Saturday, March 19, 2011

ရေလှိုင်းကြားက ပုံရိပ်များ


Posted by admin on March 18, 2011

အမှန်ကိုဝန်ခံရရင် အဏ္ဏ၀ါပင်လယ်ပြင်က ဇာတ်လမ်းတွေကို ရေးရေးနေရတာ ကျနော့ကိုယ်ကျနော် သိပ်ပြီးလိပ်ပြာ မ လုံလှဘူး။ ကျနော်က ပင်လယ်ပြင်ကို တခေါက်နှစ်ခေါက်လောက်ပဲရောက်ဖူးတာ.. မဖြစ်စလောက် ကိုယ်တွေ့ဇာတ် လမ်းအချို့နဲ့ သူငယ်ချင်းတွေဆီက ကြားဖူးနားဝ ခပ်များများကို ရောသမမွှေပြီး ခပ်တည်တည်နဲ့ရေးနေတာလေ.. တ လောကရေးဖြစ်ခဲ့တဲ့ “ဒါကြောင့်ဒီလိုရေးဖြစ်တာ” စာမူလေးကို ကျနော့ထက်ပင်လယ်ပြင် အတွေ့အကြုံပိုများပြီး စိတ် လည်းချရတဲ့ သူငယ်ချင်းတဦးကို ပေးဖတ်ကြည့်တယ်။ မှားနေတာရှိရင်ပြင်ပေးပါ.. လိုနေတာ လေးတွေဖြည့် ပေးပါအုံး ဆိုပြီး သူကြိုက်တတ်တာလေးနဲ့ ပူဇော်ပသလိုက်မှ ဆရာသမားရဲ့နှုတ်ဖျားက ကျနော်မသိသေးတဲ့ သုတအာဝဇ္ဇန်းတွေ တဖြည်းဖြည်းချင်း လျှံကျလာတော့တယ်။ ဒီတပတ်တော့ သူ့လက်ယာ ကျနော့ ဆောင်းပါးပေါ့နော်။
ဒီလို ကိုနေမင်းသူရဲ့…
လောင်စာဆီ (ဒီဇယ်) ကို ခွဲဝေမှု ပိုင်းမှာ နောက်ဆုံးခံစားရတာတော့ ရေယာဉ်ပေါ်က စီအို(စစ်ရေယာဉ်မှူး) အစ တပ် သားအဆုံးပါပဲ၊ကျနော်တို့ရေယာဉ်အတွက်ဆီကို ဓနိတော(ရေနံရုံး)ကပဲ ထည့်ထည့်၊ တပ် Tanker ကပဲထည့်ထည့် 10% အလျော့တွက်ကို မလက်ခံမနေရ လက်ခံခဲ့ရတာပါ၊ ၁၀၀၀၀ ထည့်ရင် ၁၀၀၀ လျော့မှာ ကျိန်းသေတယ်၊ စီအို လုပ် တဲ့လူကလည်း ဒါကို ဘာကြောင့် လျော့တာလဲလို့ မမေးရဲဘူး၊ (မေးခဲ့ရင်လည်း အဲဒီ့လူဟာ စီအိုအသစ်စက်စက်ဖြစ်မှာ ပါ) Tanker တွေမှာ အငွေ့ပျံနှုန်းကို ရာခိုင်နှုန်းအလိုက်တွက်ချက်ပြီးချပေးထားပြီးသားပါ၊ ခုနပြောတဲ့ 10% ကတော့ အထက်လူကြီးတွေ အဆင့်ဆင့်ရဲ့ ခံစားခွင့်ကို သဘောတူ-တူ၊ မတူ-တူ၊ ကျိတ်မှိတ်ပြီး ပေးလိုက်ရုံပါ။

ဒီလို အလျော့တွက်နဲ့ရဖို့တောင် တော်တော်လိုက်ယူရတာ၊ ကိုယ့်ရေယာဉ် အောက်ဂွင် (တရခ) ဘက် ဆင်းဖို့ကိုရိုက်ရ တာ၊ ပူဇော်ပ သရတာ အမော၊ ဘယ်လောက်ပဲရရ ပင်လယ်ပြင်မှာ ပြန်ရှာမယ်။ ထွက်ရရင်ပြီးရောဆိုတဲ့ စိတ်တွေ စီအို ၁၀ ယောက်မှာ ၆ ယောက်လောက် ကိန်းအောင်းနေပြီးသားပါဗျာ..
ဒီတော့ … စီအို လှုပ်ရှားရင် ရှာကျွေးတယ်လို့ ကျနော်တို့က ကောက်ချက်ချပြန်ရော ရန်ကုန်က မထွက်ခင်ကတည်းက ဆီအပေါ်မှာ အရှုံးပေါ်ခဲ့တယ်၊Crew (ရေယာဉ်ပေါ်ရှိ အရာရှိစစ်သည်များ) အားလုံး (လူ-၆၀ ) ကျော်အတွက် ၃ လစာ လောက် ရိက္ခာစို၊ ခြောက်ဖန်တီးရတယ်၊ လိုအပ်မယ်ထင်တာတွေ တင်သွားရတယ်၊ စက်ခန်းအတွက်လည်း အီးအို (စက်မှုလက်မှု အရာရှိ) လုပ်သူ လိုအပ်တာတွေ အပြင်က၀ယ်ပေးရတယ်။ ရပပ (ရေတပ်ပင်မပစ္စည်းထိန်းတပ်) က ပေး မှသာ စက်ကောင်းမယ်ဆိုရင် အင်ဂျင်တွေအားလုံး ကြက်တန်းမှာ ပုံနေရောပေါ့၊ အဲ ဒီတခေါက်ပြီးရင် နှစ်ပတ်လည် လွန်းတင်ရမယ်ဆိုလို့ကတော့၊ ဒီတခေါက် ပင်လယ်ပြင်ထွက်တဲ့စစ်သည်များအားလုံး လုပ်အားပေးလို့သာ သဘောထား ကြပါတော့ဗျာ။
အဲဒီလို အခက်အခဲတွေကြားထဲက ပင်လယ်ပြင်ထွက်လာတဲ့ စီအို တယောက်ဟာ သူ့အတွေ့အကြုံ၊ သူ့ဆုံးဖြတ်ချက်က Crew အားလုံးရဲ့ Welfare ပါပဲဗျာ တခါတလေ သူ့ကို အထိခိုက်ခံပြီး ရှာကျွေးတဲ့ စီအို တွေ့ဘူးသလို၊ ရှေ့က တန်ကေး ဖြတ်သွားတာတောင် မလိုက်တဲ့ စီအိုလည်း တွေ့ဖူးတယ်၊ အထူးသဖြင့် မကြာမီကာလမှာ ရာထူးတိုးတော့မယ့် စီအို ဆို ရင် Crew တွေ ငိုဖို့သာပြင်ထား ပေတော့ဗျာ မလုပ်၊ မရှုပ်၊ မပြုတ် ဆိုတဲ့ စီအို ဦးဆောင်တဲ့သင်္ဘောမှာ ကျနော် နေဖူး တယ်။
တစီးထဲနေရင် သိတ်မသိသာဘူး၊ ဟိုး ဇာဒက်ကြီးဘက်မှာ၂ စီးပူးပြီး ခဏချည်ထားတော့ ကျနော်တို့ သင်္ဘောက ဟို ဘက် သင်္ဘောထက်စာရင် တော်တော်ပေါ့နေတယ်။ ရေယာဉ် ၂ စီးလုံးက အလျား၊ အနံ၊ ရေစူးအတူတူ၊ ဟိုဘက်က သူ ငယ်ချင်းတွေ မေးကြည့်မှ သူတို့တွေ တော်တော်ခိုင်နေပြီဆိုတာ သိလိုက်ရတယ်။ ရေထဲမှာတောင် ၂ ခါလောက် ဝေပြီး ပြီဆိုလားပဲ၊ ကျနော်တို့လည်း ၂ ခါတော့ဝေပြီးပြီ။ (ညနေပိုင်း တန်ပူလာ(bingo ကဲ့သို့ ကစားနည်းတမျိုး) ကစားဖို့ တ ယောက် ၁၀၀၀ လောက် ထုတ်ပေးတာကို ပြောတာ)  အဲဒီလို ကွာတာ….။
ခုန ကျနော် ပြောခဲ့သလို စီအိုတယောက်ရဲ့ ဆုံးဖြတ်ချက်၊ အတွေ့အကြုံ ဆိုတာ တစီးလုံးရဲ့ကံကြမ္မာ ရေဒါထဲမှာတွေ့နေ ပြီ၊ ငါးလှေရဲ့ သွားနှုန်းကိုလည်း ရေဒါနဲ့ထောက်ထားတာ တနာရီ ၃ မိုင်နှုန်း (ငါးဖမ်းပိုက်ဆွဲနေရင် သွားတဲ့အရှိန်ကိုပြော တာ)၊ ကျန်တဲ့လူတွေကလည်း လိုက်ချင်ကြတယ်၊ ကံစမ်းကြည့်မယ်ပေါ့။ ဒီလိုအချိန်မှာ စီအိုက မလိုက်ရင် (လွတ်တဲ့ ကားချောင်တယ် ပြောကြအုံးမယ်)၊ ကဲ.. လိုက်ပြီဗျို့ အနီးရောက်မှ ငါးဦးစီးတို့ ပုလဲ နှင့် ငါး က သင်္ဘောတို့ ဖြစ်နေတတ် တယ်။ အိတ်ထဲက ပါသွားပြီလေ နောက် တကြိမ်လိုက်ဖို့ဆိုတာ တော်တော်ချင့်ချိန်သွားရပြီ။ On Paper တွေလည်း များ နေပြီ (မသင်္ကာဖွယ်ရာပစ်မှတ်တွေ့၊ လိုက်လံချေမှုန်းလျက်ရှိ) အရင်းရဖို့ မနည်းကြံဖန်ရတာတွေ ….။
ကိုနေမင်းသူရေ…
ရန်ကုန်ကနေ အရှုံးနဲ့ ရင်းလာရတဲ့ ရေယာဉ်တစီးဟာ သေချာတာတော့ စစ်တောင်းသင်္ဘောလုပ်တာ။ ဟုတ်တယ်၊ ကိုယ်နေရတဲ့ နေရာမှာ မှန်ရိုက်လိုက်၊ မီးရိုက်လိုက်နဲ့ တော်တော် အလုပ်ဖြစ်တာ၊ တခါတလေတော့လည်း လိုအပ်ရင် မိုးပေါ်ထောင်ဖောက်လိုက်မှ မမြင်ချင်ယောင်ဆောင်နေတဲ့ ငါးလှေဟာ ချာကနဲပဲ၊ ကိုယ့်ဆီရောက်လာတယ်။ အနီး ရောက်လာတာနဲ့ ဘီယာတဖာ၊ ငါးတတောင်းကတော့ ကျိန်းသေတယ်၊ (လှေဂရံ၊ စက်ဂရံ၊ လှေလုပ်သားလိုင်စင်၊ မှတ် ပုံတင်) အားလုံးစစ်၊ ပြီးတော့မှ လိုအပ်တာတောင်းတော့တာပဲ၊ ရေခဲများလား၊ ငါးများလား၊ ထွက်တာဘယ်လောက်ကြာ ပြီလဲ၊ ရှမ်းတန်ကေး (ယိုးဒယားငါးခိုးလှေ) တွေ့လားပေါ့၊ သူတို့ကလည်း ငြီးလိုက်တာ ခိုလေးတွေကျနေတာပဲ၊ နောက် ဆုံးတော့ ဈေးတည့်သွားတာပါပဲ။ အဲဒီလို ပုံမှန်စစ်ပေးတော့ Crew တွေလည်း အူစိုတယ်။ ကွမ်းသမားလည်း ကွမ်းရွက် ကအစ တောင်းကြတယ်၊ ဆေးလိပ်က ပင်လယ်ပြင်မှာ ကြာရင် အတိုကောက်သောက်ရတာလေ..
ကျနော် လှေစစ်ရင်း ကြုံလာတဲ့ အကြောင်းတွေတော့ အများကြီးပဲ။ တခါတလေ ကြုံရတာရှိသေးတယ်၊ မြန်မာလှေ၊ မြန် မာပဲ့နင်း၊ လှေသားအားလုံးလည်း မြန်မာတွေချည်းပါပဲ။ ဒါပေမယ့် လှေပေါ်မှာအလုပ်မလုပ်နိုင်တဲ့ ကောင်လေး(အသက် ၂၀) လောက် ကလေး၂ ယောက်ကို ထမင်းမကျွေးဘူးဗျာ သူတို့လေးတွေ လဲနေပြီ၊ ကျနော်တွေ့တော့ မေးကြည့်တယ်။ လှေစာရေးနဲ့ ပဲ့နင်းက သူတို့ ဟန်ဆောင်ပြီး အလုပ်မလုပ်တာတဲ့၊ အခြားလှေသားတွေကို ကျနော်တို့ ရေယာဉ်ပေါ်ကို ခေါ်ပြီးမေးမှပဲ ရှင်းတော့တယ်၊ ပဲ့နင်းနဲ့ လှေစာရေးပေါင်းပြီး အနိုင်ကျင့်တာ။ (ရှမ်းလှေမှာဆိုရင်ဒီထက်ပိုဆိုးသေး အ သက်တချောင်း လောင်းကြေးထပ်ပြီး လိုက်ရတာတဲ့) သူတို့ လှေပေါ်မှာစက်သွယ်ရေးစက်လည်း ရှိတယ်တဲ့၊ စိန့်ကလဲ ယားရှိုးဘက်မှာ ဂျမ်းကောင် (ရှမ်းတန်ကေး) တွေဆီ ကို ငါးရောင်းနေကျဆိုပဲ

ဘယ်လိုလုပ်မလဲ ကိုနေမင်းသူရေ… ကြီးနိုင်ငယ်ညှင်းက
ရေထဲမှာပိုဆိုးတယ်ပြောရမယ်၊ အဲဒီလို လက်ပြဲကြီးထဲမှာ ကျနော်တို့ကိုအုပ်ချုပ်တဲ့ စီအိုကလည်း အစွန်းမရောက်အောင် ရှာကျွေးရတယ်၊ (သူလည်း တရားဝင်  ရှယ်ယာ ၅ ဆ ရတာကိုး)။ ဒီတော့ ရရင် ရသလို နွှာတယ်။ ခွါတယ်၊ ဒါမှလည်း အရင်းကျေမှာကိုး နောက်ဆုံးတော့ခံရတာ ပင်လယ်ပြင်မှာ လုပ်စားနေတဲ့ လုပ်သားပြည်သူပါပဲ၊ အထက်အဆင့်ဆင့်က ခေါင်းပုံဖြတ်လာတဲ့၊ အညွန့်ခူးစားလာတဲ့  ဇာတ်လမ်းက နောက်ဆုံးလက်နက်ကိုင်ထားတဲ့၊ လိုင်စင်ရ ပင်လယ်ဓါးမြ (ကျ နော်တို့လက်ထဲမှာ အဆုံးသတ်တယ်)။
ရေတပ်သင်္ဘော အတောင်းအရမ်းထူတယ်ပဲ အသံထွက်တာပါလေ။ ခေတ်ကြီး တခုလုံး၊ စနစ်ကြီးတခုလုံးက ဒီလို ရှာ စားရအောင် သင်ပေးနေတာ၊ ဒီလို ဇာတ်လမ်းတွေ ဘယ်တော့မှများရပ်ပြီး Smart ကျကျ ယူနီဖောင်းနဲ့ ပြည်သူတွေ လေးစားချစ်ခင်လာတဲ့၊ အိမ်နီးချင်းနိုင်ငံတွေက ရေတပ်တွေ လေးစားလောက်တဲ့ ခေတ်မီရေတပ်ကြီး ဘယ်တော့ဖြစ် လာမလဲဆိုတာ စောင့်ကြည့်ရင်း ကျနော်တို့ရဲ့ရေထဲကဇာတ်လမ်းတွေကိုလည်း ရေထဲမှာပဲ အဆုံးသတ်ပစ်လိုက်ချင် တယ်ဗျာ။
ကျနော့သူငယ်ချင်းကတော့ သူကြုံတွေ့သမျှ ရေလှိုင်းကြားက ဘ၀အထွေထွေကို အိတ်သွန်ဖာမှောက် ဖွင့်ချသွားပါပြီ။ ကျနော်တို့တတွေ အခုလို ကိုယ့်အထုပ်ကိုယ်ဖြည်ပြနေတာဟာ ပြည်သူလူထုနဲ့ နားလည်မှု တည်ဆောက်ချင်လို့ပါ။ ပြော ပြမှ သိခွင့်ရမယ်။ သိပြီးမှလည်း နားလည်စာနာတတ်လာမယ်။ နောက်ဆုံးမှာ ပြဿနာရဲ့ လက်သည်တရားခံ ဘယ်သူ လဲဆိုတာ ရှင်းရှင်းလင်းလင်း သိမြင်လာနိုင်ကြမယ်လို့ အကောင်းမြင်သဘောနဲ့ မျှော်လင့်မိပါတယ်။
နေမင်းသူ
http://www.naytthit.net/?p=10663

0 အကြံပြုခြင်း: