Monday, April 4, 2011

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့ သံချပ်ခွေ ထွက်ပြီ

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့ သံချပ်ခွေ ထွက်ပြီ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။      ။ “ငုံ့မခံရဖို့ တုံ့ပြန်ကြစို့” အမည်ရ မြန်မာ့ရိုးရာ အတာသင်္ကြန် သံချပ်ခွေကို အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများက တနင်္ဂနွေနေ့၌ စတင်၍ ထုတ်ဝေ ဖြန့်ချိလိုက်သည်။

ကဗျာဆရာ မြတ်ထက်၊ ဆရာတော် ဦးဓမ္မ၊ ကိုနိုင်သူထွန်း (ဂျပန်)၊ ဒေါက်တာ ဇော်ဝင်းအောင်၊ ကိုနန္ဒတင့်ဆွေ၊ ထွန်းတောက်၊ ကိုမျိုးသိဏ်းနှင့် စစ်ဝေး ရေးသားကာ ကျောက်မဲ (ကျော်ကြီး) စီစဉ်ပြီး၊ အိန္ဒိယအခြေစိုက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ လူငယ် ၃ဝ ခန့် သီဆိုအားဖြည့်ထားသော ၁၃ ကြိမ်မြောက် သံချပ်ခွေ ဖြစ်သည်။



 
final
“ငုံ့မခံရဖို့ တုံ့ပြန်ကြစို့” အမည်ရ မြန်မာ့ရိုးရာ အတာသင်္ကြန် သံချပ်ခွေ ကာဗာ


“အန်တီစုက နေပြီးတော့၊ အမေစုပေါ့။ အမေစုကနေ အဖွားစု ဖြစ်တဲ့အချိန်ထိ စောင့်မျှော်နေကြဦးမှာလား။ စစ်အာဏရှင်တွေက ပြည်သူတွေကို စစ်ကျွန်ပြုဖို့အတွက် သူတို့ စိတ်ကြိုက် ဥပဒေ ရေးဆွဲပြီးတော့၊သူတို့ စိတ်ကြိုက် လွှတ်တော်ခေါ်ပြီးနေပြီ။ ကျနော်တို့အနေနဲ့ အစိုးရအသစ်ကို နည်းသစ်တွေနဲ့ တိုက်ဖို့ အချိန်ကျပါပြီ။ ဒါကြောင့် ငုံ့ခံနေလို့ကဖြင့် တသက်လုံး စစ်ကျွန်ဖြစ်နေဦးမယ်။ ဒါကြောင့်မို့လို့ ငုံ့မခံရဖို့ တုံ့ပြန်ကြဖို့ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ သံချပ်ထုတ်ဝေလိုက်ခြင်း ဖြစ်ပါတယ်" ဟု စီစဉ်သူ ကျောက်မဲကျော်ကြီးက မဇ္ဈိမကို ပြောသည်။



သံချပ်တွင် အဖွင့် ဒိုးပတ်သံ၊ တိုင်းပြည် အခြေအနေ၊ လွှတ်တော် အခြေအနေ၊ သာသနာရေး၊ အလုပ်သမား၊ လူထုကွန်ယက်၊ မီဒီယာနှင့် တိုက်ပွဲခေါ်သံ ကဏ္ဍများကို ခေါင်းစဉ်ငယ်များဖြင့် သံချပ်ထိုးထားပြီး မြန်မာ့ခေတ်ပေါ် သီချင်း သံစဉ်များတွင် နအဖ စစ်အာဏာရှင်တို့၏ လုပ်ရပ်ဆိုးများကို လှောင်ပြောင်ဖွင့်ချထားသည့် စာသားများ ထည့်သွင်းကာ သီဆိုထားကြသည်။

"ထူးထူးခြားခြားဆိုလို့ ၁၅ မိနစ် လွှတ်တော်အကြောင်းကို ရေးသားထားပါတယ်။ မြန်မာပြည်မှာ မီဒီယာလွှတ်လပ်ခွင့် မရှိတဲ့အကြောင်း၊ မီဒီယာသမားတွေအကြောင်း ရေးထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ခေါ်တဲ့ လူထုကွန်ယက်၊ ပညာရှင်များ ကွန်ယက်တွေအကြောင်း ဖော်ပြထားပါတယ်။ ခါတိုင်းနှစ်တွေနဲ့ မတူတာကတော့ မေတ္တာပို့ကဏ္ဍမှာ ဂျပန် ငလျင်ဖြစ်သွားတဲ့ ပုဂ္ဂိုလ်တွေပါ စိတ်ရောကိုယ်ပါနဲ့ ထည့်သွင်းမေတ္တာပို့ထားပါတယ်" ဟု ကျောက်မဲကျော်ကြီးက ဆိုသည်။



လူထုကွန်ယက်ကဏ္ဍတွင် “တပ်မတော်သားတို့ ပါဝင်ပါ ….. မြန်မာ့တပ်မတော် သိက္ခာဆည်ဖို့၊ ပြည်သူအပေါင်းတို့ ပါဝင်ပါ …. ခေတ်စနစ်ဆိုးက လွတ်မြောက်စေဖို့၊ ကွန်ယက်ပေါင်းစုံ ဝိုင်းဝန်းတိုက် ….. စစ်အာဏာရှင် သန်းရွှေ လူမိုက်၊ ကွန်ယက်ပေါင်းစုံ စုစည်းကြ ….. ငုံ့မခံရဖို့ တုံ့ပြန်ကြစို့၊ စစ်အာဏာရှင် နိဂုံးဘဝ ……. ငုံ့မခံရဖို့ တုံ့ပြန်ကြစို့’’ ဟု ရေးထားသည်။

သံချပ်ရေးရာတွင် ပါဝင်ခဲ့သူ ကိုနန္ဒတင့်ဆွေက “အရင်တုန်းက သံချပ်တွေမှာ ဆရာမြတ်ထက်က ရေးခဲ့တယ်။ အခု ဆရာမြတ်ထက် ကျန်းမာရေး မကောင်းလို့ မရေးနိုင်တဲ့ အချိန်မှာ မြတ်ထက်မရှိလို့ သံချပ်မရှိဘူးဆိုတဲ့ အဖြစ်မျိုး မရောက်စေချင်ဘူး။  မြတ်ထက် မရှိလည်း သူ့တပည့်တွေ ရှိတယ်၊ သူ့သူငယ်ချင်းတွေ ရှိတယ်။ အဲဒီ လူတွေက ဆက်လုပ်သွားမယ်” ဟု ပြောသည်။



လွှတ်တော် ကဏ္ဍထဲတွင် ’’ဆင်ကြီးဖမ်းမယ်၊ ကျားဖမ်းမယ် … လွှတ်တော်ကိုယ်စားလှယ် မဲဆွယ်ကြုံးဝါး၊ တိုက်မယ် ဖိုက်မယ် လွှတ်တော်ထဲ ……. ရယူခဲ့တယ် ဆန္ဒမဲ၊  လွှတ်တော်ထဲကို ရောက်တဲ့ခါ …. သူတို့တိုက်တာ လွှတ်တော် ကြမ်းပဲ၊ ကြမ်းတိုက်အမတ်များ ညည်းညူသံ …’’ ဟု ရေးသားထားသည်။

“ဒီသံချပ်ကို နားထာင်နေကြတဲ့ မြန်မာနိုင်ငံက နိုင်ငံသူနိုင်ငံသားတွရော၊ နိုင်ငံတကာမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသား အားလုံးအတွက်က သိပ်ပြီးတော့ အရသာရှိတယ်၊ ခွန်အားတွေ ဖြစ်တယ်၊ စိတ်ဓာတ်တွေ တက်ကြတယ်။ ဘာကြောင့်လဲဆိုရင် ဒီသံချပ်ထဲမှာ ပါဝင်တဲ့ ရေးသားထားတဲ့ ကဏ္ဍ အားလုံးဟာ မြန်မာပြည်တွင်းမှာ သီဆိုခွင့် မရ၊  ကြားခွင့် မရ၊ နားထာင်ခွင့် မရတဲ့အတွက် အားလုံးဟာ ခုံခုံမင်မင်နဲ့ ဒီသံချပ်ကို လေးလေးစားစားနဲ့ နားထောင်ကြတယ်” ဟု နယူးဒေလီ ၈ လေးလုံးကျောင်းတိုက်တွင် သီတင်းသုံးနေသည့် ဆရာတော် ဦးအဲမွန်က ပြောသည်။

အမျိုးသားညွှန့်ပေါင်းအစိုးရ ဝန်ကြီး ဒေါက်တာတင့်ဆွေက “သံချပ်ဆိုတဲ့သူတွေ၊ တီးတဲ့သူတွေ သိသိသာသာ အသစ်တွေ တိုးလာတယ်။ လူသစ်တွေ ဖြစ်သလို အရွယ်အားဖြင့် ငယ်ကြပါတယ်။ အိန္ဒိယသံချပ် သမိုင်းကို ကြည့်မယ်ဆိုရင် မြန်မာပြည် ဒီမိုကရေစီအရေးကို ရောင်ပြန်ဟပ်နေပါတယ်။…. လာမယ့် မြန်မာနှစ်သစ်က စပြီးတော့ အသစ်လူတွေ၊ အသစ် အတွေးအမြင်တွေ၊ အသစ် လုပ်နည်းလုပ်ဟန်တွေ၊ အသစ် လိုအင်ဆန္ဒတွေနဲ့ သွားမှသာလျှင် လိုချင်တဲ့ ဒီမိုကရေစီအရေးဟာ မှန်ကန်ပြီးတော့ သစ်လွင်တဲ့ နည်းနာတွေနဲ့ အောင်မြင်ရာ၊ အောင်မြင်ကြောင်းကို သယ်ဆောင်နိုင်လိမ့်မယ်လို့ ယူဆပါတယ်” ဟု ပြောဆိုသည်။

သံချပ် စီဒီခွေ ၅ဝဝ ကို အိန္ဒိယနိုင်ငံတွင် ထုတ်ဝေပြီး ထိုင်းနိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများကလည်း ဆက်လက်ကူးယူကာ မြန်မာအတာသင်္ကြန် ပွဲတော်အမီ ပြည်တွင်းပြည်ပသို့ ဖြန့်ဝေသွားမည်ဖြစ်သည်။
http://www.mizzimaburmese.com/news/regional/7329-2011-04-04-06-54-51.html


0 အကြံပြုခြင်း: