Thursday, June 30, 2011

ရှေ့ဆက်မတိုးနိုင်သော CoI ကော်မရှင်ကိစ္စ





မြန်မာစစ်ခေါင်းဆောင်များက လူသားမျိုးနွယ် တရပ်လုံးအပေါ် ကျူးလွန် ချိုးဖောက်ထားသည့် ရာဇဝတ်ပြစ်မှုများ အတွက် ကုလသမဂ္ဂက အရေးယူ ဆောင်ရွက်ပိုင်ခွင့်ရှိသည့် စုံစမ်းစစ်ဆေးရေးကော်မရှင် [Commission of Inquiry (CoI)] ဖွဲ့စည်းရေးကိစ္စ ထောက်ခံချက်များက ၂ဝ၁ဝ ခုနှစ်၊ မတ်လမှစတင်၍ တဖြည်းဖြည်းနှင့် တိုး၍ရရှိနေပါသည်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ စုံစမ်းတင်ပြသူ အထူးသံအရာရှိကလည်း ဤကိစ္စအပေါ် ၂ဝ၁ဝ ခုနှစ်၊ မတ်လမှစ၍ ထောက်ခံအကြံပြု ပြောဆိုခဲ့ပြီး၊ ယခုနှစ်ဆန်းပိုင်းတွင်တော့ လတ်ဗီးယား
 နိုင်ငံက တိုး၍ထောက်ခံလာခဲ့သည်။ ယခုဆိုလျှင် စုံစမ်းရေးကော်မရှင် (CoI) ကိစ္စအတွက် ထောက်ခံသည့်
 နိုင်ငံပေါင်း ၁၆ နိုင်ငံ ရှိလာခဲ့ပြီ ဖြစ်သည်။
UN-Security-Council
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပိုမိုတိုးမြှင့် လုပ်ဆောင်ခြင်းအားဖြင့် မြန်မာပြည် အပေါ် စုံစမ်းစစ်ဆေးရေး ကော်မရှင် တရပ် ဖွဲ့စည်းနိုင်ရန် တောင်းဆိုမှုများ (Photo::UN)

မကြာသေးခင်က အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် လွှတ်တော်သို့ ပြောကြားခဲ့သည့်
 သေသပ်ပြောင်မြောက်လှသော မိန့်ခွန်းတွင် ဤ CoI အရေးကိစ္စအပေါ် ထောက်ခံပြောဆိုခဲ့ရာ၊ ပို၍လူအများ အာရုံထားစရာ ဖြစ်လာခဲ့ရသည်။ အမေရိကန်အမတ်များထံ ပြောကြားသည့် မေတ္တာရပ်ခံချက် မိန့်ခွန်းတွင်
 ဒေါ်အောင်ဆန်းစုကြည်က ယခု စုံစမ်းစစ်ဆေးရေး (CoI) ကော်မရှင်ကိစ္စနှင့် ရာဇဝတ်သားများအပေါ် အပြစ်ပေး တရားစီရင်သည့် ခုံရုံးဟူ၍ တန်းတူထား၊ အမှတ်မမှားသင့်ကြောင်းလည်း အလေးပေး ပြောဆိုခဲ့သေးသည်။

သေချာသည်မှာ သူတင်ပြသည့် အချက်သည် ကျိုးကြောင်းစနစ်အရ အထူးခိုင်လုံလှပါသည်။ ဒီမိုကရေစီ
 ခေါင်းဆောင်က စိတ်ကောင်းစေတနာဖြင့် ရပ် တည် တောင်းဆိုခဲ့ခြင်းသာ ဖြစ်ပါသည်။ သို့သော်လည်း ဖြစ်နိုင်ခြေ ရှိသည့် အားနည်းချက်မှာ နိုင်ငံတကာဥပဒေများနှင့် မြန်မာနိုင်ငံ ပြည်တွင်းအခြေအနေကို မည်သို့မည်ပုံ ချိတ်ဆက် ကြပါမည်နည်း။ တနည်းဆိုရသော် နိုင်ငံတကာအစီအစဉ်များ မရှိနေပါဘဲနှင့် မည်သို့မည်ပုံ နိုင်ငံတကာ တရားမျှတမှုကို ဖော်ဆောင်နိုင်ကြပါမည်နည်း ဟူသော ဝိဝါဒပင် ဖြစ်သည်။

CoI အပေါ်ထောက်ခံသည့် နိုင်ငံများ ထောက်ခံကြောင်း ဖော်ပြသည့်နေ့စွဲ
သြစတြေလျ မတ်လ၊ ၂ဝ၁ဝ ခုနှစ်
ယူနိုက်တက် ကင်းဒမ်း မတ်လ၊ ၂ဝ၁ဝ ခုနှစ်
ချက် သမ္မတနိုင်င ဧပြီလ၊ ၂ဝ၁ဝ ခုနှစ်
ဆလိုဗက်ကီးယား ဇွန်လ၊ ၂ဝ၁ဝ ခုနှစ်
အမေရိကန်ပြည်ထောင်စ သြဂုတ်လ၊ ၂ဝ၁ဝ ခုနှစ်
ကနေဒါ စက်တင်ဘာလ၊ ၂ဝ၁ဝ ခုနှစ်
ဟန်ဂေရီ စက်တင်ဘာလ၊ ၂ဝ၁ဝ ခုနှစ်
နယူးဇီလန် စက်တင်ဘာလ၊ ၂ဝ၁ဝ ခုနှစ်
နယ်သာလန် စက်တင်ဘာလ၊ ၂ဝ၁ဝ ခုနှစ်
ပြင်သစ် စက်တင်ဘာလ၊ ၂ဝ၁ဝ ခုနှစ်
အိုင်ယာလန် စက်တင်ဘာလ၊ ၂ဝ၁ဝ ခုနှစ်
လစ်သူအားနီးယား စက်တင်ဘာလ၊ ၂ဝ၁ဝ ခုနှစ်
အက်စတိုးနီးယား အောက်တိုဘာလ၊ ၂ဝ၁ဝ ခုနှစ်
ဘယ်လ်ဂျီယံ ဖေဖေါ်ဝါရီလ၊ ၂ဝ၁၁ ခုနှစ်
ဒိန်းမတ် မတ်လ၊ ၂ဝ၁၁ ခုနှစ်
လတ်ဗီးယား မတ်လ၊ ၂ဝ၁၁ ခုနှစ်


မြန်မာစစ်ခေါင်းဆောင်များက လာမည့်အနာဂတ်ကာလတွင် သူတို့အပေါ် ချည်နှောင်လာမည့် တရားဥပဒေကိစ္စ များနှင့် ဖြစ်နိုင်ခြေရှိသည့် လမ်းကြောင်းများအပေါ် ကောင်းစွာ သတိထားနေပြီး၊ ဤကိစ္စအပေါ် စိတ်ဝင်စားမှုလည်း ရှိနေကြသည်။ မကြာသေးခင်က ဆောင်ရွက်ခဲ့ကြသည့် စုံစမ်းစစ်ဆေးရေးကော်မရှင် လုပ်ငန်းများအရ အနောက် အင်အားကြီးနိုင်ငံများနှင့် ရန်ပဋိပက္ခ ဖြစ်နေကြသည့် ခေါင်းဆောင်များအပေါ် အရေးယူဆောင်ရွက်ခဲ့ကြပုံကိုလည်း သူတို့က ကောင်းကောင်းကြီး သင်ခန်းစာ မြင်တွေ့ထားကြပါသည်။ 

ဆူဒန်သမ္မတ အိုမာ အယ်လ်-ဘာရှား Omar al-Bashir ၏ လုပ်ဆောင်ချက်များအပေါ် စုံစမ်းစစ်ဆေးရေးကော်မရှင် CoI တခု ၂ဝဝ၅ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး၊ ၂ဝ၁ဝ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး ICC မှ ဆူဒန်အာဏာရှင် သမ္မတကို ဖမ်းဆီးမိန့် ထုတ်ပြန်ပေးသည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့သည်။ ထို့အပြင် ယခုအခါ ICC တရားရုံးက လစ်ဗျားခေါင်းဆောင် မော်မာ ကဒါဖီ Muammar Gadaffi အပေါ် စွဲဆိုရန် သက်သေ အချက်အလက်များ ပြင်ဆင်နေပြီး၊ နိုင်ငံတွင်း မငြိမ်မသက်မှုများကို အကြမ်းဖက် ချေမှုန်းခဲ့မှုအတွက် ၎င်းကို
ဖမ်းဆီးရန် ဝရမ်းအမိန့်ကိုလည်း ထုတ်ပြန်ထားခဲ့ပြီး ဖြစ်သည်။ ယခုလစ်ဗျားကိစ္စကို ဆောင်ရွက်ကြရာ၌ နှုန်းက အတော်မြန်သည်။ စုံစမ်းရေး ကော်မရှင်က ပြီးခဲ့သည့် မတ်လကမှ စတင်သက်ဝင်ခဲ့ပြီး၊ နိုင်ငံရေးနှင့် ပြဿနာ ထုထည် ကြီးမားလွန်းသဖြင့် ယခုလို တရားစွဲဆို ရင်ဆိုင်ရသည့် အဆင့်အထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။  

၎င်းအမှု ၂ ခုအပေါ် သီးခြား စုံစမ်းစစ်ဆေးမှုများနှင့် မရှေးမနှောင်း ဆိုသလို ဘာရှားနှင့် ကဒါဖီတို့ အပေါ် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး ICC ၏ အရေးယူမှု သက်ရောက်လာသဖြင့် မြန်မာနိုင်ငံ၏ အထွေထွေသော အတိုင်အခံအင်အားစုများနှင့် သဘောထားတင်းမာသည့် စစ်ခေါင်းဆောင်များအတွက်လည်း စိုးရိမ်ဖွယ်အခြေအနေ၊ သင်ခန်းစာယူစရာ ငဲ့စောင်းကြည့်ဖွယ် အခြေအနေတရပ် ဖြစ်လာခဲ့သည်။

ဆူဒန်နိုင်ငံကိစ္စတွင်မူ နိုင်ငံ၏ အနောက်ပိုင်းဒေသ ဒါဖော၌ အစိုးရ၏ လုပ်ဆောင် ကျူးလွန်မှုများအတွက် သမ္မတဘာရှားကို ဖမ်းဆီးမိန့် ထုတ်ပြန်ခဲ့သော်လည်း၊ ပြည်တွင်း နိုင်ငံရေး အခင်းအကျင်း၌မူ အပြောင်းအလဲအတွက် အနည်းအကျဉ်းမျှသာ သက်ရောက်စေခဲ့သည်။ ဘာရှား၏ အစိုးရအပါအဝင် ပဋိပက္ခအတွင်း ပတ်သက်နေကြသူ
 ခေါင်းဆောင်များက နောက်ဆုံး ညှိနှိုင်းမှု အနည်းအကျဉ်း ရှိလာစေသည်။ ဒိုဟာငြိမ်းချမ်းရေး ဆွေးနွေးပွဲ Doha Peace Forum အခြေခံအရ ဆက်လက် ဆွေးနွေးမှုများလည်း အကောင်အထည် မြင်ရဖို့ ရှိနေသည်။ 

ဤဝန်းကျင်တွင် အဖြေထုတ်ရမည့် မေးခွန်းတခုမှာ စွပ်စွဲခံရသူက နိုင်ငံရေးအရ အသာစီးရနေသည့် အခြေအနေတွင်၊ လက်ရှိ တည်ရှိနေသည့် အပြည်ပြည်ဆိုင်ရာ တရားမျှတမှုစနစ်အပေါ် သိပ်အလေးမထားကြသည့် အစိုးရများ
 နှင့်လည်း သူတို့က ဆက်လက် ဆက်ဆံလုပ်ကိုင်၍ နေနိုင်ကြသေးသည်ဖြစ်ရာ၊ ရန်ဘက်ဖြစ်နေကြသည့် အင်အားစုများအကြား ဆွေးနွေးညှိနှိုင်းမှုများတွင် အပြည်ပြည်ဆိုင်ရာ တရားမျှတမှု လုပ်ငန်းစဉ်က အောင်မြင်မှု ရစေရေးအတွက် အားနည်းဖို့ ဖြစ်စေမည်လော၊ ပို၍အားကောင်းဖို့ ဖြစ်စေမည်လောဟု စောကြောမေးမြန်းစရာ ရှိသည်။

အတိုက်အခံ အင်အားစုများ၏ တောင်းဆိုချက်များကရော လက်တွေ့ကြမည်ပါလောဟု စဉ်းစားဖွယ် ရှိနေပြန်သည်။ ဆူဒန်နိုင်ငံ ကိစ္စ၌မူ အခြားတဖက် ခေါင်းဆောင် သမ္မတ ဘာရှားက စစ်ရာဇဝတ်မှုများနှင့် စွပ်စွဲထားခံရသည့် တရားခံ ဖြစ်နေသည်။ ဖမ်းဝရမ်းထုတ်ခံရသည့် အစိုးရတရပ်ကရော၊ လက်ရှိ ပြည်တွင်းနှင့် နိုင်ငံတကာ မူဝါဒများကို
 ပြန်သုံးသပ်ပါရန် တိုက်တွန်းဖို့ ဖြစ်နိုင်ပါမည်လော .. စသဖြင့် မေးခွန်းများစွာ ရှိနေသည်။  

အခြားကိစ္စတခုဖြစ်သည့် လစ်ဗျားနိုင်ငံ၌မူ အပြည်ပြည်ဆိုင်ရာ
အပြည်ပြည်ဆိုင်ရာ တရားမျှတမှု အစီအစဉ်များ စတင်လာ၍ အနည်းဆုံး ကနဦးကာလတွင် အမျိုးသား ပြန်လည် သင့်မြတ်ရေး အစီအစဉ်များအတွက် လမ်းကျဉ်းသွားမည်ဟု ပြောဆိုရန် မဖြစ်နိုင်ပါ
တရားမျှတမှုနှင့် တရားဥပဒေ စိုးမိုးမှုအကြား ပြဿနာ
 ဖြစ်နေရ သည့် အခြေအနေ ဖြစ်နေပြန်သည်။ ယူဂိုဆလားဗီးယား နိုင်ငံ၏ ဆလိုဗိုဒန် မီလိုဆိုဗစ် Slobodan Milosevic ကိစ္စ၌မူ အပြည်ပြည် ဆိုင်ရာ တရားရေးစနစ်က၊
 နိုင်ငံတွင်းသို့ လက်နက်ကိုင် ဝင်ရောက်စွက်ဖက် တိုက်ခိုက်မှုနှင့် တချိန်တည်းတွင် အချိန်ကိုက် ဖြစ်ပေါ်လာခဲ့သည်။ စစ်ရေးဆောင်ရွက်မှုကြောင့် နောက်ဆုံး ပြည်တွင်း
 နိုင်ငံရေး အပြောင်းအလဲများ အတွက်လည်း နိုင်ငံတကာခုံရုံး ကြားနာမှုများ ဖြစ်ပေါ်လာသည်နှင့်အညီ၊ လမ်းပွင့်လာစေခဲ့ သည်။  

မြန်မာနိုင်ငံတွင်မူ ပြည်ပမှ ဝင်ရောက်စွက်ဖက်ရန် ခြိမ်းခြောက်မှု လုံးဝရှိမထားသည့် ပြည်တွင်းရှိ နိုင်ငံရေး လက်တွေ့ ဝန်းကျင်ကို အသိအမှတ်ပြုရမည်ဖြစ်ပြီး၊ ဆူဒန်နိုင်ငံတွင် ဖြစ်ပျက်နေသည့် အတွေ့အကြုံက လိုလားစရာ မရှိသော်လည်း၊ ဖြစ်နိုင်ခြေရှိသည့် အလားအလာမျိုး ဖြစ်နေသည်။ မြန်မာနိုင်ငံရှိ အကျိုးတူ လူနည်းစု အဆင့်မြင့် စစ်ခေါင်းဆောင်များ အပါအဝင်၊ ဗဟိုအာဏာပိုင်များနှင့်လည်း ညှိနှိုင်းအကြံရယူရန် လိုအပ်ပါလိမ့်မည်။ အပြည်ပြည်ဆိုင်ရာ တရားမျှတမှု အစီအစဉ်များ စတင်လာ၍ အနည်းဆုံး ကနဦးကာလတွင် အမျိုးသား ပြန်လည် သင့်မြတ်ရေး အစီအစဉ်များအတွက် လမ်းကျဉ်းသွားမည်ဟု ပြောဆိုရန် မဖြစ်နိုင်ပါ။

မြန်မာနိုင်ငံအရေးတွင်မူ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တောင်းဆိုမှုများ ရှိနေသော်လည်း၊ လက်တွေ့ ကျကျ အသေးစိတ် ဆွေးနွေးရမည့် ကိစ္စများ ကျန်ရှိနေပါသေးသည်။ ပြန်လည်သင့်မြတ်ရေး တောင်းဆိုမှုအပေါ် ကြိုဆိုရန် ရှိသော်လည်း အမှန်တွင် တွေ့ဆုံဆွေးနွေးမှုအတွက် စာညွှန်းမူကြမ်းကို အင်အားစု အသီးသီးက
 ဆွေးနွေးပွဲများ မစတင်မီကပင်၊ ကိစ္စအများစုကို ရေးသားထားပြီး ရှိနေသင့်ပါသည်။

ဤနေရာတွင်လည်း မြန်မာပြည် အရေးကိစ္စတွင် ပါဝင် ပတ်သက်နေကြသည့် အင်အားစုများ၌ ယုံကြည်မှု၊ အပြန်အလှန် နားလည်မှု မရှိသေးဘဲ ဖြစ်နေကြပြီး၊ စာညွှန်းမူကြမ်းကလည်း မည်သို့ ထွက်ပေါ်လာမည်ကို မပြောနိုင်သေးပေ။အထူးသဖြင့် မြန်မာစစ်ခေါင်းဆောင်များအဖို့ ဤလုပ်ငန်းစဉ် အဆင့်များ၌ ပါဝင် ပတ်သက်မှု ရှိမည်-မရှိမည်ကို မပြောနိုင်သေးပါ။     

စုံစမ်းရေးကော်မရှင် CoI ဖွဲ့စည်းမှု၏ ရေတို အလားအလာအဖြစ်၊ အဓိပ္ပာယ်ရှိသော အပြောင်းအလဲများ အစပျိုး
 ဖြစ်ပေါ်လာစေရေးအတွက် အလှမ်းဝေးနေသေးသော်လည်း၊ ရေရှည်တွင်တော့ မျှော်လင့်စရာ ရှိနေပါသေးသည်။ အကယ်၍ မြန်မာအစိုးရက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများထံသို့ တဖြည်းဖြည်း ပိုမိုပွင့်လင်းလာလျှင်၊ သို့မဟုတ်
 ပြည်တွင်း မူဝါဒ ချမှတ်ဆုံးဖြတ်ရေး လုပ်ငန်းနယ်ပယ်များ၌ ပို၍ ရှုပ်ထွေး ထွေပြားလာလျှင်တော့ ဤသို့ မျှော်လင့်ဖွယ် ရှိပါသေးသည်။ ဤသို့သော အနေအထားတွင် လူသားမျိုးနွယ်တရပ်လုံးအပေါ် ရာဇဝတ်မှု ကျူးလွန်ချိုးဖောက်သည်ဟု စွပ်စွဲခံထားရသူအဖို့၊ တရားမျှတမှု စင်မြင့်ပေါ် မျှော်လင့်မထားသည့် လေပြေလေညင်း
 နှင့်အတူ ပေါ်ပေါက်လာရဖွယ် ရှိနေသည်။   

လိုင်ဘေးရီးယားနိုင်ငံ၏ ချားလ်စ်တေလာအဖို့ အာဏာကို လျှောလျှောလျူလျူ စွန့်ခွါစေရန်၊ ပြည်ပသို့ ထွက်သွား
 စေရန် ကာလတစုံတရာ အချိန်ယူခဲ့ ရသော်လည်း၊ နောက်ဆုံးတွင် အနောက် အာဖရိကနိုင်ငံများတွင်
 ဖြစ်ပွားခဲ့သည့် စစ်ပွဲများအတွင်း သူ၏လုပ်ဆောင်ချက်များကြောင့် နောက်ဆုံး ICC ခုံရုံးတွင် ရင်ဆိုင်ရသည့် အခြေအနေ ဖြစ်စေခဲ့သည်။ မကြာသေးခင်ကပင် ဘော့စနီးယား စစ်ခေါင်းဆောင် ရက်တို မလဒစ် Ratko Mladic ကိုလည်း သည်ဟိဂ်မြို့ရှိ ခုံရုံးသို့ ယူဂိုဆလပ် ပြည်တွင်းစစ်ပွဲအတွင်းက သူ၏ လုပ်ဆောင်ချက်များအတွက်
တာဝန်ယူ တာဝန်ခံရန် ဖမ်းဆီးပို့ဆောင်ခံခဲ့ရပြန်သည်။

ဘဲဂရိတ်မြို့တော်တွင် မလဒစ်ကို ဖမ်းဆီးမှုအပေါ် လမ်းပေါ်ဆန္ဒပြပွဲများ ရှိခဲ့သော်လည်း၊ များစွာသော သုံးသပ်
 လေ့လာသူများကမူ ယခုလို စစ်ခေါင်းဆောင်အပေါ် လွယ်လွယ်ကူကူ အရေးယူနိုင်ခဲ့ခြင်းမှာ၊ အချိန်ကြာမြင့်
 ပြောင်းလဲလာသည်က တကြောင်း၊ ဆာဗီယားနိုင်ငံ၏ ပင်မနိုင်ငံရေးတွင် တဖြည်းဖြည်း ပြောင်းလဲမှုများ
 ဖြစ်ပေါ်လာသောကြောင့်ဟု သုံးသပ်ကြသည်။

မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ကမ္ဘောဒီးယား နိုင်ငံတွင်မူ တမျိုးတဖုံ ဖြစ်နေသေးသည်။ တရားမျှတမှုအတွက် မတူညီသည့် သဘောထားအမြင်များဖြင့် အကြိတ်အနယ် အင်အားပြိုင်ဆိုင်နေကြဆဲ ဖြစ်သည်။ ခမာနီများကို အာဏာမှ ဖယ်ရှားပြီး ၃၂ နှစ် ကြာမြင့်လာပြီးသည့်နောက်၊ ၎င်းလှုပ်ရှားမှု ထိပ်သီးခေါင်းဆောင် အများအပြား ဆယ်စုနှစ်များစွာကြာ တရားဝင် လက်နက်ချလာပြီးသည့်နောက်တွင်၊ ကမ္ဘောဒီးယား ပြည်သူ ၂ သန်းကျော်ကို သတ်ဖြတ်ခဲ့သည့် ပြစ်မှုကြီးတွင် သူတို့ကျရာ တာဝန်ရှိမှုအလိုက် တရားရင်ဆိုင်ခဲ့ကြရသည်။ ကုလသမဂ္ဂ၏
 ကျောထောက်နောက်ခံပြုမှုအောက်တွင် ကမ္ဘောဒီးယား ပြည်တွင်းခုံရုံး အများအပြား၌ ထိုသူများကို အပြစ်ပေး စီရင်သည့် တရားရုံးများ ဆောင်ရွက်နိုင်ခဲ့ကြ သည်။   

ဤတရားခုံရုံးများ စီရင်မှုအနေအထားတွင် "စိတ်ခံစားမှု ပြင်းထန်ပေါက်ကွဲ" မှုများ ကြုံခဲ့ရသည်ဟု ဖော်ပြကြသော် လည်း၊ ကမ္ဘောဒီးယားနိုင်ငံ၏ လူ့အခွင့်အရေးလှုပ်ရှားသူ ဦး ဗီရက် Ou Virak ကမူ ဘီဘီစီသတင်းဌာနသို့ တနင်္လာနေ့တွင် ပြောကြားရာ၌ ဤရာဇဝတ်မှုများသည် ကမ္ဘောဒီးယားပြည်သူများ၏ စိတ်ခံစားမှုအတွင်း၌ စုပေါင်းစွဲမြစ် ကျန်ရစ်နေဆဲရှိသည်။ ယခု ခုံရုံးများသည် နစ်နာခံစားရသူ သားကောင်များအဖို့ မည်မျှကြာညောင်း
 လေးမြင့်ခဲ့သည် ဆိုစေ၊ တရားမျှတသည့် ခံစားမှုတစုံတရာ ခံစားရစေခဲ့သည်ဟု ဖော်ပြပြောဆိုခဲ့သည်။
 သေချာသည်မှာ သူတို့စနစ်က မပြည့်စုံနိုင်လွန်းလှပြီး၊  အချိန်လည်း ကြာမြင့်လွန်းလှပါသည်။ အချို့ကဆိုလျှင် အပြုသဘောဆောင်သည့် အဆင့်အထိ တက်လှမ်းနိုင်ခြင်း မရှိဟုလည်း အငြင်းပွားနိုင်ပါသေးသည်။     

တရားမျှတမှုနှင့် လက်တွေ့ကျကျ ချည်းကပ်ရေးဝါဒ ကွဲပြားမှုများအကြား သေချာကွဲပြားအောင် ရှင်းလင်းရန်ဆိုသည်မှာ မလွယ်လှသလို၊ ဖြစ်ခဲလှပါသည်။ လူအများကို သူတို့ဆောင်ရွက်ကျူးလွန်ခဲ့သည့် လုပ်ငန်းများအရ တာဝန်ခံစေရေး ဆိုသည်မှာ ဖြစ်သင့်သည့် ပန်းတိုင်ရည်မှန်းချက် ဖြစ်သော်လည်း၊ လက်တွေ့ ရှုပ်ထွေးပွေလီလှသော မြေပြင် အခြေအနေအပေါ် မူတည်၍ ချင့်ချိန်ကြရမည် ဖြစ်သည်။ အထူးသဖြင့် အပြစ်ရှိသည်ဟု စီရင်ခံရသူက အာဏာအရ၊ မူဝါဒအရ အသာစီး ယူထားနိုင်သည့် အခြေအနေမျိုးတွင် ပို၍ချင့်ချိန်ရလိမ့်မည် ဖြစ်သည်။   

မြန်မာနိုင်ငံတွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စများအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင် CoI တရပ် ဝင်မည်ဆိုလျှင်၊ ကျင့်ဝတ်ရေးရာပိုင်း အရရော၊ ဥပဒေကြောင်း အရပါ သင့်လျော်လှသည့် ကိစ္စဖြစ်သည်။ သို့သော်လည်း ယနေ့ကာလတွင် လက်တွေ့ကျသည့် မဟာဗျူဟာမြောက် ပုံစံတရပ်မှာ ဆယ်စုနှစ်များစွာကြာ အထမမြောက်
 ဖြစ်နေခဲ့ရသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲများ ပြန်လည်ထမြောက် အောင်မြင်လာစေရေး
အတွက် အားပေးကူညီပေးကြရန်ပင် ဖြစ်ပါတော့သည်။

(ဂျိုးဆက်ဖ် ဘော Jospeh Ball ရေးသားသည့် CoI – Continuation of Impasse?  ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။)
http://www.mizzimaburmese.com/edop/songpa/7850--coi-.html

0 အကြံပြုခြင်း: