ဝှက်တွေနဲ့ အမှားတွေကိုချည်း အပုပ်ချသလို နင်ဘဲငဆ လူသိရှင်ကြားပြောရင် ရန်သူကို အလုပ်အကြွေးပြုရာ ရောက်ပါတယ်။
တိုက်ပွဲတခုရဲ့ အရှုံးအနိုင် အဆုံးအဖြတ်တခုဟာ ခေါင်းဆောင်နဲ့ နောက်လိုက်တွေကြားက အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုပေါ်မှာလည်း အခြေခံပါတယ်။ ဗျူဟာကြောင့် ရှုံးရင် ခေါင်းဆောင်ရဲ့ တာဝန်ဖြစ်ပြီး၊ အကောင်အထည်ဖော်မှုကြောင့်ရှုံးရင် နောက်လိုက်တွေရဲ့တာဝန်ဖြစ်ပါတယ်။ အနှစ်(၂၀) ကျော် တိုက်ပွဲကာလမှာ ဒေါ်အောင်ဆန်းစုကြည်၊ NLD၊ CRPP စတဲ့ ခေါင်းဆောင်တွေပြောတာကို အထူးသဖြင့် ကျနော်တို့ ပြင်ပအင်အားစုတွေ ကြေငြာချက်ထုတ် ထောက်ခံတာထက်ပိုပြီး ဘာများအကောင်အထည် ဖော်ခဲ့ကြပါသလဲ။ ဒေါ်စုတို့ခေါင်းဆောင်တွေရဲ့ တောင်းဆိုချက်ကို လက်မခံလို့ စစ်အုပ်စု အကြပ်အတည်းဖြစ် သွားအောင် ဘာတွေများလုပ်ဆောင်နိုင်ခဲ့ကြပါသလဲ။ ခေါင်းဆောင်တွေ အဖမ်းခံရတဲ့အချိန်၊ ဒေါ်စုကို လုပ်ကြံဖို့ ကြိုးစားတဲ့အချိန်တွေမှာ မြို့တမြို့ကို သိမ်းပြခဲ့ကြသလား။ ဗုံးတလုံး ဖောက်ပြခဲ့ကြသလား။ နအဖရုံးတခုခု (သို့မဟုတ်) ပြည်ပက သံရုံးတခုခုကို လုပ်ငန်းတွေ ရပ်တန့်သွားအောင် ဘာတွေလုပ်ပြခဲ့ကြသလဲ။ ကျနော်တို့ကိုယ် ကျနော်တို့ ပြန်မေးခွန်းထုတ်ဖို့ လိုပါတယ်။ ဒါတွေက ခေါင်းဆောင်တွေ ညွန်ကြားမှ လုပ်ရမယ့် အလုပ်တွေ မဟုတ်ပါဘူး။ ဒီအနှစ်(၂၀)ကျော် ကြာတဲ့အထိအောင်ပွဲကို မရောက်နိုင်သေးဘူးဆိုတာ ကျနော်တို့ အားလုံးမှာလည်း တာဝန်ရှိပါတယ်။ မောင်းကြီးကျကွဲကာမှ ဥက္ကဋ္ဌကြီး လုပ်ပါဦးလို့ မလုပ်သင့်ပါဘူး။


လမ်းမဆုံးသေးတဲ့ ဒီမိုကရေစီ (သို့မဟုတ်) နအဖအရှုံး

ဒီကနေ့အခြေအနေဟာ ဒီမိုကရေစီအင်အားစုတွေဘက်က အောင်ပွဲကို အရောက်မလှမ်းနိုင်သေး သလို အာဏာရှင်များဘက်လည်း ဒီမိုကရေစီအင်အားစုတွေကို အပြီးသတ် မချေမုန်းနိုင်သေးတဲ့ အခြေအနေ ဖြစ်တယ်။ အာဏာကိုဆုပ်ကိုင်ထားတဲ့ လက်တဆုပ်စာ အာဏာရှင်တွေ လူထုတိုက်ပွဲတွေကို အနှစ်(၂၀) ကြာ တဲ့အထိ အပြီးသတ် မချေမုန်းနိုင်တာကလည်း တနည်းအားဖြင့် သူ့ရဲ့အရှုံးလို့ ဆိုရမှာပါ။ တိုင်းပြည်ရဲ့ အချုပ်အခြာ၊ အာဏာ၊ ဘဏ္ဌာစတဲ့ ယန္တယားလက်နက်တွေကို ကိုင်တွယ်အသုံးချပြီး နှိမ်နင်းတဲ့ ကြားက လူထုရဲ့ ဆန့်ကျင်အာခံမှုတွေကို အေးငြိမ်းသွားအောင် မလုပ်နိုင်တဲ့ အဖြစ်ပါ။ လက်နက်နဲ့ အုပ်ချုပ်သူတွေက လက်နက်မဲ့ အုပ်ချုပ်ခံတွေကို အနှစ်(၂၀)ကျော် အစွမ်းကုန် ဖိနှိပ်တဲ့အကြားက အာခံမှုတွေ ဆက်လက် ရှိနေသေးတာဟာ စစ်အုပ်စုရဲ့ အရှုံးလို့လည်း ပြောနိုင်ပါတယ်။
ဗိုလ်နေဝင်းရဲ့ စစ်အာဏာရှင်ဒုတိယခေတ်(၁၉၆၂- ၁၉၈၈) ဟာ ဗကပနဲ့ တိုင်းရင်းသား လက်နက်ကိုင် လှုပ်ရှားမှုတွေ ရှိနေတဲ့ကြားက နိုင်ငံတကာမှာ ပုံမှန်ဝင်ထွက်သွားလာရင်း သက်တောင့်သက်သာ အုပ်ချုပ်သွား ခဲ့တယ်။ တတိယစစ်အာဏာရှင်များခေတ် နဝတ/နအဖတို့ကတော့ ဗကပတို့လည်းပြိုကွဲ၊ တိုင်းရင်းသား လက်နက်ကိုင်အများစုတို့လည်း အပစ်အခတ် ရပ်စဲထားတာတောင် အုပ်ချုပ်ရေးဟာ အမြဲတမ်း ယိမ်းထိုးလှုပ် ခတ်နေတယ်။ မျက်ကလဲဆန်ပြာဖြစ်နေရတယ်။ သူ့တပ်တွင်းမှာကိုပဲ ဖြုတ်ထုတ်ချုပ်တွေ ဖြုတ်ထုတ်သတ်တွေ ခဏခဏ လုပ်နေရတယ်။ အောက်ခြေတပ်တွေ ထင်ရာကြဲနေတာကိုလည်း ဒီတိုင်းကြည့်နေရတယ်။
(၁၉၉၅) ခုနှစ် နောက်ပိုင်းကစလို့ စစ်အုပ်စုရဲ့ ပြည်တွင်းအုပ်ချုပ်ရေး အာဏာစက်ဟာ သိသိသာသာ ကျဆင်းလာတယ်။ နိုင်ငံတကာမှာကတော့ ဆိုစရာတောင် မရှိဘူး။ နောက်ဆုံး ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဖျက်သိမ်းဖို့ နယ်ခြားစောင့်တပ်လုပ်ဖို့ ဆိုတာတောင် မလုပ်နိုင်၊ မလုပ်ရဲတဲ့ အခြေအနေဖြစ်တယ်။ ဒီလို စစ်အုပ်စုရဲ့ နိုင်ငံရေးအာဏာစက်တွေ ယုတ်လျော့ကျဆင်းလာတာဟာ ပြည်တွင်း လူထုတိုက်ပွဲတွေကို အာရုံစိုက်နေရလို့ ဖြစ်ပါတယ်။ လူထုရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်တွေ၊ ဒီမိုကရေစီလိုလားတဲ့ ရပ်တည်ချက်တွေကြောင့် ဖြစ်ပါတယ်။ ဒါတွေကလည်း ဒေါ်အောင်ဆန်းစုကြည်၊ NLD၊ CRPP နဲ့ (၈၈) ကျောင်းသားခေါင်းဆောင်တို့ရဲ့ ဒီမိုကရေစီရေး မူအပေါ်မှာ ကြံ့ကြံ့ခံ ရပ်တည်ချက်တွေကြောင့် ဖြစ်တယ်။

သမိုင်းတဖြတ်အမြင်နဲ့ လူတတ်မလုပ်ချင်ကြနဲ့

ဒီနေ့ စစ်အုပ်စုဟာ အတုအယောင်ရွေးကောက်ပွဲနဲ့ ရုပ်သေးအစိုးရတခုကို သူ့စိတ်တိုင်းကျ ဖော်ဆောင်နိုင်ခဲ့တယ်။ ဒါပေမယ့် ဒါဟာသဏ္ဍန်အရသာ ပြောင်းလဲမှုဖြစ်တယ်။ အနှစ်သာရကတော့ ပြောင်းလဲနိုင်ခြင်း မရှိသေးပါဘူး။ ဒီမိုကရေစီတိုက်ပွဲထဲက မခိုင်တဲ့ ခေါင်းဆောင်တချို့ကို ဖျားယောင်းရွေးကောက်ပွဲဝင်စေပြီး လူထုကို မျက်လှည့်ပြဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ပါဘူး။ အနှစ်သာရဖြစ်တဲ့ ဒီမိုကရေစီအရေး လူထုတိုက်ပွဲတွေကို ချုပ်ငြိမ်းသွားအောင် မလုပ်ဆောင်နိုင်ပါဘူး။ ဒီမိုကရေစီအရေး ပန်းတိုင်ကို ဦးတည်နေတဲ့ ဗမာပြည်နိုင်ငံရေး ရေစီးကြောင်းကို တားဆီးနိုင်ခြင်း မရှိပါဘူး။
ဒီလို လူထုတိုက်ပွဲဝင် စိတ်ဓာတ်တွေ ဆက်လက်ရှင်သန်စေတဲ့ အချက်အလက်တွေထဲမှာ ခေါင်းဆောင်မှုက အဓိကခန်းမှာ ပါဝင်ပါတယ်။ ဒါကြောင့် စစ်အုပ်စုရဲ့ ဒီနေ့အရေးတကြီး လက်ငင်းတာဝန်ဟာ ဒီခေါင်းဆောင်မှုရဲ့ နိုင်ငံရေးသိက္ခာ၊ လူထုယုံကြည်ထောက်ခံမှုနဲ့ သြဇာကို ဖြိုဖျက်ရေး ဖြစ်ပါတယ်။ ဗမာပြည် နိုင်ငံရေးလောကမှာ သူတို့ အခန်းကဏ္ဍကို မှေးမှိန်ယုတ်လျော့စေရေးနဲ့ နောက်ဆုံး ချေဖျက်ရေးဖြစ်ပါတယ်။ စစ်အုပ်စုဟာ ဒီခေါင်းဆောင်မှု ဖြိုဖျက်ရေး မအောင်မြင်ယင် ခေါင်းဆောင်တွေကို ပြန်ဖမ်း အမှုဆင် ထောင်ချတဲ့နည်းနဲ့ ထိန်းချုပ်ဖို့ ဖြစ်ပါတယ်။ မကြာခင်လေးကမှ မိတ်ဆွေတယောက် ပို့လာတဲ့ အောင်ထက်အမည်ခံ နေဝင်းမောင်ရဲ့ စာတစောင်ဖတ်လိုက်ရပါတယ်။ အမဲလိုက်ခွေးရဲ့ မုဆိုးအချက်ပြ ဟောင်သံတခုလိုပါပဲ။ စာက ရေးယူပိတ်ဆို့ရေးနဲ့ ပါတ်သက်လို့ NLD ရဲ့ ကျေငြာချက်ကို ရှုတ်ချထားတယ်။ တရားခံအဖြစ် ဦးဝင်းတင်နဲ့ ဦးဉာဏ်ဝင်းကို အပြစ်ပုံချထားတယ်။ ဒါဟာ ဒီခေါင်းဆောင်တွေကို ဖမ်းဖို့ အချက်ပြထားတာဖြစ်တယ်။
ဒါကြောင့် ဒီလိုတိုက်ပွဲကာလမှာ ခေါင်းဆောင်မှုကို ဝေဘန်တယ်ဆိုတာ အလွန်အန္တရာယ်များပါတယ်။ ရန်သူကို အားပေးသလို ဖြစ်သွားတတ်ပါတယ်။ လိုအပ်စွာ ဝေဘန်မှု ပြုကြရင်လည်း သင့်တင့်လျှောက်ပတ်တဲ့ နည်းနာလမ်းကြောင်းအတိုင်းသာ ဖြစ်သင့်ပါတယ်။ စင်ပေါ်တက် ငါးစိမ်းသည်ရန်တွေ့သလို မဖြစ်သင့်ပါဘူး။ ပြီးတော့ ဟိုနိုင်ငံ၊ ဒီနိုင်ငံက အဖြစ်အပျက်တွေကြည့် သမိုင်းစာအုပ်ကလေး တအုပ်နှစ်အုပ်ဖတ်ပြီး ဝေဘန်ချက်ပေး၊ ကောက်ချက်တွေပေး ဆိုတာလည်း မဖြစ်သင့်ပါဘူး။ သမိုင်းတဖြတ်အမြင်နဲ့ ကောက်ချက်တွေချ၊ ဟောကိန်းတွေထုတ်၊ လမ်းညွန်ချက်တွေပေးနေတာဟာ တိုင်းပြည်အနာဂါတ်အတွက် အကျိုးထက် အဆိုးက ပိုများတတ်တဲ့အကြောင်း တင်ပြအပ်ပါတယ်။


ရဲဘော်ကျော်သန်း  (kyaw_than2004@yahoo.com)
၁၅.၂.၂၀၁၁

သမိုင်းတဖြတ်အမြင်နဲ့ လူတတ်မလုပ်ချင်ပါနဲ့ တိုင်းပြည်အနာဂါတ် အရေးမို့ပါ အပိုင်း (၁)

0 အကြံပြုခြင်း: