Wednesday, June 8, 2011

“အဆိပ်ပြယ်စေသတည်း”



by Soe Min on Wednesday, June 8, 2011 at 9:29am
           အရင်တခေါက်တုန်းက လူနာရှင်တွေကို တရားနဲ့ ဖြေခိုင်းသလိုပဲ ဒီတခါမှာတော့ ဆရာဝန်တွေကိုယ်တိုင် တရားနဲ့ ဖြေကြရတဲ့ အဖြစ်ကလေးတွေ ပြောပြချင်ပါတယ်။ သူတို့ခမျာမလည်း ကံဆိုးလွန်းလို့ ပြဿနာတက်မယ့်လူနာနဲ့ ဆိုက်ဆိုက်မြိုက်မြိုက် လာတွေ့ကြရတာ မဟုတ်ပါလား။ မိတ်ဆွေတရားသူကြီးတစ်ယောက်ပြောတာ မှတ်သားဖူးသလောက်တော့ သူတို့မှာ မလိုင်ကေ့စ်ရယ် ဘိုင်ကေ့စ်ရယ် ကွိုင်ကေ့စ်ရယ် လို့ သုံးမျိုးသုံးစား ရှိသတဲ့။ သူသူကိုယ်ကိုယ် မလိုင်ကေ့စ်လေးနဲ့ပဲ နှပ်နေချင်ကြတာပေါ့။ မတတ်သာလို့ ဘိုင်ကေ့စ်နဲ့ တွေ့ရတော့လည်း ပြဿနာမရှိပါဘူး။ မသကာ စိုက်ရရုံပေါ့။ ကွိုင်ကေ့စ်ကတော့ သတိထား။ ရှော့ခ်ရှိတယ်ဗျ။ ဂန့်သွားမယ်။ ဘာမှတ်လဲနော့။ ခက်တာက ကံနိမ့်နေပြီဆို အဲဒီ ကွိုင်ကေ့စ်တွေကလည်း ရှောင်လို့ မလွတ်ပြန်ဘူးဗျား။ ဒီတခါတော့ ဆရာဝန်တွေ တသီတတန်းကြီး မြွေဆိပ်သင့်သွားတဲ့ဘက် လှည့်လိုက်ကြရအောင်နော်။ ဘုရား ဘုရား။ ပြောမယ့်သာ ပြောနေရ။ တယ်လည်း ပြုတ်စော်နံပါလားနော်။ ကျော်စားတော့ ညှော်မိ၊ ပေါင်းစားတော့ တတွဲလုံးနူးကုန်မယ့်အတူတူ ပြုတ်တော့လည်း
အေးတာပါပဲလေ။ ဆီကုန်သက်သာတာပြောပါတယ်။
            ဟိုးအရင် သီချင်းတွေအကြောင်းရေးတုန်းက ထန်းတပင်ဘက်က အစုကြီးရွာမှာ ဘုန်းကြီးသွားဝတ်ရင်း ၀မ်းလျှောတဲ့လူနာကို ထော်လာဂျီနဲ့ လှိုင်သာယာဆေးရုံပို့ခဲ့တဲ့အကြောင်း ရေးဖူးပါတယ်။ သတိလစ်နေတဲ့ဘုန်းကြီးကို လယ်ကွင်းတွေထဲက ဖြတ်ပြီး တရကြမ်းမောင်းတာတောင် ဆေးရုံကို တနာရီကျော်ကျော်ကြာမှ ရောက်ပါတယ်။ ဘယ်လောက်စိတ်မော စိတ်လောရသလဲဆိုတာ ကိုယ်ကိုယ်တိုင်ခံစားဖူးလို့သိတာပေါ့။ ရောက်ရောက်ချင်း သင်္ကန်းကြီးတဖားဖားနဲ့ ဆေးထိုးဆေးသွင်း လုပ်ခဲ့ရတယ်လို့ ပြောခဲ့ပြီကော။ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ လိုတဲ့ဆေးတွေ အကုန်ရခဲ့သလေ။ ဒီလိုကေ့စ်မျိုးတော့ ဘယ်နှစ်ယောက် ကုရကုရ။ လာစမ်းပါ။
             ဒီအဖြစ်နဲ့ ထပ်တူထပ်မျှ နီးပါးပါပဲ။ အစုကြီးရွာနဲ့ မလှမ်းမကမ်းက နည်းပညာတက္ကသိုလ်မှာ ကျောင်းသားတစ်ယောက်   မြွေကိုက်ခံရလို့ ညကြီး အချိန်မတော် လှိုင်သာယာဆေးရုံကို ရောက်လာခဲ့တယ်။ ခက်တာက အဲဒိမြွေက လူနာတင်မကဘူး။ ဆရာဝန်တွေပါ ဆက်ကာဆက်ကာ ကိုက်သွားတာ မီးခိုးမဆုံး မိုးမဆုံးပဲ။ မြွေဆိပ်ဖြေဆေးမရှိတြဲ့ပဿနာပါ။ လှိုင်သာယာကနေ အင်းစိန်ဆေးရုံကိုလွှဲ၊ အင်းစိန်ဆေးရုံကနေ ရန်ကုန်ဆေးရုံသစ်ကြီးကိုလွှဲ၊ ရန်ကုန်ဆေးရုံသစ်ကြီးကနေ ရန်ကုန်ဆေးရုံကြီးကို ပြန်လွှဲ၊ နောက်ဆုံးတော့ လူနာလည်း ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားပါတယ်။ နတ်ပြည်ကို။
           “ကြည့်စမ်း ကြည့်စမ်း။ ဒီလို အဖြစ်အပျက်မျိုး ရှိတယ် ဟုတ်လား။ ဒါဘယ်သူ့အပြစ်လဲ။ ဘယ်သူ့မှာ တာဝန်ရှိသလဲ။ အကုန်လုံး ဖြုတ်ပစ်လိုက်။ နောင်ကျဉ်သွားအောင်။ ငါ့လက်ထက်မှာ ဒါမျိုးနောက်မကြားချင်ဘူး။ လိုင်ယင်းနား။ ခိုင် ... ဒါ ...”  ဒီစကားမျိုးကတော့ ပေါင်ချိန်ကပြောပြော၊ ပ၀မ်ရယ်ကပြောပြော၊ မင်းကြီးဝမ်းရှနဲ့ ညာညာမိဘုရားကြီးကပဲ မိန့်တော်မူမူ လူကြားလို့တော့ ကောင်းတာပေါ့။ အမှုတွဲထဲက ဆရာဝန်တစ်ယောက်အနေနဲ့ နားထောင်ရမယ်ဆိုရင်တော့ ဘယ့်နှယ့်နေမလဲ။ ဆန်ကာတစ်ချပ် လက်ထဲထည့်ပြီး ရေဗူးပေါက်တာ မလိုချင်ဘူး။ ရေပါတာပဲ လိုချင်တယ် လို့ခိုင်းသလိုပဲ။
           အစိုးရ၀န်ထမ်းအဖြစ် ပြည်သူ့ဆေးရုံကြီးတွေမှာ တာဝန်ထမ်းဆောင်ဖူးတဲ့ ဆရာဝန်တိုင်းဟာ ကိုယ့်ဆီမှာ ဘာတွေ ရှိပြီး ဆေးဆိုင်မှဘာတွေ ၀ယ်ခိုင်းလို့ ရတယ်ဆိုတာ အကြမ်းဖျင်းတော့ သိကြပါတယ်။ လူနာတွေကို ဆေးနဲ့ ကုနေရတာလေ။ ရေမန်းပေးနေတာမှ မဟတ်ပဲ။ အရေးပေါ်မှာ တာဝန်ကျရင် တစ်ရက်ကြိုပြီး ဆေးနဲ့ စာရင်းနဲ့ စစ်၊ လိုနေတာကို ပထမလက်ထောက်ဆရာဝန်ဆီတောင်း၊ စမ်းသပ်တဲ့ ကိရိယာပစ္စည်းတွေ စုံမစုံ ကောင်းမကောင်းကိုလည်း စစ်ထားရတာ အလုပ်သင်ဆရာဝန်ဘ၀ကတည်းက ကျင့်ပေးထားတာပါ။ မြွေဆိပ်ဖြေဆေးမရှိပဲနဲ့ လူနာကို “ကာဖီပူလေးသောက်လိုက်ပါဦး” လို့ ဧည့်ခံမထားနိုင်ပဲ ဆေးရှိရာ အချိန်မီရောက်အောင် စီစဉ်ပေးရမှာပေါ့။
           ဆေးကရော ဘာကိစ္စမရှိရမှာလဲ။ နိုင်ငံတော်က ဆေးရုံတိုင်းကို အပြည့်အ၀ ထုတ်ပေးထားတယ်လေ လို့ ပြောရင်လည်း နားထောင်နေရမှာပ။ ဒါပေမယ့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ တံဆိပ်မှာကိုက မမြင်ဘူးလား။ မြွေတစ်ကောင်ပဲ ပါတယ်ဗျ။ နှစ်ကောင်မပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဆီမှာရှိတာတွေကလည်း အများအားဖြင့် တစ်ကောင်စာ တစ်ကိုက်စာပဲ ရှိတာ။ ကိုတာပြည့်သွားရင် နောက်ကိုက်မယ့်မြွေကို အရေးပေါ်ဆေးထုတ်ပြန်မလာမချင်း ဆိုင်းငံ့ထားရတယ်။ ပုလင်းခွံအဟောင်း ပြန်အပ်မှ ပုလင်းအသစ်ရတယ်။ ကိုယ်မရောက်ခင်ကလူက အခွံလွှင့်ပစ်မိလို့ဖြစ်ဖြစ်၊ အပြင်မှာ ရောင်းစားထားလို့ ဖြစ်ဖြစ် မအပ်နိုင်ရင် နောက်ထပ်ထုတ်မပေးဘူး။ တခါတလေ မြွေဟောက်အဆိပ်ဖြေဆေးချည့်ရပြီး  မြွေပွေးဆိပ်ဖြေဆေးမပါရင် ဆေးရုံမှာ
“မြွေပွေးကိုက်ခြင်း သည်းခံပါ” လို့ စာဆွဲထားရမလိုပဲ။
           အဲဒါတွေ အပြင်မှာ အရေးပေါ်တာဝန်ကျဆရာဝန်ဆိုတာ ကိုယ်ရောက်ရာ အရပ်က ဌာနတွင်းစည်းကမ်းချက်တွေကိုလည်း လိုက်နာရပါသေးတယ်။ တချို့မမတွေက သူတို့အိမ်က ထမင်းချက်ကို နိုင်မနိုင်တော့ မသိဘူး။ ၀ဒ်ထဲက ဆရာဝန်ကလေးတွေကိုတော့ လူ့ရှေ့သူ့ရှေ့ ပက်ပက်စက်စက် ဟောက်တတ်ပါတယ်။ မမက ဘူးဆိုရင် ဖယုံလာမသီးလေနဲ့။ ဒီတော့ ဆရာဝန်လေးတွေခမျာ မကြောက်တတ်သည့်တိုင် နားမညီးချင်တာနဲ့ စိတ်ချမ်းသာအောင် လုပ်ပေးရတာပဲ။ သူကမှ ဒီလူနာ ဒီရောဂါ ကုစရာဆေးမရှိလို့ မတင်ပါနဲ့ လွှဲပါ လို့ မှာထားရင် ကိုယ့်သဘောနဲ့ကိုယ် တင်လို့ မရပါဘူး။ တဘက်ကကြည့်တော့လည်း ဘုမသိဘမသိနဲ့ သူများတကာ ပုတ်ထုတ်သမျှ အရှုပ်ထုပ်တွေ ဒိုင်ခံရှင်းနေရတာ စောမေတို့က နောကျေနေပြီမို့ ဒီလိုမှ ကြိုကန်မထားရင် မရဘူး ဆိုတာကလည်း ဟုတ်သယောင်ယောင်။ နောက်ဆုံး ငယ်ထိပ်မြွေပေါက်လာတဲ့ အခါကျမှ ငယ်ငယ်တုန်းက စာကလေး အမွှေးနှုတ် ဗြုတ် ဆော့သလို ကိုယ့်လက်ကလေးတွေကို ရုပ်သွားလိုက်ကြတာ နောက်ဆုံးကျန်တဲ့အကောင် ဂွိကနဲ မိတော့တာပေါ့။ ဆရာဝန်လောကမှာ နန်းတွင်းသမားတော် ဇာတ်လမ်းတွဲထက် ဆန်းပြားတာတွေ တပုံတပင်ရှိပါတယ်။
           “မြွေဆိပ်ဖြေဆေးတော့ ဆေးရုံမှာ မရှိတော့ဘူးဗျာ။ အိမ်မှာဆောင်ထားတာလေးတော့ရှိတယ်။ လိုချင်ရင် ဘယ်ရွေ့ ဘယ်မျှ” လို့ ပြောတတ်တဲ့ ဆရာဝန်မျိုး မရှိနိုင်သလို ရှိလာရင်လည်း အဲဒီလူ ဆရာဝန် မဟုတ်တော့ပါဘူး။ အခုဟာက တစုံတခုသော အကြောင်းကြောင့် အမှန်တကယ် လက်ဝယ် ရှိမနေတာမို့ ဒုကူလ နဲ့ပါရိကာတို့လို “ မြားဆိပ်ပြယ်စေသတည်း” လို့ သစ္စာပြုရုံသာ ရှိတော့တယ်။ ဒါပေမယ့် ဆေးရုံဆိုတာ သမဆိုင်တွေလို “မရှိဘူး မသိဘူး။ ကုန်ပြီ။” စကားကြီးသုံးခွန်းနဲ့ မောင်ရင်လာ တံခါးပိတ် ဂျိတ် လုပ်လွှတ်လို့ မရလေတော့ ပြဿနာက မီးခိုးကြွက်လျှောက် လိုက်လာပါတော့တယ်။ “ဘယ်သူပြောတာလဲ။ မရှိဘူးဆိုတာ။ မရှိတာလား။ မသိတာလား။ ဒီမှာ စာရွက်ပေါ်မှာအထောက်အထား။ ဘယ်နေ့ ဘယ်ရက်က ဘယ်ရွေ့ ဘယ်မျှ ထုတ်ပေးထားတယ်။ မရှိရင် ရှိအောင် ဘာလို့ မလုပ်သလဲ။” စသည်စသည်ဖြင့် ဒီလိုကိစ္စမျိုးတွေမှာ အလွန်ပါးနပ်သော ဆရာကြီးနဲ့ မအူမလည် ဆရာဝန်ကလေးများ   တွေ့ကြတဲ့အခါ  ဟက်တက်ကြိးကို ကွဲတော့တာပါပဲ။ ကိုဒါသကို မြွေကိုက်တုန်းက မပဋာသာဆေးရုံကို အချိန်မီပို့နိုင်လို့ရှိရင် အ၀တ်မကပ်ပဲ ပြေးလွှားနေရမယ့်သူဟာ မြန်မာဆရာဝန်လေးတွေများ ဖြစ်မလားပဲ။
           ဖားတုလို့ ခရုခုန်ရင် အိုင်ပျက်ရုံသာ ရှိတတ်သတဲ့။ မလောက်လေးမလောက်စား ဆရာဝန်လေးဘ၀နဲ့တော့ နိုင်ငံတော်ကြီးကို အပြစ်တင်ဖို့ မစဉ်းစားလေနဲ့မောင်။ ဆက်ပြောရင် ရှေ့နေငှားမှ ထောင်လုံးလုံးကျသွားမှာစိုးလို့ အာဇာနည်သီချင်းလေးပဲ ဆိုနေလိုက်တော့။ “ နောက်ထပ်လာချင် လာပါ။ မထူးဆန်းတော့ပါ..။” ဆိုတာလေ။ တကယ်တော့ တရားခံရှာပြီး တစ်ယောက်ကို တစ်ယောက် အပြစ်ဖို့နေမယ့်အစား လူနာတွေကိုတရားချခဲ့သလို ကံကိုသာ ယိုးမယ်ဖွဲ့ကြပါစို့။ ဟုတ်တယ်လေ။ ဒီ့ထက် မဟုတ် မတရားတဲ့ အကုသိုလ်တွေ ကြောက်ခမန်းလိလိ ကျူးလွန်သူတွေ မရေမတွက်နိုင်အောင် ရှိနေပေမယ့် ပြဿနာက တက်ချင်မှ တက်တာ။ ကိုယ့်ကိုယ်က ကံမကောင်း အကြောင်းမလှလို့ ဘာမဟုတ်တာလေးနဲ့ ဆွမ်းခံရင်း ငှက်သင့်တတ်တာကို သဘောပေါက်ထားဖို့လိုတယ်။ ဒါလည်း ကံ ကံ၏အကျိုး လို့ ယူလို့ရတယ်။
           ဒီအခါမှာ တရားနဲ့ဖြေကြရမှာက ကိုကိုဒေါက်တာတို့ အလှည့်ပေါ့ကွယ်။ ဆရာဝန်အလုပ်ကပြုတ်သွားလို့ လိုင်စင်အသိမ်းခံလိုက်ရလို့ အရှက်နဲ့ အသက်လဲသွားတဲ့ ဆရာဝန်တွေ ရှိခဲ့ဖူးပါတယ်။ အတိုင်အတော အမှုအခင်းဆိုတာ တခါတရံမှာ မလွှဲရှောင်သာပါဘူး။ ဒီအခါမှာ အရေးပါလာတာက အကပ်ကောင်းဖို့ အသိအကျွမ်းရှိဖို့၊ မယ်မယ်ဘုရားကယ်ဖို့ လို့ ထင်ရင် မှားပါလိမ့်မယ်။ ကျွန်တော့်အတွက်တော့ “လိပ်ပြာ” သာ အရေးကြီးဆုံးလို့ ထင်ပါတယ်။ မကောင်းတဲ့ အတိတ်ကံကို ကိုယ့်ရဲ့ သန့်ရှင်းတဲ့ လိပ်ပြာနဲ့ ရဲရဲဝံ့ဝံ့ ကျော်ဖြတ်လို့ ရပါတယ်။ လိုင်စင်သိမ်းလိုက်တာဟာ စစ်မှန်တဲ့ ဆရာဝန်ရဲ့ နှလုံးသားနဲ့ အတတ်ပညာကို နှုတ်ယူမသွားနိုင်ပါဘူး။ အကြွေးရှိရင် ပေးဆပ်လိုက်ပါ။ လဲသွားရင် ပြန်ထပြီး ကိုယ့်လမ်းကိုယ် ဆက်လျှောက်လိုက်ပါလို့ပဲ ပြောချင်ပါတယ်။
          တခါတခါမှာ ကံကြမ္မာဆိုတာကြီးကလည်း လှည့်စားတတ်ပါသေးတယ်။ ရန်ကုန်မှာနေတုန်းက လက်ထောက်ဆရာဝန်ဘ၀နဲ့ ရှင်ပါကူဆေးခန်းမှာ အချိန်ပိုင်း ၀င်လုပ်ခဲ့ဖူးပါတယ်။ နှစ်နှစ်ကျော်ကြာခဲ့တာပေါ့။ ငယ်သူငယ်ချင်းတစ်ယောက်က ကိုယ့်နေရာဝင်ပြိး ကန်ထုတ်ခဲ့လို့ အလုပ်ပြုတ်သွားရာမှာ အခုတော့ သူ့ကို ကျေးဇူးရှင်စာရင်းထဲတောင် ထည့်ထားရမလိုပါပဲ။ အလုပ်မရှိလို့ ညနေပိုင်း အချိန်ပိုတွေမှာ ပြင်သစ်စာသင်လိုက်မိတာ အတွေးအမြင် အယူအဆ အသိုင်းအ၀ိုင်း အားလုံး ပြောင်းလဲသွားတာကိုး။ မျက်စိပွင့် နားပွင့်သွားတယ် ဆိုပါစို့။ ကိုယ့်ဘ၀ရဲ့ အချိန်တွေကို ငွေနဲ့ ရောင်းစားနေရာကနေ ပိုပြိး အကျိုးရှိတဲ့ အလုပ်တစ်ခု လုပ်ခွင့်ရသွားတာပေါ့။ ပြောချင်တာကတော့ ကြမ္မာဆိုးဆိုတာ ကံကောင်းဖို့ အတွက်လည်း ဖြစ်ချင် ဖြစ်လာတတ်သေးတယ် လို့။ နိုင်ငံရပ်ခြား တိုင်းတပါးမှာ ကြီးပွားမယ့်ဇာတာရှင်အဖို့ ပြည်တွင်းက ထွက်ဖို့ အကြောင်းဖန်လာရတာပေါ့နော်။ ရောဂါဗေဒဌာနမှာ အလုပ်လုပ်နေတုန်းက ဆရာမကြီး ဒေါ်အေးအေးမြင့် ဆုံးမခဲ့ဖူးတဲ့ စကားလေးကို လက်ဆင့်ကမ်းပါရစေ။ “ ကောင်းတာပဲ ဖြစ်ဖြစ်၊ ဆိုးတာပဲ ဖြစ်ဖြစ်၊ ဘယ်အရာမဆို အခိုက်အတံ့ပါပဲ” တဲ့။ အချိန်တန်တော့လည်း ပြီးဆုံးသွားရမှာပါ။
          အစိုးရ၀န်ထမ်းဆရာဝန်တွေမှာ အဲဒီလို အကျိုးအမြတ်တစ်ခုလည်း ရတတ်ပါသေးတယ်။ ပညာရည် ဥာဏ်ရည်မြင့်သူတွေထံမှာ ဆည်းပူးခွင့်ရတော့ အသက်မွေးမှု အတတ်အပြင် ဒဿနပိုင်းမှာပါ မှတ်သားလောက်တဲ့ အဆုံးအမစကားတွေကို နာယူခွင့် ရတာပေါ့။ ပဏ္ဍိတာနဉ္စ သေ၀နာ မင်္ဂလာလေ။ ကောင်းတာတွေလည်း တွေ့ရမှာပဲ။ ဆိုးတာတွေလည်း တွေ့ရမှာပဲ။ ကိုယ့်အတွက် ကောင်းတာတွေ ယူလာရင် ကောင်းတဲ့ကိုယ်ဖြစ်ပြီး မကောင်းတာတွေ အတုခိုးမှားလာရင်တော့   မကောင်းတဲ့ကိုယ် ဖြစ်မှာ  မြေကြီးလက်ခတ်မလွဲပဲနော်။  နှစ်တွေ လတွေ ကြာညောင်းလာလို့ ကိုယ်စိုက်ထားတဲ့ အပင်ကြီးက အသီးအပွင့်တွေ ဝေေ၀ဆာဆာဖြစ်လာတဲ့အခါ မိမိ သူတပါး ဆွတ်ယူစားသုံးစရာတွေမှာ အဆိပ်အတောက်တွေ ပါမလာအောင် မကောင်းတဲ့ အကျင့်ဆိုးတွေကို ငယ်ငယ်ကတည်းက အစမလုပ်ခဲ့ဖို့ သတိပေးချင်တာပါပဲ။ အားလုံးပဲ မြွေဆိပ်ပြယ်နိုင်ကြပါစေ။

0 အကြံပြုခြင်း: