Friday, September 23, 2011

စည်သူဇေယျ သို့မဟုတ် စာကလေး တကောင်





ကြယ်ဖြူ Friday, 23 September 2011 15:03 အောက်မေ့ဖွယ်

စည်သူဇေယျကို စတွေ့တုန်းက အနုပညာတက္ကသိုလ်က ကျောင်းကပွဲတခုမှာ သူက သူငယ်ချင်းတွေနဲ့အတူ စင်ပေါ်တက် ကနေတာ။ အဲဒီတုန်းကတော့ သူ့ကို ပျော်ပျော်နေတတ်တဲ့ ပန်းချီကျောင်းသား တယောက် အဖြစ်ပဲ သိခဲ့တာပေါ့။


Si-Thu-Zarya
စည်သူဇေယျ (ဓာတ်ပုံ - Free Burma VJ)
သူ့ကို ရင်းနှီးသူတချို့က စာကလေးလို့ ခေါ်ကြတယ်။ အစကတော့ လူကောင် ခပ်သေးသေးမို့ စာကလေးလို့ ပြောင်ခေါ်တယ် ထင်တာ။ နောက်တော့ သူ့အဘိုးက နိုင်ငံကျော်စာရေးဆရာကြီး လင်းယုန်မောင်မောင်၊ သူ့အဖေကလည်း စာရေးဆရာ သားကြီးမောင်ဇေယျ ဆိုတာ သိရတယ်။ အဲဒီတော့မှ သူဟာ သူ့အဘိုးလို လင်းယုန်ကြီးလောက် မစွမ်းပေမယ့် စာကလေးလောက်တော့ စွမ်းနိုင်မယ် ဆိုတဲ့သဘောနဲ့ စာကလေးဆိုတဲ့ နာမည်ပြောင် ပေးထားမှန်း သိတော့တယ်။

ခရီးချင်းတူလို့ လမ်းမှာဆုံတယ်ပဲ ဆိုပါစို့။ ကျနော်က ကျောင်းသားစည်းရုံးရေး အလုပ်တွေကို လုပ်ရင်း သူ့ကို နိုင်ငံရေးဘက်မှာ စိတ်ဝင်စားသူ တယောက်မှန်း သတိထားမိခဲ့တယ်။ အစကတော့ သူ့ကို နိုင်ငံရေးသမားပေါက်စများလား လို့ ထင်ထားခဲ့တာ။ မြန်မာနိုင်ငံကို နာဂစ် မုန်တိုင်းကြီး ၂၀၀၈ ခုနှစ်မှာ ရောက်လာတော့မှပဲ သူ့ကို မီဒီယာသမား တယောက်မှန်း သိခဲ့ရတယ်။

နာဂစ် အဖျားခတ်သွားလို့ ရန်ကုန်မှာ ရှိတဲ့ ကျနော်တို့ အဆောင်လေး အမိုးပွင့်ပြီး တခြမ်း ပြိုကျသွားတော့ လေငြိမ်ငြိမ်ချင်း သူ ကျနော်တို့ဆီကို ရောက်လာတယ်။ မိုးရေတွေ စိုရွှဲနေတဲ့ ကျနော်တို့ကို ကြည့်ပြီး ဘာအကူအညီပေးရမလဲလို့ သူ မေးတယ်။ နောက်တော့ ကျနော်တို့ ပြန်ပြောတာကို သူမကြားတော့ဘူး၊ အဆောင်ပျက်ကြီးပေါ် တက်ပြီး ပတ်ဝန်းကျင်က အပျက်အစီး မှန်သမျှတွေကို ဗီဒီယို လိုက်ရိုက်တော့တာပဲ။ အဲဒီလောက် သတင်းထောက် ပီသတဲ့ကောင်။ ပြီးတော့ သူက ဧရာဝတီတိုင်း နာဂစ်လေဘေးသင့် ဒေသတွေကို သွားပြီး သတင်းတွေယူတယ်။

သူက ဗီဒီယိုသတင်းယူတဲ့ နေရာမှာ ရဲတင်းတယ်။ သူများတွေ မသွားရဲ၊ မရိုက်ရဲတဲ့ နေရာတွေကိုလည်း သူက သွားရိုက်တာပဲ။ မြန်မာပြည် ဆိုတာက ပွင့်လင်းတဲ့ဒေသ၊ လွတ်မြောက်တဲ့နယ်မြေ မဟုတ်ဘူး၊ သတိထားပါလို့ သူ့ကို အမြဲတမ်း သတိပေးနေရတာ။

တခုခုကို မှတ်တမ်းတင်နေပြီ၊ ဗီဒီယို ရိုက်နေပြီ ဆိုရင် သူက ဘာကိုမှ ဂရုမစိုက်တော့ဘူး။ ပတ်ဝန်းကျင်မှာ ဘာတွေ ဖြစ်နေပြီလဲ သူမသိတော့ဘူး။ သူရိုက်နေတဲ့ မြင်ကွင်းတွေမှာပဲ စီးမျောနေတတ်တယ်။ လုံခြုံရေးတို့၊ စစ်သားတို့ လာတာမြင်ရင် ဘေးကလူက သူ့ကို လက်တို့ရတယ်။

သူမှတ်တမ်းတင် ရိုက်ကူးထားတာတွေကို ဘာလုပ်မှာလဲ မေးရင်တော့ မီဒီယာမှာ တင်မယ်၊ အင်တာနက်မှာ တင်မယ်လို့ ပြောတယ်။ ဘယ်သတင်းဌာနကို ပို့သလဲ ဆိုတာတော့ မမေးမိခဲ့ဘူး။ ကျနော် ကျောင်းကနေ ထွက်လာပြီးနောက်ပိုင်း သူနဲ့ အဆက်အသွယ် ပြတ်သွားတယ်။

၂၀၁၀ သင်္ကြန်တွင်းမှာတော့ သတင်းဆိုးနှစ်ခုကို တွဲပြီး ကြားလိုက်ရတယ်။ ရန်ကုန်က X2O သင်္ကြန်မဏ္ဍာပ် ဗုံးကွဲတယ် ဆိုတဲ့ သတင်းရယ်၊ ဗုံးကွဲပြီးမြင်ကွင်းကို ဗီဒီယိုမှတ်တမ်းသွားတင်ရင်း စည်သူဇေယျ အဖမ်းခံလိုက်ရပြီဆိုတဲ့ သတင်းတွေပါပဲ။ သူနဲ့ပတ်သက်ပြီး သူ့အဖေကိုပါ လာဆွဲသွားတယ်လို့လည်း သိရတယ်။ သူပါသွားတော့ အနုပညာတက္ကသိုလ်၊ ပန်းချီ ဒုတိယနှစ်။ ကျောင်းပြီးအောင်တောင် သူ မတက်ရရှာဘူး။

သူအဖမ်းခံရပြီး နှစ်ရက်လောက်အကြာ ကျနော် အင်တာနက် သုံးနေတုန်း သူ့ကို Gmail မှာ တွေ့ပါတယ်။ ကျနော်လည်း ၀မ်းသာအားရ "ဟိုင်း" မိသေးတယ်။ တကယ်တော့ သူ့အီးမေးလ်ကို ဖွင့်သုံးနေတာ သူ မဟုတ်ပါဘူး။ တုံ့ပြန်ချက် ပုံမှန်မဟုတ်မှ သူ့ အီးမေးလ်အကောင့်ကို ထောက်လှမ်းရေးက ၀င်သုံးနေတာပဲ ဆိုတာ ကျနော် ရိပ်မိတာပါ။ လူတယောက်ဆီက အီးမေးလ် password ကို ရအောင် ထောက်လှမ်းရေးတွေ ဘယ်လို လုပ်သလဲဆိုတာတော့ ကျနော် စဉ်းစားလို့ မရပါဘူး။

နောက်တော့ သူ့အကြောင်းကြားရတဲ့ သတင်းတွေက စုံနေတာပါပဲ။ သူ့ကို စစ်ကြောရေးမှာ တီးတာ၊ ထောင်ဒဏ် ၈ နှစ် ချလိုက်တာ၊ အင်းစိန်ထောင်အတွင်း လိုအပ်ချက်တွေကို အာဏာပိုင်တွေ သိအောင် ထောက်ပြမိလို့ စစ်ခွေးတိုက် ပို့တာ၊ ဒီလ ၁၄ ရက်နေ့မှာပဲ နောက်ထပ် ထောင်ဒဏ် ၁၀ နှစ် တိုးချခံရတာ စသဖြင့် စသဖြင့် စုံလို့ပါပဲ။

ကျနော်ကတော့ စာကလေးတဖြစ်လဲ စည်သူဇေယျ ဆိုတဲ့ နာမည်ကို မြင်လိုက်တိုင်း၊ ကြားလိုက်တိုင်း ကျောင်းကပွဲမှာ သူငယ်ချင်းတွေအကြား ကွေးနေအောင် ကနေတဲ့ ကျောင်းသားလေး တယောက်၊ ဒါမှမဟုတ် စက္ကူဖြူဖြူတရွက်ပေါ်မှာ ဆေးတွေ၊ စုတ်တွေနဲ့ အလှတရားတွေကို အရောင်ခြယ်နေတဲ့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (National University of Arts and Culture) က ပန်းချီဆရာပေါက်စလေး၊ ဒါမှမဟုတ် ကင်မရာကိုင်ပြီး ပရိသတ်အတွက် အားကြိုးမာန်တက် သတင်းလိုက်ယူနေတဲ့ သတင်းထောက် တယောက် အဖြစ်သာ မြင်နေမိ၊ မြင်နေဆဲပါပဲ။
http://www.irrawaddy.org/bur/index.php/special/2010-03-04-07-10-48/7405-2011-09-23-08-06-23

0 အကြံပြုခြင်း: