Friday, December 23, 2011

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် ကင်ဂျုံအီ - ဘယ်သူက ပိုတော်သလဲ






Friday, 23 December 2011 17:45
Written by ညီစောလွင်

ကင်ဂျုံအီ သေဆုံးသွားတာ မျက်မှောက်ခေတ်မှာ ကမ္ဘာ့ အရက်စက်ဆုံး၊ လူထူး လူကြောင်၊ အထီးကျန်ဆန်ဆန်နေထိုင်တဲ့ အာဏာရှင်တယောက် ဇာတ်သိမ်းသွားတာပါပဲ။
မြောက်ကိုရီးယားလည်း မရေမရာ၊ မတည်မငြိမ် အခြေအနေ၊ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ အရင်ထက်ပိုလာနိုင်မလား စိုးရိမ်စရာ အခြေအနေတွေဖြစ်ပေါ်နေပါတယ်။  အာဏာရှင်တွေ ဒယိမ်းဒယိုင် ဖြစ်နေကြတဲ့ နှစ်တနှစ်ရဲ့ အဆုံးသတ်နိမိတ်ပုံလည်းဖြစ်ပါတယ်။
၁၉၈၉ ခုနှစ်ကစလို့ အာဏာရှင်တွေ များများစားစား မြင်ကွင်းကနေ တယောက်ပြီး တယောက် ပျောက်ကွယ်သွားတာ မရှိခဲ့ပါဘူး။ ဒါပေမယ့် ၂၀၁၁ ခုနှစ်မှာတော့ တူနီးရှားက ဘန်အာလီ၊ အီဂျစ်က မူဘာရတ်၊ လစ်ဗျားက ကဒါဖီတို့ရဲ့ ကျဆုံးခန်းတွေကို မြင်တွေ့ခဲ့ရပါတယ်။  ဆီရီးယားနဲ့ ဘာရိန်းမှာလည်း ရက်စက်တဲ့ ဖိနှိပ်မှုတွေကို ရင်ဆိုင်နေတဲ့ လူထုအုံကြွမှုတွေ မြင်ခဲ့ရပါတယ်။
မြန်မာပြည်မှာဆိုရင်လည်း တိုင်းပြည်ကို နှစ်ပေါင်း ၂၀ နီးပါး အုပ်ချုပ်ခဲ့တဲ့ လူကြီး အနားယူသွားပြီး၊ သူ့ကိုဆက်ခံတဲ့ နောက်တယောက်က ပြုပြင်ပြောင်းလဲရေးတွေကို စတင်လုပ်ဆောင်လာပါတယ်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနားယူသွားပြီး၊ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး ကနဦး ခြေလှမ်းတွေအပေါ်မှာ အကောင်းမြင်သူတွေရှိသလိုပဲ သတိနဲ့ စောင့်ကြည်သူတွေလည်း ရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နာမည်တောင် မကြားချင်တဲ့ ဒေါ်အောင်ဆန်းစုကြည်တယောက် ကြားဖြတ်ရွေးကောက်ပွဲဝင်ပြီး၊ လွှတ်တော်ထဲ ၀င်ဖို့ကလည်း လပိုင်းအတွင်းမှာ တကယ်ဖြစ်လာတော့မှာပါ။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီကို သတ်သွားတာ သတင်းတွေအရဆိုရင် နှလုံးရောဂါဖြစ်ပါတယ်၊ လူထုဆန္ဒပြပွဲတွေမဟုတ်ပါဘူး။ ဒါကြောင့် မြောက်ကိုရီးယားမှာ ချက်ချင်လက်ငင်း ထူးထူးခြားခြားအပြောင်းအလဲဖြစ်လာနိုင်ခြေမရှိပါဘူး။ ဒါပေမယ့် ကင်ဂျုံအီရဲ့ အနိစ္စသဘောကနေ တရားပြနေတာတွေတော့ ရှိပါတယ်။ ဥပမာအနေနဲ့ အာဏာရှင်တွေဟာ အားပျော့နေပြီး၊ ဒယိမ်းဒယိုင်ဖြစ်နေပြီး၊ ထာဝရမြဲတဲ့ အရာမဟုတ်ဘူးဆိုတဲ့ အနိစ္စတရားတွေပါပဲ၊ ဒါကို သံဝေဂယူပြီး အာဏာရှင်တွေအနေနဲ့ အချိန်ရှိတုန်း၊ ကိုယ့်မှာ ရွေးချယ်စရာရှိသေးတဲ့ အခြေအနေမှာ အာဏာကို စွန့်မလား၊ သို့မဟုတ် နိုင်မနိုင်သိမ်းမရဖြစ်ပြီး အာဏာာလက်လွှတ်သွားတာမျိုး အဖြစ်ခံမလား၊ ပထမနည်းလမ်းက ပိုကောင်းပါတယ်လေ။
မြောက်ကိုရီးယားနှင့် မြန်မာပြည်ဟာ အာရှမှာတော့ အပယ်ခံတိုင်းပြည်ချင်း အတူတူပါပဲ။ ကမ္ဘာ့အရက်စက်ဆုံး အစိုးရတွေ အုပ်ချုပ်တာချင်းလည်း တူပါတယ်၊ အစိုးရနှစ်ရပ်စလုံးဟာ ကိုယ့်ပြည်သူတွေအပေါ် လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုကို ကျူးလွန်တယ်လို့ စွပ်စွဲခံရပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ကုလသမဂ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းဖို့ တိုက်တွန်းထားကြပါတယ်။ မူးယစ်ဆေးဝါးကုန်သွယ်မှု၊ လူတွေကို ကျွန်သဖွယ် ကုန်ကူးမှုတွေမှာလည်း အစိုးရနှစ်ရပ်စလုံးဟာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက် နေကြပါတယ်၊ နိုင်ငံရပ်ခြားမှာ သူတို့ အပ်နှံ့ထားတဲ့ ဘဏ်စာရင်းတွေလည်း ချိတ်ပိတ် ခံထားရတာချင်းလည်း တူပါတယ်။
စစ်တပ်ကျောထောက်နောက်ခံထားတဲ့ အစိုးရချင်းလည်း တူပါတယ်။ မြောက်ကိုရီယား စစ်တပ်က ကမ္ဘာပေါ်မှာ စတုထ္ထအကြီးဆုံးဖြစ်သလို၊ မြန်မာစစ်တပ်ကလည်း အရှေ့တောင် အာရှမှာ ဒုတိယအကြီးဆုံးဖြစ်ပါတယ်။ မြောက်ကိုရီးယားက နျူးကလီးယား ပိုင်ဆိုင်ထားသလို၊ မြန်မာအစိုးရကလည်း မြောက်ကိုရီးယားအကူအညီနဲ့ နျူးကလီးယား ပိုင်ဆိုင်ဖို့ ကြိုးစားနေပါတယ်။
အစိုးရနှစ်ရပ်စလုံးဟာ တိုင်းပြည်စီးပွားရေးကို ဗုန်းဗုန်းလဲအောင် စီမံခဲ့ပြီး၊ ပြည်သူတွေ ငတ်ပြတ်နေတာကို လက်ပိုက်ကြည့်ခဲ့ကြပါတယ်၊ နိုင်ငံတကာ အကူအညီတွေကို ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်ပြီး အုပ်ချုပ်သူတွေကျတော့ မသန့်ရှင်းတဲ့ စည်းစိမ် ချမ်းသာတွေကို စံစားနေကြပါတယ်။ ဒီလို အချက်တွေမှာ မြန်မာနှင့် မြောက်ကိုရီယား တူညီကြပါတယ်။
ဒါပေမယ့် မတူတဲ့ အချက်တွေလည်း ရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူအာဏာယူထားတဲ့ အချိန်မှာ သူ့ကိုယ်သူ အမွှမ်းတင်ဖို့ ၀ါဒဖြန့် ကြိုးစားခဲ့တာတွေရှိခဲ့ပါတယ်၊  ဥပမာအနေနဲ့ သူ့ဓာတ်ပုံကို အစိုးရရုံးတွေမှာ ချိတ်ခိုင်းတာ၊ မင်းနေပြည်တော်လို့ အဓိပ္ပါယ်ရတဲ့ နေပြည်တော် မြို့တော်သစ်ကို တည်ဆောက်ခဲ့တာတွေမျိုးပါ။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ကင်ဂျုံအီရဲ့ ခြေဖျားကိုတောင် မမှီခဲ့ပါဘူး။
ဗိုလ်ချုပ်မှူးကြီးရဲ့ သားသမီးတွေ အစိုးရအဖွဲ့ထဲမှာ နေရာရခဲ့ပါတယ်။ သူ့အချစ်တော် မြေးကလေး လမ်းသရဲဂိုဏ်းဆန်းဆန်းနေတာကို ဗိုလ်ချုပ်မှူးကြီးရာထူးက အကာအကွယ် ပေးနိုင်ခဲ့ပါတယ်၊ ဒါတွေဟာ သူ့မိသားစုအပေါ် ဗိုလ်ချုပ်မှူးကြီး ကာကွယ်နိုင်ခဲ့တာတွေသာ ဖြစ်ပါတယ်။
မြန်မာနှင့် မြောက်ကိုရီးယားကြားမှာ အသိသာဆုံးခြားနားချက်ကတော့ နိုင်ငံရေးစနစ်ဖြစ်ပါတယ်။ ကင်ဂျုံအီရဲ့ မြောက်ကိုရီးယားဟာ ကွန်မြူနစ်နိုင်ငံပါလို့ ကြွေးကြော်ပြီး လက်တွေ့မှာ ဘုရင်စနစ်လို အုပ်ချုပ်နေတဲ့ နိုင်ငံပါ၊ လက်တွေ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ၊ ဥပမာ ညှဉ်းပမ်းနှိပ်စက်မှု၊ မုဒိမ်းကျင့်မှု၊ အဓမ္မလုပ်အားပေး၊ သတ်ဖြတ်မှုတွေကတော့ ထူးမခြားပါ။ အစိုးရနှစ်ရပ်စလုံးဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေတွေကို ချိုးဖောက်တာချင်းအတူတူလို့ စွပ်စွဲခံရပါတယ်။
ဒါပေမယ့် ကင်ဂျုံအီ အစိုးရက ဗိုလ်ချုပ်မှူးကြီးသန်းရွှေအစိုးရထက်သာတာက လူတွေရဲ့ အတွေးအခေါ်ကို ထိန်းချုပ်နိုင်တာဖြစ်ပါတယ်၊ ဒီနေရာမှာတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မအောင်မြင်ပေမယ့်၊ ကင်ဂျုံအီက အောင်မြင်ခဲ့ပါတယ်။
မြောက်ကိုရီယားမှာ အတိုက်အခံတွေ ဖွဲ့စည်းခွင့်လည်းမရှိ၊ တရားမ၀င်နည်းလမ်းနဲ့ မရှိပါဘူး၊ လူထုအခြေပြုအဖွဲ့အစည်းတွေမရှိ၊ အတိုက်အခံလည်းမရှိပါဘူး၊ ဒေါ်အောင်ဆန်းစုကြည် လည်းမရှိ၊ အန်အယ်ဒီလည်းမရှိ၊ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့လည်း မရှိပါဘူး၊ မြောက်ကိုရီယားကို သွားမယ်ဆိုရင် သူစိမ်းတွေနဲ့ ရဲရဲတင်းတင်းစကားပြောရဲတဲ့ လူတယောက်ကို ရှာဖွေနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ပုန်လျှိုးဝယ်လျှိုးပြောမယ့် လူလည်းမရှိပါဘူး၊ လူတိုင်းလူတိုင်းဟာ တယောက်ကိုတယောက် အချိန်ပြည့် စောင့်ကြည့်နေကြပါတယ်။
မြောက်ကိုရီးယားကို သွားရင် အစိုးရက တွေ့စေချင်တဲ့ လူတွေနဲ့ တွေ့ရ၊ စကားပြောရမှာ ဖြစ်ပါတယ်။ လမ်းပေါ်က လူတွေကို သူတို့ စိတ်ရင်းတွေကို သိရဖို့ စကားပြောဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။
ဒါပေမယ့် အစိုးရက လိုက်ပို့တဲ့ ကျောင်းတွေ၊ ဆေးရုံတွေဆီကို သွားရင်တော့ ဆရာဝန်ကြီးတွေ၊ ပါမောက္ခတွေက မဟာခေါင်းဆောင်ကြီး ကင်အီဆွန်း၊ နဲ့ ချစ်လှစွာသော သူတို့ခေါင်းဆာင်ကြီး ကင်ဂျုံအီ ကောင်းကြောင်းတွေ ရွှန်းရွှန်းဝေအောင် ပြောတာကို ကြားရမှာဖြစ်ပါတယ်၊ သူတို့ ဓာတ်ပုံတွေက အခန်းတိုင်း၊ နံရံတွေပေါ်ကနေ ခင်ဗျားကို စိမ်းစိမ်းကြိး စိုက်ကြည့်နေပါလိမ့်မယ်၊ သူတို့ နာမည်တွေကိုလည်း စာကြောင်း၊ သုံးကြောင်း၊ လေးကြောင်းတိုင်းမှာ မကြားချင်အဆုံး ကြားရပါလိမ့်မယ်။
ဖျော်ဖြေပွဲတခုကို သူတို့ပြလို့ လိုက်ကြည့်မယ်ဆိုရင်လည်း လယ်ကွင်းတွေ၊ စက်ရုံတွေဆီကို ကင်အီဆွန်နဲ့ ကင်ဂျုံအီတို့ သွားရောက် စစ်ဆေးနေတဲ့ ပုံတွေကို သံစုံတီးဝိုင်းကြီးရဲ့ အနောက်ဘက် ပိတ်ကားပေါ်မှာ အဆက်မပြတ်ပြနေပါလိမ့်မယ်၊ တင့်ကားကြီးတွေ ဖြတ်သွားတဲ့ မြင်ကွင်း၊ ဒုံးကျည်တွေ ပစ်လွှတ်လိုက်တဲ့ ပြကွက်တွေ ဆက်တိုက် ပြနေပါလိမ့်မယ်။ ဒုံးကျည်တချက်ပစ်လိုက်တဲ့ တိုင်းမှာ ပရိတ်သတ်တွေအားလုံးက တခဲနက် လက်ခုပ်တီးအားပေးနေလိုက်ကြတာ ဂျော့အော်ဝဲလ်ရဲ့ ၁၉၈၄ ၀ထ္ထုထဲ ရောက်နေ သလားတောင် အောက်မေ့ရပါတယ်၊
မြန်မာပြည်မှာတော့ ဒါမျိုးမရှိပါဘူး၊ သာမန်လူမပြောနဲ့ အစိုးရထဲက လူတွေတောင် ဘယ်သူမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကောင်းကြောင်း မပြောကြပါဘူး၊ လူတချို့ကတော့ အရင်းအနှီးကြီးကြီးပေးပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မကောင်းတဲ့အကြောင်းကိုတော့ လူရှေ့သူရှေ့မှာ ပြောကြပါတယ်။ တော်တော်များများကတော့ တိုးတိုတိတ်တိတ်၊ အမြင်ကွယ်ရာမှာ ပြောပြပါတယ်။
မြောက်ကိုရီးယားမှာတော့ ကင်ဂျုံအီ မကောင်းကြောင်း တစွန်းတစဖြစ်ဖြစ် တိုးတိုးစကား၊ ပေါက်ကြားသွားလို့ကတော့ ထောင်ချခံရဖို့ သေချာပါတယ်။ ကံဆိုးရင် သေဒဏ်ပေးခံရနိုင်ပါတယ်။
မြောက်ကိုရီးယားမှာ နိုင်ငံရေးအကျဉ်းသား ၂ သိန်းရှိပါတယ်။ မြန်မာပြည်မှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက်ထက် အဆတရာ လောက်ပိုများ ပါတယ်။ မြန်မာပြည်က နိုင်ငံရေးအကျဉ်းသားတွေနဲ့ မတူတာက မြောက်ကိုရီးယားက နိုင်ငံရေးအကျဉ်းသားတွေဟာ အစိုးရကို သိသိသာသာ အတိုက်အခံလုပ်လို့ ထောင်ချခံရတာ မျိုးမဟုတ်ပါဘူး။
ကင်ဂျုံအီရဲ့ ဓာတ်ပုံကို အကြည့်မတော်လို့၊ ဒါမှမဟုတ် တချိန်တုန်းက တောင်ကိုရီးယာနဲ့ အဆက်အသွယ်ရှိခဲ့ဖူးလို့ အစိုးရက ရန်လိုတယ်လို့ သတ်မှတ်ထားတဲ့ မိသားစုအသိုင်းအ၀ိုင်းမှာ လူဖြစ်လာလို့ ၊ ဒါမှမဟုတ် သမ္မာကျမ်းစာကို လက်ဝယ်တွေ့ ရှိလို့ အဖမ်းခံရတဲ့ လူတွေပဲ များပါတယ်။ မြောက်ကိုရီးယားမှာ လူတယောက်အပြစ်ကျူးလွန်မိရင် မျိုးဆက် ၃ ဆက် ဒဏ်ပေးခံရမယ်ဆိုတဲ့ ပေါ်လစီ လည်းရှိပါတယ်၊
အခုတော့ ကင်ဂျုံအီရဲ့ သားဖြစ်တဲ့ ကင်ဂျုံအန်းကို ကြီးမြတ်သော ဆက်ခံသူ Great Successor’ လို့ ခေါ်ဝေါနေကြပါပြီ၊ ဒါပေမယ့် သူရဲ့ အာဏာအခြေခံက အားနည်းပါတယ်။ တကယ်ပဲ သူက ဆုံဖြတ်ချက်ချတဲ့ လူဖြစ်မလား၊ သို့မဟုတ် အာဏာပြိုင်တာတွေဖြစ်မလား၊ မသေချာပါဘူး။
ဒါပေမယ့် အကယ်၍ အခြေအနေ ဖရိုဖရဲဖြစ်ရင် အနာဂတ်ကို ခန့်မှန်းဖို့ ခက်ပါတယ်၊ ကင်ဂျုံအန်းရဲ့ ကံကြမ္မာကလည်း စိတ်ချရတဲ့ အခြေအနေမရှိပါဘူး။ မြောက်ကိုရီးယားကနေ ထွက်ပြေးခဲ့ရသူတွေက ကင်ဂျုံအီ ကို အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံးကို ပို့ဖို့ စည်းရုံးဆော်သြနေကြပါတယ်။ ခုံရုံးမရောက်ခင်မှာပဲ အဖေဖြစ်တဲ့ ကင်ဂျုံအီ ကွယ်လွန်သွားပါတယ်၊ အသက် ၂၈ နှစ်ဝန်းကျင် သားဖြစ်တဲ့ ကင်ဂျုံအန်းအတွက် ကံမကောင်းလှပါဘူး။
ဒီအဖြစ်အပျက်တွေက မြန်မာပြည်အတွက် သင်ခန်းစာကတော့ သင်ခန်းစာတော့ အာဏာရှင်စနစ်ဟာ ရေရှည်မှာ ဘယ်လိုမှ အကျိုးမများနိုင်ဘူးဆိုတဲ့ အချက်ပါပဲ။ ပြည်သူတွေက ဆန့်ကျင်အုံကြွလို့ပဲ ဖြစ်ဖြစ်၊ ကျန်းမာရေးကြောင့်ဖြစ်ဖြစ်၊ အသက်အရွယ် ကြောင့်ဖြစ်ဖြစ် တခုခုဖြစ်လာရင် အာဏာရှင်တွေနဲ့ သူတို့ မိသားစုလုံခြုံရေးအတွက်လည်း ဘာအာမခံချက်မှ မရှိပါဘူး။
လူထုဆန္ဒကို လိုက်လျှောတဲ့ အာဏာရှင်တွေ၊ အချိန်မလွန်ခင်မှာ အသွင်ကူးပြောင်းရေးအတွက် တွေ့ဆုံဆွေးနွေးပြီး အာဏာလက်လွှတ်ပေးတဲ့ အာဏာရှင်တွေဟာ အသက်နဲ့ကိုယ် အိုးစားမကွဲ၊ သူတို့ မိသားစုတွေ အခြေမပျက်ဘဲ ထွက်တော်မူနန်းက ခွာနိုင်ခဲ့ကြပါတယ်၊ ဥပမာအနေနဲ့ တောင်အာဖရိက ဒီကလက်၊ ဆိုဗီယက်ပြညထောင်စုက ဂိုဘာ့ချော့ဗ်၊ အင်ဒိုနီးရှားက ဆူဟာတိုနှင့် ဟာဘီဘီတို့က ကြည့်ပါ။
ဒါကြောင့် ကင်ဂျုံအီရဲ့ အနိစ္စတရားက မြန်မာပြည်က သမတဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို ဆက်လက်အကောင်အထည်ဖော်ဖို့၊ လက်တွေ့ဖြစ်အောင် လုပ်ဖို့ တိုက်တွန်းနေပါတယ်၊
သမိုင်းစာမျက်နှာမှာတော့ ကင်ဂျုံအီဟာ လူသတ်သမား၊ နိုင်ငံတကာ ရာဇ၀တ်ကောင် ဟစ်တလာ၊ စတာလင် တို့နဲ့ တတန်းတည်းနေရာရသွားပါပြီး၊ နောက်ထပ် ထေ့ငေါ့ချင်စရာကောင်းတဲ့ တိုက်ဆိုင်မှု တခုက ကင်ဂျုံအီ သေပြီး နောက်တရက်မှာ ချက်ကိုစလိုဗက်ကီးယားက လွတ်မြောက်ရေး ခေါင်းဆောင် ဗားကလက်ဟာဗယ်လ် အနိစ္စရောက်ပါတယ်၊ ဟာဗယ်လ်က ကင်ဂျုံအီကို ကမ္ဘာ့အဆိုးဆုံးအာဏာရှင်၊ လူသန်းပေါင်းများစွာရဲ့ အသက်ကို သတ်တဲ့ တရားခံ လို့ ပြောခဲ့ဖူးပါတယ်။
မြန်မာပြည်က သမ္မတဦးသိန်းစိန်အနေနဲ့ အာဏာရှင်စနစ်ကို အဆုံးသတ်ပြီး တိုင်းပြည်ကို ဒီမိုကရေစီထွန်းကားအောင် အကူအညီပေးခဲ့တဲ့ ဒီကလက်တို့၊ ဂိုဘာ့ချော့တို့၊ ဟာဗီဗီတို့ အတန်းအစားထဲမှာ ပါချင်သလား၊ သို့မဟုတ် ကင်ဂျုံအီတို့ ဟစ်တလာတို့ လမ်းလိုက်မလား၊ ဘယ်လမ်းရွေးမလဲ ဆိုတာကတော့ ဘယ်လိုလူမျိုးကို အားကျသလဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။
ညီစောလွင်
Ref: Unlike Than Shwe, Kim Jong Il was a master of thought control by Benedict Rogers
 http://www.maukkha.org/index.php/feature-article/1673-maukkha-than-shwe-and-kim


0 အကြံပြုခြင်း: