Monday, August 29, 2011

ပဏ္ဍာဆက်နိုင်ငံများ


ပဏ္ဍာဆက်နိုင်ငံများဆိုတာ အင်အားကြီးတဲ့ နိုင်ငံကြီးတစ်ခုရဲ့  သြဇာရိပ်ကို ခိုလှုံရပြီး အဲဒီနိုင်ငံကြီးကို လက်ဆောင်ပဏ္ဍာဆက်သရခြင်း၊ထိုနိုင်ငံကြီးအလိုကျ စီမံအုပ်ချုပ်လုပ်ကိုင်ရတဲ့ နိုင်ငံများကို ဆိုလိုပါတယ်။
မြန်မာနိုင်ငံဟာလည်း တစ်ချိန်က ဘုန်းတန်ခိုးကြီးတဲ့ဘုရင်များလက်ထက်မှာပတ်ဝန်းကျင်နိုင်ငံများရဲ့ ပဏ္ဍာဆက်တာကို ခံယူခဲ့ရဖူးတဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ဖူးပါတယ်။ တရုတ်ပြည်ဟာ ၁၉၇၈- ၇၉ ခုနှစ်လောက်မှာ တိန်ရှောက်ဖိန် အာဏာရလာပြီး စီးပွားရေးနဲ့ နိုင်ငံရေးပုံစံကိုစတင်ပြောင်းလဲလုပ်ကိုင်ခဲ့ရာမှအရှိန်အဟုန်ဖြင့်ပြောင်းလဲတိုးတက်ခဲ့ပြီး ယနေ့ ကမ္ဘာတွင် စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး အင်အားကြီးသောနိုင်ငံအဖြစ်သို့ ရောက်ရှိနေပြီဖြစ်ပါတယ်။
ဒါပေမယ့် ဒီလိုအခြေအနေတွေကို လုပ်ကိုင်နိုင်ဖို့ အစပျိုးမှုတွေကို တရုတ်ကွန်မြူနစ်ပါတီရဲ့ ထိုစဉ်က အသက် (၂၀)ကျော် ၀န်းကျင်ရှိတဲ့လူငယ်ကေဒါများက ၁၉၆၀ ခုနှစ်လောက်မှာ စတင်ကြံဆောင်ပြီး တရုတ်ကွန်မြူနစ်ပါတီ (ဗဟို)သို့  သူတို့ ရဲ့  နောင် (၂၅)နှစ်အတွက် မျှော်မှန်းတဲ့စာတမ်းတစ်ဆောင်ကို တင်ခဲ့ကြတယ်လို့  ကိုယ်တွေ့ တွေ့ မြင်ဖူးသူတစ်ဦးရဲ့ ပြောပြချက်အရ ကြားသိရခဲ့ပါတယ်။
သူက ၁၉၆၀ ခုနှစ်မှာ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ၊ ပီကင်းသို့  သတင်းလုပ်ငန်းနဲ့ ပက်သက်ပြီး ပညာသင် သွားခဲ့ဖူးသူတစ်ဦးက ပြောပြခဲ့တာပါ။
သူ့ ရဲ့ အဆိုအရ မြန်မာအစိုးရသတင်းဌာနရဲ့ ပညာတော်သင်အဖြစ် ပီကင်းမှာ ရှိနေစဉ် ပီကင်းတက္ကသိုလ်တစ်ခုမှာ ဧည့်ပါမောက္ခလုပ်နေတဲ့ဂျာမန်ပရော်ဖက်ဆာတစ်ဦးနဲ့ ရင်းနှီးခဲ့ရာမှ တရုတ်ကွန်မြူနစ်ပါတီလူငယ်ကေဒါတွေက ပါတီပေါလစ်ဗျူရိုဆီတင်တဲ့ တရုတ်ဘာသာနဲ့ ရေးထားတဲ့စာတမ်းတစ်ခုကို သူ့ ကိုပြသခဲ့ပါတယ်။ စာတမ်းက လှို့ ဝှက်ဖြစ်လို့  ကူးယူခွင့်တော့ မပြုပါဘူး။
ဂျာမန်ပါမောက္ခက ဒီစာတမ်းဟာ မင်းတို့ မြန်မာပြည်နဲ့ လည်း သက်ဆိုင်နေလို့  ဆိုပြီး ပြောပြခဲ့ပါတယ်။ ဒီစာတမ်းထဲမှာ တရုတ်ပြည်ဟာနောက် (၂၅)နှစ်ကြာရင် သူ့ နိုင်ငံရဲ့ ပတ်ပတ်လည်အိမ်နီးချင်းနိုင်ငံတွေဟာ သူ့ ရဲ့ ပဏ္ဍာဆက်နိုင်ငံတွေဖြစ်အောင် လုပ်ဆောင်ရမယ်၊ အဲဒီနိုင်ငံတွေရဲ့ သယံဇာတအရင်းအမြစ်နဲ့ နယ်မြေတို့ ကိုပါ အသုံးပြုပြိး တရုတ်နိုင်ငံရဲ့ ဖွံ့ ဖြိုးမှုအတွက် လုပ်ဆောင်နိုင်ဖို့  သြဇာလွှမ်းမိုးထားနိုင်အောင် နည်းလမ်း
အမျိုးမျိုးနဲ့ ဆောင်ရွက်နိုင်ရမယ်လို့  ရေးသားထားတယ်လို့  သိရပါတယ်။
အဲဒီအကြောင်းကို သူ မြန်မာပြည်ပြန်ရောက်တဲ့အခါ သူ့ ဌာနအကြီးအကဲကိုပြန်လည်အစီရင်ခံခဲ့ဖူးတယ်လို့ ပြောပါတယ်။ အဲဒီ အငြိမ်းစားပုဂ္ဂိုလ်ကြီးကျွန်တော့်ကိုပြောပြဖူးတာက ၂၀၀၁ ခုနှစ်လောက်မှာဖြစ်ပါတယ်။ သူပြောပြစဉ်က အမှတ်တမဲ့ရှိခဲ့ပြီး သက်သေခံအထောက်အထား ဘာတစ်ခုမှမရှိတော့ပေါ့ပေါ့တန်တန်ဘဲ သဘောထားခဲ့ပါတယ်။ ဒါပေမယ့် အခုကာလမှာတော့ ဒီအကြောင်းတွေဟာ တရုတ်နဲ့ မြန်မာကြားမှာ ဆက်စပ်တိုက်ဆိုင်မှုတွေတော်တော်များလာလို့  အခုလိုဖော်ပြဖြစ်တာပါ။
ဆိုလိုတာက တရုတ်လူမျိုးတွေကို ရန်လိုမုန်းတီးစရာမဟုတ်ဘဲ တရုတ်ကွန်မြူနစ်ပါတီအစိုးရရဲ့ ရေရှည် စီမံချက်ချပြီး လုပ်ဆောင်မှုတွေကိုသာသတိကြီးကြီးထားနိုင်ကြဖို့  ဆိုလိုရင်းဖြစ်ပါတယ်။ တရုတ်ဟာ မြန်မာပြည်မှာ ရင်းနှီးမြှပ်နှံတဲ့အခါ ကုန်ချောထုတ်လုပ်ငန်းတွေမှာတော့ ၀င်ရောက်လုပ်ကိုင်လိုခြင်းမရှိဘဲ သယံဇာတရယူရေးနဲ့  နယ်မြေသြဇာချဲ့ ထွင်နိုင်ရေးကိုသာ ဦးတည်လုပ်ဆောင်နေတယ်လို့ ထင်မြင်မိပါတယ်။
လက်ရှိအာဏာရအစိုးရကလည်း ကုလသမဂ္ဂအပါအ၀င် အမေရိကန်၊ ဥရောပ စတဲ့ နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းအောင် ကြိုးစားနေခြင်းဟာတရုတ်တစ်နိုင်ငံတည်းကိုသာ အားကိုးနေရမယ့်လမ်းကြောင်းမှ လွတ်မြောက်နိုင်ရေးပါဘဲ။
မြန်မာနိုင်ငံဟာ မိမိနိုင်ငံရဲ့ သယံဇာတအရင်းအမြစ်နဲ့ ကုန်ကြမ်းတွေကိုသာ ထုတ်ရောင်းနေရတဲ့ အခြေအနေမှ တစိတ်တပိုင်းကုန်ချောတွေကိုပါထုတ်လုပ်ရောင်းချနိုင်ပြီး နိုင်ငံတကာနဲ့ တန်းတူရည်တူစီးပွားကုန်သွယ်နိုင်မယ့် နိုင်ငံအဖြစ်ရောက်ရှိနိုင်အောင် ဆောင်ရွက်နိုင်ဖို့ ဆန္ဒပြုလိုက်ပါတယ်။ဒါမှလည်း ခေတ်အဆက်ဆက် ပဏ္ဍာဆက်နိုင်ငံဘ၀အဖြစ်မှရုန်းထွက်နိုင်မှာဖြစ်ပါတယ်။


Sခင်ဇိုင်

0 အကြံပြုခြင်း: