Wednesday, September 21, 2011

ဦးမြင့်၏ အဂတိလိုက်စားမှု ကုထုံးစာတမ်း



မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၉ မိနစ်
နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ

အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ

မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC)၊ နေပြည်တော်

၂ဝ၁၁ ခုနှစ်၊ သြဂုတ်လ (၁၉-၂၁)ရက်

အဂတိလိုက်စားမှု - အကြောင်း၊ အကျိုးနှင့် ကုထုံးများ

(ပြုစုသူ - ဦးမြင့်)
အနှစ်ချုပ်

ဤစာတမ်းတွင် ဖော်ပြလိုသည်မှာ ''တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှု ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ လုပ်ငန်းစဉ် ချမှတ် အကောင်အထည် ဖော်ရာတွင် အဂတိ လိုက်စားမှု ပြဿနာကို အလေးပေး ထည့်သွင်း စဉ်းစားဖို့ လိုလိမ့်မည်'' ဆိုသော အမှာစကား ဖြစ်ပါသည်။

အထူးသဖြင့် ထိန်းချုပ်မှုအတန်အသင့်ရှိနေဆဲဖြစ်ပြီး၊ ဗဟိုမှ သတ်မှတ်ပေးသော စီးပွားရေးဆိုင်ရာ ညွှန်ကြားချက် များနှင့်လည်း မကင်းတတ်သေးသော ဖွံ့ဖြိုးမှုနောက်ကျသည့်နိုင်ငံတစ်ခုတွင် အဂတိလိုက်စားမှု၏ အကြောင်းရင်း
ခံနှင့် အကျိုးဆက်များကို ဆွေးနွေး တင်ပြထားပါသည်။

ဤသို့သော နိုင်ငံမျိုးတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုတို့ ချို့တဲ့နေတတ်ကာ ပေါ်လစီရှေ့နောက် မညီမှုများ
လည်း ရှိနေတတ်ပြီး၊ ဥပဒေပြုရေးလို၊ တရားစီရင်ရေးလို အဖွဲ့အစည်းမူဘောင်(institutions) များပါ အားနည်းနေ
လေ့ရှိပါသည်။ ဤသို့သော အထွေထွေအားနည်းချက်များသည်ပင် ''အထူးလုပ်ပိုင်ခွင့်အကျိုး အမြတ်ရှာဖွေမှုများ''
(rent seeking) ရှင်သန်ကြီးထွားရေးအတွက် အခွင့်ကောင်းများ ပေါ်ထွန်းလာနိုင်ပါသည်။ ထိုမျှမက တရားမဝင် စီးပွားရေးများ အားကောင်းမောင်းသန်လာခြင်း၊ အဂတိလိုက်စားမှုကြောင့် လူမှုရေး၊ ဝင်ငွေခွဲဝေမှု၊ စားသုံးမှုပုံစံ၊ ရင်းနှီးမြှုပ်နှံမှု၊ အစိုးရဘတ်ဂျတ်နှင့် စီးပွားရေး ပြုပြင်ပြောင်း လဲမှုများအပေါ် ဘေးသင့်စေနိုင်သော အကျိုး သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်ပါသည်။
ECP_umyint
ဤအကြောင်းများကိုလည်း စဉ်းစား ချင့်ချိန်နိုင်ရန် စာတမ်းတွင် ထည့်သွင်း ဆွေးနွေးထားပါသည်။ ထို့ပြင် လာဘ်ပေး လာဘ်ယူမှုများ၏ ရောင်းလိုအားဘက်(တစ်နည်း-လာဘ်ပေးသည့်ဘက်) အထူးသဖြင့် ပြည်ပနိုင်ငံကုမ္ပဏီကြီးများမှ လာဘ်ပေး သည့်ကိစ္စနှင့် အဂတိလိုက်စားမှုပြဿနာကို မည်သို့ကိုင်တွယ်ထိန်းချုပ်ဖို့လိုလိမ့်မည်ဆိုသော စဉ်းစားချက် တို့ကိုပါ စာတမ်းတွင် တင်ပြထားပါသည်။

အပိုင်း (၁)

နောက်ခံကား

(က) အဂတိလိုက်စားမှုနှင့် စပ်လျဉ်း၍ တစ်ကမ္ဘာလုံးနှင့် အာရှဒေသတွင်ပါ စိုးရိမ်ပူပန်မှုများ မြင့်မားလာခြင်း

၁။ ယခုအခါ အဂတိလိုက်စားမှုနှင့်ပတ်သက်သော စိုးရိမ်မကင်းဖြစ်ရမှုများမှာ ကမ္ဘာတဝှမ်း တိုးပွားမြင့်မားလျှက် ရှိနေပြီ ဖြစ်ပါသည်။ ဤသို့ဖြစ်စေသည့် အကြောင်းရင်းခံအချက် (၃)ချက် ရှိပါ သည်။

၂။ ပထမ အကြောင်းရင်းခံမှာ ''အဂတိလိုက်စားမှုမှာ လောကလုံးသဘော ဆောင်လာပြီ'' ဆိုသော အများညီ အမြင် ဖြစ်ပါသည်။ ဖွံ့ဖြိုးပြီးရော၊ ဖွံ့ဖြိုးဆဲရော တိုင်းပြည် အားလုံးသည်ပင် အဂတိလိုက်စား မှုများနှင့် မကင်းနိုင်တော့ သလို၊ အစိုးရကဏ္ဍရော၊ ပုဂ္ဂလိကကဏ္ဍတွင်ပါ အဂတိလိုက်စားမှုများကို အနှံ့အပြား ဆိုသလို တွေ့လာရပါသည်။ ထို့အပြင် အမြတ်အတွက်မဟုတ်သော ပရဟိတအဖွဲ့အစည်း များမှာပင် ဤအတိုင်း ဖြစ်နေသည်ကို တွေ့ရှိရပါသည်။

၃။ ဒုတိယ အကြောင်းရင်းခံမှာ အဂတိလိုက်စားမှုနှင့် ပတ်သက်သော စွပ်စွဲချက်များ၊ တရားစွဲဆိုမှုများနှင့် ဆိုင်ပါ သည်။ ယခုအခါ အဆိုပါ တရားတဘောင် ကိစ္စများမှာ မည်သည့်ခေတ်၊ မည်သည့် အခါကမှနှင့် မတူအောင် နိုင်ငံ
ရေး ဘဝ၏ ဗဟိုအချက်အချာ အခန်းသို့ ပို၍ ရောက်ရှိလာနေပြီ ဖြစ်သည်။ အဂတိ လိုက်စားမှုကြောင့်ပင် အစိုးရအဖွဲ့ များ ပြုတ်ကျ ကုန်သလို၊ ကမ္ဘာသိ ထင်ရှားကျော်ကြားသူများ၏ သက်မွေးမှု လုပ်ငန်းများလည်း ပျက်စီးပြိုကျ လာရ သည်။ လူအများ၏ လေးစား တန်ဖိုးထားမှုကိုခံရသော အဖွဲ့အစည်းများနှင့် စီးပွားရေး လုပ်ငန်းများ၏ သြဇာတိက္ကမ
များ ဆိုလျှင်လည်း ဆိုးဆိုးရွားရွားပင် ကျဆင်းလာရသည်။ ဤတွင် ဆိုခဲ့ပါဖြစ်စဉ်ဖြစ်ရပ်များမှာ နိုင်ငံတကာ သတင်း မီဒီယာများအတွက် ခံတွင်းတွေ့စရာများ ဖြစ်လာလေတော့သည်။

အထူးသဖြင့် ရာထူးဂုဏ်သိန် မြင့်မားသူများ၏ မလျော်ကန်သော အပြုအမူများ၊ မကောင်းသတင်းများ ဆိုလျှင်၊ အကြီးအကျယ် ပေါက်နိုင်သည့် ''သတင်းကြီး'' များအဖြစ် သဘောယူလာကြရာ အားကြိုးမာန်တက် စုံစမ်း
ထောက်လှမ်းမှုတွေ လုပ်လာကြပါသည်။ အဂတိလိုက်စားမှုကို နိုင်ငံရေး အတိုက်အခံများ အပေါ် အယုံအကြည်
ကင်းမဲ့ လာစေရေးအတွက် လက်နက်တစ်ခုလို အသုံးပြုလာကြသော တူရူချက်မှာလည်း သိသိသာသာ ရှေ့ရောက် လာပါသည်။ သည်လိုနှင့် သိက္ခာချ သတင်းများမှာ မီဒီယာလောက ဈေးကွက်တွင် အရောင်းသွက်သည့် ကုန်တွေ
ဖြစ်လာသလို မီဒီယာ ပရိသတ်ဘက်မှလည်း ထင်ရှား ကျော်ကြားသူများ၏ အရှက်တကွဲ အကျိုးနည်း ဖြစ်ရပ်တွေ ကိုသာ မြိန်ရေယှက်ရေ ဖြစ်လာကြတော့သည်။ အကျိုးဆက်ကား လူ့သဘာဝ၏ အားနည်းချက်ဟု ဆိုနိုင်သော
ကျော်မကောင်း ကြားမကောင်း အဂတိမကင်းသည့် အပြုအမူများမှာ နိုင်ငံတကာ အာရုံစူးစိုက်ရာ ရေပန်းအစားဆုံး ''သတင်းချိုချို'' တွေ ဖြစ်လာရပါတော့သည်။

၎။ တတိယ အကြောင်းရင်းခံမှာ ယခုစာတမ်း၏ အဓိက ပြဿနာလည်း ဖြစ်ပါသည်။ ''တိုင်းပြည် တစ်ပြည်၏
ခေတ်မီရေးနှင့် စီးပွားရေး ဖွံ့ဖြိုးမှု ဖြစ်စဉ်တွင် အဂတိလိုက်စားမှုမှာ ပဓာနကျသည့် ခလုတ်ကန်သင်း ဖြစ်သည်'' ဆိုသော ကောက်ချက်ပင် ဖြစ်သည်။ သို့နှင့်အမျှ တိုင်းပြည်တစ်ပြည်၏ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွင် အဂတိ လိုက်စားမှု
ပြဿနာကို အာရုံစူးစိုက်ဖို့ သင့်ပြီ ဖြစ်ကြောင်း တော်တော်များများ က ထင်မြင်ယူဆလာကြပြီလည်း ဖြစ်ပါသည်။

၅။ ဆိုခဲ့ပါအတိုင်း အဂတိ လိုက်စားမှုမှာ ဖွံ့ဖြိုးရေးကို ဆိုးဆိုးရွားရွား ဘေးသင့်စေနိုင်ကြောင်း ပို၍ သိမှတ် လက်ခံ လာကြခြင်းသည်ပင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စိုးရိမ်ပူပန်မှု အကြောင်းရင်းခံ တခု ဖြစ်လာပါသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံပေါင်း
ခြောက်ဆယ်ရှိ အဆင့်မြင့်အရာရှိ (၁၅၀)တို့၏ သဘောထားကို စစ်တမ်း ကောက်ယူမေးခဲ့ရာ မိမိတို့ မျက်မှောက်ပြု
နေရသော ဖွံ့ဖြိုးရေးဖြစ်စဉ်တွင် ဆိုးဆိုးရွားရွား အတားဆီး ဖြစ်နေသည်မှာ အဂတိ လိုက်စားမှုပင် ဖြစ်သည်ဟု အဖြေပေးခဲ့ကြပါသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းများ အပါအဝင် အာရှပစိဖိတ် ဒေသနိုင်ငံများ ဆိုလျှင် ဤပြဿနာ
နှင့် ပတ်သက်ပြီး အလွန်စိုးရိမ်မကင်း ဖြစ်နေကြသည်။

၎င်းတို့၏ စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေးဖွံ့ဖြိုးမှုများ ရှေ့ဆက်နိုင်ရေးတွင် အဟန့်အတား ဖြစ်နေသော အဓိက အချက်မှာ အဂတိ လိုက်စားမှုသာ ဖြစ်ကြောင်း သဘောတူ လက်ခံလာ ကြသည်။ သို့နှင့်အမျှ အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်းများ အနေနှင့် ဤပြဿနာကို အရေးတကြီး အာရုံစူးစိုက်ဖြေရှင်းဖို့လိုကြောင်း အဆိုပြုလာကြသည်။

(ခ) စာတမ်း၏ရည်ရွယ်ချက်

၆။ အဂတိ လိုက်စားမှုအပေါ် လူအများ ပို၍စိတ်ဝင်စားလာပြီး တိုး၍ စိုးရိမ်မကင်း ဖြစ်လာကြရာမှ ဤဘာသာရပ်
နှင့် ပတ်သက်သော ပညာရပ်ဆိုင်ရာ သုတေသန အတော်များများ ပေါ်ထွက်လာခဲ့ပါသည်။ သို့ဖြစ်လင့် ကစား ဤကိစ္စနှင့် ပတ်သက်သော လက်ရှိ သတင်းအချက်အလက်နှင့် အသိပညာ အခြေအနေတွင်မူ ဆက်လက် ဖြည့် ဆည်းစရာ အချက်အလက်များစွာ ကျန်နေသေးသည်ကို ဝန်ခံရမည် ဖြစ်ပါသည်။

မည်သို့ပင်ရှိစေ ယခုအချိန်ထိ ဆောင်ရွက်ပြီးသော သီအိုရီပိုင်း ဆိုင်ရာနှင့် လက်တွေ့ပိုင်း ဆိုင်ရာ သုတေသနများ အနေနှင့် ဤပြဿနာ၏ အတွင်းသဘောကို သိမြင်နိုင်သော အတွေးအမြင်သစ်များကို ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ အဂတိ လိုက်စားမှု၏ အခြေခံ အကြောင်းရင်းခံများနှင့် အကျိုးဆက်များကို သာမက၊ အဂတိ လိုက်စားမှု တိုက်ဖျက်
ရေး ဆိုင်ရာ အတွေးအမြင်များနှင့် ချဉ်းကပ်ပုံ များကိုပါ ယခင်ထက်ပို၍ ရှင်းရှင်းလင်းလင်း သိမြင် နားလည်လာကြပြီ
ဖြစ်ပါသည်။ အဂတိ လိုက်စားမှုကို တစ်ကမ္ဘာလုံးက မနှစ်မြို့ကြသည့်ကြားမှ ဤမျှ များပြားလှသော တိုင်းပြည်များ
တွင် အဆိုပါ အဂတိနတ်ဆိုး ဘာကြောင့် သက်ဆိုးရှည် နေရပါသနည်း၊ ဆိုခဲ့ပါနတ်ဆိုးကို တောထုတ်နိုင်ရေး
အတွက် ဘာကြောင့် ခက်ခဲနေရပါသနည်း။ မေးသင့် မေးထိုက်သော ဤပုစ္ဆာများ၏ အကြောင်းရင်းခံများနှင့်
ပတ်သက်လျှင်လည်း ပိုမိုပြည့်စုံကောင်းမွန်သည့် ရှုထောင့် မြင်ကွင်းစုံများ ရရှိခဲ့ကြပြီး ဖြစ်ပါသည်။

၇။ တစ်ကမ္ဘာလုံးနှင့် အာရှဒေသတွင်း အဂတိ လိုက်စားမှု ဆိုင်ရာ ပုစ္ဆာများနှင့် ပတ်သက်သော လက်ရှိ ဆွေးနွေး
ငြင်းခုံနေကြခြင်းမှ ထွက်ပေါ်လာသည့် အတွေးအမြင်နှင့် ပြဿနာတို့ကို ယခုစာတမ်းတွင် တင်ပြထားပါသည်။ တိုင်းပြည် တော်တော်များများရှိ လူအများ၏ အလေးထား စိတ်ဝင်စားမှုများကို ဖန်တီးလိုက်သလို ရှိသော အဂတိ လိုက်စားမှု၏ အကြောင်းရင်းခံ၊ အကျိုးဆက်နှင့် နိုင်ငံတကာ ရှုထောင့် အမြင်များကိုလည်း သုံးသပ် တင်ပြထား ပါသည်။ ဖြေရှင်းချက် မပါသော ပြဿနာ တင်ပြရုံသက်သက်မှာ အကျိုးများဖွယ်ရာ မရှိလှဟု ယူဆပါသဖြင့်
ဖြစ်တန်ရာ ကုသရေး အစီအစဉ်များနှင့် ပတ်သက်သည့် စဉ်းစားချက်များ အဆိုပြုချက်များကိုပါ ဖော်ပြထားပါသည်။

စာတမ်း၏ရည်ရွယ် ချက်မှာ မြန်မာလူထုကြား အဂတိလိုက်စားမှုဘာသာရပ်နှင့်ပတ်သက်ပြီး ပိုမိုပြည့်စုံကြွယ်ဝသော စိတ်ဝင်တစားနိုးကြားသိမြင်မူများ ထွက်ပေါ်လာစေရန် ဖြစ်သည်။ မြန်မာလူထုဟုဆိုရာတွင် သာမန် အရပ်သားများ၊ ပညာရှင်များ၊ ပရော်ဖက်ရှင်နယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရအရာရှိ များကို ဆိုလိုပါသည်။ ဤသို့သော စိတ်ဝင်တစားနိုးကြားသိမြင်မှုများအနေနှင့် ယခုပင်စတင် လျှောက်လှမ်းနေပြီဖြစ်သော ''ခေတ်မီဖွံ့ဖြိုး တိုးတက်သည့်
နိုင်ငံတော်သစ်တည်ဆောက်ရေး ကြိုးပမ်း မှုများ'' ကို အထောက်အကူပြုလိမ့်မည်ဟု ယုံကြည်ပါသည်။

အပိုင်း (၂)

အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်သဘောတရားများ

(က) အဓိပ္ပါယ်ဖွင့်ဆိုချက်

၈။ ''အဂတိလိုက်စားမှုဆိုသည်မှာ အများပြည်သူများ အကျိုးဆောင်ရန် ပေးအပ်ထားသည့် အာဏာနှင့် အခွင့်အ
ရေး များကို ပုဂ္ဂလိက အကျိုးအမြတ်အတွက် အသုံးပြုခြင်း'' ဟု ယခုစာတမ်းတွင် အဓိပ္ပါယ် ဖွင့်ပါသည်။ တစ်နည်း ဆိုရလျှင် ''လုပ်ပိုင်ခွင့် အာဏာ အပ်နှင်းခံထားရသူ တစ်ယောက်က၊ သူတရားဝင် ရရှိထားသော အဆင့်နေရာနှင့် ရာထူးဌာနန္တရကို သူ့ကိုယ်ကျိုး စီးပွားအတွက် အသုံးပြုခြင်း''ပင် ဖြစ်ပါသည်။

ဤအဓိပ္ပါယ် ဖွင့်ဆိုချက်အရ အဂတိလိုက်စားမှု မြောက်သည့် အပြုအမူများတွင် အကျုံးဝင်သည်များမှာ

(က) လာဘ်ပေးလာဘ်ယူခြင်း၊

(ခ) ခြိမ်းခြောက် ငွေညှစ်ခြင်း၊

(ဂ) လိမ်လည်ခြင်း၊

(ဃ) အလွဲသုံးစား လုပ်ခြင်း၊

(င) ''ဖော်လံဖား၍ အကျိုးစီးပွား ရှာခြင်း'' (nepotism)

(စ) ''သားတူညီများ ကောင်းစားရေး ဆောင်ရွက်ချက်ခြင်း'' (cronyism)

(ဆ) အများပြည်သူပိုင် ပစ္စည်းကို ကိုယ်ပိုင်အဖြစ် သုံးစွဲခြင်းနှင့်

(ဇ) သြဇာသုံးအကြံအဖန်လုပ်ခြင်း တို့ ဖြစ်ပါသည်။

၉။ အထက်တွင် ဖော်ပြထားသော အဂတိလိုက်စားမှု မြောက်သည့် အပြုအမူများအနက် လိမ်လည်ခြင်းနှင့် အလွဲသုံးစား လုပ်ခြင်းတို့ကို ဒုတိယလူ မပါဘဲ လုပ်ပိုင်ခွင့် အာဏာ ရရှိထားသူ အရာရှိတစ်ဦးတည်း ကျူးလွန်နိုင်
ပေသည်။ သို့သော် လာဘ်ပေးလာဘ်ယူခြင်း၊ ခြိမ်းခြောက် ငွေညှစ်ခြင်းနှင့် သြဇာသုံး အကြံအဖန် လုပ်ခြင်းတို့လို အပြုအမူများတွင်မူ ဘက်နှစ်ဘက် ပါဝင်ရသည်။ အဂတိလိုက်စားမှု မြောက်သည့်ဆက်ဆံရေးတွင် ပါဝင်ကြသော ''ပေးသူ'' နှင့် ''ယူသူ''တို့ ဖြစ်ပါသည်။

၁ဝ။ အဆိုပါ ဘက်နှစ်ဘက် ပါဝင်သော အဂတိ လိုက်စားမှု အမျိုးအစားမှာ အခြေအနေ မျိုးစုံမှ ထွက်ပေါ်လာနိုင် ပါသည်။ အောက်ဖော်ပြပါ အကြောင်းခြင်းရာများနှင့် ဆက်စပ် ဖြစ်ပေါ်လေ့ရှိသည်ကို အတွေ့ရများ ပါသည်။

၁။ အစိုးရကန်ထရိုက်များ။ ။ တံစိုးလက်ဆောင်(လာဘ်)မှာ ကန်ထရိုက်ရသူနှင့် ကန်ထရိုက်စာချုပ်ပါ စည်းကမ်းသတ်မှတ်ချက်များအပေါ်သာမက၊ စီမံချက်အကောင် အထည်ဖော်ရာတွင် တဆင့်ခံချထားရသည့် ဆင့်ပွားကန်ထရိုက်စာချုပ်များတွင်ပါရှိ သော စည်းကမ်းသတ်မှတ်ချက်များအပေါ်တွင်ပါ သြဇာသက်ရောက်မှု ရှိနိုင်ပါသည်။

၂။ အစိုးရအထောက်အပံ့များ။ ။ လာဘ်မှာ ငွေကြေးဆိုင်ရာ အစိုးရ အထောက်အပံ့များ (subsidizes) ခွဲဝေ သတ်မှတ်မှု အပေါ်တွင်လည်း သြဇာ ညောင်းနိုင်ပါသည်။ ချေးငွေ အထောက်အပံ့များ ရရှိခြင်းနှင့် (ဈေးနှုန်း ထိန်း
ချုပ်မှုများနှင့် ငွေလဲလှယ်နှုန်း အမျိုးမျိုး ရှိနေသော အနေအထားတွင်) အခွင့်သာသော ဈေးနှုန်းနှင့် ငွေလဲလှယ်နှုန်း တို့ကို ရရှိ ခြင်းများ ဖြစ်ပါသည်။ ဝယ်အားမြင့်ပြီး၊ ရောင်းအားနည်းသော ပစ္စည်းများ တင်သွင်းသည့် အလုပ်လို၊ အကျိုးအမြတ်များသည့် စီးပွားရေး လုပ်ငန်းများ လုပ်ပိုင်ခွင့်ရစေရန် လိုအပ်သော လိုင်စင်များ၊ ပါမစ်များ ရရှိစေရေး တွင်လည်း၊ လာဘ်မှာ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။

ထိုမျှမက (သားသမီးများကို) အဆင့်မြင့် ကျောင်းများတွင် ထားနိုင်ရန်၊ ငွေလုံးငွေရင်းဖြင့် ထောက်ပံ့ထားသော ကျန်းမာရေး စောင့်ရှောက်မှု၊ အဆောက်အအုံ အိမ်ခြံမြေတို့ကို ခံစားခွင့် ရရှိစေရန်နှင့် ပြည်သူပိုင်မှ ပုဂ္ဂလိကပိုင်
ပြောင်းထားသော စီးပွားရေး လုပ်ငန်းများတွင် အလားအလာ ကောင်းသော အစုရှယ်ယာများ ပိုင်ဆိုင်ခွင့် ရစေရန် စသည့် နှစ်လိုဖွယ်ရာ အကျိုးအမြတ်များ ရယူနိုင်ရေး တွင်လည်း လာဘ်ကို အသုံးပြုနိုင်ပါသည်။

၃။ အစိုးရအခွန်ဘဏ္ဍာ။ ။ စီးပွားရေး လုပ်ငန်းများနှင့် ပုဂ္ဂလိက တစ်ဦးချင်းစီမှ ကောက်ခံသော မီးခွန်၊
ရေခွန်၊ မြူနီစပါယ်ခွန်၊ သွင်းကုန်ခွန်တို့လို အခွန်အကောက် များ၊ ဝန်ဆောင်ခများ၊ လျှော့ပေါ့ သက်သာစေရေး အတွက်လည်း လာဘ်ကို အသုံးပြု နိုင်ပါသည်။

၎။ အချိန်ကုန် သက်သာစေရေးနှင့် စည်းမျဉ်းစည်းကမ်း အထိန်းအချုပ်များကို ရှောင်ကွင်း နိုင်ရေး။ ။ တရားဝင် လုပ်ငန်း ဆောင်ရွက်နိုင်ရန် ခွင့်ပြုချက်၊ လိုင်စင်နှင့် ပါမစ် တို့ ရရှိနိုင်အောင် ကြိုးပမ်းရာတွင် မြန်မြန်ဆန်ဆန် ကိစ္စ ပြီးစေရန်၊ လာဘ်ဖြင့် အရှိန်မြှင့် နိုင်ပါသည်။ ဤအတွက်ကြောင့်ပင် တံစိုးလက်ဆောင်နှင့် လာဘ်ငွေတို့ကို ''ချောဆီ'' ဟုခေါ်ကြခြင်း ဖြစ်သည်။ ဗျူရိုကရေစီ ယန္တရားကြီး မိမိ ဦးတည်စေချင်ရာသို့ မြန်မြန် ဆန်ဆန် ချောမွေ့ လည်ပတ်
နိုင်စေရန် ''ချောဆီ''ထည့်ပေးရသည့် သဘောပင် ဖြစ်ပါသည်။

စိတ်မသက်သာဖွယ်ရာ စည်းမျဉ်း စည်းကမ်းများနှင့် အလွန်ရှုပ်ထွေးလှသော လုပ်ထုံး လုပ်နည်းများ အောက်တွင် ကိုယ်စိတ်နှစ်ပါး ဖိစီးမှုများကို ရှောင်ကွင်းနိုင်မည့် တစ်ခုတည်းသော အလုပ်ဖြစ်နိုင်စရာ နည်းလမ်းမှာ ငွေပေးရုံသာ ရှိတော့သည်ကို သဘောပေါက်လာကြပါသည်။

၅။ တရားဥပဒေ၏ အဆုံးအဖြတ်အပေါ် သြဇာလွှမ်းမိုးစေရေး။ ။ တည်ဆဲဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ကျူးလွန်ကြသူများအနေနှင့် တရားရေးဝန်ထမ်း များကို ''နှာစေး'' နေစေရန်(သို့မဟုတ်) တစ်နည်းနည်းဖြင့် ထွက်ပေါက်ရှာပေးစေရန် ဖြားယောင်းသွေးဆောင်ဖို့အတွက် လာဘ်နှင့်တံစိုးလက်ဆောင်တို့ကို အသုံးပြုနိုင်ပါ သည်။

ညစ်ညမ်းမှုထိန်းသိမ်းကာကွယ်ရေး၊ ကျန်းမာရေးထိခိုက်စေသည့်အန္တရာယ် များမှကာကွယ်ရေး၊ အများပြည်သူ အန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ချမှတ်ဆောင်ရွက်ရေး စသော အမှုအခင်း များတွင် ဤသို့သော လာဘ်ပေးလာဘ်ယူမှုများကို အတွေ့ရများပါသည်။ အလားတူပင် တရားစီရင်ရေးတွင်လည်း ဘက်လိုက်မှုများ၊ အဂတိ လိုက်စားမှုများ ဖြစ်ပေါ်လာစေရန် တံစိုးလက်ဆောင်နှင့် လာဘ်လာဘများ ပေးကြသည်
သာ ဖြစ်ပါသည်။

(ခ) အထူးစီးပွားရေးအကျိုးအမြတ် (Economic Rent)

၁၁။ ''အထူး စီးပွားရေး အကျိုးအမြတ်'' (သို့မဟုတ် ''တစ်ဦးတည်း ပိုင်ဆိုင်မှုမှ အကျိုးအမြတ်'') နှင့်ဆိုင်သော သဘောတရားသည် အဂတိ လိုက်စားမှု ကိစ္စတွင် ဗဟိုအချက်အချာ အခန်းမှ ပါဝင်နေပါသည်။ လူတစ်ယောက်
တွင် အများနှင့်မတူ တစ်မူထူးသော အထူးပိုင်ဆိုင်မှု တစ်စုံတစ်ရာ ရှိလျှင် အထူး စီးပွားရေး အကျိုးအမြတ် ထွက်ပေါ် လာသည်။ အဆိုပါ ''အထူးပိုင်ဆိုင်မှု တစ်စုံတစ်ရာ'' ဟုဆိုရာတွင် လူကုံထံ ရပ်ကွက်ရှိ ဇိမ်ခံ ကွန်ဒိုမီနီယံ တစ်ခု၊ မြို့တော်၏ အရောင်းအဝယ် အချက်အချာ နေရာတွင်ရှိသော မြေတစ်ကွက်၊ ရေနံတွင်း တစ်တွင်းစသည်တို့ကို ပိုင်ဆိုင်ခြင်းကို နမူနာ ပြလိုပါသည်။

နောက်ဥပမာတစ်ခု ပေးရမည်ဆိုပါက ရုပ်ရည်ရူပကာပြေပြစ်မှု၊ ချစ်စရာကောင်းမှုတို့လို နှစ်လိုဖွယ်ရာ တစ်ကိုယ်ရည် အသွင်အပြင်လည်း ဖြစ်နိုင်ပါသည်။ ဤသဘောကို သရုပ်ထင်နိုင်ရန် ''မယ်ခကွေး'' (Miss B) အမည်ရှိ အမျိုးသမီး
ငယ် တစ်ယောက်အကြောင်း စဉ်းစားကြည့်ပါမည်။ မယ်ခကွေးမှာ ရင်ခုန်လောက်သော ရုပ်ရည်၊ ချစ်ခင်နှစ်သက်ဖွယ် ကိုယ်ရည်ကိုယ်သွေးနှင့် ထူးထူးခြားခြားကျွမ်းကျင်သော အက၊အဆို၊ သရုပ်ဆောင်ပညာတို့ ပိုင်ဆိုင်ထားသူ တစ်ယောက် ဖြစ်ပါသည်။ သူမ၏ အဆိုပါတစ်ကိုယ်ရည်အထူး အရည်အသွေးများကြောင့် သူမမှာ စူပါစတား တစ်ယောက် ဖြစ်လာပြီး၊ တစ်နိုင်ငံလုံးမှ ဆယ်ကျော်သက်များ၏ အသည်းစွဲ ဖြစ်လာသည်။

ဤတွင် ရုပ်ရှင် ထုတ်လုပ်သူများက သူတို့ရိုက်ကူးမည့် ဇာတ်ကားတွင် ခေါင်းဆောင်မင်းသမီး လုပ်ပေးဖို့ ကမ်းလှမ်း လာကြသည်။ ကြော်ငြာ အေဂျင်စီများကလည်း တီဗွီကြော်ငြာ ရိုက်ပေးရန် ချဉ်းကပ်လာကြသည်။ တေးသံသွင်း လုပ်ငန်းများကလည်း သူမ၏သီချင်းတွေကို စီးရီးထုတ်ဖို့ လုံးပမ်းလာကြသည်။ ဖျော်ဖြေရေး လုပ်ငန်းရှင်များ က
လည်း မင်္ဂလာဆောင်ဧည့်ခံ ပွဲများတွင် သူမ၏အနုပညာ ဝန်ဆောင်မှုအတွက် ဆိုခဲ့ပါ အတိုင်း အကြီးအကျယ် အပြိုင်အဆိုင်ဖြစ် လာတော့ရာ မယ်ခကွေး အနေနှင့် စိတ်ကြိုက်ကြေးကောင်း တောင်းနိုင်သည့် အနေအထားသို့
ရောက်လာသည်။

သည်လိုနှင့် တစ်လလျှင် (၁၅)သန်းမျှ ရှာနိုင်ဖွေနိုင်လာသည် ဆိုပါစို့။ ဤသို့ဆိုလျှင် သူမ၏ အထူး စီးပွားရေး အကျိုးအမြတ်မှာ အတိအကျ ဘယ်လောက် ဖြစ်မည်နည်း။ ဤမေးခွန်းကို ဖြေဖို့ဆိုလျှင် အကယ်၍သာ မယ်ခကွေး အနေနှင့် ယခုလိုစူပါစတား မဟုတ်ခဲ့ပါက၊ သူမလုပ်နိုင် သည့် ဒုတိယ အကောင်းဆုံးအ လုပ်ကို သိထားဖို့ လိုပါလိမ့် မည်။ မယ်ခကွေးကသာ ဥပဒေ ပညာဖြင့် ဘွဲ့ရတစ်ယောက် ဖြစ်မည်ဆိုလျှင် သူမအတွက် ဒုတိယ အကောင်းဆုံး အလုပ်မှာ ရှေ့နေအလုပ် ဖြစ်ပါလိမ့်မည်။ ဤအလုပ်မှ တစ်လဝင်ငွေ ကျပ်တစ်သိန်း ရသည် ဆိုကြပါစို့။ ဤသို့ဆို
လျှင် သူမ၏စူပါ စတားဝင်ငွေနှင့် ဒုတိယ အကောင်းဆုံး အလုပ်(ရှေ့နေ)မှ ရသည့် ဝင်ငွေတို့၏ ခြားနားချက်မှာ ၁၄ သန်း ၉ သိန်း ဖြစ်ပါလိမ့်မည်။ ဤသည်ပင် သူမ၏စီးပွားရေး အထူးအကျိုးအမြတ် ဖြစ်ပါသည်။ တစ်နိုင်ငံ လုံးရှိ မည်သည့် မိန်းမငယ်တွင်မှ မရှိသော ထူးခြားလှပသည့် မျက်နှာ၊ ချစ်စဖွယ်ကိုယ်ဟန်နှင့် ထိပ်တန်းအဆင့်
အဆိုအက၊ သရုပ်ဆောင်ပါရမီတို့မှ ထွက်ပေါ်လာသော တစ်ဦးတည်းပိုင် အကျိုးအမြတ် ဖြစ်ပါသည်။

၁၂။ အစိုးရဝန်ကြီးဌာန တစ်ခုရှိ လုပ်ငန်းလိုင်စင် ထုတ်ပေးသော ရုံးတွင် အလုပ်လုပ်နေသော အရာရှိငယ် တစ်ဦး
၏ အနေအထားကိုလည်း အလားတူ စဉ်းစားကြည့်နိုင်ပါသည်။ စီးပွားရေး လုပ်ငန်း တစ်ခုကို စတင်လုပ်ကိုင်နိုင်ရန် လုပ်ငန်းရှင်များ အတွက် လိုအပ်သော ခွင့်ပြုမိန့်ကို ကွန်ပြူတာစာစီ ပေးခြင်း၊ ရုံးတံဆိပ် နှိပ်ပေးခြင်း၊ လိုအပ်သော လက်မှတ်များ ရယူပေးခြင်းနှင့် တရားဝင် ထုတ်ပေးခြင်း စသော လုပ်ငန်း အဆင့်ဆင့်ကို အဆိုပါ အရာရှိငယ်က တာဝန်ယူ ဆောင်ရွက်ရသည် ဆိုပါစို့။

စီးပွားရေး လုပ်ငန်းရှင်များ ဘက်က ကြည့်လျှင် သူတို့အတွက် အရေးကြီးသော အဆိုပါ အမိန့်စာမျိုးကို မြန်မြန် ဆန်ဆန်နှင့် မှန်မှန်ကန်ကန် စာစီစာရိုက်ကာ လိုအပ်သလို တံဆိပ်ခေါင်းကပ်၊ လက်မှတ်ထိုး၊ တံဆိပ်တုံးရိုက်ပြီး သွက်သွက် လက်လက် ထုတ်ပေးစေချင် ကြပါလိမ့်မည်။ ဤသို့သော အထူးဝန်ဆောင်မှု ရဖို့ဆိုလျှင် ငွေကြေး တစ်စုံတစ်ရာ ပေးလိုကြမည်သာ ဖြစ်သည်။ ဤသို့သော အခြေအနေတွင် ဆိုခဲ့ပါ လုပ်ငန်းစဉ် အဆင့်ဆင့်ကို တစ်ဦးတည်း လုပ်ပိုင်ခွင့် ရနေသော အရာရှိငယ် အနေနှင့် သူ့ဖောက်သည် လုပ်ငန်းရှင်များ ထံမှ အထူးစီးပွားရေး အကျိုးအမြတ်များ ရယူနိုင်ရန် သူ၏တရားဝင် အဆင့်နေရာကို အသုံးပြုနိုင်ပါသည်။


ဤနည်းဖြင့် သူရှာဖွေရရှိသော တစ်လဝင်ငွေမှာ ကျပ် ၂ သိန်း ရှိသည် ဆိုပါစို့။ သူ၏ အထူးစီးပွားရေး အကျိုးအမြတ်
ကို တွက်ထုတ်နိုင်ဖို့ ဆိုလျှင်၊ လိုင်စင်ရုံးမှ အလုပ်ပြုတ်သွားပါက သူရှာဖွေရနိုင်မည့်ဝင်ငွေကို မှန်းဆကြည့်ကြရမည်
ဖြစ်သည်။ ထိုအရာရှိငယ်မှာ အစိုးရ အလုပ်ပြုတ်သွားပြီး တက္ကစီ မောင်းရာမှ တစ်လ ၈ သောင်း ရှာနိုင်မည်ဆိုပါက သူ၏အထူးစီးပွား ရေးအကျိုးအမြတ်မှာ (ကျပ် ၂ဝဝ,ဝဝဝ - ၈ဝ,ဝဝဝ) ကျပ် ၁၂ဝ,ဝဝဝ ဖြစ်ပါလိမ့်မည်။

၁၃။ အထက်ပါ ဆွေးနွေးချက်များမှ ရသော အသိဖြင့် စီးပွားရေး ပညာရှင်များက လာဘ်ပေးလာဘ် ယူခြင်း၊ လိမ်
လည်ခြင်း၊ အဂတိ လိုက်စားခြင်းနှင့် အများပြည်သူ အကျိုးပြုနိုင်ရန် ပေးအပ်ထားသော အာဏာနှင့် အခွင့်အရေး များကို တလွဲ အသုံးပြုခြင်းများ အပါအဝင် မရှင်းမရှင်း ဆက်ဆံရေးများကို ''အထူးလုပ်ပိုင်ခွင့် အကျိုးအမြတ် ရှာဖွေ သည့် အပြုအမူများ'' (rent seeking behaviour)လို့ ရည်ညွှန်း လေ့ရှိကြပါသည်။

(ဂ) စည်းမျဉ်းစည်းကမ်းများ၊ ပွင့်လင်းမြင်သာမှုနှင့် ရှေ့နောက်ညီညွတ်မှု

၁၄။ စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဘောလုံးပွဲလို အားကစားပွဲများတွင် ပါဝင်ဆင်နွှဲ သကဲ့သို့ အခိုင်
အမာ ကစားပွဲ စည်းမျဉ်းစည်းကမ်းများကို လိုက်နာစောင့်ထိန်းကြဖို့ လိုပါသည်။ သို့မှသာလျှင် လုပ်ဆောင်ချက်
အားလုံး စနစ်တကျရှေ့ဆက်နိုင်မည် ဖြစ်သည်။ မျှတသောအားကစား စိတ်ဓါတ်ကို ထိန်းသိမ်းနိုင်ရန်၊ ခိုက်ရန်
ဖြစ်ပွားမှုများကို တားဆီးကာကွယ်နိုင်ရန်၊ လောဘစိတ်၊ အဟိတ်တိရိစ္ဆာန်စိတ်နှင့် မနှစ်မြို့ဖွယ် လူ့ဗီဇစိတ်များကို ထိန်းချုပ်စိစစ်နိုင်ရန်နှင့် လူမှုရေးအရ မလိုလားအပ်သောအကျိုးဆက်များကို ထိန်းထားနိုင်ရန်အတွက် စည်းမျဉ်း စည်းကမ်းများ လိုပါသည်။

ယေဘူယျသဘောဆိုရလျှင် အားကစားသမားများရော ဒိုင်လူကြီးများပါ အခိုင်အမာအတည်ပြုလက်ခံ ထားသော ကျင့်ဝတ်ဆိုင်ရာနှင့် အပြုအမူဆိုင်ရာ''စံ''များကို အသေအချာလိုက်နာကြဖို့ ဖြစ်သည်။ ဤသို့ လိုက်နာစောင့်ထိန်း ကြဖို့ဆိုလျှင် စည်းမျဉ်းစည်းကမ်းများ ပွင့်လင်းမြင်သာဖို့ လိုပါသည်။ ဆိုလိုသည်မှာ စည်းကမ်းများကို ရှင်းရှင်း
လင်းလင်း သတ်မှတ်ထားပြီး ပါဝင်ပတ်သက်သူအားလုံးကို ကြိုတင်အသိပေးထားရမည် ဖြစ်သည်။ သို့မှသာလျှင် ကစားပွဲတွင်ပါဝင်သူများအနေနှင့် အဆိုပါ စည်းမျဉ်းစည်းကမ်းများကို အသိရှိရှိ လိုက်နာနိုင်ပါလိမ့်မည်။ ကစားသမား များဘက်မှ သူတို့အပြစ် ပေးခံရနိုင်သည့်ပြစ်မှုမှာ ဘယ်လိုဟာမျိုး ဖြစ်သည်ကို သဲသဲကွဲကွဲ မသိလျှင်(သို့မဟုတ်) ဒိုင်ကိုယ်တိုင်က ဘယ်လို အခြေအနေမျိုးတွင် ဝီစီမှုတ်ရမည်ကို မသေချာလျှင် ကစားပွဲကို စနစ်တကျ ရှေ့ဆက်နိုင်
မည် မဟုတ်ပါ။

ကစားပွဲ စည်းမျဉ်းများကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားဖို့ လိုရုံ မျှမက၊ ၎င်းတို့ကို ကျင့်သုံးသည့် အခါတွင်လည်း ကစားသမား အားလုံးကို ဘယ်သူ့မှ မျက်နှာမလိုက်ဘဲ သမာသမတ်ကျ ဖို့လိုပါသည်။ ထို့ထက် စည်းမျဉ်း စည်းကမ်း များကို စိတ်ထင်သလို အကြိမ်ကြိမ်ပြောင်းနေလို့လည်း မဖြစ်ပါ။ တစ်သမတ်တည်း ဖြစ်ဖို့ ရှေ့နောက် ညီညွတ်ဖို့ လိုပါသည်။ ကစားနေစဉ်အတွင်း စည်းကမ်းတွေ အကြိမ်ကြိမ်ပြောင်းပြီး ဒိုင်လုပ်သူကလည်း သူ့ဝီစီကို စိတ်ကူးပေါက် သလို လျှောက်မှုတ်နေလျှင် ကစားပွဲ ဆက်နိုင်တော့မည် မဟုတ်ပါ။ ကစားသမားတွေ ကိုယ်တိုင် ပွဲသိမ်းပြီး၊ ကွင်းထဲ
က ထွက်ကုန် ကြပါလိမ့်မည်။

(ဃ) လိုအပ်လျှင် လိုအပ်သလို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်

၁၅။ လိုအပ်လျှင် လိုအပ်သလို ကိုယ်ပိုင်ဆုံးဖြတ်ခွင့် (discretionary powers) ရှိရေးမှာ အဂတိ လိုက်စားမှု အကြောင်း ဆွေးနွေးရာတွင် သော့ချက်ကျသော နောက်ထပ်သဘောတရားတစ်ခု ဖြစ်ပါသည်။ အကြောင်းမှာ မည်သည့်စည်းမျဉ်းစည်းကမ်းကိုမှ ရေပက်မဝင်အောင် အမှားကင်းအောင် မဖန်တီးနိုင် သောကြောင့် ဖြစ်သည်။ အထူးသဖြင့် စီးပွားရေးလုပ်ဆောင်မှုများကို လမ်းညွှန်တည့်မတ်စေဖို့ ကြိုးစားရာတွင် ရုတ်တရက် ပေါ်ပေါက်လာ တတ်သော အရေးပေါ်ကိစ္စများကို ကိုင်တွယ်ဖြေရှင်းနိုင် မည့်ပြဌာန်းချက်မျိုးသည် သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများတွင် အခါခပ်သိမ်း မပါဝင် နိုင်သောကြောင့် ဖြစ်ပါသည်။

သို့အတွက် စည်းမျဉ်း စည်းကမ်းများကို အဓိပ္ပါယ်ကောက်ရာတွင် သော်လည်းကောင်း၊ လက်တွေ့ အကောင်အထည်
ဖော်ရာတွင် သော်လည်းကောင်း တာဝန်ရှိသူများကို လိုအပ်လျှင် လိုအပ်သလို ကိုယ်ပိုင် ဆုံးဖြတ်ခွင့်နှင့် ပြောင်းလွယ်
ပြင်လွယ်နိုင်ခွင့်အချို့ ပေးအပ်ဖို့လိုပါ လိမ့်မည်။ ပြောရလျှင် ဘောလုံးပွဲမှာပင် ဒိုင်လူကြီးကို လိုအပ်သလို ဆုံးဖြတ်ခွင့် အာဏာ ပေးထား ရပါသည်။ ပင်နတီပေးသည်လိုမျိုး၊ ပြစ်ဒဏ်ကျူးလွန်သော ကစားသမားများကို အဝါကဒ်၊ အနီကဒ်
ပြသည်မျိုးလို မှန်ကန်သောဆုံးဖြတ်ချက်များချနိုင်ဖို့ အထိုက်အသင့် လွတ်လပ်ခွင့်ပေးကြရပါသည်။ ကစားပွဲ၏
နောက်ဆုံး ရလဒ်(အရှုံးအနိုင်)ကိုလည်း အဆိုပါဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များက အဓိက ဖြစ်လာနိုင်ပါသည်။

၁၆။ အထက်ပါအချက်ကို ပို၍ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနိုင်ရန်၊ အကောက်ခွန်ဆိုင်ရာ စီမံခန့်ခွဲမှု သဘောပါ
သော ပြဿနာတစ်ရပ်ကို စဉ်းစားကြည့်ပါမည်။ ယေဘူယျအားဖြင့် ပြည်တွင်းသို့ဝင်လာ သော လူသုံးကုန် အီလက်ထရောနစ် ပစ္စည်းများ အားလုံးအပေါ် ၂၅% အခွန်တော် စည်းကြပ်ရန် သတ်မှတ်ထားသည် ဆိုကြပါစို့။ ဤသတ်မှတ်ချက်ကို အကောင်အထည် ဖော်နိုင်ရန် အကောက်ခွန် အရာရှိများကို လမ်းညွှန်ချက်များ ပေးထားရ
မည် ဖြစ်ပါသည်။ အခွန်ကောက်ခံရန်ရည်ရွယ်ချက်ဖြင့် အဆိုပါပစ္စည်းများကို ဘယ်လိုတန်ဖိုးဖြတ်ရမည်ဆိုသော လမ်းညွှန်ချက်မျိုး ဖြစ်ပါသည်။


ဤကိစ္စကို ကိုင်တွယ်ရန် ဟာကွက် မရှိလောက်သည့် နည်းလမ်းတစ်ခုမှာ ပြည်တွင်းသို့ တင်သွင်းလာနိုင်စရာ
ရှိသည့် လူသုံးကုန် အီလက်ထရောနစ် ပစ္စည်းအားလုံး၏ ဈေးနှုန်းကို စာရင်းပြုစုထားသောစာအုပ် တစ်အုပ် ထုတ်ပေးဖို့ပင် ဖြစ်သည်။ သို့သော် လူသုံးကုန်အီလက်ထရောနစ်ပစ္စည်းများမှာ ထောင်နှင့် ချီရှိရုံမျှမက ပစ္စည်း တစ်ခုချင်းစီမှာလည်း တံဆိပ်အမျိုးမျိုး၊ ထုတ်လုပ်သည့်နိုင်ငံအမျိုးမျိုး၊ မိုဒယ် အမျိုးမျိုး၊ ထူးခြားမှုအမျိုးမျိုး၊ နည်းပညာ အသေးစိတ် သတ်မှတ်ချက် အမျိုးမျိုးနှင့် ဈေးနှုန်းအမျိုးမျိုး ရှိကြပါသည်။ ထိုမျှမက အဆိုပါ လုပ်ငန်း နယ်ပယ်၏ နည်းပညာတိုးတက်မှုများမှာ အလွန်မြန်လှ သည်ဖြစ်ရာ မိုဒယ်ဟောင်းတော်တော်များများမှာ ခေတ်မမီတော့၍ ဆက်မထုတ်တော့ဘဲ ရပ်ဆိုင်းသွားကြပါသည်။

ဤအချိန်တွင် မိုဒယ်သစ်များနှင့် လုံးဝသစ်လွင်သော ပစ္စည်းသစ်များမှာ ဈေးကွက် ထဲသို့ နေ့စဉ်ဝင်လျှက် ရှိနေပါ
သည်။ ဤမျှမြန်ဆန်သော ဆက်စပ် အခြေအနေနှင့် ဤမျှသည်းသန် ပြင်းထန်သော ပြိုင်ဆိုင်မှုများ၏ အောက်တွင်
ဈေးနှုန်းများမှာလည်း အကြိမ်ကြိမ် ပြောင်းနေတော့ သည်။ ဥပမာအားဖြင့် ကွန်ပြူတာပစ္စည်းအချို့၏ ဈေးနှုန်းဆိုလျှင် လအနည်းငယ်အတွင်းမှာပင် မကြားဖူးလောက်အောင် ထိုးကျသွားသည်များလည်း တွေ့ရှိပါသည်။ ဤအခြေအနေ
တွင် ဆိုခဲ့ပါ အရေးပေါ်အပြောင်းအလဲအားလုံးကို ထည့်သွင်းပြီး ပြည့်စုံတိကျရုံမျှမက၊ နောက်ဆုံးဈေးနှုန်းများကိုပါ
ဖော်ပြပေးနိုင်မည့် စာအုပ်တစ်အုပ် ပြုစုဖို့ဆိုသည်မှာ လွယ်လိမ့်မည် မဟုတ်ပါ။ ဤစာအုပ်မှာ စာမျက်နှာပေါင်း
ထောင်ချီရှိလိမ့်မည်ဖြစ်ပြီး၊ ပုံနှိပ်ပြီးပါကလည်း ပြင်ပအပြောင်းအလဲများကို အမှီ မလိုက်နိုင်၍ ခေတ်နောက်ကျဖို့သာ များပါလိမ့်မည်။ ဤသို့သော အချိန်ကုန်၊ အလုပ်ပျက်၊ စရိတ် တက်စာအုပ်မျိုး ပြုစုရသည့်ကုန်ကျစရိတ်မှာ သွင်းကုန် များအပေါ်မှ ကောက်ခံရရှိသော အခွန်တော် ဝင်ငွေထက်ပင် ပိုများနိုင်စရာရှိပါသည်။

၁၇။ ဆိုခဲ့ပြီးသောပြဿနာအပြင် သွင်းကုန်ပစ္စည်းတစ်ခုအနေနှင့် မည်သည့်အကောက်ခွန်အမျိုး အစားတွင် ပါဝင် သည် ဆိုသည်ကို ဆုံးဖြတ်နိုင်ရေးမှာလည်း ခက်ခဲသိမ်မွေ့သော အလုပ် ဖြစ်ပါသည်။ ဥပမာအနေနှင့် အော်ဒီယို
ကက်ဆက်တစ်လုံးကို ''တည်'' ပြီး စဉ်းစားကြည့်ပါမည်။ ဤကက်ဆက်ကို လူချမ်းသာမိသားစု၏ ဧည့်ခန်းဆောင် တွင် ခေတ်ပေါ်သီချင်းတွေ နားထောင်ဖို့ အသုံးပြုလျှင် ဇိမ်ခံ ပစ္စည်းအဖြစ်သတ်မှတ်ပြီး၊ အခွန်နှုန်းမြင့်မြင့် ကောက်ခံ
ရပါမည်။ အဆိုပါ ကက်ဆက်ကိုပင် နိုင်ငံခြား ဘာသာသင် တက္ကသိုလ်တွင် ဘာသာစကား သင်ကြားနေသော
ကျောင်းသူကျောင်းသားတွေ အသုံးပြုပါက ပညာရေး အထောက်အကူပြု ပစ္စည်း ဖြစ်သွားပြီး၊ အခွန်နှုန်း နည်းနည်း သာ ကောက်ခံရတော့မည် ဖြစ်ပါသည်။

ထိုကက်ဆက်ကိုပင် ဘာသာရေး တရားပွဲတစ်ခုတွင် ဟောကြားသော ဆရာတော်ကြီး တစ်ပါး၏ တရားတော်ကို အသံလွှင့်ဖို့ အသုံးပြုမည်ဆိုပါက အဓိပ္ပါယ် တစ်မျိုး ပြောင်းသွားပါတော့သည်။ လူထုအတွက် ဘာသာရေး အဆုံး
အမနှင့် စိတ်ဓါတ်ရေးရာ ကျင့်ဝတ်ဆိုင်ရာ နှုန်းစံများ မြင့်မားစေသည်ဖြစ်၍၊ အခွန်လွတ် တင်သွင်းခွင့် ပြုရမည်
ဖြစ်ပါသည်။ ဤတွင်ပြောလိုသည်မှာ ကျွနုပ်တို့ အနေနှင့် မည်မျှပင် အကြံကောင်း ဥာဏ်ကောင်းဖြင့် စည်းမျဉ်း စည်းကမ်းများကို ဒီဇိုင်းဆင် ထားသည် ဖြစ်စေ၊ ဝိဝါဒကွဲစရာ ပျော့ကွက်ဟာကွက်များ ရှိနေမည်သာ ဖြစ်ပါသည်။ သို့အတွက် အဆိုပါ စည်းမျဉ်းစည်းကမ်းများကို စီမံခန့်ခွဲ အကောင်အထည်ဖော်ရမည့် တာဝန်ခံ အရာရှိကို လိုအပ်
လျှင် လိုအပ်သလို လွတ်လွတ်လပ်လပ် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ပေးကြရမည်သာ ဖြစ်ပါသည်။ ဤသို့ မဟုတ်လျှင် အရာရာစာအုပ်ကြီးအတိုင်း လုပ်ကြပါက စီမံခန့်ခွဲမှုယန္တရားကြီးတစ်ခုလုံး တုံ့ဆိုင်းသွား ကာ တဖြည်းဖြည်းအရှိန်သေ ထိုးရပ်သွားပါလိမ့်မည်။

(င) တာဝန်ခံမှု

၁၈။ နောက်ဆုံးအနေနှင့် တာဝန်ခံမှုနှင့်ပတ်သက်ပြီး မှတ်ချက်အနည်းငယ် ပေးလိုပါသည်။ အဂတိလိုက်စားမှု
ပြဿနာနှင့်ပတ်သက်ပြီး စဉ်းစားချင့်ချိန်ကြရာတွင် တာဝန်ခံမှုမှာလည်း အရေးကြီး သောအခန်းကဏ္ဍမှ ပါဝင်
နေသည်ဖြစ်၍၊ ဤကိစ္စအကြောင်း ဖော်ပြဖို့လိုအပ်ပါသည်။ တာဝန်ခံမှုမှာ စည်းမျဉ်းစည်းကမ်းများကို သင့်တင့်
လျောက်ပတ်စွာ လိုက်နာစောင့်ထိန်းရမှုနှင့် ပတ်သက်သည်။ အဆိုပါ စည်းမျဉ်းစည်းကမ်းများကို စီမံခန့်ခွဲ ရသူများ အနေနှင့် သူတို့၏လုပ်ဆောင်မှုများကို တာဝန် ယူကြရမည်ဖြစ်သလို တာဝန်ခံကြရမည်လည်း ဖြစ်ပါသည်။

ဤကိစ္စနှင့် ပတ်သက်ပြီး ကျောင်း အုပ်ချုပ်ရေးအဖွဲ့နှင့် ကျောင်းသား မိဘများ၏ ဆက်ဆံရေးကို ဥပမာပြု ဆွေးနွေး သွားပါမည်။ နိုင်ငံအတော် များများတွင် ကလေးသူငယ်များ ပညာသင်ကြားရာ စာသင်ကျောင်းများအတွက် လိုအပ်
သောစီမံချက် များကို ဆောင်ရွက်နိုင်ရန် ကျောင်းသားမိဘများထံမှ ဘဏ္ဍာရေးအကူအညီယူကြရသည်မှာ သာမန် လုပ်ရိုးလုပ်စဉ်ပင် ဖြစ်သည်။ များသောအားဖြင့် ဤသို့သောစီမံချက်များကို လူသိရှင်ကြားဆောင်ရွက် ကြရပါမည်။ စီမံချက်၏ရည်မှန်းချက်များ၊ အကျိုးကျေးဇူးများ၊ လုပ်ငန်းအစီအစဉ်နှင့် ခန့်မှန်းကုန်ကျ စရိတ်များကို အလှူရှင်
ကျောင်းသား မိဘများသို့ အသေးစိတ် ရှင်းပြကြရမည်။

စီမံချက် အကောင် အထည်ဖော်နေစဉ် ကာလအတွင်း ကာလအလျောက် အစီရင်ခံစာများ တင်ပြကြရသလို၊ စီမံချက်ပြီးဆုံး သွားသောအခါတွင်လည်း နောက်ဆုံးအစီရင်ခံစာ တင်ပြကြရပါသည်။ အဆိုပါ နောက်ဆုံး အစီရင် ခံစာတွင် စီမံချက်ရည်မှန်းချက်များ မည်ရွေ့မည်မျှအောင်မြင်သည်ကို မီးမောင်းထိုးပြရသည်။ ထိုမျှ မက စုစုပေါင်း ရရှိသောအလှူငွေ၊ လက်တွေ့အသုံးပြုလိုက်ရသော ကုန်ကျစရိတ်တို့နှင့် ပတ်သက်၍ လည်း တိတိကျကျ စာရင်းစစ် ထားသော ငွေစာရင်းရှင်းတမ်းများကို အပြည့်အစုံဖော်ထုတ်တင်ပြကြ ရသည်။ ဤကိစ္စအားလုံးကို ကျောင်း အာဏာပိုင်များဘက်မှ မလျော်ကန်သော သတင်း အချက်အလက်များနှင့် မတိကျသော စာရင်းအင်းများကို တင်ပြလာလျှင် မေးခွန်းထုတ်စရာများ အမှန်ပင်ရှိလာ ပါလိမ့်မည်။


ဤသို့ဖြစ်လာလျှင် ကျောင်းအာဏာပိုင်များ အနေနှင့် ရှင်းလင်းတင်ပြရမည် ဖြစ်သလို အမှားအယွင်း ရှိပါကလည်း
ပြုပြင်တည့်မတ်မှုများ ပြုလုပ်ပေးပြီး အများ ကျေနပ်စေအောင် လိုအပ် သလို ဆောင်ရွက်ပေးကြရမည် ဖြစ်သည်။
ပြောရလျှင် ကျောင်းအာဏာပိုင်များဘက်မှ တက်လာ သမျှစောဒကများကို တုန့်ပြန်ဖြေရှင်းဖို့ တာဝန်ရှိ ပါသည်။ သို့မှသာလျှင် သံသယ အားလုံး ဖယ်ရှား နိုင်မည်ဖြစ်ပြီး၊ သက်ဆိုင်သူ အားလုံး စိတ်ကျေနပ်မှု ရစေရန် လိုအပ် သလိုကုစားခြင်း၊ စည်းကမ်း အရအရေးယူခြင်း စသည်တို့ကို ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

၁၉။ အခြားတစ်ဖက်တွင် သားသမီးများကို မူကြိုကျောင်းဝင်ခွင့်ပေးမည်ဆိုသော မက်လုံးဖြင့် မိဘ များထံမှ အလှူငွေအမြောက်အမြား ကောက်ခံကြသည်များလည်း ရှိပါသည်။ ကျောင်းအထောက် အကူပစ္စည်းများ အဆင့်မြှင့်ရန်နှင့် ကျောင်းသား၊ ဆရာ၊ အုပ်ချုပ်ရေးပိုင်းနှင့် ဝန်ထမ်းပိုင်း၏ သက်သာချောင်ချိရေးအတွက် အဆိုပါအလှူငွေများကို အသုံးပြုပါမည်ဟုလည်း ကတိပေးတောင်းခံ ကြပါသည်။ ထိုသို့ အလှူငွေများ ကောက်ခံ ရရှိကြောင်း ပြေစာလည်းထုတ်မပေး၊ ဘဏ္ဍာရေးရှင်းတမ်း လည်းထုတ်ပြန်မှုမရှိ၊ ရရှိသည့်အလှူငွေများကို မည်သို့
မည်ပုံ အသုံးပြုမည်ဆိုသည်ကိုလည်း တရား ဝင်စာရင်းအင်းများ ထုတ်ပြန်ဖော်ပြခြင်း မရှိလျှင် ကျောင်းအာဏာ
ပိုင်များဘက်မှ တာဝန်ခံမှုမရှိဟု ဆိုရပါမည်။

အပိုင်း (၃)

အကြောင်းအရင်းခံ၊ သက်ရောက်မှု အတိုင်းအတာနှင့် အဂတိလိုက်စားမှု ပုံသဏ္ဍာန်များ

(က) အဂတိလိုက်စားမှုညီမျှခြင်း

၂ဝ။ အထက်တွင် ဖော်ပြခဲ့သော သဘောတရားများကို အခြေခံပြီး အဂတိ လိုက်စားမှု ညီမျှခြင်းကို အောက်ပါ အတိုင်း ဖော်ထုတ်နိုင်ပါသည်။

C = R + D - A

၂၁။ ညီမျှခြင်းတွင်ပါသော C မှာ အဂတိလိုက်စားမှု ဖြစ်ပါသည်။ R မှာ စီးပွားရေးအထူးအကျိုး အမြတ်ဖြစ်၍၊
D မှာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ဖြစ်သည်။ A က တာဝန်ခံမှုကို ညွှန်းပါသည်။ ညီမျှခြင်း ၏ဆိုလိုချက်အရ တိုင်းပြည် တစ်ပြည်တွင် စီးပွားရေးအထူးအကျိုးအမြတ် R အတွက် အခွင့်အလမ်း ပိုများလေ၊ အဂတိလိုက်စားမှု ပိုကြီးလေ
ဖြစ်သည်။ အလားတူ စီမံအုပ်ချုပ်သူများကို ကိုယ်ပိုင် ဆုံးဖြတ်ခွင့်အာဏာ D ပိုပေးလေ၊ အဂတိလိုက်စားမှုများ ပိုကြီးထွားလေ ဖြစ်ပါသည်။ သို့သော် စီမံ အုပ်ချုပ်သူများ မိမိတို့အလုပ်အပေါ်တာဝန်ခံမှု A ပိုများလေ၊ အဂတိ လိုက်စားမှု ပိုနည်းလေဖြစ် သည်။ သို့အတွက် A ၏ရှေ့တွင် အနှုတ်လက္ခဏာ ထည့်ထားခြင်း ဖြစ်သည်။

၂၂။ အထက်ပါညီမျှခြင်း၏ဆိုလိုချက်ကို နောက်တစ်မျိုးဖော်ပြရလျှင် ''တိုင်းပြည်တစ်ပြည်တွင် အောက်ပါ
အခြေအနေ သုံးရပ်ရှိနေပါက တစ်ခွင်တစ်ပြင်လုံး သဘောဆောင်သည့် အဂတိလိုက်စားမှု စနစ်တစ်ရပ် ရှင်သန်
ကြီးထွားလာမည် ဖြစ်ပါလိမ့်မည်''။ ယင်းတို့မှာ -

၁။ ပုဂ္ဂလိကစီးပွားရေးလုပ်ဆောင်မှုများကို ထိန်းချုပ်ရန် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့် အမိန့်ညွှန်ကြားချက် အများအပြားရှိနေခြင်း။ ဤသို့ရှိနေသည့်အတွက် အထူးစီးပွား ရေးအကျိုးအမြတ်များ ရယူနိုင်ရန် ကြီးမားသော အခွင့်အလမ်း ပေါ်ပေါက်နေခြင်း။ အထူးသဖြင့် အဆိုပါထိန်းချုပ်ရေး အစီအစဉ်များမှာ ရှုပ်ထွေးပြီးနားလည်ရန် ခက်ခဲခြင်း၊ စည်းမျဉ်းစည်းကမ်းဥပဒေများကို ကိုင်တွယ်အသုံးပြုရာတွင်လည်း လို၊လိုသလို/မလို၊မလိုသလို ကျင့်သုံးခြင်း၊ လျှို့ဝှက်ကျင့်သုံးခြင်း၊ ရှေ့နောက်မညီ ခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်း။

၂။ စည်းမျဉ်းစည်းကမ်းများကို ဖွင့်ဆိုရာတွင် အုပ်ချုပ်ရေးအာဏာပိုင်များကို ကိုယ်ပိုင် ဆုံးဖြတ်ခွင့်အာဏာ လွန်ကဲစွာပေးထားခြင်း။ ဥပဒေစည်းမျဉ်းစည်းကမ်းများကို လက်တွေ့ကိုင်တွယ် အသုံးပြုရာတွင်လည်း ဘယ်သူ့ကို ဘယ်ပုံကျင့်သုံးရမည်ဆိုသည် ကအစ စိတ်ကြိုက်ဆုံးဖြတ်နိုင်ရန် လွတ်လပ်ခွင့်ပေးထားခြင်း။ တည်ဆဲ ဥပဒေများကို
ပြောင်းလဲပြင်ဆင်ဖြည့်စွက် ပယ်ဖျက်ခွင့်အာဏာများ ပေးထားခြင်း။ ထိန်းချုပ်ရေး၊ အမိန့်နှင့် ညွှန်ကြားချက်
အသစ်များ၊ လုပ်ထုံးလုပ်နည်းအသစ်များ စိတ်တိုင်းကျ ဖော်ထုတ်နိုင်ခြင်း။

၃။ အုပ်ချုပ်ရေးအာဏာပိုင်များအနေဖြင့် မိမိတို့၏လုပ်ဆောင်ချက်များအပေါ် တာဝန်ခံမှု ရှိလာစေရန်၊ တည့်မတ်
ပေးသော ထိရောက်သည့် လုပ်ထုံးလုပ်နည်းများနှင့် အဖွဲ့အစည်း မူဘောင်အစီအမံများ မရှိခြင်းတို့ ဖြစ်ပါသည်။

(ခ) အဂတိလိုက်စားမှုအဆင့်များ

၂၃။ အဂတိလိုက်စားမှုမှာ အဆင့်မျိုးစုံရှိနိုင်သော်လည်း များသောအားဖြင့် အဆင့်နှစ်ခုကိုသာ ဂရုဓမ္မထားလေ့ ရှိပါသည်။ အထက်ဆင့်နှင့် အောက်ဆင့်တို့ ဖြစ်သည်။ ဤနှစ်ဆင့်မှာလည်း အပြန်အလှန် အားဖြည့်နေပါသည်။

၂၄။ အထက်ဆင့် (တစ်နည်း) အဆင့်မြင့်အဂတိလိုက်စားမှုဆိုရာတွင် တိုင်းပြည်ခေါင်းဆောင်များ နှင့် ထိပ်ပိုင်း ဗျူရိုကရက်များ၏ မသမာမူများကို ရည်ညွှန်းပါသည်။ အဆိုပါပုဂ္ဂိုလ်များမှာ ယေဘူယျ အားဖြင့် ချမ်းသာကြွယ်ဝပြီး၊ သူတို့တာဝန်ယူထားသော ရာထူးဌာနန္တရများနှင့် ဆက်စပ်နေသည့် အထူးအခွင့်အရေးများ အမြောက်အများ ရရှိကြ သူတွေ ဖြစ်သည်။ သို့အတွက် သူတို့တတွေ၏အကျင့် ပျက်အပြုအမူများကို လခနည်းသောကြောင့်၊ မိသားစု စားဝတ်နေရေးကြောင့် စသဖြင့် ဆင်ခြေပေးလို့ မရပါ။ ''လောဘ''သည်သာ အရင်းခံ အကြောင်းတရား ဟု ယူဆရမည် ဖြစ်ပါသည်။ သို့နှင့်တိုင် အခြားသောစေ့ဆော်မှုများ ရှိနိုင်သည်ကိုလည်း သိမှတ်လက်ခံဖို့ လိုပါလိမ့်မည်။

ဥပမာ- လက်ရှိ ရာထူးတွင် မြဲလိုခြင်းမှာ ပဓာနကျသော တွန်းအားတစ်ခု ဖြစ်နိုင်သည်။ ပြန်လည် ရွေးကောက် တင်မြှောက်ခံရရေးအတွက် ရွေးကောက်ပွဲမဲဆွယ်စရိတ်များ မြင့်မားလာနေရာ နိုင်ငံအချို့မှာဆိုလျှင် ရွေးကောက်ပွဲ မဲဆွယ် ဘဏ္ဍာရေးနှင့် ဆက်စပ်နေသော အဂတိ လိုက်စားမှုများမှာ အလွန်ကြီးမားသော နိုင်ငံရေး ပြဿနာတစ်ရပ်
ဖြစ်နေပါသည်။ နိုင်ငံရေး မဟာမိတ်များ၊ လုပ်ဖော်ကိုင်ဖက်များနှင့် လက်အောက်ငယ်သားများ မိမိအပေါ် သစ္စာရှိ
စေရန်၊ မိမိနှင့် ပူးပေါင်းဆောင်ရွက်စေရန် သူတို့တတွေ စိတ်ချမ်းသာ ပျော်ရွှင်စေရန် အထူးအခွင့်အရေးများ ပေးဖို့ လိုအပ်ရာမှ၊ ဤလိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရန် အဂတိ လိုက်စားလာကြသည်များလည်း ရှိပါသည်။

ထို့အပြင် အချို့သော လူ့အဖွဲ့အစည်းများတွင် ရွေးကောက်တင်မြှောက် ခံရသော ကိုယ်စားလှယ် တစ်ဦးအနေနှင့် သူ့ကို ရွေးကောက် တင်မြှောက်လိုက်သော မဲဆန္ဒနယ်ရှိ လူထု၏ သာရေးနာရေးကို ဖြည့်ဆည်းပေးရသည့် အစဉ်အလာမျိုးရှိနေ တတ်သည်။ ဥပမာအားဖြင့် နိုင်ငံရေးသမားတစ်ယောက်မှာ သူ့မဲဆန္ဒနယ်ရှိ ထောက်ခံသူ တစ်ဦးဦးနှင့် ပတ်သက်နေသည့် မင်္ဂလာဆောင်ဆိုလျှင် ဈေးကြီးကြီးလက်ဖွဲ့ရသည့် ထုံးတမ်းစဉ်လာမျိုး နိုင်ငံအချို့
တွင် ရှိသည်။ ဤသို့သော လူမှု့အဖွဲ့အစည်းများတွင် မင်္ဂလာဆောင်များ၊ မွေးနေ့ပွဲများ၊ နှစ်ပတ်လည် ပွဲတော်များ၊ ရိုးရာဓလေ့ဆိုင်ရာပွဲများ၊ ရန်ပုံငွေရှာဖွေသည့်အခမ်းအနားများ မနည်းမနောရှိနေတတ်ရာ အဆိုပါပွဲလမ်းများ
အတွက် စရိတ်စကမှာ ရွေးကောက်တင်မြှောက်ခံရသော နိုင်ငံရေးသမားအတွက် လေးလံသော ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေတော့သည်။

ရာထူးကြီးလေ အလှူငွေများများထည့် လေဟု မျှော်လင့်ကြသည်မှာ အဆိုပါဒေသများ၏ ထုံးစံပင်ဖြစ်သည်။
သို့အတွက် အဆင့်မြင့်ဗျူရို ကရက်များနှင့် နိုင်ငံရေး ခေါင်းဆောင်များကို အထူးလုပ်ပိုင်ခွင့် အကျိုးအမြတ် ရှာဖွေမှုများထဲသို့ တွန်းပေးလိုက်သလိုရှိသော စီးပွားရေး၊ နိုင်ငံရေး၊ လူမူရေးနှင့် ယဉ်ကျေးမှုဓလေ့ဆိုင်ရာ
အကြောင်း အရင်းများရှိသည်ကို သိမှတ်လက်ခံကြရမည် ဖြစ်ပါသည်။

၂၅။ ထိုသည်၏အခြားတစ်ဖက်တွင် အောက်အဆင့် (တစ်နည်း) အဆင့်နိမ့်အဂတိလိုက်စားမှုများ လည်းရှိသည်။ ယာဉ်မောင်းလိုင်စင် မြန်မြန်ရချင်၍ သက်ဆိုင်ရာစာရေးကို လက်သိပ်ထိုး လက်ဖက် ရည်ဖိုးပေးခြင်းမျိုး ဖြစ်ပါသည်။ အဆိုပါ အဆင့်နိမ့်အဂတိလိုက်စားမှုတွင်လည်း သူ့ပြဿနာနှင့်သူ ရှိသည်သာ ဖြစ်ပါသည်။ ဤကိစ္စနှင့် ပတ်သက်ပြီး
ယေဘူယျလက်ခံထားကြသည်မှာ လုပ်ခလစာ နည်းသော အစိုးရ ဝန်ထမ်းများအနေနှင့် မိသားစု စားဝတ်နေရေး ကို ဖြည့်ဆည်းနိုင်ရန် မလွှဲမရှောင်သာ အဂတိ လိုက်စားရသည်ဟူ၍ ဖြစ်သည်။ သူတို့ကိုသာ လုပ်ခလစာ တိုးပေး လိုက်လျှင် ဤသို့သော တရားမဝင်လုပ်ရပ်များ လျော့နည်းလာပါလိမ့်မည်ဟု တင်ပြကြသည်များလည်း ရှိပါသည်။

ဤအဆို မှာ ကျိုးကြောင်းဆီလျော်မှုရှိသည်ဟု ဆိုနိုင်ပါလိမ့်မည်။ အကြောင်းမှာ အစိုးရဝန်ထမ်းများကို လခ
ကောင်းကောင်း ပေးထားသည့်နိုင်ငံများတွင် လစာနှုန်းထားနိမ့်ပါးသောနိုင်ငံများထက် အစိုးရကဏ္ဍ အဂတိ လိုက်စားမှုများ အတွေ့ရနည်းသောကြောင့် ဖြစ်ပါသည်။ သို့ဖြစ်လင့်ကစား အောက်ခြေ ဝန်ထမ်းများမှာ အထက် လူကြီးတွေလောက် လောဘမကြီးဆိုသော အယူအဆသည်ကား ခိုင်မာသော သက်သေ အထောက်အထားပြရန် မလွယ်ကူပါ။ လိုအပ်ချက်က တွန်းပို့သော အဂတိလိုက်စားမှု (need driven) နှင့် လောဘက တွန်းပို့သော အဂတိလိုက်စားမှု (greed driven) ကြား တိတိကျကျခွဲခြားသတ် မှတ်ရန်မလွယ်ပါ။

ဤအဂတိလိုက်စားမှုနှစ်မျိုးကြား ဘယ်မှာဆုံး၍ ဘယ်ကစသည်ကို သတ်မှတ်ဖို့ ခက်ပါသည်။ သို့နှင့်အမျှ အခြား
သော တွဲဖက် အစီအစဉ်များ မပါဘဲ လစာတိုးပေးရုံ သက်သက်မျှဖြင့် အဂတိလိုက်စားမှုကို ထိထိရောက်ရောက်
လျှော့ချနိုင်မည် မဟုတ်ဟု အဆိုပြုချက်များလည်း ရှိနေသည်။ ဆန့်ကျင်စွာပင် ဝန်ထမ်းလစာ တိုးပေးလိုက်ရသည့် အတွက် တိုးလာသော ငွေကြေးဖောင်းပွမှု (inflation) က အဂတိလိုက်စားမှု လျော့နည်းသွားရာမှ ရနိုင်စရာရှိသော အကျိုးအမြတ်ထက် ပို၍ပင် ကြီးမားသော ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ပါသည်။ ငွေကြေး ဖောင်းပွမှု ဖိအားကို ထိန်းချုပ်နိုင်ရေး အတွက် လိုအပ်သလို အားမထုတ်လျှင် ဈေးဆိုင်ပိုင်ရှင်များအနေနှင့် ဝန်ထမ်းလစာ တိုးသည်ကို ၄င်းတို့အတွက် ဈေးတင်ရောင်းရန် အချက်ပြချက်ဟုယူဆပြီး ကုန်ဈေးနှုန်းများကို မြှင့်တင်ပါလိမ့်မည်။

ဝန်ထမ်း လစာတိုးရာမှ ကုန်ဈေးနှုန်းတွေတက်၊ ထိုမှတစ်ဖန် လူနေမှုစရိတ်တွေ မြင့်မားလာလျှင် အစိုးရဝန်ထမ်း
များ၏ အစစ်အမှန်လစာမှာ တိုးရာရောက်တော့မည် မဟုတ်ပါ။ သူတို့တတွေ၏ လူမှုဘဝလည်း အမှန်တကယ်
မြင့်မားလာမည် မဟုတ်ပါ။ ဝန်ထမ်းလစာတိုးရာမှ အထွေထွေကုန်ဈေးနှုန်းများမြင့် တက်သွားပြီး လူတိုင်း၏
စီးပွားရေး အခြေအနေပင် ပိုမို ဆိုးရွားသွားနိုင်စရာ ရှိပါသည်။ ဤအချက်က ဖော်ပြနေသည်မှာ ငွေကြေး ဖောင်းပွ
မှုကို ထိန်းချုပ်ရန်၊ မက်ခရိုစီးပွားရေးတည်ငြိမ်မှုကိုထိန်းသိမ်းရန်နှင့် မတည်မငြိမ်ဖြစ်နေသော ဈေးကစားမှုများ၏ အကြောင်းရင်းခံများကို ကိုင်တွယ်ဖြေရှင်းရန်စသည်တို့ အထူးလိုအပ်ကြောင်းပင် ဖြစ်ပါသည်။

၂၆။ လုပ်ခလစာ နည်းပါးခြင်းမှာ အဂတိ လိုက်စားမှုကို အားပေးရုံမျှမက အစိုးရဝန်ထမ်းများ၏ လုပ်ရည်ကိုင်ရည်
နှင့် သဘောထားအမြင်များအပေါ်တွင်ပါ ဆိုးကျိုး သက်ရောက်မှုများ ဖြစ်ပေါ်စေပါသည်။ လခနည်းသဖြင့် အလုပ် ကြိုးစားလိုသည့် မက်လုံးများ ကျဆင်းလာပြီး၊ ကျင့်ဝတ်ပိုင်းတွင် နိမ့်ပါးလာသည်။ စွမ်းဆောင်ရည် ဘက်တွင်လည်း
လျော့ပါးလာသည်။ အပိုဝင်ငွေရနိုင်မည့် ဘေးပန်း အလုပ်များ လုပ်ကိုင်လာကြပြီး၊ အလုပ်ခွင်ပျက်ကွက်မှုများ များလာသည်။ မိမိကိုယ်ကိုလေးစား တန်ဖိုးထားမှုနှင့် ဂုဏ်သိက္ခာပိုင်းကိုပါ ထိခိုက်လာရတော့သည်။ အကျိုးဆက်
ကား အဆိုပါဝန်ထမ်း များထဲမှအချို့မှာ လူထုနှင့်ဆက်ဆံရာတွင် ရိုင်းပြမောက်မာ ဂရုမစိုက်သလို ပြုမူလာခြင်း များပင် ဖြစ်လာတတ်ပါသည်။

သို့နှင့်အမျှ သာမန်လူထု၏အမြင်တွင်လည်း ဆိုခဲ့ပါဝန်ထမ်းများမှာ စိတ်ကုန် စရာ၊ ငြိုငြင်စရာ ဖြစ်လာရတော့သည်။ ဤအခြေအနေအောက်တွင် ဝန်ထမ်းအချို့အနေဖြင့် ပိုမို စိတ်ဝင်စားစရာကောင်းသော စိန်ခေါ်ချက်များကို ရင်ဆိုင်
ရန်၊ ပို၍လုပ်ခလစာကောင်းသောအလုပ် များကိုရှာဖွေရန် ပုဂ္ဂလိကကဏ္ဍသို့ ပြောင်းရွှေ့လာကြပါမည်။ သို့မဟုတ်
နိုင်ငံရပ်ခြားသို့ ထွက်ခွာ ကုန်ကြသည်။ ဤတွင် အစိုးရကဏ္ဍမှာ ဝန်ထမ်းကောင်းများ ရနိုင်ဖို့၊ ရခဲ့လျှင်လည်း ဆက်ထိန်းထား နိုင်ဖို့ ခက်ခဲလာလေတော့သည်။

သို့အတွက် ဤကိစ္စကို အဂတိလိုက်စားမှုရှုထောင့်မှ သာမကဘဲ ပိုမို ကျယ်ပြန့်သည့် ပြည်သူ့ဝန်ဆောင်မှု ဆိုင်ရာ
ပြုပြင် ပြောင်းလဲရေး အစီအစဉ်တစ်ရပ်အနေနှင့် စဉ်းစားကြဖို့လိုပြီ ဖြစ်ပါသည်။ ဤအစီအစဉ်တွင် ပျှမ်းမျှ မိသားစု တစ်စု၏ စားဝတ်နေရေးအသုံး စရိတ်နှင့်ကာမိစေရန် လုပ်ခလစာများကို ချိန်ညှိကြရမည် ဖြစ်သည်။ တစ်ပြိုင်နက် တည်းမှာပင် ဖြစ်တန်ရာ ငွေကြေးဖောင်းပွမှုများကိုလည်း ထိန်းချုပ်နိုင်ဖို့ လိုပါသည်။ တိုင်းပြည်တွင် ဤသို့သော အခြေအနေများ အနှံ့အပြား ရှိနေပြီဆိုပါက ဂရုတစိုက်နှင့် လိုအပ်သည့်စီးပွားရေးပြုပြင်ပြောင်းလဲမှု များကို အလေး အနက် အာရုံပြု အကောင်အထည်ဖော်ကြရတော့မည် ဖြစ်ပါသည်။

(ဂ) အကျိုးသက်ရောက်မှုအတိုင်းအတာ

၂၇။ အဂတိလိုက်စားမှု၏ အကျိုးသက်ရောက်မှုအတိုင်းအတာမှာ လူ့အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု မတူညီပါ။ အကြမ်းအားဖြင့် ဖြစ်တောင့်ဖြစ်ခဲအဂတိလိုက်စားမှု၊ အနှံ့အပြားသဘောဆောင်သော အဂတိလိုက်စားမှုနှင့် စနစ်တစ်ခုလုံးလိုပင်ဖြစ်နေသောအဂတိလိုက်စားမှုဟူ၍ သုံးမျိုးခွဲနိုင်ပါသည်။ အဂတိလိုက်စားမှုမှာ တစ်ခါတစ်ရံမှ သာပေါ်ပေါက်သော ဖြစ်တောင့်ဖြစ်ခဲအသွင်ဆောင်လျှင် ထောက် လှမ်းဖို့၊ ထိန်းချုပ်ဖို့၊ အပြစ်ပေးဖို့ လွယ်ပါသည်။ အဂတိလိုက်စားမှုမှာ အနှံ့အပြားသဘောဆောင် လာလျှင်မူ ထိန်းချုပ်ဖို့ရော ရင်ဆိုင်ဖြေရှင်းဖို့ပါ ပိုခက်လာသည်။

သို့သော် အဆိုးရွားဆုံးကား စနစ် တစ်ခုလုံး (Systemic corruption)လို ဖြစ်တည်နေသော အဂတိ လိုက်စားမှုပင်
ဖြစ်သည်။ တိုင်းပြည် တစ်ပြည်တွင် အဂတိလိုက်စားမှုမှာစနစ်တစ်ခုလို ဖြစ်တည်သွားသည့်အခါ အဖွဲ့အစည်း မူဘောင်များ၊ စည်းမျဉ်းစည်းကမ်းများနှင့် လူတို့၏အပြုအမူနှင့် သဘောထားအမြင်များမှာ မသမာနည်းများဖြင့် အသားကျသွားပါတော့သည်။ အဂတိလိုက်စားမှုသည်ပင် ဘဝနေနည်းလို ဖြစ်လာရတော့သည်။ ဤသို့သော အဂတိလိုက်စားမှုမျိုးကို ကျော်လွှားဖို့ခက်ပြီး၊ စီးပွားရေးကိုလည်း အလွန်ယိုယွင်းပျက်စီး စေပါသည်။

(ဃ) စနစ်ကျကျ နှင့် ပရမ်းပတာ အဂတိလိုက်စားမှု

၂၈။ နောက်ထပ်အသုံးဝင်သောခွဲခြားပုံတစ်ခုမှာ စနစ်ကျကျစည်းရုံးဖွဲ့စည်းထားသော အဂတိလိုက် စားမှုနှင့် ပရမ်းပတာ အဂတိလိုက်စားမှုတို့ ဖြစ်သည်။ စနစ်ကျကျ အဂတိလိုက်စားမှုတွင် စီးပွားရေး လုပ်ငန်းရှင် အလုပ် အမှုဆောင်များ အနေနှင့် ဘယ်သူ့ကို လာဘ်ပေးရမည်၊ ဘယ်လောက်ပေးရမည် ဆိုသည်ကို ကောင်းစွာသိကြ
ပါသည်။ ဤသို့ပေးလိုက်သော လာဘ်မှ မည်သို့သော အခွင့်အရေးများ ရရှိနိုင်သည်ကိုလည်း တိကျစွာ တွက်ဆ
နိုင်ပါသည်။ ထို့ကြောင့် အဂတိလိုက်စားမှု၏ကသီလင်တ ဖြစ်ရမှုအမျိုးမျိုးနှင့် မသေချာ မရေရာမူတွေကိုပါ
ကျော်လွှားနိုင်ပြီး လာဘ်ပေးသူများအနေဖြင့် ပေးရ ခြင်းနပ်သည်ဟု ကောက်ချက်ချမှုများလည်း ရှိခဲ့ပါသည်။

ထိုမှတဆင့် လာဘ်ယူသူများသည် မိမိ တို့နှင့် အဆက်အသွယ် ပြေပြစ်သည့် စီးပွားရေး လုပ်ငန်းရှင်များ၊ ကုမ္ပဏီ
များကြွယ်ဝချမ်းသာပြီး အခြေခိုင်လာသည်နှင့်အမျှ မိမိတို့အတွက် ရေရှည်တွင် ပုံမှန်ဝင်ငွေ စဉ်ဆက်မပြတ် ရနိုင် သည်ကို သဘောပေါက်လာကြပါသည်။ သို့နှင့်အမျှ တစ်နေ့ရွှေဥ တစ်လုံး ဥပေးနေသောငန်းကြီးကို ဆက်လက် ရှင်သန်ရန် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၂၉။ အထက်ပါပုံစံနှင့်ဆန့်ကျင်ဘက်မှာ ပရမ်းပတာအဂတိလိုက်စားမှု ဖြစ်ပါသည်။ ဤပုံစံ အောက်တွင် ရှုပ်ထွေး
မှု များစွာရှိပြီး ဘယ်သူ့ကိုဘယ်လောက်ပေးရမည်ကို ဘယ်သူမှ တိတိကျကျ မသိကြပါ။ လုပ်ပိုင်ခွင့် အာဏာနှင့် တာဝန်ယူမူတို့ မရှင်းမလင်း ရှိနေသည့် အတွက် လာဘ်သာပေး လိုက်ရသော်လည်း မျှော်မှန်းသည့် အထူးအခွင့်ရေး ရ၊မရ မသေချာပေ။ ထို့ပြင် လာဘ်ယူသူများ ဘက်မှလည်း လာဘ်အတိုင်းအတာနှင့် ပတ်သက်ပြီး အချင်းချင်း
ညှိနှိုင်းမှု မရှိ၊ ဝန်ထမ်းတစ်ယောက်က အခြားတစ်ယောက် မည်ရွေ့မည်မျှယူသည်ကို မသိ။ ဒီလိုနှင့် အလွန်အကျွံ
တောင်းခံမှုများ ဖြစ်ပေါ် လာတတ်ပါသည်။ ဤသို့ ဖြစ်လာသောအခါ ရွှေဥဥပေးရသည့် ငန်းကြီးမှာ စိတ်ဓါတ်ကျ
လာပြီး၊ နောက်ထပ်ရွှေဥသာမက ဘာဥမှမဥတော့ပါ။

အပိုင်း (၄)

လာဘ်ပေးသည့်ဘက်နှင့်နိုင်ငံတကာရှုဒေါင့်

(က) လာဘ်ပေးသည့်ဘက်မှပြဿနာ

၃ဝ။ ယခုအချိန်အထိ အဂတိလိုက်စားမှုနှင့်ပတ်သက်သော ဆွေးနွေးချက်များမှာ ကိုယ်ကျိုးစီးပွား အတွက် အလွဲသုံးစားလုပ်နေကြသော အစိုးရဝန်ထမ်းများအကြောင်းတွင်သာ ဝဲလည်လိုက်နေခဲ့ ပါသည်။ ပြဿနာကို လာဘ်ယူသည့်ဘက် (တစ်နည်း) လာဘ်ပေးလာဘ်ယူမှု၏ ဝယ်လိုအားဘက် မှသာ စဉ်းစားနေခြင်းဖြစ်ပါသည်။ ဤသို့ဆောင်ရွက်ခြင်းသည် မမျှတပါ။ ဤသို့ပြဿနာကို ဝယ်လိုအားဘက်တစ်ခုတည်းမှ ကြည့်မြင်ခြင်းသည် အမြင်သွေလွဲမှု ဖြစ်ပေါ်စေနိုင်ပါသည်။

လာဘ်ပေးလာဘ်ယူမှုများတွင် ပေးသူရောယူသူပါ အကျိုးအမြတ် ရနိုင်ကြပါသည်။ အများပြည်သူ ကိုလိမ်ညာရန် သူတို့နှစ်ဦးပူးပေါင်းကြံစည်ကြခြင်းသာ ဖြစ်သည်။ ပြောရလျှင် လာဘ်ပေးလာဘ်ယူ မှုကို ရောင်းလိုအားဘက်က
လည်း အလွယ်တကူစတင်နိုင်ပါသည်။ အထူးသဖြင့် ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းကြီးများနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ မှ နိုင်ငံစုံကော်ပိုရေးရှင်းကြီးများ (multinational corporations) ဖြစ်ပါသည်။ ဆင်းရဲသော နိုင်ငံများမှ အရာရှိများ
ငြင်းဖို့ခက်လောက်အောင် မက်မော စရာကောင်းသော ကိုယ်ကျိုးအတွက် အသုံးကျသည့်ကမ်းလှမ်းချက်များကို အဆိုပြုနိုင်ကြသူများမှာ ထိုကုမ္ပဏီကြီးများပင် ဖြစ်ပါသည်။

၃၁။ ဤကိစ္စကို ဥပမာတစ်ခုနှင့် ရှင်းပြပါမည်။ ဖွံ့ဖြိုးဆဲနိုင်ငံငယ်လေးတစ်ခုမှ ကျန်းမာရေးဝန်ကြီး ဌာနအနေနှင့် အလှူရှင်အဖွဲ့အစည်းများမှ ထောက်ပံ့ကူညီငွေ ဒေါ်လာတစ်သန်း ရသည်ဆိုပါစို့။ မကြာခင်ကဖြစ်ပွားခဲ့သော လူမျိုးစု အကြမ်းဖက်ပဋိပက္ခကြောင့် မိမိတို့ဇာတိရပ်ရွာမှ ထွက်ပြေးခဲ့ရပြီး၊ အာဟာရချို့တဲ့မှု့ဒဏ်ခံနေရသော ကလေးငယ် များအတွက် အရေးပေါ်ရိက္ခာအကူအညီအဖြစ် အဆိုပါ ဒေါ်လာတစ်သန်း ရရှိခဲ့ခြင်း ဖြစ်ပါသည်။ ဤတွင် ဥရောပ စားသောက်ကုန်လုပ်ငန်းကုမ္ပဏီကြီး တစ်ခုက ထိုနိုင်ငံ၏ကျန်းမာရေးဝန်ကြီးနှင့် ပူးပေါင်းကြံစည်ပြီး သက်တမ်း သတ်မှတ်ချက်ကျော်လွန် နေသောနို့မှုန့်များကို ဈေးချိုချိုနှင့်ဝယ်ပြီး ဒေါ်လာတစ်သန်းစာရင်းပြကာ ဆိုခဲ့ပါနိုင်ငံသို့ ပံ့ပိုးခဲ့သည်။

ထိုသို့ ဈေးပေါပေါနှင့် ဝယ်ရာမှ ရရှိသော အမြတ်အစွန်းတွေကို ကုမ္ပဏီက အိတ်ထဲထည့်ပြီး ထိုအထဲမှ ဝေစုအချို့
ကို ဝန်ကြီး၏ နိုင်ငံခြားဘဏ် စာရင်းသို့ လွှဲလိုက်ပါသည်။ ကုမ္ပဏီရော၊ ဝန်ကြီးပါ အကျိုးအမြတ်များစွာ ရခဲ့ကြ
သော်လည်း၊ ဒုက္ခသည် ကလေးငယ်တွေမှာ သက်တမ်းလွန်နို့မှုန့်အပျက်တွေ သောက်သုံးမိ၍ အာဟာရ မဖြစ်ရုံ မျှမက ရောဂါတိုးရလေတော့သည်။

၃၂။ ဤဥပမာက ဘာကို ဖော်ပြနေသနည်း ဆိုလျှင် ဆင်းရဲနိုင်ငံများ၏ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို ကူညီရာတွင် ဝယ်လိုအားဘက် တစ်ခုတည်းမှ ပြဿနာများကို ကြည့်မြင်ရုံမျှဖြင့် မလုံလောက် ဆိုသောအချက်
ဖြစ်ပါသည်။ ဤအချက်ကို ဖွံ့ဖြိုးပြီးနိုင်ငံများကိုယ်တိုင်က ပို၍သဘောပေါက်လာ ဟန်လည်း ရှိပါသည်။ ပို၍ လက်တွေ့ကြပြီး မျှတသော အမြင်ဖြစ်ဖို့ဆိုလျှင် ဖွံ့ဖြိုးပြီးနိုင်ငံကြီးများ အနေနှင့် မိမိတို့နိုင်ငံမှ ပြည်ပသို့ လာဘ်ပေး သည့်ကုမ္ပဏီကြီးများကို အလေးထားစောင့်ကြည့်ဖို့ လိုပါသည်။

(ခ) နိုင်ငံတကာရှုထောင့်

၃၃။ ဤနေရာတွင် မေးသင့်မေးထိုက်သော ပုစ္ဆာတစ်ရပ် ရှိလာပါသည်။ ''ရှေ့တန်းရောက် နိုင်ငံကြီးများ အနေနှင့် ဆင်းရဲနိုင်ငံများရှိ အဂတိ လိုက်စားမှုများကို အဘယ့်ကြောင့် ဤမျှ စိုးရိမ်မကင်း ဖြစ်နေ ကြပါသနည်း''။ ဤမေးခွန်း အတွက် အဖြေကောင်းတစ်ခုမှာ ယခုလို ဖြစ်သည်။ ''စစ်အေးတိုက်ပွဲ ဆုံးခန်းတိုင်သွားသည့် အချက်က အဓိက အလှူရှင်နိုင်ငံများ အတွက် ယခင်စစ်အေး ခေတ်ကလို နိုင်ငံရေး ရှုဒေါင့်များအပေါ် အခြေခံပြီး အကူအညီ ပေးဖို့ မလိုအပ်တော့ခြင်း ဖြစ်ပါသည်''။

သို့နှင့်အမျှ အခြားသော ရှုဒေါင့်များမှာလည်း ရှေ့ရောက်လာ ရတော့သည်။ ''မိမိတို့ ပေးလိုက်သော ထောက်ပံ့ ကူညီ ငွေများကို သင့်တင့် လျောက်ပတ်စွာ အသုံးပြုကြပါ၏လော''၊ ''ထိုထောက်ပံ့ ကူညီငွေများမှာ မိမိတို့ ရည်ရွယ်သော အမှန်တကယ် လိုအပ်သည့် ဆင်းရဲသားများအတွက် အကျိုးများစေပါ၏လော'' စသည့် ရှုဒေါင့်များ
ခေတ်စားလာပါသည်။ အလှူရှင်များကြား သဘောညီလာကြသော အမြင်တစ်ခုမှာ ''ထောက်ပံ့ ကူညီမှုများမှာ အဂတိလိုက်စားမှုကြောင့် ထိရောက်သင့်သလောက်မထိရောက် ဖြစ်နေရ သည်''ဟူ၍ ဖြစ်သည်။ သည်လိုနှင့် အပြည်ပြည်ဆိုင်ရာငွေကြေးရံပုံငွေအဖွဲ့ (IMF) နှင့် ကမ္ဘာ့ဘဏ် (World Ban) အပါအဝင် အလှူရှင်နိုင်ငံကြီးများမှာ ကူညီထောက်ပံ့မှု၏ အကျိုးသက်ရောက်မှုကို ပိုကောင်းမွန်ထိရောက်စေရန် အဂတိလိုက်စားမှုပြဿနာဖြေရှင်းရန် အထူးဂရုစိုက်လာခဲ့ကြပါသည်။

၃၄။ ထောက်ပံ့ကူညီမှုများ၏ ထိရောက်မှုအပြင် အခြားပြဿနာတစ်ခုလည်း ရှိပါသေးသည်။ ကမ္ဘာ့ငွေကြေး
ဈေးကွက်များ ပို၍ကြီးကြီးမားမား ပေါင်းစပ်လာခြင်းနှင့် ခေတ်မီနည်းပညာများက ကွန်ပြူတာမောက်စ် (mouse) တစ်ချက်နှိပ်လိုက်ရုံဖြင့် သန်းနှင့်ချီသော ဒေါ်လာငွေများကို နိုင်ငံတစ်ခုမှ အခြားနိုင်ငံ တစ်ခုသို့ လွှဲပြောင်းပေး လာနိုင်သည့် အချက် ဖြစ်ပါသည်။ ထိုမှအကျိုးဆက်အဖြစ် အဂတိ လိုက်စားမှုမှာလည်း နိုင်ငံတကာ သဘော
ဆောင်လာပြီး အဆင့်မြင့်နည်းပညာများ သုံးစွဲလာပါသည်။

သို့နှင့်အမျှ အကြမ်းဖက်ဝါဒ၊ မူးယစ်ဆေး အန္တရာယ်၊ အိတ်(ဒ်,စ်)ရောဂါ၊ သဘာဝပတ်ဝန်းကျင်ယို ယွင်းမှုစသည်
တို့လို အဂတိ လိုက်စားမှုသည်လည်း တိုင်းပြည် နယ်နိမိတ်များကို လေးစား လိုက်နာမှု မရှိသည့် ပြဿနာကြီး တစ်ခု ဖြစ်လာတော့သည်။ ဤသည်ပင် အဂတိလိုက်စားမှုပြဿနာကို နိုင်ငံတ ကာမှ တုံ့ပြန်ဆောင်ရွက်ဖို့ လိုအပ်လာပြီဖြစ်ကြောင်း အသိအမှတ်ပြုလာကြပါသည်။

(ဂ) ကမ္ဘာလုံး အတိုင်းအတာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ခြေလှမ်းများ

၃၅။ အဂတိလိုက်စားမှုပြဿနာကို နိုင်ငံတကာမျက်နှာစာများကပါ တိုး၍သိမှတ်လက်ခံလာကြရာ ဖွံ့ဖြိုးပြီး
နိုင်ငံများသည်လည်း ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ ပဏာမခြေလှမ်းများ စတင်လာကြ သည်။ အထူးသဖြင့် ၄င်းတို့တိုင်းပြည်ရှိ လာဘ်ပေးသော ကုမ္ပဏီကြီးများကို ပို၍တင်းတင်းကျပ်ကျပ် ချုပ်ကိုင်လာသည်။ ဤခြေလှမ်း
များကို အပိုင်းလေးပိုင်းခွဲပြီး အကျဉ်းမျှ ဖော်ပြသွားပါမည်။

၃၆။ ပထမ။ ။ ရှေ့တန်းရောက်စက်မှုနိုင်ငံများမှ သတင်းမီဒီယာများနှင့် ဥပဒေအကျိုးဆောင်အဖွဲ့ များက လာဘ်ပေးလာဘ်ယူမှုများကို စုံစမ်းဖော်ထုတ်နိုင်ရန် ကြိုးပမ်းလာကြပါသည်။ သူတို့တတွေ ၏ကြိုးပမ်းမှုကြောင့်ပင် မိမိနိုင်ငံတွင်းရှိလူထုက ပြဿနာကို သဘောပေါက်သိမြင်လာကြပြီး၊ ကုထုံး ဆိုင်ရာ အစီအမံများ ချမှတ် လုပ်ဆောင်ရေး အထိ ဦးတည်လာပါသည်။ ဆိုခဲ့ပါ စုံစမ်းထောက်လှမ်းမှုများ၏ အဓိက ပစ်မှတ်မှာ ပြည်တွင်း အရှုပ်တော်ပုံများမှ အစပျိုးခဲ့သော်လည်း၊ နိုင်ငံရပ်ခြားရှိ မသမာ မှုများအထိပါ အလွယ်တကူ ကူးစက်လာခဲ့သည်။

ဤကိစ္စနှင့်ပတ်သက်လျှင် အထင်ရှားဆုံးဥပမာ တစ်ခုမှာ အမေရိကန်ပြည်ထောင်စု၏ ၁၉၇ဝ ပြည့်လွန်နှစ်များက အတွေ့အကြုံ ဖြစ်ပါသည်။ ထိုတိုင်းပြည်၏ Securities and Exchange Commission နှင့် Senate's Subcommittee on Multinational Corporations တို့ ဖွင့်ချဖော်ထုတ်ခဲ့သော ''ဝါးတားဂိတ်ကိစ္စ'' (Watergate affair) နှင့် ''နိုင်ငံစုံ
ကော်ပိုရိတ် အရှုပ်တော်ပုံများ'' ဖြစ်သည်။ ဤအတွေ့အကြုံများကပင် ''၁၉၇၈ နိုင်ငံရပ်ခြား အဂတိ လုပ်ရပ် ဆိုင်ရာ ဥပဒေ'' (1978 Foreign Corrupt Practices Act) အတည်ပြုပြဌာန်းနိုင်ရေး အတွက် တွန်းအားဖြစ်ခဲ့သည်။ ဤဥပဒေအရ အမေရိကန် ကုမ္ပဏီများ၏ နိုင်ငံရပ်ခြားတွင် ကျူးလွန်သော လာဘ်ပေးလာဘ်ယူ မှုများကို ရာဇဝတ်
မှု အဖြစ် သတ်မှတ်ခဲ့ပါသည်။

၃၇။ ဒုတိယ။ ။ အမေရိကန် ပြည်ထောင်စု၏ အဆိုပါ ဥပမာကို ဖွံ့ဖြိုးပြီး နိုင်ငံများက ကျယ်ကျယ် ပြန့်ပြန့် လက်ခံလာကြသည်။ ၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာလတွင် ''စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့'' (OECD) အဖွဲ့ဝင် ၂၉ နိုင်ငံမှ အစိုးရများက ''နိုင်ငံတကာ ငွေပေးငွေယူ ကိစ္စများတွင် နိုင်ငံခြား အစိုးရအရာရှိများ၏ လာဘ်ပေး လာဘ်ယူမှုများတိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်း'' (Combating Bribery of Foreign Public Officials in International Business Transactions) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ဤကွန်ဗင်းရှင်းကြီးကပင် ၁၉၉၈ ခုနှစ်တွင် နိုင်ငံခြား လာဘ်ပေးလာဘ်ယူ မှုများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်
နိုင်မည့် ဥပဒေတစ်ရပ် အတည်ပြုပြဌာန်းရန် ဆိုခဲ့ပါ အစိုးရများသို့ တောင်းဆိုခဲ့သည်။ ဤသို့သော အစိုးရပိုင်း၏
ဆောင်ရွက်ချက်များအပြင် ပုဂ္ဂလိက ကဏ္ဍကပါ ခြေလှမ်းများ စတင်လာခဲ့သည်။ မကြာသေးမီကပင် ''နိုင်ငံတကာ ကုန်သည်ကြီးများ အသင်း'' (International Chamber of Commerce) က လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ဆိုင်ရာ စံနှုန်း အသစ်များကို ချမှတ်ခဲ့သည်။ ပြောရလျှင် နိုင်ငံစုံကော်ပိုရေးရှင်းအများစုအနေနှင့် ကမ္ဘာတစ်ဝှမ်း လာဘ်ပေးမှုများလုပ်နေခဲ့ကြသည်မှာ ဆယ်စုနှစ်များနှင့်ချီ၍ ကြာမြင့်လှပြီဖြစ်ရာ၊ ဤသို့သောအကျင့် ဆိုးများကို
ပြောင်းလဲပစ်ဖို့ဆိုသည်မှာ (အကြီးစားဗျူရိုကရေစီ များမှာလိုပင်) လွယ်ကူလိမ့်မည်တော့ မဟုတ်ပါ။

သို့နှင့်တိုင် အားတက်ဖို့ကောင်းသည်မှာ ကမ္ဘာ့အကြီးဆုံး နိုင်ငံစုံ ကုမ္ပဏီကြီးများ၏ အလုပ်အမှုဆောင်များ ကိုယ်တိုင်
က အဂတိ လိုက်စားမှုပြဿနာကို ပို၍ စိတ်ဝင်တစား ရှိလာကြပြီး၊ ဤနယ်ပယ်ရှိ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းများ ကို ထောက်ခံလာကြခြင်း ဖြစ်သည်။ အလားတူ အရေးကြီး သည့် ဖြစ်ထွန်းမှု တစ်ခုမှာ ''နိုင်ငံတကာ ပွင့်လင်း
မြင်သာရေး အဖွဲ့'' (Transparency International) အမည်ရှိ NGO တစ်ခု၏လှုပ်ရှားမှုများပင် ဖြစ်သည်။ ဤအဖွဲ့က
နိုင်ငံတကာ အဂတိ လိုက်စားမှုများကို ''စောင့်ကြပ်မှူး''အနေဖြင့် ဆောင်ရွက်လျှက် ရှိပါသည်။

ဤအဖွဲ့ စတင် လှုပ်ရှားလာသည်မှာ ၁၉၉ဝ ပြည့်လွန်နှစ်များ၏ အစောပိုင်း ကာလများလောက်က ဖြစ်ပြီး၊ ယခု
ဆိုလျှင် ကမ္ဘာတစ်လွှား နိုင်ငံပေါင်း ၇ဝ တွင် ရုံးခွဲများ ရှိနေပြီ ဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သော OECD လာဘ်ပေးလာဘ်ယူ ဆန့်ကျင်ရေး ကွန်ဗင်းရှင်းသာ အသက်ဝင်လာလျှင် ဤကွန်ဗင်းရှင်းကြီး၏ လက်တွေ့
အကောင်အထည် ဖော်ဆောင်ရွက်မှုများကို စောင့်ကြည့်ရာတွင် ''နိုင်ငံတကာ ပွင့်လင်းမြင်သာရေး အဖွဲ့''အနေနှင့် အရေးကြီးသောအခန်းမှ ပါဝင်လိမ့်မည်ဟု မျှော်လင့်ရပါသည်။

၃၈။ တတိယ။ ။ နိုင်ငံတကာငွေကြေးခဝါချမှု(money laundering) မှာ ကမ္ဘာလုံးအတိုင်းအတာ အဂတိ လိုက်စားမှုကို အားဖြည့်ကူညီပေးနေပါသည်။ သို့အတွက် အဆိုပါ ငွေကြေးခဝါချမှုများကို တိုက်ဖျက်ဖို့လိုပါသည်။ အကယ်၍သာ ဆင်းရဲနိုင်ငံတစ်ခုမှ အရာရှိတစ်ယောက်အနေနှင့် သူ့အတွက် လိုအပ်သော အရှောင်အတိမ်း အလုပ် များကို ကူညီဖြေရှင်းပေးရန်၊ သူရရှိသောခိုးရာပါ ပစ္စည်းဝေစုကို နိုင်ငံခြားဘဏ် စာရင်းတစ်ခုတွင် တိုးတိုးတိတ်တိတ် အပ်နှံနိုင်ရန် ကမ္ဘာ့ထိပ်တန်း အဆင့် နိုင်ငံစုံကော်ပို ရေးရှင်းကြီးများ၏ ရုံးဌာနနှင့် ကျွမ်းကျင်မှု ပညာခန်းကို ရယူ အားပြုနိုင်မည် ဆိုလျှင် လာဘ်ပေးလာဘ် ယူမှုမှာ ပို၍ဆွဲဆောင်အားကောင်းလာပါလိမ့်မည်။ ပို၍အမြတ်အစွန်း ရနိုင်သလို ပို၍လည်းလုံခြုံ စိတ်ချရပါလိမ့်မည်။

ဤသို့သောကမ္ဘာတစ်ဝန်း ငွေကြေးခဝါချကြသည့် မရိုးမဖြောင့် နည်းလမ်းများမှာ ရှေ့တန်းရောက် နိုင်ငံတကာ ဘဏ်ကြီးများကိုပင်၊ အရှုပ်တော်ပုံများထဲ ပါဝင်စေခဲ့သည်။ အမှန်စင်စစ် အဆိုပါဘဏ်ကြီးများသည်လည်း အပြစ်ကင်းလှသည် တော့မဟုတ်ပါ။ ပြောရလျှင် ငွေကြေးခဝါချ လုပ်ငန်း၏ အတိုင်းအတာပမာဏမှာ အလွန်ကြီး
သည်။ ၁၉၉၈ ခုနှစ်ကပြောကြားခဲ့သော ထိုစဉ်က IMF ဦးဆောင်ညွှန်ကြားရေးမှူး Mr Michel Camdessus ၏ မိန့်ခွန်းတစ်ခုတွင် သူက ''ယခုလော လောဆယ် ငွေကြေးခဝါချမှုပမာဏနှင့်ပတ်သက်သော ခန့်မှန်းချက်မှာ ထင်ထားသည်ထက်အများ ကြီးပိုသည်။

တစ်ကမ္ဘာလုံး GNP ၏ ၂% မှ ၅% အထိ ရှိသည်''ဟု ဆိုပါသည်။ ကမ္ဘာ့ဘဏ် ခန့်မှန်းချက်အရ ၁၉၉၇ ခုနှစ် ကမ္ဘာ့ GNP မှာ ဒေါ်လာ ၂၉,၉၂၆ ဘီလီယံ ရှိသည်။ ဤငွေပမာဏ ၏ ၂% မှ ၅% အထိ ဆိုလျှင် အကြမ်းအားဖြင့်
ဒေါ်လာ ၆ဝဝ ဘီလီယံ မှ ဒေါ်လာ ၁၅ဝဝ ဘီလီယံဝန်းကျင် ရှိပါလိမ့်မည်။

ဤနှစ်အတွက် ဝင်ငွေနိမ့်နိုင်ငံများ၏ စုစုပေါင်ွးဏြ မှ ဒေါ်လာ ၇၂၂ ဘီလီယံမျှသာ ရှိလိမ့်မည်ဟု ခန့်မှန်းရသည်။ ဤကိန်းဂဏန်းများက ဘာကိုဖော်ပြနေသနည်း ဆိုလျှင် ''ဆင်းရဲနိုင်ငံများမှ အရာရှိများရသည့်ဝေစုမှာ ကမ္ဘာလုံး အတိုင်းအတာ ငွေကြေးခဝါချမှုများ တွင်ပါဝင်သော အလွန်ကြီးမားသည့်ငွေပမာဏ၏ အလွန်သေးငယ်လှသော ရာခိုင်နှုန်းမျှသာရှိသည်'' ဆိုသောအချက် ဖြစ်ပါသည်။ ကမ္ဘာ့ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေး ကိစ္စများ မှာလိုပင် နိုင်ငံတကာငွေကြေးခဝါချလုပ်ငန်းတွင်လည်း ဖွံ့ဖြိုးပြီးနိုင်ငံများသည်သာ ခဝါချပေးသူရော၊ ခဝါချလို သူတွေအတွက်ပါ အကောင်းဆုံးဖောက်သည်များ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

သို့အတွက်ကြောင့်ပင် ဤနိုင်ငံကြီးများတွင် ငွေကြေးခဝါချမှု ဆိုင်ရာ စုံစမ်းထောက်လှမ်းမှုများကို အားဖြည့်နိုင်ရန်
နှင့် ငွေကြေးခဝါချမှုနယ်ပယ်ကို ကန့်သတ်နိုင်ရေးအတွက် ဘဏ္ဍာရေးအဖွဲ့အစည်းများအပေါ် ပိုမိုတိုးတက်
ကောင်းမွန် စွာ ကြီးကြပ်နိုင်ဖို့ ထိန်းချုပ်ရေးအစီအမံသစ်များ တီထွင်မှုရှိရှိ ဆောင်ရွက်နေကြခြင်း ဖြစ်ပါလိမ့်မည်။ သို့ဖြစ်လင့်ကစား အကောင်းဆုံး တီထွင်ထားပါသည် ဆိုသော ထိန်းချုပ်ရေး အစီအစဉ်များထက် အဂတိ လိုက်စား
မှု ကသာ အမြဲတမ်းလိုနှာတစ်ဖျားသာနေဆဲ ဖြစ်ပါသည်။ သို့နှင့်အမျှ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးမှာလည်း
တောင်ကုန်းထိပ်တပ်စွဲထားသောရန်သူကို တက်တိုက်ရ သလို ခက်ခဲနေအုံးမည်သာ ဖြစ်ပါသည်။

၃၉။ စတုတ္ထ(နောက်ဆုံး)အပိုင်း။ ။ ကမ္ဘာလုံးအတိုင်းအတာ အဂတိလိုက်စားမှုကို တိုက်ဖျက် နိုင်ရန် ကုန်သွယ်ရေးနှင့် အစိုးရဝယ်ယူမှုများကို တိုက်ရိုက်စီမံဆောင်ရွက်ဖို့ လိုပါလိမ့်မည်။ ''ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့'' (WTO) ကိုယ်တိုင်က ဤပြဿနာကို ပိုအာရုံပြုလာဟန် ရှိသည်။ ''အဂတိလိုက် စားမှုမှာ တရားမျှတမှုမရှိ၊ ကစားကွက်တွင် ပါဝင်သူများအတွက် မြေညီကွင်းကို ဖန်တီးမပေး'' စသဖြင့် ကြည့်မြင်လာသည်။ OECD ၏ လာဘ်ပေးလာဘ်ယူကို တိုက်ဖျက်ရေးကွန်ဗင်းရှင်း အသက်ဝင်လာပြီး အစိုးရကိုယ်တိုင်က အခြားနိုင်ငံများတွင် လာဘ်ပေးမှုပြုနေကြသောကုမ္ပဏီများကို အပြစ်ပေးမည့်ပေါ်လစီများ တရားဝင်ချမှတ်ကျင့်သုံးလာကြလျှင် WTO အနေနှင့် ဤပြဿနာကို ထိထိရောက်ရောက် ကိုင်တွယ်လိမ့်မည်ဟု မျှော်လင့်ရပါသည်။

အပိုင်း (၅)

စီးပွားရေးအကျိုးဆက်များ

(က) အကြီးစားအဂတိလိုက်စားမှု

၎ဝ။ အဂတိလိုက်စားမှု၏ အကျိုးဆက်များကို စဉ်းစားသည့် အခါတိုင်း အကြီးစား အဂတိ လိုက်စားမှုများ၏ ဆိုးကျိုးများမှာ ရှေ့တန်းတွင်ရှိနေကြောင်း တွေ့ရှိရပါသည်။ အာဏာရှင်အချို့နှင့် အပေါင်း အပါများက ပြည်သူ့ ဘဏ္ဍာများကို အလွဲသုံးစားလုပ်ကြခြင်း၊ စီမံခန့်ခွဲမှုလွဲချော်ခြင်း၊ ဖြုန်းတီးခြင်း၊ မျှတမှုမရှိခြင်းနှင့် လူမှုအနိဌာရုံများ
မှာ အကြီးစား အဂတိလိုက်စားမှုနှင့် ဆက်စပ် ဖြစ်ပေါ်နေသော ဆိုးကျိုးများ ဖြစ်ပါသည်။ အကျင့်ပျက် အရာရှိကြီး များက ငွေကြေးနှင့် အဖိုးတန်ရတနာတို့ကို လျှို့ဝှက် ထားကြခြင်း၊ ဒေါ်လာငွေသန်းချီသုံးပြီး နိုင်ငံခြားတွင် အိမ်ခြံ
မြေများ ဝယ်ကြခြင်း၊ နိုင်ငံခြားဘဏ် စာရင်းဖွင့်စုဆောင်းကြခြင်းစသည်များမှာ လူပြောများသည့် ဇာတ်လမ်းတွေ
ဖြစ်ပါသည်။


ဤသို့သော အတိုင်းအတာ ကြီးကြီးဖြင့် ကျူးလွန်ကြသော မသမာမှုများ အနေနှင့် အမြဲတစေလို နိုင်ငံခြားငွေ
ရှားပါးမှုနှင့် ရင်ဆိုင်နေကြရသော ဆင်းရဲနိုင်ငံများ အတွက် အထူး ထိခိုက်နစ်နာစေသည်ကို အလွယ်တကူ သိမြင်နိုင်ကြသည်ဖြစ်၍ အကျယ်ချဲ့ မဖော်ပြတော့ပါ။ သို့နှင့်တိုင် အဂတိ လိုက်စားမှုသည် အကြီးစား အဆင့်
ရှိမှသာ ဆိုးရွားသော ထိခိုက်ပျက်စီးမှုများကို ဖြစ်ပေါ်စေသည်တော့ မဟုတ်ပါ။ ဆင်းရဲနိုင်ငံများအပေါ် ထိခိုက်
စေသည့် အခြားသောဆိုးကျိုးများလည်း ရှိပါသည်။ ဤအကြောင်း များကို အောက်တွင်ဖော်ပြသွားပါမည်။

(ခ) မြေအောက်စီးပွားရေးကြီးမားလာခြင်း

၄၁။ မြေအောက်စီးပွားရေးမှာ နိုင်ငံတိုင်းတွင် ရှိပါသည်။ ယင်းသည် ပုံစံ(၂)မျိုး အသွင်ဆောင်ပါ သည်။ ပထမအ မျိုးအစားမှာ မူးယစ်ဆေးဝါးအရောင်းအဝယ် (သို့မဟုတ်) မှောင်ခိုစီးပွားရေးစသည့် တရားမဝင် လုပ်ငန်းများ ဖြစ်ပါ သည်။ ဒုတိယအမျိုးအစားမှာ တရားဝင်လုပ်ငန်းဖြစ်သော်လည်း အခွန်ရှောင်လိုသောကြောင့် သော်လည်းကောင်း၊ အခြားအကြောင်းများကြောင့် သော်လည်းကောင်း၊ တရားဝင်မှတ်တမ်းတင်မထားသည့် အလုပ်မျိုးဖြစ်သည်။ အဂတိလိုက်စားမှုက ဤနှစ်မျိုးလုံးကိုဖြစ် ပေါ်စေရုံသာမက၊ ယင်းတို့ကို အားကောင်းလာစေရေးအတွက်လည်း တိုက်ရိုက်ဖြည့်ဆည်းပေးနိုင်စွမ်း ရှိပါသည်။

၄၂။ ထိုသို့ အဂတိ လိုက်စားမှုကြောင့် ကျယ်ပြန့်လာသော မြေအောက် စီးပွားရေး လုပ်ဆောင်မှုများမှ ဆိုးကျိုး အများအပြား ပေါ်ပေါက်လာနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် စီးပွားရေးအစိတ်အပိုင်း အများစု မြေအောက်
ရောက်သွားလျှင် တရားဝင် ထုတ်ပြန်ထားသည့် စီးပွားရေး အချက်အလက်များမှာ မှန်ကန်တော့မည် မဟုတ်ပါ။ ဥပမာအနေနှင့် တရားဝင် ထုတ်ပြန်ထားသော နိုင်ငံခြားကုန်သွယ်မှု ဆိုင်ရာ စာရင်းဇယားများကို ကြည့်နိုင်ပါသည်။ ဤစာရင်းဇယားများမှာ ပို့ကုန် သွင်းကုန်တို့၏ အစစ် အမှန်ပမာဏကိုရော၊ တန်ဖိုးကိုပါ ထင်ဟပ်ဖော်ပြနိုင်စွမ်း မရှိကြပါ။

ရှင်သန် အားကောင်းနေသော မှောင်ခိုကုန်သွယ်ရေးကြောင့် ကုန်စည်နှင့်ဝန်ဆောင်မှုအတော်များများတို့သည် တရားဝင်ကောက်ယူထားသောစာရင်းများတွင် မပါတော့ပါ။ အလားတူ တရားဝင်ထုတ်ပြန်ကြေငြာ ထားသော
ငွေလဲလှယ်နှုန်း (official exchange rate) ဆိုလျှင်လည်း မှန်ကန်သည့် လဲလှယ်နှုန်းဟု သတ်မှတ်ရန် ခက်ခဲပါ သည်။ နိုင်ငံခြားငွေအရောင်းအဝယ်လုပ်ငန်းအများစုမှာ အပြိုင်ဈေးကွက်တွင် သာ တရားမဝင်လဲလှယ်နှုန်းဖြင့် အလုပ်ဖြစ်နေကြသည်က များပါသည်။ ထို့ပြင် ''စားသုံးသူဈေးနှုန်း ညွှန်ကိန်း'' CPI အပေါ်အခြေခံသည့် ''ငွေဖောင်းပွမှုနှုန်း''မှာလည်း သံသယဖြစ် ဖွယ်ရှိလာပါသည်။ CPI တွက်ချက်ရာတွင် အသုံးပြုသော ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ ''စားသုံးသူခြင်းတောင်း'' မှာ စားသုံးသူများ တရားမဝင်ဈေးကွက်တွင် မတန်တဆဈေးနှုန်းများဖြင့် ဝယ်ယူနေကြရသောပစ္စည်း အမျိုးအမည်များကို လုံလောက်စွာပါဝင်ခြင်းမရှိသောကြောင့် ဖြစ်ပါသည်။

ဤအတိုင်းပင် တရားဝင် ဘဏ်လုပ်ငန်းရှင်များအတွက် တရားဝင်သတ်မှတ်ထားသည့်အတိုးနှုန်းမှာလည်း အမှန်တကယ်ကုန်ကျ သောအရင်းစရိတ်ကို မထင်ဟပ်နိုင် ဖြစ်လာပါသည်။ အခြားသောသော့ချက်ကျသည့် မက်ခရိုစီးပွား ရေးညွှန်ကိန်းများနှင့် ပတ်သက်လျှင်လည်း အလားတူပြဿနာများ ပေါ်ထွက်လာပါသည်။ ဤသို့ သောအခြေအနေများတွင် သင့်တင့်လျောက်ပတ်သော စီးပွားရေးစာရင်းအင်းများပြုစုရန်နှင့် မက်ခရို စီးပွားရေးစီမံခန့်ခွဲမှုတို့မှာ ခက်ခဲလာသည်။

ယုံကြည်စိတ်ချရသောအချက်အလက်၊ ပွင့်လင်းမြင်သာ သောပေါ်လစီနှင့် သင့်တင့်လျောက်ပတ်သော မက်ခရို စီးပွားရေးစီမံခန့်ခွဲမှုတို့ မရှိသည့်အနေအထား တွင် စီးပွားရေးဖွံ့ဖြိုးမှု၊ ခေတ်မီရေးနှင့် ဈေးကွက်စီးပွားရေး စနစ်
တစ်ရပ်ပေါ်ထွက်ဖို့သည် လွယ်ကူ မည်မဟုတ်ပါ။

(ဂ) ဝင်ငွေခွဲဝေမှု

၄၃။ အဂတိလိုက်စားသည့်စနစ်အောက်တွင် အခွင့်ထူးခံများနှင့် အဆက်အသွယ်ကောင်းသူများသာ အထူး
စီးပွားရေး အကျိုးအမြတ်ကို ခံစားရကြပါသည်။ အထူးစီးပွားရေးအကျိုးအမြတ်ဆိုသည်မှာ သာမန်ထက်လွန်ကဲ
သော လက်ဝါကြီးအုပ်အမြတ်အစွန်းဖြစ်သောကြောင့် ခံစားခွင့်ရှိသူများအနေဖြင့် အကြီးအကျယ်အကျိုးအမြတ် ရရှိကြပါသည်။ ဤအခြေအနေတွင် ဓနမှာ လက်တစ်ဆုပ်စာ လူတစ်စု လက်ထဲတွင် စုပြုံလာသည့် တူရူချက်
တစ်ခု ထွက်ပေါ်လာပါသည်။

သို့နှင့်အမျှ ဝင်ငွေခွဲဝေမှု (income distribution) မှာလည်း အလွန်အမင်းမမျှမတ ဖြစ်လာနိုင်ပါသည်။ ထိုထက် ဆင်းရဲသား များမှာ မိမိတို့သားသမီးများကို ကျောင်းကောင်းကောင်းထားနိုင်ရန်၊ သင့်တင့်သော ကျန်းမာရေး
စောင့်ရှောက်မှု ရရှိရန်၊ ရေ၊ မီး၊ မိလ္လာစနစ်၊ အမှိုက်စွန့်ပစ်ရေးစနစ်တို့လို အစိုးရက အထောက်အပံ့ပြုသည့် ဝန်ဆောင်မှုများ လုံလုံလောက်လောက်ရနိုင်ရန် လိုအပ်သောလာဘ်လာဘများ ပေးနိုင်ကြသည် မဟုတ်ပါ။
ထို့ကြောင့် အဂတိလိုက်စားမှုဒဏ်ကို အများဆုံးခံကြရသူများမှာ သူတို့တတွေသာ ဖြစ်နေ ပါသည်။

ဥပမာ လာဘ်ပေးပြီး တရားမဝင် ဆက်သွယ်သည့် ရေလိုင်းမှ လူကုံထံများ အပန်းဖြေ အနားယူရာ ဂေါက်ကွင်းရှိ
့မြက်ခင်းတွေ ထာဝရစိမ်းနေရန် တနေကုန် ရေဖြန်းပေးနေစဉ် လမ်းတစ်ဖက်တွင် နေထိုင်ကြသော ကျေးရွာသား
များမှာကား မိသားစု သောက်သုံးရေပင် လုံလုံလောက်လောက် မရရှိကြ ပါ။ ထိုနည်းတူစွာ ညတွင်လည်း လာဘ်
ပေးပြီး တရားမဝင် မီးလိုင်းများကြောင့် ထိန်ထိန်လင်းနေစဉ် အနီးအနား ကျေးရွာမှ ကလေးငယ်များမှာ အစိုးရ၏ စွမ်းအင်ချွေတာရေး အစီအစဉ်အရ ဖယောင်းတိုင် မီးဖြင့် စာကျက်နေကြရပါသည်။

(ဃ) စားသုံးမှုပုံစံ

၄၄။ ဝင်ငွေခွဲဝေမှုမမျှတခြင်းမှ ပုံပျက်စားသုံးမှုပုံသဏ္ဍာန်များ ပေါ်ပေါက်လာတတ်ပါသည်။ ယင်း တို့မှာ အလွန် ချမ်းသာကြွယ်ဝသော ခေတ်ပျက် သူဋ္ဌေးများ၏ ''ဘဝဟန်ပန်''ကို ဖြည့်ဆည်းရန် ရည်ရွယ်သည့် စားသုံးမှု ပုံသဏ္ဍာန်
ဖြစ်ပါသည်။ ဤပုံစံတွင် နိုင်ငံခြားမှ တင်သွင်းရသော ဇိမ်ခံပစ္စည်း မျိုးစုံ ပါဝင်ပါသည်။ နောက်ဆုံးပေါ် အဆင့်မြင့်
မော်တော်ကား၊ ပရိဘောဂ၊ အိမ်သုံးပစ္စည်း၊ ဖက်ရှင် အဝတ်အထည်၊ အဖိုးတန် ရေမွှေးနံ့သာ၊ စားသောက်ဖွယ်ရာ အမျိုးစုံ၊ အကောင်းစားဝိုင်နှင့်အရက် စသည်တို့ ပါဝင်ပါသည်။

ယင်းတို့မှာ အာရှစီးပွားရေးစန်းပွင့်ချိန်ကာလက ချမ်းသာကြွယ်ဝသော အာရှမြို့တော်ကြီးများရှိ စူပါမားကတ်နှင့် ဒီပတ်တမင့်စတိုးများတွင်သာ တွေ့နိုင်သောပစ္စည်းများ ဖြစ် ပါသည်။ ဤပစ္စည်းအများစုမှာ မြို့ပြရော၊ ကျေးလက် တွင်ပါ နေထိုင်ကြသည့် သာမန်အရပ်သားများ လက်လှမ်းမမီနိုင်ပါ။ တတ်နိုင်ကြောင်းကြွားဝါရန် သုံးဖြုန်းပြသည့် အနေဖြင့် အဖိုးတန် မော်တော်ကား ကြီးများကို ဖုန်တထောင်းထောင်းထနေသော လမ်းတွေပေါ် လှည့်ပတ် မောင်း
နေကြခြင်းနှင့် ဆင်းရဲ နွမ်းပါးလှသော ပတ်ဝန်းကျင်မှ ထိုးထွက်လာနေကြသော ဇိမ်ခံမိုး မျှော်တိုက်ကြီးများ တို့ သည်လည်း ချမ်းသာကြွယ်ဝမှုကို ကျယ်ကျယ်ပြန့်ပြန့် မမျှဝေနိုင်သေးကြောင်း၏ သာဓကများပင် ဖြစ်ပါသည်။

(င) ရင်းနှီးမြှုပ်နှံမှုအပေါ်အကျိုးသက်ရောက်ပုံ

၄၅။ ပြည်တွင်းပြည်ပ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများအပေါ် အဂတိလိုက်စားမှု၏ ဆိုးရွားသောသက် ရောက်မှုများမှာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အထူးထိခိုက်နစ်နာစေသည်ဟု ယူဆရပါသည်။ ရင်းနှီး မြှုပ်နှံမှုမစတင်မီ ညှိနှိုင်းဆွေးနွေး သည့်အဆင့်မှာပင် လာဘ်များ ကြိုပေးထားနှင့်ရပါသည်။ လုပ်ငန်း ထူထောင်ဖို့ စတင်ပြီဆိုသည်နှင့် ပို၍များပြား
သော လာဘ်ငွေများ ပေးရပြန်သည်။

မြေနေရာနှင့် အဆောက်အအုံတို့ ငှားရမ်းရယူနိုင်ရန် ကြိုးစားရခြင်း၊ ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှု၊ သိုလှောင်မှု၊
ဈေးကွက်တင်ရောင်းချမှု၊ ဖြန့်ချီမှု၊ တင်သွင်းမှု၊ တင်ပို့မှုများလုပ်နိုင်ရန်စသည်တို့အတွက် ခွင့်ပြုချက် တောင်းခံ ရပါသည်။ ရေ၊ မီး၊ လျှပ်စစ်ဓါတ်အားနှင့် တယ်လီဖုန်းအဆက်အသွယ်များ ရရှိစေရန် တို့ကိုလည်း လျှောက်ထား ရပါသည်။

ထို့အပြင် တဲလက်(စ)၊ ဖက်(စ)နှင့် အီးမေး(လ) စသည်များ အသုံးပြုနိုင်ရန် ဆောင်ရွက်ရပါသည်။ အဆိုပါလုပ်ငန်း အဆင့်တိုင်းတွင်လည်း မနည်းလှသောလာဘ် လာဘများ ပေးရပြန်သည်။ ထိုလုပ်ငန်းစဉ်များနှင့်ပတ်သက်သော စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံး လုပ်နည်းများမှာ ရှုပ်ထွေးလှသည်ဖြစ်ရာ၊ ၎င်းတို့ကို အဆင်ပြေပြေ ဖြတ်ကျော်
နိုင်ရန် လုပ်ငန်းကျွမ်း ကျင်သည့် ပွဲစားများ၏ ဝန်ဆောင်မှုကို လိုအပ်ပါသည်။ အဆိုပါ ပွဲစားများမှာ ပြဿနာ ဖြေရှင်း
ရန် အကူအညီ ပေးရမည့်အစား ပြဿနာတွေကို ပိုရှုပ်ထွေးအောင် ဆောင်ရွက်တတ်ပါသည်။ သူတို့ကိုပေး ရသော ဝန်ဆောင်ခမှာ နည်းလှသည် မဟုတ်ပါ။


သို့နှင့်အမျှ စီးပွားရေးလုပ်ကြရာတွင် မလွဲမရှောင် သာကြုံတွေ့နေရသည့် ကုန်ကျစရိတ်နှင့် ရှုပ်ထွေးမှုများကို ထိုပွဲစားများက ''ဗူးလေးရာ ဖရုံဆင့်'' စေသလို ဖြစ်နေရတတ်ပါသည်။ ဆက်လက်၍ လုပ်ငန်းအခြေတည်ပြီး စတင်လည်ပတ်သည်ဆို သည်နှင့် အကျင့်ပျက်အရာရှိကြီးများက အသင့်စောင့်နေပြန်သည်။ ထိုမျှမက အဆိုပါအရာရှိဆိုးများ နှင့် ဆက်ဆံရေးမပျက်ပြားစေရန် မိမိလုပ်ငန်း အဆင်ပြေပြေရှေ့ဆက်နိုင်ရန် စီးပွားရေး
လုပ်ငန်း ရှင်များမှာ ကိုယ့်အလုပ်နှင့်ဘာမှမဆိုင်သော အလှူငွေအမျိုးမျိုး ထည့်ဝင်ကြရပါသေးသည်။

၄၆။ လာဘ်ပေးရသည်မှာ လုပ်ငန်းခွန်ဆောင်ရသလိုမျိုး ဖြစ်ပါသည်။ လာဘ်ပေးလာဘ်ယူ အလုပ်ဆိုသည်မှာ ခိုးကြောင်ခိုးဝှက်လုပ်ကြရသည်ဖြစ်ရာ လာဘ်ပေးသူများအနေနှင့် လာဘ်ယူသူများ ဘက်မှ ကြိုတင် ညှိနှိုင်းထား
သည့် အတိုင်း သေချာပေါက်ဆောင်ရွက်ပေးလိမ့်မည်ဟု အခါခပ်သိမ်း မျှော်လင့်နိုင်သည် မဟုတ်ပါ။ လာဘ်သည် ဆင်းရဲသူကိုပိုကောက်ပြီး၊ ချမ်းသာသူကိုလျော့ကောက် သည့် ''နှုန်းလျော့ခွန်'' လိုမျိုးလည်း ဖြစ်ပါသည်။

လာဘ်ပေးလာဘ်ယူမူ၏ ဝန်ထုပ်ဝန်ပိုးမှာ ပုံမှန် အားဖြင့် နိုင်ငံရေးအရ ဆက်သွယ်ပံ့ပိုးမှု မရနိုင်သော ကုန်သွယ်
ရေးနှင့် ဝန်ဆောင်မှု ကဏ္ဍမှ လုပ်ငန်းရှင် လေးများအပေါ်တွင်သာ ပို၍လေးလေးလံလံ ကျရောက်တတ်ပါသည်။ သို့နှင့်အမျှ အဂတိ လိုက်စားမှု မှာ ရင်းနှီးမြှုပ်နှံမှု၏ ကနဦး ကုန်ကျစရိတ်များကို မြင့်မားစေရုံမျှမက၊ စွန့်စားမှုနှင့် မကင်းသော စီးပွား ရေးလုပ်ငန်းများ၏ မရေရာမသေချာမှုအန္တရာယ်ကိုလည်း အလွန်မြင့်တက်စေပါသည်။ ဤအချက်က ရင်းနှီးမြှုပ်နှံဖို့မက်လုံးကို သိသိသာသာကျဆင်းစေနိုင်ပါသည်။

၄၇။ အစွမ်းအစရှိသော ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ စွန့်ဦး တီထွင်သူများနှင့် စက်မှု လုပ်ငန်းရှင်များမှာ ဆင်းရဲသော နိုင်ငံတစ်ခုအတွက် ရှားပါး အဖိုးတန်သော အရင်းအမြစ် ဖြစ်ပါသည်။ သူတို့
တစ်တွေ၏ အစွမ်းအစများကို အထူးစီးပွားရေးအကျိုးအမြတ် ရှာဖွေသည့်အလုပ် များတွင် အချည်းအနှီး မဖြစ်စေ သင့်ပါ။ အကျိုးများစေမည့်လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်စေဖို့ လိုပါသည်။ ဤသို့ အကျိုးများစေမည့် လုပ်ငန်းများတွင် သူတို့တွေ ရင်းနှီးမြှုပ်နှံမှု ပါဝင်လာစေရန် နိုင်ငံရေးတည်ငြိမ်မှုသာမက၊ စီးပွားရေးတည်ငြိမ်မှုပါ ရှိဖို့လိုပါသည်။

ထိုမျှမက ကြိုတင်ခန့်မှန်း တွက်ဆနိုင်သောအစီအမံတစ်ရပ် ရှိဖို့လိုသလို အစိုးရဘက်မှာလည်း ရိုးသားဖို့လိုသည်။ စစ်တမ်း ကောက်ယူလေ့လာချက်များအရ စီးပွားရေးလုပ်ငန်းရှင်များအတွက် အစိုးရအရာရှိကြီးများ၊ ဗျူရို ကရက်
များနှင့် တွေ့ဆုံခွင့်ရရန် စောင့်ဆိုင်းရသည့်အချိန်၊ သူတို့နှင့်ဆွေးနွေးညှိနှိုင်းရသည့်အချိန်တို့မှာ အဂတိ လိုက်စားမှု နည်းသောနိုင်ငံများမှာထက် များသောနိုင်ငံများတွင် ပိုအချိန်ဖြုန်းရသည့် ဝန်စလယ် ကြီးတစ်ခုဖြစ်တတ်သည်ဟု ဆိုပါသည်။

၄၈။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု Foreign Direct Investment (FDI) အနေနှင့် ဖွံ့ဖြိုးဆဲနိုင်ငံ များအတွက် အကျိုးကျေးဇူးများစွာ ဆောင်ကြဉ်းပေးနိုင်သည်ကို သိကြပြီးဖြစ်ပါသည်။ ဆင်းရဲနိုင်ငံ အတွက် အထူးလိုအပ်သော အရင်းအနှီးအရင်းအမြစ်များကို FDI က ကူညီတိုးပွားပေးစေပါသည်။ ပို၍အရေးကြီးသည်မှာ တိုင်းပြည်၏
နိုင်ငံတကာယှဉ်ပြိုင်စွမ်းရည်ကို တိုးတက်မြင့်မားစေသောနည်း ပညာ၊ ကျွမ်းကျင်ပိုင်နိုင်မှုနှင့် စီမံခန့်ခွဲမှု၊ ရောင်းဝယ်
ဖောက်ကားမှုစသည့် ကျွမ်းကျင်မှုများကိုပါ ဆောင်ကြဉ်းပေးနိုင်သည့်အချက်ပင် ဖြစ်ပါသည်။

တစ်ပြိုင်နက်တည်းမှာပင် နိုင်ငံခြားဈေးကွက်ရရှိ ရေးနှင့် ဆက်သွယ်မှုများကိုလည်း အကျိုးပြုစေပါသည်။
ထို့ကြောင့် စီးပွားရေးအသိုင်းအဝိုင်း၏ အမြင်ကိုပါ ကျယ်ပြန့်စေပါသည်။ ထိုမျှမက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု
အနေနှင့် အလုပ် အကိုင်အခွင့် အလမ်းများကို မြင့်မားစေနိုင်ပြီး အလုပ်သမားများ၏ ကျွမ်းကျင်မှုကိုလည်း
မြှင့်တင်ပေးနိုင်ပါသည်။ ပြည်တွင်း ဈေးကွက်အတွက် အသုံးဝင်သည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ၊ ခေတ်မီ အခြေခံအဆောက်အအုံ ဆိုင်ရာ အထောက်အကူများ၊ စိတ်ချရသောစွမ်းအင်ထုတ်လုပ်မှုများနှင့် ဖြန့်ဖြူးရေး
စနစ်များ တည်ဆောက်ရာတွင်လည်း FDI မှာ အရေးကြီးသောအခန်းမှာ ပါဝင်ပါသည်။

အဆင့်မြင့်နည်း ပညာသုံး ဆက်သွယ်ရေးကွန်ယက်များ တည်ထောင်ရာတွင်သော်လည်းကောင်း၊ ပြည်ပနိုင်ငံ
များနှင့် ထိရောက်သောသယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ဖော်ထုတ်ရာတွင်သော်လည်းကောင်း FDI က ကူညီဖြည့်ဆည်းပေးနိုင်ပါသည်။ ထို့ထက် ခေတ်မီဖွံ့ဖြိုးသည့်နိုင်ငံဖြစ်လာစေရေးတွင် အလွန်အရေး ကြီးသော အရင်းအနှီးဈေးကွက် (capital market) နှင့် စီးပွားရေးဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုများ ဖွံ့ဖြိုးရေးကိုလည်း ကူညီပံ့ပိုးပါသည်။ အချုပ်ဆိုရလျှင် တိုင်းပြည်တစ်ပြည်ခေတ်မီပြီး ထုတ်လုပ်မှု အလားအလာ ဖွံ့ဖြိုးလာစေရေး
အတွက် ကူညီအားဖြည့်ရာတွင် FDI မှာ အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ပါလိမ့်မည်။

၄၉။ အထက်ပါအကျိုးကျေးဇူးများကိုရရှိရန် သက်ဆိုင်ရာတိုင်းပြည်အနေနှင့် FDI ပြန့်ပွားရှင်သန် နိုင်သော ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးပေးဖို့လိုပါလိမ့်မည်။ ပေါ်လစီမူဝါဒများမှာ ရှင်းရှင်းလင်း လင်းမရှိဘဲ ရှေ့နောက်
မညီ၊ ခိုင်မာသောစီးပွားရေးဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် စိတ်ချယုံကြည် ရသောသတင်းအချက်အလက်များ ရဖို့ခက်ခဲ၊ အစိုးရ၏ စီးပွားရေးလုပ်ဆောင်ချက်များနှင့် အစီအမံ များမှာ ကြိုတင်မှန်းဆဖို့လည်းမလွယ်လျှင် ဤသို့သောနိုင်ငံမျိုးသို့ FDI အလုံးအရင်းနှင့် ဝင်လာ လိမ့်မည်မဟုတ်ပါ။

ဤအခြေအနေမျိုးတွင် ရေရှည်ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ချက်များ ချမှတ်ဆောင် ရွက်ကြမည် မဟုတ်ပါ။ ဤအနေ အထားက ပြည်တွင်းသို့ဝင်လာသော နိုင်ငံခြားအရင်းအနှီး၏ အရေအတွက်ရော၊ အရည်အသွေးကိုပါ ထိခိုက်
စေနိုင်ပါသည်။ ဤသို့သော မရေရာမသေချာသည့် စီးပွားရေးပတ်ဝန်းကျင်မျိုးတွင်၊ နိုင်ငံခြားသားများ တာဝန်ယူ
ဆောင်ရွက်ချင်ကြမည့် ရင်းနှီးမြှုပ်နှံမှု ပုံစံမှာ တိုင်းပြည်၏သယံဇာတများကို ထုတ်ယူအသုံးချရန်နှင့် ဆူလွယ်နပ်
လွယ် လုပ်ငန်းများလောက် သာ ဖြစ်ပါလိမ့်မည်။ ဤလုပ်ငန်းများမှာ အခြားလုပ်ငန်းနယ်ပယ်များသို့ အကျိုးရှိရှိ ပျံ့နှံ့သွားနိုင် သည်မျိုးမဟုတ်၍ ''ဝင်ကစွပ်ရင်းနှီးမြှုပ်နှံမှု''ဟု ခေါ်ကြပါသည်။

ဤအတွက် ဥပမာကောင်းတစ်ခုမှာ ပြည်ပမှတင်သွင်းယူရသော အစိတ်အပိုင်းများကို ပြန်လည် တင်ပို့ရန် ပြည်တွင်း တွင် တပ်ဆင်ထုတ်ပိုး တံဆိပ်ကပ်ရုံသာလုပ်သော စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံကြခြင်း ဖြစ်ပါသည်။
ဤလုပ် ငန်းမျိုးမှာ ပြည်တွင်း ''တစ်ဆင့်တိုးတန်ဖိုး'' (value added) ကို အနည်းငယ်မျှသာ ဖြည့်ဆည်းပေး နိုင်ပါ
သည်။ ဆင်းရဲနိုင်ငံတစ်စု၏ စက်မှုထူထောင်ရေးကြိုးပမ်းမှုကို ကူညီဖြည့်ဆည်းပေးနိုင်လောက် သည့်ကျွမ်းကျင်မှုနှင့် နည်းပညာကိုလည်း မယ်မယ်ရရ ရနိုင်သည်မဟုတ်ပါ။

၅ဝ။ အခြေခံကျကျပြောရလျှင် အဂတိလိုက်စားမှုအနေနှင့် ဝင်ငွေနိမ့်နိုင်ငံတစ်ခုကို ပြည်တွင်း ပြည်ပ လက်ခံနိုင်
လောက်မည့် ကစားပွဲစည်းမျဉ်းစည်းကမ်းများ ချမှတ်ဆောင်ရွက်ဖို့မလွယ်အောင် အခက်အခဲများစွာ ဖန်တီးပေး သလိုရှိနေသည်ဟု ဆိုရပါလိမ့်မည်။ ရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေး လုပ်ဆောင်မှုတို့ကို စနစ်တကျနှင့် သင့်တင့်လျောက် ပတ်စွာ ဆောင်ရွက်နိုင်ရေးတွင် အဆိုပါစည်းမျဉ်း စည်းကမ်းများမှာ မလွဲမသွေရှိရမည့်လိုအပ်ချက်များ ဖြစ်သည်။ ဖွံ့ဖြိုးမှုနောက်အကျဆုံးနိုင်ငံများ ဆင်းရဲမွဲတေနေကြရသည့် အရေးကြီးသောအကြောင်းရင်းခံတစ်ခုမှာ အဆိုပါ အားနည်းချက်ကြောင့်ဟု ယုံကြည်ကြပါသည်။ ဤနိုင်ငံများထဲမှ အချို့ ယခုထက်တိုင် ဆင်းရဲတွင်းမှ မတက်နိုင်သေး သည်မှာလည်း ဤအကြောင်းကြောင့်ပင်ဖြစ်သည်ဟု ကောက်ချက်ချကြပါသည်။

(စ) အစိုးရဘတ်ဂျတ်အပေါ်သက်ရောက်ပုံ

၅၁။ အဂတိလိုက်စားမှု၏ မလိုလားအပ်သော အကျိုးဆက်များတွင် အစိုးရဘတ်ဂျတ်၏ အခွန် ဝင်ငွေကိုရော၊ အသုံးစရိတ်ကိုပါ ထိခိုက်စေခြင်းတို့ပါဝင်ပါသည်။ အခွန်ဝင်ငွေအပေါ် ထိခိုက်စေမှုကို ပိုထင်ရှားပြီး အသိများပါ
သည်။ အခွန်၊ အခနှင့် အကောက်တို့ လျော့ပါးသက်သာစေရန် လာဘ်ပေး ကြသည်မှာ နိုင်ငံတော်တော်များများ တွင် တွေ့ရှိနေရပါသည်။ သောက်သုံးရေ၊ လျှပ်စစ်ဓါတ်အားနှင့် တယ်လီဖုန်းအဆက်အသွယ်များကိုလည်း တရားဝင်ဝန်ဆောင်ခမပေးဘဲ လာဘ်ပေးပြီး၊ တရားမဝင် ရယူသုံးစွဲနေကြသည်များလည်း ရှိသည်။ ဤသို့သော လာဘ်ပေးလာဘ်ယူအပြုအမူများကြောင့် အစိုးရ၏ဝင်ငွေမှာ ထိခိုက်ကျဆင်းရပါသည်။ ထို့အပြင် လိမ်လည်မှု၊ အလွဲသုံးစားမှုများကလည်း ပြည်သူ့ဘဏ္ဍာငွေကို ကျဆင်းစေပါသည်။

၅၂။ အဂတိလိုက်စားမှုသည် အစိုးရဘတ်ဂျက်အသုံးစရိတ်ဖွဲ့စည်းပုံကို ထိခိုက်စေနိုင်ပါသည်။ ဤသို့ဖြစ်ရသည်မှာ အသုံးစရိတ်ပိုင်းနှင့်ဆက်စပ်နေသော အဂတိလိုက်စားမှုများမှ အကျိုးအမြတ်များ စွာရနိုင်သောကြောင့် ဖြစ်ပါသည်။ အထူးသဖြင့် ကုန်ကျစရိတ်ကများ၊ ရှင်းလင်းမြင်သာမှုလည်းမရှိ၊ ထို့အပြင် နိုင်ငံ၏လုံခြုံရေးစသော ဦးစားပေးပြီး သိုသိုသိပ်သိပ်ဆောင်ရွက်ရမည့် စီမံချက်မျိုးဆိုလျှင် အဂတိလိုက်စားသူများအတွက် အခွင့်အရေးကောင်း တစ်ရပ် ပင် ဖြစ်ပါသည်။

ထို့ကြောင့် ကုန်ကျ စရိတ်ခန့်မှန်းရန်ခက်ပြီး၊ ကြီးမားသည့်ပရောဂျက်တွေကို နိုင်ငံတော်ဘက်ဂျတ်တွင် ထည့်သွင်း
လို ကြခြင်း ဖြစ်ပါသည်။ ကျောင်းဆရာ/ဆရာမများကိုလခပေးရန်၊ ကျောင်းသုံးစာအုပ်များဝယ်ရန်၊ ကျေးလက် ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်များ ဆောင်ရွက်ရန်၊ ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်ရန် စသော လုပ်ငန်းများမှာ ငွေရပေါက်လမ်း များမည်မဟုတ်၍ စိတ်မဝင်စားကြပါ။

သို့နှင့် အမျှ အကျင့်ပျက်အစိုးရများမှာ ဘတ်ဂျက်အသုံးစရိတ်တွင် ပရောဂျက်ကြီးများကိုသာ အရေးပေးပြီး၊ ပညာရေးနှင့် ကျန်းမာရေး လုပ်ငန်းများအတွက်မူ အသုံးစရိတ် အနည်းငယ်သာ ခွဲဝေပေးလေ့ ရှိပါသည်။
ယင်းအစား စီးပွားရေးလုပ်ငန်းများတွင် ကြန့်ကြာစေတတ်သော အပိတ်အဆို့များကို ကျော်လွှားနိုင် ရေးနှင့် သာမန်လူထု၏ နိစ္စဓူဝဘဝများတွင် ကြုံတွေ့နေကြရသော အခက်အခဲများကို ကူညီဖြေရှင်း ပေးရေးတို့မှာ အထူးဦးစားပေးလုပ်ငန်းများ ဖြစ်ဖို့ကောင်းပါသည်။

(ဆ) လူမူရေးနစ်နာမှုများ

၅၃။ မည်သည့်လူ့အဖွဲအစည်းတွင်မဆို လူမှုရေးရည်မှန်းချက်များကို ဖြည့်ဆည်းနိုင်ရန်နှင့် ပြည်သူလူထု
အကျိုးကို ကာကွယ်စောင့်ရှောက်ရန် ကျင့်ထုံးများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာပြဋ္ဌာန်းချက်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ၊ ဘဏ်လုပ်ငန်းဆိုင်ရာထိန်းချုပ်ရေး အစီအစဉ်များလို ဥပဒေ စည်းမျဉ်း စည်းကမ်းများ ချမှတ်ထားရပါသည်။ ယင်းဥပဒေနှင့်စည်းမျဉ်းများ ကို မသမာသောနည်းလမ်းဖြင့် ချိုးဖောက်သော
အခါ ဆိုးရွားသည့် လူမှုရေးထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ ဤသို့သောသာဓကမျိုး အာရှနှင့် ပစိဖိတ်
ဒေသတစ်လွှားတွင် အတော်များများ တွေ့ရှိခဲ့ရပါသည်။

၅၄။ ဥပမာ- တရားမဝင် သစ်ခုတ်မှုများကြောင့် မြေဆီလွှာ တိုက်စားကုန်ရာမှ တစ်ရွာလုံး တောင်ကျရေတွင်
မျောပါသွားပြီး (သို့မဟုတ်) တောင်ပြိုမြေပိပြီး အသက်နှင့်အိုးအိမ်များစွာ ဆုံးရှုံးရသည့် အဖြစ်တွေ အမြောက်အမြား ရှိခဲ့ပါသည်။ အိမ်နီးချင်း နိုင်ငံအချို့မှာ ဆိုလျှင် အကျင့်ပျက် အရာရှိများ နှင့် ဆောက်လုပ်ရေး ကန်ထရိုက်တာများ အမြတ်များများ ရရှိရန်၊ အဆောက်အဦး ဆိုင်ရာ သတ်မှတ်ချက်များကို ချိုးဖောက်ကြခြင်းကြောင့် တိုက်ခန်းများ၊ ဒီပတ်တမင့်စတိုးများနှင့် ဟိုတယ်ကြီးများ ပြိုကျခဲ့သည်များနှင့် ကြုံတွေ့ခဲ့ရပါသည်။

ဝန်ပို တင်ဆောင်ထားသော ရေယာဉ်များ၊ ခရီးသည်တင် သဘောင်္များ ဆိုလျှင်လည်း ဒေသအနှံ့ မြစ်များ၊ ပင်လယ် များတွင် နစ်မြုပ်ကုန်ကျသည်။ သင့်တင့်လျောက် ပတ်သော မီးဘေးကာကွယ်မှုနှင့် လုံခြုံရေး အစီအမံများကို
စစ်ဆေး စိစစ်ဖို့ ပျက်ကွက်ရာမှ စူပါမားကတ်များ၊ ဟိုတယ်များနှင့် ဒစ်စကိုခန်းမများ မီးလောင်ပြီး၊ ပြည်သူလူထု အများအပြား အသက်ဆုံးရှုံးရသည့် သတင်းတွေလည်း အမြဲကြားနေရပါသည်။ ထိန်းသိမ်း ပြင်ဆင်မှု အားနည်း
သော မော်တော်ယာဉ်များကို လာဘ်ထိုးပြီး တရားဝင်မောင်းနှင်ကြရာမှ အဝေးပြေးလမ်းမပေါ် ယာဉ်တိုက် မှုတွေ မကြာခဏတွေ့နေရသည်။ ဘတ်(စ)ကားများဆိုလျှင်လည်း စက်ချို့ယွင်းကာ ချောက်ထဲ ထိုးကျခဲ့ကြပါသည်။ ဤသည်တို့မှာ နိုင်ငံတော်တော်များများတွင် တွေ့နေရသော အဂတိလိုက်စား ခြင်း၏ လူမှုရေးနှင့် ပတ်သက်သည့် ဆိုးကျိုးများ ဖြစ်ပါသည်။

၅၅။ ရေကာတာနှင့်တံတားပရောဂျက်တွေမှာလည်း အဂတိလိုက်စားမှုနှင့်ပတ်သက်၍ စိုးရိမ်မကင်း ဖြစ်ရမှုများ
နှင့် တွေ့ကြုံနေရပါသည်။ ဥပမာ-ဒေါ်လာဘီလီယံ ၇ဝ ကျော် ကုန်ကျလိမ့်မည်ဟု ခန့်မှန်းရသော ရေကာတာ ပရောဂျက်ကြီး တစ်ခုဆိုလျှင် အထူးစိုးရိမ်စရာ ပြဿနာကြီး ဖြစ်နေပါသည်။ လုပ်ငန်း စွမ်းဆောင်ရည် ညံ့ဖျင်းခြင်း၊ အဆင့်မမီ ကုန်ကြမ်းများ အသုံးပြုခြင်း၊ သင့်လျော်သော ဒီဇိုင်းနှင့် အင်ဂျင်နီယာ ဆိုင်ရာ သတ်မှတ်ချက်များကို အလေးမထားခြင်း စသည်တို့မှာ များသောအားဖြင့် အဂတိ လိုက်စားမှုနှင့် ဆက်စပ်နေပါသည်။ ဤအားနည်းချက် များ၏ အကျိုးဆက်ကြောင့် တံတားကျိုး၊ ဆည်ပြိုကျသည့်ပြဿနာများကြောင့် အသက်အိုးအိမ် အမြောက်အမြား ဆုံးရှုံးကြပါသည်။


၅၆။ ကြီးကြပ်ကွပ်ကဲမှု အားနည်းသော ဘဏ္ဍာရေးစနစ်မှ ပေါ်ထွက်လာသော ထင်သာ မြင်သာမရှိသည့် အရောင်းအဝယ်များ၊ ငွေရေးကြေးရေး ဈေးကစားကြသူများမှာလည်း ဆိုးရွားသော စီးပွားရေးနှင့် လူမှုရေး အကျိုးဆက်များ ပေါ်ထွက်လာနိုင်ပါသည်။ ဤသို့သော ဘဏ္ဍာရေးအကျပ်အတည်း မတည် ငြိမ်မှုများကြောင့် လူတော်တော်များများမှာ တစ်သက်တာ စုဆောင်းထားသည့်ငွေများ ဆုံးရှုံးကုန်ကြ သည်။ ထို့ကြောင့် အရှေ့ ဥရောပနိုင်ငံတော်တော်များများတွင် လမ်းပေါ်ဆန္ဒပြမှုတွေ၊ ပြည်တွင်းမငြိမ် သက်မှုတွေ ဖြစ်ပေါ်လာခဲ့ပါသည်။ ထို့အပြင် ပွင့်လင်းမြင်သာမှုချို့တဲ့ခြင်းနှင့် အဂတိလိုက်စားမှု ကြောင့် ၁၉၉၇-၁၉၉၈ ခုနှစ်တွင် အာရှနိုင်ငံများကို ဝင်မွှေသွားသော ဘဏ္ဍာရေးနှင့်မက်ခရိုစီးပွား ရေးအကျပ်အတည်း၏ အကြောင်းအရင်းခံများတွင် ပါဝင်နေပါသည်။

(ဇ) ဈေးနှုန်းထိန်းချုပ်မှု၊ အထောက်ပံ့ခံကုန်စည်နှင့် မှောင်ခိုဈေးကွက်များ

၅၇။ ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် ဈေးနှုန်းထိန်းချုပ်မှုများ လုပ်လေ့ရှိပါသည်။ အခြေခံကုန်စည်နှင့် ဝန်ဆောင်မှု
များကို အစိုးရက ထောက်ပံ့ကြေးပေး၍ ဈေးလျှော့ရောင်းလေ့ရှိကြပါသည်။ ဆန်လို အဓိက ရိက္ခာ ဆိုပါက ဖြစ်သင့်
ဖြစ်ထိုက်သည်ထက် ဈေးလျှော့သတ်မှတ်ကာ လယ်သမားများထံမှ ဝယ်ယူပါသည်။ အလားတူ ဓါတ်ဆီ၊ လျှပ်စစ် မီတာခ၊ အိမ်လခ၊ ယာဉ်စီးခနှင့် အခြားသော ဝန်ဆောင်မှုများဆိုလျှင်လည်း အစိုးရ အထောက်အပံ့ ဖြင့်ပင် ဈေး
လျှော့ သတ်မှတ်လေ့ ရှိပါသည်။

အဆိုပါ အထောက်အပံ့ခံကုန်စည်နှင့်ဝန်ဆောင်မှုများမှ အများဆုံးအကျိုးခံစားသူများမှာ မြို့နေ စားသုံးသူများ
ဖြစ်ပါသည်။ ဤသို့မြို့ပြကို အထူးအခွင့်အရေး ပေးထားကြသည်မှာလည်း နိုင်ငံရေး ရှုဒေါင့်မှ လိုအပ်ချက်ကို အလေးပေးဆောင်ရွက်သောကြောင့် ဖြစ်ပါသည်။ မြို့နေလူထု၊ အထူးသဖြင့် မြို့နေ ဆင်းရဲသားများမှာ နိုင်ငံရေး
နိုးကြားမှုရှိပြီး၊ ပိုမိုစည်းရုံးလှုပ်ရှားတတ်သည်။ တောနေဆင်းရဲသားများထက် မငြိမ်မသက်မှုများဖြစ်လာအောင် ပို၍ အလွယ်တကူလှုံ့ဆော်နိုင်စွမ်း ရှိပါသည်။ တိုင်းပြည်မငြိမ်သက်မှုများသည်လည်း အများအားဖြင့် မြို့ပြဒေသ ဆန္ဒပြမှုများမှ စတင် ပေါ်ပေါက်တတ်ပါသည်။

၅၈။ ဈေးနှုန်းရှိသင့်သည်ထက် လျှော့သတ်မှတ်ခြင်းမှာ အထောက်အပံ့ခံကုန်စည်များ (subsidized goods)
အတွက် ဝယ်အားက ရောင်းအားထက် ပိုများစေပါသည်။ သို့နှင့်အမျှ ရှားပါးမှုများ၊ ခွဲတမ်းချ ရောင်းချရသည်များ၊ အဂတိလိုက်စားမှုများနှင့် မှောင်ခိုဈေးကွက်များ ပေါ်ထွက်လာရပါတော့သည်။ ထိုမှတဆင့် မလိုလားအပ်သည့် အကျိုးဆက်များ အောက်ပါအတိုင်း ဖြစ်ပေါ်လာနိုင်ပါသည်။

၅၉။ ပထမအချက်မှာ အစိုးရဝင်ငွေလျော့ပါးနိုင်သည့် အလားအလာ ဖြစ်ပါသည်။ ဤသဘောကို မှန်းဆနိုင်ရန် ဥပမာဖြင့် ရှင်းပါမည်။ အစိုးရအရာရှိများလို၊ ကားပိုင်ရှင်များလို၊ အထောက်ပံ့ခံ ဓါတ်ဆီကို ဈေးချိုချို ရနေသူများ အနေနှင့် မှောင်ခိုဈေးကွက်တွင် ထုတ်ရောင်းလိုက်လျှင် တရားဝင် ဈေးထက် အဆများစွာပိုရသဖြင့် အမြတ်များစွာ ရပါသည်။

အကယ်၍သာ အစိုးရက ဓါတ်ဆီဈေးကို ငွေကြေးထောက်ပံ့မှုမပေးဘဲ ဈေးကွက်ပေါက်ဈေးဖြင့်ရောင်းလျှင် အဆိုပါ အမြတ်အစွန်းမှာ အစိုးရ၏ ဝင်ငွေ ဖြစ်လာပါလိမ့်မည်။ ဓါတ်ဆီကို သတ်မှတ်ဈေးဖြင့် ရောင်းချလိုက်ရသဖြင့် စွန့်လွှတ်လိုက်ရ သောဈေးကွက်ပေါက်ဈေး (တစ်နည်း) ''အခွင့်အလမ်းစရိတ်'' (opportunity cost) နစ်နာသွား
သည့် သဘော ဖြစ်ပါသည်။

၆ဝ။ ဒုတိယအချက်ကို ဆက်ပါမည်။ မြို့နေလူထု ဈေးနှုန်းချိုသာစွာ စားသုံးနိုင်ရန် ဆန်နှင့် အခြားလယ်ယာ
ထွက်ကုန်များကို လယ်သမားဆီမှ ဈေးနှိမ်ဝယ်ယူသည့်အဓိပ္ပါယ်မှာ မြို့နေလူထုကို လယ်သမားများက ထောက်ပံ့
နေရသည့် သဘောပင် ဖြစ်ပါသည်။ အလားတူ ဓါတ်ဆီနှင့် စွမ်းအင်ကို ဈေးနှိမ် သတ်မှတ်လိုက်ခြင်းကြောင့် အစိုးရ ဘတ်ဂျတ်လိုငွေကို ပိုတိုးစေရာ ရောက်သည်။ အဆိုပါ လိုငွေကို အထွေထွေ ဘတ်ဂျတ်မှ ကျခံရသည် ဖြစ်ရာ မြို့နေလူထု ဈေးချိုသောကုန်စည်နှင့်ဝန်ဆောင်မှု များရရှိစေရန် တစ်နိုင်ငံလုံး (အထူးသဖြင့်) ကျေးလက်လူထုက မျှခံနေရသည့် သဘော ဖြစ်ပါသည်။

၆၁။ တတိယအချက်။ ပြည်တွင်းပြည်ပမှ ထုတ်လုပ်တင်သွင်းရသည့် အခြားပစ္စည်းများ (ဥပမာ-ဓါတ်မြေသြဇာ)
ဈေးမြောက်နေချိန်တွင် ဆန်နှင့် လယ်ယာ ထွက်ကုန်များကို ဈေးနိမ့် သတ်မှတ်လိုက်ပါက လယ်သမားများအတွက် ထိခိုက်နစ်နာစေသော ''ကုန်သွယ်မှုဆနှုန်း'' (terms of trade) ဖြစ် လာပါသည်။ ဤအချက်က လယ်သမားများ၏ အလုပ်ကြိုးစားလိုသော မက်လုံးကို ထိခိုက်စေပြီး၊ လယ်ယာကုန်ထွက်ကို ကျဆင်းစေနိုင်ပါသည်။

၆၂။ စတုတ္ထအချက်။ စွမ်းအင်ဈေးနှုန်း သတ်မှတ်လျှော့ချထားသည့်အတွက်ကြောင့် ဤနယ်ပယ်ရှိ အစိုးရ လုပ်ငန်းများမှာ ကြီးမားသောဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေကြရသည်။ သို့နှင့်အမျှ အထောက်အကူ ပစ္စည်းသစ်များ အတွက် ရင်းနှီးမြှုပ်နှံမှုမလုပ်နိုင်သလို အပိုပစ္စည်းများလည်း မဝယ်နိုင်ပါ။ တာရှည်ပစ်ထား၍ ယိုယွင်းနေသော လက်ရှိအသုံးပြုနေရသည့် စက်ယန္တရားနှင့် ကိရိယာတန်ဆာ ပလာများကိုပင် ကောင်းစွာမထိန်းသိမ်းနိုင် ဖြစ်နေ
ရသည်။

ယခုအချိန်အထိ ဆက်လက်အသုံးပြုနေ ရသော စက်ယန္တရားအချို့နှင့် ဓါတ်အားလိုင်းများဆိုလျှင် သက်တမ်းကုန် ခဲ့သည်မှာ ကြာလွန်လှ ပါသည်။ အကျိုးဆက်ကား မကြာခဏမီးပျက်ခြင်း၊ ယုံကြည်စိတ်ချစွာသုံးစွဲလို့မရခြင်းနှင့် အလွန်ညံ့ ဖျင်းသောဝန်ဆောင်မှုတို့ကို ဖြစ်ပေါ်စေပါသည်။ ထုတ်လုပ်မှုစွမ်းဆောင်ရည်ရော၊ စွမ်းအင်အရည် အသွေးပါ လိုအပ်ချက်ပြည့်မီဖို့ မစွမ်းဆောင်နိုင်တော့ပါ။

၆၃။ နောက်ဆုံးဖော်ပြလိုသည်မှာ စွမ်းအင်ဈေးနှုန်းလျှော့ချ သတ်မှတ်ထားသည့်အတွက်ကြောင့် ဖြစ်ပေါ်လာ
သော အခြားထိခိုက်နစ်နာမှုများအကြောင်း ဖြစ်ပါသည်။ ဈေးပေါသောကြောင့် စွမ်းအင် သုံးစွဲမှုပိုင်းတွင်
ချွေချွေတာတာမရှိတော့ဘဲ၊ အလေအလွင့်တွေများလာသည်။ ထို့ထက် စွမ်းအင်ဈေး နှုန်းကို ထုတ်လုပ်မှု စရိတ်အောက်တွင် ချထားခဲ့သည့်ကာလ ကြာမြင့်လာသောအခါ သုံးစွဲသူများအနေ နှင့် စွမ်းအင် ချွေတာနိုင်သော နည်းပညာနှင့် ထုတ်လုပ်မှုနည်းနာများကို ကျင့်သုံးဖို့ မက်လုံးမရှိသလို ဖြစ်နေတော့သည်။

သည်လိုနှင့် ပြည်တွင်းပြည်ပရှော့(ခ) (shocks)များကြောင့် စွမ်းအင်ဈေးနှုန်းကို ထိန်းမထားနိုင်တော့ဘဲ သင့်တင့် သည့်ဈေးနှုန်းမြင့်မြင့်ကို သတ်မှတ်ရပါတော့သည်။ အကျိုးဆက် ကား ထုတ်လုပ်မှုများ အကျပ်အတည်းတွေနှင့် ရင်ဆိုင်ရပြီး၊ မြင့်မားလာသောစွမ်းအင်ခကို ရှောင်ကွင်း နိုင်ရန် လာဘ်ပေးမှုများ ပိုများလာဖွယ်ရှိပါသည်။ ထိုမျှမက
မြင့်မားလာသောစွမ်းအင်စရိတ်ကြောင့် ဈေးနှုန်းတွေမြင့်တက်လာပြီး၊ စားသုံးသူများအပေါ် ဂယက်ရိုက်မှုများ
ပေါ်ပေါက်လာပါသည်။

၆၄။ ဈေးနှုန်းထိန်းချုပ်မှု၊ ထောက်ပံ့ကြေးပေးမှု၊ အဂတိလိုက်စားမှုများနှင့် ၄င်းတို့ကြောင့်ပေါ်ထွန်း လာသော
မှောင်ခိုဈေးကွက်များမှ မလိုလားအပ်သော လူမှုရေးနှင့်စီးပွားရေး အကျိုးဆက်များဖြစ်လာ နိုင်စေပါသည်။ သို့နှင့် အမျှ ဈေးနှုန်း ထိန်းချုပ်မှုများ ဖျက်သိမ်းရေး၊ ထောက်ပံ့ကြေးများကို စွန့်လွှတ်ရေး၊ ဈေးနှုန်း ကမောက်ကမ ဖြစ်မှု
များကို ကာကွယ် တားဆီးရေးနှင့် ယေဘူယျအားဖြင့် ဈေးနှုန်းမှန်ဖြစ်စေရေးတို့မှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့်
ဈေးကွက် စီးပွားရေး စနစ် ပီပီပြင်ပြင်တည်ဆောက်နိုင် ရေးတို့အတွက် သော့ချက်ကျသည့် လုပ်ငန်းစဉ်များဖြစ်
ကြောင်း ထင်ရှားလာပါသည်။

(ဇ) စီးပွားရေးပြုပြင်ပြောင်းလဲမှုအပေါ်အကျိုးသက်ရောက်ပုံ

၆၅။ စီးပွားပြုပြင်ပြောင်းလဲရေးအပေါ် အဂတိလိုက်စားမှုက ဆိုးကျိုးများသက်ရောက်ပါမည်။ အဘယ့်ကြောင့်
ဆိုသော် စီးပွားရေးပြုပြင်ပြောင်းလဲရန် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံဆောင်မှု၊ မျှတစွာ ယှဉ်ပြိုင်မှု၊ အထွေထွေ ထိန်းချုပ်မှုများလျှော့ချရေး၊ ဈေးကွက်အင်အားစုများနှင့် ပုဂ္ဂလိကပိုင်းကိုအားပြု ရေးစသည်တို့လိုအပ်ပါသည်။ တစ်ပြိုင်ထဲမှာပင် လိုအပ်သလိုကိုယ်ပိုင်ဆုံးဖြတ်ခွင့်အာဏာ၊ အထူး အကျိုးစီးပွားများနှင့် ဈေးနှုန်း ကမောက်ကမ
ဖြစ်ရပ်များကိုလည်း ကန့်သတ်ထိန်းချုပ် ကြရမည်ဖြစ်ပါ သည်။

ဤလုပ်ငန်းစဉ်အားလုံးက အဂတိလိုက်စားမှုကိုအကျိုးပြုသော အထူးစီးပွားရေးအကျိုးအမြတ် အခွင့်အလမ်း (economic rent) များကို ကျဆင်းစေပါမည်။ ထို့ကြောင့်ပင် အကျင့်ပျက်စနစ်မှ အထူး စီးပွားရေး အကျိုးအမြတ်
များ ခံစားနေကြသောလူချမ်းသာနှင့် ပါဝါကြီးသူများက ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်မည် ဖြစ်ပါသည်။

အပိုင်း (၆)

ကုထုံးများ

(က) အဂတိလိုက်စားမှုနှင့်ဆင်းရဲနိုင်ငံများ

၆၆။ အဂတိလိုက်စားမှုမှာနိုင်ငံအားလုံးတွင်ရှိသော်လည်းဝင်ငွေနိမ့်နိုင်ငံများတွင် ပို၍ပျံ့နှံ့ပါသည်။ ဤသို့ဖြစ်ရသည်
မှာ ဆင်းရဲနိုင်ငံများမှလူတွေက ချမ်းသာနိုင်ငံများမှလူတွေထက် ပိုအကျင့်ပျက်ကြ သောကြောင့် မဟုတ်ပါ။ ဆင်းရဲနိုင်ငံများမှ အခြေအနေများမှာ အဂတိလိုက်စားမှု ရှင်သန်ကြီးထွား ဖို့အတွက် အခွင့်အလမ်း ပိုများသော
ကြောင့် ဖြစ်ပါသည်။ လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စား မှုမှာ ဝါသနာကြောင့် မဟုတ်ဘဲ၊ သေချာစွာ တွက်ချက်ပြီးမှ ကျုးလွန်ကြရသောလုပ်ဆောင်မှုများ ဖြစ် ပါသည်။ အကယ်၍ ရမည့်အကျိုးအမြတ်ကများပြီး၊ အဖမ်းခံရမည့်အန္တရာယ်ကနည်းကာ၊ ပြစ်ဒဏ် များက လည်းပေါ့ပါးလျှင် လူတော်တော်များများအနေနှင့် အဂတိလိုက်စားမှုကို အားပေးကြမည် ဖြစ်ပါသည်။

၆၇။ ဝင်ငွေနိမ့်နိုင်ငံများ၏စီးပွားရေးမှာ များသောအားဖြင့် တင်းကျပ်စွာထိန်းချုပ် ခံရလေ့ရှိပါသည်။ ဤအနေ အထားက လက်ဝါးကြီးအုပ်အကျိုးအမြတ်များစွာ ဖြစ်ထွန်းစေပါသည်။ ဤနိုင်ငံများရှိ တာဝန်ခံမှုမှာလည်း
ယေဘူယျအားဖြင့် အားနည်းပါသည်။ နိုင်ငံရေးယှဉ်ပြိုင်မှုနှင့် အရပ်ဘက်လွတ် လပ်ခွင့်မှာ ကန့်သတ်ချုပ်ချယ် ခံရလေ့ရှိပါသည်။ အစိုးရ၏ကျင့်ဝတ်အခြေခံမူများနှင့် ဥပဒေလေးစား လိုက်နာမှုမှာလည်း အားနည်းပါသည်။ တရားဥပဒေအတိုင်းဆောင်ရွက်ရန် တာဝန်ယူထားသောအဖွဲ့ အစည်းများအနေနှင့် လိုအပ်သော လုပ်ငန်းတာဝန်
များကို ကိုင်တွယ်ဖြေရှင်းရန် ပျော့ကွက်များ ရှိနေပါ သည်။

စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ စာရင်းစစ်အဖွဲ့၊ သတင်းမီဒီယာ၊ အရပ်ဘက်အဖွဲ့အစည်း စသည့် စောင့်ကြပ် ကြည့်ရှု့
ရေးအဖွဲ့များမှာ ပီပီပြင်ပြင်မရှိသည့်အပြင် အဖိနှိပ်ခံထားရမှုနှင့် ကြုံတွေ့ရလေ့ရှိပါ သည်။ ဤအဖွဲ့များမှာ လာဘ်ပေး လာဘ်ယူမှု ဆန့်ကျင်ရေးလုပ်ငန်းများအတွက် လိုအပ်သောစုံစမ်း ထောက်လှမ်းမှုနှင့် ဥပဒေရေးရာ သတင်း အချက်အလက်များကို စုဆောင်းရှာဖွေပေးကြရသည့်အဖွဲ့ အစည်းများ ဖြစ်ပါသည်။ ထို့အပြင် အုပ်ချုပ်ရေးမှူးများ
၏ ကိုယ်ပိုင်လုပ်ပိုင်ခွင့်အာဏာ အတော်များ များခံစားခွင့်ရှိပြီး၊ စည်းမျဉ်းစည်းကမ်းများမှာ တိကျစွာ သတ်မှတ်ထား
ခြင်း မရှိ၊ အမြဲတမ်းပြောင်းနေ တတ်ကာ ယင်းတို့နှင့်ပတ်သက်သည့်အချက်အလက်များကို ဖြန့်ဝေရာတွင် အားနည်း ပါသည်။ ဤသို့ ကန့်သတ်ချုပ်ချယ်သည့် အနေအထား အောက်တွင် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ကြ ရမည် ဖြစ်ပါသည်။

(ခ) အဆိုးမြင်ရှု့ထောင့်

၆၈။ အဆိုးမြင်သူများက အဂတိလိုက်စားမှုနှင့်ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုလုပ်ရန် အလွန်ပင် ခက်ခဲမည်ဟု ယူဆကြပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိပ်တန်းခေါင်းဆောင်များ၊ အာဏာရနိုင်ငံ ရေးအကြီးအကဲများနှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ ပေါင်းဖက်ကာ အကျိုးအမြတ်များစွာ ခံစားနေ ကြသည်ဖြစ်၍၊ အပြောင်းအလဲ
ပေါ်ထွက်လာဖို့ အလှမ်းဝေးလှပါသည်ဟု ဆိုပါသည်။ ဗြိတိန်နိုင်ငံ မှာပင် အဂတိလိုက်စားမှုကို ထိန်းချုပ်နိုင်ရန်
နှစ်ပေါင်းတစ်ရာကျော် အချိန်ယူခဲ့ရသည်ဟု အဆိုးမြင် ဝါဒီများက ထောက်ပြကြပါသည်။

ထိုမျှမက ယခုအာရှနိုင်ငံအတော်များများတွင် ဆောင်ရွက်နေ ကြသော အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်း စဉ်များမှ သိသိသာသာ အကျိုးသက်ရောက်မှုများ မတွေ့ရှိရသေးကြောင်းကို ထောက်ပြကြပါသည်။ ဥပမာအားဖြင့် အိမ်နီးချင်းနိုင်ငံတစ်ခုတွင် ထိပ်တန်းခေါင်းဆောင်များဦးဆောင်၍ အဂတိလိုက်စားမှုအပေါ် အရေးပေး တိုက်ပွဲ ဆင်လာခဲ့သည်မှာ ဆယ်နှစ်နီးပါးကြာမြင့်ပြီဖြစ်သော်လည်း မျှော်လင့်ထားသည့်အောင်မြင်မှု မရသေးပါ။ ထိုနိုင်ငံ
တွင် ၁၉၉၈ ခုနှစ်အတွင်း အဂတိလိုက်စားမှုပေါင်း ၃၅,ဝ၈၄ မှုကို စုံစမ်းစစ်ဆေးခဲ့ပြီး၊ ၂၆,၈၃၄ မှုကို အရေးယူ ခဲ့သည်ဟု ဆိုပါသည်။ဋထိုမျှမက အဂတိလိုက်စားမှုကြောင့် ပါတီနှင့်အစိုးရအဖွဲ့ထဲမှ ထင် ရှားသော ခေါင်းဆောင် များနှင့် စီးပွားရေးလောကမှပုဂ္ဂိုလ်ကြီးများကို ဖမ်းဆီးအရေးယူခဲ့သည်ဟု သိရ ပါသည်။ သို့သော် ပြဿနာကို ထိထိရောက်ရောက်ဖြေရှင်းနိုင်စွမ်း မရှိခဲ့ပါ။

ဤကျေနပ်ဖွယ်မရှိသည့် ရလဒ်ကို ခေါင်းဆောင်များ ကိုယ်တိုင် ဝန်ခံခဲ့ပါသည်။ သို့အတွက် ထိုနိုင်ငံ၏ ဝန်ကြီးချုပ်
က အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို ရှေ့လာမည့်နှစ်များ အတွင်း အကောင်အထည် ဖော်ဆောင်ရွက်မည့် အဓိက အမျိုးသားရေး ရည်မှန်းချက် လေးရပ်ထဲတွင် ရွေးချယ်သတ်မှတ် လိုက်ပါသည်။

၆၉။ အဂတိ လိုက်စားမှု တိုက်ပွဲအနေဖြင့် မျှော်မှန်းထားသည့် အောင်မြင်မှုမရ ဖြစ်နေချိန်တွင် အခြေအနေကို ပို၍ ဆိုးရွားစေသောဖြစ်ရပ်များ ပေါ်ပေါက်လာခဲ့ပါသည်။ ဥပမာပေးရမည်ဆိုပါက နိုင်ငံ အချို့တွင် အစိုးရ အရာရှိများ အနေနှင့် စည်းမျဉ်းစည်းကမ်းများကို မိမိတို့ ဝင်ငွေ တိုးပွားလာရေး အတွက် နည်းနာ တစ်ရပ်အဖြစ် သဘောထား လာကြပါသည်။


ဝင်ငွေ တိုးရရေးအတွက် စည်းမျဉ်းသစ်များကို ချမှတ်၍၊ တည်ဆဲ စည်းမျဉ်းများကို မိမိတို့ အကျိုးအတွက် ပြောင်းလဲ သတ်မှတ်မှုများ ပြုလုပ်ကြပါ သည်။ ထို့အပြင် လူထုနှင့် ဆက်ဆံရသော အစိုးရရုံး အချို့တွင် ငွေကို ပေါ်ပေါ်တင်တင်
တောင်းဆိုခြင်း နှင့် လူတွေ မလိုချင်၊ သိပ်လည်းမလိုအပ်သော ၄င်းတို့ဌာနမှထုတ်သည့် ပြက္ခဒိန်၊ မဂ္ဂဇင်းနှင့် မှတ်စု စာအုပ်များကို ဝယ်ကြရပါသည်။

၇ဝ။ ဤသို့စနစ် တစ်ရပ် အဂတိလိုက်စားမှု (systemic corruption) နှင့် ပတ်သက်သော အခြေခံ ကျသည့် အခက်အခဲ တစ်ခုမှာ လူထု၏ အခြေအနေအရ သဘောထားအမြင် ပြောင်းလဲသွားခြင်း ဖြစ်ပါသည်။ အဂတိ လိုက်စားမှု မရှိလျှင် အများအတွက် ပိုကောင်းမည် ဖြစ်သည့်တိုင်၊ လူတစ်ဦး အနေဖြင့် ဤစနစ်ကြီးကို ရှောင်မရ
ဖြစ်နေပါသည်။ ထို့ကြောင့် ကြိတ်မှိတ်သည်းခံကာ အဆိုးထဲမှအကောင်း ဆုံးအဖြစ် လာဘ်ပေးခြင်းဖြင့်သာ နေထိုင်
ကြရပါတော့သည်။ ''ပြောင်းလို့ မရတဲ့ကိစ္စကို ဘာ့ကြောင့် ဒုက္ခခံပြောင်းနေမှာလဲ''၊ ''ဘာ့ကြောင့် အုတ်နံရံကို
ခေါင်းနဲ့ဆောင့်ရမှာလဲ''၊ ''ဘာ့ကြောင့်ကျွဲပါးစောင်းတီး မှာလဲ''စသည့် သဘောထား အတွေးအခေါ်တို့မှာ ဤကဲ့သို့ လူ့အဖွဲ့အစည်းတွင် ရေပန်းစားလာပါသည်။

(ဂ) အကောင်းမြင်ရှုထောင့်

၇၁။ ''ဝင်ငွေနိမ့်နိုင်ငံများတွင် အဂတိလိုက်စားမှုသည် ထိုနိုင်ငံများနှင့် သဘာဝကျပြီး၊ သူတို့၏ ကံကြမ္မာသာ
ဖြစ်သည်'' ဆိုသောအမြင်ကို လက်မခံသည့်သူများ ရှိပါသည်။ ထိုအကောင်းမြင်သူ များက ''ယနေ့ကမ္ဘာပေါ်တွင် စက်မှုနိုင်ငံတော်တော်များများထက်ပင်၊ လာဘ်ပေးလာဘ်ယူမှု လျော့ နည်းသော ဘော့စဝါနာ(Botswana) လို၊ ချီလီ(Chile) လို ဖွံ့ဖြိုးဆဲနိုင်ငံများ ရှိပါသည်'' ဟု စောဒက တက်ကြသည်။

အလားတူ ဟောင်ကောင်နှင့် စကာင်္ပူလိုဖွံ့ဖြိုးဆဲနိုင်ငံများသည် ၄င်းတို့၏ ယခင် အတော် အဂတိ လိုက်စားသည့် အခြေအနေမှ အထိုက်အသင့်သန့်ရှင်းသော အနေအထားသို့ တိုတောင်း သည့်ကာလအတွင်း ပြောင်းလဲနိုင်ခဲ့ ကြသည်ကို ထောက်ပြကြပါသည်။ ထိုမျှမက ယခုလောလော ဆယ် ဖွံ့ဖြိုးဆဲနိုင်ငံ အတော်များများတွင် ဆောင်ရွက်
နေကြသည့် ပီပီပြင်ပြင်ပြိုင်ဆိုင်မှုရှိသည့် ဈေး ကွက်စီးပွားရေးစနစ်နှင့် ဒီမိုကရေစီ ဖွဲ့စည်းပုံ မူဘောင်များ ဆောက်
တည်ရန် ကြိုးပမ်းနေမှုများကိုပါ သာဓကတင်ပြကြပါသည်။

ဤကြိုးပမ်းမှုများက အဂတိလိုက်စားမှုမှဆင်းသက်လာသော စီးပွားရေး အထူးအကျိုးအမြတ်အခွင့်အလမ်းများကို ဖယ်ရှားလျှော့ချပစ်မည်ဟု လက်ခံသဘောပေါက်လျှက် ဤ သို့ကြိုးပမ်းဆောင်ရွက်နေကြခြင်း ဖြစ်သည်ဟု သုံးသပ်ကြပါသည်။ အာရှပစိဖိတ်ဒေသရှိထိပ်တန်း ခေါင်းဆောင်များ၏ ဤကိစ္စနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားချက်များက အဆိုပါအကောင်းမြင်သမားများအတွက် အားတက်ဖွယ်ရာ ဖြစ်ပါသည်။ ထိုခေါင်းဆောင်များဆိုလျှင် သူတို့သက်ဆိုင်ရာနိုင်ငံများရှိ အဂတိလိုက်စားမှုအကြောင်းကို ပွင့်ပွင့်လင်းလင်းပင် ထုတ်ဖော်ဆွေးနွေး နေကြပါသည်။ အဂတိလိုက်စားမှုက သူတို့လူ့အဖွဲ့အစည်း၏ လူမှုရေးနှင့်စိတ်ဓါတ်ဆိုင်ရာ အနှစ်သာ ရများကို ဒဏ်သင့်စေပြီး၊ သူတို့၏အဖွဲ့အစည်းမူဘောင်များကိုပါ အန္တရာယ်ပြုနေသည်ဟူ၍ ထုတ် ဖော်ဝန်ခံကြပါသည်။

သို့နှင့်အမျှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးမှာ ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းကြရမည့် အရေးကြီး
ပြဿနာဟူ၍ လက်ခံလာကြပါသည်။ အကောင်းမြင်ဝါဒီများအနေနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ''ဆင်းရဲနွမ်းပါးမှု၊ ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါဘယထူပြောမှုနှင့် မတရားမှု ဆန့်ကျင်ရေး တိုက်ပွဲများ''နှင့်ပါ နှိုင်းယှဉ်
ထောက်ပြကြပါသည်။ ဤတိုက်ပွဲများဆင်နွှဲလာ ခဲ့ကြသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည့်တိုင်၊ ကမ္ဘာ့နိုင်ငံအတော်များများတွင် ယင်းတို့နှင့်ပတ်သက်၍ ကျေနပ်ဖွယ်ရာ အောင်မြင်မှု မရရှိသေးပါ။

ဤသို့အောင်မြင်မှုမရရှိ၍ ထိုတိုက်ပွဲများကို ရပ်ဆိုင်းပစ်ရတော့မည်လားဟု မေးခွန်းထုတ်နိုင်ပါသည်။ အဂတိ
လိုက်စားမှု တိုက်ဖျက်ရေးကိုလည်း အလားတူစဉ်းစားရမည်ဟု ဆိုပါသည်။ အဂတိလိုက်စားမှုကို အပြီးတိုင် ဖယ်ရှားနိုင်လိမ့်မည် မဟုတ်ပါ။ သို့သော် အကောင်းမြင်ဝါဒီများအနေနှင့် ဤပြဿနာ၏ဆိုးကျိုး များကို လုံးဝပပျောက်အောင် မဆောင်ရွက်နိုင်သော်လည်း တတ်အားသမျှထိန်းချုပ်သင့်သည်ဟု ယူဆကြပါသည်။ အမှန်တကယ်လည်း တိုင်းပြည်၏ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားမဖြစ်ရန် ထိန်းချုပ်နိုင်သည်ဟု ယုံကြည်ကြ ပါသည်။

(ဃ) ကုထုံးဆိုင်ရာအစီအမံများ

၇၂။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် အကောင်းမြင်ဝါဒီများတင်ပြသည့် အတွေးအမြင်နှင့် အဆိုပြုချက် တို့ကို အောက်တွင်ဖော်ပြထားပါသည်။

၁။ ခေါင်းဆောင်မှု ။ ။ အိမ်တစ်ဆောင် ပြင်တော့မည်ဆိုလျှင်၊ ခေါင်ကစသင့် ပါသည်။ ထို့အတွက်ကြောင့် နာမည်ကြီးသည့် မလေးရှားနိုင်ငံမှ ပါမောက္ခ Syed Hussein Alatas အပါအဝင် စီးပွားရေးပညာရှင်များက အဂတိလိုက်စားမှုတိုက်ဖျက် ရေးတွင် သက်ဆိုင်ရာတိုင်းပြည်၏ခေါင်းဆောင်များက သော့ချက်အခန်းမှပါဝင်သင့် သည်ဟု အကြံပြုကြပါသည်။ ခေါင်းဆောင်များကို လေးစားတန်ဖိုးထားတတ်သည် မှာ အာရှလူ့အဖွဲ့အစည်းများတွင် အစဉ်အလာတစ်ရပ် ဖြစ်ပါသည်။ သို့အတွက် ထိပ်ဆုံးကခေါင်းဆောင်မှာ ရိုးသားဖြောင့်မတ်မှုတွင်ရော၊ စွမ်းဆောင်ရည်နှင့် ဝီရိယ ပိုင်းတွင်ပါ စံပြဖြစ်ဖို့လိုပါသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် ခက်ခဲသော ဆုံးဖြတ်ချက်များ ချမှတ်ဖို့လိုမည်ဖြစ်ရာ၊ ခေါင်းဆောင်မှုမှာ ခိုင်မာဖို့ လိုပါသည်။ နိုင်ငံရေးအရပြောင်းလိုသည့်
ဆန္ဒရှိပြီး၊ လိုအပ်သောပြုပြင်ပြောင်းလဲမှုများကို ဇွဲရှိရှိ ဖြင့်လုပ်ဆောင်ရန် သံဓိဋ္ဌာန်ချထားဖို့လည်း လိုပါလိမ့်မည်။ သို့သော် ရိုးသားဖြောင့် မတ်သောခေါင်းဆောင် လိုအပ်သည့်အပြင် အဂတိလိုက်စားမှုကို တိုက်ဖျက်ရန် အခြားသော လိုအပ်ချက် အတော်များများကိုလည်း ဖြည့်ဆည်းကြရမည် ဖြစ်ပါသည်။


၂။ အများယုံကြည်လက်ခံနိုင်မှု။ ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အောင်မြင်မှု ရဖို့ဆိုလျှင် တိုင်းသူပြည်သား
များ ယုံကြည်လက်ခံနိုင်မှု ရှိဖို့လိုပါသည်။ အကျင့်ပျက် ဆက်ဆံရေး၏ ဝယ်လိုအားဘက်ရော၊ ရောင်းလိုအားဘက်
တွင် ပါရှိသည့် ကျူးလွန် သူများအနေနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အစိုးရကိုယ်တိုင်က အလေးအနက်
ဆောင်ရွက်နေကြောင်း လက်ခံယုံကြည်ဖို့ လိုပါသည်။ ဤလိုအပ်ချက် ဖြည့်ဆည်းနိုင်ဖို့အတွက် အကြံပြုချက်
တစ်ခုမှာ ''ငါးကြီးကြီးတချို့ကိုကြော်လိုက်ရန်'' ဖြစ်ပါသည်။ တိုင်းပြည်ရှိ လူသိထင်ရှားသော အကျင့်ပျက်ပုဂ္ဂိုလ်
အချို့ကို ရုံးတင် စစ်ဆေးအပြစ်ပေးပြဖို့ကို ဆိုလိုပါသည်။

အိမ်နီးချင်းနိုင်ငံအတော်များများမှာဆိုလျှင် နာမည်ကြီးအရာရှိကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများကို အဂတိ လိုက်စားမှုစွဲ ချက်ဖြင့် လူသိရှင်ကြား ရုံးတင်စစ်ဆေးပြီး ပြစ်ဒဏ် ကျခံစေသည်များကို ပြုလုပ်နေကြောင်း တွေ့ရှိ
နေရပါသည်။ သို့နှင့်တိုင် နိုင်ငံရေးရန်သူများကို အဂတိလိုက်စားမှု စွပ်စွဲချက်ဖြင့် သိက္ခာချကြသည်များလည်း ရှိနေရာ နောက်ထပ်အကြံပြုချက်တစ်ခုမှာ ''ကြော်လိုက်သောငါးကြီးများမှာ ကိုယ့်ကန်ထဲကဖြစ်သင့်ပါသည်'' ဟူ၍ဖြစ်ပါသည်။

၃။ လူထုပါဝင်မှု။ ။ အဂတိလိုက်စားမှု၏ဆိုးကျိုးများကို ကျယ်ကျယ်ပြန့်ပြန့်သိမြင် နားလည်လာစေရန် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း၊ ဤအကျင့်ဆိုးကြီးကို ထိန်းချုပ်ဖို့လိုအပ်ကြောင်း ပြတ်ပြတ်သားသား ထုတ်ဖော်ကြေငြာခြင်း စသည်တို့မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အထောက်အကူများစွာ ပြုစေနိုင်ပါသည်။ အဂတိ လိုက်စားမှုနှင့်ပတ်သက်လျှင် သာမန်လူထုတွင် အတွေ့အကြုံများစွာ ရှိကြသည်ဖြစ်၍၊ သူတို့တတွေမှာ အလွန်အားကိုးရမည့် သတင်းရင်းမြစ်တွေ ဖြစ်ပါသည်။

အဂတိ လိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများ အောင်မြင်မှုရရှိစေရန်အတွက် လူထု၏အကူ အညီနှင့် ပူးပေါင်း
ပါဝင်မှုတို့ အထူးလိုအပ်ပါသည်။ အဂတိလိုက်စားမှုကို ရိုးသားစွာ နှင့် အမှန်တကယ် တိုက်ဖျက်နေကြောင်း လူထုကသဘောပေါက်လျှင် လိုလိုချင်ချင် ပူးပေါင်းပါဝင်လာ ကြပါလိမ့်မည်။ သူတို့တတွေ၏ ပြောရေးဆိုခွင့်ကို အနည်းငယ်မျှ ဖွင့်ပေးလိုက်လျှင်ပင် ဤကိစ္စနှင့်ပတ်သက်သော သတင်းအချက်အလက်များ၊ စဉ်း စားချက်များနှင့် အဆိုပြုချက်များ အံ့သြလောက်အောင် ပေါ်ထွက်လာပါလိမ့်မည်။

၎။ တာဝန်သိမီဒီယာ။ ။ တာဝန်သိမီဒီယာ၏သတင်းစုဆောင်းမှု၊ သရုပ်စိစစ်မှု၊ ဖွဲ့စည်းတင်ပြမှုနှင့် သတင်း
ဖြန့်ချီမှု တို့မှာ အဂတိလိုက်စားမှုပြဿနာကို ကျယ်ကျယ် ပျံ့ပျံ့ သိမြင်နားလည် လာစေရေးနှင့် ပြုပြင်ပြောင်းလဲမှု
များ အရှိန်အဟုန်မြင့်မားလာ စေရေးတို့အတွက် အထူးအရေးကြီးပါသည်။

အဂတိလိုက်စားမှု၏ အဓိကအကြောင်း ရင်းခံတစ်ခုမှာ ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့်ဖြစ်သဖြင့်၊ ဤပြဿနာ
ကို ဖြေရှင်း ရာတွင် ဖွံ့ဖြိုးပြီးနှင့်ဖွံ့ဖြိုးဆဲနိုင်ငံများရှိ တာဝန်သိသတင်းမီဒီယာများ၏ စုံစမ်းဖော် ထုတ်မှုများမှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေပါသည်။ ထို့အပြင် အဂတိလိုက်စားမှုကို ကန့်သတ်နိုင်ရေး
အတွက် မီဒီယာက ''စောင့်ကြပ်မှူး'' တာဝန် များကိုလည်း ထမ်းဆောင်ရပါသည်။ မီဒီယာများ၏ တာဝန်သိသိ ထမ်းဆောင်ရေး တွင် ပျော့ကွက်များရှိခဲ့သော်လည်း၊ မသမာမှုများကို ထိန်းကျောင်းပေးနိုင်သည့် သူတို့၏အာနိသင်ကိုမူ လျှော့မတွက်သင့်ပါ။

၅။ ''စောင့်ကြပ်မှူး''အဖွဲ့အစည်းများ ။ ။ အဂတိလိုက်စားမှုနှင့် ပတ်သက်သော စောင့်ကြပ်ကြည့်ရှု့ရေး
အဖွဲ့များ (သို့မဟုတ်) ''စောင့်ကြပ်မှူးအဖွဲ့များ''၏ ထိရောက်မှု နှင့်ပတ်သက်၍ အမြင် အမျိုးမျိုး ရှိနေကြောင်း တွေ့ရ ပါသည်။ ဤအဖွဲ့အစည်းများ၏ အသုံးဝင်မှုကိုဖော်ပြသော သာဓကများ ရှိပါသည်။ ဥပမာအားဖြင့် ဟောင်ကောင်၏ ''လွတ်လပ်သော အဂတိလိုက်စားမှု ဆန့်ကျင်ရေးကော်မရှင်'' နှင့် ဘော့စဝါနာ (Botswana)၊ ချီလီ (Chile)၊ မလေးရှားနှင့် စကာင်္ပူရှိ အလားတူအဖွဲ့အစည်းများသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များ
တွင် ထိရောက်သည်ဟု အသိအ မှတ်ပြုခံရပါသည်။

သို့သော် အစိုးရအရာရှိများနှင့် အရပ်ဘက်အဖွဲ့အစည်းဝင်များ အနေဖြင့် အဆိုပါ အဖွဲ့အစည်းများ အပေါ် မျှော်လင့်
ချက် သိပ်မထားကြသည်ကို တွေ့ရှိ ရပါသည်။ ထိုအဖွဲ့အစည်းများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး အတွက် ခေါင်းဆောင်များဘက်မှရိုးသားပြီး ဝန်ထမ်းများကို နိုင်ငံရေးစွက်ဖက်မှုများမှ အကာ အကွယ်ပေးကာ၊ အဂတိလိုက်စားမှုများမှရှောင်ရှားနိုင်ရန် ပိုမိုကောင်းမွန်သောမက်လုံး များလည်း လိုလိမ့်မည်ဟု ဆိုပါသည်။ ဤသို့သော နိုင်ငံရေးအခြေအနေမဖန်တီး နိုင်လျှင် စောင့်ကြပ်မှူးအဖွဲ့များမှာ သိပ်အသုံးဝင်လိမ့်မည်မဟုတ်ပါ။ ထိုအခါ နိုင်ငံ ရေးအကျိုးအမြတ်အတွက် အသုံးချခံရသည်များနှင့်ပင် ကြုံရနိုင်သည်။ ထို့ကြောင့် မလိုလားအပ်သော အခြေအနေတစ်ရပ်ပေါ်ထွက်လာကာ စောင့်ကြပ်မှူးအဖွဲ့ကို စောင့် ကြပ်ရန် နောက်ထပ်စောင့်ကြပ်မှူးအဖွဲ့တစ်ရပ် ဖွဲ့စည်းပေးရန်ပင် လိုအပ်လာပါလိမ့် မည်။

၆။ အဖွဲ့အစည်းမူဘောင် (institutions) များ တိုးတက်ကောင်းမွန်စေရေး။ ။ အဂတိ လိုက်စားမှုကိစ္စမှာ အလွန် ကျယ်ပြန့်သည့်နယ်ပယ်ကြီးဖြစ်လေရာ၊ ဆက်စပ်နေသော ပြဿနာအချို့ကိုသာ အကျဉ်းမျှဖော်ပြနိုင်ပါသည်။ ဤသို့သောဆက်စပ်ပြဿနာများ ထဲတွင် တရားဥပဒေဘောင် တိုးတက်ကောင်းမွန်စေရေးမှာ အရေးကြီးသည်။

တရား ရုံးချုပ်၏စီမံအုပ်ချုပ်မှုနှင့် တရားရုံးများ၏လုပ်ငန်းဆောင်ရွက်မှုတွင် အချိန်မကုန် ဝန်လေးမှု မရှိစေဘဲ၊
ချောချောမွေ့မွေ့လည်ပတ်စေဖို့ လိုပါသည်။ ရဲတပ်ဖွဲ့၏ ထိရောက် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးဖို့လိုသလို၊ စာရင်းစစ်ချုပ်ရုံးကိုလည်း ပိုမို ခိုင်မာအားကောင်းလာစေရန် အားဖြည့်ပေးရပါလိမ့်မည်။ ထို့ပြင် အဂတိလိုက်စားမှု များကို စုံစမ်းဖော်ထုတ်အရေးယူနိုင်ခွင့် အာဏာနှင်းအပ်ခံရသော တာဝန်ရှိစုံစမ်း စစ်ဆေးရေးမှူးချုပ်တစ်ဦး ခန့်ထားဖို့လည်း လိုပါလိမ့်မည်။

အပိုင်း (၇)

နိဂုံး

(က) အပေါ်ယံလက္ခဏာများနှင့်ဇာစ်မြစ်များ

၇၃။ အဂတိလိုက်စားမှုပြဿနာနှင့်ပတ်သက်ပြီး ယခုလောလောဆယ် ဆွေးနွေးငြင်းခုန်နေကြသည် များမှ အသုံးဝင်သော နိဂုံးကောက်ချက်တစ်ခု ထွက်ပေါ်လာပါသည်။ ''အဂတိလိုက်စားမှုမှာ တိုင်းပြည်တစ်ပြည်တွင် အခြေခံကျသည့်စီးပွားရေး၊ နိုင်ငံရေးနှင့် အဖွဲ့အစည်းမူဘောင်ဆိုင်ရာ အားနည်းချို့ယွင်းချက်များ၏ အပေါ်ယံ လက္ခဏာတစ်ခုသာ ဖြစ်သည်'' ဆိုသော ကောက်ချက်ဖြစ်ပါ သည်။ သို့အတွက် ထိရောက်သော အဂတိ လိုက်စားမှုတိုက်ဖျက်ရေး အစီအစဉ်တစ်ရပ် ဖြစ်ဖို့ဆိုလျှင် အပေါ်ယံလက္ခဏာရပ်များကို မဟုတ်ဘဲ အောက်ခံ အကြောင်းတရားများကို ကိုင်တွယ်ဖြေရှင်းကြ ရမည် ဖြစ်ပါသည်။

စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် အဖွဲ့အစည်းမူဘောင်ဆိုင်ရာ ပြုပြင်ပြောင်းလဲ မှုများကို တာဝန်ယူဆောင်ရွက်ပြီး၊ အရင်းခံအကြောင်းတရား များကို အရေးယူကိုင်တွယ်ခြင်းဖြင့် အဂတိလိုက်စားမှု ကာကွယ်တားဆီးရေးကို အကျိုးပြုပါမည်။ အခြေခံကျသော အကြောင်းအရင်းခံ များကို မဖြေရှင်းနိုင်ပါက၊ စောင့်ကြပ်မှူးအဖွဲ့များ၊ သန်စွမ်း
သောရဲတပ်ဖွဲ့နှင့် စွမ်းဆောင်ရည်ပိုမြင့် သော တရားရုံးများလို အဂတိလိုက်စားမှုတိုက်ဖျက်ရေးအစီအမံများမှာ ထိရောက်လိမ့်မည် မဟုတ်ပါ။

၇၄။ နောက်ထပ်အသုံးတည့်သည့် အကဲဖြတ်ချက်တစ်ခုကို ဆက်ပါမည်။ ''နိုင်ငံရေးမတည်ငြိမ်မှု၊ ဗျူရိုကရေစီ
ကြိုးနီ စနစ်နှင့် အားနည်းသောဥပဒေပြုရေး၊ တရားစီရင်ရေးစနစ်များလို အခြားသော အဖွဲ့အစည်းမူဘောင်ဆိုင်ရာ အားနည်းချက်ပုံသဏ္ဍာန်များရှိသည့်နိုင်ငံများတွင် အဂတိလိုက်စားမှု ပို၍ ပျံ့နှံ့ရှင်သန်လေ့ရှိပါသည်'' ဆိုသော
လေ့လာစိစစ်ချက်ဖြစ်သည်။ ဤနေရာတွင် အရေးကြီးသည်မှာ အဂတိလိုက်စားမှုနှင့် အဆိုပါ ဖွဲ့စည်းပုံ မူဘောင်
ဆိုင်ရာ အားနည်းချက်များမှာ နီးကပ်စွာဆက်စပ် နေပြီး အပြန်အလှန် ကျေးဇူးပြုနေကြသည့်အချက် ဖြစ်ပါသည်။

ဥပမာအားဖြင့် ကြိုးနီစနစ်က အဂတိလိုက်စားမှုကို ဖြစ်ပေါ်စေသလို အကျင့်ပျက်အရာရှိများကလည်း ၄င်းတို့ လာဘ်လာဘတိုးစေဖို့ ကြိုးနီတွေထပ်တိုးရန် ကြိုးစားဆောင်ရွက်ကြပါမည်။ တိုင်းပြည်တစ်ပြည်အနေနှင့် အဂတိ လိုက်စားမှု များကို ဖယ်ရှားနိုင်လျှင် အခြားသောဖွဲ့စည်းပုံမူဘောင်ဆိုင်ရာ အားနည်းချက်များကို ကျော်လွှားနိုင် စရာရှိပြီး၊ အဆိုပါဖွဲ့စည်းပုံမူဘောင်ဆိုင်ရာ အားနည်းချက်များကို ကုစားနိုင်သည်နှင့်အမျှ အဂတိ လိုက်စားမှုကို
လည်း ထိန်းချုပ်လာနိုင်မည် ဖြစ်ပါသည်။

၇၅။ အဓိကအကျဆုံး ကောက်ချက်ဖြင့် နိဂုံးချုပ်ပါမည်။ အဖွဲ့အစည်းမူဘောင်ဆိုင်ရာ အားနည်း ချက်များကို ကုစား၍ ပြုပြင်ပြောင်းလဲမှုများ (စီးပွားရေးရော၊ နိုင်ငံရေးကိုပါ) ဆောင်ရွက်ခြင်းသည် အဂတိ လိုက်စားမှု ထိန်းချုပ်
မှုကို အကျိုးပြုပါမည်။ ထိုပြုပြင်ပြောင်းလဲမှုများကြောင့်တော့ အဂတိ လိုက်စားမှု ပပျောက်သွားလိမ့်မည် မဟုတ်ပါ။ သို့သော် ယင်းပြုပြင်ပြောင်းလဲမှုများက အဂတိ လိုက်စားမှုကို တတ်အားသမျှထိန်းချုပ်နိုင်မှ ရည်မှန်းထားသည့်
ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက်သွားနိုင်ပါလိမ့်မည်။
http://www.mizzimaburmese.com/edop/songpa/8364-2011-09-21-12-31-04.html

0 အကြံပြုခြင်း: