Tuesday, October 18, 2011

၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် မွေးနေ့


Burma VJ တင်ဆက်တဲ့ Min Ko Naing 49 Birthday





Min Ko Naing 49 Birthday ဒေါ်စုပြောကြားချက်





ကိုဇာဂနာပြောတဲ့ Min Ko Naing 49 Birthday


https://picasaweb.google.com/104599519102251045718/MinKoNaing49Birthday



VOA



“ကျင့်တဲ့တရားပဲ အရေးကြီးတယ်” ဟု မင်းကိုနိုင် မွေးနေ့ အမှာစကားပြော
ဇွဲခန့် | အင်္ဂါနေ့၊ အောက်တိုဘာလ ၁၈ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၂ မိနစ်

နယူးဒေလီ (မဇ္စျိမ) ။ ။ “လူဆိုတာ ရောက်တဲ့နေရာ အရေးမကြီးဘူး၊ ကျင့်တဲ့ တရားပဲ အရေးကြီးတယ်” ဟူ၍ ကျိုင်းတုံထောင်တွင်း ထောင်ဒဏ် ၆၅ နှစ်ကျခံနေရသည့် ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က မွေးနေ့ အမှာစကား အဖြစ် ပြောဆိုလိုက်သည်။

အင်္ဂါနေ့တွင် ကျရောက်သည့် အသက် ၄၉ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် အင်းစိန်မြို့နယ် သမိုင်း မြို့မ ပရိယတ္တိ စာသင်တိုက်တွင် ကျင်းပခဲ့ရာ ယင်းကဲ့သို့ ထောင်တွင်းမှ အမှာစကားပေးပို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“သူက အမှတ်တရနေနဲ့ ရေးပေးလိုက်တာပေါ့နော်။ ဘယ်နေရာရောက်ရောက် ရောက်တဲ့နေရာက အရေးမကြီးဘူး
ပေါ့နော်။ ကိုယ့်ရဲ့ကျင့်ကြံမှု၊ ကိုယ့်ရဲ့ နေထိုင်မှု ဒါကို ရည်ညွန်းချင်တယ်လို့ ကျမ ထင်တာပေါ့နော်” ဟု ညီမဖြစ်သူ မမီမီလွင်က မဇ္ဈိမကို ပြောသည်။
mkmbir14

အကျဉ်းကျနေသည့် မွေးနေ့ရှင် ကိုယ်စား ကိုမင်းကိုနိုင်၏ မိသားစုဝင်များက မွေးနေ့ ဆုတောင်း ရွတ်ဆိုနေသည်ကို သမိုင်းမြို့မကျောင်းတွင် တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

ကိုမင်းကိုနိုင်မှာ ၂ဝဝ၇ ခုနှစ် လောင်စာဆီဈေးနှုန်း ကျဆင်းရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့မှုဖြင့် ယင်းနှစ် သြဂုတ်လ
၂၁ ရက်နေ့က ဖမ်းဆီးခံရကာ ထောင်ကျခံနေရခြင်း ဖြစ်ပြီး မကြာသေးခင်က သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်း ချမ်းသာခွင့်တွင်လည်း လစ်လျူရှု ခံထားရသူတဦး ဖြစ်သည်။

နံနက် ၈ နာရီမှစတင်ခဲ့သည့် မွေးနေ့ပွဲသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင် အပါအဝင် မကြာမီက ပြန်လည် လွတ်မြောက်လာသည့် လူရွှင်တော် ဇာဂနာနှင့် အလုပ်သမား အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးတို့လည်း တက်ရောက်ခဲ့သည်။ ပြင်သစ်၊ ဗြိတိန်၊ အမေရိကန် သံရုံးမှ သံအမတ်များလည်း တက်ရောက်ခဲ့ပြီး တိုင်းရင်းသား ခေါင်းဆောင်များ၊ ရွေးကောက်ပွဲ
ဝင် ပါတီများ၊ မျိုးဆက်သစ်လူငယ်များ စုစုပေါင်း လူဦးရေ ၂၀၀၀ ခန့် တက်ရောက်ခဲ့သည်။

“အမြဲတမ်း ဒီလိုမျိုး မွေးနေ့ရှင် မပါဘဲနဲ့ ကျင်းပနေရတဲ့ မွေးနေ့ပေါင်းများစွာ အတွက်တော့ ကျမတို့စိတ်ထဲမှာ ခံစားမှု ကတော့ ပြောမပြတတ်အောင် ဖြစ်နေရတာပေါ့ရှင်။ လာမယ့်နှစ်မှာတော့ သူနဲ့အတူတူ ကျင်းပချင်တာပေါ့နော်။ ဒါပေမဲ့ နှစ်တိုင်း နှစ်တိုင်းတော့ မျှော်ကြတာပေါ့။ မရှိတော့လဲ မရှိသလို ကျင်းပနေရတာပါပဲရှင်” ဟု မမီမီလွင်က ဆိုသည်။

“ကိုယ်တကိုယ်တည်း အတွက် လုပ်တဲ့ပွဲ မဖြစ်စေချင်ဘူး၊ အားလုံးအတွက် အမှတ်တရ ဖြစ်စေချင်တယ်” ဟုလည်း ကိုမင်းကိုနိုင်က မွေးနေ့စကားလက်ဆောင် ပါးလိုက်သေးကြောင်း သိရသည်။

ကိုမင်းကိုနိုင်မှာ ၁၉၈၈ လူထု အရေးတော်ပုံတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ - ဗကသ ဥက္ကဋ္ဌ အဖြစ်
ရွေးချယ်ခံရကာ ဒီမိုကရေစီ လှုပ်ရှားမှုကြောင့် ၁၉၈၉ ခုနှစ် မတ်လအတွင်း ဖမ်းဆီးခံရကာ ၂၀၀၄ ခုနှစ်တွင်ပြန် လည် လွတ်မြောက် လာခဲ့သည်။

ယင်းနောက် ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် ထပ်မံ ထိန်းသိမ်းခံရကာ ၂ဝဝ၇ ခုနှစ် ဇန်နဝါရီတွင် ပြန်လည် လွတ်မြောက်လာခဲ့ပြီး လောင်စာဆီဈေးနှုန်း ကျဆင်းရေးလှုပ်ရှားမှုကြောင့် ထပ်မံ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

အကျဉ်းကျခံ ကျောင်းသားခေါင်းဆောင်၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် မိုးပျံပူပေါင်းနှင့် ချိုးငှက်များလွှတ်ကာ အကျဉ်းသားအားလုံး လွတ်မြောက်လာရေးအတွက် ဆုတောင်းခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ စွယ်စုံအနုပညာရှင် ကိုဇာဂနာနှင့် ၈၈ မျိုးဆက်ကျောင်းသူ မဖြိုးဖြိုးအောင်တို့က အမှတ်တရ စကားများ ပြောကြား ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေးအတွက် ဆန္ဒပြုကြောင်းနှင့် “အဂတိ
လေးပါးကနေ ကင်းလွတ်ပြီးတော့မှ လုပ်ဆောင်ကြမယ်ဆိုရင် အကောင်းဆုံးဖြစ်မယ်”ဟု ပြောဆိုခဲ့ကြောင်း မွေးနေ့ပွဲ
ဖြစ်မြောက်ရေး တာဝန်ခံ ၈၈ မျိုးဆက်ကျောင်းသား ကိုမြတ်သူက ပြောသည်။

ယင်းအပြင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ၏ မိသားစုများက မကြာခင်က လွတ်မြောက်လာပြီး
မွေးနေ့ပွဲ တက်ရောက်လာသူ နိုင်ငံရေးအကျဉ်းသား ၁ဝဝ ကျော်ကိုလည်း တယောက်လျှင် ၅,ဝဝဝ နှုန်း ဖြင့် ကူညီ
ပေးခဲ့သည်။ ပွဲတွင် မွေးနေ့ဂုဏ်ပြု တေးသီချင်းသီဆိုခြင်းနှင့် ကဗျာရွတ်ပြိုင်ပွဲများလည်း ထည့်သွင်း ကျင်းပခဲ့သည်။

“အကျဉ်းထောင်တွေကို စာကြည့်တိုက် သဘောမျိုး လုပ်ဖို့ အတွက်ပေါ့နော်။ စာအုပ်တိုက် ၄၂ တိုက်ကနေပြီးတော့မှ လှူဒါန်းထားတဲ့ စာအုပ်တွေကို ထောင် ၄၂ ထောင်ကို ခွဲပြီးတော့မှ လှူဒါန်းပေးတဲ့ အစီအစဉ်လဲ ပါတယ်” ဟု ကိုမြတ်သူက ပြောသည်။ ယင်းစာအုပ်များမှာ တန်ဖိုးအားဖြင့် ၂၇ သိန်းကျော်ဖိုး ရှိသည်။

မွေးနေ့ပွဲတွင် ကိုမင်းကိုနိုင် ပုံတူ ပန်းချီကား ၂၀ ကျော်ကိုလည်း ပြသခဲ့ပြီး ပွဲပြီးချိန်တွင် ပွဲတက်ရောက်သူများ ယူဆောင်သွားမှုကြောင့် သုံးချပ်သာ ပြန်ရလိုက်သည်ဟု သိရသည်။

“အပြန်မှာ အဲဒီပန်ချီကား သုံးချပ်ပဲ ပြန်ရတော့တယ်။ ယူသွားကြတဲ့သူတွေက ကိုမင်းကိုနိုင်ကို ချစ်လို့ပါ ဆိုပြီးတော့
တောင်းယူသွားကြတာ။ ကျနော့်ကိုတော့ မဟုတ်ဘူး။ နီးစပ်ရာ တောင်းယူသွားကြတာပေါ့။ ကျနော် အတော်နှမြော တယ်ဗျာ” ဟု ပန်းချီဆွဲထားသူ ကိုမျိုးရန်နောင်သိန်းက ပြန်ပြောပြသည်။

၂ဝဝ၇ ခုနှစ်တွင် ပြန်လည် ဖွဲ့စည်းခဲ့သည့် ဗကသများ အဖွဲ့ချုပ်မှလည်း မွေးနေ့ပွဲသို့ မွေးနေ့သဝဏ်လွှာ ပေးပို့ခဲ့ကာ “ယနေ့အချိန်ထိ ရှင်သန်လှုပ်ရှားနေသော ဗကသများ အဖွဲ့ချုပ်၏ သမိုင်းတခေတ်ကို ပြန်လည် ဖွင့်လှစ်ပေးခဲ့သည့် ကိုမင်းကိုနိုင်အား မိမိတို့ ကျောင်းသူ၊ ကျောင်းသားများက လေးလေးနက်နက် ဂုဏ်ပြု ဦးညွတ်ပါသည်” ဟု သဝဏ်လွှာတွင် ပါရှိသည်။

အလားတူ မွေးနေ့ အထိမ်းအမှတ်ပွဲများကို ရန်ကုန်တွင် သာမက ကချင်နှင့် ကရင်ပြည်နယ်၊ စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်း ချောက်နှင့် ရေနံချောင်းမြို့နယ် တို့တွင်လည်း NLD ကွန်ယက် အဖွဲ့ဝင်များက ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

“ကျနော်တို့ ကြားတဲ့ သတင်းအရ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်မှုက သုံးကြိမ် ရှိမယ်ပေါ့။ ပထမဦးဆုံး အကြိမ် လွတ်မြောက်မှုမှာ ကိုမင်းကိုနိုင် ပါမလာဘူး၊ ကိုဇာဂနာတို့ ပါလာတယ်။ ကိုမင်းကိုနိုင် တို့ကို
တော့ နောက်ဆုံးအကြိမ်မှာ ပါလာမယ်လို့ ကျနော်ကြားထားတာ ရှိတယ်။ ဆိုတော့ လွတ်စေချင်တာပေါ့ဗျာ” ဟု ၈၈ မျိုးဆက် ကျောင်းသားတဦး ဖြစ်သူ ကိုမျိုးရန်နောင်သိန်းက ဆိုသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီရောက် ဒီမိုကရေစီ အင်အားစုများ ကလည်း ကိုမင်းကိုနိုင် မွေးနေ့ အထိမ်းအမှတ် အဖြစ်
အောက်တိုဘာလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံ အမျိုးသမီးရေးရာနှင့် အခွင့်အရေးများ ဆိုင်ရာ
အဖွဲ့ (WRWAB) ရုံး၌ ပြုလုပ်ရာတွင် သံဃာတော်များအား ဆွမ်းကပ်ခြင်းနှင့် နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေး အတွက် ဘာသာစုံ ဝတ်ပြု ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။

http://www.mizzimaburmese.com/

အင်္ဂါ, 18 အောက်တိုဘာ 2011
မင်းကိုနိုင်အကြောင်း တစေ့တစောင်း

မင်းကိုနိုင်

By ကိုကျော်ကျော်သိန်း

အီးမေးလ်
ပုံနှိပ်ရန်

မြန်မာ့ဒီမိုကရေစီရေးအတွက် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွေမှာ ကျောင်းသားခေါင်းဆောင် အဖြစ်နဲ့ စတင်ပါဝင် လှုပ်ရှားလာခဲ့တဲ့ ကိုမင်းကိုနိုင်ဟာ သူ့ရဲ့ ဘ၀အချိန် အတော်များများကို တော့ အကျဉ်းထောင်ထဲမှာပဲ ကုန်ဆုံးခဲ့ရတာပါ။ အခုအခါမှာလည်း သူ့ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကြောင့်ပဲ ဆက်လက် ဖမ်းဆီးခံနေရဆဲဖြစ်ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ဘ၀အကြောင်း တစေ့တစောင်းနဲ့ သူဟာ ဘယ်လိုလူစားလဲ ဆိုတာ သူနဲ့လက်တွဲလှုပ်ရှားခဲ့ကြသူတွေ၊ ခင်မင်ရင်းနှီးသူတွေ ပြောပြထားတာတွေကိုတော့ ကိုကျော်ကျော်သိန်းက စုစည်း တင်ပြပေးထားပါတယ်။

တိုင်းတပါးကျွန်၊ စစ်တပ်ကျွန်၊ ဘယ်ကျွန်မှ မခံ၊

ဒေါင်းအလံဟေ့-

ကျောင်းနံရံတ၀ိုက်၊ ဒေါင်းအလံ ပြန်စိုက်မယ်။

အဲဒါကတော့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကိုယ်တိုင် သူ့ကဗျာ တပိုင်းတစကို ရွတ်သွားတဲ့အသံပါ။ ၈ လေးလုံး လူထုလှုပ်ရှားမှုအရေးတော်ပုံကြီး ပြီးတဲ့နောက် ၁၉၈၉ နှစ်မှာ ပထမတကြိမ် အဖမ်းခံခဲ့ရပြီး ၁၆ နှစ် နီးပါးအကြာ ၂၀၀၄ ခုနှစ်မှာ ပြန်လွတ်လာခဲ့ပြီးချိန်ကာလအတွင်း ရွတ်ဆိုခဲ့တာပါ။

“မင်းကိုနိုင်” ဆိုတဲ့နာမည်ဟာ ၈ လေးလုံးအရေးတော်ပုံနဲ့အတူ မွေးဖွားလာခဲ့တာဖြစ်ပြီး သူ့ရဲ့နာမည်ရင်း ကတော့ ကိုပေါ်ဦးထွန်းပါ။ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့က ရန်ကုန် တက္ကသိုလ်ဝင်းထဲမှာရှိတဲ့ သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦး တည်ရှိခဲ့ရာ မြက်ခင်းပြင်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းခဲ့ချိန်မှာ ဥက္ကဋ္ဌအဖြစ် ကိုမင်းကိုနိုင်ကို ကျောင်းသားထုက ရွေးချယ်ခဲ့ကြပါတယ်။

၈ လေးလုံး လူထုလှုပ်ရှားမှုမှာ ထိပ်တန်းကနေ ဦးဆောင်သူတဦးအဖြစ် လုပ်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ အဲဒီအချိန် စစ်အစိုးရက ဖမ်းဆီး အကျဉ်းချခဲ့တာဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်မှာ ပြန်လွတ်လာခဲ့ပြီးတဲ့နောက် ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် ဆက်လုပ်ခဲ့ပါတယ်။ အဲဒီကာလအတွင်းမှာပဲ နောက်ကြည့်မှန်ဆိုတဲ့ ၀တ္ထုရှည်တပုဒ်ကိုလည်း ရေးသားခဲ့ပါသေးတယ်။ ၈ လေးလုံး လှုပ်ရှားမှုကို နောက်ခံထားပြီးတော့ အဲဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ လူငယ် ကျောင်းသားတယောက်အကြောင်းကို ရေးဖွဲ့ထားတဲ့ ၀တ္ထုဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ သူ့ရဲ့ ၄၇ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့တာပါ။

ကိုမင်းကိုနိုင်ဟာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတဦး၊ တနည်းအားဖြင့် နိုင်ငံရေး လုပ်ဆောင်သူ တဦးဖြစ်ရုံသာမက ရသဖန်တည်းမှုကို မွေ့လျော် ပျော်ဝင်သူတဦးလည်း ဖြစ်တယ်ဆိုတာကို သူရေးခဲ့တဲ့ ကဗျာတွေ၊ ၀တ္ထုတွေကနေ တွေ့ရပါတယ်။ နောက်ကြည့်မှန်ဝတ္ထုကို ဖတ်ပြီးတဲ့အခါမှာ မင်းကိုနိုင်ဆိုတဲ့ လူတယောက်ရဲ့ ရုပ်ပုံကားချပ်ကို ပိုပြည့်စုံအောင် တွေ့လိုက်ရသလို ၈ လေးလုံး အရေးတော်ပုံနဲ့ မြန်မာပြည်ရဲ့ လက်ရှိအခြေ အနေတွေကိုပါ မီးမောင်းထိုးပြနိုင်စွမ်းရှိတယ်လို့ ဆိုသူက ၀တ္ထုကို ကိုယ်တိုင်ဖတ်ထားသူ ဖြစ်တဲ့ ကိုဝေလင်းထွန်းခေါ် ကဗျာဆရာ နှင်းခါးမိုးပါ။

“ဒီဝတ္ထုမှာကြည့်လိုက်ရင် သူက နိုင်ငံရေးမိန့်ခွန်း ပြောတာပဲဖြစ်ဖြစ်၊ ရသစာပေတခုခု၊ ကဗျာ ၀တ္ထုတခုခုကို ဖန်တီးတဲ့နေရာမှာပဲဖြစ်ဖြစ် အနာတွေ၊ အမုန်းတွေမပါအောင် သူက လုပ်နိုင်တယ်။ အဲဒါ သူ့ရဲ့ထူးခြားချက်၊ သူ့ရဲ့ အနာတွေ၊ အမုန်းတွေမပါဘူး။ သူပြောတဲ့စကားမှာပဲ ဖြစ်ဖြစ်၊ သူ့ရဲ့ဖန်တီးမှုတခုခုမှာပဲဖြစ်ဖြစ်။ ဒီ ဆယ်စုနှစ်နဲ့ချီပြီးတော့ ထောင်ထဲမှာ နေခဲ့ရတယ်။ သူ့ဘ၀မှာ ဆုံးရှုံးခဲ့တာတွေ အများကြီးပဲ။ ဒါပေမဲ့ အဲဒီ အနာတွေ၊ အမုန်းတွေမပါအောင် သူ့ရဲ့စကားတွေ ဖန်တီးမှုတွေကို သူကလုပ်နိုင်တယ်။

“ပြီးတော့ ဘာတွေ့ရလဲဆိုတော့ ရိုးသားမှု၊ နူးညံ့မှု၊ ရှင်းရှင်းလင်းလင်းရှိမှုနဲ့ ခိုင်မာမှု၊ နောက် တခါ အတွေးတွေ ရေးဟန်တွေက ကိုယ်ပိုင်ရှိတယ်။ အဲဒီတော့ ၀တ္ထုဖတ်ပြီးတဲ့အခါမှာ ဘာတွေ့ရလဲဆိုတော့ မင်းကိုနိုင်ဆိုတာ လူဆန်တယ်၊ လူငယ်ဆန်တယ်၊ ပြီးတော့ သူ့ရဲ့ဖန်တီးမှုလေးတွေက လှတယ်၊ ပေါ့ပါးတယ်၊ ကြည်လင်တယ်၊ ပြီးတော့ သူက သူ့ဘ၀အပေါ်မှာပဲဖြစ်ဖြစ်၊ သူ့အလုပ်အပေါ်မှာပဲဖြစ်ဖြစ်၊ သူ့ယုံကြည်မှုအပေါ်မှာပဲဖြစ်ဖြစ်၊ သူ့ရဲ့ ကံကြမ္မာပေါ်မှာပဲဖြစ်ဖြစ် ဘာမှ ရှု့ပ်ရှုပ်ထွေးထွေးမရှိဘူး၊ အဲဒါသွားတွေ့ရတယ်။”

ကိုမင်းကိုနိုင် ရေးစပ်သီကုံးပြီး ကိုယ်တိုင် သီဆိုထားတဲ့ ‘ပန်ထွာဧကရီ’ ဆိုတဲ့သီချင်းပါ။

ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်ကျောင်းသားကျောင်းသားတွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ထွန်းကားရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတွေအတွက် ငြိမ်းချမ်း တဲ့နည်းနဲ့ ဖော်ဆောင်ဖို့ အခိုင်အမာ သန္နိဋ္ဌာန်ချထားသူတွေဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါ တယ်။

“ဒီလူတွေဟာ အကျဉ်းထောင်ရဲ့အပြင်မှာ ရှိနေတဲ့အချိန်မှာ တိုင်းပြည်ကို ဆူပူအောင် လုပ်မှာတော့ မဟုတ်ဘူး။ အမှန်တရားကို ဖော်ဆောင်မယ်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုပဲ ဦးစားပေးပြီးတော့ စွမ်းဆောင်မယ့် သူတွေ ဖြစ်ပါတယ်။ ကိုမင်းကိုနိုင် ပထမတကြိမ် ၂၀၀၄ ခုနှစ် မှာ လွတ်လာပြီိးတဲ့အချိန်မှာ ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ လုပ်ဆောင်မှုကို ပြန်ကြည့်မယ်ဆိုရင် သူတို့က အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ကိုပဲ သန္နိဋ္ဌာန်ချထားတယ်၊ ဒီဟာတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ပဲ ဖော်ဆောင် သွားမယ်ဆိုတာကို သူတို့လုပ်ဆောင်သွားတာတွေကို ကျနော်တို့ တွေ့ရပါတယ်။”

ကိုမင်းကိုနိုင်ကို ၁၉၉၉ ခုနှစ်မှာ ဒေါက်တာစင်သီယာမောင်နဲ့ ပူးတွဲပြီး ကနေဒါနိုင်ငံက John Humphrey လွတ်မြောက်ရေးဆု၊ ၂၀၀၀ ခုနှစ်မှာ ချက်သမ္မတနိုင်ငံ၊ People in Need Foundation က Homo Homini ဆု၊ ၂၀၀၁ ခုနှစ်မှာ နော်ဝေးနိုင်ငံက ကျောင်းသားငြိမ်းချမ်းရေးဆု၊ ၂၀၀၅ ခုနှစ်မှာ အမေရိကန်နိုင်ငံ၊ Train Foundation က လူမှု ရဲစွမ်းသတ္တိဆု၊ ၂၀၀၉ ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံက ဂွမ်ဂျူး လူ့အခွင့်အရေးဆုတို့ကို ချီးမြှင့်ခဲ့ပါတယ်။
http://www.voanews.com/burmese/news/----10_18_11_my-news-burma----132046783.html


Minn Ko Naing 49 – အဂတိလေးပါးတရား ကင်းစေကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား
နိုင်ငံရေးအကျဉ်းသားတွေကို အဂတိလေးပါးတရား ကင်းစေကြောင်း
ဒေါ်အောင်ဆန်းစုကြည်ပြောကြား
ခင်နှင်းလွင်၊ အောက်တိုဘာ ၁၈၊ ၂၀၁၁
နိုင်ငံရေး လုပ်ဆောင်နေသူများ အနေဖြင့် ပြင်ပ အနှောင်အဖွဲ့များမှ လွတ်မြေက်ရန် ကြိုးစားနေစဉ် မှာပဲ ကိုယ်ရဲ့ ကိုယ်တွင်း အနှောင်အဖွဲ့များဖြစ်သည့် အဂတိတရား ၄ ပါးမှလည်း လွတ်မြောက်စေရန် ကြိုးစားဖို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်မွေးနေ့တွင်ပြောဆိုလိုက်သည်။ ရန်ကုန်မြို့ သမိုင်း မြို့မ ပရိယတ္တိ စာသင်တိုက်တွင် ယနေ့ ကျင်းပသည့် အကျဉ်းကျခံနေရသူ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ မွေးနေ့တွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခြင်း ဖြစ်သည်။
၎င်းက မွေးနေ့ပွဲတွင် ပြောကြားရာ၌ ဆန္ဒာ ဂတိ၊ ဘယာဂတိ၊ လောဘဂတိနှင့် ဒေါသ ဂတိတို့ကို ရှင်းပြပြောဆိုကာ “ကျွန်မတို့နိုင်ငံကို အဂတိတရား ၄ ပါးနှင့် ကင်းဝေးတဲ့ တိုင်းပြည်ဖြစ်စေချင်တယ်” ဟု သူ့၏ ဆန္ဒကို ထုတ်ပြောသွားသည်။
ယနေ့ နံနက် ၈ နာရီကျော်တွင် ဒေါ်အောင်ဆန်းစုကြည်မှ ဖဲကြိုးဖြတ်ကာ ကိုမင်းကိုနိုင် အမြန်ဆုံးလွတ်မြောက်ပါစေ ဟူသော စာတန်းများ ပါသည့် မိုးပျံပူပေါင်းများ လွှတ်တင်ကာ မွေးနေ့ကို ဖွင့်လှစ်ပေးခဲ့သည်။

ယနေ့ ကျင်းပသည့်ပွဲသို့ ၈၈ မျိးဆက်ကျောင်းသား နိုင်ငံရေး လှုပ်ရှား တက်ကြွသူများသာမက၊ လူမှုကူညီနေရး လုပ်ကိုင်သည့် အဖွဲ့အစည်းများ၊ နာရေးကူညီမှု အသင်းမှ ဒေါ်မြင့်မြင့်ခင်ဖေ၊ အဆိုတော် အနဂ္ဂ၊ ဆောင်းဦးလှိုင် အပါအ၀င် ပြင်ပမှ စိတ်ဝင်စားသူများပါ တက်ရောက်ကြသည်။ မွေးနေ့ပွဲသို့ ပရိတ်သတ် ၁ထောင် တက်ရောက်လာကြသည်။ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များ စုံစုံလင်လင် တက်ရောက်ကြပြီး မကြာခင်ကမှ လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားတစ်ချို့လည်း တက်ရောက်လာကြတာကို တွေ့ရသည်။
တက်ရောက်လာသူများထဲမှ လက်ရှိ အကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသား ကိုဝင်းမော်၏ အမျိုးသမီး မသဇင်က “ မင်းကိုနိုင်မွေးနေ့ကို နှစ်စဉ်ပါဝင်ဖြစ်တယ်။ အားလုံးစုံစုံလင်လင် မတွေ့တော့ မပျော်ဘူး ၀မ်းနည်းမိတယ်”လို့ ပြောသည်။
တက်ရောက်လာသူများမှ မင်းကိုနိုင်၏ မွေးနေ့ဆုတောင်းကို လက်မှတ်ရေးထိုး ဆုတောင်းပေးခဲ့ကြပြီး ယခုလို မွေးနေ့ပွဲသည် မင်းကိုနိုင်၏ မွေးနေ့သာ မဟုတ်ပဲ မလွတ်သေးသော နိုင်ငံရေးအကျဉ်းသားများ၏ အထိမ်းအမှတ်နေ့သာ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသား ကိုပဏ္ဍိတ်ထွန်း၏ မိခင် ဒေါ်ညွှန့်ညွှန့်ဦးက ပြောခဲ့သည်။
“လွတ်လာတဲ့ ပမာဏဟာ နည်းလွန်းလို့ အစိုးရဟာ တကယ်ပြောင်းလဲလာတယ်လို့ မယူဆဘူး ဘာဖြစ်လို့လဲဆိုတော့ အမြန်ဆုံး အတိကျဆုံး လုပ်ရမဲ့အလုပ်ကို အလွန်နှောင့်နှေးပြီးတော့ မပီပြင်လို့ပါ”လို့ ဒေါ်ညွှန့်ညွှန့်ဦးက ပြောသည်။
နိုင်ငံရေးအကျဉ်းသား မိသားစုများ နှင့် နိုင်ငံရေးအကျဉ်းသားများ အနေနဲ့ တကယ်မှန်တယ်ထင်လို့ လုပ်တာလား ကိုယ်လုပ်ချင်လို့ လုပ်တာလားဆိုသည့် ဆန္ဒဂတိ၊ ကြောက်ခြင်းတရား ကိုယ့်ကိုယ် လွှမ်းမိုးခြင်းမှ ကင်းလွတ်မည့် အဘယကတိ၊ လောဘဂတိနှင့် ကိုယ်မကြိုက်လို့ ကိုယ်မုန်းလို့ မလုပ်တဲ့ ဒေါသဂတိတို့ ကင်းရှင်းစေလိုကြောင်း ထိုအဂတိလေးပါး ကင်းရှင်းမှ တိုင်းပြည်လွတ်မြောက်မည် ဖြစ်ကြောင်း ပြောကြားသွားသည်။
http://moemaka.com

0 အကြံပြုခြင်း: