Friday, September 23, 2011

သမဂ္ဂများ လွတ်လပ်စွာ ဖွဲ့ခွင့်မပေးတာ သဘာဝကို လွန်ဆန်တာဟု ဗကပတုံ့ပြန်



ကိုပေါက် | သောကြာနေ့၊ စက်တင်ဘာလ ၂၃ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၁၁ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ လွတ်လပ်သော လူထုလူတန်းစား သမဂ္ဂများ ဖွဲ့ခွင့် မပြုခြင်းမှာ သဘာဝအား လွန်ဆန် ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) က ပြောဆို လိုက်သည်။

ဗုဒ္ဓဟူးနေ့ ပြည်သူ့လွှတ်တော်တွင် အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဦးကျော်ဆန်းက "လွတ်လပ်ရေး မရမီနှင့် လွတ်လပ်ရေး ရပြီးနောက်ပိုင်း တောင်သူလယ်သမား၊ အလုပ်သမား၊ ကျောင်းသား ကိုယ်စားပြု အဖွဲ့အစည်း များ၏ အကွဲအပြဲမျိုး၊ နိုင်ငံရေးသမားများ၏ အသုံးချခံ ဖြစ်ခဲ့ရသည့် အခြေအနေမျိုး ထပ်မံ မကြုံတွေ့
ရအောင် စနစ်တကျ စီမံဆောင်ရွက်ရန်" ၂ဝဝ၈ ဖွဲ့စည်းပုံအရ လိုအပ်သည့် ဥပဒေများ ပြဋ္ဌာန်းပြီး ဥပဒေနှင့် အညီ ဖွဲ့စည်း ဆောင်ရွက်ပေးသွားရမည်ဟု ပြောဆိုသွားသည်။

လွတ်လပ်ရေးရပြီးစ ပါလီမန် ဒီမိုကရေစီခေတ်အတွင်း ကျောင်းသားတပ်ဦး၊ ဒီအက်စ်အို၊ အလုပ်သမား/လယ်သမား သမဂ္ဂ၊ အလုပ်သမား/လယ်သမား အစည်းအရုံး စသဖြင့် အမျိုးမျိုး ကွဲပြားခဲ့ကြသည့်အတွက် "စည်းလုံးမှု ပျက်ပြားခြင်း၊ သဘောထား ကွဲပြားခြင်းများကိုသာ ဖြစ်ပေါ်စေခဲ့သည်"ဟု အကြောင်းပြဆိုထားသည်။

သို့သော် လူထုလူတန်းစား အဖွဲ့အစည်း ဆိုသည်မှာ လူ့အဖွဲ့အစည်း၏ ရောင်ပြန်ဟပ်မှုသာဖြစ်ပြီး ဟန့်တားခြင်းမှာ မဖြစ်နိုင်သည့်ကိစ္စဖြစ်ကြောင်း ဗကပ ပြောခွင့်ရ ရဲဘော်ဖိုးသံချောင်းက “ကျောင်းသား သမဂ္ဂ ဖြစ်ဖြစ်၊ အလုပ်သမား သမဂ္ဂဖြစ်ဖြစ် အဲဒီတုန်းက နိုင်ငံရေးအခြေအနေ၊ အယူအဆတွေ ဝင်တာ မဆန်းဘူးလို့ ထင်ပါတယ်။ ဒါဟာ သမဂ္ဂတွေအပါအဝင် ဘယ်အဖွဲ့အစည်းမဆို လူ့အဖွဲ့အစည်းရဲ့ ရောင်ပြန်ဟပ်မှုကို အမြဲခံရတာ ဓမ္မတာပါပဲ။ ဘာသာရေးအရပဲပြောပြော၊ နိုင်ငံရေးအယူအဆအရပဲပြောပြော တခုတည်း ဘယ်လိုမှ မရှိနိုင်ဘူး။ ဒါသိပ် သဘာဝကျတဲ့ကိစ္စပါ။ အဲလို မဖြစ်နိုင်တဲ့ကိစ္စကို အတင်းဖြစ်ရမယ်လို့ လုပ်တဲ့လူဟာ အာဏာအားကိုးနဲ့
သဘာဝကို လွန်ဆန်ပြီး ဖျက်ဆီးနေကြတာဖြစ်တယ်” ဟု တုန့်ပြန်ပြောဆိုသည်။

၁၉၆၃ မန္တလေးခရိုင် ဗကသ အတွင်းရေးမှူး၊ ကျောင်းသား ညီညွတ်ရေး တပ်ဦး တွဲဖက် အတွင်းရေးမှူးအဖြစ် တာဝန် ယူခဲ့သည့် ရဲဘော်ဖိုးသံချောင်းက ဆက်လက်၍ ပဋိပက္ခများဖြင့်သာ တိုးတက်ဖြစ်ထွန်းစေနိုင်ပြီး မှန်ကန်စွာ ထိန်း၍ တည်ရှိခွင့် ပြုသင့်ကြောင်း “အဲလို ပဋိပက္ခတွေထဲ ကနေပြီးတော့ပဲ ရှေ့တက်လှမ်းမှုဆိုတာ ဖြစ်ပေါ်တာပါ။ အဲလို ပဋိပက္ခတွေ မရှိတဲ့ အခါကျတော့ မဆလ ခေတ်တလျှောက်လုံး ဥပမာ ကျောင်းသားတွေရဲ့ ပညာရေးပဲ ဖြစ်ဖြစ်၊ ခန္ဓာကိုယ် ကြံ့ခိုင်ဖွံ့ဖြိုးမှုပဲ ဖြစ်ဖြစ်၊ ဦးနှောက် ကြံ့ခိုင်ဖွံ့ဖြိုးမှုပဲ ဖြစ်ဖြစ် တိုးတက်လာသလား။ အဘက်ဘက်က ဆုတ်ယုတ်လာတာ ဒီနေ့ထိ ကြာလေဆိုးလေပဲ” ဟု ပြောသည်။

လွတ်လပ်ရေးနှင့် အမျိုးသား လွတ်မြောက်ရေး ကြိုးပမ်းမှုများတွင် ရှေ့တန်းမှ ပါဝင်ခဲ့သော ကျောင်းသားသမဂ္ဂများ
အား ၁၉၆၂ အာဏာသိမ်း ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရမှသည် တရားဝင် တည်ရှိခွင့် မပေးခဲ့သည်မှာ ယနေ့တိုင်
ဖြစ်သည်။

မဆလ ခေတ်တလျှောက် ကျောင်းသားသမဂ္ဂ အရေးကိစ္စနှင့် ပတ်သက်၍ နောက်ဆုံး ပြောကြားခဲ့သည်မှာ ၁၉၈၈
နောက်ဆုံး သမ္မတ ဒေါက်တာမောင်မောင်က “ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီးကို ပျော်ပျော်ပါးပါးကြီး အုတ်မြစ်ချကြရအောင်ပါ” ဟုဆိုကာ ဆန္ဒပြ ကျောင်းသားထုကြီးအား နှစ်သိမ့်ဖို့ ကြိုးစားခဲ့သည်။

သို့သော် ကျောင်းသားများက သမဂ္ဂအား လူထုပရိသတ်ရှေ့တွင် မိမိဖာသာ ပြန်လည် ဖွဲ့စည်းနိုင်ခဲ့သည်။ ထို့နောက် ၁၉၈၈ အာဏာသိမ်း စစ်အစိုးရများ လက်ထက်မှသည် ယနေ့အချိန်ထိ မြေအောက်သဏ္ဍာန်ဖြင့်သာ စည်းရုံး လှုပ်ရှား
မှုများ ပြုလုပ်နေရဆဲ ဖြစ်သည်။

သို့သော် ဗကသမှာ အာဏာပိုင်များ ဖွဲ့ခွင့်ပြုခြင်းနှင့် မသက်ဆိုင်ဘဲ ကျောင်းသားထု၏ စိတ်ဓါတ်သာ အရေးကြီးကြောင်း ဗကသများအဖွဲ့ချုပ် နိုင်ငံခြားရေးရာ ကော်မတီ တာဝန်ခံ ကိုမင်းနိုင်က မဇ္ဈိမကို ပြောသည်။

“ဗကသများ အဖွဲ့ချုပ်ဆိုတာ ကျောင်းသားရှိရင် သမဂ္ဂရှိမယ် ဆိုတဲ့အတိုင်း အာဏာပိုင်တွေ၊ အုပ်ချုပ်သူတွေက
ခွင့်ပြုမှ ဖွဲ့ခွင့်ရှိတာ မဟုတ်ပါဘူး။ ကျောင်းသား လူငယ်ထုတွေ ကိုယ်၌က သမဂ္ဂ စိတ်ဓါတ်နဲ့ ကျောင်းသားထု အခွင့်အရေး အတွက်ဖြစ်စေ၊ အမျိုးသား နိုင်ငံရေး အတွက်ဖြစ်စေ ရပ်တည်နေနိုင်ရမယ်” ဟု သူက ပြောသည်။

စက်တင်္ဘာ ၂၁ ရက် လွှတ်တော်တွင် ဝန်ကြီး ဦးကျော်ဆန်း ပြောကြားချက်မှာ အာဏာရ အစိုးရများ အဆက်ဆက် ဒုတိယအကြိမ် ကျောင်းသားသမဂ္ဂ အရေးမှာ ထည့်သွင်းပြောဆိုခြင်း ဖြစ်သည်။

အလုပ်သမား အဖွဲ့အစည်းနှင့် ပတ်သက်သည့် ဥပဒေကြမ်းတခုကိုမူ သြဂုတ်လ လွှတ်တော်က အတည်ပြုလိုက်ပြီး
ဖြစ်သည်။

ဤဥပဒေအရ ပေါ်ထွက်လာနိုင်ဖွယ်ရှိသည့် အလုပ်သမား အဖွဲ့အစည်းမှာ မဆလခေတ် အလုပ်သမား/ လယ်သမား
ကောင်စီများကဲ့သို့ မဖြစ်သင့်ကြောင်း ရဲဘော်ဖိုးသံချောင်းက “မဆလခေတ် တလျှောက်လုံးမှာ အလုပ်သမား
ကောင်စီ၊ လယ်သမား ကောင်စီတွေ ရှိခဲ့တာပါ။ အဲဒီဟာမျိုး နောက်ထပ်မျိုးကွဲ တခု ဆိုလို့ကတော့ အလုပ်သမား/ လယ်သမားတွေ အတွက် ဘာမှမထူးပါဘူး” ဟု ပြောသည်။

အလုပ်သမားများ၏ မကျေနပ်မှုများမှာ နေရာတိုင်းတွင် ရှိနေပြီး အစိုးရ အဝန်းအဝိုင်း၏ အကျိုးစီးပွားကိုကား အထိခိုက်ခံလိမ့်မည် မဟုတ်ကြောင်းလည်း သူက ဆက်ပြောသည်။

“နိုင်ငံခြား ကုမ္ပဏီတွေ၊ ပုဂ္ဂလိက ကုမ္ပဏီတွေမှာ အလုပ်သမား လှုပ်ရှားမှုတွေ ပေါ်ခွင့်ပေးတယ်။ သူတို့ အစိုးရက ဝင်ပြီး ဖြေရှင်းတယ်။ ဒါပေမယ့် သူတို့ ကုမ္ပဏီတွေ၊ သူတို့ လုပ်ငန်းတွေမှာ လုံးဝ ပေါ်ခွင့်မပြုဘူး။ အဲဒါ အစိုးရရဲ့ သဘောထား ဖြစ်တယ်။ နောင် အလုပ်သမား သမဂ္ဂလို့ သူတို့ ဖန်တီးလာရင်လည်း အဲဒီလို သဘောထားမျိုးပဲ။ တခြားဟာတွေကိုတော့ ဆန္ဒပြခွင့်တို့၊ ဆန့်ကျင်ခွင့် ပေးကောင်းပေးမယ်။ ဒါပေမယ့် သူတို့ရဲ့ အကျိုးစီးပွားတွေကို
တော့ လုံးဝ ထိခွင့်ပေးမှာ မဟုတ်ပါဘူး” ဟု ရဲဘော်ဖိုးသံချောင်းက ပြောသည်။

အဆိုပါ အလုပ်သမားအဖွဲ့အစည်း ဥပဒေမူကြမ်းအား လက်ရှိ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က တင်သွင်းခြင်း
ဖြစ်ပြီး ဆန္ဒပြခွင့်မရှိသည့် နေရာများအား သတ်မှတ်ဖော်ပြထားသည်။
http://www.mizzimaburmese.com/news/inside-burma/8373-2011-09-23-07-49-14.html

0 အကြံပြုခြင်း: