Wednesday, April 27, 2011

မြောက်ကိုရီးယားဒုံး မြန်မာဒုံး

ဗမာပြည်က ကမ္ဘာ့အပယ်ခံ အာဏာရူး နအဖ-ကြံ့ဖွတ်စစ်အစိုးရဟာ ကမ္ဘာ့အပယ်ခံ အာဏာရူး မြောက်ကိုးရီးယား နိုင်ငံဆီက တာတို-တာလတ်-တာဝေးပစ်ဒုံးပျံတွေကို အလုံးလိုက်ရော နည်းပညာပါ ဝယ်ယူနေတာ ဖုံးမရဖိမရ ပေါ်နေ ပါတယ်။ မြောက်ကိုးရီးယားလို အနုမြူလက်နက်၊ ဒုံးပျံလက်နက်တွေ ပြည်တွင်းမှာ ထုတ်လုပ်ပိုင်ဆိုင်ချင်တဲ့စိတ်က တားမနိုင်ဆီးမရ အာသာငမ်းငမ်းဖြစ်နေပါတယ်။ တခြားလူလည်ကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ရုရှားတို့ကတော့ ဒုံးပျံ သေးသေးမွှားမွှားတွေဘဲ ရောင်းတာ၊ လိုင်စင်ပေးတာ လုပ်ပြီး အရေးပါတဲ့နည်းပညာပိုင်းကို သျှိုထားကြတဲ့အတွက် စစ်အစိုးရဟာ ဒုံးပျံကြီးတွေအတွက်နည်းပညာရဖို့ မြောက်ကိုးရီးယားကိုဘဲ အားကိုးရပါတော့တယ်။
ဒီတော့ နအဖ အားကိုးနေတဲ့ မြောက်ကိုးရီးယားရဲ့ ဒုံးပျံအဆင့်အတန်းကို ဆန်းစစ်ကြည့်ဖို့ လိုလာပါတယ်။ မြောက် ကိုးရီးယားမှာ အခုဆိုရင် တာဝေး တာလတ် တာတိုပစ်ဒုံးပျံ ၈၀၀ လောက်ကိုပိုင်နေပါတယ်။ မြောက်ကိုးရီးယားဟာ ၁၉၆၉ မှာ ရုရှားနိုင်ငံက ဒုံးပျံသေးသေးတွေစရခဲ့ပါတယ်။ ပိုကြီး ပိုကောင်းတဲ့ စကဒ်ဒုံးပျံတွေကိုတော့ ၁၉၇၆ ခုမှာ အိဂျစ်နိုင်ငံကရခဲ့တယ်လို့ လေ့လာသူတွေက ယူဆကြပါတယ်။ ၁၉၈၄ ခုရောက်တော့ မြောက်ကိုးရီးယားဟာ ကိုယ်ပိုင် စကဒ်-ဘီ ဒုံးပျံတွေထုတ်လုပ်နေရုံတင်မက စကဒ်-စီ နဲ့ နိုဒွန် တာလတ်ပစ်ဒုံးပျံကို ထုတ်လုပ်နေပြီဖြစ်ပါ တယ်။ အခုနောက်ဆုံးမှာတော့ တေပိုဒွန် တာဝေးပစ်ဒုံးပျံ ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။
မြောက်ကိုးရီးယားရဲ့ အငယ်ဆုံးဒုံးပျံက တာတိုပစ် (ကီလိုမီတာ ၁၀၀ ကျော်ရုံ) ကေအဲန်-၀၂ နဲ့ ကေအဲန်-၀၁ ဖြစ်ပြီး သူ့ဒုံးပျံအားလုံးထဲမှာ ပစ်မှတ်ကို အတည့်ဆုံးပစ်နိုင်တဲ့ဒုံးဖြစ်ပါတယ်။ စကဒ်-ဘီ နဲ့ စကဒ်-စီတို့ကတော့ တာလတ်ပစ် ဒုံးပျံများဖြစ်ပြီး ကီလိုမီတာ ၃၀၀ နဲ့ ၅၀၀ အထိရောက်နိုင်ပါတယ်။ ဒီဒုံးတွေကိုတော့ နှစ်ပေါင်းများစွာစမ်းသပ်ခဲ့၊ ချို့ယွင်းချက်တွေ ပြုပြင်ခဲ့လို့ စိတ်ချရတဲ့သဘော ရှိပါတယ်။ ဒါပေမဲ့ နျူကလီးယားထိပ်ဖူးတော့ မသယ်နိုင်ပါဘူး။ စကဒ်ဒုံးတွေဟာ ပစ်မှတ်မတည့် ပေမဲ့ အသံထက်မြန်တဲ့အလျင်နဲ့ ကျရောက်တဲ့အတွက် လူထုကြားမှာ အမြောက်ဆံ မော်တာ ဗုံးတွေလို ရှေ့ပြေးအသံ မကြားလိုက်ဘဲ ရုတ်တရက်ပေါက်ကွဲမှုကြောင့် စိတ်ဓာတ်ရေးရာခြောက်ခြားမှုတော့ ဖြစ်စေနိုင်ပါတယ်။ (စကဒ်ဒုံးပျံတွေကို အီရန်-အီရတ်စစ်ပွဲမှာ နှစ်ဖက်စလုံးသုံးခဲ့ကြတာ စစ်ပွဲရလဒ်ကို အဆုံးအဖြတ် မပေးနိုင်ခဲ့ပါဘူး။ ဒုတိယကမ္ဘာစစ်မှာလဲ ဟစ်တလာရဲ့ ဂျာမဏီနိုင်ငံက စကဒ်နဲ့ဆင်တူတဲ့ ဗွီ-၂ ဒုံးပျံတွေနဲ့ အင်္ဂလန် နိုင်ငံကို တိုက်ခဲ့ပေမဲ့ ထိရောက်မှုနည်းခဲ့ပါတယ်။ အာဖဂန်နစ္စတန်စစ်ပွဲမှာ ရုရှားက စကဒ်ဒုံးပျံတွေ အကြီးအကျယ် ပုံအောသုံးခဲ့ပေမဲ့ နောက်ဆုံးမှာ အစ္စလမ်တော်လှန်ရေးသမားတွေဘဲ အောင်ပွဲခံသွားခဲ့ပါတယ်။)
ကီလိုမီတာ ၁၃၀၀ ပစ်နိုင်တဲ့ နိုဒွန် (စကဒ်-အီး) ဒုံးပျံဟာ နျူကလီးယားထိပ်ဖူးသယ်နိုင်စွမ်းရှိပေမဲ့ ၂ ခါဘဲစမ်းသပ် ဖူးပါတယ်။ စမ်းသမျှပစ်မှတ်ကိုမတည့်ဘဲ လွဲပါတယ်။ ဆိုလိုတာက စကဒ်ဒုံးတွေဟာ စစ်ဖက်ပစ်မှတ်တွေကို တိတိ ကျကျမထိနိုင်ဘဲ မကောင်းသူထိပ် ကောင်းသူထိပ် အဖြစ် အရပ်သားတွေအပေါ်ကျဖို့ အလားအလာများပါတယ်။
တေပိုဒွန်-၁ (စကဒ်-အက်ဖ်) ကတော့ ကီလိုမီတာ ၂၉၀၀ ပြေးပြီး ပစ်မှတ်မတည့်တဲ့နေရာမှာ နိုဒွန်ထက်ပိုဆိုးပါတယ်။ ဒါ့အပြင် ဒီဒုံးပျံကို ရွှေ့ပြောင်းပစ်ခတ်လို့လဲမရ၊ မပစ်ခင်ပြင်ဆင်မှုကိုလဲ အချိန်တော်တော်ယူလုပ်ရလို့ တဖက်ရန်သူက ထောက်လှမ်း သိရှိသွားနိုင်ပါတယ်။
ကီလိုမီတာ ၁ သောင်းအထိ (အမေရိကန်နိုင်ငံအထိ) ရောက်အောင် ပစ်နိုင်တဲ့ တေပိုဒွန်-၂ ကလဲ ပစ်စင်အသေနဲ့ ပစ်ရပြီး အခုထိ အောင်မြင်တာ မတွေ့သေးပါဘူး။ တေပိုဒွန်-၂ ဒုံးပျံကို ၂၀၀၆ ခုမှာ ပထမဆုံးစမ်းသပ်ပစ်လွှတ်တာ ဂျပန်နိုင်ငံကိုသာ ကျော်လွန်ခဲ့ကာ ပျက်ကျခဲ့ပြီး ၂၀၀၉ ခုမှာ ဂြိုလ်တုလွှတ်တယ်လို့ အကြောင်းပြဖုံးကွယ် စမ်းသပ် တာလဲ စိတ်တိုင်းကျ အောင်မြင်ပုံမရှိပါဘူး။
မြောက်ကိုးရီးယားနိုင်ငံဟာ နျူကလီးယားဗုံးကို တီထွင်ထုတ်လုပ်ထားနိုင်ပြီဖြစ်ပေမဲ့ ဒီဗုံးကို ဒုံးကျည်မှာထိပ်ဖူးအဖြစ် တပ်လို့ရအောင် ကီလိုဂရမ် ၁၀၀၀ အောက်အထိ အရွယ်ချုံ့ဖို့လိုနေပါသေးတယ်။ တီထွင်စနျူကလီးယားဗုံးတွေဟာ ကီလိုဂရမ် ၄၀၀၀-၅၀၀၀ ရှိတတ်ပါတယ်။ အမေရိကန်၊ ရုရှားတို့ဟာ အဲသလို အရွယ်အစားချုံ့နိုင်ဖို့ ၈ နှစ် လောက်ကြိုးစားခဲ့ရပါတယ်။ အမေရိကန်နိုင်ငံကလုပ်ထားတဲ့ အသေးဆုံးနျူကလီးယားဗုံးကတော့ ၂၃ ကီလိုဂရမ် (ပေါင် ၅၀) ရှိပြီး ကျောပိုးအိတ်ထဲထည့်သွားလို့ ရပါတယ်။ (တပ်ချုပ်ကြီး ဦးသန်းရွှေပြောတဲ့ ဥသျှစ်သီးအရွယ်တော့ အမေရိကန်-ရုရှား-တရုတ်တို့ မလုပ်နိုင်သေးပါဘူး) ဒီအရွယ်ရောက်ဖို့တောင် ၁၉၄၅ ခုကနေ ၁၉၆၂ ခုအထိ အားထုတ် ခဲ့ရပါတယ်။ ဒါပေမဲ့ ပြင်းအားကတော့ ၈ ထပ်တိုက်ကြီး ၅ လုံးလောက်ဖြိုနိုင်တဲ့အဆင့်ဘဲရှိပါတယ်။
ဒါကြောင့် မြောက်ကိုးရီးယားဒုံးပျံအဆင့်အတန်းကို သုံးသပ်ရရင် မြောက်ကိုးရီးယားဒုံးတွေဟာ နည်းဗျူဟာအဆင့် (တာတို အဆင့်) ဘဲ တစုံတရာအလုပ်ဖြစ်ပြီး မဟာဗျူဟာအဆင့် (တာလတ်၊ တာဝေး) မှာတော့ ပြီးပြည့်စုံဖို့ နောက်ထပ် ၁၀ နှစ်လောက် လိုနိုင်ပါသေးတယ်။
နအဖဟာ ၅ ကီလိုမီတာအဝေးအထိပစ်နိုင်တဲ့ ရုရှား/ယူကရိန်း/ဘူလ်ဂေးရီးယားလုပ် 'အစ်ဂလာ' ပုခုံးထမ်း လေယာဉ် ပစ်ဒုံး၊ ၅ ကီလိုမီတာအဝေးထိပစ်နိုင်တဲ့ တရုတ်လုပ် ဆမ်-၇ ပုခုံးထမ်း လေယာဉ်ပစ်ဒုံး၊ ၂၄ ကီလိုမီတာအဝေးအထိ ပစ်နိုင်တဲ့ ရုရှားလုပ် 'ကပ်ဘ်' (ဆမ်-၆) ယာဉ်တင် လေယာဉ်ပစ်ဒုံး၊ ၃၅ ကီလိုမီတာအဝေးထိပစ်နိုင်တဲ့ ရုရှားလုပ် ပက်ချော်ရာ-၂ အမ် (ဆမ်-၃) လေယာဉ်ပစ်ဒုံး၊ ၅၀ ကီလိုမီတာအဝေးထိပစ်နိုင်တဲ့ ရုရှားလုပ် ယာဉ်တင် 'ဘပ်က်' (ဆမ်-၁၁) လေယာဉ်ပစ်ဒုံး၊ ၁၂ ကီလိုမိတာအဝေးထိပစ်နိုင်တဲ့ ရုရှားလုပ် ယာဉ်တင် 'ထောရ်' (ဆမ်-၁၅) လေယာဉ် ပစ်ဒုံးတွေ ဝယ်ထားပါတယ်။
နအဖရဲ့မြေပြင်ပစ်ဒုံးတွေကတော့ ၈ ကီလိုမီတာအဝေးထိပစ်နိုင်တဲ့ တရုတ်/မြောက်ကိုးရီးယားလုပ် ယာဉ်ဆွဲ ၁၀၇မမ မြေပြင်မှမြေပြင်ပစ် အတွဲလိုက်ဒုံး၊ ၂၀ မှ ၄၀ ကီလိုမီတာအဝေးထိပစ်နိုင်တဲ့ ရုရှား/ယူကရိန်း/တရုတ်/မြောက်ကိုးရီး ယားလုပ် ယာဉ်တင် ၁၂၂မမ မြေပြင်မှမြေပြင်ပစ် အတွဲလိုက်ဒုံး၊ ၆၅ ကီလိုမီတာအဝေးထိပစ်နိုင်တဲ့ မြောက်ကိုးရီး ယားလုပ် ယာဉ်တင် ၂၄၀မမ မြေပြင်မှမြေပြင်ပစ် အတွဲလိုက်ဒုံးတွေဝယ်ထားပါတယ်။
အခုလိုလေယာဉ်ပစ် နဲ့ မြေပြင်ပစ်ဒုံးပျံတွေ အစုလိုက်အပြုံလိုက်ဝယ်ထားပေမဲ့ လတ်လတ်ဆတ်ဆတ် စက်ရုံထွက် ပါကင်ပိတ်တွေ မဟုတ်လို့ လက်တွေ့စစ်မြေပြင်မှာ စိတ်ချရမှုအဆင့်ကို ကံသေကံမ မပြောနိုင်ပါဘူး။ ရုရှားနဲ့ တရုတ် နိုင်ငံတွေက တိုက်လေယာဉ်တွေ ရဟတ်ယာဉ်တွေ ဝယ်ခဲ့တဲ့အတွေ့အကြုံတွေအရ နွားမရွှံ့ပိတ်တွေ ဒိတ်လွန်တွေ ဝိတ်လျှော့တွေ အနည်းဆုံးထက်ဝက်ဖြစ်ဖို့များပါတယ်။ ဒါ့အပြင် ရုရှားနဲ့တရုတ်ဟာ ဟင်းစားဘဲပေးပြီး ကွန်ချက်မပြ တဲ့အတွက် အဆင့်မြင့်ဒုံးပျံတွေ ဗမာပြည်မှာ ကိုယ့်ဖာသာကိုယ်ထုတ်လုပ်ဖို့ နည်းပညာမရ ဖြစ်နေပါတယ်။ (မောင်းသူ မဲ့လေယာဉ် UAV ထုတ်လုပ်ဖို့ ကွန်ပျူတာဆော့ဖ်ဝဲ တရုတ်ကမပေးလို့ နအဖလုပ်တဲ့ UAV မပျံနိုင်ဖြစ်ခဲ့ပြီး နောက်ဆုံး မှာ လေယာဉ်ကွင်းထဲမောင်းဝင်လာတဲ့ တရုတ်လုပ်ထော်လာဂျီက ဝင်တိုက်လို့ ပျက်စီးသွားခဲ့ရပါတယ်။)
အစ်ဂလာ ပုခုံးထမ်းဒုံးကိုတော့ ရုရှားဆီက ထုတ်ခွင့်လိုင်စင်ဝယ်ပြီး အထက်မင်းလှ မလွန် ကပစ-၁၀ မှာ ပြန်ထုတ်နေ ပါတယ်။ (အစ်ဂလာဒုံးဟာ နအဖ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းတွေရဲ့ ပင်မလက်နက်ဖြစ်ပြီး ဆမ်-၃၊ ၆၊ ၁၁၊ ၁၅ တွေက အနည်းစုသာဖြစ်ပါတယ်။) ငဖဲ ကပစ-၁၄၊ နတ်မောက် ကပစ-၁၅ တို့မှာလဲ မြောက်ကိုးရီးယားအကူ အညီနဲ့ ၁၀၇မမ နဲ့ ၁၂၂မမ ယာဉ်တင်အတွဲလိုက်ပစ်ဒုံးတွေ ထုတ်နေပါတယ်။ ယာဉ်တင် လေယာဉ်ပစ်ဒုံးတွေကိုတော့ ဗမာပြည်မှာ ပြန်ထုတ်လုပ်ဖို့ လိုင်စင်ရမရ မသိသေးပါဘူး။ အောင်လံ ရွှေပန်းတော ကပစ-၁၇ ဟာ ယာဉ်တင် လေယာဉ်ပစ်ဒုံး ထုတ်ဖို့ ဖြစ်နိုင်ပါတယ်။ ဒီထက်ပိုမြင့်တဲ့ စကဒ်ဒုံးတွေကိုတော့ ကျောချောင်း ကပစ-၂၅ မှာ ထုတ်ဖို့ ကြံနေပုံရပါတယ်။ ဒီဒုံးပျံလုပ်တဲ့ ကပစ စက်ရုံတွေနဲ့ တွဲလျက် ဒုံးတင်ယာဉ်ထုတ်ဖို့ တကစ-၆ (မလွန်)၊ တကစ-၇ (နတ်မောက်) နဲ့ တကစ-၈ (ဆော) တို့ကိုပါ ဆောက်ထားပါတယ်။ ၂၀၁၀ ဇူလိုင်လမှာတော့ မိုင် ၂၀၀ ပြေးတဲ့ဒုံးပျံ တွေကို မလွန်မှာ စမ်းသပ်ပစ်လွှတ်ခဲ့ရာမှာ ၃ စင်းမှာ ၁ စင်းဘဲ အောင်မြင်ခဲ့ပါတယ်။ မိုင် ၆၀ ပြေးတဲ့ဒုံးတွေကတော့ အားလုံးအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
နအဖဟာ မြောက်ကိုးရီးယားကိုအားကျပြီး တာတို၊ တာလတ်ဒုံးတွေ ကိုယ်တိုင်ထုတ်ဖို့ ၂၀၀၀ ခုနှစ်ကစပြီး စိတ်ကူး ယဉ်ခဲ့တာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်းကို လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ် အဖြစ်တာဝန်ပေးပြီး လေယာဉ်ပစ်ဒုံးပျံတပ်ဖွဲ့များပါဝင်တဲ့တပ်ဖွဲ့အဖြစ် သီးခြားဖွဲ့စည်းပုံ ထပ်မံဖွဲ့စည်းခဲ့ပါတယ်။ ကက သံလက်အောက်ခံ အမြောက်တပ်ဖွဲ့များမှ လေယာဉ်ပစ်အမြောက်များကို ခွဲထုတ်သလို ကကဆက်နှင့် ကကလေတို့မှ နည်းပညာပိုင်းဆိုင်ရာ ကွန်ပျူတာနှင့် ရေဒါကဲ့သို့ တပ်ဖွဲ့ဝင်များ ပါဝင်ခဲ့ပါတယ်။ ရုရှားနဲ့ ယူကရိန်းသို့ နည်းပညာပိုင်း ဆိုင်ရာနှင့် လက်နက်ဝယ်ယူရေးကိစ္စများ စတင်ကြိုးပမ်းခဲ့ပါတယ်။ အရင်က ကကသံ တခုထဲရှိရာက အခုဆိုရင် လကခ (လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်ရုံး)၊ ကကမြောက်၊ ကကသံ၊ ကကဒုံး ဆိုပြီးဖြစ်လာပါတယ်။
၂၀၀၈ ခု နိုဝင်ဘာလမှာ နအဖ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးရွှေမန်း မြောက်ကိုးရီးယားကို လျှို့ဝှက်လည်ပတ် ခဲ့တုံးက ကီလိုမီတာ ၃၅၀၀ တာလတ်ပစ် စကဒ်-အက်ဖ် ဒုံးပျံထုတ်လုပ်ရေးအတွက် နည်းပညာ/ စက်ယန္တရားတစုံလုံး အပြည့်အစုံဝယ်ယူဖို့ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးခဲ့ပါတယ်။ ဗိုလ်မှူးစိုင်းသိန်းဝင်းဆီကရတဲ့ အချက်အလက် အရ မြိုင်စက်ရုံမှာ မြောက်ကိုးရီးယားရဲ့ နိုဒွန်အရွယ်အစား ကီလိုမီတာ ၃၅၀၀ အထိပစ်နိုင်တဲ့ တာဝေးပစ်ဒုံးပျံထုတ်ဖို့ ကြိုးစားနေပုံရှိပါတယ်။ ဒါဟာ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်ဝမ်နိုင်ငံ၊ ဂျပန်နိုင်ငံတောင်ဘက်နားက အိုကီနာဝါကျွန်းနဲ့ အိန္ဒိယ သမုဒ္ဒရာထဲက ဒေဂိုဂါးစီးယားကျွန်းတို့မှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို ခြိမ်းခြောက်နိုင်ဖို့၊ အကြပ်ကိုင် ဘလက်မေးလုပ်နိုင်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒုံးပျံမှာ နျူကလီးယားထိပ်ဖူးလဲမပါ၊ ပစ်မှတ်လဲမတည့်ရင်တော့ ဒေဂို ဂါးဆီးယားနဲ့ အိုကီနာဝါအတွက် အရေးမထားလောက်ပါဘူး။ တာလတ်-တာဝေးဒုံးနဲ့ပတ်သက်လို့ ဆရာသမား မြောက်ကိုးရီးယားရဲ့အခြေအနေက အထက်မှာ ပြောခဲ့သလိုဖြစ်နေလို့ တွက်ရေးတော့ စက်သူဌေး၊ တွက်ကြည့်တော့ စက်မရှိတဲ့ကိန်း ဆိုက်နေပါတယ်။
"ဒီလိုဒုံးပျံကြီးမျိုးဟာ အခုမှစမ်းတဝါးဝါးနဲ့ စလုပ်ရတဲ့ နိုင်ငံတနိုင်ငံအတွက် အင်မတန့်ကို မသင့်တော်လှပါဘူး။ ဖြစ် သင့်တာက ပိုပြီး သမရိုးကျဖြစ်တဲ့ တွန်းအားပေးလောင်စာအတွဲအစပ်နဲ့ အင်ဂျင်စက်သေးသေး၊ တွန်းအားနိမ့်နိမ့် သုံး သင့်တယ်။ အောက်ဆီဂျင်အရည်လောင်စာ ဆိုတာ အာကာသဒုံးပျံတွေမှာ အဓိကသုံးတဲ့လောင်စာဖြစ်ပြီး နည်းပညာ အတော်မြင့်ဖို့လိုပါတယ်။ ကြည့်ရတာက ဘာမှသေသေချာချာနားမလည်တဲ့ ဗိုလ်ချုပ်ကြီးတွေက ရုရှားပြန်ပညာရှင် တွေ သင်လာ တတ်လာသမျှကို မစိစစ်နိုင်ဘဲ အကုန်လုပ်ခိုင်းတဲ့ပုံဖြစ်ပါတယ်။ ဒါကြောင့် မအောင်မြင်ဖို့ အခွင့်အလမ်း အင်မတန်များနေပါတယ်။ အတွေ့အကြုံနည်းလွန်းတော့ ဘယ်အချိန် ဘယ်အနေအထားမှာ ပြဿနာတက်နိုင်တယ် ဆိုတာကို မတွက်ချက်နိုင် ဖြစ်သွားတော့တာပါဘဲ" လို့ မက်ဆာချူးဆက်စက်မှုတက္ကသိုလ် MIT က မဟာဗျူဟာ လက်နက်ကျွမ်းကျင်သူ ဒေါက်တာဂျော့ဖ်ဖော်ဒင်က သုံးသပ်ထားပါတယ်။

--- ဂါမဏိ ---

0 အကြံပြုခြင်း: