Thursday, August 4, 2011

အမြဲတမ်းလွှတ်တော်တဲ့လား



Thursday, August 4, 2011 

ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးပြီး ကတည်းက လူထုကြားမှာ လွှတ်တော်ရဲ့ အခန်းကဏ္ဍ အပေါ် စိတ်ဝင်စားမှု ပိုပြီး များလာခဲ့ပါတယ်။ လွှတ်တော်ရေးရာ တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတာတွေ ကိုလည်း ပြည်တွင်း၊ ပြည်ပ မီဒီယာတွေမှာ အတော်လေး ဖော်ပြကြပါတယ်။ အဲဒီအထဲမှာ ပြည်ထောင်စု လွှတ်တော်ကို အမေရိကန် ကွန်ဂရက် လွှတ်တော်လို အမြဲတမ်း ကျင်းပ နေသင့်တယ်၊ အမေရိကန် ကွန်ဂရက် ဆိုတာက ကြားမှာ အားလပ်ရက် နားတာက လွဲပြီး အမြဲတမ်း ကျင်းပနေတာ ဖြစ်တယ်လို့ ပြောဆိုမှုတွေ ရှိတာ သတိ ထားမိပါတယ်။ အခု ဒီအယူအဆ မှန်မမှန်နဲ့ မြန်မာ နိုင်ငံမှာရော ဘယ်လို လုပ်သင့်သလဲ ဆိုတာလေးကို ဆွေးနွေး ချင်ပါတယ်။


ဒါတွေ မပြောခင်မှာ လွှတ်တော်တွေ စပေါ်ခဲ့တဲ့ ဖြစ်စဉ်ကို အကျဉ်း ပြန်ကြည့်လိုက်ရင် အင်္ဂလန်မှာ ၁၀၆၆ မှာ အင်္ဂလိပ် ဘုရင် William of Normandy က ဘုရင်က ကံကျွေးချပေးထားတဲ့ မြေရှင်တွေကို တိုင်ပင်တဲ့ အလေ့အထ ကနေ စပြီး ပေါ်ပေါက် ခဲ့တယ်လို့ သမိုင်း ဆရာများက ဆိုပါတယ်။ ၁၂၁၅ ခုနှစ်ကျတော့ ဒေသအလိုက် အုပ်ချုပ်နေတဲ့ မြေရှင် ကြီးများနဲ့ ဂျွန်ဘုရင် မင်းမြတ်ကြားမှာ Magna Carta ဆိုတဲ့ သဘောတူ စာချုပ် ချုပ်ဆိုခဲ့တယ်။ အဲဒီ စာချုပ်အရ ဘုရင်က အခွန်အတုပ်နဲ့ ပတ်သက်တဲ့ ဥပဒေတွေ မထုတ်ခင် မြို့စားတွေ၊ မြေရှင်ကြီးတွေ ပါတဲ့ ကောင်စီနဲ့ အရင် တိုင်ပင်ဖို့ သဘော တူခဲ့တယ်။ အဲဒီ ကောင်စီကနေ ဗြိတိသျှ ပါလီမန် ဖြစ်လာခဲ့ပါတယ်။ ၁၃၄၁က စပြီး အစဉ်အလာ အရ ရှိခဲ့တဲ့ မြို့စား၊ နယ်စားတွေရဲ့ ပါလီမန်က အထက်လွှတ်တော် (House of Lord) ဖြစ်သွားပြီး လူလတ်တန်းစား တွေထဲက မဲနဲ့ရွေးတဲ့ လူတွေပါတဲ့ လွှတ်တော်က အောက်လွှတ်တော် (House of Common) ဖြစ်သွားပါတယ်။ စက်မှု တော်လှန်ရေး နောက်ပိုင်းမှာတော့ အောက်လွှတ်တော်က ပိုပြီး အာဏာ ရှိသွားပါတယ်။ ဗြိတိသျှ ပါလီမန်က ဟိုး စပေါ်တုန်း ကတော့ ဘုရင်က သူဆုံးဖြတ်ဖို့ ကိစ္စရှိမှ ခေါ်ပြီး တိုင်ပင်တယ်။ နောက်တော့ လွှတ်တော်က သူတို့ ဘုရင်ကို တင်ပြချင်တာ ရှိရင် သူတို့ အစီအစဉ်နဲ့ သူတို့ ခေါ်ပြီး ဘုရင်ကို သူတို့ ဆုံးဖြတ်ချက်ကို အကြောင်း ကြားခဲ့တယ်။ ဒါက သမိုင်းအကျဉ်း ဖြစ်ပါတယ်။
အမေရိကန် တော်လှန်ရေး ဖြစ်ပြီး ၁၇၇၆ ခုနှစ်မှာ အင်္ဂလိပ် လက်အောက်က လွတ်လပ်ရေး ရလာတော့ ပထမ ၁၇၈၁ ခုနှစ်မှာ Articles of Confederation နဲ့ ပြည်နယ်၁၃ ခုက အမေရိကန် ပြည်ထောင်စုကို ထူထောင် ခဲ့တယ်။ အဲဒီစာချုပ်အရ လွှတ်တော်တစ်ရပ်ပဲထားခဲ့တယ်။ နောက် ၁၇၈၇ ခုနှစ်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ညီလာခံ ကျင်းပပြီးတော့ ၁၇၉၂ ခုနှစ်မှာ အခြေခံ ဥပဒေကို အတည်ပြုခဲ့ပါတယ်။ အဲဒီ အခြေခံ ဥပဒေအရ ပြည်နယ်တွေက အချိုးကျပါတဲ့ အထက် လွှတ်တော်နဲ့ လူဦးရေကို အခြေခံပြီး ရွေးတဲ့ အောက်လွှတ်တော် နှစ်ခုပါတဲ့ ကွန်ဂရက်ကို စပြီး တည်ထောင်ခဲ့ပါတယ်။
အင်္ဂလိပ် ပါလီမန်ရော၊ အမေရိကန် ကွန်ဂရက်ရော စတင် တည်ထောင်တုန်းက ပါဝင်ခဲ့သူ များဟာ မိမိကိုယ်ပိုင် လုပ်ငန်းများ ရှိတဲ့ ပြည်သူများ ဖြစ်ပြီး သက်ဆိုင်ရာ ဒေသက သူတို့ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ဖို့ ရွေးချယ် စေလွှတ်ပေးလိုက် သူများသာ ဖြစ်တဲ့အတွက် တစ်နှစ်ပတ်လုံး လွှတ်တော်ရှိရာ နိုင်ငံ မြို့တော်မှာ နေထိုင်နိုင်ကြတာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အမေရိကန် အခြေခံ ဥပဒေ အခန်း ၁၊ အပိုဒ် ၄ မှာ လွှတ်တော်ကို တစ်နှစ်တစ်ကြိမ် ခေါ်ရမယ်။ လွှတ်တော်က သီးခြား ဥပဒေနဲ့ မသတ်မှတ်ဘူး ဆိုရင် ဒီဇင်ဘာလရဲ့ ပထမဆုံး တနလာင်္နေ့မှာ စတင် ကျင်းပရမယ်လို့ သတ်မှတ် ထားခဲ့ပါတယ်။ (The Congress shall assemble at least once in every Year, and such Meeting shall be on the first Monday in December,4 unless they shall by Law appoint a different Day.) ဘာဖြစ်လို့ အဲဒီလို သတ်မှတ် ရသလဲ ဆိုတော့ နွေဦးနဲ့ နွေရာသီတွေမှာ အမေရိကန် လယ်သမားများ အတွက် အလုပ်အများဆုံး အချိန်ဖြစ်လို့ စိုက်ပျိုးရေး လုပ်ငန်းနည်းတဲ့ ဆောင်းရာသီကို ရွေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အမေရိကန် လွှတ်တော်ဟာ စတည်ထောင်တုန်းက အချိန်ပိုင်းသာ အစည်းအဝေး ထိုင်တာဖြစ်ပြီး ၁၈၈၅ ခုနှစ် မတိုင်ခင်အထိ လွှတ်တော် အမတ်တွေဟာ လစာမရပဲ မြို့တော်မှာ လာပြီး အစည်းအဝေး ထိုင်တဲ့ အချိန် အတွက်ပဲ နေ့တွက်စရိတ် ပေးခဲ့တာကို တွေ့ရပါတယ်။
ဒါပေမယ့် ၁၉ ရာစုထဲ ဝင်လာတဲ့ အခါကျတော့ ဗြိတိသျှ လွှတ်တော်နဲ့ အမေရိကန် ကွန်ဂရက် တို့ရဲ့ အစည်းအဝေး ကျင်းပတဲ့ ရက်တွေက ကြာလာပြီး လွှတ်တော် အစည်းအဝေး တွေက တဆက်တည်း ကျင်းပတဲ့ ပုံစံဖြစ်ပြီး ကြားမှာ အားလပ်ရက် ဥပမာ Summer Holiday, Labor Day Recess စသည်ဖြင့် လွှတ်တော် အစည်းအဝေး တွေကို ရပ်ထားတာမျိုး၊ နောက်ပြီး ဗြိတိသျှ ပါလီမန်ရဲ့ ထုံးစံအရ တစ်ပတ်မှ တနလာင်္ကနေ ကြာသပတေး အထိပဲ လုပ်ပြီး သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တွေမှာ မိမိနယ်ကို ပြန်တာမျိုး ဖြစ်လာပါတယ်။ တနည်း ပြောရရင် လွှတ်တော်ဟာလည်း အစိုးရ အဖွဲ့လိုပဲ မြို့တော်မှာ အချိန်အတော် များများ ရုံးစိုက်ထားတဲ့ သဘော ဖြစ်လာပါတယ်။ အခုဆိုရင် အမေရိကန် ကွန်ဂရက်ဟာ နှစ်စဉ် ဇန်နဝါရီလ ၃ ရက်နေ့မှ စတင် ကျင်းပပြီး တစ်နှစ်ကို ပျမ်းမျှ ခြောက်လလောက် အစည်းအဝေး ထိုင်နေပြီ ဖြစ်ပါတယ်။
ဒီလို ဖြစ်ရတာဟာ အကြောင်းအရင်း နှစ်ခုကြောင့် ဖြစ်ပါတယ်။ ပထမ အကြောင်းကတော့ စက်မှုတော်လှန်ရေး နောက်ပိုင်းမှာ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ ကာကွယ်ရေး အခြေအနေတွေ တိုးတက် လာတာနဲ့ အညီ လွှတ်တော်ရဲ့ လုပ်ငန်းတွေ များပြား လာခြင်းပါ။ နောက်တစ်ချက် ကတော့ Professional Politician လို့ ပြောနိုင်တဲ့ နိုင်ငံရေးသမား လူတန်းစား တစ်ရပ် ပေါ်ပေါက် လာခြင်းကြောင့် ဥပဒေပြုရေး ကိစ္စတွေမှာ ပိုပြီး အချိန်ပေးနိုင် လာတာကြောင့် ဖြစ်ပါတယ်။
ဒီတော့ မြန်မာနိုင်ငံမှာရော အဲဒီလို မလုပ်နိုင် ပေဘူးလားလို့ မေးစရာ ရှိပါတယ်။ မဖြစ်နိုင်သေးဘူး လို့ပဲ ထင်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ၄၇ အခြေခံ ဥပဒေအရ ပေါ်လာတဲ့ လွှတ်တော်မှာရော၊ ၇၄ အခြေခံ ဥပဒေအရ ပေါ်လာတဲ့ လွှတ်တော်မှာရော၊ ၂၀၀၈ အခြေခံ ဥပဒေအရ ပေါ်လာတဲ့ လွှတ်တော်မှာရော ပါဝင်နေတဲ့ လွှတ်တော် ကိုယ်စားလှယ် များဟာ မိမိအလုပ်နဲ့ နိုင်ငံရေး အလုပ် နှစ်ခုလုံးကို တွဲလုပ်နေရတဲ့ သူတွေ အများစု ဖြစ်နေလို့ပါပဲ။
အနောက် နိုင်ငံတွေမှာလို အချိန်ပြည့် နီးပါး ရုံးထိုင် လုပ်ဖို့ဆိုရင် လွှတ်တော် ကိုယ်စားလှယ်တိုင်းဟာ နေပြည်တော်မှာ နေစရာ၊ မိမိကိုယ်ပိုင် ရုံးအဖွဲ့ စသည်ဖြင့် ရှိရပါမယ်။ အဲဒီလို လုပ်နိုင်ဖို့ ကိုယ်ပိုင်ငွေ၊ မိမိကို ထောက်ခံသူများက ထည့်ဝင်ငွေ အပြင် နိုင်ငံတော်ကလည်း ထောက်ပံ့ ရပါသေးတယ်။ ကျွန်တော်တို့ ဆီမှာ လွှတ်တော် ကိုယ်စားလှယ် အများစုဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု အတွက်တောင် စေတနာရှင် လုပ်အားပေးများကို မှီခိုပြီး လုပ်နေရတာ ဖြစ်ပါတယ်။
တကယ်တော့ အနောက် နိုင်ငံတွေမှာ ပြည်ထောင်စု အဆင့် နိုင်ငံရေး အလုပ်ဆိုတာ သူဌေးတွေမှ လုပ်နိုင်တာ လို့တောင် ပြောလို့ ရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ အမေရိကန် အောက်လွှတ်တော် အမတ်တစ်ဦးရဲ့ ပျမ်းမျှ ရွေးကောက်ပွဲ အသုံးစရိတ်ဟာ ဒေါ်လာ တစ်သန်းကျော် ရှိပါတယ်။ အထက်လွှတ်တော် အမတ်တစ်ဦး အတွက် ပျမ်းမျှ ရွေးကောက်ပွဲ အသုံးစရိတ်က ဒေါ်လာ ငါးသန်းကျော် ရှိပါတယ်။ သမ္မတလောင်း တစ်ဦးကျတော့ အဲဒီထက် အဆများစွာ ပိုသွားပြီး ၂၀၀၈ ရွေးကောက်ပွဲ မှာ အိုဘားမားက ရွေးကောက်ပွဲ အသုံးစရိတ် ဒေါ်လာ သန်းခြောက်ရာကျော် သုံးခဲ့ပြီး အဲဒီ အထဲက ဒေါ်လာ သန်း ၄၂၃ သန်းက မီဒီယာ လုပ်ငန်းတွေမှာ သုံးခဲ့ရတာ ဖြစ်ပါတယ်။
နောက်ပြီး ဝါရှင်တန်မှာ အမြဲရုံးထိုင်နိုင်ဖို့အတွက် နိုင်ငံတော်က လွှတ်တော်အမတ် တစ်ဦးကို လစာအဖြစ် တစ်နှစ်ကို ဒေါ်လာ တစ်သိန်း ခုနှစ်သောင်းကျော်ကို လစာအဖြစ် ပေးရပါတယ်။ တကယ်တော့ လစာလို့ မသုံးပါဘူး။ တစ်ခြားအလုပ် မလုပ် ရတဲ့အတွက် လျှော်ကြေး compensation လို့ သုံးပါတယ်။ ဥက္ကဌများနဲ့ လူများစု၊ လူနည်းစု ခေါင်းဆောင် ဆိုသူတွေ ကတော့ အဲဒီထက် ပိုရပါတယ်။ အဲဒါအပြင် မိမိရုံး လုပ်ငန်းတွေ လုပ်ဖို့အတွက် အသုံးစရိတ် အဖြစ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးကို နိုင်ငံတော်က ပျှမ်းမျှ တစ်နှစ်ကို ဒေါ်လာ ၁.၄ သန်းကျော် ထောက်ပံ့ ပေးပါတယ်။ အဲဒါက မိမိရုံး အဖွဲ့ အတွက် လစာ မပါသေးပါဘူး။ အမေရိကန် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဟာ အမြဲတမ်း ရုံးဝန်ထမ်း ၁၈ ဦးနဲ့ ယာယီဝန်ထမ်း လေးဦး ခန့်ခွင့်ရှိပြီး ဝန်ထမ်းတစ်ဦး အတွက် ပုံသေလစာ ဒေါ်လာ တစ်သိန်း ခြောက်သောင်းကျော် သတ်မှတ် ပေးထားပါတယ်။ အခု ဖော်ပြ ထားတာများဟာ အောက်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအတွက် ဖြစ်ပြီး အထက် လွှတ်တော် ကိုယ်စားလှယ်များ အတွက်ကျတော့ ဒီထက် များပါတယ်။ ကုန်ကျစရိတ် အခြေအနေ မှန်းဆ နိုင်အောင် ဖော်ပြခြင်းသာ ဖြစ်ပါတယ်။ အခု ဖော်ပြတာ အပြင် လွှတ်တော် တာဝန်နဲ့ ပြည်တွင်း၊ ပြည်ပ ခရီးသွားတဲ့ စရိတ်များ၊ အခွန်သက်သာခွင့်၊ ကျန်းမာရေး အာမခံ၊ ပရိဘောဂ ဝယ်ယူခွင့် ဆိုတဲ့ အသုံးစရိတ် တွေကိုလည်း ထောက်ပံ့ ပေးရပါတယ်။ ဒါဟာ အမေရိကန်သာ မဟုတ်ပါ ဖွံ့ဖြိုးပြီး နိုင်ငံများက လွှတ်တော်တိုင်းမှာ ဒီစနစ်အတိုင်းပဲ ဖြစ်ပါတယ်။
ဒါတောင်မှ ဒါဟာ ရုံးကိစ္စ အတွက်ပဲ သုံးဖို့ ခွင့်ပြုထားတာ ဖြစ်ပြီး အိမ်ခန်းငှားခ၊ အိမ်ငှားခ၊ ဧည့်ခံစရိတ် ဆိုတာတွေ အတွက် မိမိ ရွေးကောက်ပွဲ ရန်ပုံငွေ တွေထဲက သုံးရတာ ဖြစ်ပါတယ်။ ဒီတော့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံ တစ်နိုင်ငံမှာ လွှတ်တော် ကိုယ်စားလှယ်များကို ကာလကြာရှည်စွာ ရုံးထိုင် ခိုင်းထားဖို့ ဆိုတာ မဖြစ်နိုင် သေးဘူးလို့ ထင်ပါတယ်။ သို့သော် လွှတ်တော် ကော်မတီဝင်များ ကိုတော့ လွှတ်တော်တစ်ခုနဲ့ တစ်ခုကြားမှာ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခေါ်ပြီး အလုပ် လုပ်တာမျိုးတော့ ဖြစ်နိုင်ပါတယ်။ အခုလည်း အဲဒီပုံစံမျိုး ကျင့်သုံး နေတာကို သတိထား မိပါတယ်။ ဒီလိုပြောတော့ လွှတ်တော်ကိုယ်စား လှယ်များရဲ့ အခန်းကဏ္ဍမရှိတော့ဘူးလားလို့ မေးစရာရှိပါတယ်။
မဟုတ်ပါဘူး။ လွှတ်တော်တစ်ခုနဲ့ တစ်ခုကြားမှာ လွှတ်တော် ကိုယ်စားလှယ်များဟာ မိမိရဲ့ မဲဆန္ဒနယ်မှာ ပြန်ပြီး ပြည်သူ များနဲ့ ထိတွေ့ခြင်း၊ ပြည်သူတွေရဲ့ အခက်အခဲ များနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးခြင်း၊ ဝန်ကြီးဌာန များကို ဆက်သွယ် စာရေး မေးမြန်းခြင်းတွေ လုပ်နိုင်ပါတယ်။ အခုလည်း ဦးသိန်းညွှန့်တို့အဲဒီပုံစံ လုပ်နေတာ ဂျာနယ်များမှာ ဖတ်ရပါတယ်။
ဒီနေရာမှာ တစ်ခု ထောက်ပြ ချင်တာက လွှတ်တော် ကိုယ်စားလှယ်များ အချိန်ပြည့် နီးပါး အလုပ် လုပ်နေတဲ့ အတွက် ဥပဒေပြုရေး လုပ်ငန်းတွေ ပိုမြန်လာတဲ့ ကောင်းကျိုး ရှိသလို မဲဆန္ဒနယ်မြေက လူများနဲ့ အဆက် ပြတ်နေတဲ့ ဆိုးကျိုးလည်း ရှိပါတယ်။ အမေရိကန်မှာ ဆိုရင် ဒေသခံ မဲဆန္ဒနယ်က လူတွေက လွှတ်တော် ကိုယ်စားလှယ် များဟာ ကိုယ့်နယ်မြေကို ပြန်ပြီး ထိတွေ့တဲ့ အချိန် နည်းပါးမှုကို ထောက်ပြ ပြောဆိုတာတွေ မကြာခဏ ကြားရ၊ ဖတ်ရမှာ ဖြစ်ပါတယ်။
ဒီတော့ လွှတ်တော် လုပ်ငန်းများ အသက်ဝင်ဖို့ ဆိုတာ လွှတ်တော် ကိုယ်စားလှယ်တွေ အမြဲတမ်း ရုံးထိုင်နေမှ မဟုတ်ဘဲ မိမိနိုင်ငံနဲ့ သင့်တော်တဲ့ နည်းနဲ့ လွှတ်တော် တစ်ခုနဲ့ တစ်ခုကြားမှာ ကိုယ်စားလှယ် များကလည်း လုပ်လို့ ရပါတယ်။ လုပ်ကြဖို့ပဲ လိုပါတယ်လို့သာ တင်ပြချင်ပါတယ်။

0 အကြံပြုခြင်း: