Friday, December 23, 2011

ငွေကစားမှုကြောင့် မန္တလေး အိမ်ခြံမြေဈေးကွက် မြင့်တက်

Published on December 23, 2011 by အံ့ဘုန်းမြတ် · No Comments

မန္တလေးမြို့က အိမ်ခြံမြေဈေးကွက်​ ​ရောင်းဝယ်မှုတွေမှာ​ ​ငွေကစားမှုကြောင့်​ ​ဈေးနှုန်းတွေ​ ​ခေါက်ချိုးမက မြင့်တက်နေတယ်လို့ စီးပွားရေးပညာရှင်တွေနဲ့ အိမ်ခြံမြေ​ ​လုပ်ငန်းရှင်တွေက ပြောပါတယ်။

မန္တလေးမြို့ထဲ ဧရိယာတွေ အပါအ၀င် တိုးချဲ့မြို့သစ်ရပ်ကွက်တွေမှာပါ မနှစ်က ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်ရင် အိမ်ခြံမြေဈေးနှုန်းတွေ ​ခေါက်ချိုးမက​ ​မြင့်တက်နေတယ်လို့ ဆိုပါတယ်။

အိမ်ခြံမြေလုပ်ငန်းရှင်တဦးက “မနှစ်တုန်းက သိန်း ၂၃,၅၀၀ နဲ့ ဖြစ်တဲ့ ၄၀x၆၀ အကွက်က အခုဒီနေ့အချိန်မှာ ဖြစ်သွားတာ သိန်း ၅၅,၀၀၀၊ ပြီးတော့ မြို့သစ်ကလည်း အဲဒီမှာ​ ​ခေါက်ချိုးတက်သွားတယ်။ အရင်က သိန်း ၅,၀၀၀ လောက် ရှိတဲ့ဈေးက အခု သိန်း ၁၀,၀၀၀ ကျော်တယ်။ ၁၂,၀၀၀ တို့ ဖြစ်ကုန်တယ်”လို့ ပြောပါတယ်။

အရောင်းအ၀ယ်တွေဟာ အစိုးရကို တရားဝင် အမြတ်တော်ခွန် ပေးဆောင်ပြီး အရောင်းအ၀ယ် လုပ်တာမျိုး မဟုတ်ဘဲ တရားမ၀င်ငွေကြေးနဲ့ ဈေးကစား အရောင်းအ၀ယ် ပြုလုပ်နေကြတယ်လို့လည်း အိမ်ခြံမြေလုပ်ငန်းရှင်က ဆိုပါတယ်။

“အခွန်အခလည်း တပြားတချပ်မှ မပေးရဘူး။ အိမ်ခြံမြေ၀ယ်တဲ့ ပိုက်ဆံက၊ လုပ်ငန်းပြစရာ မလိုတဲ့အတွက်ကြောင့် တရုတ်လုပ်ငန်းရှင်တွေက ဒီမှာ ဗမာလူမျိုးတွေနဲ့ ချိတ်ဆက်ပြီးတော့ ၀ယ်ကြတယ်။”

တရားမ၀င် ငွေကြေးနဲ့ တရားမ၀င် အရောင်းအ၀ယ် ပြုလုပ်နေတာတွေအပေါ် အစိုးရက ထိန်းချုပ် ကိုင်တွယ်နိုင်စွမ်း မရှိတာကြောင့် ဈေးနှုန်းတွေ အဆမတန် မြင့်တက်ပြီး ဈေးကစားခွင့်ရနေတာလို့လည်း စီးပွားရေးပညာရှင်အချို့က သုံးသပ်နေကြပါတယ်။

ဒါ့အပြင် ပြည်ပရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း နည်းတာကြောင့် ဒီလို ငွေကစားတဲ့အနေနဲ့ အိမ်ခြံမြေ အရောင်းအ၀ယ်တွေကို ပြုလုပ်နေကြတာလို့ စီးပွားရေးပညာရှင် ဒေါက်တာ ခင်မောင်ညို (ဘောဂဗေဒ) က ပြောပါတယ်။

“စက်မှုလုပ်ငန်းတို့ ကုန်ချောထုတ်လုပ်မှုတို့မှာ မြှုပ်နှံဖို့က ခုကတော့ အဲဒီဘက်တွေမှာ မမြှုပ်နှံကြသေးဘူး။ နောက်တခုက စတော့ရှယ်ယာ ဈေးကွက် မရှိသေးဘူး။ စတော့ရှယ်ယာ ဈေးကွက် ရှိခဲ့ရင်လည်း အရင်းအနှီးတွေက အဲဒီမှာ သွားရောက်နိုင်တာပေါ့။ မြေတွေကို ကိုင်ထားကြတယ်ဆိုတာ ရင်းနှီးမြှုပ်နှံတယ် မခေါ်ဘူး။ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ လုပ်ထားကြတာ။ အဲဒီတော့ ဟိုဘက်က ထုတ်လုပ်မှုကဏ္ဍတွေ ရင်းနှီးမြှုပ်နှံမှုတွေ အရှိန်အဟုန် မြင့်လာပြီဆိုရင်တော့ ဒီဘက်က အရှိန်ကတော့ လျော့သွားမယ်လို့ ယူဆတယ်။”

လက်ရှိ အခြေအနေမှာ မန္တလေးသာမက ရန်ကုန်ပတ်ဝန်းကျင်နဲ့ အထူးစီးပွားရေးဇုန် ပြုလုပ်မယ့် ထားဝယ်ပတ်ဝန်းကျင်ဒေသ၊ သန်လျင်-ကျောက်တန်း ဧရိယာတွေမှာ မြေဈေးတွေ ထိုးတက်နေပြီး ဒီအခြေအနေဟာ​ ​မြန်မာ့စီးပွားရေး​ ကဏ္ဍအတွက် စိုးရိမ်စရာ ဖြစ်နေပြီလို့လည်း​ ​အ​ခြားပညာရှင်တွေက​ ​ထောက်ပြ ဝေဖန်နေကြပါတယ်။

ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုနဲ့ အိမ်ခြံမြေဥပဒေတွေအတိုင်း ကြပ်မတ် ဆောင်ရွက်ဖို့လည်း အစိုးရကို တိုက်တွန်းနေကြပါတယ်။ http://burmese.dvb.no/archives/19120

0 အကြံပြုခြင်း: