Thursday, October 20, 2011

ဘန်ကောက်မြို့ထဲ ရေမ၀င်အောင် တားမရတော့

ကြာသပတေး, 20 အောက်တိုဘာ 2011
By ဗွီအိုအေ (မြန်မာဌာန)

ထိုင်းနိုင်ငံ ဘန်ကော်မြို့တော်ထဲကို ဝင်လာနေတဲ့ ရေတွေကို ဆက်ပြီးမတားနိုင်တော့ဘူးလို့ ထိုင်းတာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ တစ တစတက်လာနေတဲ့ ရေတွေကို ဘန်ကောက် မြို့မှာရှိတဲ့ တူးမြောင်းတွေကနေ ပင်လယ်ထဲကို စီးဝင်သွားနိုင်ဖို့ ရေတံခါးတွေကို ဖွင့်ဖို့ ဝန်ကြီးချုပ် Yin Yingluck Shinawatra က တာဝန်ရှိသူတွေကို ဒီကနေ့ ကြာသပတေးနေ့မှာ အမိန့်ပေးလိုက်ပါတယ်။

ဒါဟာ August လမှာမှ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဝန်ကြီးချုပ် Yingluck အတွက် ပထမဆုံး ရင်ဆိုင်ရတဲ့ ပြဿနာကြီးဖြစ်ပါတယ်။ ဘန်ကောက်မြို့တော်ရဲ့ မြောက်ပိုင်းရပ်ကွက်တွေမှာ ရေတွေ စတင်ကြီးနေချိန်မှာ မြို့လယ်မှာရှိတဲ့ တူးမြောင်းတွေကနေ ရေတွေလျှံတက်လာမှာလား ဆိုတာကို အတိအကျ မပြောနိုင်ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဘန်ကောက်မြို့လယ်က လူတွေကတော့ ရေကြီးမှုကို ကာကွယ်ဖို့ ကြိုးစားတဲ့အနေနဲ့ သဲအိတ်တွေကို ချနေကြပါတယ်။ ဝန်ကြီးချုပ်က ရေတံခါးတွေကို ဖွင့်ဖို့ အမိန့်ပေးလိုက်တဲ့အတွက် လူတွေဟာ အစားအသောက်တွေ၊ အခြေခံလိုအပ်တဲ့ ပစ္စည်းတွေကို အလုအယက် ဝယ်နေကြတဲ့အတွက် လိုအပ်တာထက် ပစ္စည်းတွေကို မဝယ်ကြဖို့ တာဝန်ရှိသူတွေက သတိပေးနေရပါတယ်။

တံတားတွေ အဝေးပြေးလမ်းမတွေပေါ်မှာလည်း မော်တော်ယာဉ်တွေ မရပ်ဘဲ ဖယ်ရှားထားပေးဖို့ ဒေသခံတွေကို အမိန့်ပေးထားပါတယ်။ ထိုင်းနိုင်ငံအလယ်ပိုင်းမှာ ကြီးနေတဲ့ ရေတွေက အတားအဆီးတွေကို ကျော်လွှားပြီး ဘန်ကောက်မြို့တော် မြောက်ပိုင်း လမ်းမတွေအထိ ဒီကနေ့ ကြာသပတေးနေ့မှာ စတင်ပြီး ဝင်ရောက်လာတာဖြစ်ပါတယ်။

ရေကြီးမှုကြောင့် တနေ့ကိုအစင်း ၆ ထောင်လောက် ထုတ်လုပ်နေတဲ့ ဂျပန်မော်တော်ကား စက်ရုံတွေလည်း ရပ်ထားရပါတယ်။ တခြားစက်မှု လက်မှုလုပ်ငန်းတွေလည်း ထိခိုက်နေပါတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ Sony Electronic ကုမ္ပဏီက နောက်ဆုံးပေါ် SLR ကင်မရာတမျိုးကို တကမ္ဘာလုံးမှာ စတင်ရောင်းချဖို့အစီအစဉ်ကိုလဲ ရွှေ့ဆိုင်းလိုက်တယ်လို့ Sony က ပြောပါတယ်၊ လာမဲ့ရက်ပိုင်းတွေမှာ အဆိုးဆုံး အခြေအနေတွေဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ထိုင်းနိုင်ငံမှာ အနှစ် ၅၀ အတွင်း အဆိုးဆုံးရေကြီးမှုကြောင့် သေဆုံးသူ ၃၂၀ လောက်ရှိသွားပြီး လူပေါင်း ၉ သန်းလောက် ရေဘေး ဒုက္ခရောက်နေကြပါတယ်။ ဗီယက်နမ်၊ (Vietnam,)၊ ကမ္ဘောဒီးယား၊ (Cambodia) နဲ့ လာအို Laos နိုင်ငံတွေမှာလည်း ရေတွေကြီးနေပါတယ်။

http://www.voanews.com/burmese/news/--10-20-11_my_news_international----132235903.html


ဘန်ကောက် ရေကြီးမှု အခြေအနေ ဆိုးလာ
by FNG on October 20, 2011

ဒီနေ့  နေ့ လည် ၁၂ နာရီ ကျော်မှာ နိုင်ငံမြောက်ပိုင်း က စီးဝင် လာတဲ့ ဆည် နဲ့  တောင်ကျချောင်း
ရေ တွေ ဟာ ထိုင်း နိုင်ငံ ရဲ့  မြို့  တော် ဘန်ကောက် ကို အရှိန် အဟုတ် ပြင်းစွာ နဲ့  စီးဝင်လာ ပါ
တယ်။

ထိုင်းဝန်ကြီး ချုပ် ယင်လပ် က တော့ ” ရေ တွေ ကို မြို့  ထဲ ၀င်မလာရ အောင် တားထား ဖို့  မဖြစ်
နိုင် တော့ ဘူး မြို့  တော် ကို ဖြတ် ပြီး ပင် လယ် ထဲ စီးဝင် စေဖို့  ပဲ ရှိတယ်၊ ရေ တွေ ကိ နေရာ ပေါင်း
စုံကနေ ဘန်ကောက် ကို စီးဝင်လာတာ ” လို့  မီဒီယာ တွေ ကိုပြော ပါတယ်။

တကယ်လို့  ပင်လယ် ရေ နဲ့  ဘန်ကောက် မြို့  ပေါ် မှာ ဖုံးလွှမ်း နေတဲ့ ရေ တွေ ဟာ ရေမျက်နှာ
ပြင် ညီမျှ သွား ခဲ့ ရင် ပင်လယ် ရေ တွေ လည်း တစ်ခါ ပြန် တိုး ၀င် လာ နိုင် ပြီး ၊ ပင်လယ် တွင်း
က အန္တရာယ် ရှိ တဲ့ သတ္တ၀ါ တွေ လည်း ၀င်ရောက် နိုင်တယ် လို့  ဆိုပါတယ်။

ဘန်ကောက် မြို့ တော်ဝန် ဆွန်ခွန်ဘန် ပရီဘတရာ က ပင်လယ် တွင်း ကို ရေတွေ စီးသွား နိုင်
အောင် ရေထိန်း တံ ခါးတွေ ကို အကုန် ဖွင့် ပေး မယ် လို့  ဆိုပါတယ်။

ဘန်ကောက် ရေကြီး မှု ကြောင့် စက်ရုံ အလုပ် ရုံ တွေ အကုန် ပိတ်ထား ရ ပြီး တစ်နိုင်ငံ လုံး မှာ
တော့ စက်ရုံ ပေါင်း ၁၄၀၀၀ ကျော် ပိတ်ထား ရပါတယ်။

သီတသင်း နှစ်ပတ် ကျော် ကြာပြီ ဖြစ် တဲ့ ရေကြီးမှု ကြောင့် နိုင်ငံ ခြား က လာရောက် ရင်းနှီး မြုပ် နှံ
တဲ့ ကုမ္ပဏီ တွေ ဖြစ် တဲ့ တိုယိုတာ၊ဆိုနီ၊ မိုက်ခရို ဆောဖ် စတဲ့ ကုမ္ပဏီ တွေ ဟာ အရှုံး နဲ့  ရင်
ဆိုင် နေရပါတယ်။

ရေကြီး မှု က လူ သိန်း နဲ့  ချီ အိုးမဲ့ အိမ်မဲ့ ဖြစ်စေကာ ထိုင်း ရောက် မြန်မာ လူမျိုး တွေ လည်း စက်
ရုံ တွေ ပိတ်ထား ရ လို့  ၀င်ငွေ ထိခိုက် နေပါတယ်။

ထိုင်း နိုင်ငံ ရဲ့  နေရာ အချို့ မှာ ရိက္ခာ နဲ့  စားသောက် ဖွယ်ရာ တွေ ပြတ် လပ် မှု ဖြစ် ပေါ် နေကာ
ရေ သန့်  ရ ရှိ မှု က လည်း တစ်နေ့ ထက် တစ်နေ့  ဆိုးရွား လာ နေပါတယ်။

ရေဘေး ဒုက္ခသည် တွေ ကို အရင်က သီးသန့်ေ နရာ တွေ ဖြစ်တဲ့ စစ်တပ် နဲ့  တက္ကသိုလ် တွေ
ထဲ မှာပါ နေရာ ချပေး ထား ရပါတယ်။

ရေကြီး မှု ကြောင့် တစ်ချို့  နေရာ တွေ မှာ မိကျောင်း နဲ့  ငါးလိပ် ကျောက် လို သတ္တ၀ါ တွေ အပြင်
အခြာဒ ရေ သတ္တ၀ါ တွေ ပါ ပါလာတယ် လို့  အယုဒ္ဓမှာ ရောက် ရှိ နေ တဲ့ FNG သတင်းထောင်
မ သင်းသင်းမြတ် က သတင်း ပေး ပို့  ပါတယ်။
http://freedomnewsgroup.com


ရေဘေးအန္တရာယ်စိုးရိမ်နေရတဲ့ ဘန်ကောက်မြို့တော်
Posted by admin on October 20, 2011 0 Comment

ဗုဒ္ဓဟူးနေ့က ယာယီနေထိုင်စရာနေရာ၂ခုကို ရွှေ့ပြောင်းဖို့ ဆိုင်မိုင် ခရိုင်၊ ခလုန်ဟော့ဝ တူးမြောင်းတလျှောက်မှာရှိတဲ့ ဘန်ကောက်ရဲ့ ရေကာတာတံတိုင်းတွေအပြင်ဖက်မှာနေတဲ့ အိမ်ထောင်စု ၂၀၀ ကျော်ကို မြို့တော်ခန်းမက အကြံပြုလိုက်တယ်။ ဗုဒ္ဓဟူးနေ့မှာ ဘန် ကောက်မြို့တော်အုပ်ချုပ်ရေးမှူးဆူခွန်ဟမ်းက ဒုတိယအကြိမ် သတိပေကြေညာချက် ထုတ်လိုက်ပါတယ်။ ဆိုင်မိုင်ခရိုင်က ဆိုင်မိုင် နဲ့ ရစ်တီယ၀ဏ္ဏလိုင် ကျောင်းတွေဟာ လူ၂ထောင် နေနိုင်ပါတယ်။ တူးမြောင်းတလျှောက်တည်ဆောက်ထားတဲ့ မီတာ ၂၀၀ လောက် ရှည်တဲ့ တမံကျိုးသွားပြီးနောက်မှာ ရေတွေဟာ မြို့ထဲကို ရောက် လာပြီး ပထုန်ဌာနီပြည်နယ်၊ ခလုန်ရာ့ဖီးဖတ်မှာ ရေတွေဟာ စိုးရိမ် ရတဲ့အမြင့်ကို ရောက်နေပါပြီ။ မြေသားတမံ တွေ ပိုပို အက်လာနေတာ တွေ့ပြီးနောက်မှာ မြင့်တဲ့နေရာတွေကို ချက်ချင်း ပြောင်းရွှေ့နေကြဖို့ ခလုန်ရတ်ဖီဖတ်မှာ အခြေ စိုက်ထားတဲ့ စစ်သားတွေက တူးမြောင်းဘေးမှာနေတဲ့လူတွေကို ပြောပါ တယ်။ စစ်သားတွေက ဒီမြေသားအက် လာနေ တာကို ပြင်ဆင်ဖို့ ခက်တယ်ဆိုတာ တွေ့မြင်နေရတာကြောင့် ဒီဒေသက လူတွေကို အပြင်ကို သယ်ပို့ဖို့ ထရပ်ကားတွေ လွှတ်လိုက်ပါပြီ။

ဘန်ကောက်က ခရိုင် ၇ ခုဟာ ရေလွှမ်းမယ့်အန္တရာယ်ရှိတာကြောင့် အဲဒီမှာနေတဲ့လူတွေဟာ မြင့်တဲ့နေရာတွေကို ရွှေ့နေသင့်တယ်လို့ တွစ်တာကတဆင့် ဘန်ကောက်အုပ်ချုပ်ရေးမှူးက သတိပေးထား ပါတယ်။ ဒီခရိုင်တွေကတော့ လတ်ခရာဘန်၊ နောင်ကျော၊ မင်ဘူရီ၊ ခလုန်ဆမ်ဝ၊ ကန်နာယောက်၊ ဆိုင်မိုင်နဲ့ ဘန်ခင် ခရိုင်တို့ ဖြစ်ပါ တယ်။ လျှံတက်လာတဲ့ ရေတွေက ခလုန်ရာ့ဖီဖတ်က ကျိုးသွားတဲ့ တမံကနေ ဒီဒေသတွေဆီကို ဦးတည်လာနေပါပြီလို့ အုပ်ချုပ်ရေးမှူး ကပြောပါတယ်။ ရေအမြင့်က ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးက ဆောက်လုပ်ထားတဲ့ ရေတားတံတိုင်းတွေထက် မြင့်တက်လာ နိုင်ပြီး ဒီခရိုင်တွေ ရေမြုပ်သွားနိုင်ပါတယ်။ ရေမြင့်တက်လာတာက ဖြေး ဖြေးပဲ ဖြစ်မှာမို့ ဒီသတိပေးချက်က ချက်ချင်း ရွှေ့ပြောင်းဖို့အချက် ပြတာ မဟုတ်ပါဘူး။ ကြိုတင်ပြင်ဆင်ဖို့ ၂၄ နာရီလောက် အချိန် ရှိပါတယ်။ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့က ရေဘေးအန္တရာယ်အခြေအနေကို ၃ နာရီတကြိမ် ကြေညာပေးပါမယ်။

ရေဆက်ကြီးနေလို့ ၀ိဟာဝဒီလန်စစ်လမ်းမကြီးပေါ်မှာ ကားတွေ ပိတ်ဆို့ညပ်သပ်ကုန်ပါတယ်။ ရေအမြင့်က စင်တီမီတာ ၂၀ လောက် ရှိပြီး၊ ရေစီးကြမ်းလို့ မော်တော်ကားသမားတွေအတွက် လမ်းတ လမ်းပဲ သွားစရာ ရှိပါတော့တယ်။ ကားတန်းကြီးက ပထုမ်ဌာနီက ဆီမမ်မောန်ဈေးကြီးက စပါတယ်လို့ ဒီကနေ့နေ့လည် သတင်းတွေ က ပြောပါတယ်။ ထမ္မာဆတ် တက္ကသိုလ်ရဲ့လန်စစ်ကျောင်းဝင်းဆီ ဦးတည်လာတဲ့ ၀ိဟာဝဒီ-လန်စစ်လမ်းမပေါ်က ရေအမြင့်ဟာ စင်တီ မီတာ ၅၀ ထိ တိုးလာတယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။ လမ်း ဘေးတွေမှာလည်း ရေတွေမြုပ်နေပြီး မော်တော်ယာဉ်တွေဟာ Zeer Rangsit အရောင်းစင်တာကနေ ဖဖိုယိုထင်လမ်းမဆီ အလျင်အမြန် တိုးဝှေ့မောင်းနေကြပါတယ်။ ဘန်ကောက်ရဲ့ အကြီးဆုံး ဖျူးချားပတ်ခ် လန်စစ် အရောင်းစင်တာကြီးကတော့ တံခါးတွေ ပိတ်ထားပြီး လမ်းတွေပေါ်မှာ ရေတွေပြည့်နေ လို့ မနက်ဖန် ကြာသပတေးနေ့အထိ ပိတ်ထားမှာ ဖြစ်ပါတယ်။ အခြေအ နေပေါ်မူတည်ပြီး ဆက်ပိတ် မပိတ်ကို ကြေညာ ပေးမယ်လို့ အရောင်းဆိုင်ဌာနကြီးရဲ့ လူထုဆက်ဆံရေးဌာနက ဒီနေ့ နေ့လည်မှာ ကြေညာပါတယ်။ ဒီအရောင်းစင်တာမှာ ရေဘေးဒုက္ခရောက်နေတဲ့ ဈေးဝယ်သူတွေအတွက် အောက်တိုဘာ ၃၁ ရက်နေ့အထိ ကားရပ်ခ ပေးစရာမလိုပါဘူး။

(The Mall) ကုန်တိုက်ကြီးနားက ဘစ်စီ (Big C)နဲ့ HomePro ကုန် တိုက်ကြီးတွေကတော့ ဖွင့်နေတုန်းပါ။ နွန်ထာဘူရီ အနီးအနားပြည် နယ်တွေမှာ ရေလွှမ်းမိုးမှုအခြေအနေဟာ စိုးရိမ်ရတဲ့အခြေအနေ ရောက်နေပါပြီ။ ခရိုင်အားလုံးကတော့ ရေမြုပ်နေပါပြီ။ ၆ ခရိုင်စလုံး ရေမြုပ်နေပါပြီ။ ဘန်းဘွားထုန်နဲ့ဖတ်ခရက်ခရိုင်တွေက အဆိုးပါလို့ နွန်ထာဘူရီ အုပ်ချုပ်ရေးမှူး ၀ိချီယန်ဖွတ်ထီဝင်ယုက ပြောပါတယ်။ အယုဒ္ဓယနဲ့ ပထုမ်ဌာနီကရေတွေဟာ မနေ့ကတည်းက နွန်ထာဘူရီ ထဲကို စီးဝင်လာနေတာ ဖြစ်ပါတယ်။ နိုင်ငံတော်ကနေ အကူအညီ တောင်းခံချင်တဲ့ ရေဘေးဒဏ်ခံရတဲ့သူတွေ အနေနဲ့ အရေးပေါ်လိုင်း ၁၁၃၁ ကို ဆက်သွယ်ဖို့ အုပ်ချုပ်ရေးမှူးက တောင်းဆိုထားပါတယ်။ ဒီဌာနက အချိန်တိုင်း တိုင်တန်းမှုတွေကို လက်ခံနေမှာ ဖြစ်ပါတယ်။ ရေဘေးဒုက္ခသည်တွေကို ကူညီရာမှာ အနှောက်အယှက်ဖြစ်မှာ စိုးတဲ့အတွက် ဖုန်းခေါ်သူတွေ အနေနဲ့ အရေးပေါ်လိုင်း ကို သတင်းမှားတွေမပေးဖို့။ ၀ိချီယန်က တောင်းဆိုထားပါတယ်။ ရေကြီးတာနဲ့ ပတ်သက်ပြီး အထိတ်တလန့်မလုပ်ဖို့ သူ က တောင်းဆိုထားပါတယ်။

အောက်တိုဘာ ၁၉၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)
http://www.naytthit.net/?p=21058


ဘန်ကောက်မြို့တော်ကို ရေစတင်ဝင်ရောက်
Published on October 20, 2011 by မန်းစိုင်းမွန် · No Comments

ဘန်ကောက်မြို့ တော်ရဲ့  အထက်ပိုင်း ပထုံဌာနီခရိုင် နှစ်ပတ်ကြာ ရေလွှမ်းခဲ့ပြီးနောက် ရေထုဟာ ဘန်ကောက်မြို့တော်ရဲ့ အရှေ့ ပိုင်းက ရပ်ကွက်ဇုန်ကြီး ၇ ခုကို ဒီကနေ့ စတင်ဝင်ရောက်နေပါတယ်။

ဘန်ကောက်မြို့ တော်ရဲ့ အတွင်းဧရိယာကို ကာကွယ်ထားနိုင်ဆဲ ဖြစ်ပေမယ့် ကာကွယ်ရေး သဲအိတ်တမံတွေရဲ့  အပြင်ဘက်အပိုင်းက ရပ်ကွက်ဇုန်ကြီး ၇ ခုက ပြည်သူအားလုံး မိမိတို့ရဲ့ ပစ္စည်းတွေကို ပိုမြင့်တဲ့နေရာတွေဆီ ရွှေ့ပြောင်းဖို့၊ ကားတွေကို မိုးပျံလမ်းမကြီးတွေပေါ်မှာ ရွှေ့ပြောင်းထားဖို့နဲ့  ကလေးငယ်တွေနဲ့ လူမမာတွေကို အသင့်ပြင်ထားတဲ့ ရေဘေးဒုက္ခသည်စခန်းတွေကို စပြီးရွှေ့​ပြောင်းထားဖို့  ဘန်ကောက်မြို့တော်ဝန်က ဗုဒ္ဒဟူးနေ့ ညက ထုတ်ပြန်သတိပေးခဲ့ပါတယ်။

ဘန်ကောက်မြို့တော်နဲ့ ပထုံဌာနီခရိုင် နယ်နိမိတ်ကြား ပထုံဌာနီခရိုင်ထဲမှာ ၇ ကီလို ရှည်လျားတဲ့ သဲအိတ်ရေကာတမံကြီးကို ဆောက်ဖို့ အင်အားမရှိဘူးလို့​ဘန်ကောက်မြို့တော်ဝန်က ပြောပါတယ်။ ဗဟိုအစိုးရက စီမံဆောင်ရွက်ပေးရမယ့် အပိုင်းလို့လည်း သတင်းထောက်တွေကို ပြောပါတယ်။

ထိုးအစိုးရရဲ့ အရေးပေါ် ရေဘေးကယ်ဆယ်ရေးစင်တာ ဒွန်မောင်းလေဆိပ်က ထိုင်းလေတပ်ပိုင် လေယာဉ်၊ ရဟတ်ယာဉ်နဲ့ ယန္တရားတွေကို ဘန်ကောက် အရှေ့​တောင်ဘက် ချွန်ဘူရီ ခရိုင်က အူတဖောင်းရေတပ်စခန်း၊ အရှေ့ မြောက်ပိုင်းက နခွန်ရာ့ချစီမားခရိုင်မှာရှိတဲ့ အမှတ် ၁ လေတပ်စခန်းနဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းက ချင်းမိုင် အမှတ် ၄၁ လေတပ်စခန်းတွေကို ရွှေ့ပြောင်းထားပြီး လေးလံတဲ့ စစ်လက်နက်တွေကိုလည်း မြင့်တဲ့ နေရာတွေကို ရွှေ့ထားပြီဖြစ်တယ်လို့​ ထိုင်းသတင်းတွေက ဆိုပါတယ်။

ဒီကနေ့ ညနေ ၅ နာရီခွဲမှာ တပ်ခရိုင်အတွင်းမှာရှိတဲ့ ထိုင်းနိုင်ငံရဲ့ အကြီးဆုံးရေကာတာ ဖြစ်တဲ့ ဘုမ္မိဘွန်းရေလှောင်ကန်ကြီးက ရေတွေ ထပ်တိုးလာတာတဲ့အတွက် ရေကာတာ​ မကျိုးအောင် ရေတွေကို လွှတ်ထုတ်ရတော့မယ်လို့ တာတမံဌာနက ထုတ်ပြန်သတိပေးပါတယ်။

ဘန်ကောက်အထက်က နခွန်စ၀မ်၊ အယုဒ္ဓယနဲ့ ပထုံဌာနီစတဲ့ ခရိုင်ကြီးတွေ ရေလွှမ်းနေတာဟာ ဘုမ္မိဘွန်းရေလှောင်ကန်ကြီးက ရေတွေကို ဖောက်ထုတ်နေရလို့​ ဖြစ်ပါတယ်​။

ရေဘေးကြောင့် လူ ၉​ သန်းကျော် ဒုက္ခရောက်နေပြီး ၃၂၀ သေဆုံးသွားပြီလို့​ရေဘေးကူညီရေး သတင်းပေးစင်တာက ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။
http://burmese.dvb.no

ထိုင်းနိုင်ငံ ရေကြီးမှု အရှိန်မြင့်လာ၍ ဌာနေပြန်မည့် မြန်မာအလုပ်သမား များလာ
Submitted by admin on Thursday, 20 October 2011--
အောက်တိုဘာလ ၂၀ရက်။ စောခါးစူးညား (ကေအိုင်စီ)

ထိုင်းနိုင်ငံတွင် ရေကြီးမှု အရှိန်မြှင့်လာသည်နှင့်အမျှ ဘန်ကောက်မြို့အနီးရှိ စက်ရုံ အလုပ်ရုံ အများစုမှ မြန်မာအလုပ်သမား များသည် ယခုအပတ်အတွင်း ဌာနေပြန်သူ များလာသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂လက ဘန်ကောက်ရှိ ဆည်များ ရေဖောက်ချခံရပြီးနောက် ရေကြီးမှု စတင် ဖြစ်ပွားကာ ယခုထိ ရေပြန်မကျသည့် အပြင် ရေများ ထပ်မံတက်လာသည့်အတွက် မြန်မာအလုပ်သမား အလုပ်မဆင်းနိုင်ဘဲ ဌာနေပြန်ရန် စဉ်းစားလာခဲ့ကြခြင်း ဖြစ် သည်။

ဘန်ကောက်မြို့အနီးရှိ စမွတ်ဆာခွန်စက်မှုဇုံ အိမ်သုံးပရိဘောဂစက်ရုံမှ အလုပ်သမား စောဖီးကျော် ဆိုသူက “မနက် မနက်ဆို ရင် မြန်မာပြည်ကို ပြန်တဲ့ အလုပ်သမားတွေကို လာကြိုတာ ကားဆိုရင် လူအပြည့်ပဲ။ ကားကတော့ လိုင်းကားကော၊ ဒတ်ဆန်း ကားကောပဲ။ တစ်ရက်ဆိုရင် ဆယ်စီးကျော်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

အလုပ်သမား ၃၀၀ကျော်ရှိ ၎င်းအလုပ်ရုံတွင် ဌာနေပြန်သူ ၂၀ဦးကျော်ရှိပြီး စမွတ်ဆာခွန်စက်မှုဇုံနှင့် ကပ်လျှက်ရှိသည့် ပထုံဌာ နီရပ်ကွက်မှ အလုပ်ရုံများတွင် ပြန်သည့်အလုပ်သမား အများဆုံးဖြစ်သည်ဟု သူက ဆက်ပြောသည်။

မြန်မာပြည် ပြန်သူများတွင် အလုပ်သမားမှတ်ပုံတင်ကဒ် ရှိသူများသည် ခရီးစရိတ် ထိုင်းဘတ်ငွေ ၅၀၀မှ ၆၀၀အထိ ကုန်ကျ ကာ လိုင်းကားစီး ပြန်နိုင်သော်လည်း ကဒ်မရှိသူများအတွက်မူ ကယ်ရီမှတဆင့် ဒတ်ဆန်းကားဖြင့် ဘတ်ငွေ ၄,၀၀၀ မှ ၅,၀၀၀ အထိ ကားခပေးရသည်ဟုလည်း သူက ရှင်းပြသည်။

သို့သော် ထိုင်းဘတ်ငွေ မရှိသူများအဖို့မူ အလုပ်မလုပ်နိုင်သည့်အပြင် ဌာနေပြန်ရန်လည်း အခက်အခဲရှိပြီး ခိုလှုံရန်နေရာနှင့် စားနပ်ရိက္ခာပြဿနာများ ရင်ဆိုင်နေရသည်ဟု သိရသည်။

ပထုံဌာနီရပ်ကွက်ရှိ ကွတ်တီယိုဆိုင်ကြီးတခုတွင် အလုပ်လုပ်သူ စောဖိုးချောကလည်း “ကျနော်တို့ဆိုင်မှာ ဒီညနေပဲ ပြန်တဲ့သူ သုံးလေးယောက်လောက် ရှိတယ်။ ရေကြီးလို့ အလုပ်မလုပ်နိုင်တာလည်း တစ်လနီးပါးလောက် ရှိပြီ။”ဟု ပြောသည်။

ဆက်လက်၍ ၎င်းနေထိုင်သည့် တိုက်ခန်းတွင် ရေများ တဖြည်းဖြည်းတက်လာသဖြင့် တိုက်ခန်းအပေါ်ထပ်သို့ ပြောင်းနေရပြီး ယခုထက်ပို၍ ဆိုးဝါးလာပါက ရွာပြန်မည်ဖြစ်ကြောင်း သူက ဆိုသည်။ ၎င်းအပြင် ရေကြီးသည့်ဒေသတွင် လုပ်ကိုင်နေသူ မြန် မာအလုပ်သမားများ၏ မိသားစုများကလည်း နေရပ်ပြန်လာကြရန် မြန်မာပြည်တွင်းမှ ဖုန်းဆက်အကြောင်းကြားခဲ့ကြသည်။

ထိုင်းနိုင်ငံအတွင်းရှိ ခရိုင် ၇၇ခုအနက် ၆၁ခုမှာ ရေကြီးမှုဒဏ် ခံနေရပြီး လူဦးရေ ၈၂သိန်းကျော် ရေဘေးနှင့် ရင်ဆိုင်နေရကာ သေဆုံးသူ ၃၀၀ကျော် ရှိပြီဟု ယခုလ ၁၇ရက်တွင် ထိုင်းနိုင်ငံ၊ ရုပ်သံလွှင့်ဌာနများက သတင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် ထိုင်းနိုင်ငံရှိ အယုဒ္ဓယမြို့ အပါအ၀င် ချိုင်နက်နှင့် နခွန်စဝန်မြို့များတွင် ရေကြီးမှုဒဏ်ကို ဆိုးဆိုးဝါးဝါး ခံနေရပြီး အိမ် ခြေ ၈သိန်းကျော် ရေအောက်နစ်မြုပ်နေသည်ဟုလည်း သိရသည်။
http://www.kicnews.org/

0 အကြံပြုခြင်း: