Friday, July 29, 2011

ရင်ခုန်ကြည်နူးရမယ့်အရွယ်မှာ-ထောင်ဒဏ် ၅၉နှစ်



အင်းလျားရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေညှင်းလေးတွေကြား ရင်ခုန်ကြည်နူးရမယ့်အရွယ်မှာ-ထောင်ဒဏ် ၅၉နှစ် "အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်းပြည်"

by Sophia Sofia Chan on Friday, July 29, 2011 at 9:35am
၁၉၉၅ မှာ နှစ်ရှည်ထောင်ဒဏ် ၅၉ နှစ် အများဆုံးကျခံခဲ့ရတဲ့ ကျောင်းသားလူငယ်ကိုအေးအောင်ကို စစ်ထောက်လှမ်းရေးတွေက အကြိမ်ကြိမ်ဆွေးနွေးပြီး လွတ်ရင်ဘာလုပ်မလဲလို့မေးပါတယ်။ ဒီလိုမေးတဲ့အခါ ကိုအေးအောင်က သူ့ယုံကြည်ချက်ကို ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။ ဓမ္မ နဲ့ အဓမ္မကို ခွဲခြားသိမြင်သူမို့ ဓမ္မကိုချစ်မိတဲ့ဒဏ် သူရဲရဲ ၀ံ့ဝံ့ခံမယ်တဲ့။

ကိုအေးအောင်

လေးစားရတဲ့သောတရှင်များရှင်

တကယ်ဆို တက္ကသိုလ်ကျောင်းသားလူငယ်လူရွယ်တွေဟာ ကံကော်ရနဲ့၊ စွယ်တော်ရနံ့နဲ့ အင်းလျားကန်ဘောင်ပေါ်လျှောက်ပြီး အင်းလျားရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေညှင်းလေးတွေကြားမှာ ရင်ခုန်ကြည်နူးရမယ့်အရွယ်ပါ။ ဒါပေမယ့် စစ်အာဏာရှင်စနစ်ကြောင့် ကျောင်းသားလူုငယ်တွေ စာသင်ခန်းနဲ့ပျော်ရွင်မှူအားလုံးကို ကျောခိုင်းပြီး အကျဉ်းထောင် အုတ်နံရံတွေကြားရောက်နေရပါတယ်။ စာသင်ခန်းထဲကနေ၊ မိဘရင်ခွင်ထဲကနေ ဆွဲထုတ်ပြီး နှစ်ရှည်ထောင်ဒဏ်တွေနဲ့ ဝေးလံခေါင်သီတဲ့ အကျဉ်းစခန်းတွေစီကို အပို့ခံရပါတယ်။ လွတ်လပ်စွာ ပညာသင်ကြားခွင့်လိုချင်ပေမယ့် နှစ်ရှည်ထောင်တွေကိုပဲ ရနေကြပါတယ်။ တက္ကသိုလ်ကျောင်း စာသင်ခန်းထဲကနေ တိုင်းပြည်ရဲ့ လိုအပ်ချက်၊ ကျောင်းသားတွေရဲ့ အခွင့်အရေးကို စစ်အာဏာရှင်စီ တောင်းဆိုတိုက်ပွဲဝင်ခဲ့တဲ့ ဒဂုံသက္ကသိုလ်ကျောင်းသားကိုအေးအောင် ကလေးမြို့အကျဉ်းထောင်ထဲမှာ နှစ်ရှည်ထောင်ဒဏ်နဲ့ အကျဉ်းကျနေတာ ဆယ်နှစ်ကျော်သွားပါပြီ။

၁၉၉၉ မှာ နိုင်ငံရေးအကျဉ်းသားများကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခဲ့တာ ထောင်သက်နဲ့ လူသက်များရတဲ့အထိပါ။ အဲ့ဒီအချိန်တုန်းက ကိုအေးအောင် အသက် ၂၀ ကျော်ပဲ ရှိပါသေးတယ်။ ကိုအေးအောင်တို့ကျောင်းသားလူငယ်တွေက ၁၉၉၈ လှည်းတန်းမီးပွိုင့်ဆန္ဒပြပွဲမှာ ပြည်သူ့လွှတ်တော်ခေါ်ယူရေး ပြည်သူ့သို့ ပန်ကြားချက်၊ တက္ကသိုလ်အဝေးသင် စာမေးပွဲတွေကို တက္ကသိုလ်ကျောင်းတွေမှာ ဖြေခွင့်မရှိဘဲ အထကကျောင်းတွေမှာ ဖြေခိုင်းတဲ့အတွက် ကျောင်းသားအခွင့်အရေး တောင်းဆိုချက်များနဲ့ ဆန္ဒပြခဲ့ပါတယ်။ ကိုအေးအောင်တို့ကျောင်းသားလူငယ်တေါကို ကားတွေလမ်းတွေပိတ်ပြီး လူဆိုးလူရမ်းကား အမည်တပ်ပြီး လိုက်ဖမ်းပါတယ်။ ကိုအေးအောင်၊ ကိုမျိုးမင်းဇော်တို့က ကျနော်တို့ ကျောင်းသားတွေပါလို့ပြောတော့ ရပ်ကြည့်နေတဲ့ ပြည်သူလူထုက ဖမ်းမပေးပါဘူး။

အာဏာပိုင်တွေက ရိုင်းရိုင်းစိုင်းစိုင်းဖမ်းပြီး စစ်ကြောရေးမှာ ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်တာကို ခံခဲ့ရပါတယ်။ ဘယ်လောက်ထိုညှင်းပမ်းခံရလဲဆိုရင် စစ်ကြောရေးမှာ ထောက်လှမ်းရေးတွေ ရိုက်တာ၊ ညှင်းပမ်းတာအားမရလို့ ထောင်ထဲမှာရှိတဲ့ လူဆိုး၊လူရမ်းကားတွေကိုခေါ်ပြီး ရိုက်ခိုင်းတဲ့အထိပါ။ သွေးတွေ၊ ချွေးတွေဆိုတာရောထွေးနေတာလို့ သူနဲ့ အတူနေခဲ့ရတဲ့သူတွေကပြောပြခဲ့ပါတယ်။ ဒဏ်ရာတွေဆိုတာတော်တော်နဲ့ မပြောက်ဘူး၊ ထောင်ထဲရောက်လာတဲ့အခါမှာတော့ ကိုအေးအောင် တယောက်သံမဏိရိုင်းတတုံးဖြစ်လာခဲ့တယ်တဲ့။ ၅၉ နှစ်ထောင်ဒဏ်နဲ့ အင်းစိန်ထောင်ကနေ ကလေးအကျဉ်းထောင်ကို မိသားစုကို အသိမပေးဘဲ တိတ်တဆိတ်ပြောင်းခဲ့ပါတယ်။ သံခြေကျင်းတွေနဲ့ ရန်ကုန်ဘူတာကြီးကနေ ရထားစီးရမယ့်အချိန်မှာ ကျနော်တို့ကျောင်းသားတွေပါ၊ ကျနော်တို့ကို ကလေးအကျဉ်းထောင် ပို့မှာ အိမ်ကမသိဘူး။ ဒီဖုန်းနံပါတ်နဲ့ အိမ်ကိုအကြောင်းကြား ပေးပါလို့ အော်ဟစ်ပြောဆိုခဲ့တော့ ရပ်ကြည့်နေတဲ့ ပြည်သူလူထုက ကျောင်းသားတွေရဲ့ အိမ်ကိုဖုန်းဆက်အကြောင်းကြားပေးပါတယ်။ ဒါကြောင့် ဘယ်သူဘယ်ထောင်ရောက်တယ် ဆိုတဲ့အကြောင်းသိရတာပါ။ ကျောင်းတွေကို ရက်အကန်းအသတ်မရှိပိတ်ပြီး အကျဉ်းထောင်တွေကို စက္ကန့်မလပ်ဖွင့်ထားတဲ့ စစ်အာဏာရှင်ကို ပြည်သူလူထုက  ဆန့်ကျင်လိုက်တာပါ။ ကျောင်းစာသင်ခန်းထဲမှာ ပညာသင်ကြားနေရပေမယ့် ကျောင်းသားလူငယ်တွေကို သံခြေကျင်းနဲ့  ထောင်ဝတ်စုံဝတ်ထားတာမြင်ရတော့ ပြည်သူလူထု ရင်ထုမနာဖြစ်ကုန်ကြပါတယ်။ အပြေးအလွှားရေသန့်ဘူးတွေ၊ မုန့်တွေဝယ်၊ ကျောင်းသားတွေလက်ထဲထည့်ပြီး ထောက်ခံအားပေးကြောင်းပြကြတော့တယ်။

အင်းစိန်ထောင်၊ မန္တလေးထောင်၊ မုံရွာထောင်ကနေ ကလေးအကျဉ်းထောင်ကို မဟာမြိုင်တောဖြတ်ပြီး ကားနဲ့ ကလေးဝဆိပ်ကမ်းကို သွားရပါတယ်။ ကလေးဝဆိပ်ကမ်းကို ဇက်နဲ့ကူးလာရပါတယ်။ ကလေးအကျဉ်းထောင်ဝန်ထမ်းများက အချုပ်ကားနဲ့ ကလေးဝဆိပ်ကမ်းကစောင့်ပြီး နိုင်ငံရေးအကျဉ်းသားများကို လက်ဆင့်ကမ်းလွှဲပြောင်းယူ ရပါတယ်။ ဒီတော့ ထောင်ဒဏ်၅၉ နှစ်၊ ၅၇ နှစ်၊ ၄၂ နှစ်ကို အသက်ထင်ပြီး ရိုးရိုးရာဇ၀တ်အကျဉ်းသားတွေ နဲ့ မှားကုန်တယ်လို့ ၀န်ထမ်းတွေက ပြောပါတယ်။ ကိုအေးအောင်တို့ ကလေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားအားလုံး ၂၆ယောက်ရှိပါတယ်။ ၂၀၀၅ ခုနှစ်မတိုင်ခင်မှာ ထောင်ပြောင်းခံရတဲ့သူ၊ လွတ်တဲ့သူတွေကြောင့် ကိုအေးအောင်အပါအ၀င် ၈ယောက်ကျန်ခဲ့ပါတယ်။

၂၀၀၅ ခုနှစ် ဇူလိုင် ၆ ရက်နေ့မှ မထင်မှတ်ဘဲ ကျန်တဲ့သူတွေ လွတ်မြောက်ပြီး ကိုအေးအောင်နဲ့ ကိုစောဝင်း နှစ်ယောက်သာကျန်ခဲ့ပါတယ်။ အရင်က ညဘက်တွေမှာ ဟိုအခန်း၊ ဒီအခန်း အသံတွေနဲ့ အဖော်ပြုခဲ့သူနှစ်ယောက် တိတ်ဆိတ်တဲ့ အမှောင်မှာ ဘယ်သူ့ဘယ်သူမှ စကားမပြောနိုင်တော့ဘူးလို့ သူနဲ့အတူကျန်ခဲ့တဲ့ ကိုစောဝင်း လွတ်လာချိန်မှာ ပြန်ပြောပြပါတယ်။

ကိုအေးအောင်နဲ့ အတူနေခဲ့ရတဲ့ ကိုနေဦးကတော့ သူတို့လွတ်မြောက်လာပေမယ့် လွတ်လွတ်ကျွတ်ကျွတ် မပျော်နိုင်ပါဘူး။ အများလွတ်ပြီး အနည်းကျန်ခဲ့တဲ့ ရဲဘော်နှစ်ဦးကို နှူတ်ဆက်စကားတောင် မဆိုနိုင်ခဲ့ပါဘူးတဲ့။ ကိုအေးအောင်ကို စစ်ထောက်လှမ်းရေးတွေက အကြိမ်ကြိမ်ဆွေးနွေးပြီး လွတ်လာရင်ဘာလုပ်မလဲလို့မေးပါတယ်။ ဒီလိုမေးတဲ့အခါမှာ ကိုအေးအောင် က သူ့ယုံကြည်ချက်ကို ပြတ်ပြတ်သားသားပြောခဲ့ပါတယ်။ ဓမ္မ နဲ့ အဓမ္မကို ခွဲခြားသိမြင်သူမို့ ဓမ္မ ချစ်မိတဲ့ဒဏ် သူရဲရဲဝံ့ဝံ့ခံမယ်တဲ့။

နောက်တနှစ်ကြာတဲ့အခါမှာ ကိုစောဝင်းလွတ်တော့ ကိုအေးအောင်တယောက်တည်း ကျန်ခဲ့ပါတယ်။ တိုင်းပြည်အတွက် လူငယ်ဘ၀ကိုပေးဆပ်ခဲ့တဲ့ ကိုအေးအောင်အတွက် အရွယ်နဲ့ အမျှတဲ့ဒဏ်ရာတွေနဲ့ ထောင်တွင်းဖိနှိပ်မှူတွေကို ခံနေရပါတယ်။ ကိုအေးအောင်ဖခင် ဦးသောင်းစိန်က ကျနော့သားက သူနဲ့ရွယ်တူကျောင်းသားတွေလို ကျောင်းတက်ချင်မှာပဲ။ လူငယ်သဘာဝအတိုင်းပြုမူနေထိုင်ချင်မှာပဲလို့ပြောပါတယ်။ သားကို ရုပ်အာဟာရ၊ စိတ်အာဟာရပေးဖို့ မိဘရဲ့ မေတ္တာအပြည့်ထည့်ထားတဲ့ ထောင်ဝင်စာခြင်းကိုဆွဲပြီး တလတကြိမ်သားကို ထောင်ဝင်စာတွေ့နေရပါတယ်။ ၀က်သား တပိသာ ခုနှစ်ရာဈေးကတည်းက ဒီနေ့ ၀က်သားတပိသာ ခုနှစ်ထောင်ဈေးအထိ တွေ့နေရတုန်းပါပဲ။ အိမ်ပြန်ရောက်တဲ့နေ့ လွတ်လာတဲ့ နေ့လို့ပဲ ဦးသောင်းစိန် စိတ်ဒုန်းဒုန်း ချထားပါတယ်။

ကျမခင်ပွန်းသည် မလွတ်ခင် ထောင်ဝင်စာတွေ့ချိန်မှာ ကိုအေးအောင်ဖခင်နဲ့ ဆုံရင်အတူတွေ့ခွင့်ရပါတယ်။ ထောင်ဝင်စာမှာ တက်ကြွလန်းဆန်းနေတဲ့ ကိုအေးအောင် ကိုမြင်ရတော့ ကျမမှာ ၀မ်းနည်းဝမ်းသာဖြစ်ရပါတယ်။ ၀မ်းနည်းရတာက သူ့လူငယ်ဘ၀ကို၊ ၀မ်းသာရတာက တက်ကြွလမ်းဆန်းနေတဲ့ သူ့ရဲ့ဟန်ပန်ကို။ တခါတော့ ဖေဖေသားကို အတွေးအခေါ်ပါတဲ့ မှတ်သားစရာပါတဲ့စာအုပ်သာ ယူခဲ့ပါဖေဖေ၊ ပညာရေး ဗဟုသုတတွေ လေ့လာဖို့ သား သိပ်နောက်ကျနေပြီတဲ့။ အဲဒီနေ့ ထောင်ဝင်စာအပြန်မှာ သူ့ဖခင် မျက်ရည်ကျပါတော့တယ်။

သောတရှင်များရှင်
ထောင်ကနေ ထောင်ဝင်စာတွေ့ပြီးပြန်လာရင် ထောင်ဝင်စာမှာ ပြောခဲ့တဲ့ စကားတွေကို ကားပေါ်မှာပြန်စဥ်းစားရင် ကြေကွဲဆို့နင့်ကြရပါတယ်။ ထောင်ဝင်စာဆိုတာ လူ့စိတ်နှလုံး ညှိုးနွမ်းရတဲ့ လူ့ဂုဏ်သိက္ခာညိုးနွမ်းရတဲ့ လူ့အခွင့်အရေးတွေ ထပ်မံဆုံးရှူံးရတဲ့ နေရာတခုပါ။ ထောင်ဝင်စာမှာ ပစ္စည်းတွေပေးနိုင်ဖို့ ကျမတို့ နောက်ထပ်ကြိုးစားရမယ်ဆိုတဲ့ ခွန်အားတွေလဲ ပါခဲ့ပါတယ်။

ကလေးအကျဉ်းထောင်ကို ရန်ကုန်ကနေ ထောင်ဝင်စာလာတွေ့ဖို့ ငွေကြေးတခုပြည့်စုံရုံ နဲ့ မရပဲ ခွန်အားလည်းပြည့်စုံဖို့လိုပါတယ်။ ကျမတို့ ထောင်ဝင်စာ ၁၀ နှစ်ကျော်ဖြတ်ခဲ့ရတဲ့ ခရီးကြမ်းက မဟာမြိုင်၊ ယာကြီးလမ်း၊ ချင်းတွင်းမြစ်၊ ပုံတောင်ပုံညာ၊ ဂန့်ဂေါလမ်း၊ လမ်းအစုံသွားခဲ့ရပါတယ်။ မြစ်သာမြစ်ကူး ကလေးဝတံတားအထိ ဆောက်ပြီးယာကြီးလမ်းက တခြားလမ်းတွေထက် မိုင် ၉၀ သက်သာပေမယ့် မိုးတပေါက်နှစ်ပေါက်ကျရုံနဲ့ လမ်းပျောက်တတ်ပါတယ်။ ယာကြီးလမ်းကို နွေခဏပဲ အားထားရတာပါ။ ဒါတောင်မှ ၂၀၀၇ မေလဆန်းမှာ ထောင်ဝင်စာတွေ့ပြီး အပြန်ယာကြီးလမ်းမိုးရွာလို့ ပျက်ခဲ့ရပါတယ်။ ဒီလိုအဖြစ်အပျက်မျိုး၊ ပင်ပန်းမှူမျိုး ဘယ်တုန်းကမှ မကြုံခဲ့ရဖူးပါဘူး။ ဘယ်လောက်ထိလဲဆိုတော့ တောထဲတောင်ထဲမှာ ဆယ်ရက်ကြာခဲ့ပါတယ်။

ရှေ့ခရီးလည်းဆက်မရ၊ နောက်လည်းပြန်မရနဲ့ ကျမတို့ကားတစီးတည်း မဟုတ်ပါဘူး။ အတက်အဆင်းကားအစီပေါင်း ခြောက်ဆယ်လောက် ပိတ်မိကုန်ကြတာပါ။ ကျမတို့ ကားပိတ်မိနေတဲ့ နေရာက ရွာနဲ့ မနီးတဲ့နေရာ။ လမ်းပြင်တဲ့စခန်းတဲလေးမှာ ကလေးကနေ မန္တလေးကိုဆင်းတဲ့ အဆင်းကားငါးစီး ရှေ့ဆက်မသွားနိုင်တော့ ကားပေါ်ပါလာတဲ့ခရီးသည်တွေ စားစရာသောက်စရာမရှိ။ အညစ်အကြေးစွန့်စရာ နေရာမရှိနဲ့ အခက်တွေ့ကြပါတော့တယ်။ ကားတစီးမှာ လူငါးဆယ်ပါတယ်။ မိုးကလည်း စွေလိုက်တာမပြောပါနဲ့တော့။ မိုးခြိမ်းသံတွေ လျှပ်စီးတွေက တောတောင်အလယ်မှာ ကျမတို့ကို ကြောက်လန့်အားငယ်အောင် ပံ့ပိုးနေပါတယ်။ ဟိုးအဝေးရွာတွေက ထမင်းလာရောင်းကြတယ်။ ထမင်းလက်နှစ်ဆုပ်စာနဲ့ သရက်ချဉ်နည်းနည်း။ မြေပဲဆံစေ့ လေးငါးစေ့ကို ငွေတစ်ထောင်ပေးပြီး စားရပါတယ်။ ဒါလည်း အလုအယက်ဝယ်ရတာပါ။ လမ်းကောင်းနိုးနိုး၊ မိုးပြတ် ရင်ဆိုတဲ့ အတွေးတွေနဲ့ ခရီးသည်တွေ စောင့်နေရာက၊ ဒီအတိုင်း လည်စင်းမခံနေတော့ဘူး။ ရွာရှိမယ့်နေရာ၊ မုံရွာ မန္တလေး ရန်ကုန်ကို သွားနိုင်ဖို့ ခရီးသည်တချို့ စဉ်းစားကြတယ်။ လပို့ရွာကိုရောက်ဖို့ ရှစ်နာရီလျောက်ရပါမယ်။ ဒီတော့ လူငယ်လူရွယ်တွေ အများဆုံးလျှောက်ကြတယ်။ ပစ္စည်းတွေတော့ မသယ်နိုင်ကြဘူး။ မန္တလေးရောက်မှ ပစ္စည်းလာရွေးမယ်လို့ ကားသမားကို မှာ ကြတယ်။ ဦးသောင်းစိန် လို အသက်ကြီးသူတွေနဲ့ ကျမတို့ မိန်းမအရွယ်တွေသာကျန်ခဲ့တော့တယ်။ ကျောပိုးတွေ လူလွတ်ကြီးပဲလျှောက်လာတဲ့ အတက်ခရီးသည်တွေ ကျမတို့တဲစခန်းလေးနားရောက်ရင် အားလုံးမိုးရွာထဲမှာ တုံးလုံးပက်လက်ဖြစ်ကုန်ကြတယ်။ တဲစခန်းလေးမှာ တထောက်နား။ နောက်နေ့မိုးလင်း လမ်းလျှောက်သွားတဲ့သူတို့ကို ကြည့်ရတာ စစ်ပြေးဒုက္ခသည်တွေလိုပါပဲ။ ဦးသောင်းစိန်က ဒူးအရွတ်တွေပြတ်လို့ တုန်ကောက်နဲ့ သွားနေရသူပါ။ ရွှံ့ပေါင်လည်၊ ခြေသလုံးလောက်ရှိတာကို ရုန်းပြီး တောင်တက်တောင်ဆင်းသွားရမယ်ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါ။ ဒါကြောင့် ရန်ကုန်ကမိသားစုတွေ စိတ်ပူနေမယ်၊ အဘကိုထားပြီး သမီးလမ်းလျှောက်နိုင်ရင်သွားပါ။ အဘကတော့လမ်းပွင့်မှပဲ သွားနိုင်တော့မယ်လို့ဆိုပါတယ်။ တစတစ နည်းသွားတဲ့ ခရီးသည်တွေကြားမှာ ကျမတို့ အားငယ်လိုက်တာမပြောပါနဲ့တော့။ ကျမရှေ့ခရီးကို အပင်ပန်းခံလမ်းလျှောက်ပြီး ရန်ကုန်ကမိသားစုတွေ စိတ်မပူဖို့ ဆက်သွယ်နိုင်တဲ့နေရာအထိရောက်ဖို့အားတင်းရပါတယ်။ အဘဦးသောင်းစိန်ကိုလည်း စိတ်မချ။ မိုးအအေးကြောင့်လေဖြတ်သွားရင်ဘယ်လိုလုပ်မလဲ။ စားစရာ၊ ရေသောက်စရာကလည်း အခက်အခဲမဟုတ်လား။ နောက်ဆုံးခရီးသည်အချို့နဲ့ လိုက်သွားရပါတယ်။ ကျမတသက် အပင်ပန်းဆုံးခရီးလို့ဆိုချင်ပါတယ်။ ခြေဗလာနဲ့ ရွှံ့ဗွက်ရုန်းပြီး မိုးရွာထဲ တောင်တက်တောင်ဆင်းလမ်းလျှောက်ရတာ။ တောထဲတောင်ထဲမှာ မိန်းမတယောက်ရဲ့ လုံခြုံမှူကို ကြောက်ရတဲ့ ခရီးအတွက် မနားနိုင်ဘူး။ ရှေ့ကလူကိုမှီအောင် ဆိုတဲ့စိတ်နဲ့ ရှစ်နာရီကြာအောင်လမ်းလျှောက်ခဲ့ရတယ်။ လပို့ရွာမှာ ခရီးသည်တွေဆိုတာ အပြည့်ပဲ။ ရှေ့ခရီးဘယ်လိုဆက်မလဲဆိုတာ စောင့်နေကြတယ်။ ကျမကတော့ ထမင်းဆိုင်မှာ ၀ိုင်းကူလုပ်ရင်း ရန်ကုန်ကလူတွေကို စိတ်မပူဖို့အကြောင်းကြားရပါတယ်။ ဆယ်ရက်မြောက်နေ့မှာ ဟိုင်မွန်ဂျစ်လို့ခေါ်တဲ့ ချင်းတောင်ပေါ်ပြေးဂျစ်ကားကို ချင်းလူမျိုးမိသားတစုက ဖုန်းနဲ့လှမ်းခေါ်လို့ရောက်လာတယ်။ ကျမလည်း ၀မ်းသာအားရနဲ့ ကလေးဝအထိလိုက်ပါရစေလို့ တောင်းပန်ရတယ်။ ထောင်ဝင်စာလာတွေ့တဲ့သူလို့ပြောမှာ ဂရုဏာသက်ပြီးခေါ်ပါတယ်။ ကျမလမ်းလျှောက်ခဲ့တဲ့နေရာကို ဂျစ်ကားနဲ့နောက်ကြောင်းပြန်ရတာပါ။ ကျမကိုမြင်တော့ ဦးသောင်းစိန် အရမ်းဝမ်းသာသွားပြီး ငါ့တူမရယ်၊ အဘလေ အမေက ကလေးကို ထားသွားလို့ပြန်တွေ့တဲ့အတိုင်း ၀မ်းသာလိုက်တာလို့ပြောရှာတယ်။

ဟိုင်မွန်ဂျစ်ပေါ်ကို ကျမတို့ ၀မ်းလျားမှောက်တက်ရတယ်။ လမ်းဆိုးလို့ လမ်းဆင်းလျှောက်ဖို့လိုရင် ကျမတို့ ကားပေါ်က ခုန်ဆင်းကြရတယ်။ ငရဲကြီးတယ်ဆိုတာ ဒုက္ခဆင်းရဲရောက်တာကို တင်စားတာဆိုရင်တော့ ကျမတို့ငရဲကျခဲ့တာပါပဲ… နောက်ကြောင်းပြန်ခရီးက တောင်ကျရေဒလဟောနဲ့ ကားလမ်းပေါ်ရေကျော်တာကိုဖြတ်။ ရွှံ့စေးတွေနဲ့ ကားကချောက်ဖက်ဆွဲသွားတဲ့ အခါ ငါသေပြီလို့အောက်မေ့မိတယ်။ ကျမတို့ ကလေးဝတံတားရောက်တော့ ညကိုးနာရီထိုးပါပြီ။ မနက်စာ၊ ညစာထမင်းမစားရသလို မိုးရေတွေ တကိုယ်လုံးရွှဲဆိုပြီး ပြန်ခဲ့ရပါတယ်။ နောင်မှာ ရာကြီးလမ်းအကြောင်း သိရတာက တလကြာပိတ်မိနေတယ်လို့ပြောကြပါတယ်။ ဦးသောင်းစိန်ကတော့ အိမ်ရောက်တာနဲ့ မနားနိုင်ရှာဘူး။ နောက်တခါထောင်ဝင်စာအတွက် ရုန်းကန်ရတော့တာပါပဲ။

သောတရှင်များရှင်

အကျဉ်းကျမိသားစုတွေရဲ့ ဒုက္ခကို ဖောင်ဖွဲ့လို့ရရင် နောက်ထပ် အဖိထပ်ထုတ်ရမယ့် အထိပါပဲလို့ပြောရင် ပိုတယ်မထင်ကြပါနဲ့။

မျှဝေခံစားနိုင်ကြပါစေ။

"အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်းပြည်" RFA အသံလွှင့် ဆောင်းပါးများစာအုပ်မှ ကူးယူဖြန့်ဝေသည်။

1 အကြံပြုခြင်း:

Billy Mackenzie said...

ဆောင်းပါး အစ မှာ ၁၉၉၅-ခုနှစ်ဟုရေးထားတာ လွှဲနေပါတယ်။ ၁၉၉၅-မှာ ကျောင်းသားဆန္ဒပြပွဲတွေမဖြစ်ပေါ်သေးပါ။ဒေါ်စုလွတ်ခါစမှာကျောင်းသားအရေးလှုပ်ရှားမှုတွေစတင်ပါတယ်။-၁၉၉၈-တပ်မတော်နေ့မိန့် ခွန်းမှာတပ်ချုပ်ကြီးကနိုင်ငံရေးလုပ်သူများနဲ့ကျနော်တို့ဟာညီအကိုတွေလို့ မိန့် ခွန်းပေးအပြီးမကြာခင်-နစ်ရှည်ထောင်ဒါဏ်တွေစတင်တော့တာပါ။အဲဒီမတိုင်ခင်ထောင်ဒါဏ်ကနည်းတော့..နောက်လူများက-ဖိုးကံကောင်းများစုခေါ်တတ်ပါသည်။